July 31, 2025
Uncategorized

ဘဝထဲက အလှစစ်

ကျွန်းစဉ်မြေစောခက်
ဘဝထဲက အလှစစ်

လယ်တဲအဖီခန်းကလေးကနေ လယ်ကွင်းပြင်ကြီးကို တက်လူ လှမ်းမျှော်ကြည့်လိုက်သည်။

ဖုံးတုန်း လုံးတုန်းကာလမို့ စပါးနှံများက ညွတ်အိကာ တွဲကျနေကြ၏။ တောင်လေကလေးတစ်ချက်အသုတ်တွင် စပါးခင်းကြီးမှာ လှိုင်းအိကလေးများသဖွယ် ဖြစ်ပေါ်သွားကာ တနွဲ့နွဲ့ လှုပ်ခါသွားကြ၏။

“တကူး ကူး ကူး … တကူး ကူး ကူး”

“ချိုးတွေကူပြီနော် ကိုတက်လူ”

“ချိုးကူမှာပေါ့ကွာ၊ စပါးတွေတောင် မောင်းညိုကြတော့မှာလေ။ ဒီလိုရာသီရောက်တိုင်း ချိုးတွေ မိတ် လိုက်ကြတယ်။ ဖိုသံ မသံ ပေးကြတာပေါ့ကွယ်”

“ သားလေးရေ လာပါအုံး”

“ဗျာ … လာပါပြီအမေ”

ကိုတက်လူနဲ့ မအေးမူတို့ သားလေး မောင်ချစ်ဦး အဖေနဲ့ အမေ အနားသို့ ရောက်လာ၏။

“သားလေးက ချိုးသိုက် တွေ့တယ်ဆိုတော့ အဲဒီအသိုက်ကို သား ဘာလုပ်လိုက်သေးလဲဟင်”

“ချိုးဥလေးတွေကို သား ကိုင်ကြည့်လိုက်တယ်။ နောက်ပြီးတော့မှ ချိုးကလေးပေါက်မှ ယူတော့မယ်ဆိုပြီး ပြန်ထားခဲ့တယ် အဖေ”

“သားက ဥလေးတွေကို သွားကိုင်ကြည့်တော့ စည်းပေါက်သွားပြီလေ။ အဲဒီအသိုက်ကို ချိုးမကြီး ဘယ် တော့မှ လာမှာ မဟုတ်တော့ဘူး”

သားလေး မောင်ချစ်ဦးမှာ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ စပါးခင်းကြီးကို ဝေဝေဝါးဝါး ကြည့်နေ၏။

ချိုးငှက်တို့သည် စပါးခင်း၏ ပတ်ဝန်းကျင် ရိုးချောင်းနံဘေး တောချုံလေးများတွင် လုံခြုံသော နေရာကိုရှာပြီး သိုက်မြုံဖွဲ့ကာ ဥကြ ပေါက်ကြခြင်းပင် ဖြစ်သည်။

သူတို့၏ ထူးခြားမှုတစ်ခုမှာ အလွန်မြင့်သော သစ်ပင်သစ်ကိုင်းများတွင် သိုက်မြုံမဖွဲ့ကြ။ သဘာဝဘေးအန္တရာယ်ကို စိုးရိမ်၍လည်း ဖြစ်တန်ရာသည်။

“သား စိတ်ညစ်မနေပါနဲ့တော့။ ဖြစ်တာတွေလည်း ဖြစ်ပြီးသွားပြီ။ နောက်ဆို ဘယ်ငှက်သိုက်ကိုမှ သွား မကြည့်နဲ့၊ မနှောင့်ယှက်နဲ့။ သူတို့ဘာသာ သူတို့မိသားစုဘဝကို တည်ဆောက်ပြီး မျိုးဆက်ပွားဖို့ ကြိုးစားနေကြတာလေ”

မောင်ချစ်ဦးမှာ အဖေ့စကားကို ခေါင်းကလေးငုံ့ပြီး နားထောင်နေ၏။

“ကဲ … ဟုတ်ပြီ သား၊ ခု အဖေနဲ့ ငါးမျှားတန်းချဖို့ လိုက်ရမှာနော်”

“ဟုတ်ကဲ့ပါ အဖေ”

“သားလေးကို မခေါ်နဲ့တော့လေ ကိုတက်လူ။ သားလေးက ခုပဲ ကျွဲတွေချည်ပြီးခါစပဲ ရှိသေးတယ်။ နေ့လယ်အားချိန်ကလေးမှာ နားနားနေနေ နေပါစေလေ။ ကျွန်မပဲ လိုက်ပေးပါ့မယ်နော်။

သားလေး နားလိုက်နော်၊ အမေလိုက်သွားလိုက်မယ်။ သမီးလေးက ထမင်းချက်ထားနော်”

“ဟုတ်ကဲ့ရှင့်”

သမီးလေး ကြာညိုပန်းက အမေ့ကို ပြုံးပြုံးလေးကြည့်ရင်း ပြောလိုက်၏။

ရခိုင်ကျွန်းစဉ်ဒေသ၏ ဓလေ့တစ်ခုမှာ နှလုံးသားချင်းပေါင်းစည်းပြီး လင်ခန်း မယားခန်း မြောက်သည်ဆိုရင်ပဲ မယားဖြစ်သူမှာ လင်ယောက်ျားဘေးတွင် လွယ်အိတ်ကလေးလို အမြဲတမ်းယှဉ်တွဲနေရတော့သည်။

လယ်လုပ်ရာတွင် လင်က လယ်တမံအတွက် မြေတူးလျှင် မယားက မြေစိုင်ခဲ ကောက်ရသည်။

လင်က လှေပဲ့ပိုင်းက လှော်လျှင် မယားက လှေဦးက လှော်ရသည်။

လင်က ထင်းပိုင်းလျှင် မယားက ထင်းပိုင်းသယ်ရ သည်။

လင်က ဓနိခုတ်လျှင် မယားက ဓနိရွက်ထပ်စီရသည်။

လင်က ငါးရှာလျှင် မယားက ပဲ့ကိုင်ကာ လှေလှော်ပေးရသည်။

ဇနီးမယားက ယောက်ျားထက် ပိုလုပ်ရသော အလုပ်တောင် ရှိသေးသည်။ မနက်စောစော မြစ်ချောင်းများဘက်သို့ ငါးရှာ ဟင်းခူးဆင်းမည်ဆိုလျှင် မယားဖြစ်သူက မနက်ဝေလီဝေလင်းကပင် အိပ်ရာထပြီး ထမင်း ဟင်း ချက်ပြုတ်ရခြင်းပင်။

သို့သော် ကျွန်းစဉ်သူတို့ကား မတွေဝေကြ။ လူမှုဘဝတစ်ခု ရှင်သန်ရေးအတွက် လင်ယောက်ျားနဲ့ ရင်ပေါင်တန်းပြီး ပါဝင်ခဲ့ကြသည်ချည်း။

ဘဝစစ်ပွဲမှာ စီးချင်းထိုးနေကြသော နှလုံးသားအစုံစုံများဟု ကင်ပွန်းတပ်လိုက်လျှင် မှားအံ့မထင်မိပေ။

xxx xxx xxx

“အေးမူရေ … လှေကြိုး သွားဖြေထားလိုက်။ ကို အစာပလိုင်း သွားယူလိုက်အုံးမယ်”

တက်လူက ပြောပြောဆိုဆို တမံတွင်းက ဆည်သို့သွားပြီး အစာမြှုံးကို သွားယူလိုက်၏။ မျှားတန်း ချရာတွင် အရှင်စာ လိုပေသည်။ အရှင်စာနဲ့သာ ငါးများကို ဆွဲဆောင်နိုင်စွမ်း ပိုရှိသည်။

အရှင်စာကို ကျောကုန်းတွင် ငါးမျှားချိတ်ဖြင့် ချိတ်ပြီး ချလိုက်ခြင်းဖြင့် အရှင်စာက နာလွန်းသဖြင့် အတင်းရုန်းပြီး ကူးခပ်နေခြင်းမှာ ရေသတ္တဝါငါးမျိုး တို့အား ချော့မြူဆွဲဆောင်နေသလို ရှိဘိ၏။

အရှင်စာတွင် ငါးစာထက် ပုစွန်စာဆို ပိုကြိုက်သည်။ ပုစွန်တွင်လည်း ပုစွန်ကျား(တိုက်ဂါး)ဆိုလျှင် ပိုပြီး ရုန်းအားကောင်း၍ ငါးများကို ပိုဆွဲဆောင်မှုရှိသည်။

တက်လူ ပုစွန်ကျားမြှုံးကို ဆည်ရေထဲမှ ဖော်ယူလိုက်၏။ ပုစွန်ကျားများ တဖြုန်းဖြုန်းရုန်းကာ ပါ လာကြ၏။ တက်လူ ခပ်သွက်သွက်ပဲ လှေဆိပ်သို့ လှမ်းလာ၏။

“အေးမူရေ”

“ရှင့်”

ဇနီးသည်၏ ခပ်နွဲ့နွဲ့ ထူးသံလေးကြောင့် ကိုတက်လူ ဘဝင်တွေ့သွား၏။

တက်လူ ပုစွန်ကျားမြှုံး ပလိုင်းလေးကို လှေပေါ်သို့ အသာအယာ တင်လိုက်၏။

“ကဲ … လှေတွန်းရအောင်ဟေ့”

တက်လူ ပုဆိုးကို ခါးတောင်းကျိုက်လိုက်၏။ အေးမူက ထဘီကို ဒူးအထက်နားထိ တင်ကာ မြဲမြဲစည်း
လိုက်၏။ အလုပ်ကြမ်းလုပ်ပြီး ဘဝကိုရုန်းကန်နေကြသော လယ်သမား ဇနီးမောင်နှံတို့၏ ခြေသလုံး တုတ်တုတ်ကြီးများမှာ ချောင်းမြေပြင် ရွှံ့ပျော့တောတွင် ဒူးခေါင်းလောက်ထိ နစ်မြုပ်နေကြ၏။

အေးမူကတော့ လှေတံကူကို လက်တစ်ဖက်၊ လှေစပ်နံကို လက်တစ်ဖက်ကိုင်ကာ လှေရှေ့ပိုင်းက ဆွဲလိုက်၏။

“ဟေးလား … လာလေရဲ့”

တက်လူက အားဖြည့်သံလေး ပေးပြီး လှေနောက်ကတွန်းလိုက်၏။ နှစ်ယောက်ရုန်းတော့ နှစ်အားပေါ့။ လှေကလေးမှာ ချောင်းမြေပြင် ရွှံ့ပျော့တောတွင် ခပ်သွက်သွက် ပြေးနေ၏။

ရေတက်ဦးတွင် မျှားတန်းအမီ ချနိုင်ရေးအတွက် လှေကို လှေဆိပ်မှ စစ်ရေရှိသည့် ချောင်းရိုးထိရောက်အောင် တွန်းချရခြင်းဖြစ်သည်။ လှေများကို အများအားဖြင့် ရေပြည့်ချိန်များတွင် ဆိုက်ကပ်ချည်နှောင်ထားကြခြင်းဖြစ်၍ လှေဆိပ်ရေဆုံးထိ ရောက်နေကြခြင်း ဖြစ်သည်။

“ကဲ … ရေထဲကျတော့မယ်။ ဟေး … လား”

တက်လူ အားဖြည့်သံလေး ပေးလိုက်ပြန်၏။

“ချလွတ် … ချလွတ် … ချလွတ် … ချလွတ်”

“ဗိုင်း”

လှေနဲ့ ရွှံ့ဗွက်တို့၏ ထိတွေ့ကျီစယ်သံအဆုံးတွင် လှေမှာ ချောင်းရေပြင်ထဲသို့ ဗိုင်းခနဲ ကျသွား၏။

“ဟဲ့ ဟဲ့ … ဟဲ့ ဟဲ့”

တက်လူက မြန်လည်းမြန်သည်။ အထာလည်းကျွမ်းသည်။ အရှိန်နဲ့ တစ်ဟုန်ထိုး ပြေးဆင်းနေသောလှေ ချောင်းသို့ အကျတွင် ချောင်းလယ်သို့ အရှိန်ဖြင့်လျှောကာ လွင့်စဉ်မသွားစေရေးအတွက် လှေထိန်းကြိုးကို ဖျတ်ခနဲ ကောက်ဆွဲပြီး တောင့်ထားလိုက်၏။

ဒါတောင် လှေက အားမလျှော့ချင်သေး။ ပဲ့ဖျားပိုင်းက ဘယ်ညာ ခါယမ်းကာ လွတ်မြောက်ရေးအတွက် အရေးဆိုနေသေးသည်။

အေးမူ လှေပဲ့ပိုင်းကို လှည့်ဆွဲလိုက်၏။ လှေကို နောက်မှီကာ တင်ပါးဆုံကြီးကို လှေပဲ့ဖျားတွင် တင်ပြီး နောက်ပြန်တက်ထိုင်ချလိုက်၏။

ခြေထောက်နှစ်ချောင်းကို ချောင်းရေထဲတွင် တဖြောင်းဖြောင်းလှုပ်ခါဆေးပြီး လှေပေါ်သို့ တင်လိုက်သည်။

တစ်ဆက်တည်းပင် တက်လူလည်း ခြေဆေးပြီး လှေပေါ်သို့ တက်လိုက်၏။ တက်လူ လှေဦးပိုင်းကနေ လှေဝမ်းဗိုက်ပိုင်းသို့ လျှောက်လာပြီး ကပ်စင်ပေါ်တွင် ထိုင်လိုက်၏။

မျှားလှေ ပိုက်လှေများတွင် လှေစပ်နံအောက် ၁ ပေခန့်နှိမ့်ပြီး ဝါးကပ်ကလေးခင်းကာ ကပ်စင်အခန်း လုပ် ထားခြင်းပင် ဖြစ်သည်။ မျှားချပိုက်ချခြင်းလုပ်ငန်းကို ကပ်စင်ပေါ်ကပင် ပြုလုပ်ကြရသည်။

“ချောင်းလယ်ကို မလှော်နဲ့ကွာ၊ ကမ်းစပ်တစ်လျှောက်ပဲ ချမယ်”

“ဟုတ်ကဲ့ … ဟုတ်ကဲ့”

အေးမူ ကမ်းစပ်ဘက်သို့ လှော်ပေးလိုက်၏။

“ဟုတ်ပြီ … ဟုတ်ပြီ … ရပြီ၊ လှေထိန်းတော့”

အေးမူ တက်မကို နောက်သို့ ယက်ကော်ပြီး လှော်လိုက်ခြင်းဖြင့် လှေအသွားနှုန်းကို ရပ်စေ၏။

ကျွန်းစဉ်ဒေသတွင် ကြီးပြင်းလာကြသူများမှာ မြစ်များ၊ ချောင်းများနဲ့ မကင်းသဖြင့် အရွယ်ရောက်သည်နှင့် ယောက်ျား မိန်းမ မရွေး လှေလှော်၊ လှေခတ်တတ်ကြသည်။

တက်လူ ရေအနက်ကို ချိန်ပြီး လက်ဖျားကျောက်ဆူးကို ပစ်ချလိုက်၏။ တစ်ဆက်တည်းပင် လက်ဖျား ဖော့ကိုလည်း တစ်ခါတည်း ပစ်ချလိုက်၏။

လက်ဖျားဖော့ ရေတွင် ပေါ်နေခြင်းအားဖြင့် မျှားတန်းစချသည့်နေရာကို သိစေခြင်းပင် ဖြစ်သည်။

အစာမြှုံးပလိုင်းကို ပုစွန်စာများ သေမသွားစေရေးအတွက် လှေထုပ်တွင်ချည်ပြီး ချောင်းရေထဲတွင် တွဲလောင်းချပြီး နှစ်မြှုပ်ထားရ၏။

ရေထဲမှ တစ်ကောင်ချင်းယူ၍သာ ငါးမျှားချိတ်တွင် ချိတ်ရသည်။

“ကဲ … မျှားစချတော့မယ်၊ ဖြည်းဖြည်းလေး လှော်ပေးပါ”

အေးမူက လှေကို ဖြည်းဖြည်းချင်း လှော်ပေးလိုက်၏။ လှေအရွေ့တွင် တက်လူက ငါးမျှားချိတ်တွင် အရှင်စာကို ဖောက်ချိတ်ပြီး မျှားတစ်ချောင်းချင်း ပစ်ချနေ၏။

မျှားတန်းဆုံးသည့်အချိန်တွင် လက်ရင်းကျောက်ဆူးကို ချလိုက်ပြန်၏။ လက်ရင်းလက်ကိုင်ကြိုးကို လှေဦးပိုင်းထုပ်တွင် ချည်ထားလိုက်သည်။

ဤတွင် လှေမှာ လက်ရင်းဖော့ကြီးလို ဖြစ်သွားတော့၏။

အထက်ကျွန်းစဉ်ဒေသတွင် မိုးဦးကျ လယ်ထွန်စပါးစိုက်ပြီးချိန်မှ ဆောင်းတွင်းစပါး မရိတ်သိမ်းမီ ကြားကာလသည် လယ်သမားများအတွက် ခက်ခဲသောအလုပ်ဟူ၍ သိပ်မရှိဘဲ အလုပ်အားချိန်လိုလို ဖြစ်နေ၏။

ကျွန်းစဉ်နယ်သား လယ်သမားတို့၏ လယ်များမှာ ရပ်နဲ့ကွာ၊ ရွာနဲ့ဝေးသော ဒီရေရောက်ကျွန်းများကို ဝိုင်းပတ်ဆည်ဖို့ပြီး တီထွင်ထားသော လယ်များဖြစ်၍ အလုပ်အားချိန်ဟုဆိုသော်လည်း ရွာသို့ တစ်ခေါက်ပြန်လာရေးမှာ မလွယ်။

လယ်ဝင်ကတည်းက ရုပ်ပြောင်း၊ ရွာပြောင်းသလို မိသားစုအကုန်လုံး အိမ်အသုံးအဆောင်ပစ္စည်းအစုံ အလင်နဲ့ လှေသမ္ဗန်များဖြင့် ပြောင်းရွှေ့လာကြခြင်းဖြစ်သည်။

လယ်သမားတို့အတွက် အလုပ်အားချိန်သည် အပိုစီးပွားရှာချိန်ပင် ဖြစ်သည်။ တစ်နိုင်လုပ်ငန်းလည်း ဖြစ်သည့် မျှား၊ သို့မဟုတ် ပိုက်ဖြင့် မိသားစု ငါးရှာခြင်းပင် ဖြစ်ပါ၏။ သိပ်ကြီးကြီးမားမား လုပ်ငန်းကြီး မဟုတ်သဖြင့် မိသားစုဝင်များနဲ့ အဆင်ပြေသလို လုပ်ကိုင်ကြခြင်း ဖြစ်သည်။ အလုပ်အပိုလုပ်ခြင်းဖြင့် ဝင်ငွေအပို ရရှိကြသည်။

“ရေတက်ဦးနဲ့ဆိုတော့ ငါးတွေ့တတ်တယ်။ ကဲ … မိန်းမရေ၊ တစ်တန်းလောက် ဖော်ကြည့်လိုက်ကြရအောင်နော်”

“ဟုတ်ကဲ့ … ဟုတ်ကဲ့”

တက်လူ လက်ရင်းကျောက်ဆူးကို ဆွဲဖော်လိုက်၏။

မြေအောက်ရွှံ့ပြင်ထဲတွင် ကျောက်ဆူးတောင်က ဂဟေစွဲသကဲ့သို့ မြဲနေပေရာ တော်ရုံနဲ့ ဆွဲဖော်၍ မပေါ်နိုင်။ အားတင်းပြီး ဖိဆွဲလိုက်ရာ လှေနံမှာ တစ်ဖက်သို့စောင်းသွားပြီး လှေမှောက်မလို ဖြစ်သွားသည်။

အေးမူမှာ လှေပေါ်က လိမ့်မကျရေးအတွက် လှေစပ်နံကို ကမန်းကတန်း လှမ်းကိုင်လိုက်ရသည်။

“အမယ်လေး ယောက်ျားရယ်၊ ဖြည်းဖြည်းလုပ်ပါ”

တက်လူမှာ လှေစပ်နံတစ်ဖက်ကို နင်းပြီး ဆောင့်ကာဆောင့်ကာ ဆွဲ၏။ တဖြည်းဖြည်း ကျောက်ဆူးကြီးပေါ်လာ၏။

“ရပြီ မိန်းမရေ … ရပြီ”

ကိုတက်လူ ကျောက်ဆူးကို လှေပေါ်သို့ ဆွဲတင်လိုက်သည်။

“ကဲ … မိန်းမရေ၊ မျှားတန်း ဖော်တော့မယ်။ တက်မကို စင်းပေးထား။ လှေကို ဘယ်ညာ မယမ်းစေနဲ့”

အေးမူမှာ ဘယ်ညာညှိကာ လှေကို တည့်ပေးထားလိုက်၏။

ကိုတက်လူ မျှားတန်းကို ဆွဲဖော်လိုက်၏။ ငါးတွေ ထိန်ထိန်ဝင်းကာ ရွှေရောင်အဆင်းဖြင့် ရေပေါ်သို့ ပေါ်တက်လာကြရာ လွန်စွာ ကြည့်ကောင်းပြီး အားရဖွယ်လည်း ကောင်းလှသည်။

ကိုတက်လူမှာ ငါးတစ်ကောင်စီ ငြိပါလာတိုင်း ငါးမြီးရင်းခွကို မြဲမြဲဖမ်းကိုင်ပြီး အာခံတွင်းထဲတွင် ချိတ်မိနေသော ငါးမျှားချိတ်ကို ဖြုတ်ယူရ၏။ ငါးဖြုတ်ပြီးတိုင်း အစာလစ်လပ်နေသော ငါးမျှားချိတ်တွင် အရှင်စာတပ်ပြီး ပြန် ချရ၏။

ဤသို့ မျှားတစ်ချောင်းချင်း ပြုလုပ်ခြင်းဖြင့် မျှားတန်းဖော်၍ ပြီးဆုံးချိန်တွင် မျှားတန်းကို ပြန်လည်ချပြီးသားလည်း ဖြစ်နေပေတော့သည်။

အသက်ဘေးအတွက် တဗြုန်းဗြုန်းရုန်းနေသော ငါးကို ကိုင်ရသည်မှာ လွန်စွာကျွမ်းကျင်ရန်လို အပ် လှပါသည်။ ကိုင်တွယ်ပုံနည်းစနစ် မကျလျှင် ငါးဆူးတောင်များသော်လည်းကောင်း၊ ငါးမျှားချိတ်သော် လည်းကောင်း လက်ကို ဖောက်စူးတတ်ပေသည်။

ကိုတက်လူမှာ ငါးမျှားချိတ်တွင်ငြိပါလာသော ငါး များကို တစ်ကောင်ပြီးတစ်ကောင် ဖြုတ်ရင်း လှေဝမ်းဗိုက်ရှိ ရေပက်ခန်းထဲသို့ ပစ်ချနေ၏။ ငါးများမှာ ရေပက်ခန်းထဲတွင် ဆူးတောင်ကြီးများထောင်ပြီး တစ်ကောင်နဲ့ တစ်ကောင် လုယက်ပြေးလွှားကြရင်း အသက်ဘေးမှ လွတ်မြောက်ရေးအတွက် ကြိုးစားနေကြ၏။

သို့သော် ရေနေသတ္တဝါတို့၏ သဘာဝအတိုင်း လှေပေါ်သို့ရောက်လျှင် သိပ်မကြာ ငြိမ်သက်သွားကြသည်။ ငါးရောင်တို့ ငါးခူတို့လို အကြေးခွံမရှိသော ငါးများသာ နည်းနည်း အသက်ပိုရှည်တတ်ကြသည်။

“ယောက်ျားရေ၊ အဲဒါ ဘာငါးလဲဟင်”

၃ ပေခန့်ရှည်သည့် ငါးကြီးတစ်ကောင် တွန့်လိမ်ပြီးပေါ်လာရာ အေးမူ တအံ့တဩမေးလိုက်၏။ ငါးကြီးမှာ အခြားငါးများထက် ရှည်သည့်အပြင် အရောင်အဆင်းကလည်း ရွှေဝါရောင်အဆင်းဖြင့် လှနေပေသည်။

“ဩော် မိန်းမကလည်း … ဒါ ငါးရွှေလေကွာ။ တစ်ခါမှ မမြင်ဖူးတာ ကျနေတာပဲ”

“ဒီလို အရှင်ကို တစ်ခါမျှ မမြင်ဖူးတာ၊ ဗြုန်းခနဲဆိုတော့ ဘယ်သိမလဲ”

ငါးရွှေကောင်ကြီး၏ ခေါင်းပိုင်းမှာ ရုပ်ပုံများထဲက နဂါးခေါင်းပိုင်းကြီးလို ဖြစ်နေသည်။ မျှားကြိုးတန်းလန်းဖြင့် ဟထားသော ပါးစပ်ပေါက်ရှည်မျောမျောထဲတွင် ချွန်ထက်သော သွားများက လွှသွားလို စီတန်းနေ၏။ ထိမိ ရှမိလို့ကတော့ လက်တစ်ချောင်းလုံး ကုန်ပြီသာမှတ်။

ငါးရွှေကောင်ကြီးမှာ လှေပေါ်ရောက်သော်လည်း သတ္တိပြဆဲ၊ မာန်ခဲဆဲ။ ရုန်း၏၊ ကန်၏၊ တွန်း လှန်၏။ သတ္တဝါကောင်၏ ရုန်းကန်မှုကြောင့် မျှားကြိုးမှာ တွန့်လိမ်ခွေလိပ်နေပေပြီ။

ကိုတက်လူ ဘယ်လက်ဖြင့် မျှားကြိုးကို မြှောက်တင်ထားရာ ငါးကြီး၏ ဦခေါင်းပိုင်းမှာ တွဲလောင်းဆွဲထားသလိုမျိုး ဖြစ်နေ၏။ ရှည်မျောမျောကိုယ်လုံးကြီးက ဘယ်ညာယမ်းကာ ကြမ်းနေ၏။ တွဲလောင်း ကြီးမို့ ပိုပြီးနာကျင်နေဟန် ရှိသည်။ ပိုပြီးလည်း ရုန်းအားကြီးနေ၏။

ကိုတက်လူကား အတွေ့အကြုံရှိသည်။ အနီးရှိ ဓားမတိုကလေးကို ဆတ်ခနဲ ကောက်ကိုင်လိုက်၏။

“စွပ်”

ကိုတက်လူ ငါးကြီး၏ ဇက်ကို ခုတ်ချလိုက်ပေပြီ။

မကျေမချမ်းနဲ့ လွတ်မြောက်ရေးအတွက် အရေးဆို နေသော ငါးကြီး ငြိမ်ကျသွားသည်။ ငါးကြီး မလှုပ်မယှက်နိုင် ဖြစ်သွားတော့မှ ငါး၏ အာခံတွင်းထဲတွင်
ခြေကုပ်မြဲမြဲယူပြီး ငါးကြီးကို သေပွဲဝင်စေခဲ့သော ငါးမျှားချိတ်ကို ဖြုတ်ယူလိုက်သည်။

ဓားဒဏ်ရာဖြင့် ဇက်ပြတ်နေသော ငါးကြီးကတော့ လှေဝမ်းထဲတွင် အများနှင့်အတူ ဝိညာဉ်မဲ့ရုပ်ခန္ဓာများ ပေါင်းစည်းမိကြလေပြီ။

“အဲဒါပေါ့ မိန်းမရာ၊ ဒီငါးရွှေဆိုတဲ့ ငါးက အခြားကောင်တွေနဲ့ မတူဘူး။ ရုန်းအားရှိတယ်၊ လူကို ဒုက္ခပေးတတ်တယ်။ ဒါကြောင့် သူ့လိုကောင်မျိုး ပါလာရင် ပြဿနာကို ဖြေရှင်းရလွယ်အောင် ဓားမတိုကို ထက်ထက်သွေးပြီး အနီးမှာ အဆင်သင့်ထားရတာလေ”

“သတိနဲ့လုပ်ပါ ယောကျ်ားရယ်။ ငါးတွေကလည်း သေဘေးကြုံတော့ စွမ်းအားရှိသမျှ ပြန်လည်တိုက်ခိုက်ကြတာပေါ့”

ကိုတက်လူတို့ ဇနီးမောင်နှံမှာ ရေတက်ဦးကနေ ရေတိုင်ချိန်ထိ အခေါက်ခေါက်အခါခါ မျှားတန်းချ၊ မျှားတန်းဖော် လုပ်ကြသည်။ လှေဝမ်းဗိုက်တွင်းက ငါးပုံကိုကြည့်ပြီး ဇနီးမောင်နှံနှစ်ယောက် ရင်ဝယ် ပီတိပြည့်နေကြ၏။

သူတို့ဘဝနဲ့သဘာဝက နှစ်သက်ဖွယ်လည်း ကောင်းလှပေသည် တကား။

xxx xxx xxx

နေဝန်းနီကြီးကတော့ တစ်နေ့တာလုပ်ငန်းတာဝန် ကျေခဲ့ပြီမို့ ဘင်္ဂလားပင်လယ်ရေပြင်ကြီးအောက်သို့ငုပ်လျှိုးပုန်းကွယ်ဖို့ ပြင်ဆင်နေပေပြီ။ လောကကြီးအား နှုတ်ဆက်ပါတယ် ချစ်သောမြေကမ္ဘာရယ် ဟု
နှုတ်ဆက်နေလေသယောင်။

“ကဲ မိန်းမရေ … နေလည်း ညိုပြီ၊ အိမ်ပြန်ကြစို့နော်။ တော်တော်လည်း ပင်ပန်းသွားပြီထင်တယ်”

“ယောကျ်ားကလည်း … ကိုယ့်ယောကျ်ားနဲ့ အတူစား၊ အတူသွား၊ အတူအလုပ်လုပ်နေရရင် မောတယ် ပန်းတယ်လို့ ရှိမတဲ့လားရှင့်”

“ဟာ … မိန်းမ၊ စကားတတ်လိုက်တာကွာ။ အဲဒီအပြောလေးတွေနဲ့ မောင့်ကိုကြွေအောင် လုပ်ခဲ့တာပေါ့ … ဟုတ်လား”

“ဟား ဟား … ဟား ဟား”

ကိုတက်လူမှာ မိန်းမစကားကို သဘောတွေ့ပြီး တဟားဟား အော်ရယ်လိုက်ရာ မြစ်ချောင်းဝန်းကျင် တစ်ခုလုံး ဆူညံသွားသည်ဟု ထင်လိုက်ရသည်။

“ကဲ … မိန်းမရေ၊ လယ်ကွင်းအပြန် မောင်က ပဲ့ကိုင်မယ်။ မိန်းမက လှေဦးက ထိုင်လှော်နော်”

အေးမူက သမုဒယလွှမ်းသော အပြုံးကလေးတစ်ပွင့်ကို လှလှပပ ဖန်တီးပေးလိုက်၏။

ဘဝအမောကြားက အပြုံးများကား သက်ဝင်ချိုမြိန်လှပေသည်။

ကိုတက်လူတို့ ဘဝခရီးဖော်နှစ်ဦး တဲသို့ ရောက်ချိန်တွင် ညနေညိုမှောင်ရီသန်းနေပေပြီ။

သမီးလေး ကြာညိုပန်းက ထမင်းချက်ပြီးပြီလေ။

သားလေး မောင်ချစ်ဦးလည်း ကျွဲအုပ်ကို စားကျက်ထဲမှ ခေါင်းခေါက်ပြန်ထိုးပြီး သူ့ချည်တိုင်နဲ့သူ ချည်ထားပြီးလေပြီ။

“ကဲ … မိန်းမရေ၊ ညလည်း မှောင်သွားပြီဆိုတော့ ငါးတွေကို ရေခဲပုံးထဲပဲ ထည့်ထားလိုက်တော့နော်”

“ဟုတ်ကဲ့ … ဟုတ်ကဲ့”

“အဲဒါ မနက်ဖြန်မှပဲ သားလေး ဒိုင်မှာ သွားသွင်းထားလိုက်နော်”

“ရွာထိ သွားရမှာလား အဖေ”

“မဟုတ်ဘူး သား။ ခု စီးပွားရေးသမားတွေက အရမ်းလျင်တာလေ။ ဒီလိုချိန်မှာ ကျွန်းလယ်တွေမှာ မိသားစု တစ်နိုင် ငါးဖမ်းတာတွေရှိတယ်။ ရာသီကလည်း ငါးမြူးတဲ့လဆိုတော့ ငါးတွေရတတ်တာ သူတို့ သိကြတယ်လေ”

“ဟုတ်ကဲ့ အဖေ”

“အဲဒါ မနက်ဖြန် မနက်ပိုင်းပဲ သွား။ ဗြူးရုံမော်ဘက်မှာ ငြိမ်းချမ်းရေးဒိုင်က ဆင်းဝယ်နေတာ ရှိတယ်”

“အဖေတို့ လှေယူသွားတော့ သားက ဘယ်လှေနဲ့သွားရမှာလဲ အဖေ”

“သားကလည်း … ဦးသာကျော်တို့တဲကလှေ ခဏယူသွားရင် ရတယ်လေ။ အဖေ ပြောထားခဲ့မယ်နော်။ သား ဘာမှ မပူနဲ့”

“ဟုတ်ကဲ့ အဖေ … ဟုတ်ကဲ့”

“သားက ငါးသွားသွင်းတော့ သမီးက ကျွဲတွေကိုလွှတ်ပြီး စားကျက်မြေဘက် သွားကျောင်းပေးရမှာနော်”

“ကဲ … တို့ ထမင်းစားလိုက်ကြရအောင်”

“ဘာတွေ ချက်ထားတာလဲ သမီး”

“ခြံထဲက ရုံးပတီသီးတွေခူးပြီး ငါးပိနိုင်းချင်းနဲ့ ငရုတ်သီးစိမ်း ချိုးထည့်ပြီး စပ်စပ်လေး ချက်ထား တယ်။ အစပ်နည်းနည်းထိန်းအောင်လို့ ပုစွန်ဖြူကိုအခွံနွှာပြီး ဟင်းခတ်ထည့်ထားတယ် အဖေ”

“သမီး … အဲဒီ ပုစွန်ဖြူက ဘယ်ကရတာလဲ”

“တဲနားက ဆည်ဖျားလေးမှာ အိုင်ခွက်လေးရှိတယ်။ အဲဒါ ယက်သဲ့နဲ့ သွားသဲ့လိုက်တာလေ”

“ဟာ … သမီးက ပင်ပန်းခံလို့ကွယ်”

“မပင်ပန်းပါဘူး အဖေရယ်။ လေးလေးပင်ပင် ထမ်းရတာမှ မဟုတ်တာ။ ပုစွန်သဲ့ရတာ အားရဖို့ ကောင်းတယ် အဖေရဲ့”

“သမီး သဲ့လိုက်တိုင်း ပုစွန်တွေ တဗြုန်းဗြုန်းရုန်းနေကြတာ မကြောက်ဘူးလား”

“မကြောက်ပါဘူး၊ ဘာလို့ ကြောက်ရမှာလဲ အဖေကလည်း။ ဟိုတစ်ခါ အမေ့နောက်ကလိုက်တော့ အမေလုပ်တာ ကြည့်ထားတာလေ။ တဗြုန်းဗြုန်း ခုန်နေရင် လက်ကလေးနဲ့ အသာအယာအုပ်ပြီး ဖမ်း တာပေါ့။ ပြီးရင် ပလိုင်းထဲ ထည့်ထားလိုက်တယ်လေ”

“အဲဒါ ခုန်မထွက်ဘူးလား”

“မထွက်ဘူးလေ မောင်လေး။ ခုန်မထွက်ရအောင်လို့ ငှက်ကြီးတောင်ခက်တွေ ချိုးပြီး ပလိုင်းအပေါ်က အုပ်ထားတယ်လေ”

ယက်သဲ့မှာ အမျိုးသမီးများ ချောင်းဖျားဆည်ဖျား၊ အင်းခွက်အိုင်ခွက်များတွင် ဟင်းစား ငါးသဲ့စားသော ကိရိယာဖြစ်သည်။ ကျွန်းစဉ်နယ်ရှိ လယ်သမားများ၏ တဲတိုင်းတွင် ရှိကြသည်။

ပုစွန်ဆိတ်၊ ငါးကလေးတို့ကိုသာ သဲ့ယူနိုင်သည် သာမဟုတ်။ ငါးပျံမွှေးလို အခုန်အပျံသန်သည့် ငါးမျိုးကိုလည်း သူတို့ တွင်းဝက ဆီးကာထောင်ဖမ်း၍ ရရှိနိုင်သည်။

ရေငန် ကဏန်းကောင်များကိုလည်း ရေထဲက ဆယ်ယူ၍ လွယ်သည်။

“ငါးဟင်းကတော့ အဖေကြီးနဲ့ အမေကြီးတို့ မျှားယူလာတဲ့ ငါးခူကောင်ကြီးကို အကွင်းလိုက်ကွင်းပြီး ငရုတ်များများနဲ့ အရည်နည်းနည်းထည့်ပြီး ချက်ထားတယ်”

“ငါးဟင်းတစ်မည်၊ ရုံးပတီသီးတစ်မည်ပဲပေါ့”

သမီးကြာညိုပန်းက ခေါင်းညိတ်ပြလိုက်သည်။

“သားလေး … ခု တို့ စားမယ့် ငါးဟင်းက စာဝင်ပေဝင် ကောင်းတာနော်”

“ဘယ်လို စာဝင်ပေဝင်လဲ အဖေ”

“ငါးခူနှုတ်ခမ်း ငါးတန်ဝမ်းတဲ့”

“အဓိပ္ပာယ်က ဘာလဲအဖေ”

“ငါးခူမှာ နှုတ်ခမ်းဟာ ညံ့ညံ့သက်သက်လေးနဲ့ ထုထုလုံးလုံးလေးလေ။ ငါးခူနှုတ်ခမ်းကို စုပ်စားရင် သိပ်ကောင်းတာကွဲ့။ ငါးတန်မှာလည်း ဝမ်းဗိုက်သားထူထူကြီးက ထွန့်ထွန့်လူးပြီး ရုန်းနေတာလေ။ စားလို့သိပ်ကောင်းတာ”

“အမယ်လေး ယောက်ျားရယ်။ ငါးခူနှုတ်ခမ်းဆိုရင် တို့ဘဝနဲ့ နည်းနည်းလိုက်ဖက်တယ်။ ငါးခူနှုတ်ခမ်းကို စုပ်လို့ အလုပ်မပျက်ဘူး။ အလုပ်လုပ်နိုင်တယ်။

အေး … ငါးတန်မ ဗိုက်ခေါက်ထူထူကြီးကိုသာ စားမိရင်တော့ သွားပြီ။ ဘာမှ အလုပ်လုပ်လို့ မရတော့ဘူး။ အဆီတက်ပြီး အီသွားပြီလေ။ အဲဒီနေ့ မျက်လုံးလေးစင်းပြီး မှိန်းအိပ်ဖို့သာ ပြင်တော့နော်”

အမေကြီးစကားကို နားထောင်ပြီး အားလုံး ပြုံးနေကြသည်။

“ကဲ … ကဲ ထမင်းပွဲ ပြင်ပြီးပြီ”

သမီးလေး ကြာညိုပန်းက ထမင်းဟင်းခူးပြီး ထမင်းစားပွဲသို့ ခေါ်လိုက်သည်။ ထမင်းပွဲတွင် မိသားစု ၄ ယောက် ဝိုင်းထိုင်လိုက်ကြ၏။

“ရော့ … အဖေကြီးက နှုတ်ခမ်းကြိုက်တယ်၊ စုပ်စားလိုက်တော့”

အေးမူက သူ့ယောကျ်ား ထမင်းပန်းကန်ထဲသို့ ငါးခူနှုတ်ခမ်းတွဲကြီးကို ထည့်ပေးလိုက်၏။

ကိုတက်လူ ပြုံးပြုံးပြုံးပြုံးနဲ့ နှုတ်ခမ်းသားထူထူလေးကို စုပ်စားနေပေတော့သည်။

ကိုတက်လူမှာ အရွယ်ကောင်းပြီး အလုပ်ကြမ်းလုပ်နေသူမို့ အလုပ်တွင် မြန်မြန်ဆန်ဆန် ဆောင်ရွက်တတ်သလို အစားအသောက်တွင်လည်း မြန်သည်။

သိပ်တောင်မကြာ … ကိုတက်လူ ထမင်းစားပြီးသွားသည်။

“ပြီးပြီကွာ”

“အဖေကြီး ပန်းကန်ပြားထားခဲ့”

“မလိုပါဘူးကွာ၊ ကိုယ်စားတာကို ကိုယ်ဆေးတာ အကောင်းဆုံးပဲ။ သဘာဝလည်း ကျတယ်”

ကိုတက်လူ ပန်းကန်ပြားကို ကိုင်ရင်း ဖျတ်ခနဲ ထလိုက်၏။ လက်ထဲတွင် ငါးခူခေါင်းနှုတ်ခမ်းသားလေးကို လက်နဲ့ ကိုင်စုပ်ရင်း ပါသွားသေးသည်။

ကိုတက်လူ မီးဖိုခန်းအပြင်သို့ ထွက်ပြီး ပန်းကန်ပြားလေးကို ဆေးရင်း မိုးကောင်းကင်သို့ မော့ကြည့်လိုက်သည်။

“မိုးရိပ်ကင်းတယ်ဟေ့၊ အစာပစ်ဖို့ ထွက်မှာနဲ့ အတော်ပဲ”

“ဟုတ်တယ်နော်။ အဖေကြီးမှာ မနက်ဖြန်အတွက် မျှားစာမရသေးဘူး”

“မခက်ဘူးလေ သားရဲ့။ ခု အဖေကြီး ခါတိုင်းလိုပဲ ကွန်သွားပစ်မှာလေ”

ကိုတက်လူမှာ နေဝင်ရီတရော အချိန်မှာ တဲပြန်ရောက်သဖြင့် ငါးစာကို ညနေစာစားပြီးချိန် ညနေမှသာ ကွန်ပစ်ပြီးရှာရသည်။ တစ်ခါတလေတော့လည်း ဆည်ဖျား ချောင်းဖျား ချုံစပ်ကလေးများတွင် လက်ဖြင့်စမ်းယူ၍ ရသည်။

ကိုတက်လူမှာ အရှင်စာရှာပြီး အပြန် မောမောပန်းပန်းနဲ့ တစ်ရေးအိပ်လိုက်ရုံနဲ့ မိုးလင်းတော့သည်။ မိုးလင်းလျှင် အိမ်သူဆွေကိုယ့်သက်ထား ဘဝဖော်ကိုခေါ်ပြီး ပရိယေသနရပ်ဝန်း ဒီရောက်မြစ်ချောင်းထဲ ဆင်းမြဲ။

“လကလည်း လမိုက်ဆိုတော့ ကိုတက်လူတစ်ယောက်တည်း ဖြစ်ပါ့မလား။ ကျွန်မ လိုက်ပေးမယ်လေ”

“နေပါစေ မိန်းမရယ်၊ သွားနေကျပဲ … ရပါတယ်။ မိန်းမ ပင်ပန်းလှပါ”

ကိုတက်လူ ပြောရင်းဆိုရင်းပဲ ကြောင်ငိုပလိုင်းကို ကျောပိုးပြီး ကွန်ထုပ်ကို လက်ဆွဲကာ တဲပေါ်မှ ဆင်းလိုက်သည်။

ကိုတက်လူ ညမှောင်မှောင်ထဲသို့ တိုးဝင်ပျောက် ကွယ်သွားတော့သည်။

“ယောက်ျားရေ … ယောက်ျား”

ခေါ်သံကြားလို့ ကိုတက်လူ နောက်သို့ လှည့်ကြည့်လိုက်သည်။

အေးမူ အနီးသို့ ကသုတ်ကရက် ရောက်လာ၏။

“ဘာလဲဟင် မိန်းမ”

ကိုတက်လူ စိုးရိမ်စိတ်ကလေးနဲ့ မေးလိုက်သည်။

“ယောက်ျားရေ၊ သိပ်လည်း အချိန်ကြာကြာ မနေနဲ့နော်။ ယောကျ်ားက တစ်နေကုန် ပင်ပန်းထားပြီလေ”

“ရပါတယ် မိန်းမရယ်၊ ကိုယ် အားရှိပါတယ်၊ လုပ်နိုင်တယ်”

“သူ့ပြောလိုက်ရင် အဲလိုချည်းပဲ။ အားရှိတယ်၊ လုပ်နိုင်တယ်နဲ့။ ဒီက စိုးရိမ်လို့ ပြောနေတာ”

“ဟုတ်ပါပြီ … ဟုတ်ပါပြီ။ ချစ်ဇနီး အလိုကျ စောစော ပြန်လာခဲ့ပါ့မယ်နော်။ ကဲ … ရော့”

ညမှောင်မှောင်ထဲက သမုဒယ အနမ်းပန်းကလေးတစ်ပွင့်ဟာ အလုပ်ကြမ်းသမား လယ်သမားကြီး ဇနီးမောင်နှံတို့အတွက် ဘဝအားဆေးပဲ မဟုတ်ပေတုံလော။

ငွေတာရီမဂ္ဂဇင်း
အမှတ် – ၆၇၁
ဇွန်လ ၊ ၂၀၁၆

– ပြီး –

စာရေးသူ – ကျွန်းစဥ်မြေစောခက်

Leave a Reply

Your email address will not be published. Required fields are marked *