ဖိုးကျော့ (ကြောင်သူခိုး)
လယ်သိမ်းပြီးစ ပြာသို၊ တပို့တွဲလမှာ ကျွန်တော်တို့မိသားစု ကြံတဲ ဝင်ကြရသည်။ ကြံတဲတွင် တစ်လ၊ နှစ်လ နေကြရမည်ဖြစ်သဖြင့် စားအိုး၊ စားခွက်နှင့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ငါးပိ၊ ငါးခြောက် များကိုပါ တစ်ပတ်၊ နှစ်ပတ်စာ ကြံတဲသို့ ယူလာရသည်။ စားနပ်ရိက္ခာ ကုန်လျှင် အမေက ရွာပြန်ယူတတ်သည်။ ကျွန်တော်တို့ မိသားစုမှာ ကြံသကာလုပ်ငန်း မပြီးမချင်း ကြံတဲရှိ တောထဲ၊ တောင်ထဲတွင် သင်္ကြန် နီးပါးအထိ နေကြရမည် ဖြစ်လေသည်။ တောထဲ၊ တောင်ထဲတွင် လမည်မျှကြာကြာ ကျွန်တော်တို့ ညီအစ်ကိုများမှာ မပျင်းကြ။ အဘယ်ကြောင့်ဆိုသော် ကြံတဲရောက်မှ ဝါသနာပါသော မုဆိုးအလုပ်ကို လုပ်ခွင့်ရကြသဖြင့် ဖြစ်သည်။ ကျွန် တော်တို့ ကြံတဲနားဝန်းကျင်တွင် တောကြက်၊ တောကြောင်နှင့် သားငှက် တိရစ္ဆာန်များ အလွန်ပေါသည်။ ထို့ကြောင့် လူကြီးများ ကြံခုတ်ကြ၊ ကြံရည်ညှစ်ကြ၊ ကြံသကာချက်ကြနှင့် အလုပ်များနေချိန်တွင် လူလား မမြောက်ကြသေးသော ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်နှင့် ခွေး တစ်ကောင်မှာ တောတောင်ထဲ ကြက်၊ ငှက်လိုက်ရင်း ပျော်နေကြလေ သည်။
ကျွန်တော်တို့အိမ်တွင် ဗိုလ်ကျား” မည်သော အင်းခွေးစပ် အထီး တစ်ကောင်ရှိသည်။ အမဲလိုက် အလွန်ကောင်း၍ မုဆိုးများ အလွန်လို ချင်ကြသော ခွေးဖြစ်သည်။ ဗိုလ်ကျားကို မုဆိုးများက စပါးတင်းသုံးရာ နှင့်ပင် ဝယ်ဖူးသည်။ သို့သော် လူပျံတော် ဘုန်းကြီးလူထွက်ပီပီ အဖေက “တင်းသုံးရာ မပြောနဲ့၊ တင်း တစ်ထောင်ပေးလည်း မရောင်း” ဟု အပြတ် ပြောထားသည်။ ခွေးသည် လူနှင့် အနီးစပ်ဆုံး တိရစ္ဆာန်ဖြစ်သဖြင့် ခွေးဘဝကသေလျှင် သူ့ဗိုလ်ကျား လူဖြစ်မည်၊ လူဖြစ်သောအခါ ချမ်း ချမ်းသာသာ ကောင်းကောင်းမွန်မွန်ဖြစ်အောင် အကုသိုလ်အလုပ် မလုပ် စေရဟု ဆိုသည်။ ဤသည်ကို အမေက မကျေနပ်။ အမေတို့အမျိုးတွင် မုဆိုးအဘိုး လေးတစ်ယောက် ရှိသည်။ အဘိုးလေးက ခွေးကောင်း တစ်ကောင် နင်တို့ဆီရောက်နေတာ ငါ နှမြောလိုက်တာ” ဟု မကြာခဏ ပြောတတ် သည်။ ထိုအခါ အမေက ဗိုလ်ကျားကို ဦးလေးဆီ သွားပေးထားပါလား၊ ရှင် နေ့တိုင်း ချေသား၊ ဝက်သား၊ ဆတ်သား စားရမယ်” ဟု ပြောဖူး၏။ ဤသည်ကို အဖေက “နင်တို့အမျိုးက မုဆိုး၊ တံငါမျိုးဆိုတော့ မုဆိုး၊ တံငါစိတ်ပဲ ရှိတယ်၊ မင်း ဆတ်သား၊ ချေသား၊ ဝက်သား စားချင်ရင် ဝယ်စားပေါ့၊ ငါ ဝယ်ပေးနိုင်တာပဲ၊ ငါ့ခွေးကိုတော့ အကုသိုလ်မပါစေ နဲ့၊ ငါ့ခွေး ဗိုလ်ကျားက တိရစ္ဆာန် အစုတ်အနုတ်ကို ကိုက်မယ့် ခွေး မဟုတ်ဘူးကွ၊ အရှင်သခင်ရဲ့ အန္တရာယ်ကို ကာကွယ်တတ်တဲ့ ခွေး၊ သေရင် လူဖြစ်မယ့်ခွေး” ဟု ပြောတတ်၏။ အဖေ့ကို စကားနိုင်လု၍ အမြဲပြောတတ်သော အမေကလည်း “ဖြစ်ပါလိမ့်မယ် အားကြီးကြီး၊ ချေတွေ၊ ဝက်တွေ၊ ဆတ်တွေ မကိုက်ရလို့ ခု ရှင့်ခွေးက လယ်ကြွက်တွေ၊ ရှဉ့်တွေ၊ ပုတ်သင်ညိုတွေ၊ ကြက်၊ ငှက်တွေ လိုက်ဖမ်းစားနေတာကျတော့ ရှင် မမြင်ဘူး မဟုတ်လား” ဟု နောက်ဆုံးစကား ဆိုလိုက်သောအခါ အဖေက ထပ်ကွန့်ပြန်၏။ “အေး.. အဲဒါ မင်း သိလား၊ ဗိုလ်ကျားရဲ့ သခင်ဟာ ငါဖြစ်သလို ဗိုလ်ကျားရဲ့ သခင်မဟာလည်း မင်းဖြစ်တော့ တစ်ခါတစ်ခါ ဗိုလ်ကျား ဟာ မင်းစိတ်ဝင်စားတတ်လို့ မုဆိုး၊ တံငါအလုပ် လုပ်တာ၊ ကြွက်တွေ၊ ပုတ်သင်ညိုတွေ မင်း စားစေချင်လို့ လိုက်ဖမ်းပေးတာ ဖြစ်မယ်၊ င မိန်းမက မုဆိုးသွေးပါတော့ ခု ပုတ်သင်ညိုတွေ၊ ကြွက်တွေ ငါမရှိတုန်း ချက်စားနေလားမှ မသိတာ” ဖြတ် ဤသို့ အဖေက စလျှင် အမေက တွေ့ ကရာနှင့် လှမ်းပစ်တတ် ၏။ ထိုအခါ အဖေ့မှာ တဟားဟား ရယ်မော၍ အမေ့အနားမှ ထွက်သွား တတ်လေသည်။ အဖေသည် မုဆိုး တံငါအလုပ်ကို အားမပေးသလို အကုသိုလ် အလုပ်မှန်သမျှ ရှောင်ကြဉ်သူဖြစ်သည်။ လယ်ထွန် ကိုင်းခုတ်ရာ၌ပင် ငှက်သိုက်များတွေ့ က ထိုအပင်ကိုမခုတ်ဘဲ ချန်ထားခဲ့သူဖြစ်သည်။ ထိုအသိုက်တွင် ငှက်များပေါက်၍ ကြီးပြင်း ပျံသွားကြမှ ထိုအပင်ကို ခုတ်လှဲတတ်သည်။ ထို့ကြောင့် ယခု ကျွန်တော်တို့ ကြံတဲတွင် ကြံသကာ လုပ်ငန်း လာကူလုပ်နေကြသော အမေ၏ မောင်နှစ်ယောက်က “ယောက်ဖ ကြံကိုင်းခုတ်ပြီဆိုရင် ငါတို့ ငှက်ဥစားရပြီ” ဟု ပြောတတ်ကြ သည်။ အဖေက ငှက်ဥတွေ့၍ မခုတ်ဘဲ ထားခဲ့သော သစ်ပင်မှ ငှက်ဥ များကို အမေ့မောင်နှစ်ယောက်က ယူပြုတ်စားပစ်သည်ကို အဖေ မသိရှာ ပေ။ လယ်ကွက်ထဲက စပါးပုတ်များထဲတွင် ရေဘဲများဥလျှင်တော့ အမေ က ယူပြုတ်စားတတ်သည်။ ဤသည်ကို အဖေက လုံးဝသဘောမတွေ့။ မုဆိုး၊ တံငါစိတ်ရှိသည်ဟု ကဲ့ရဲ့ ရှုတ်ချတတ်သည်။ မိခင်မှမွေးသော ကျွန်တော်တို့ သားသုံးယောက်တွင်လည်း မုဆိုးစိတ်ပါသည်ဟူသောအစွဲနှင့် အဖေသည် ကျွန်တော်တို့သုံးယောက်ကို လေးခွ၊ ဝါးပြောင်း ပင် ကိုင်ခွင့်မပြု။ သို့သော် ဤသည်မှာ ရွာ၌သာဖြစ်၏။ ယခု တောတောင်ထဲက ကြံတဲတွင် နေကြရသောအခါ အဖေ့မှာ အလုပ်များပြီး ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်ကို ဂရုမစိုက်အား။ ကျွန်တော်တို့ တောကြက် ကိုင်းထောင်၍ရသော ကြက်သားဟင်းကို ‘ဘယ်ကရလဲ” ဟု မေးလျှင် အမေ့မောင်များ ထောင်ထားသောကိုင်း တွင် မိ၍ရသော ကြက်သားဟု ကျွန်တော်တို့ ညီအစ်ကိုတွေက လိမ်ပြော ရသည်။ အမေ့မောင်များမှာ ကျွန်တော်တို့ မိသားစုအား လယ်ထွန်ချိန်၊ ကိုင်းထွန်ချိန်၊ ကြံသကာချက်ချိန်၊ ဘယ်အချိန် ဘယ်နံရောအခါမှ အကူအညီ မပေးရသော အခါဟူ၍မရှိလေရာ အမေ့မောင်များလုပ်သော အလုပ်ကိုတော့ အဖေက ဆိတ်ဆိတ်နေတတ်သည်။ ကြက်သားဟင်းကို မစားဘဲသာ နေချင်နေမည် ဖြစ်သော်လည်း အမေ့မောင်များကိုတော့ ဟန့်တား ပြစ်တင်ခြင်း မလုပ်ပေ။ လုပ်၍လည်း မရမှန်း သူသိလေသည်။ ထိုအခါ အဖေ့စကား မြားဦးသည် သားတွေဘက် လှည့်လာ၏။ “မင်းတို့ ဦးလေးများလို မုဆိုး၊ တံငါအလုပ်မျိုးကို မလုပ်ကြနဲ့နော်၊ ပျားဖွပ်၊ သားထိုး၊ မယားခိုးဆိုတာ အင်မတန် အပြစ်ကြီးတယ်” ဟု အစချီကာ မဆုံးတမ်း၊ မကုန်ခန်းနိုင်သော ဥပမာ၊ ဥပမေယျတွေ၊ ဇာတ် နိပါတ်တွေနှင့် ပြောဆို ဆုံးမတတ်လေသည်။ သို့သော် ကျွန်တော်တို့ ညီအစ်ကိုမှာကား အဖေလစ်သည်နှင့် ဗိုလ်ကျားကိုခေါ်ကာ ကြံတဲနားပတ်ဝန်းကျင်ရှိ တောထဲ၊ တောင်ထဲ သို့သာ ပြေးကြလေသည်။တပို့တွဲလဆန်းစတွင် ဆီးသီးတွေလည်း လှိုင်လှိုင်မှည့်လာကြရာ တောညိုမှ တောကြောင်များသည် ညညဆိုလျှင် ဆီးသီးတောထဲဝင်ပြီး တစ်ညလုံး ဆီးသီးစားတတ်ကြ၏။ ဤသည်ကို အမေ့မောင်များက ပြောထားသဖြင့် ကျွန်တော်တို့ ညီအစ်ကိုများ သိနေရသည်။ ဖြင့် တောညိုမှဆင်းပြီး ဆီးသီးစားရန်လာသော ကြောင်များကို ကိုင်း ထောင်ရန် ကျွန်တော်တို့ ညီအစ်ကိုများက ကြောင်ခြေရာ ရှာကြရသည်။ ဖုန်ထနေသော နွားလမ်းဟောင်းထဲတွင် ကြောင်ခြေရာ ရှာသည်မှာ ဘာမျှ မခဲယဉ်းပေ။ ရိုးလေးနားက နွားလမ်းဟောင်းထဲတွင် ကြောင်ခြေရာတွေ ရှုပ်ယှက်ခတ်နေ၏။ သို့သော် ကျွန်တော်တို့ ညီအစ်ကိုများ ကြံတဲ မဝင်ခင်ကတည်းကပင် သွားလာထားသော ကြောင်ခြေရာအဟောင်း လား၊ သည်တစ်ရက် နှစ်ရက်ကမှ သွားလာထားသော ကြောင်ခြေရာ အသစ်လား။ ဤသည်ကိုတော့ အတွေ့အကြုံ နည်းပါးသော ကျွန်တော် တို့ ညီအစ်ကိုတွေက မခွဲခြားတတ်သေး။ ထို့ကြောင့် ကြောင်ခြေရာအသစ်တွေ ဟုတ် မဟုတ် သိရှိရန် အတွက် ညီအစ်ကိုသုံးယောက် နွားလမ်းဟောင်းထဲက ကြောင်ခြေရာ များကို တစ်မနက်လုံး ဖျက်ကြ၏။ သဲတွေ၊ ဖုန်တွေထဲ ည ကြောင်လာ လျှင် သိသာအောင် လက်နှင့် ညှိထားကြသည်။ နောက်တစ်နေ့ မနက် မှာ ဤလမ်းက တောကြောင်တွေ သွား မသွား ပြေးကြည့်ကြ၏။ ကျွန်တော်တို့ ညီအစ်ကို ဖျက်ထားသော ဖုန်လမ်းထဲတွင် ကြောင်ခြေရာ အသစ်တစ်ခုကို ထင်ထင်ရှားရှား တွေ့ ရသည်။ ညက တော ကြောင်ကြီးတစ်ကောင်သည် လမ်းကဖြတ်ပြီး ဆီးတောထဲသွားသည်မှာ သေချာနေလေပြီ။ ထို့ကြောင့် ညနေတွင် ကြောင်ကိုင်းထောင်ရန် ပြင်ဆင် ကြသည်။ နွားလမ်းဟောင်း ဤနေရာမှ တောကြောင်ဖြတ်သွားလျှင် မုချမိနိုင်သော (ဇိုင်း) အကျဉ်းဆုံး လမ်းတစ်နေရာတွင် တောကြောင်ကိုင်းကို ညီအစ်ကိုသုံးယောက် သွားထောင်ထားကြလေသည်။ ညီအစ်ကို သုံးယောက်ထဲတွင် ကျွန်တော်သည် မုဆိုးအလုပ်ကို ဝါသနာအကြီးဆုံးသူ ဖြစ်သဖြင့် ညက တစ်ညလုံး အိပ်မပျော်ပေ။ မနက် မြန်မြန်ရောက်ပါစေဟုသာ ဆုတောင်းနေမိသည်။ မျက်စိထဲတွင် ကျွန်တော်တို့ ထောင်ထားသော သုတ်ကိုင်းထဲတွင် တောကြောင်ကြီး ကားခနဲမိနေသည်ကိုလည်း စိတ်အာရုံထဲ မြင်နေ၏။ ထို့ကြောင့် မိုး မလင်းခင်ကပင် အစ်ကိုကြီးကို ကြောင်ကိုင်းသွားကြည့်ရန် နှိုးမိ၏။ အအိပ်ကြီးသော အစ်ကိုကြီးက “အင်း… အဲ” လုပ်နေသောအခါ စိတ် မရှည်သဖြင့် အစ်ကိုလတ်ကို နှိုးရသည်။ စိတ်တိုတတ်သော အစ်ကို လတ်က “ဒီကောင် မအိပ်နိုင်၊ မနေနိုင်နဲ့ ဘယ်လိုဖြစ်နေတာလဲကွ၊ မိရင်ရမှာပေါ့၊ အိပ်နေစမ်းပါ၊ မိုးတောင် မလင်းသေးဘူး” ဟု ပြော၏။ “ကိုလတ် မိုးမလင်းသေးဘူး လုပ်မနေနဲ့နော်၊ ကျွန်တော်တို့ ထောင်ထားတဲ့ တောကြောင်ကိုင်းက နွားလမ်းထဲမှာဗျ၊ နွားကျောင်းသား တွေ တွေ့ သွားလို့ ကျွန်တော်တို့ ကိုင်းထဲက တောကြောင်ကြီးသူများ ခိုးသွားဦးမယ်” “ငါ့ခွေး… တိုးတိုးပြောပါကွ၊ အဖေကြားရင် တို့ အရိုက်ခံနေရဦး မယ်” ကိုလတ်ပြောမှ အဖေများ ကြားသွားလေပလားဟု စိုးရိမ်သွားမိ သည်။ ထို့ကြောင့် မိုးလင်းအောင် စိတ်ကို ချုပ်တည်းပြီး အိပ်ရာထဲတွင် လူးလှိမ့်ကာ ကိုင်းတွင်မိနေသော တောကြောင်ကြီးကို မည်သို့ မည်ပုံ သတ်ဖြတ်ရမည်ကိုလည်း တွေးနေလေသည်။ ကြောင်များသည် အသက်ပြင်းသဖြင့် တော်တော်နှင့်သတ်၍ မသေဟု အတွေ့အကြုံများသော ကြောင်လိုက်သမားများ ပြောဖူးသည်။ ပြီး မသေသေးဘဲနှင့် သေယောင်လည်း ဆောင်တတ်ကြသည်ဟု ဆို၏။ ကြောင်မှာ ကိုယ်ခန္ဓာအလွန်ပျော့ပျောင်းသော တိရစ္ဆာန်ဖြစ်သဖြင့် နိ. နှက်၍လည်း တော်တော်နှင့်မနာဟု ဆိုသည်။ ထို့ကြောင့် “ကြောင်ရိုက် မနာ”ဟူသော စကားပုံ ရှိသည်တဲ့။ “ငါတို့ ကိုင်းတွင်မိနေသော တောကြောင်ကြီးကို သေအောင် မည်သို့ သတ်ကြလျှင် ကောင်းမည်နည်း” အမျိုးမျိုးတွေးရင်း မိုးလင်းသွား၏။ အမေ၊ အဖေနှင့် အမေ့မောင်များ နိုးထသွားကြသောအခါ အစ်ကို ကြီးနှင့် အစ်ကိုလတ်တို့လည်း အိပ်ရာက ထလာကြ၏။ သို့သော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်နှာပိုး သတ်နေကြရ သေး၏။ အကြောင်းမှာ အဖေ ကြံခင်းဘက် မသွားသေးသဖြင့်ဖြစ်သည်။ အဖေသည် ညက တည်ထားသော ဖိုထဲမှ ကြံသကာအိုးတွေကို ကြည့် သည်။ ပြီး မီးထပ်ထိုး၏။ ကြံသကာအိုးတွေမှာ နံနက် ရှစ်နာရီနှင့် ကိုးနာရီကြားအချိန်ကျမှ ကျက်မည်မှန်းသိသဖြင့် ခုတ်ထားသော ထင်း တုံးများကို သွားထမ်းရန် ထွက်သွားလေသည်။ ထိုအခါကျမှ ကျွန်တော် တို့ ညီအစ်ကိုသုံးယောက်သည်လည်း တစ်နေ့ ညနေက ထောင်ထား သော တောကြောင်ကိုင်း ရှိရာသို့ ပြေးလာကြလေသည်။ “တို့ ထောင်ထားတဲ့ကိုင်းမှာ တောကြောင်တစ်ကောင် မိတာတော့ အမှန်ပဲကွ၊ ဒီမှာ တွေ့လား၊ ကိုင်းမှာမိလို့ ကြောင် ရုန်းကန်ထားတာ သစ်ခက်တွေ၊ သစ်ရွက်တွေ ကျိုးကြေပွန်းပဲ့နေတာ ကြည့်ပါလား” အစ်ကိုကြီးက ကိုင်းကျင်းနားတွင် တောကြောင်ကြီး လုံးထွေး ရုန်း ကန်ထား၍ ကျိုးကြေပွန်းပဲ့နေသော သစ်ကိုင်း၊ သစ်ရွက် အစိမ်းကြွေ တွေကို ကိုင်ပြ၍ ကိုလတ်နှင့် ကျွန်တော့်ကို ရှင်းပြနေ၏။အစ်ကိုကြီးပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ကိုင်းကျင်းနံဘေးရှိ ချုံပုတ်ထဲမှ သစ်ခက်၊ သစ်ရွက်တွေ ကျိုးကြေနေသည်ကို တွေ့ ရသည်။ ကျွန်တော်တို့ ကိုင်းတွင်မိသော တောကြောင်ကြီးသည် တစ်ညလုံး ရုန်း ကန်နေပုံရသည်။ မိုးလင်းပိုင်း အလင်းရောင်လာမှ ကိုင်းထောင်ထား သူများ သူ့ကို လာဖမ်းကြတော့မည်ဟူသော အသိစိတ်ကြောင့် ကြောက် ရွှံ့ထိတ်လန့်ကာ တအားရုန်းကန်ပြီး ကိုင်းကြိုးကို ကိုက်ဖြတ်သွားပုံရ သည်။ ယခုတော့ ကိုင်းကြိုးပြတ်သာ ကျန်ရစ်ပြီး ကြောင်ကို မတွေ့ရ တော့။ “အစ်ကိုကြီးကို ခြေရာတွေ့ ကတည်းက ကျွန်တော် ပြောသားပဲ၊ ကြောင်က ကြောင်ထီးကြီးဗျ၊ ကြိုးကသေးလို့ မဖြစ်ဘူးဆိုတာ၊ ကဲ… ခုတော့ ကြိုးသေးလို့ ကြောင်က ကိုက်ဖြတ်သွားပြီ” အစ်ကိုလတ်က အစ်ကိုကြီးကို အပြစ်တင်သည်။ အစ်ကိုကြီးက ကိုင်းတံတွင် တစ်ပိုင်းတစ်စ တန်းလန်းကျန်နေခဲ့သော ကိုင်းကြိုးစကို သာ စူးစူးစိုက်စိုက် ကိုင်ကြည့်နေ၏။ အစ်ကိုလတ်ကို ဘာမျှ ပြန်မပြော သေး။ ကျွန်တော်ကမူ ကိုင်းကျင်းနားက ကြောင်ကြီး လုံးထွေး ရုန်းကန် ထားခဲ့သော ချုံပုတ်ထဲကို ဟိုဟိုသည်သည် ကြည့်နေ၏။ ကျွန်တော့် မှာ ကြောင်ကြီးကို ရလိုစိတ်နှင့် ကြိုးဖြတ်ပြီး လွတ်သွားသော ကြောင်ကြီး သည် ဝေးဝေးလံလံ မပြေးနိုင်ဘဲ သုတ်ကြိုးနှင့် ခြေတွေ၊ လက်တွေ လုံးထွေးကာ ချုံထဲ တစ်နေရာရာ ရှိနေကောင်း ရှိနေလေမလား၊ ယခု အခါ လူသံကြားသဖြင့် ငြိမ်ကုပ်နေလေသလားဟူသော မျှော်လင့်ချက် စိတ်ကူးနှင့် ချုံပုတ်ထဲ ဟိုဟိုသည်သည် ရှာကြည့်နေခြင်း ဖြစ်လေသည်။ “ကဲ…. အစ်ကိုကြီး ပြန်မယ်ဗျာ၊ ဒီလမ်းက လွတ်သွားတဲ့ ကြောင် ကြီးက ဒီလမ်းကိုတော့ ပြန်ဆင်းမှာ မဟုတ်တော့ဘူး၊ ဒါပေမဲ့ ဆီးသီး
မတုံးမချင်း ဒီကောင် တစ်လမ်းလမ်းကတော့ ဆီးတောထဲ ဆင်းဦးမှာ ပဲ၊ အဲဒီလမ်းကို ကျွန်တော်တို့ ရှာပြီး ကိုင်းကြိုးကြီးကြီးနဲ့ ထောင်လိုက် ရင် သင်း ဘယ်ပြေးမလဲ၊ ကျွန်တော်တို့ ကိုင်းထဲ ကားခနဲ နေဦးမှာပါ အေ… ဒီတစ်ခါတော့ ကိုင်းကြိုးကို ကျွန်တော်ကိုယ်တိုင် ကျစ်…. “ဟေ့ကောင်..…. မင်းက မင်းထင်ရာတွေ လျှောက်ပြောမနေနဲ့၊ ခုဟာက ကိုင်းကြိုးသေးလို့၊ ကြောင်ကိုက်လို့ ပြတ်သွားတဲ့လက္ခဏာ မဟုတ်ဘူး၊ ဒီမှာ ငါပြောမယ်၊ ကိုင်းကြိုးကြီးလေ ကြောင်က ကိုက်ကောင်းလေပဲ၊ ကြောင်သွား မင်းမြင်ဖူးတယ် မဟုတ်လား၊ ကြောင် သွားက ကျဲကျဲကွ၊ စိုက်စိုက်မဟုတ်ဘူး၊ သွားကျဲတော့ ကြိုးသေးရင် ဘယ်လောက်ပဲ ကိုက် ကိုက် ကြိုးက သွားကြားထဲဝင်နေတာ၊ ဘယ်လို လုပ် ကိုက်ဖြတ်လို့ရမလဲ၊ ငါထင်…”
“ကိုက်ဖြတ်တာ မဟုတ်ရင် ဘယ်လိုလုပ် ပြတ်တာလဲဗျ၊ ပြော စမ်းပါဦး” အစ်ကိုလတ်က ကိုင်းကြိုး ကျစ်ကြကတည်းကပင် သူ့စကား နား မထောင်သဖြင့် ကြောင်ကြီး လွတ်သွားရသည်ဟူသော ယုံကြည်ချက် နှင့် ယခုထိ အစ်ကိုကြီးကို အပြစ်တင်နေတုန်း။ “အေး… အဲဒါ ငါပြောမလို့ကွ၊ ဒီမှာတွေ့လား၊ တောကြောင်ကြီး ကိုက်ဖြတ်သွားတာဆိုရင် ကိုင်းကြိုးက ဖွာလန်ကြဲပြီးမှ ပြတ်ရမယ်၊ ခုဟာက တစ်ယောက်ယောက် ဓားနဲ့ ခုတ်ဖြတ်ထားခဲ့တဲ့ အရာမျိုးကွ၊ တို့ကိုင်းမှာ ကြောင်မိနေတာကို တစ်ယောက်ယောက် ခိုးသွားပြီလို့ ငါ ထင်တယ်” “ဟာ… ဟုတ်ပြီ အစ်ကိုကြီး၊ ဟုတ်ပြီဗျ၊ ဒီချုံထဲမှာလည်း ဓားနဲ့ ရမ်းခုတ်မိလို့ ပြတ်သွားတဲ့ သစ်ခက်တွေကို တွေ့ နေရတယ်ဗျ၊ ဒီမှာ ကြည့်၊ ဒီ ကြိမ်တန်းလက်ဆို စောစောကတင် ဓားနဲ့ ခုတ်သွားတာဗျ၊အစေးတွေတောင် မစဲသေးဘူး တွေ့လား အစ်ကိုကြီး၏ စကားကို ထောက်ခံသောအနေနှင့် ချုံထဲက အစေး တွေထွက်နေသော ကြိမ်တန်းခက်တစ်ခက်ကို ကျွန်တော် ကောက်ယူပြ လိုက်သည်။ “အေး… တစ်ယောက်ယောက် ခိုးဖြုတ်သွားတာပဲ မုချ ဖြစ်ရမယ် ကွာ၊ သိပ် သစ္စာမဲ့တဲ့ လူတွေပဲ၊ သူများ ထောင်ထားတဲ့ ကြောင်ကျမှ” “မဟုတ်ပါဘူးဗျာ၊ ဓားပါရင် ကြောင်ကို အရင် ဓားနဲ့ခုတ်သတ် မှာပေါ့ဗျ၊ ကြောင်ကို ဓားနဲ့ ခုတ်ရင် သွေးစသွေးနတွေ ဒီနားမှာ တွေ့ရ မှာပေါ့ ” “မင်း စကားထဲက ဇာတိပြနေပြီ၊ ကြောင်ကို ဓားနဲ့ခုတ်လို့ သွေး d ထွက်ရင် မင်းတို့ ငါတို့က တစ်ယောက်ယောက် သစ္စာဖောက်ပြီး သူ များမိတဲ့ကြောင်ကို ခိုးယူသွားတယ် ထင်မှာစိုးလို့ ကြောင်ကို တုတ်နဲ့ အရင်ရိုက်သတ်ပြီး ကြောင်သေမှ ကိုင်းကြိုးကို ဓားနဲ့ ဖြတ်ပြီးယူသွား တာပေါ့ကွ၊ ဒါ ရှင်းရှင်းလေးပဲ၊ မင်းထင်သလို ကြိုးသေးလို့ ကြောင် ဖြတ်သွားတာ မဟုတ်ဘူး၊ ငါတို့ကိုင်းမှာ မိထားတဲ့ကြောင်ကို တစ် ယောက်ယောက် ခိုးဖြုတ်ယူသွားတာ အမှန်ပဲ၊ ဒါ ဘယ်သူမှ မငြင်းနိုင် ဘူး” ငိုင်တွေနေသော အစ်ကိုလတ်ကို အစ်ကိုကြီးက အတိအကျနှင့် ပြတ်ပြတ်သားသား ပြောပစ်လိုက်၏။ “အစ်ကိုကြီးပြောတာ ဟုတ်ပြီဗျ၊ ဘယ် ခွေးမသားတွေ ကျွန်တော် တို့ကြောင်ကို ခိုးဖြုတ်သွားလဲ မသိဘူး၊ ဒီနားတစ်ဝိုက်မှာ ခု ကြံတဲ ဝင်နေကြတာ ဘယ်လူတွေရှိလဲ” “ဘယ်လူတွေရှိမလဲဗျ၊ ထွန်းသောင်တို့ ညီအစ်ကိုတွေ နေမှာပေါ့၊ သူ့အမေ၊ အဖေတွေကလည်း မုဆိုး၊ တံငါအလုပ် သိပ်အားပေးတော့ခု တို့ကြောင်ကို ဖြုတ်သွားတာလည်း ဒီကောင်တွေ ညီအစ်ကိုပဲ နေမှာ “အိမ်း… အားပေးတာလည်း မပြောနဲ့ကွ၊ ဒီကောင်တွေ ထောင်တဲ့ ကြက်သား၊ ငှက်သားတွေက တစ်နေ့မှ မပြတ်ဘူးလို့ သူ့အမေက ငါ့ကို တစ်နေ့က ပြောလိုက်တာ၊ ခွေးမသားတွေက တို့ကိုင်းမှာ မိနေတဲ့ ကြောင့် ကို ခိုးဖြုတ်သွားကြတာ” “ဒီလိုလုပ်မယ် အစ်ကိုကြီး၊ နေ့လယ်ကျရင် ဒီကောင်တွေ ကြံတဲ ကျွန်တော် သွားကြည့်မယ်၊ သူ့အမေကို ဘာဟင်းနဲ့စားလဲ ကြီးတော် လို့ မေးကြည့်မယ်၊ ကြောင်သားဟင်းနဲ့ဆို သူ့အမေက သူ့သားတွေ ကြောင်ထောင်တတ်နေပြီ၊ သူ့သားတွေ ကိုင်းမှာမိတဲ့ ကြောင်သားလို့ ကြွားပြီးပြောမှာ သေချာတယ်ဗျ၊ ဒါဆို ကျွန်တော်တို့ သိရပြီး ဒီကော တွေက ညီအစ်ကို နှစ်ယောက်တည်းရယ်၊ ကျွန်တော်တို့က သုံးယောက် တောင်၊ ဘာမှကြောက်စရာမလိုဘူး၊ တစ်နေ့ ဒီကောင်နှစ်ကောင်ကို လိုက်ရှာပြီး တို့ကိုင်းထဲမိတဲ့ ကြောင်ကို မင်းတို့ ဘယ်နေ့က ခိုးဖြုတ်ယူ သွားတာ မဟုတ်လားလို့ အရင်မေးမယ်၊ ငြင်းရင် ဝိုင်းထိုးကြမယ်ဗျာ၊ ဒါမှ ဒီကောင်တွေ နောက်မလုပ်ရဲဘဲ နောင်ကြဉ်သွားမယ်၊ ဒါ မကောင်း ဘူးလား” “ဟာ… ကောင်းတာပေါ့ ကိုလတ်၊ အဲဒီနည်းနဲ့ ဒီကောင်တွေကို ဆုံးမတာ အကောင်းဆုံးပဲဗျ၊ ကိုလတ်ပြောသလို ဒါမှ ဒီကောင်တွေ နောက် မလုပ်ရဲမှာ” စိတ်တိုတတ်သော အစ်ကိုလတ်၏ စကားကို ကျွန်တော်က ထောက်ခံပြောလိုက်၏။ စိတ်သဘောထား အေး၍ ကြောက်တတ်သူ အစ်ကိုကြီးကမူ… “တို့ ဒီကောင်တွေနဲ့ ဖက်ရန်ဖြစ်လို့တော့ မကောင်းဘူးထင်တယ် ကွ၊ အဖေသိသွားရင် ကြောင်ကိုင်း၊ ငှက်ကိုင်း မထောင်ရပါဘူးလို့ပြောထားရဲ့နဲ့သွားထောင်ရမလားလို့ အဖေက တို့ကိုပဲ ရိုက်မှာ” ညီအစ်ကိုတော် သုံးယောက် စကားတပြောပြောနှင့် လျှောက်လာ ကြရာ ကြံတဲနား ရောက်သောအခါ အလိုလို တောကြောင်အကြောင်း နှုတ်ပိတ်လိုက်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် မျက်နှာပိုးသတ် ကာ ကြံတဲထဲ ဝင်လာကြ၏။ ကျွန်တော်တို့ကို မြင်သောအခါ ကြံသကာအိုး မွှေနေသော အဖေ က- “သားတို့ ဘယ်က ပြန်လာကြလဲ” ဟု လှမ်းမေး၏။ “ဘကြီးတို့ ကြံတဲက အဖေ မနေ့တစ်နေ့ကမှ ကြံတဲ ဝင်လာကြသော ဘကြီးတို့ ကြံတဲက” ဟု အစ်ကိုကြီးက ပြောသည်ကို အဖေ ယုံသွားပုံရသည်။ “အေး… သားတို့ သွားလိုက်ကြတာ ကောင်းတယ်၊ အဖေကအလုပ် ရှုပ်နေလို့ သတင်းတောင် သွားမမေးရသေးဘူး၊ ဘယ်နေ့ ကြံစခုတ် ကြမယ် ပြောလဲ” “သန်ဘက်ခါမှ စခုတ်ကြမယ်လို့ ပြောတယ်အဖေ၊ ကြံဆုံပြင်နေ ကြတုန်းဗျ” အစ်ကိုလတ်က ယုတ္တိရှိအောင်ပင် ပြောလိုက်၏။ “ငါ့သားတို့ကို ကြံတဲထဲ မမြင်ရတော့ အဖေက မုဆိုး၊ တံငါ အလုပ်များ သွားလုပ်နေကြလား ထင်လို့၊ ငါ့သားတို့ မုဆိုး၊ တံငါ အလုပ်တော့ ဝါသနာမပါကြနဲ့နော်၊ ဒီနေ့မနက်ပဲ အဖေ ထင်းသွား ထမ်းတော့ တို့ကြံတဲနားက နွားလမ်းဟောင်းထဲ ဘယ်လူလာပြီး တော ကြောင်ကိုင်း ထောင်ထားတယ်မသိဘူး၊ တောကြောင်ကြီး တစ်ကောင် သုတ်ကိုင်းထဲ မိနေတာ သနားစရာပဲ၊ တစ်ညလုံး ကြောက်အား လန့်အားနဲ့ ရုန်းကန်ထားတယ် ထင်ပါရဲ့၊ ပါးစပ်ထဲလည်း အမြှုပ် တစီစီနဲ့ အဖေက အနား သွားကပ်တော့ သူ့ကို ဖမ်းဖို့လာတယ်ထင်လို့ရန်ရှာ အော်မြည်သေးတယ်၊ အဲဒါ အဖေက သနားလို့ ကိုင်းကြိုးကို ဓားနဲ့ခုတ်ဖြတ်ပြီး လွှတ်လိုက်ရတယ်၊ လူမိုက်တွေလက်ချက်နဲ့ သေတွင် ရောက်နေတဲ့ တိရစ္ဆာန် တစ်ကောင်ကို ဒီမနက် အဖေ လွှတ်လိုက်ရတာ သိပ်ဝမ်းသာစရာ ကောင်းတာ၊ ကုသိုလ်လည်း အများကြီးရမှာ၊ ငါ့သားများ အဖေပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့် ဘေးခပ်သိမ် ရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေကွယ်၊ ကဲ. … သာဓုခေါ်ကြ” ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်ရမလို၊ ငိုရမလိုနှင့် ပြိုင်တူ သာဓုခေါ်လိုက် ကြရလေသည်။ “သာဓု သာဓု သာဓု”
Uncategorized