July 31, 2025
Uncategorized

ပြောင်ညီနောင်

ပြောင်ညီနောင်

ဇူလိုင်လမို့ မိုးက အားရပါးရ ရွာချနေသည်။ တစ်ညလုံး တဝေါဝေါရွာချနေသော မိုးက မနက်လင်းတော့ တဖွဲဖွဲ ကျတုန်းပင်။ မိုးက တစိမ့်စိမ့်မို့ မုဆိုးအဖွဲ့သားများမှာ အိပ်ရာထဲမှ မထ,ကြသေးဘဲ တွေး၍ ကွေး၍ ကောင်းကြတုန်းပင်။

အချက်အပြုတ် တာဝန်ကြသော ကံတော်နှင့် အောင်ညွန့်သာ ထမင်းအိုးတယ်ရင်း အမဲခြောက်ဖုတ်ရင်း မီးဖိုဘေးတွင် နှစ်ယောက်သား ဆေးလိပ်ကိုယ်စီနှင့် ရှိနေကြသည်။

ကျွန်တော်တို့ မုဆိုးအဖွဲ့တွင် မန္တလေးမှ ကျွန်တော်နှင့် ညီ မောင်မောင်မြင့်၊ တကောင်းမြို့ဟောင်းမှ ရဲမုဆိုး ကျော်သောင်းနှင့် အောင်ညွန့် အပြင် အရပ်မုဆိုး ခွာကြီးတင်မောင်၊ ကျောက်အိုက်ကျေးရွာမှ ကြည်သောင်း၊ ကံတော်၊ မောင်စိုးနှင့် ကျော်ဇံတို့ ဖြစ်ကြပြီး ယခု စခန်းချနေသော စခန်းမှာ တကောင်းနှင့် ၅ မိုင်မျှဝေးသော တဲခြောက်လုံးစခန်းတွင် ဖြစ်သည်။

ကျွန်တော်တို့ အဖွဲ့တွင် လက်နက်၊ ခဲယမ်းအဖြစ် ပွိုင့် ၄၇၀ နှစ်လုံးပြူးရိုင်ဖယ်ကြီးတစ်လက်၊ ပွိုင့် ၄၂၃ မော်ဇာမဂ္ဂဇင် ရိုင်ဖယ်ကြီးတစ်လက်၊ ပွိုင့် ၃ဝ၃ ရဲသုံးရိုင်ဖယ်နှစ်လက်အပြင် ၁၂ ဘိုး နှစ်ပြူးတစ်လက်လည်း ပါရှိကြပြီး လှည်း (၃) စီးနှင့် ရိက္ခာအပြည့်အစုံ ပါကြသည်။

အောက်ပိုင်းစခန်းများမှ စိုင်နှစ်ကောင် ရခဲ့ကြပြီး မနေ့ကမှ ယခု စခန်းချသော တဲခြောက်လုံးစခန်းသို့ ရောက်ခဲ့ကြခြင်း ဖြစ်သည်။

“ဝု … ဝူ … ဝူ … ဝူး”

“ဟော ကံတော်ရေ … ကြားလိုက်ရဲ့လား”

“ကြားပါတယ် အောင်ညွန့်ရ၊ ဆင်အော်သံတွေ မို့လား”

“ငါတော့ ပြောင်သြသံလို့ ထင်တာပဲ။ အဖွဲ့သားတွေကလည်း မထသေးဘူး”

“ဟေး … ကာလနဂါးမင်းတွေ၊ မထကြတော့ဘူးလား။ လုပ်စားကြမှာလား၊ အိပ်စားကြမှာလား။ ဘယ်အချိန်ရှိပြီတုန်း။ ထမင်းဟင်းတွေတောင် ကျက်ကုန်ပြီ၊ ထကြတော့ဟ”

ကံတော်၏ တပ်လှန်သံကြောင့် အဖွဲ့သားအားလုံးမှာ မနေသာ။ ဇိမ်ခံမှိန်းနေကြရာမှ ကပျာကယာ ထကြရတော့သည်။

နာရီကို ကြည့်လိုက်တော့ နံနက် ၈ နာရီပင် ထိုးနေပေပြီ။ မျက်နှာသစ်ပြီး မီးဖိုနားရောက်ကြသည်နှင့် အောင်ညွန့် က

“အခုန ဆင်အော်သံလား၊ ပြောင်ဩ သံလား မသိဘူး ကြားလိုက်ရတယ်” (ပြောင်အော်သံကို ‘သြ’ သည်ဟု ဆိုကြသည်။ ပြောင်သြသံနှင့် ဆင်အော်သံမှာ ခပ်ဆင်ဆင်ပင် ဖြစ်သည်။)

“ဘယ်ဆီက ကြားလိုက်ရတာလဲ အောင်ညွန့်ရ”

တကောင်းမုဆိုး ခွာကြီးတင်မောင်က ဆေးလိပ်မီးညှိရင်း မေးလိုက်ခြင်း ဖြစ်သည်။

“ကရင်အိုင်ကြီး စခန်းဘက်ဆီကလို့ မှတ်လိုက်တာပဲ ခွာကြီးရ။ အတိအကျတော့ မှန်းလို့ မရလိုက်ဘူးဗျ”

ခွာကြီးတင်မောင်၏ အမေးကို ကံတော်က ဝင်အဖြေပေးလိုက်သည်။

“ကျုပ်လည်း ကြားလိုက်မိတယ်။ ကျုပ်အထင်တော့ အနောက်တောင်ယွန်းယွန်းဆီကလို့ ထင်လိုက်တာပဲ”

ပွိုင့် ၄၂၃ မော်ဇာရိုင်ဖယ်ကြီး၏ အိုး (Bolt) မောင်းတုံးကို ဖြုတ်၍ ပြောင်းတွင်းကို ချောင်းကြည့် စစ်ဆေးရင်း ကျွန်တော့်ညီ မောင်မောင်မြင့်က ဝင်ပြောလိုက်သည်။

“ဘယ်ကဖြစ်ဖြစ် ဒီမိုးနဲ့ကတော့ ခြေရာ မပျောက်နိုင်ပါဘူး”

တကောင်း ရဲတပ်ကြပ်ကျော်သောင်းက ရေနွေးကြမ်းခရား မီးဖိုပေါ် တယ်ရင်း ပြောလိုက်ပြန်သည်။

“ကဲ … ကဲ ဒီနေ့ တောလည်မယ့် အစီအစဉ် ဆွဲရအောင်။ ပြီးရင် ထမင်းစားပြီး ထွက်ကြတာပေါ့”

ကျွန်တော်က အစီအစဉ်ဆွဲဖို့ ပြောလိုက်ရင်း တစ်ဆက်တည်း မောင်စိုးနှင့် ကျော်ဇံကိုလည်း ထမင်းပွဲပြင်ထားဖို့ ပြောလိုက်သည်။

“ဒီနေ့ နှစ်ဖွဲ့ လည်ကြမယ်။ တစ်ဖွဲ့က တဲ ၆ လုံးတောင်တန်းနဲ့ ကရင်အိုင်ကြီးဘက်သွားပြီး ကျန်တစ်ဖွဲ့က သန်းအောင်ဘိုတဲနဲ့ လွင်ကြီး လွင်လေးဘက် လှည့်ကြရင် ဒီကောင်တွေ မလွတ်နိုင်ဘူး”

ကိုကြည်သောင်းက ရေနွေးကရား လက်ဖက်ခြောက်ခတ်ရင်း အကြံပြုပြောလိုက်သည်။

“သွားမယ့်နေရာတွေကတော့ ဟုတ်ပါပြီ။ အဖွဲ့က ဘယ်သူနဲ့ ဘယ်သူနဲ့ ဘယ်သူတွေတွဲပြီး ဘာသေနတ်တွေနဲ့ သွားကြမလဲ”

ရဲအောင်ညွန့်က လူနှင့် သေနတ် ဘယ်လိုတွဲလည်မလဲဟု မေးလိုက်ပြန်သည်။

“ငါ စိတ်ကူးထားတာကတော့ ဒီနေ့ ငါရယ်၊ ဆရာမင်းရယ်၊ ခွာကြီးရယ်က ၁ တစ်တွဲ တွဲပြီး ကရင်အိုင်ကြီးဘက် သွားလိုက်မယ်။ သေနတ်ကတော့ ငါ့ရဲ့ ပွိုင့် ၃ဝ၃ ရိုင်ဖယ်ရယ်၊ ခွာကြီးအတွက် ၁၂ ဘိုးနှစ်လုံးပြူးရယ်၊ ဆရာမင်းကတော့ ပွိုင့် ၄၇ဝ နှစ်လုံးပြူးရိုင်ဖယ်ပြီး ယူခဲ့ပေါ့။

ကျန်တစ်ဖွဲ့ကတော့ ကိုမြင့်ရယ်၊ ကိုကြည်သောင်းရယ်၊ ကံတော်ရယ် တွဲပြီး အောင်ညွန်ရဲ့ ပွိုင့် ၃ဝ၃ ရယ်၊ ကိုမြင့်ရဲ့ ပွိုင့် ၄၂၃ ရယ် ယူပြီး အရှေ့ဘက် ယွန်းလိုက်ကြပေတော့။ ကျန်တဲ့ အောင်ညွန့် ရယ်၊ မောင်စိုးရယ်၊ ကျော်ဇံရယ်က အသာလှမ်းရင်း ကျွဲကျောင်းရင်းစခန်း စောင့်နေခဲ့ကြပေတော့”

ကျော်သောင်းက သူ့စိတ်ကူးစီမံထားသည့်အတိုင်း တင်ပြလိုက်ရာ အားလုံး သဘောတူလိုက်ကြလေသည်။ စီစဉ်မှုပြီးသည်နှင့် ထမင်းဝိုင်းသို့ ဝင်လိုက် ကြသည်။ ထမင်းစားပြီးကြသည်နှင့် ပြင်ဆင်၍ အသီးသီး စခန်းမှ ထွက်ခဲ့ကြတော့သည်။

မိုးက မသည်းသော်လည်း မစဲသေး၊ တဖွဲဖွဲလေးတော့ ကျတုန်းပင်။ မိုးထဲ၊ လေထဲ၊ မုဆိုးဇွဲဖြင့် ထွက်ခဲ့ကြသည်။

ကျွန်တော်တို့အဖွဲ့သာ မဟုတ်၊ အရှေ့ပိုင်း သွားကြမည့် မောင်မောင်မြင့်တို့အဖွဲ့မှာလည်း “မုဆိုးခြေထောက်၊ ဗွက်မကြောက်” ဟူသော စကားအတိုင်း မိုးရေ၊ ရွံ့ဗွက်ကို ဂရုမထား၊ သားကောင် အမဲ ပစ်ခတ်ရရှိရေးထား အလေးထား၍ ထွက်သွားကြတော့သည်။

ကျွန်တော်တို့အဖွဲ့တွင် ကျော်သောင်းက ရှေ့ဆုံးမှသွား၍ လက်ထဲတွင် ပွိုင့် ၃၀၃ ရိုင်ဖယ်ကို အရံသင့် အနေအထားနှင့် ကိုင်ထားသလို ကျွန်တော်ကလည်း လေးပိဿာမျှ လေးသော ပွိုင့် ၄၇ဝ နှစ်လုံးပြူးရိုင်ဖယ်ကြီးကို ပြောင်း အောက်စိုက်လွယ်လျက်၊ ရွှံ့ထဲ၊ ဗွက်ထဲတွင် မလဲအောင် ဂရုစိုက် သွားနေရပါသည်။

ခွာကြီးတစ်ယောက်သာ ပုဆိုးတစ်ထည်၊ ခေါင်းပေါင်းတစ်ထည်ကို ခြုံလျက် နှစ်လုံးပြူးကို ဇော်ထမ်း ထမ်းလျက် ပါးစပ်မှ ဆေးပေါ့လိပ်ခဲကာ အေးအေးဆေးဆေး ခပ်ဖြည်းဖြည်းပင် လျှောက်လှမ်းလာနေသည်။

တဲ ၆ လုံးချောင်းကို ဖြတ်လျက် မြိုင်တန်းကို ကျော်လိုက်သောအခါ တောင်ခြေ ဝါးတောအစပ်သို့ ရောက်ခဲ့ကြသည်။ ငါးတောထဲတွင် မျှစ်များက တစ် ထွာ တစ်တောင် အရွယ်များ ဖြစ်နေပြီမို့ သားကောင်များ အကြိုက်ပင်။

ဝါးတော အစပ်မှာပင် ဆတ်ခြေရာနှင့် ဝက်ခြေရာ များကို တွေ့ကြရသည်။

မကြာပါ … ကျွန် တော်တို့ရှေ့ မလှမ်းမကမ်း နေရာမှ “အီး အီး … ရှူး ရှူး … ဝရူး ဝူး” ဟူသော အသံများနှင့်အတူ တောဝက်အုပ်ကြီးမှာ တောင်ပေါ်သို့ တက်ပြေးကြပါတော့သည်။

ကျော်သောင်းက လက်ထဲမှ သေနတ်နှင့် ဝက်တောင်းကြီးတစ်ကောင်ကို ထိုးချိန်လိုက်ပြီး …

“ဟင်း … အရာမရောက်တဲ့ အကောင်မို့သာ … စိုင်၊ ပြောင် သာ ဖြစ်လိုက်စမ်းပါ။ ဟင်း …”

ကျော်သောင်းက သေနတ်ကို ပြန်ရုတ်ရင်း မချင့်မရဲနှင့် ကြိမ်းလိုက်သည်။ ကျွန်တော်နှင့် ကျော်သောင်းမှာ ဝက်အုပ်ကြီး ထွက်ပြေးရာသို့ ဦးတည်လှမ်းခဲ့ကြသည်။

ခွာကြီးတင်မောင်ကတော့ ကျွန်တော်တို့ လက်ယာဘက် ခပ်လှမ်းလှမ်းမှ ခြေရာခြေကြောင်းရှာရင်း သွားနေပါသည်။

ကျွန်တော်တို့ နှစ်ယောက်၊ ဝက်အုပ်ကြီး ထိုးခွဲ၊ ထိုးဖြဲစားသွားသော မျှစ်များနှင့် မြေစာများကို ကြည့်နေစဉ် ခွာကြီးဆီမှ တကစ်ကစ် အသံပြုခေါ်သံ ကြား ကြသဖြင့် မေးငေါ့ပြီး မေးလိုက်သည်။

ပါးစပ်မှ အသံနှင့် မဖြေဘဲ လက်ညှိုးနဲ့ မြေပြင်ကို ထိုးပြပြီး လက်ယပ်ခေါ်သဖြင့် သူရှိရာသို့ သွက်သွက် လျှောက်ခဲ့ကြသည်။

“ပြောင်အုပ်ခြေရာတွေ။ လတ်လတ်ဆတ်ဆတ် မနက်လောက်ကမှ သွားထားတဲ့ ခြေရာတွေ”

ခွာကြီးက သူ့တွေ့ထားသော ပြောင်အုပ်ခြေရာကိုပြရင်း ပြောလိုက်ပါသည်။

မှန်ပါသည်။ လောလောလတ်လတ် ပြောင်အုပ်ခြေရာ သေချာပါသည်။ ခြေရာမှာ အကြီးအသေး အကောင်နှစ်ဆယ်လောက်ဟု ခန့်မှန်းရသည်။

ခြေရာများကို အသေအချာ လေ့လာလိုက်ရာ ကျွဲခြေရာနီးနီးကြီးသော ပြောင်ခြေရာမှာ (၃) ကောင်ခန့်ပါသည်ကို တွေ့ကြရသည်။

“ကိုင်း … ဘယ်လိုလဲ၊ လိုက်ကြမယ်မို့လား”

ကျွန်တော်က နှစ်လုံးပြူးရိုင်ဖယ်ကြီးကို ခါးချိုးပြီး အမာဖူးတစ်ဘက်၊ အပျော့ဖူးတစ်ဘက် ထည့်ရင်း မေးလိုက်ခြင်း ဖြစ်သည်။

“ခြေရာ လောလောလတ်လတ် တွေ့မှတော့ လိုက်ကြရုံပေါ့ ဆရာမင်း”

ခွာကြီးကလည်း သူကိုင်ထားသော (၁၂) ဘိုးနှစ်လုံးပြူးမောင်းဖုံးတွင် (Ball) ကျည်မ နှစ်တောင့်ထည့်ရင်း ဖြေလိုက်သည်။

“ကိုင်း … ဒါဆိုလည်း ခြေရာအတိုင်း လိုက်ကြစို့”

ကျွန်တော်တို့တစ်တွေ ပြောင်အုပ်ခြေရာအတိုင်း လိုက်ခဲ့ကြသည်။ မိုးကလည်း ရွာထား၊ အုပ်ခြေရာလည်း ဖြစ်သဖြင့် အခက်အခဲ မရှိ၊ လိုက်ရတာ သက်သာလှသည်။

ပြောင်အုပ်မှာ ဝါးတောမှ ထွက်၍ တောင်ခြေအတိုင်း ရစ်ပြီး သွားထားကြသည်။ မိုင်ဝက်လောက် လိုက်မိသောအခါ တဲ ၆ လုံးတောင်ခြေ မြိုင်စောင်းမှ ကရင်အိုင်ကြီး အင်တိုင်းပြန့်တောဘက်သို့ ညွှန်သွားကြသည်။

အင်တိုင်းပြန့်တောတွင် တွေ့ပါက အမြင်အထင် ပစ်ကွင်းသာမည်ဖြစ်၍ ဝမ်းသာနေကြသည်။

သို့သော် ပြောင်အုပ်မှာ အင်တိုင်းတောတွင် မိုးဖွဲဖွဲနှင့် မြူးတူးခုန်ပေါက်ထားကြသည့် အရာများကို တွေ့ ကြရသည်။ မနက်ခင်း စခန်းမှ ကြားလိုက်ရသော ပြောင်သံမှာ ဒီမြူးတူးခုန်ပေါက်ရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကျွန်တော်တို့တစ်တွေလည်း မျက်စိလျင်လျင်၊ နားပါးပါးနှင့် ခြေရာအတိုင်း ရှေ့ဆက်လိုက်ခဲ့ကြပြန်သည်။

မိုးကလည်း တိတ်သွားပြီဖြစ်သဖြင့် ကျွန်တော်တို့တစ်တွေ ဝမ်းသာနေကြသည်။

ပြောင်အုပ်မှာ မြူးတူးဆော့ကစားရင်း အင်တိုင်းတောမှ တောင်ခြေဘက်သို့ ဦးတည်သွားကြပြန်သည်။ တောင်ခြေတွင်ကား မြိုင်တောနှင့် ဝါးသလဲဗြစ် တောက မိုက်နေသည်။ ပြောင်များအတွက် အိပ်စက်နားခိုရန် ကောင်းလှသောတော ဖြစ်သည်။

“ဒီကောင်တွေ ဒီဝါးသလဲပင်ပေါက် ဗြစ်ထဲ အိပ်ကြမှာ သေချာတယ်။ အသံဘလံ နားထောင်ရင်း သွားကြနော်”

ခွာကြီးက လေသံတိုးတိုးနှင့် ပြောဆို သတိပေးလိုက်သည်။ ကျွန်တော်တို့က စကားမပြန်၊ ခေါင်းများသာ ညိတ်ပြလိုက်ကြသည်။

ထင်ထားသည့်အတိုင်း ပြောင်အုပ်ခြေရာမှာ တောင်ခြေရောက်သောအခါ ရပ်နားထားကြပြီး ချေးနှင့် သေးများကို တွေ့ကြရသည်။ ချေးပုံများကို ခြေမနှင့် ထိုးစမ်းကြည့်သော်လည်း အနွေးဓာတ် မရှိတော့၊ အေးနေပေပြီ။

ရှေ့ဆက်၍ တစ်ဖာလုံလောက် ရောက်သောအခါ ပြောင်အုပ်က ဝါးသလဲတောဆီသို့ ဦးတည်ဝင်သွားကြသော်လည်း ပြောင်ကြီးနှစ်ကောင် ခြေရာက အုပ်နောက်မလိုက်ဘဲ မြိုင်စောင်းဘက် ခွဲထွက်သွားသည်ကို တွေ့ကြရသည်။

ကျွန်တော်တို့တစ်တွေလည်း ခေတ္တရပ်နား လေ့လာတိုင်ပင်လိုက်ကြသည်။

“ကိုင်း … အုပ်နောက်လိုက်မလား၊ ဒီ နှစ်ကောင်နောက် လိုက်ကြမလား”

“အုပ်နောက်လိုက်ရင် ဝါးသလဲတောဆိုတော့ မြင်ကွင်းမကောင်းဘူး။ အကြီးအသေး ရွေးရခက်တယ်။ တွေ့တဲ့ မြင်တဲ့အကောင် ပစ်ရမှာ အကာအကွယ်မရှိတော့ အန္တရာယ်လည်း များမယ်”

ကျော်သောင်း၏ အမေးကို ခွာကြီးက အခြေအနေ တင်ပြရင်း ဖြေလိုက်သည်။

“ဟုတ်တယ်၊ ဒီနှစ်ကောင်က ကြီးလည်း ကြီးတယ်၊ တောက မရှုပ်တော့ အမြင်အထင် ပစ်ရနိုင်တယ်။ ရရင်လည်း အဝစား။ ဒီတော့ ဒီနှစ်ကောင်ပဲ လိုက်ကြစို့”

ကျွန်တော်က ခွာကြီး၏ အကြံပြုချက်ကို ထောက်ခံပြီး နှစ်ကောင်နောက် လိုက်ဖို့ ပြောလိုက်တော့သည်။

“ဒီနှစ်ကောင်က အုပ်က ခွဲသွားပြီး အိပ်မယ်ဆိုတော့ ညီနောင်ဖြစ်ဖို့ များတယ်။ ညီနောင်ဆိုရင်တော့ အထူးဂရု ထားရလိမ့်မယ်။ သင်းကွဲထီးပိုးတို့ ညီ နောင်တို့ဟာ ကြီးလည်းကြီး ခံနိုင်ရည်လည်း ရှိ၊ ကြောက်စရာလည်း ကောင်းတယ်”

ကျော်သောင်းက မီးခြစ် ခြစ်ပြီး လေ အသွားအလာကို လေ့လာရင်း ပြောလိုက်ခြင်း ဖြစ်သည်။

တော်ပါသေးသည်။ လေက ပြောင်နှစ်ကောင် ဦးတည်ညွှန်သွားရာဘက်မှ ကျွန်တော်တို့ဘက်သို့ တိုက်ခတ်နေသဖြင့် ကျွန်တော်တို့အတွက် လိုက်ရန် အခွင့်အရေး တပန်းသာနေသည်။

ပြောင်နှစ်ကောင်ခြေရာက အင်တိုင်းမက မြိုင်မကြသော တောစပ်မှ သွားထားသဖြင့် ခြေရာက အထင်းသား တွေ့နေရသည်။

တဖြည်းဖြည်းနှင့် ခတ်ချိုပင်၊ ကြွေးပင်များ ထူထပ်စွာပေါက်ပြီး ဝါးရုံများ ကျိုးတို့ကျဲတဲ ပေါက်သောနေရာသို့ ရောက်ခဲ့ကြသည်။ ခြေရာများက နှစ်ကောင်ပေါင်းလိုက်၊ ခွဲလိုက်၊ ဝေ့လိုက်၊ ပတ်လိုက်နှင့် အိပ်ရန်နေရာရွေး၊ ခြေရာဖျောက်နေကြောင်း ကျွန်တော်တို့က ရိပ်မိကြသည်။

ဒါကြောင့် သုံးယောက်သား မျက်စိနှင့် နားကို အထူးအသားပေးလျက် ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုသည့်နှယ် အညင်သာဆုံး လှမ်းနေကြသည်။

တစ်လှမ်းချင်း၊ အညင်သာဆုံး လှမ်းနေသည့် ကြားက တစ်ချီတစ်ချီ ခတ်ချိုနွယ်၊ ကြွေးနွယ်ဆူးများက ခြေသလုံး၊ ခြေဖမိုးများကို ညိပြီး လွှနဲ့တိုက်လိုက်သလို ဖြစ်ဖြစ်သွားသည်။

အရေးအကြီးဆုံးအချိန် ဖြစ်နေသဖြင့် အသံမထွက်ရဲ၊ မညည်းရဲ၊ ခံစားရသမျှကို တကျွတ်ကျွတ် စုတ်သတ်ပြီး ကြိတ်မှိတ်သည်းခံ ရွေ့လျားကြရသည်။ မတတ်နိုင်ပါ၊ ဘယ်သူမပြု မိမိမှုပင် မဟုတ်ပါလား။

“ရှူး … ခရူး … ခူး”

ကျွန်တော်တို့အဖွဲ့ ရောက်နေသော နေရာ၏ လက်ဝဲဘက် ခပ်ကျကျမှ ကြားလိုက်ရသော အသံများပင် ဖြစ်သည်။ ခွာကြီးက အသံလာရာသို့ လက်ညှိုးညွှန် လျက် လေသံတိုးတိုးနှင့် “အိပ်နေတာ … အိပ်နေတာ” ဟု ပြောသည်။

မှန်ပါသည်။ အသက်ကြီးလာသော ပြောင်များ၏ လည်ချောင်းတွင် ကြပ်စွဲ၍ အိပ်သောအခါ တခူးခူး၊ တရှူးရှူး လည်ချောင်းသံ ကြားရတတ်သည်။

ကျွန်တော်နှင့် ကျော်သောင်းတို့မှာ လက်ထဲမှ သေနတ်များကို အရံသင့်အနေအထားနှင့် အသံကြားရာသို့ တစ်လှမ်းခြင်း တိုးသွားကြသည်။

ကုန်းကမူ မောက်မောက်၊ ဝါးရုံပင်အောက်ဆီမှ လာ သောအသံ ဖြစ်သဖြင့် နှစ်ယောက်သား ဘယ်ညာပန်း၍ တက်ခဲ့ကြသည်။

ကျော်သောင်းက ကမူ၏ လက်ဝဲဘက်မှ ချဉ်းကပ်ပြီး ကျွန်တော်က ကမူ၏ လက်ယာဘက်မှ ချဉ်းကပ်ခဲ့ကြသည်။

ရှေ့ (၁ဝ) ကိုက်လောက် တက်မိသောအခါ မြင်ကွင်းတွင် မည်းမည်းပြောင်ပြောင် သတ္တဝါကြီးတစ်ကောင် ဘေးတိုက်အနေအထားနှင့် အိပ်နေသည်ကို တွေ့ရသည်။ တွေ့တွေ့ခြင်း သေနတ်ကို ပခုံးထောက်၍ အမြန်ဆုံးချိန် လိုက်သည့်အခိုက်မှာပင် ကျော်သောင်းဆီက သေနတ်သံ ‘ဒိုင်း’ခနဲ ထွက်ပေါ် လာတော့သည်။

ကျော်သောင်းက သူနဲ့ ပက်ပင်းတွေ့သည့်အကောင်ကို ပစ်လိုက်ဟန်ရှိသည်။ ဝရုန်းသုံးကား လှုပ်ရှားသံများနှင့်အတူ “ထွီး” ဆိုသည့် ပြင်းထန်လှသော နှာမှုတ်သံက ကျွန်တော့်တစ်ကိုယ်လုံး တုန်လှုပ်သွားစေသလို သတိပေးနှိုးဆော်လိုက်သလို ဖြစ်သွားသည်။

ကျွန်တော်ပစ်မည့် အကောင်မှာလည်း သေနတ်သံကြောင့် အိပ်ရာမှ နိုးထကာ ကျွန်တော်ရှိရာသို့ ဦးတည်လျက် တိုက်ဖို့ အတင်းပြေးလာနေသည်ကို တွေ့ လိုက်ရသည်။

ဗြုန်းခနဲ အကာအကွယ် မရှိ၊ ထီးထီးကြီး ဖြစ်နေသော ကျွန်တော့်မှာ ထူပူပြီး ခေတ္တ တွေဝေသွားမိ သေးသည်။

သို့သော် အတွေ့အကြုံရှိပြီးသား မုဆိုးတစ်ယောက်အနေနဲ့ ထူပူတွေဝေမှုက မကြာရှည်ပါ။ ချက်ချင်း သတိယှဉ်လျက် လက်တွင်းမှ သေနတ်နှင့် မျက်နှာ
ချင်းဆိုင် တိုးဝင်လာသော ပြောင်ကြီး၏ ဦးခေါင်းထိပ်ပြင် ခပ်ဖွေးဖွေးကို အမိအရ ထိုးချိန်ပြီး အမြန်ဆုံး မောင်းခလုတ်ကို ဖြုတ်ချလိုက်ရပါတော့သည်။

“အုံး” ခနဲ ကျည်ပေါက်ကွဲသံနှင့်အတူ (၇၅) ဂရိမ်ကော်ဒိုက်ယမ်းအားက တွန်းလွှတ်လိုက်သော (၅ဝဝ) ဂရိမ် အလေးချိန်ရှိ ထိပ်ဖူးက မျက်နှာချင်းဆိုင် အင်အားအပြည့်နှင့် ပြေးဝင်လာသော ပြောင် ထီးကြီး၏ ဦးခေါင်းတည့်တည့် ကြာကွက် ဖြူဝါဝါကြီးကို ထိမှန်လိုက်ရာ ရှေ့ခြေနှစ်ချောင်း လေထဲသို့ မြောက်တက်လျက် နောက်သို့ တစ်ပြန်မျှ လန်ကျသေဆုံးသွားပါတော့သည်။

ကျန် ကျည်တောင့်နှင့် ပြောင်ကြီး လဲကျသွားရာသို့ ထပ်ချိန်ပြီး လှုပ်ရှားမှုရှိပါက ထပ်ပစ်ခတ်ရန် အရံသင့်ပြုရင်း ကျော်သောင်းတို့ အခြေအနေကို အကဲ ခတ်လိုက်ပါသည်။

အနီးအနားတွင် ကျော်သောင်းတို့ကို မတွေ့ရသဖြင့် မျက်စိတစ်ဆုံး ဝေ့ကြည့်လိုက်ရာ ခပ်လှမ်းလှမ်း တစ်နေရာတွင် အောက်ခြေပေးသို့ ငုံ့ကြည့်လျက် သွားနေသော ခွာကြီးတင်မောင်နှင့် ကျော်သောင်းကို တွေ့ရသဖြင့် ပစ်ပြီးကျည်ကို ပြောင်သေပေါ် တင်ထားခဲ့လျက် သူတို့ဆီ အမီလိုက်သွားရတော့သည်။

အခြေအနေကို မေးမြန်းကြည့်ရာ ကျော်သောင်းပစ်လိုက်သော ပြောင်ကြီးမှာ ပထမအချက်က လက်နောက် မှန်သွားပြီး ကျော်သောင်းဆီ ပြေးအလာ ခွာကြီးက ဘေးမှ နှစ်လုံးပြူးနှင့် ပစ်လိုက်သဖြင့် ရှေ့လက်တစ်ဖက် ကျိုးပြီး တစ်ပတ်လည် ထွက်ပြေးသွားသဖြင့် အခု သွေးစက်ခံလိုက်နေခြင်းဖြစ်ကြောင်း သိရတော့သည်။

သွေးများက တောက်လျှောက်ကျသွားသဖြင့် လိုက်ရသည်ကတော့ မခက်ခဲ။ ခြေရာမှာလည်း အကွင်းလိုက် အကွက်လိုက် ထင်သဖြင့် ခြေတစ်ချောင်း မထောက်နိုင်တော့ကြောင်း တွေ့ ရသည်။

“ဆရာမင်း အကောင်ရော အခြေအနေ ဘယ်လိုလဲ”

ကျော်သောင်းက သိလိုဇောနှင့် မေးလိုက်သည်။

“ငါ့အကောင်ကတေ့ အနီးကပ် ထိပ်တည့်တည့် မှန်လိုက်တော့ နေရာတင် လဲပြီး မလှုပ်နိုင်တော့ဘူး”

“ဒါနဲ့ မင်းအကောင် တော်တော်ကြီးသလား။ ငါ့အကောင်ကတော့ ပဂေးကြီးပဲကွ”

“ကျုပ်အကောင်လည်း မထူးဘူး။ ကြီးမှကြီးပဲ ဆရာမင်းရ”

“ညီနောင်ဆိုတော့ သိပ်ကွာမှာ မဟုတ်ဘူး”

ခွာကြီးတင်မောင်က ဝင်ပြောလိုက်သည်။

“ကဲ … ထားပါတော့၊ မင်းအကောင်နောက် လိုက်ရင် သတိထားမှ ဖြစ်မယ်နော်။ အထည်ကြီးတော့ မာန်မချဘဲ ခံချမှာ သေချာတယ်”

“ဟုတ်တယ် ဆရာမင်း။ ဒီကောင်ကြီးက တွယ်မှာတော့ သေချာပေါက်ပဲ။ ဒီတော့ ကျုပ်တို့တစ်တွေ ရှေ့နောက် မလိုက်ဘဲ ရင်ဘောင်တန်း လိုက်ကြရ အောင်။ ဒါမှ အရေးကြုံရင် အားလုံး ဝိုင်းပစ်နိုင်မှာ”

“အေး … ကောင်းတယ်၊ ခြေရာရင်း သွေးအမှတ်အတိုင်း မင်းက လိုက်။ ဘေး ဝဲယာက ငါနဲ့ ခွာကြီးတို့က လိုက်မယ်။ တွေ့ရင်တော့ လက်မနှေးကြနဲ့နော်”

အစီအစဉ်အတိုင်း သေနတ်ကိုယ်စီ အရံသင့်ပြင်လျက် ဆက်လိုက်ခဲ့ကြသည်။ ပြောင်ကြီးမှာ တစ်နေရာတွင် ရပ်နားထားသဖြင့် သွေးများက မြင်မကောင်းအောင် အိုင်ထွန်းနေသည်။

“ဒီအကောင် အတော်နာနေပြီ။ မကြာခင် တွေ့တော့မှာ သေချာတယ်”

ခွာကြီးက သူ့အတွေ့အကြုံအရ မှန်းဆ၍ ပြောလိုက်သည်။ သွေးအမှတ်က တဖြည်းဖြည်းနှင့် ဝါးနွယ်ကုတ်တောအစသို့ ရောက်ခဲ့ကြသည်။ ဝါးနွယ်ကုတ်တောမှာ မြင်ကွင်းမရှင်းသဖြင့် အတော် ဂရုထားကြရပေမည်။ မျက်စိကို အတတ်နိုင်ဆုံး လျင်လျက် နားများကို စွင့်ထားကြရသည်။

တဖြည်းဖြည်းနှင့် ဝါးနွယ်ကုတ်တောအတွင်း အတော် ရောက်လာကြသည်။ သတိနှင့် မျက်စိကို အလစ်မပေးရဲ။ နှစ်လုံးပြူးရိုင်ဖယ်ကြီးကို ဘယ်မြှင့် အနေအထားနှင့် အရံသင့် ပစ်ခတ်ရန် ကိုင်ထားရသော ကျွန်တော့်အဖို့ မစားသာ။ ချွေးစေးများ ပြန်၍ လက်အံသေလာသည်။

ဒါကြောင့် ခေတ္တ ဘယ်မြှင့် အနေအထားမှ ပခုံးပေါ် ပြောင်းထမ်းလိုက်ရသည်။

အဲဒီအချိန်ကလေးမှာပင် ကျော်သောင်းနှင့် ခွာကြီးတို့နှစ်ယောက်ကြား ရှေ့ (၁၀) ကိုက်အကွာ ဝါးနွယ်ကုတ်တောကြားမှ “ထွီ” ခနဲ အသံ ကြားလိုက်ရသလို ဘွားခနဲ ပေါ်လာသည်က ပြောင်နာကြီး။ ကြီးမှ ကြီး။

အကောင်ကြီးသလောက် လျင်မြန်လှသည်။ ဦးတည်သည်က အနီးဆုံးဖြစ်သူ သွေးအမှတ်အတိုင်း လိုက်လာနေသူ ကျော်သောင်း။

သားကောင်ကြီးက လျင်မြန်သလောက် မုဆိုးများကလည်း သတိရှိသည်၊ သွက်သည်။

ဦးတိုက်ပြေးဝင်လာသော ပြောင်သတ္တဝါကြီးကို ကျော်သောင်းက ရင်ဆိုင်ကာ လက်ထဲမှ ပွိုင့် ၃ဝ၃ ရိုင်ဖယ်နှင့် ပစ်ထည့်လိုက်သည်။

သို့သော် ကျည်ဆန်က မထွက်၊ ‘ချက်’ ခနဲသာ မြည်သွားသည်။

နောက်တစ်ချက် ပစ်ဖို့ဝေးစွ၊ ရှောင်တိမ်းချိန်ပင် မရလိုက်။

အရှိန်နှင့် ပြေးဝင်လာသော ပြောင်နာကြီးက ကျော်သောင်းကို အားရပါးရ၊ ဒေါထထနှင့် ကျော်ချလိုက်သည်။

ကျွန်တော်မှာ သေနတ်က ပခုံးပေါ်မှာ ထမ်းထားသောကြောင့် မပစ်ခတ်လိုက်ရ။ ‘ဟာ’ ခနဲသာ ရေရွတ်လိုက်ပြီး မြင်ကွင်းကို မကြည့်ရက်သဖြင့် လျှပ်တစ်ပြက် မျက်စိမှိတ်လိုက်မိသည်။

ဒီအချိန်လေးအတွင်းမှာပင် သေနတ်သံတစ်ချက် ကြားလိုက်ရသည်။ သေနတ်သံနှင့်အတူ ‘အား’ ဟူသော အော်သံကိုလည်း ကြားလိုက်ရသဖြင့် မှိတ်လိုက်မိသော မျက်စိကို ချက်ချင်း ပြန်ဖွင့်ပြီး အသံကြားရာ ကျော်သောင်းဆီ ကြည့်လိုက်မိသည်။

ကျော်သောင်းကိုတော့ မတွေ့ရ။ ပြောင်နာကြီးကိုသာ တွေ့လိုက်ရသည်။

ထူးခြားသည်မှာ ပြောင်ကြီး ဦးချိုကားကားတွင် တန်းလန်းချိတ်ပါနေသော ပွိုင့် ၃ဝ၃ ရိုင်ဖယ်။

ဒီတော့မှ ကျွန်တော်လည်း သတိဝင်၊ ဖြစ်စဉ်ကို တွေးမြင်ပြီး လက်ထဲမှ သေနတ်နှင့် ကျောခိုင်းပြီး ဓားလွယ်ခုတ်အနေအထား ခပ်စောင်းစောင်း ရှိနေ သော ပြောင်ကြီး၏ နံလယ် အောက်ပိုင်းကျကျလောက်မှ ရှေ့ပိုင်းသို့ ဆန့်တွန်းပစ်သွင်းလိုက်ရတော့သည်။

အမဲကြီးပစ် သေနတ်ဘိုးကြီး (Big Bore) များ၏ အားကိုးရမှု၊ ထိရောက်မှုကို လက်တွေ့ ခံစား သိမြင်လိုက်ရတော့သည်။

ပစ်သွင်းလိုက်သော ပွိုင့် ၄၇ဝ အ ပျော့ထိပ်ဖူးက နံစပ်မှ ရှေ့လက်ပြင်သို့ ပွင့်ထွက်သွားသဖြင့် ပြောင်ကြီးမှာ တွန်းလှဲချလိုက်သလို လဲကျသေဆုံးသွားပါတော့သည်။

ပြောင်ကြီး လဲကျသွား၍ စိတ်ချရသည်နှင့် ကျော်သောင်းတို့ဘက်သို့ အမောတကော ပြေးသွားလိုက်ရပြန်သည်။ မြင်ကွင်းကို ရှင်းရှင်းမြင်လိုက်ရမှ စိတ်သက်သာရာ ရသွားသည်။ ခွာကြီးတင်မောင်က ကျော်သောင်းလက်ကို ဝါးခြမ်းပြားများနှင့် ပူးချည်ပြီး သူ့ခေါင်းပေါ် ထားသော ပုဆိုးနှင့် လက်ကို သိုင်းပေးပြီး ပြုစုနေသည်။

“ဘာဖြစ်သွားသေးလဲ ကျော်သောင်း။ ငါဖြင့် စိဟ်ပူလိုက်ရတာကွာ။ ဒီလိုမှ မြင်ရပါ့မလားလို့”

“လက်ကျိုးသွားတာကလွဲလို့ ဒီ့ပြင်တော့ ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်ပါဘူး ဆရာမင်း။ သေနတ် ပါသွားတာက ခက်တာ။ ပြန်မရရင် ဒုက္ခ၊ ထောင်ကျမှာ သေချာတယ်။ ကျွတ် … ကျွတ် … ကျွတ်”

ကျော်သောင်းက မျက်နှာရှုံ့မဲ့ကာ မှု တကျွတ်ကျွတ် ခုတ်သတ်ရင်း မျက်နှာငယ်ငယ် စိုးရိမ်စိတ်အပြည့်နှင့် ပြောရှာသည်။

“သေနတ်အတွက်တော့ မပူပါနဲ့။ ယူသွားတဲ့ တရားခံကို ငါ ဖမ်းထားလိုက်ပါပြီ။ မင်းတို့ဖြစ်ပျက်ပုံလေးသာ ပြောစမ်းပါဦး”

ကျွန်တော်က ဒဏ်ရာကြောင့် နာနေသော ကျော်သောင်းကို ခေတ္တဖြစ်ဖြစ် သက်သာစေရန် အရွှန်းလေးဖောက်၍ ပြောပေးပြီး အဖြစ်သနစ်ကို မေးလိုက်ပြန်ပါသည်။

“ဖြစ်ပုံက ဒီလို ဆရာမင်းရ။ ကိုကျော်သောင်းရဲ့ သေနတ်က အရေးထဲကြမှ ကျည်မထွက်တော့ ကိုယ့်လူခံရပြီဆိုတာ သိတာနဲ့ ကျုပ်က ဘေးက အ မြန်ဆုံး ပစ်ထည့်လိုက်မှ ယိုင်ပြီး လမ်းကြောင်းနည်းနည်း လွဲသွားတယ်။ ဒါတောင် လုံးဝ လွတ်မသွားဘဲ သေနတ်ကိုင်ထားတဲ့လက်ကို တိုက်ချိုးပြီး ရိုင်ဖယ် စလင်းကြိုးက ချိုမှာ စလွယ်သိုင်းပြီး ပါသွားလေရာက လူကတော့ လွင့်သွားတာ မြင်တဲ့အတိုင်းပဲ”

“ဟုတ်တယ် ဆရာမင်း၊ ဒီတစ်ပွဲမှာ ကျုပ်အသက်က ခွာကြီးပစ်ချက်ကြောင့် မသေတာ။ ကျုပ်ကတော့ ကျည်မထွက်တာနဲ့ တစ်ပြိုင်တည်း မျက်စိပြာကြီး ဒီ တစ်ခါတော့ အသက်နဲ့ ခန္ဓာ အိုးစားကွဲပြီလို့ ထင်လိုက်တာ။ သေနတ်သံ ကြားလိုက်ရတာနဲ့အတူ လူရော သေနတ်ပါ လည်ပြီး လွင့်သွားတာပဲ သိလိုက်တော့တယ်”

“အင်း … လက်ကျိုးသွားရုံလောက်ဆိုတော့ ကံကောင်းတယ်လို့ ဆိုရမှာပဲ။ လူသာ တည့်တည့်တိုက်မိလိုက်လို့ကတော့လား၊ အခုလောက်ဆို ဟင်း … ဟင်း”

ခွာကြီးက ရယ်ကျဲကျဲနှင့် ပြောလိုက်သည်။

“ကျုပ်ဘက်ကလည်း အသည်းအသန်ဗျို့။ ပြောင်ကြီး အိပ်နေတာမြင်လို့ ပစ်မလို့လုပ်တုန်း ခင်ဗျားတို့ဘက်က ဆော်လိုက်တော့ ပြောင်ကြီးက အိပ်ရာကထပြီး ကျုပ်ဆီကို တိုက်မလို့ ပြေးလာတာကို သည်းထိတ်ရင်ဖိုစွာနဲ့ ရင်ဆိုင်လိုက်ရတော့တာပဲ။

ဒါပေမဲ့ ကျုပ်သေနတ်က အားကောင်းတော့ လူဆီ မရောက်လာနိုင်ရှာပါဘူး။ (၁ဝ) ကိုက်အကွာလောက် မှာ ထိပ်မှန်လိုက်တဲ့ ကျည်ဖူးထဲ အသက်ပါသွားရှာတယ်။ ကိုင်း … ကိုင်း သေနတ်သွားယူရင်း ပြောင်ညီနောင်ကို သွားကြည့်ကြရအောင်”

ပြောပြောဆိုဆို ကျွန်တော်က ပြောင်သေကြီးရှိရာသို့ ဦးဆောင်သွားရာ နောက်မှ ခွာကြီးတင်မောင်က ကျော်သောင်းကို ဖေးဖေးမမ တွဲခေါ်ပြီး လိုက်လာကြတော့သည်။

ပြောင်ကြီးနှစ်ကောင်လုံးမှာ ဆိုက်တူ၊ ဂိုက်တူ၊ ရွယ်တူ၊ တန်းတူ၊ ဧရာမ ပဂေးကြီးများ ဖြစ်သလို ကိုယ်လုံးကြီးများမှာ ကြီးမားတုတ်ခိုင်လျက် ရေနံချေး ရောင် ထနေသည်။ မျက်နှာကြီးများမှာ အသေအချာ ကြည့်လေ ကြောက်စရာကောင်းလေ ဖြစ်တော့သည်။

ချိုကြီးများမှာလည်း ချွန်တက်မဲပြောင်၊ အဝါရောင် စပ်ကြား၊ ခပ်ကားကားကြီးများ ဖြစ်သဖြင့် ပို၍ ထယ်ဝါနေတော့သည်။

နိဂုံးချုပ်ဆိုရသော် “ပြောင်ညီနောင်တို့၊ ပြောင်ထီးပိုးသင်းကွဲတို့ဆိုရင် မပေါ့နဲ့၊ ရန်မူတတ်တယ်၊ ကြောက်စရာ အလွန်ကောင်းတယ်” ဟူသော ရှေးအတွေ့အကြုံရှိ မုဆိုးကြီးများ၏ စကားကို အခုတော့ လက်တွေ့ မြင်ရ၊ တွေ့ရ၊ သိရသဖြင့် လုံးဝ အကြွင်းမဲ့ ထောက်ခံရမည်သာ ဖြစ်ပါတော့သတည်း။

– ပြီး –

စာရေးသူ – မန္တလာသား
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *