ဖခင်မေတ္တာ
————
တစ်နေ့တွင် အဘိုးအိုတစ်ဦးသည် တရားရုံးကို ရောက်လာသည်။ သူက တရားသူကြီးထံ ဦးတိုက်လျှောက်ထား သည်။
“တရားသူကြီးမင်းခင်ဗျား … ကျွန်တော့်သားကို အရေးယူပေးပါရန် လျှောက်ထားအပ်ပါသည်”
“ဘာ့အတွက် အရေးယူပေးရမလဲ”
“ကျွန်တော်မျိုးသည် သားထံမှ မည်သည့်အထောက်အပံ့မျှ မရသဖြင့် သား၏ အထောက်အပံ့ကို လိုချင် သောကြောင့် အရေးယူပေးရန် လျှောက်ထားချင်ပါသည်”
“အိုမင်းမစွမ်း ရှိချိန်တွင် အထောက်အပံ့ ရပိုင်ခွင့် ရှိပါတယ်။ ဒါနဲ့ မောင်မင်းက တစ်ဦးတည်းနေတာလား”
“မှန်ပါတယ်”
“သားထံက အထောက်အပံ့ ဘယ်လောက်လိုချင်တာလဲ”
“တစ်လ တစ်ထောင်ပါ”
“တစ်လ တစ်ထောင်ဆိုတာ ဘာမှ လုပ်လို့မရပေဘူး။ အဲဒီလောက် ငွေပမာဏလေးကို ဘာဖြစ်လို့ သားထံကယူ ချင်ရတာလဲ”
“ကျွန်တော်မျိုးမှာ စားနိုင် သောက်နိုင်တဲ့ ပင်စင်စားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သားဆီက အထောက်အပံ့အဖြစ် တစ်လ ငွေ တစ်ထောင်လိုချင်ပါတယ်။ ဒါကြောင့် တရားသူကြီးမင်းအနေနဲ့ သားကို ရုံးတော်သို့ခေါ်ပြီး ထိုထောက်ပံ့ငွေ တစ်ထောင်ကို သားဖြစ်သူအား လစဉ် ဖခင်ထံသို့ ကိုယ်တိုင် လက်နှင့် သွားရောက်ပေးဆောင်စေရန် အမိန့်ချပေးဖို့ တောင်းဆိုပါရစေ”
“ကဲ ဒါဆိုလည်း သားနေထိုင်တဲ့ အိမ်လိပ်စာကိုပြော … အဘိုးအိုရဲ့ သားကို ရုံးတော်သို့ ဆင့်ခေါ်စေ”
သားဖြစ်သူ ရုံးကို ရောက်လာသည်။ တရားသူကြီးက သားဖြစ်သူကို မေးသည်။
“မောင်မင်း၏ ဖခင်ဖြစ်သူက မောင်မင်းထံမှ လစဉ်အသုံးစရိတ် ရယူလိုကြောင်း ဦးတိုက်လျှောက်ထားနေ တယ်။ သူတောင်းဆိုတဲ့ ငွေကြေးပမာဏကလည်း အများကြီး မဟုတ်ပါဘူး။ တစ်လမှ တစ်ထောင်တည်းပါ။ အဲဒါ မောင်မင်းအနေနဲ့ ပေးဆောင်ထောက်ပံ့ရန် ငြင်းဆိုလိုသလား”
“ကျွန်တော်မျိုး ထိုငွေပမာဏကို မငြင်းဆိုပါ၊ သို့သော် အံ့အားသင့်မိပါတယ်။ ကျွန်တော်မျိုး၏ ဖခင်မှာ အလွန်ချမ်းသာသောသူဖြစ်ပါတယ်။ ဘာဖြစ်လို့ ကျွန်တော်မျိုးထံက တစ်လ ငွေတစ်ထောင်လိုချင်တယ်ဆိုတာ နားမလည်နိုင်အောင်ဖြစ်ရပါတယ်”
“ဒါကတော့ မောင်မင်း ဖခင်ရဲ့ တောင်းဆိုချက်ပေပဲ။ မောင်မင်းက ပေးဆောင်ရန် သဘောတူတယ်ဆိုရင် အမိန့်ချမယ်။ မောင်မင်းသည် ဖခင်ဖြစ်သူထံသို့ လစဉ် ထောက်ပံ့ကြေားအဖြစ် တစ်လ တစ်ထောင်ကို ပေးဆောင်စေ။ ထိုသို့ ပေးဆောင်ရာတွင်လည်း မောင်မင်းကိုယ်တိုင် ဖခင်ဖြစ်သူ၏ လက်ထဲကို ကိုယ်တိုင် ကိုယ်ကျ ပေးဆောင်စေရန် ရုံးတော်က အမိန့်ချသည်”
“ကျွန်တော်မျိုး အမိန့်အတိုင်း ဆောင်ရွက်ပါမည်”
တရားစီရင်မှု ပြီးဆုံးသည့်အခါတွင် တရားသူကြီးက အဘိုးအိုကို သူ့ထံခေါ်ပြီး မေးလေသည်။
“ဒီမှာ အဘိုးကို တစ်ခုလောက် မေးစမ်းပါရစေ”
“မေးပါခင်ဗျာ”
“ဘာဖြစ်လို့ အဘိုးသားကို ငွေလေးတစ်ထောင်တည်းနဲ့များ ရုံးကိုဆင့်ခေါ်ပြီး အမိန့်ချခိုင်းရတာလဲ”
“တရားသူကြီးမင်းရယ် … ကျွန်တော့်သားက အလွန်အလုပ်များတဲ့ကောင်၊ သူက သူ့အိမ်ထောင်နဲ့သူ ခွဲနေတာဗျ။ ကျွန်တော့်ဆီကိုလည်း တစ်ပတ်တစ်ခါ မပြောနဲ့ တစ်လတစ်ခါတောင် မရောက်ဘူး။ ဖုန်းဆက် ဖို့ဆိုတာကတော့ အဝေးကြီး။ ကျွန်တော်ကလေ ကျွန်တော့်သားလေးကို သိပ်ချစ်တာ။ မသေခင် အနည်းဆုံး တစ်လတစ်ခါလောက်တော့ တွေ့ချင်တာပေါ့ဗျာ။ ဒါကြောင့် တရားရုံးကို လာပြီးတော့ အကူအညီတောင်း ရတာပါ”
အဘိုးအိုက မျက်ရည်တွေဝဲပြီး တရားသူကြီးကို ရှင်းပြနေသည်။ တရားသူကြီးက နားထောင်ပြီးနောက် စိတ်မကောင်းစွာဖြင့်
“အဘိုးသားက တော်တော်လေး အသိတရားနည်းတာပဲ။ စောစောကသာ ဒီအကြောင်း သိရရင် အဘိုးသားကို ဖခင်တစ်ယောက်အပေါ် တာဝန်မဲ့လွန်းမှုနဲ့ ဒီ့ထက်ကြီးလေးတဲ့ ပြစ်ဒဏ်ချလိုက်ပါတယ်”
“ဒါကတော့ မဖြစ်ဘူး တရားသူကြီးမင်းခင်ဗျာ”
“ဘာဖြစ်လို့လဲ … ဒီလို မိဘအပေါ် မသိတတ်တဲ့ကောင်ကို ဒီ့ထက်ပိုပြီး အပြစ်ပေးရမှာ မဟုတ်လား”
“သူကိုယ်တိုင် တစ်လကို တစ်ခါ ကျွန်တော့်ဆီကိုလာပြီး ငွေ တစ်ထောင်ပေးရင် တော်ပါပြီခင်ဗျာ။ ဒီအပြစ် လောက်ပဲ ကျေနပ်ပါတယ်။ သူ့ကို မြင်ရရင်တော်ပါပြီ”
“ဒီလောက် မသိတတ်တဲ့သား … မိဘကို ပစ်ထားလို့ဆိုပြီး ထောင်ချချင်တာ”
“မလုပ်လိုက်ပါနဲ့ တရားသူကြီးမင်းရယ်”
“ဘာဖြစ်လို့လဲဗျ”
“သားလေဗျာ … အဲဒါ ကျွန်တော့်သားဖြစ်နေလို့ပါ”
(Manisha Babu Nath ၏ Father’s Love ကို မြန်မာမှု ပြုထားခြင်းဖြစ်ပါသည်)
တင်ညွန့်