ပြောဖြတ်ခရီး
•••••••••••••••••

#ဗြိတိသျှကိုကိုမောင်

……………………………..

“နီးသည် ဝေးသည် မရှိဘူး…
စောသည် နောက်ကျသည် မရှိဘူး..ဒီမှာ ဟေ့ကောင်..ခရီးဆိုတာ သွားချင်စိတ်ရှိဖို့ပဲလိုတယ်..ပိုက်ဆံတွေဘာတွေလည်း မလိုဘူး..ဟေ့ကောင်..သွားချင်စိတ်ပဲ”

ဇာတ်လမ်းကတော့ အဲ့ဒီက စပါတယ်။
ဒီအဆိုအမိန့်ကို မြွက်ကြားသူကတော့ ကျွန်တော့်သူငယ်ချင်း မျောက်ကြီး ခေါ် အောင်ဝင်း ပါပဲ။

“အေး..ဟေ့ကောင်…ဒါမျိုးကတော့ လာစိန်မခေါ်နဲ့ အခုသွားမလား..ဟေ့ကောင်”
အဆိုအမိန့်ကို လက်တွေ့ဖြစ်ဖို့ ဖင်တွန်းသူကတော့ သက်မောင် ဆိုတဲ့ ငတိ။

ဒီကောင်နှစ်ကောင်လုံးက နာဠာဂီရိ ဂိုဏ်းဝင်။
နာဠာဂီရိ ဆိုတာက အရက်ကိုးမောင်းသောက်ပြီးပြီဆို…ဘုရားရှင်ကိုသော်မှ ပြဿနာရှာချင်တဲ့ ဆင်ငမြွေထိုးကြီးမဟုတ်လား။

ကျွန်တော်လား။
ကျွန်တော်က သူတို့လောက် မဆိုးဘူး။ မူးနေတဲ့ကောင်တွေကို အနောက်က လိုက်ကြပ်ပေးတတ်တာတစ်ခုပဲ။

နာဠာဂီရိကို အမူးတိုက်ပြီး ကြပ်လွှတ်လိုက်တာက ဒေဝဒတ်ဆိုတော့…ကျွန်တော်က ရှင်ကြီးဒေဝဒတ်ဂိုဏ်းလို့ ပြောရမှာပေါ့။

ဒီတခါတော့ ဒီကောင်တွေကို လိုက်ကြပ်ဖို့ ကိုယ်က အမှီလိုက်သောက်ရင်း ကိုယ်ပါ နာဠာဂီရိ မဖြစ်တဖြစ် ဖြစ်လာနေပါပြီ။

အခုက ဘယ်မှာလဲ။ ဘာလုပ်နေကြတာလဲ။ ဘယ်သွားကြမှာလဲ။
မေးစရာကရှိလာပါပြီ။
ဇာတ်လမ်းက စရရင်တော့ ဆရာဉီးရဲအောင် က နေ စပါတယ်။
ကျွန်တော်တို့ သုံးယောက်လုံးဟာ ရုံးတစ်ခုက အောက်ခြေဝန်ထမ်းငယ်လေးတွေပါ။
ဆရာဉီးရဲအောင်ကတော့ ကျွန်တော်တို့ရုံးက အရေးပါတဲ့ အရာရှိပေါ့။

သူက လူပျိုကြီး။ ရှကီကြိုက်တယ်။ အပျော်အပါးကြိုက်တယ်။
အသက် (၈၀)လောက်ရှိတဲ့ အမေအိုကြီးနဲ့ နှစ်ယောက်တည်းနေတယ်။
မိဘဘက်က အမွေအနှစ်တွေလည်းရှိတော့ အတော်လေးလည်း ပိုက်ဆံချမ်းသာတယ်။ ဒီရုံးမှာ လုပ်တယ်ဆိုတာ သူ့အတွက် အလုပ်လုပ်တယ်ဆိုတဲ့ ဂုဏ်တစ်ခုကြောင့်သာ လုပ်နေတာ။

ငွေကြေးက ဒီလောက်လိုအပ်တဲ့သူမဟုတ်ဘူး။
သူက ကျွန်တော်တို့ အောက်ခြေဝန်ထမ်း လူပျိုလူလွတ်အုပ်စုနဲ့လည်း တခါတလေ အရက်ပုလင်းအကောင်းစားတွေယူပြီး လာလာတွဲသောက်တတ်တော့ သူ့ကို ကျွန်တော်တို့ အားလုံးက ချစ်ကြတယ်။

တရက်တော့ သူ ရုတ်တရက်ကြီး ဉီးနှောက်သွေးကြောပျက် ဆုံးသွားပါလေရော။
သူ့မှာကလည်း ဆွေမျိုးရင်းချာက သိပ်မရှိ။ ဒီအမေအိုကြီးနဲ့ နှစ်ယောက်တည်းဆိုတော့ နာရေးကိစ္စအဝဝကို ရက်လည်သည်အထိ ရုံးက တာဝန်ယူပေးမယ်။

ဒီတော့ ရုံးမှာ ဘာမှလည်းသိပ်အသုံးမဝင်၊ ပြဿနာတွေချည်းအမြဲဖြစ်နေတဲ့ ကျွန်တော်တို့ သုံးယောက်ကို ဆရာဉီးရဲအောင် ရဲ့ နာရေးရက်လည်မပြီးမချင်း အဲ့ဒီအိမ်မှာ အဘွားကြီးနဲ့အတူ သွားကူပေးဖို့ လွှတ်လိုက်တော့တယ်။
ဇာတ်လမ်းက အဲ့ဒီက စတာပါ။

ဆရာဉီးရဲအောင်ရဲ့ အမေကို ကျွန်တော်တို့က မာမီကြီးလို့ ခေါ်ကြပါတယ်။
မာမီကြီးဟာ ရှေးခေတ်စက်ရှင်တရားသူကြီးတစ်ဉီးရဲ့ သမီး၊ တရားရေးဝန်ထောက်ကတော်ကြီးပါ။
သူလည်း ဆရာဉီးရဲအောင်လိုပဲ အင်မတန်မှ ဆိုရှယ်ကျပြီး အင်မတန်လည်း သဘောကောင်းပါတယ်။

ကျွန်တော်တို့ကလည်း သူ့သားနာရေးရော၊ သူ့ကိစ္စအဝဝကိုပါ သေချာလေး ကူညီပေးခဲ့ကြပါတယ်။
ဒီလိုနဲ့ အလောင်းကို သင်္ဂြိုလ်ပြီး တဲ့နေ့ပေါ့။
ရန်ကုန်နာရေးအိမ်တို့ ထုံးစံအတိုင်း အစောပိုင်းကတော့ သတင်းလာမေးသူ ဘာညာရှိပေမယ့် အသုဘပို့ပြီးတဲ့ ညတွေမှာ နည်းနည်းတိတ်ဆိတ်သွားပါတယ်။
မာမီကြီးရယ်၊ ကျွန်တော်တို့ သုံးယောက်ရယ်ပဲ ရှိပါတော့တယ်။

ဇာတ်လမ်းစတာကလည်း မာမီကြီးပါပဲ။
အဲ့ဒီနေ့ညနေမှာ ပျင်းပျင်းနဲ့ အိမ်ရှေ့ခန်းမှာ ထိုင်နေတဲ့ ကျွန်တော်တို့သုံးယောက်ကို မာမီကြီးက သော့တစ်ခု လာပေးပါတယ်။
“ရော့..ဒါက သားတို့ဆရာ ရဲ့ အရက်ဗီဒိုသော့….သားတို့လည်း ပင်ပန်းသွားကြပြီ..သောက်တတ်ရင် ယူသောက်ကြနော်”
ကိုင်း…ကြောင်ငတ်သုံးကောင်ရှေ့ ပုဇွန်ခြောက်ဘူးကြီး ဖွင့်ပေးလိုက်သလိုပါပဲ။

အသူရာနတ်မင်းများကို စကော့တလန်က ဝီစကီစက်ရုံထဲ နတ်ကန္နားခေါ်ပေးသလိုပါပဲ။
ဒါတင်ပဲလား။ ဘယ်ကလိမ့်မလဲ။
နောက်ထပ် သော့တစ်ချောင်း ကျွန်တော်တို့ရှေ့ချပေးသည်။
“ရက်လည်ကိစ္စ သွားစရာ လာစရာ လုပ်စရာရှိရင်..
မင်းတို့ ဆရာရဲ့ ကားက ပိုနေတာပဲ…မောင်းတတ်ရင် ယူသုံးကြ..မာမီကြီးကို အားမနာနဲ့…ဆီလည်း အပြည့်ဖြည့်ထားပြီးသား”

ကဲ..ကျွန်တော်တို့မှာ ခိုးသားလေးဆယ်ရဲ့ ရတနာတွေဖွက်ထားတဲ့ ဂူကြီးကို ဖွင့်တဲ့ ဂါထာကို ရလိုက်တဲ့ အလီဘာဘာကိန်းဆိုက်ပြီပေါ့။
သော့ကနှစ်ချောင်း။

တစ်ချောင်းက အရက်ဗီဒိုသော့၊ တစ်ချောင်းက ဆရာဉီးရဲအောင် စီးနေကျ အကောင်းစား ပါရာဒိုကားကြီးရဲ့သော့။
မာမီကြီးကတော့ နာရေးမှာ ဧည့်သည်တွေနဲ့စကားပြောရတာရော…သူ့သားအတွက် စိတ်မကောင်းတာရောကြောင့်ထင်ပါရဲ့…ရုံးကလာပို့ပေးထားတဲ့ ညစာကို စားပြီး အပေါ်ထပ်ကို တက်သွားပါတော့တယ်။

ပထမသော့ကို ကျွန်တော်တို့ စသုံးပါပြီ။
တခါမှ မမြင်ဖူးတဲ့ အရက်ပုလင်းတစ်လုံးကို ကျွန်တော်တို့ ရွေးချယ်လိုက်ကြပါတယ်။
အရက်ပုလင်းထဲမှာ မြွေတစ်ကောင်နဲ့ ကင်းမြီးကောက်တွေ၊ ကင်းခြေများတွေစိမ်ထားပါတယ်။

ဆရာဉီးရဲအောင်ဟာ အဲ့ဒီလို ထူးထူးခြားခြားအရက်တွေကို စုဆောင်းတတ်သူပါ။ ဒီထဲမှာမှ ထူးထူးခြားခြား အကောင်ဗလောင်တွေနဲ့ စိမ်တဲ့အရက်ပုလင်းကို ကျွန်တော်တို့ ရှာတွေ့လိုက်ပါတယ်။
စပါပြီ။

ရုံးကလာပို့ပေးထားတဲ့ ကျွန်တော်တို့သုံးယောက်အတွက် ညစာဟင်းကို အမြည်းလုပ် ရုံးက စာရေးမလေးတွေအကြောင်း ပြောရင်း ချကြပြီပေါ့။

အရက်က အတော်လေးကို ပြင်းပါတယ်။ အရသာရော အနံ့ရောကပါ..ကျွန်တော်တို့ သောက်ဖူးတဲ့ အရက်တွေနဲ့ ကွဲထွက်နေပါတယ်။
ဒါပေမယ့်လည်း အဲ့ဒီအရွယ်က သောက်အားကောင်းတဲ့အရွယ်ကိုးဗျ။
ပြင်းချင်လောက်ပြင်း..ရေ ရောရင့် ပျော့သွားစမြဲပဲမဟုတ်လား။
ဒီတော့…တစ်လုံးဟာ ပြိုက်ခနဲပါပဲ။

နောက်ဆုံးခွက်ဆိုပြီး ပုလင်းကို ငှဲ့လိုက်တဲ့အချိန် မြွေခေါင်းကြီးနဲ့ အရည်တစက်စက်ထွက်လာမှ..အရက်ကုန်ပြီဆိုတာ သတိထားမိကြတယ်။
ဒါများ ဘာအရေးလဲ။
ရတနာသိုက်သော့တစ်ခုလုံးရှိနေမင့်ပဲ။ ဒီတစ်ခါကျ ချီးဗက်စ်တစ်လုံး သွားထုတ်လာတယ်။

သုံးယောက်တစ်လုံးနဲ့တင် ကျွန်တော်တို့ဟာ တော်တော်လေး ရောက်ရှိနေကြပါပြီ။ ဘဝမှာ တစ်ခါမှ မမူးဘူးတဲ့ မူးနည်းမျိုးကို မူးနေကြတာပါ။

ချီဗက်စ်ပုလင်း ကို တစ်ယောက်နှစ်ပက်စီလောက် သောက်ပြီးချိန်မှာတော့ စောစောက အပေါ်မှာ ရေးခဲ့တဲ့ အခြေအနေဆီ ရောက်သွားပါပြီ။

“နီးသည် ဝေးသည် မရှိဘူး…စောသည် နောက်ကျသည် မရှိဘူး..ဒီမှာ ဟေ့ကောင်..ခရီးဆိုတာ သွားချင်စိတ်ရှိဖို့ပဲလိုတယ်..ပိုက်ဆံတွေဘာတွေလည်း မလိုဘူး..ဟေ့ကောင်..သွားချင်စိတ်ပဲ”

မျောက်ကြီး က ဒုတိယအကြော့ အဲ့ဒီစကားကို ပြောအပြီးမှာတော့ ကျွန်တော့် ရဲ့ ကြပ်ချင်ချွန်ချင်တဲ့ စိတ်တွေက ထိန်းမရတော့ပါဘူး။
စားပွဲပေါ်မှာရှိနေတဲ့ ပါရာဒိုကားသော့ကို မျောက်ကြီးဆီကို လျောခနဲ တွန်းပို့လိုက်ပါတယ်။

“ဒီလောက် သွားချင်နေတဲ့ကောင်…မျောက်ကြီး မင်းက ကားမောင်းတတ်တယ်မဟုတ်လား.ဒီမှာ ကားသော့လည်းရှိတယ်…ဘယ်သွားမှာလဲ..သွားစမ်းကွာ”
“ကျိုက်ထီးရိုးသွားမယ်ကွ”
သက်မောင်က ထအော်တယ်။

“ဟေ့ကောင်…မိုက်ရိုင်းတဲ့အကောင်..အရက်မူးမူးနဲ့ ဘုရားသွားဖူးစရာလားကွ..ငါမောင်းတဲ့ နေရာ မင်းတို့ လိုက်မလား…သတ္တိရှိလား”

“အေး..ရှိတယ်ကွ..ဒါနဲ့ သွားရအောင် မင်းမှာ ပိုက်ဆံဘယ်လောက်ရှိလဲ”
“ဟေ့ကောင်..ပိုက်ဆံမလိုဘူး..အဓိက က ခရီးဆိုတာ သွားချင်စိတ်ရှိဖို့ပဲ..ငါလခွမ်း..”
ဒီကောင်နှစ်ကောင်ရဲ့ ဇာတ်လမ်းက အစက ပြန်ရောက်သွားပြန်ပါပြီ။

“ကဲ..သွားမယ်ဆိုလည်း သွားကြ..ဟေ့ကောင်နှစ်ကောင်…နားညီးတယ်”
“ငါတို့နှစ်ကောင်တည်းသွားလို့ရမလားကွ..သွားချင်းသွား…သုံးယောက်အတူတူသွားမှာပေါ့..သူငယ်ချင်း မင်းလည်း လိုက်ခဲ့”

“အာ…ငါက မာမီကြီးနဲ့ နေခဲ့ပေးမှရမှာပေါ့”
“ဟာ..မင်းကလည်း မာမီကြီးက အိပ်နေပြီ..ငါတို့ ဒီကနေ နီးနီးနားနားကို ကားမောင်းသွားမယ်..မနက်စောစောပြန်လာမယ်လေကွာ..မင်းလိုက်ခဲ့မှရမယ်..ဟေ့ကောင်..လာ”
အဲ့ဒီအချိန်မှာ ချီးဗက်စ်အရက်ပုလင်းက တဝက်ထက်ကျိုးပါပြီ။ ဒီကောင်တွေကို လိုက်ကြပ်ရင်း ကျွန်တော်ပါ ပလပ်ကျွတ်ပြီး ခရီးသွားဆိပ် ငယ်ထိပ်တက်လာပါတယ်။

ဉီးရဲအောင် ဗီဒိုထဲက ဂျော်နီဝါကားပုလင်းနှစ်ပုလင်းယူ၊ သောက်လက်စ ချီဗက်စ်ပုလင်းနဲ့ ရေဗူးကိုပါယူပြီး ကျွန်တော်တို့ ကားဂိုထောင်ဆီ ထွက်လာပါတော့တယ်။
ခြံတံခါးကို အသံမကြားအောင်ဖွင့်။ ကားကို ခပ်ဖြည်းဖြည်းစက်နှိုးပြီး ထွက်ကြပါတယ်။

ခြံတံခါးကို သေချာပြန်ပိတ်ပေးပြီးတာနဲ့…ရန်ကုန်မြို့ထဲကို စတင်ကြပါပြီ။
“မျောက်ကြီး..မင်းဘယ်မောင်းမှာလဲ”
“ချောင်းသာ”
“ဟေ့ကောင်..ပေါက်ကရမပြောနဲ့…ချောင်းသာကို ဒီညမောင်းပြီး..မနက်ပြန်လာလို့မှီပါ့မလား”
“နှစ်နာရီနဲ့မောင်းပြမယ်..ဟေ့ကောင်”
ဗုဒ္ဓေါ ချောင်းသာနဲ့ ရန်ကုန် နှစ်နာရီ ဆိုပဲ။

“ပေါက်ကရတွေလျှောက်မပြောနဲ့..ဟေ့ကောင်”
ဒီလောက်ထိ ပဲ ကျွန်တော်တို့ သိပါတော့တယ်။
ပါလာတဲ့ ချီးဗက်စ်ပုလင်းကို တစ်ယောက်တစ်ငုံ ငုံပြီး ချိန်မှာတော့….ကားထဲမှာ သီချင်းတွေအကျယ်ကြီးဖွင့်ပြီး ဘာဆို ဘာမှ မမှတ်မိကြတော့တာပါ။
……………………………………………………………………………………….
မူးဝေနေတဲ့ ကျွန်တော့်ခေါင်းတွေကို ခါယမ်းလိုက်တယ်။
ကျောကလည်း ပူလိုက်တာ။မျက်နှာတစ်ခုလုံးလည်း ပူလို့။
ရေကလည်းဆာ။
ကျွန်တော် မျက်လုံးဖွင့်ကြည့်လိုက်သည်။
မျက်နှာမှာ ယားကျိကျိနဲ့ ..ဖယ်လိုက်တော့ သဲတွေ။
ကျွန်တော် ထထိုင်လိုက်သည်။
ဟ..ရှေ့မှာ ပင်လယ်ကြီး။
နေက ခေါင်းပေါ်တည့်တည့်မှာ။
နောက်ကို လှည့်ကြည့်လိုက်တော့ ကျွန်တော်တို့ ယူမောင်းလာတဲ့ ဉီးရဲအောင်ရဲ့ကား။
မလှမ်းမကမ်းမှာ အုန်းလက်အခြောက်တစ်ခုပေါ် ကွေးကွေးလေး အိပ်နေတဲ့ မျောက်ကြီး။
ကျွန်တော် ကားဆီ လျှောက်သွားပြီး အထဲကို ကြည့်လိုက်သည်။
သက်မောင်က ကားနောက်ခန်းမှာ ပိုးလိုးပက်လက်။
“ဟေ့ကောင်တွေ..ထ..ထ”
နှစ်ယောက်လုံးကို ကျွန်တော်လိုက်နှိုးလိုက်တယ်။
သူတို့လည်း အိပ်မှုံစုံမွှားနဲ့ ထလာပြီး ပတ်ဝန်ကျင်ကို အံဩတကြီး ကြည့်ကြတယ်။
ပြီးတော့မှ ကျွန်တော်တို့ သုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြတယ်။
“သွားပြီ”
နာရေးအိမ်မှာ အဘွားအိုတစ်ယောက်တည်း ထားခဲ့ပြီးက ကျွန်တော်တို့ ချောင်းသာကို ရောက်လာတာပဲ။
မနေ့ညကလား၊ မိုးလင်းခါနီးမှလား..ချောင်းသာကို ဘယ်အချိန်မှာ ဘယ်လိုရောက်ခဲ့တယ်မသိ။
ကင်းမြီးကောက်အရက်နဲ့ ချီးဗက်စ်တစ်လုံးတို့ ပေါင်းစည်းမှုကနေဖြစ်လာတဲ့ ကျွတ်ချက်တွေ။
အခုဆို နေက ခေါင်းပေါ်တည့်တည့်ဆိုတော့ နေ့လည် ဆယ့်နှစ်နာရီထိုးလောက်ရှိနေပြီ။
ဒီအချိန် ရန်ကုန်ပြန်ရင် ညသန်းခေါင် ဒါမှမဟုတ် မနက်မှ ရောက်ကောင်းရောက်လိမ့်မယ်။
ဒီနေ့ဆို ရုံးက အရာရှိတစ်ယောက်ယောက်က မာမီကြီးအိမ်ကို လာလို့ ကျွန်တော်တို့ကို မတွေ့ရင်။
မာမီကြီးက ကားတစ်စီး ၊ အရက်သုံးပုလင်းနဲ့အတူ ပျောက်သွားတဲ့ ကျွန်တော်တို့အကြောင်းကို ပြောလိုက်ရင်။
သွားပြီ။
အရင်ဆုံး အလုပ်ပြုတ်မယ်။ ရဲစခန်းတွေဘာတွေကိုများတိုင်လိုက်ရင်တော့ ကားခိုးမှုနဲ့ ထောင်ကျမယ်။
ဒါတွေက အချင်းချင်း မတိုင်ပင်ပဲ သုံးယောက်လုံးခေါင်းထဲဝင်လာတဲ့ အသိတွေ။
“ပြန်မှဖြစ်မယ်..ဟေ့ကောင်တွေ.. ပြန်မှဖြစ်မယ်”
ပင်လယ်ကြီးကို ငေးမယ်ဆိုတဲ့ ဒရိုင်ဘာမျောက်ကြီးလည်း ပင်လယ်ဘက် လှည့်ကို မကြည့်တော့ပါဘူး။
ကားစက်ကိုနှိုးပြီး ချောင်းသာကနေ ရန်ကုန်ဘက် ပြန်ထွက်ခဲ့ကြပါပြီ။
စစချင်းတွေ့လိုက်တဲ့ တိုးဂိတ်မှာတင်ပဲ ကျွန်တော်တို့ ဒုက္ခများရပါပြီ။ ကျွန်တော်တို့ သုံးယောက်လုံးမှာ ဘုရားစူး ပိုက်ဆံတပြားမှ မရှိတော့ပါဘူး။
ညက ဒီတိုးဂိတ်တွေကို ဘယ်လိုဖြတ်လာခဲ့လဲ..ပါသမျှ ပိုက်ဆံက အသွားလမ်းကြေး မှာတင် ကုန်သွားပြီလား စဉ်းစားလို့လဲ မရတော့ပါဘူး။
မောင်းတံကြီးက ရှေ့မှာ ချထားပါပြီ။
ကားမှန်ကို မချသေးပဲ ကျွန်တော်တို့ ကားထဲမှာ ငွေအကြွေလေးများ ရှိလို ရှိငြားရှာကြပါတယ်။
မတွေ့ပါဘူး။
ဟော့..မှန်တံခါးကို တစ်ယောက် လာခေါက်နေပြီ။
ရန်ကုန်မှာ ဘတ်စ်ကားစီးတဲ့အခါ ပိုက်ဆံမပါရင် ပြောစီးဆိုတဲ့ ထုံးကို နှလုံးမူဖို့ ဆုံးဖြတ်လိုက်ကြတယ်။
“အဟီး”
တိုးဂိတ်စာရေးမလေးကို ကျွန်တော် သွားဖြဲပြီး ရယ်ပြလိုက်ပါတယ်။
“နှစ်ရာ့ငါးဆယ် ကျပါတယ်ရှင့်”
“အဟီး”
စာရေးမလေးက မျက်မှောင်ကြုံ့သွားပါတယ်။
“နှစ်ရာ့ငါးဆယ်ပါ..အကို”
“ဟီး..ပိုက်ဆံ အကြွေပါမလာလို့”
“ရတယ်လေ..ငါးထောင်တန်လဲ ဖြတ်ပေးပါ့မယ်”
“ဟီး..အဲ့ဒီငါးထောင်တန်လဲ မပါဘူး”
“ဟင်”
“ဒါဆို ဘာတန်ပါလဲ”
“ဟို ဘာတန်မှ မပါဘူး..အဲ့ဒါ ဒီလိုလုပ်ပါလား…ဟိုလေ..အကြွေးဖြတ်လို့ရလားဟင်”
“အင်းလေ..အကြွေဖြတ်ပေးမယ်လို့ ပြောပြီးပြီကော”
အကြွေမဟုတ်ဘူး..အကြွေးဖြတ်ချင်တာ..အဲ့ဒီ နှစ်ရာ့ငါးဆယ်ကို အကြွေးမှတ်ထားပြီး ရှေ့က မောင်းတံလေး ဖွင့်ပေးပါလား..နောက်မှ ပြန်လာပေးမယ်လေ..နော်”
စာရေးမလေးက အဲ့ဒီအချိန်က သိန်းရာချီတန်တဲ့ ကျွန်တော်တို့စီးလာတဲ့ ကားကိုကြည့်ပါတယ်။
ပြီးတော့ ပိုက်ဆံနှစ်ရာ့ငါးဆယ်မပါလို့ တိုးဂိတ်ကို အကြွေးဖြတ်ဖို့ မျက်နှာငယ်လေးနဲ့ ပြောနေတဲ့ ကျွန်တော့်ကို ကြည့်တယ်။

အဲ့ဒီအချိန် ကယ်တင်ရှင်ကတော့ နောက်ကလာတဲ့ ကားပါပဲ။ ကြာနေလို့ထင်ရဲ့ သူက ဟွန်းတတီတီ တီးတော့တယ်။
စာရေးမလေးက ခေါင်းကုတ်လိုက်တယ်။
“စီးတဲ့ ကားမှ အားမနာဟယ်…တိုးဂိတ်ကို အကြွေးဖြတ်ရတယ်လို့..ဘယ်လိုဟာတွေနဲ့ လာတွေ့နေမှန်းမသိ..သွား..သွား..အလကားဖြတ်သွား”
“အဟီး”
ဒီလိုနဲ့ ချောင်းသာ နဲ့ ရန်ကုန်ကြားမှာရှိတဲ့ တိုးဂိတ်တွေ၊ လမ်းတံတားကြေးတွေကို ကျွန်တော်တို့ သုံးယောက်တစ်ယောက်တစ်လှည့်စီ တောင်းပန်ပြီး အကြွေးဖြတ်ရင်း..ည ခုနှစ် နာရီလောက်မှာ နာရေးအိမ်ကို ပြန်ရောက်လာကြပါတယ်။
သုံးယောက်သား ကားကို ဂိုထောင်ထဲ ထားပြီး အိမ်ပေါ်ကို ခပ်ကုပ်ကုပ်နဲ့ တက်လာကြပါတယ်။
ရဲတွေများ ရောက်နေပြီလား။ ရုံးကလူတွေများ သိသွားလို့ အလုပ်ဖြုတ်ဖို့ စောင့်နေပြီလား..ရင်တထိတ်ထိတ်နဲ့ အိမ်ပေါ်တက်လာပါတယ်။
“ဟယ် ….သားတို့ရယ်..မင်းတို့ အခုမှ ပြန်ရောက်လာကြသလား…မာမီကြီးက တနေလုံး စိတ်ပူနေရတာ..ရုံးကိုတောင် ဖုန်းဆက်တော့မလို့”
မာမီကြီးက ကျွန်တော်တို့ ညက အရက်ထိုင်သောက်တဲ့ စားပွဲမှာ ထိုင်နေရင်း စိုးရိမ်တကြီး ပြောပါတယ်။
တော်ပါသေးရဲ့..ဒီအတိုင်းဆို ရုံးက ဘယ်သူမှလည်းရောက်မလာ..မာမီကြီးကလည်း ရုံးကို ဖုန်းမဆက်သေးဘူးပဲ။
“မင်းတို့ တခုခုဖြစ်ပြီဆိုပြီး မာမီကြီးက စိတ်ပူနေတာ”
“ကျွန်တော်တို့ ဘာမှ မဖြစ်ပါဘူး..မာမီကြီး..ရုံးက ခိုင်းတာလေးရှိလို့ ကားခဏယူပြီး မနက်အစောကြီးကတည်းက ထွက်သွားတာ..အဲ့ဒါ”

မျောက်ကြီးက ရုပ်တည်နဲ့ လိမ်ပါတော့တယ်။
“တော်ပါသေးရဲ့..မာမီကြီးက မင်းတို့ တခုခု ဖြစ်ပြီထင်နေတာ..ဒါနဲ့ ဒီပုလင်းကြီးက ညက သားတို့ သောက်လိုက်ကြတာလား”
မာမီကြီးက ညက ကျွန်တော်တို့သောက်တဲ့ မြွေတွေ၊ကင်းတွေစိမ်ထားတဲ့ ပုလင်းကြီးကို ပြပါတယ်။
“ဟုတ်..မာမီကြီး…သောက်လိုက်မိတယ်”

“ဟယ်..အဲ့ဒါ အန်တီယောက်ျား အောက်ပိုင်းသေတုန်းက တရုတ်ပြည်က ပို့လိုက်တဲ့ အရက်နဲ့ အဆိပ်ရှိသတ္တဝါတွေ၊ ဆေးမြစ်တွေ စိမ်ထားတဲ့ လိမ်းဆေးပုလင်းကြီး…မင်းတို့ ဆရာက သူ့အဖေ ဆုံးခါနီးအထိ လိမ်းသွားတဲ့ ပုလင်းကို အမှတ်တရဆိုပြီး ရေနည်းနည်းပြန်ဖြည့်ပြီး သူ့အရက်ဗီဒိုထဲ အမှတ်တရအလှသိမ်းထားခဲ့တာ..တော်သေးတာပေါ့ကွယ်…သောက်ပြီး ဘာမှမဖြစ်ကြလို့”

“ဗျာ”

ကျွန်တော်တို့ သုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြတယ်။
လိမ်းဆေးပုလင်းကြီးကို ရေရောသောက်ပြီး..ဘတ်စ်ကားခမပါလို့ ပြောစီးသလို တိုးဂိတ်တွေကို ပိုက်ဆံနှစ်ရာမပါလို့ ပြောဖြတ်လာရတဲ့ ပါရာဒိုကားကြီးနဲ့ ချောင်းသာခရီး။

ဘဝမှာ သွားခဲ့တဲ့ခရီးတွေထဲ အမှတ်တရကြီးကြီးပါပဲ။
အခုတော့…တိုးဂိတ်တွေဖြတ်တိုင်း… မြွေတွေ၊ကင်းတွေစိမ်ထားတဲ့ အရက်ပုလင်းကြီးကို အခုထိ ပြေးမြင်မြင်မိနေပါရောလား။

#ဗြိတိသျှကိုကိုမောင်