“”
[မောင်ခြိမ့်]
“ဟဲ့ ကောင်မလေးမေ့နေဦးမယ်နော်”
ကျူးဖျာချပ်များဖြင့် ကာထားသည့် အိမ်အတွင်းခန်းဆီကနေ လှမ်းပြောလိုက်သည့် အမေ့အကြောင့် … လှေကားထစ်လုပ်ထားသည့် ကုက္ကိုတုံးပေါ် လှမ်းဆင်းအံ့ဆဲဆဲ စိန်ကြည်မတစ်ယောက် ခြေလှမ်းတုံ့ခနဲ ဖြစ်သွားသည်။
“အမေကလည်းနော် . . . စိတ်ညစ်လိုက်တာ”
ခပ်တိုးတိုးညည်းလိုက် ပြီး . . . ခြေစုံရပ်သည်။
လက်ထဲမှာ ဆွဲလာသော ဝါးပုလိုင်းကလေးကို အသာချပြီး အိမ်ရှေ့လမ်းမဖက်ဆီ လက်အုပ်ချီသည်။ ပြီးတော့ အသက်ကိုအောင့်ပြီး အမေသင်ပေးထားသည့် မြွေနိုင်သည်ဆိုသော ဂါထာကလေးကို ခုနှစ်ခေါက် အမြန်ဆုံးနှုန်းဖြင့် ရွတ်လိုက်သည်။
“ကွင်းထဲက ပြန်လာရင်လည်း ပြန်ဖြေဂါထာရွတ်ခဲ့ဖို့ မမေ့နဲ့နော်”
အခန်းထဲမှ အမေ၏ လှမ်း၍မှာသံ ထွက်လာချိန်မှာတော့ စိန်ကြည်မတစ်ယောက် အိမ်ရှေ့လမ်းမပေါ်ရောက်သွားခဲ့ပြီ။
လမ်းမဟုခေါ်ရသော်လည်း တကယ်ဆိုတော့ အုတ်ခဲလည်းမခင်း၊ မြေကြီးလည်း ဖို့ထားသည်မဟုတ်။ ချောင်းကမ်းစပ်အတိုင်း တစ်အိမ်နှင့်တစ်အိမ် ခပ်ကျဲကျဲတည်ထားသော ရွာကလေး၏ အိမ်ရှေ့များတွင် တချို့က အုန်းလက်ကြွေ၊ တချို့က အုန်းခွံဝါးလုံးစသည့် ရရာပစ္စည်းများကို ဗွက်လွတ်လျှင် တော်ပြီဆိုသည့်သဘောနှင့် ဖြစ်သလို ခင်းထားတာဖြစ်၏။
ထိုလမ်းကလေးအတိုင်း ကွမ်းတစ်ရာညက်လောက် လျှောက်သွားလျှင် ရွာအဆုံးကို ရောက်မည်။ ရွာ၏ အဆုံးတွင် လယ်ပြင်ကြီးက တစ်မျှော်တစ်ခေါ် ကြီး ကြည့်မဆုံးအောင်ရှိသည်။ ထိုလယ်ပြင်ကျယ်ကြီးဆီသို့ စိန်ကြည်မ သွားရမည်ဖြစ်သည်။
တစ်ဦးတည်းသောသမီးကလေး စိန်ကြည်မကို အမေက အလွန်ချစ်လေသည်။ အခုလို တရှောင်ရှောင်နှင့် ဘာရောဂါမှန်းလည်းမသိဘဲ အိပ်ရာထဲ မထနိုင် မဖြစ်ခင်အထိ အမေတစ်ယောက်တည်း ဒိုင်ခံရှာကျွေးခဲ့ပါသည်။
ဖတဆိုးသမီးကလေးပေမို့ ဖအေလိုတစ်မျိုး မအေလိုတသွယ် ချစ်အားတွေ ကြွယ်ခဲ့ပါ၏။
နွေနွေ၊မိုးမိုး၊ ဆောင်းဆောင်း၊ ငါးစိမ်းဗန်းကို ခေါင်းပေါ်ရွက်၍ သားအမိနှစ်ယောက်၏ ဝမ်းရေးအတွက် ရုန်းကန်ခဲ့ပါ၏။ ကြာတော့ အမေ့ကျန်းမာရေး ချို့ယွင်းလာပြီ။ သွေးဆုံးကိုင်သည်ဟု ပြောသူကပြော၊မီးယပ်နာဟု ဆိုသူက ဆို၊ နီးစပ်ရာ ဆေးမြီးတိုများနှင့် ကုသခဲ့သော်လည်း သက်သာရာမရခဲ့။
အိပ်ရာထဲမှာ ဗုန်းဗုန်းလဲခဲ့ရသည့်အခါမှာတော့ နတ်ထွင်းသည့်ခံတွင်းမှာ ထမင်းတလုပ်စားရဖို့အရေး အသက်တမျှချစ်ရသည့် သမီးကလေးကို ခိုင်းရလေပြီ။
သားအမိနှစ်ယောက်၏ ဘဝရပ်တည်ရေးအတွက် အခုတော့ စိန်ကြည်မတစ်ယောက် ကွင်းတကာ့ကွင်း၊ လယ်တကာ့လယ်၊ ရိုးတကာ့ရိုး၊ ကိုးကုန်း ကိုးကျင်းနှံ့အောင် ငါးကိုင်းထောက်ရင်း ရုန်းကန်နေရပြီ။
တကယ်တော့ စိန်ကြည်မအိမ်က ထွက်လာသောအချိန်သည် အလွန်စောသေး၏။ အရှေ့ဘက်ဆီတွင် ရောင်နီမလာသေး။ လောကတခွင်လုံးကို အုပ်မိုးထားသည့် ကောင်ကင်ပြာကြီးပေါ်တွင် တိမ်ဆိုင်တိမ်လိပ်၊ တိမ်တောင်ရိပ်တွေက ပိတ်ဖုံးကာဆီးထားသည်ဖြစ်၍ လယ်ပြင်ကြီးတစ်ခုလုံး မှောင်ရီဖြိုးဖျ အောက်တွင် အိပ်မောကျနေဆဲသာ ရှိသေး၏။
မိုးစက်မိုးပေါက်တွေ တစ်ပေါက်ပေါက်ရွာချခြင်း မရှိသော်လည်း မိုးမှုံ မိုးဖွားကလေးတွေက တဖွဲဖွဲ တသဲသဲကျဆင်းနေကြသည်။
ရေပြင်လယ်ကွက်ထဲမှာ တစ်တောင်ကျော်ကျော်ခန့် စိမ်းမှောင်ထွား ကျိုင်းလျှက်ရှိကြသည့် စပါးပင်ပျိုကလေးတွေပေါ်မှာ ငွေရည်ပုလဲဥကလေးတွေ စုစုခဲခဲခိုတွဲကြသည်မှာ ချစ်စရာပင် ကောင်းနေသေးတော့သည်။
ကိုင်းတံအချောင်းနှစ်ရာတိတိ မနေ့ညနေကတည်းက ထောက်ထားခဲ့သည်ဖြစ်၍ ယခုလို နံနက်စောစောတွင် ငါးလိုက်၍ ဖော်နေရခြင်း ဖြစ်သည်။
တစ်တောင်ခန့်သာ ရေကရှိသော်လည်း လယ်ကွက်ထဲက နွံတွေ နုန်းတွေ တမန်းမြေသားတွေထဲ ခြေသလုံးတစ်ပတ်ရစ်ထိအောင် ကျွံဝင်အောင် နှစ်နေ သည်ဖြစ်၍ ရေသည် စိန်ကြည်မ၏ ဒူးဆစ်လောက်အထိ ရောက်နေတော့သည်။
ထိုရေထဲ နုံးထဲမှာ တစ်လှမ်းချင်းတစ်လှမ်းချင်း အားယူကာလှမ်းပြီး ကိုင်းတံအချောင်းတစ်ရာကျော် ဖော်လိုက်၊ မိသည့်ငါးကိုဖြုတ်၍ ပလိုင်းထဲထည့်လိုက်အစာကုန်သွားသော ငါးမျှားချိတ်တွင် တီကောင်ကို ထက်ပိုင်းဖြတ်၍ အစာတပ်လိုက်နှင့် ဒရစပ်လုပ်နေရသည်ဖြစ်၍ စိန်ကြည်မ မောနေပြီ။
ပြန်ပြူးနေသော နဖူးဆံစဆီတွင် ချွေးဥလေးတွေ စီရရီခိုတွဲနေပြီ။ ပခုံးတွင် သိုင်းလွယ်ထားသော ဝါးပလိုင်းထဲတွင်လည်း ငါးတွေ တစ်ဝက်ကျော်ကျော် ရနေပြီ။
ပလိုင်းထဲမှာ ငါးခူ၊ ငါးကျည်း၊ လယ်ငါးစင်ရိုင်း၊ငါးရံ့၊ ကသပိုး စသည့် ငါးတွေကများသည်။
ရေစိုကာအသားနှင့် ကပ်နေသော လုံချည်ဟောင်းကလေးကို အသာမရင်း၊ လယ်ကွက်ထဲမှာ သွားနေရသဖြင့် စိန်ကြည်မ၏ ညိုသော်လည်းဝင်းသော၊ တုတ်ခိုင်သော်လည်း သွယ်ပျောင်းသော ဆင်နှာမောင်းလို ပေါင်ဖျား၊ ဒူးဖျားများတွင် စပါးပင် စပါးရွက်တွေနှင့် ထိသည် ရှသည်ဖြစ်၍ အစင်အစင်းတွေ ဖူး၍ဖူး၍ ထနေပြီ။
ငါးမျှားတံတစ်ချောင်းနှင့်တစ်ချောင်း လက်လံသုံးလံခန့်ခွာ၍ ထောက်ထားခဲ့သည်ဖြစ်၍ တစ်ကိုင်းပြီးတစ်ကိုင်း ရှေ့သို့တိုး၍တိုး၍ ဖေါ်လာခဲ့သည်။
“အလို . . . ငါးမျှားတံကြီးလဲနေပါ့လား . . .”
နှုတ်ကအသံထွက်အောင် ရွတ်ဆိုမိရင်း အနားသို့တိုး၍ သွားသည်။
မြေဝင်တစ်ထွာကျော်ကျော် ထိုးနှစ်၍ စိုက်ထားခဲ့သည့် ငါးမျှားတံကို ကျွတ်ထွက်သွားအောင် ဘယ်လိုသတ္တဝါမျိုးက ဆွဲပြေးတာဖြစ်သနည်း။
ဝါးနက်ဝါးကို ခွဲစိတ်၍ လက်ညှိုးခန့် သပ်၍ထားသော အရှည်တစ်လံခန့်ရှိသည့် ငါးမျှားတံသည် ရေပေါ်တွင် စင်းစင်းကြီး ပေါ်နေလေသည်။
ထိပ်ဖျားတွင် တပ်ထားသော ငါးမျှားကြိုးက တစ်အုံတစ်အုံလျှင် ထွာဆိုင်မက ကြီးထွားလှသည့် ကောက်ပင်သုံးလေးပင်ကို ရစ်၍ ၊ ပတ်၍၊ လိမ်၍ ရှိနေတော့သည်။ မရဲတရဲနှင့် အသာအနားသို့ကပ်သွားပြီး ငါးမျှားတံကိုကောက်ယူသည်။ ပြီးတော့ လိမ်ယှက်နေသော ကြိုးစကိုဖြည်၍ ဖော်လိုက်သည်။
ညိုဝါဝါအရောင်နှင့် ငါးရှဉ့်ပါးမွဲကြီးပါတကား။ အရှည်တစ်တောင့်ထွာခန့် လုံးပတ်လူကြီး လက်ကောက်ဝတ်ခန့်ရှိပြီး အနည်းဆုံးရှစ်ဆယ်သားတော့ ပြေး၍ မလွတ်နိုင်။
တစ်ညလုံး မိထားသည့်ငါးမျှားချိတ်မှ လွတ်လိုလွတ်ငြား အင်နှင့်အားနှင့် ရုန်းကန်ထားရသဖြင့် မောကာ ယခုတော့ လွန့်ရုံကလေး လွန့်နိုင်ပါတော့သည်။
ငါးရှဉ့်ဆိုသည့်အမျိုးက တစ်တောင်တစ်ထွာခန့် ရေအနက်ရှိသည့် လယ်ကွင်း လယ်ကွက်တွေထဲတွင် ညနေမိုးချုပ်ကတည်းက အစာရှာထွက်လေ့ရှိ သော သတ္တဝါမျိုးဖြစ်သည်။
သူတို့ကြိုက်နှစ်သက်သော အစာမှာ ၊ ခရုပုပ်၊ ဂဏန်းပုပ်တွေသာဖြစ်သည်။
ယခုသော် ဘယ်လိုက ဘယ်လိုဖြစ်ပြီး အစာငန်းငန်းနှင့် တီကောင်တပ်ထားသော ငါးမျှားချိတ်ကို မျိုမိသည် မသိနိုင်။ ငါးခူ၊ ငါးကျည်းစသည့် ငါးမျိုးသည် အစာကို ဟပ်ယူပြီးဆွဲပြေးတတ်သဖြင့် ငါးမျှားချိတ်သည် ပါးစောင် ပါးဟက်မှာသာ မိတတ်ကြပြီး ငါးရှဉ့်ကတော့ ဟပ်မိသည့်အစာကို ဆွဲပြေးသည် မဟုတ်။
စိန်ပြေနပြေမျိုချတတ်၍ ဝမ်းဗိုက်ထဲအထိ ငါးများချိတ်က ဝင်ကာ၊ အူတွေအသည်းတွေကို ချိတ်မိနေတတ်သည်။
အနေအထား ပျက်သွားသော ယိမ်းယိုင်သွားသော စပါးပင်တွေကို စိန်ကြည်မကပြန်၍ တည့်မတ်ပေးနေသည်။ လယ်သမားတွေ၏ အသက်သွေးခဲစပါးပင်တွေကို ကိုယ့်ကြောင့် အပျက်အစီး မဖြစ်စေချင်ပါ။
တချို့ ကိုင်းထောက်သမားတွေ ဒိုးသမား ဆောင်းသမားတွေသည် မိမိ ငါးရလျှင်ပြီးရော စပါးပင်တွေ ဘာပဲဖြစ်ဖြစ်၊ ပြီးပြီးရောထားခဲ့တတ်ကြ၏။ ထိုကြောင့် လယ်ရှင်တွေက သူတို့လယ်ကွင်းတွေထဲမှာ ငါးကိုင်းထောက်တာ၊ ဒိုးလိုက်တာ၊ ဆောင်းအုပ်တာ၊ မကြိုက်ကြ၊ ခွင့်မပြုကြ။
စိန်ကြည်မကိုကျတော့ မုဆိုးမအမေကြီးကို ရှာကျွေးသူလည်းဖြစ်၊ အလိုက်သိတတ်သူလည်းဖြစ်သူမို့ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ထားကြ၏။ ဒါကို သိထားသည့် စိန်ကြည်မလည်း စပါးပင်တွေ မပျက်စီးရအောင် အမြဲတမ်းဂရုစိုက်ခဲ့ပါ၏။
ငါးမျှားချိတ်သည် ငါးရှဥ့်၏ဗိုက်ထဲရောက်နေပြီဖြစ်၍ ဖြုတ်၍မရနိုင်။ သို့ဖြစ်၍ ကိုင်းတံမှ ကြိုးကိုဖြုတ်၍ ငါးရှဥ့်ကြီးကို ပလိုင်းထဲထည့်ကာ နောက်ထပ်ကိုင်းတံတစ်ခုဆီ လှမ်းခဲ့ပြန်သည်။
XXX XXX
ရွာနှင့် ခပ်လှမ်းလှမ်းရှိ ငါးရွဲဒိုင်ကို စိန်ကြည်မရောက်တော့ မိုးစင်စင် မလင်းသေးပေ။ ရွဲဒိုင်သူဌေး၏ ကိုယ်စားလှယ် ဦးချစ်မွှေးကြီးက ငါးရှ၌ရရ၊ ငါးဖရုံခေါ် သင်္ဘောပေါက်ပဲရရ၊ ဈေးကောင်းပေး၍ ဝယ်လေ့ရှိသဖြင့် စိန်ကြည်မ သူရလာသော ငါးရှဉ့်ကြီးကို လာပို့ခြင်းဖြစ်သည်။
ငါးဒိုင်မှာ လူရှင်းနေသည်။ သူတို့မြို့ကလေးကို ရန်ကုန်သွားမည့် သင်္ဘောကပ်ချိန်သည် ညနှစ်နာရီခန့် ဖြစ်၍ ငါးဒိုင်မှာ စုထားမိသမျှ ငါးတာ၊ ပုစွန်တာတွေကို ရန်ကုန်အမီပို့ပြီးဖြစ်၍ တစ်ကျော့ပြန်၍ အိပ်နေကြပြီ။
(သူတို့ဓလေ့အရ သစ်သားသေတ္တာကြီးထဲတွင် ရေခဲတစ်ထပ် ငါး (သို့) ပုစွန်တစ်ထပ်ထည့်ထားသော သေတ္တာကြီးများကို ‘တာ’ဟုခေါ်သည်။)
ငါးရှဉ့်ကြီးကိုဆွဲကာ ငါးဒိုင်ထဲဝင်လာသည်အထိ လူသူအရိပ်အရောင် မမြင်ရသေး။ ရွဲဒိုင်၏ ရုံးခန်းဆီမှ ဘက်ထရီမီးသီးကလေးတစ်လုံး လင်းနေသည် ကို တွေ့ရသည်။
ကြမ်းခင်းသည် မဓမမျောတိုင်တွေ ခင်းထားသည် ဖြစ်၍ ခြေလှမ်းလိုက်တိုင်း တကျွီကျွီမြည်သည်။ ထိုခြေသံကြောင့်ပင် အခန်းထောင့်ရှိ သစ်သားခုတင်ကလေးပေါ်တွင် အိပ်နေသည့် ဦးချစ်မွှေးကြီး ထလာသည်။
စိန်ကြည်မက လက်ထဲမှာ ဆွဲလာသည့် ငါးရှဉ့်ကြီးကို မြှောက်၍ ပြသည်။ ဦးချစ်မွှေးကြီးက ငါးရှဉ့်ကို စိတ်မဝင်စား။ စိန်ကြည်မကိုသာ စူးစူးစိုက်စိုက်ကြည့်နေသည်။
စူးရဲလှသည့် အကြည့်ကို စိန်ကြည်ပြိုင်၍ မကြည့် ရဲပါ။ မျက်လွှာချရင်း ရင်တွေတုန်နေမိသည်။ မနက်အစောကြီးလာမိတာ မှားများနေပြီးလားဟု တွေးသည်။
ဘက်ထရီ မီးရောင်မှိန်မှိန်အောက်တွင် စိန်ကြည်မတစ်ယောက် အလှကြီးလှနေသည်။ ဝတ်ပါများ၍ပါးနေ၊ အရောင်လွင့်နေပြီးဖြစ်သော တက်ထရွန် ထမီဟောင်းကလေးက ရေတွေစိုကာ အသားနှင့် ပကတိအတိုင်းကပ်လျှက် ရှိသည်။
အသားကလေးညိုညိုစိုစိုနှင့် အသက်တစ်ဆယ်ခြောက်နှစ်နှင့် မလိုက်အောင် ဖွံ့ထွားလှသော စိန်ကြည်မကိုကြည့်ရင်း ဦးချစ်မွှေးကြီး တံတွေးတွေနင်၍ နေတော့သည်။
တောင်ဆီမှ မိုးခြိမ်းသံသည် ဂျိုးဂျိုးဂျိမ့်ဂျိမ့်မြည်ဟီးကာ တဖြည်းဖြည်း နီး၍နီး၍လာသည်။ လျှပ်နွယ် လျှပ်ပန်းတွေက တဖျန်းဖျန်း တဖျတ်ဖျတ်နှင့် ကြောက်စရာကောင်းလောက်အောင် ပြိုးပြက်ဝင်းလက်လာသည်။
မကြာမီ မြစ်ဝကျွန်းပေါ် မိုးကြီးကန်သင်းကျိုးအောင် အင်နှင့်အားနှင့် ရွာချတော့မည်။
XXX XXX
“ဟဲ့ စောလှချည်လား၊ အုန်းမောင်းခေါက်သံတောင် မကြားသေးဘူး၊ ဒါလောက်စောစောစီးစီး မှောင်ကြီးမည်းမည်းမှာ မြွေပါးကင်းပါးနဲ့ သမီးရယ်”
လူသူမရှိသည့် လယ်ကွင်းတွေကြားသွားကာ ငါးမျှားတံတွေ ဖော်ရမည် ဖြစ်သော်လည်း၊ လက်သွေးသနပ်ခါးခဲကလေးကို ရေနှင့်ဖျော်၍လူးနေသော စိန်ကြည်မကတော့ ပြီးအောင်ဆက်၍ လိမ်းနေသေးသည်။
“ဝီရိယရှိမှပေါ့အမေရဲ့၊ ကိုင်းတံကနှစ်ရာတောင်ဆိုတော့ စောစောသွားပြီးဖော်မှ မိုးမလင်းခင်ပြီးမှာ။ ဦးချစ်မွှေးတို့ရဲ့ဒိုင်က မြို့ဈေးကိုသွားမယ့် ပဲ့ထောင်ကိုမီရင် ဈေးပိုရတယ်မဟုတ်လား။ ပြီးတော့ ရေသေတွေပါ ရောထည့်ပေးလည်း ဦးချစ်မွှေးက ဘာမှပြောတာမဟုတ်ဘူး။ တခြားဒိုင်တွေက အရှင်ပဲ ဝယ်ချင်ကြတာလေ။ အမေမသိပဲ ဝင်မပါချင်စမ်းပါနဲ့တော်။ ပြီးတော့ သမီးသွားနေကျလမ်းပဲဟာ၊ မြွေပါးကင်းပါးလည်း ကြောက်စရာမရှိပါဘူး”
အမေကတော့ မီးရောင်မှိန်မှိန်အောက်မှာ ပါးကွက်ကျားကလေး ဖွေးဖွေးနှင့် အလှသွေးတွေ ကြွယ်နေသော သမီးဖြစ်သူကို ကြည့်ရင်း ငြိမ်နေသည်။
ကိုင်းထောက်၍မိသော တချို့ငါးများသည် ရုန်းရင်းဆွဲရင်းသေနေတတ်သည်။ ထိုငါးမျိုးကို ရေသေဟုခေါ်ကြပြီး လူကြိုက်နည်းလှသည်။ ဈေးကောင်းလည်းမရဘဲ၊ ငါးပိကောင်လုပ်ဖို့လောက်သာ အသုံးဝင်မှန်း စိန်ကြည်မကို မွေးထားသော တံငါ့မယားငါးစိမ်းသည် လက်ဟောင်းကြီးအမေက ပို၍သိပါသည်။
အမေ့ရင်ထဲမှာ သည့်ထက်မကပြောချင်သည့် စကားတွေရှိနေမှန်း ကျိတ်မှိတ်မျိုချနေမှန်း၊ ပြောင်းဖူးဖက်ဆေးလိပ်ကြီးငေါ့ရင်း၊ လှုပ်ရှားနေသည့် အမေ့ရင်ဘတ်ပိန်ပိန်ကလေးကို စိန်ကြည်မသတိထားကြည့်လျှင် သိနိုင်ပါလိမ့်မည်။
“အေးပါဟယ် . . . အေးပါ . . . အမေကစိုးရိမ်လို့သတိပေးတာပါ။ မိဘကိုရှာကျွေးတဲ့ ငါ့သမီးသူတော်ကောင်းကလေးကို ဘယ်လိုမြွေကင်းတွေကမှ ဒုက္ခပေးကြမှာမဟုတ်ပါဘူး။ ဒါထက် . . . ကွမ်းသီးချောင်းဖျားက ထွန်းခတစ်ယောက် ကွင်းထဲသွားရင်း ပိုးထိလို့ဆို၊ အခုကော ဘယ်လိုနေသေးလည်း။ ဆေးရုံပို့လိုက်သလိုလို ပြောသံကြားလိုက်ပါရဲ့၊ အမေ့မှာလည်း အိမ်ထဲကနေ အိမ်ပြင်မထွက်ရတော့ ဘာမှတိတိကျကျမသိရဘူး၊ ငါသာ နေကောင်းလို့ကတော့ ကိုယ်တိုင်ပဲ ရှာကျွေးလိုက်ချင်တာပါပဲ”
လေရှည်ကြီးနှင့်ပြောရင်းမောကာ၊ ချောင်းတွေတဟွတ်ဟွတ်နှင့်ဆိုး နေတော့သည်။
စိန်ကြည်မတစ်ယောက် ပလိုင်းကိုလွယ်ကာ အိမ်ကလေးပေါ်မှ ဆင်းသွားချိန်မှာတော့ ဝန်းကျင်တစ်ခွင်လုံးကို အမှောင်ထုကြီးက ဖုံးလွှမ်းနေဆဲသာ ရှိသေးသည်။
မကြာမီ သီတင်းဝါလကျွတ်တော့မည်။ တစ်မိုးတွင်းလုံးအုံးအုံးထအောင် မုတ်သုန်မိုးတို့ မင်းမူခဲ့ကြသော်လည်း ယခုတော့ လက်လျှော့သွားကြပြီ။ မကြာမီ ဆောင်းဝင်တော့မည်။
မိုးစက်မိုးပွင့်တို့ကို သောက်ချိုးကာ ပင်စည်ပင်ပွားတွေနှင့် ဝေဆာမြိုင်ဆိုင်နေသည့် ကောက်ပင်တို့သည် ဝင်းဝင်းပပ လင်းလက်လာမည့် နေခြည်ထွေးထွေးဆောင်းလေအေးအေးတွင် စပါးတွေဖုံးကြ၊ လုံးကြ ပွင့်ကြ သီးကြနှင့် မြရောင် မြသားလယ်ပြင်ကြီးကနေ ရွှေအိုရောင်လယ်ပြင်ကြီးအဖြစ် ကူးပြောင်းကြတော့မည်။
ထိုအချိန်တွင် လယ်ပြင်ကြီးဆီမှာ ရေတွေဆုတ်တော့မည်၊ ရေအဆုတ်တွင် ကွင်းငါးတွေ ပျောက်လေတော့မည်။ မိုးအခါတုန်းက ကွင်းရေသည် နှစ်တောင်ကျော် တစ်ခါတစ်ခါ သုံးတောင်ခန့်အထိ ဖုံးလွမ်းနေသည်မို့ ရေအကြွမှာ ငါးတွေမြူးကြသည်။ ထို့ကြောင့် ကိုင်းထောက်သမားတွေ အဆင်ပြေကြသည်။
ယခုတော့ တချို့နေရာများတွင် ရေကတစ်ထွာမျှပင် မကျန်ချင်တော့ပြီ။ ကျန်သည့်ရေတွေမှာလည်း နေခြည်တွေက ဖျန်းသဖြင့် တဖြည်းဖြည်းခန်း၍ ခန်း၍ လာနေပြီ။ ရေမရှိသည့်ကွင်းမှာ စိန်ကြည်မတို့ ဘယ်လိုဆင်း၍ ငါးဖမ်းကြမည်နည်း။ တွေးရင်းတွေးရင်း အမေတစ်ယောက် စိတ်တွေလေးလံစွာဖြင့် ကျန်ရစ်ခဲ့သည်။
ဘာလိုလိုနှင့်သီတင်းကျွတ်ခဲ့ပြီ။ ရွာထဲမှာ ကလေးသံတွေ ခွေးသံတွေ လူသံတွေ စီစီညံနေသည်။ အိမ်ရှေ့ချောင်းကလေး၏ ရေပြင်ထဲတွင် ချောင်းဖျားဆီက မျှောချလိုက်သည့် ငှက်ပျောတုံးဖောင်ကလေးတွေပေါ်တွင် ဖရောင်းတိုင်မီးတွေက ထိန်ထိန်ညီးလျှက်ရှိသည်။
ရွာထိပ်ဘုန်းကြီးကျောင်းဆီက အိုးစည်ဝိုင်းက တထုံထုံမြည်သံပေး၍ ကာလသား ကာလသမီးတွေကို ပျော်အောင် မြူးအောင် မြူဆွယ်လျှက်ရှိသည်။
ရွာ့အနောက်ဘက် ကွင်းဆီက တဟေးဟေးနှင့် အော်သံတွေ စီခနဲ ညီကနဲကြားနေရသည်။
အခြားရွာတွေက လွှတ်တင်လိုက်သောမီးပုံးပျံကြီးတွေ မီးစာကုန်လောင်စာခန်း၍ ပြုတ်ကျလာသည်ကို သူ့ထက်ငါကောင်း လိုက်နေကြခြင်းဖြစ်သည်။
အမေတို့ အိမ်ကလေးအတွင်းမှာတော့ ဆီမီးရောင်စုံလည်းမရှိ။ ပျော်ရွှင်ရယ်မောသံလည်း မကြားရ။ လူသူ ကင်းဆိတ်နေသလို ငြိမ်သက်လျက်ရှိသည်။
လေအဝှေ့တွင် ဘယ်ညာလွန့်လူးသွားတတ်သည့် နီကျင်ကျင်ဒီဇယ် မီးခွက်ကလေး၏ အလင်းရောင်ကသာ အင်အားချည့်နဲ့စွာ ထွန်းလင်းပေးနေ သည်။
“မယ်မင်းဘုံရယ် စဉ်းစားတော့ စဉ်းစား။ ညည်းတို့မှာ ဆွေရယ်မျိုးရယ်ဆိုလို့ ဘယ်မှာတစ်ကောင်တစ်မြီးရှိလို့တုန်း။ ကျုပ်မောင်မရှိတော့ပေမယ့် ကျုပ် ကတော့ ညည်းကို ယောက်မလို့ မမှတ်ဘူး၊ ကျုပ်ညီမလို့ပဲ မှတ်ထားတာ။ ကျုပ် တူမလေးအရေးဟာ ညည်းအရေးဖြစ်သလို ကျုပ်ရဲ့အရေးပေါ့အေရဲ့။ ဒါကြောင့် လာပြောရတာ”
အရီးဖွားခင်က အမေ့ကိုပြောရင်း ဆေးလိပ်တစ်ဖွာရှိုက်၍ ဖွာနေသည်။ ရွာထဲမှာ ရယ်သံမောသံတွေ၊ အော်သံ၊ ခေါ်သံ၊ ပျော်သံတွေ ညံနေသလောက် အိမ်ကလေးထဲမှာတော့ ထူးခြားစွာ တိတ်ဆိတ်လို့နေသည်။
ဆောင်းအဝင်သည် နှစ်စောလိမ့်မည်။ အိမ်ကလေးခေါင်းရင်းဘက်ရှိ သလပ်ဖက် သရက်ပင်ကြီးဆီကနေ နှင်းငွေ့ နှင်းစက်တွေ စုပေါင်းပြီး မိုးပေါက်လေးတွေလို အိမ်ခေါင်မိုးဓနိဖက်ပေါ် တစ်ပေါက်ချင်းကြွေကျနေသံကိုပင် ကြားနေရသည်။
အိမ်၏ ခေါင်းရင်းဘက်တွင် ဝါးထရံကိုကပ်၍ ဘုရားပုံတော်တစ်ခု ချိတ်ဆွဲထားပြီး၊ မြေညောင်ရေအိုးထဲရှိ ဇော်ဂျီတောင်ဝှေးပင်တွေတောင် ညှိုးခြောက်နေသည်။ ပြက္ခဒိန်ဟောင်းတွေကို ကပ်ထားသည့် ထရံကာအခန်းကလေးထဲမှ ကျိတ်၍ ရှိုက်သံက တစ်ချက်တစ်ချက် သဲ့သဲ့ကလေးမျှထွက်ပေါ် လာနေသည်။
သမီးကလေး၏ ကျိတ်၍ရှိုတ်သံတစ်ချက်သည် အမေ့အသည်းနှလုံးတွေကို ဓါးနှင့်တစ်ချက်မွှန်းလိုက်သလိုမျိုး အမေခံစားရသည်။
တွန့်ခေါက် ရှုံ့တွနေသော အမေ့ပါးပြင်ပေါ်မှာ စီးကျနေသည့် မျက်ရည်စတွေက မခြောက်တတ်သေး။ စကားပြောရန်အတွက် ပါးစပ်မှာတပ်ထား သော ပြောင်ဖူးဖက်ဆေးလိပ်ကို ဆွဲအချွတ်တွင် ဖင်စီခံ၌ တံတွေးအမျှင်တွေတန်း၍ ပါသွားသည်။
နှုတ်ခမ်းကိုသပ်၍ ပါးစပ်ပြင်ကာ စကားပြောမည်ကြံ၏။ ဘာသံမှ ထွက်ပေါ်မလာချေ။ ဝေသီသော မျက်လုံးဖြင့် အိမ်ခေါင်တိုင်ဘက်ဆီအကြည့် ရောက်တော့ ထရံမှာဝါးခြမ်းပြားကလေးနှင့် ညှပ်ထားသော ဖုံအလိမ်းလိမ်းတက်နေပြီဖြစ်သည့် သွားလေသူကြီး၏ ပုတီးဟောင်းကြီးကို လှမ်းမြင်ရသည်။
“ကိုစံခင်သာရှိရင် သိပ်ကောင်းမှာပဲ၊ ကိုစံခင်ရေ ရှင်ကတော့ အေးသွားပြီနော်။ ကျုပ်မှာတော့ သမီးတစ်ကောင်နဲ့ ဒီဒုက္ခတွေဘယ်လိုဖြေရှင်းရမှာလည်း နော် ..”
ဟု စိတ်ထဲက တိုင်တည်မိသည်။
ထရံထောင့်က နတ်အုန်းသီးတွင် ဖွဲ့ထားသော ပင်ကူအိမ်ထဲတွင် ဖလံပိုးတစ်ကောင် တဖျပ်ဖျပ်ရုန်းရင်းကန်ရင်း လွတ်မြောက်အောင်ကြိုးပမ်းနေသည်။ ခြေချောင်းတွေတကားကားနှင့် ပင့်ကူကြီး၏ အစားကို ခံရတော့မည်။
“အဲဒါပါပဲအေ . . . ဟိုဘက်ကလည်း ညည်းကိုမပြောရဲလို့ ငါ့ဆီလာပြီး စေ့စပ်တဲ့သဘောနဲ့ ပြောတာ။ သားမှတ်မှတ်၊ မယားမှတ်မှတ်ပေါင်းပါ့မယ်တဲ့။ ညည်းတို့သားအမိကို မပူပင်ရအောင်လည်း ထားပါမယ်တဲ့ ညည်းစဉ်းစားပေတော့”
ယောက်မဖြစ်သူ ထွက်သွားသောအခါ အိမ်ရှေ့တွင် အမေတစ်ယောက်တည်း ငေါင်းစင်းစင်းကြီး ကျန်ရစ်ခဲ့သည်။ ဘာတွေစဉ်းစား၍ ဘာဆက်လုပ်ရမည်ကို အမေတစ်ယောက်စဉ်းစား မရသေးပါ။
ယောက်မ၏စကားအရ သမီးကလေးမှာ မပေါ့မပါးဖြစ်နေပြီဟု သိရသည်။ ကာယကံရှင်ကတော့ ငရွဲဒိုင်က ဦးချစ်မွှေးဟုဆိုသည်။ ဦးချစ်မွှေးက တာဝန်ယူမည်။ မိသားဖသားပီပီ တောင်ရမ်းယူမည်ဟု ဆိုသည်၊ မတောင်းမတ မကြောင့်မကြထားမည်ဟုလည်း အာမခံသည်။
မပေးစားပဲနေလျှင် လင်ကောင်မပေါ်သော ဗိုက်တစ်လုံးနှင့် သမီးကလေးကို မည်သူစောင့်လျှောက်မည်နည်း။ ယူလိုက်ပြန်လျှင်လည်း ဘယ်နှစ်ယောက်မြောက်မှန်းမသိသော မယားငယ်ဖြစ်လိမ့်မည်။
တွေးရင်း တွေးရင်းနှင့်ပင် အမေကအသက်ရှူတွေကျပ်ပြီး မော၍မော၍လာသည်။
ကိုယ်နှင့် ရွယ်တူ တန်းတူကြီးကို သားမက်တော်ရမည့်အရေးကို တွေးပြီး အမေရင်ဆို့နေပြီ။
ပြောစရာစကားမရှိသူတို့၏ ထုံးစံအတိုင်း အမေသည်မတ်ထားသော ခေါင်းကို ငုံ့လိုက်မိသောခဏ၌ အမေ့ မျက်ရည်စက်တို့သည် ခင်းထားသည့် သပေါ့ဖျာစုတ်ကလေးပေါ် နှင်းငွေ့ နှင်းစက်တို့ကဲ့သို့ တစ်ပေါက်ပေါက် ကြွေ၍ ကြွေ၍ ကျ၏။
ရိုးသားလှသောအမေသည် . . . . လယ်ကွင်းထဲသွား၍ ငါးရှာရသော သမီးကလေးအတွက် မြွေ၊ကင်းတို့၏ အန္တရာယ်ကို တွေးပူ၍ ပူကာ မကြာမကြာ သတိပေး၏။ မြွေဆိပ်ကင်းဆိပ်တို့တက်လျှင် ဖြေဆေးက ရှိသေးသည်။
သို့သော် …..
– ပြီး –
စာရေးသူ – မောင်ခြိမ့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ