July 31, 2025
Uncategorized

ဗုံး

ကျောင်းကုန်းဧည့်မှူး
ဗုံး

(၁)

“ကျောက်ခွေးကြီးနော်… အဖမ်းခံနေရမယ်၊ ကြည့်လုပ်ဦး”

ကျောင်းခြံဝကနေ၍ လှမ်းနောက်ပြောင်လိုက်သော ကျောင်းဆရာ ကိုဘချောကို ကျောက်ခွေး “အဟဲ” ဟူသော တစ်ချက်ရယ်ပြနိုင်သည်။

စကားခွန်းတုံ့ မပြန်နိုင်။ ငါးထောင်မည့်နေရာသို့ အမြန်ရောက်ရေးကိုသာ ကျောက်ခွေး စိတ်စောနေသည်။

သူသည် ပုစွန်ဆီရောင်ပြေးနေသော ကောင်းကင်ကို မျှော်ကြည့်ရင်း ခြေလှမ်းကို မပြေးရုံတမယ် လှမ်းသည်။ ပခုံးထမ်းပေါ်က ငါးဖမ်းကိရိယာတို့၏ ဝန်ကြောင့် စိတ်ဆောင်သလောက် ခရီးမတွင်။

လယ်ကွင်းပြင်ကျယ်ကြီးကို မျှော်ကြည့်ပြန်သည်။ ခါးဆစ်တစ်သာခန့် စပါးရပ်မြင့်နေသော ကွင်းပြင်ထဲမှာ လူရိပ်လူခြည်ဆိုလျှင် မြင်လွယ်သည်။

မြက်ထမ်းသမား တစ်ဦးတလေကိုသာ တွေ့သည်။ သူနှင့် ငါးရှာဖက် “ကိုမောင်နက်” တို့၏ အရိပ်အရောင်ကိုကား ရှာမရတော့။ ဘယ်ကိုသွားမှန်းမသိသော ကိုမောင်နက်တို့နောက်ကို လိုက်သွားဖို့ကား မဖြစ်နိုင်တော့။

အိုင်မကြီးရိုးချောင်းဘက်ကိုပဲ နီးနီးနားနား သွားလိုက်မည်။ နေလုံးက ပျောက်သလောက်နီးပါး ရှိနေပြီမှောင်ရိပ်မထိုးခင် အလုပ်ပြီးမှ ဖြစ်မည်။

ကန်သင်းရိုးအတိုင်း လျှောက်လာရင်း အိမ်က မိန်းမကို သွားသတိရသဖြင့် ဒေါသ ထောင်းခနဲ ထွက်လာသည်။ သည်မိန်းမ အစားမက်သောကြောင့် ယခုကဲ့သို့ ငါးဆင်းရှာဖို့ ကသီလင်တလည်းဖြစ်၊ အဖော်တွေကိုလည်း မမီတော့ခြင်း ဖြစ်ခဲ့သည်။

ညနေ မြက်ရိတ်ရာကအပြန် မြက်ထမ်းပင် ပခုံးပေါ်က မချရသေးခင် မိန်းမက အိမ်ပေါ်က ဆီးပြောသည်။

“ကိုကျောက်ခွေး … ဟိုဖက်ရွာက ရှင့်သူငယ်ချင်း ကိုစိန်လက်သန်းတို့ ဝက်ပေါ်သတဲ့တော့။ ဝက်မှ အချိန် လေးငါးရှစ်ဆယ် ထွက်မယ့် ဝက်ကြီးတဲ့။ အဲဒါ ရှင်သွားပါလား။ အူစုံ အသည်းစုံလေး စားရတာပေါ့”

မြင်မြင်ချင်း ဆီးခိုင်းသော မိန်းမကို ကျွဲမြီးတိုချင်သလိုလို ဖြစ်သွားသော်လည်း အူစုံ အသည်းစုံ အသံကြားသဖြင့် မောမောပန်းပန်းနှင့် နေပူကျဲကျဲက အပြန် ရေငတ်၍ ခံတွင်းခြောက်နေသော သူကိုယ်တိုင်ပင် ပါးစပ်ထဲမှာ သွားရည်လိုက်လာသည်။

“သွားတာတော့ ဟုတ်ပါရဲ့၊ ဗုံးထောင်ရဦးမှာကွ။ မမီဘဲနေဦးမယ်”

သူကိုယ်တိုင်က ရင်နာ စကားဆိုမိသည်။

“ဪ… သုတ်သုတ်သွား သုတ်သုတ်ပြန်ပေါ့တော်။ ရှင့်ပြောရတာ အချိန်လင့်ပါတယ်။ ကျုပ်ဘာသာ ပြေးသွားလိုက်ချင်တော့တယ်”

သူ့ဆီ ခင်ကြည်မ မျက်စောင်းရောက်မလာမီ ခမောက်ဆွဲဆောင်း၍ စိန်လက်သန်းတို့ရွာဘက်ကို သုတ်ခြေတင်ခဲ့သည်။

ရေဘောင်ဘင်ဖွေးနေသည့် ခုလို ဝါဆိုဝါခေါင်မှာ ရွာ၌ ငါးဖား ရှားသည်။ ဖောင်စီးရင်း ရေငတ်ဆိုသလို ငါး၊ ဖား မြင်နေရမှ ရေလမ်းပြည့်နေ၍ ရှာလို့ ဖွေလို့ မရတတ်။ ထို့ကြောင့် ဟင်းငတ်သည်။ ငါးပိချက် နဲ့ ညားရတဲ့ရက်တွေ၊ ချဉ်ပေါင်ရေကျဲနှင့် ဖူးစာဖက်ရသော ရက်တွေ ထပ်နေပြီ။

သည်တော့ ဟင်းလျာပေါ်သည်ဟူသော သတင်းကိုသာ ဟိုဖက်ရွာ သည်ဖက်ရွာ နားစွင့်ကြသည်။

ငါးဆယ်သား၊ တစ်ပိဿာ ပြေးဆွဲမည့်သူတွေ ဒုနဲ့ဒေး။ ပြီးတော့ ဝက်သားဖိုးကို လက်ငင်းပေးစရာ မလို။ နွေရောက်မှ တလင်းထဲက ဟောခနဲ ခြင်ပေးလိုက်ရုံသာ။

ကျောက်ခွေး ဟင်းရန်ပေါ်သည့် နေရာရောက်တော့ လူတွေ ဝိုင်းအုံနေသည်။ အလကား ပေးနေသည့်အလား ထင်ရသည်။ တစ်ပိဿာ ဆွဲသည့်သူ၊ တစ်ပိဿာ ငါးဆယ်ဆွဲသည့်သူ၊ ဝက်ခြေထောက် ဝယ်သည့်သူ၊ ဝက်ခေါင်းတောင်းသည့်သူတွေ အသံဖြင့် ညံနေသည်။

ဝက်သား အူစုံ အသည်းစုံ တစ်ပိဿာဆွဲပြီး ကျောက်ခွေး ရွာပြန်လာတော့ နေပင် အတော်စောင်းနေပြီ၊

ဝက်သားတွဲကို ခင်ကြည်မထံ ပစ်ပေးခဲ့ပြီး၊ ဗုံးနှင့် ခြပလိုင်းတွေကို ကောက်ထမ်းသည်။ ကိုမောင်နက်တို့ လူစုကို မမီတော့။ မည်သည့်နေရာကို ဗုံးထောင်သွားကြမှန်းလည်း မသိတော့။

ဗုံးထောင်ဖို့ ချက်ကျမည့် နေရာကို ကျောက်ခွေး ရှာကြည့်သည်။ အိုင်မကြီးသည် ရိုးချောင်းတစ်လျှောက်ရှိ ဆောက်ချုံပင်တွေဆီ အာရုံရောက်သွားသည်။ ထို့ကြောင့်လည်း ကန်သင်း ရေစပ်စပ်အတိုင်း ခပ်သုတ်သုတ် လျှောက်ခဲ့သည်။ သူ့ခြေသံကြောင့် ဗျိုင်းအောက်တစ်ကောင်မှာ ကွတ်ကွတ်အော်၍ လန့်ဖျပ်ပျံသွားသည်။

အိုင်မကြီး ရိုးချောင်ထိပ် “ကမူ“ ရောက်တော့ ကျောက်ခွေး အထမ်းကိုချသည်။ ဗုံးတွေထဲသို့ ခြပလိုင်းထဲက ခြတွေကို ခွဲထည့်သည်။ ရေစီးရေလာကောင်းသောနေရာ၊ ငါးလမ်းကြောင်းသင့်မည့်နေရာကို မျက်လုံးဝေ့ကြည့်သည်။ ကျင့်သားရနေသော မျက်လုံးတွေက ဗုံးထောင်ရမည့်နေရာတွေကို မှတ်သားပြီးသား ဖြစ်သွားသည်။

(၂)

ဗုံးထောင်ခြင်းကိစ္စ ပြီးဆုံးတော့မှ ကျောက်ခွေး စိတ်လက်ပေါ့ပါးသွားသည်။ လာလမ်းအတိုင်း ပြန်လျှောက်ခဲ့သည်။ ရွာအထွက်မှာ ကျောင်းဆရာကိုဘချော လှမ်းနောက်ပြောင်လိုက်သောစကားကို အမှတ်ရသဖြင့် ကျောက်ခွေး တစ်ကိုယ်တည်း ပြုံးမိသေးသည်။

ကိုဘချောကား မနှစ်ကမှ သူတို့ရွာ ဖွံ့ဖြိုးရေးကျောင်းဆီ ကျောင်းအုပ်ဆရာအဖြစ် ပြောင်းရွှေ့လာသူဖြစ်သည်။

ရွာကိုရောက်တာ မကြာသေးပေမယ့် ရပ်ရေးရွာရေးမှာ မနေတတ်၊ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ဗဟုသုတလည်း ပြည့်စုံသဖြင့် ခင်မင်သူ များသည်။ တောသူတောင်သူစရိုက် လုပ်ကိုင်စားသောက်နေသည့် ဘဝတွေကိုလည်း စိတ်ဝင်စားသည်။

တစ်ခါက သူတို့ ငါးထောင်သည့် ဗုံးတွေကိုကြည့်ပြီး ကိုဘချော တအံ့တသြ မေးခဲ့ဖူးသည်။

“ကျွန်တော်က ငါးထောင်တဲ့ ကိရိယာတွေထဲမှာ မြှုံးသာ ကြားဖူးတာ။ ဗုံးဆိုတာကို ခုမှ ကြားလည်းကြားဖူး မြင်လည်း မြင်ဖူးတယ်”

ဗုံးဆိုတာ ပလိုင်းကဲ့သို့ ဝါးနှီးဖြင့် အလုံရက်ရကြောင်း၊ ပလိုင်းကဲ့သို့ အပေါက်ထားရကြောင်း၊ ဘေးတွင် မြှုံးကဲ့သို့ အခင်တပ်၊ အတွင်းကို ရေမဝင်အောင် နွားချေးထူထူ ကျံထားရကြောင်း၊ ဗုံးထောင်လျှင် ခြစာထည့်ထောင်ရကြောင်း၊ ဗုံးထဲက အစာမမြင်ရဘဲ အနံ့ကိုသာ ရသောကြောင့် မြှုံးထက် ဗုံးက ငါး ပိုရတတ်ကြောင်း၊ ဗုံးထောင်သက် အရင့်ဆုံးဖြစ်သူ “ငမြွေ” က ရှင်းပြသောအခါ ကိုဘချောမှာ သဘောမကျဆုံး။

“ကိုငမြွေက ဗုံးအကြောင်း နောကြေအောင် သိနေတာကိုးဗျ”

“မသိဘဲ ခံနိုင်မလား ကျောင်းဆရာရဲ့။ ဗုံးကို ကိုယ်တိုင်ရက်ပြီးမှ ထောင်တာ။ ငါးရှာပြီးဟေ့ဆိုလည်း သူ့ ဘယ်သူမှ မမီဘူး”

ကျောက်ခွေးက ဝင်ထောက်သည်။

“ကြံကြံဖန်ဖန်ဗျာ ကျုပ်ကြားဖူးတဲ့ ဗုံးဆိုတာတွေဟာ လူကို အန္တရာယ်ပေးတာပဲ သိတယ်။ ခင်ဗျားတို့ရွာ ရောက်မှာပဲ လူတွေစားဖို့ ငါး၊ ဖား ရှာပေးတဲ့ဗုံး၊ လူကို အကျိုးပြုတဲ့ဗုံးကို ကြားဖူး တွေ့ဖူးတော့ တယ်”

ကျောက်ခွေးတို့ငယ်ငယ် ဂျပန်ခေတ်တုန်းကတော့ ကျောင်းဆရာ ကိုဘချောပြောသော ဗုံးဆိုတာကို ကြားဖူးသည်။ မြင်တော့ မမြင်ဘူး။ လေယာဉ်ပေါ်က ကြဲချသော ဗုံးဒဏ်ကြောင့် ဗုံးခိုကျင်းထဲမှာ ပြေးလွှားပုန်းရ ခိုရတာတွေကို မှတ်မိနေသေးသည်။

ဆရာကိုဘချောက ဗုံးအမျိုးမျိုးရှိကြောင်း၊ လက်ပစ်ဗုံး၊ ထောင်ဗုံး၊ ဆွဲဗုံး၊ ပဒေသာဗုံး၊ လေယာဉ်ပေါ်က ကြဲသည့်ဗုံး၊ အနုမြူဗုံး၊ ဒုံးပျံနှင့်ပစ်သည့် ဗုံးဆိုတာတွေကို ပြောပြသည်။

ဗုံးလက်နက်တွေရဲ့ အစွမ်းထက်ပုံတွေ၊ လူများ၊ အဆောက်အဦများနှင့် နိုင်ငံများကို အုံးခနဲ အသံအောက်မှာ ဖြုတ်ခနဲ ပျောက်ကွယ်သွားအောင် လုပ်နိုင်ပုံတွေကို ပြောပြသောအခါ ကျောက်ခွေးတို့ပင် ကြက်သီးဖျန်းခနဲ ထသည်။

“အဲဒီ ဗုံးချချိန်မှာ ရေထဲငုပ်နေမယ်ကွာ၊ မရဘူးလား ကျောင်းဆရာရဲ့…”

ကိုမောင်နက်က အနုမြူဗုံးရန်မှ ရှောင်ရှားနိုင်မည့်နည်းလမ်းများကို ပထမဆုံး ရှာဖွေတွေ့သူအလား အားရဝမ်းသာ ကောက်ကာငင်ကာ ပြောသဖြင့် ကိုဘချောက တဟားဟားရယ်သည်။

မြေတွင်လည်းကောင်း၊ ရေတွင်လည်ကောင်း၊ လေတွင်လည်းကောင်း၊ ဘယ်မှာမှ ပုန်းကွယ်ရှောင်ပြေး၍ မရနိုင်ကြောင်း ရှင်းပြတော့မှ ကိုမောင်နက် မှာ မျက်လုံးပြူး မျက်ဆံပြူးနှင့်-

“ဘုရားရေ… ဘွဲ့ဖြူလက်နက်ဆိုတာမျိုး ထင်ပါရဲ့ဟု လွှတ်ခနဲ ညည်းသည်”

နောက်များမှာတော့ ကျောက်ခွေးကို ဗုံးထောင်သွားတာနှင့်ဆုံတိုင်း ကျောင်းဆရာကိုဘချောက အဖမ်းခံနေရဦးမယ်နော်ဟု နောက်လေ့နောက်ထ ရှိသည်။

“ဝုန်း…”

ဗုံးအကြောင်း အတွေးလွန်နေရာက ဝုန်းခနဲ အသံကြောင့် ကျောက်ခွေး လန့်ဖျပ်သွားသည်။ ခေါင်းနဘန်းပင် ကြီးသွားသည်။

ရေစီးကြောင်းတွင် ဝပ်နေသော ငါးရံ့တစ်ကောင်က လူကိုမြင်၍ လယ်ကွက်ထဲကို ဝုန်းခနဲ ခုန်ချသွားကြောင့် ဖြစ်သည်။

“ကလူ…… ငါ့လိပ်ပြာ လာ… လာ၊ သေမယ့်ငါးက အလန့်တကြား”

ကျောက်ခွေး ရှက်ရမ်းရမ်းပြီး ငါးကို ကျိန်ဆဲလိုက်သည်။

မှောင်ရီပျိုးနေပြီ။

(၃)

ကျောက်ခွေး ရွာထိပ်သို့ ရောက်သောအခါ အတန်ပင် မှောင်နေပြီ။ ပိန်းတောထဲမှာ ခရုမျက်ပြဲများ အော်သံ၊ ဝါးရုံပင်တန်းက ပုစဉ်းရင်ကွဲတွေ မြည်သံ။ ဆောက်ချုံတောထဲက ရေကြက်မတွေ အော်သံက နားကွဲလုမတတ် ရှိနေသည်။

ညသည် လရောင် မရှိ။ ကြယ်ရိပ် မရှိ။

မြက်ပင်ရှည်တွေ ယှက်မိုးနေသော ကန်သင်းပေါက်တစ်လျှောက်မှာ တစ်ခါတစ်ခါ ခြေထောက်ချရမှာ မရဲ။ သို့သော် မတတ်နိုင်။ ကံပုံပြီး ရဲရဲလျှောက်ရသည်။

ရွာဝင်းသို့ အဝင်မှာ ကိုရင်ဒီးဒုတ်တို့အိမ်က ခွေးက စူးစူးဝါးဝါး ဆီးဟောင်သည်။

“ဟေ့ကောင် ဂုတ်ကျား”

ဟု အသံပေးလိုက်တော့မှ ခွေးဟောင်သံ တိတ်သွားသည်။

“ကျောက်ခွေးလားဟေ့၊ မိုးချုပ်လိုက်တာ”

“ဟုတ်ကဲ့ အစ်မကြီးရေ”

ကိုရင်ဒီးဒုတ်မိန်းမ အမေးကို တိုတိုပင် ပြန်ဖြေလိုက်ပြီး ကျောက်ခွေး ရွာလယ်လမ်းအတိုင်း ခပ်သုတ်သုတ် လျှောက်ခဲ့သည်။

လမ်းဘေး တစ်ဖက်တစ်ချက် အိမ်တွေမှာ ရေနံဆီမီးတိုင် မှိတ်တုတ်တုတ် မီးရောင်တွေသာ ရှိသည်။

ရွာထဲမှာ နည်းနည်းပါးပါး ပြေလည်သော ကိုရင်အောင်ငြိမ်းတို့၊ ဦးခေါင်းကြီးတို့ အိမ်တွေမှာတော့ ဘက်ထရီမီးချောင်းတွေ ဘာတွေနှင့် လင်းလက်လို့။

ကိုရင်အောင်ငြိမ်းတို့အိမ်ကို လွန်တော့ သူ့ခြံထိပ် ရောက်လာသည်။ အိမ်ပေါ်မှ ပျံ့ထွက်လာသော အလင်းရောင်ပျပျကို မြင်ရသည်။

“ခင်ကြည်မရေ… ”

သူ့ခေါ်သံကြောင့် အိမ်ပေါ်က ဒုန်းဒုန်းဒိုင်းဒိုင်း နင်းလျှောက်သံတွေ ပေါ်လာသည်။ အိမ်ပေါက်ဝမှာ မီးတိုင်ခွက်ကိုင်ပြီး ခင်ကြည်မ ခေါင်းပြူကြည့်သည်။

“နင့် မီးတိုင်ခွက် ပေးဟာ။ တစ်လက်စတည်း နွားတင်းကုပ်မှာ ခြင်မီးထည့်ရအောင်”

သူ့ကို ခင်ကြည်မ ပြူးတူးပြဲတဲ ကြည့်သည်။ ချက်ချင်းစကား ခွန်းတုံ့မပြန်။ ပြီးမှ …

“ကိုကျောက်ခွေး… ဒီနား ခဏ”

ဟု ပြောရင်း လက်ယပ်ခေါ်သည်။

ထူးခြားသည်ဟု ကျောက်ခွေး ထင်သဖြင့် အိမ်ဖိနပ်ချွတ်နားသို့ တိုးကပ်သွားသည်။

“ဘာတုန်းဟ”

“ကိုကျောက်ခွေး… ရှင့်လူ ကိုငမြွေ ပိုးထိလို့တော့။ သွား သတင်းမေးလိုက်ဦး”

“ဟေ… ဘယ်မှာလဲ”

“သူ့အိမ်မှာပေါ့”

ကျောက်ခွေး ရင်ထဲ ဒိန်းခနဲ မြည်သွားသည်။ ခင်ကြည်မ လက်ထဲက ဖားမီးတိုင်ကို မီးတောင် (မီးအုပ်) ထဲ ကပျာကယာထည့်ပြီး ရွာအရှေ့ပိုင်းဘက်ကို အပြေးအလွှား လျှောက်ခဲ့သည်။

“ငမြွေ… ငမြွေ… ငါ့သူ့ငယ်ချင်းကြီး၊ ဖွဟဲ့… ဖွဟဲ့ လွဲစေ … ဖယ်စေ … ဘာမှ မဖြစ်ပါစေနဲ့ …”

လမ်းလျှောက်ရင်း ရတတ်သမျှ မေတ္တာတွေပို့ ဆုတွေတောင်းသည်။

မြွေကြား ကင်းကြားမှာ ရှာဖွေစားသောက်ရသောအဖြစ်တွေကို တွေးမိ၍ ကျောက်ခွေး ကြက်သီးမွေးညင်း ထသွားပြန်သည်။

“အောင်မယ်လေး…. ကိုငမြွေရဲ့၊ ကျွန်မတို့ကို ဒီအတိုင်း ပစ်ထားတော့မှာလား… ဟီး… ဟီး….”

ငမြွေတို့ အိမ်ရှေ့အရောက်မှာ အိမ်ပေါက်ဝက မသန်းကြည်၏ အော်ဟစ်ငိုယိုလိုက်သော အသံကြောင့် ကျောက်ခွေး ရင်ဆို့သွားသည်။ အိမ်ရှေ့မှာ ဝိုင်းအုံနေသော လူတွေအကြားကို မနည်းတိုးဝင်ရသည်။ ပြီး အိမ်ပေါ်ကို တိုးတက်သည်။

အိမ်အောက်ဆင့်၌ ပက်လက်ကလေး အသက်ပျောက်နေသော ငမြွေကို မီးတိုင်အလင်းရောင်အောက်မှာ မထင်မရှား တွေ့လိုက်ရသည်။ ပုဆိုးကြမ်း ဝတ်ထားသည်မှအပ ကိုယ်တုံးလုံးကျွတ်နှင့်။

ဆံပင်၊ မျက်နှာနှင့် ရင်ဘတ်တွေမှာ ရွံ့တွေ ပေကျံနေသည်။

“ကျောက်ခွေးရယ် နင့်လူအဖြစ်ကို ကြည့်ပါဦး၊ ဟီး… ဟီး….”

ငမြွေအလောင်းအနီးမှာ ကျောက်ခွေး ထိုင်ချလိုက်သည်။ ရောင်ကိုင်းနေသော ညာလက်ကို ကိုင်ကြည့်သည်။ လက်ခုံတွေ လက်ချောင်းတွေ လက်မောင်းတွေမှာ အစွယ်ရာ ညိုမည်းတွေ အနှံ့အပြား။

“ဘုရား … ဘုရား”

ကျောက်ခွေး ဘုရားတမိသည်။

ဗုံးထောင်ဖို့ ခြစာ သွားတူးရင်း ခြတောင်ပို့ထဲက မြွေဆိုးကိုက်လိုက်ခြင်းကို မချိမဆန့် ခံလိုက်ရပါကလား။

“တောင်ပို့ထဲမှာ ခြနှိုက်နေတုန်း၊ လက်ကို စစ်ခနဲ စစ်ခနဲ ကိုက်တယ်တဲ့၊ သူက ခြကိုက်တာပဲ မှတ်လို့၊ အထဲကိုပဲ မဲပြီး အတွင်နှိုက်သတဲ့”

“အိမ်ရောက်တော့ စကားမေး မရတော့ဘူး”

“အဲဒါတောင် အပမှီလို့ အိမ်အရောက် ပြန်လာနိုင်တာတော့၊ တောမှာကတည်းက အသက်ပျောက်လာတာ နေမှာပေါ့”

တစ်ယောက်တစ်ပေါက် ထင်ရာပြောသံတွေကို ကျောက်ခွေး မကြားချင်ဘူး။ ထိုင်ရာက ထသည်။ လူကြားထဲက တိုးထွက်ခဲ့ပြီး အိမ်အောက်ဆင်းသည်။

ဒီနေ့ညနေကျမှ ကျွန်တော်လည်း အစည်းအဝေးရှိလို့ ဟိုဖက်ရွာ ခဏသွားမိတယ်ဗျာ။ တစ်နာရီအတွင်း ဆေးရုံကိုသာ အရောက်ပို့နိုင်ရင် ဒီလို ပက်ပက်စက်စက် မဖြစ်ဘူးဗျ”

အသုဘကိစ္စအတွက် ခယိုးခယိုင် ဖြစ်နေသော အိမ်ကလေးကို ရွာထဲကလူတွေနဲ့အတူ ဒေါက်ထောက် အခင်းပြင် လုပ်နေရာက စိတ်မကောင်းသောအသံဖြင့် ပြောနေသော ကျောင်းဆရာ ကိုဘချောကို ကျောက်ခွေး လှမ်းကြည့်သည်။

“ဒါကလည်း မြွေကိုက်မှန်း သိဦးမှကိုး ကျောင်းဆရာရဲ့။ အခုလို”

ကျောက်ခွေး စကားမဆုံး၊ လည်ချောင်းထဲမှာ အသံပျောက်သွားသည်။ ကိုဘချောကို ကျောက်ခွေး ဆက်ပြောချင်သေးသည်။ သို့သော် ပြောမထွက်

“ခြင်မီးပြန်ထည့်ဦးမယ်၊ ပြီးရင် ပြန်ခဲ့မယ်”

ဟု ပြောပြီး ကျောက်ခွေး မီးတောင်းဆွဲထွက်ခဲ့သည်။

သူ့ရင်ထဲ ဗလောင်ဆူနေသည်။ ဦးခေါင်းထဲလည်း နောက်ကျိနေသည်။ ခြေထောက်ကို မြေကြီးနှင့်ထိ၍ လမ်းလျှောက်သည်ကိုပင် ထိမှန်း မသိတော့။ ကိုဘချောကို ပြောချင်သောစကားတွေ သူရင်ထဲမှာ ပဲ့တင်ထပ်နေသည်။

“ကျောင်းဆရာရယ်… ဗုံးတွေထဲမှာ ကျုပ်တို့ ထောင်တဲ့ဗုံးက လူတွေကို အကျိုးပြုတယ်လို့ ခင်ဗျား ပြောခဲ့တယ်။ ခုတော့ ဟုတ်သေးရဲလား။ ကျုပ်သူငယ်ချင်း ငမြွေ သေပြီလေ။ ဗုံးက အကျိုးပြုတာ ရှိ သေးလဲဗျာ။ ပြောပါဦး… ပြောပါဦး…”

– ပြီး –

စာရေးသူ – ကျောင်းကုန်းဧည့်မှူး

Leave a Reply

Your email address will not be published. Required fields are marked *