မသုံးလုံးစိန်ဝင်း
ပြောင်နှင့် ပစ်ကွင်းပြဿနာ
တောကောင်ကြီးများတွင် ဆင်မှလွဲလျှင် အကြီးမားဆုံးမှာ ပြောင်သတ္တဝါများပင် ဖြစ်ပါသည်။
ကြံ့ကြီးများသည်ပင်လျှင် အရပ် ၆ ပေထက် အလွန်မြင့်ခဲ၏။ ပြောင်မှာမူ ကျွန်တော်ကိုယ်တိုင် ရဖူး သည်အနက် ရှေ့လက် ခွာဖျားမှ လက်ပြင်ကျောရိုးအထိ ၇ ပေခွဲတိတိ ရှိနေပေသည်။ ကျောရိုးအလယ်တွင် မောက်ထနေသော ဘို့ချပ်ရိုး၊ သို့မဟုတ် ကြက်မောက်ရိုးအထိဆိုလျှင် ၈ ပေခန့်ရှိပေမည်။
ဤမျှ ကြီးမားသောသတ္တဝါကြီးများကို တစ်ချက်နှင့် အပိုင်လှဲချရန် မည့်သည့်ပစ်ကွင်းကို ရွေးရမည်နည်း ဟူသော ပြဿနာသည် မုဆိုးများတွင် ပေါ်လေ့ပေါ်ထရှိသည်။
တောကောင်များ၏ ယေဘုယျပစ်ကွင်းပြဿနာကို ဤနေရာတွင် အကျယ်တဝင့် တင်ပြနေပါက စာရှည်သွားမည်ဖြစ်၍ ပြောင်တစ်မျိုးတည်းအတွက်သာ “ကျွန်တော်၏ကိုယ်တွေ့ ပြောင်ပစ်ခန်း” တစ်ခုနှင့် ဆက်စပ်ဖော်ပြသွားပါမည်။
သတ္တဝါတိုင်း၏ အဓိကသေကွင်းမှာ ဦးနှောက်နှင့် နှလုံးသားတို့သာ ဖြစ်ပါသည်။ ၎င်းနေရာများကိုသာ ထိထိမိမိ မှန်လိုက်ရလျှင် မည်မျှပင်သေးငယ်သော ကျည်ဆံနှင့် ထိစေကာမူ တစ်ချက်တည်း နေရာတွင်ပင် ဗုန်းခနဲ လဲကျမသွားသည့်သတ္တဝါဟူ၍ မရှိပေ။
ပြောင်မှာလည်း ထိုသတ္တဝါများထဲမှ သတ္တဝါတစ်ကောင်သာဖြစ်သည့်အားလျော်စွာ ပြောင်ကိုပစ်လျှင် ဦးနှောက်နှင့် နှလုံး တစ်ခုခုကို မိမိရရ ထိမှန်အောင်ပစ်နိုင်ဖို့ အရေးကြီးလှပေသည်။
ကျွန်တော်ကမူ ထိုပစ်ကွင်း ၂ ခုတွင် ဦးနှောက်ကို ပို၍ သဘောကျသည်။
ဤနေရာ၌ ကျွန်တော်သည် မုဆိုးအချို့နှင့် သဘောချင်း ကွဲလွဲမည်အမှန်ပင် ဖြစ်ပါသည်။ အချို့မုဆိုးများနှင့် တောသူတောင်သားအများစုကြီးမှာ ပြောင်၏ဦးခေါင်းထိပ်ပြင်သည် အလွန်မာကျောသောကြောင့် ကျည်ဆံမတိုးနိုင်ဘဲ ချော်သွားသည်သာ ဖြစ်၍ ပြောင်ကို ထိပ်တည့်တည့်မှ မပစ်ရဟု တစ်ထစ်ချ ယူဆထားတတ်ကြပေသည်။
ထိုသူများ၏အယူအဆမှာ ကျွန်တော့်လက်တွေ့ မှ ရသော သင်ခန်းစာများနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည်။
ကျွန်တော်အကြိုက်ဆုံးသော ပြောင်၏ပစ်ကွင်းမှာ ထိပ်တည့်တည့်ကို မိမိရရ ချိန်၍ပစ်ရခြင်းပင် ဖြစ်ပါသည်။
ဤအချက်ကို စာဖတ်သူတို့ ပို၍ရှင်းလင်းသွားစေရန် လက်တွေ့ ပြောင်ပစ်ခန်းသို့ မရောက်မီကပင် ကြိုတင် ရှင်းလင်းပါဦးမည်။
ပြောင်သည် အခြားသတ္တဝါများနှင့်မတူ၊ အသည်းနှလုံးတည်နေပုံချင်း ကွဲပြားခြားနား၏။ (ဆင်၏ အသည်းနှလုံးတည်နေပုံ ကွဲပြားခြားနားမှုကိုလည်း အလျဉ်းသင့်သောအခါ ဖော်ပြပါမည်။)
ပြောင်မှ လွဲ၍ အခြားသောသတ္တဝါများ၏ကျောပြင်သည် ကျောရိုးမကြီးနှင့် မကွာဘဲ ကပ်လျက်ရှိကြသည်။ ထို့ကြောင့် ၎င်းတို့၏ကျောပြင်နှင့် ဝမ်းဗိုက်အလယ်တည့်တည့် ရှေ့လက်၏နောက် ၄ လက်မခန့်အတွင်း ထိမှန်သွားပါက အသည်း၊ သို့မဟုတ် နှလုံးကို ထိမှန်ဖို့ များလေသည်။
ဘေးတိုက်တည့်တည့်က ပစ်ခတ်ပါလျှင် နှလုံးကို တိုက်ရိုက်ထိမှန်မည်မှာ သေချာသလောက် ဖြစ်ပါသည်။ အကယ်၍ လွဲချော်သွားသည့်တိုင်အောင်လည်း တစ်ကောင်လုံးလွတ်အောင် မလွဲချော်လျှင် ထိုထိမှန်ချက်မှာ သတ္တဝါအား တုံးခနဲ လဲကျမသွားစေသည့်တိုင်အောင် သက်သာမည်တော့ မဟုတ်ပါ။နောက်ထပ် ဆင့်၍ပစ်ရန် လွယ်ကူသွားမည်မှာ မုချဖြစ်ပါသည်။
ပြောင်အဖို့ကား ဤသို့ မဟုတ်ပေ။ ပြောင်၏ကျောပြင်တွင် ကျောမကြီးမှ ငါးဆူးတောင်များကဲ့သို့ အထက်သို့ကားတက်နေသော ဘိချပ်ရိုး၊ သို့မဟုတ် ကြက်မောက်ရိုးများ ရှိကြသည်။ ထိုဘိချပ်ရိုး၊ သို့မဟုတ် ကြက်မောက်ရိုးများကို ရစ်ပတ်ဖုံးလွှမ်း ဖွဲ့စည်းထားသော အသားစိုင်များ၏ ထုထည်မြင့်မားမှုမှာ ပြောင်ကြီးလျှင် ကြီးသလိုပင် ကြီးကျယ်လှပေသည်။
အလွန်ကြီးသော ပြောင်ထီးသိုးများတွင် ၁ ပေကျော်သော ဘိချပ်ရိုးများ ရှိတတ်ကြပြီး ၎င်းတို့ကို ရစ်ပတ်ဖုံးလွှမ်းဖွဲ့စည်းထားသော အသားစိုင်များမှာလည်း ပိဿာ ၁ဝဝ ခန့်ပင် ရှိကြသည်။ သို့ဖြစ်ရာ အပေါ်ယံမျက်မြင်အားဖြင့် ကျောပြင်နှင့် ဝမ်းဗိုက်အလယ်ကို မှန်းလိုက်လျှင် အသည်းနှလုံး၏အပေါ်သို့ ရောက်နေမည်မှာ သေချာသည်။
ထိုမျှသာမက ပြောင်၏နှလုံးတည်နေပုံမှာ အခြား သတ္တဝါများထက် အနည်းငယ် ပို၍ ရှေ့ပိုင်းကျနေပေသည်။
သို့ဖြစ်ရာ အခြားသတ္တဝါများကဲ့သို့ လက်၏နောက်ပိုင်းကို ချိန်၍ပစ်လျှင် မှန်ချက်မှာ နှလုံး၏အပေါ်နှင့် နောက်ဘက်ခပ်ကျကျတွင် ထိမှန်မည်မှာ မုချဖြစ်သည်။ သို့ကြောင့် ပြောင်ကို ဘေးတိုက်တည့်တည့်က ပစ်ရလျှင် ရှေ့လက်တံတောင်ဆစ်တည့်တည့်၏ နောက်မှကပ်၍ ဝင်အောင်ပစ်နိုင်မှ နှလုံးကိုတိုက်ရိုက်ထိမှန်ပြီး နေရာတွင် လဲကျမည် ဖြစ်ပေသည်။
သို့တိုင်အောင် မိမိပစ်သည့်ဘက်က ရှေ့လက်သည် ရှေ့ကို လှမ်းထားသလော, နောက်တွင် ကျန်ရစ်နေသလော ဟူသောပြဿနာက ရှိနေပေသေးသည်။
ဤသို့ မိမိကြိုက်သလို ပစ်ကွင်းကို ရှင်းရှင်းကြီးမြင်ရအောင်ကြည့်ပြီးမှ စိတ်ကြိုက်ပစ်နိုင်ရန် ပြောင်က မိမိအား အချိန်ပေးဖို့ဆိုသည်မှာ အတော်ဖြစ်နိုင်ခဲသော ကိစ္စတစ်ရပ်လည်း ဖြစ်ပေသေး၏။
ရနိုင်သရွေ့ အခွင့်အရေးယူကာ နှလုံးကိုမှန်းဆပစ် ခတ်၍ လွဲချော်သွားပါလျှင်မူ ပြောင်သည် အခြားသတ္တဝါများနှင့် မတူပါပေ။ ကိုယ်ကာယ တုတ်ခိုင်ကြီးမားသလောက် ခွန်အားဗလနှင့် ခံနိုင်ရည်ကလည်း ကြီးမားလှပေသည်။ စိတ်ကလည်း ဆင်များထက် အဆများစွာ ရိုင်းစိုင်းကြမ်းလှသည်ဖြစ်ရာ ပစ်ခတ်သောမုဆိုးများအတွက်မှာ အန္တရာယ်မသေးလှပေ။
အခြားပစ်ကွင်းဖြစ်သည့် ဦးနှောက်မှာလည်း အခြားသတ္တဝါများနှင့် ကွဲပြားခြားနားနေပြန်၏။
အခြားသတ္တဝါများ၏ ဦးနှောက်ပစ်ကွင်းမှာ သေးငယ်၏၊ တည်ငြိမ်၍လည်းမနေ အမြဲတမ်း လှုပ်ရှား နေတတ်၏။
ပြောင်၏ ဦးနှောက်မှာမူ ကြီးမား၏ လှုပ်ရှားမှုနည်း၏။ ထို့ကြောင့် ဦးနှောက်ကို ထိမှန်အောင်ပစ်ရန် အခြားသတ္တဝါများထက် ပို၍ လွယ်ကူ၏။
ဤနေရာ၌ ဦးနှောက်ကိုထိမှန်ရန် ဘယ်နေရာက ပစ်သွင်းရမည်နည်းဟူသော ပြဿနာကလည်း ရှိပြန်သေး၏။
ဘေးတိုက် ပစ်မည်လော, နောက်ကပစ်မည်လော, ရှေ့တည့်တည့်ကပင် ပစ်မည်လော။
ဘေးတိုက်ပစ်လျှင် ပစ်ကွင်းကျဉ်းနေ၏၊ တည်ငြိမ်မှုလည်း ပို၍နည်း၏။ သို့ကြောင့် ဦးခေါင်းကို လွဲချော်သွားသည်က များတတ်၏။ နောက်ကပစ်လျှင်လည်း တုတ်ခိုင်သောလည်တံကြီးခံ၍ ပိုပြီး ခက်၏။ အထက်စီးယူ၍ ပစ်ခတ်ပြန်လျှင်လည်း အောက်ကျပြီး ပါးစပ်တွင်းမှ ဖောက်ထွက်သွားခြင်းနှင့် အပေါ်ရောက်ကာ ဦးခွံရိုးကို ရှပ်မှန်သည်ကသာ များ၏။
ရှေ့တည့်တည့်ကဆိုလျှင်မူကား ပစ်ကွင်းသည် အလွန်ကြီးမားလာ၏။ ၁ ပေပတ်လည်အတွင်း မှန်ပါက လုံးဝ အသက်ထွက်မသွားသည့်တိုင် တုံးခနဲတော့ လဲကျသွားမည်မှာ မုချဧကန်ဖြစ်၏။
ပို၍ လည်း တည်ငြိမ်၏။ နက်မှောင်နေသော နောက်ခံကြီးတွင် မျက်ခုံးအထက်မှ ဦးချို ၂ ချောင်းအကြားသို့ရောက်သည့်တိုင် ဖြူဖွေးနေသော ထိပ်ပြင်ပစ်ကွင်းကြီးသည် သေနတ်ပစ်ကွင်းမှ ပစ်မှတ်ကဲ့သို့ပင် ပြတ်သားရှင်းလင်းနေ၏။
ထို့ကြောင့် ပြောင်ကို ထိပ်တည့်တည့်က ပစ်ခြင်းသည် ဦးနှောက်ကို ထိမှန်အောင်ပစ်ခတ်ရန် အလွယ်ကူဆုံးဖြစ်၏။ ဦးနှောက်ကို တည့်တည့် မထိမှန်ဘဲ အနည်းငယ်လွဲချော်သွားစေဦးတော့ ဦးခေါင်းရိုး တစ်နေရာကို ထိမှန်မည်မှာ မလွဲဖြစ်၏။
ဦးနှောက်ကို မထိမှန်၍ မလဲစေကာမူ ရှေ့တည့်တည့်က ဦးခေါင်းတစ်နေရာကို ထိမှန်ထားသော ပြောင်သည် လူကို အန္တ ရာယ်ပြုနိုင်ရန်ဝေးစွ၊ မျက်နှာကိုပင် လူဘက်သို့ လှည့်ဝံ့တော့မည် မဟုတ်ပေ။
ထို့ကြောင့် ကျွန်တော်သည် ပြောင်ကို ထိပ်တိုက်ကပစ်ရန်ကိုသာ ပထမ ကြိုးစားလေ့ရှိ၏။ ထိုပစ်ကွင်းကိုမရမှ အခြားပစ်ကွင်းများကို ပစ်ခတ်လေ့ရှိပါသည်။
ကျည်ချော်သည်ဆိုသော စကားမှာမူ ယုံတမ်းစကားသာ ဖြစ်ပါသည်။ ပြောင်သည် အခြားသတ္တဝါများ ကဲ့သို့ အသွေး, အသား, အရိုးတို့ဖြင့် တည်ဆောက်ထားသောသတ္တဝါပင် ဖြစ်ပါသည်။ သို့ဖြစ်ရာ အခြားသတ္တဝါများ၏ အရိုး,အသားများကို ဖောက်ထွင်းနိုင်သော ကျည်ဆံသည် အဘယ်အကြောင်းကြောင့် ပြောင်၏ထိပ်ပြင်ရိုးကို မဖောက်ထွင်းနိုင်ရမည်နည်း။
ပြောင်၏ ဦးခွံရိုးသည် မာကျောလှသည်ဆိုသောစကားမှာလည်း ရော်ရမ်းမှန်းဆ ပြောကြခြင်းသာ ဖြစ်၏။ အရိုးတကာ့အရိုးတွင် အမာဆုံးအရိုးများမှာ လူရိုးနှင့် ဆင်ရိုးများသာ ဖြစ်ပါသည်။
ဖောက်ထွင်းအားကြီးမားသော တောပစ်သေနတ်ကြီးများကို မဆိုထားဘိ၊ ပွိုင့်၃၀ဘို့ ယမ်းပေါက်ကွဲအား အလွန်နည်းသာ ကာဘိုင်သေနတ်ကလေးများ, ပွိုင့်၃ဝ၃စစ်သုံး ရိုင်ဖယ်များနှင့် ပြောင်၏ ထိပ်တည့်တည့် ဦးခွံရိုးကို ဖောက်ခွဲကာ ဦးနှောက်ကိုထိမှန်စေခြင်းဖြင့် ကျွန်တော်ကိုယ်တိုင် အောင်နိုင်ခဲ့ရဖူးသော ပြောင်အရေအတွက်မှာ မနည်းတော့ပေ။
အညာဒေသ ဧရာဝတီမြစ်ရိုး တကောင်းနယ်တွင် ကျွန်တော် နေစဉ်က ဖြစ်ပါသည်။
ပူပြင်းသော တပေါင်းလရာသီဖြစ်သော်လည်း ညက မိုးရွာထားသဖြင့် ကောင်းစွာ အိပ်ပျော်ခဲ့သည်။ ညက အိပ်ရေးဝခဲ့သဖြင့်လည်း နံနက်လင်းအားကြီးတွင် အိပ်ရာမှ နိုးခဲ့သည်။
ကျွန်တော် စခန်းချထားသည့်နေရာမှာ သစ်ခုတ်သမားပေါင်း ၃၀ ခန့်ရှိသည့် ဒေါမကြီး သစ်ခုတ်စခန်းဖြစ်ရာ သစ်ခုတ်သမားများလည်း အားလုံး နိုး၍ နေကြပြီ။ အချို့ဆိုလျှင် သစ်တိုက်ကျွဲလှည်းများဖြင့် တောထဲသို့ ဝင်သွားကြပြီဖြစ်သည်။
ညက မိုးသည် ကျွန်တော်တို့မုဆိုးများအတွက် ရွှေမိုးငွေမိုးပင် ဖြစ်တော့သည်။ မိုးနူးနေသောမြေပျော့တွင် သားကောင်များ၏ ခြေရာများကို အလွယ်တကူ ခံယူရရှိနိုင်သည်။
မီးမလောင်ဘဲကျန်ရှိနေသည့် သစ်ရွက်ခြောက်များပေါ်တွင် ခြေသံမကြားအောင် အလွယ်တကူ လျှောက်သွားနိုင်မည်လည်း ဖြစ်သည်။
မိုးကြောင့် သားကောင်ကြီးများကလည်း မြူးတူးကာ ၎င်းတို့၏ခြေရာများကို နေရာအနှံ့ထားခဲ့ပြီး ၎င်းတို့ရှိရာသို့ ကျွန်တော်တို့အား ကောင်းစွာလမ်းညွှန်နေမည် ဖြစ်ပေသည်။
ကျွန်တော့်အနေနှင့် ထိုနယ်သို့ရောက်သည်မှာ မကြာသေးသဖြင့် ထိုနယ်တွင် ပြောင်တစ်ကောင်ကိုမျှ ပစ်လှဲခြင်း မပြုရသေးပေ။ ထို့ကြောင့် ဤကဲ့သို့သော အခွင့်ကောင်းကို လက်လွှတ်မခံဘဲ ထိုနေ့ အဖို့ ပြောင်တစ်ကောင်ကို မရအရ လှဲမည်ဟု ဆုံးဖြတ်လိုက်ပါသည်။
ထမင်းကြော်နှင့် လက်ဖက်ရည်ကြမ်း စားသောက်ပြီး လူ ၂ ယောက်စာ ထမင်း အထုပ်ခိုင်းသည်။ တပည့်တစ်ယောက်အား ၂ လုံးပြူးတစ်လက်ဖြင့် စခန်းအနီးအနားတွင် ဟင်းလျာအရှာခိုင်းလိုက်ပြီး ယနေ့အဖို့ ပြောင်မရလျှင် ပြန်လာမည်မဟုတ်ကြောင်း ပြောကြားကာ လမ်းပြအဖြစ် သစ်ခုတ်သမားများထဲမှ ကိုအောင်သိန်းဆိုသူကိုခေါ်၍ စခန်းမှ ထွက်ခဲ့သည်။
ကျွန်တော်ကိုင်စွဲခဲ့သည့် သေနတ်မှာ .၄ဝ၅ ဘို့ ဝင်ချက်စတာရိုင်ဖယ်သေနတ်အိုကြီးနှင့် ခဲဖူးတပ်ကျည်ဆံ ၂ဝ သာ ဖြစ်ပါသည်။ ကိုအောင်သိန်းသည် ထမင်းထုပ်နှင့် စစ်ရေဘူးကိုလွယ်ကာ နောက်မှလိုက်လာသည်။
ကျွန်တော်တို့သည် မိုးရွာလျှင် စိုင်နှင့် ပြောင်များ မြူးတူးလေ့ရှိသော ဒေါမကြီး “ကျားကြီး”ဟူသော တောသို့ ထွက်ခဲ့ကြသည်။
တပေါင်းလဖြစ်သည်မို့ သန်း, ဒဟတ်, သနပ်ခါးနှင့် ဝါးပင်များမှာ အရွက်မရှိဘဲ ရိုးတံကျဲကျဲနှင့် ဖြစ်နေ သည်။ အောက်ခြေတွင်လည်း တောမီးလောင်ထားသဖြင့် လုံးဝ ရှင်းလင်းနေကာ မြေသားများပင် ပေါ်နေသည်။
ထို့ကြောင့် သားကောင်၏ ခြေရာများကို ရှေ့သို့လှမ်း၍ကြည့်ရင်း ခပ်သွက်သွက်ပင် လျှောက်နိုင်ခဲ့ပါသည်။
အရှေ့ဘက်တောင်တန်းကြီးပေါ်သို့ နေလုံးပေါ်လာသော အခါတွင် “ကျားကြီး”တောလည်း နှံ့သွားပြီ။ ၈ နာရီလည်း ထိုးခဲ့ပြီ။ ဂျီများ, ဆတ်များ, ဝက်များ၏ခြေရာများမှလွဲ၍ စိုင်ခြေရာ, ပြောင်ခြေရာများကိုမူ ဘယ်မှာမျှ မတွေ့ ရသေး။
“ဘယ်သွားမလဲ”
ဟူသော အဓိပ္ပာယ်နှင့် ကိုအောင်သိန်းအား လှည့်ကြည့်လိုက်ရာ ကိုအောင်သိန်းက
“ပေါက်အိုင်တောင်ဘက်ကို သွားမယ်ဆရာကြီး”
ဟု ပါးစပ်ကလည်း လေသံနှင့်ပြော, လက်ကလည်း လက်ယာဘက်တောင်ခြေရင်းမှ တောမိုက်မိုက်ဆီသို့သွားရန် ညွှန်ပြပါသည်။
ချောင်းခြောက်ငယ်တစ်ခုကို ဖြတ်၍ကျော်လိုက်သည်နှင့် တောအခြေအနေမှာ လုံးဝပြောင်း၍ သွားပါသည်။
၁၂ ရာသီ စိမ်းလန်းစိုပြည်နေသော ရှောက်ခါးနှင့် ကြံ့စာပင်များ ထူထပ်စွာပေါက်နေသော မြိုင်ဆန်သည့်တောတွင်းသို့ ဝင်မိလျက်သား ဖြစ်နေပါသည်။ ကြွေကျထားသောသစ်ရွက်ခြောက်များမှာလည်း မီးမလောင်ဘဲ ခြေမျက်စိမြုပ်အောင် ထူထပ်နေပါသည်။
ဝါးတစ်ရိုက်ခန့်သွားမိလျှင်ပင် ဆင်ခြေရာများကို တွေ့ ရပါသည်။ ဆင်ခြေရာတွေ့သည်နှင့် ကိုအောင် သိန်းမှာ နောက်တွန့်သွားပါသည်။ ကိုအောင်သိန်းမှာ ကျားကို လှံနှင့်, ဓားနှင့်ပင် ရင်ဆိုင်တိုက်ခိုက်ရဲသူဖြစ်သော်လည်း ဆင်နှင့် ပြောင်ကိုမူ ခြေရာမြင်ရုံဖြင့် ဝေးရာရှောင်ပြေးတတ်သူ ဖြစ်သည်။ ကျွန်တော်က ပြုံး၍
“မကြောက်ပါနှင့်ဗျ။ သူတို့နောက်ကို မလိုက်ပါဘူး”
ဟု အားပေးလိုက်ရပါသည်။
သစ်ရွက်ခြောက် ပိုထူလာသောနေရာများတွင် ဆင်ခြေရာများ ပျောက်သွားကာ ရေစိုထားသော သစ်ရွက်ခြောက်များပေါ်တွင် ခွာရာ ခပ်ဝိုင်းဝိုင်း ကွင်းကွင်းများ မထင်မရှားအရာထင်နေသည်ကို တွေ့ ရပါသည်။ ကျွန်တော်က ထိုခြေရာများကို လက်ညှိုးထိုးပြလိုက်ရာ ကိုအောင်သိန်းကို
“စိုင် … စိုင်”
ဟု လေသံကလေးဖြင့် ပါးစပ်လှုပ်ကာ ဝမ်းသာအားရစွာပြောပါသည်။
သူ ဖြစ်စေချင်သည်ကို ပြောခြင်းသာ ဖြစ်ပါသည်။ အမှန်မှာ ထိုခြေရာတို့သည် စိုင်လော, ပြောင်လော ခွဲခြား၍ မရနိုင်သေးပါ။ ဆတ်ဖားကြီး၏ ခြေရာများပင် ဖြစ်နိုင်ပေသည်။
ရေစီးရာတွင် မျောပါသွားသဖြင့် သစ်ရွက်ခြောက်များကင်းရှင်းကာ မြေသားပေါ်နေသော နေရာတစ်ခုသို့ ရောက်သောအခါ ခြေရာများကို ထင်ထင်ရှားရှားကြီး တွေ့ ရတော့သည်။
“စိုင်မဟုတ်ဘူး ကိုအောင်သိန်း။ ပြောင်ခြေရာတွေဗျ။ စိုင်ခြေရာထက် ပိုပြီး နည်းနည်းလည်း ဝိုင်းတယ်, ကြီးလည်း ကြီးတယ်၊ ခွာကလည်း မပြည့်ဘူး၊ အလယ်မှာ ခွက်နေတယ်”
ကျွန်တော်ကပြောလိုက်ရာ ကိုအောင်သိန်းမှာ မျက်နှာပျက်သွားပါသည်။
“ကိစ္စမရှိပါဘူး။ အခုတော့ ကျွန်တော်နှင့်ကပ်လိုက်ခဲ့။ တွေ့ခါနီးတော့ ခပ်ခွာခွာလိုက်ခဲ့ပါ။ သေနတ်သံကြားရင် သစ်ပင်ပေါ် တက်နေပေါ့”
ဟု အားပေးမှ ခေါင်းပြန်ညိတ်ပြီး လိုက်လာပါသည်။
ပြောင်များ ရေအိုင်ငယ်တစ်ခုတွင် ဝင်၍ ရေသောက်သွားဟန်နှင့် ရေများ နောက်နေဆဲ တွေ့ ရပါသည်။
မိုးရွာပြီးစ ပြောင်အုပ်နောက် လိုက်ရသည်မှာ လွယ်ကူနေပါသည်။ မြေပျော့တွင် ခြေရာများ အကွင်းလိုက် အထင်းသားပေါ်နေရာ အပြေးပင်လိုက်နိုင်သည့် အခြေအနေ ရှိပါသည်။
ခြေရာများမှာ ရေအိုင်မှထွက်၍ တောင်ခြေသို့ ဦးတည်သွားပါသည်။ တစ်ဖန် တောင်ပေါ်သို့တက်သွားပြီး ပေါက်အိုင်တောင်တန်း၏ “ကကြား”ဟုခေါ်သော နိမ့်နေသည့်တောင်ကြားတစ်ခုမှ တောင် ဘက်သို့ ဖြတ်ကျော်ချသွားပါသည်။
ကကြားထိပ်တွင် ဝါးပင်များအကြား တိုးသွားရင်း ၎င်းတို့ကိုယ်မှထွက်သော အဆီများနှင့် အမွေးများ ဝါးပင်များတွင် ကပ်၍ကျန်ခဲ့သည်ကို တွေ့ ရပါသည်။ စူးရှပြင်းထန်သော ပြောင်နံ့များမှာလည်း နှာခေါင်းတွင်းသို့ တိုးဝင်လာပါသည်။
ပြောင်များ အလွန်နီးကပ်နေသည့် လက္ခဏာများပင် ဖြစ်သည်။
“နောက်က ဖြည်းဖြည်းလိုက်ခဲ့”
ဟု ပါးစပ်ကို တစ်အားလှုပ်ကာ လေသံကလေးဖြင့် ကိုအောင်သိန်းအားပြောခဲ့ပြီး၊ ကျွန်တော်က ဖြည်းညှင်းစွာ ဆင်းလိုက်သွားပါသည်။
တောစီးရွက်ဖျင် စစ်ဖိနပ်အရှည်ကို စီးလာခဲ့ခြင်းမှာ ကျွန်တော်မှားပြီဖြစ်ကြောင်း တွေ့ ရတော့သည်။
တောင်အတက်တွင် ကိစ္စမရှိခဲ့သော်လည်း မိုးရေစိုထားသော ကျောက်တုံးများပေါ်နင်း၍ တောင်ပေါ်မှဆင်းရာတွင် ဖိနပ်၏ ကြက်ပေါင်မာခွာမှာ ခြေကုပ် လုံးဝမရတော့ဘဲ ချော်၍နေပါတော့သည်။
သေနတ်ကို ပခုံးတွင်လွယ်၍ လက် ၂ ဘက်ဖြင့် သစ်ပင်များကို ကိုင်တွယ်၍ ဆင်းရတော့အသံ၏လုံခြုံမှုကို မရတော့ပါ။
သို့နှင့် မြေပြင်သို့ရောက်သောအခါ မိုက်နေသော ကြံ့စာတောကြီးကို တွေ့ ရသည်။ ကြံ့စာတောမှာ အပေါ်မှာမိုက်မှောင်နေရုံမျှမက အောက်ခြေတွင်လည်း သားကောင်လာလမ်းများမှအပ ကြံ့စာကိုင်း, ကြံ့စာရွက်များဖြင့် ပိတ်နေပါသည်။
ပြောင်နှင့်သာတွေ့ရလျှင် ကပ်၍ တွေ့ ရတော့မည် ဖြစ်ပေသည်။
ခြေဖျားထောက်၍ကြည့်လိုက်, ဘေးသို့ စောင်းကြည့်လိုက်, ငုံ့ကြည့်လိုက်, ထိုင်ကြည့်လိုက်, နားထောင်လိုက်နှင့် တဖြည်းဖြည်း ပြောင်ခြေရာများကိုနင်း၍ လိုက်ခဲ့ပါသည်။
ပြောင်များမှာ နီးကပ်နေရမည် အမှန်ပင်ဖြစ်ပေသည်။ ကျွန်တော် တောင်ပေါ်မှဆင်းလာစဉ်က အသံကြားထား၍သာ ငြိမ်နေခြင်း ဖြစ်ရပေမည်။ အမြီးခတ်သံနား, ရွက်ခတ်သံ, အသက်ရှုသံတို့ လုံးဝမကြားရဘဲ ရှေ့တည့်တည့် ဝါးတစ်ရိုက်ခန့်အကွာ ရှုပ်နေသောကြံ့စာပင်များအကြားတွင်ကား ပြောင်တစ်ကောင်အိပ်နေသည့်သဏ္ဌာန်ဟု စိတ်ထဲတွင် သံသယဖြစ်ဖွယ် တွေ့ရှိလိုက်ရတော့သည်။
ကျွန်တော်သည် အသာရပ်၍ သေနတ်ကို အသင့်ပြင်ကာ ကြည့်နေမိသည်။ ဘာမျှ မထူးခြား၊ လှုပ်ရှားမှုလည်း မရှိ၊ ဘာသံမျှလည်း မကြား။ သို့သော် ပိုမိုသေချာလေမည်လားဟု ဖြည်းညှင်းစွာ ထိုင်ကြည့်လိုက်ရာ တဝေါဝေါနှင့် တစ်တောလုံးဆူညံသွားအောင် တောကိုတိုး၍ ပြောင်များထွက်ပြေးသွားသံသာ ကြားလိုက်ရတော့သည်။
ပြေးထွက်သွားသည့် ပြောင်ခြေရာများနောက်သို့ လိုက်ကြည့်ရာ လက်ဝဲဘက်သို့ တစ်ကောင်တည်းခွဲထွက်သွားသော ခြေရာကြီးများမှာ အခြားခြေရာထက်ကြီးပြီး ပြေးလည်းမပြေးဘဲ ခပ်မှန်မှန် သွားထားသည်ကို တွေ့ရပါသည်။ ထိုနေရာမှ ကိုအောင်သိန်းကို စောင့်နေ၍ မီလာသောအခါ ထိုခြေရာကို လက်ညှိုးထိုးပြပြီး
“ဒီခြေရာက ကြီးလည်းကြီးတယ်။ လန့်သွားတဲ့သဏ္ဌာန်လည်း မရှိဘူး။ သူ့နောက်ပဲ လိုက်ကြစို့ရဲ့”
ဟုပြောကာ ထိုခြေရာနောက်သို့ ဆက်လိုက်ကြပါသည်။
ထိုခြေရာမှာ လက်ယာဘက်ကိုချိုးကာ တောင်ကြားတစ်ခုကို တက်သွားပါသည်။ ကကြားထိပ်သို့ရောက်သောအခါ ပြောင်အိပ်ရာအသစ်တစ်ခုကို တွေ့ ရပါသည်။
“အုပ်ထဲကအကောင် မဟုတ်ဘူး။ ဒါက သိုးထီးကြီးတစ်ကောင်ဗျ”
ကိုအောင်သိန်းက လေသံနှင့်ပြောသဖြင့် ကျွန်တော်က ခေါင်းညိတ်လိုက်ပါသည်။ ဝါးတစ်ရိုက်ခန့်တွင် အိပ်ရာတစ်ခု ထပ်တွေ့ ၍ ကြည့်နေစဉ် တောင်ထိပ်တစ်ဘက်စောင်း ဝါးတောထဲမှ ဝေါခနဲ ပြေးထွက်လာသော မည်းမည်းသတ္တဝါကြီးကို တွေ့ရပါတော့သည်။
ကျွန်တော်လည်း သေနတ်ကိုမောင်းတင်ပြီး ချိန်လိုက်ပါသည်။ ပြောင်ကြီးကလည်း မသင်္ကာသဖြင့် ၎င်း၏အိပ်ရာဟောင်းဘက်သို့ ပြန်ပြေးမည့်သဏ္ဌာန်ရှိပြီး ကျွန်တော်တို့ကို မြင်သောအခါ ကျောက်တုံးကြီးများကိုကွေ့ပတ်၍ ထွက်ပြေးရန် ကြိုးစားပါတော့သည်။
ကျောက်တုံးကြီးများမှာ ၁၀ပေ, ၁၅ ပေခန့်မျှရှိကြရာ ပစ်ခတ်ရန် မလွယ်ကူဖြစ်ပါသည်။ ထို့ကြောင့် ကျောက်တုံးတစ်တုံးနှင့် တစ်တုံး ဖြတ်အကူးတွင် ချက်ကောင်းကိုမရွေးနိုင်တော့ဘဲ ထိလျှင်ပြီးရော ဟူသောသဘောနှင့် ထိုးပစ် ပစ်ရပါတော့သည်။
ပြောင်ကြီးမှာ တောင်အောက်သို့ ဆင်းပြေးသွားပါသည်။
ပြောင်ပြေးသွားရာ လမ်းတစ်လျှောက်လုံး ၂ ဘက်သို့ သွေးများပန်းထွက်သွားခြင်း, အမြှုပ်များနှင့် သွေးကွက်များ ကျခဲ့ခြင်း စသည်တို့ကို တွေ့ ရပါသည်။
“၂ ချက်လုံး မှန်တယ်ဗျ။ အမြှုပ်နှင့်သွေးက အဆုပ်သွေးဗျ။ ပန်းထွက်တာက ဝမ်းဗိုက်အဆီပြင်ထိတဲ့သဘောပဲ”
ကိုအောင်သိန်းကို ပြောပြလိုက်ရာ
“ကျွန်တော် ခပ်ဝေးက လိုက်ခဲ့ပါရစေ”
ဟု တုန်တုန်ရီရီ နှင့်ကိုအောင်သိန်းက ပြောပါတော့သည်။
သွေးကြောင်းအတိုင်း ခပ်သုတ်သုတ်လိုက်ခဲ့ရာ ရှေ့ကိုက် ၂ဝ ခန့်အကွာတွင် လဲနေသော သစ်ပင်ကြီးဘေးမှ ပြောင်ကြီးက ဖြုန်းခနဲ ထရပ်လိုက်ပြီး ကျွန်တော့်အား တိုက်တော့မည်ဟန်ဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်ကို တွေ့ ရပါတော့သည်။
ကျွန်တော့်အနေနှင့် ဤအဖြစ်ကို ကြိုတင်မျှော်မှန်းပြီးဖြစ်နေရာ ပြောင်ကြီး၏ ထိပ်တည့်တည့်ဆီသို့ မှန်း၍ ထိုးပစ် ပစ်လိုက်ပါတော့သည်။
ပြောင်ကြီး၏ဦးခေါင်းက နောက်သို့လန်၍ ဘေးသို့ယိုင်သွားကာ ထွက်ပြေးသွားပြန်တော့ပါသည်။
ပြောင်ကြီးမှာ အတော် အထိနာ၍သွားပါပြီ။ ကိုက် ၁ဝဝခန့် တွင် ပြန်ဝပ်နေပြန်ပါသည်။ သို့သော် ကျွန်တော့်အား ထိပ်တိုက် မတည်ရဲတော့ပါ။ ကျွန်တော် မမြင်ရမီကပင် ထွက်၍ပြေးပါတော့သည်။
ကိုက် ၁ဝဝ လောက် ပြေးလိုက်,ဝပ်လိုက်, ထပြေးလိုက်နှင့် နေအတော် မြင့်လာပါတော့သည်။
သို့နှင့် တောပြောင်းကာ ကျွဲကောပင်စိုက်တောသို့ ရောက်ခဲ့ပြီ။ အောက်ကသစ်ရွက်ခြောက်များက လည်း နေမြင့်သည်နှင့် ပြန်လည်ခြောက်သွေ့ကာ အသံ ပိုမိုမြည်လာကြပေပြီ။ ဤအတိုင်းဆိုလျှင် ပြောင်နာကို နောက်မှ လိုက်မောင်းသလို ဖြစ်၍နေတော့မည်။
“ကိုအောင်သိန်း။ စခန်းပြန် ခွေးတွေ ခေါ်ချေဗျာ”
လူကို လွတ်အောင်ပြေးနိုင်သေးသောပြောင်သည် ခွေးကို လွတ်အောင်ပြေးနိုင်မည် မဟုတ်။ ခွေးအုပ်ကဝိုင်းထားစဉ် သေနတ်နှင့် ဝင်ပစ်ရန်ဖြစ်၏။
ကိုအောင်သိန်းသည် လူ ၆ ယောက် ခွေး ၁ဝ ကောင်မျှနှင့် ညနေ ၄ နာရီခန့်ကျမှ ပြန်ရောက်လာ၏။
ခွေးများမှာ ပြောင်နံ့ နှင့် သွေးနံ့ရကတည်းက ထိုးလိုက်သွားကြပြီး ကိုက် ၁ဝဝ တွင် တဝေါင်းပေါင်းနှင့် ဝိုင်းဟောင်နေကြသည့် အသံဗလံများကို ဆူညံစွာ ကြားရတော့သည်။
ခွေးဟောင်သံကြားရာသို့ လူများ အပြေးလိုက်သွားကြရာ ပြောင်နာမှာ ခွေးများပြေးလာသည့်အရပ်သို့ ဂရုစိုက်နေသဖြင့် လူများကိုမြင်ခါ ထွက်ပြေးပြန်ပါသည်။
“အားလုံး မလိုက်ကြနှင့်။ ကျွန်တော်တစ်ယောက်တည်း လိုက်ပစ်မယ်။ ခွေးတွေနောက်က လိုက်လို့မရဘူး။ ဘေးက ပန်းဝင်မှ ဖြစ်မယ်”
ကျွန်တော်ကပြောပြီး ခွေးသံများကြားရာဆီသို့ ပြေးလိုက်သွားပါသည်။
ဤတစ်ကြိမ်တွင် အနီးသို့ရောက်သည်နှင့် ဘေးမှ ပန်းဝင်လာရာ ပြောင်ကြီးမှာ ကျွန်တော်နှင့် ဘေးတိုက်ရပ်လျက် တွေ့ ရပါတော့သည်။
ရှေ့လက်တစ်တောင်ဆစ်နားကပ်၍ ပစ်လိုက်ရာ ထွက်ပြေးသွားပြန်ပါတော့သည်။
တတိယအချီတွင်မူ ပြောင်၏နောက်ဘက်သို့ အနည်းငယ် ရောက်နေသဖြင့် နားတွင်းသို့ ပစ်ပြန်ပါသည်။ ရှေးနည်းအတိုင်းပင် ပြေးပြန်ပါသည်။
စတုတ္ထအချီတွင်မူ ကျည်ဆံလည်း ၆ တောင့်ကုန်ခဲ့ပြီ၊ နေကလည်း ဝင်လုပြီဖြစ်ရာ စိတ်ကို ငြိမ်အောင်ထိန်းလိုက်သည်။ ဒီတစ်ချီ ထိပ်ကို တည့်တည့်ပစ်ပေးမှ ဖြစ်တော့မည်ဟု ပိုင်းဖြတ်လိုက်ပြီး၊ ပြောင်ကြီးဘေးတွင် ကပ်လျက်ရောက်ရှိနေသည့််တိုင် မပစ်သေးဘဲ စောင့်ဆိုင်းနေလိုက်ပါသည်။
၅ မိနစ်ခန့်ကြာမှ ပြောင်ကြီးသည် ခွေးများလိုက်ရာအရပ်မှ မျက်နှာခွာကာ ဟိုကြည့်သည်ကြည့် လှည့်ပတ် ကြည့်ရှုလာပါသည်။ ချက်ချင်း သေနတ်မောင်းကိုတင်၍ ပခုံးတွင်ထောက်ကာချိန်ထားသော ကျွန်တော်၏ဘက်သို့ ဦးခေါင်းလှည့်ပြီး ထိပ်တည့်လာသည်နှင့် မျက်လုံး ၂ လုံး၏အထက် အဖြူကွက်အလယ်တည့်တည့်ကို မိမိရရကြီးချိန်၍ ဖြုတ်ချလိုက်ရာ ပြောင်ကြီးမှာ ပြားခနဲဝပ်ကျသွားရာ တုတ်တုတ်ကလေးမျှမလှုပ်နိုင်တော့ဘဲ အသက်ထွက်သွားပါတော့သည်။
ပြောင်ကြီးအား ဖျက်၍ကြည့်သောအခါ ပထမ ၂ ချက်မှာ တစ်ချက်က အဆုပ်ကို ချေမွဖျက်ဆီးထားသည်။
နောက်တစ်ချက်က အနည်းငယ်နောက်ပိုင်းကျသွားသဖြင့် အစာအိမ်ကိုသာ ဖောက်ခွဲခဲ့သည်။
တတိယအချက်မှာ လက်ယာဘက်မျက်လုံးအောက်မှ ကပ်၍ ဝင်ပြီး မေးရိုး ၂ ချောင်းလုံးကိုချိုးကာ လည်ပင်းမှ ထွက်သွားသည်။
စတုတ္ထအချက်မှာ ရှေ့လက်တစ်တောင်ဆစ်နားမှ ကပ်ဝင်ပြီး နှလုံးကို ရှပ်မှန် မှန်ထားသည်။ အသည်းကို ချေမွဖျက်ဆီးထားသည်။
ပဉ္စမ အချက်မှာ နှာယောင်ကိုဖြတ်၍ ရှပ်မှန် မှန်ထားသည်။ ဆဌမအချက်မှာ နားရွက်အတွင်းမှဝင်ပြီး နောက်ဆက်ပေါ်သို့ ရှပ်ထွက်သွားသည်။
သတ္တမအချက်မှာ ထိပ်တည့်တည့်မှဝင်ကာ ဦးနှောက်တစ်ခုလုံး မွှေနှောက်၍ လည်တိုင်ရိုးတွင် ခဲဝပ်လျက် တွေ့ရပါတော့သည်။
[မုဆိုးသင်စ လူငယ်များ သင်ခန်းစာယူနိုင်ကြပါစေ။ ]
– ပြီး –
စာရေးသူ – မသုံးလုံးစိန်ဝင်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized