August 1, 2025
Uncategorized

ဖြူလိုက်မုဆိုး

ညိုမြင့် (ဇေယျဝတီ)
ဖြူလိုက်မုဆိုး

“ဖြူအူတစ်တောင် ကျွဲတစ်ထောင်လို့တော့ ကျွန်တော် ကြားဖူးတယ် အဘကျော်။ သည်အတိုင်း ထိုင်ပြီး စိတ်ညစ်နေမယ့်အစား တစ်ခုခုလုပ်ယင် ကောင်းလိမ့်မယ် ထင်တယ်”

““ဗျာ… ဘာ … ဘာတဲ့ဆရာ”

ကျွန်တော့်စကားကြောင့် အဘကျော် ထိုင်နေရာမှ ရုတ်ခြည်း ထလိုက်သည်။ ကျန်လူများလည်း လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။

သူတို့သည် ကျွန်တော်အား အားကိုးတကြီး လှမ်းကြည့်ကြသည်။ ရေနစ်သူသည် ကောက်ရိုးတစ်မျှင်ကို သော်မျှ အားကိုးတကြီး လှမ်းဆွဲရမည့် အဖြစ်မျိုး။

“ကျောင်းဆရာ ဘာပြောလိုက်တယ် … ဟင်”

အဘကျော်က အားကိုးတကြီးမေးရင်း ကျွန်တော့်နား ရောက်လာသည်။ ပြီး ရွှေတိုးကို တစ်လှည့် ကျွန်တော်ကို တစ်လှည့် ကြည့်နေသည်။

ရွှေတိုးသည် တင်းကုတ်ဘေးတွင် လဲလျောင်းနေရာမှ အဘကျော်ကို စောင်းငဲ့ကြည့်ရင်း နားရွက်ကို ခပ်လေးလေး လှုပ်ယမ်းနေသည်။

ရွှေတိုး အစာမစားသည်မှာ သုံးရက်ရှိပြီ။ ပြီးခဲ့သော တနင်္ဂနွေ တစ်ပတ်ကပင် ကျွဲမတန်းမလေး မိဆပ် သည်လိုပင် ကျွဲနာဝင်ပြီး သေသွားခဲ့သည်။

ယခု ရွှေတိုးဖြစ်ပြန်ပြီ။

ကျွဲနာကျလျှင် ချည်တိုင်ချည်းသာ ကျန်ရစ်တတ်သည်တဲ့။ တိရစ္ဆာန်ဆေးကု ဆရာဝန်ရှိရာ မြို့ပေါ်ပြေးပြန်တော့ ဆရာဝန် နယ်ဆင်းနေ၍ မတွေ့ခဲ့ရ။ သည်တော့ မလုပ်တတ် မကိုင်တတ်နှင့် လည်စင်း ခံရတော့မည့်အဖြစ်မျိုး။

“ဖြူအူတစ်တောင်ဟာ ကျွဲပေါင်းတစ်ထောင် လောက်ကို အခုလို ကျွဲနာရောဂါ ကာကွယ်ကုသနိုင်တယ်လို့ ကြားဖူးတယ် … အဘကျော်”

“ဖြူအူ”

“ဖြူအူ ဘယ်သူ့ဆီမှာများ ရှိမလဲ”

ကျွန်တော်စကားကြောင့် ရောက်ရှိနေသူအားလုံး စိတ်ဝင်တစား ဖြစ်သွားပြီး မေးကြ မြန်းကြသည်။ မည်သူမျှ မေးမရ။

ဆေးသိပြန်တော့ ရှာမရနိုင်ပြန်သည်မို့ ယခုတင် တက်တက်ကြွကြွ ဖြစ်သွားသော လူအုပ်ကြီးမှာ ပြန်မှိုင်ကျသွားပြန်သည်။

“ဖြူအူ ရနိုင်မယ့်နေရာတော့ ကျွန်တော်သိတယ်ဗျာ”

ဖြူအူ ရနိုင်မည့်နေရာ သိသည်ဆိုသော အသံ တစ်သံကြောင့် လူအများက အသံရှင်အား စိတ် ဝင်တစား လှမ်းကြည့်ကြသည်။

ကျော်လှိုင် …။

သူ့ကိုမြင်တော့ အားလုံး ပြန်လှည့်သွားကြသည်။ ကိုကျော်လှိုင်သည် စကားပြော ဇောက်တိဇောက်ထိုးမို့ အားလုံးက အရူးအပေါသဖွယ် သတ်မှတ်ထားကြသည်။ ယခုလည်း သူ မဟုတ်တာ ဝင်ပြောတော့မည်မို့ အားလုံးက အရေးတယူ မရှိကြ။

“တကယ်ပါ … ဖြူအူရှိတဲ့နေရာ ကျွန်တော်သိတယ်”

သူ့ကို အရေးမစိုက်သော်လည်း သူက ထပ်တွန့်တက်ပြန်သည်။

“ကဲပါ ဘယ်မှာရနိုင်မလဲ ကိုကျော်လှိုင်ရာ … ပြောပါဦး”

ကျွန်တော်ကပင် အရေးတယူလုပ်ပြီး မေးလိုက်ရသည်။

“ဖြူအူကို ဖြူကောင်က ရနိုင်တာပေါ့ ဆရာ”

“မင်း … ငါ … တယ်လေ””

စိတ်ဆတ်သော ကိုတင်မြင့်ကျော်က ကျော်လှိုင်အား နားရင်းတီးရန် လက်ရွယ်လိုက်သည်။

“အဟုတ်ပါ အစ်ကိုတင်မြင့်ကျော်ရ၊ ဖြူအူတစ်တောင် မကဘူး၊ တစ်ထွေးကြီး ဖြူကောင် ဗိုက်ထဲမှာ ရှိတယ်ဗျာ”

ကျော်လှိုင်က ရိုက်ရန်ရွယ်သော လက်ကို ကာရင်း ဆက်ပြောသည်။

“ပြောပြန်ပြီ”

“ကဲပါ … နေကြပါဦး၊ ဖြူအူကို ဖြူဗိုက်ထဲမှာ ရနိုင်တယ်ဆိုတာတော့ သိတာပေါ့ကွာ။ အဲသည် ဖြူကောင်ကို ဘယ်လို ရမလဲကွ”

သူတို့ နှစ်ယောက်ကြားထဲသို့ ကျွန်တော်ပင် ဝင်လိုက်ရသည်။

“ဖြူကို သူနေတဲ့တောထဲ သွားဖမ်းယင် ရတာပေါ့ ဆရာ””

“အေး အဲဒါ အဓိကပေါ့ကွာ၊ ဖြူက ဘယ်မှာနေလို့ တို့က ဘယ်လိုဖမ်းရမလဲဆိုတာ ပြဿနာပေါ့”

“ဒါက လွယ်ပါတယ်၊ ကညင်မြောင်အဆင်းမှာ ဖြူတွင်း တွေ့ထားတယ်၊ သွားဖမ်းကြမယ်”

“အပြောက လွယ်ပါ့ကွာ၊ ဖြူက တစ်တောင်လောက် အဆိပ်ဆူးတွေ တစ်ကိုယ်လုံး ဖုံးနေတာလေ၊ ဖြူမရဘဲ မင်းအသုဘ သင်္ဂြိုဟ်နေရဦးမယ်”

ကိုတင်မြင့်ကျော်က ကျော်လှိုင့်ကို ဆက်ဟောက်ပြန်သည်။

“အေး… ဖြူကို ဖမ်းဖို့တော့ မလွယ်ဘူး ထင်တယ်ကွ”

“သူ့သဘာဝ သိယင် လွယ်မှ လွယ်ပေါ့ ဆရာရယ်၊ ဆရာသိသားနဲ”

ဆရာသိသားနဲ့ …။

မှန်ပါသည်၊ ကျွန်တော်ကတော့ ကိုကျော်လှိုင်ကို အရူးအပေါဆိုပြီး အထင်မသေးပါ။ ကျွမ်းကျင်ရာ လိမ္မာစမြဲ။ ကိုကျော်လှိုင်နှင့်ပတ်သက်၍ ကိုယ်တွေ့လေးတစ်ခု ရှိခဲ့ဖူးသည်။

တစ်ခါက တောတစ်တောလုံးကန်းအောင် သောင်းကျန်းခဲ့ဖူးသော ပျားကြီးအုံတစ်အုံကို ကိုကျော်လှိုင်က မီးမရှို့ မဖွပ်ဘဲ၊ ကျူဝါးတံလေး တစ်ချောင်းတည်းဖြင့် ပျားရည်လည်း အရယူပေးပြီး ထိုပျားအုံကို ထိုတောမှ နှင်ပေးခဲ့ဖူးသည်။

X X X X

ဖြူဖမ်းလိုက်မည်ဆိုတော့ ရွာက တားကြသည်။

“ဆရာ့နှယ်ဗျာ ကျော်လှိုင့်စကားများ ယုံလို၊ အရူးများ”

ကျွန်တော်ကတော့ ပြုံးနေလိုက်သည်။ လူငယ်ပေမယ့် သည်ကောင်လေးကို မယုံလို့မဖြစ်။ ကိုယ်တွေ့ရှိခဲ့ဖူးပြီ မဟုတ်လော။

“သည်မှာဆရာ သတ္တဝါတိုင်းမှာ အားနည်းချက်တစ်ခုစီတော့ ရှိကြစမြဲပဲ။ ဘယ်သတ္တဝါကိုမှ ဘုရားသခင်က ပြည့်စုံအောင် မဖန်ဆင်းထားဘူး။ အဲသည်အားနည်းချက်ကို သိထားယင် ဖမ်းရတာ လွယ်ပါတယ် ဟဲ… ဟဲ”

ကျော်လှိုင်က လေလုံးကြီးကြီးနှင့် ဆိုသည်။ နားထောင်နေသူများက နှာခေါင်းရှုံ့ကြသည်။

“တစ်ခါလဟုတ်တာနဲ့ ဆရာတော့ ဒုက္ခရောက်ဦးမယ်””

ဘာပဲဖြစ်ဖြစ် စပ်စုချင်သော ကျွန်တော်က လိုက်ဖို့ပြင်ပြီးပြီ။ ကျွန်တော်လိုက်မည်ဆိုတော့ ကျွန်တော်နှင့် ခင်မင်နေသော ကာလသားခေါင်း ကိုကြည်မောင် နှင့် ကိုတင်မြင့်ကျော်တို့ကပါ လိုက်မည်ဟု ဆိုကြသည်။

ရွာဦးကျောင်းက တုံးမောင်းခေါက်သည်နှင့် ထမင်းထုပ်ကိုယ်စီလွယ်ပြီး ထွက်ကြသည်။ တစ်တောင်တက် တစ်တောင်ဆင်းဖြင့် နှင်လာကြရာ နေတပြူခန့်တွင် ဖြူတွင်းတွေ့ထားသည်ဆိုသော ကညင်မြောင်ဝသို့ ရောက်ပြီ။

“ဆရာ ဟိုမှာတွေ့လား ဖြူပစ်ချထားတာ”

ကျော်လှိုင်ပြရာသို့ လှမ်းကြည့်လိုက်ရာ ဆယ်တောင်ခန့်မြင့်သော သစ်ပင်ခွကြားတွင် ကျပေါက်ပြီး ကတ်သီးနေသော ဖရုံသီးတစ်လုံး၏ အလေးအညှာရင်းတွင် ဖြူဆူးတစ်ချောင်း စိုက်နေသည်ကို တွေ့ရသည်။

“အဲဒါ သူစားမလို သူ့ကိုယ်ကဆူးနဲ့ လှမ်းပြီးပစ်ထားတာ။ ဖရုံသီးက စိမ်းနေလို ဆက်မပစ်တော့တာ”

ကျွန်တော် ကျောတွင် ကြက်သီးဖြန်းဖြန်း ထသွားသည်။ ဤအမြင့်မှ ဖရုံသီးညှာကိုပင် တည့်တည့်ကြီး မှန်အောင်ပစ်နိုင်သော ဖြူကောင်ကို ကျော်လှိုင် ဘယ်လို ဖမ်းမှာပါလိမ့်။

“ကဲ…. ဆရာတို့ သည်မှာ နားနေခဲ့ကြဦး။ ကျွန်တော်နဲ့ ကိုကြည်မောင် ဖြူတွင်း အဝင် အထွက် သွားကြည့်ဦးမယ်။ လာ ကိုကြည်မောင်”

ပြောပြီး သည်နှင့် ကျော်လှိုင် လျှိုစောင်းအတိုင်း ဆင်းသွားသည်။ ကိုကြည်မောင်က သူ့နောက်မှ တွန့်ဆုတ်တွန့်ဆုတ်နှင့် ပါသွားသည်။ ကျွန်တော်နှင့် ကိုတင်မြကျော်က ကညင်ပင်ကြီး မှီထိုင်ရင်း အမောဖြေနေခဲ့သည်။

ခဏအကြာတွင် သူတို့နှစ်ယောက် ပြန်ရောက် လာကြသည်။

“ဖြူတွေ အစာရှာ ထွက်နေတာ ပြန်မဝင်သေးဘူးဆရာရဲ့”

“ဟုတ်လား ကြည်မောင်””

“သူပြောတာပဲဆရာ … ကျွန်တော် မသိဘူး၊ တွင်းဝမှာ ခြေရာတွေက ရှုပ်ရှက်ခတ်နေတာ။ ဘယ်နေရာကအဆိပ်ဆူးနဲ့ ထွက်ပစ်လိုက်မလဲနဲ့ တထိတ်ထိတ်နဲ့ လိုက်ရတာ။ သွားထားတဲ့ လမ်းတွေကတော့ . သည်နားတင်ပါပဲ။ ကြွက်လမ်းအကြီးစားတွေပဲပြောပါတော့”

ကြည်မောင်က သူ့ အမြင်အတိုင်းပြောသည်။ ကျော်လှိုင်က သူ့ကိုမယုံသလိုမို့ ရယ်ကျဲကျဲလုပ်နေသည်။

“ကဲ- ဆရာ သည်ကောင်တွေ သူတို့တွင်း သူတို့ပြန်ဝင်အောင် လုပ်ကြစို့။ တွင်းထဲရောက်မှ ဖမ်းလို့ရမှာ”

ပြောရင်းမနီးမဝေးတွင် တွေ့ရသော ဝါးပိုးဝါးလုံးခြောက်ကြီးကို ဆွဲယူလာပြီး ဓားနှောင့်နှင့် ထုရင်း ပါးစပ်မှ ပေါက်တတ်ကရ ကြုံးအော်နေသည်။

“ဒုံး၊ အုံး၊ ဒုံး”

“ယောက္ခကြီး နေလို့မှကောင်းရဲ့လား၊ စိတ်ထဲက ပျော်ရွှင်နေ”

“ဒုံး၊ ဒုံး”

ကျော်လှိုင်က အော်ဟစ်လိုက် ထုလိုက် ရပ်ပြီးနားထောင်လိုက် လုပ်နေသည်။ ကျွန်တော်တို့က သူ့အား နားမလည်စွာ ကြည့်နေမိသည်။

“ဟော ပြန်လာကုန်ပြီဆရာ၊ လာကုန်ပြီ”

“သူတို့ သဘာဝက ဆူဆူညံသံလုပ်ယင် မကြိုက်ဘူး။ တောဆူလာယင် ကိုယ့်တွင်းထဲ ကိုယ်ပြန်အောင်းနေတတ်ကြတာ”

ခဏ အကြာတွင် ချွင်ချွင် ချွင်ချွင် ဟူသော အသံ ကလေးများ သိသိ ကြားလာရသည်။ ကျော်လှိုင်က ကျွန်တော်တို့ နားလာထိုင်ရင်း ပြောသည်။

“အဲသည် တချွင်ချွင်နဲ့ မြည်နေတာ ဖြူခြူလို့ ခေါ်တယ်။ ဖြူခြူဆိုတာ ဖြူအမြီးမှာ အဖွားလေးဖြစ်နေပြီး လှုပ်လိုက်တိုင်း တချွင်ချွင်နဲ့ မြည်နေတတ်တာ”

နားတောင်ရင်းပင် ထိုခြူသံကလေးများသည် ကျွန်တော်တို့နောက်နား ရောက်လာကြသည်။ ကျော်လှိုင်က ကျွန်တော်တို့အား ဆွဲဖက်ပြီး ကညင်ပင် အကွယ်တွင် စုပြီး ပုံးခိုင်းလိုက်သည်။

“ဝေး-ဟေး-ဟေး”

“ဒုံး – ဒုံး – ဒုံး”

ကျော်လှိုင့်အော်သံ ဝါးခေါက်သံနှင့် မရှေးမနှောင်းပင် မည်းခနဲ မည်းခနဲ ပြေးဝင်လာသော အဆိပ်ဆူးများသည် ဖောက်ခနဲ ဖောက်ခနဲ ကျွန်တော်တို့အနီးမှ အပင်များ အကိုင်းများကို လာမှန်ပြီး စိုက်ဝင်နေကြသည်။ ကျွန်တော်တို့ သုံးယောက်လည်း အသက်ပင် မရှူဝံ့အောင် ပုနေမိသည်။ ခဏကြာတော့ ချွင်ချွင်သံလည်း ပျောက်သွားသည်။

“ဘယ်လို လုပ်လိုက်တာလဲ ကျော်လှိုင်။ တို့ အကုန်လုံး သေတွင်းထဲ ပို့မလို မင်းကြံတာလား ဟင်”

စိတ်တိုလွယ်သော ကိုတင်မြင့်ကျော်က ထုတော့ ထောင်းတော့မည့်ပုံ ထလုပ်သည်။

“အစ်ကိုမြင့်ကလဲဗျာ၊ လုံခြုံလို့ လုပ်တာပေါ့ဗျားသူတို့ဆူး တစ်ဝက်လျော့လေ ကျွန်တော်တို့အန္တရာယ် တစ်ဝက်လျော့လေပဲဗျ”

ကျွန်တော်တို့ ခိုနေရာ ကညင်ပင်ကြီး လှည့်ပတ် ကြည့်လိုက်တော့ ကျွန်တော်ထိုင်နေရာလောက်တွင် ဖြူဆူးတွေ မည်းမည်း ထုတ်စိုက်ဝင်နေသည်။

“ကဲ ဘာဆက်လုပ်မလဲ ကျော်လှိုင်”

“သူတို့ တွင်းဝင်ကုန်ပြီလေ။ အဲသည်သွားမယ်။ ရောက်တော့ ကျွန်တော်ပြောသလို လုပ်ကြပေါ့”

“ဖြစ်ပါ့မလား၊ တွင်းထဲက ထွက်လာပြီး ဆော်လေမလားကွာ”

“အာ စိတ်ချဆရာ … သည်လောက် ဆူလိုက်တာ သူတို့အားကြီး စိတ်ဆိုးသွားပြီ။ သည်နေ့ တစ်နေကုန် မထွက်တော့ဘူး”

ဖြူတွင်းသို့ ရောက်ပြီ။

တွင်းက နှစ်တွင်း။ တစ်တွင်းနှင့် တစ်တွင်း အတော်ကလေး လှမ်းသည်။ ကြွက်တွင်းအကြီးစားကြီးဟုပင် ပြောနိုင်သည်။ တွင်းဝတွင် ကြစ်စာခဲများ ကန်ထားသည်။ တောင်ကမ်းပါးယံကို ဖောက်ထားခြင်းဖြစ်သည်။

ကိုတင်မြင့်ကျော်နှင့် ကိုကြည်မောင်က ကျော်လှိုင်ပြောသည့်အတိုင်း ဖြူတွင်းကို နှစ်တောင်ခန့် တူးသည်။ နှစ်တောင်သာသာ တူးမိတော့ ဖြူတွင်းက ပိုကျယ်သွားသည်။

“ဖြူတွင်းဆိုတာ ဟိုအထဲဝင်ယင် လူတစ်ယောက် ငုတ်တုတ်ထိုင်လို့ မလွတ်တလွတ်လောက်ကို ကျယ်တာဆရာ။ ကဲ ကိုကြည်မောင် တွင်းဝကို အမှိုက်တွေ သစ်စ ဝါးစတွေပုံပြီး မီးရှို့မယ်ဗျာ။ အစ်ကိုမြင့်က တောင်ကုန်းထိပ်တက်ပြီး ဘယ်နေရာက မီးခိုးထွက်သလဲ ကြည့်ဗျာ”

မီးရှို့သဖြင့် ထွက်လာသော မီးခိုးများကို ကျော်လှိုင်က တွင်းထဲသို့ ပုဆိုးဖြင့် ယပ်သွင်း သည်။ ပြီး ကိုကြည်မောင်ကို ဝါးရင်းတုတ်တစ် ချောင်းဖြင့် တွင်းဝကို တအားကုန် ရိုက်ခိုင်း သည်။

“တွေ့ပြီ ကျော်လှိုင်ရေ၊ ဟိုး တောင်စောင်းထိပ်မှာ မီးခိုးမြင်တယ်”

“အဲတာဆိုယင် ပြေးပြေး အစ်ကိုရေ။ အဲဒါ ဂယ်ပေါက်ပဲ။ တစ်ခုခုနဲ့ ပိတ်ထားခဲ့”

ခဏအတွင်း ကိုတင်မြင့်ကျော် ပြန်ရောက်လာသည်။

“ငါ ကျောက်တုံးကြီးနဲ့ ပိတ်ထားခဲ့တယ်”

“ကောင်းတယ် … ကောင်းတယ်၊ကဲ ကိုကြည်မောင် သည်တစ်ချီ မီးခိုးရိုက်ပြီးယင် သည်တွင်းကို ပိတ်ကြမယ်”

သူ့အစီအစဉ်အတိုင်း မီးခိုးများရိုက်သွင်းပြီး တွင်းကို မြေကြီးများဖြင့် ပြန်ဖို့ပြီး ပိတ်ကြသည်။

ပြီးနောက် တစ်တွင်း။

နောက်တစ်တွင်းတွင် ကား ဂယ်ပေါက်ကို တစ်တောင် ကျော်ပြီးမှ သွားတွေ့သည်။ ထိုဂယ်ပေါက်ကို ကျော်လှိုင်ကိုယ်တိုင် အချိန်အတန်ကြာ ရှာယူရသည်။ နှစ်တွင်းစလုံးပြီးတော့ ထမင်းစားချိန် ရောက်ပြီ။ မြောင်ထဲဆင်းပြီး ထမင်းစားကြသည်။

“ကဲ… ကျော်လှိုင် သိသင့် သလောက်တော့ ပြောဦးလကွာ။ တို့မှာ မင်းခိုင်းရာသာ လုပ်နေရတယ်။ ဘာမှ နားမလည်ဘူး”

“ဟာ ဆရာကလဲ … အခုလောက်ဆို သိလောက်ပါပြီ။ တွင်းထဲဝင်နေတဲ့ ဖြူတွေကို မီးခိုးသွင်းပြီး အသက်မရှူနိုင်အောင်လုပ်ပြီး သတ်တာလေ”

“ဟာ ကျော်လှိုင် သည်လိုဆို မင်း ဖြူက တောင်ကြီးတစ်တောင်လုံး ဥမင်ဖောက်ပြီးနေတာ။ ဟိုအထဲသေနေပါပြီတဲ့ ဘယ်လိုလုပ် ယူမှာလဲဟ”

ကျွန်တော် စိုးရိမ်မိသွားသည့်အချက်ကို ကြည်မောင် ဝင်မေးသည်။

“ဟဲ ဟဲ အလွယ်လေးပါ ကိုကြည်မောင်၊ ဘယ်မှ မသေရဘူး။ ဟောသည် တွင်းဝနားကို လာပြီး သေရမှာ၊ မီးခိုးမွှန်လို့ စိတ်တိုနေရတဲ့အထဲ တွင်းဝကို တုတ်နဲ တအား ပိတ်ရိုက်တော့ သူနားမခံသာဘူး။ ပိုစိတ်ဆိုးတယ်။ အဲဒါ ရန်သူကို ခုခံတိုက်ခိုက်ဖို့အတွက် တွင်းဝကို ပြေးလာရင်းနဲ့ မီးခိုးမွှန်ပြီး သေရမှာ။ အဲဒါ သူ့ သဘာဝဗျ”

ကျော်လှိုင်က ဆရာကြီး လေသံဖြင့် ရှင်းပြနေ သည်။ ထမင်းစား ခေတ္တနားပြီး တွင်းဖော်ကြရန် ပြင်ဆင်ရသည်။

“ကဲ အစ်ကိုမြင့် ခင်ဗျား ဂယ်ပေါက်သွား ဖွင့်တော့၊ ကျွန်တော်တို့ သည်ကတွင်းဖွင့်မယ်”

တွင်းကိုဖွင့်ပြီး အစောကလိုမီးခိုးမဟုတ်တော့ဘဲ လေကို ယပ်သွင်းပြန်သည်။ ခဏအကြာတွင် ကိုတင်မြင့်ကျော် ပြန်လာသည်။

“မီးခိုးတွေ ထွက်လာတယ်ကွ”

“အင်း ယပ်ဦး ကိုကြည်မောင်၊ အဲသည်မီးခိုးတွေ ဂယ်ပေါက်ထွက်သွားမှ တွင်းထဲဝင်တော့ မမွန်းမှာ”

အတန်ကြာမှ လေယပ်သွင်းခြင်းကို ရပ်လိုက်သည်။

“ကဲ တွင်းထဲက ဖြူကောင်ကို ဝင်ယူရုံပဲ ကျန်တော့တယ်။ ပေး ဆရာ ကျွန်တော် ယူခဲ့ခိုင်းတဲ့ ကြိုးနဲ့ ဓာတ်မီး”

ကျွန်တော်က အသင့်ယူလာသော နိုင်လွန်ကြိုးခွေနှင့် ဓာတ်မီးပေးလိုက်သည်။

“ကဲ အစ်ကိုတို့ နှစ်ယောက် ဘယ်သူဝင်မှာလဲ”

“ငါတော့ မဝင်ပါဘူး”

“ငါလဲ မဝင်ပါဘူး၊ မင်းအလုပ် မင်းဆက်လုပ် ကျော်လှိုင်”

ကိုတင်မြကျော်နှင့် ကိုကြည်မောင်က ပြိုင်တူဆိုသည်။ ကျွန်တော်က မရယ်မိအောင် မနည်းအောင့်ထားရသည်။

“အစ်ကိုတို့ကလဲဗျာ ဘာမှ မဖြစ်ပါဘူးဗျ။ တစ်ခုခုဖြစ်ယင် ကျွန်တော့်သတ်ဗျာ။ ကျွန်တော်ဝင်တော့ အစ်ကိုတို့ အပြင်ကနေ မလုပ်တတ်ဘဲ နေမှာစိုးလို”

သူ့အပြောလည်း ယုံရခက် မယုံရအခက်။ ကျွန်တော်က လူကြီးပီပီ ဘာမျှဝေဖန်ချက်မပေးဘဲ နေလိုက်သည်။

“ကဲကွာ သည်လိုဆိုလဲ ငါဝင်ပါ့မယ်၊ ဘယ်လို ဝင်ရမလဲပြော”

ကိုကြည်မောင်က ဘာပဲဖြစ်ဖြစ် ဆိုသည့်သဘောဖြင့် ပြောလိုက်သည်။

“အလွယ်လေးပါ အစ်ကိုရာ၊ အကို့ခါးကို ကြိုးချည်ထားမယ်၊ တွင်းထဲကို ဝမ်းလျားထိုးပြီး တွားဝင်ရမှာ၊ အထဲကျတော့ .. ကျယ်ပါတယ်၊ ဓာတ်မီးကို ရှေ့ကထိုးပြီးဝင်၊ နံရံတွေမှာ စူးနေမယ့် အဆိပ်ဆူးတွေကို နုတ်နုတ်ပြီး ဝင်ပေါ့၊ မီးခိုးတိုက်တုန်းက စိတ်တိုပြီး ပစ်ထားတာတွေ ရှိလိမ့်မယ်။ အစ်ကို တစ်ကိုယ်လုံးတောင် မဝင်ရပါဘူး သေနေတဲ့ ဖြူကိုတွေ့မှာ။ ဖြူကိုတွေ့ယင် လက်တစ်ဘက်က ကိုင်ထားပြီး အစ်ကို ခြေ ထောက်ကို နန့်ပြလိုက်၊ ကျွန်တော်တို့က ကြိုးကနေ အစ်ကို့ကို ပြန်ဆွဲထုတ်မယ်”

“အေး … အေး”

ကြည်မောင်က ပြောပြောဆိုဆို ခါးကြိုးချည်ပြီး ဖြူတွင်းထဲ တွားဝင်လိုက်သည်။ တဖြည်းဖြည်း တွန့်တွန့်ပြီး တွားဝင်သွားရာ ခြေမျက်စိအမြုပ်တွင် ရပ်သွားသည်။ ခဏအကြာတွင် ကိုကြည်မောင့် ခြေထောက်က တလှုပ်လှုပ် နန့်ပြသည်။ ကျွန်တော်တို့က ကြိုးမှ သူ့ကိုဆွဲထုတ်သည်။ အပြင်ရောက်တော့ ဝက်ပေါက်ကလေးအရွယ် ဖြူကလေးတစ်ကောင်နှင့် ဝက်လတ်အရွယ်ဖြူကြီးတစ်အောင် ပါလာသည်။

ကျွန်တော်တို့ ဝမ်းသာလိုက်သည်မှာ ပြောဖွယ်မရှိ တော့။ ဖြူအူတစ်တောင်မက ကျော်လှိုင်ပြောခဲ့ သလို နှစ်ထွေးကြီးရတော့မည်။ အသားလည်း စားကြရဦးမည်။ ဝမ်းသာရှာမည့် အဘကျော် မျက်နှာကို ပြေးမြင်မိသည်။

“ကျော်လှိုင်ပြောတာ ဟုတ်သား ဆရာ၊ အဝင်ဝတင် ကျဉ်းတာ၊ အထဲရောက်တော့ ကျယ်သား၊ တွင်းနံရံတွေမှာ ဖြူဆူးတွေ စိုက်နေတာ မနည်းသတိထားပြီး နုတ်ပစ်ရတယ်”

“အဲဒါ သူတို့တွင်းမဝင်ခင် ကျွန်တော်လုပ်လိုက်လို့ ဆူးနည်းသွားတာ၊ နို့မို့ဆို တွင်းထဲ ဝင်ရတာတောင် ခပ်ခက်ခက်ရယ်။ ကဲ နောက် တစ်တွင်းဖွင့်မယ်”

ကိုကျော်လှိုင် ဂယ်ပေါက် သွားဖွင့်သည်။ တောင်တစ်လုံးကျော်ရသည်မို့ အတန်ကြာမှ ပြန်ရောက်သည်။ ကိုကြည်မောင်တို့က တွင်းဖွင့်ပြီး လေယပ်သွင်းကြသည်။

“ကဲ သည်တစ်ခါ ဘယ်သူ့အလှည့်လဲ”

ကျော်လှိုင်က သူ့ကိုယ်သူ ဆရာကြီးဟူသော မျက်နှာပေးဖြင့် မေးသည်။

“ဘယ်သူ့အလှည့်မှ မဟုတ်ဘူး ကျော်လှိုင်၊ မင်းဘာသာဝင် ၊ ငါမဝင်ဘူး”

ကိုတင်မြင့်ကျော်က အပြတ်ငြင်းလိုက်သည်။

“မဟုတ်သေးဘူးလေ … ကျွန်တော်က အပြင်ကနေပြီး”

“အောင်မာ အပြင်ကနေ ခြေထောက်နန့်ပြယင် ကြိုးဆွဲထုတ်ရုံတင် တို့လုပ်တတ်ပြီ၊ မင်းဝင်”

ကိုကျော်လှိုင် မလှုပ်သာတော့။ စပ်ဖြီးဖြီးနှင့် ဝင်ရတော့မည်။

“အစ်ကိုတို့ရာ ကျွန် တော့်ကို အထဲမှာ အကြာကြီးတော့ ညှဉ်းမထားပါနဲ့ဗျာ၊ မွန်းလွန်းလို့ပါ””

“ဝင်မှာဝင်ကွာ၊ ဖြူတွေ့ယင် နန့်ပြလိုက်ပေါ့”

ကျော်လှိုင် ခါး ကြိုးချည်ပြီး ဓာတ်မီးယူကာ တွားဝင်လိုက်သည်။ တွန့်တွန့်ပြီး တွားဝင်သွားရာ ကိုယ်တစ်ပိုင်းသာသာ ဝင်ရသေးသည်၊ ရပ်သွားပြီး ခြေထောက် အဆက်မပြတ် နန့်ပြလေသည်။

“အောင်မာ ခွေးမျိုး၊ တွေ့သေးတာမဟုတ်ဘူး၊ သက်သက်လုပ်နေတာ မဆွဲနဲ့”

ကိုတင်မြင့်ကျော်က ပြောသည်။

“ဟုတ်တယ် … ဟုတ်တယ် သက်သက် နန့်ပြနေတာ။ ငါကိုယ်တိုင် ဝင်ပြီးပြီ၊ ဟေ့ကောင် ဖြူ သည်မှာ လာမသေဘူး ငါသိတယ် ဝင်ဦး”

ကြည်မောင်က ပြောလည်းပြော နန့်ပြနေသော ခြေထောက်ကို အထဲကန်သွင်းသည်။ သူက ကန်သွင်းလေ အထဲက နန့်ပြလေ။ အထဲက နန့်ပြလေ ကြည်မောင်က ပိုကန်သွင်းလေ လုပ်နေသည်။

ပြောမနာ ဆိုမနာ သူတို့ သူငယ်ချင်းတွေ လုပ်ပုံကြောင့် ကျွန်တော့်မှာ မျက်ရည်များ ထွက်မတတ် ရယ်မောနေမိသည်။

ကန်ပါများတော့ ကျော်လှိုင့်ခြေထောက် ငြိမ်သွားသည်။ ကြည်မောင်တို့က အော်ရယ်နေသည်။ ကျွန်တော်လည်း ရယ်ရင်း ကျော်လှိုင်ခြေထောက်ကို လှမ်းကြည့်လိုက်သည်။

“ဟာ ကျော်လှိုင့် ခြေထောက် ချွေးတွေပြန် နေသလားလို”

အတွေးနှင့် ပြန်ဆွဲထုတ်ခိုင်းမည် ပြင်စဉ်မှာပင် ငြိမ်နေသော ကျော်လှိုင် ခြေထောက် နှစ်ချောင်းပေါ်မှ သတ္တဝါတစ်ကောင် မည်းခနဲ ပေါ်ထွက်လာသည်။

“အောင်မယ်လေး မြွေကြီးဆရာ”

မြွေက အနီးဆုံးဖြစ်သော ကြည်မောင်နှင့် တင်မြင့်ကျော်ကို ထိုးလိုက် သည်။ ကျွန်တော်လည်း မျက်စိများ ပြာပြီး မိုက်ခနဲဖြစ်သွားသည်။

ကိုယ့်ကိုကိုယ် သတိရချိန်တွင်တော့ ကျွန်တော်သည် ချုံနွယ်တွေကို အတင်းတိုးဝှေ့ပြီး ပြေးနေဆဲ။

လက်ထဲတွင် ဖြူပေါက်ကလေးတစ်ကောင်က တန်းလန်း။ နောက်ကြောင်း လှည့်ကြည့်တော့ မြွေလည်း လိုက်မလာ။ ကြည်မောင်တို့ တင်မြင့်ကျော်တို့လည်းမပါ။

ဘယ်ဝယ် ဘယ်ဆီရောက်နေပြီမသိ။ တောက မကျွမ်း၊ လာလမ်းကိုလည်း မမှတ်မိ။ နေက တဖြည်းဖြည်း ကျနေပြီ။

နေဝင်သွားယင် … အတွေးကြောင့် တစ်ကိုယ်လုံး ထူပူသွားမိသည်။ မြွေကိုက်လို့ မသေသော်လည်း တောထဲတွင် တောကောင် တစ်ကောင်ကောင်ကြောင့်ဘော့ ဘဝဇာတ်သိမ်းရတော့ မည်ထင်သည်။

“လူလေး သူများ အသက်လိုချင်ယင် ကိုယ့်အသက် တစ်ဝက် ပေးရတယ်တဲ့၊ အသတ်အဖြတ်တွေ ဝါသနာမပါချစမ်းပါနဲ့”

ဟု အမြဲဆုံးမသော မိခင်ကြီးစကားကို ကြားယောင်မိသည်။ စပ်စုချင်သည့် ဝါသနာသည် ဒုက္ခပေးပြီ။

အလွန်မောပန်းနေသော်လည်း မနားဝံ့။ နေရောင်ကို ဆန့်ကျင်ပြီး အရှေ့ဘက်ဟုယူဆမိရာသို့ တရကြမ်း လျှောက်နေမိသည်။

တစ်ကုန်းအကျော်တွင် ချောင်းတစ်ချောင်း တွေ့ရသည်။ ဒါ ဘာချောင်းနည်း။ မသိ။ ဘာချောင်းဖြစ်ဖြစ် ရေစုန်အတိုင်း လိုက်သွားလျှင် မြေပြန့်ကိုတော့ ရောက်မည်အမှန်။

နေက ရိုးမအတွင်းသို့ အလျင်အမြန် ထိုးဆင်းသွားသည်။ နေလုံးပျောက်သည်နှင့် အမှောင်ထုက သိပ်သိပ် သည်းသည်း ကြီးစိုးလာသည်။

ချောင်းဘေးနှစ်ဘက်ရှိ ကျသောင်းဝါးတောမှ ပုစဉ်းရင်ကွဲတို့ ငယ်သံပါအောင် ဟစ်လိုက်သံက နားကွဲခမန်း ပေါ်ထွက်လာသည်။

ဘာကို လန့်သည်မသိ ဝေါင်းခနဲ ဝေါင်းခနဲ အော်ရင်း ပြေးသွားသော ဟောက်သံကို ရှေ့တူရူမှ ကြားလိုက်ရသဖြင့် ခြေလှမ်းတုံ့သွားမိသည်။ ဘာပဲ ဖြစ်ဖြစ် ဆက်လျှောက်ရဦးမည်။

“အူး .. ဝူး .. ဝူး”

လူသံလိုလို ကြား၍ ကျွန်တော် ရပ်ပြီး နားထောင်လိုက်သည်။

“အေး … ဝူး”

လူအူနေသံမှန်း သေချာသွားပြီမို့ ကျွန်တော်က အဆက်မပြတ် ပြန်အူလိုက်သည်။ မည်သူဖြစ်စေ
လူဆိုလျှင် ကျွန်တော်အတွက် အဖော်ကောင်း ဖြစ်နိုင်သည်။

“ဗျိုး … ဆရာကိုညိုမြင့်ရေ”

“ဟာ ကျွန်တော်သည်မှာဗျိုး၊ ကျွန်တော် သည်မှာဗျ”

ဝမ်းသာသွားသည်မှာ ပြောစရာ မရှိတော့။

လူတစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်လာပြီး သဲပြင်ပေါ် ပုံကျသွားသည်။ ဘယ်က ဘယ်လို ကျလာမှန်းမသိသော မျက်ရည်တို့သည် ပါးပြင်ပေါ်သို့ သဲသောင်ပေါ်သို့ ပိုးပိုးပေါက်ပေါက် ခုန်ဆင်းသွားကြသည်။

ခဏအကြာတွင် ရွာမှလူများ မီးတုတ်ကိုယ်စီဖြင့် ရောက်လာကြသည်။

“ဩော် ဆရာတို့နှယ်ဗျာ၊ ကျော်မကောင်း ကြားမကောင်း”

ရှေ့ဆုံးမှ မီးတုတ်ကိုင်ရင်းလျှောက်လာသော ကိုဝင်းကြည်က ဆိုသည်။ ကိုဝင်းကြည်သည် ကျွန်တော် အပေါ်တွင် သံယောဇဉ် အရှိဆုံးသော ရွာမှ လယ်အစည်းအရုံး အတွင်းရေးမှူး။

“ဟိုကောင်တွေ သုံးယောက်ကော”

ကျွန်တော်က အားယူပြီးမေးမိသည်။

“ကြည်မောင်နဲ့ တင်မြင့်ကျော်က အယင် ရောက်လာတယ်။ မျက်စိပျက် မျက်နှာပျက်နဲ့ပါလို့ အောက်မေ့နေတုန်း ခဏကြာတော့ ကျော်လှိုင်ပါ ရောက်လာပြီး ဟိုနှစ်ကောင်ကို ဓားနဲ့လိုက်တော့တာလေ။ မနည်း ဖြေရှင်းယူရတယ်။အကြောင်းစုံသိတော့မှ ဟာ-ဆရာတော့ တောမကျွမ်း ဘာမကျွမ်းနဲ့ ဒုက္ခပဲဆိုပြီး လူစုပြီး လိုက်လာရတာ”

ဘာမှ ပြန်မပြောနိုင်တော့ပြီမို့ သူတို့နှင့်အတူ နွမ်းမောစွာ ပြန်လိုက်လာလိုက်သည်။

ရွာအဝင်တွင် ပြိတ္တာလေး သုံးကောင်က သွားဖြီးလေးတွေနှင့် ကျွန်တော့်ကို ကြိုနေသည်။ ကျွန်တော်မှာ ငိုရခက် ရယ်ရခက် အမြီးမှ တန်းလန်းလေး ဆွဲလာသော ဖြူကောင်လေးအား အဘကျော်လက်ထဲ ကမ်းပေးပြီး ကျွန်တော်နေထိုင်ရာကျောင်းသို့ ခြေဦးလှည့်လိုက်သည်။

သူတို့သုံးကောင်က ကျွန်တော့်နောက်က လိုက် လာသည်။

“နေပါဦး ကျော်လှိုင်ရာ ငါမရှင်းတာမေးပါဦးမယ်၊နောက်တွင်းထဲကျမှ သည်မြွေက ဘယ်လိုလုပ်ရောက်နေတာလဲ။ ပြီးတော့ မီးခိုးနဲ့တိုက်တာ ဖြူတော့ သေပြီး သူတော့ ဘာပြုလို့မသေသလဲ”

ကျွန်တော်စိတ်ထဲ မရှင်းသည်ကို မေးလိုက်မိသည်။

“သည်လိုဆရာ … သည်မြွေက အစကတည်းက
ဖြူတွင်းထဲ ဝင်နေတာ မဟုတ်ဘူး။ သူတို့လဲ ဖြူကို ခပ်ကြောက်ကြောက်ရယ်။ ဖြူတွင်း ဂယ်ပေါက် ကျွန်တော်သွားဖွင့်ပြီး ပြန်လာတာ ကြာသွားတယ်မဟုတ်လား။ ပိတ်တုန်းကလဲ အကြာကြီး ရှာနေရတော့ မီးတိုက်တာလဲကြာ၊ မီးကလဲပြင်းတော့ အထဲကဖြူကိုပါ မီးမြိုက်သွားတယ်။

ဖွင့်ပြီး ပြန်လာတာကြာတော့ သည်ဘက်က ယပ်သွင်းတဲ့လေကြောင့် အစောကတွင်းထဲမှာ လှောင်နေတဲ့ မီးခိုးနဲ့ ညှော်နံ့တွေဟာ ဂယ်ပေါက်ကထွက်သွားတယ်လေ။ သည်ညှော်နံ့ကို သည်မြွေရပြီး ဖြူတွင်းထဲကို ဂယ်ပေါက်က ဝင်လာတာဖြစ်မယ်”

ကျော်လှိုင်က သူ့အယူအဆကို ရှင်းပြသည်။ ဟုတ်နိုင်လောက်ပေသည်။

“အထဲမှာ မြွေနဲ့တိုးနေလို့ ပြန်ဆွဲထုတ်ပါလို့ ခြေထောက်နန့်ပြတယ်၊ ပြန်ကန်သွင်းတယ်ဗျား … တော်တော်ရက်စက်တဲ့လူတွေ။ မဖြစ်သာတဲ့အဆုံး မှောက်ပြီး ငြိမ်နေလိုက်ရတာ။ ကျွန်တော်သာ လန့်ပြီး တစ်ချက်လှုပ်လိုက်ယင် အဲသည်တွင်းထဲတင် ကြွပြီ။ တောကြီးမြွေဟောက်ဆိုတဲ့ ငန်းပုပ်ကြီး ဆရာရဲ့။ ကိုက်လိုက်ယင် သူ့တစ်ပြန်တောင် မသွားနိုင်ဘူး။ အဲ မြွေဆိုတာမျိုးဟာ လှုပ်ရှားနေတဲ့ ရန်သူကိုသာ ကိုက်တတ်တာ။ ငြိမ်နေယင် မကိုက်တတ်ဘူး။ အဲဒါသဘာဝပဲ၊ မှတ်ထားဦး ဆရာ … ဗဟုသုတပေါ့”

“ဟင် … အင်း … အင်း ဗဟုသုတဟုတ်လား ၊ သေရွာပြန် ဗဟုသုတလား”

ဤစကားစုသည် ဤလုပ်ငန်းတွင် ဝါသနာကြီးလှသော ကျွန်တော်၏ လည်ချောင်းဝတွင် ပျောက်ကွယ်သွားပါတော့၏။

(စံပါယ်ဦးမဂ္ဂဇင်း , မေလ – ၁၉၈၇)

– ပြီး –

စာရေးသူ – ညိုမြင့် (ဇေယျဝတီ)

Leave a Reply

Your email address will not be published. Required fields are marked *