July 30, 2025
Uncategorized

ဘတပြန် ကျားနှစ်ပြန်

သိန်းဟန်
ဘတပြန် ကျားနှစ်ပြန်

(၁)

ကုလားမတောင်တန်းကြီးသည် ပေါင်မြို့နယ်တွင် တောင်မှ မြောက် အလျားလိုက် စင်းစင်းကြီး လဲ လျောင်းနေလေသည်။

ကမာဘီကျေးရွာ၊ ထန်းပင်ချောင်ကြီးကျေးရွာ စသော အနောက်ဘက်ကွင်း ရွာများမှ ကြည့်လျှင် ကုလားမကြီးတယောက် ပက်လက် လဲလျောင်းနေဟန် ထင်ရလေသည်။

တောမထူလင့်ကစား တောင်အထပ်ထပ်၊ လျှိုအသွယ်သွယ်ကြောင့် ချေ၊ သမင်၊ ဆတ်၊ တောဝက်၊ တောကြောင်၊ တောကြက် စသော တောကောင်များရှိသည်။ ထို့ကြောင့် တောလိုက်မုဆိုးတို့သည် ကုလားမတောင်ကြောတခွင် လှည့်လည်၍ အမဲပစ်လေ့ရှိကြသည်။

လွန်ခဲ့သော နှစ်အတန်ကြာက တောထဲတွင် ကျား တကောင် ကျက်စားသွားလာလျက် ရှိသည်ကို လူ အတော်များများ တွေဖူးလေ့ရှိကြသည်။ တောထဲတွင် သစ်တိုက်သူများ၊ မီးသွေးဖုတ်သူများ၊ ဖာလာခူး သူများ၊ မုဆိုးများသည် ကျားတကောင်နှင့် ဆုံဖူးလေ့ ရှိသော်လည်း ထိုကျားသည် လူများကို အန္တရာယ်မပေးပဲ ကွင်းရှောင်သွားလေ့ ရှိသည်ဆို၏။ လူတော်တော်များများက တောင်ပိုင်ကြီးသည် တိုက်ကျားတကောင်ကို ၎င်း၏ ပိုင်နက်အတွင်း အစောင့်အကြပ်အဖြစ် ထားရှိခဲ့သည်ဟု ယုံကြည်ထားကြလေသည်။

တခါသော် ကျုံကရွာမှ သေနတ်ကိုင် မုဆိုးတဦး သည် တောလည်ပစ်ယင်း ထိုတောထဲတွင် ကျားနှင့်
ပက်ပင်းဆုံသည်ဟူ၏။ ထိုမုဆိုးသည် ထိုကျားကို သေနတ်ဖြင့် ပစ်လိုက်လေသည်။ တချက်၊ နှစ်ချက်၊ သုံးချက်၊ ပစ်သရွေ့ ကျားကို ထိမှန်သည်ချည်းဖြစ်၏။ ထူးဆန်းသည်မှာ သေနတ်ထိမှန်ပြီး ၃-၄ ပတ်လိမ့်သွားသော ကျားသည် မည်သည့်ဒဏ်ရာမျှမရရှိပဲ ခက်ထန်ကြမ်းကြုတ် ကျယ်လောင်စွာ ဟိန်းဟောက်၍ ပျောက်ကွယ်သွားလေသည်။ ဟိန်းဟောက်သံမှာ တတောလုံး ဆူညံသွားသောဟူ၏။

ထိုမုဆိုးသည် အလွန်ပင် ထိတ်လန့်ကြောက်ရွံ့သွား လေသည်။

“ကျားကြီးလာပြီ … ကျားကြီးလာပြီ”

ဟု တလမ်းလုံး သွေးရူးသွေးတန်း အော်ဟစ်၍ အိမ်သို့ပြန်ပြေးလာခဲ့သည်။ တောမှားခဲ့သည်ကို ရိပ်မိသော အိမ်သားများက တောင်ပိုင်ကြီးအား ပသ တောင်းပန်ပေးကြသည်။ သို့သော် တပတ်ခန့်အကြာတွင် ထိုမုဆိုးသည် သေနတ်ပြောင်းကို ပါးစပ်ဖြင့်ငုံ၍ မိမိကိုယ်မိမိ သတ်သေလိုက်လေသည်။ ထိုအခါမှစ၍ ထိုကျား၏ ကျိန်စာနှင့် ပတ်သက်ကာ ဒေသခံတို့၏ ကြောက်ရွံ့မှုမှာ အတိုင်းအဆမရှိ ကြီးထွားသွားလေတော့သည်။

မုတ္တမ-ရန်ကုန် မော်တော်ကားလမ်းကြီးသည် ကုလားမတောင်ခြေရင်းမှ ပေါင်မြို့နယ်ကို ဖြတ်သန်းလျက် တောင်မြောက်စင်းစင်း တည်ရှိသည်။ နတ်ကြီးချောင်ကျေးရွာမှာ ထို ကားလမ်းမပေါ်တွင် တည်ရှိပြီး တောင် အရှေ့ဘက် ဒေသကျေးရွာများသို့ တောင်ကြားလမ်းဖြင့် ဆက်သွယ်ထားလေသည်။

တောင် အရှေ့ဘက် ခြမ်းရှိ အုန်းတပင်၊ အလယ်ရွာ၊ ဆင်ရွာ၊ အီဗစ်၊ ရှမ်းကုန်း၊ ကော့မောင်ဖယ် စသော ကျေးရွာများမှ ခရီးသွားများသည် နတ်ကြီးချောင် တောင်ကြားလမ်းကို အသုံးပြုကြရလေသည်။

တခုသော နေ့လယ်ခင်းတွင် ဖြစ်သည်။ ခရီးသွား တဦးသည် နွားတကောင်ကိုမောင်းနှင်၍ တောင်ကြားလမ်းထဲ ဝင်လာလေသည်။ နတ်ကြီးချောင် လမ်းသည် နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ခရီးသွားလာသူ များပြားစည်ကား၍ နေ့ခင်းပိုင်းတွင် လူသူပြတ်လပ်လေ့ရှိ၏။

နွားတကောင်နှင့် လူတယောက် ပျင်းရိလေးလံစွာ လျှောက်လာကြရာ၌ ထိုသူ၏ကျောတွင် ကြံသကာအိတ် တအိတ်ကိုပါ ထမ်းပိုးထားသည်။ ကြံသကာသည် တောင်အရှေ့ခြမ်း ရွာသားတို့၏ အရက်ချက်ရန် ကုန်ကြမ်းဖြစ်သည်။

အတန်ငယ် တောထူသောနေရာသို့ ရောက်လျှင် ကျားတကောင်နှင့် ပက်ပင်းတွေ့ကြလေသည်။

ထိုသူသည် နွားနှင့်ကျား အကြား ဝင်ရပ်ပြီး မိမိကိုင် ထားသော ဓားမတိုဖြင့် ကျားကို မောင်းထုတ်နေမိ သည်။ ထိုစဉ် သူ့နွားသည် နောက်ကြောင်းလှည့်ပြီး ကဆုန်ချပြေးတော့သည်။ သူလည်း ကျားကို ဓားမနှင့် ပစ်ပေါက်၍ နောက်ကြောင်းလှည့်ပြေးသည်။

ကျားသည် ထိုလူအပေါ်သို့ လွှားကနဲ ခုန်အုပ်လိုက်လေသည်။ သို့သော် ကံကောင်းချင်တော့ ကျား၏သွားများသည် ကြံသကာအိတ်အတွင်းသို့ နစ်ဝင်သွားပြီး ထိုအိတ်ကို ကိုက်ချီ၍ တောထဲပြေးဝင်သွားသည်။

ထိုသတင်းသည် ချက်ချင်းပင် တနယ်လုံး ပျံ့နှံသွားလေတော့သည်။

တောင်အရှေ့ခြမ်းဒေသတွင် ကျွဲများကို မွေးမြူ၍ တောင်ပေါ်တွင် ကျွဲများ လွှတ်ကြောင်းထားလေ့ ရှိကြ၏။

တောထဲတွင် သစ်တိုက်သည်။ မီးသွေးဖုတ်သည်။ ဖာလာစေ့ ခူးသည်။ ကြက်ပေါင်သီးခူးသည်။ ခဲမဖြူသတ္တုတူးသည်။

တောင်ခြေတွင် ရာဘာခြံများ၊ ဒညင်းခြံများ၊ ပိန္နဲခြံများ ထူထောင်ထားကြသည်။

တပေါင်း တန်ခူး ရာသီများတွင် တောင်အနောက်ခြမ်း ကျေးရွာများမှ လယ်သမားတို့၏ လှည်း ရာပေါင်းများစွာတို့သည် တောင်ကြားသို့ဝင်ပြီး ရွာများတွင် တည်းခို၍ ထင်းများ ခုတ်လေ့ရှိ၏။

တောင်ကြားလမ်းထဲတွင် လူကို ကျားလိုက်သောသတင်း ပေါ်လာသောအခါ လုပ်ငန်းအသီးသီးသည် လုံခြုံမှုမရှိတော့ချေ။ ပိုဆိုးသည်မှာ ထိုကျားသည် ရိုးရိုး ကျားမဟုတ်။ တောင်ပိုင်ကြီးက စိတ်ဆိုးပြီး ဘေးအန္တရာယ်ပြုရန် စေလွှတ်လိုက်သော ကျားဖြစ်သည်ဟု ကြောက်ရွံ့စွာ ယုံကြည်နေမှုပင် ဖြစ်သည်။

ထိုကျားသည် မကြာမီပင် နွားများကို ဝင်ဆွဲသော နွားဆွဲ ကျားရဲတကောင်အဖြစ် သတင်းပြန့်ထွက်လာတော့သည်။

(၂)

အုန်းတပင်ကျေးရွာတွင် လက်နက်ကိုင် ပြည်သူ့စစ် အဖွဲ့ ရှိ၏။ ပြည်သူ့စစ်ခေါင်းဆောင်မှာ အောင်ထူး ဖြစ်သည်။ အောင်ထူးသည် အုန်းတပင်ရွာသူနှင့် အကြောင်းပါခဲ့လေသည်။ တပ်မတော်သားဘဝဖြင့် တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူသော အခါ ဇနီးသည်၏ အုန်းတပင်ရွာ၌ အခြေချ နေထိုင် လေသည်။ ထိုအခါ ကျေးရွာတွင် ပြည်သူ့စစ်များ ဖွဲ့စည်းရန် ဖြစ်ပေါ် လာသောအခါ စစ်သားဟောင်းကြီးဖြစ်သူ အောင်ထူးသည် ပြည်သူ့စစ်ခေါင်းဆောင် တာဝန်ကို ယူလိုက်လေသည်။

ကျားဆိုးသတင်း ပျံ့နှံလာသောအခါ အုန်းတပင်၊ အီဗျင်၊ ဆင်ရွာ၊ ရှမ်းကုန်း စသော ကျေးရွာများမှ ပါတီကောင်စီများ ဆုံညှိနှိုင်း၍ ကျားသောင်းကျန်းကို နှိမ်နင်းရန် စီမံချက် ချကြလေသည်။ ကျားသောင်းကျန်းကို ဦးဆောင်နှိမ်နင်းပေးရမည့်သူမှာလည်း ရဲဘော်အောင်ထူးပင် ဖြစ်သည်။

အောင်ထူးမှာ အသက် ၃၅-နှစ် ပတ်ဝန်းကျင် လူ လတ်ပိုင်းအရွယ် ဖြစ်သည်။ ပဲခူးနယ်သား ဖြစ်သည်။ တိုက်ပွဲအတွေအကြုံများပြီး မုဆိုးအတွေ့အကြုံ ရှိသည်။

(၃)

ရှမ်းကုန်းကျေးရွာမှ ကျွဲ ကျောင်းသားတစုသည် တောင်ခြေတောစပ်တနေရာတွင် ကျွဲကျောင်းနေကြ သည်။ ထိုကျွဲကျောင်းသားများထဲမှ ဖိုးနီဆိုသော ၁၂- နှစ်သားအရွယ် ကလေးတယောက်ကို ကျားသည် အတင့်ရဲစွာ ဝင်ဆွဲသွားတော့သည်။ ပွဲဦးထွက် လူသားစားခြင်း ဖြစ်သည်။

ကျွဲများ ကစဉ့်ကလျား ဖြစ်ကုန်သည်။ တရွာလုံးဆူပူ သွားတော့သည်။

သတင်းကြားကြားချင်း အောင်ထူးတို့အဖွဲ့သည် ကျေးရွာပြည်သူ့ကောင်စီ ဥက္ကဋ္ဌနှင့်အတူ အခင်းဖြစ်ရာနေရာသို့ ရောက်လာခဲ့သည်။ အောင်ထူးတို့ရောက်သွားပြီး ရှမ်းကုန်းဥက္ကဋ္ဌအိမ်တွင် သတင်းနားထောင်နေစဉ် တောထဲ၌ အလောင်းရှာသွားသူများ ပြန်ရောက်လာကြသည်။ သတင်းမှာ မကောင်းလှချေ။

ကျားဆိုးသည် လူတကိုယ်လုံးသာမက အဝတ်အစား များပါ စားသွားသည်ထင်ကြောင်း ပြောပြလေသည်။

ကလေးအမေမှာ မုဆိုးမတဦးဖြစ်ပြီး သားအတွက် ရူးမတတ် ခံစားနေရရှာသည်။

ကျားဆွဲသွားသောနေရာကို လိုက်ကြည့်ကြသည်။ ကျွဲကျောင်းသားနှင့် လူအုပ်ကြီးသည် အခင်းဖြစ်ပွားရာသို့ လိုက်ပြကြသည်။ တောင်ခြေလွင်ပြင်တနေရာတွင် ဖြစ်သည်။ လွင်ပြင်တွင် မြက်ရိုင်းများ ပေါက်လျက်ရှိပြီး အိုးဖုတ်ချုံများ၊ ပဲ့ပြားချုံများ၊ သပြေ ချဉ်ချုံများ၊ ဟိုတချုံ့ သည်တချုံ ပြန့်ကျဲနေသည်။

တောင်ခြေတွင်မူ ဝါးတောကြီးများ၊ ထူထပ်သိပ်သည်းသော ချုံဖုတ်များ၊ သစ်ပင်ကြီးများ ပေါက်လျက်ရှိသည်။

“ဒီကျားဆိုးကို ကျွန်တော် ရအောင် ပစ်မယ်ဗျာ”

အောင်ထူးက ရှမ်းကုန်းဥက္ကဋ္ဌအား ကတိပေးသည်။ သို့သော် လူအများကို ကြည့်ရသည်မှာ ကျားကိုကြောက်ရွံ့နေပုံရ၏။ အောင်ထူးကို ကြောင်စီစီကြည့်နေကြပါသည်။

ရှမ်းကုန်းဥက္ကဋ္ဌနှင့် ညှိနှိုင်းပြီး တောထဲသို့ဝင်ရန် စီစဉ်လေသည်။ အောင်ထူးနှင့်အတူ စောဘိုးရင်ဆို သော ကရင်လူငယ်တဦးလည်း လိုက်မည်ဖြစ် သည်။ စောဘိုးရင်မှာ တိုက်ပွဲဝင် အတွေ့အကြုံရှိသော လူငယ် ပြည်သူ့စစ်တဦး ဖြစ်သည်။ သတ္တိကောင်း၍ ရဲရင့်ဖျတ်လတ်လေသည်။

အလောင်းရှာသွားစဉ်က ပါသွားသော လူများကိုပါ ခေါ်ပြီး အောင်ထူးသည် စောဘိုးရင်နှင့်အတူ တောထဲသို့ ဝင်ခဲ့ကြလေသည်။

ချုံဖုတ်များ၊ ဝါးရုံများကို ဖြတ်သန်းပြီး ဂိုက်လေးရာ ခန့် လျှောက်မိသောအခါ အတန်အသင့် ကျယ်သော ကွက်လပ်တခုသို့ ရောက်လာကြ၏။ ကွက်လပ်၏ အလွန်တွင် ချောက်ကမ်းပါးတခု ရှိသည်။ အလောင်းအစအနများကို ချောက်ထဲတွင် တွေ့ရကြောင်း ပြောပြကြလေသည်။ အောင်ထူးသည် ထိုသူတို့အား ထားရစ်ခဲ့ပြီး ချောက်အတွင်းသို့ သတိဖြင့် ဆင်းသက်ခဲ့လေသည်။

ချောက်ထဲတွင် မြက်ရိုင်းများ တောထလျက်ရှိသည်။ မြက်ရိုင်းလွင်ပြင်တွင် သွေးစသွေးနများ ပေကျံလျက်ရှိသော စွက်ကြောင်းကို တွေ့ရသည်။ တနေရာတွင် အလောင်းကိုချ၍ တစမကျန် စားပစ်သွားပုံရ၏။

ပတ်ဝန်းကျင်ကို လေ့လာမိသည်။ တဘက်တွင် ပေ ၅၀-ခန့် ငေါထွက်နေသော ကျောက်စွန်းရှိပြီး အခြားတဘက်တွင် ကုန်းရိုးတန်းတခုသည် ပေတရာခန့်ရှည်ပြီး ဆယ်ဂိုက်ခန့် ကျယ်ပြောသည်။

ကုန်းတွင်းသို့ ခြေသံလုံလုံဖြင့် တိုးဝင်ခဲ့သည်။ ကုန်းတန်းတကြောတွင် နတ်မြားပင်များ၊ ချုံပင်များ၊ မြရာပင်များ ဟိုတစု သည်တစု ရှိ၏။

နားကိုစွင့် မျက်စိကိုဖွင့်၍ ခြေသံလုံလုံဖြင့် တိုးဝင်ခဲ့သည်။ နာရီတိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်း အရေးကြီး လေသည်။

လူစားကျားသည် အစာကို ဝနင့်အောင်စားပြီး အဝေးကြီး ထွက်ခွာသွားလိမ့်မည်မဟုတ်။ အနီးတဝိုက်တွင် နားနေအိပ်စက်နေပေလိမ့်မည်။

မွန်းတည့် နေသည် ကျဲကျဲကြီးပူနေလေသည်။

ဟော တွေပါပြီ။ လူစားကျားကြီးသည် မြက်ခင်းပြင် တနေရာ မြရာချုံတခုအောက်တွင် အပူအပင်ကင်းမဲ့ စွာ လဲလျောင်းနေလေသည်။ ခပ်လှမ်းလှမ်းတွင် ဖြစ် သည်။

ကျားအနေအထားမှာ ပစ်ခတ်ရန် အနည်းငယ် အခက်အခဲရှိသည်။ ပို၍တိုးကပ်သွားပြီး ပစ်ကွင်းကောင်းကောင်း ထပ်ရှာဦးမည်ဆိုပါက လဲလျောင်းနေသော ကျားကြီး သိသွားနိုင်သည်။ ထိုစိုးရိမ်စိတ်က ကာဆီးထားလေသည်။

ထိုဟင်းစားကြီးကို ထိုမျှ လွယ်ကူစွာ ဆိုက်ဆိုက်မြိုက်မြိုက် ရှာတွေ့သည်ကိုပင် အံ့ဩဝမ်းသာရလေသည်။

သို့သော် လဲလျောင်းနေသော ကျား၏ အနေအထားမှာ ပစ်ကွင်းမကောင်းလှချေ။ အသံ မမည်စေပဲ ဒူးထောက်ထိုင်ချလိုက်သည်။ သေနတ်ကို ဟင်းစားကောင်ကြီးဆီသို့ ချိန်ရွယ်လိုက်သည်။ ချိန်ခွက်ကို သေကွင်းနေရာကောင်းကောင်းသို့ ရှာဖွေနေသည်။

နှလုံးရှိရာသို့ ပစ်ထည့်ရန်မှာ ကျားက ကျောပေးထား၍ ခက်နေသည်။ နောက်ဆုံး ကျောရိုးရှိရာသို့ ချိန်ပြီး ခါးပစ်ချိုးရန် ဆုံးဖြတ်လိုက်သည်။

ထိုစဉ် လဲလျောင်းနေသော ဟင်းစားကြီးသည် လူးလွန့်လှုပ်ရှားပြီး ခေါင်းထောင်ထလာသည်။ အောင်ထူးရင်ထဲတွင် ထိတ်ကနဲ ဖြစ်သွားပြီး နတ်မြားချုံနောက်သို ကွယ်လိုက်၏။

သို့သော် ကျား၏ လှုပ်ရှားမှုမှာ သံသယစိတ်ဖြင့် လှုပ်ရှားဟန်မတူပဲ လဲလျောင်းရာမှ ထရပ်ကာ ခန့်ညားစွာ လမ်းသလားနေခြင်း ဖြစ်သည်။ လမ်းလျှောက်ပုံမှာ ချောက်နှုတ်ခမ်းဘေးတွင် အလျားလိုက် လျှောက်နေသောကြောင့် အောင်ထူးအတွက် ပစ်ကွင်းကောင်းလျက်ရှိသည်။ ဘေးတိုက်အနေအထားရှိသောကျား၏ နှလုံးအိမ်ကို ချိန်၍ သေနတ်ခလုတ်ကို ဆွဲဖြုတ်လိုက်တော့သည်။

“ဒိုင်း”

သေနတ်သံသည် တတောလုံး ပဲ့တင်ထပ်သွားလေသည်။

ကျားမှာ “ဝေါင်း” ကနဲ တချက်သာ အော်နိုင်ပြီး ချောက်အတွင်းသို့ ဝုန်းကနဲ လဲပြိုကျဆင်းသွားသည်။

အောင်ထူးသည် ချောက်နှုတ်ခမ်းသို့ တရှိန်တိုး ပြေး လာ၏။ သေနတ်မှန်ပြီး လိမ့်ကျသွားသော ကျားသေ ကောင်ကို ငုံ့ကြည့်၏။ သေနတ်မှန်သော ကျားမှာ အောက်ခြေအထိ ကျမသွားပဲ ချောက်နှုတ်ခမ်းဘေးတွင် တွယ်ကပ်ပေါက်နေသော အပင်ငယ်တပင်၏ အကိုင်းကြားတွင် ကန့်လန့်ငြိတင်နေသည်။ လှုပ်ရှားခြင်းကား မရှိတော့ပါ။

သေနတ်ဖြင့် ၃-၄-ချက် ထပ်ဆင့်ပြီး ပစ်ထည့်ရန် စဉ်းစားသေးသော်လည်း မပစ်ပဲ ခဲလုံးဖြင့်သာ ထိမှန်အောင် သုံးချက်တိတိ ပစ်ထည့်ကြည့်၏။ ကျားကား လှုပ်ရှားခြင်း မရှိတော့ပေ။

ချောက်နှုတ်ခမ်းတွင် ထိုင်ချလိုက်ပြီး ဆေးပေါ့လိပ် တိုကို မီးညှိ၍ ထိုင်သောက်နေမိသည်။ ကျားသေကို မိမိတဦးတည်း ယူတင်ရန် မဖြစ်နိုင်သဖြင့် စောဘိုးရင်တို့ လူစုကို ထိုင်စောင့်နေမိခြင်းဖြစ်သည်။

“ဆရာအောင်ထူး … ဆရာအောင်ထူး”

တောတိုးသံနှင့်အတူ စောဘိုးရှင်၏ ခေါ်သံကြားရ၏။

“ဟေး ငါဒီမှာကွ။ ကျားကြီးကတော့ တချက်ထဲ ငြိမ်သွားတာပဲ”

အောင်မြင်မှု ယစ်မူးသံဖြင့် သေနတ်မြှောက်ပြီး အော်ပြောလိုက်သည်။

စောဘိုးရင်နှင့် ရွာသား သုံးလေးဦး ရောက်လာ သည်။

“သေနတ်သံတချက်ပဲကြားပြီး တိတ်သွားလို စိတ်ပူ ပြီး လိုက်ခဲ့တာပဲ။ ဘယ်မလဲ ဒီကောင်ကြီး။ အထီးလား … အမလား”

“ချောက်ထဲမှာလေကွာ”

“ဟာ ကန့်လန့်ကြီး တင်နေတာပဲ၊ ကြည့်စမ်း … နဲတဲ့ အကောင်ကြီး မဟုတ်ဘူး”

ဟုတ်ပါသည်။ မြရာပင်တွင် ကန့်လန့်တင်နေသော ကျားကြီး၏ ဦးခေါင်းမှာ အောက်သို့လျှော၍ နေလေ သည်။ သွေးစက်များသည် ဦးခေါင်းဘက်သို့ ယိုဆင်းပြီး သွေးများ တစက်စက် စီးကျနေလေသည်။ ကြည့်နေယင်းပင် ဦးခေါင်းဘက်သို့ တအိအိလျှောပြီး အခြေသို့ ဝုန်းကနဲ ပြုတ်ကျသွားတော့သည်။ သစ်ပင်၏ အကိုင်းအလက်များ ကျိုးပဲ့သံနှင့်အတူ ဟင်းစားကောင်ကြီးမှာ မြေပြင်သို့ ကျဆင်းသွားလေပြီ။

စောဘိုးရင်နှင့် ရွာသားများသည် ကျားသေရှိရာသို့ ဝမ်းသာအားရ ဆင်းသွားကြသည်။ ပေ ၅၀-ခန့်သာ ခက်ခက်ခဲခဲ ဆင်းရသေး၏။ စောဘိုးရင်၏ အလန့် တကြားအော်သံ ကြားလိုက်ရလေသည်။

“ဟာ ဆရာ … ဆရာ၊ ကျားသေကြီး ထပြေးသွားပြီ”

သူ့အသံမှာ ချောက်ချားတုန်လှုပ်လျက် ရှိသည်။

အောင်ထူးသည် သေနတ်ကို အောက်သို့ ထိုးချိန်လိုက်၏။ လူလည်း အတော်ပင် ထူပူသွားလေသည်။

“ဒီဘက်မဟုတ်ဘူး၊ ဟိုဘက်ကို … ဟိုဘက်ကို”

သူညွှန်ပြရာသို့ ကြည့်လိုက်ရာ ပထမ ဘာမျှ မမြင်ရ ချေ။ ထို့နောက် လှုပ်ရှားနေသော ချုံအတွင်းမှ တောင်ကြောပေါ်သို ဓားလွယ်ခုတ် ပြေးတက်သွားသော ကျားတကောင်ကို လှမ်းတွေလိုက်ရသည်။

တခါသွားလျှင် သုံး လေးလှမ်းဖြင့် ထော့ကျိုး ထော့ကျိုး ပြေးနေလေသည်။ ၎င်း၏ ယာဘက်လက်ပြင်တွင် သွေးကွက်ကြီး စွန်းထင်းနေသည်။

ကျားမှာ ဂိုက်လေးရာခန့် ထောင့်မြင့်အနေအထား တွင်ရှိ၏။ ချိန်ခွက်ကို အပြည့်တင်လိုက်သည်။ ထော့ကျိုး ထော့ကျိုး ပြေးနေသော ကျားအား ပစ်ကွင်းမိသည်နှင့် သေနတ်မောင်း ဆွဲညှစ်လိုက်၏။

မြေကြီးများ ဖွာကနဲဖြစ်သွားပြီး ကျားမှာ ရှေ့သို့ ထိုးဆိုက်ကျသွားသည်။ သို့သော် ပြန်ထူပြီး ထော့ကျိုး ထော့ကျိုး ပြေးနေပြန်သည်။ နောက်ထပ် နှစ်ချက် ထပ်ဆင့်ပြီး ပစ်ထည့်လိုက်သည်။ တချက်မှ မထိတော့ပေ။ ကျားသည် ချုံကွယ်တခုအတွင်းသို့ ပြေးဝင်ပျောက်ကွယ်သွားတော့သည်။

အောင်ထူးမှာ ရုတ်တရက် ဘာလုပ်ရမည်မသိ ဖြစ် သွားသည်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကျားနောက်သို့ ပြေးလိုက်သွားမိလေသည်။ သွေးစက်များသည် ကျားရွေ့လျားရာတလျှောက် ထင်ကျန်နေသည်။ မိမိ တချက် လှမ်းပစ်ထည့်လိုက်စဉ်က ယိမ်းထိုးကျသွားသော နေရာတွင် ကျားမွေးအချို့ ပြတ်ကျန်ရစ်ခဲ့သည်။ ရှပ်၍ ထိမှန်သွားပုံရ၏။

တောင်ကြောအလွန်ရှိ မြက်ပင်များအကြား ရောက်သောအခါ သွေးစက်ကြောင်းသည် မျက်ခြည် ပြတ်သွားလေသည်။

ပတ်ဝန်းကျင်တွင် ချုံများထူထပ်လျက်ရှိပြီး တောင် ကမ်းပါးယံတခုသည် ပေ ၄၀၀-ခန့် စွင့်စွင့်မြင့်တက် လျက်ရှိသည်။ ကျားနာသည် ဤပတ်ဝန်းကျင်တနေရာရာတွင် ဧကန် ခိုအောင်းလျက် ရှိပါမည်။

နေလုံးကွယ်မတတ် ရှိနေပြီ။ အလင်းရောင်အားနည်း လွန်းပေပြီ။ ဝမ်းထဲတွင် ဆာလောင်မှုဖြင့် တကြုတ်ကြုတ်မည်လျက် ရှိသည်။

လွတ်ထွက်သွားသော ကျားကြီးအတွက် မချင့်မရဲ ဖြစ်ရလေသည်။ ချောက်ထဲတွင် ငြိတင်နေစဉ်က သုံးလေးချက်ဆင့်ပြီး ပစ်ထည့်မိလျှင် အကောင်းသားဟု နောင်တရမိလေသည်။ မတတ်သာသည်နှင့် ရွာသို့ ပြန်ခဲ့ရပါတော့သည်။

(၄)

ကျား၏ သတင်းသည် တနယ်လုံး ကျော်ကြားသွားတော့သည်။ သေနတ်ထိမှန်၍ သေဆုံးသွားသည်မှာ သေချာပါလျက် အသက်ပြန်ဝင်ပြီး ထပြေးသွား သည်မှာ စဉ်းစားကြည့်လျှင် ကျောချမ်းလုမတတ်ပင်။ သို့သော် ဒဏ်ရာရထားသော ကျားနာသည် ဒဏ် ရာဖြင့် သေဆုံးသွားလျှင် ကိစ္စမရှိ။ အင်္ဂါချွတ်ယွင်း လျက် အသက်ရှင်နေပါမူ ရွာနားချဉ်းကပ်၍ ဒုက္ခလှလှ ပေးတော့မည်မုချ။

ကျားသည် သေနတ်မှန်ခဲ့သည်မှာ အသေအချာ ဖြစ်၏။ သို့သော် သေကွင်းမထိ၍ မသေခြင်းဖြစ်မည်ဟု သဘောထားလိုက်၏။

ချုံတောထဲတွင် ကျားနာမှာအမှန်ပင် ရှိနေမည်။
ခက်သည်က ကျားကို ချုံတောထဲမှ ခြောက်ထုတ် ရန် လူစု၍ မရပဲ ဖြစ်နေ၏။ ကျား၏ ကျိန်စာကို ကြောက်နေကြသည်။

အောင်ထူးစိတ်ရှည်စွာ ပြောပြပါသည်။ ကျားမှာ ရိုးရိုးကျားသာဖြစ်ပြီး သေကွင်းမထိ၍ မသေခြင်းဖြစ်ကြောင်း၊ ကျားနာသည် ပို၍ပင် အန္တရာယ်ပေးနိုင်ကြောင်း၊ ချုံတောထဲတွင် ကျားနာမှာ အမှန်ပင်ရှိပြီး ခြောက်လှန့် မောင်းထုတ်ရမည်ဖြစ်ကြောင်း၊ ထိုကျားနာကို အပြီးအပြတ် စာရင်းမရှင်းလျှင် အန္တရာယ်ပိုကြီးလာမည်ဖြစ်ကြောင်း၊ ထိုကျားနာကို မိမိတဦးတည်း လူစွမ်းကောင်းလုပ်၍ နှိမ်နင်းရန် မဖြစ်နိုင် ကြောင်း၊ ကျေးရွာသားများကပါ ဝိုင်းဝန်းစုပေါင်း ကူညီရန် လိုအပ်ကြောင်း ရှင်းပြရပါသည်။

နောက်ဆုံးတွင် ကျေးရွာပြည်သူ့ကောင်စီ၏ အမိန့် ဖြင့် လူစုပြီး လူ ၁၅-ယောက်ခန့် ရွေးလိုက်သည်။ သို့သော် အချိန်တရက်မှာ အလဟဿ ကုန်ဆုံးသွား ပြီ ဖြစ်၏။

(၅)

နောက်တနေ့စောစောတွင် တောခြောက်ကြလေ သည်။ ချုံထဲမှ ချေတကောင်နှင့် ဆတ်တကောင် ပြေးထွက်လာသည်မှအပ ကျားနာ၏ အရိပ်အရောင်ကို မတွေ့ရချေ။

“ကဲ စောဘိုးရင် … ကျားနာတော့ အထဲမှာ မရှိတော့ဘူး။ လစ်ထွက်သွားပြီနဲ့ တူတယ်။ ကျွန်တော် လိုက်သွားမယ်။ ခင်ဗျားက တောခြောက်တဲ့လူတွေဆီ လိုက်သွားပြီး စခန်းက စောင့်နေကြ။ ကျွန်တော် အန္တရာယ်တခုခုကြုံယင်၊ ထူးခြားယင် သေနတ်သုံးချက် ဖောက်ပြီး အချက်ပေးမယ်၊သေနတ်သံကြားရာ လိုက်ခဲ့ကြ”

ပြောပြောဆိုဆိုပင် ချုံတောထဲသို့ မျက်စိရှင်ရှင်ထားပြီး ဝင်လာခဲ့သည်။ ကျားနာသည် သာမန် ကျားတကောင်ထက်ပင် ကောက်ကျစ် စဉ်းလဲစွာ အန္တရာယ် ပေးတတ်သည်ကို သတိထားရပေမည်။ ချုံတောထဲတွင် ကျားနာ၏ သဲလွန်စများ လုံးဝ ရှာမတွေ့ချေ။

ကျားနာသည် ချုံတောထဲမှ လစ်ထွက်သွားသည်မှာ သေချာသည်။ ကျယ်ဝန်းသော တောတောင်ထဲတွင် ဘယ်ကို ဦးတည်သွားသည်ဆိုသည်ကား မှန်းဆ ရခက်သည်။

တခုတော့ရှိသည်။ ဒဏ်ရာရထားသော ကျားနာသည် ဘယ်နည်းနှင့်မျှ တောင်အမြင့်ပိုင်းသို့ ကြိုးစား ပမ်းစား တက်သွားရန် အကြောင်းမရှိပေ။ ပြေလျှောသော၊ ပြေပြစ်သော အနေအထားတလျှောက်သို့သာ ထွက်သွားရန် ရှိသည်။

ချုံတော၏ အလွန်တွင် ပြေလျှောသော တောင် ကြောရှိသည်။ တိရစ္ဆာန်များ သွားထားသော ခြေရာ လမ်းကြောင်းတခုကိုပါ တွေ့သည်။ခြေရာလမ်းကြောင်းတွင် ဆိတ်ခြေရာ၊ ချေခြေရာ၊ တောဝက်ခြေရာများကို ရှာတွေ့သည်။ ထိုလမ်းကြောင်းအတိုင်း လိုက်ခဲ့သည်။

လက်ဝဲဘက်တွင် မြက်ရှည်ပင်များ ထူထပ်လျက်ရှိပြီး လက်ယာဘက်တွင် ကမ်းပါးယံတခု ရှိသည်။

တမိုင်မျှ လျှောက်လာမိသောအခါ ကျားခြေရာကို စတင်ကောက်မိသည်။ ကျားသည် ထိုလမ်းကြောင်း အတိုင်း လျှောက်လာသည်မဟုတ်ပဲ တနေရာရာမှ ထွက်လာပြီး ဤလမ်းကြောင်းသို့ ရောက်လာဟန်ရှိ၏။

သွေးစက်အချို့ကို တွေ့ရသဖြင့် ထိုအကောင်မှာ အောင်ထူး၏ မိတ်ဆွေဟောင်းကြီး ဖြစ်သည်မှာ သေချာပါ၏။

မိုင်ဝက်ခန့် ဆက်လျှောက်လာသောအခါ လမ်း ကြောင်းမှာ လွန်စွာ ကျဉ်းမြောင်းသွားလေသည်။ တဘက်တွင် မက်စောက်သော ကမ်းပါးယံရှိပြီး တဘက်တွင် မတ်စောက်သော ချောက်တခုရှိ၏။ချောက်ထဲတွင် ချုံပင်များ၊ ဝါးပင်ပုပျပ်ပျပ်များ၊ နတ်မြားပင်များ ပေါက်လျက်ရှိသည်။

ကျားနာသည် ရှေ့သို့ ဆက်မသွားတော့ပဲ ချောက်ထဲသို့ ကုတ်တွယ်ဆင်းရန် ကြိုးစားစဉ် ချောက်ထဲသို့ လိမ့်ကျသွားပုံရ၏။ ကုတ်တွယ်ခြစ်ထားသော ခြေရာလက်ရာများ ရှုပ်ထွေးလျက် ရှိ၏။

အောင်ထူးသည် ချောက်ထဲသို့ ခက်ခက်ခဲခဲ တွယ် ဆင်းလာခဲ့၏။

ကျားနာသည် ကံကောင်းထောက်မစွာပင် သဲမြေပွပွရှိရာသို့ တလိမ့်ခေါက်ကွေး ကျခဲ့ပုံရ။ ကျရောက်ခဲ့သော နေရာတွင် ဝေဒနာကို ပြင်းထန်စွာ ခံစားယင်း အတော်ကြာ နားနေသွားခဲ့ဟန် ရှိသည်။ ထို့နောက် ဒယိမ်းဒယိုင်ထသွားကြောင်း သွေးစက်နှင့် ခြေရာများက သက်သေခံလျက် ရှိ၏။

ခြေရာအတိုင်း လိုက်ခဲ့သည်။ တနေရာတွင် အတန် ငယ်မြင့်သော ကုန်းတန်းလေးတခု ခံလျက်ရှိသည်။ ကျားနာသည် ထိုကုန်းတန်းကိုကျော်တက်ရန် ကြိုးစားသေးပုံ ရသည်။ အစာမစားရပဲ ဒဏ်ရာကြောင့် အားနည်းလျက် ရှိသဖြင့် မကျော်တက်နိုင်ဟန် ရှိသည်။

ထို့နောက်မှ ချုံတောထဲသို့ တိုးဝင်ခဲ့ဟန် တူပေသည်။ သည်အတိုင်းဆိုလျှင် ထူထပ်သော ချုံတောတနေရာရာတွင် လဲလျောင်းနားနေမည် မုချဖြစ်သည်။

အောင်ထူးအဖို့ ပိုပြီး သတိထားရသည်။ ကျားနာ သည် မိမိနှင့် မလှမ်းမကမ်း တနေရာရာတွင် ပုန်းအောင်းလျက်ရှိသည်မှာ သေချာသည်။

ရန်သူသည် လက်တကမ်းအကွာတွင် ရှိသည်။ ရင်ထဲတွင် တဒိတ်ဒိတ်ခုန်နေသည်။

ထိုစဉ် ကောင်းကင်တွင် မိုးရိပ်တက်လာပြီး ဝေါကနဲ မိုးရွာချလိုက်လေသည်။ တကိုယ်လုံး ရွှဲနစ်အောင် စိုကုန်သည်။ ပိုဆိုးသည်မှာ ခြေရာခံထားသော သွေး စက်များမှာ မိုးရေကြောင့် ပျောက်ကုန်သည်။

ကျားခြေရာများကိုလည်း မိုးရေကြောင့် ရှာမတွေ့နိုင်တော့ချေ။

မိုးစဲဟန်မရှိ၊ သည်းသည်းရွာဆဲ။

စိတ်ပျက်စွာဖြင့် စခန်းသို့ ပြန်လာခဲ့ရ၏။

နောက်တနေ့တွင် ထိုနေရာသို့ လူအုပ်ပါ ခေါ်လာပြီး တောခြောက်၍ ရှာကြပြန်သည်။

ကျားနာ ထွက်ခွာသွားပြီဖြစ်သော ခြေရာများကို တွေ့ရ၏။ ဒဏ်ရာမှာ သွေးတိတ်သွားဟန် ရှိ၏။ သွေးစက်များ မတွေ့မိတော့ချေ။

ဒဏ်ရာရထားသော ကျားနာနောက်သို့ လိုက်ရသည်မှာ အသက်အန္တရာယ် များလှသည်။ ၃-ရက်ခန့် ဆက်လက် ရှာဖွေသော်လည်း သဲလွန်စများ မတွေ့တော့ပဲ ထူးဆန်းစွာ ပျောက်နေသည်။ မကျေမနပ်ဖြင့်ပင် လှည့်ပြန်ခဲ့ရ ပြန်တော့သည်။

(6)

ကျားဆိုးသတင်းသည် ရက်အတန်ကြာအောင် ပျောက်နေသည်။ ဘာမျှ မကြားရတော့ချေ။

ရက်မှသည် လ ကူးလာပြန်သည်။ ကျားဆိုး အန္တရာယ်နှင့် ပတ်သက်ပြီး ကြောက်ရွံ့မှုမှာ မသိမသာပင် လျော့ပါး သွားလေသည်။

သို့သော် လူတွေ မေ့လောက်ရှိမှ ကော့မောင်ဖယ်ရွာမှ နွားပေါက်လေးတကောင်ကို ကျားဆွဲသော သတင်း ထွက်လာသည်။ နွားပေါက်ကလေးကို ကျားဆိုးသည် တောထဲ ကိုက်ချီသွားသည် ဆို၏။

အောင်ထူးနှင့် စောဘိုးရင်တို့သည် အခင်းဖြစ်ပွားရာ နေရာသို့ ချက်ချင်း ရောက်လာခဲ့သည်။ တောစပ် တနေရာ၌ နွားများ အစာစားနေကြစဉ် နွားပေါက် ကလေးကို ကျားက ဝင်ရောက်ကိုက်ချီသွားခြင်း ဖြစ်၏။

ရွာထဲရှိ ယောက်ျား ဆယ်ယောက်ခန့်စုပြီး နွားသေ ကို ရှာကြသည်။

ကျားသည် တောအတွင်းပိုင်းခရီး အတော်ဝေးဝေးထိပင် တပင်တပန်း ဆွဲချီသွားသည်။ ရွာနှင့် အတော်လှမ်း၍ လူနှင့်ဝေးရာ နေရာရောက်မှ နွားသေကို စားသည်။ တင်ပါးနှင့် ပေါင်သားများကို ဖဲ့ စားထား၏။ အစာစားပြီးနောက် လုံခြုံရာ တနေရာ ရာတွင် အိပ်နေဟန်ရှိသည်။

နွားသေကလေးရှိရာ မလှမ်းမကမ်းရှိ အပင်ကြီးတပင်တွင် အကိုင်းအချို့ကို ချိုင်ချပြီး လင့်စင်တခု ဆောက်သည်။ လင့်စင်ထိုးယင်း အချိန်မှာ မွန်းတိမ်း သွားသည်။ အောင်ထူးက စောဘိုးရင်နှင့် ရွာသားများအား မလှမ်းမကမ်းရှိ တောင်ယာထဲတွင် ညအိပ်ရန် မှာကြားပြီး ပြန်လွှတ်လိုက်သည်။ မိမိကမူ ထိုညတွင် ကျားကို ထိုနေရာမှ စောင့်ပစ်မည် ဖြစ်သည်။

နွားသေ၏ ယာဘက် ဂိုက်အနည်းငယ်အကွာတွင် ကိုင်းညွှတ်နေသော မြရာပင်တပင် ရှိသည်။ အရွက်များ သိပ်သည်းပြီး အကိုင်းများ ပျဉ်းတွဲမာကျောသည်။

အောင်ထူးသည် မြရာပင်ပေါ်သို့ တက်ပြီး တနေရာတွင် ခြေတွဲလောင်းချ ခွထိုင်လိုက်သည်။ သိပ်သည်းသော မြရာရွက်များကြောင့် လုံခြုံသည်။ နွားသေရှိရာတဝိုက်ကိုမူ မိမိနေရာမှ ကောင်းစွာ တွေ့နေရသည်။ မိမိနေရာမှ သေနတ်ပစ်ရန် ချိန်ကွင်း အလွန်ကောင်းသည်။

နေလုံး ကွယ်ပြီးနောက် တဖြည်းဖြည်း မှောင်လာ သည်။ မကြာမီ လ ထွက်လာပြီး လရောင်အောက်တွင် နွားသေကောင်ကို ကောင်းစွာ တွေ့ရသည်။ ရွာသားများက နွားသေကောင်ကို သနပ်ခါးလူးပြီး ပန်းပန်ထားပေးထားသည်။

လမှာ တဖြည်းဖြည်း မြင့်ဘက်လာသည်နှင့်အမျှ တကိုယ်လုံးမှာလည်း ခြင်ကိုက်ထားသဖြင့် ထူပူလျက်ရှိသည်။

ည ၁၀-နာရီခန့်တွင် ဟင်းစားကောင်ကြီးသည် အောင်ထူး ထိုင်နေသော မြရာပင်အောက် ခြေသံလုံလုံဖြင့် ရောက်လာသည်။ နွားသေကောင်ကို ကြည့်လိုက်၊ ခုတ်ထစ်ချထားသော သစ်ကိုင်းကိုကြည့်လိုက်၊ လင့်စင်ထက်သို့ မော့ကြည့်လိုက်ဖြင့် သံသယဝင်လျက် ရှိသည်။

ထို့နောက် မာန်ဖီလျက် နွားသေတဝိုက်တွင် လှည့်ပတ်သွားနေတော့သည်။ ညမှာ တိတ်ဆိတ်လွန်းလှပြီး ကျား၏ မာန်ဖီသံ၊ ဟိန်းဟောက်သံမှာ ကြောက်စရာ ကောင်းလှပေသည်။

ကျားမှာ ပစ်ကွင်းထဲသို့ သေချာအောင် ဝင်မလာချေ။ လမ်းလျှောက်လျှင် ထော့နင်းထော့နင်း ဖြစ်နေသည်ကို သတိထားမိ၏။

၂-ကြိမ် ၂-ခါ သေနတ်ပစ် ခံထားရဖူးသော ကျား ကြီးမှာ လွန်စွာ ပါးနပ်လျက်ရှိ၏။ နွားသေကောင်ကို ဝင်မစားတော့ပဲ ကျယ်လောင်စွာ ဟိန်းဟောက်မာန်ဖီ လျက် ရန်သူကိုသာ ရှာဖွေလျက်ရှိနေသည်။

အောင်ထူး ထိုင်နေသော မြရာကိုင်းမှာ ကိုင်းလုံး သေးသောကြောင့် အောင်ထူး၏ ကိုယ်အလေးချိန်ကို မခံနိုင်ပဲ တဖြည်းဖြည်းညွတ်ကျနေလျက်ရှိရာ တွဲလောင်းချထားသော ခြေထောက်နှစ်ချောင်းမှာ မြေပြင်အထက် ၁၅-ပေခန့်သာ ကွာလျက် ရှိတော့သည်။ အသည်းယားစရာပင်။

နွားသေကောင်၏ အထက်တွင် ကမူမြင့်မြင့်တခု ရှိရာ ချုံပင်များ ထူထပ်သိပ်သည်းလျက်ရှိ၏။ အနေအထားမှာ အောင်ထူးထိုင်နေသော မြရာပင် အထက် မိုးလျက်ရှိသဖြင့် ထိုနေရာမှ အောင်ထူးရှိရာသို့ ကျားကြီးသည် လှမ်းခုန်အုပ်လိုက်ပါလျှင် မတွေးဝံ့စရာပင်။

အောင်ထူးသည် စိတ်ငြိမ်အောင် ကြိုးစားလျက်ရှိ သည်။ ပစ်ကွင်းထဲသို့ ကျားကြီးရောက်လာမည့် အချိန်ကို စိတ်ရှည်စွာ စောင့်နေသည်။

ကျား၏ မာန်ဖီသံမှာ အဆက်မပြတ် ထွက်လျက်ရှိနေသည်။

လူသားက ကျားသတ္တဝါကို သေနတ်ဖြင့် ပစ်သတ်ရန် စောင့်နေသည်။

ကျားကြီးကလည်း ရန်သူကို စာရင်းရှင်းရန် ရှာဖွေ
နေသည်။

ထိုစဉ် မိုးရိပ်တက်လာပြီး မှောင်ကျသွားသည်။ မှောင်သွားမှ ပိုပြီးအသည်းယားဖွယ် ကောင်းလေသည်။ တောဘုရင် ကျားကြီးအတွက် အခွင့်သာသွားသည်။ အောင်ထူးအဖို့ ပစ်ကွင်းရှာမရတော့ချေ။ ဇောချွေး များပင် ပြန်လာလေသည်။

ကံဆိုးသည်လား၊ ကံကောင်းသည်လား မသိပါ။ ဝေါကနဲ မိုးရွာချလေသည်။ မိုးမှာ အတော်ပင် သည်း သည်းရွာသည်။ သစ်ပင်ထက်တွင် ခွထိုင်နေသော အောင်ထူးမှာ မိုးရေဖြင့် တကိုယ်လုံး ရွှဲရွှဲနစ်နေသည်။ ကျားကြီးဆီမှလည်း မာန်ဖီသံ တိတ်သွား၏။

မိုးလွတ်ရာ တနေရာရာသို့ ထွက်သွားပုံရ၏။ နံနက်မိုးလင်းလုတွင်မှ မိုးတိတ်သွားသည်။

မိုးလင်းလင်းချင်း စောဘိုးရင် ရောက်လာသည်။ မိုးလင်း ကောက်ညှင်းပေါင်း၊ ရေနွေးကြမ်း၊ လဲရန် အဝတ်အစားများ ပါလာသည်။

ညက ကျားနှင့် အောင်ထူး အပြန်အလှန် ရှာဖွေချောင်းမြောင်းနေကြပုံကို ပြောပြမိလေသည်။

မိုးရွာခဲ့သဖြင့် ကျားခြေရာကို ကောင်းစွာ ရှာတွေ့ကြလေသည်။ ကျားခြေရာများမှာ ထင်ရှားစွာ ကျန် ရစ်၏။ ကျားခြေရာများမှာ နွားသေကောင်မှ တဖြည်းဖြည်း ဝေးသွားပြီးနောက် ချောက်ကမ်းပါးယံ တခုတွင် ပျောက်သွားသည်။

ချောက်ကမ်းပါးယံဘေးမှ လမ်းမှာ ကျဉ်းမြောင်းလျက် မညီမညာ ကွေ့ကောက်နေသည်။ တဘက်တွင် စမ်းချောင်းတခုက အခြေမှ စီးဆင်းလျက် ရှိနေသည်။

အဝါတွင် အနက်ကျားရှိသော ကျားကြီးတကောင် သည် ကမ်းပါးယံထောင့်ချိုးတခုမှ ဘွားကနဲပေါ်လာ လေသည်။အောင်ထူး ရင်ထဲတွင် ဒိန်းကနဲ ဆောင့်တက်သွားသည်။ စစ်သားဟောင်းပီပီ လျင်တော့လျင်သည်။

မိမိအား ကျားက မတွေ့မီ အကွယ်တခုဘေးသို့ အချိန်မီ ဝပ်ချလိုက်သည်။

ကျားမှာ ထော့ကျိုးထော့ကျိုးဖြင့် အောင်ထူးရှိရာ သို့ နမော်နမဲ့ လျှောက်ဝင်လာလေသည်။ အောင်ထူး ကို မြင်ပုံမရချေ။ တိုး၍တိုး၍သာ ဝင်လာလေသည်။

တလှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ လေးလှမ်း၊ ငါးလှမ်း…

ပိုင်လောက်သော အကွာအဝေးနှင့် ချိန်ကွင်းထဲ ရောက်လာသဖြင့် သေနတ်မောင်းကို ဆွဲညှစ်မည်အပြု …

ထိုအခါမှ ကျားသည် အောင်ထူးအား မြင်သွားပြီး ဒေါသတကြီး ပြေးဝင်လာသည်။

သို့သော် နောက်ကျသွားလေပြီ-

“ဒိုင်း… ဒိုင်း… ဒိုင်း”

ကျည်ဆန်များက ဒေါသဖြင့် ပြေးဝင်လာသော ကျားကြီးကို ထိမှန်ကြလေသည်။

ကျားကြီးမှာ ကျည်ဆန်များ၏ ဖောက်ထွင်းမှုဒဏ် ကို မခံနိုင်ပဲ ကျယ်လောင်စွာ အော်မြည်လျက် နံဘေးရှိ စမ်းချောင်းထဲသို့ လိမ့်ကျသွားလေသည်။

အောင်ထူးသည် စမ်းချောင်းထဲ ကျသွားသော ကျားသေရှိရာ ကျည်ဆန်များ မကုန်မချင်း ပစ်ထည့်နေမိသည်။ ကျည်ဆန်ကုန်သွားမှ တုန်ယင်စွာ မတ်တတ် ရပ်ယင်း မောဟိုက်နေလေသည်။

စမ်းချောင်းထဲတွင်မူ သွေးနီရောင်များ ရဲလျက်။ ကျားသည် တုတ်တုတ်မျှ မလှုပ်တော့။

(၇)

ကျားသေကြီးကို ကော့မောင်ဖယ်ကျေးရွာဥက္ကဋ္ဌ အိမ်သို့ သယ်ယူလာခဲ့ကြသည်။

ကျွဲ နွား အတော်များများနှင့် လူတယောက်ကို စားထားသောကျား၊ နှစ်ကြိမ်တိတိ သေနတ်မှန်၍ မသေသောကျားအဖြစ် သတင်းကြီးသော ဤကျားကြီးကို တနယ်လုံး လာကြည့်ကြသည်။

ကျား၏ ထူးခြားသော လျှို့ဝှက်အဖြေကို အောင်ထူး ရှာတွေ့ခဲ့ပါပြီ။

ကျားသည် သာမန်အားဖြင့် ရွာနားကပ်လေ့မရှိ၊ လူကိုတွေ့လျှင်လည်း ရှောင်ကွင်းသွားလေ့ရှိ၏။ ဤကား ကျားတို့၏ သဘာဝ ဖြစ်၏။

သို့သော် အင်အားလျော့နည်းပြီး အိုမင်းမစွမ်းရှိလာသောအခါတွင်လည်းကောင်း၊ ကိုယ်လက်အင်္ဂါ မသန်စွမ်း ရှိလာသောအခါတွင် လည်းကောင်း၊ သား ကောင်များ ရှာဖွေဖမ်းဆီးရန် အခက်အခဲ ရှိလာသဖြင့် ရွာနားကပ်၍ လူ၊ ကျွဲ၊ နွား များကို ဖမ်းစားတတ်၏။

ကျုံကရွာမှ သေနတ်ကိုင်မုဆိုးသည် ကျားနှင့် မမျှော် လင့်ပဲ ပက်ပင်းဆုံစဉ်က သေနတ်ဖြင့် အလန့်တကြား စွတ်၍ ပစ်ထည့်လိုက်ပုံရသည်။

ကျားကို သေလောက်သည်ထိ မထိပဲ နံဘေးမှကျောက်နံရံ ကျောက်ခဲလုံးကြီးများကိုသာ ကျည်ဆန်မှန်၍ အစအနများ လွင့်စဉ်ပြီး မျက်လုံးတဘက်ကို မှန်သွားဟန်တူသည်။ ထိုကျား၏ ညာဘက်မျက်လုံးမှာ ဒဏ်ရာကြောင့် ကန်းလျက်ရှိနေသည်။

အောင်ထူးနှင့် ပထမဘကြိမ် ဆုံစဉ်က ကမ်းပါးယံ နံဘေးတွင် ကျားကြီးသည် ခန့်ညားစွာ လမ်းသလား
နေစဉ် အောင်ထူးကို ကန်းနေသော မျက်လုံးတဘက် ကြောင့် မမြင်မိခြင်း ဖြစ်ပေမည်။

အောင်ထူးက သေနတ်ဖြင့် ပစ်ထည့်လိုက်သဖြင့် ချောက်ထဲသို့ လိမ့်ကျသွားပြီး အပင်တပင်အထက်တွင် ကန့်လန့်ကြီး ငြိမ်လျက် တင်နေသည်။ ထိုစဉ်က သေလောက်အောင် ဒဏ်ရာမရရှိခဲ့ပါ။ သေကွင်းကို မထိခဲ့ပါ။ လက်ပြင်ရိုးကို ထိပြီး ကျည်မှာ အလှမ်းဝေးဝေးမှ လာသဖြင့် အရှိန်ပျော့သွားခဲ့ဟန် တူသည်။

သို့သော် နာကျင်မှု ပြင်းထန်ပြီး မေ့မျောသွားခဲ့ခြင်း ဖြစ်မည်။

လက်တဘက်ကျိုး၍ မျက်လုံးတဘက်ကန်းနေခြင်းက အောင်ထူးအတွက် များစွာ ကံ ကောင်းပါသည်။ ကျားနာနောက် တကောက်ကောက် လိုက်နေသော အောင်ထူးမှာ အတွေ့အကြုံရင့်သော ကျားပစ်မုဆိုး မဟုတ်ရကား မျက်လုံးတဘက်ကန်းပြီး လက်တဘက်ကျိုးနေသော ကျားနာကြောင့်သာ ကျားစားမခံရခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် စဉ်းလဲကောက်ကျစ်သော ကျားနာတကောင်၏ အစာ ဖြစ်သွားဖို့များ၏။

နောက်ဆုံးအကြိမ် တွေ့ဆုံကြစဉ် တတောင်ဆစ်ချိုး မှ ထွက်လာသော ကျားမှာ ယာဘက်မျက်လုံး ကန်းနေ၍ ယာဘက်ရှိ အောင်ထူးကို မတွေ့ပဲ နမော်နမဲ့ တိုးဝင်လာမိခြင်း ဖြစ်သည်။ အောင်ထူးကို တွေ့သွား သည့် အချိန်တွင်မူ ကျားအဖို့ အောင်ထူးကို အန္တရာယ်ပြုရန် များစွာ နောက်ကျသွားလေပြီ။

ကျုံကရွာမှ မုဆိုးသည် သူ့ကိုယ်သူ သတ်သေလိုက် ခြင်းမှာ စိတ်ဝေဒနာဖြင့် ဆက်နွှယ်နေဟန် ရှိသည်။ အလွန်ထိတ်လန့်ကြောက်ရွံ့အားငယ်သွားသော ထို မုဆိုးသည် စိတ်ဝေဒနာတခုကို ခံစားလိုက်ရပုံရှိသည်။ နတ်ကျားဟု ယုံကြည်ထားသောကြောင့် ကျားက စိတ်ဓာတ်ရေးအရ လူသားကို အနိုင်ယူသွားခြင်းဖြစ်သည်။

အောင်ထူးက သတ္တိကောင်းသည်။ စိတ်မာသည်။ ကျားကို သွေးသားဖြင့် တည်ဆောက်ထားသော ရိုးရိုးကျားအဖြစ်နှင့်သာ လက်ခံထားသည်။ နတ်ကျား ဖြစ်သည်ဟု မယုံကြည်။

မုဆိုးက လိုက်သဖြင့် အမဲက ပြေးရလေသည်။ ကျားအပေါ် စိတ်ဓာတ်ရေးအရ ကောင်းစွာ လွှမ်းမိုးထားနိုင်သည်။

X X X

ယခုအခါ ကုလားမတောင်ကြောတခွင်၌ ဘေးကင်း သွားပါပြီ။

ကျားအရေခွံမှာ အောင်ထူး၏ အိမ်နံရံတွင် ဖြန့်ကြက်လျက် ရှိနေပါသည်။

မြဝတီမဂ္ဂဇင်း ၊ စက်တင်ဘာလ ၊ ၁၉၈၄

– ပြီး –

စာရေးသူ – သိန်းဟန်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *