မောင်မြင့်မား(ဘိုကလေး)
ပျောက်ဆုံးသွားသော သားကောင်တစ်ကောင်
အချိန်ကာလအားဖြင့် နှစ်ပေါင်း(၄ဝ) ကျော်ခဲ့ပြီ။ ထိုအချိန်က မြစ်ဝကျွန်းပေါ်တစ်ဝိုက်တွင် အချို့နေရာများ၌ အဖြူရောင်နယ်မြေ မဖြစ်သေး။ အကြမ်းဖက် သောင်းကျန်းသူများက ဟိုမှ သည်မှ ထကြွသောင်းကျန်းလျက် ရှိနေသေးသည်။
တောရွာများမှ ရိုးသားသော တောင်သူလယ်သမားများ ကျီးလန့်စာစား ရှာဖွေစားသောက်လျက် ရှိနေကြရသည်။
နေရာကား အမာရွာသူကြီး ဦးချစ်ဖို့၏ အိမ်တွင်ဖြစ်သည်။ အိမ်ရှေ့ ကွပ်ပျစ်တစ်လုံးတွင် ရေနွေးကြမ်းဝိုင်းဖွဲ့လျက် ရှိသည်။
သူကြီးဦးချစ်ဖို့က ဖြူဖြူ ချောချော ခန့်ခန့်၊ ဩဇာတိက္ကမ ရှိသူ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းသူတစ်ယောက်ဖြစ်သည်။
ဦးချစ်ဖို့နှင့်အတူ အသက် (၅ဝ) ကျော် သျှောင်တစောင်းနှင့် အသားညိုညိုတစ်ယောက်။
အသားလတ်လတ်၊ နှာတံပေါ်ပေါ်၊ အသက်(၃ဝ)ကျော် လူရွယ်တစ်ယောက်နှင့် ဆယ့်လေးငါးနှစ်အရွယ် ခန္ဓာကိုယ်တုတ်တုတ်ခိုင်ခိုင်နှင့် ကရင်အမျိုးသား လူငယ်လေးတစ်ယောက် ဖြစ်သည်။
ဦးချစ်ဖို့က ရေနွေးကြမ်းတစ်ပန်းကန်ကို မှုတ်ကာ တစ်ကျိုက်သောက်လိုက်ရင်း-
“ကိုကျောက်ခဲတို့ လာလာပို့တဲ့ တောဝက်သားကတော့ မပြတ်ကို စားနေရတာပဲဗျာ။ ဒါပေမဲ့ အခုတစ်လော မစားရတာတော့ ကြာပြီ”
သျှောင်တစောင်းနှင့် အသားညိုညိုလူက
“သူကြီးရယ် … အမာရွာ နောက်ဘက် တောတန်းမှာက တောဝက်တွေ၊ ချေ(ဂျီ)တွေ၊ ဒရယ်တွေ ပေါတာကတော့ သူကြီးသိတဲ့ အတိုင်းပဲ။ ဒါပေမဲ့ ဒီလပိုင်း လောက်မှာ တောထဲကို တောခွေးအုပ် ရောက်နေတယ်သူကြီးရဲ့။ ခြေရာတွေလည်း ထပ်နေတာပဲ။ တောဝက်အကောင်ပေါက်ကလေးတွေလည်း သူတို့ရန် ကြောင့် တောထဲမှာ အတော်များများ သေကုန်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ မုဆိုးတွေလည်း သားကောင်မရတာ ကြာပီ။
ဦးချစ်ဖို့က ငါးရန့်ခြောက်တစ်ဖတ်ကို ဝါးရင်း
“တောခွေးက ဒါလောက်တောင် ဆိုးသလား ကိုကျောက်ခဲရ”
“ဟာ သူကြီးရယ် … ဘယ့်နှယ့် ပြောပါလိမ့်။ ဒီကောင်တွေက အကောင် နှစ်ဆယ်, အစိတ် အုပ်လိုက်နေကြတာ။ သတ္တိလည်း ကောင်း၊ ကျားတို့၊ သစ်ကျုတ်တို့၊ ဝက်ဝံတို့တောင် ဝင်ကိုက်ကြတာ။ တော ဝက်လောက်ကတော့ သူတို့အစာပဲ”
“ဟုတ်လား – ဒီကောင်တွေက ပြန်မလုပ်ကြဘူးလား”
“သူတို့က အုပ်လိုက်၊ ကျားတို့ ကျားသစ်တို့က တစ်ကောင်တည်း၊ ပတ်ပတ်လည်က ဝိုင်းဆွဲကြတော့ ဘယ်ခံနိုင်မှာလဲ။ ပြေးတာပေါ့”
“ချေတို့၊ ဆတ်တို့၊ ဒရယ်တို့ရော”
“အတူတူပေါ့ သူကြီးရယ်”
“ဩော် … ဒါကြောင့်မို့ ကိုကျောက်ခဲတို့ အမဲမရတာကိုး”
“ဟုတ်ပ သူကြီးရေ”
“ဒါကြောင့်မို့ ဆတ်သားခြောက်၊ ချေ(ဂျီ)သားခြောက်လည်း မစားရတာကိုး”
“အဲဒါကြောင့်မို့ မိန်းမလှကျွန်းဘက်ကို အမဲပစ်ထွက်ဖို့ စိတ်ကူးနေကြတယ်”
“ဟေ”
“ဘာဖြစ်လို့လဲ သူကြီးရဲ့”
“မိန်းမလှကျွန်းက နတ်ကြီးတယ် ကိုကျောက်ခဲရဲ့”
“ဒါပေမဲ့ သူကြီးရယ် – ပိုင်ရာ ဆိုင်ရာတွေကို တင်မြှောက်ပသပြီးတော့မှ ကျွန်တော်တို့သွားတာပါ။ နှစ်ကြိမ်လောက် အမဲပစ်ဖူးပါတယ်။ အနှောင့် အယှက် မရှိပါဘူး။ ဟင်းစားကောင်လည်း ရပါတယ်”
“ဒါဆိုလည်း သွားပေါ့ဗျာ။ အမှားအယွင်းတော့ မရှိကြစေနဲ့ပေါ့”
“စိတ်ချပါ သူကြီး။ ကျွန်တော်တို့ အဆင်ပြေရင်လည်း သူကြီးအတွက်တော့ ဟင်းစား စိတ်ချပါ”
“ကိုကျောက်ခဲတို့ ဘယ်တော့ ထွက်ကြမှာလဲ”
“မနက်ဖြန်ပေါ့”
“ဘယ်သူတွေ ပါမှာလဲ”
“ဒီလူတွေပဲပေါ့ သူကြီးရယ်။ မောင်ထူးရယ်၊ စောဂျိမ်းရယ်ပေါ့”
ဦးချစ်ဖို့က ကရင်အမျိုးသားလူငယ်လေးကို ခပ်ပြုံးပြုံး ကြည့်လိုက်ကာ –
“ကောင်လေး – မင်းလည်း မုဆိုးတွေနဲ့ပေါင်းရင်း မုဆိုးအတွေ့အကြုံ အတော်ရနေပြီလား”
“ဟုတ်ကဲ့… တော်တော်တော့ ရနေပါပြီ။ ပညာယူတုန်းပါပဲ”
“မုဆိုးအလုပ်ဆိုတာ ဇွဲနဲ့ ဝါသနာနဲ့ အရေးကြီးတယ်ကွ။ ငါလည်း ငယ်ငယ်တုန်းက လုပ်ခဲ့တာပေါ့။ အသက်ကြီးလာတော့လည်း စွန့်လွှတ်လိုက်တာ ကြာပါပြီကွာ”
xxx xxx xxx
ဘောက်တူကလေးတစ်စီးတွင် စားရေရိက္ခာ အစုံအလင်၊ လက်နက်ကိရိယာ အစုံအလင်နှင့် တိုလီမိုလီများကိုတင်ကာ မုဆိုး ဦးကျောက်ခဲ၊ တပည့် မောင်ထူးနှင့် စောဂျိမ်းတို့သုံးယောက် နံနက်စောစော ထွက်လာခဲ့ကြသည်မှာ မိန်းမလှကျွန်းသို့ နေအတော်မြင့်မှ ရောက်ကြသည်။
ကျွန်းပေါ်သို့ မတက်မီ ချောင်းကလေးတစ်ခုထိပ်တွင် ပိုက်ချနေသော ကိုရွှေအောင်၏ ပိုက်လှေရှိရာသို့ ဦးကျောက်ခဲ ဘောက်တူက ကပ်လိုက်သည်။
ကိုရွှေအောင်က ပိုက်ချနေရင်း ဦးကျောက်ခဲတို့ ဘောက်တူကို ခပ်လှမ်းလှမ်းကတည်းက မြင်နေပြီးဖြစ်၍ အနားရောက်သည်နှင့် –
“အဘကျောက်တို့ အမဲပစ်ရအောင် လာတာလား”
“အေးကွ”
“ဒါဆိုရင် ကျွန်တော်တို့လည်း ဟင်းစားရဦးမှာပေါ့”
“မင်း ဟင်းစားမရခင် တို့လည်း ရိက္ခာအရင်ပေးလိုက်ဦးလေကွာ”
“ရတယ်လေ။ တဲကိုဝင်ပြီး ငါးသလောက်ကင် လိုသလောက်သာ ယူသွား။ မနေ့ကတင် ကျွန်တော့်လှေက ပုစွန်တုပ်တွေနဲ့ လဲထားတဲ့ ငါးသလောက်တွေ ရှိတယ်”
“ရွှေအောင်တို့က အားကိုးရတယ်ဟေ့။ တို့ အပြန်လည်း မင်းကို ဟင်းစားပေးခဲ့ပါမယ်ကွာ။ မပူပါနဲ့”
“အဘကျောက် … တောထဲမှာတော့ တောဝက်တွေ ပေါမှ ပေါ။ တဲနားကိုတောင် မကြာမကြာ ရောက်ရောက်လာတယ်။ ဆတ်တစ်သံတွေ၊ ချေဟောက် သံတွေလည်း ခဏ ခဏ ကြားရတယ်”
“အေး အဲဒီအသံပဲ ကြားချင်တာကွ။ ကဲ … တို့ သွားမယ်ဟေ့”
“အဘ … ငါးသလောက်ကင် ယူသွားဦးနော်”
“အေးပါ … တဲမှာ မင်းမိန်းမ ရှိတယ်မဟုတ်လား”
“ရှိတယ် … အဘတို့ကို သူ သိပါတယ်”
“အေး … အေး”
ရွှေအောင်၏ မိန်းမထံတွင် ငါးသလောက်ကင် သုံးကောင်တောင်းကာ ဘောက်တူကို ရွှေအောင်၏တဲနှင့် မနီးမဝေးတွင် ချည်၍ မုဆိုးဦးကျောက်ခဲတို့သုံးယောက် တောထဲကို ဝင်လာခဲ့သည်။
လမု၊ ကနစို၊ မဒမ၊ လမဲ့၊ သင်ပေါင်း၊ ကိုင်းပင်များနှင့် ရှုပ်ယှက်ခတ်နေသော တောကြီးထဲကို ချီတက်လာကြရင်း အပင်များအောက်ခြေရှိ ရွှံ့တော၊ ဗွက်တောများကို သတိထားကာ လျှောက်ကြရသည်။ ရွှံ့နွံထူထပ်ပြီး မြွေဆိုးများရှိသောကြောင့်ဖြစ်သည်။ ။
ဦးကျောက်ခဲက လုပ်နေကျအတိုင်း လက်ဖက်နှင့် ငါးကင်ကို တင်မြှောက်လိုက်သည်။
မုဆိုးဦးကျောက်ခဲက ရှေ့ဆုံးမှ တူမီးကြီးကို ထမ်း၍ အလယ်မှ မောင်ထူးက ဒူးလေးကြီးကိုကိုင်ကာ နောက်ဆုံးမှ စစ်လွယ်အိတ်ကြီးနှစ်လုံးကိုပိုးရင်း စောဂျိမ်းက သွက်လက်သော ခြေလှမ်းများဖြင့် လိုက်ပါလာသည်။
ဦးကျောက်ခဲက နောက်ကိုလှည့်ကာ-
“ဟေ့ – မင်းတို့ အောက်ကိုလည်း သတိထားဦးနော်။ ပိုးကောင်၊ မြွေ မတွေ့ ဘဲ မဒမငုတ် စူးနေဦးမယ်”
တောထဲတွင် ထင်းခုတ်သူများက မဒမပင်များကို တစ်စောင်းခုတ်ထားသောကြောင့် ကျန်အငုတ်များက ချွန်ထက်နေကာ တချို့ငုတ်များက ရေထဲတွင် မြုပ်နေသောကြောင့် နင်းမိလိုက်လျှင် ဖိနပ်ပါ ပေါက်ထွက်၍ ခြေဖဝါးကို စူးတတ်ကြသည်။ တချို့ဆိုလျှင် ခြေဖဝါးကို ထုတ်ချင်းခပ်အောင် စူးတတ်သောကြောင့် ဖြစ်သည်။
တောထဲကိုရောက်လာကြပြီး နာရီဝက်ခန့်အကြာတွင် ရေသဖန်းပင်ကြီး တစ်ပင်ကို လှမ်းမြင်လိုက်ရသည်။ ရှေ့မှ သွားနေသော မုဆိုးဦးကျောက်ခဲက ပခုံး ပေါ်တွင် ထမ်းထားသော တူမီးကြီးကို အောက်ချ၍ နောက်ကို လှည့်ကြည့်လိုက်သည်နှင့် အကင်းပါးလှသော မောင်ထူးက ဒူးလေးကြီးကို မောင်းတင်လိုက် သည်။ ဦးကျောက်ခဲက လေသံတိုးတိုးဖြင့်
“အမဲကောင် ရှိနိုင်တယ်”
ရေသဖန်းပင်နှင့် ကိုက် (၂ဝ)ခန့် အကွာလောက်ရောက်သည်နှင့် တစ်နေရာမှ-
“ဖလပ် … ဖလပ်”
ဦးကျောက်ခဲက လမုပင်ပေါက်ကလေးတစ်ခု၏ သစ်ရွက်သစ်ခွက်များအကြားမှ ရေသဖန်းပင်အောက်ကို ချောင်းကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် တောကြက် ဖိုမတစ်စုံက ရေသဖန်းသီး အကြွေများကို နှုတ်သီးနှင့် တို့ကာ ဆိတ်ကာ စားနေရင်း ကြက်ဖိုက အတောင်ခတ်၍ အမကို ရစ်နေသည်။
ဦးကျောက်ခဲက မောင်ထူးကို လှည့်ကြည့်လိုက်သည်။ မောင်ထူးကလည်း သဘောပေါက်ပြီးဖြစ်၍ လမုပင်ပေါက်ကလေးများကို အကာအကွယ်ယူကာပစ်ကွင်းကောင်းကို ရွေးနေလိုက်သည်။
ဦးကျောက်ခဲနှင့် စောဂျိမ်းက နောက်တွင် ချန်ကာ ပစ်ကွင်းကို ကြည့်နေသည်။
မောင်ထူးထံမှ ဝှစ်ခနဲ အသံနှင့်အတူ တောကြက်ဖတွင် မြားတံက စူးဝင်သွားသည်။ တောကြက်ဖ ယိုင်လဲသွားချိန်တွင် ကြက်မက လှစ်ခနဲ ထွက်ပြေးသွား တော့သည်။
ထိုအချိန်တွင် ရေသဖန်းပင်နောက်ဘက် ကနစိုတောဘက်ဆီမှ
“ဖောက် – ဖောက် – ဖောက်”
ဦးကျောက်ခဲက တူမီးကြီးကို မောင်းတင်ကာ မောင်ထူးရှိရာသို့ ပြေးတက်လာရင်း –
“မောင်ထူး … နောက်ဆုတ်။ ဒါ တောဝက်တွေရဲ့ မေးရိုက်သံကွ။ တို့အလာကို ကြိုမြင်ထားလို့ တို့ကိုဆော်ဖို့ ချောင်းနေတာကွ”
“ဗြော – ဗြော”
ဟူသော အသံနှင့်အတူ ကနစိုတောထဲမှ တောဝက်တစ်ကောင် ဒရောသောပါး ပြေးထွက်လာသည်။
ဦးကျောက်ခဲနှင့် မောင်ထူးရှိရာသို့ တည့်တည့်ပြေးဝင်လာခြင်း ဖြစ်သည်။
ဦးကျောက်ခဲကမုဆိုးဒူးထောက် မြေပြင်တွင် ထိုင်ချလိုက်ကာ တူမီးကို ထိုးချိန်လိုက်သည်။
“ဗြော … ဗြော”
“ဒိန်:”
တူမီးသံကြောင့် ကျေးငှက်သာရကာများ လန့်ဖျပ်၍ အော်သံနှင့်အတူ တစ်ရှိန်ထိုးဝင်လာသော တောဝက်ကြီးက တုံ့ခနဲ ဖြစ်သွားကာ တဖြည်းဖြည်း ဖင်ထိုင်ကျသွားသည်။ မည်းပြောင်နေသော တောဝက်ကြီး၏ ထိပ်တွင် ဖွေးခနဲ ဖြစ်သွားကာ ရဲရဲနီသောသွေးများက တဖြည်းဖြည်း စီးကျလာသည်။
“တောဝက်ပစ်ဖို့ ယမ်းပြင်းပြင်းစပ်ထားတာ။ တစ်ချက်တည်းနဲ့ ကိစ္စချောပါပြီကွာ”
ဦးကျောက်ခဲတို့ အနားရောက်ချိန်တွင် တောဝက်ကြီးက အကြောဆွဲကာ ငြိမ်သက်သွားတော့သည်။
ထိုအချိန် တောဝက်ကြီး ထွက်လာသော ကနစိုတောထဲမှ “ဗြော … ဗြော” အသံများနှင့်အတူ အသံများက ဝေးရာဘက်သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
အနားတွင် ရောက်လာသော စောဂျိမ်းအား ဦးကျောက်ခဲက-
“စောဂျိမ်း … သဘောပေါက်တယ်”
“သိတယ် – အဘ၊ ဒီကောင်က ဝက်တောင်းကြီး”
တောဝက်အုပ်တွင် ခေါင်းဆောင်ခေါ်သော ဝက်တောင်းကြီးဖြစ်သည်။ ဝက်တောင်းကြီး ကျသွားသောကြောင့် ကျန်တောဝက်များက ခြေဦးတည့်ရာသို့ ထွက်ပြေးကြခြင်းဖြစ်သည်။
စောဂျိမ်းက ဓားမြှောင်ကိုထုတ်ကာ သိုတံကြီးကို လှီး ထုတ်ပစ်လိုက်သည်။ ကြာလျှင် ဝက်တစ်ကောင်လုံး စား၍မရအောင် နံဟောင်မည်စိုးသောကြောင့် ဖြစ်သည်။ ဦးကျောက်ခဲက –
“တို့ အပြန်ကြမှ ယူမယ်ကွာ။ ဒီအတိုင်းထားခဲ့ရင် တောကောင်တွေ စားကုန်လိမ့်မယ်။ ခြေတွေလက်တွေ နွယ်ကြိုးနဲ့တုပ်ပြီး သစ်ပင်ကိုင်း တစ်ကိုင်းမှာ ချိတ်ကြရအောင်ကွာ”
သုံးယောက်သား ဝက်တောင်းကြီးကို မနိုင်တစ်နိုင်ထမ်းကာ သစ်ကိုင်း တစ်ကိုင်းတွင် ချိတ်လိုက်ကြသည်။
“ငါ့သေနတ်သံကြောင့် ဒီနားတစ်ဝိုက်ကတော့ ဘာကောင်မှ ရမှာမဟုတ်ဘူး။ ကနစိုတောထဲကို ချီတက်ကြရအောင်ကွာ”
ကနစိုတောအောက်ခြေတွင် တချို့ နေရာများက ရေစပ်စပ်၊ တချို့နေရာက ကုန်းမြေ၊ တချို့နေရာတွေကရွှံ့နွံ့တွေနဲ့ ဖြစ်သည်။
ကနစိုတောအတိုင်း တစ်နာရီလောက် လျှောက်လာကြသည်အထိ မည်သည့် တောကောင်မျှ မတွေ့ရသေး။ အပင်များပေါ်မှ မျောက်များကတော့ ကွိကွိ ကွကွ အော်ကာ ဦးကျောက်ခဲတို့ ရောက်လာသည်ကို တစ်ကောင်နှင့်တစ်ကောင် အချက်ပေးရင်း တစ်ပင်မှ တစ်ပင်သို့ ကူးနေကြသည်။
မောင်ထူးက –
“အဘကျောက် – တောဝက်ခြေရာတွေကတော့ ရှုပ်နေတာပဲ။ ခုထက်ထိတော့ မတွေ့သေးဘူး”
“အေး ငါလဲ တွေ့တယ်။ သတိတော့ ရှိပါစေနော်။ တောကောင်တွေက တို့အလာကို ကြိုမြင်နေရင် ရုတ်တရက် အန္တရာယ်တွေ့နိုင်တယ်”
“စိတ်ချပါ- အဘ”
ကနစိုတောအတိုင်း ဆက်လက်၍ နာရီဝက်ခန့် လျှောက်လာကြပြီးသောအခါ (၁ဝ)ပေခန့်ကျယ်သော ချောင်းကလေးတစ်ခုကို တွေ့လိုက်ရသည်။ အနီး တွင်ရှိသော မဒမပင်များကို ခုတ်ကာ တံတားလုပ်၍ ဖြတ်ကျော်လိုက်ကြသည်။
ချောင်းကိုဖြတ်ပြီး နောက်တစ်နေရာတွင် မောင်ထူး၏ ဒူးလေးဖြင့်တောကြက်တစ်ကောင် ထပ်ရလိုက်သည်။
နေအတော် မြင့်နေပြီဖြစ်၍ ဦးကျောက်ခဲတို့ မုဆိုးအဖွဲ့လည်း ချွေးများ အတော်ရွှဲနေပြီ ဖြစ်သည်။
ကနစိုပင်ကြီး တစ်ပင်အောက် ခေတ္တ အမောဖြေလိုက်ကြရင် ထမင်းထုပ်များဖြေကာ ငါးသလောက်ကင်၊ ငါးပိကောင်ကြော်များဖြင့် ဝမ်းဖြည့်လိုက်ကြသည်။
“တောဝက်ခြေရာတွေ တော်တော်များများတွေ့တာတောင် ခုထက်ထိ တစ်ကောင်မှ မတွေ့သေးဘူး။ ဝက်တောင်းကြီးတစ်ကောင်တည်းနဲ့ပဲ မိုးချုပ်တော့ မလား မသိပါဘူးကွာ”
မောင်ထူးက –
“ဟုတ်တယ် အဘကျောက်။ ချေ (ဂျီ)တို့၊ ဆတ်တို့၊ ဒရယ်တို့တောင် မတွေ့ဘူး။ ထူးတော့ ထူးတယ်”
“ကဲ … ကဲ ၊ အချိန်ရှိတုန်း ခရီးဆက်လိုက်ကြရအောင်ကွာ။ စောဂျိမ်း – မင်းက အထုပ်တွေထမ်းလာရလို့ မောပြီလားကွ”
“မမောပါဘူး အဘရဲ့။ တောထဲ သွားနေရရင် ကျွန်တော်က ပျော်နေတာပါ”
“အေး … အေး ၊ ဆက်လိုက်ကြရအောင်ကွာ”
မုဆိုး ဦးကျောက်ခဲတို့အဖွဲ့ ကနစိုတောအတိုင်း (၁၅)မိနစ်ခန့် လျှောက်လာခဲ့ပြီး နောက်တစ်နေရာအရောက်တွင် –
“ဂရား … ဂရား”
“ဖန်း … ဖန်း”
ဦးကျောက်ခဲက ရှေ့ကနေ သွားနေရင်း တုန့်ခနဲ ရပ်လိုက်ကာ –
“မောင်ထူးတို့၊ စောဂျိမ်းတို့ … ဘာသံတွေလဲကွ”
“မသိဘူး အဘကျောက်”
“ရှေ့နားက အသံကွ၊ ထူးတော့ ထူးတယ်။ သတိရှိပစေနော် ဟေ့ကောင်တွေ”
(၁၅)ကိုက်အကွာလောက်ရှိ လမုပင်အုပ်ဆီမှ ကြားနေရသော အသံများဖြစ်၍ သုံးယောက်သား သတိအနေအထားဖြင့် တစ်လှမ်းချင်း လျှောက်လာကြပြီး ရှေ့ဆုံးမှ သွားနေသော ဦးကျောက်ခဲက လမုပင်ပေါက်ကလေးများ၏ သစ်ရွက်သစ်ခက်များကို ဖြဲ၍ အသံလာရာဆီသို့ ကြည့်လိုက်သောအခါ ဦးကျောက်ခဲထံမှ မတိုးမကျယ်အသံတစ်ခု ထွက်သွားတော့သည်။
“ဟာ”
ချက်ချင်းပင် ဦးကျောက်ခဲက နောက်ကိုလှည့်၍ –
“ဟေ့ကောင်တွေ … နီးရာသစ်ပင်ပေါ် မြန်မြန်တက်”
ပြောပြောဆိုဆို ဦးကျောက်ခဲက လူတစ်ဖက်ခန့်ရှိသော လမုပင်တစ်ပင်ပေါ်သို့ အပြေးတက်လိုက်သည်။
ဦးကျောက်ခဲက အမြင့်ပေ (၂ဝ)ခန့်ရှိ လမုပင်ခွကြားသို့ ရောက်သည်နှင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မောင်ထူးရော စောဂျိမ်းပါ ကနစိုပင်ကြီး တစ်ပင်ပေါ်ကို ရောက်နေကြပြီ ဖြစ်သည်။
သစ်ပင်ပေါ်ကိုရောက်မှ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။ ရေကျချိန်ဖြစ်၍ ရေမရှိသောရိုး (ချောင်းအသေးစား) ကလေးထဲမှ အရှည် (၁၅) ပေခန့်ရှိသော မိကျောင်းတစ်ကောင်နှင့် ရိုးအပေါ်ကုန်းဘက်မှ ဟင်းမျိုး (ကျား) တစ်ကောင်သည် မိကျောင်းကို လက်နှင့် လှမ်းပုတ်လိုက်၊ မိကျောင်းက ပါးစပ်ကြီးဖြဲကာ လှမ်းဟပ်လိုက်နှင့် လုပ်နေသော တိုက်ပွဲဖြစ်သည်။
ရိုးနှင့် ကုန်းအစပ် မြက်တောထဲတွင်လည်း ခေါင်းတစ်ခြမ်းမရှိတော့သည့် သွေးသံရဲရဲနှင့် တောဝက်တစ်ကောင်။
ဦးကျောက်ခဲက မြင်ကွင်းကိုကြည့်ရင်း သဘောပေါက်လိုက်သည်။ ဟင်းမျိုးနှင့် မိကျောင်းက အစာလုနေကြခြင်း ဖြစ်သည်။
တောဝက်က ဟင်းမျိုးရထားသည့် အစာလား၊ မိကျောင်းကြီးရထားသည့် အစာလားတော့ မသိ။
ဟင်းမျိုးက ပါးစပ်ကြီးဖြဲကာ “ဂရား – ဂရား”နှင့်အော်၍ မိချောင်းကြီးဆီသို့ လက်နှင့်လှမ်းပုတ် လိုက်ချိန်တွင် မိကျောင်းကြီးက ခေါင်းလည်၍ရှောင်လိုက်ကာ ပါးစပ်နှင့် လှမ်းဟပ်လိုက်ပြန်သည်။ ထိုအခါ ဟင်းမျိုးကြီးက နောက်ကိုခုန်၍ ရှောင်လိုက်ပြန်သည်။
တစ်ကြိမ်တွင် မိချောင်းကြီးက အရှိန်လွန်၍ အိုင်ထဲမှ ကုန်းပေါ် ခေါင်းပိုင်းကြီးအရောက်တွင် ဟင်းမျိုးကြီးက ကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး မိကျောင်း ကြီး ကိုယ်လုံးပေါ်သို့ ဖျပ်ခနဲ ခုန်တက်လိုက်ကာ လက်နှစ်ဖက်နှင့် ကုတ်၍ ကျောကို ပါးစပ်နှင့် ကိုက်လိုက်လေသည်။
သို့သော်လည်း ဟင်းမျိုးကြီး ကျောကုန်းပေါ်ရောက်သည်နှင့် မိကျောင်းကြီးက ကိုယ်ကို လှိမ့်လိုက်သောကြောင့် ဟင်းမျိုးကြီးက မကိုက်လိုက်ရဘဲ ဟရိုးထဲရှိ ရွှံ့များပေါ်သို့ ဗွမ်းခနဲ ကျသွားတော့သည်။
တောဘုရင်နှင့် ရေဘုရင်တို့ အလျှော့မပေးဘဲ သူနိုင် ကိုယ်နိုင် တိုက်ပွဲဖြစ်သည်။ တောဘုရင်၏ မာန်ဖီသံနှင့် ရေဘုရင်တို့၏ လှုပ်ရှားသံတို့က ပတ်ဝန်း ကျင်ကို ဆူညံလျက်ရှိသည်။
ဦးကျောက်ခဲတို့ မုဆိုးအဖွဲ့က မျက်တောင်မခတ် တိုက်ပွဲကို ကြည့်နေဆဲတွင် ဟင်းမျိုးကြီးက ရေဘုရင်၏ ခေါင်းကို လက်နှင့်လှမ်းအပုတ်တွင် ရေဘုရင်က ခေါင်းကို ယာဘက်သို့ ရှောင်လိုက်ပြီး အမြီးက ဝဲဘက်မှနေ၍ ဝှီးခနဲနေအောင် ရိုက်ချလိုက်သည်။
တောဘုရင် ဟင်းမျိုးကြီး အငိုက်မိသွားကာ ပုံလျက် လဲကျသွားသည်။ လဲကျသွားသော တောဘုရင် ဟင်းမျိုးကြီး၏ ကိုယ်လုံးကြီးက ရိုးစပ်ကို ရောက်လာသည်နှင့် မိချောင်းကြီးက ပါးစပ်ဖြဲကာ ဟင်းမျိုးကြီး၏ခေါင်းကို လှမ်းဟပ်လိုက်တော့သည်။
ခေါင်းတစ်ခုလုံး မိကျောင်းကြီးပါးစပ်ထဲကို ရောက်သွားသော်လည်း ဟင်းမျိုးကြီးက အော်ဟစ်ရုန်းကန်နေဆဲ။ ဟင်းမျိုးကြီး၏ အော်သံက တစ်တောလုံး ဆူညံသွားတော့သည်။
ထိုအချိန်တွင် သစ်ပင်ခွကြားများ၌ တိုက်ပွဲကို ထိုင်ကြည့်နေကြသော မုဆိုးကြီးဦးကျောက်ခဲနှင့် မောင်ထူးတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြကာ-
“ဒိန်း”
“ဝှစ်”
ရေဘုရင်ကြီး၏ ဘေးသားဖွေးဖွေးကြီးကို တူမီးကျည်က ဖောက်ဝင်သွားကာ အပေါက်ကြီးဖြစ်သွားပြီးနောက် သွေးများ ပွက်ခနဲ ထွက်လာကာ မောင် ထူး၏ မြားတံကလည်း သုံးပုံတစ်ပုံခန့် စိုက်ဝင်သွားပြန်သည်။
ဦးကျောက်ခဲ၏ ကျည်တစ်ချက်က ရေဘုရင်ကြီး၏ဇက်ပိုးနေရာတွင် ချိုင့်ဝင်သွားကာ အပေါက်ကြီးဖြစ်သွားသည်။
ရေဘုရင်ကြီးက ဒဏ်ရာများကြောင့် တွန့်လိမ်သွားကာ ဟင်းမျိုးကြီး၏ ခေါင်းကိုကိုက်လျက်နှင့်ပင် ပက်လက်လန်၍ ရိုးထဲတွင် ရွှံ့များကို အမြီးနှင့်ရိုက်ရင်း ဝုန်းဒိုင်းကျဲနေတော့သည်။
လက်သီးဆုပ်ခန့် အပေါက်ကြီးကပင် ရေဘုရင်ကြီးအတွက် လုံလောက်နေပြီဖြစ်၍ ဦးကျောက်ခဲတို့ အဖွဲ့က သစ်ပင်ခွကြားကပင် ထိုင်ကြည့်နေကြသည်။
ရေဘုရင်ကြီး၏ ရိုးထဲမှ ရွှံ့များကို အမြီးနှင့် ရိုက်ချက်က ပတ်ဝန်းကျင်တစ်ခုလုံး ရွှံ့များ လွင့်စဉ်ကာ ဦးကျောက်ခဲတို့ပုန်းအောင်းရာ သစ်ပင်များဆီသို့ပင် ရွှံ့များ ရောက်လာသည်။
တောဘုရင် ဟင်းမျိုးကြီးကတော့ ငြိမ်သက်နေမိပြီ ဖြစ်သည်။
ရေဘုရင် မိကျောင်းကြီးကတော့ (၁၅) မိနစ်ခန့် တွန့်လိမ်ကောက်ကွေးနေပြီးမှ ငြိမ်သက်သွားတော့သည်။
ဦးကျောက်ခဲက သစ်ပင်ခွကြားမှနေ၍ –
“မောင်ထူးရေ – ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ဆိုတာ ဒါပဲ ထင်တယ်ကွ။ ဒီနေ့ကတော့ မုဆိုးဘဝမှာ အထူး အဆန်းပဲ”
“အဘကျောက်ရေ… အဘနဲ့ တောလိုက်ထွက်နေတာ ကြာပြီ။ ဟင်းမျိုးဆိုတာ ဒီတစ်ခါပဲ ကြုံဖူးသေးတယ်။ အခုတော့ ဟင်းမျိုးကို ပစ်တောင် မပစ်လိုက် ရဘူး”
“စောဂျိမ်း … မင်း ကြောက်နေလား”
“ဒါမျိုး တစ်ခါမှ မကြုံဘူးတော့ နည်းနည်းတော့ ကြောက်သွားတယ်။ အခု နှစ်ကောင်စလုံး ကြွသွားတော့ မကြောက်တော့ပါဘူး”
“ကဲ – ကဲ ဒါဆို သွားကြည့်ကြရအောင်”
ဦးကျောက်ခဲတို့သုံးယောက် လမုပင်များကိုဖြဲကာ သတ္တဝါနှစ်ကောင် တိုက်ပွဲဖြစ်ရာနေရာသို့ အရောက်တွင် –
“ဟာ”
သုံးယောက်သား အံ့အားသင့်သွားကြသည်။
တောဘုရင် ဟင်းမျိုးကြီးက ခေါင်းတစ်ခုလုံး ပုံပျက်ကာ အသက်ပျောက်နေပြီဖြစ်သော်လည်း ရေဘုရင် မိချောင်းကြီးကိုတော့ လုံးဝရှာမတွေ့။
မသေမရှင်နှင့် ရေမရှိသော ရိုးကလေးအတိုင်း ဆင်းသွားလျှင်လည်း ဆင်းရာလမ်းနှင့် ဒဏ်ရာက သွေးများကို တွေ့ရမည်။ ကုန်းပေါ် တက်ပြေးလျှင်လည်း သွေးစက်များ တွေ့ရမည်။
ယခုတော့ ချောင်းကြီးကို အစအနပင် ရှာမတွေ့သောကြောင့် အံ့ဩနေကြခြင်းဖြစ်သည်။
ဦးကျောက်ခဲက မယုံနိုင်စရာအဖြစ်ကို တွေးရင်း –
“ကဲ – ကဲ အချိန်ရှိတုန်း ဟင်းမျိုးကြီးကို သယ်ဖို့လုပ်ကြကွာ”
စောဂျိမ်းက –
“မိချောင်းကြီးကရော …”
“တို့နဲ့ မထိုက်လို့ပဲ သဘောထားလိုက်ပါကွာ”
မောင်ထူးက –
“အဘကျောက်ရဲ့တူမီးဒဏ်ကြောင့် ဟောင်းလောင်းကြီး ပွင့်ထွက်သွားတာကို မြင်လိုက်တာပဲ အဘရာ။ အခုမှ သတိရတယ်။ ရွှံ့ဗွက်ထဲမှာများ နစ်နေ တာလား”
မောင်ထူးက ပြောပြောဆိုဆို သစ်ကိုင်းရှည်တစ်ချောင်းနှင့် ရိုးထဲရှိရွှံ့ဗွက်များကို ထောက်ကာ စမ်းနေပြန်သည်။ မိကျောင်းကြီးတစ်ကောင်လုံး မြုပ်နေ လောက်အောင် ရွှံ့ဗွက်က မနက်ပေ။
စောဂျိမ်းကလည်း ပတ်ဝန်းကျင်တောတွင်းအနှံ့ မကျေမနပ်နှင့် လိုက်ရှာသည်။ နှစ်ယောက်စလုံး လက်လျှော့ကာ ပြန်လာပြီး စောဂျိမ်းက –
“အဘကျောက် – တောခြောက်တာများလား”
“ကဲ – ကဲ မင်းတို့ ကျေနပ်အောင် ရှာပြီးပြီ မဟုတ်လား။ သွားကြမယ်။ ဟင်းမျိုးကြီးကို တစ်ယောက်တစ်လှည့် ထမ်းကြတာပေါ့ကွာ”
“တောဝက်သေကြီးရော …”
“ထားခဲ့ပါတော့ကွာ”
မောင်ထူးနှင့် စောဂျိမ်းက ဟင်းမျိုးကြီးကို ဝါးတစ်လုံးနှင့်လျှိုကာ ရှေ့နောက်ထမ်းရင်း ခပ်လှမ်းလှမ်းအရောက်တွင် စောဂျိမ်းက မကျေမနပ်နှင့် နောက်ကို ကြည့်လိုက်သည်။
တောဝက်သေကြီးကို နေရာတွင် မတွေ့ရတော့။ စောဂျိမ်း မျက်လုံးပြူးသွားသည်။
xxx xxx xxx
“ကျော်စိုးနဲ့ တင်ဝင်းရာ – တောဆိုတာ လျှို့ဝှက်တယ်ကွ။ ဆန်းကြယ်တာတွေလည်း အများကြီးရှိတယ်။ အဲဒီတုန်းက ဟင်းမျိုးကြီးကို ရောင်းပြီး အဘကျောက်ကတော့ အိမ်တစ်လုံး ကောင်းကောင်းဆောက်လိုက်ရတယ်”
“မိကျောင်းက ဘာဖြစ်လို့ ရှာမတွေ့တော့တာလဲ”
“ငါလည်း အဲဒါ သိချင်နေတာပဲကွ ကျော်စိုးရ။ ခြေရာလက်ရာလည်း မတွေ့။ သွေးစက်ကလေးတစ်စက်တောင် မတွေ့ ရလို့ အံ့ဩနေတာ။
ငါ့မုဆိုးသက်တမ်းမှာ ထူးထူးဆန်းဆန်း ကြုံတွေ့ရတာ အဲဒါ ပထမဦးဆုံးပဲဟေ့”
တင်ဝင်းက –
“စောဂျိမ်းရဲ့ဆရာ မုဆိုးကြီး ဦးကျောက်ခဲကရော ဘာကြောင့်ဆိုတာ ပြောမပြဘူးလား”
“ သေတာသွားရော … ဘာကြောင့်ဆိုတာ မေးလို့မရဘူး တင်ဝင်းရေ”
– ပြီး –
စာရေးသူ – မောင်မြင့်မား(ဘိုကလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized