July 30, 2025

ဖောင်သမား

ချမ်းငြိမ်းကျော်
ဖောင်သမား

(တစ်)

“ကိုလူမော်ရေ … ကြည့်စမ်းပါအုံးတော်။ မိုးသားတွေ မဲပြီး တက်လာလိုက်တာ။ ကွင်းချောင်းဖျားမှာ မိုးရွာနေပြီနဲ့ တူတယ်တော် ”

မမယ်ခ၏ အားရဝမ်းသာ အော်ဟစ်သံကြောင့် အိမ်အပြင်သို့ ကိုလူမော် ထွက်ကြည့်လိုက်၏။ ပဲခူးရိုးမကြောဝယ် မိုးသားများ မည်းမှောင်လျက် သဲကြီးမဲကြီး ရွာနေဟန် ရှိသည်။

မိုး … မိုး … မိုး၊ မိမိနှင့်တကွ လယ်သမားများအားလုံး မျှော်လင့်တောင့်တလျက်ရှိသော မိုး။

ယခု ရွာလာချေပြီ။ သည်နှစ် သင်္ကြန်ပြီးစက မိုးသည်းထန်စွာ ရွာသွန်းခဲ့၏။ ထိုမိုးနှင့်အတူ မိုးသီးများစွာ ပါလာသဖြင့် လယ်သမားတို့ စိုးရိမ်ခဲ့ကြ၏။ မိုးဦးလေဦးကျတွင် မိုးသီးများ ပါလာပါက မိုးခေါင်တတ်သည်ဟု တောင်သူတို့ အယူရှိကြသည်။

ထင်သည့်အတိုင်းပင် သည်နှစ် မိုးဦးခေါင်နေသည်။ စိုက်ပျိုးပြီးစ လယ်များမှ စပါးပင်များ ခြောက်သွေ့စ ပြုလာကြပြီ။ အချို့လယ်သမားများ လယ်ပင် မစိုက်ကြရသေး။ မိုးအရွာကို စောင့်စားနေကြသည်။

မိုးရွာရေးအတွက် လွန်ဆွဲကြ၊ မိုးခေါ်ကြ၊ ငါးရံ့မင်း ပရိတ် ရွတ်ကြ၊ နတ်ပသကြနှင့် အတော်ပင် အလုပ် ရှုပ်သွားကြသည်။

ဟော … ခုတော့ မိုးရွာလာပါပြီ။

မိုးကို တောင်သူလယ်သမားများသာ တောင့်တကြသည် မဟုတ်။ ကိုလူမော်တို့လို သစ်မျှောသမားများလည်း တောင့်တကြလေသည်။ မိုးရွာမှ ကွင်းချောင်း ရေစီးမည်။ ကွင်းချောင်းရေစီးမှ ကိုလူမော်တို့ သစ်မျှော၍ ဖြစ်မည်။

အနည်းဆုံး သူတို့ရွာဘေး ကွင်းချောင်း သံတံတားကြီးမှပင် မျောလာသော သစ်လုံးများကို ဆယ်တင်ဦးတော့ သစ်တောဌာနမှ တလုံး ငါးကျပ်နှုန်း ရှင်းပေးသည် မဟုတ်လား။

ကိုလူမော်တို့ မိသားစုမှာ လက်လုပ်လက်စားသမားများ ဖြစ်ကြ၏။ ကွင်းချောင်းသံတံတားကြီးဘေးရှိ ရွာတွင် နေထိုင်ကြသည်။ ထိုသံတံတားကြီးကို အစွဲပြု၍ သူတို့ ရွာကလေးကို “သံတံတားကြီးရွာ” ဟု သမုတ်ထားကြသည်။

ကိုလူမော်တွင် သားသမီးက ငါးယောက်။ နွေဘက်တွင် စားအိုးစားခွက် အပြည့်အစုံနှင့် ပဲခူးရိုးမသို့ တက်ကာ မီးသွေးဖုတ်သည်။ ဒါကလည်း ရရစားစား၊ ဝါးဝါးမျိုမျိုပင် ဖြစ်သည်။ သမင်မွေးယင်း ကျားစားယင်း ဆိုသလို မတ်တတ်စာသာရှိသည်။ တုံးလုံးစာ မရှိ။

မိုးတွင်းဘက် ပျိုးနုတ်ရသမျှမှာလည်း စားဖို့ အလျဉ်မီရုံသာ။

အခုဆိုလျှင် သားကြီးမျိုးကျော်က လေးတန်း၊ သမီး ခင်နှင်းဝေက နှစ်တန်း၊ ခင်သက်မာက သူငယ်တန်း၊ နို့ ညှာအထက်ကောင် ထွန်းလင်းက ကျောင်းပျော်လိုက်နေပြီ။

အကြီးနှစ်ယောက်အတွက် စာအုပ်စာတမ်းဖိုးက ဇူလိုင်လထဲ ရောက်နေပြီ၊ ခုထိ မပေးရသေး။ ကျောင်းဝတ်စုံကလေးမှပင် သူများနည်းတူ ဝယ်မပေးနိုင်။ ကလေးတွေ မကြာခဏ ပူဆာကြသော်လည်း တခါတရံ မကြားဟန်၊ မသိဟန် ဆောင်နေလိုက်ရသည်။

မမယ်ခကလည်း နို့ညှာတဘက်၊ ကိုယ်ဝန်က နေ့ လစေ့ကြီးနှင့် သည်နှစ် ကောက်စိုက်ပင် မလိုက်နိုင်။

သားသမီးများ ကျောင်းစရိတ်၊ မမယ်ခ၏ မီးဖွားစရိတ်အတွက် ကိုလူမော် မိုးကို မျှော်ခဲ့သည်။

ယခု မိုးရွာနေပြီ။ မိုးရွာလျှင် ကွင်းချောင်း ရေစီးတော့မည်။ ဒါမှလည်း သူတို့ဘဝ စားဝတ်နေရေး ပြေလည်မည် ဖြစ်သည်။

“ဘယ်လိုလဲ ကိုလူမော်၊ တော် သွားမယ်မဟုတ်လား။ ဘာစဉ်းစားနေတာလဲ၊ အေးမောင်တို့လူသိုက်တောင် သွားကုန်ကြပြီ။ တော့်မလဲ အစား နောက်ကျ၊ အသွား နောက်ကျနဲ့။ သေတော့ ရှေ့ကဖြစ်နေအုံးမယ်”

“အေးပါ မယ်ခရ … ငါလဲ သွားဖို့ပါပဲ။ ဒါပေမယ့် ဒီတပတ် တယောက်တဲ မျှောရကောင်းမလားလို့ စဉ်းစားနေတာ”

“တော့်နှယ်တော် … သစ်တလုံးကို ဆယ့်ရှစ်ကျပ်၊ ဆယ့်ငါးလုံး နှစ်ရာ့ခုနစ်ဆယ်တော်။ ဒါမှ ကလေးတွေ စာအုပ်ဖိုး၊ ကျောင်းဝတ်စုံဖိုးနဲ့ ကျုပ် မီးတွင်းမှာသုံးဖို့ လုံလောက်မှာ။ အကို အ,တယ်။ ပိုက်ဆံပေးပြီး အရမယ်ဆိုယင် တော် ဒီထက် မွဲအုံးမယ် … သိလား။ တယောက်ထဲပဲ မျှောပါတော်”

မမယ်ခ ပြောတာလည်း မှန်ပေသည်။

ကွင်းချောင်း သစ်တောကြိုးဝိုင်း၊ လက်ခုပ်ပင်ဆိပ်မှ ကညွတ်ကွင်း သံတံတားကြီးအထိ တလုံး ဆယ့်ရှစ်ကျပ်။ စစ်တောင်းမြစ်ဝ နတ်သံကွင်းအထိ သစ်တလုံး နှစ်ဆယ့်နှစ်ကျပ်နှုန်း ရှင်းပေးသည်။ တတ်နိုင်လျှင် နတ်သံကွင်းအထိ မျှောလိုက်ချင်သည်။ သို့သော် မရ။ မမယ်ခအတွက်က ရှိသေးသည်။ ဘာပဲဖြစ်ဖြစ် ဒီတပတ် သူတစ်ယာက်တည်း မျှောမည်။ သူ့မှာ အတွေ့အကြုံ ရှိတန်သလောက် ရှိခဲ့ပြီပဲ။

နောက်ဆုံး ကိုလူမော်တယောက် ခေါင်းငိုက်စိုက်ဖြင့် ပဲခူးရိုးမ လက်ခုပ်ပင်ဆိပ်သို့ ထွက်လာခဲ့သည်။ ရိုးမဆီမှ ပြေးဝင်လာသော မိုးစက်မိုးပေါက်အချို့ သူ့မျက်နှာသို့ လာရောက်ထိမှန်သည်။

မိုးဖွဲဖွဲ ကျလာပြီ။ မိုးစက်ပွင့်များကြောင့် သူ့မျက်နှာသည် လန်းဆန်းလာသည်။ မိုးသက်လေနုအေးကြောင့် သူ့ရင်တွင်း ခွန်သစ်အားသစ်များ တိုးလာသည်ဟု ထင်လိုက်ရသည်။

xxx xxx xxx

(နှစ်)

သစ်တောကြိုးဝိုင်းမှ သစ်တုံးများသည် တောင်စ အထပ်ထပ်ကို ကျော်ဖြတ်ယင်း မျောပါလာကြသည်။ ထိုသစ်တုံးများကို တောင်ခြေမြေပြန့် လက်ခုပ်ပင်ဆိပ်မှ ဆယ်တင်လျှင် သစ်တလုံး သုံးကျပ်နှုန်း ရှင်းပေးသည်။

ဆယ်တင်ထားသော သစ်လုံးများထဲမှ ကြိုက်နှစ် သက်ရာ သစ်လုံးများကို ရွေးချယ်၍ ဖောင်သမားတို့ ဖောင်ဖွဲ့ကြရသည်။ ဖောင်တဖွဲ့လျှင် သစ်လုံး ဆယ့်ငါးလုံး ဖွဲ့ရသည်။
ဖောင်ဖွဲ့မည့် သစ်လုံးများသည် ကြီးလွန်းလျှင် မကောင်း၊ ရေမြုပ်မည်။ ထို့ကြောင့် အသင့်အတင့်ရှိသော သစ်လုံးများနှင့် ရောနှော၍ ဖောင်ဖွဲ့ကြရသည်။

ကိုလူမော်သည် ဖောင်ကို မနီလာကြိုး၊ ကြိမ်ကြိုး များဖြင့် နိုင်ခံအောင် တုပ်နှောင်လိုက်သည်။သို့မှလည်း အထိအခိုက် အတိမ်းအစောင်း ခံနိုင်မည်ဖြစ်သည်။

“ကိုလူမော်ရေ… ဖောင်ဖွဲ့ပြီးပြီလား။ ကျုပ်တို့အဖွဲ့ စထွက်ကြအောင်ဗျို့။ သိပ်ပြီး နေမြင့်လာယင် မကောင်းဘူး”

“နေအုံး အေးမောင်ရေ့ ၊ ကွဲ မသတ်ရသေးဘူးကွ။ ဖောင်ဖွဲ့လို့တော့ ပြီးတော့မယ်။ မင်းပြီးယင်လဲ ကွဲတိုင်တလုံးလောက် ခုတ်ပေးပါအုံးကွ”

ကွဲတိုင်ဆိုသည်မှာ ခြောက်တောင် ခုနစ်တောင်ခန့် ရှိသည့် သစ်လုံးတောင့်တောင့်ကို တဘက်ချွန်ထားပြီး ကြိုးချည်ရသည်။ ကျန်ကြိုးတဘက်ကို ဖောင်ဖွဲ့ထားသည့် သစ်လုံးအလယ်လုံး၏ နဖားတွင် ချည်ထားလိုက်လျှင် ပြီးသည်။

ဖောင်သမားအဖို့ ကွဲတိုင်သည် ကျောက်ဆူးသဖွယ် ဖြစ်သည့်အပြင် ပဲ့သဖွယ်လည်း အားကိုးရသည်။ ၎င်းကိုပင် ကွဲသတ်သည်ဟု ဖောင်သမားတို့ ခေါ်ကြသည်။

ကိုလူမော် ဖောင်ခဲ့ပြီးသောအခါ နေမွန်းတည့်လုပြီ ဖြစ်သည်။ ပဲခူးရိုးမအတွင်း ဖိုးခေါင်ငှက်တွန်သံ ကြားနေရသည်။ သစ်တောက်ငှက်၊ တောင်ဘီစူးငှက်၊ ယောက်ဖခွေးခေါ်ငှက်တို့ တေးဖွဲ့နေကြသည်။

ထို ကျေးငှက်သံများ၊ တောကောင်များ၏ အသံနှင့် ဆန့်ကျင်ဘက် သစ်ဆွဲသံ၊ သစ်ဆယ်သံ၊ ဖောင်ဖဲ့သံ၊ ကွဲတိုင်ခုတ်သံတို့ဖြင့် ဆူညံနေသည်။

ကိုလူမော်သည် သစ်လုံးထုတ်ပေးသူ ဦးဌေးမြင့်ထံမှ သစ်လုံးများ လက်ခံရရှိကြောင်း ဖြတ်ပိုင်းစာရွက်ကလေးကို အသင့်ပါလာသည့် ပလတ်စတစ်အိတ်ဖြင့် လုံအောင်ပိတ်လျက် အိတ်ထဲသို့ ထည့်လိုက်သည်။ ထွက်မကျစေရန် တွယ်ချိတ်ဖြင့် ကန့်လန့်ဖြတ်လျက် တွယ်ထားလိုက်၏။ ဖြတ်ပိုင်းပျောက်သွားလျှင် သစ်မျှောခ ရတော့မည်မဟုတ်။

“ကိုင်း … စပြီဟေ့”

အားလုံး ဖောင်ဖွဲ့ပြီးပြီ။ ဖောင်များကို ရေသို့ လူအား ဖြင့် ဝိုင်းဝန်းတွန်းချကြရသည်။

ကိုလူမော်တို့အဖွဲ့ ဆယ့်နှစ်ဦးစ၍ မျှောကြလေပြီ။ ကိုလူမော် ဖောင်က နောက်ဆုံးမှ ဖြစ်သည်။ ကိုလူမော်သည် ကွဲတိုင်ကို ဖောင်ပေါ်တင်ယင်း ရေအိုးစင်ဝဲအတွက် အားသစ်မွေးထားလိုက်သည်။

xxx xxx xxx

(သုံး)

ဖောင်မျှောရာ လမ်းတလျှောက် မှုတ်ဝဲ၊ စုပ်ဝဲ၊ လှည့်ဝဲတွေ ရှိကြသည်။ သာမန် ဝဲတွေကိုတော့ ကိုလူမော်တို့ လွတ်အောင်ရှောင်နိုင်သည်။ ကွဲတိုင်ကို ပဲ့သဖွယ် အသုံးချပြီး ဖောင်ကို ထိန်းပေးရသည်။

သည်အလုပ်ကလည်း မလွယ်လှ။ ကွဲတိုင်က ဘက်ပြန်ပြီး ဦးဆက်ရိုက်မိလျှင် သေပြီသာမှတ်ရော့။ ရေနက်လျှင် ရေဆင်းငုပ်ပြီး ကွဲတိုင်ကို မြေပြင်သို့ ထောက်ရသည်။ သို့မှ ကွဲတိုင်က ထယ်ထိုးသလို မြေကိုခွဲပြီး တဖြည်းဖြည်း ဖောင်ရပ်သွားသည်။

ဖောင်နားလိုလျှင် ကွဲတိုင်ကို ကိုင်ပြီး ကမ်းစပ်သို့ အယင်ကူးရသည်။ နောက်မှ ကွဲတိုင်ကို စိုက်ကာ ဖောင်ကို တဖြည်းဖြည်း ဆွဲကပ်ယူရသည်။

ရေအိုးစင်ဝဲက စုပ်ဝဲ၊ လှည့်ဝဲ။ ကံကောင်းလျှင် ဆယ့်ငါးမိနစ်ခန့်သာ လှည့်ပြီး ကံမကောင်းလျှင်တော့ နာရီဝက်ကျော်ကျော်နှင့် ဝဲထဲက မလွတ်တတ်။

ကိုလူမော်တို့ ဖောင်သမားတွေ အကြောက်ရွံ့ဆုံးက ရေအိုးစင်ဝဲ။

သိကြောင့်လည်း ကိုလူမော်က ဖောင်ကို ရှေ့ဆုံးမှ မမျှော၊ နောက်မှ မှေး၍ လိုက်ခဲ့သည်။

ဖောင်သမားတွေအားလုံး ဝဲဂယက်မှာ ရုန်းကန်လှုပ်ရှား သွားကြသည်။ လွယ်လွယ်ကူကူ ရသွားသူများရှိသလို ရုန်းယင်းကန်ယင်း လွတ်မြောက်သွားသူတွေလည်း ရှိကြသည်။

မကြာလိုက်ပါ။ ကိုလူမော် တွက်ဆထားသည့်အတိုင်း ရေအိုးစင်ဝဲသို့ ရောက်လာ၏။ ကျောက်တုံး ကျောက်ခဲများနှင့်ရိုက်ကာ လှိုင်းလုံးကြီးများ အပေါ်သို့ တက်လျက်ရှိ၏။ ရေသံတွေက စိတ်ချောက်ချားစရာ တဝေါဝေါ အော်မြည်လျက် ရှိသည်။

ကိုလူမော်သည် အဝေးကပင် ကြိုတင်လျက် ကွဲတိုင် ကို နိုင်နိုင်နင်းနင်းကိုင်ကာ ဝဲမှ လွတ်မြောက်ရန် ကြိုး ပမ်းသည်။ သို့သော် မရ။ ကွဲတိုင်နှင့်အတူ ဝဲထဲသို့ ပြေးဝင်သွားတော့သည်။

ဘေးမှ အော်ဟစ်သံ၊ ရယ်မောသံတို့ကို မကွဲမပြား ကြားလိုက်ရ၏။

အချို့က ဝဲသို့ရောက်လျှင် သတိပေးသူ အားပေးသူတွေ ရှိကြသလို လှောင်ပြောင်ရယ်မောစရာအဖြစ် သဘောထားတတ်သူများလည်း ရှိကြသေးသည်။

ကိုလူမော်သည် ဖောင်နှင့်အတူ ရေအောက် ပါသွားသည်။ ဖောင်သည် အထက်သို့ ထောင်ကာ ရေပြင်ပေါ်သို့ ပေါ်လာသည်။ သစ်တုံးများထိပ်တွင် ကိုလူမော် ပါလာသည်။ ပေါ်လာခိုက် အသက်ကို တဝကြီး ရှူထားလိုက်သည်။ ဤသည်ပင်လျှင် နှာခေါင်း၊ ပါးစပ်၊ နားများထဲသို့ ရေများ ဝင်ဖြစ်အောင် ဝင်သွားလိုက်သေးသည်။

ဝဲထဲတွင် ဘယ်နှစ်ပတ်လောက် မြုပ်ချည် ပေါ်ချည် ဖြစ်နေသည်ကို ကိုလူမော် မမှတ်မိတော့။ ဝဲမှလွတ်လာတော့ ကိုလူမော် ပင်ပန်းနေချေပြီ။ ခေါင်းထဲမှာလည်း အုံခဲနေသည်။ မျက်လုံးများမှာ ကျိန်းစပ်နီရဲနေသည်။ တကြိမ်တွင် သစ်လုံးနှင့်ခေါင်း ရိုက်မိဖို့ သီသီကလေး လွဲသွားသည်။ ရိုက်မိလိုက်လျှင်တော့ မလွယ်။

အမှန်က သူရှေ့ဖောင်တွေနှင့် ကပ်လိုက်ဖို့ကောင်း သည်။ ခွာလိုက်မိသည့်အတွက် ဝဲထဲသို့ သူ့ဖောင် ရောက်သွားခြင်း ဖြစ်သည်။
ယောက်ျားဖောင်စီး၊ မိန်းမမီးနေဆိုသည်မှာ ကိုလူ မော်တို့ ဖောင်သမားတွေမှ အစစ်။ ဧရာဝတီ၊ ရွှေလီထဲက ဖောင်သမားတွေလို အိမ်ဖွဲ့ပြီး ဇိမ်နှင့် မလိုက်နိုင်။ တကယ့်သေတွင်းကိုမှ တူးနေရသည်။ သေမင်းကိုမှ စိန်ခေါ်နေရသည်။ ရန်သူမျိုးငါးပါး အပါအဝင် ရေနှင့် မိတ်ဆွေဖွဲ့နေကြရသည့် သူတို့ဘဝ။

အဆန်ခရီးသည် ပင်ပန်းလှသည်ဟု ဆိုကြသည်။

ကိုလူမော်တို့ ခရီးက အစုန်ခရီး။ သို့သော် အစုန်ခရီးမို့ ရေသာခို လိုက်နေ၍ မရ။ အဆန်လမ်းနည်းတူ လှုပ်ရှားရုန်းကန်နေရသည်။ သက်စွန့်ဆံဖျား လုပ်ကိုင်ရသည် ။ အစုန်ခရီး၏ ဝေဒနာကို ကိုလူမော်တို့ ဖောင်သမားသာ သိပါသည်။ ခံစားနေကြရပါသည်။ အစုန်လမ်းလည်း ပန်းပါသည်၊ ကြမ်းပါသည်။

ရေအိုးစင်ဝဲက လွတ်လာမှ ကိုလူမော် စိတ်အေးသွားရသည်။ မင်းလမ်းကူး ရွာအနီးရောက်တော့ ဖောင်ကပ်လိုက်သည်။ ကမ်းနဖူးရှိ မောင်မြင့်တို့တဲမှ ဆေးလိပ်တစ်လိပ်တောင်းပြီး မီးညှိသောက်လိုက်၏။

ထိုစဉ် ရွာဘက်မှ ထွန်းမောင်ကြီး ရောက်လာသည်။ ကိုလူမော်ကို မြင်မြင်ချင်း စတင်နှုတ်ဆက်လိုက်သည်။

“ဟော… ကိုလူမော်ကြီးပါလား၊ မင်းလမ်းကူးမှာ ဖောင်တော်လာပြီး တင်နေတာကိုး”

“ဟ … ငါက ဘုန်းရှင် ကံရှင်ကွ။ အလောင်းစည်သူလို မင်းမျိုးမှ ဖောင်စကြာ လှည့်နိုင်တာ မဟုတ်ဖူး။ လူမော်တို့လဲ လှည့်နိုင်သပ။ အလောင်းစည်သူလို ဖောင်စကြာဆိုက်တယ်ဆိုပြီး ဒီနေရာမှာ ဇမ္ဗူကျော်ကြားအောင် လူမော်ဘုရားဆိုပြီး တည်လိုက်မယ် … သိလား”

အသားမည်းမည်း ဘောင်းဘီဘိုတထည်ဖြင့် ဖောင် ပေါ်တွင် မျောက်ထိုင်ထိုင်နေသော ကိုလူမော်ကို ကြည့်ယင်း ထွန်းမောင်ကြီး ပြုံးသွားသည်။

”ကိုင်း … ဘုရားတကာကြီးရေ၊ အလုပ်အရေးကြီးလို့ သွားလိုက်အုံးမယ်”

“အေး… အေး… သွား… သွား၊ ငါလဲ ဆက်ထွက်ရအုံးမယ်ကွ။ ရှေ့ကကောင်တွေတောင် ဘယ်ရောက်နေပြီလဲ မသိဘူး”

ကွဲတိုင်ကိုချွတ်လျက် ကမ်းမှခွာမည်ပြုစရှိသေး ကိုရွှေတယောက် အပြေးကလေး ရောက်လာသည်။

“ဟေ့ … လူမော် နေပါအုံးကွ … ပြောစရာနဲနဲရှိလို”

ကိုလူမော် သိလိုက်ပါပြီ။ ကိုရွှေလိုလူစား ဘယ်လို အစားဆိုသည်ကို သူသိပြီးသား။ သို့သော် မသိဟန်ပြုကာ ကွဲတိုင်ကို ပြန်စိုက်ယင်း မေးလိုက်သည်။

“ဘာများလဲဗျ ကိုရွှေရ”

“ဒီလိုကွ လူမော်ရ၊ မင်းဖောင်ထဲက သစ်တလုံး ဖြုတ်ပြီး ရောင်းခဲ့ပါလားကွ”

“ဘာပြောတယ်ဗျ”

ကိုလူမော့်အသံသည် ပဲခူးရိုးမမှ ပဲ့တင်သံ ပြန်လာ သလားဟုပင် ထင်လိုက်ရသည်။ မျက်နှာတခုလုံး ဒေါသကြောင့် နီရဲလာသည်။ အသားများလည်း တဆတ်ဆတ်တုန်လျက် ရှိသည်။

“ဒီမှာကိုရွှေ … သစ်တလုံးပျောက်ယင် ဘယ်လောက် လျော်ရတယ်ဆိုတာလဲ ခင်ဗျားသိတယ် မဟုတ်လား”

“ဒါကြောင့် ပြောတာပေါ့ကွ။ မင်းက သစ်လုံးဖိုး အစိုးရကို လျော်လိုက်။ ပိုတာကို မင်းသုံးအုံးတော့၊မင်းကို ဖောင်တဖွဲ့စာ ပုံပေးမှာပါကွ။

နောက်ပြီး မင်းနဲ ငါနဲ့ တခြားလူတွေမှ မဟုတ်ပဲ။ နှုတ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်းဆိုသလို အကူအညီပေးရတာပါ။ မင်းအခက်အခဲကိုလဲ ငါ သိပါတယ်။ ဘယ်လိုလဲ … ရောင်းခဲ့မယ် မဟုတ်လား”

လာလာချည်သေး၊ မိမိကိုယ်ကျိုးအတွက် အစိုးရ သစ်လုံးကို ခိုးဝယ်ပြီး နှုတ်၏ စောင်မခြင်းလေး ဘာလေးနှင့် ကိုယ်ကောင်းစကား ပြောလိုက်သေးသည်။

ဒါမျိုးနဲ့ လူမော်တို့ကို လှိမ့်လိုမရ။

သစ်တောကြိုးဝိုင်းမှာ ကိုရွှေတို့ မှောင်ခိုလွှစင်ထောင်။ ဖမ်းဆီးသူတွေကို ငွေပေးပြီး သစ်ဆွဲလိုဆွဲ။ခုတော့ ပါတီကောင်စီတွေကဖမ်းတော့ ကိုလူမော်တို့ ဖောင်သမားတွေဘက် ခြေဦးလှည့်လာကြပြန်သည်။ ဒါကို မသိဘူး မှတ်လို့။ လူမော်တို့ကို ဒီလိုနည်းမျိုးနဲ့ စည်းရုံးလို့ မရ။

“ဒီမယ် ကိုရွှေ … ကျုပ်လျှာ မြက်ပေါက်ပါစေ၊ ကျုပ် တို့မိသားစု အငတ်ခံသေသွားမယ်။ ကျုပ်တို့တော့ ပြည်သူပိုင်ပစ္စည်းကို ဘယ်တော့မှ အလွဲသုံးစား မလုပ်ဘူး။တနပ်စားဥာဏ် ဘယ်တော့မှ မကြံဘူး … သိလား။

ခင်ဗျားတို့ ဝိသမသမားတွေကြောင့် ကျုပ်တို့ ဆင်းရဲတွင်း နစ်နေတာဗျ။ ဟေ့လူ… ထွက်သွားဗျာ… ထွက်သွား။ ကျုပ် ဒေါသဖြစ်လာပြီ”

ပြောပြောဆိုဆို ဖောင်ကို ကမ်းမှ အလျင်ခွာပြီး ထွက်လာခဲ့သည်။

မွဲချင်သည်ခွေး ပြာပုံတိုးတယ်လို့ ဆိုချင်ဆို။ အေးစေချင်လို နတ်ပြည်ပို့ခါမှ ဖင်အေးတယ်ဆိုကာ ခုန်ချသူလို့ ပြောချင် ပြော။ မမှုရေးချ မမှု။

သို့သော် သူ၏ ကိုယ်ကျင့်တရားကို ထိခိုက်လာသည်ကိုတော့ နည်းနည်းမှ သည်းမခံချင်။

ကိုလူမော့် ဘဝတလျောက်မှာ ကြုံရာလွှင့် သင့်ရာ နေခဲ့သည်။ ဟိုအကွေ့ ဟိုတက်နှင့်လှော်။ သည်အကွေ့ သည်တက်နှင့် လှော်ခဲ့သည်။ လောကဓံကို ကြံ့ကြံ့ခံခဲ့သည်။ ဆင်းရဲလေလေ သံဝေဂရရ ဆိုသလို မကောင်းမူမှန်သမျှ ဝေးဝေးရှောင်ခဲ့သည်။ မရှိခိုးနိုး၊ မလှစုန်းယိုး ဆိုသလို အထင်အမြင်အသေးမခံချင်။

ဘယ်မျှ တွေးမိနေသည်မသိ။သူ့ ဖောင်သည် ကျိုင်းအုံရွာဘက်သို့ တဖြည်းဖြည်းကပ်လာသည်။

သည်နေရာမှာ အန္တရာယ်က တခု။

ဝဲ မဟုတ်၊ ဧရာမ သစ်မြစ်ဆုံကြီး။

သည်နေရာက ဖောင်ဦးနှင့် တည့်နေသည်။ ချောင်းက သည်အနားမှ ကွေးသွားသည်။ သည်နေရာမှ သစ်မြစ်ဆုံနှင့် တိုက်မိပြီး ဖောင်ပျက်သွားလျှင် မျှောခဲ့သမျှ အလကားဖြစ်ပြီ။

ကွဲတိုင်ကို ကိုင်ကာ ဖောင်ကို အရှိန်သတ်လိုက်သည်။ သို့မှ သစ်မြစ်ဆုံနှင့် တိုက်မိဦးတော့ မပြင်းထန်သဖြင့် ဖောင်လည်ထွက်သွားရုံသာ ရှိမည်။

မျှော်လင့်သည့်အတိုင်းပင် သစ်မြစ်ဆုံကို အသာတိုက်မိကာ ဖောင် လည်ပြီး ထွက်သွားသည်။
သစ်မြစ်ဆုံက လွတ်လာတော့ အေးမောင်တို့ဖောင်တွေ ကျိုင်းအုံရွာဘေးမှာ တသီကြီး တန်းစီထားသည်ကို တွေ့ရသည်။ သူ့ကို စောင့်နေကြခြင်း ဖြစ်မည်။

“ကြာလှချည့်လား ကိုလူမော်ရ။ ကျုပ်ဖြင့် ခင်ဗျားဖောင် သဲသောင်ပေါ်တင်နေလို့ ဆွဲချရပြီ ထင်နေတာ”

“မဟုတ်ပါဘူးကွာ … ထွန်းမောင်နဲ့ ကိုရွှေ တွေ့တာနဲ့ စကားလက်ဆုံကျနေလို့ပါ”

xxx xxx xxx

(လေး)

ကွဲတိုင်ကိုဖြုတ်၍ ဖောင်များ တစုတဝေးတည်း ထွက်ခဲ့ကြသည်။

မထွက်၍ မဖြစ်။ မော်ကလိုချောင်းကို ကြောက် ရသည်။

ဆင်ဆိပ်နှင့် မိကျောင်းအိုင်ရွာများကိုကျော်လျှင် မော်ကလိုချောင်းကို တွေ့ရတော့မည်။

မော်ကလိုချောင်းက ကွင်းချောင်းမှ ခွဲထွက်သွားသည့် ချောင်းလက်တက်တခု ဖြစ်သည်။ ဖောင်ဦးက ကွင်းချောင်းနှင့် မတည့်။ သို့ကြောင့်လည်း သူတို့ သစ်ဖောင်များ မော်ကလိုချောင်းထဲ ဝင်သွားမှာကို စိုးရိမ်ကြသည်။ မော်ကလိုထဲ ဝင်သွားလျှင်တော့ ဖောင်ဆုံးပြီ။

သည်တော့ ကိုလူမော်တို့ ဖောင်သမားတွေ မိမိတို့ဖောင်တွေကို ကွင်းချောင်းထဲ ဝင်အောင် စုပေါင်းအားနှင့် လုံးပန်းကြရသည်။ ထို့ကြောင့်လည်း ဖောင်မျှောလျှင် အဖွဲလိုက် မျှောကြခြင်း ဖြစ်သည်။

သူတို့၏ တတိယအန္တရာယ်သည် မော်ကလိုချောင်း။ မော်ကလိုက လွတ်လျှင်တော့ ဖောင်သမားများ အန္တရာယ်ကင်းပြီ။ စိတ်ချလက်ချ မျှော၍ရသည်။

ဟော… ပြောယင်းဆိုယင်း ရောက်လာချေပြီ။ ထင်သည့်အတိုင်း ဖောင်ဦးများသည် ရေစီးကြောင်းနှင့်အတူ မော်ကလိုချောင်းတွင်းသို့ ဦးတည်နေ၏။

“ဟေ့ … အေးမောင်တို့ ဆင်းကြလေကွာ၊ ဘာငိုင် နေတာလဲ။ ဖောင်ဦးက မော်ကလိုဘက်ကို လှည့်နေပြီ မဟုတ်လား”

ကိုလူမော်က စိုးရိမ်သဖြင့် အော်ပြောလိုက်သည်။

အေးမောင်တို့ လူငယ်တွေက ပြုံးကြသည်။ ငယ်စဉ်တုန်းကလည်း သူတို့လိုပါပဲလေ။ အားတွေ၊ မာန်တွေ လုံ့လတွေနှင့် မိမိကိုယ် မိမိ ယုံကြည့်စိတ် ရှိခဲ့သည်။

ခုတော့ ကိုယ်ကကျူး ကိုယ့်ဒူးပင် မယုံရ ဆိုသလို မိမိကိုယ် မိမိ စိတ်မချလှ။ အသက်ကလေးကလည်း ရလာခဲ့ပြီ မဟုတ်လား။ စိတ်သွားတိုင်း ကိုယ်မပါတော့။ မာန်သာ ရှိသည်၊ အင်အားက မလိုက်နိုင်တော့။

“ဟား… ဟား…. ဟား၊ ဘာမှ မပူနဲ့ အဖိုးကြီး။ အေးမောင်တို့က အံတိုနေပြီ … ကြည့်ထား”

ပြောပြောဆိုဆို အေးမောင်နှင့် လူငယ်တသိုက် ဖောင်များကို သံချိတ်ဖြင့် ချိတ်ကာ မနီလာကြိုး၊ ကြိမ် ကြိုးများဖြင့် ကမ်းဘက်သို့ ကူးသွားကြသည်။ ကမ်းသို့ရောက်လျှင် ဖောင်များကို ကြိုးဖြင့်ဆွဲကာ ကွင်းချောင်းဘက်သို တည့်ပေးကြသည်။

ဖောင် တစင်းပြီး တစင်း ကွင်းချောင်းဘက် ဝင်သွားကြသည်။ မကြာမီ ဖောင်များအားလုံး ကွင်းချောင်းဘက် ဦးတည်ကာ ပြောင်းလာကြသည်။

“ဟေး… ဆွဲလိုက်ကွ၊ တည့်လာပြီ… တည့်လာပြီ”

“ဟေး… လွတ်ပြီကွ”

ဖောင်များအားလုံး မော်ကလိုဘက် ကွင်းချောင်းထဲသို့ ဝင်ရောက်သွားပေပြီ။ လူငယ်များ၏ အားရဝမ်းသာ အော်ဟစ်သံသည် အင်အားကို ပြည့်စေသည်။ အမောပြေစေသည်။ ခုမှပင် ကိုယ့်ဖောင် ကိုယ့်စီးကာ အေးအေးလူလူ လိုက်နိုင်တော့သည်။

ကိုလူမော်သည် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ကောင်းကင်ပြင်သည် ကြည်လင်လျက် ရှိသည်။

ဗျိုင်းတအုပ်မှာ အိပ်တန်းဆီသို့ ပျံသန်းသွားကြသည်။

နေပူရှိန် ကျဆင်းသွားသဖြင့် ကွင်းချောင်းရေကို ဖြတ် တိုက်လာသည့် လေနုအေးက ဖောင်သမားများကို လာရောက်နှုတ်ဆက်လာသည်။

လူငယ်တွေက ခေတ်ပေါ်တေးကို ဆိုလျက် လိုက်ပါလာသည်။

ကိုလူမော် တေးမဆိုနိုင်။ ပင်ပန်းသမျှ အမောဖြေယင်း လိုက်ပါလာခဲ့သည်။ သူ့မျက်စိထဲဝယ် ကိုယ်ဝန် နေ့စေ့လစေ့ကြီးဖြင့် မျှော်နေမည့် မမယ်ခ၏ မျက်နှာကို မြင်ယောင်လာသည်။

မမယ်ခများ မီးဖွားနေပြီလား။

စိုးရိမ်စိတ်များ ဝင်ရောက်လာသည်။

တဖန် ကလေးတွေမျက်နှာ မြင်ယောင်လာပြန်သည်။ ကလေးတွေ စာအုပ်ဖိုးရလျှင် ပျော်မည်။ စာအုပ်ဖိုး ကိုယ်စီကိုင်လျက် ပြုံးပျော်နေကြမည့် ကလေးများအား မြင်ယောင်လာသဖြင့် ကိုလူမော့် ရင်တွင်း ကြည်နူးသွားရသည်။

“ဟေ့ … ကိုလူမော်ကြီး၊ ဘာလို့ တယောက်တဲ ပြုံးနေတာလဲ၊ စိတ်မှကောင်းသေးရဲလား၊ ဖောင်ကပ်ဖို့ ပြင်လေဗျာ”

ဟန်လှ အော်ဟစ်သတိပေးလိုက်မှပင် သူ့အတွေးများ ပြတ်တောက်သွားရသည်။ ဘာလိုလိုနှင့် ကွင်းချောင်းသံတံတားကြီးအနားတောင် ရောက်ပြီကိုး။ ခရီးဆုံးပြီ။ အမြန်ပြင်ဆင်မှ။ သို့မဟုတ်ပါက ကွင်းချောင်းတံတား အုတ်တိုင်ကြီးများဖြင့် တိုက်မိလျှင် ကြိုးစားခဲ့ရသမျှ အရာထင်တော့မည် မဟုတ်တော့။

ကိုလူမော် ကွဲတိုင်ကို ကိုင်ကာ ကမ်းသို့ ကူးလိုက်သည်။ ကမ်းစပ်တွင် သစ် လုံးတွေစီပြီး ကပ်ထားကြသည်။ ထိုသစ်လုံးများနှင့် ပူးမိစေရန် သူ့ဖောင်ကို ဆွဲကပ်လိုက်သည်။ ကွဲတိုင်က စိတ်မချရ။ ထို့ကြောင့် ကမ်းထက် မှ မအူပင်ကြီးကို ကြိုးစဖြင့် မြဲစွာ ချည်ထားလိုက်၏။

နောက်ပြီး ပလတ်စတစ်နှင့် ထုပ်ထားသော သစ်လွှဲ စာရွက်ကို ဖောင်လက်ခံသည့် ဦးစံတင့်သို့ သစ်လုံးရေနှင့်တကွ အပ်နှံလိုက်သည်။

“ဘယ်လိုလဲ ကိုလူမော်ရ၊ ဒီတွင်ပဲ ခရီဆုံးတော့မှာ လား။ နတ်သံကွင်းရောက်အောင် မမျှောတော့ဘူးလား”

“တော်ပါပြီ ဦးစံတင့်ရာ၊ မမျှောတော့ပါဘူး။ မယ်ခ က နေ့စေ့လစေ့ကြီးနဲ့ ဗျ။ စိတ်မချလို့။ နောက်တပတ်မှပဲ နတ်သံကွင်းအထိ မျှောတော့မယ်ဗျာ”
ဦးစံတင့်က သစ်လုံးများ လက်ခံရရှိကြောင်း စာရွက် တွင် လက်မှတ်ရေးထိုးပေးလိုက်သည်။ စာရွက်ကိုအိတ်ထဲထည့်လျက် ဦးစံတင့်ကိုပင် နှုတ်မဆက်ပဲ အိမ်သို့ သုတ်ခြေတင် ပြန်ခဲ့သည်။

မနက်ဖြန် ပြေစာပြပြီး ငွေသွားထုတ်မည်။ သားသမီး ကျောင်းစရိတ်နှင့် ကျောင်းဝတ်စုံဖိုး ပေးလိုက်မည်။ မမယ်ခအတွက်လည်း မီးဖွားစရိတ် ပြေလည်သွားမည်။

အိမ်အပြန်လမ်းတလျှောက်ကား ကြည်နူးဝမ်းမြောက်လျက် အမောများ ပြေစေခဲ့ပြီတကား။

– ပြီး –

စာရေးသူ – ချမ်းငြိမ်းကျော်

Leave a Reply

Your email address will not be published. Required fields are marked *