မောင်မြင့်မား(ဗိုလ်ကလေး)
ဘဝပြောင်းသွားသော ပိန္နဲသီး
ချွေးများက ရွှဲနစ်နေသည်။ တစ်ကိုယ်လုံးလည်း စပ်ဖျဉ်းဖျဉ်း ဖြစ်နေသည့်အပြင် ခြေကုန်အောင် လည်း လျှောက်လိုက်ရသည်။
ညိုလုံးက နွားကိုဆွဲလာရင်း စိတ်ထဲက မကျေမနပ် ဖြစ်နေသည်။ အတော်ခြေရှည်သော နွားပေတကား။ ကုန်းတန်းတစ်လျှောက် နှစ်နာရီကျော်လောက်ရှာမှ သကောင့်သားကို တွေ့ရသည်။ တောကောင်မရှိသော အရပ်မို့သာ တော်တော့သည်။ နို့မို့ဆိုရင် ခြေရှည်သောနွား၊ ချိုနှင့် သားရေသာ ကျန်တော့မည်။
ညိုလုံးက နွားများကို တောစပ်တွင် လှန်ထား(ကျောင်းထား) ၍ အရိပ်ကောင်းကောင်းသစ်ပင်အောက် တွင် ထမင်းလုံးစီရင်း မှေးခနဲ အိပ်ပျော်သွားသည်။ အိပ်ရာကနိုးတော့ နေအတော်စောင်းနေပြီ။
ခဏဆိုပြီး မှေးလိုက်တာ နေစောင်းမှ နိုးလာသောကြောင့် ကမန်းကတန်းထကာ လှန်ထားသော နွားတွေကို ရှာလိုက်သည်။ ရှစ်ကောင်အနက် တစ် ကောင် ပျောက်နေသည်။ ခုနစ်ကောင်ကို ပြောင်းခင်းအစပ်တွင် စုထားလိုက်ကာ တစ်ကောင် အရှာထွက်ရသည်။
နေအတော်စောင်းနေပြီ။ အပြင်တွင် လင်းနေသော်လည်း တောရိပ်ကြောင့် ကုန်းတန်းတစ်လျှောက် နည်းနည်းမှောင်နေပြီ။
ညိုလုံးက လယ်သမားဖြစ်၍ ကုန်းတန်းကို တစ်လနေလို့ တစ်ခေါက် ရောက်သူမဟုတ်။ ခပ်သုတ်သုတ် လျှောက်လာနေသော်လည်း နွားကိုလည်း ဆွဲလာရ၊ လမ်းကိုလည်း ရှာရသောကြောင့် ခရီးမတွင်။ တောစပ်ကိုရောက်ဖို့ အတော်လိုသေးသည်ဟု တွေးမိသည်။
တောတမာ၊ တောသရက်၊ တောင်ကံ့ကော်၊ မျောက်လုတ်၊ သခွပ်၊ သင်းဝင်၊ သင်းဝင်စပ်၊ တောင်တမာ၊ တောင်ပိန္နဲ၊ သခွပ်ဖို၊ ရှောက်ခါး၊ ကြံ့စာ၊ သပွတ်သိန်၊ တောင်ဝှေးသီး၊ တောင်မုရိုး၊ တောင်ယမနေ၊ တောင်သစ်စေး၊ သင်းဝင်ဖို၊ သင်းဝင်ဖြူ၊ သစ်ကတိုး၊ သစ်ကြား၊ ဖက်ဝန်း၊ ဖက်ဝန်းကြီး၊ ဖက်သန်း၊ ဖန်ခါး၊ ဖျောက်ဆိပ်၊ မြားဆိပ်၊ သစ်အယ်၊ သစ်ဆိမ့်၊
အုံတုံ၊ ရင်းတိုက်၊ ရင်းရှား၊ ရင်းမာ၊ သစ်ရာ၊ ဥနှဲ စသည်ဖြင့် အပင်များ စုံလှသည်။ အချို့နေရာများတွင် နေပြောက်ပင်မထိုး။
ညိုလုံးက ခြေရှည်သောနွားကို ဆောင့်ဆွဲကာ ကျိန်ဆဲလာသည်။ အလင်းရောင်နည်းလာသောကြောင့် ပို၍ စိုးရိမ်လာသည်။
“ဗုန်း”
“ဟာ”
“ဗုန်း” ခနဲ အသံကြောင့် ညိုလုံး ခြေလှမ်းများ တုံ့ခနဲဖြစ်သွားသည်။ အသံက အတော်ကြီးကျယ်သည်။ အိပ်တန်းတက်ရန်လာသော ငှက်များပင် လန့်ဖျပ်ကာ အသံမျိုးစုံပေး၍ ထပျံကုန်ကြသည်။
ညိုလုံးက ကြောက်ကြောက်နှင့် နွားကိုဆောင့်ဆွဲကာ သုတ်ခြေတင်တော့သည်။ လမ်းကိုလည်း မသိ၊ ကယောင်ကတမ်းဖြင့် ချုံတိုး၍ လျှောက်လာလိုက်သည်မှာ တောစပ်ကိုရောက်တော့ အလင်းရောင်ပင်ပျောက်နေပြီ။
ထန်းရည်ဝိုင်းတွင် ယုန်ထောင်၊ တောကြက်ထောင်၊ တောကြောင်လိုက် လုပ်နေသော မဲလုံး ပြောစကားကို သတိရလိုက်သည်။ အဲဒီနေရာ ရောက်တိုင်း အထုပ်ကြီးတစ်ထုပ် ကျလာသလို ဗုန်းခနဲ အသံကြီး ကြားလိုက်ရသည်ဆိုသော နေရာကို ညိုလုံး ကိုယ်တွေ့ ကြုံလိုက်ရပြီ။
X X X X
ဆတ်သားခြောက်ဖုတ်၊ မျောက်ချေးခါးဟင်းအရည်သောက်၊ ချေသားကလီစာဟင်းနှင့် ထန်းရည်ဝိုင်းက စိုပြည်နေစဉ် မဲလုံးက ထန်းရည်တစ်အိုးကို ထမ်းကာ ရောက်လာသည်။
အိမ်ရှင် ကိုနက်ကျော်က…
“ဟ… မဲလုံး၊ ထန်းရည် ဘယ်ကရလာတာလဲ”
“ကျွန်တော်တို့ရွာမှာ ကုန်သွားပြီဆိုလို့ ဟိုဘက်ရွာက သွားယူလာတာ”
“အေး … ဟုတ်တယ်၊ ကိုပျော့တို့ ထန်းတဲက ကုန်သွားပြီဆိုလို့ ဒီကဟာကုန်သွားရင် ဘာဆက်လုပ်ရမလဲ စဉ်းစားနေတာ။ မဲလုံး … မင်းတော်တယ်။ တို့ဆီ တစ်ခါတလေ ရောက်လာတဲ့ မုဆိုးကြီးတွေကို ပြုစုချင်နေတာ”
“မုဆိုးကြီးတို့ ရောက်နေတာ ကျွန်တော်ကြားတယ်။ ဒါကြောင့်မို့ တွေ့ချင်နေတာနဲ့ ကိုပျော့ထန်းတဲကို သွားတာ။ ကိုနက်ကျော်လည်း လာသွားတယ်။ ထန်းရည်လည်း ကုန်နေတယ်ဆိုလို့ တကူးတက သွားယူလာတာ”
“ထိုင် … မဲလုံး၊ ဒါက စောဂျိမ်း၊ ဟိုနှစ်ယောက်က ကျော်စိုးနဲ့ တင်ဝင်း … မုဆိုးတွေပေါ့။ စောဂျိမ်း … ဒါက ကျွန်တော် တို့ရွာခံ မုဆိုးမဲလုံး။ သူ့ကြောင့် ကျွန်တော်တို့ တောကောင်သားတွေ မကြာခဏ စားရပါတယ်”
“ကိုနက်ကျော်က မြှောက်နေပြန်ပြီ။ ကျွန်တော်က မုဆိုးစစ်စစ် မဟုတ်ပါဘူးဗျာ”
မုဆိုးဆိုသောကြောင့် စောဂျိမ်းက စိတ်ဝင်စားသွားကာ…
“ကိုမဲလုံးက ဘာတွေနဲ့ အမဲလိုက်တာလဲ”
“မုဆိုးဆိုလို့ အထင်မကြီးပါနဲ့ ဆရာတို့ရယ်။ ကျွန်တော့်မှာ ဘာလက်နက်မှ မရှိပါဘူး။ ပိုက်တို့ ထောင်ချောက်တို့နဲ့ ထောင်ဖမ်းတာပါ။ လက်နက်ဆိုလို့ လှံတစ်ချောင်းနဲ့ ဓားတစ်ချောင်းပဲ ရှိပါတယ်။ ဒါတောင် ခွေးနှစ်ကောင် အတူပါမှ ဟင်းစားရတာပါ”
“ဪ … ဩော်”
ကိုနက်ကျော်က …
“ကျွန်တော်တို့ရွာမှာတော့ သူ့ကြောင့် တောကောင်သားတွေ စားနေရတော့ သူ့ကို မုဆိုးကြီးလို့ပဲ ခေါ်နေကြတာပါ”
“ဒါလောက်ဆိုရင် သိပါပြီ။ ဒါဆို တောတော့ ကျွမ်းမှာပေါ့နော်”
“ဟုတ်ကဲ့ … မုဆိုးကြီး။ ဒီတော၊ ဒီကုန်းတန်းတစ်လျှောက်တော့ ကျွန်တော့်ခြေရာချည်းပါပဲ”
“ကျွန်တော်တို့မှာ လက်နက်တွေ ပါတယ်။ တောကောင်ကြီးအထိ ပစ်လို့ရတယ်။ မနက်စောစောထွက်မယ်၊ လိုက်ခဲ့ပါလား”
“သိပ်လိုက်ပေါ့၊ ဒါမျိုးကို စောင့်နေတာ။ ကျွန်တော်ယူလာတဲ့ ထန်းရည် သောက်ကြပါအုံး။ မြို့မှာလို အရောအနှော မရှိဘူး။ ပင်ကျရည်စစ်စစ်ပါ”
“သောက်ကြည့်တာနဲ့ သိပါတယ်။ မနက်ဖြန် တောပစ်ထွက်တော့ ခင်ဗျားခွေးတွေ ခေါ်မလာပါနဲ့ဗျာ”
“ဟုတ်ကဲ့ပါ။ ကျွန်တော် သဘောပေါက်ပါတယ်”
X X X X
စောဂျိမ်းတို့အဖွဲ့ ဝေလီဝေလင်းကတည်းက ထွက်လာခဲ့သည်မှာ နေထန်းတစ်ဖျားလောက် အရောက်တွင် တောထဲသို့ အတော် ခရီးပေါက်လာခဲ့ပြီဖြစ်သည်။ တောက အောက်ခြေရှင်းသော တောမျိုး။ အပေါ်တွင်တော့ ပင်ချင်းယှက်ကာ တချို့နေရာများတွင် နေပြောက်မထိုးအောင် အပင်ရှုပ်လှသည်။
မုဆိုး အရောက်အပေါက်နည်းလို့များလား မသိ။ တောမျောက်မျိုးစုံက စောဂျိမ်းတို့ ဝင်လာသည်နှင့် အထူးအဆန်းသဖွယ် ကြည့်ကာ ဆူညံစွာ အော်ဟစ်နေကြသည်။
တောသရက်၊ တောင်ပိန္နဲနှင့် ဖန်ခါးပင်များ ပေါသော တောဖြစ်သည်။ ပုတတ်စာပင်များက နေရာအနှံ့ အလေ့ကျပေါက်နေကာ မြို့နှင့်နီးသော အရပ်ဆိုလျှင် ပုတတ်စာ ခူးရောင်းရုံနှင့် စီးပွားဖြစ်နိုင်သည်ဟု စောဂျိမ်း တွေးမိသည်။
ရိုးမ၏ အစွယ်ဖြစ်၍ တောင်ကြော၊ တောင်ကုန်းများရှိသည်။ ရေနည်းနေသော စမ်းချောင်းများနှင့် ရေထွက်သုံးလေးခုလောက် တွေ့ရသည်။ ခတ်ချိုနွယ်၊ ကျွေးနွယ်နှင့် ကြောင်ပန်းရွက်ချုံများ ထူလှ သော တောင်ကြောတစ်ခုကို အတက်တွင် ဝဲဘက် ကြောင်ပန်းရွက်ချုံတစ်ခုအကြားမှ ရှူးခနဲ မြည်သံနှင့်အတူ သတ္တဝါတစ်ကောင် တိုးထွက်လာသည်။
ရှေ့ကသွားနေသော မဲလုံး လွန်သွားမှ အသံပေးကာထွက်လာခြင်းဖြစ်၍ စောဂျိမ်းတို့ သုံးယောက်က ယာဘက်သို့ သုံးလေးလှမ်းမျှ ဆုတ်လိုက်ကြသည်။
မဲလုံးက နောက်လှည့်ကာ …
“ဆရာစောဂျိမ်းတို့ … သတိထား။ မြွေဟောက်နဲ့ တူတယ်”
ပါးပျဉ်းခွက်ကာ တစ်လံလောက်အထိ ခေါင်းထောင်နေသည်။
လူက လေးယောက်ဖြစ်၍ မြွေခေါင်းက ရန်ပြုမည့်သူကိုရှာရင်း ခေါင်းက လည်နေသည်။ မဲလုံးက စောဂျိမ်းမျက်နှာကို လှမ်းကြည့်လိုက်သည်။
စောဂျိမ်းက…
“ကံတော့ ကောင်းနေပြီကွ”
“ဝှီး”
“ဘုတ်”
ဓားတိုလည်းမဟုတ်၊ ငှက်ကြီးတောင်ဓားလည်းမဟုတ်၊ အရိုးအသွားတစ်တောင်ကျော်လောက်ရှိ မဲလုံးကိုင်လာသည့်ဓားက ဝှီးခနဲ မြည်သံနှင့်အတူ မြွေဟောက်ကြီး၏ ပါးပျဉ်းအောက်ဘက် တစ်ထွာ လောက်နေရာကို ပိုင်းဖြတ်လိုက်ကာ မြွေကြီးက မြေကြီးပေါ်ကို ဘုတ်ခနဲ ပုံကျသွားသည်။ ကိုယ်လုံးကြီးက တွန့်လိမ်နေကာ ခဏနေတော့ ငြိမ်သက်သွားသည်။
စောဂျိမ်းက …
“မဲလုံး … သွက်လှချေလား”
“တချို့မုဆိုးတွေက စောစောစီးစီး မြွေတွေ့ရင် ကံကောင်းတယ်၊ တောကောင်ရတတ်တယ်လို့ အယူရှိတာ ကြားဖူးလို့ စောဂျိမ်းကို လှည့်ကြည့်လိုက်တော့ ကံတော့ကောင်းနေပြီလို့ ပြောတာ ကြားလိုက်လို့ ဆော်ထည့်လိုက်တာပဲ”
“အယူရှိတယ်လို့တော့ မဟုတ်ပါဘူး။ မြွေတွေ့ရင်တော့ တောကောင် မကြာခဏရတတ်လို့”
ကျော်စိုးက …
“မြွေဟောက်သားဟင်းတော့ ညနေအတွက် သေချာသွားပြီ။ ကိုမဲလုံး … မြွေဟောက် စားဖူးလား”
“မစားဖူးဘူး”
“မြွေဟောက်သားက ချိုတယ်ဗျ။ ပိန်းဥနဲ့ အရည်သောက်ကလေး ချက်စားရင် အင်မတန်ကောင်းပေါ့ဗျာ။ ကဲ … ညနေကျရင် ကျွန်တော် ချက်ကျွေးမယ်။ အဲဒီကောင်ကို ကိုမဲလုံး လုံချည်ဟောင်းတစ်ထည်နဲ့ ထုပ်ခဲ့ပေတော့”
စောဂျိမ်းတို့လာရာ လမ်းတစ်လျှောက် တောမျောက်များက ဆူညံနေသည်။ မျောက်ချေးခါးဟင်းက သေချာနေသော်လည်း တခြားအကောင်များကို ပစ်ချင်သောကြောင့် စောဂျိမ်းတို့အဖွဲ့က သည်း ခံကာ အေးအေးဆေးဆေးပင် လျှောက်လာကြသည်။
နောက်ထပ် တစ်နာရီလောက် လျှောက်လာသည် အထိ ဟင်းစားကောင်ကို အရိပ်အယောင်မျှပင် မတွေ့သေး။
ဗွေ (တောင်ရိုးအလယ်ကုန်းကြော) တစ်ခုကို တက်လာကြပြီးနောက် အရိပ်ကောင်း၍ ရှုခင်းကောင်းသော သစ်ပင်ရိပ်တစ်ခုတွင် ထိုင်လိုက်ကြသည်။ သစ်ပင်ရိပ်မှ ထိုင်ကြည့်လိုက်လျှင် တောင်အထပ် တပ်နှင့် မှိုင်းပျနေသော ရိုးမကြီးကို မြင်နေရသည်။
တချို့နေရာများတွင် မြူတွေဆိုင်းနေသည်။
စောဂျိမ်းက …
“ခဏ နားကြရအောင်ကွာ။ နံနက်စာကတော့ နက်ကျော် မိန်းမ ထည့်ပေးလိုက်တဲ့ ကောက်ညှင်း ပေါင်းနဲ့ ဆတ်သားခြောက်ဖုတ်ပေါ့ကွာ။ တင်ဝင်း … မစားခင် တင်တာ မြှောက်တာလေးလည်း လုပ်လိုက် အုံးဟေ့။ ချိုကျိုးနားရွက်ပဲ့ကလေးလည်း တောင်းကွာ”
ကောက်ညှင်းပေါင်းနှင့် ဆတ်သားခြောက်ဖုတ်ကို ရေနှင့်မျှောချကာ ဝမ်းဖြည့်ကြပြီးနောက် လေကောင်းလေသန့်ရှူ၊ တောတောင်ရှုခင်းများငေးပြီး တစ်ယောက် တစ်နေရာစီ လှဲလိုက်ကြသည်။
၁၅ မိနစ်ခန့်လောက် အကြာတွင် ခပ်လှမ်းလှမ်းဆီမှ တဖြုန်းဖြုန်း တောတိုးသံများကို ကြားလိုက်ကြရ သည်။ လေးယောက်စလုံး ထထိုင်လိုက်ကြကာ လက်နက်ကိုယ်စီဆွဲ၍ အသင့်အနေအထားဖြင့် စောင့်နေလိုက်ကြသည်။
ဥနှဲပင်အုပ်စုနှင့် ကြိမ်ပင်အုပ်စုက အနီးတွင်ရှိသောကြောင့် ထိုအပင်များကို အကာအကွယ်ယူကာ စောင့်နေခြင်းဖြစ်သည်။ ထင်သည့်အတိုင်းပင် ဗွေအတိုင်း ချုံများကိုတိုးကာ တစ်ဟုန်ထိုး ပြေးတက်လာသော သတ္တဝါနှစ်ကောင်။ ချုံများကြောင့် ဘာကောင်တွေမှန်း မသိရသေး။
စောဂျိမ်း၊ ကျော်စိုးနှင့် တင်ဝင်းက ကိုင်ထားသော လက်နက်များကို အသင့်အနေအထား ချိန်ထားလိုက်ကြသည်။ စောင့်နေသော နေရာနှင့် ၁၅ ကိုက်ခန့်အကွာ ဆင်ခြေလျှောကုန်းကြောအတိုင်း ပတ်ပြေးလာသော ဆတ်နှစ်ကောင်။
တစ်ကောင်နှင့် တစ်ကောင် ငါးကိုက်လောက်ပင် ကွာမည်။ ဥနှဲပင်များ လွန်သွား၍ ပစ်ကွင်းကောင်းသော အနေအထားကို ရောက်သည်နှင့် …
“ဖောင်း”
“ဖန်း”
စောဂျိမ်းထံမှ ဒသမ ၅ဝဝ နှစ်လုံးပြူးသေနတ်သံနှင့် ကျော်စိုး ထံမှ ရိုင်ဖယ်သံက စက္ကန့်ပိုင်းလောက်သာခြား၍ ထွက်သွားခြင်းဖြစ်သည်။ နှစ်ကောင်စလုံး တွန့်ခနဲ ဖြစ်သွားကာ ယာဘက်အနိမ့်ပိုင်းသို့ လည်၍ ဗုန်းခနဲ ပစ်ကျသွားတော့သည်။
ထို့နောက် ပေ ၄ဝ လောက်အထိ ဆင်ခြေလျှောအတိုင်း လျှောကျသွားကာ ရပ်သွားတော့သည်။
မဲလုံးနှင့် တင်ဝင်းက အပြေးကလေး ဆင်းလိုက်သွားကြသည်။ ချက်ကောင်းမမှန်ပါက ပွဲသိမ်းပေးရန် ဖြစ်သည်။ ရောက်သွားချိန်တွင် နှစ်ကောင်စလုံး အကြောဆွဲကာ ငြိမ်သက်နေပြီဖြစ်သည်။
တင်ဝင်းက လှမ်းအော်လိုက်သည်။
“စောဂျိမ်းရေ … အထီးတစ်ကောင်၊ အမတစ်ကောင်ဗျ”
ဆတ်ဖိုမ နှစ်ကောင်ကို အပေါ် သို့ ဆွဲယူလာပြီးနောက် …
“ကံကောင်းချင်တော့ အဲဒီလိုကွ။ နှစ်ကောင်တွဲပြီး အေးအေးဆေးဆေး လျှောက်လာရင် ပစ်ဖြစ်မှာမဟုတ်ဘူး။ အခုတော့ အပြေးအလွှား မုဆိုးအကြိုက်ပစ်ကွင်းဆိုတော့ ပစ်ဖြစ်တာပေါ့”
ကျော်စိုးက …
“ဒီနှစ်ကောင် တစ်ခုခုကို ကြောက်လန့်ပြီး ပြေးလာတာဖြစ်မယ်”
မဲလုံးက …
“မဟုတ်မှလွဲရော ဗုန်းခနဲ အသံကြီးကြောင့်ပဲ ဖြစ်မယ်”
စောဂျိမ်းက …
“ဟေ… ဘာကွ၊ ဗုန်းခနဲအသံကြီး ဟုတ်လား”
“ဟုတ်တယ် စောဂျိမ်း”
“မင်းပြောတာ ငါနားမလည်ဘူး၊ ရှင်းစမ်းပါအုံး”
“ဒီလို စောဂျိမ်း၊ အခု ဆတ်နှစ်ကောင် ပြေးလာတဲ့ဘက်မှာ မြောင်လေးတစ်ခု ရှိတယ်။ အဲဒီမြောင်ကို ဒီအရပ်ကလူတွေက မြောင်ကျတ်လို့ ခေါ်ကြတယ်။ ကျွန်တော် လူမှန်းသိစအရွယ်ကတည်းက ကြားဖူးနေတာ။ ကျတ်ရှိတယ်၊ သရဲရှိတယ်နဲ့ ပြောနေကြတာ။ ဘယ်သူမှလည်း တကူးတက မသွားကြပါဘူး။
ကျွန်တော်တောင် တောကောင်ထောင်ရင်း မျက်စိလည်ပြီး ရောက်ဖူးတယ်။ မြောင်အောက်မှာ စမ်း ချောင်းကလေးတစ်ခုလည်း ရှိတယ်။ ငှက်ပျောတောလည်း ရှိတယ်။ မျက်စိလည်ပြီး ရောက်တုန်းကတော့ ဘာမှ ထူးထူးခြားခြား မတွေ့ပါဘူး”
“ဒါပေမဲ့ အနီးအနားက ဖြတ်သွားရင် ဗုန်းခနဲ တစ်ခုခုပြုတ်ကျတဲ့ အသံကြီးကို ခဏခဏ ကြားဖူးတယ်။ တစ်နေ့ကတင် ရွာထဲက ညိုလုံး နွားပျောက်ရှာရင်းနဲ့ အဲဒီနားက ဗုန်းခနဲ အသံကြီး ကြားလိုက်လို့ ကြောက်ပြီး ပြေးလာတယ်လို့ ပြောတယ်။ ထင်းခွေသွားတဲ့လူတို့၊ မှိုချိုးမျှစ်ချိုးသွားတဲ့လူတွေလည်း ကြုံဖူးကြတယ်လို့ ပြောတယ်”
“ဘာပြုတ်ကျတယ်ဆိုတာတော့ တစ်ယောက်မှ မတွေ့ဖူးသေးဘူးပေါ့”
“ပြုတ်ကျတာများကွာ … ပြေးကောက်လိုက်ပေါ့။ တောထဲမှာ တောခြောက်တာတို့၊ တောမှောက် တာတို့က တို့မုဆိုးဘဝမှာ ရိုးနေပါ”
“အဲဒီမြောင်ကျတ်ဘက်ကို သွားကြည့်မလား။ လူလည်းတောင့်တယ်၊ လက်နက်တွေလည်းပါတယ်ဆိုတော့ ဘာကြောက်စရာရှိလဲ။ ကံကောင်းရင် ဟင်းစားတောင် ရနိုင်တယ်”
“သိပ်မဝေးရင် သွားကြမယ်ကွာ။ ဒီနှစ်ကောင်ကို သစ်ပင်မှာချိတ်ခဲ့။ တော်ကြာ တခြားကောင်တွေ စားသွားမှာ စိုးရတယ်”
မဲလုံးပြောသော မြောင်ကျတ်က သိပ်မဝေးလှ။ ဆယ်မိနစ်ခန့် လျှောက်သွားရုံနှင့် ရောက်လာသည်။
စောဂျိမ်းတို့အဖွဲ့ ရောက်နေသော ဗွေ (ကုန်းကြော) ၏ အနောက်ဘက်တည့်တည့်မှာ ဖြစ်သည်။
တဖြည်းဖြည်း နိမ့်ဆင်းသွား၍ ရေရှိနေသောကြောင့် ဝါးတော၊ ငှက်ပျောတောက ထူထပ်သိပ်သည်းစွာပေါက်နေသည်။
တောကောင်းလှ၍ စောဂျိမ်းတို့အဖွဲ့ လက်နက်များကို သတိအနေအထားဖြင့် ကိုင်၍ ဆင်းလာကြရာမှ တောင်လေဖြူးဖြူးက တစ်ချက်ဝှေ့လိုက်ရာ စောဂျိမ်းတို့ လျှောက်လာသည့် ယာဘက်ခြမ်း တစ်နေရာမှာ …
“ဗုန်း”
အတော်ကျယ်သောအသံ ဖြစ်သည်။ မြောင် အောက်ဘက်ဆီမှ ကျေးငှက်သာရကာများပင် လန့်ဖျပ်၍ ထပျံကုန်ကြသည်။
စောဂျိမ်းက …
“အသံက နီးနီးလေးက လာတာကွ။ သွားကြည့်မယ်ကွာ”
အသံကြားရာဆီသို့ စောဂျိမ်းကပင် ဦးဆောင်ကာ ထွက်လာခဲ့သည်။ သိပ်မသွားလိုက်ရ။ လေအဝှေ့တွင် မွှေးကြိုင်နေသော ပိန္နဲသီးနံ့က ထောင်းခနဲ ထွက်လာသလို တစ်နေရာတွင် လူကြီးနှစ်ဖက်စာမျှ ရှိသော ပိန္နဲပင်ကြီး။
အသီးများက နေရာအနှံ့ သီးနေကာ အသီးတော် တော်များများက အတော်အလုံးကြီးသော အရွယ်များဖြစ်သည်။
လူမရောက် သူမရောက်ဖြစ်၍ ခူးမည့်သူမရှိဖြစ်ကာ အပင်ပေါ် တွင် မှည့်နေသောအသီးများကလည်း အများကြီး။ မှည့်၍ အောက်ကိုပြုတ်ကျနေသော အသီးများကလည်း တစ်ပုံကြီး။
ကျေးငှက်များ တောသတ္တဝါများ ဖောက်စားထား သော အသီးများကလည်း အများအပြား။
စောဂျိမ်းက မဲလုံးကို ကြည့်လိုက်သည်။
“ဒီလောက်ကြီးတဲ့ အသီးကြီးတွေ အပင်အမြင့်ကြီးပေါ်က ပြုတ်ကျမှတော့ ဗုန်းခနဲ မမြည်လို့ ဘယ်လိုမြည်မတုံး မဲလုံးရ”
“သဘောပေါက်ပြီ စောဂျိမ်း။ အသီးတွေကလည်း အိမ်မာသီးတွေဗျ။ အပြန်စားဖို့ တစ်လုံးလောက် ထမ်းသွားရအုံးမယ်။ ရွာက လူတွေလည်း ဒီအကြောင်း ပြောရအုံးမယ်”
“ကဲ… ဗုန်းခနဲ ကိစ္စပြီးရင် ဒီအောက်မှာ ခဏထိုင်ကြကွာ။ မြောင်ထဲလည်း ဆင်းမနေနဲ့တော့။ ဒီလောက် တဗုန်းဗုန်းအသံတွေ ကြားနေရမှတော့ မြောင်ထဲမှာ ဘာကောင်မှ ရှိမှာမဟုတ်တော့ဘူး။ လန့်ပြေးကုန်ရောပေါ့”
တင်ဝင်းက …
“စောဂျိမ်း … ထိုင်ပြီး ဘာလုပ်အုံးမှာလဲ”
“မင်း ကျောပိုးအိတ်ထဲက ရမ်ပုလင်းထုတ်”
“ဘာနဲ့ မြည်းမှာလဲ။ ဆတ်သားခြောက်က ကုန်ပြီ”
“ညံ့ပါ့ကွာ။ ပိန္နဲသီးနဲ့ မြည်းမှာပေါ့”
“ဗျာ … ပိန္နဲသီးမှည့်နဲ့”
“ဒါမျိုး … မမြည်းဖူးဘူး မဟုတ်လား”
စောဂျိမ်းက ရမ်ပုလင်းဖွင့်ကာ ပိန္နဲသီးမှည့်နဲ့ လက်တွေ့ မြည်းပြလိုက်သည်။
ထိုအခါကျမှ ကျော်စိုး၊ တင်ဝင်းနှင့် မဲလုံးပါ ရောယောင်၍ စောဂျိမ်း လုပ်သလို တစ်ယောက်တစ်ခွက် ချလိုက်ကြသည်။
ကောင်း မကောင်းတော့ မသိ။ ရမ်ပုလင်းကတော့ တက်တက်ပြောင်သွားတာ သေချာ၏။ ။
Uncategorized