အတွဲ(၂) စာစဉ်(၂)

(၁)

လန်ကတ်စတာလမ်းမကြီးပေါ်တွင် လန်ကတ်စတာရဲတိုက်ကြီးက ခမ်းနားစွာဖြင့်တည်ရှိနေလေသည်။ ထိုရဲတိုက်ကြီးတွင် ဗြိတိန်တော်ဝင်မိသားစုတစ်စုဖြစ်သည့် လန်ကတ်စတာမိသားစုနှင့် အမျိုးအနွယ်များက နေထိုင်ကြလေသည်။ ထို့ကြောင့်ရဲတိုက်ကြီးတည်ရှိရာ လမ်းကိုပင် လန်ကတ်စတာလမ်းမကြီးဟု အမည်ပေးထားသည်။ စင်စစ်အားဖြင့် လန်ကတ်စတာမိသားစုမှာ ဗြိတိန်နိုင်ငံတွင် အရေးပါအရာရောက်သည့် မိသားစုတစ်ခုဖြစ်ပြီး လွှတ်တော်၊ ကတ်ဘိနက်အဖွဲ့များတွင်လည်း နိုင်ငံရေးအရ နေရာအခိုင်အမာယူထားလေသည်။ ဗြိတိန်တော်ဝင်မိသားစုနှင့်လည်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိကာ ဘီအိုစီကုမ္မဏီ၊ ဘီဘီအမ်ကုမ္မဏီ အစရှိသည့် ကုမ္ပဏီကြီးများတွင်လည်း အစုရှယ်ယာများပါဝင်ထားသဖြင့် ငွေကြေးဓနအားဖြင့်လည်း အတော်အတန်ကြွယ်ဝသူများဖြစ်ကြသည်။ လန်ကတ်စတာမိသားစုများမှာ အင်္ဂလန်မှဖြစ်သော်လည်း ရန်ကုန်မြို့တွင် အဆင့်မြင့်ရဲတိုက်ကြီးတစ်ခုဆောက်လုပ်ထားကာ မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းများကို ထိုရဲတိုက်ကြီးမှနေ၍ အုပ်ချုပ်လုပ်ကိုင်သည်။ တစ်ခါတစ်ရံ လန်ကတ်စတာမိသားစုမှ ဆွေမျိုးများလာရောက်လည်ပတ်ရာတွင် ထိုရဲတိုက်ကြီးကို အသုံးပြုကြလေသည်။

ရိုစီလော့ခ်ဟတ် တစ်ဖြစ်လဲ မနှင်းဆီမှာ ဒေါသထွက်ထွက်နှင့် မြင်းလှည်းကြီးပေါ်မှဆင်းသက်လာလေသည်။ ထမင်းစားခန်းအတွင်းသို့ တန်းဝင်သွားလေရာ ထမင်းစားခန်းအတွင်းထိုင်နေသည့် အဖေဖြစ်သူ ဝီလျံလော့ခ်ဟတ်မှာ အလွန်အံ့သြသည့်မျက်နှာပေးနှင့်ကြည့်ကာ

“သမီး၊ ပဲခူးကလပ်ကိုမသွားဘူးလား”

“သွားတယ်၊ သွားခဲ့တာပေါ့အဖေ”

“ဒါဆိုရင် စမစ်နဲ့မတွေ့ဘူးလား၊ လန်ကတ်စတာမိသားစုရဲ့သားအငယ်ဆုံး စမစ်လေ”

“တွေ့ခဲ့တာပေါ့အဖေရာ”

“ဒါနဲ့များဘာဖြစ်လို့ပြန်လာတာလဲသမီး၊ ညစားစားပွဲတက်ပြီးမှ ပြန်လာတာမဟုတ်ဘူး”

မနှင်းဆီက အလွန်ဒေါသထွက်သည့်မျက်နှာပေးနှင့်

“အဖေ့ရဲ့စမစ်က သမီးကို လူပုံအလယ်မှာ စော်ကားလိုက်တယ်အဖေ”

“ဘုရားရေ၊ သမီးကိုဘယ်လိုပြောလိုက်လို့လဲ”

“သမီးကို မျိုးမစစ်တဲ့ကောင်မတဲ့”

ဝီလျံလော့ခ်ဟတ်မှာ မျက်နှာပျက်သွားကာ နှုတ်ခမ်းအား လက်သုတ်ပုဝါအစနှင့် သုတ်ရင်း

“ဒါများသမီးရယ်၊ သည်းခံလိုက်ပေါ့”

“ဘယ်လို၊ အဖေဘယ်လိုပြောလိုက်တာလဲ၊ ဒီလူက သမီးကိုမျိုးမစစ်လို့စော်ကားတာကို သမီးက သည်းခံရမယ်တဲ့လား”

“ဟုတ်တယ်သမီး၊ ဘာပဲဖြစ်ဖြစ် သမီးကောင်းဖို့အတွက် သည်းခံရမှာပဲ”

“တော်စမ်းပါအဖေရာ၊ ဒီလူက သမီးကို ဗမာလူမျိုးတစ်ယောက်နဲ့ရထားတယ်ဆိုတာ နဂိုကတည်းက သိပြီးသားပါ၊ သမီးကိုသက်သက်လူပုံအလယ်မှာ အရှက်တကွဲဖြစ်အောင်လုပ်ချင်လို့ သက်သက်ကြံစည်ဖိတ်ခေါ်ထားတာဆိုတာ အဖေသိရဲ့လား၊ ဒီလိုလူအတွက် သမီးသည်းမခံနိုင်ပါဘူးအဖေရာ၊ သမီးဘ၀ မကောင်းဘူးဆိုရင်လည်း မကောင်းပါစေနဲ့”

ဝီလျံလော့ခ်ဟတ်မှာအလွန်စိတ်တိုသွားပြီး

“ဒီမှာ ရိုစီ၊ မိန်းကလေးဆိုတာ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နေရတယ်၊ အိမ်ထောင်ပြုဖို့အရွယ်ရောက်လာရင် အသိုင်းအဝိုင်းချင်းတူတဲ့လူနဲ့ အိမ်ထောင်ပြုရတယ်၊ သမီးကို အဖေက မိတဆိုးလေးဆိုပြီး သမီးကြိုက်တာ လုပ်ခွင့်ပေးထားတာကို သမီးအခွင့်ကောင်းမယူပါနဲ့”

မနှင်းဆီမှာ ဘာမှမပြောနိုင်တော့ဘဲ ဖခင်ဖြစ်သူအားး မျက်စောင်းတစ်ချက်ထိုးကြည့်လိုက်ပြီး ထမင်းစားခန်းအတွင်းမှ ပြေးထွက်သွားတော့သည်။ အပေါက်ဝတွင် ရပ်နေသည့် ဘခက်ပခုံးကိုပင် ဝင်တိုက်သွားသေးသည်။ ဘခက်နှင့်ဝီလျံမှာ မျက်လုံးချင်းဆုံသွားကြသည့်အခါ ဝီလျံက မဲ့ပြုံးတစ်ချက်ပြုံးလျှက် ပုခုံးကိုတွန့်လိုက်ပြီး

“မိန်းကလေးတွေကိုထိန်းရတာ သိပ်ကိုဆိုးရွားတာပါပဲ”

ဘခက်ကလည်း ခေါင်းသာညိတ်ပြလိုက်တော့သည်။

“ဒါနဲ့ မောင်ရင် ညစာစားပြီးပြီလား”

ဘခက်က ခေါင်းခါပြလိုက်သည့်အခါ ဝိလျံက ညစာစားပွဲဝိုင်းရှိ လွတ်နေသည့်ထိုင်ခုံတစ်ခုအား လက်နှင့်ညွှန်ပြလိုက်ကာ ဘခက်ကိုထိုင်စေသည်။ ဘခက်လည်း ထိုထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ဝီလျံက ဆိုဖီအားတစ်ချက်ကြည့်လိုက်ရာ အဒေါ်ကြီးဆိုဖီက ဘခက်စားသောက်ရန်အတွက် ဟင်းလျာများကိုပြင်ဆင်ပေးလေသည်။ ဘခက်က ဟင်းလျာများကိုပင်မစောင့်တော့ဘဲ စားပွဲခုံပေါ်တွင် ခြင်းတောင်းကလေးတစ်ခုဖြင့်တင်ထားသည့်ပေါင်မုန့်ကြမ်းတစ်ခုအား ကောက်ယူလိုက်ပြီးနောက် ကိုက်ဝါးလိုက်လေသည်။

“ဟင်းလာတဲ့အထိစောင့်ပါအုံး မောင်ရင်ရဲ့၊ ကြက်ဆင်သားကို ချယ်ရီဆော့နဲ့ပေါင်းထားတာလေး မောင်ရင့်ကိုစားကြည့်စေချင်တယ်”

အင်္ဂလိပ်လူမျိုးများမှာ အစားအသောက်စားရာတွင် စည်းစနစ်ကြီးသူများပီပီ ဘခက်လက်နှင့််နှိုက်စားသည်ကို နှစ်မြို့ပုံမပေါ်ပေ၊ ဘခက်ကလည်း ထိုအချက်ကိုသိသောကြောင့် တမင်စားသောက်ပြနေခြင်းဖြစ်သည်။ ကြက်ဆင်သားပေါင်း လာသည့်အခါ အသားများကိုလက်နဲ့ဖဲ့ဝါးပြီး အရိုးများကိုကိုက်နေမိသည်။ ကြက်ဆင်သားပေါင်းမှာ ဝီလျံပြောသည့်အတိုင်းပင် အလွန်ချိုမြိန်ကာ စားကောင်းလှပေသည်။ စားသောက်ပြီး ဘယ်ဖက်လက်တွင်ပေကျံနေသည့် ဆော့စ်များကိုပင် ဘခက်က ပါးစပ်ဖြင့် တပြွတ်ပြွတ်စုပ်နေလိုက်သည်။ ဆိုဖီက ဘခက်ပြုလုပ်နေသည်ကိုကြည့်ကာ ပြောဆိုချင်နေသော်လည်း ဝီလျံကလက်ကာပြထားသဖြင့် ဘာမှမပြောသာပေ။

“မောင်ရင်စားတာ အားရဖို့သိပ်ကောင်းပါတယ်၊ ဒါနဲ့ မောင်ရင်ရဲ့ စစ်အတွေ့အကြုံကိုပြောပါအုံး”

ဘခက်က ဝိုင်ခွက်ကိုယူကာ ကောက်မော့လိုက်ရင်း

“စစ်ဆိုတာ တော်တော်ခါးသီးတဲ့အရာတစ်ခုဗျ”

“ဆိုပါအုံးကွာ၊ မင်းရဲ့အတွေ့အကြုံလေး ကြားပါရစေ”

“အဲဒီတုန်းက ကျုပ်က တစ်သက်တစ်ကျွန်းဒဏ်နဲ့ ထောင်ကျနေတယ်ဆိုပါတော့ဗျာ”

(၂)

ဗီကရမ်ကို သတ်ဖြတ်မှုအတွက် ဘခက်အားကြိုးပေးရန် စီစဉ်ခဲ့ကြသော်လည်း ဘခက်အားစစ်ဆေးသည့်တရားသူကြီးမှာ ဘခက်ကိုကြိုးပေးရန်မသင့်ဟုဆိုကာ သေဒဏ်အစား ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်လေသည်။ ထိုစဉ်က တစ်ကျွန်းဒဏ်ကျနေသူများအား အင်းစိန်ထောင်ကြီးအတွင်းတွင် ထိန်းသိမ်းခဲ့သော်လည်း ဗီဟန်မှာ ရာဇဝတ်ဝန်ကြီးကို လဘ်ထိုးလိုက်သဖြင့် ဘခက်ကို ကပ္ပလီပင်လယ်အတွင်းရှိ အင်္ဂလိပ်ပိုင် ပို့ဘလဲယားကျွန်းသို့ ပို့လွှတ်လိုက်လေသည်။ သို့နှင့်် ဘခက်အား ရန်ကုန်ထောင်မှနေ၍ သင်္ဘောခရီးဖြင့်် ပို့ဘလဲယားသို့ ပို့တော့သည်။

ပို့ဘလဲယားကျွန်းဆိုသည်မှာ ထိုခေတ်အခါက တစ်ကျွန်းကျခံနေသူများအား ထားရှိသည့်ကျွန်းဖြစ်သည်။ အများအားဖြင့် အိန္ဒိယလူမျိုးများကို ချုပ်နှောင်ထားသည့် ကျွန်းကြီးဖြစ်သည်။ ကျွန်းကြီးအပေါ်တွင် ထောင်ဝိုင်းကြီးဟုခေါ်သည့် ထောင်ကြီးတစ်ဆောင်ရှိသည်။ အိန္ဒိယလူမျိုးများက ကာလပါနီဟုခေါ်ကြသည်။ အဓိပ္ပါယ်မှာ ရေနက်ထောင်ကြီးဟု အဓိပ္ပါယ်ရသည်။ ထိုထောင်ကြီးအနီးတစ်ဝိုက်ရှိ ရေများမှာ အနက်ရောင်ထနေသောကြောင့်ဖြစ်သည်။ ကပ္ပလီပင်လယ်ပြင်ကြီးက ကျွန်းပတ်ပတ်လည်ကိုဝန်းရံထားကာ ကျွန်းပေါ်တွင် ဒေသခံများ၊ အကျဉ်းထောင်အာဏာပိုင်များနေထိုင်သည့် ပို့ဘလဲယားခေါ် မြို့ငယ်ကလေးတစ်မြို့ရှိသည်။ ကျွန်းတစ်ဘက်ခြမ်းတောင်ကုန်းထူထပ်သည့်နေရာတွင်တော့ အုတ်အင်္ဂတေများဖြင့် ခိုင်ခိုင်မာမာဆောက်လုပ်ထားသည့် အကျဉ်းထောင်ကြီးတစ်ခုရှိလေသည်။ ထိုကျွန်းမှ ထွက်ပြေးလွှတ်မြောက်ရန်မဖြစ်နိုင်ပေ၊ အကြောင်းမူ ကျွန်းတွင်ရှိသည့်ဆိပ်ကမ်းကို အင်္ဂလိပ်အစိုးရကတင်းကြပ်စွာထိန်းချုပ်ထားပြီး ကျွန်းနှင့်အဆက်အသွယ်ပြုသည့် သင်္ဘောများ၊ ရေယာဉ်များကိုလည်း အထူးကြပ်မတ်ထားသောကြောင့်ဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်းမှနေ၍ ဘခက်ကဲ့သို့တစ်ကျွန်းဒဏ်ခံရသူ သုံးဦးအား သင်္ဘောကြီးဖြင့်တင်ဆောင်ခဲ့သည်။ ပို့ဘလဲယားသို့ရောက်သည့်အခါ သင်္ဘောအတွင်းမှ ဘခက်တို့အား လုံခြုံရေးအပြည့်ဖြင့် ထုတ်ယူခဲ့ပြီးနောက် အကျဉ်းထောင်ကြီးဆီသို့ လျှောက်ခိုင်းလေသည်။ ဘခက်က လက်ပြတ်နေသူမို့ လက်ထိပ်မခတ်ဘဲ လက်မောင်းအရင်းမှနေ၍ ကြိုးတစ်ချောင်းဖြင့်တုပ်ထားကာ ခြေထောက်တွင်လည်း လမ်းလျှောက်နိုင်ရုံသာပြုလုပ်ထားသည့် သံခြေကျင်းနှစ်ဖက်ကိုခတ်ထားသေးသည်။ လမ်းလျှောက်နိုင်သည်ဆိုသော်လည်း ဘဲသွားသကဲ့သို့ ကွတကွတသွားရလေသည်။

အကျဉ်းထောင်ကြီးမှာ ခံတပ်ကြီးတစ်ခုနှင့်ပို၍တူသည်။ အလွန်မြင့်မားသည့် အဆောက်အဦးကြီးအပေါ်တွင်တော့ အမြှောက်များ၊ လက်နက်များကိုတင်ထားသည်။ မြင့်မားလှသည့် မျှော်စင်ကြီးတစ်ခုလည်းတည်ရှိနေသေးသည်။ သုံးထပ်စီပါရှိသည့်အကျဉ်းထောင်အဆောက်အဦးခုနစ်ခုရှိသည်။ အကျဉ်းထောင်တံခါးမကြီးအား မဖွင့်ဘဲ လူဝင်လူထွက်ပြုလုပ်နိုင်သည့် လေးပေခန့်ရှိသည့် သံတံခါးကလေးကိုသာဖွင့်ကာ ဝင်လာခဲ့သည်။ အတွင်းရောက်သည်နှင့် တစ်ကျွန်းစံအကျဉ်းသားများမှာ ဘခက်တို့အား ဝိုင်းဝန်းကြည့်ရှုကြကာ အော်ဟစ်ကြလေသည်။

ကိုလိုနီအင်္ဂလိပ်အစိုးရ၏ စနက်ကြောင့် တစ်ကျွန်းဒဏ်ကျခံနေရသူများမှာ မနည်းလှပေ၊ သို့သော်များသောအားဖြင့် အိန္ဒိယလူမျိုးများဖြစ်ကြသည်။ ဗမာများနှင့် တိုင်းရင်းသားများမှာအနည်းအကျဉ်းလောက်သာရှိသည်။ အကျဉ်းသားများက ဘခက်တို့အားကြည့်ရှုကာ လှောင်ပြောင်အော်ဟစ်နေကြသည်။

မကြာခင် ဘခက်တို့အား တန်းစီရပ်စေကာ အင်္ဂလိပ်အရာရှိတစ်ယောက်က ကြည့်ရှုစစ်ဆေးလေသည်။ သူနှင့်အတူတူရောက်လာသူမှာ အင်္ဂလိပ်အရာရှိတစ်ဦး၏ အိမ်အားဖောက်ထွင်းခဲ့သည့် ဟိန္ဒူလူမျိုးတစ်ဦး၊ ဘိန်းရောင်းသည့် တရုတ်ကြီးတစ်ဦးနှင့် ဘခက်တို့ဖြစ်သည်။ အင်္ဂလိပ်အရာရှိက အင်္ဂလိပ်လိုပြောဆိုသော်လည်း ဘခက်တို့မှာ ထိုအရာရှိအားငေးကြည့်နေမိသည်။ ဘာပြောနေမှန်းကို နားမလည်ပေ၊ အင်္ဂလိပ်အရာရှိက မေးခွန်းမေးသည့်နှယ် ပြောခိုင်းသည့်အခါ ဘခက်တို့က ဘာပြောရမှန်းပင်မသိ။ အင်္ဂလိပ်အရာရှိက စိတ်ဆိုးသွားပြီးနောက် အော်ဟစ်ကြိမ်းမောင်းနေလေသည်။ ထိုအခါ လူအုပ်အတွင်းမှ အသားဖြူဖြူနှင့် အသက်ငါးဆယ်ခန့်အရွယ်ရှိမည့်လူကြီးက မတ်တပ်ရပ်ကာ လက်ကိုထောင်ပြလိုက်သည်။ အင်္ဂလိပ်အရာရှိကာ ထိုလူကြီးအား ခေါင်းညိတ်ပြလိုက်ရာ ထိုလူကြီးက ဦးစွာ ဟင်ဒူစကားဖြင့် အကျဉ်းကျလာသည့် ဟိန္ဒူကိုပြောဆိုလေသည်။ တစ်ဖန် တရုတ်ကြီးကိုလည်း တရုတ်စကားဖြင့် ပြောဆိုနေပြန်သည်။ ထို့နောက် ဘခက်အနီးသို့ရောက်လာကာ။

“ဒီကျွန်းပေါ်ရောက်ရင် ပြန်လမ်းကတစ်လမ်းပဲရှိတယ်၊ အဲဒါကတော့ သေတဲ့လမ်းပဲ၊ သေခြင်းတရားကလွဲလို့ ဒီကျွန်းပေါ်ကနေ လွတ်လမ်းမရှိဘူးဆိုတာ မင်းသိတယ်မဟုတ်လား”

ဘခက်က ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ အင်္ဂလိပ်အရာရှိက တစ်ခုခုကိုအော်ပြောလေသည်။ ထိုလူကြီးက

“ကုလားက ကုလားဆောင်ကိုသွား၊ တရုတ်က တရုတ်ဆောင်ကိုသွားရမယ်၊ မင်းက ဗမာဆိုတော့ ငါနဲ့လိုက်ခဲ့ပေါ့”

ဘခက်လည်းထိုလူကြီးအနောက်လိုက်လာခဲ့သည်။ အကျဉ်းထောင်ကြီးအတွင်းတွင်တော့ အကျဉ်းသားများအား ချုပ်နှောင်ထားသည်မဟုတ်ဘဲ လွတ်လွတ်လပ်လပ်သွားခွင့်ပြုထားသည်။ လက်နက်ကိုင်ထားသည့် ထောင်အာဏာပိုင်များမှာလည်း နေရာအနှံ့စောင့်ကြပ်နေကြသည်။ ထိုလူကြီးက အရှေ့ကနေလျှောက်သွားနေရင်း

“ငါ့နာမည် ဘိုးတူလို့ခေါ်တယ်၊ မင်းသေချာမှတ်ထားအုံး”

“ကျုပ်နာမည်ဘခက်ပါ”

“လွတ်လမ်းမရှိတဲ့ ထောင်ဝိုင်းကြီးကနေကြိုဆိုလိုက်ပါတယ်ကွာ၊ မင်းက တစ်ကျွန်းကျထားတာဆိုတော့ ဒီကျွန်းကြီးပေါ်မှာ အတော်ကြာကြာနေရအုံးမှာကွ”

လျှောက်လမ်းတစ်ခုအတိုင်းဆက်လျှောက်သွားမိသည့်အခါ မကြာခင် ကျောက်တုံးများဖြင့်တည်ဆောက်ထားသည့် တိုက်ကြီးတစ်ခုအရှေ့သို့ရောက်ခဲ့သည်။ ထိုအကျဉ်းခန်းများတွင်တော့ မျက်နှာဖြူများ၊ နိုင်ငံခြားသားများကိုတွေ့ရသည်။

“ဒီတိုက်ကြီးကတော့ နိုင်ငံခြားသားတွေ၊ ပေါ်တူဂီ၊ စပိန်၊ ပြင်သစ်တွေကို အကျဉ်းချထားတဲ့နေရာပဲ၊ ဒီထောင်ကြီးထဲမှာတော့ အကောင်းဆုံးနေရာပေါ့ကွာ”

အကျဉ်းခန်းများမှာ တစ်ဖက်ဖွင့်အခန်းများဖြစ်ကြပြီးနောက် အချို့အကျဉ်းခန်းအတွင်းတွင်တော့ စားပွဲခုံများ၊ ထိုင်ခုံများနှင့် မွှေ့ရာတပ်ထားသည့် ကုတင်များကိုတွေ့ရသလို အချို့ကလည်း စာအုပ်စာပေများဖတ်ရှုနေကြလေသည်။

ထိုတိုက်ကြီးကိုဖြတ်ကျော်ခဲ့ပြီး နောက်ထပ်တိုက်ကြီးတစ်ခုအရှေ့သို့ရောက်သည့်အခါ တရုတ်လူမျိုးအများအပြားကိုတွေ့ရသည်။

“ဒါက တရုတ်တွေကိုထားတဲ့နေရာလား”

“မင်းက အကဲခတ်တော်သားပဲ၊ ဟုတ်တယ်ကွ၊ ဒီအဆောက်အဦကြီးက တရုတ်တွေကိုထားတဲ့ တရုတ်အဆောင်ပဲ”

ဆက်လက်လမ်းလျှောက်လာကြရင်း အရှေ့ရှိအဆောက်အအုံများမှာ အိန္ဒိယလူမျိုးများကို ချုပ်နှောင်ထားကြသည်ကိုတွေ့လိုက်ရသည်။ အချုပ်သားများမှာ အတော်အတန်များသည်ကိုတွေ့ရသည်။ ကျဉ်းမြောင်းသော အခန်းကလေးများအတွင်းတွင် ပြွတ်သိပ်ကြပ်ညပ်စွာ နေထိုင်ကြရသည်။ ကျောချစရာနေရာပင်မရှိအောင်ကိုပင် အတွင်းတွင် လူများပြည့်ကျပ်နေလေသည်။

ထိုအဆောင်များကိုဖြတ်သန်းရန်ကြိုးစားသည့်အခါတွင်တော့ လူကြီးတစ်ဦးက သူတို့အရှေ့တွင်ခါးထောက်ပြီးပိတ်ရပ်လိုက်သည်။ ထိုလူကြီးမှာ အရပ်အမောင်းထောင်ထောင်မောင်းမောင်းနှင့်ဖြစ်ပြီး နှုတ်ခမ်းမွှေး ပါးသိုင်းမွှေးများက ဗရပွဖြစ်သည်။ အသားမှာ မီးသွေးတုံးကြီးအလား မည်းနက်နေလေသည်။ ထိုအခါ ဦးဘိုးတူက ထိုလူကြီးနှင့် စကားစမြည်ပြောဆိုပြီးသည့်အခါမှသာ ထိုလူကြီးက မကျေမနပ်နှင့် လမ်းဘေးကပ်ပေးလိုက်လေသည်။ ဘခက်တို့ဖြတ်သန်းလာကြစဉ် ထိုလူက ဘခက်၏ခြေထောက်တွင်ခတ်ထားသည့် သံခြေကျင်းအား သူ့ခြေထောက်ဖြင့်ဖိနင်းလိုက်လေရာ ဘခက်မှာလဲကျတော့မလိုဖြစ်သွားသည်။ ထိုလူက ပြီတီတီမျက်နှာပေးဖြင့် ဘခက်အားကြည့်လေရာ ဘခက်မှာအလွန်ဒေါသထွက်သွားရသည်။ ခြေထောက်ကိုလည်း ခြေကျင်းများခတ်ထားကာ လက်တွင်လည်း ကြိုးတုပ်ထားသဖြင့် မလှုပ်မရှားနိုင်ဖြစ်နေသည်မို့ သူ့ထက်အရပ်အမောင်းမြင့်မားသည့် လူကြီး၏ မေးရိုးအား ခေါင်းဖြင့်ပြေးတိုက်ချလိုက်လေသည်။

ထိုလူကြီးမှာ မထင်မှတ်ထားသည်မို့ အတော်အထိနာသွားပုံရသည်။ ထို့နောက် ဘခက်အားထိုးနှက်ရန် လက်သီးပြင်လိုက်စဉ်တွင် ဦးဘိုးတူက သူတို့နှစ်ယောက်အကြားသို့ရောက်လာကာ ကုလားစကားဖြင့်အော်ဟစ်ပြောလိုက်သည့်အခါမှ ထိုလူကြီးကမှာ စိတ်လျှော့လိုက်ကာ လက်ကိုပြန်ရုတ်သိမ်းလိုက်သည်။ ဦးဘိုးတူက ဘခက်ပခုံးကိုဆွဲကာ ဆက်လျှောက်လာခဲ့သည်။

“အဲဒီလူက ဘယ်သူလဲ”

“သူ့နာမည် အာမာနီလို့ခေါ်တယ်၊ အဆောင်မှာတော့ သူကဘုရင်ပဲ၊ သူ့ကို မင်းမပြောနဲ့ ဒီထောင်ထဲက အာဏာပိုင်တွေတောင်မှ မထိရဲကြဘူး”

“အခုတော့ ဒီအာမာနီဆိုတဲ့ကောင် ထိသွားပြီမဟုတ်လား၊ ဟား၊ ဟား”

ဘခက်က ရယ်မောလိုက်ရာ ဦးဘိုးတူက

“မင်းကတော်တော်အကြောမာတဲ့ကောင်ပဲကွ၊ ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို ပြဿနာတော့ရှာခဲ့ပြီ၊ ဘာပဲပြောပြော မင်းနဲ့တွေ့မှ အာမာနီလည်း မေးရိုးယောင်သွားတော့မယ်ဟေ့ ဟား၊ ဟား”

ထိုအဆောင်များကိုဖြတ်ကျော်ပြီးသည့်အခါတွင်တော့ နောက်ဆုံးအဆောင်တစ်ခုရှေ့သို့ရောက်ခဲ့သည်။ ထိုအဆောင်ကြီးမမှာ အပြည့်အဝမဟုတ်ဘဲ တစ်ဖက်ခြမ်းတွင် ပြိုပျက်နေလေရာ ထိုနေရာမှ ပင်လယ်လေအေးများက တဝူးဝူးနှင့်တိုက်ခတ်နေလေသည်။ တစ်ခြမ်းပျက်စီးနေသည့် အဆောင်ကြီးအတွင်း အကျဉ်းသားဆယ်ဦးခန့်သာ ထိုင်နေကြလေသည်။

“ဒါဘယ်နေရာလဲ”

“ဒါငါတို့ရဲ့ ဗမာအဆောင်ပေါ့ကွာ”

ထိုသို့ပြောပြီး ဦးဘိုးတူက ဘခက်အားချည်နှောင်ထားသည့် ကြိုးများကိုဖြေပေးလိုက်လေရာ ဘခက်မှာထိုတော့မှ လက်များလွတ်သွားလေသည်။

“သံခြေကျင်းကတော့ ဖြုတ်မရသေးဘူးဟေ့၊ ဒီကိုရောက်ပြီး တစ်လလောက်ကြာတော့မှ အာဏာပိုင်တွေက ဖြုတ်ပေးလိမ့်မယ်”

ဘခက်က သံခြေကျင်းတန်းလန်းနှင့်ပင် အဆောင်အတွင်းသို့လျှောက်လာခဲ့သည်။ ပြိုပျက်နေသည့် အဆောင်တစ်ဖက်ခြမ်းဆီသို့လျှောက်သွားလိုက်သည့်အခါ ပင်လယ်ပြင်ကျယ်ကြီးကိုမြင်တွေ့ရသည်။ ပျက်စီးနေသည့်် ကြမ်းပြင်မှအောက်သို့ငုံ့ကြည့်လိုက်သည့်အခါ အလွန်မြင့်မားသည့် ချောက်ကမ်းပါးကြီးကိုမြင်တွေ့လိုက်ရပြီး ကျောက်ဆောင်ကျောက်သားများနှင့် ထိုကျောက်တုံးများကိုလာရောက်ရိုက်ခတ်သည့် ရေလှိုင်းဖြူကြီးများကိုတွေ့ရသည်။

“မင်းဒီကနေထွက်ပြေးဖို့ ကြံနေတာလားကွ”

ဦးဘိုးတူက ဘခက်အနီးသို့ရောက်လာလေသည်။

“အဆောင်တွေအားလုံးထဲမှာ တို့ဗမာအဆောင်က အကောင်းဆုံးပဲကွ၊ ဘာဖြစ်လို့လဲဆိုတော့ လေကောင်းလေသန့်ရတယ်၊ ထွက်ပေါက်တစ်ခုလဲရှိတယ်”

“ဒါဖြင့်် ဒီကနေထွက်ပြေးဖူးတဲ့လူတွေရှိခဲ့ဖူးလို့လား”

ဦးဘိုးတူကခေါင်းခါလျှက်

“ထွက်ပေါက်ဆိုတာကတော့ ဟောဟိုအောက်ကိုခုန်ဆင်းတာပဲကွ၊ မင်းဒီမှာ မနေချင်တော့ရင် အောက်ကိုခုန်ဆင်းသွားလို့ရတယ်၊ ကျောက်ဆောင်တွေနဲ့တိုက်မိပြီးတော့ မင်းကတစ်စစီဖြစ်သွားလိမ့်မယ်၊ ပြီးရင်တော့ မင်းသေမယ်၊ ဒါက ဒီကနေထွက်လို့ရတဲ့ တစ်ခုတည်းသော ထွက်ပေါက်ပဲ”

ဘခက်မှာ မျက်မှောင်ကြုတ်လိုက်မိတော့သည်။ ထိုစဉ်သူတို့ခေါင်းအပေါ်မှ ခေါင်းလောင်းသံတစ်ခုကိုကြားလိုက်ရသည်။ ဦးဘိုးတူက အနောက်သို့ခြေလှမ်းသုံးလှမ်းခန့်ဆုတ်သွားသော်လည်း ဘခက်က ရပ်မြဲအတိုင်းဆက်ရပ်နေမိသည်။ ထိုအခါ ဘခက်၏ကိုယ်ပေါ်သို့ မစင်နှင့်မိလ္လာအညစ်အကြေးရေများက တဝုန်းဝုန်းနှင့်ကျဆင်းလာကာ တကိုယ်လုံးရွဲစိုသွားလေတော့သည်။ ထိုအခါ အဆောင်အတွင်းရှိ အကျဉ်းသားများက ဘခက်အားကြည့်ကာ ဝိုင်းဝန်းရယ်မောကြသည်။

“နံလိုက်တာဗျာ၊ ဒါတွေက ဘာတွေလဲ”

“ဟား၊ ဟား တို့ဗမာအဆောင်ကိုရောက်လာတဲ့လူတိုင်းကို ဒီလိုကြိုဆိုနေကျပါကွ၊ အဲဒါ တခြားအဆောင်တွေဘက်က ကျလာတဲ့ ချေးတွေ၊ သေးတွေပဲဟေ့”

ဘခက်မှာ သူ့ကိုယ်တွင်ပေကျံနေသည့် မစင်များကိုခါချနေရလေသည်။ ဦးဘိုးတူက

“နောက်ဆိုအပေါ်က ခေါင်းလောင်းသံကြားရင်သတိထားကွ၊ အဲဒါ မိလ္လာရေတွေဖောက်ချမယ့်အချိန်ပဲ”

“ရွံ့လိုက်တာဗျာ၊ ခင်ဗျားတို့ဒီလိုပဲ နေကြတာပဲလား”

“ဒီလိုမနေလို့ ဘယ်လိုနေမလဲကွ၊ အကျဉ်းထောင်ဆိုတာက ကိုယ်နေချင်တဲ့နေရာနေလို့ရတာမှမဟုတ်ပဲကွာ”

“ဒါ ဒီကောင်တွေသက်သက်ညစ်ပတ်တာ၊ ကျုပ်တို့ဗမာတွေကို နှိမ်ထားတာပဲ”

ထိုအခန်းထဲတွင် ဘခက်အပါအဝင် အကျဉ်းသားဆယ်ဦးခန့်ရှိသည်။ အကျဉ်းသားများမှာ သူ့နေရာနှင့်သူ ခပ်လှမ်းလှမ်းတွင်နေထိုင်ကြလေသည်။ ထိုအခိုက် လှေကားအတိုင်း လူတစ်ဦးဆင်းလာသည်ကိုတွေ့ရသည်။ ထိုသူမှာလည်း အသားဖြူဖြူနှင့်ဖြစ်ကာ တောင့်တင်းသောခန္ဓာကိုယ်ရှိသည်။ အဆောင်အတွင်းသို့ရောက်သည်နှင့် ထိုလူက ဘခက်ဆီသို့လမ်းလျှောက်လာသည်။

“သြော်၊ လက်စသတ်တော့ ဒီနေ့လူသစ်ရောက်လာတာကိုး”

ထိုလူ၏ စကားပြောပုံမှာအာပေါင်အာရင်းသန်သန်နှင့်ဖြစ်သော်လည်း စကားအနည်းငယ်ဝဲနေသည်။

“ဟုတ်တယ်၊ ကျုပ်နာမည် ဘခက်”

ထိုလူက မပြောမဆိုနှင့် ဘခက်မျက်နှာအားလက်သီးနှင့်ဖြတ်ထိုးလိုက်လေသည်။ ဘခက်မှာ အာမာနီနှင့်တွေ့ပြီးကတည်းက အကျဉ်းသားများအားမယုံကြည်တော့သည်မို့ ထိုလူ၏လက်သီးကို ဘက်ဖက်လက်ဝါးဖြင့် ဖမ်းဆုပ်ကိုင်လိုက်လေသည်။ ထို့နောက် ထိုလူ၏မျက်နှာအား စေ့စေ့ကြည့်လိုက်ကာ

“ခင်ဗျား ကျုပ်ကိုဒီလောက်လွယ်မယ်များထင်နေသလား”

ထိုသို့ပြောဆိုပြီးနောက် ဘခက်က ထိုလူ၏လက်သီးအား သူ၏လက်ဖြင့် အားကုန်ညှစ်ထည့်လိုက်သည်။ ထိုလူက မျက်နှာကြီးရှုံ့မဲ့သွားပြီး နောက်ထပ်လက်တစ်ဖက်ဖြင့် ဘခက်အားထိုးနှက်ပြန်သည်။ ဘခက်က ထိုလက်သီးချက်ကိုအသာငုံ့ရှောင်ပေးလိုက်လေကာ ညာဘက်လက်ပြတ်ဖြင့််ထိုလူ၏ မျက်နှာကိုရိုက်ထည့်ပေးလိုက်သည်။ ထိုလူမှာအနောက်သို့ သုံးလေးလှမ်းခန့် ဆုတ်သွားတော့သည်။

“အောင်မာ၊ မင်းက ငါနဲ့တစ်ပွဲတစ်လမ်းစမ်းချင်တယ်ပေါ့ဟုတ်လား”

ထိုလူက သိုင်းကွက်တစ်ခုကိုဖော်လိုက်ကာ ဘခက်အား အတင်းဝင်ရောက်တိုက်ခိုက်လေသည်။ ဘခက်လည်း ထိုလူ၏ ကန်ချက်ကိုနောက်သို့ခြေတစ်လှမ်းဆုတ်ကာ ရှောင်ရှားလိုက်မိသည်။ သို့သော် သူ၏ခြေထောက်တွင်ခတ်ထားသည့် သံခြေကျင်းကြောင့် ခြေထောက်မှာအလှမ်းကျဲကျဲမလှမ်းနိုင်လေရာ ဘခက်မှာအရှိန်လွန်ပြီး အရှေ့သို့ငိုက်ကျသွားရသည်။ ထိုလူက ငိုက်ကျသွားသည့် ဘခက်၏ဇက်ပိုးအား လက်ဝါးစောင့်ဖြင့်ရိုက်ထည့်လိုက်ရာ ဘခက်မှာ ကြမ်းပြင်ပေါ်သို့မှောက်ခုံလဲကျသွားရသည်။ ထိုလူက ဘခက်၏ဦးခေါင်းကို ခြေဖဝါးဖြင့််ဖိနင်းလိုက်ကာ

“ငါ့နာမည်ထော်ကြီးတဲ့ မှတ်ထားကွ၊ ဟောဒီဗမာဆောင်မှာ ငါကဘုရင်ပဲ၊ မင်းလိုမလောက်လေး မလောက်စားကောင်ကလေးကို သတ်ပစ်လိုက်လို့ရတယ်ဆိုတာ မင်းသိထား”

ဘခက်က အံကြိတ်ကာ ထရန်ကြိုးစားသော်လည်း ထော်ကြီးက မျက်နှာအားနင်းထားသဖြင့် မထနိုင်ဘဲရှိနေလေသည်။ ဦးဘိုးတူက အနားသို့ရောက်လာကာ

“ဟေ့ကောင်ထော်ကြီး၊ တော်တော့၊ အခုမှရောက်လာတဲ့လူကို ပြဿနာမရှာနဲ့တော့”

ဦးဘိုးတူကပြောသည့်အခါမှ ထော်ကြီးက နင်းထားသည့််ခြေထောက်ကို လွှတ်ပေးလိုက်ကာ တစ်ဖက်သို့လှည့်သွားလေသည်။ ဘခက်လည်း ကြမ်းပြင်ပေါ်မှကုန်းထရင်း

“တွေ့ရတာဝမ်းသာပါတယ်ထော်ကြီး၊ ကျုပ်နဲ့တွေ့တော့မှ ခင်ဗျားနှုတ်ခမ်းလည်း နာမည်နဲ့လိုက်အောင် ထော်သွားတော့တယ်”

ထော်ကြီး၏နှုတ်ခမ်းမှာ ဘခက်၏ လက်ပြတ်ရိုက်ချက်မိသွားသဖြင့် ဖူးရောင်ကာ ထော်လန်နေသည်။ ထော်ကြီးက အလွန်ဒေါသထွက်ကာ တစ်ဖက်သို့ပြန်လှည့်လာခဲ့သည်မို့ ဦးဘိုးတူက ကြားဝင်လိုက်ရသည်။

“ဘခက်တော်စမ်းကွာ၊ မင်းပါးစပ်ကိုပိတ်ထားလိုက်တော့”

ဦးဘိုးတူက ထော်ကြီး၏ ရင်ဘတ်ကိုလက်ဖြင့်တားလျှက်

“ထော်ကြီး၊ မင်းလည်းစိတ်လျှော့၊ ဒီအကြောင်းကို ထောင်ဝါဒါတွေသိသွားရင် မကောင်းဘူးနော်”

ထော်ကြီးမှာ တောက်တစ်ချက်ခေါက်ပြီးနောက် လှေကားအတိုင်းပြန်တက်သွားလေသည်။ ဦးဘိုးတူက ဘခက်အားဆွဲထူပြီးနောက်

“လာလာ ဘခက်၊ မင်းအတွက် ငါနေရာတစ်နေရာပေးမယ်၊ လောလောဆယ်တော့ မင်းငါ့ဘေးမှာပဲနေ”

ဦးဘိုးတူက ကောက်ရိုးများဖြင့်ပြင်ဆင်ထားသည့် အိပ်ရာနံဘေးတွင် ကောက်ရိုးများကိုထပ်ခင်းလိုက်ပြီးနောက် အပေါ်မှဖျင်ကြမ်းစကြီးတစ်စကို လွှမ်းခြုံပေးလိုက်သည်။ အချိန်ခဏလေးအတွင်းမှာပင် ကောက်ရိုးနှင့်ပြုလုပ်ထားသည့် အိပ်ရာတစ်ခုဖြစ်သွားတော့သည်။

“ဒါအိပ်ရာလားဗျာ”

“ဒီမှာဘခက်၊ ဟောဒီထောင်ကြီးအထဲမှာ ခြောက်ခြောက်သွေ့သွေ့ကောက်ရိုးက ဘယ်လောက်အဖိုးတန်သလဲဆိုတာ မင်းသိထားဖို့ကောင်းတယ်”

ဘခက်လည်း သူ့အတွက်ပြင်ဆင်ပေးထာသည့် အိပ်ရာတွင်ထိုင်ချလိုက်မိသည်။ အိပ်ရာခေါင်းရင်းဘက်တွင်ရှိသည့် ကျောက်နံရံကြိးကို ကျောဖြင့်မှီလိုက်ကာ အသက်၀၀ရှူနေမိသည်။ ထိုအခိုက် ဦးဘိုးတူက ဘခက်ထံသို့ အလွန်ညစ်ထေးစုတ်ပြတ်နေသည့် အဝတ်စများကိုပစ်ပေးလိုက်ပြီးနောက်

“ဒီအဝတ်တွေလဲထားလိုက်”

“ဒီလောက်ညစ်ပတ်နေတဲ့ဟာက အဝတ်တဲ့လားဗျာ”

“ချေးပေနေတဲ့ မင်းရဲ့အဝတ်တွေထက်စာရင် ဒီအဝတ်တွေက သန့်သေးတာပေါ့ကွ”

ဘခက်တစ်ယောက် ဘာမှမပြောတော့ဘဲ အဝတ်အစားများကိုလဲဝတ်လိုက်မိသည်။

“ဒါနဲ့ မင်းကဘာအမှုနဲ့ကျလာတာလဲ”

“လူယုတ်မာတစ်ယောက်ကိုသတ်တဲ့အမှုနဲ့ကျလာတာ၊ ခင်ဗျားကရော”

“ငါကတော့ ကုလားဖြူတစ်ကောင်ကို သတ်ဖို့ကြိုးစားရာကနေ ထောင်ကျလာခဲ့တာပဲ”

ဘခက်မှာ ဦးဘိုးတူအပြောကို စိတ်ဝင်စားသွားပြီး

“အင်္ဂလိပ် ကုလားဖြူကိုတောင် သတ်ဖို့လုပ်ခဲ့တယ်တဲ့လားဗျာ၊ ခင်ဗျားတော်တော်သတ္တိရှိတာပဲ”

ဦးဘိုးတူက ထောင်နံရံကြီးအားငေးကြည့်လျှက်

“ဒီလိုကွ၊ ငါတို့တွေက သံတောင်လို့ခေါ်တဲ့ တောင်ကြီးတစ်တောင်ပေါ်မှာနေထိုင်ကျတဲ့ ကရင်တွေပဲ၊ ငါကတော့ ငါတို့ရွာကလေးရဲ့ ဖထီးပေါ့ကွာ၊ တို့ဟာတို့ အေးအေးဆေးဆေးတောင်ယာလုပ်ကိုင်စားသောက်နေတဲ့အချိန်မှာ အင်္ဂလိပ်ကိုလိုနီတွေရဲ့ လက်ပါးစေတွေရောက်လာကြတယ်၊ ငါတို့ကို အခွန်အတုတ်တွေ အတင်းကြပ်ကောက်တော့တယ်”

“ဒါနဲ့ပဲ ခင်ဗျားသတ်လိုက်တာလားဗျာ”

“ငါတို့က ရိုးရိုးသားသားနေတဲ့လူတွေပါကွ၊ အေးအေးချမ်းချမ်းပဲနေချင်ကြတာ၊ ဒါနဲ့ အခွန်တွေပေးမယ်လို့ကတိပေးလိုက်ပြီးတော့ အခွန်ကောက်သူတွေမလာခင်မှာ ငါတို့ရွာကလေးကိုတောင်ကြားထဲကိုရွှေ့ပြောင်းပြီး ပုန်းအောင်းနေထိုင်ခဲ့တယ်၊ အင်္ဂလိပ်အစိုးရရဲ့လူတွေလည်း ငါတို့ကိုတော်တော်ဒေါသထွက်သွားပုံရတယ်ကွ၊ ဒါနဲ့ ငါ့ကိုဝရမ်းပြေးဆိုပြီး ဖမ်းမိန့််ထုတ်ထားတာကို ငါကမသိလိုက်ဘူး”

“အမဲလိုက်ရင်း သားကောင်ကြီးကြီးရတဲ့အခါ တောင်ငူမြို့ကိုဆင်းရောင်းရတယ်ကွ၊ သားကောင်တွေရဲ့ ဦးခေါင်းတွေ၊ ဦးချိုတွေကို ဈေးကောင်းပေးဝယ်တဲ့လူတွေရှိတယ် မြို့အုပ်၊ မြို့ပိုင်တွေ အရေးပိုင်တွေပေါ့ကွာ၊ ဒါနဲ့ ငါတို့သားအဖ သမင်ချိုကြီးသွားရောင်းတဲ့အခါ တောင်ငူအရေးပိုင်က ဝရမ်းပြေးတွေဆိုပြီးဖမ်းတော့တာပဲ၊ ငါ့သားက ထွက်ပြေးတော့ ငါ့သားကိုသေနတ်နဲ့ပစ်သတ်လိုက်ကြတယ်ကွာ၊ ငါလည်းမနေနိုင်တော့တာနဲ့ တောင်ငူအရေးပိုင်ကို လက်ထဲကိုင်ထားတဲ့ဓါးနဲ့ပြေးခုတ်တာ အရေးပိုင်မင်းလက်ကိုပဲခုတ်မိပြီးတော့ ငါ့ကိုဖမ်းဆီးပြီး တစ်ကျွန်းဒဏ်ချလိုက်ပါရော”

“တော်တော်မတရားလိုက်တာဗျာ”

“တရားတယ်မတရားဘူးဆိုတာ ပြောခွင့်မှမရှိတာပဲကွ၊ ငါတို့က သူ့လက်ခုပ်ထဲက ရေပဲကိုးကွ”

“ဒါနဲ့ ဦးဘိုးတူက စကားတော့အတော်ပြောတတ်တယ်နော်”

“ဒါက ဒီထောင်ကြီးကပဲ သင်ပေးတာပေါ့ကွာ၊ ငါထောင်ကျနေတာ အနှစ်နှစ်ဆယ်ကျော်ပြီကွ၊ ကုလားတွေနဲ့ဆက်ဆံရင်း ကုလားစကားတတ်တယ်၊ တရုတ်တွေနဲ့ပြောဆိုရင်း တရုတ်စကားကိုပြောတတ်သွားတာပေါ့ကွ၊ အင်္ဂလိပ်အာဏာပိုင်တွေနဲ့ ပြောဆိုရင်း အင်္ဂလိပ်စာလည်း မတောက်တခေါက်တတ်သွားတယ်ကွ၊ ဒီထောင်ကြီးမှာ စာတတ်ပေတတ်တဲ့လူတွေဆိုရင် ပြန်ပြီးအမှုထမ်းခိုင်းတာမျိုးရှိတော့ ငါ့ကို ထောင်စာရေးရာထူးပေးထားတယ်၊ အခုဆိုရင် ငါထောင်စာရေးလုပ်တာ ခြောက်နှစ်ကျော်ပြီကွ၊ အင်္ဂလိပ်စာကိုဆိုရင်လည်း အတော်ရေးတတ်၊ ပြောတတ်နေပြီပေါ့”

“ဒါကြောင့်ကိုးဗျ၊ ဒါကြောင့် အာမာနီတို့၊ ခုနက ထော်ကြီးတို့က ခင်ဗျားပြောရင် ပျော့သွားတာကိုး”

“ဒါပေါ့ကွာ၊ ဒီကောင်တွေက စာမတတ်ဘူးလေ၊ ဒီတော့ ထောင်ရုံးကိုငါက ဝင်ထွက်နေတဲ့လူဆိုတော့ ငါတစ်ခုခုပြောလိုက်မှာကို ဒီကောင်တွေကြောက်ပုံရတယ်ကွ၊ ကဲပါ၊ မင်းလည်းနားလိုက်တော့ တစ်ရက်လုံး သင်္ဘောစီးလာရတာဆိုတော့ ညောင်းညာနေမှာပဲ၊ မကြာခင် နေ့လည်စာ စားချိန်ရောက်လာလိမ့်မယ်၊ ဒီအခါတော့ ထစားပေါ့ကွာ”

ဘခက်တစ်ယောက် ခေါင်းညိတ်ပြီး လှဲအိပ်လိုက်တော့သည်။ ပျက်စီးနေသည့် အဆောင်တစ်ခြမ်းဘက်မှ လေအေးများကဝင်ရောက်နေသည်မို့ လေတဖြူးဖြူးနှင့်အိပ်ပျော်သွားမိသည်။

(၃)

“တောင်၊ တောင်၊ တောင်”

သံတိုင်ကိုခေါက်နေသည့်အသံကြားသည့်အခါမှ ဘခက်လန့််နိုးသွားသည်။ ထိုအခါ အကျဉ်းသားများမှာ သစ်သားပန်းကန်ခွက်ယောက်များ၊ အုန်းမှုတ်ခွက်များကို ကိုင်ဆောင်ကာ အဆောင်ပေါ်တက်သည့်လှေကားအတိုင်း တက်သွားကြလေသည်။ ဘခက်လည်း ဗိုက်ဆာနေပြီဖြစ်သဖြင့် လိုက်တက်လာခဲ့မိသည်။ အဆောင်အပေါ်ရောက်သည့်အခါ နို့ဆီဗူးသဏ္ဍာန် သတ္တုအိုးရှည်ကြီးများကိုတင်ဆောင်ထားသည့် လှည်းကြီးနှစ်ခုကိုတွေ့ရသည်။ ထိုလှည်းကြီးအတွင်းတွင်တော့ ထမင်းများနှင့် ပဲဟင်းရည်ကဲ့သို့ ပျစ်ချွဲချွဲဟင်းရည်ကိုတွေ့ရသည်။ သို့သော် အိုးကြီးများတွင်အပြည့်မရှိတော့ဘဲ အကပ်အသပ်သာရှိတော့သည်။

ဦးဘိုးတူက ထိုအိုးကြီးအနီးတွင် မတ်တပ်ရပ်လိုက်ပြီးနောက်

“ကဲ အားလုံးတန်းစီကြ”

အကျဉ်းသားများမှာ တန်းစီလိုက်ကြသည်။ ထိုအချိန်တွင် သတ္တုဒန်အိုးအဟောင်းကြီးတစ်ခုကိုကိုင်ဆောင်လာသည့် ထော်ကြီးမှာ တန်းစီနေသည့် လူများကိုဖြတ်ကျော်ကာ အရှေ့ဆုံးသို့ရောက်လာသည်။ ဦးဘိုးတူကအရှေ့တွင် သူ့ဒန်အိုးကြီးကို ထိုးပေးလိုက်လေရာ ဦးဘိုးတူက ထမင်းများကိုခပ်ထည့်ပေးလိုက်ပြီး ဟင်းရည်များကိုဆမ်းပေးလိုက်သည်။ ထော်ကြီးက ဦးဘိုးတူအား မကျေနပ်သည့်အကြည့်နှင့်ကြည့်ရင်း

“ဟေ့လူ၊ ဒီလောက်ပဲလား”

ဦးဘိုးတူလည်း မျက်နှာပျက်သွားပြီးနောက် ထမင်းနှင့််ဟင်းများကိုခပ်ထည့်ပေးလိုက်သည်။ ဒန်အိုးကြီးအပြည့်နီးပါး ရသွားသည့်အခါမှ ထော်ကြီးက အခန်းအတွင်းပြန်ဝင်သွားတော့သည်။ ဦးဘိုးတူမှာ ကျန်သည့်ထမင်းနှင့် ဟင်းများကို အကျဉ်းသားများအား မျှဝေပေးနေသည်။ နဂိုကတည်းကမှ အကပ်အသပ်သာရသည့်စားစရာများကို ထော်ကြီးက တစ်အိုးကြီးခပ်ချသွားသဖြင့် အကျဉ်းသားများမှာ မဝရေစာသာရကြသည်။ နောက်ဆုံး ဘခက်အလှည့်ရောက်သည့်အခါ ထမင်းက တစ်လုပ်စာပင်မရှိတော့၊ ဟင်းရည်များမှာလည်း အကုန်ပြောင်စင်အောင်ခပ်သွားကြသဖြင့် ဘာမှပင်မကျန်တော့ပေ။ ဦးဘိုးတူက ထမင်းလက်တစ်ဆုပ်စာခန့်ကို လုံးယူလိုက်ကာ ဟင်းရည်အိုးတွင်ကပ်၍ ပွတ်တိုက်နေလေသည်။ ထို့နောက် ထိုထမင်းလုံးကို ကြည့်လိုက်ကာ

“ကဲ ဘခက်ရေ၊ မင်းနဲ့ငါ့အတွက် ဒီတစ်လုံးပဲကျန်တော့တယ်”

“အဓိပ္ပါယ်မရှိတာဗျာ၊ ဟိုကောင် ထော်ကြီးကျတော့ တစ်အိုးရသွားတယ်မဟုတ်လား၊ အမှန်ဆိုရင် အကျဉ်းသားအချင်းချင်း မျှမျှတတတော့ စားသောက်သင့်တာပေါ့”

“ဒီထမင်းတွေဟင်းတွေက ဟိုးအဆောင်တွေအဆင့်ဆင့်ကိုဖြတ်ပြီး ကျန်ခဲ့တဲ့ထမင်းတွေကွ၊ ငါတို့အဆောင်က နောက်ဆုံးဆိုတော့ ကုလားတွေ၊ တရုတ်တွေစားလို့ကျန်တဲ့အကပ်အသပ်ပဲရတာပေါ့၊ ထော်ကြီးကိုလည်း မပေးလို့မရဘူးလေ၊ ငါကဘယ်လိုပဲ အာဏာပိုင်တွေနဲ့ခင်တယ်ပြောပြော သူ့ကိုမနိုင်ဘူးမဟုတ်လား၊ သူက စိတ်မထင်ရင်မထင်သလို ငါ့ကိုလုပ်မှာလည်းစိုးရသေးတယ်၊ နီးရာဓါး ကြောက်ရတယ်ဆိုတာပေါ့ကွာ”

“ဒီထမင်းတစ်လုပ်နဲ့ ကျုပ်တို့ဘယ်လိုစားမလဲဗျ၊ ခင်ဗျားသာစားလိုက်ပါ ဦးဘိုးတူရာ”

ဦးဘိုးတူက ထမင်းလုပ်ကိုယူပြီးသည့်အခါ ထမင်းလာပို့သည့် ထောင်အာဏာပိုင်က တွန်းလှည်းကြီးကိုပြန်တွန်းသွားလေတော့သည်။

“မင်းသာစားပါကွာ၊ ငါက ရုံးခန်းကိုဝင်ထွက်နေတဲ့လူဆိုတော့ စားရသောက်ရပါတယ်ကွ”

ဦးဘိုးတူမှာ ထိုထမင်းတုံးကိုလှမ်းပေးသဖြင့် ဘခက်က ကိုက်ဝါးမိလိုက်သည်။ ထမင်းမှာအလွန်အောက်သိုးသည့်အနံ့များထွက်ပေါ်နေကာ၊ ဟင်းရည်များမှာလည်း အော်ဂလီဆန်ဖွယ်အရသာကြီးဖြစ်သည်။

“ဆိုးလိုက်တာဗျာ၊ ကျုပ်တစ်သက်စားဖူးသမျှထဲမှာ ဒီတစ်ခါ အဆိုးဆုံးပဲဗျ”

“အစမို့ပါကွာ၊ နောက်ဆိုရင် ဒီထမင်းနဲ့ဟင်းက နတ်သုဒ္ဓါလိုအရသာရှိတဲ့ဟာမျိုးလို့ မင်းထင်သွားလိမ့်မယ်ဟေ့”

ဦးဘိုးတူမှာ ထမင်းပို့သည့်လူနှင့်လိုက်သွားလေရာ ဘခက်တစ်ယောက်တည်း အဆောင်သို့ပြန်ဆင်းလာခဲ့သည်။ မွန်ကြီးမှာ အဆောင်ထိပ်တွင်နေထိုင်ကာ ဒန်အိုးကြီးအတွင်းမှ ထမင်းနှင့်ဟင်းများအား လက်နှင့်ဆုပ်ကိုင်ကာ အားရပါးရစားသောက်နေလေသည်။ အခြားအကျဉ်းသားများမှာတော့ မဝရေစာထမင်းအား မြိန်ရေရှက်ရေစားသောက်နေကြသည်။ ထိုအခိုက် အကျဉ်းသားတစ်ဦးမှာ ပျော်ရွှင်စွာဖြင့် ထအော်လေသည်။

“ဟေ၊ ငါကံကောင်းတယ်၊ ငါကံကောင်းတယ်၊ ငါ့ဟင်းထဲမှာ အသားပါသကွ”

အကျဉ်းသားများအားလုံး ထိုလူကိုကြည့်လိုက်ကြသည်။ ထိုလူက သူစားသည့်အုန်းမှုတ်ခွက်အတွင်းမှ လက်ညှိုးအရွယ်ခန့်ရှိသည့် ပေါက်ဖတ်ခူကောင်ကြီးတစ်ကောင်ကို ဆွဲမြှောက်ကာပြသလိုက်လေသည်။ အခြားအကျဉ်းသားများမှာ ထိုလူအားကြည့်ကာ

“အသီးအရွက်ထဲက ပါလာတာဖြစ်မှာဟ”

“ဟုတ်ပါ့၊ ငါတို့က ကံမွဲပါတယ်ကွာ၊ တစ်လနေလို့ ခူကောင်တစ်ကောင်တောင်မပါဘူး”

ခူကောင်ရသည့်လူမှာ ခူကောင်ကြီးအားပါးစပ်အတွင်းပစ်ထည့်လိုက်ကာ ပျော်ရွှင်စွာနှင့်ကိုက်ဝါးနေတော့သည်။ ဘခက်မှာ ထိုအကျဉ်းသားများကိုကြည့်ကာ အကျဉ်းထောင်အုပ်ချုပ်သူများအပေါ် ဒေါသထွက်နေမိတော့သည်။

ဘခက်ပြောသမျှ နားထောင်နေသည့် ဝီလျံမှာ အလွန်စက်ဆုပ်ရွံရှာသည့် မျက်နှာပေးနှင့် ဝိုင်ခွက်ကိုကောက်သောက်လိုက်သည်။

“မောင်မင်းပြောတာ ဖြစ်နိုင်ပါ့မလား၊ ကျုပ်သိသလောက်တော့ အင်္ဂလိပ်အစိုးရက ထောင်သားတွေကောင်းကောင်းမွန်မွန်စားသောက်နိုင်အောင်လို့ ဘက်ဂျက်တွေချပေးထားပါတယ်”

“မယုံဘူးဆိုရင် ခင်ဗျားပို့ဘလဲယားကို တစ်ခေါက်လောက်သွားလည်ကြည့်ပါလား မစ္စတာဝီလျံ၊ အင်္ဂလိပ်အစိုးရက ဘတ်ဂျက်တွေချပေးတယ်ဆိုပေမယ့် ထောင်ပိုင်နဲ့ထောင်အာဏာပိုင်အဆင့်ဆင့်က အဲဒီဘတ်ဂျက်တွေကို အလွဲသုံးစားလုပ်တယ်၊ ချပေးထားတဲ့ငွေရဲ့ ဆယ်ပုံပုံရင် တစ်ပုံတောင်မရှိတဲ့ ငွေပမာဏလောက်နဲ့ ထောင်သားတွေကို ကျွေးမွေးတယ်၊ ပြီးတော့ သူတို့က အဲဒီဘတ်ဂျက်တွေကိုဖြတ်စားလဘ်စားလုပ်ပြီး ကြီးပွားချမ်းသာနေကြတယ်ဆိုတာ ဦးဘိုးတူပြောပြလို့ ကျုပ်သိခဲ့ရတယ်”

ထိုတော့မှ ဝီလျံက ခေါင်းညိတ်တော့သည်။

“အကျင့်ပျက်ခြစားတာတွေရှိတယ်ဆိုတာတော့ ကျုပ်လက်ခံပါတယ်၊ ကျုပ်တို့အသိထဲက ထောင်ပိုင်ကြီးဆိုရင် သူဌေးဖြစ်နေတာပဲမဟုတ်လား”

“တခြားနေရာမှာ အကျင့်ပျက်တယ်ဆိုရင်တောင်မှ အဲဒီကျွန်းမှာက ပိုပြီးအကျင့်ပျက်တယ်၊ လူတိုင်းက ခြစားနေကြတယ်၊ တကယ်တော့ အဲဒီနေရာက ခြကောင်တွေချည်းနေထိုင်တဲ့ ခြတောင်ပို့ကြီးတစ်ခုလိုပဲ”

“ကဲပါ၊ အဲဒါတွေထားလိုက်ပါ၊ ဒါနဲ့ တခြားအကြောင်းတွေဆက်ပြောပါအုံး”

“ခင်ဗျားက ဘယ်အကြောင်းနားထောင်ချင်လို့လဲ”

“ငါကြားဖူးတာက တစ်ကျွန်းကျတဲ့လူတွေ ဆော့ကစားတဲ့ဂိမ်းတစ်ခုရှိတယ်လို့ ကြားဖူးတယ်၊ အဲဒါတကယ်ရှိသလား”

ဘခက်က ခေါင်းညိတ်ပြီး

“ရှိတာပေါ့ သိပ်ရှိတာပေါ့ဗျာ၊ အဲဒီဂိမ်းကို တော်ဝင်ဂိမ်းလို့ခေါ်ကြတယ်ဗျ”

ဝီလျံလော့ခ်ဟတ်မှာ မျက်လုံးများအရောင်လက်သွားရင်း

“တော်ဝင်ဂိမ်း၊ ဟုတ်တယ်၊ နာမည်က အဲဒီလိုပဲ၊ ဒီအကြောင်းကို မင်းသိသလား ဘခက်”

“သိတာပေါ့၊ သိဆို ကျုပ်ကိုယ်တိုင် အဲဒီဂိမ်းထဲမှာ ဝင်ပြီးဆော့ကစားဖူးတယ်”

ထိုအခိုက် အိမ်တော်ထိန်းများက စားပွဲဝိုင်းပေါ်ရှိစားသောက်ဖွယ်ရာများကို သိမ်းဆည်းလိုက်ကြပြီးနောက် အချိုပွဲပန်းကန်များကိုပြင်ဆင်ပေးကြလေသည်။ ဘခက်အရှေ့တွင် ပူတင်းတုံးကြီးတစ်ခုကိုချပေးလိုက်ကာ ထိုပူတင်းအပေါ်တွင် သကာရည်များကို လောင်းချပေးလိုက်သည်။

ဝီလျံလော့ခ်ဟတ်က

“ကဲ ဒါဖြင့်ရင် ဆက်ပြောကြရအောင်၊ ပူတင်းသုံးဆောင်ပါအုံး ဘခက်”

ဘခက်က စားပွဲခုံမှထရပ်လိုက်ကာ

“တော်ပြီ၊ ဒီနေ့အဖို့တော့ ကျုုပ်အာညောင်းနေပြီ နောက်တော့မှ ပြောကြတာပေါ့”

“ကောင်းပြီလေ၊ မောင်မင်းလည်း ပင်ပန်းနေလောက်ပြီပေါ့၊ သွားအနားယူလိုက်ပါ”

ဘခက်ထွက်သွားရန်ပြင်လိုက်သည့်အခါ ဝီလျံက

“ဒါနဲ့ဆိုဖီ၊ သမီးလည်း ညစာမစားပါလား၊ သူဆာနေအုံးမယ်၊ သူ့ကိုညစာသွားပို့ပေးလိုက်ပါ”

“မဟုတ်တာပဲ၊ ကျုပ်လမ်းကြုံတယ်၊ ကျုပ်ပို့ပေးလိုက်ပါ့မယ်”

ဘခက်ပြောသဖြင့် ဆိုဖီနှင့် ဝီလျံနှစ်ယောက်စလုံးခေါင်းညိတ်လိုက်ကြသည်။ ဆိုဖီက ဘခက်လက်အတွင်းသို့ ငွေလင်ပန်းနှင့်ထည့််ထားသည့် ကွတ်ကီးများနှင့် လက်ဖက်ရည်ကရားကို ပေးအပ်လိုက်ရာ ဘခက်လည်း ထိုလင်ပန်းကို လက်တစ်ဖက်ဖြင့်ကိုင်လျှက် အိမ်အပေါ်ထပ်သို့တက်လာခဲ့လိုက်တော့သည်။

ဘခက်က မနှင်းဆီ၏အခန်းတံခါးအား လက်ပြတ်ဖြင့် ခပ်သာသာကလေးခေါက်လိုက်လေသည်။ သို့သော်လည်း အတွင်းမှ တုံ့ပြန်သံကိုမကြားရသည့််အတွက် အသံခပ်အုပ်အုပ်ဖြင့်ခေါ်လိုက်လေသည်။

“မနှင်းဆီ၊ ကျုပ်ပါ၊ တံခါးဖွင့်ပေးပါ”

ထိုအခါမှ အခန်းတံခါးမှာ ကျွီခနဲပွင့်ထွက်သွားတော့သည်။ ဘခက်လည်းအခန်းအတွင်းသို့ ဝင်ခဲ့ရာ မနှင်းဆီမှာ အနက်ရောင်ဝတ်စုံတစ်ကိုဝတ်ဆင်ထားလေသည်။

“မင်းဘာလုပ်မလို့လဲ မနှင်းဆီ”

“ဘာလုပ်ရမလဲ၊ ကျွန်မလုပ်နေကျအလုပ်ကို အကောင်အထည်ဖော်ဖို့ပေါ့”

“မဟုတ်မှလွဲရော၊ မင်း ဟိုလန်ကတ်စတာလို့ခေါ်တဲ့ကောင်ရဲ့ အိမ်ကိုသွားမလို့လား”

မနှင်းဆီက တစ်ချက်ပြုံးလိုက်ကာ

“ရှင်က ပါးနပ်သားပဲ ကိုဘခက်၊ ကျွန်မကိုစော်ကားခဲ့တဲ့လူတစ်ယောက်ကို ကျွန်မက ဘယ်နည်းနဲ့မှ ခွင့်လွှတ်နိုင်စရာအကြောင်းမရှိဘူး”

ဘခက်က လက်ထဲမှ လင်ပန်းအား စားပွဲခုံတစ်ခုအပေါ်သို့ချလိုက်ပြီး

“မဟုတ်သေးဘူးမနှင်းဆီ၊ ဘာပဲဖြစ်ဖြစ်အခုအချိန်မှာ မလှုပ်ရှားတာအကောင်းဆုံးပဲ၊ သိရသလောက်ဆိုရင် လန်ကတ်စတာမျိုးဆက်တွေဆိုတာ တော်ဝင်မျိုးနွယ်တွေနဲ့ပတ်သက်နေတဲ့သူတွေပဲ၊ သူတို့ရောက်နေတဲ့အတွက် အင်္ဂလိပ်အစိုးရက မြို့ထဲမှာ လုံခြုံရေးတွေတင်းကြပ်ထားမှာအမှန်ပဲ”

“ကျွန်မကိုဘယ်သူမှ ဖမ်းနိုင်မှာမဟုတ်ပါဘူးရှင်”

“ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာကတော့ ကောင်းပါတယ်မနှင်းဆီ၊ ဒါပေမယ့် ယုံကြည်မှုလွန်သွားရင်တော့မကောင်းဘူး”

“ရှင်ဘယ်လိုပြောပြော ကျွန်မက ဒီကိစ္စကိုလုပ်မယ်လို့ဆုံးဖြတ်ပြီးပါပြီ၊ ဒါကြောင့် ရှင်ကျွန်မကိုနားချနေလို့လဲ အပိုပါပဲ”

မနှင်းဆီက ပိတ်စဖြင့်ချုပ်လုပ်ထားသည့် မျက်နှာဖုံးတစ်ခုကိုကောက်စွပ်လိုက်သည့်အခါ မည်သူမည်ဝါမှန်းသိနိုင်အောင်ကိုပင် ခွဲခြားရန်ခက်သွားတော့သည်။ ထိုမျက်နှာဖုံးမှာလည်း မျက်လုံးပေါက်နှစ်ပေါက်သာ ဖောက်ထားကာ မျက်နှာတစ်ခုလုံးကို အုပ်ဆိုင်းထားနိုင်လေသည်။ မနှင်းဆီက အိပ်ခန်းပြတင်းပေါက်ကိုဖွင့်လိုက်ပြီး ပြတင်းပေါက်ဘောင်တွင် မတ်တပ်ရပ်လိုက်လေသည်။ ထို့နောက် အသက်တစ်ချက်ပြင်းပြင်းရှုသွင်းလိုက်ကာ ကြောင်တစ်ကောင်နှယ်ပြတင်းပေါက်မှ ခုန်ဆင်းသွားတော့သည်။

“မနှင်းဆီ၊ မနှင်းဆီ မင်းက ပြောရသိပ်ခက်တဲ့မိန်းကလေးပါလား”

ဘခက်က ပြောဆိုလိုက်ပြီးနောက် အိပ်ခန်းအတွင်းမှပြန်ထွက်လာခဲ့သည်။ ဧည့်ခန်းတွင်ထိုင်နေသည့်် မစ္စတာဝီလျံက ဘခက်အားမြင်တွေ့သည့်အခါ

“ဘယ်လိုလဲ မောင်ဘခက်၊ ရိုစီနဲ့တွေ့ခဲ့ရဲ့လား”

“တွေ့ခဲ့ပါတယ်”

“ဒါဖြင့်ရင် သူကွတ်ကီးတွေရောစားရဲ့လား”

“စားပါတယ် မစ္စတာဝီလျံ၊ ခင်ဗျားစိတ်မပူပါနဲ့၊ ဒါနဲ့ အဝတ်အစားကောင်းတွေဝတ်စားထားပုံထောက်တော့ ဒီအချိန်ကြီး ဘယ်သွားမလို့လဲဗျ”

“လန်ကတ်စတာရဲတိုက်ဆီကိုသွားမလို့”

“ဗျာ၊ ဘာ . . . ဘာဖြစ်လို့လဲ”

“ရိုစီတစ်ယောက် လန်ကတ်စတာ စမစ်ကို စော်ကားခဲ့တယ်ဆိုတာ ကောင်းတဲ့ကိစ္စတစ်ခုတော့မဟုတ်ဘူးမောင်ဘခက်၊ ရိုင်းပြခဲ့တဲ့ သမီးအတွက် သူ့ဆီကိုသွားပြီး ဖခင်တစ်ယောက်အနေနဲ့သွားတောင်းပန်ရမယ်”

မစ္စတာဝီလျံက ဦးထုပ်တစ်လုံးကိုဆောင်းလိုက်ကာ ထွက်ခွာရန်ပြင်ဆင်နေသည်မို့

“ခင်ဗျားသွားရင် ကျုပ်ပါလိုက်မယ် မစ္စတာ၊ ညနက်နေပြီဆိုတော့ ဒီအချိန်သွားလာတာ အန္တရာယ်များတယ်”

မစ္စတာဝီလျံက ခေါင်းညိတ်လိုက်ကာ လမ်းလျှောက်တုတ်ကောက်ကိုဆွဲယူလိုက်ပြီး

“ကောင်းပါပြီမောင်ဘခက်၊ မင်းငါနဲ့အတူတူလိုက်ခဲ့ပါ”

အိမ်ရှေ့တွင် ဒေါက်ကပ်မြင်းလှည်းကြီးက ရပ်တန့်လိုက်သည့်အခါ မစ္စတာဝီလျံနှင့် ဘခက်တို့နှစ်ဦးသား မြင်းလှည်းကြီးပေါ်သို့တက်လိုက်ကြသည်။ မြင်းလှည်းကြီးက အရှိန်အဟုန်ဖြင့် ဘိုးလိန်းလမ်းအတိုင်း မောင်းနှင်ထွက်သွားတော့သည်။ ထိုခေတ်က မော်တော်ကားများပေါ်ပေါက်နေပြီဆိုသော်လည်း လူအတော်များများမှာ လှည်းအိမ်ကြီးများပါဝင်သည့် မြင်းလှည်းကြီးများကိုသာ အသုံးများကြလေသည်။