အတွဲ(၂) စာစဉ်(၅)
(၁)
အိပ်ပျော်နေသည့် မနှင်းဆီကို ဘခက်ကဆွဲကိုင်လှုပ်နိုးလိုက်လေသည်။ သို့သော် မနှင်းဆီမှာ ဘခက်လက်အတွင်းပျော့ခွေကျလျက်ရှိကာ မနှင်းဆီ၏ အသားအရေများမှာလည်း မီးကျီးခဲတမျှ ခြစ်ခြစ်တောက်ပူလျှက်ရှိသည်။
“ဟာ၊ မနှင်းဆီ၊ မနှင်းဆီ သတိထားပါအုံးဗျာ”
ဘခက်မည်သို့ခေါ်ခေါ် မနှင်းဆီက မနိုးတော့ပေ၊ ပါးစပ်မှာလည်း ကယောင်ကတမ်းများရေရွတ်နေလေသည်။ ယမန်နေ့ညက လူဆိုးထိန်းဘသိန်းပစ်ခတ်လိုက်သည့် သေနတ်ကျည်ဆန်မှာ မနှင်းဆီ၏ ဘယ်ဘက်ပုခုံးကို ထိုးဖောက်ကာ ဝင်ရောက်ထားသည်မို့ ထိုအနာရှိန်ကြောင့် ယခုကဲ့သို့အဖျားတက်နေရခြင်းဖြစ်မည်ဟု ဘခက်ကသိလိုက်လေသည်။
“ဒုက္ခပါပဲ မနှင်းဆီရာ အိမ်အောက်မှာ ဘသိန်းရောက်နေပြီဗျ၊ ကြည့်ရတာ ကျုပ်တို့ကိုမသင်္ကာလို့ လာရှာတာဖြစ်မှာ၊ ခင်ဗျားကိုသာ တွေ့သွားရင်တော့ အားလုံးပွဲသိမ်းသွားပြီပဲ”
ဘခက်မှာရေရွတ်ရင်း အခန်းအတွင်းပြန့်ကျဲနေသည့် သွေးစသွေးနများပေနေသည့် ဂွမ်းထုပ်များ၊ ပတ်တီးစများကို လိုက်လံသိမ်းဆည်းနေမိသည်။
(၂)
ဝီလျံလော့ဟတ်ဒ်တစ်ယောက် အိမ်ရှေ့ဧည့်ခန်းဆီသို့ထွက်လာခဲ့လေရာ ဧည့်ခန်းရှိ သားရေဆိုဖာခုံပေါ်တွင် ကျကျနနထိုင်နေသည့် လူနှစ်ဦးကိုတွေ့လိုက်ရသည်။ မစ္စတာဝီလျံလာသည့်အခါ ထိုလူများက မတ်တပ်ရပ်လိုက်ကြလေသည်။
“မောင်ရင်တို့ ဘာကိစ္စနဲ့များရောက်လာပါလိမ့်”
မစ္စတာဝီလျံ ကမေးလိုက်သည့်အခါ ပုလိပ်အရာရှိဝတ်စုံဝတ်ထားသည့်လူက
“ကျုပ်က ပုစွန်တောင်ဂတ်က ဂတ်ဗိုလ်မင်းကြီး တယ်ရီပါ”
“ဟုတ်ကဲ့၊ ဂတ်ဗိုလ်မင်းကြီးအကြောင်း ကြားဖူးတာတော့ကြာပါပြီ”
မစ္စတာဝီလျံနှင့် ဂတ်ဗိုလ်မင်းကြီးတယ်ရီတို့မှာ တစ်ဦးနှင့်တစ်ဦးလက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ ထို့နောက်မှ လူဆိုးထိန်းဘသိန်းက မစ္စတာဝီလျံဆီသို့လက်ကမ်းပေးရင်း
“ကျုပ်ကတော့ ပုစွန်တောင်ဂတ်က လူဆိုးထိန်းပါ နာမည်ကတော့ ဘသိန်းလို့ခေါ်ပါတယ်”
မစ္စတာဝီလျံမှာ အလွန်အံ့သြသောမျက်နှာပေးနှင့်
“ဘသိန်း၊ လူဆိုးထိန်းဘသိန်းဆိုတာ တကယ်ပဲမင်းပဲကိုး၊ မင်းရဲ့အကြောင်းတွေကိုတော့ တို့အင်္ဂလိပ်လူမျိုးတွေရဲ့ပါးစပ်ဖျားမှာ မကြာခဏကြားဖူးပါတယ်၊ မင်းက ပုစွန်တောင်ဂတ်ကဆိုပေမယ့် ဟောဒီရန်ကုန်တစ်မြို့လုံးက လူဆိုးလူမိုက်တွေအကြောင်းကို ထုံးလိုချေရေလိုနှောက်အောင် နှံ့နှံ့စပ်စပ်သိတယ်ဆိုပဲ”
“ဒါကတော့ မစ္စတာဝီလျံကျုပ်ကိုချီးကျူးလွန်းနေပါပြီ၊ ကျုပ်က လူဆိုးထိန်းဆိုတော့ ကျုပ်လုပ်ရမယ့်အလုပ် ကျုပ်လုပ်တာပါ၊ ဘာမှထူးထူးခြားခြားမဟုတ်ပါဘူး”
“အင်းစိန်ထောင်ထဲက လူမိုက်တစ်ဝက်လောက်က မင်းဖမ်းပြီးထည့်ထားတာလို့တော့ ကြားဖူးတယ်၊ ဒီလိုလူတစ်ယောက်နဲ့တွေ့ဆုံရတာ ကျုပ်ဝမ်းသာပါတယ်၊ ကဲ ထိုင်ကြပါအုံး”
မစ္စတာဝီလျံက အိမ်ထဲသို့လှမ်းကြည့်လိုက်ရင်း
“ဆိုဖီရေ၊ ဧည့်သည်တွေအတွက် လက်ဖက်ရည်ကောင်းကောင်းလေး ယူလာခဲ့စမ်းပါ”
“မလိုပါဘူး၊ ကျုပ်တို့အခု ဒီအိမ်ကိုလာရတာ လက်ဖက်ရည်သောက်ဖို့မဟုတ်ပါဘူး”
ဘသိန်းက ပြောဆိုလိုက်ကာ မတ်တပ်ထရပ်လိုက်သည်။ မစ္စတာဝီလျံက ဘသိန်းကိုမော့ကြည့်ပြီး
“ဒါဆို ဘာအကြောင်းနဲ့များ၊ ဒီအိမ်ကိုလာရတာလဲ”
“အင်္ဂလိပ်အစိုးရ အရမ်းအလိုရှိနေတဲ့ ဝရမ်းပြေးတစ်ယောက်နဲ့ပတ်သက်ပြီးတော့ လာခဲ့ရတာပါ မစ္စတာ”
မစ္စတာဝီလျံက အံ့သြသွားပြီး
“အင်္ဂလိပ်အစိုးရ အလိုရှိနေတဲ့ဝရမ်းပြေးက ကျုပ်အိမ်မှာရှိတယ်တဲ့လား၊ မနောက်ပါနဲ့ ကိုဘသိန်းရယ်”
မစ္စတာဝီလျံက ရယ်ကျဲကျဲပြောလိုက်သော်လည်း ဘသိန်းက မျက်မှောင်ကြုတ်ရင်း
“ကျုပ်စကားပြောနေတဲ့အထဲမှာ နောက်ပြောင်နေတာ တစ်ခုမှမပါဘူး မစ္စတာဝီလျံ”
ဘသိန်းဟောက်လိုက်သည့်အခါမှ မစ္စတာဝီလျံမှာ မျက်နှာတည်သွားလေသည်။ ဘသိန်းက
“ဒီအိမ်ကြီးထဲမှာ ဝရမ်းပြေးတစ်ယောက်ရှိကိုရှိရမယ်လို့ ကျုပ်ထင်ပါတယ်၊ ဒါကြောင့် မစ္စတာ ကျုပ်တို့နဲ့ပူးပေါင်းပါဝင်ပေးစေချင်ပါတယ်”
“ကောင်းပြီလေ၊ အင်္ဂလိပ်အစိုးရအတွက်ဆိုတော့ ကျုပ်ဘာမှ ကန့်ကွက်စရာမရှိပါဘူး၊ ဒါပေမယ့် လုပ်ထုံးလုပ်နည်းဆိုတာက ရှိသေးတယ်မဟုတ်လား ကိုဘသိန်း၊ ခင်ဗျားတို့ဆီမှာ ကျုပ်အိမ်ကိုရှာဖွေဖို့ ဝရမ်းပါခဲ့သလား”
ထိုအခါ ဂတ်ဗိုလ်မင်းကြီးက အိတ်ထဲမှစာရွက်များကိုထုတ်လိုက်ကာ
“ကျုပ်တို့ဆီမှာ မစ္စတာရဲ့အိမ်ကိုရှာဖို့အတွက် ရှာဖွေဝရမ်းရော၊ မသင်္ကာတဲ့လူကို ဖမ်းဆီးဖို့အတွက် ဖမ်းဆီးဝရမ်းပါ ပါပါတယ်”
မစ္စတာဝီလျံက ဘာမှမပြောနိုင်တော့ပေ၊ သို့နှင့်သက်ပြင်းတစ်ချက်ချလိုက်ပြီး
“မင်းတို့ရဲ့တာဝန်ကို မင်းတို့ထမ်းဆောင်တာကိုတော့ ငါချီးကျူးပါတယ်၊ ဒါပေမယ့် မင်းတို့က ငါ့ကိုစော်ကားတာကိုတော့ ငါစိတ်မကောင်းဘူး”
“ကျုပ်တို့က ခင်ဗျားကိုဘယ်လိုစော်ကားနေပါလိမ့် မစ္စတာ”
“တကယ်လို့ ဝရမ်းပြေးက လန်ကတ်စတာရဲတိုက်ထဲမှာရှိတယ်ဆိုကြပါစို့ ဒီအခါ မောင်မင်းတို့အခုလိုမျိုး ပုလိပ်တွေအများကြီးနဲ့ အိမ်ကိုဝင်ရှာရဲသလား”
မစ္စတာဝီလျံ၏ အမေးကိုဘသိန်းကဖြေရန် အခက်တွေ့သွားသည်။ မစ္စတာဝီလျံက အကွက်ကျသွားသဖြင့် ဒေါသထွက်ပြလိုက်ကာ
“ငါတို့ လော့ဟတ်ဒ်အိမ်တော်ဆိုတာကလည်း တော်ဝင်မျိုးနွယ်တွေနဲ့ ပတ်သက်နေခဲ့တဲ့ အိမ်တော်တစ်ခုပါ၊ တို့ရဲ့ဘိုးဘေးတွေက ဇူးလူးလူမျိုးတွေနဲ့ စစ်ပွဲမှာ ဗြိတိသျှအတွက် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့လို့ ဘုရင်ကိုယ်တိုင်က တော်ဝင်မျိုးနွယ်အဖြစ် ချီးမြှောက်ခံခဲ့ရတဲ့လူတွေပါ၊ ငါတို့မိသားစုက ဗြိတိသျှထီးနန်းတည်တံ့ပို့အတွက် ပံ့ပိုးခဲ့တဲ့ ထောက်တိုင်တစ်တိုင်လို့ပြောရင်လည်း မမှားနိုင်ပါဘူး။ ဒီလိုတော်ဝင်မျိုးနွယ်ရဲ့အိမ်ကို မောင်မင်းတို့က ပုလိပ်တွေနဲ့ လမ်းဘေးကအရက်ဆိုင်ကို ဝင်မွှေသလိုမျိုး ဝင်ရှာတာဟာ တော်ဝင်မိသားစုတွေကို စော်ကားရာကျတယ်လို့ မောင်မင်းတို့မထင်ဘူးလား”
ဘသိန်းက ပြောဆိုရန်ပြင်ဆင်သော်လည်း မစ္စတာတယ်ရီက ဘသိန်းလက်ကိုဆွဲထားလိုက်သည်။
“ကျုပ်တို့ရိုင်းပြသလိုဖြစ်သွားရင် တောင်းပန်ပါတယ်၊ ဟောဒီခြံထဲက ပုလိပ်တွေကို ခြံအပြင်ကိုထွက်ခိုင်းလိုက်ပါ့မယ်”
ဂတ်မင်းကြီး မစ္စတာတယ်ရီက ဘသိန်းအားတစ်ချက်ကြည့်လိုက်ရာ ဘသိန်းက အိမ်ရှေ့ဆင်ဝင်တွင်ရပ်နေသည့် ပုလိပ်များအားကြည့်လိုက်ရင်း
“ကဲ မင်းတို့တွေ အခုခြံထဲကနေထွက်သွားကြ၊ ဒါပေမယ့် ခြံပြင်ကနေ ဒီခြံကိုပတ်ပတ်လည်ဝိုင်းထားကြရမယ်၊ ဟောဒီခြံထဲကနေ လူမပြောနဲ့ခွေးတစ်ကောင်တောင်မှ ထွက်မသွားစေနဲ့ ဟုတ်ပြီလား”
ပုလိပ်များမှာ ဆလံသအလေးပြုပြီးနောက် ခြံအပြင်သို့ထွက်သွားကြသည်။ ဘသိန်းက မစ္စတာဝီလျံဘက်သို့ကြည့်လိုက်ကာ
“ကဲ မစ္စတာဝီလျံ ကျုပ်တို့ကိုရှာဖွေခွင့်ပြုပါ”
ထိုအချိန်မှာပင် ဆိုဖီက လက်ဖက်ရည်ကရားထည့်ထားသည့် ငွေလင်ပန်းကိုကိုင်ကာ အိမ်အနောက်မှထွက်လာခဲ့လေသည်။ ဆိုဖီက လက်ဖက်ရည်ပန်းကန်များကို ဆက်တီစားပွဲပေါ်တွင် ပြင်ဆင်ချပေးနေလေသည်။ မစ္စတာဝီလျံက ဘသိန်းတို့အားကြည့်ပြီး
“ဟောဒါကတော အိန္ဒိယပြည် နာဂါအရပ်ကထွက်တဲ့ လက်ဖက်ခြောက်ပဲ၊ နာဂါလက်ဖက်ဆိုတာ ပထမတန်းစားလက်ဖက်ခြောက်နော်၊ ကဲ သုံးဆောင်ကြည့်ကြပါအုံး”
ဘသိန်းက စိတ်မရှည်သည့်ပုံစံဖြင့် ဆက်တီခုံပေါ်မှ တစ်ချက်မတ်တပ်ထရပ်လိုက်ကာ
“ကျုပ်တို့လာတာလက်ဖက်ရည်သောက်ဖို့လာတာမဟုတ်ဘူး မစ္စတာဝီလျံ၊ ကျုပ်တို့လာတာ လူဆိုးဖမ်းဖို့လာတာ၊ လူဆိုးတောင်မှ ဗြိတိသျှအစိုးရက အရမ်းအလိုရှိနေတဲ့ ဝရမ်းပြေးလူဆိုးတစ်ယောက်ကိုဖမ်းဖို့၊ မစ္စတာဝီလျံအခုလို လုပ်နေတာဟာ ဘာသဘောပဲ၊ အင်္ဂလိပ်အစိုးရကောင်းဖို့အတွက်လုပ်နေတာကို အင်္ဂလိပ်တစ်ယောက်က အရှေ့ကနေကာဆီးကာဆီးလုပ်နေတာ ဘာသဘောလဲ”
မစ္စတာဝီလျံက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ရင်း ဘသိန်းကို မော့ကြည့်လိုက်ကာ ရယ်ကျဲကျဲဖြင့်
“စိတ်အေးအေးထားပါ ဘသိန်းရာ၊ မင်းတို့ပုလိပ်တွေ တို့အိမ်ကိုဝိုင်းထားကြပြီမဟုတ်လား၊ ဒီလောက်ဝိုင်းထားတဲ့ကြားက ဘယ်သူကများပြေးလို့လွတ်မှာလဲ ဘသိန်းရ၊ ပြီးတော့ မင်းလိုဗမာတစ်ယောက်ပါးစပ်ကနေ အင်္ဂလိပ်အစိုးရအတွက်ဆိုတဲ့ စကားပြောတာ ငါတို့အင်္ဂလိပ်တွေကို စော်ကားနေသလိုပဲကွ၊ မင်းဒီလိုပြောလို့လည်း ရာထူးမတက်ပါဘူးကွ ဘသိန်းရ”
မစ္စတာဝီလျံပြောဆိုလိုက်သည့်စကားမှာ ဘသိန်းအနာပေါ် တုတ်ကျသလိုဖြစ်သွားသဖြင့် ဘသိန်းတစ်ယောက် ဒေါသထွက်ကာ ရှူးရှူးရှဲရှဲဖြစ်သွားသည်။ စင်စစ်အားဖြင့် ထိုခေတ်ထိုကာလအချိန်တွင် ဗမာတစ်ဦးအား ပုလိပ်တပ်ဖွဲ့တွင် ခန့်ထားရန်မှာအလွန်ခက်ခဲသည်။ ထိုမျှမကသေး ပုလိပ်အထက်ပိုင်းနှင့် အရာရှိများမှာလည်း အင်္ဂလိပ်လူမျိုးများနှင့် အင်္ဂလိပ်ကပြားများ၊ ကုလားများကိုသာ ခန့်ထားသည်မို့ ဘသိန်းကဲ့သို့ ဗမာတစ်ယောက်အတွက် ရာထူးတိုးရန်အရေးမှာ အိပ်မက်သဖွယ်ဖြစ်နေလေသည်။
ဂတ်ဗိုလ်မင်းကြီးက ဘသိန်းလက်ကိုဆွဲလိုက်ကာ ဆက်တီခုံတွင်ပြန်ထိုင်စေသည်။ မစ္စတာဝီလျံက လက်ဖက်ရည်ခွက်ကို ကိုင်ကာ အေးအေးလူလူပင်
“တို့ အင်္ဂလိပ်လူမျိုးတွေဟာ အလွန်ယဉ်ကျေးတဲ့လူမျိုးတွေ၊ အပြုအမူအပြောအဆိုကို အလွန်တန်ဖိုးထားတဲ့လူတွေကွ၊ အင်္ဂလိပ်တစ်ယောက်ရဲ့အိမ်ကိုသွားလို့ တည်ခင်းတဲ့လက်ဖက်ရည်ကို မသုံးဆောင်ဘူးဆိုတာ မယဉ်ကျေးရာကျတယ်မဟုတ်လား”
ဂတ်ဗိုလ်မင်းကြီးက စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ကာ တစ်ချက်အနံ့ခံကြည့်ရင်း
“ဟုတ်တာပေါ့ မစ္စတာဝီလျံ၊ လက်ဖက်ခြောက်ကလည်း ခပ်ကောင်းကောင်းပဲဗျာ၊ ကဲပါ ဘသိန်းရာ၊ သူပြောတာလည်းဟုတ်တာပဲကွ၊ တို့က အိမ်ကိုဝိုင်းထားပြီမဟုတ်လား၊ လက်ဖက်ရည်လေးတော့ သောက်ပါအုံးကွ”
ဆိုဖီက မီးဖိုထဲမှထွက်လာကာ
“ဒါက ကျွန်မဒီမနက်တင် ဖုတ်ထားတဲ့ ဘီစကစ်တွေပါ၊ စားကြည့်ပါအုံးနော်”
မစ္စတာတယ်ရီကလည်း ဘီစကစ်တစ်ချပ်ကိုကောက်ကာ ဝါးလိုက်ရင်း
“ကောင်းလိုက်တာ ဆိမ့်နေတာပဲနော်”
“အဲဒါ ဆိတ်နို့နဲ့အုန်းနို့ထည့်ပြီး ဖုတ်ထားလို့ ဆိမ့်နေတာပေါ့ အရာရှိကြီးရဲ့”
“ဟား ဂတ်ဗိုလ်မင်းကြီးကတော့ ဆိုဖီရဲ့ဘီစကစ်ကို ကြိုက်သွားပြီဟေ့၊ ဂတ်ဗိုလ်မင်းကြီးအိမ်ပြန်ရင် နည်းနည်းထပ်ထည့်ပေးလိုက်ပါအုံး ဆိုဖီ”
မစ္စတာဝီလျံနှင့် မစ္စတာတယ်ရီတို့ လက်ဖက်ရည်သောက်ကာ စကားစမြည်ပြောဆိုနေသည်ကို ဘသိန်းက နှာခေါင်းတစ်ချက်ရှုံ့ကာကြည့်လိုက်လေသည်။ ဘသိန်းအနေနှင့် ထိုကဲ့သို့ ဧည့်ခံနေသည်ကိုက အပိုလုပ်နေသည်ဟု ထင်မှတ်ထားသောကြောင့်ဖြစ်သည်။
ဘသိန်းက လက်ဖက်ရည်ခွက်ကိုယူလိုက်ကာ တစ်ကျိုက်တည်းမော့သောက်လိုက်ပြီးနောက် လက်ဖက်ရည်ဗန်းအတွင်းသို့ ခွက်ကိုဂွပ်ခနဲပြန်ချလိုက်ပြီး
“ကဲ လက်ဖက်ရည်သောက်လို့ပြီးပါပြီ၊ ဒါဆို ကျုပ်ကို အလုပ်လုပ်ခွင့်ပြုပါအုံး”
မစ္စတာဝီလျံက ခေါင်းညိတ်လိုက်ကာ
“ကဲ ဆိုဖီရေ၊ လူဆိုးထိန်းကြီးမေးတာတွေဖြေလိုက်၊ လိုအပ်တာတွေ လုပ်ပေးလိုက်ပါအုံး၊ ငါနဲ့ ဂတ်ဗိုလ်မင်းကြီးနဲ့ကတော့ စကားပြောလိုက်အုံးမယ်”
ဘသိန်းက မတ်တပ်ရပ်ထကာ အိမ်နောက်ဖေးသို့ဝင်ခဲ့သည်။ ဆိုဖီက ဘသိန်းအနောက်သို့လိုက်လာလေသည်။
“ဒါနဲ့ ခင်ဗျားတို့အိမ်မှာ လက်တစ်ဖက်ပြတ်နေတဲ့လူရှိတယ်မဟုတ်လား”
ဆိုဖီက ခေါင်းညိတ်လျက်
“ရှိပါတယ်၊ အဲဒီလူနာမည်က ဘခက်လို့ခေါ်ပါတယ်”
“ဒီလူအခုအိမ်မှာရှိသလား”
“ရှိပါတယ်၊ ခုနကတင် ထမင်းစားခန်းထဲမှာ နံနက်စာစားပြီး သူ့အခန်းပြန်သွားတာပါ”
“ဒါဆိုသူနေတဲ့အခန်းကို လိုက်ပြပေးပါ”
ဆိုဖီက လျှောက်လမ်းမှတဆင့် အိမ်အနောက်ဘက်ဆီသို့ လှမ်းလျှောက်သွားလေသည်။ ဘသိန်းမှာ ဆိုဖီအနောက်မှ သတိကြီးကြီးနှင့်လိုက်ခဲ့ကာ နံကြားတွင်ချိတ်ထားသည့် ခြောက်လုံးပြူးသေနတ်ကို လက်တစ်ဖက်က အသင့်စမ်းကိုင်ထားလေသည်။ ဆိုဖီက အခန်းအရှေ့တစ်ခုတွင်ရပ်လိုက်ကာ အခန်းတံခါးကို သုံးလေးချက်ခန့် ထုလိုက်ပြီး
“ဘခက်၊ မောင်ဘခက်”
ဆိုဖီခေါ်နေသော်လည်း အခန်းတွင်းမှ တုံ့ပြန်သံမကြားရပေ၊ ဘသိန်းက ဆိုဖီအားမျက်စပစ်ပြလိုက်ပြီး တံခါးကိုဖွင့်ခိုင်းလေသည်။ ဆိုဖီက တံခါးလက်ကိုင်ကိုဆွဲလှည့်လိုက်သည့်အခါ အခန်းတံခါးပွင့်သွားလေသည်။ ဘခက်က ချက်ချင်းပင် အခန်းအတွင်းသို့ပြေးဝင်လိုက်ကာ နံကြားမှသေနတ်ကိုဖြုတ်လိုက်လျှက် ဟိုဟိုဒီဒီထိုးချိန်လိုက်လေသည်။ ကျဉ်းမြောင်းလှသည့်အခန်းဖြစ်သည်မို့ သိပ်ကြာကြာရှာရန်မလိုပေ၊ အခန်းအတွင်း ဘခက်မရှိမှန်းသိလိုက်ရသည်။
“ဟောတော်၊ ဘယ်များရောက်သွားပြီလဲ”
“ပြတင်းပေါက်တံခါးတွေလည်း မဖွင့်ထားပုံထောက်ရင်တော့ အပြင်ကိုထွက်ပြေးတာမဟုတ်ဘူး၊ သူဒီအိမ်ထဲမှာပဲ ရှိနေမှာ”
ဘသိန်းက သေနတ်ကိုနံကြားထဲသို့ပြန်ထည့်လိုက်ပြီးနောက်
“ကျုပ်ဒီအိမ်က အခန်းတွေအားလုံးထဲကို ဝင်ရှာချင်တယ်”
ဘသိန်းနှင့်ဆိုဖီတို့မှာ တစ်ခန်းဝင်တစ်ခန်းထွက်နှင့် လိုက်လံရှာဖွေကြသည်။ ဘသိန်းမှ အခန်းများအတွင်းရှာဖွေရုံသာမရ လူခိုအောင်းနေနိုင်လောက်သည့် ဘီရိုကြီးများ၊ ကုတင်အောက်ဘက်များပါမကျန် လှန်လှောရှာဖွေလေရာ မကြာမီအချိန်တွင် အောက်ထပ်တစ်ထပ်လုံးရှာဖွေပြီးစီးသွားပြီဖြစ်သည်။ အိမ်ရှေ့ရောက်သည့်အခါ မစ္စတာဝီလျံက ဘသိန်းကိုတစ်ချက်ကြည့်လိုက်ပြီး
“အခြေအနေဘာထူးသေးလဲ လူဆိုးထိန်းကြီးရဲ့”
“အောက်ထပ်မှာတော့ရှင်းတယ်၊ အပေါ်ထပ်ကိုရှာဖို့ပဲလိုတော့တယ်”
ဘသိန်းက လှေကားကြီးအတိုင်းအိမ်ပေါ်ထပ်ကိုတက်ရန်ပြင်ဆင်လိုက်သည်။ လှေကားအလယ်သို့ရောက်သောအခါ ဧည့်ခန်းဆီသို့တစ်ချက်လှည့်ကြည့်ကာ
“ဒါနဲ့ အိမ်ပေါ်ထပ်မှာ ကျုပ်ကိုမတွေ့စေချင်တဲ့အရာတွေဘာတွေများရှိသလား”
“မရှိပါဘူး၊ ကျုပ်က ဘာမှဖုံးကွယ်ထားစရာမရှိပါဘူး”
ဘသိန်းက အိမ်ပေါ်ထပ်သို့ဆက်တက်သွားသည်။ အိမ်ပေါ်ထပ်တွင်တော့ အောက်ထပ်ကဲ့သို့အခန်းမများဘဲ အခန်းသုံးခန်းသာရှိသည်။ ဆိုဖီက ဘသိန်းအရှေ့မှ ပိတ်ရပ်လိုက်ကာ
“အပေါ်ထပ်ကတော့ ဆရာ့ရဲ့အခန်းရယ်၊ မမလေးရိုစီအခန်းနဲ့ ကျွန်မနေတဲ့အခန်းပဲရှိပါတယ်”
မမလေးရိုစီဆိုသည့်အသံကိုကြားလိုက်ရသည့်အခါ ဘသိန်းက မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး
“ဒါဆို အဲဒီမမလေးရိုစီရဲ့ အခန်းကိုအရင်ပြပါ”
ဆိုဖီက အခန်းတံခါးတစ်ခုကိုညွန်ပြလိုက်လေသည်။ ဘသိန်းက လျှောက်လမ်းမအတိုင်း ထိုအခန်းဆီသို့သွားကာ အခန်းတံခါးကိုလက်ဖြင့်ခေါက်လိုက်လေသည်။
“တံခါးဖွင့်ပါမိန်းကလေး၊ ကျုပ်တို့လူတစ်ယောက်ကိုရှာနေလို့ပါ”
ဘသိန်းပြောလိုက်သော်လည်း အခန်းတံခါးမှာ မပွင့်သွားသည့်အပြင် အခန်းအတွင်းမှာလည်း လှုပ်ရှားသံတစ်စုံတစ်ရာမကြားပေ၊ ဘသိန်းက အခန်းတံခါးကို လေးငါးချက်ခန့်ဆက်ခေါက်သော်လည်း အခြေအနေက မထူးပေ။ ဘသိန်းက ဆိုဖီဘက်သို့လှည့်လိုက်ကာ
“ခင်ဗျားတို့မမလေး အိမ်မှာရှိတာသေချာလား”
“သေချာပါတယ်ရှင်၊ မနေ့ညက လန်ကတ်စတာရဲတိုက်က ပြန်လာကတည်းက အိမ်ခန်းထဲဝင်ပြီးအိပ်နေတာ၊ ခုမနက်လည်း ဆင်းမလာသေးဘူး”
“ဘယ်လို၊ ခင်ဗျားတို့မမလေးက လန်ကတ်စတာရဲတိုက်ကို သွားတယ်တဲ့လား”
“ဟုတ်ပါတယ်၊ ဘယ်တုန်းကသွားတယ်တော့မသိပါဘူး၊ သူတို့ပြန်လာတော့ သားအဖတွေအတူတူပြန်လာကြတာပါပဲ”
ဘသိန်းက တစ်ခုခုထူးခြားပြီမှန်းသိလိုက်လေသည်။ သို့နှင့် အခန်းတံခါးလက်ကိုင်ဘုကို ဆွဲဆွဲလှည့်လေသည်။
“အထဲကသော့ခတ်ထားတယ်ရှင့်”
ဘသိန်းက ကုတ်အကျီအတွင်းအိတ်သို့နှိုက်လိုက်ကာ သော့တွဲကဲ့သို့ အတွဲကလေးတစ်ခုကိုထုတ်လိုက်သည်။ အမှန်စင်စစ်အားဖြင့် ထိုအရာမှာ သော့တွဲမဟုတ်ဘဲ သံချောင်းကောက်ကလေးများသာဖြစ်သည်။ ဘသိန်းက ထိုသံချောင်းကလေးများအနက် သံချောင်းတစ်ချောင်းကိုယူလိုက်ကာ တံခါးသော့အတွင်းသို့ထိုးထည့်လိုက်လေသည်။ အလွန်သေးငယ်ပြီး ထိပ်ဖျားကောက်သည့် သံချောင်းကလေးတစ်ချောင်းကိုလည်း သော့အတွင်းထိုးထည့်ပြီးနောက် ဟိုလှုပ်ဒီလှုပ်လှုပ်နေပြန်သည်။ မကြာခင်တွင် ဂျလောက်ခနဲအသံကြားလိုက်ရကာ ဘသိန်းက အခန်းတံခါးကို ဝုန်းခနဲဆွဲဖွင့်လိုက်သည်။
အခန်းအတွင်းတွင်တော့ မည်သူမှရှိမနေပေ၊ အခန်းအတွင်းတွင် မိန်းကလေးဂါဝန်အစများ၊ အတွင်းခံစများနှင့် ပြန့်ကျဲနေလေသည်။ ဘသိန်းက အခန်းတွင်းကိုသေချာအကဲခတ်ရင်း
“ခင်ဗျားပြောတော့ မမလေးက အခန်းထဲကနေမထွက်ဘူးဆို”
ဆိုဖီက ခေါင်းကုတ်လျှက်
“ဟုတ်ပါရဲ့ ဘယ်အချိန်ကတည်းက ထွက်သွားတာလဲမသိဘူး၊ မမလေးက အဲဒီလိုပါပဲရှင် စိတ်မထင်ရင်မထင်သလို အပြင်ကိုထွက်ထွက်သွားတတ်တာ”
ဘသိန်းမှာ အခန်းကိုသေချာလိုက်ကြည့်နေလေသည်။ အခန်းပြတင်းပေါက်များမှာလည်း အတွင်းမှ ချက်ချကာပိတ်ထားသဖြင့် အပြင်သို့ထွက်ပြေးသည်မှာလည်း မဖြစ်နိုင်ပေ၊ ဘသိန်းက တစ်ခန်းလုံးကိုစိတ်ကျေနပ်အောင်ရှာကြည့်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်ကာ အခန်းအပြင်သို့ထွက်ရန်ပြင်ဆင်လိုက်သည်။ ထိုစဉ် မျက်နှာကျက်ပေါ်မှ သွေးစက်ကလေးတစ်စက်က မျက်နှာကျက်တွင်ခင်းထားသည့် ဘုတ်ပြားအကြားမှ ယိုစိမ့်ကာ ကြမ်းပြင်ပေါ်သို့ကျလာလေသည်။ ထိုသွေးစက်ကလေးမှာ ဘသိန်းခြေလှမ်းမည့်အရှေ့သို့ကျသွားသဖြင့် ဘသိန်းက သွေးစက်ကိုမြင်သွားတော့သည်။ ကြမ်းပြင်ပေါ်ကျလာသည့် သွေးစက်ကို ဘသိန်းက လက်ဖြင့်တို့ကြည့်လိုက်ပြီးနောက် အနည်းငယ်ပွတ်ချေလိုက်သည်။
“သွေးပဲ”
ထိုသို့ရေရွတ်လျှက် မျက်နှာကျက်ပေါ်သို့မော့ကြည့်လိုက်ရာ မျက်နှာကျက်ဘုတ်ပြားအဖြူရောင်တစ်ခု၏ အစွန်းတွင် သွေးစအချို့ယိုစိမ့်ကာ စွန်းထင်းနေသည်ကိုတွေ့လိုက်ရလေသည်။
“ဟုတ်ပြီဗျာ၊ ဒါပဲ”
ဘသိန်းက ချက်ချင်းပင်မတ်တပ်ရပ်လိုက်ပြီး
“ဆိုဖီ မျက်နှာကျက်ပေါ်ကို ဘယ်နားကနေတက်ရသလဲ”
“ဟို၊ ဟို ကျွန်မနေတဲ့အခန်းဘေးက သံလှေကားကလေးကနေတက်ရပါတယ်”
ဆိုဖီပြောလိုက်သည့်အခါ ဘသိန်းတစ်ယောက် သံလှေကားကလေးဆီသို့ အပြေးသွားရောက်လေသည်။
(၃)
ဘခက်တစ်ယောက် မေ့မြောနေသည့် မနှင်းဆီကိုကြည့်ရင်း အကြံအိုက်နေမိသည်။ မနှင်းဆီအခန်းထဲတွင် ပုန်းခိုရန်အတွက်နေရာရှာကြည့်သော်လည်း သူတို့နှစ်ယောက်စလုံး ပုန်းအောင်းနိုင်မည့်နေရာဟူ၍မရှိပေ၊ ဘီရိုအတွင်းပုန်းအောင်းပြန်လျှင်လည်း အလွန်ပါးနပ်သည့် ဘသိန်းလက်က ပြေးမလွှတ်မှန်းသိလိုက်သည်။
“မဖြစ်ပါဘူး၊ ငါတို့ဒီကနေထွက်သွားမှဖြစ်မယ်”
ဘခက်ကတွေးတောလိုက်ပြီးနောက် မနှင်းဆီခေါ်ဆောင်သွားသည့် မြေအောက်ခန်းတွင် သွားရောက်ပုန်းအောင်းရန်အကြံရလိုက်သည်။ သို့သော် မနှင်းဆီကိုခေါ်ထုတ်ရမည်၊ တစ်ခန်းလုံးတွင်ပေကျံပွထနေသော သွေးကွက်များကို သိမ်းဆည်းရန်ကြိုးစားသော်လည်း အချိန်က မရတော့ပေ၊ သို့နှင့် အကြံဉာဏ်ထုတ်နေရင်း ပွင့်နေသည့် ဘီရိုကြီးကိုကြည့်လိုက်မိသည်။
“ဟုတ်ပြီ၊ ဘသိန်းက အခန်းထဲဝင်ရှာမှာပဲ၊ ဒါပေမယ့် မိန်းကလေးတစ်ယောက်ရဲ့အတွင်းခံတွေ၊ ဂါဝန်တွေကိုဆိုရင် သူကိုင်ကြည့်ဖို့ တွန့်ဆုတ်နေမှာပဲ”
ဘခက်က ဘီရိုကြီးဆီသို့ပြေးသွားလိုက်ကာ ဘီရိုအောက်ထပ်ရှိ မနှင်းဆီ၏ အတွင်းခံများကိုဆွဲယူလိုက်သည်။ ကြမ်းပြင်ပေါ်တွင်ပေပွနေသည့် သွေးကွက်များကို အတွင်းခံများ၊ ညအိပ်ဂါဝန်များနှင့် ဖုံးအုပ်လိုက်လေသည်။ သို့သော် ဉာဏ်များလှသည့် ဘသိန်းကိုလှည့်ကွက်ဆင်ရန် တွေးမိသည်။ ဘသိန်းကို အချိန်ကြာအောင်လှည့်ထားနိုင်မှ တော်ကာကြမည်မို့ အိမ်နောက်ဖေးလှေကားမှတဆင့် မီးဖိုချောင်အတွင်းသို့ ဆင်းလာခဲ့သည်။ မီးဖိုချောင်ထဲတွင်တော့ ဆိုဖီက အလုပ်များနေလေသည်။
“ဆိုဖီ၊ ခင်ဗျားဆီမှာ အနီရောင်ဆော့ရှိလား၊ ဆမ်းစားတဲ့ဆော့ပေါ့”
“ခရမ်းချဉ်သီးဆော့ကိုပြေတာလား”
“အဲဒါထက် နည်းနည်းပိုပြီးပျစ်တာလေးဗျာ”
“ဒါဆိုရင်တော့ ဘယ်ရီသီးအနီနဲ့လုပ်ထားတဲ့ ဆမ်းစားတဲ့ ဆရပ်(Syrup)တစ်ခုရှိတယ်”
ဆိုဖီလှမ်းပေးသည့် ပုလင်းကလေးကို ဘခက်က ယူကြည့်လိုက်သည်။ ဘယ်ရီသီးဆရပ်မှာ ပျစ်ခဲနေကာ သွေးကဲ့သို့နီရဲနေလေသည်။ ပုံမှန်အားဖြင့် ကိတ်မုန့်များ အချိုစားဖွယ်များတွင် ဆမ်းစားလေ့ရှိသည့် ဆရပ်ဖြစ်သည်။ ဆိုဖီက ပြာပြာသလဲဖြစ်နေသည့် ဘခက်အားကြည့်ရင်း
“ဒါနဲ့ အိမ်ရှေ့မှာလူတွေရောက်နေကြတယ်”
“ဟုတ်တယ်ဆိုဖီ အဲဒီလူတွေက ပြဿနာတွေပဲ”
“ဘယ်လိုပြဿနာလဲ”
“ခင်ဗျားတို့ မမလေး ရိုစီနဲ့ ကျုပ်နဲ့ကိုလာဖမ်းတာပဲ”
“အလို၊ ဘာလို့ဖမ်းရတာလဲ”
“မနေ့ညက လန်ကတ်စတာရဲတိုက်မှာ ပြဿနာတွေဖြစ်ခဲ့တယ်ဆိုဖီ၊ ဒါတွေကို နောက်မှအသေးစိတ်ရှင်းပြမယ်၊ ဘာပဲဖြစ်ဖြစ် သူတို့ကိုအပေါ်ထပ်ကိုတက်မလာအောင် အချိန်ဆွဲထားပေးပါ”
“ကောင်းပါပြီ၊ ငါကြိုးစားပေးပါ့မယ်”
ဘခက်အိမ်ပေါ်သို့ပြန်တက်လာခဲ့သည်။ အိမ်ပေါ်အခန်းထဲသို့ မဝင်မီ မျက်နှာကျက်ပေါ်သို့ခိုတက်လိုက်ပြီးနောက် လက်ထဲမှ ဆရပ်ဘူးအား အဖုံးဖွင့်ကာ မျက်နှာကျက်အပေါ်သို့လောင်းချလိုက်လေသည်။
ဆိုဖီတစ်ယောက်လည်း အလွန်စိတ်ပူနေလေသည်။ မည်သည့်ကိစ္စဖြစ်ပွားခဲ့မှန်းမသိသော်လည်း ငယ်စဉ်ကတည်းက သမီးတစ်ယောက်လို စောင့်ရှောက်လာခဲ့ရသည့် မနှင်းဆီကို ပုလိပ်လက်သို့ မအပ်နိုင်ပေ၊ ထို့အတွက် မနှင်းဆီဖမ်းမမိစေရန် အချိန်ဆွဲထားရမည်ဟုသိလိုက်ရသည်။
“မဖြစ်ဘူး၊ ဒီအကြောင်းကို မစ္စတာဝီလျံကို အသိပေးမှရမယ်”
ဆိုဖီက လက်ဖက်ရည်ခွက်များကိုထုတ်လိုက်ကာ ခင်းကျင်းလိုက်လေသည်။ လက်ဖက်ရည်ပန်းကန်ဘေးတွင် လက်သုတ်ပုဝါအနီရောင်တစ်ခုကိုချလိုက်ကာ ထိုလက်သုတ်ပုဝါပေါ်တွင် လက်ဖက်ရည်ခွက်ကိုမွှေသည့် ငွေဇွန်းကလေးတစ်ဇွန်းကို ကန့်လန့်ဖြတ်အနေအထားနှင့် တင်လိုက်သည်။ ပြီးနောက် အပြင်အဆင်ကိုသေချာကြည့်ရင်း
“ဒီလောက်ဆိုရင်တော့ မစ္စတာဝီလျံ သဘောပေါက်လောက်မှာပါ”
ပြီးသည့်အခါ ဆိုဖီက လက်ဖက်ရည်ပန်းကန်များကိုယူဆောင်လာကာ စားပွဲပေါ်တွင်ချပေးလိုက်သည်။ မစ္စတာဝီလျံမှာ သူ့အရှေ့တွင်ချပေးသည့် လက်ဖက်ရည်ခွက်ကိုကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ပြီးနောက် ဆိုဖီအားမသိမသာတစ်ချက်လိုက်ရာ ဆိုဖီက ခေါင်းတစ်ချက်ညိတ်ပြလေသည်။ ယခုကဲ့သို့ အနီကွပ်ထားသည့် လက်သုတ်ပုဝါအပေါ်တွင် လက်ဖက်ရည်ဇွန်းကို ကန့်လတ်ဖြတ်ချထားသည်မှာ အန္တရာယ်ရှိသည့် အခြေအနေဟု တိတ်တဆိတ်အသိပေးသည့် လော့ဟတ်ဒ်မိသားစု၏ လှို့ဝှက်စကားတစ်ခုဖြစ်သည်။ ဧည့်သည်များ၊ သူစိမ်းများရှိနေသည့်အချိန်တွင် ထိုလူများမသိဘဲ အချက်ပေးနိုင်ရန်အတွက် တီထွင်ထားသည့် လှို့ဝှက်သင်္ကေတတစ်ခုလည်းဖြစ်သည်။
ဝီလျံလော့ဟတ်ဒ်မှာ ထိုအရေးကြီးသည့် သင်္ကေတကိုကြည့်လိုက်ပြီးနောက် လူဆိုးထိန်းဘသိန်းနှင် ဂတ်ဗိုလ်မင်းကြီးတို့ရောက်လာသည်မှာ အကြောင်းမဲ့မဟုတ်ဘဲ အရေးကြီးကိစ္စတစ်ခုဖြစ်ကြောင်းသိလိုက်ရသည်။ ထို့ကြောင့် ဘသိန်းတို့အား တတ်နိုင်သမျှ အချိန်ဆွဲထားရန်အတွက် လက်ဖက်ရည်ကို အတင်းမရမကသောက်ခိုင်းကာ ဂတ်ဗိုလ်မင်းကြီးကိုလည်း ထွေရာလေးပါး စကားများပြောဆိုလျှက် အချိန်ဆွဲထားခြင်းဖြစ်သည်။
ယခုတော့ ဘသိန်းတစ်ယောက် ဘခက်ဆင်သည့်ထောင်ချောက်အတွင်းသို့ တိုးဝင်ခဲ့ပြီဖြစ်သည်။ ဘသိန်းက မျက်နှာကျက်ပေါ်သို့ တက်သည့်လှေကားအတိုင်းပြေးတက်လာခဲ့ပြီးနောက် မျက်နှာကျက်တံခါးကိုတွန်းဖွင့်လိုက်သည်၊ မျက်နှာကျက်အတွင်း မှောင်မဲနေသည်။ ဘသိန်းက သေနတ်ကိုထုတ်လိုက်ရင်း သတိကြီးကြီးထားကာ အရှေ့သို့တိုးလာခဲ့သည်။ အရှေ့တွင်တော့ သူထင်ထားသလို လူမတွေ့ရဘဲ မျက်နှာကျက်ပေါ်တွင် မှောက်ကျနေသည့် ဆရပ်ပုလင်းတစ်ခုကိုတွေ့လိုက်ရသည်။ ထိုတော့မှ ဘသိန်းမှာ အလွန်ထူးဆန်းသွားပြီး သူ့လက်ကိုသူလျှာနှင့်တို့ကြည့်လိုက်ရာ ချိုမြိန်သည့်အရသာတစ်ခုကို ခံစားလိုက်ရသည်။
“ဟင်း၊ ဒီကောင်က ငါ့ကိုတမင်ပတ်ဖို့ရည်ရွယ်ထားတာပဲ”
ဘသိန်းက မျက်နှာကျက်ပေါ်မှပြန်ဆင်းလာသည့်အခါ ဆိုဖီက
“ဘယ်လိုလဲ ရှင်ပြောတဲ့လူဆိုးကို တွေ့ခဲ့ရဲ့လား”
“လူဆိုးတော့မတွေ့ဘူး မျက်နှာကျက်ပေါ်မှာ မှောက်ကျနေတဲ့ ဆရပ်ပုလင်းကိုပဲတွေ့တယ်၊ ဒါပေမယ့် ထူးဆန်းတာက ဒီပုလင်းက အဲဒီနေရာကိုဘယ်လိုရောက်ပြီးတော့ ဘယ်လိုမှောက်ကျသွားတာများလဲ”
“အို၊ ဒါကတော့ ကြွက်တွေဘာတွေ ချီသွားတာဖြစ်မယ်ထင်တာပါပဲ”
ဘသိန်းက မျက်နှာကိုတစ်ချက်မဲ့လိုက်ကာ
“ဒီခေတ်ကြွက်တွေများ သိပ်တတ်တာပဲဗျာ၊ ပုလင်းတွေဘာတွေတောင် ဖွင့်တတ်နေပြီထင်ပါ့”
ဘသိန်းက တမင်ရွဲ့ပြောလိုက်ကာ အိမ်ပေါ်မှဆင်းလာခဲ့သည်။ ယခုကိစ္စတွင် ပူးပေါင်းကြံစည်သူတစ်ဦးဦးရှိနေပြီမှန်းသိလိုက်ရပြီမို့ ဘသိန်းက သတိကြီးကြီးထားကာ ဆောင်ရွက်ရေပေတော့မည်။ အိမ်ရှေ့သို့ထွက်ခဲ့သည့်အခါ မစ္စတာဝီလျံက ထပ်မေးပြန်သည်။
“ဘယ်လိုလဲလူဆိုးထိန်းကြီး”
ဘသိန်းက ဝီလျံအနီးသို့တိုးကပ်လိုက်ကာ
“ကြွက်ကတော့ ပုန်းနေပြီဗျ၊ ဒါပေမယ့် ကျုပ်က အဲဒီကြွက်ကို ရအောင်ကိုဖမ်းပြမှာ”
ဘသိန်းက အိမ်အပြင်ထွက်သွားသည်မို့ ဂတ်ဗိုလ်မင်းကြီးက
“ဘယ်လိုလဲဘသိန်း ပြန်တော့မလို့လား”
“မပြန်ပါဘူးဗျာ၊ စိတ်ထဲနည်းနည်းမွန်းကြပ်လာလို့ ခြံထဲကိုဆင်းလျှောက်ကြည့်မလို့ပါဗျ”
ဘသိန်းမှာ ခြံထဲဆင်းခဲ့လေသည်။
(၄)
ခြံထဲတွင် အလှပင်များစိုက်ပျိုးထားသည့် ပန်းဥယျာဉ်များရှိသကဲ့သို့ ခြံထောင့်တွင်လည်း မြင်းဇောင်းကြီးတစ်ခုရှိလေသည်။ ဘသိန်းမှာ တွေးရခက်လာသဖြင့် ဆေးတံကိုထုတ်လျက် မီးညှိကာ ဖွာရှိုက်လိုက်လေသည်။ ထိုသို့ဖွာရှိုက်ရင်း တစ်နေရာသို့ကြည့်လိုက်ရာ သစ်သားဖြင့်တည်ဆောက်ထားသည့် အိမ်သာတစ်လုံးကိုမြင်တွေ့လိုက်ရသည်။
“အိမ်ထဲမှာ အိမ်သာတွေအများကြီးရှိတာ ဒီအိမ်သာက ဘာလုပ်ဖို့လဲ”
ဘသိန်းမှာ မယုံသင်္ကာဖြင့် အိမ်သာဆီသို့လှမ်းလျှောက်လာခဲ့သည်။ အိမ်သာတံခါးကိုဖွင့်လိုက်သည့်အခါ အတွင်းတွင်လူမသုံးဘဲ ဟောင်းနွမ်းနေသည့် အိမ်သာအိုးခွက်များကိုတွေ့လိုက်ရသည်။ ဘသိန်းက အိမ်သာအတွင်းသို့ဝင်လိုက်သည့်အခါ အိမ်သာခြေနင်းပြားမှာ တစ်ဖက်နှင့်တစ်ဖက်မညီဘဲ ခပ်ဖွဖွဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ ထိုခေတ်က အိမ်သာများမှာ မြေတွင်းကြီးများမဟုတ်ကြဘဲ အောက်တွင်စည်ပိုင်းနှင့်ခံသည့် အိမ်သာများဖြစ်သည်မို့ ဘသိန်းက ထိုစည်ပိုင်းကို သင်္ကာမကင်းဖြစ်နေလေသည်။
“ဟုတ်ပြီ၊ ဒီအိမ်သာက လူသုံးပုံမရဘူးဆိုတော့ အောက်ကစည်ပိုင်းကလည်း လွတ်နေမှာပဲ၊ ဒီလိုစည်ပိုင်းထဲမှာဆိုရင် လူတစ်ယောက်ကောင်းကောင်းဝင်ပုန်းလို့ရမှာပဲ”
ဘသိန်းက အိမ်သာခြေနင်းပြားအား မယူလိုက်သည့်အခါ စည်ပိုင်းကြီးတစ်ခုကိုမြင်တွေ့လိုက်ရသည်။ သို့သော်သူထင်ထားသည့်အတိုင်းမဟုတ်ဘဲ စည်ပိုင်းမှာဟောင်းလောင်းကြီးဖြစ်နေသည်။ ဘသိန်းက ထိုစည်ပိုင်းကြီးအား လေ့လာရင်း တစ်နေရာတွင်လှည့်ထားသည့်ပုံစံမျိုးတွေ့သဖြင့် လက်ဖြင့်အသာတွန်းလှည့်ကြည့်လိုက်ရာ စည်ပိုင်းကြီးမှာ ဘေးသို့လည်ထွက်သွားပြီး အောက်တွင်တူးမြောင်းတစ်ခုရှိနေသည်ကိုမြင်တွေ့လိုက်ရတော့သည်။
“တွေ့ပြီ၊ မင်းတို့ဘယ်ပြေးမလဲ”
ဘသိန်းက တူးမြောင်းအတွင်းသို့ ခုန်ချလိုက်ပြီးနောက် သေနတ်ကိုအသင့်ထုတ်ကာပြင်ဆင်ရင်း သတိကြီးကြီးထားကာ အတွင်းသို့ဝင်လာခဲ့သည်။ အတွင်းတွင် သစ်လုံးများကိုကာရံကာ ကျကျနနတည်ဆောက်ထားသည့်တူးမြောင်းမို့ တမင်ကြံရွယ်ကာ ပြုုလုပ်ထားမှန်းသိလိုက်သည်။ အနီးရှိ မီးအိမ်တစ်ခုကို မီးခြစ်ဆံဖြင့်ထွန်းညှိလိုက်ပြီးနောက် ဘသိန်းက အရှေ့ဆက်တိုးခဲ့သည်။ မကြာခင်အရှေ့တွင် သစ်သားချောင်းများဖြင့်ကာရံထားသည့် လမ်းဆုံးတစ်ခုကိုမြင်တွေ့လိုက်ရတော့သည်။ ဘသိန်းအရှေ့တွင် ပျဉ်ပြားထူကြီးမားကာရံထားသည့် နံရံကြီးသာရှိတော့သည်။
“ဘာလဲဟ၊ ဒီအောက်မှာလမ်းဆုံးသွားပါလား”
ဘသိန်းက ဘေးပတ်ဝန်းကျင်ကိုလိုက်လံကြည့်ရှုသေးသည်။ တူးမြောင်းကြီးမှာ ထိုနေရာတွင်ပင်အဆုံးသတ်သွားလေသည်။ ပုံစံကြည့်ရသည်မှာ ထွက်ပြေးရန်တူးဖော်ထားသည့် တူးမြောင်းတစ်ခုမဟုတ်ဘဲ စစ်ဘေးစစ်ဒဏ်ခိုလှုံရန်တူးဖော်ထားသည့် တူးမြောင်းဖြစ်ပုံရသည်။ ဘသိန်းက သက်ပြင်းတစ်ချက်ချလိုက်ကာ ပြန်လှည့်ထွက်ရန်ပြင်ဆင်လိုက်သည်။ သို့သော် ကြမ်းပြင်သို့တစ်ချက်ငုံ့ကြည့်လိုက်လေရာ ဝင်းခနဲလက်ခနဲဖြစ်သွားသည့် ဆံချည်မျှင်ကလေးတစ်ချောင်းကိုမြင်တွေ့လိုက်ရသည်။ ထိုဆံချည်မျှင်ကို ကောက်ယူလိုက်သည့်အခါ ဆံချည်မျှင်မှာ သစ်သားပြားတစ်ခုအကြားတွင်ညပ်နေရာမှ အပြင်သို့ထွက်လာလေသည်။
“သြော်၊ လတ်စသတ်တော့ ဒီပျဉ်ပြားတွေအနောက်မှာ တစ်ခုခုရှိနေပုံပဲ”
ဘသိန်းက ပျဉ်ပြားများကိုလက်နှင့် တတောက်တောက်ခေါက်ကြည့်လေရာ အတွင်းတွင်မြေသားများပြည့်နေသည့်အသံမျိုး မကြားရဘဲ လှိုဏ်သံကဲ့သို့ အသံတစ်ခုကိုကြားရပြန်သည်။ သို့နှင့် သစ်သားပြားအစွန်းအောက်သို့ လက်နှိုက်လျက် အသေအချာစမ်းသပ်ကြည့်ုလိုက်ပြန်ရာ တစ်နေရာတွင် လက်ကိုင်ကဲ့သို့ဖြစ်နေသည့် အရာတစ်ခုကိုတွေ့ရသဖြင့် ထိုအရာကိုအားကုန်ဆွဲလိုက်ရာ ပျဉ်ချပ်ကြီးများမှာ ကြွတက်လာပြီး တံခါးတစ်ပေါက်ဖြစ်သွားသည်။ တံခါးပေါက်အတွင်းမှ မီးအလင်းရောင်များဖြာကျနေသဖြင့် အတွင်းတွင်လူရှိသည်မှာ အသေအချာပင်ဖြစ်လေရာ ဘသိန်းက သေနတ်ကိုအသင့်ချိန်ရွယ်ကာ တံခါးပေါက်မှာ ခုန်ဝင်လိုက်လေသည်။
အတွင်းသို့ရောက်သည်နှင့် ဘသိန်း၏သေနတ်ကိုင်လက်ကို ခြေထောက်ဖြင့်အကနု်ခံလိုက်ရကာ သေနတ်မှာလွင့်ကျသွားသည်။ ဘခက်က တံခါးအနောက်တွင် ပုန်းအောင်းနေရာမှ ဘသိန်းဝင်ရောက်လာသည့်အခါ တိုက်ခိုက်ခြင်းဖြစ်သည်။ ဘသိန်း၏လက်မှာ သေနတ်လွတ်ကျသွားသည့်အခါ ဘခက်က ဘသိန်းအားဝင်ရောက်ထိုးနှက်ပြန်သည်။ ဘသိန်းက ဘခက်၏တိုက်ကွက်များကို ပုတ်ထုတ်ရှောင်တိမ်းလိုက်ကာ အနောက်သို့ခုန်ဆုတ်လိုက်သည်။
“လတ်စသတ်တော့ မင်းပဲကိုးကွ၊ လက်တစ်ဖက်ပြတ် ဘခက်ရ”
“သေချာတာပေါ့ကွာ ဘသိန်းရာ”
“ဒါနဲ့ ဟိုမိန်းကလေးဘယ်မှာလဲ”
“မင်းက ဘယ်သူ့ကိုပြောနေတာလဲ”
“မင်းငါ့ကိုလိမ်လို့မရဘူးဘခက်၊ ငတက်လုံးဆိုတာ မိန်းကလေးတစ်ယောက်ပဲ”
“အပိုတွေမပြောစမ်းပါနဲ့ ဘသိန်းရာ၊ မိန်းမတစ်ယောက်က ဒီလိုမျိုးလုပ်ရပ်တွေကို လုပ်နိုင်မှာလားကွ”
“ငါသိပြီးသားပါ ဘခက်ရာ၊ ငတက်လုံးငါနဲ့ မနေ့ညက တွေ့တော့ သူကငါ့ကိုအသံဖျက်ပြီးပြောတယ်၊ ငါလည်းအစကတော့ ငတက်လုံးဆိုတာ ယောက်ျားတစ်ယောက်ဖြစ်မယ်ထင်ခဲ့တာ၊ ဒါပေမယ့် ငတက်လုံးက ပြတင်းပေါက်ကနေ ခုန်ချခါနီးကျတော့ မိန်းကလေးတစ်ယောက်လိုအော်ပြီး ခုန်ဆင်းသွားတာကွ၊ ဘယ်မလဲ အဲဒီမိန်းကလေး၊ ရိုစီဆိုတဲ့ မိန်းကလေး”
“မင်းသိရင် ပြီးတာပဲကွာ”
ဘခက်က ပြောပြောဆိုဆိုနှင့် ဘသိန်းကိုဝင်ရောက်တိုက်ခိုက်လေသည်။ ဘသိန်းတစ်ယောက်ကတော့ ဘခက်၏တိုက်ကွက်များကို လျှင်မြန်စွာရှောင်ရှားနေလေသည်။ ဘသိန်း၏ သိုင်းပညာရပ်မှာလည်း ပေါ့သေးသေးမဟုတ်မှန်း ဘခက်သိလိုက်သည်။ တိုက်ကွက်ဆယ်ကွက်ခန့် တိုက်ခိုက်ပြီးသည့်အခါ ဘခက်၏ဟာကွက်တစ်ခုကို ဘသိန်းက တိုက်ခိုက်လိုက်လေရာ ဘခက်မှာအနောက်သို့ လွင့်ကျသွား၏။
“ဘခက်ရေ၊ မင်းနဲ့ငါနဲ့တိုက်ခိုက်နေရတာကိုက မဟုတ်သေးဘူးနော်၊ ငါလာတာ မင်းကိုဖမ်းဖို့လာတာမဟုတ်ဘူး၊ ဒီမိန်းကလေးကိုဖမ်းဖို့လာတာ”
“ဘယ်သူ့ကိုဖမ်းဖို့ဖြစ်ဖြစ် ငါကတားရမှာပဲကွ”
“နေစမ်းပါအုံးဘခက်ရ၊ မင်းက ဒီမိန်းကလေးကို ကာကွယ်နေရအောင် မင်းနဲ့သူနဲ့က ဘာဆိုင်လို့လဲကွ”
“ငါနဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် မင်းအပူမပါဘူးကွ”
ဘခက်မှာ လဲနေရာမှ ငေါက်ခနဲခုန်ထလိုက်ပြီး ဘသိန်းအားဝင်ရောက်တိုက်ခိုက်ပြန်သည်။ ဘသိန်းမှာ အရပ်ရှည်သည့်သူတစ်ဦးဖြစ်သည်ကို ဘခက်ကတွေ့လိုက်ရသည်မို့ ဘသိန်းအား ကျဉ်းကြပ်သည့်နေရာတွင် တိုက်ခိုက်ရန်အတွက်ဆုံးဖြတ်လိုက်ပြီးနောက် အခန်းထောင့်ကလေးဆီသို့ မရောက်ရောက်အောင်တွန်းပို့လေသည်။ ဘသိန်းမှာလည်း ဘခက်၏တိုက်ကွက်များကိုရှောင်ရှားရင်း အခန်းထောင့်ကျဉ်းဆီသို့ ရောက်မှန်းမသိရောက်လာခဲ့သည်။
ဘသိန်းက ဘခက်အားခြေထောက်ဖြင့်ကန်ရန်အတွက်အားယူလိုက်သည့်အခါ အနောက်မှနံရံနှင့်ထိကာ ဟန်ချက်ပျက်သွားလေသည်။ တစ်ဖန် ဘခက်အား လက်သီးဖြင့်ထိုးရန်ပြင်ဆင်သော်လည်း အနောက်မှသေတ္တာစောင်းနှင့် တံတောင်ဆစ်ခိုက်မိသွားသည်မို့ လက်သီးချက်မှာလည်း ပျက်သွားရသည်။ ဘခက်က ထိုအခွင့်အရေးကို အမိအရယူကာ ဘသိန်းရင်ဝကို ဒူးဖြင့်တိုက်ထည့်လိုက်သည်။ ဘသိန်းက ဘခက်ဒူးချက်ကိုလက်ဖြင့်ကာကွယ်လိုက်သည့်အချိန်တွင် ဘခက်က ဘသိန်း၏မျက်နှာအား ဘယ်ဘက်ဝိုက်လက်သီးတစ်လုံး ပစ်သွင်းလိုက်ရာ ဘသိန်းမှာထိုလက်သီးချက်မိပြီး ဘေးသို့ယိုင်လဲကျသွားသည်။ ဘသိန်းက သေတ္တာတစ်လုံးအား လှမ်းဆွဲလိုက်သော်လည်း ထိုသေတ္တာအဖုံးမှာပွင့်ထွက်သွားကာ အတွင်းမှ ရွှေငွေရတနာများ ထွက်ကျလာလေသည်။
ဘခက်က ဘသိန်းအားဆက်လက်တိုက်ခိုက်ရန်ပြေးလာသည့်အခါ ဘသိန်းကသူ့ခါးကြားတွင်ထိုးထားသည့် ခြောက်လုံးပြူးသေနတ်အသေးတစ်လက်ကိုဖြုတ်ယူလိုက်ကာ ဘခက်ကိုထိုးချိန်လိုက်သည်။ ထိုအခါမှ ဘခက်မှာ အရှိန်သပ်ကာ ရပ်တန့်လိုက်ရသည်။
“ဟား၊ ဟား ဘခက်ရေ၊ ငါ့ဆီမှာ သေနတ်တစ်လက်ပဲရှိတယ်လို့များ မင်းထင်နေတာလားကွ”
“ဒါနဲ့များ ခင်ဗျားက ဘာဖြစ်လို့အစောကြီးကတည်းက သေနတ်မထုတ်ခဲ့တာလဲ”
“မင်းလိုလူတစ်ယောက်ကို သေနတ်မထုတ်ဘဲနဲ့ ယှဉ်နိုင်မယ်လို့ ထင်ခဲ့လို့ပေါ့ကွ ဘခက်ရ၊ ငါဝန်ခံပါတယ်ကွာ၊ မင်းရဲ့သိုင်းပညာက အတော်ထူးချွန်တယ်ဆိုတာကို ငါဝန်ခံပါတယ်၊ ငါ့လိုလူကို နိုင်အောင်တိုက်နိုင်တဲ့မင်းကို ငါချီးကျူးပါတယ်”
ဘသိန်းက သေနတ်ရှိ ကျည်ရိုက်တံကို လက်မနှင့်ဆွဲယူလိုက်ရင်း
“ငတက်လုံးဘယ်မှာလဲဆိုတာသာ ပြော၊ မဟုတ်ရင်တော့ မင်းဒီနေရာမှာ သေရမယ် ဘခက်”
“လုပ်လိုက်လေဗျာ၊ ကျုပ်က သေရမှာကြောက်နေရင် ဒီလိုလမ်းကိုတောင် လျှောက်ခဲ့မှာမဟုတ်ဘူးဗျ၊ ခင်ဗျားသေနတ်မောင်းကို ညှစ်ချလိုက်စမ်းပါ၊ ကျုပ်က သေဖို့အသင့်ပဲ”
ဘခက်က ပြောဆိုရင်း မျက်စိကိုစုံမှိတ်ထားလိုက်သည်။ ဘသိန်းက ဘခက်ကိုတွေတွေကြီးကြည့်နေစဉ်မှာပင်
“မ၊ မလုပ်ပါနဲ့ ကိုဘခက်ကို မသတ်ပါနဲ့”
အခန်းထောင့်တစ်နေရာမှ မနှင်းဆီက ထွက်လာခဲ့လေသည်။ မနှင်းဆီမျက်နှာမှာ ဖြူဖျော့ကာ အားအလွန်နည်းနေသည်။ ဘသိန်းမှာ မနှင်းဆီအား သေနတ်ဖြင့်ထိုးချိန်လိုက်ကာ
“လတ်စသတ်တော့ ညကငါပစ်လိုက်တဲ့ကျည်ဆန်က မင်းကိုထိသွားခဲ့တာပဲ”
“ဒါတွေအားလုံး ကျွန်မအပြစ်တွေပါ၊ ကျွန်မကိုပဲဖမ်းပါ၊ မဆိုင်တဲ့သူတွေကို မဖမ်းပါနဲ့”
ဘခက်က မနှင်းဆီအရှေ့တွင်ပြေးရပ်လိုက်ပြီး
“ဘာပဲပြောပြော ကျုပ်အသက်ရှင်နေသရွေ့ ခင်ဗျားကိုကာကွယ်ရမယ်၊ ဒီမှာ ဘသိန်း၊ ခင်ဗျားသူ့ကိုဖမ်းချင်ရင် ကျုပ်ကိုအရင်သတ်ရမယ်”
ဘသိန်းက သူ့လက်ထဲမှ ခြောက်လုံးပြူးသေနတ်ကို ဝှေ့ယမ်းဆော့ကစားနေရင်း
“ခင်ဗျားတို့မှားနေပြီ၊ ကျုပ်ဒီကိုလာတာ ငတက်လုံးကိုတွေ့ချင်လို့လာတာ၊ ငတက်လုံးကို ဖမ်းဖို့လာတာမဟုတ်ဘူး”
“ခင်ဗျားဘယ်လိုပြောလိုက်တာလဲ ဘသိန်း”
“ဟုတ်တယ် ကျုပ်သာခင်ဗျားတို့ကို ဖမ်းချင်မှတော့ ဟောဒီမြေအောက်လှိုဏ်ခေါင်းထဲကို တစ်ယောက်တည်းလိုက်လာပါ့မလားဗျ၊ ခြံပြင်မှာရှိတဲ့ ပုလိပ်တွေကိုခေါ်ပြီး ပုလိပ်တွေအားနဲ့ရှာတာပေါ့ဗျာ။
မနှင်းဆီက ဘသိန်းကိုမျက်စောင်းထိုးကြည့်ရင်း
“ရှင်ကဘာဖြစ်လို့ ကျွန်မတို့နဲ့တွေ့ချင်တာလဲ”
“ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားဒီလိုခိုးဝှက်ပြီး ရလာတဲ့ငွေကြေးတွေကို မရှိဆင်းရဲသားတွေကို ပြန်ပေးနေတာ ဘာကြောင့်လဲဆိုတာကို ကျုပ်သိချင်တယ်”
“ဟင်း၊ ရှင့်ကို ကျွန်မက မျက်စိကောင်းတယ်ထင်ခဲ့တာ၊ တကယ်တော့ရှင်က မျက်ကန်းတစ်ယောက်ပဲ၊ မြို့အစွန်အဖျားတွေ၊ မြို့သစ်တွေမှ မရှိဆင်းရဲသားတွေ ဘယ်လောက်ဆင်းရဲနေတယ်ဆိုတာကို ရှင်က မမြင်ဘူးတဲ့လား၊ စားစရာမရှိလို့ သေကြတဲ့လူတွေ၊ အာဟာရမပြည့်လို့ ပိန်လှီသေးကွေးနေတဲ့ကလေးတွေကို ရှင်မမြင်ဖူးဘူးလား၊ ကျွန်မခိုးတယ်ဆိုတာ ပစ္စည်းဥစ္စာပြည့်စုံပြီးတော့ ဆယ်သက်စားမကုန်တဲ့လူတွေဆီကနေ ခိုးယူတာ၊ ဒီဆင်းရဲသားတွေက ထမင်းလေးတစ်လုပ်စားဖို့ကိုတောင်မှ အနိုင်နိုင်ရုန်းကန်နေရပေမယ့် အိမ်ကြီးအိမ်ကောင်းတွေမှာနေတဲ့ သူဌေးကြီးတွေကျတော့ အစာတွေကိုဖြုန်းတီးနေတာကို ရှင်မသိဘူးတဲ့လား”
“ဒါနဲ့ပဲ ဒီလိုမျိုးခိုးစရာလားကွ၊ ကဲထားပါ၊ ငွေကတော့ဟုတ်ပါပြီ၊ ဒီအခန်းထဲက သေတ္တာတွေထဲမှာရှိတဲ့ ရတနာတွေကိုရော မင်းကိုယ်ကျိုးအတွက်ခိုးခဲ့တာမဟုတ်ဘူးလား”
မနှင်းဆီက မောပန်းနေသဖြင့် ဘခက်ကဝင်၍
“မဟုတ်ဘူးဗျ၊ မနှင်းဆီက ဘယ်တော့မှ ကိုယ်ကျိုးအတွက် သုံးခဲ့တာမရှိဘူး၊ ဒီရတနာတွေအားလုံးက ကျုပ်တို့တိုင်းပြည်အတွက်၊ ကျုပ်တို့လူမျိုးအတွက် ရတနာတွေဗျ”
“မင်းပြောတာ ငါနားမလည်ဘူး”
“ခင်ဗျားလို အင်္ဂလိပ်လက်အောက်မှာကျွန်လုပ်ပြီး အင်္ဂလိပ်ခိုင်းသမျှလုပ်နေတဲ့လူက ဘယ်နားလည်ပါ့မလဲကွာ၊ တို့ဗမာတွေအနှိမ်ခံ ကျွန်ပြုခံရပြီး မြေခွန်လူခွန်တွေ ထပ်တိုးကောက်လို့ မွဲတေစုတ်နေတာတောင်မှ မင်းတို့ရဲ့အင်္ဂလိပ်အစိုးရက နားမလည်ဘဲ ဆက်ပြီးဖိနှိပ်ထားတယ်မဟုတ်လားကွ၊ဒါကို မကျေနပ်လို့ တို့ဗမာတွေက ရရာလက်နက်စွဲကိုင်ပြီး အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့တော်လှန်ကြဖို့အတွက် စုဆောင်းထားတဲ့ရတနာတွေကွ”
“မင်းတို့တော်တော်တုံးတဲ့မိုက်တဲ့ကောင်တွေပဲကွာ”
“ဟုတ်တယ်၊ ငါတို့က တုံးတယ်၊ မိုက်တယ်ကွာ၊ ဒါပေမယ့် ငါတို့က မင်းတို့လိုမယုတ်မာဘူးကွ၊ မင်းလိုမျိုး ဗမာတစ်ယောက်ဖြစ်ရဲ့နဲ့ အင်္ဂလိပ်လက်အောက်ခံပြီး သူတို့လုပ်ခိုင်းတိုင်းလုပ်နေတဲ့ လူ့ကျွန်မဟုတ်ဘူးကွ”
ဘသိန်းက သေနတ်ကိုချလိုက်ပြီးနောက်
“ဘာပဲဖြစ်ဖြစ်၊ မင်းတို့လုပ်နေတာတွေကို သိလိုက်ရတဲ့အတွက် မင်းတို့ကိုငါမတားတော့ပါဘူးကွာ၊ ဒါပေမယ့် လူတိုင်းမှာ သူ့အကြောင်းနဲ့သူတော့ ရှိတယ်မဟုတ်လားဘခက်ရ၊ ငါဒင်းတို့လက်အောက်မှာ အလုပ်လုပ်နေရတယ်ဆိုတာကလည်း ငါ့အကြောင်းနဲ့ငါမို့လို့ပါကွာ၊ ဘာပဲဖြစ်ဖြစ် ငါက ဗမာတစ်ယောက်၊ ငါ့ရဲ့ကိုယ်ထဲမှာ စီးနေတဲ့သွေးတွေက ဗမာ့သွေးတွေပါကွ၊ ကိုယ့်ဗမာလူမျိုးအတွက် ကြိုးပမ်းနေတဲ့ မင်းတို့ကို ငါမတားတဲ့အပြင် မင်းတို့ကို လေးစားအားကျမိပါတယ်ကွာ၊ ကိုင်း . . . ငါသွားတော့မယ်၊ မင်းတို့ဘာတွေလုပ်နေတယ်ဆိုတာ သိလိုက်ရတဲ့အတွက် ငါကျေနပ်ပြီ၊ ဒီအိမ်ထဲဝင်ရှာပြီး ဘာမှမတွေ့ခဲ့ဘူးလို့ အထက်ကိုတင်ပြလိုက်မယ်”
ဘသိန်းပြောလိုက်သည့်အခါ ဘခက်နှင့်မနှင်းဆီမှာ အလွန်အံ့သြသွားကြလေသည်။ ဘသိန်းက ကြမ်းပြင်သို့ပြုတ်ကျနေသည့် ခြောက်လုံးပြူးသေနတ်ကို ကောက်လိုက်ကာ ချိုင်းကြားအိတ်အတွင်းသို့ ပြန်ထိုးထည့်လိုက်သည်။ ဘခက်က ဘသိန်းအနားသို့ကပ်လိုက်ကာ
“ဘာပဲပြောပြော ကျေးဇူးတင်ပါတယ်ဗျာ၊ ကျုပ်တို့တော်လှန်ရေးမှာ သေနတ်ကိုင်ပြီး အရှေ့ကတိုက်မှ တော်လှန်တာမဟုတ်ပါဘူး၊ အခု ခင်ဗျားရဲ့လုပ်ရပ်က ကျုပ်တို့တော်လှန်ရေးကို အထောက်အကူပြုတာမို့လို့ ကျုပ်တို့လည်း ခင်ဗျားကိုလေးစားပါတယ် ကိုဘသိန်း၊ ကျုပ်တစ်ခုပြောချင်တာကတော့ ခင်ဗျားအမြန်ဆုံး အင်္ဂလိပ်တွေရဲ့လက်ပါးစေဘဝကနေ ကျွတ်လွတ်ပါစေလို့ ကျုပ်ဆုတောင်းပေးပါတယ်”
ထိုအချိန် မြေအောက်ခန်းတံခါးကြိးမှာ ပွင့်ထွက်သွားကာ သေနတ်ကိုင်ပုလိပ်နှစ်ဦးက အခန်းထဲသို့ဝင်လာခဲ့သည်။ ဘခက်တို့မှာ အလွန်ထိတ်လန့်သွားကြသည်။ ပုလိပ်များက ဘခက်တို့ကိုတွေ့သည့်အခါ သေနတ်နှင့်ထိုးချိန်လိုက်သည်။ ဘသိန်းက ပုလိပ်များကိုလက်ကာပြလိုက်ပြီး
“မပူပါနဲ့ ဒီလူနှစ်ယောက်ကို ကျုပ်ဖမ်းဆီးလိုက်ပါပြီ”
ဘသိန်းက လက်ထဲမှသေနတ်နှင့် ဘခက်တို့ကိုချိန်ရွယ်လိုက်ကာ မျက်စပစ်ပြလိုက်သည်။
“ကဲ အပြစ်သားတွေ၊ ခင်ဗျားတို့ အရှေ့ကနေသွားပေတော့”
ဘခက်နှင့် မနှင်းဆီမှာ လက်မြှောက်လျှက် အရှေ့သို့လျှောက်လှမ်းလာခဲ့သည်။ ပုလိပ်နှစ်ဦးကလည်း သေနတ်ကိုချလိုက်ပြီး ဘသိန်းအနောက်မှ လိုက်ပါလာခဲ့သည်။ ဘသိန်းက သုံးလေးလှမ်းခန့်လျှောက်ပြီးသည့်အခါ အနောက်သို့လှည့်လိုက်ပြီး ပုလိပ်နှစ်ဦး၏ ရင်ဝသို့ သေနတ်ဖြင့်ချိန်ရွယ်ကာ ပစ်ထည့်လိုက်သည်။
ကျယ်လောင်သည့် သေနတ်သံများထွက်ပေါ်လာပြီးနောက် ပုလိပ်နှစ်ဦးမှာ ခွေကျသွားလေသည်။ ဘခက်က ဘသိန်းကို တအံ့တသြနှင့်ကြည့်နေရင်း
“ဘသိန်း၊ ခင်ဗျားဘယ်လိုလုပ်လိုက်တာလဲ”
“ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့လွတ်မြောက်ဖို့အရေးကြီးတယ်၊ အကယ်၍သာ ပုလိပ်တွေက ခင်ဗျားတို့ကိုဖမ်းမိသွားမယ်ဆိုရင် ခင်ဗျားတို့ရဲ့တော်လှန်ရေးအကြောင်းကိုသိသွားပြီး တော်လှန်ရေးကြီးပျက်စီးသွားနိုင်တယ်”
“ဒါနဲ့ပဲ ခင်ဗျားက ပုလိပ်တွေကိုသတ်လိုက်တာပေါ့”
“ဟုတ်တယ်၊ ကဲ ပြောနေကြတယ်၊ ဒီအိမ်ကိုပုလိပ်တွေဝိုင်းထားတယ်၊ ကျုပ်အပြင်ကိုထွက်ပြီးတော့ ပုလိပ်တွေကို တစ်နေရာကိုဦးဆောင်သွားမယ်၊ ခင်ဗျားတို့က ကျုပ်ထွက်ပြီးတာနဲ့ အိမ်ကနေအမြန်ထွက်ပြီး တစ်နေရာကိုပြေးပေတော့”
မနှင်းဆီက မြေအောက်ခန်းအတွင်းရှိ လက်ဝတ်ရတနာသေတ္တာများကိုကြည့်ရင်း
“ပစ္စည်းတွေရော ဘယ်လိုလုပ်မလဲ”
“သွားမှာသာသွားစမ်းပါ၊ ခင်ဗျားတို့နှစ်ယောက် လွတ်သွားဖို့က ပိုအရေးကြီးပါတယ်၊ ဒါနဲ့ ဘခက်၊ ခင်ဗျားသေနတ်ပစ်တတ်လား”
ဘခက်က ခေါင်းညိတ်လိုက်သည့်အခါ ဘသိန်းက သူ့လက်ထဲမှ ခြောက်လုံးပြူးသေနတ်ကို ကျည်ဖြည့်ပြီးနောက် ဘခက်အားလှမ်းပေးလိုက်သည်။
“အပြင်မှာ ဆူညံသံတွေကြားပြီဆိုတာနဲ့ ခင်ဗျားတို့ ပြေးပေတော့”
ဘသိန်းက တူးမြောင်းအတိုင်းပြေးတက်သွားသည်။ ဘခက်တို့လည်း လိုက်တက်လာကာ အခြေအနေကိုစောင့်ကြည့်နေသည်။ ဘသိန်းက အိမ်သာထဲမှထွက်ပြီးနောက် လက်ခေါက်မှုတ်ရင်း
“ပြေးပြီ၊ ဝရမ်းပြေးတွေ ပြေးပြီ၊ ဟိုးခြံနောက်ကနေ တစ်ဖက်လမ်းကိုပြေးပြီ”
ဘသိန်းအော်လိုက်သည့်အခါ ပုလိပ်များက လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ ပုလိပ်များက ဘသိန်းညွှန်ပြသည့်ဘက်သို့ အပြေးလိုက်ကြလေသည်။ လူရှင်းသွားသည့်အခါမှ ဘသိန်းက ဘခက်တို့ကိုအော်ခေါ်လိုက်သည်။
“ဘခက်တို့ မြန်မြန်ထွက်လာခဲ့ကြတော့”
ဘခက်နှင့် မနှင်းဆီမှာ အပြေးထွက်လာကြလေသည်။ ဘသိန်းက အိမ်ရှေ့တွင်ရပ်ထားသည့် ဂတ်ဗိုလ်မင်းကြီးစီးသည့် အမိုးဖွင့်ကားကလေးပေါ်သို့ပြေးတက်ကာ ကားစက်နှိုးလိုက်လေသည်။ အိမ်အတွင်းမှ မစ္စတာဝီလျံနှင့် ဂတ်ဗိုလ်မင်းကြီးက ပြေးထွက်လာသည်။
“ဘာတွေဖြစ်ကြတာလဲ”
ဘသိန်းက ဂတ်ဗိုလ်မင်းကြီးကို သေနတ်နဲ့ထိုးချိန်လိုက်ကာ
“ခင်ဗျားကြီးမသေချင်ရင် ကျုပ်ပြောတဲ့အတိုင်းလုပ်”
ဂတ်ဗိုလ်မင်းကြီးမှာ အလွန်အံ့သြစွာဖြင့်
“နေပါအုံး ဘသိန်းရဲ့၊ မင်းဘာတွေပြောနေတာလဲ”
“ခင်ဗျားကိုပြောနေတာမကြားဘူးလား၊ အခုချက်ချင်း ကားပေါ်ကိုတက်”
ဂတ်ဗိုလ်မင်းကြီးမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ကားပေါ်သို့တက်လိုက်လေသည်။ ဘသိန်းက ဂတ်ဗိုလ်မင်းကြီးဘေးနားတွင်ဝင်ထိုင်ကာ ဂတ်ဗိုလ်မင်းကြီးကို သေနတ်နှင့်ချိန်ထားရင်း
“ကဲ ဘခက်တို့ ဘာလုပ်နေတာလဲ၊ ဟောဒီကားအနောက်ခန်းမှာ အမြန်တက်ကြလေ”
ဘခက်နှင့် မနှင်းဆီမှာ ကားအနောက်ခန်းသို့ တက်လိုက်ကြသည်။ ကားမမောင်းထွက်ခင် မစ္စတာဝီလျံက ကားပြတင်းပေါက်အနီးသို့ ပြေးလာပြီး
“ရိုစီ၊ သမီးလေး . . .”
မနှင်းဆီက ငိုယိုလျှက်
“သမီးတောင်းပန်ပါတယ်အဖေ”
မစ္စတာဝီလျံက မနှင်းဆီ၏ လည်ပင်းကိုဆွဲဖက်လိုက်ကာ မနှင်းဆီ၏ နဖူးကိုတစ်ချက်နမ်းလိုက်ပြီး
“ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိစ္စတွေပြီးသွားရင် သမီးအဖေ့ဆီကိုပြန်လာခဲ့ပါ၊ အဖေဒီမှာ သမီးကိုစောင့်နေမယ်”
မနှင်းဆီက ခေါင်းညိတ်ရှာသည်။ မစ္စတာဝီလျံက ဘခက်အားတစ်ချက်ကြည့်လိုက်ပြီး
“ဘခက်၊ ငါ့သမီးလေးကို မင်းလက်ထဲအပ်ပါတယ်၊ မင်းစောင့်ရှောက်လိုက်ပါ”
ဘခက်က ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။ ထိုစဉ်မှာပင် ဘသိန်းက ဂတ်ဗိုလ်မင်းကြီးအား
“ခင်ဗျားဘာလုပ်နေတာလဲ၊ မောင်းစမ်း၊ ကျုပ်ခိုင်းတဲ့အတိုင်းမောင်းနော်ဗျ၊ မဟုတ်လို့ကတော့ ခင်ဗျားဦးနှောက်ထဲကို ကျည်ဖူးရောက်သွားမယ်”
ဂတ်ဗိုလ်မင်းကြီးမှာ ကြောက်ကြောက်လန့်လန့်နှင့် ကားကိုမောင်းထွက်လာခဲ့လေသည်။
(၅)
ကားကလေးက ခြံအပြင်သို့ထွက်လာခဲ့သည်နှင့် ဂတ်ဗိုလ်မင်းကြီးမှာ အသံအကျယ်ကြီးနှင့်အော်တော့သည်။
“ငါ့ကိုပြန်ပေးဆွဲသွားပြီ၊ ငါ့ကိုကယ်ကြပါ”
မနှင်းဆီတို့ ခြံရှေ့တွင် ပုလိပ်များစီးသည့် ကားနှစ်စီးရပ်ထားလေရာ ထိုကားပေါ်တွင်စောင့်ကြပ်နေကြသည့် ပုလိပ်များမှာ ဂတ်ဗိုလ်မင်းကြီးအား ဘသိန်းက သေနတ်နှင့်ချိန်ထားသည်ကိုတွေ့ရသဖြင့် အလွန်ထူးဆန်းသွားလေသည်။ ပုလိပ်အရာရှိက ကားစက်နှိုးခိုင်းလိုက်ပြီး
“ဟေ့ကောင်တွေ၊ ဟိုခွေးမသား ဗမာ လူဆိုးထိန်းက ဂတ်ဗိုလ်မင်းကြီးကို ပြန်ပေးဆွဲသွားပြီကွ၊ ဒီကောင့်အနောက်ကို လိုက်ကြစမ်းဟေ့”
ပုလိပ်ကားကလေးနှစ်စီးက ဘခက်တို့ကားကလေးအနောက်သို့ လိုက်လာလေသည်။ ဘသိန်းက ဂတ်ဗိုလ်မင်းကြီးကိုကြည့်ရင်း
“မြန်မြန်မောင်းစမ်းပါ၊ ခင်ဗျား ဒီထက်မြန်အောင် မမောင်းနိုင်ဘူးလား”
“ဟာ၊ ငါတစ်ခါမှ ဒီလောက်မြန်မြန် မမောင်းဖူးဘူးဟေ့”
“မသေချင်ရင်တော့ အမြန်ဆုံးသာမောင်းပေတော့”
ဂတ်ဗိုလ်မင်းကြီးမှာ လီဗာကို ဂိတ်ဆုံးနှင်းလိုက်တော့သည်။ အနောက်မှလိုက်လာသည့် ပုလိပ်များမှာ ဘခက်တို့အား ရပ်တန့်ရန်အော်ဟစ်ပြောဆိုကြလေသည်။ ပုလိပ်အရာရှိက
“ဒီကောင်တွေကို ပါးစပ်နဲ့ပြောလို့ရမှာမဟုတ်ဘူးကွ၊ သေနတ်နဲ့ပစ်ကြစမ်းကွာ”
“ဟာ၊ ဖြစ်ပါ့မလား၊ ဂတ်ဗိုလ်မင်းကြီးလည်း ပါတယ်လေဗျာ၊ မတော်လို့ သူ့သွားထိရင် ဘယ်လိုလုပ်မလဲဗျ”
“ပစ်မှာသာပစ်စမ်းပါကွာ၊ ပစ်ကြကွ”
ပုလိပ်များမှာ ကားပေါ်တွင်မတ်တပ်ရပ်ကာ ဘခက်တို့အားပစ်ခတ်တော့သည်။ ပုလိပ်များပစ်ခတ်သည့် ကျည်ဆန်များမှာ ဘခက်တို့စီးနင်းလာသည့် ကားကလေးအား လာရောက်ထိမှန်သည်။ ကျည်ဆန်တစ်တောင့်မှာ ကား၏လေကာမှန်ကိုထိမှန်သွားကာ နောက်ကျည်ဆန်တစ်တောင့်မှာတော့ ကားအမိုးကိုင်းကို ထိမှန်သွားလေသည်။
ကားမှာ ဘိုးလိန်းလမ်းအတိုင်းမောင်းထွက်လာခဲ့ပြီး စထရင်းလမ်းခေါ် ကမ်းနားလမ်းပေါ်သို့ မောင်းတက်လာခဲ့သည်။ ကမ်းနားလမ်းမှာ ကားများ၊ ကုန်တင်ယာဉ်များ ဓါတ်ရထားများနှင့် ရှုပ်ယှက်ခပ်နေလေသည်။ ပုလိပ်ကားတစ်စီးမှာ ဘခက်တို့စီးနင်းလာသည့် ကားနံဘေးသို့ မောင်းတက်လာလေသည်။ ကားချင်းအပြိုင်အနေအထားရောက်သည့်အခါ ပုလိပ်တစ်ဦးက သေနတ်နှင့်ပစ်ခတ်တော့သည်။
“ဟေ့ကောင်တွေမပစ်ကြနဲ့”
ဂတ်ဗိုလ်မင်းကြီးက အော်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ ပုလိပ်များက ဘခက်တို့ကားထံသို့ သေနတ်ဖြင့်ပစ်ခတ်ကြလေသည်။ ပုလိပ်တစ်ဦးပစ်ခတ်လိုက်သည့် ကျည်ဆန်မှာ ဂတ်ဗိုလ်မင်းကြီး၏ နားထင်သို့ထိမှန်သွားကာ ဂတ်ဗိုလ်မင်းကြီးမှာ ကားစတီယာရင်ပေါ်သို့ မှောက်ကျသွားလေသည်။ ဘသိန်းက ကားစတီယာရင်ကို ထိန်းကိုင်ထားလိုက်ရင်း
“ဘခက်ရေ၊ သေနတ်နဲ့ပြန်ပစ်လေကွာ”
ဘခက်မှာ ကားပြတင်းပေါက်မှ လက်ထွက်လိုက်ကာ တစ်ဖက်ကားအား ခြောက်လုံးပြူးသေနတ်ဖြင့်ပစ်ခတ်လေသည်။ သေနတ်သုံးချက်ခန့် ပစ်ခတ်လိုက်လေရာ ဘခက်ပစ်လိုက်သည့် ကျည်ဆန်မှာ တစ်ဖက်ကား၏ အရှေ့ဘီးကိုထိမှန်သွားကာ ကားဘီးမှာဝုန်းခနဲပေါက်ထွက်သွားပြီး ထိုပုလိပ်ကားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးဆင်းကျသွားကာ အဆောက်အဦးတစ်ခုနှင့်ဝင်တိုက်မိသွားတော့သည်။ ဘသိန်းက တဟားဟားနှင့်ရယ်မောလျှက်
“ဟား၊ ဟား ခင်ဗျားက လက်တော်တော်ဖြောင့်ပါလားဗျ”
ဘသိန်းက ဂတ်ဗိုလ်မင်းကြီးဘက်တွင်ရှိသည့် ကားတံခါးကိုဖွင့်လိုက်ကာ သေဆုံးနေပြီဖြစ်သည့် ဂတ်ဗိုလ်မင်းကြီးအား ကားပေါ်မှတွန်းချလိုက်ကာ ကားမောင်းသည့်နေရာတွင် ဝင်ထိုင်လျှက် ကားကိုဆက်လက်မောင်းနှင်လေသည်။ ထိုအခါ ကျန်ရှိသည့် ပုလိပ်ကားတစ်စီးမှာ အနောက်မှထပ်ကြပ်မကွာလိုက်လာကာ ဘခက်တို့ကားအား ဆက်လက်ပစ်ခတ်ပြန်သည်။
“တစ်ကောင်ကျသွားပေမယ့် နောက်တစ်ကောင်တော့ရှိသေးသကွ”
ဘခက်က အနောက်သို့လှည့်ကာ သေနတ်ဖြင့်ပြန်လည်ပစ်ခတ်သော်လည်း သုံးချက်ပစ်ပြီးသည့်အခါ သေနတ်မှာကျည်ဆန်ကုန်သွားတော့သည်။
“မပူနဲ့ဘခက်၊ ဒီတစ်ကောင်ကို ငါရှင်းမယ်”
ဘသိန်းက ကားကိုအရှိန်အမြင့်ဆုံးမြှင့်ကာ မောင်းနှင်နေလေသည်။ လမ်းမပေါ်တွင်မောင်းနှင်နေကြသည့် အခြားကားများအကြားမှ ပွတ်ကာသီခါ ဖြတ်သန်းသွားသည်မှာအသည်းတအေးအေးနှင့် စိတ်လှုပ်ရှားဖွယ်ဖြစ်နေသည်။ ပုလိပ်အရာရှိ မောင်းနှင်သည့်ကားမှာလည်း ဘသိန်းအနောက်မှ ထပ်ကြပ်မကွာလိုက်လာသည်။ ဘသိန်းက ကားမောင်းလျှက် ရယ်မောနေရင်း ကမ်းနားလမ်းထောင့်သို့ရောက်သည့်အခါ ကားကိုရုတ်တရက်ဆွဲကွေ့ချလိုက်သည်။ အနောက်မှလိုက်လာသည့် ပုလိပ်ကားမှာ ချက်ချင်းမကွေ့နိုင်သည်မို့ အရှေ့မျက်နှာချင်းဆိုင်မှလာသည့် ဓါတ်ရထားကြီးအား အရှိန်နှင့်ပြေးကာ ဝင်တိုက်သွားတော့သည်။ ဘသိန်းက ကားကို ဒါလဟိုဇီလမ်းအတိုင်း မောင်းနှင်လာရင်း ရယ်မောနေလေသည်။
“ကျုပ်တို့ ဘယ်ကိုသွားမလဲ”
ဘသိန်းမှာလည်း ဘယ်ကိုသွားရမှန်းမသိဖြစ်နေလေသည်။ ထိုအခိုက် မနှင်းဆီက
“အင်းစိန်ကိုသွားရမယ်၊ အင်းစိန်မှာ ကျွန်မတို့ကို ကူညီမယ့်လူရှိတယ်”
“အင်းစိန်ဆိုရင်တော့ ကားနဲ့သွားလို့မဖြစ်ဘူး၊ လမ်းမှာအစစ်အဆေးတွေရှိတယ်၊ ဒါကြောင့် ကွမ်းခြံဘူတာကိုသွားရမယ်၊ အဲဒီကထွက်တဲ့ ရထားနဲ့အင်းစိန်ကိုဆင်းကြမယ်”
ဘသိန်းပြောသည့်အတိုင်း အားလုံးဆုံးဖြတ်လိုက်ကြသည်။ မကြာမီ ကွမ်းခြံဘူတာသို့ရောက်လာခဲ့သည်။ အင်းစိန်ဘက်သို့ထွက်ခါနီးရထားပေါ်သို့ သူတို့သုံးယောက်ခုန်တက်လိုက်ကြသည်။ ပုလိပ်များမှာ ကမ်းနားလမ်းတွင် လောလောလတ်လတ်ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကို သိပုံမရသေးပေ။
ရထားပေါ်တွင်ထိုင်နေရင်း မနှင်းဆီမှာအလွန်အားနည်းလာလေသည်။ ထို့ကြောင့်အနားတွင်ထိုင်နေသည့် ဘခက်၏ပုခုံးကို ခေါင်းတင်ကာမှီလိုက်လေသည်။ မနှင်းဆီပခုံးကိုမှီလိုက်သဖြင့် ဘခက်ရင်ထဲမှာ တစ်မျိုးကြီးဖြစ်သွားလေသည်။ ဘသိန်းက သူတို့နှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လျှက်လိုက်ပါလာလေရာ ဘခက်က ဘသိန်းကိုကြည့်ပြီး
“ခင်ဗျားဘယ်လိုဆက်လုပ်မလဲ ဘသိန်း”
“ကျုပ်အခြေအနေက မထူးတော့ပါဘူးဗျာ၊ ဒီအချိန်မှာ ဂတ်ကိုပြန်သွားရင်လည်း ကျုပ်ကိုဒီကောင်တွေကဖမ်းပြီးတော့ ကြိုးစင်ပို့ကြမှာပဲဗျ၊ တတက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန်ဆိုတဲ့အခြေအနေဖြစ်နေမှတော့ ခင်ဗျားတို့နဲ့ အတူတူလိုက်ခဲ့မယ်လို့ ဆုံးဖြတ်ထားတယ်”
“ခင်ဗျားတကယ်ပြောတာလား ဘသိန်း”
“တကယ်ပေါ့ဗျာ၊ ခင်ဗျားတို့လို ဖြောင့်မတ်မှန်ကန်ပြီး ကိုယ့်အမျိုးသားအရေးကို ဆောင်ရွက်နေတဲ့လူတွေနဲ့လူတွေနဲ့ လိုက်ပါခွင့်ရတာကို ကျုပ်ဂုဏ်ယူမိပါတယ် ဘခက်”
“ကျုပ်လည်း ခင်ဗျားအမြင်မှန်ရသွားတာကို ဂုဏ်ယူပါတယ် ဘသိန်းရာ”
ရထားကြီးမှာ တဂျုတ်ဂျုတ်နှင့် အင်းစိန်ဘက်သို့ ခုတ်မောင်းလျှက်ရှိနေတော့သည်။