July 30, 2025
Uncategorized

ပျားလိုက်မုဆိုး

အဲငြိမ်းသာ
ပျားလိုက်မုဆိုး

သစ်စည်ထိုးသံသည် အချက်မှန်မှန် ထိုးနေရာမှ ထိုးချက်စိပ်လာခဲ့သည်။ အောင်မြင်လှသော အသံသည် အမှောင်ထုကို ဖြတ်သန်းလျက် “ပဲ့တင် ဟူးခမ်း တောင်တန်း” ဆီသို့ ရိုက်ခတ်ကာ အရုဏ်ပွင့်ဦးကို ကြိုလင့်နေပေပြီ။

ပဲ့တင် ရိုက်ခတ်လာသော သစ်စည်သံသည် မန်စီဒေသတစ်ခွင်ရှိ ကံကုန်း၊ ကြေးနီ၊ နန့်နားထွန် ရွာ ကလေးများတိုင်အောင်ပင်။

ဤဒေသ၌ ‘ဝေသုက္ခီ’ သစ်စည်ကြီးပြီးလျှင် ‘နောင်ပတ်’ သစ်စည်မှာ အအောင်မြင်ဆုံး၊ နားဝင်အချိုဆုံးဟု အသိအမှတ်ပြုကြသည်။

ဝေသုက္ခီရွာ သစ်စည်မှာ ထင်ရှားကျော်ကြားသလို ဆရာတော်ကြီးမှာလည်း ရဟန္တာတစ်ပါးအဖြစ် ကြည်ညိုခံရကာ မန်စီဒေသတစ်ခွင်ပင်မက ကတူးကနန်း တစ်နယ်လုံး၏ အဓိကရ ပုဂ္ဂိုလ်မြတ်လည်းဖြစ်ခဲ့ဖူးသည်။

နောင်ပတ်ရွာသား ဦးစောပုံတို့မှာ မုဆိုးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းသော်လည်း ရတနာသုံးပါးကို ဆည်းကပ်နှလုံးသွင်းမြဲ။

သို့တစေ အသက်မွေးဝမ်းကျောင်း မတူညီကြသည့် နယ်သားတချို့၏ အမနာပ စကားစက်ကွင်းကိုမူ ခံမြဲ ခံနေရသေးသည်။ သို့သော် ဦးစောပုံမှာ ဂရုမစိုက်၊ သဘာဝနှင့် ကာမကို ကွဲခြားစ်တ်ဖြာ၍ ကိုယ့်ယုံကြည်မှုကို ထိန်းမတ်ခဲ့သည်သာ။

ဦးစောပုံ အိပ်ရာမှထကာ မီးခွက်ထွန်းလျက် အိမ်ရှေ့ခန်း အလယ်ရှိ စားဖိုခုံသို့ လာခဲ့သည်။ ပြာဖုံး မီးခဲများကိုဖေါ်ကာ ထင်းခြောက် သုံးလေးချောင်း ဆိုက်လိုက်သည်။ မီးတောက်သည် အိမ်ရှေ့တစ်ပြင်လုံး လင်းထိန်းသွားသည်။

ဝါးချိပ်ဖြင့် တွဲထားသော ရေနွေးအိုးကို မီးညွှန့် ကြား ထိုးပို့လိုက်သည်။ မကြာခင် ရေနွေးပွက်ထလာသည်။ လက်ဖက်ခြောက် ခပ်သည်။

မြောက်လက်ခေါက်ကလေး တစ်ဆစ်ကို ဝါးရင်း မြုံ့နေရာမှ သမီးနန်းခင် နိုးသံကို ကြားရသည်။ သမီး မျက်နှာသစ်အပြီး မီးခွက်ကိုင်ကာ အိမ်အောက် မောင်းစင်သို့ ဆင်းသွားသည်။ ဦးစောပုံ သမီးကို ကြည့်ရင်း အမေဖြစ်သူ သွားလေသူ မစောသင်ကို သတိရနေမိသည်။

မစောသင်မှာ သားနှင့် သမီးကို အရိပ်တကြည့်ကြည့်။ မောင်တစ်ထမ်း မယ်တစ်ရွက် အပြင် သားသမီးအပေါ် သက်ညှာလွန်း အလိုလိုက်လွန်းသူဖြစ်သည်။

ကတူးလူမျိုးတို့ စရိုက်အတိုင်း ခင်ပွန်းနှင့်အတူ ရိုးစွဲလုပ်ကိုင် ဆောင်ရွက်လေ့ရှိသည်။ တောတက် ရွှေကျင်၊ ထင်းခုတ် ထင်းတိုက်၊ လက်မရွေး အလုပ်မရွေး လုပ်ခဲ့သူ။ သားကို သင်္ကန်းဆည်းပေးရန် ရွှေကျင် ထွက်သည်။ ရွှေကျင်ပြန်လာတိုင်း ရွှေပုလင်းလောင်အိမ်လေးကို တဆဆကြည့်ရင်း အမောဖြေနေတတ်သည်။

တစ်ရက် ဦးစောပုံ တောလိုက်သွားနေစဉ် မစောသင်တို့ သားအမိ ရွှေတောမှအပြန် အမေဖြစ်သူ ပဒူတွင်း ခြေတစ်ဖက်ကျွံကျရာ သားဖြစ်သူ အချိန်မီ လှမ်းဆွဲလိုက်သော်လည်း ခြေဖမိုးနှင့် ခြေဖဝါးရှိ အသားစိုင်အချို့ပဲ့ကျန်နေခဲ့ပြီ။ သားဖြစ်သူ စောလူ အမေကိုထမ်းလျက် ရွာသို့ အပြေးစိုင်းလာခဲ့သည်။ နောက်မှ တစ်ဝီဝီ လိုက်လာကြသေးသည့် ပဒူကောင် တချို့၏ ထိုးနှက်မှုကို အလူးအလဲ ခံလိုက်ရသေးသည်။

မစောသင် တစ်ယောက် ပဒူဆိပ်တက်သည့် ဝေဒနာ ၊ ခြေတစ်ဖက်ဒဏ်ရာနှင့်ပင် တစ်ပတ်သာ ခံသွားရသည်။ မသေခင် အဆိပ်ဝေဒနာတွေ ခံစားနေရသည့်ကြားမှ မှာဖြစ်အောင် မှာသွားခဲ့သည့် စကား တစ်ခွန်းမှာ ဦးစောပုံ အသည်း လှုပ်ခါလှိုက်အောင် ခံစားခဲ့ရသည်။

“သားလေးကို သင်္ကန်း ဆည်းပေးပါ။ လူကောင်က ထွားနေပြီကော”

ဇနီးသည်ဖြစ်သူ ဖြစ်စေချင်သည့် အရာအားလုံး ဖြစ်မြောက်ခဲ့ပြီ။ ဆံချသည့်အခိုက် မြည်ဟိန်းလာသည့် ကတူး ဗျောသံမှာ ဦးစောပုံ၏ မျက်ရည်စတို့ကို ဆွဲညှစ်ယူသပ်လိုက်သလို ဖြစ်ခဲ့ရသည်။

ယခုတော့လည်း သားစောလူနှင့် သမီးနန်းခင် တောင် အရွယ်ရောက်၍ လူပျိုပေါက် အပျိုပေါက် စိတ် ကယောက်ကယက်နှင့် ဖြစ်နေကြပြီ။

သမီးဖြစ်သူ၏ မောင်းထောင်းသံသည် စည်းချက် မှန်မှန် ထွက်နေသည်။ လှသွေးကြွယ်ပြီး အလုပ်နှင့်လက် ပြတ်သည်မရှိသည့် သမီးအား သနားပိုမိခဲ့သည်။ ရည်းစားသနာ မရသေးသည်တော့ အသိပင်။

မသိ၍လည်း မဖြစ်။ ကတူးလူမျိုးတို့၏ ဓလေ့စရိုက်မှာ သမီးအပျိုရှိရာအိမ်သို့ လူပျိုလှည့်လာလျှင် အမိအဘမောင်ဘွားတွေမှာ ရှောင်ရှားပေးရသည်။

စိုးရိမ့်မကင်း စိတ်ကြောင့်ကျမှု မဖြစ်။ ထိုစိုးရိမ် ကြောင့်ကျမှုများကို ရွာရှိ လူပျိုခေါင်း အပျိုခေါင်းများက မိဘများသိအောင် နားသွင်းပြောဆိုထားပြီး သမီးရည်းစားနှစ်ယောက်အား အမြဲတစေ စောင့်ကြည့်အကဲခတ်နေရသည်။

လူပျိုခေါင်းသည် ရွာရှိ အရေးပါ အရာရောက်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ရိုးသားပွင့်လင်းသော သမီးရည်းစား ဆက်ဆံမှုအတွက်လည်း သမီးရှင်ဖက်မှ စိုးရိမ်မှု မရှိကြတော့။ ညလုံးပေါက် မီးဖိုဘေးတွင် ချစ်တင်းနှီးနှောသော စကားတို့နှင့်ပင် ပျော်ရွှင်နေလေ့ ရှိတတ်ကြသည်။

အိမ်အောက်တွင်မူ ရွာလူပျိုခေါင်းနှင့် လက်ထောက်တို့မှာ ဓားလှံထမ်းလျက် စောင့်ပေးကြရသည်။ နန်းခင် ဆန်ဖွတ်ပြီးသည်နှင့် အိမ်ပေါ် ပြန်တက်လာသည်။ ဆွမ်းချက်ရန် ပြင်နေပြီ။

ဦးစောပုံသည် မီးဖိုကို ထင်းတပ်ဖြည့်ကာ ဖိုခနောက်အသေးတစ်လုံးကို ဂွင်ချလိုက်သည်။ ဆွမ်းချက် အိုးလေးတည်ရန်၊ ပြီးသည်နှင့် အိမ်သားများအတွက် ထမင်းအိုးတည်ရန် အဆင်သင့်လုပ်ပေးထားသည်။

လူစားရန်သပ်သပ် ဆွမ်းအတွက်သပ်သပ် အရောအစပ်မလုပ်။ ဘာသာရေးကို အလေးထားသည့် စရိုက်ကား ကတူးလူမျိုးတို့၏ စရိုက်။

“သမီး နင့်အစ်ကို ပြန်လာရင် တစ်မှေး အိပ်ခိုင်းလိုက်ဦး။ နေ့လယ် ပျားဖွတ်သွားရမှာ သည်ကောင်နဲ့တော့ ခက်ပြီကော၊ အရုဏ်ကျင်းတော့မယ်”

နန်းခင် အဘစကားကို နားထောင်နေရင်း တစ်ချက် ပြုံးလိုက်မိသည်။

အစ်ကိုစောလူ နန့်ကျင်ရွာ သွားပြီး လူပျိုလှည့်နေသည်။ ညဦးစောစောကတည်းက မြင်းနှင့် ထွက်သွားသည်။ သူ့ရည်စားကို လက်ဆောင်ပေးဖို့ မန်စီဈေးက ပဝါလေးတစ်ထည် ဝယ်ခဲ့ရသေးသည်။ စဉ့်အိုးကြီးထဲက ပျားရည်တွေခပ်ပြီး ပုလင်းဖြူ တစ်လုံးနှင့် ထည့်ယူသွားသေးသည်။ သူ့ယောက္ခမအတွက် ဖြစ်လိမ့်မည်။ အဖေ မသိစေနဲ့တဲ့။

နန်းခင် ရယ်မိခဲ့သည်ကို အစ်ကိုစောလူက ထိပ်ကို ခေါက်ရင်း ချော့ပြုံးလေး ပြုံးပြရင်း မြင်းနှင့် ဒုန်းစိုင်း ထွက်သွားခဲ့သည်။ ကတူး လူပျိုတို့၏ ထုံးစံအတိုင်း ဖြစ်ပေမည်။

ပျားဖွတ်ထွက်ရန် ရှိနေသည်မို့ အဖေ စိတ်ဆိုးနေပုံရသည်။

“အဘ … အစ်ကို မိန်းမတောင်းရင် ငါးချဉ် ငါးဆယ်တစ်ရာတော့ ကုန်မှာနော”

နန်းခင် သူ့အဖေကို စကား စသည်။

ဦးစောပုံ ဆတ်ခနဲ ကြည့်ရင်း…

“ဟိုက ပျားရည်အိုးကိုသာ ကြည့်ထား။ ငါ ဘယ်နေ့ ရိုက်ခွဲမိလိမ့်မလဲဆိုတာ။ သည်ကောင်ကြောင့် ခက်ပါသေးတယ်ကွယ်”

အလင်းရောင် ပေါ်လာသည်။ မနေ့က စီမံလုပ်ကိုင်ထားသော ပျားဖွတ် ကိရိယာ တန်ဆာပလာတွေကို စစ်ဆေးနေသည်။ ပျားရည်ထည့်ရန် စဉ့်အိုး၊ ပျားလဘို့ထည့်ရန် ခြင်းကြား၊ ပျားလှီးဓား၊ သစ်ပင်တွင် စိုက်ရန် စို့များ၊ ကြိုး၊ ဆိတ်နံကြီးရွက် အကိုင်းခြောက်များနှင့် ဒူးလေး မြှားဆိပ်တို့ကိုပါ စိတ်တိုင်းကျ ပြင်ဆင်ပြီးနေပြီ။

ပဲ့တင်ဟူးခမ်း တောင်ခြေ၌ တွေ့ထားခဲ့သည့် ကညင်ပင်ကြီးတွင် စွဲနေသော ပျားအုံတစ်ဖွဲ့ တစ် ကြီးအား စိတ်ကူးယဉ်ရင်း သားအလာကို စောင့်နေသည်။

X X X X

ရွာစည်းရိုးလမ်း တစ်လျှောက် ဖုန်တစ်ထောင်းထောင်းနှင့် မြင်းခွာသံတစ်ဖြောင်းဖြောင်းကို ကြားလိုက်ရသည်။

သားပြန်လာပြီ။ အိမ်ရှေ့ ထွက်ကြည့်လိုက်သည်။

မြင်းပေါ်မှ ဆင်းလိုက်သော သား၏ မျက်နှာကို ဖျတ်ခနဲ တွေ့ရသည်။ ညှိုးငယ်သော မျက်နှာနှင့် ခေါင်းစိုက်နေရာမှ မြင်းတင်ပါးကို ခပ်ပြင်းပြင်း လက်ဝါးတစ်ချက်ပေးကာ အိမ်ပေါ်တက်လာသည်။

“မင်းဟာက ဘာဖြစ်ခဲ့တာလဲညယ်”

ဦးစောပုံ သား၏ လှုပ်ရှားမှုကိုကြည့်ရင်း ဦးမဆွ မေးလိုက်သည်။ စောလူ မဖြေ။ သူအိပ်ရာက အကန့်ခန်းစည်းကို ဒေါသနှင့်ဖယ်လျက် ပစ်လှဲချလိုက်သည်။

သားအဖြစ်ကိုကြည့်ကာ မွန်းလွဲလောက်တော့ တက်ရမည်မို့ ဘာမှ မမေးတော့။ ဦးစောပုံ ပျားစည်စဉ်အိုးကြီးတွေ အမဲလိုက် လက်နက်ကိရိယာ တွေကို ကြည့်ရင်း ဂျီသားရေချပ်ကလေးကို ဆွဲကာ ကျောခင်းလိုက်သည်။

သူတို့ ကလေးတွေအမေ မရှိတော့သည့်နောက်ပိုင်း အိမ်ထောင်ယာသစ် မထူဖြစ်ခဲ့တော့။ သားသမီးမျက်နှာ၊ သွားလေသူ မျက်နှာကို ထောက်ရှုရင်း လူမှုကြိုးစကို ထပ်မရှုပ်ချင်တော့။

တစ်သက်လုံး လုပ်လာခဲ့သည့် မုဆိုးအလုပ်ကိုလည်းတစ်စတစ်စ လျော့ပါးဖြစ်ခဲ့သည်။ စိတ်လည်း မသန်တော့။ ဦးစောပုံ၏ ငယ်ခြေ ငယ်လက်များသည် ဟိုစဉ်အခါကဆိုလျှင် ပဲ့တင်ဟူးခမ်းတောင်စဉ်တောတန်းတစ်လျှောက် မရောက်သည့်နေရာ မရှိ။

သားလေးစောလူ အရွယ်ရောက်လာတော့လည်း မုဆိုးအတတ်ကို လက်ကျ သင်ပေးခဲ့သည်။ စောလူကလည်း အဖေ့ခြေရာလက်ရာအတိုင်း ဖြစ်မြောက်ခဲ့သည်မို့ မန်စီဒေသတွင်မက မန်လူဒေသ မြေပြန့်လွင်ပြင်အထိ သားအဖနှစ်ယောက်၏ မုဆိုးလက်ကို အသိအမှတ် ပြုခံရသည်။ မုဆိုးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကာ ရိုးရိုးသားသား နေထိုင်ခဲ့ကြသော်လည်း ပျားဖွတ်သားထိုး မယားခိုးဟူသောစကားနှင့် ကဲ့ရဲ့ရှုတ်ချခံခဲ့ရသေးသည်။

သူတစ်ပါး၏ အသက်ကို အရင်းပြုရသော ဝမ်းရေးကြောင့် ဘာသာရေးကိုင်းရှိုင်းသူများ၏ လူမှုဆက်ဆံရေးနယ်ပယ်တွင် အရေးတယူ နေရာပေးခြင်းမခံခဲ့ရ။

သို့သော်လည်း ပဲ့တင်ဟူးခမ်း တောင်တန်းကြီး​၏ သစ်ရိပ်တောရိပ်ကျသော ရွာကလေးတွေမှာ အမဲလိုက် ပျားဖွတ် ပဒူဖွတ် ရွှေကျင် ရွှေတူး စသည့် လုပ်ငန်းတို့ဖြင့်သာ အသက်မွေးကြရသည်သာ။

မုးဆိုးအတတ် မပြောနှင့် ပျားဖွတ်လုပ်ငန်းပင်လျှင် မလွယ်ကူ။

စောလူ တောလိုက်စ ပျားဖွတ်ရန် ဦးဆုံး ခေါ်သွားသည်။ ဦးစောပုံက အပင်ပေါ်တက်ရသည်။ အပင်အထက်ကလူကို အပေါ်လူဟု ခေါ်သည်။ အပင်အောက်ကလူကို အောက်လူ။ ပျားဖွတ်နေစဉ် ပျားချနေ စဉ် အပေါ်လူသည်လည်းကောင်း၊ အောက်လူသည် လည်းကောင်း ပျားရည်ကို မလျက်ရ။

ပျားတုတ် ခံရတတ်သည်။ အပေါ်လူ အပင်မှ လိမ့်ကျတတ်သည်ဟု အယူရှိသော ဒေသ။

ပျားစွဲတတ်သည့် အပင်များမှာ အများအားဖြင့် ကညင်ပင်ကြီးများ၌ စွဲတတ်သည်။ အမြင့် အတောင် ခုနှစ်ဆယ် ရှစ်ဆယ်ပင် ရှိတတ်သည်။

ပျားဖွတ်လုပ်ငန်းအား နေ့အခါတွင် မလုပ်၊ ညမှ လုပ်ကိုင်ကြရသည်။

သစ်ပင်တက်ရန် အသားမာစို့များကို သုံးသည်။ အများအားဖြင့် ကံမလန်းသားစို့များဖြင့် ရိုက်သွင်းကာ တက်သွားရသည်။ အသက်အန္တရာယ်များသည့် အတွက် သတိကြီးစွာ ထားရသည်။

ပျားဖွတ်ရန် တောတက်ရသည်မှာ တစ်ခါတစ်ရံ တစ်ပတ်ခန့် ကြာတတ်သည်။ ပျားပင်စည် လိုက်ရှာရန်နှင့် ပျားဖွတ်ရန် ပြင်ဆင်မှုတို့မှာ အချိန်ယူ လုပ် ကြရသည်။ ရလိုက်လျှင်လည်း အချိန် အစိတ် သုံးဆယ်မျှ ရရှိတတ်သည်။

ပျားဖယောင်းချက်လျှင် အချိန်တစ်ဆယ်အထိ ရတတ်သည်။

ပျားဖွတ်ရာသီမှာ တပေါင်း တန်ခူး မိုးမကျမီ နွေ အပူဒဏ်အောက်၌ အန္တရာယ်ပေါင်းစုံကြားတွင် လုပ်ကြရသည်။

သားအဖနှစ်ယောက် ဖြတ်သန်းခဲ့သော ပျား ဖွတ်သားထိုး မုဆိုးလုပ်ငန်းမှာ ကာလကြာခဲ့ပြီလေ။

ဦးစောပုံ သက်ပြင်းတစ်ချက် မှတ်ထုတ်ရင်း သား၏ ခန်းစည်းကို ကြည့်လိုက်သည်။ စောလူ အိပ်ပျော်ပုံ မရ။ သား၏ အရေးကိစ္စတွေအား သိသင့်သလောက်တော့ သိသည်။ ဘာမျှ ဝင်စွက်ပြောဆိုခြင်း မရှိခဲ့။ သားလေး ပြေလည်ပါစေဟုသာ ဆုတောင်းနေခဲ့သည်။

X X X X

စောလူ စိတ်ထဲတွင် ဗလောင်ဆူနေခဲ့သည်။

မန်စီဈေးတွင် စတင်ဆုံတွေ့ခဲ့သည့် သူ့အပြုံးကို နှလုံးသားဝယ် အရိပ်ကူးယူမိခဲ့သည်။ နန့်ကျင် ချောင်းနံဘေးက နန့်ကျင်သူလေး ပဲစိမ် ဟု သိလာရသည့် နေ့ကဆိုလျှင် အိပ်မပျော်နိုင်ဘဲ စိတ်ကူးလွင်ပြင်ဝယ် မြင်းရိုင်းကဲ့သို့ ခုန်ပေါက်ပြုံးရွှင်စွာ နန့်ကျင်ချောင်းရှိရာ ဦးတည်နေခဲ့သည်။

ပဲ့တင်ဟူးခမ်း တောရိပ်တောင်ရိပ်ကြားမှာ လှုပ်ရှားနေရသည့် တောပျော်မုဆိုးလေးတစ်ယောက် မြေပြန့် နန့်ကျင်ရွာလေးကိုမျှော်ရင်း စိတ်ကူးနှင့် မောခဲ့ရသည်မှာ ကြာခဲ့ပြီ။ ချုပ်တီးထားရသော အချစ် စိတ်ကို ချွန်းဖွင့်ကာ တစ်နေ့တွင် နန့်ကျင်သို့ မြင်းနှင့် ဒုန်းစိုင်းခဲ့သည်။

ရွာလူပျိုခေါင်း ကိုအောင်ပေကို မေးမြန်းစုံစမ်းကာ မိတ်ဖွဲ့စကားဖြင့် ခြေလှမ်းပြင်သည်။ မုဆိုးလေးအမည်ကို ကြားဖူးနေသော ကိုအောင်ပေက နားလည်သဘောပေါက်စွာ လက်ခံတွေ့ဆုံသည်။ ပြီးလျှင် လုပ်ဆောင်သင့်သည်တို့ကို ညွှန်းဆိုလျက် စောလူအတွက် တာဝန်ယူသည်။

စောလူ ဝမ်းသာလိုက်သည့် ဖြစ်ခြင်း။

ကတူး ကနန်းတို့၏ ဓလေ့စရိုက်သည် တစ်နယ်နှင့် တစ်နယ်၊ တစ်ရွာနှင့်တစ်ရွာ မတူလင့်ကစား ရိုသေလေးစားလိုက်နာကြရသည်။

ပထမအဆင့် ပြေလည်ပြီ။ ညဦး၌ လူပျိုလှည့်ရန် သတင်းစကားကို ကိုအောင်ပေ နားသွင်းပေးလိုက် သည်။

ချစ်မိသူနှင့်အတူ ပထမဆုံး ရင်ခုန်သံကို ကြားခဲ့ရသည့် ထိုညအား စောလူ မေ့မရနိုင်ခဲ့။

“ချစ်ပါတယ်ညယ်” ဆိုသည့် အဖြေစကားကို အရုဏ်မပျိုးမီကလေးတွင် လက်ခံရရှိလိုက်သည်။ မီးဖိုဘေးနားတွင် တစ်ညလုံးထိုင်ကာ ချစ်ခွင့်ပန်စကားတို့နှင့် ပူလောင်နေသောရင်မှာ အေးမြကြည်လင်သွားခဲ့သည်။

အိမ်အောက်တွင် စောင့်နေကြသော လူပျိုခေါင်း ကိုအောင်ပေနှင့် သူ့လက်ထောက်မှာ ညဦးက စကား တွတ်ထိုးနေခဲ့သော်လည်း ညဝက်ကျော်ချိန်တွင်မူ တခေါခေါနှင့် အိပ်မောကျနေခဲ့ကြပြီ။

ကြားကာလ တွေ့ကြသည့်အချိန်များတွင် ဘဝရေးရာနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ဗန်မောက်တွင် လာပြသော ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ပွဲအကြောင်း ၊ လူရွှင်တော်ပြက်လုံး စသည်တို့နှင့်အတူ တစ်ခါတစ်ရံတွင် မင်္ဂလာအတွက် ငွေရေးကြေးရေး ဆိုင်ရာများ ပြောကြ ဆိုကြရင်း ချစ်သူဘဝ ဖြတ်သန်းလာခဲ့ကြသည်။

စောလူ အလုပ်ကြိုးစားခဲ့သည်။

ညီမလေး နန်းခင်ကလည်း မမြင်ဘူးသေးသည့် ယောင်းမနှင့် အစ်ကိုအတွက် ရွှေကျင်ရင်း ငွေစုသည်။ အစ်ကို မိန်းမရလျှင်တော့ ထုံးစံအတိုင်း ချွေးမ တက်ဖြစ်ရမည်။ ညီအစ်မနှစ်ယောက် တက်ညီ လက်ညီလုပ်ရင်း အစ်ကို၏ ဦးဆောင်မှုအောက် တွင် သာယာပျော်ရွှင်သော မိသားစုကလေးအဖြစ် မျှော်လင့်နေမိကြောင်း၊ အဖေကို အနားပေးသင့်ကြောင်း အစ်ကိုအား ပြောရင်း နန်းခင် အားပေးခဲ့သည်။

သို့သော် စောလူ မနေ့ညက ကြားခဲ့ရသည့် ချစ်သူ၏ စကားတွေမှာ သူအတွက် တစ်ဆွေ့ခုန် မြားတစ်စင်း အသည်း နှလုံးသို့ တိုက်ရိုက်ထိမှန် လာသလို ခံစားခဲ့ရသည်။ ချစ်သူမှာလည်း ပြောသာ ပြောရသည်။ စကားအခွန်းတိုင်းတွင် မလူးသာ မလွန့်သာ။ ဂိုင်းမိသည့် ယုန်ကလေးပမာ ဝေဒနာခံစားနေရပုံ ရသည်။

ထိုညက အဖြစ်ကို နှလုံးအိမ်ထဲမှ မေ့ပျောက်မရအောင် ဖြစ်နေခဲ့သည်။

ညဉ့်ဦးယံတွင် နန့်ကျင်ချောင်းရေသည် လရောင်ကို ဖမ်းဆုပ်ကာ ရေလှိုင်းကလေးများထဲတွင် ဆော့ကစားနေခဲ့သည်။ ပြတင်းမှ ဆင်းလာသည့် ငွေမျှင်တန်းမှာ ချစ်သူနှစ်ဦး၏ လက်ဖမိုးအစုံသို့ လာရောက်တို့ထိ နမ်းရှိူက်နေခဲ့သည်။ ပျော်ရွှင်ကြည်နူးဖွယ် ညဉ့်ဦးယံကို ဖောက်ခွဲကာ တုန်လှုပ်သွားစေခဲ့သော စကားတစ်ခွန်းကို ချစ်သူ နှုတ်ဖျားမှ ပင့်သက် ရှိုက်သံနှင့်အတူ လွင့်ပါလာခဲ့သည်။

“အစ်ကို … အဘက သဘောမတူနိုင်ဘူးတဲ့ အစ်ကိုရယ်။ ပဲစိမ် စိတ်ညစ်တယ်ညယ်”

ရှိုက်သံနှင့်အတူ ထွက်လာသော စကားဝါကျတို့ကြောင့် စောလူ အလန့်တကြား ဖြစ်ခဲ့ရသည်။

“ဘာပြောလိုက်တယ်၊ အစ်ကို့ကို ပြန်ပြောစမ်းကော”

ချစ်သူ၏ ပြန်ပြောစကားတို့ အစီအရီ ထွက် လာသော်လည်း ရှိုက်ငိုသံတို့နှင့် ရောထွေးယှက် တင်။ စောလူ အကြောင်းနှင့် အကျိုးကို ဆင်ခြင် ကာ တစ်ဆစ်ချင်း တစ်ပိုင်းချင်း မေးကြည့်သည်။

“ပဲစိမ်ရယ် မင်းအဘက သည်လိုတဲ့လား။ မုဆိုး လုပ်ငန်းနဲ့ အသက်မွေးလို့ ဟုတ်လား။ ဟိုတစ်ချိန်က အစ်ကို့အဖေက ပဲစိမ် အဖေကို မြားနဲ့ လုပ်ကြံဖူးတယ်လို့ အစ်ကို မသိရပါလား ပဲစိမ်ရယ်။

မင်းအဖေက မုဆိုး မကောင်းကြောင်း ပြောမိတာနဲ့ အစ်ကို့အဖေက လုပ်ကြံတာ ဟုတ်လား။ ဒါကြောင့် စိတ်နာတယ် ဟုတ်လား။ ဦးစောပုံရဲ့သားဆိုတာ အခုမှသိလို့ သဘောမတူတာ ဖြတ်ခိုင်းတာ ကောင်းရောပေါ့ညယ် … ကောင်းရောပေါ့။ ကဲ… အစ်ကိုပြော မယ် ပဲစိမ်း၊ တစ်ခါတည်း လိုက်ခဲ့တော့ညယ်”

စောလူ စကားတို့သည် ဒေါသစိတ်နှင့် တုန်ခတ်လှုပ်ရှားနေခဲ့သည်။ မီးဖိုရှိ မီးကျည်များသည် ခန္ဓာကိုယ်အနှံ့ ပြေးလွှားလွင့်စင်လာသလို ခံစားနေရသည်။

ပဲစိမ်၏ မျက်ရည်စက်တို့မှာ လ အလင်းတန်းပေါ်သို့ ဖြတ်ဆင်းကာ မီးကျည်ခဲများပေါ်သို့ တစ်ပေါက်ချင်း ကျလျက် အငွေ့အဖြစ် ပြောင်းလဲသွားနေသည်။

ကျိတ်၍ ရှိုက်နေသော အသံသည် ဆူပွက်နေသော ရေနွေးအိုး၏အသံကြားဝယ် တိုးဝင်နစ်မြုပ်ပျောက် သွားသည်။ စောလူ၏ ဆွဲဆောင်မှုစကားများ နောက်ကွယ်တွင် ပဲစိမ်တစ်ယောက် စိတ်နောက်ကျိနေခဲ့သည်။

“အစ်ကိုလဲ သိသားပဲညယ်။ လိုက်ပြေးလို့တော့ဖြင့် မဖြစ်ဘူးကောညယ်။ အဲ့ဒါ ထုံးစံလဲ မဟုတ်ပြီကော။ ပဲစိမ် အရှက်ကွဲ ရင်ကွဲရလိမ့်မယ် အစ်ကို”

အကြောင်းရင်းကို စောလူ တစိမ့်စိမ့်တွေးရင်း ဝေဖန် စဉ်းစားခဲ့သည်။

ဟိုတစ်ချိန်က အဖေ ဦးစောပုံ၏ မုဆိုးလက်သည် တစ်နယ်လုံးတွင် ပြိုင်ဖက်ကင်းခဲ့သည်။ တောပညာကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ခဲ့သည်။ လူကြီး လူရွယ် လေးစားခဲ့ကြသည်။

ပဲ့တင်ဟူးခန်း တောင်တန်းပတ်ဝန်းကျင် ကျေးလက်များတွင်တော့ မုဆိုးဘုရင် မုဆိုးသခင်။

အဖေပြောပြခဲ့ဖူးသော အကြောင်းများ။ သည်လိုအကြောင်းများထဲတွင် တစ်ခါတစ်ရံ ဝင်ပြောလာတတ်သည့် အမေ့စကားကို စောလူ အမှတ်ထားခဲ့သည်။

“အမောင်တို့အဖေ ငယ်ရည်းစားက ရွှေမှူးကြီးရဲ့ မြေးသမီးပါကွယ်။ မုဆိုးလက်ကို မစွန့်နိုင်တော့ ရွှေမှူးသမက် မဖြစ်တာပါအေ”

အမေ့အပြော ဇာတ်လမ်းများထဲတွင် နန့်ကျင်ချောင်းနှင့် နန့်နားထွန်ရွာ၊ နန့်ကျင်ရွာ ကလေးများ ပါလာတတ်လေရာ၊ အဖေ့ အချစ်ပြဿနာရပ်များကိုပါ ဝိုးတဝါး အမှတ်ရနေခဲ့သည်။

အခု ရွှေမှူးသမက်မှာ ပဲစိမ်အဖေ ဖြစ်နေသည်ကို ဆက်စပ် တွေးကြည့်လိုက်သည်နှင့် ပဲ့တင်ဟူးခမ်း၏ မုဆိုးသမားနှင့် ဘာသာရေးကို ကိုင်းရှိုင်းကြသည့် မြေပြန့်ဒေသ ရွှေမှူးမျိုးဆက်နွယ်ဝင် ပဲစိမ်တို့ အမေ ဇာတ်လမ်းမှာ ကြေကွဲခဲ့ရသည်ကို ကောက် ကြောင်း ရှာမိခဲ့သည်။

ဦးစောပုံ လက်ထက်ကတည်းက ပျားဖွတ်မုဆိုး မယားခိုး ဟူသည့် စကားဖြင့် ရှုတ်ချခံခဲ့ရရာ စိတ်ဆတ်သောအဖေနှင့် ပြဿနာ ဖြစ်ခဲ့ကြသည်တဲ့လေ။

နောက်တစ်ချက်မှာ မိရိုးဖလာ အစွဲအလန်းကို တရားသေ ဆုပ်ကိုင်ထားကြသည့်ဓလေ့ကို စောလူ ဘဝင်မကျ။ သမီးပျိုတစ်ယောက် ရည်းစားနှင့် အကြောင်းကြောင်းကြောင့် ခိုးရာလိုက်ပြေးမိပါက တစ်သက်လုံး လူရာမသွင်းတော့။

မဖြစ်မနေ စေ့စပ်ဆွေးနွေး ပြောဆိုတောင်းပန် ခွင့်ရသော်လည်း မင်္ဂလာအခမ်းအနားကို တင့်တင့် တယ်တယ် အလုပ်မခံတော့။ ရွာအလယ်ကောင်တွင် ဖျာခင်းလျက် မဖွယ်မရာ အခင်းအကျင်းဖြင့်သာ လုပ်ခွင့်ပေးကြသည်။ တစ်နည်းအားဖြင့် အရှက်ခွဲ ခံရခြင်းပင်။

အဆိုးဆုံးမှာ ယောက်ျားလေး မွေးလာလျှင် ရှင်ပြုခွင့်မရတော့ခြင်းပင်။ ဤသို့ အဖြစ်မျိုးမှာ ဖြစ်တောင့်ဖြစ်ခဲ့ ရှိကြသော်လည်း စောလူနှင့် ပဲစိမ်တို့ အဖြစ်မှာ နှလုံးကွဲကြေမတတ် ရှိခဲ့ကြပြီ။

“ပဲစိမ်တော့ အရှက်တကွဲ ဖြစ်ရတော့မယ်ကော အစ်ကိုရယ်”

ဟု ရှိုက်ငိုပင့်သက်စကားအချက်သည် စောလူ၏ ဆုံးဖြတ်ထားသော စိတ်ကူးတို့ကို နင်းချေပိုင်းဖြတ်သွားခဲ့သည်။ ထိုညက လူပျိုခေါင်း ကိုအောင်ပေ၏ စကားတို့သည်လည်း စောလူနားဝယ် ပဲ့တင်ထပ်လျက်။

“ပဲစိမ် အဖေက ပြောတယ် စောလူရာ။ အမဲလိုက်မုဆိုး၊ တောလိုက်မုဆိုး၊ ပဒူမုဆိုး၊ ပျားလိုက်မုဆိုး၊ အို… မုဆိုးဆိုရင် ဘယ်မုဆိုးနဲ့မှ…”

x x x x x

“အစ်ကို ဟောသည်မှာ စဉ့်အိုးကြီးသုံးလုံးက ပျားရည်တွေအပြည့်။ ဟိုတစ်လုံးက တစ်ဝက်ရှိတယ်။ အစ်ကိုတို့ ပြန်ခဲ့မှာဆိုရင် အပြည့်ဖြစ်လောက်ပြီ။ အစ်ကို မိန်းမယူဖို့ လုံလောက်ပါပြီ အစ်ကိုရဲ့။ ဟောဒါက ဟင်းပေါင်းထုပ်၊ ဒါက ငါးချဉ်သုတ်ထားတာ”

နန်းခင်သည် စောလူနှင့် ဦးစောပုံအတွက် ရိက္ခာပြင်ရင်း စကားတွတ်ထိုးနေသည်။

စောလူ မြားအိမ်ကို လှုပ်ခတ်ရင်း အဆိပ်ရည်ကို ပနှောလိုက်သည်။ ဒူးလေးကိုကိုင်ကာ ဆုပ်ညှစ်ထား လိုက်သည်။ ချစ်သူအဖေပြောဆိုခဲ့သည့် စကားလုံး တို့သည် ရင်ထဲတွင် ပွန်းရှနေခဲ့သည်။

ဦးစောပုံမှာ အိမ်အောက်ကွက်လပ်တွင် ဆိပ်နှံကိုင်းတွေကို စည်းရင်း နွားလှည်းပေါ်တင်နေသည်။ နွားလှည်းပေါ်သို့ ကိရိယာအပြည့်အစုံ တင်ပြီးပြီ။ စောလူကို လှမ်းခေါ် လိုက်သည်။

စောလူသည် ဖုန်ချေးများဖြင့် မပီဝိုးတဝါး ဖြစ် နေသော မှန်ဘောင်ထဲမှ အမေဓာတ်ပုံကို တစ် ချက်ကြည့်ရင်း အိမ်ပေါ်မှ ဆင်းလာခဲ့ချိန်တွင် အဖေ့လှည်းသည် ရွာဦးအထွက် တံခါးမကြီးသို့ပင် ရောက်နေခဲ့ပြီ။

ပဲ့တင်ဟူးခမ်း တောင်တန်းကြီးမှာ မှိုင်းညို့ပြာလွင်လျက် မြောက်မှ တောင်သို့ ခပ်ယွန်းယွန်း သွယ်တန်းနေသည်။

တောတန်း မြောင်လျှိုတို့အား အမှီသတဲ့ပြုကာ သစ်ခုတ် ဝါးခုတ် တောလိုက် သစ်မွှေးရှာ ရွှေကျင် ရွှေတူး ခေတ်ဦးကတည်းက ရင်းနှီးလုပ်ကိုင် စားသောက်ခဲ့သူများ ဖြစ်သည်။ ရိုးသားသန့်စင်သော ကျေးလက်လူထုများ၏ စားဝတ်နေရေးကို ဖြေရှင်းပေးသည်။

ပဲ့တင်ဟူးခမ်း တောင်တန်းကြီးပေါ်မှ လှမ်းမျှော်ကြည့်လိုက်လျှင် မန်စီဒေသ၊ မန်လူဒေသ ကွင်းပြင်တို့ ကို လှပသော နန့်ကျင်ချောင်းရေနှင့်အတူ လယ် ကွင်းပြင်များကိုပါ မြင်ရလေသည်။

တောတန်းတာင်ရိပ် ကြားသို့ ဝင်လာသည်နှင့် အေးမြလန်းဆတ်လာခဲ့သည်။ နွေလေပူများသည် တောရိပ် တောင်ရိပ်ကြားဝယ် ပါးလျားပျောက်ကွယ်နေခဲ့သည်။

သစ်ပင်ကြိုကြားမှ ဝေးကျန်ရစ်ခဲ့သော မပီဝိုးဝါးလွင်ပြင်ကို မြင်ရလိမ့်နိုးဖြင့် လှမ်းကြည့်မိတတ်ပြန်သည်။ သူကြည့်မိနေသော အရပ်လွင်ပြင်ဒေသမှာ နန့်ကျင်ချောင်းနံဘေးက ချစ်မိခဲ့သူ ပဲစိမ်တို့ရွာကလေး ရှိနေခဲ့သည်လေ။

မျက်ရည်စက်လက်ဖြင့် တသိမ့်သိမ့်ငိုရှိုက်နေသည့် ချစ်သူမျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း အားပေးစကား ပြောကြားကာ ဝင်းမွတ်ပြည့်ဖြိုးသော ပါးပြင်လေးအား အနမ်းပေးခဲ့သေးသည်။

မည်သည့်အခါတွင်မှ နယ်မလွန်မိခဲ့သော အတွေ့ အထိတို့ကို ထိုညက မွှေးရှိုက်နမ်းကြူခြင်းဖြင့် မျက်ရည်စတို့အား သိမ်းဆည်းပေးခဲ့မိသည်။

တောင်ကမ်းပါးရံစောင်းတွင် လှည်းချွတ်ပြီး စောင့်နေသောအဖေ့ကို စောလူ မြင်နေရသည်။ အနောက်ဖက်လွင်ပြင်သို့ ငုပ်လျှိုးလုဖြစ်နေသည့် နေရောင်သည် တောင်ကမ်းပါးရုံစွန်းထိပ်ကို လာရောက်ရိုက်ခတ်နေသည်။

မြိုင်ခြေတောတန်းလေးအတွင်းဝယ်မူ အမှောင်ရိပ်သည် စိုးမိုးဖြန့်ကျက်နေခဲ့ပြီး အဖေ့နား ရောက်သည်နှင့် စောလူကို ကညင်ပင်ကြီးဆီသို့ လက်ညှိုးထိုးပြသည်။

စောလူ မော့ကြည့်လိုက်သည်။ အတောင်လေးဆယ်ကျော်ခန့် မြင့်မည်။ ပျားအုံကြီးမှာ လက်တစ်ဝိုင်းစာခန့် ရှိနေသည်။

မကြာခင် ထင်းခြောက်များကို အပင်အောက်သို့ သယ်လျက် မီးမွှေးလိုက်သည်။ မီးတောက်သည် တဖြည်းဖြည်း အရှိန်ရလာသည်။ စောလူတို့ သားအဖနှစ်ယောက် ညစာ စားကြသည်။ မီးတောက်မီးညွှန့်အရောင်တို့ဖြင့် အမှောင်စိုးနေသော ပတ်ဝန်းကျင်ဝယ် လင်းထိန်သွားသည်။

စောလူထမင်းစားနည်းသည်ကို ဦးစောပုံ သတိထားမိသည်။ သို့သော် ဘာမှ မပြောဖြစ်လိုက်။

စောလူ ထမင်းစားပြီးသည်နှင့် ကညင်ပင်ကြီးအောက်ရှိ သစ်ရွက်သစ်ခက်တို့နှင့် မီး အလွယ်တကူ လောင်စေနိုင်သော အရာဟူသမျှ ဖယ်ရှင်းပစ်လိုက်သည်။

အနေအထားအရပ်ရပ်ကို ကြည့်ပြီး စောလူသည် သစ်သားစို့များဖြင့် တစ်ဆင့်ချင်း သေချာစွာရိုက်ကာ စတင်တက်နေပြီ။

ခါးတွင် ပျားချရန် ကြိုး၊ ပျားလှီးဓါးနှင့် ပျားအုံစွဲရာ အကိုင်းကြီးသို့ တွယ်ဖက်ရောက်သွားခဲ့ပြီ။

ဦးစောပုံသည် မီးတောက် အားကောင်းစေရန် ဟင်း ခြောက်ကို ထပ်ဖြည့်လိုက်သည်။ မီးရောင် လရောင် တို့ကြောင့် သားကို မြင်နေရသည်။

မကြာခင် အပေါ်လူဖြစ်သော သား စောလူသည် ကြိုးကို သစ်ကိုင်းကြီးတွင် တစ်ပတ်ရစ်ကာ အောက်လူ အဖေ့ဆီသို့ ချပေးလိုက်သည်။ ဦးစောပုံသည် ပျားလဘို့ထည့်ရန် ပျားခြင်းကြားထဲသို့ ဆိတ်နံကြီးကိုင်းရွက်တွေကို စုစည်းထည့်ပေးလိုက်သည်။

အပေါ်လူမှ ကြိုးစကို ဆွဲတင်သည်။ အပေါ်ရောက် သွားပြီး ပေါင်လုံးလောက်ရှိသည့် ကညင်ကိုင်း အလယ်ကျော်ကျော်လောက်တွင် စွဲကပ်နေသော ပျားအုံရှိရာ သတိနှင့် သွားရသည်။

လေသည် တစ်ချက်တစ်ချက်တွင် ပင့်တိုးတိုက် ခတ် လာသည်။ အောက်မှ ပင့်တင်ရိုက်ခတ်လာသော မီးလေပူကို ထိတွေ့ခံစားရသည်။ အသင့်ယူလာသော မီးခြစ်ဖြင့် ဆိတ်နံရွက်ကို ရှို့ကာ ပျားအုံအောက်တွင် နေသားတကျ ထားလိုက်သည်။

ဆိတ်နံမှိုင်းကြောင့် ပျားကောင်များ တဝီဝီဖြစ်ကာ ရှုပ်ထွေးကုန်ပြီ။ မူးပြီး ကျသည့်အကောင် ကျသွားသည်။ ပျံသွားသည့် ပျားများကလည်း အောက်တွင် ဖိုထားသည့် မီးပုံသို့ စုပြုံဝင်တိုးကာ သွားကုန်ကြသည်။

ပျားများ မရှိသလောက် ဖြစ်ကုန်ပြီ။ သေချာရန် ဆိတ်နံကိုင်းတစ်ကိုင်းနှင့် မှိုင်းထပ်တိုက်လိုက်သည်။

ပျားများ အဖေ့ကို ဝိုင်းတုတ်နေကြဦးမလား။

သည်တစ်ခါတော့ အဖေ့ကို ပြောဖြစ်အောင် ပြောမည်။ ဟိုတုန်းက အဖေ လုပ်ကြံခဲ့ဖူးသည့်လူ၏ သမီးမှာ မိမိချစ်သူဖြစ်နေကြောင်းနှင့် ဖြစ်ပျက်ခဲ့သမျှ ရင်ဖွင့်ပြတော့မည်။

အဖေကလည်း ဟိုတစ်ချိန်က မုဆိုးမာနနှင့် ဝင့်ကြွားခဲ့ဖူးသည်။ နောက်ပိုင်းမှသာ စိတ်ကျလာသည်။ သည် သက်မွေးဝမ်းမှုကို အောင်မြင်သောဘဝနှင့် ရပ်တည်လာခဲ့သည်မှာ အိမ်တွင်ရှိနေသော သားမျိုးစုံတို့၏ အရေ၊ ချို၊ အစွယ်တို့ကိုကြည့်က သိနိုင် သည်။

အဖေသည် ထိုပစ္စည်းတွေကို ကြည့်ရင်း အမြဲ ဂုဏ်ယူနေတတ်သည်။ စောလူ အပေါ် နေ၍ အဖေ့ကိုကြည့်ပြီး အတွေးစတို့ကို ဖြတ်လိုက်သည်။

စောလူ ပျားလှီးဓားနှင့် ပျားလဘို့ကြီးကို စတင်လှီးဖြတ်နေပြီ။ ပျားခြင်းကြားကို ပျားအုံအောက်တွင် အသင့်ရံထားသည်။ သစ်ကိုင်းတွင် တစ်ပတ်ပတ်လျက် ရစ်ထားသောကြိုးကို ကြည့်လိုက်သည်။

လှီးဖြတ်ပြီးသည်နှင့် ကြိုးကို တဖြည်းဖြည်း လျော့ချရန် အဖေ့ကို အချက်ပေးလိုက်သည်။ အဖေထံမှ လျော့ချနေသော ကြိုးစအတိုင်း အင်ဖက်တွေခံထားပတ်ထားသော ပျားခြင်းကြားမှာ အောက်သို့ တစ်ရစ်ချင်း ဆင်းသွားသည်။

စိတ်ချလောက်မှ သစ်ကိုင်းကြီးတစ်လျောက် တွားတွားဝပ်လျက် တွယ်ဖက်ကာ နောက်ဆုတ် လျောလာရသည်။ သစ်ကိုင်းဆုံ ပင်စည်သို့ ရောက်လာသည်။

သစ်သားစို့ကို မှန်းလျက် ခြေဖျားနှင့် စမ်းလိုက်သည်။

စောလူ အနောက်ဖက်ကွင်းပြင်ကို လှမ်းကြည့်လိုက်သည်။ လရောင်ဖွေးဖွေးအောက်တွင် ပြားပြား ဝပ်နေသော အရာဟူသမျှ ချစ်သူနေထိုင်ရာ မြေပြန့်လွင်ပြင်ဟုသာ ထင်မှတ်နေခဲ့သည်။

လေပြည်အေးတစ်ချက် တိုက်ခတ်လာသည်ကို သစ် ပင်မြင့်ပေါ်မှ တစ်ဝ ရှူသွင်းလိုက်သည်။

ပျားခြင်းကြားတွင် ပါသွားသော လဘို့ အချိန်မှာ အစိတ်ကျော် ရှိနေသည်ဟု ထင်သည်။ အိမ်မှ မထွက်ခင် ညီမလေးနန်းခင် စလိုက်သောစကားတို့ကို သတိရနေမိသည်။

အဖေ့ကို အကြောင်းစုံရင်ဖွင့်ပြီး သည်လုပ်ငန်းမျိုးကို စွန့်ဖို့ ပြောချင်သည်။ အဖေလည်း မုဆိုးမာန လျော့နေပြီပဲ။ အဖေ့လက်ထက်ကတည်းက ပြောဆို ခံခက်လှသော စကားမြားဦးတို့မှာ မိမိအရွယ်အထိ ပါဝင်ပတ်သက် ဆက်နွှယ်လာခဲ့သေးသည်။

ချစ်သူ မျက်နှာကို မြင်နေမိသည်။ တစ်ဆက်တည်းမှာပင် သူ့အဖေပြောခဲ့သော ရင့်သီးလှသည့် စကားတို့ ကြားယောင်နေသည်။

နားထဲတွင် ပဲ့တင်ထပ်နေသည်။

“ပျားဖွတ် သားထိုး မုဆိုး၊ ဘယ်မုဆိုးနဲ့မှ …”

ပြောရက် ဆိုရက်လိုက်ပါညယ်။

တစ်ဆက်တည်းမှာပင် ချစ်သူရှိရာ လွင်ပြင်သို့ စိတ်ကူးလက်ဖြင့် နှုတ်ဆက်နေမိသည်။ လက်ကြား တွင် ကပ်ညှိနေသော ပျားရည်စက်တို့ လက်ဖဝါး သို့ပင် စီးကျနေသည်။ သူ သတိတရ ပါးစပ်နှင့်လျက်ကာ ပုဆိုးပိုင်းတွင် သုတ်လိုက်သေးသည်။

အောက်တွင် အလုပ်ရှုပ်နေသော အဖေ့ကို မီးရောင်ကြောင့် ထင်ရှားစွာ မြင်နေရသေးသည်။

ရှစ်ချောင်းမြောက် သစ်သားစို့ကို ခြေတစ်ဖက်အနင်းတွင် သစ်သားစို့ကို ချော်ရင်း ခြေဖျားတန်းသွားသည်။ ချက်ချင်းဆိုသလိုပင် လက်ကို အားပြုကုတ်ခဲလိုက်သည်။ သို့သော် ကိုင်ဆွဲ ကုတ်ခြစ်ထားသည့် လက်မှာ ပြုတ်လျော၍ သွားသည်နှင့်တစ်ပြိုင်နက် “အဖေ … အဖေ” ဟူသည့် အသံနက်လှိုင်းကြီးမှာ ပဲ့တင်ဟူးခမ်းတောင်တန်းဆီသို့ ရိုက်ခတ်တုန်လှုပ်သွားခဲ့သည်။

ဦးစောပုံ အလန့်တကြား မော့ကြည့်မိချိန်တွင်မူ သူ့ရှေ့တွင် ကျလာသော သားခန္ဓာကိုယ်အား တုန်ခတ်သွားသည့် မြေသံနှင့်အတူ တွေ့လိုက်ရသည်။

ကောက်ယူ ထွေးပွေ့လိုက်သည်။ တညည်းညည်းဖြစ်နေသော သားကိုကြည့်လျက် တကျော်ကျော် ခေါ်ငင်နေမိသည်။ မပီမသ စကားလုံးတို့နှင့် အဆက်မပြတ် ပြောနေသံများကို ကြားနေရသည်။

“သားလေး ဘာတွေပြောနေတာလဲ၊ ဘာပြောချင်တာလဲ … အဘ နားထောင်နေတယ်။ စောလူ … စောလူ သား … သားကြီး”

ဦးစောပုံ ခေါ်ခေါ် မေးမေး လက်ဖျားကလေးကို ဖမ်းဆုတ်လိုက်သည်။ စေးကပ် စိုထိုင်းနေသော ပျားရည်အစအနတို့ကို စမ်းမိရင်း စိတ်မကောင်းခြင်းများစွာဖြင့် သားကိုကြည့်ရင်း မှားခဲ့သည့်အပြစ်၊ ဂရုမထားခဲ့သည့် အပြစ်ကို သိလိုက်သည်။

ရှိုက်ကြီးတငင် ငိုချလိုက်သည်။

“အဖေ အတန်တန် မှာထားပါရက်ကယ်နဲ့။ လက်ကို … လက်ကို ပြောင်စင်အောင်…. “

ဦးစောပုံ စကားမဆုံးမီမှာပင် စောလူ၏ ဝိဥာဉ်လိပ်ပြာသည် ပဲ့တင်ဟူးခမ်း တောင်တန်းရိပ်မှ ထွက်ခွာ သွားခဲ့ပြီ။

စပယ်ဦးမြန်မာဝတ္ထုတိုမဂ္ဂဇင်း
အမှတ် ၆၇၊ ဩဂုတ်လ၊ ၁၉၉၀

– ပြီး –

စာရေးသူ – အဲငြိမ်းသာ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *