မောင်ခြိမ့်
“ဟုတ်ကော ဟုတ်ရဲ့လား လှဆောင်ရယ် … မင်းဟာက။ ငါဖြင့် တစ်ခါမှ ကြားလည်း မကြားဖူးပါဘူး”
ဖိုးနီက ကောက်ညှင်းငချိပ်ပေါင်းကို ငါးမြွေထိုးခြောက်ကျော်ဖြင့် စားနေရင်းက လှမ်း၍ပြော၏။
ဘကြီးသာကျော်၏ အိမ်မိုးသည့် မနက်ပိုင်းတွင် ဖြစ်ပါ၏။ သူတို့ရပ် ဓလေ့ရွာဓလေ့အတိုင်း လူငှားခေါ်စရာမလို။ နီးစပ်ရာ ကာလသားများ အလုပ်အားသူများက ဝိုင်းဝန်းလုပ်ကိုင်ပေးကြသည်သာ ဖြစ်၏။
ဘကြီးသာကျော်၏ သားက နှစ်ယောက်၊ သားမက်က နှစ်ယောက် လူခံရှိပြီး ခင်ရာမင်ရာ လာကူသူများက ငါးဦးခန့်ရှိသည်မို့ ဓနိ ၁ဝဝဝ ကျော်မိုးရသော ဘကြီးသာကျော်၏ မိသားစုများ စုပေါင်းနေထိုင်သည့် အိမ်မှာ မနက် ၇းဝဝ နာရီက စခဲ့သည်မှာ ယခု ၁ဝးဝဝ နာရီ ဆွမ်းခံဝင်ချိန်တွင်မူ အိမ်မကြီးကို မိုး၍ ပြီးခဲ့ပြီ။
မီးဖိုချောင်ကလေး မိုးရန်နှင့် ဓနိအမိုးပေါ်မှ ကြက်နင်းဟုခေါ် သော ဝါးခြမ်းလေးကွက်ကြဲ ယက်ပြီး လေတိုက်၍ ဓနိမလန်စေရန် ဖိအုပ်ထားဖို့သာ လိုတော့၏။
ထိုအလုပ်ကို လူငယ်များက သူတို့ပဲ ဆက်လုပ်ပါမည်။ လူကြီးတွေ နားကြပါဟုဆို၍ ဖိုးနီတို့၊ လှဆောင်တို့၊ ဘကြီးသာကျော်တို့တစ်တွေ အိမ်ရှေ့ကွပ်ပျစ်တွင် စားသောက် စကားစမြည်ပြောနေကြခြင်း ဖြစ်တော့၏။
“ခက်ပါ့ကွာ။ ငါက မဟုတ်တာပြောလို့ ဘာရမှာလဲ။ ငါနဲ့အတူပါတဲ့ သံချောင်းကို မေးကြည့်ကွာ … မယုံရင်”
“အင်း … မင်းပြောပုံအရဆိုရင်တော့ တွေးရတာ ခပ်ခက်ခက်ပဲဟေ့”
ဘကြီးသာကျော်က တွေးတွေးဆဆ ဝင်၍ ပြော၏။
“အဲဒါခက်တာပေါ့ဗျ။ ကျွန်တော်က အမှန်အတိုင်းပြောတာကို အိမ်ကမိန်းမကလည်း မယုံဘူး၊ သူ့မောင် သံချောင်းကပါ ဟုတ်ပါတယ် ဝင်ကူပြောတော့လည်း ယောက်ဖဘက်တော်သားပဲ ငါမယုံဘူးတဲ့။ အခုဖိုးနီရော ဘကြီးကပါ မယုံရင် ခင်ဗျားတို့ဘာသာ သွားစမ်းကြည့်ကြပေတော့ဗျာ”
ဟု လှဆောင်က ဘုပြောတော့၏။
ထိုစဉ်ခိုက်တွင် ရွာထိပ်ဘက်မှ လျှောက်လာသော ဦးတောကျော်က အိမ်ဝင်းထဲသို့ ဝင်လာရင်း
“ဟေ့ကောင် သာကျော်၊ မင်းအိမ်မိုးတာ ဘာဖြစ်လို့ငါ့ကို မပြောတာလဲ။ ဘာလဲ … အရက်တိုက်ရမှာစိုးလို့ မဟုတ်လား။ ဘယ်ရမလဲကွာ၊ ကင်ပွန်းချဉ်ရွက်ခူးပြီး ပြန်လာတဲ့ ငါ့မြေးက မင်းတို့အိမ်မိုးနေ တာ တွေ့ခဲ့တယ်ဆိုလို့ ငါလာခဲ့တာပဲကွ။ အမယ် … အတော်တောင် ပြီးနေမှပဲ။ နှီးတို့ ဘာတို့ရော လောက်ရဲ့လား။ လိုရင် ငါ့ပြော။ အိမ်မှာ ဝါးကောက်နှီးအရှည်တွေ ရှိသေးတယ်”
ပြောပြောဆိုဆို ရေနွေးကြမ်းဝိုင်းသို့ ဝင်ထိုင်ရင်း ငါးမြွေထိုးခြောက်ကြော် တစ်ကောင်ကို ကောက်၍စားသည်။ ထိုအခါ လှဆောင်သည် သူ့ဘက်လူကူရောက်လာသည့်နှယ် အားတက်သွားရင်း
“သူတို့ကို ကြည့်ပြောပါဦး ဘကြီးရယ်။ ကျွန်တော်ပြောတာ မယုံဘူး ဖြစ်နေတယ်”
“မင်းက ဘာတွေပြောထားလို့ သူတို့က မယုံတာလဲကွ။ ငါ့ကို ရှင်းရှင်းပြောစမ်းကွ”
ဦးတောကျော်က ဟောက်၏။
“သည်လို ဘကြီးရေ၊ အဖြစ်ကတော့ ပြောပဲ မပြောချင်တော့ပါဘူး။ မနေ့ညက ကျွန်တော် ငါးသလောက်ပိုက်ချဖို့ သွားတယ်။ ခါတိုင်း လိုက်နေကျ ပဲ့ကိုင် ငကျော်က ဖျားနေလို့ ယောက်ဖလေး သံချောင်းကို ချော့ခေါ် သွားရတယ်။
လမ်းသမိုင်ချောင်းဝအထွက် မြစ်မကြီးထဲမှာသွားပြီး ပိုက်ချတယ်။ ပိုက်လဲချအပြီး ကျွန်တော်လည်း ပါသွားတဲ့ လက်ကျန်ကလေးကို မော့ပြီး မှေးခနဲ အိပ်ပျော်သွားတယ်။
ပဲ့က သံချောင်းကလည်း ကလေးမဟုတ်လား၊ သူလည်းအိပ်တာပေါ့။ ဗွမ်းခနဲ … ဗွမ်းခနဲ အသံကြီးလည်း ကြားလိုက်ရရော ဖျတ်ခနဲ လန့်နိုးတော့တာပဲ။
လှေကနေ ကြည့်လိုက်တော့ ဝဲဆိုင်ကြီးနား ရောက်နေပြီ။ ဒါနဲ့ ကပျာကသီ သံချောင်းကိုနှိုး၊ ပိုက်ကို ဖော်တော့ အလံ ၂ဝလောက် မရှိတော့ဘူး။ ဒါနဲ့ ကျွန်တော်လည်း သူခိုးများ ပိုက်ဖြတ်ယူသွားသလား တွေးနေတုန်း ဝဲထဲကနေ ထပြီး ခုန်လိုက်တဲ့ ဖြူဖြူကြီး တွေ့ရတော့တာပဲ။ အဲဒါကြီးက ဝုန်းခနဲ ခုန်တက်လိုက်၊ ဗွမ်းခနဲ ပြန်ကျလိုက်နဲ့ နှစ်ခါ သုံးခါလောက် ပေါ်ပြီး ပျောက်သွားတယ်။
ကျွန်တော်လည်း မူးနေတဲ့ အရှိန်ကလေးတောင် ဘယ်ရောက်ကုန်လည်း မသိဘူး။ ကြောက်ကြောက်နဲ့ သံချောင်းရေ … မြန်မြန်ပြန်လှည့်ဟ ဆိုပြီး လှော်ပြေးခဲ့တာ။ ချောင်းထဲရောက်မှ အသက်ရှူနိုင်တယ်ထင်တာပဲ”
ပြောရင်း မောသွားဟန်ဖြင့် ရေနွေးတစ်ခွက် မော့၏။ အဘဦးတောကျော်က ဘာမှ ဝင်မမေး၊ ဆက်ပြောလေ ဟူသောသဘောဖြင့် ကြည့်နေ၏။
“အဲသည် ခုန်ခုန်တက်တဲ့ ဖြူဖြူကောင်ကြီးမှာ ဆံပင်တွေလိုလို ဘာလိုလို ဖားလျားကြီးလဲ ပါတယ်ဗျ”
ဦးတောကျော်က တွေတွေကြီး စဉ်းစားလျက်ရှိစဉ်
“အဲဒါပြောတာပေါ့ အဘရဲ့။ မူးကြောင်မူးကြောင်နဲ့ ထင်ရာတွေ လျှောက်ပြောနေတာ။ ရေထဲက ခုန်ခုန်တက်တဲ့ အကောင်မှာလည်း ဆံပင်တွေလိုလို မည်းမည်းအရာတွေ ပါတယ်ဆိုပဲ။ ဧကန္တ ရေသူမပဲ ဖြစ်မယ်”
“ရေသူမဆို ငါတို့ သွားဖမ်းမယ်ဟေ့။ ဘယ်မှာလဲ”
အမိုးမိုးပြီး၍ ဆင်းလာသော လူငယ်တစ်ယောက် ဝင်ပြောရင်း အနားသို့ ရောက်လာ၏။
“အလကားပါ အဘရာ။ အရက်မူးပြီး အိပ်နေလို့ ပိုက်သူခိုးက ဖြတ်ခိုးသွားတာ နေမှာ။ သူ့မိန်းမ ဆူမှာစိုးလို့ မဟုတ်တာတွေ လျှောက်ပြောနေတာ”
ဖိုးနီက ဝင်ပြောပြန်၏။
ဦးတောကျော်က ဖိုးနီကို မျက်စောင်းခဲလိုက်ရင်း
“မင်းပြောတာ တကယ်နော် ပော့ကောင်”
လှဆောင်ကို မေး၏။
“တကယ်ပါ အဘရယ်။ လဆန်း(၇)ရက်ဆိုတော့ လရောင်နဲ့ ကျွန်တော် သေသေချာချာ မြင်တာပါ။ ကျိန်ဆို ကျိန်မယ်ဗျာ”
“အင်း ဒါဆို စဉ်းစားစရာပဲ။ ဒါနဲ့ မင်းပိုက်ပြတ်ထွက်သွားတာက ဓားနဲ့ ဖြတ်သလို တိတိရိရိတဲ့လားကွ”
“မဟုတ်ဘူးအဘရဲ့။ ကျန်တဲ့ ပိုက်သားတွေမှာလည်း မွနေတာပဲ။ တစ်ကွက်တစ်ကွက် စကောဝိုင်းလောက်၊ လူတစ်ကိုယ်စာလောက် ပွစာကျဲကျန်ခဲ့တာပဲ”
“ဒါဆို မော်တော်တစ်စင်းစင်း ဖြတ်မောင်းသွားလို့ ပန်ကာတွေ တက်မတွေနဲ့ငြိပြီး ပါသွားတာများလားမှ မသိတာ။ ဒီကောင် ဘယ်လောက်သောက်ပြီး မူးမူးနဲ့ အိပ်နေသလဲမှ မသိတာ”
ဘကြီးသာကျော်က သူထင်တာ ဝင်ပြော၏။
“ဘုရားစူးစေ့ အဘရယ်။ ကျွန်တော် ဒါလောက် မမူးပါဘူး။ မော်တော်သာ လာရင် ကျွန်တော် နိုးပါတယ်။ ပြီးတော့ လှေလယ်ခေါင်မှာလည်း မီးအုပ်ထွန်းထားသေးတယ်ဗျ။ မော်တော်က ပိုက်ချထားမှန်း သိသာပါတယ်”
“ဒါလည်း ဟုတ်တာပဲကွ။ မော်တော်သာ အရှိန်နဲ့ဝင်တိုးရင် ပိုက်နဲ့ တွဲချည်ထားတဲ့ သည်ကောင့်လှေလည်း တရွတ်တိုက်ပါပြီး မှောက်မှာပဲ။ ပိုက် အလံ၂ဝ လောက် ပတ်နေရင် မင်းမော်တော် ဘယ်သွားနိုင်တော့မလဲ။ ပန်ကာ ရပ်သွားမှာပေါ့။
ပြီးတော့ သည်ကောင် ပိုက်ချတဲ့ ဝဲနား ဘယ် မော်တော်မှ မလာတတ်ဘူး။ မော်တော်ကလည်း လာခဲပါဘိခြင်း။ စဉ်းစားဖို့ကောင်းတာက ခုန်ခုန်တက်နေတယ်ဆိုတဲ့ အကောင်ကိစ္စပဲ။ ပြီးတော့ ဆံပင်တွေလိုလို ဘာတွေလိုလိုလည်း ပါတယ်ဆိုတော့”
ဟု ပြောရင်း စဉ်းစားသလိုလိုနှင့် စကားကို ရပ်၏။
“ဒါကြောင့် ကျွန်တော်ပြောတာပေါ့ အဘရဲ့။ ရေသူမပါဆို။ ဒါကြောင့် ဆံပင်ပါတာပေါ့။ မဟုတ်ရင် ဘယ်ရေထဲကကောင်က ဆံပင်ရှိမလဲ”
လူငယ်တစ်ယောက်က ဝင်ပြောရင်း ရယ်ကြလေ၏။
“ရေသူမဆိုတာ မင်း မြင်ဖူးလို့လား”
ဟု တစ်ယောက်က မေး၏။
“ဟ ဒါတော့ ငါလည်း ဘယ်မြင်ဖူးပါ့မလဲ။ သူများတွေ ပြောကြတာပဲ။ ရေသူမဆိုတာ အောက်ပိုင်းက ငါး၊ အပေါ်ပိုင်းက လူလိုဆိုပဲ”
“တော်တော့ဟေ့ … သည်မှာ စကားအကောင်း ပြောမလို့”
ဦးတောကျော်က ငေါက်လိုက်၍ ငြိမ်သွားကြ၏။
“သည်မှာ လှဆောင်။ မင်းပိုက်ကို ပြစမ်း။ ပြီးတော့ မင်းရယ် ငါရယ်က တစ်စင်း၊ သာကျော်ရယ် ဖိုးနီရယ်က တစ်စင်း၊ အခုညသွားမယ်။ လိုက်မယ် မဟုတ်လားဟေ့”
“ငါ့မျက်စိက သိပ်မကောင်းဘူးကွ။ ညဆို ဘာမှ သိပ်မမြင်ရဘူး။ နောက်လူငယ်တစ်ယောက်ယောက် ခေါ်သွားပါကွာ”
ဦးသာကျော်က ငြင်းလေသည်။
“မင်း ကြောက်တယ်ဆိုရင် နေခဲ့လေ။ ကဲ… လူငယ်ထဲက နောက်ထပ် ဘယ်သူလိုက်မလဲဟေ့။ တစ်ယောက်မှ မလိုက်လဲ ရတယ်။ ငါတစ်ယောက် တည်းနဲ့ အဲသည် ဆံပင်ဖားလျားနဲ့ အကောင်ကြီးကို ဖမ်းပြမယ်”
စိတ်တို၍ ပြောတော့သည်။
“ကျွန်တော် လိုက်မယ်ဗျာ။ အဘကို ကျွန်တော် ယုံတယ်”
ဦးသာကျော်၏ သားမက် စိန်ကုလားက စိတ်အားထက်သန်စွာ ဝင်၍ပြော၏။ စိန်ကုလားက စာရင်းပေးသည်နှင့် ကျန်လူငယ်တစ်စုကလည်း သူလိုက်မယ်၊ ငါလိုက်မယ် ဖြစ်ကုန်ကြတော့၏။
ဦးတောကျော်သည် သာမည တံငါ မဟုတ်။ သူတို့ ဇုက္ကနိရွာသားတွေ ဘယ်လူမှ မရောက်ဖူးသော ဘိုကလေး၊ ကျိုက်လတ်၊ ဖျာပုံ၊ မော်ကျွန်း တစ်ဝိုက်သာမက ပင်လယ်ထဲထွက်၍ ငါးပိုက်ထောင်ခြင်း စသည့် တံငါလုပ်ငန်းမျိုးစုံတို့တွင် နှစ်ပေါင်းများစွာ ကျင်လည်လာသူ ဖြစ်ပေ၏။
သတ္တိအရာတွင်လည်း မခေလှ။ တောကျော်ဟေ့ ဆိုလျှင် ရွာဘုရားပွဲများတွင် မော်ကြည့်ဝံ့သူ မရှိ။
ယခု အသက်အရွယ် ရလာခါမှ နည်းနည်းငြိမ်နေသူဖြစ်၏။ လူမိုက်စကားနှင့် ဆိုရသော် လက်ယဉ်သူ ဇ, ရှိသူ ဖြစ်လေ၏။
“ကဲ ကဲ … အားလုံးလိုက်လို့တော့ မဖြစ်ဘူးကွာ။ စိန်ကုလားပဲ ခေါ်သွားမယ်။ ကျန်တဲ့သူတွေက ရွာကပဲ စောင့်ကွာ။ လူသိပ်များရင် အချင်းချင်း ရှုပ်ကုန်မယ်။ အန္တရာယ်က ပေါ့သေးသေး မဟုတ်ဘူး”
ဟု ဝင်၍ အဆုံးအဖြတ်ပေး၏။
ထိုနေ့ ညနေစောင်း နေညိုချိန်တွင်တော့ ရွာထိပ်ရှိ လှေဆိပ်တွင် လူစည်နေတော့၏။
လှဆောင်က ပဲ့ကိုင်၍ ဦးတောကျော်က ရှေ့စီးလှေတစ်စင်း၊ စိန်ကုလားကပဲ့ကိုင်၊ ဖိုးနီက ရှေ့စီးလှေတစ်စင်းတို့သည် ရွာထိပ်မှ စ၍ ထွက်ခဲ့ကြတော့၏။
သူတို့ လှေများပေါ်တွင်တော့ အလံ ၄ဝ ပိုက်က၂စုံ၊ ငါးမူးလုံး မှိန်းသွားတွင် ၄တောင်ခန့် ထီးရိုးဝါး အရိုးတပ်မှိန်းက ၈ချောင်း၊ ဆောင်ဓား ၄လက်၊ မီးအုပ်၂ ခု၊ ၅ တောင့်ထိုး လက်နှိပ်မီးက ၂လက်၊ ဖန်သီးအပိုများ ဆောင်ကာ စုံနေအောင် သယ်ယူလာတော့၏။
ကောင်းကင်တစ်ခွင် တစ်ပြင်လုံး မိုးသားတိမ်မည်းများက အုံ့ဆိုင်း၍ နေတော့၏။ ။လေကလေး တဖြူးဖြူးဖြင့် လှိုင်းကြက်ခွပ်ကလေးများ ဖြတ်သန်းပြေးလျက် ရှိ၏။
ပိုက်ချရန်နေရာသို့ ရောက်တော့ မီးခွက်ထွန်းချိန် တိုင်ပြီ။ ကမ်းစပ်ရှိ ရေသဖန်းပင်ကြီးအောက်တွင် လှေနှစ်စင်းကို ပူးလျက် နားရန် စီစဉ်ရ၏။
စိန်ကုလားက လူငယ်ပီပီ လှေလယ်ခေါင်ရှိ မီးဖိုတွင် မီးမွှေးပြီး အသင့်ပါလာသော ဒန်ကရားအိုးဖြင့် ရေနွေးတည်လျက် ရှိ၏။
ဦးတောကျော်နှင့် လှဆောင်တို့ နှစ်ယောက်က လှေလယ်တွင် မျက်နှာချင်းဆိုင်ထိုင်ကာ တောအရက်ဦးရေနှင့် ငါးဖောင်ရိုးခြောက် ဆီပူထိုးကလေးနှင့် မြည်းလျက်ရှိ၏။
ဖိုးနီနှင့် စိန်ကုလားတို့က ရေနွေးတစ်အိုး၊ ဦးတောကျော်နှင့် လှဆောင်တို့က ဦးရေတစ်ပုလင်း ကုန်ချိန်တွင် ညသည် နက်လာခဲ့ပေပြီ။
“ကဲ လှဆောင်၊ မင်း မနေ့က ပိုက်စချတဲ့ နေရာကို ပြ … သွားမယ်။ ဖိုးနီတို့လှေက လှဆောင်ပြတဲ့ နေရာမှာ ပိုက်စချပေတော့”
“အဘကကော ဘယ်နား ပိုက်ချမှာလဲ”
စိန်ကုလားက စိုးရိမ်စွာ မေး၏။
“ငါနဲ့ လှဆောင်က မင်းတို့လှေဘေးနားလေးမှာပဲ ကပ်ပြီး စောင့်ကြည့်နေမယ်။ လက်နှိပ်မီးကို ဦးစီးတဲ့ ဖိုးနီက တစ်လက်ယူထား။ ငါက တစ်လက် ယူထားမယ်။ မင်းတို့ပိုက်ကို လာတိုးတာနဲ့ ဖိုးနီက လက်နှိပ်မီးထိုးထား။ ငါနဲ့ လှဆောင်က ရေအောက်ကနေ ပိုက်ကို ထိုးပြေးတဲ့ အကောင် တစ်ကောင်ကောင်ရဲ့ ဦးတည်ရာဘက်ကို အမြန်ရောက်အောင်သွားပြီး တို့လှေပေါ်မှာပါတဲ့ ပိုက်ကို အမြန်ရှေ့က ဆီးပြီး ချမယ်။
အဲသည်တော့ ပထမ မင်းတို့ပိုက်မှာ မိမယ်။ နောက်ထပ် ငါတို့ပိုက်မှာ တိုးပြန်ရော။ လက်လံ ၄ဝစီရှိတဲ့ ပိုက်၂ဖုံလုံးကို ဘာကောင်ပဲဖြစ်ဖြစ် ရုန်းဖို့၊ ကိုက်ဖြတ်ဖို့ မဖြစ်နိုင်တော့ဘူး။
ဘေးမှာကျနေတဲ့ ကျန်တဲ့ ပိုက်လက်တွေကလည်း သူ့တစ်ကိုယ်လုံးကို ရစ်မယ်၊ ပတ်မယ်။ ဒါဆို အဲဒီအကောင် ရေပေါ်ထိုးတက်ရမှာပဲ။ အဲသည်အခါမှာတော့ တို့မှာပါတဲ့ မှိန်းတွေရဲ့ပစ်ကွင်းပဲပေါ့ကွာ။
ငါပြောတာ သဘောပေါက်တယ်နော်။ အရေးကြုံလာရင် သတ္တိမကြောင်နဲ့။ လှေကို မမှောက်အောင်ထိန်း။ ကဲ စ,မယ်ဟေ့”
ဟု တိုက်ပွဲဝင်မည့် စစ်သူကြီးတစ်ဦးနှယ် လုပ်ဆောင်ရမည့် ကိစ္စအရပ်ရပ်ကို စေ့စပ်စွာ ပြောဆိုညွှန်ကြားလေတော့၏။
သူတို့ ကံမကောင်းပါ။
အဘယ့်ကြောင့်ဆိုသော် စောစောက သာယာကြည်လင်နေခဲ့သော ရာသီဥတုသည် ရုတ်ချည်းဆိုသလိုပင် မည်းမှောင်လာကာ သည်းထန်သော မိုးစက်မိုးပေါက်တို့သည် သူတို့ကိုယ်ပေါ်သို့ ကျရောက်လာတော့၏။
မိုးနှင့်အတူ လေပြင်းကလည်း ပါလာလေရာ ကျယ် ပြန့်လှသော မြစ်မကြီးတစ်ခုလုံး လှိုင်းသံများ တဝေါဝေါ ဆူညံပွတ်ကာ ပိုက်တဖုံချပြီး နှစ်စင်းပူးကပ်ထားသော ဖိုးနီတို့ လှေကလေးများကို အပေါ်သို့ မြှောက်တင်လိုက် အောက်သို့ ပုတ်ချလိုက်ဖြင့် လှေမနစ်အောင် မနည်း ဂရုစိုက်နေရတော့၏။
“လှေနှစ်စင်း လှေနံခြင်း မရိုက်မိအောင် မြဲမြဲတွန်းထားကွ။ နို့မို့ ရိုက်ပြီး လှေကွဲရင် အားလုံး အသေပဲနော်။ သတိထားဟေ့”
ဦးတောကျော်က အရေးတကြီး သတိပေးသည်။
စွေစွေစောင်းစောင်း ကျဆင်းလာသော မိုးစက်မျှားတံတို့ကြောင့် ပတ်ဝန်းကျင်ကို မမြင်ရ။ လှေနှစ်စင်းနှင့် ပိုက်တဖုံ ဘယ်ဆီ မျောပါသည် မသိရ။
ပတ်ဝန်းကျင်သည် ပိန်းပိတ်အောင် မှောင်၏။ လှေပဲ့ကလူက လှေဦးကို မမြင်နိုင်။
“စိတ်ချစမ်းပါ အဘရာ … ဇုက္ကနိသားပါဗျ။ ဘယ်တော့မှ သူရဲဘော မကြောင်ပါဘူး။
ဟေ့ကောင် စိန်ကုလား၊ မင်း ပဲ့ကနေ လှဆောင်လှေနဲ့ မတိုက်မိအောင် ကိုင်ထား၊ တောင့်ထား။ ဦးမှာ ငါရှိတယ်ဟေ့”
ဖိုးနီက အော်၍ပြောသည်။
တစ်နာရီခန့် သဲသဲမဲမဲ အညှိုးကြီးစွာ ရွာချခဲ့သော မိုးနှင့် လေသည် တစ်စတစ်စ ပါးသွားပြီး ငြိမ်သက်စ ပြုလာပြီ။
“မီးခြစ်လို့ရရင် မီးအုပ်တွေ ထွန်းဟေ့”
ဦးတောကျော်က ပြောရင်း အဲဗားရယ်ဒီ ငါးခဲထိုးလက်နှိပ်ဓာတ်မီးကို ဖွင့်ပြ၏။ ဖြူဖွေးတောက်ပသော အလင်းရောင်ကြောင့် သူတို့ အားတက်လာကြ၏။ သံဖာပုံးထဲက ဓာတ်ဆီမီးခြစ်ကို ထုတ်၍ ခြစ်၏။
ရေစို၍ ပဲကြီးခွံ တွန့်နေသော လက်မကြောင့် မလွယ်။
“ချီးထဲမှပဲ၊ အရေးထဲ မီးခြစ်ကလည်း”
ဟု ဖိုးနီက ရေရွတ်၏။
မကြာမီ လှဆောင် လှေမှ မီးခွက်က ထွန်း၍ရပြီ။ မီးခွက်ချင်း မီးကူး၍ ထွန်းလိုက်သည်။
လှေထဲဝင်နေသော မိုးရေများကို ပက်ထုတ်၏။
ထိုစဉ် သူတို့လှေသည် ဘေးတိုက်ကြီး ရွေ့၍ပါသွား ၏။ ရေအောက်က အကောင်တစ်ကောင်ကောင် ပိုက်ကို တိုးနေပြီ။
“သတိထားဟေ့ … သတိထား ဖိုးနီ၊ ဆွဲပြေးတဲ့ဘက်ကို မီးထိုးထား … မီးထိုးထား”
ဦးတောကျော်က စိတ်လှုပ်ရှားစွာအော်ရင်း ပူးထားသော လှေနှစ်စင်းကို တွန်း၍ ခွာထုတ်၏။
“လှဆောင် မြန်မြန်လှော်ဟေ့ … တို့ ရှေ့က သွားပြီး ဆီးရအောင်”
ဟု ပြောကာ ဖိုးနီ မီးထိုးပြသောဘက်သို့ ရိပ်ရိပ်ပါအောင် လှော်တော့၏။
ပိုက်နှင့် တွဲထားသော ဖိုးနီတို့လှေသည် အောက်မှ ဆွဲယူပြေးနေသော သတ္တဝါ၏ နောက်သို့ တရွေ့ရွေ့ လိုက်ပါနေ၏။
ပဲ့မှ စိန်ကုလား ကြောက်နေပြီ။
“ဦးလေး ဖိုးနီ … ဘာကောင်လဲဗျ ဟင်”
ဟု အသံတုန်တုန်ဖြင့် မေး၏။
“ဟေ့ကောင် … ဘာမှ မကြောက်နဲ့။ လှေပဲ့သာ တည့်တည့်ကိုင်”
ဟု ပြောရင်း ဘယ်ဘက်က လက်နှိပ်မီးကိုင်၍ ညာဘက်က မှိန်းတစ်ချောင်းကို အမြန်ကောက်၍ ကိုင်၏။
ချက်ချင်းဆိုသလိုပင် လှေအရှိန် တုံ့ခနဲ ဖြစ်သွားပြီး ဦးတည်သွားရာဘက်မှ ညာဘက်သို့ ချိုးကာ ဆက်တိုက် ဆွဲပြေးသွားနေသည်ကို သတိထားမိ၏။
“ဘာမှမပူနဲ့ ဖိုးနီရေ၊ ငါတို့ပိုက်ကိုပါ ထပ်တိုးသွားပြန်ပြီကွ။ မင်း ဘာခံနိုင်မလဲကွာ။ တွေ့ကြသေးတာပေါ့ … ဟား … ဟား”
ဟု သဘောကျစွာ အော်၍ ပြောနေသော ဦးတောကျော်၏ အသံကို ကြားရ၏။
မကြာမီတွင် လှေနှစ်စင်း ပြန်၍ ပူးမိသွားပြီ။
“အဘ … ဘာကောင်လဲဗျ”
ဟု စိန်ကုလားက ထပ်မေးပြန်၏။
“မင်း မကြာခင် တွေ့ရတော့မှာပါကွာ။ လှေပဲ့သာ နိုင်အောင်ထိန်း”
အဘဦးတောကျော်က ပြောရင်း လှေဦးတွင် မတ်တတ်ရပ်ကာ ညာလက်မှ မှိန်းကို ဆ၍ ဆ၍ ရှေ့သို့ ကြည့်နေ၏။
ထိုစဉ် ရေပေါ်သို့ မည်းမည်းအရာများ ခြုံလွှမ်းလျက် ဖြူဖြူအကောင် တစ်ကောင်သည် သူတို့ လှေနှစ်စင်းရှေ့ ၁ဝ လံခန့်တွင် ဘွားခနဲပေါ်၏။
“အမလေး … ဘာကြီးလဲဗျ”
စိန်ကုလားရော လှဆောင်ပါ ပြိုင်တူ အသံထွက်
လာ၏။ ဆက်၍ …
“အဲအဲ … ဒီကောင်ကြီးဗျ။ အဲဒီကောင်ကြီး ကျွန်တော်တို့ တွေ့တာ”
ဟု လှဆောင်က ပြော၏။
“မြန်မြန်လှော်စမ်း”
ဟု ပြော၍ ဖိုးနီက လှေဦးတွင် ထရပ်ရင်း ညာဘက်ကမှိန်းကို ဆ၍ ချိန်သည်။
ထိုအကောင်ကြီး ပြန်အကျတွင် ဖိုးနီရော၊ ဦးတောကျော်ပါ မှိန်းနှစ်ချောင်းကို ပြိုင်တူလွှတ်၏။
ဇွပ်ခနဲ … ဇွပ်ခနဲ စိုက်ဝင်သွားသော မှိန်းချက်များကြောင့် ရေသတ္တဝါကြီးသည် ရေထဲမြှုပ်ကာသွား၏။ နောက်ထပ်တစ်ခါ ထပ်အပေါ်တွင် နောက်ထပ် မှိန်းနှစ်ချောင်းက ထပ်မံစူးဝင်ပြန်၏။
ဆတ်ဆတ်ခါ နာကျည်းစွာဖြင့် ရေထဲ ပြန်အကျတွင် အတင်းဆွဲပြေးတော့၏။
လှေဦးတွင် ရပ်၍ မရသဖြင့် ဒူးထောက်ကာ ထိုင်ရင်း နောက်ထပ် မှိန်းနှစ်ချောင်းက သူတို့လက်ထဲတွင် အဆင်သင့်။
ဖြူဖွေးသော လက်နှိပ်မီးရောင်အောက်တွင် ပြန်မလော့မြစ်၏ သောင်ခုံညိုညိုကြီးကို ဘွားခနဲ တွေ့ရတော့၏။
ရေအောက်မှ သတ္တဝါကြီးသည် အလံလေးဆယ် ပိုက်နှစ်ဖုံ၏ ရစ်ပတ်မှုဒဏ်၊ ဆွဲပြေးရသည့် မောပန်းမှုတို့အပြင် မှိန်းလေးချောင်း၏ သံမဏိသွားများ ခန္ဓာကိုယ်အနှံ့ စိုက်ဝင်မှုကြောင့် ပြေးမိပြေးရာ သွေးရူး သွေးတန်းဖြင့် သောင်ခုံပေါ်သို့ ထိုးတက်မိနေပြီ။ မလှုပ်ရှားနိုင်တော့။
xxx xxx xxx
ဇုက္ကနိရွာကလေးရှိ ဦးတောကျော်၏ အိမ်ရှေ့တွင် ယနေ့အဖို့ လူစည်ကားနေသည်မှာ မနက်ပိုင်းကစ၍ ညနေစောင်းသည်အထိပင်။
ကြီးမားလှ ငါးမန်းကြီးသတင်းကြောင့် ရွာနီးချုပ်စပ်မကျန် လာရောက်ကြည့်ရှု့ကြရင်း ကြက်ပျံမကျ စည်ကားလျက် ရှိတော့၏။
ညနေစောင်း လူရှင်းချိန်တွင်မတော့ ဦးတောကျော်သည် အိမ်ရှေ့ ကွပ်ပျစ်တွင် ကောက်ညှင်းအရက် ဦးရေစစ်စစ်နှင့် အမြည်းစုံလင်စွာ အောင်ပွဲခံလျက်ရှိပြီ။
ငါးမန်းဖမ်းသည့်အဖွဲ့တွင် လိုက်ပါသွားကြသူများ အဖြစ် ဖိုးနီ၊ လှဆောင်နှင့် စိန်ကုလားတို့သည် သူတို့ရွာ၏ သူရဲကောင်းများပမာ အားလုံး၏ အထင်တကြီးနှင့် အရေးပေးမှုကို ခံနေကြတော့၏။
မေးသူ မြန်းသူ သိချင်သူများအား လက်မလည်အောင် ဖြေနေရ၊ ပြောပြနေရသည်မှာ အာညောင်းလှပြီ။
“နေပါဦး တောကျော်ရ။ လှဆောင် ပြောကတည်းက ဝဲထဲမှာ ဆံပင်ဖားလျားကြီးနဲ့ ထပေါ်တဲ့ အကောင်ဟာ ငါးမန်းဆိုတာ မင်း သိနှင့်ပြီးသားပေါ့”
ဟု ဦးသာကျော်က မေး၏။
“ဟ… ဒါတော့ သေသေချာချာ ငါလည်း ဘယ်သိမလဲကွ”
ဟု ပြောရင်း ဦးရေတစ်ခွက် မော့၏။
“ဟင် … မင်းဟာကလည်း၊ ငါက မင်းကို အထင်ကြီးမိတာ အလကားပဲ”
ဦးသာကျော်က စိတ်ပျက်စွာ ပြော၏။
“ငါ့ကို အထင်မကြီးတာ အရေးမကြီးဘူး။ သမ္ဘာဆိုတာကိုတော့ မင်း အထင်သေးလို့ မရဘူးကွ။ လှဆောင်ပြောတာ ငါနားထောင်ပြီးတော့ ငါ ကြုံခဲ့ဆုံခဲ့ရတဲ့ တံငါလုပ်သက် အနှစ်လေးဆယ်လောက်မှာ ဖြစ်နိုင်ချေတွေ ငါ စဉ်းစားခဲ့ရတယ်။
သူများပြောသလို ရေသူမဆိုတာ မဖြစ်နိုင်ဘူး။ ငါ့ထက် သမ္ဘာရင့်တဲ့ ငါ့ဆရာတွေလည်း ပြောသံမကြားဖူးဘူး။ မမြင်ဖူးဘူး။
နောက်ပြီး ဝဲစောင့်တွေ ဘာတွေလည်း ငါက မယုံဘူးကွ။ သည်တော့ ပိုက်ပြတ်အောင် တိုးနိုင် ဖြတ်နိုင်တဲ့ အကောင်ဟာ ဘာကောင်လဲ။ မင်းလဲ တံငါပဲ … စဉ်စားကြည့်လေ”
အမြည်းတစ်ဖက် ကောက်၍ ဝါး၏။ ပြီးမှ …
“ရေထဲမှာဆိုရင်တို့ မြစ်ဝကျွန်းပေါ် ရေချိုဘက် ပြောတာနော်။ အကြီးဆုံးကောင်က ငါးမြင်းကွာ၊ ငါးတန်ကွာ၊ ငါးရွေးကွာ၊ ဒါလောက်ပဲ ပြောစရာရှိတယ်။ မိချောင်း ပိုက်တိုးတယ်ဆိုတာ ငါတော့ မကြုံဖူးဘူး။ ငါးရွေး ဆိုတာလဲ ရေနက်ပိုင်းမှာမှ ကျက်စားတတ်တာ။ ဖြစ်နိုင်တဲ့ ငါးမြင်းတို့ ငါးတန်တို့ကလည်းတိုးတယ်ထား၊ ပိုက်ပေါက်တယ်ထား။ အနံရှစ်တောင်လောက်ရှိတဲ့ ပိုက်ကို ပြတ်အောင် မကိုက်နိုင်ဘူး၊ မရုန်းနိုင်ဘူးကွ။
လှဆောင်ရဲ့ပိုက်ကိုပါ သွားကြည့်တယ်။ ပေါက်တဲ့နေရာတွေက ပေါက်ပေမယ့် အဓိက ပြတ်ထွက်သွားတဲ့ နေရာတွေမှာ သွားနဲ့ ကိုက်ဖြတ်ထားတာလို့ ငါ့အတွေ့အကြုံအရ ခန့်မှန်းမိတယ်။
နောက်တစ်ချက်က သည်နှစ် မိုးဦးကောင်းတယ်။ ပင်လယ်ဝဘက်မှာ လှိုင်းလေလည်း သိပ်ကြီးတယ်လို့ ဖျာပုံဘက်က ငါနဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ပြောသွားတာ သတိရမိတယ်။
သည်တော့ ငါ တစ်ချက် စဉ်းစားမိတာက ပင်လယ်ဘက်မှာ မိုးလေကြီးပြီး လှိုင်းထန်တော့ မြစ်ဝဘက်ကို ခိုဝင်လာရင်း မျက်စိလည် လမ်းမှားလာတဲ့ ငါးမန်းတစ်ကောင်ကောင်ပဲ ဖြစ်လိမ့်မယ်လို့ မှန်းတာပဲကွ။
ဆံပင်ဖားလျားနဲ့ ဆိုတာကတော့ ပြတ်ထွက်သွားတဲ့ပိုက်က အစအနတွေ ရစ်ပတ်နေတော့ အနေခက်နေတဲ့ ငါးမန်းက ထထအခုန်မှာ မြင်ရတာကို ပြောတာပါ။ ကျန်တာကိုတော့ ဖိုးနီကို မေးကွာ။ ငါ ဇိမ်ပျက်တယ်”
ဟု ပြောလေရာ ဝိုင်းထိုင်နေကြသော လူငယ်များ သဘောကျစွာ ရယ်ကြသည်။
“အေး … မင်းကိုတော့ ငါက လုံးဝ အထင်မကြီးဘူးကွ … မှတ်ထား။ ဒါပေမယ့် မင်းပြောတဲ့ သမ္ဘာကိုတော့ ငါ အထင်လည်းကြီးတယ်၊ လေးလည်း လေးစားတယ်။ ဒါကြောင့် ဟောသည် အရက်ခွက်ကို ငါကိုယ်တိုင် ငှဲ့ပေးပါတယ် ဆရာကိုတောကျော်ရယ်”
ဟု ပြောရင်း ဦးရေတစ်ခွက်ကို ငှဲ့ကာ ရိုရိုသေသေ လက်နှစ်ဖက်ဖြင့် ပေးလေရာ ဘေးနားက လူငယ် တစ်သိုက်က ပွဲကျကာ ရယ်လိုက်သံသည် သရွက်သွတ်မြစ်တကြောတွင် သောသောညံမျှ လွင့်ပျံသွားလေတော့၏။
စာရေးဆရာ မောင်ခြိမ့်ရဲ့ ၂၀၀၆ ခုနှစ် စာပေဗိမာန်ဆုရ ရေမုဆိုးဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော်ပြပါသည်။
– ပြီး –
စာရေးသူ – မောင်ခြိမ့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0
Uncategorized