သောင်းမြင့်ဦး (ကွမ်းခြံကုန်း)
(၁)
ကိုချမ်းအေး၊ သာဟန်၊ ကြည်လှနှင့် စံဖေတို့ လှေလေးစင်းမှာ တစ်စင်းနှင့်တစ်စင်း တွဲလျက် ‘တုတ်ချောင်ချောင်း’ အတွင်းရှိ အရိပ်ကောင်းသော ညောင်လန်းပင်ကြီး၏ အရိပ်အောက်ဝယ် ရေစောင့် ရင်း ရပ်နားနေကြသည်။
ချောင်းအတွင်း တက်ရေမှာ ရေဝက်ခန့်သာ ရှိသေးသဖြင့် ရေပြည့်ဖို့ရန် နောက်ထပ် တစ်နာရီခန့် စောင့်ရဦးမည်ဖြစ်သည်။ သို့အတွက် မိမိတို့လုပ်ငန်းများ မစမီ အချိန်အတွင်း တစ်ဦးနှင့် တစ်ဦး ထွေရာလေးပါး စကားများအား ရောက်တတ်ရာရာ ပြောဆိုကြရင်း အချိန်ဖြုန်းနေကြခြင်း ဖြစ်သည်။
၎င်းတို့ လေးဦးအနက် ကိုချမ်းအေးမှလွဲ၍ ကျန်သုံးယောက်မှာ ယမန်နေ့ကပင် ဤချောင်းအတွင်း လာရောက်ခဲ့ပြီး “အုန်းသီးစိတ် ပုစွန်တုပ်တန်း” ခပ်ခဲ့ပြီးကြသူများဖြစ်သည်။
ကိုချမ်းအေးမှာ ယနေ့မှ လိုက်လာသူဖြစ်ပြီး ညရေတွင်ခပ်ရန် ဖြစ်သဖြင့် တစ်ရွာတည်းသားအဖော်များနှင့်သာ စုခြင်းဖြစ်သည်။
အုန်းသီးစိတ် ပုစွန်တုပ်ခပ်ရာတွင် နေ့အချိန်ထက် ညအချိန်က ပိုအရများသဖြင့် အဖော်ရှိလျှင် ညရေများတွင်သာ ဆင်းသည့်သူက များသည်။ ကိုချမ်းအေးသည် ဝီရိယရှိသူပီပီ သာဟန်တို့သုံးယောက် ပေါက်တတ်ကရပြော၍ တဝါးဝါးနှင့် ပွဲကျနေချိန်တွင် ၎င်းမှာ တန်းကြိုးတွင် အုန်းသီးစိတ် အစာတုံးကလေးများအား အသေအချာ တပ်နေသည်။
ဒါကို စံဖေက တွေ့ရာ လှမ်းစသည်။
“ဟ … ကိုကြီးချမ်းအေးရ စောပါသေးတယ်ဗျ။ မမလေး ထဘီဖိုးအတွက် ဒါ့လောက်လည်း ကြိုးစားမနေပါနဲ့”
“အာ … ဘယ်ကလာ ထဘီဖိုးရမှာလဲ။ ဘရာစီယာဖိုးကွ … ဘရာစီယာဖိုး”
စံဖေ၏ အပြောအား သာဟန်က ဝင်ထောက်ရင်း နောက်လာသည်။ ဒါ့ကြောင့်လည်း ကိုချမ်းအေး ငြိမ်နေ၍ မရတော့၊ ခွန်းတုန့်ပြန်ရလေသည်။
“ဘာဖိုးဘဲရရပေါ့ကွာ။ ငါက မင်းတို့ထက်တစ်နေ့နောက်ကျနေတာဆိုတော့ မင်းတို့ကိုမှီအောင် ကြိုးစားရတာပေါ့”
“လုပ်မနေပါနဲ့ ကိုကြီးချမ်းအေးရာ။ ကိုကြီးချမ်းအေး ဘယ်လိုပဲ ဝီရိယထုတ်ထုတ်၊ ဒီရေမှာ ကျုပ်တို့ကို မှီမှာမဟုတ်ပါဘူး”
ဒီအပြောက ကြည်လှ အပြောဖြစ်ပြီး မနေ့ညက သူ ပုစွန်တုပ် ငါးပိဿာကျော်ကျော် ရရှိခဲ့ခြင်းကို ထုတ်ဖော်ကြွားဝါခြင်းပင် ဖြစ်သည်။ ဒါ့ကြောင့်လည်း ကိုချမ်းအေး မခံချင်ဖြစ်သွားသည်။
“ဒီနေ့ကစပြီး နောက်သုံးရက်တောအတွင်း မင်းတို့ကို မီကိုမီရမယ်ကွာ။ ဘာကြေးလောင်းမလဲ”
“ကိုကြီးချမ်းအေးကို သနားလို့ သိပ်အများကြီးတော့ မလောင်းချင်ပါဘူး။ ပုစွန်တစ်ပိဿာကြေးလောက်ဆိုလျှင် တော်ပါပြီ”
“အေးနော် … နောက်မှ အဖျားရှူးမသွားနဲ့။ ဟေ့ကောင် စံဖေနဲ့ သာဟန် … မင်းတို့ ကြားတယ်နော်”
ကိုချမ်းအေးက အလောင်းအစားလုပ်ငန်းအား လှေတစ်တွဲတည်းရှိ စံဖေနှင့် သာဟန်တို့အား သက်သေတည်လိုက်သည်။ သည်တော့ စံဖေက. . .
“ဟေ့ကောင် ကြည်လှ. . . မင်း တကယ်နော်။ နောက်မှ ကလီကမာ မလုပ်နဲ့။ လုပ်ရင်တော့ အသေပဲ”
“မလုပ်ပါဘူးဗျာ. . . တကယ် အတည်အတန့်ပါ”
စံဖေ၏အမေးကို ကြည်လှက ပြန်ပြောရင်း ကိုချမ်းအေးဘက်သို့ပါ လှည့်ခါ …
“ကိုကြီးချမ်းအေးကို သနားတော့ သနားပါရဲ့ဗျာ”
“အမလေး မသနားပါနဲ့ မောင်ရာ။ နောက်မှ တကယ်သနားစရာကောင်းတာ ဘယ်သူလဲဆိုတာ တွေ့ကြတာပေါ့”
ကိုချမ်းအေး စကားကောင်းနေစဉ်အတွင်း မနက်က စားထားသော ချဉ်ပေါင်ဟင်းက အစွမ်းပြလာသည်။ ဗိုက်မှာ ရစ်၍ ရစ်၍ နာလာပြီး ဝမ်းက သွားချင်လာသည်။
ထို့ကြောင့်လည်း သာဟန် လှေနှင့် တွဲချည်ထားသော မိမိလှေအား ဖြုတ်၍ ချောင်းကမ်းစပ်သို့ ကပ်ပြီး ဝန်ထုပ်အား ရှင်းရန် ကုန်းပေါ်သို့ တက်လိုက်သည်။ ထိုစဉ် ကြည်လှထံမှ စကားသံက ထွက်လာသည်။
“ဟေ့ကောင်တွေ တွေ့လား။ ကိုကြီးချမ်းအေး ငါနဲ့ လောင်းမိတာနဲ့ ကြောက်ချေးတောင် ထွက်ကုန်ပြီကွ။ ဟား … ဟား”
ကြည်လှ၏ စကားကို ကိုချမ်းအေး ကောင်းကောင်းကြားသော်လည်း ပြန်လည်၍ ချေပမနေနိုင်။ လေးလံလှသော ဝန်ထုပ်ဝန်ပိုးကို စွန့်ပစ်ရန်အတွက် ချုံတောတစ်ခုအတွင်း အလျင်အမြန် ဝင်လိုက်ရလေသည်။
ကိုချမ်းအေး လှေပေါ် ပြန်ရောက်ချိန်တွင်တော့ ရေမှာ ပြည့်လုပြီး မှောင်ရီပျိုးလာပြီမို့ လှေထဲရှိ မီးခွက်ကို ထွန်းလိုက်သည်။ ပုစွန်ခပ်ချိန်တွင် မီးခွက်အား အစာကုန်သွားသော ငါးမျှားများတွင် အစာသစ်တပ်လဲနိုင်ရန်အတွက် အုန်းသီးစိတ်ထည့်သော ခွက်အား ကြည့်လိုက်ရာ စောစောက တစ်ခါထည့်လိုက်သဖြင့် ကုန်လုနီးပါးဖြစ်နေသည်ကို တွေ့ရသည်။ ဒါကြောင့် လှေဝမ်း အလယ်တွင်ရှိ တောင်းထဲတွင် အသင့်ထည့်ယူလာသော အုန်းသီးစိတ်တစ်ခြမ်းအား နှိုက်ယူကာ ဓားဦးနှင့် ရစ်ထုတ်လိုက်သည်။
ဓားဦးဖြင့် ရစ်ထုတ်လိုက်သဖြင့် ရရှိလာသော လက်တစ်လုံးသာသာခန့်ရှိ အုန်းသီးဆန်ခွေကလေးအား ပုစွန်စာအဖြစ် အသုံးပြုနိုင်ရန် လက်တစ်ဆစ်ခန့်ရှိ အတစ်ကလေးများ တစ်လိုက်ပြီး အစာခွက်အတွင်း ထည့်သိမ်းလိုက်သည်။
အချိန်မှာ မှောင်လာပြီ၊ ရေမှာလည်းပြည့်ပြီမို့ မိမိတို့လုပ်ငန်းအား စတင်နိုင်စေရန် တစ်စင်းနှင့်တစ်စင်း တွဲချည်ထားသော လှေများအား ဖြုတ်၍ လှော်ထွက်ခဲ့ကြသည်။ ချောင်းရေလယ်နား မရောက်တရောက်တွင် ကိုချမ်းအေးမှာ အသင့်ပါလာသည့် ဝါးလုံးအား ချောင်းအတွင်း ထိုးစိုက်ချလိုက်ပြီး ခိုင်မြဲစေရန်အတွက် အားဖြင့် ဖိလိုက်သည်။
စိုက်ပြီးသော ဝါးလုံးတိုင်နှင့် တန်းကြိုးအား ရေအောက်တစ်တောင်ခန့် မြှုပ်ပြီး ချည်လိုက်သည်။ ပြီး လှေအား ချောင်းရိုးအတိုင်းလှော်၍ ကျန်တန်းကြိုးများအား ရေအတွင်း မျှောချလာရာ အတောင်သုံးရာ ခန့်ရှိသော တန်းကြိုးမှာ မကြာမီ ကုန်ဆုံးသွားတော့သည်။
ထိုအခါ အသင့်ရှိနေသော နောက်ထပ် ဝါးတစ်လုံးအား စိုက်ခါ တန်းကြိုးအဆုံးစကို ပထမဝါးလုံးတွင် ချည်သည့်အတိုင်း ရေအောက် တစ်တောင်သာသာခန့် မြှုပ်၍ ချည်လိုက်ပြီး ကိုချမ်းအေး ပထမ ဝါးလုံးတိုင်ရှိရာသို့ လှေကို ပြန်လှော်ခဲ့သည်။
ကိုချမ်းအေး အခြားလှေများကို လှမ်းကြည့်လိုက်ရာ ၎င်းတို့လည်း တန်းကြိုးဆွဲသူဆွဲ၊ တိုင်စိုက်သူစိုက်နှင့် လုပ်ငန်းစနေကြပြီဖြစ်ကြောင်း မီးခွက်ရောင်မှုန်ပျပျအလင်းတွင် မထင်မရှား တွေ့လိုက်ရသည်။
(၂)
ကိုချမ်းအေး တန်းကြိုး ရေချပြီးသွားသည်မှာ ဆယ်မိနစ်ခန့်ရှိပြီ ဖြစ်သည့်ပြင် ချောင်းရေစီးမှာလည်း အားပျော့သွားပြီဖြစ်၍ ပထမအလားအဖြစ် ပုစွန်တုပ် စတင်ခပ်ရန် လှေလယ်တွင် အသင့်ရှိနေသော ပုစွန်ခပ်သည့် ဒိုင်းကွင်းကို လှမ်းဆွဲလိုက်ပြီး ကျန်လက်တစ်ဘက်မှ ရေထဲတွင်ရှိနေသော တန်းကြိုးအား အသာဆွဲဖော်လိုက်သည်။
ကိုချမ်းအေး တန်းကြိုးအား တဖြည်းဖြည်းဆွဲ၍ လှေအား ရွေ့လျားစေပြီး ရေပြင်ပေါ်သို့ ပေါ်တက်လာသည့် တန်းကြိုးနှင့်တွဲလျှက် ရှိနေသည့် တောင်ဆုတ်နီးပါးခန့်ရှည်သော ငါးမျှားကြိုးကလေးများထိပ်ရှိ အုန်းသီးစိတ်ဆန်အား အငမ်းမရ စားနေသော ပုစွန်တုပ်များအား လက်ထဲရှိ ဒိုင်းကွင်းဖြင့် ခပ်ယူဖမ်းဆီးလိုက်သည်။
‘ဒိုင်းကွင်း’အတွင်း ရောက်ရှိလာသော ပုစွန်တုပ်များအား လှေဝမ်းအတွင်း သွန်ချပြီးသည်နှင့် နောက်တစ်ချောင်းကို ထပ်ခပ်ရပြန်သည်။ အကယ်၍ ငါးမျှားသံချောင်းတွင် အုန်းသီးစိတ်ကုန်နေသည်ကို တွေ့ရပါက အသစ်ထပ်မံတပ်ရသည်။ သို့မှသာ နောက်အလား နောက်တစ်ခေါက်ခပ်ရာတွင် ငါးမျှားအားလုံးအစာရှိနေမည် ဖြစ်သည်။
ကိုချမ်းအေး တန်းကြိုးမှာ အတောင်သုံးရာကျော်ကျော်ရှည်သော တန်းကြိုးဖြစ်ပြီး ယင်း ပင်မတန်းကြိုးတွင် တောင်ဆုတ်ခန့်ရှည်သော ငါးမျှားကြိုးကလေးများအား တစ်ခုနှင့်တစ်ခု နှစ်တောင်ခန့် ခြား၍ ချည်ထားသည့်အတွက် ငါးမျှားပေါင်း တစ်ရာ့ငါးဆယ်ကျော်ကျော် ဖြစ်သည်။
ကိုချမ်းအေး ပထမအလား ခပ်ပြီးချိန်တွင် ပုစွန် တုပ်အကောင်ပေါင်း ၆ဝ ခန့်ရသည်။ မဆိုးလှ တစ်လား (တစ်ခေါက်) ခပ်လျှင် တစ်ပိဿာခန့်ဆိုတော့ သည် ဒီတစ်ရေတွင် ငါးလား (ငါးခေါက်) ပင် ရဦးတော့ အနည်းဆုံး လေးငါးပိဿာတော့ ရမည် ထင်သည်။
ဒါတောင် ပုစွန်တုပ်ကောင်က သေး၍ ဖြစ်ပြီး တန်းဝင်ပုစွန်တုပ်သာ ဖြစ်မည်ဆိုလျှင် အနည်းကလေး ခြောက်ပိဿာလောက် ရနိုင်မည်ဖြစ်သည်။ ကိုချမ်းအေး ငါးမျှား တစ်ချောင်းပြီး တစ်ချောင်း ခပ်သွားရာမှ တန်းကြိုးဆုံးသည်နှင့် ဒုတိယအလား (ဒုတိယအခေါက်) ခပ်ရန်အတွက် ပထမ ငါးတိုင်ရှိရာသို့ လှေကို ပြန်လှော်လာခဲ့ပြန်သည်။
ပထမတိုင်သို့ ရောက်သည်နှင့် လှေကို တိုင်တွင် အသာဆွဲချည်ပြီး လှေဝမ်းထဲရှိ ပုစွန်များအား မသေစေရန်အတွက် လှေ၏ ဘယ်ဘက်ဘေးတွင်အရန်သင့် တွဲချည်ထားသော“ ဗုံလုံ” ၏ အပေါက်ကိုဖွင့်ကာ ပုစွန်များအား ထည့်လှောင်လိုက်သည်။
ပုစွန်အားလုံး “ဗုံလုံ” အတွင်း ထည့်ပြီးသည်နှင့် အဖုံးပေါက်အား ပြန်ပိတ်ပြီး လှေတွင် ချည်ထားရာမှ ဖြုတ်၍ တန်းကြိုးကိုဆွဲကာ ဒုတိယအလား ( ဒုတိယအခေါက်) ခပ်ရပြန်သည်။
ကိုချမ်းအေးသည် ဒုတိယအခေါက် ခပ်ပြီးသည်နှင့် နောက် တတိယအခေါက်ခပ်စဉ်တွင် အစာကုန်နေမည်ဖြစ်သော ငါးမျှားများတွင် အစာသစ်တပ်ဆင်နိုင်ရန်အတွက် အုန်းသီးဆန်စိတ် ရစ်ထားရန် လိုအပ်လာသဖြင့် အုန်းသီးဆန်ရစ်ရန် တောင်းအတွင်းသို့ လှမ်းနှိုက်ယူလိုက်သည်။
တောင်းအတွင်း လက်နှင့် ဝှေ့ယှမ်းရှာဖွေကြည့်သော်လည်း အုန်းသီးစိတ်ခြမ်းအား မတွေ့။ ကိုချမ်းအေး စဉ်းစားသည်။
မိမိသည် လုပ်ငန်းဆောင်ရွက်ရန်အတွက် အုန်းသီး နှစ်လုံးအား ခွဲ၍ တစ်လုံးကို အိမ်ကပင် စိပ်၍ယူလာခဲ့ပြီး ကျန် အုန်းသီးခြမ်း နှစ်ခြမ်းအား တောင်းအတွင်း အသေအချာ ထည့်လာခဲ့ခြင်းဖြစ်သည်။
မိမိ ကြည်လှတို့ အုပ်စုနှင့် ဝိုင်းဖွဲ့စကားပြောနေစဉ်က တစ်ခြမ်းသာယူပြီး ရစ်ခဲ့၍ တောင်းအတွင်း သည်တစ်ခြမ်း ကျန်ရဦးမည် ဖြစ်သည်။ သို့ရာတွင် ယခု မရှိတော့၊ မတွေ့တော့ပြီ။ သေချာစေရန် သာဟန်သို့ လှမ်းအော်မေးလိုက်သည်။
“ဟေ့ကောင် သာဟန်၊ ငါ့အုန်းသီးခြမ်း တစ်ခြမ်း မင်းတို့ ယူထားကြသေးလား “
“မယူပါဘူး ကိုကြီးချမ်းအေးရ။ ဘာလဲ အစာလိုလို့လား၊ ကျွန်တော့ဆီမှာ နည်းနည်းတော့ ပိုသေးတယ် ။ ယူဦးမလား ”
သာဟန်၏ အဖြေကို ကိုချမ်းအေး မကျေနပ်ချင်။ ၎င်းတို့ သုံးယောက်မှ တစ်ယောက်ယောက် မယူလျှင် အုန်းသီးခြမ်းကတော့ ခြေထောက်ပေါက်ပြီး ဘယ်မှ ထွက်မပြေးတန်ရာ။ ယခု မရှိတာကလည်း သေချာသည်။ ပုစွန်ကလည်း ယခုမှ သုံးလားမြောက် ခပ်ရမည်မို့ နောက်နှစ်လားအတွက် အစာလိုအပ်လာမည်မှာ သေချာလှသည်။
သည်ကောင်တွေ မနောက်ကောင်းသည့် ကိစ္စကို အိန္ဒြေရရဖြင့် လုပ်ပြီထင်သည်။ အဖြစ်နိုင်ဆုံးကတော့ မိမိနှင့် အလောင်းအစား လုပ်ထားသည့် ‘ကြည်လှ’ ဖြစ်နိုင်သည်။
လက်ပူးလက်ကြပ် မတွေ့ရလေရာ အစွပ်စွဲရခက်နေသည်။ ရှိစေတော့ အစာကုန်သည်အထိသာ ခပ်ပြီး ပြန်တော့မည်။ သည်ကောင်တွေနှင့် ဆက်နေလျှင် စိတ်မရှည်နိုင်ပါက ပြဿနာများ ပေါ်လာနိုင်သည်။
ထို့ကြောင့်လည်း မည်သူ့ကိုမှ ကိုချမ်းအေး စကားမပြောတော့ဘဲ မိမိအလုပ်ကိုသာ ဆက်လုပ်နေလိုက်သည်။
အုန်းသီးစိတ်တန်းမှာ ရှည်လျားသော ကြိုးတစ်ချောင်းတွင် တောင်ဆုတ်ခန့်ရှည်သော ကြိုးတိုကလေးများအား တစ်ခုနှင့်တစ်ခု နှစ်တောင်ခန့်ခြား၍ ချည်ရသည်။ ထိုကြိုးတိုကလေးများ၏ ကျန် တစ်ဘက်စတွင် တစ်လက်မသံချောင်းအား နားပွင့်ဘက်မှနေ၍ ချည်ရပြန်သည်။ ထိုသံချောင်းကလေးများတွင် အုန်းသီးစိတ်အား ပုစွန်စာအဖြစ် ထိုးတပ်ရသည်။ ပြီးလျှင် ချောင်းရေထဲ၌ တိုင်စိုက် တန်း၍ ထောင်ရသည်။
ပုစွန်စာအဖြစ် အုန်းသီးစိတ်ကလေးများကို ထိုးဖောက်တပ်ထားသော သံချောင်းတွင် အစာမြဲစေရန် ချိတ်မပါရှိသဖြင့် အုန်းသီးစိတ်ကလေးများမှာ ပုစွန်ကိုက်စားမှု့နှင့် “ဒိုင်းကွင်း” ဖြင့် ခတ်ခြင်း စသည့် လှုပ်ရှားမှုကြောင့် လွယ်လင့်တကူ ပြုတ်ထွက်သွား တတ်သည်မို့၊ အစာအား အပိုဆောင်ထားရပြီး ကုန်ဆုံးပြုတ်ထွက်မှုများ ရှိလာပါက အသစ် ထပ်မံတပ်ဆင်ရသည်။
ကိုချမ်းအေး တတိယအလား ခပ်ပြီးချိန်တွင်မူ အုန်းသီးစိတ်အစာများမှာ ထက်ဝက်နီးပါးကုန်နေပြီမို့ စတုတ္ထအလားပင် ဆက်မခပ်တော့ဘဲ တန်းကြိုးအား ဖြုတ်သိမ်းဆွဲဖော်လိုက်သည်။ ရရှိပြီးသောလှေဝမ်းအတွင်းရှိ ပုစွန်တုပ်များအား လှေဘေးတွင် တွဲထားသည့် “ဗုံလုံ” အတွင်းသို့ ပြောင်းထည့်ကာ အဖော်များကိုပင် မစောင့်တော့ဘဲ အိမ်သို့ လှေလှော်၍ ပြန်ခဲ့လေသည်။
(၃)
ညက ကိုချမ်းအေး ခပ်လာခဲ့ပြီး လှေဘေးရှိ “ဗုံလုံ” တွင် လှောင်ထားခဲ့သော ပုစွန်တုပ်များအား ကွမ်းခြံကုန်းဈေးသို့ အချိန်မီ သွားရောက်ရောင်းချနိုင်ရန်အတွက် နံနက်စောစောတွင် ကိုချမ်းအေးနှင့် မလှမေတို့အိမ်နောက်ဘေးရှိ လှေဆိပ်သို့ ဆင်းလာခဲ့သည်။ ပုစွန်ထည့်ထားသော “ဗုံလုံ” မှာ လှေဘေးတွင် အသင့်ရှိနေပြီးဖြစ်၍ မလှမေ ကမ်းပေးလာသော ဇလုံအတွင်းသို့ ပြောင်းထည့်၍ ကိုချမ်းအေး လှေပေါ်မှနေ၍ “ဗုံလုံ” အား ဆွဲဖော်တင်လိုက်သည်။
“ဗုံလုံ” မှာ ရေပေါ်သို့ ပေါ်လာသော်လည်း အတွင်းမှပုစွန်လှုပ်ရှားသံများ မကြားရသည့်ပြင် ပေါ့ပါးနေသည်။ ကိုချမ်းအေး “ဗုံလုံ” ပေါက် အဖုံးအား ဆွဲဖွင့်၍ အထဲသို့ ကြည့်လိုက်သည်။
“ဗုံလုံ” ထဲတွင် ပုစွန်တစ်ကောင်မျှ မရှိတော့။ “ဗုံလုံ” ၏ တစ်ဘက်ထိပ်နားတွင် ညက မိမိပျောက်သွားခဲ့သော အုန်းသီးခြမ်းတစ်ခြမ်းအား တွေ့ရပြီး “ဗုံလုံ” ၏ အလယ်တည့်တည့်နေရာတွင် လက်ငါးလုံးသာသာခန့်ကျယ်သော အပေါက်တစ်ပေါက်ကိုလည်း မထင်မှတ်ဘဲ တွေ့လိုက်ရသည်။
သွားပြီ … ညက မိမိ တပင်တပန်းကြိုးစားခပ်လာခဲ့သော အုန်းသီးစိတ်ပုစွန်တုပ် သုံးပိဿာခန့်မှာ ‘ဗုံလုံ’ ပေါက်မှ လွတ်မြောက်ထွက်ပြေးသွားကြလေပြီ။
ကိုချမ်းအေး ‘ဗုံလုံ’ အား လှေပေါ်သို့ ဆွဲတင်၍ မည်သည့်အတွက် ပေါက်သွားခြင်းဖြစ်ကြောင်း အသေအချာ ကြည့်လိုက်သည်။ ပေါက်နေသည့်အပေါက်ဝ နှုတ်ခမ်းသားနှီးစများပေါ်တွင် ဓားရာဓားချက်များအား တွေ့လိုက်ရသည်မို့ မတော်တဆပေါက်သွားခြင်းမှာ လုံးဝမဖြစ်နိုင်။ တစ်ယောက်ယောက်က တမင်သက်သက် ဓားဖြင့် ခုတ်ဖောက်ထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
“ဗုံလုံ” ဆိုသည်မှာ အရှင်ဖမ်းဆီးရမိသော သားငါးပုစွန်များ ချက်ချင်းသေမသွားစေရန်အတွက် လှောင်ထားနိုင်ရန် ဝါးဖြင့် ယက်လုပ်ထားသည့် နှစ်ဘက်ချွန် လှောင်အိမ်ပင်ဖြစ်သည်။ ၎င်းတွင် ဖမ်းဆီးရမိသော ငါးပုစွန်များထည့်ရန် အဖုံးအပိတ် ပါရှိပြီ
အပေါက်တစ်ပေါက်သာရှိသည်။
“ဗုံလုံ” မှာ များသောအားဖြင့် နှစ်ထောင်ခန့်သာ အရှည်ရှိတတ်ပြီး လုံးပတ်မှာလည်း ရေထမ်းသံပုံးခန့်သာရှိသည်က များသည်။ သို့သော် အကြီးအသေး၊ အတိုအရှည်အား ယက်လုပ်ရောင်းချသူထံတွင် မိမိစိတ်ကြိုက် မှာကြားဝယ်ယူ၍လည်း ရလေသည်။
‘ဗုံလုံ’ ရှိ ငါးထည့်ပေါက်အား အပေါ် ထက်တွင်ထားကာ ရေအတွင်းတစ်ဝက်သာသာခန့် နှစ်မြှုပ်ထားပြီး လှေဘေးတွင် တွဲချည်ထားရလေသည်။ အရှင်ဖမ်းဆီးရမိသော ငါးပုစွန်များအား ‘ဗုံလုံ’ အတွင်း ထည့်လှောင်ထားခြင်းဖြင့် မိမိလိုချင်သည့်အချိန်အထိ အရှင်ရနိုင်၏။ ထို့ကြောင့်လည်း ပုစွန်တုပ် တန်းသမားများမှာ အသေမြန်၊ အပုပ်မြန်တတ်သည့် ပုစွန်အား လှောင်ထားရန်အတွက် “ဗုံလုံ” အား မဖြစ်မနေ အသုံးပြုလေ့ရှိကြသည်။
“ဗုံလုံ” အား စစ်ဆေးကြည့်နေသော ကိုချမ်းအေးထံမှ တောက်ခေါက်သံပြင်းပြင်းတစ်ချက် ထွက်ပေါ်လာသည်။
မလှမေမှာ ဘယ်လိုဖြစ်တာလဲ ဟူသော အကြည့်ဖြင့် ကိုချမ်းအေးအား ကြည့်နေသည်။ ကိုချမ်းအေး ‘ဗုံလုံ’ အတွင်းရှိ အုန်းသီးခြမ်းအား ထုတ်ယူ၍ အဝေးသို့ ဒေါသတကြီး လွှင့်ပစ်လိုက်ပြီး ‘ဗုံလုံ’အား လှေအတွင်း ဆောင့်ချလိုက်သည်။
“တော့ … ဘယ်လိုဖြစ်တာလဲ ကိုချမ်းအေး”
“နင့်အမြင်ပဲလေ။ ငါ့ ဗုံလုံကို ဓါးနဲ့ဖောက်သွားတယ်”
“ဟုတ်ကဲ့လား ကိုချမ်းအေးရယ်၊ သေသေချာချာလည်း ကြည့်ပါဦး။ တစ်ခုခုနဲ့ တိုက်မိလို့ ပေါက်တာများလားမှ မပြောတတ်တာ”
“နင်မသိပါဘူးလှမေရာ။ ဒါ တမင်သက်သက် လုပ်တာဟ”
“တော့ဥစ္စာကို ဘယ်သူက တမင်သက်သက်လာလုပ်မှာလဲတော်။ အထဲက ပုစွန်လိုချင်လို့ရှိရင်လည်း ဒီအတိုင်း ယူသွားမှာပေါ့။ ဒါမှမဟုတ် ဗုံလုံ တစ်ခုလုံး ဖြုတ်သွားမှာပေါ့။ သက်သက်မဲ့တော့ ဘယ်သူက ဓားနဲ့လာခုတ် ဖောက်ပါ့မလဲ။ တော်ဘဲ သေသေချာချာ စဉ်းစားကြည့်ဦးလေ ”
“ငါ စဉ်းစားပြီးပြီ လှမေ။ ဒါ ဟိုကောင့်လက်ချက်ပဲ ဖြစ်နိုင်တယ်”
“ဘယ်သူလဲ။ နေစမ်းပါဦး … တော်က ဘယ်သူနဲ့ ဘာဖြစ်လာလို့လဲ”
“ဘယ်သူရှိရမလဲဟာ။ ဟိုကောင် ကြည်လှ ပဲ ဖြစ်မှာပေါ့”
“တော်နဲ့ ကြည်လှ ဘာဖြစ်ကြလို့တုန်း ကိုချမ်းအေးရယ်”
ဇနီးသည် လှမေ၏ အမေးကို ကိုချမ်းအေး ဘာမျှ ပြန်မပြောဘဲ လှေဆိပ်မှ အိမ်ပေါ်သို့ ပြန်တက်လာခဲ့သည်။ မလှမေမှာ အကျိုးအကြောင်း ဘာမျှ မသိရသေးသဖြင့် စောစောက ပုစွန်ထည့်ရန် ယူသွားသော ဇလုံအား ကောက်ယူကာ ကိုချမ်းအေးနောက်က ပြန်လိုက်လာခဲ့သည်။ တစ်ခါမျှ သည်လိုကိစ္စမျိုး မဖြစ်ဘူးလေရာ စဉ်းစားလို့ မရနိုင်။
ကိုချမ်းအေး၏ အိမ်နီးနားချင်းများသည် ငွေကြေးဆင်းရဲသော လူတန်းစားများဖြစ်ကြသော်လည်း စာရိတ္တဆင်းရဲသူများ မဟုတ်ကြ။ တစ်ဦး၏ပစ္စည်းကို တစ်ဦးက ခိုးခြင်း၊ ဝှက်ခြင်းနှင့် ပျက်စီးရာပျက်ကြောင်း မကြံကြ၊ မပြုတတ်ကြ။ မည်သည့်ပစ္စည်းကိုမဆို အလွယ်တကူ ထားရှိသော်လည်း အခိုးခံရသည်ဟူ၍ မရှိခဲ့။
တစ်ဦး တစ်ဦး ရိုင်းပင်းကူညီတတ်ကြသူများသာ ဖြစ်ကြသည်မို့ စဉ်းစားရ ကြပ်လှသည်။
သို့သော် ယနေ့တွင်မူ ထိုထိုသော ကောင်းမွန်သည့် အကျင့်စရိုက်များကို တစ်ဦးဦးက ချိုးဖောက်လေပြီထင့်။
ကိုချမ်းအေး အိမ်ကပြင်ပေါ်ဝယ် စိတ်မကောင်းစွာ ထိုင်ရင်း ဘာဆက်လုပ်ရမည်နည်းဟု စဉ်းစားနေသည်။ ထိုစဉ် ဇနီးသည် လှမေ အနားသို့ ရောက်ရှိလာပြီး ပြောလာပြန်သည်။
“တော့ ကိုချမ်းအေး … ကျုပ်မေးတာကို ဖြေဦးလေ”
သို့အတွက် ကိုချမ်းအေးမှာ ညက ပုစွန်တုပ်ခပ်ရန် ရေစောင့်နေစဉ်တွင် ကြည်လှနှင့် ပုစွန်တုပ်တစ်ပိဿာကြေး အလောင်းအစားပြုလုပ်ကြပုံ၊ မိမိ ပုစွန်တုပ်ခပ်နေစဉ် အုန်းသီးစိတ်ခြမ်း ပျောက်သွား၍ ရေကုန်အောင် မခပ်ရပုံနှင့် ယနေ့တွင်မှ အုန်းသီး ခြမ်းအား ဗုံလုံအတွင်းမှ ပြန်တွေ့ရပြီး ဗုံလုံမှာလည်းတစ်ခုခုနှင့်ငြိမိ တိုက်မိ၍ မဟုတ်ဘဲ ဓားဖြင့် အသေအချာအဖောက်ခံထားရပုံများအား ရှင်းလင်းပြောပြလိုက်သည်။
ကိုချမ်းအေး စကား ဆုံးသွားသည်နှင့် မလှမေမှ သူ၏ထင်မြင်ချက်ကို ပြောလာသည်။
“သူများတွေကို အရမ်းလည်း စွပ်စွဲမနေနဲ့ဦး ကိုချမ်းအေးရဲ့။ သည်ကောင်လေးတွေက ရှင့်ကို ခင်လည်းခင်ကြ၊ ကြောက်လည်း ကြောက်ကြတဲ့ ကောင်လေးတွေပါ။ သူတို့ ဒီလို လုပ်ရဲကြမယ် မထင်ပါဘူး”
“ဒါတော့ ငါလည်း ဘယ်အတတ်သိပါမလဲ။ သိများသိလို့ကတော့ကွာ ချမ်းအေးတဲ့ မီးပွင့်သွားမယ်မှတ်”
“တော်ဟာလေ ပြောလေ ကဲလေပါပဲလား။ ဟုတ် မဟုတ် ကိုယ့်ဘာသာလည်း စဉ်းစားဦး။ တကယ်လို့သေချာပေါက် ဟုတ်တယ်ဆိုလျှင်လည်း ကျေးရွာလူကြီးကို တိုင်ပြီး ဖြေရှင်းကြတာပေါ့။ ကျုပ်တော့ ဟုတ်မယ်လို့ မထင်ဘူးနော်”
“အေးပါ လှမေရာ။ ငါ အခု စံဖေဆီ ခဏသွားလိုက်ဦးမယ်”
ကိုချမ်းအေး ပြောပြောဆိုဆိုနှင့် စံဖေအိမ် သွားရန် အိမ်ပေါ်မှ ဆင်းလာခဲ့သည်။ စံဖေမှာ မိမိနှင့် ဆွေနီးမျိုးစပ် တော်စပ်သူဖြစ်ပြီး မိမိအား လေးစားခင်မင်သူတစ်ယောက်လည်း ဖြစ်သည်။ ၎င်းထံ၌ စုံစမ်းကြည့်လျှင် သတင်းမှန် ရနိုင်လိမ့်မည်ဟု ထင်သည်။
သို့ကြောင့်လည်း ကိုချမ်းအေး ဦးစွာ စံဖေထံ၌ စုံစမ်းကြည့်ရန် အိမ်မှ ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။
(၄)
ကိုချမ်းအေးအိမ်က ထွက်သွားပြီးနောက် မလှမေတစ်ယောက်တည်း အိမ်ရှေ့ကပြင်ပေါ်တွင်ထိုင်လျက် တစ်ခါမှ မဖြစ်စဖူးသော ယခုလိုကိစ္စ ဘာကြောင့် ဖြစ်ရလိမ့်ဟုလည်း စဉ်းစားနေမိပြန်သည်။ ကိုချမ်းအေးပြောသလို အလောင်းအစားကိစ္စအား အနိုင်ရရ သဖြင့် ကြည်လှ လုပ်ချင်သည်ထားဦး၊ သူ့ဘေးတွင် အဖော်ဖြစ်သည့် သာဟန်နှင့် စံဖေတို့က ရှိသေးသည်။ သို့အတွက် လုပ်လိမ့်မည်မထင်။
နောက်ပြီး သည်အလောင်းအစားကလည်း တစ်ဦ နှင့်တစ်ဦး မခံချင်အောင် နောက်ကြ စကြခြင်းသာ ဖြစ်တန်ရာသည်။
သည်ကောင်လေးများ ကိုချမ်းအေး၏ လုပ်ရည်ကိုင်ရည်ကို သိပြီးသားမို့ တကယ်တမ်း အလောင်းအစားကိုလည်း လုပ်ရဲမည်မထင်။
ဗုံလုံအား ဓားဖြင့် ဖောက်ခြင်းခံရသည်ကတော့ မျက်မြင်မို့ အမှန်ဖြစ်လေသည်။ မလှမေတွေးတောသည်၊ စဉ်းစားသည်၊ အဖြေကား တိတိကျကျ ထွက်မလာ။
ထွက်လာသည်က အိပ်ခန်းတွင်းမှ သားတော်မောင် ရန်နိုင်။
ရန်နိုင်သည် ပုဆိုးကို စွန်တောင်ဆွဲရင်း ဖရိုဖရဲနှင့်ထွက်လာပြီး မလှမေအနား လာထိုင်သည်။ ပြီး အိမ်ကပြင်ပေါ်ရှိ မှောက်ထားသော ဇလုံအား လှမ်းကြည့်ရင်းက ဆိုလာသည်။
“အမေ … အဖေရော ဘယ်သွားလဲ”
“ရွာထဲကို”
မလှမေ နံနက်စောစော စိတ်ရှုပ်ရသည့်အထဲ အမေးအမြန်းထူလာသည့် သားအား ခပ်တိုတိုပင် ပြောလိုက်သည်။
“ဘာသွားလုပ်တာလဲ။ ပုစွန်သွားရောင်းတာလား။ ကျွန်တော်ဖို့ရော ဘယ်နှစ်ကောင်ချန်ထားသလဲ အမေ”
လူကြီးတွေ ဘာဖြစ်နေသည်ကို မသိ။ မိမိစားဖို့လောက်သာ သိသော ရန်နိုင်၏ စကားကြောင့် မလှမေ စိတ်တိုသွားသည်။ မြန်မြန် စကားစပြတ်သွားစေရန်အတွက်
“နင့်အဖေ ဗုံလုံပေါက်နေလို့ ညကရှာလာတဲ့ ပုစွန်တွေအားလုံး ထွက်သွားကုန်ပြီ။ နင့်အတွက်လည်း တစ်ကောင်မှ မရှိဘူး။ ဆာလို့ရှိရင် ထမင်းကြမ်းနဲ့ ငါးပိရေ သွားဆမ်းစားချေ”
“ငါးပိရေနဲ့ မစားချင်ပါဘူး။ ပုစွန်နဲ့ပဲ စားချင်ပါတယ်”
“တယ်လေ … ငါ ထလုပ်လိုက်ရ သေတော့မှာပဲ။ တစ်ကောင်မှ မရှိတော့ဘူး။ လွတ်သွားပါတယ်လို့ ဆိုနေမှ”
“အမေညာတာပါ ဗုံလုံကို ပုစွန်များများဝင်အောင် အုန်းသီးခြမ်းထည့်ပြီး ပုစွန်ဝင်ပေါက်တောင် ကျွန်တော် ဖောက်ပေးလိုက်သေးတာပဲ။ ပုစွန်တွေ မိမှာပါ”
ရန်နိုင်၏ စကားကြောင့် မလှမေ မျက်လုံးများ ပြူးကျယ်သွားသည်။
“ဘာ … ဘာ နင် ဗုံလုံကို အပေါက်ဖောက်လိုက်တယ် ဟုတ်လား”
“အင်းလေ အမေရ။ အဖေ လှေမထွက်ခင် ကျွန်တော် လှေထဲဆင်းပြီး ဗုံလုံထဲကို အုန်းသီးခြမ်းထည့်ပြီး ပုစွန်ဝင်နိုင်အောင်လဲ ဓားနဲ့ အပေါက်ဖောက်ပေးလိုက်သေးတယ်။ အဲဒီအပေါက်ကနေ ဗုံလုံထဲ ပုစွန်တွေဝင်မှာပေါ့ … မဟုတ်ဘူးလား”
“အမလေး … လုပ်ရက်လိုက်တာ ရန်နိုင်ရယ်။ အေး … အေး နင်တော့လေ နင့်အဖေပြန်လာရင် ပုစွန်ကွေး,ကွေးပြီ သာမှတ်ပေတော့”
မိမိကလည်း ဗုံလုံထဲ ပုစွန်ဝင်နိုင်အောင် အပေါက်ဖောက်ပေးရသေးတယ်။ ဒါတောင် နင့်အဖေ ပြန်လာရင် ပုစွန်ကွေး,ကွေးမတဲ့။ ဒါကို ရန်နိုင် မကျေနပ်ချင်။ ထို့ကြောင့်လည်း မိခင်ဖြစ်သူအား ပြန်လည်ချေပလိုက်သည်။
“အံမယ် … ကျွန်တော်က ပုစွန် ပိုဝင်အောင်လည်း လုပ်ပေးရသေးတယ်။ ဘာလို့ ပုစွန်ကွေး,ကွေးရမှာလဲ”
မလှမေ ရန်နိုင်အား ဘာမျှ ဆက်ပြောမနေတော့။ တစ်မနက်လုံး စိတ်ကို ဒုက္ခပေးခဲ့သော တရားခံကို တွေ့ပြီမို့ ကိုချမ်းအေးအား အချိန်မီ အသိပေးနိုင်စေရန် စံဖေ၏ အိမ်ဘက်သို့ အသော့ကလေး ထွက်လာခဲ့လေသည်။
ကိုချမ်းအေးကို စံဖေတို့အိမ်၌ အခန့်သင့်ပင်တွေ့ရသည်။ ကိုချမ်းအေး ဘယ်လိုတွေ ပြောဆိုထားပြီးသည်မသိ။ စံဖေမှာ မျက်နှာငယ်ကလေးဖြင့် ဖြစ်နေပြီ။ စံဖေ၏ မျက်နှာ ငယ်နေသလောက် ကိုချမ်းအေး မျက်နှာကား တင်းတင်းမာမာ။
မလှမေ ဘာမျှ မသိလေဟန်နှင့် ကိုချမ်းအေးအား အသံပြုလိုက်သည်။
“တော့ … ကိုချမ်းအေး လာစမ်းပါဦးတော်။ ဒီမှာ ကိစ္စပေါ်လာလို့”
“ဘာကိစ္စတုန်းဟာ … နင့်ဟာကလဲ”
“လာမှာ လာစမ်းပါတော် … ပြောမှာပေါ့”
ကိုချမ်းအေး ဇနီးသည် လှမေ၏ ခပ်သွက်သွက်အမူအရာများကြောင့် ဘာများပါလိမ့်ဟု တွေးရင်း လှမေနောက်သို့ လိုက်လာခဲ့သည်။ စံဖေ၏ အိမ်နှင့် အတော်ကလေးဝေးလာမှ ဇနီးသည်က ဗုံလုံပေါက်ရခြင်းအကြောင်း၏ တရားခံအား လေသံတိုးတိုးနှင့် ပြောလာသည်။
“တော် ဟိုစုံစမ်း ဒီမေး လျှောက်လုပ်မနေနဲ့တော့။ ဗုံလုံကို ဖောက်တဲ့တရားခံ တွေ့ထားပြီ”
“ဟေ ဟုတ်လား။ ဘယ်မှာလဲ ၊ ဘယ်ကောင်လဲ”
“တစ်ခြားရှိရိုးလား ကိုချမ်းအေးရယ်၊ တရားခံက အိမ်ကအကောင် ရှင့်သား ရန်နိုင်ပဲပေါ့”
“ဟေ”
ကိုချမ်းအေး ‘ဟေ’ တစ်လုံးသာ ထွက်နိုင်ပြီး ဇနီးသည် ပြန်ပြောပြသမျှ နားထောင်ရင်းက မနေ့က ညနေက ရေစောင့်ရင်း အိမ်၌ အဖန်ရည်သောက်နေစဉ် သားတော်မောင် ရန်နိုင်တစ်ယောက် ဓားတစ်ချောင်းဖြင့် လှေဆိပ်ဘက် ထွက်သွားသည်ကို ပြန်မြင်ယောင်လာသည်။ မိမိမှာ သူကစားရန်အတွက် ဓနိပေါင်ခုတ်သွားသည်ထင်၍ ပေါ့ပေါ့ပင် နေခဲ့မိသည်။
ယခုမူ ကြည့်စမ်း၊ သည်ကောင်ကြောင့် ပုစွန်များ ဆုံးရှုံးရသည့်ပြင် အချင်းချင်းတွေလည်း ကံကောင်း၍ ပြဿနာမဖြစ်ခဲ့။ မိမိသည်လည်း ပုလိုင်းပေါက်နှင့် ဖားကောက် ဆိုသကဲ့သို့ ဗုံလုံပဲ့နှင့် ငါးထည့်သူ ဖြစ်ခဲ့ရချေပြီ။ အိမ်ရောက်မှ လက်ဆော့လွန်းသော ဒင်းကိုတော့ ဆုံးမရပေဦးမည်။
အင်း … နေ့လယ်ကျလျှင်လည်း မိမိ အထင်မှားခဲ့သော စံဖေအား အကျိုးအကြောင်း ပြောပြ တောင်းပန်ရပေဦးမည်ဟု ဆုံးဖြတ်ရင်း အိမ်သို့ အသော့ကလေး ပြန်ခဲ့လေသည်။
– ပြီး –
စာရေးသူ – သောင်းမြင့်ဦး(ကွမ်းခြံကုန်း)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized