မောင်သိက္ခာ
(၁)
မချိတင်ကဲလည်း ဖြစ်မိသည်။ ဒေါသလည်း ထွက်မိသည်။
အဘဉာဏ်အဖို့ မချိတင်ကဲ ဖြစ်ရသည်မှာတော့ ရှင်းပါ၏။ သို့သော် ဒေါသထွက်ရသည်ကမူ ဘယ်သူ့ကို ဒေါသထွက်ရမည်မသိ။
ကတုံးအတွင်းမှ လွတ်မြောက်အောင် ရုန်းကန်သွားသော ကသ ပေါင်းငါးကြီးကိုလား။ ငါးကြီးတစ်ကောင်ကိုမှ အမိဖမ်းနိုင်အောင် မခိုင်ခံ့သည့် ကတုံးကို လုပ်မိသော မိမိကိုယ်ကိုယ် မိမိပင် ဒေါသထွက်ရမည်လား။ အဘဉာဏ် ဝေခွဲမရ။
“ကတုံး” ဆိုသည်မှာ မြှုံးအကြီးစားတစ်ခုမျှသာ။အလျားအနံ တစ်တောင့်ထွာစီခန့်ရှိပြီး အမြင့်နှစ်တောင့်ထွာမှ သုံးတောင်ခန့်ရှိသော မြှုံးကြီး။
ကတုံးအကြီးဆိုလျှင် လက်လေးလုံးခန့်ခြား၍ လေးထောင့်အကွက်ဖော်ကာ ဝါးကိုရက်သည်။ အသေးဆိုလျှင် လက်နှစ်လုံးခန့်ခြား၍ ရက်သည်။ ဤမျှသာ ကွာခြား၏။ အရွယ် အစားမှာမူ အတူတူ။
ပုံသဏ္ဌာန်မှာမူ သေတ္တာရှည်ကြီးကဲ့သို့ လေးထောင့်စပ်စပ်။ အချို့ ကမူ ‘မြင်းခွာပိတ်’ ပုံရက်သည်။ တစ်ဖက်က ခပ်လုံးလုံး။ အခင်ကိုမူ မြုံးကဲ့သို့ပင် တပ်ထားသည်။
သို့သော် ရက်ထားသော ဝါးတံများက လက်သန်းတစ်ဝက်ခန့် သို့မဟုတ် စီးကရက်လုံးခန့်ရှိ၍ ကြိမ်များဖြင့် သေချာစွာကွပ်ထားသည်။
ရေစုန်ကို မျက်နှာလှည့်ကာ ထောင်ထားသော ကတုံးကို ကွဲထွက်သွားအောင် ပြုလုပ်နိုင်စွမ်းသော ကသပေါင်းငါးမှာ နည်းနည်းနောနော အင်အားမဟုတ်။
ကသပေါင်းငါးမှာ အခြားငါးများနှင့် မတူ။ သူ၏ ဆူတောင်များ က ဓားသွားလို ထက်သည်။ အင်အားလည်း ရှိသည်။ ထိုဆူးတောင်များက ကွပ်ထားသော ကြိမ်များကို ပြတ်သွားစေပြီး ကတုံးကြီးကွဲသွားသည်။
မည်သည့်ငါးကြီးမဆို ဤသို့မိနေလျှင် တစ်ကြိမ်နှစ်ကြိမ် ရှိသမျှ အင်အားကိုသုံး၍ လွတ်မြောက်ရေးကိုရှာသည်။ ယင်းသို့မှ မလွတ်လျှင် အင်အားကုန်ခန်း၍ သေလုမြောပါးဖြစ်ပြီး တံငါသည်၏ လက်တွင်းသို့ သက်ဆင်းရသည်မှာ ဓမ္မတာ။
အဘဉာဏ် အပြစ်လည်းပါ၏။
သူလိုက်နေသည်က ငါးကြောင်း။ ကတုံးထဲသို့ ဝင်လာသည်က သူမမျှော်လင့်သော ကသပေါင်း။ ငါးကြောင်းသာ မိမည်ထင်မှတ်ပြီး ပေါ့ပေါ့ဆဆ အေးအေးဆေးဆေး နံနက်လင်းမှလာကြည့်မိသည်က အဘဉာဏ်၏ အပြစ်။
လွန်ခဲ့သော နှစ်ရက် သုံးရက်ကပင် ဤကိုင်းတောစပ်စပ်၌ ငါးကြောင်းကြီး မြူးနေသည်ကို အဘဉာဏ်တွေ့ ထား၏။ ငါးကြောင်းကြီး အစာလိုက်နေခြင်း ဖြစ်သည်။
ဝါဆိုလမှ တန်ဆောင်မုန်းလလောက်အထိ ကတုံးထောင်သော ရာသီဖြစ်၏။ ဧရာဝတီမြစ်ရေသည် ဝါဆိုဝါခေါင် ရေဖောင်ဖောင်မှ တဖြည်းဖြည်းတစ်စစ ကျဆင်းလာသည်။ ရေတက်ရာမှ ကျဆင်းလာပြီး ရေမှန်ချိန် သို့မဟုတ် တံငါအခေါ် ‘ကျားမဆွဲ’ အချိန်တွင် ကတုံးထောင်၍ အကောင်းဆုံးဖြစ်၏။
ဧရာဝတီမြစ်၏ အချို့ကမ်းစပ်များတွင် ကိုင်းပင်များ ထူထပ်စွာ ပေါက်နေတတ်သည်။ ထိုကိုင်းပင်များအကြားတွင် ငါးလူး၊ ငါးခေါင်းပွ၊ ငါးမျက်ဆန်နီပေါက် စသော ငါးကလေးများ ခိုနေကြ၏။
ရေကျပြီး ရေမှန်ချိန်ဖြစ်သော ‘ကျားမဆွဲ’ အချိန်တွင် ထိုငါး ကလေးများကို ငါးကြောင်း၊ ကသပေါင်း စသော ငါးကြီးများက ကိုင်းတောအတွင်းသို့ဝင်ကာ ငါးကလေးများကို လိုက်လံ၍ ဖမ်းယူစားကြသည်။
ငါးကြင်း၊ ငါးသိုင်းစသည့် ငါးကြီးများက ကိုင်းပင်များတွင် ကပ်ငြိနေသော ရေညှိ၊ ရေမှော်များကို ဝင်ရောက်၍ စားကြသည်။
ထိုဝင်ရောက်လာသော ငါးကြီးများကို အဘဉာဏ်တို့က မြှုံးအကြီးစား ကတုံးဖြင့် ထောင်ဖမ်းသည်။ ငါးပိဿာအထိ အလေးချိန်ရှိတတ်သော ငါးကြီးများကို ဖမ်းရသောကြောင့် ခိုင်ခိုင်ခံ့ခံ့ ကတုံးဖြင့် ထောင်ရခြင်း ဖြစ်၏။
ကတုံး ရွေ့လျားမသွားစေရန် ငုတ်စိုက်ထားရသည်။ ကတုံးကို ကိုင်းပင်များဖြင့် ချည်ထားရ၏။
ငါးကြီးများ ကတုံးအတွင်းသို့ အလွယ်တကူဝင်နိုင်စေရန် ကိုင်း ပင်များကို အနည်းငယ်ရှင်းလင်း၍ လမ်းလုပ်ပေးထားရသည်။ သို့သော် ကတုံးအတွင်း၌မူ အစာမရှိ။
ငါးကြီးများ၏ လာလမ်းကို အကဲခတ်တတ်ရန်မှာ တံငါကောင်း တို့၏ အတတ်ပညာ။
(၂)
ထိုနေ့က အဘဉာဏ် ဤကိုင်းတောစပ်သို့ အမှတ်မထင် လှေတစ်စင်းဖြင့် ရောက်လာခဲ့သည်။ ကိုင်းတောအတွင်းမှ ရေကြက်မ၏ အော်သံကို တစ်ချက်တစ်ချက် ကြားနေရသည်။
အဘဉာဏ်၏ လှော်တက်အသံကြောင့် ကိုင်းပင်ပေါ်တွင် နားနေသော ဦးခေါင်းမည်းမည်းနှင့် ပျံလွှားငှက်အချို့မှာ အလန့်တကြား ထပျံသွားကြ၏။ ရဲရင့်သော ပျံလွှားငှက်ကလေးအချို့မှာမူ သူတို့၏ မည်းနက်သော လည်ပင်း၊ ဖြူရောင်သမ်းနေသော ရင်ဘတ်ကလေးများကို အဘဉာဏ်ဘက်သို့ လှည့်ကာ ဦးခေါင်းကို လှုပ်ယမ်း၍ ကိုင်းပင်ပေါ်တွင် နားမြဲ နားနေကြ သည်။ အဘဉာဏ်ကို သူတို့အား ရန်မူမည့် ရန်သူ ဟုတ် မဟုတ် အကဲခတ်နေကြဟန်တူသည်။
ထိုစဉ် ကိုင်းတောအကြားမှ ဝုန်းခနဲမြည်ကာ ရေဂယက်များ ထသွားသည်။ ကိုင်းပင်များ ယိမ်းယိုင်သွားသည်။
ရေကြက်မ အသံသည် တိတ်သွား၏။ ရဲရင့်သော ပျံလွှားငှက်က လေးများမှာလည်း မရဲရင့်နိုင်တော့။ အလန့်တကြား ထပျံသွားကြ၏။
အဘဉာဏ် သိလိုက်ပါပြီ။
အစာလိုက်နေသော ငါးကြောင်းကြီးတစ်ကောင် ကိုင်းတောထဲသို့ ရောက်နေပါပြီကော။
ဟန်ကျလိုက်တာ။
ဆကာကြီးမြို့ပေါ်တွင် မကြာမီ တောင်ကျောင်းဘုရားပွဲတော် ကျင်းပတော့မည်။ ဘုရားပွဲတွင် မြေးကလေးများဖြစ်သော ကြွက်နီနှင့် ပူတူးမတို့ဝတ်ဆင်ရန်အတွက် အဝတ်သစ်ကလေး တစ်စုံလောက်စီတော့ အဘဉာဏ်ဝယ်ပေးချင်သည်။ ပြီးတော့ အဘဉာဏ်အတွက်လည်း ချည်ကြမ်းလုံချည်ကလေး တစ်ထည်လောက်တော့ ဝယ်ချင်သည်။ သည် အဝတ်အစားဖိုးကို ထိုငါးကြောင်းကြီးက ပါရမီဖြည့်ပေးနိုင်လိမ့်မည်။
မည်သည့်အချိန်ရာသီတွင် မည်သည့်နေရာ၌ မည်သည့်ငါးကို မည်သို့သော ငါးဖမ်းကိရိယာဖြင့် ဖမ်းဆီးရမည်ကို အဘဉာဏ်တို့အား သင်ကြားပေးရန်မလို။ သည်နေရာ၌ ဖမ်းဆီးရန် အကောင်းဆုံးသော ကိရိယာမှာ ကတုံးမှလွဲ၍ အခြားမရှိ။
အဘဉာဏ်တွင် ကတုံးငါးခု လုပ်ပြီးသားရှိသည်။ အခန့်သင့်လိုက်လေ။
နောက်တစ်နေ့ ကြွက်နီကိုခေါ်၍ ဤနေရာတွင် ကတုံးလာထောင်ခဲ့သည်။ ကိုင်းတောများကို ရှင်းလင်း၍ ငါးလမ်းလုပ်ပေးရသည်။ ငုတ်စိုက်ရသည်။ ကိုင်းပင်နှင့် ချည်ရသည်။ ကတုံးကို ရေမျက်နှာပြင်နှင့် တန်းတူလောက်ရှိအောင် ချိန်ဆ၍ ထောင်ရသည်။ အဘဉာဏ်တို့ မြေးအဘိုးနှစ်ယောက်မှာ နားရသည်မရှိ။ တစ်နေကုန်ခဲ့သည်။
နေလုံးနီနီကြီးသည် တောတန်းပေါ်တွင် ခါးစောင်းတင်ပြီး ဧရာဝတီမြစ်ပြင်ကြီးကို နှုတ်ဆက်နေစဉ် အဘဉာဏ်တို့မြေးအဘိုး မောမောပန်းပန်း ဖြင့် လာလမ်းအတိုင်း နေအိမ်ရှိရာ ဇလွန်ဘက်တန်းရွာသို့ ပြန်ခဲ့ကြသည်။
ထိုသည်မှာ အဘဉာဏ်၏ အမှား။
တကယ်တော့ ကတုံးဖြင့် ငါးကြီးများကို ထောင်လျှင် ညဘက်တွင် ပိုထိသည်။ ငါးကြီးများ ပိုမိနိုင်သည်။ ညဘက်တွင် ငါးကြီးများပိုမို၍ အစာလိုက်လေ့ရှိကြသည်။
အဘဉာဏ် တွေ့လိုက်သည်က ငါးကြောင်းမျှသာ။ ဤကိုင်းတောထဲတွင်း ငါးကြောင်းအပြင် ဓားသွားကဲ့သို့ ထက်မြက်သော ဆူးတောင်ပိုင်ရှင် ကသပေါင်း ငါးကြီးများ၊ ရေညှိရေမှော်များကိုသာ ဝင်ရောက်စားတတ်သည့် အင်အားကောင်းလှသော ငါးကြင်း ငါးသိုင်းကြီးများလည်း ရှိတတ်သေးသည်ကို အဘဉာဏ် သတိမမူမိ။
ညဘက်တွင် လာရောက်မစောင့်မိသဖြင့် ကသပေါင်းငါးကြီးတစ်ကောင် လွတ်သွားရသည်။ အဘဉာဏ်၏ ကတုံးတစ်ခု ဟက်တက်ကွဲကာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
တော်ပြီ။ ယနေ့ညတော့ အအိပ်ပျက်ချင် ပျက်ပါစေ။ တစ်ညလုံး စောင့်မည်။ ငါးကြောင်းကြီးကို မိမှ ဖြစ်မည်။ ဘုရားပွဲက နီးပြီ။ ရန်ကုန်အငြိမ့်လည်း ပါသမို့ မြေးကလေးများ အဝတ်သစ်ကလေးများဝတ်ကာ အငြိမ့်ပွဲ ကြည့်ချင်ရှာကြပေလိမ့်မည်။
အဲ အဘဉာဏ်လည်း ချည်ကြမ်းလုံချည်အသစ်ကလေး တစ်ထည်လောက်တော့ လိုချင်သည်။
(၃)
မောင်ပေါက်ကျိုင်းက မအိပ်မနေမို့ အသက်ရှည်သတဲ့။ အဘဉာဏ်အဖို့မှု မအိပ်မနေမှုကြောင့် ငါးကြောင်းကြီးတစ်ကောင် ရ လိုက်၏။
စောင့်ရကျိုး နပ်သွားပါပြီ။
ထိုနေ့ည သန်းခေါင်ကျော်မှ အဘဉာဏ် မျှော်လင့်တောင့်တနေသော ငါးကြောင်းကြီး ဆိုက်ဆိုက်မြိုက်မြိုက် ကတုံးအတွင်းသို့ ရောက်လာခဲ့သည်။
သူ့အစာ ငါးကလေးများသည် အဘဉာဏ်ဖောက်ပေးထားသော လမ်းကလေးအတိုင်း နောက်မှ ရန်သူငါးကြောင်းကြီးကြောင့် အပြေးအလွှား ကူးလာကြသည်။ ကတုံးအတွင်းသို့ ဖြတ်သန်းဝင်ရောက်ကြသည်။ သို့သော် ငါးကလေးများကို ဤကတုံးကြီးက အန္တရာယ်မပေး။
လက်လေးလုံးခန့် အကျယ်အဝန်းရှိသော ကတုံး၏ အပေါက်များအကြားမှ အလွယ်တကူ ထွက်သွားနိုင်ကြပါသည်။ ဝင်လမ်းထွက်လမ်းသည် ငါးကလေးများအဖို့ လွယ်ကူပါ၏။
သို့သော် နောက်မှလိုက်လာသော ငါးကြောင်းကြီးအဖို့မူ မလွယ် ကူ။ ဝင်လမ်းသာရှိပြီး ထွက်လမ်းမရှိ။
အစာကိုငမ်း၍ ကသောကမျောလိုက်လာသော ငါးကြောင်းကြီးများမှာ မစူးစမ်းမဆင်ခြင်ဘဲ ကတုံးအခင်ကြားသို့ တိုးဝင်လိုက်၏။ ပြန်မထွက်နိုင်တော့။ လက်လေးလုံးအကျယ်သည် ငါးကြီး၏ နှာဖျားအထိပင် တိုးမထွက်နိုင်။
သူ့အန္တရာယ်ကို သူသိလိုက်ပြီ။ ရှိသမျှ အင်အားဖြင့် တစ်အားကုန် ဆောင့်တိုးလိုက်၏။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်။
ဘယ်ရပါ့မလဲ။ အဘဉာဏ်က မှိန်းကိုကိုင်၍ အရန်သင့်စောင့်နေသည်ကိုမှ သူမသိလေ။ ပြီးတော့ သူ့မှာ ကသပေါင်းငါးလို ဓားသွားကဲ့သို့ ဆူးတောင်များ ကလည်း မရှိ။
နောက်ဆုံးတော့ အဘဉာဏ်သည် လေးပိဿကျော်ကျော်ရှိသော ငါးကြောင်းကြီးကို အောင်မြင်စွာဖြင့် လှေဝမ်းထဲသို့ အရောက်ပို့နိုင်ခဲ့ပါပြီ။ လှေအလယ် ကန့်ကျယ်တွင်ထည့်၍ ဝါးကပ်ဖြင့်ပင် ဖုံးဖိထားလိုက်နိုင်ပါပြီ။
မိုးလင်းသောအခါ ငါးကြောင်းကြီးအပြင် နှစ်ပိဿခန့် ငါးကြင်း ကြီးတစ်ကောင်ပင် မိလိုက်သေးသည်။ မြေးအဘိုးသုံးယောက် အဝတ်အစားဖိုး လုံလောက်သွားပါပြီ။
ငါးနှစ်ကောင်ထမ်း၍ လာလမ်းအတိုင်း ပြန်ရတော့မည်။ ဆောင်းဦးပေါက်၏ နံနက်ခြင်းမြောက်လေပြည်သည် အဘဉာဏ်၏ တစ်ကိုယ်လုံးကိုသာမက နှလုံးစိတ်ဝမ်းကိုပါ အေးမြသွားစေသည်ထင်၏။
အဘဉာဏ်မှာ တစ်ညလုံး တစ်မှေးမျှ မမှေးရသေးသော်လည်း အိပ်ချင်စိတ် မရှိ။ နံနက်ခင်းဈေးအမီ ငါးကြီးနှစ်ကောင်ကို အရောက်ပို့လိုသော စိတ်ဇောကသာ အဘဉာဏ်ကို ဖုံးလွှမ်းထားတော့သည်။
(၄)
“ဟာ အဘဉာဏ် … ငါးကြီးနှစ်ကောင်တောင် ရခဲ့တာကိုး။ အမယ်… ငါးကြောင်းကြီးက အတော်ကြီးတာပဲ။ တံငါငိုသားက ဆူလိုက်မယ့်ဖြစ်ခြင်း။ ကျွန်တော်ဝယ်မယ် အဘဉာဏ်”
ငါးနှစ်ကောင်ကိုဆွဲ၍ ကမ်းပါးစပ်မှ တက်လာသော အဘဉာဏ်ကို မြင်လိုက်လျှင်ပင် ကိုစိန်မောင်က ဝမ်းသာအားရ ပြောလိုက်သည်။ ဘေးမှ အတူပါလာသော ကိုချစ်ကင်းက-
“ဟေ့ စိန်မောင် … ငါးကြင်းကိုပါ တစ်ခါတည်းယူလိုက်ကွာ။ ဘုန်းကြီးဆွမ်းကပ်တော့ ငါးကြင်းသားဟင်း လိုတယ်လေကွာ”
“အော် … ဟုတ်သားပဲ။ အဘဉာဏ် ကျွန်တော် ငါးနှစ်ကောင်စလုံး ယူလိုက်မယ်။ ပေါက်ဈေးပေါ့ဗျာ”
ဟုတ်ပါသည်။ သူတို့တစ်တွေမှာ ဈေးမရှောင်ပါ။ ဤမျှငွေကို လည်း မမှုပါ။ ငါးဈေးတန်းက ငါးသည်တွေကို ဖောက်သည်ပေးသည်ထက် ပို၍ တွက်ချေကိုက်၏။
သူတို့ကား အခြားမဟုတ်။ ဆကာကြီးမြို့သားများပင် ဖြစ်သည်။ သို့သော် ဆကာကြီးမြို့တွင် နေထိုင်ကြသူများမဟုတ်။ ရန်ကုန်တွင် အလုပ်အကိုင်ကိုယ်စီဖြင့် ကြီးပွားနေကြသူများဖြစ်သည်။
ဇာတိမွေးရပ်မြေကိုတော့ မမေ့ကြပါ။
တစ်နှစ် တစ်ခေါက် သူတို့ ကိုးကွယ်ခဲ့သော ဘုန်းကြီးကျောင်းဘုရားပွဲတော်သို့ အရောက်လာကြစမြဲ။
သူတို့အုပ်စုကလည်း မနည်းလှ။ ကိုအောင်နု၊ ကိုစိန်မောင်၊ ကိုငယ်၊ ကိုထွန်းအောင်၊ ကိုနီ စသူတို့မှာ အမာခံများဖြစ်ကြ၏။ တစ်နှစ် တစ်ခါ သားမယားကိုယ်စီခေါ်ကာ တပျော်တပါး ရန်ကုန်မှ လာတတ်ကြ သည်။ ဘုရားပွဲတော်တွင် ရက်ရက်ရောရော လှူကြသည်။ ဘုရားပွဲတွင် ကပြရန်အတွက် ရန်ကုန်အငြိမ့်ကို ငွေအကုန်အကျခံကာ တစ်ပါတည်း ငှားခဲ့ကြသည်။
ဆကာကြီးတွင် လတ်ဆတ်သော သားငါးများကို စား၍ အပန်း ဖြေကြသည်။
ဟုတ်သည်။ ကိုစိန်မောင်က ငါးကြောင်း၏ ‘တံငါငို’ သား အရ သာကို မမေ့သေး။
‘တံငါငို’ သား ဆိုသည်မှာ ငါးကြောင်းကြီး၏ ကျောပေါ်မှ အဖျားတွင် အနက်စက်ဝိုင်းတစ်ခုပါသော အဆီပြင်ရေယက်တောင်ကြီးဖြစ်သည်။ အရိုးမပါ။ အရေခွံဖုံးထားသည့် အဆီပြင်သက်သက်ဖြစ်ပြီး ဟင်းချက်ထားသောအခါ မသိလျှင် ဝက်သားဟင်းဟု ထင်ရ၏။
ထိုအဆီပြင်မှာ အလွန်စားကောင်း၍ တံငါများပင် အရသာရှိလွန်းသော ထိုအသားကို စားရလျှင် ဝမ်းသာလှသဖြင့် မျက်ရည်များပင် ကျကြသည်။ တစ်နည်းအား ဖြင့် ကြည်နူးမှုဖြင့် ငိုရသောကြောင့် ‘တံငါငို’ သား ဟု ခေါ်ကြောင်း အဆိုရှိသည်။
“ဟေ့ စိန်မောင်နဲ့ ချစ်ကင်း၊ မင်းတို့ဝယ်ရင် ငါ့အဖို့ဖောက်သည် ပေးရတာထက် ပိုရတာပဲကွာ။ ဘယ်ငြင်းပါ့မလဲ”
အဘဉာဏ် ကံထနေပြီထင်သည်။ မျှော်မှန်းသည်ထက် ငွေစကလေးများ ပိုရလိုက်၏။ ငွေစကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အထည်ဈေးတန်းသို့ အရောက်သွားရန်သာ လိုတော့သည်။
နေခြည်ဖြဖြသည် အဘဉာဏ်၏ ပိတိဖုံးနေသော မျက်နှာပေါ်သို့ ထိုးကျနေသည်။
သို့သော်-
ကြည်နူးဝမ်းသာသော အဘဉာဏ်၏ စိတ်သည် တစ်မုဟုတ်ချင်း ရပ်သွား၏။
သူ့ရှေ့မှ မြင်ရသော မြင်ကွင်းကြောင့် ဖြစ်သည်။
လက်တစ်ဖက်မှ တောင်ဝှေးကိုကိုင်ပြီး ဒယိမ်းဒယိုင်ဖြင့် လမ်း လျှောက်လာသော အဘိုးအိုတစ်ယောက်။
အို … ကိုကြီး ဖိုးပိန်ပါလား။
တစ်ခါက ကိုကြီးဖိုးပိန်သည်လည်း တံငါသည်တစ်ယောက်သာ။ အဘဉာဏ်ထက် အသက်ငါးနှစ်ခန့်ကြီး၍ အဘဉာဏ်က ကိုကြီးဖိုးပိန်ဟုသာ ခေါ်ခဲ့သည်။
ဝါရင့်တံငါသည်တစ်ယောက်မို့ အဘဉာဏ်တို့အား တံငါအတတ်ပညာများကို သင်ကြားပေးခဲ့ဖူးသော ဆရာသမားဟောင်းလည်း ဖြစ်သည်။
သို့သော် ကိုကြီးဖိုးပိန်တစ်ယောက် အိုဇာတာမကောင်း။
ဇနီးကွယ်လွန်ခဲ့သည်မှာ ကြာပြီ။ သားသမီးတစ်ယောက်မျှ မထွန်းကားခဲ့။ တစ်သက်လုံး တံငါအလုပ်ကိုလုပ်ရင်း ရေတစ်ပိုင်း ကုန်းတစ်ပိုင်း အပူအအေးမျှတစွာ မနေရမှုဒဏ်၊ အလုပ်၏ ပင်ပန်းဆင်းရဲ မှုဒဏ်ဖြင့် ခြေတစ်ဖက် လေငန်းဖမ်းသွားခဲ့၏။ ခြေထောက်ကို တရွတ်ဆွဲ ကာ တောင်ဝှေးအကူဖြင့် လမ်းလျှောက်နေရသည်။
ပိုဆိုးသည်က ပူပြင်းသော သောင်ပြင်မှ တောက်ပသော တံလျှပ်များကို နှစ်ရှည်လများ ကြည့်ခဲ့ရသော ဒဏ်သည် သူ၏မျက်လုံးအစုံကို မှုန်ဝါးသွားစေခဲ့သည်။ မျက်မမြင်ဘဝသို့ လုံးလုံးမကျရောက်သေးစေကာမူ လူလုံးကွဲအောင် မမြင်ရတော့။
တံငါအိုကြီးသည် ညှိုးငယ်စွာဖြင့် ဇလွန်ဘက်တန်းရွာစွန်ရှိ တဲငယ်လေးတွင် တစ်ကိုယ်တည်း ဖြစ်သလို နေထိုင်နေရရှာသည်။
ကူညီမည့်သူဆို၍ သူနှင့်ဘဝတူ ဆင်းရဲသားတံငါသည်များသာ။
များများစားစားတော့ မကူညီနိုင်ကြပေ။ တစ်နှစ်တစ်ခါ အိမ်မိုးပေးသည်။ အိမ်ပြင်ပေးသည်။ နေ့စဉ် စားရသမျှ ထမင်းဟင်းကလေးများ ဝေငှပေးကြသည်။ ငွေစတော့ မတတ်နိုင်ကြ။
သည်မျှသာ အဘဉာဏ်တို့ ကူညီနိုင်ကြသည်။
အဘဉာဏ်၏ အဝတ်အစားဝယ်မည်ဟူသော စိတ်ကူးသည် ပြောင်းလဲသွားချေပြီ။
“ကိုကြီးဖိုးပိန် … ကျွန်တော် မောင်ဉာဏ်လေ”
“အော မောင်ဉာဏ်လား၊ အသံကြားတော့ ငါ မှတ်မိပါတယ်ကွာ”
ကိုကြီးဖိုးပိန်သည် သူ၏ အကြောပြိုင်းပြိုင်းထ၍ ရှုံ့တွန့်ပိန်လှီ သော လက်ကလေးကို နဖူးပေါ်သို့တင်၍ နေရောင်ကိုကာကာ အဘဉာဏ်အား သေသေချာချာကြည့်ရင်း တုန်တုန်ချည့်ချည့်ဖြင့် ပြောလိုက်၏။
“ဟုတ်ပါတယ် ကိုကြီးဖိုးပိန်။ ကျွန်တော့်မှာလည်း ငွေစကလေးရှိတုန်း ကိုကြီးဖိုးပိန်လိုတာသုံးဖို့ … ရော့ … ရော့”
ပြောပြောဆိုဆို တစ်ဆယ်တန် ငွေစက္ကူတစ်ချပ်ကို ကိုကြီးဖိုးပိန်၏ လက်ထဲသို့ အသာထည့်လိုက်၏။ ကိုကြီးဖိုးပိန်သည် ငွေစက္ကူကို မျက်လုံးနားအထိ ကပ်ကြည့်ပြီး တအံ့တသြ လေသံဖြင့်-
“ဟာ မောင်ဉာဏ်၊ ငွေတစ်ဆယ်ကြီးများတောင်ပါလားကွာ။ ငါ့မှာ သုံးစရာမရှိပါဘူး။ မင်းမြေးကလေးတွေကို လိုတာဝယ်ပေးပါကွာ။ ငါက သေခါနီးပါပြီ၊ ဘာမှ မလိုပါဘူး”
“အို … မဟုတ်တာ ကိုကြီးဖိုးပိန်ရာ၊ ဆေးကလေး ဘာကလေးဖြစ်ဖြစ် ဖော်စားပါ။ ကျွန်တော် ပေးနိုင်တုန်းမို့ ပေးတာပါ”
“မယူရက်ပါဘူး မောင်ဉာဏ်ရာ။ မင်းလည်း တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဆင်းရဲသားပါ၊ ငါသိပါတယ်။ မင်းငွေကို မင်း ပြန်ယူသွားပါ”
“ဘယ်လိုမှ ပြန်မယူနိုင်ဘူး ကိုကြီးဖိုးပိန်။ ကျွန်တော်ပေးကတည်းက သဒ္ဓါလို့ ပေးနိုင်တုန်းမို့ ပေးတာကို”
အဘဉာဏ်စကားကို မဆက်နိုင်။ ဝမ်းသာနေသည်လား၊ ဝမ်းနည်းနေသည်လား အဘဉာဏ်မသိ။ သို့သော် ကြည်နူးနေမိသည်က အမှန်။
အဘဉာဏ်သည် တစ်ခါတည်း ပြောပြောဆိုဆို ကိုကြီးဖိုးပိန်ကို
နှုတ်ဆက်၍ အမြန်ဆုံး ခွာခဲ့သည်။
“သာဓု … သာဓု … သာဓု”
ကိုကြီးဖိုးပိန်၏ တုန်တုန်ချည့်ချည့် ငိုသံပါကြီးဖြင့် ဆုတောင်းသံကိုပင် အဘဉာဏ် မကြားတစ်ချက် ကြားတစ်ချက်။
(၅)
ကြွက်နီနှင့် ပူတူးမတို့ ဘုရားပွဲတွင် ဝတ်ဆင်ရန် အဝတ်အစား ဖိုးတော့ လုံလောက်ပါသေးသည်။ သို့သော် အဘဉာဏ်အတွက် ချည်ကြမ်းလုံချည်ကလေးတစ်ထည်စာတော့ ဝယ်လောက်တော့မည်မထင်။
ထို့အတွက် အဘဉာဏ် ဝမ်းမနည်းမိ။
ဝေဿန္တရာမင်းကြီးသည် ပစ္စယဆင်ဖြူတော်ကို လှူမိသောကြောင့် တိုင်းသူပြည်သားများ မခံမရပ်နိုင်ဖြစ်ကာ တိုင်းပြည်မှ နှင်ထုတ်သဖြင့် ထွက်ခွာခဲ့ရသလို သူ့အား မြေးများက ဤသို့ ငွေတစ်ဆယ်တန်ကြီးကို ရက်ရက်ရောရော လှူမိသဖြင့် အပြစ်ပြောလျှင်လည်း ခံတော့မည်။
သည်သို့လည်း အဘဉာဏ် နှိုင်းသင့် မနှိုင်းသင့် မစဉ်းစားနိုင်ဘဲ သူ့ကိုယ်သူ ဘုရားအလောင်း ဝေဿန္တရာမင်ကြီးနှင့်ပင် နှိုင်းမိချေသေးသည်။
အဘဉာဏ် ငယ်စဉ်က ဆရာဘုန်းတော်ကြီး ဟောပြောမိန့်ကြားခဲ့ဖူးသော မိစ္ဆာဒါနကြီး ငါးပါးကိုလည်း တွေးမိလိုက်သည်။
မ ဇ္ဇဒါန – သေရည်သေရက်ပေးလှူခြင်း၊
သမဇ္ဇဒါန – ပွဲလမ်းသဘင်အ လှူခြင်း၊
ဣတ္ထိဒါန – ကာမဂုဏ်ခံစားရန် မိန်းမလှူခြင်း၊
ဥသဘဒါန – နွားမတို့အား နွားလားဥသဘလှူခြင်း၊
စိတ္တကမ္မဒါန – ကိလေသာပွားရန် ဆေးရေးအရုပ်လှူခြင်း စသော အကျိုးမရသည့် မိစ္ဆာဒါနကြီး ငါးပါးတို့ကို ပါဌ်ပါဠိများဖြင့် နှစ်ကြာမြင့်ပြီဖြစ်၍ ရွတ်မပြနိုင်တော့။ အစီအစဉ်တကျလည်း မသိတော့။ စုံစုံလင်လင်လည်း မမှတ်မိတော့။
အရက်လှူခြင်း၊ ပွဲလမ်းသဘင်လှူခြင်းသည် ကုသိုလ်မရ၊ ဒါနမမည်၊ အကျိုးမရှိဆိုသော စကားလောက်ကိုမူ မှတ်မိနေသေးသည်။
ဟင် … သည်လိုဖြင့် မြို့ကြီးပေါ်ကလူတွေ ဘုရားပွဲမှာ ငွေကုန်ကြေးကျခံပြီး ဇာတ်တို့၊ အငြိမ့်တို့ သွင်းကြတာ ကုသိုလ်မှ ရကြပါရဲ့လား။
တကယ်တော့ ဘုရားပွဲလား၊ သူတို့ပျော်ဖို့ သူတို့ပွဲလား။
ဒါတော့ အဘဉာဏ်၏ အတွေးကမမီ။
ဘာပဲဖြစ်ဖြစ် သူတို့တစ်တွေ၏ ငွေထောင်ပေါင်းများစွာ အကုန်အကျခံ၍ လှူသော အလှူကို အဘဉာဏ်၏ ငွေတစ်ဆယ်တန် အလှူနှင့်တော့ ပြိုင်လိုက်ချင်စမ်းပါဘိ။ ။
ရှုမဝရုပ်စုံမဂ္ဂဇင်း
အတွဲ ၃၄၊ အမှတ် ၄ဝ၈
မေ၊ ၁၉၈၁
– ပြီး –
စာရေးသူ – မောင်သိက္ခာ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0
Uncategorized