ဆင်ဖြူကျွန်းအောင်သိန်း
ဘဝရေပွက် ချိုတမြိန်
– ၁-
နေက ပူလှပါဘိသနှင့်။
ထွက်သစ်စ ရွက်နုများသည် ဖုန်စောင်ကို ခြုံလျက် အိပ်မောကျနေကြ၏။ လေသည် သဲ့သဲ့ကလေးသော်မျှ မခတ်။ တံလျှပ်များသာ တရိပ်ရိပ် တမျှင် မျှင်တက်နေသော သဲပင်လယ် ယာစပ်စောင်ကြီးမှာ လုံးဝငြိမ်သက်နေပေ၏ ။
အခါတိုင်းမူ ချိုးကူသံကလေး တစ်စတလေ ဥဩခွန်းတွဲချိုသံ တစ်ခွန်းတလေ ကြားရတတ်၍ အသက်ရှိသေးသည် ထင်ရ၏ ။ ယနေ့မှ အငြိုးတကြီး ပူလောင်နေသော နေရောင်အောက်မှာ ပကတိ
အသေကောင်ကြီးသဖွယ် ငြိမ်သက်နေပေသည်။
အေးဆောင်မှာ ခါးဝတ်ပုဆိုးကိုဖြေပြီး ယပ်ခတ်ယင်း သူအရိပ်ခိုရာ ရှားစောင်းလက်ညှိုးပင်ကို မော့်ကြည့်၏။ နဂိုက အရွက်မွဲငတ်သော ရှားစောင်းလက်ညှိုးပင်မှာ ကြောင်ကုတ်ခံရသော စက္ကူယပ်တောင်နှယ် အရိုးအပြိုင်းပြိုင်း ထနေလေသည်။ သည် အပင်က မည်သို့လျှင် အရိပ်ပေးနိုင်ပါမည်နည်း။
သို့ဖြစ်ငြား သည်နားတစ်ဝိုက်တွင် သည်အပင်သာ အေးဆောင်အတွက် အရိပ်ခိုစရာရှိ၏။ စိမ်းသော ရှားစောင်းရိုးများကြားတွင် ရွက်ခြောက်ကလေးများ ညပ်နေကြ၏။ ကပ်ငြိနေကြ၏။
ဖွတ်သည် သည်သစ်ရွက်ခြောက်များကြားတွင် တသားတည်း တစ်ရောင်တည်းဖြစ်လျက် ငြိမ်ငြိမ်ကလေး ခိုကပ်လေ့ရှိသည်။
ထို့ကြောင့် အေးဆောင် ငြိမ်ပြီး ကြည့်နေမိသည်။ တစ်ကိုင်းပြီးတစ်ကိုင်း၊ တစ်ခက်ပြီးတစ်ခက်၊ မျက်လုံးကို ရွှေ့ပြောင်းသည်။ သက်ရှိသတ္တဝါတစ်ကောင်တလေကိုမျှ မတွေ့ရချေ။
သူသည် ဆွမ်းခံပြန်ချိန် မတိုင်မီကပင် ထမင်းစောစောစားပြီး အိမ်မှ ထွက်လာခဲ့၏ ။ ဖွတ်လိုက်ရန် , လိပ်ရှာရန် ရည်ရွယ်၍ လှံတစ်ချောင်း ဓားမတိုတစ်လက်သာ ယူလာခဲ့သည်။ ခါးပိုက်ထောင်ထဲတွင်ကား ပြောင်းဖူးဖက်ဆေးလိပ်သုံးလိပ်နှင့် မီးခတ်တစ်လုံး။
ယခု မွန်းတိမ်းစပြုပြီ။ လိပ်လည်းမတွေ့ , ဖွတ်လည်းမရ။
ကုန်းလိပ်သည် ယာခရိုးအစပ်ချုံများတွင် ဝပ်လေ့ရှိသည်။ သူ၏ ခြေလေးချောင်းဖြင့် ယက်၍ ပွလာသော မြေပွထဲသို့ ကိုယ်ကို ခရုဗွေပတ်ပြီး ဝင်လေ့ရှိသည်။ ငြိမ်ငြိမ်ကလေးဝပ်နေသောကြောင့် အမှတ်မဲ့သွားသူများ မသိသော်ငြား စေ့စေ့စပ်စပ် ကြည့်ပါမူ မြေကြီးတွင် ဗွေရစ်ထင်သည်ကို မြင်ရနိုင်သည်။ သည်သို့ဆိုလျှင် လှံဖြင့် ဆဆကလေးထောက်ကြည့်စမ်းကြည့်လိုက်ပါက လိပ်ကိုတွေ့ ပေသည်။
အေးဆောင်မှာ တမြန်နေ့ကမူ ယာနှစ်ခင်းကျော်ရုံဖြင့် လိပ်သုံးကောင်ရခဲ့သည်။ အိမ်အပြန်တွင်လည်း ဖွတ်တစ်ကောင် ရသေးသည်။
ယနေ့မူ ယာငါးခင်း ကျော်ခဲ့ပြီ။ ပိန်ကပ်နေသော ပုတတ်ကလေးတစ်ကောင်ကိုသာ ရွှတ်ကနဲ့ ပြေးသွားသည်ကို မြင်လိုက်ရ၏။
သူသည် ဝန်းကျင်ပတ်ချာသို့ မျှော်ကြည့်လိုက်သည်။
မြက်ခြောက်ဖုံးသော ကုန်းမဲ့ မွဲများ၊ အရွက်မဲ့ ရှားစောင်းပင်များ၊ ထနောင်း၊ သနပ်ခါးနှင့် တံလှပ်အရိပ်များ။
ဟိုး အတော်ဝေးဝေးတွင်မူ နွားတစ်အုပ်ကို မြင်ရသည်။ မည်သူနွားတွေပါလိမ့်။
နွားအုပ်ကို စူးစိုက်ကြည့်ရင်းက ဆေးလိပ်တစ်လိပ်ကို ထုတ်ယူကာ မီးညှိသည်။ မီးခိုးပြာညို့ညို့ သည် သစ်ကိုင်းခြောက် တစ်ချောင်းအလား ထိုးတက်သွားသည်။ လေငြိမ်နေပုံပြသော သက်သေပင်။
အေးဆောင်သည် ဆေးလိပ်ငွေ့ကို တအားရှိုက်လိုက်သည်။ ပြောင်းဖူးဖက်နုနုကို အစီခံလုပ်ထားသော ဆေးလိပ်သည် တစ်ချက်ရှိုက်ရုံဖြင့် ချိုမွှေးသော အရသာကို ခံစားရကာ အမောပြေသွား၏ ။
ယခုသော် မချို။ အမော မပြေ။ ရင်တွင်းရော အာခံတွင်းပါ ပလောင်ကာ ရေငတ်လာ၏ ။ ဆေးလိပ်ကို တစ်ဖွာသော် အရသာတွေ့ နိုး၊ နောက်တစ်ဖွာ သော် ချိုမြိုန်နိုး၊ ဆက်ဖွာလေလေ ရေငတ်လေလေ။
သို့ကြောင့် ဆေးလိပ်မီးကို မြေပြင်တွင် အသာဖိ၍ မီးငြိမ်းသတ်စဉ် ရွှတ်ကနဲ့ အသံကြားရ၏။ အေးဆောင် မလှုပ်ရှားဘဲ အသာစောင်းကြည့်၏ ။ ရင်ထဲတွင် အေးကနဲ့ ဝမ်းသာသွား၏ ။
ဖွတ်ကြီး။
ဆေးလိပ်ကို အသာချသည်။ လှံရိုးဆီသို့ လက်ကို ရှေ့သည်။ လှံရိုးကို ဆုပ်မိလျှင် အသက်အောင့်လျက် အသင့်ဖြစ်အောင် ဆွဲယူသည်။ ဖွတ်ကြီးကလည်း အေးဆောင်ကို မသင်္ကာကြည့် ကြည့်နေသည်။
လှံတံသည် လေထဲ မြောက်သွားသည်။ ဖွတ်လည်း ရွှတ်ကနဲ ပြေးသည်။ ဖွတ်နောက်သို့ ဓားမတိုပါ ပျံဝဲသွား၏ ။ ဖွတ်ကို မထိ။
အေးဆောင်သည် ဓားကို အပြေး ကောက်၏ ။ မရ၊ လှံကို ဆွဲ၏ ။ ပါလာသည်။
ဖွတ်နောက်သို့ ပြေးလိုက်သည်။ ရှေ့တွင် ရေး
စီးကြောင်း သက်ရင့်မြောင်းရှိ၏။ သည်ထဲသို့ ဖွတ်ကြီး လျှောကနဲ့ အဝင်တွင် လှံဖြင့် လှမ်းပစ်ပြန်သည်။
“တောက် … ဒဏ်နာလိုက်သာကွာ”
လှံသွားသည် ဖွတ်ဘေးရှိ ဖွတ်ချေးမြေကို ဝင်စိုက်လျက် ယိမ်းခါနေ၏ ။ ဖွတ်လည်း ‘ထူးတွင်း’ ထဲ ဝင်သွားလေပြီ။
အေးဆောင် လက်ဖျားခါသည်။ မချင့်မရဲ တက်ခေါက်သည်။
“ရန်လုံမပါလို့ …… ရန်လုံမပါလို့”
တဖျစ်တောက်တောက် မြည်တမ်းပြန်သည်။ အေးဆောင်မှာ စိတ်ပျက် မောပန်းစွာဖြင့် ရှားစောင်းလက်ညှိုးပင်ရင်းသို့ ပြန်လာသည်။ တောလည်လိုက်လိုသော ရန်လုံအား ငေါက်ငန်းထားခဲ့မိသည့်အတွက် မိမိကိုယ်ကို အပြစ်တင်ရုံမက ဗြက်လက်လေးလုံး အရှည်တစ်တောင်ဆုပ်ခန့် ရှိသော ဖွတ်ကြီးကို မြင်ယောင်နေ၏ ။
ပြေးရင်းလွှားရင်း ကျကျန်ခဲ့သော ဆေးလိပ်များနှင့် မီးခတ်ကို လိုက်လံကောက် သိမ်းနေစဉ် ခွေးဟောင်သံများကြားရသည်။ ခွေးမှာ နှာတွင် အဖြူနှင့်အနက် ကျား ထားသည်။
“ဟာ … ငပျော့ခွေးပါလား”
– ၂-
ငပျော့၏ ခွေး ကျားဘိုသည် တအားဟိန်းယင်း အေးဆောင်ထံ ပြေးလာသည်။ သို့ဖြစ်ငြား အနားအရောက်တွင် အမြီးယမ်းကာ ငြိမ်သက်သွားလေ၏ ။
“ဟေ့ကောင် … ဘာလုပ်နေသာလဲ”
သန်းပင်တစ်အုပ်နောက်မှ ပေါ်လာသော ငပျော့လက်ထဲတွင် လင်းမြွေတစ်ကောင် ပါလာသည်။ မြွေကို ခွေပြီး နွယ်ဖြင့် စည်းထားသည်။
“နည်းသာကြီး မဟုတ်ပါလားဟ၊ ဘယ်နားက ရလာသာလဲကွ”
အေးဆောင် ဝမ်းသာအားရ မေးသံဖြင့် ကြို၏။
“ဖိုးပိန့်ယာထိပ်က မန်ကျည်းပင်နားက ရသာက။ ကျားဘိုနဲ့တွေ့လို့ မန်ကျည်းပင်ပေါ် တက်အပြေးမှာ ငါရောက်သွားတာနဲ့ တိုးတာကိုးကွ။ ဘာရမလဲ အမြီးဆွဲပြီး မြေကြီးနဲ့ ကိုင်ရိုက်လိုက်သာ တစ်ချက်ပဲဟေ့”
အနည်းဆုံး တစ်ပိဿခန့်ရှိမည်။ ငပျော့မိသားစုအတွက် နှစ်နပ်တော့ ကောင်းကောင်း ဖူလုံမည်။
“မင်း ဘာလုပ်နေလဲကွ”
“ငါလား…”
အေးဆောင် မဖြေတတ်။
သည်ပုံဖြင့် ယာကြိုယာကြားတွင် ရောက်နေသူသည် သူ့နှယ်ပင် ဟင်းစားရှာဖွေသူဖြစ်ကြောင်း ငပျော့ သိပါသည်။
သိပါလျက်နှင့် မေးသောကြောင့် “ငါလား” တွင် ရပ်နေရခြင်း ဖြစ်၏။
“မြသွယ်ကို စောင့်နေသာဖြင့် ဒီမှာ မစောင့်နဲ့ဗျား။ ဖိုးပိန့်ယာရဲ့ ဟိုဖက်ရိုးစပ်မှာ အဖော်တွေနဲ့ တွေ့ ခဲ့သယ်။ ထင်းခွေနေ ထင်ပါ့ကွာ”
မြသွယ်နှင့် အေးဆောင်တို့ ကြိုက်နေကြသည်ကို ထနောင်းနှစ်ခွ တစ်ရွာလုံးသာမက ရွာနီးနားပတ်ဝန်းကျင်ကပါ သိ၏။ သို့ကြောင့် မြသွယ်အား စောင့်နေသည် အထင်ဖြင့် ပြောခြင်းဖြစ်ပေသည်။
“တော်စမ်းပါကွာ”
“ဟောဗျာ”
သူတို့ ကောက်ကွေးနေကြသည်။ သည်အကြောင်းကို မသိသော ငပျော့ မျက်လုံးပြူးရ၏။
မြသွယ်ကောက်ပုံကလည်း အဆန်းသား။ လွန်ခဲ့သည့် ခုနှစ်ရက်က နာနတ်ရွက်တစ်ရွက် ခုတ်ခဲ့ပါဟု မြသွယ်က မှာ၏။ “ဘာလုပ်ဖို့လဲ” မေးသောအခါ ဆေးလိပ် “ကြိုးစည်း”လုပ်ရန်ဟု သိရလေသည်။
အိမ်တွင် ဆေးလိပ်,လိပ်သောက်သူများအတွက် မာအောင် ကျစ်အောင် ‘ပွတ်’ပြီးသား ဆေးလိပ်ကြီး ပွမသွားအောင် စည်းနှောင်ရန် စည်းကြိုးလို၏။
အပ်ချည်ဖြင့် ချည်ရလျှင် အပ်ချည်တစ်လုံးဈေးက အနင့်သား။ သို့ကြောင့် နာနတ်ရွက်ရိုင်းကို အပုပ် စိမ်ကာ ထုရိုက်လျှော်လိုက်လျှင် ရရှိလာသော နာနတ်ချည်ဖြင့် ဆေးလိပ်စည်းကြ၏။
သို့ဖြစ်ငြား သည်နာနတ်ပင်မှာ ပေါများစွာ၏။ ရွာနားတွင် ရှိသည်။ မြသွယ်တို့ ယာထဲတွင်လည်း ရှိသည်။ ယာသွားလမ်းတွင်လည်း မလိုချင့်အဆုံး။
သို့ဖြစ်၍ “နင့်ဘာသာနင် ခုတ်ပါလား” ကျီစားမိသည်။ သည်ကတည်းက သူ့ကို မြသွယ် မခေါ်သည်မှာ ယနေ့ထက်ထိ။ သည်အကြောင်းကို ငပျော့ ရိပ်မိပုံမရသည့်အတွက် တအံ့တဩ “ဟောဗျာ”ခြင်း ဖြစ်ပေသည်။
“ဟောဗျာတေ … ဟောဗျက်တေ လုပ်မနေနဲ့။ ငါ ဓားနဲ့ ထ,တွက်လိုက်ရမလား”
“အံ့မာ … ငါက အကောင်းပြောသာပါဗျာ”
ငပျော့ ဆေးလိပ်မီး တဖွားဖွားဖြင့် ထွက်သွားသည်။ သူတစ်ပါးသောက်သော ဆေးလိပ်နံ့မှာ အေးဆောင်အတွက် မွှေး၏။ ဆေးလိပ်သောက်ချင်စိတ်ဖြင့် ဆေးလိပ်ကို ကောက်ကိုင်ပြီးမှ ရေပိုငတ်မည်ကို တွေးမိ၍ မီးမညှိရဲ။
“မြသွယ်တို့ ဆီမှာများ ရေပါမလား”
သည်နှယ်တွေးမိပြီး မြသွယ်တို့ဘက် သွားရကောင်းနိုး စိတ်ကူးပြီးမှ “ပေ” နေလိုက်သည်။
“မသွားဘူး … မသွားဘူး။ သူ့ လာချော့သယ် ထင်နေဦးမယ်”
သို့သော် ရေငတ်သည်။
အနီးဆုံး ရေရနိုင်မည့်နေရာကို စဉ်းစားသည်။
ဟုတ်ပြီ။ ကိုရင်ကြီးချောက်တွင် ရေရှိနိုင်သေးသည်။ ကိုရင်ကြီးချောက်မှာ တစ်မိုင်ပျော့ပျော့ ဝေးသည်။ အေးဆောင်တို့ ဘ၏ ဘများလက်ထက်တုန်းက ကိုရင်ကြီးတစ်ပါး တောရဆောက်တည်သွားခဲ့သော နေရာဖြစ်သောကြောင့် ကိုရင်ကြီးချောက် ခေါ်သည်ဆို၏။
နေသည် တိုးပြီးများ ပူလာရော့လား ထင်ရအောင် ပူ၏။ အေးဆောင်မှာ ခေါင်းကို ခမောက်ဆောင်းထားသဖြင့် အပူသက်သာငြား၊ ကျယ်ပြန့်သော ကျောမည်းကြီးမှာ မီးကျီခဲ အတင်ခံထားရသည့်နှယ် ပူလောင်လှ၏။ အလွှားအလွှား ကွာကျနေသော အဖတ်ကြီးတွေကသာ ကျောပြင်ကို ဖုံးမထားလျှင် သည့်ထက်ပူလိမ့်မည်။
သို့သော် သည်အပူကို သူ မမှုပါ။
သွားရင်း လာရင်း လိပ်ကျင်း တွေ့နိုး၊ ဖွတ်တွေ့နိုးဖြင့် မြေပြင်ပေါ် မျက်စိဝေ့လိုက်၊ သစ်ပင်ကြီးကြီးတွေ့လျှင် မျက်စိကစားလိုက်ဖြင့် လျှောက်သည်။
သဲဆန်သော မြေတွင် ယက်ကန် ယက်ကန် ရုန်း၍ ကျောက်ဖြုန်းမြေနီပေါ်ရောက်လျှင် သွက်သွက် လျှောက်သည်။
တော်ရုံတန်ရုံ ကျောက်ခဲအချွန်နှင့် ငုတ်ဆွေးသည် သူ့ခြေထောက်ကို မတိုးပါ။ ခြေဖဝါးသည် သဲပူထဲတွင် နှစ်ရှည်လများ ထည့်လှော်ထားခဲ့သောကြောင့် ကျက်နေပြီ။ အကျက်လွန်ကာ ဖနောင့်များတွင် အက်ကွဲနေ၏ ။ ကျောက်ခဲကလေးများသည် ဖနောင့်ကွဲထဲ၌ ညပ်လျက်ပါလာကြကာ တစ်နေရာအရောက်တွင် ပြုတ်ကျ ကျန်ခဲ့ကြ၏ ။
မကြာမီပင် လစ်ဟာနေသော ဖနောင့်ကွဲထဲသို့ ကျောက်စရစ်ခဲတစ်ခဲ အလည်ရောက်လာပင်။
အေးဆောင် တစ်ကိုယ်လုံး ချွေးရည်ဖုံးနေချေပြီ။
အပေါ်က ပူသည့်နည်းတူ မြေကြီးကလည်း အပူဟပ်သည်။ ကြမ်းထူသည့် နေရာရောက်လျှင် ပိုပြီး ဟပ်ခံရသည်။ ဆူပွက်နေသော ရေနွေးအိုးဝ,တွင် မျက်နှာအပ်ထားရဘိသို့။
လေပြည်အေးလေး တစ်ချက် ဝှေ့လာသည်။
အေးဆောင် ခြေလှမ်းများ သွက်လာသည်။ အေးဆောင်သည် ရိုးခြောက်ကလေးတစ်ခုကို ဖြတ်ယင်း လေပြည်သုတ်သည့်ဘက်သို့ မျှော်ကြည့်လိုက်၏။ မွဲအိုသော မြေပြင်နှင့် ပြာဟောက်သော ကောင်းကင်အစပ်မှ မှိုင်းမှုန်မှုန် မြင်ကွင်း။
လေပြင်းကြီးကျမည်လော၊ လေပွေကြီး လာမည်လော၊ တစ်ခုခုပင်။
ကိုရင်ကြီးချောက်ထိပ်တွင် ညောင်ပင်ကြီးတစ်ပင်ရှိသည်။ သည်မှာတော့လည်း သာယာပါဘိ၊ အေးချမ်းပါဘိ။ ငှက်မျိုးစုံတို့၏ အသံများဖြင့် စည်နေသည်။
သည်မျှ အကောင်ပလောင်စုံနေလျှင် ချောက်ထဲတွင် မုချ ရေရှိမည်။ ထို့ပြင် ကြော့ကွင်းသမား၊ ပြောင်းသမားများလည်း ရှိလိမ့်မည်။
အေးဆောင်သည် ညောင်ပင်ရိပ်တွင် အပန်းဖြေရင်း မျက်လုံးကို အလုပ်ပေးသည်။ ငှက်ထောင်သူများ မရှိပေ။
“ဟာ … ဒုက္ခပဲဟေ့”
မျက်လုံးမျက်ဆံပြူးလျက် အေးဆောင် အော်မိသည်။ ငှက်ထောင်သူ မရှိခြင်းမှာ သည်နေရာတွင် ငှက်စည်ကားလေ့မရှိခြင်းကြောင့်ဖြစ်သည်။ အဘယ်ကြောင့် စည်ကားလေ့မရှိရသနည်း။ ချောက်အတွင်း၌ ရေမရှိသောကြောင့်ပါတည်း။
သို့ဖြစ်လျှင် ယခု အဘယ်ကြောင့် စည်ကားနေရသနည်း။ လေပြင်းကျမည်ကို ကြိုတင်သိသောကြောင့် အပင်ကြီးကြီးတွင် လာရောက်မှီခိုကြခြင်းဖြစ်၏ ။
ထို့ကြောင့် ချောက်အတွင်းသို့ အေးဆောင် ပြေးဆင်းသည်။ အမှန်ပင် ရေမရှိ။ စမ်းရေခန်းခဲ့သည်မှာ ဆယ့်လေးငါးရက်ရှိပြီ ထင်ရသည်။
နောက်ဆုံး ချောက်ကမ်းပါးနံရံတွင် ရေကွက်ကလေးတစ်ကွက် တွေ့ ရသဖြင့် အေးဆောင် စုပ်သောက်ရသည်။ အေးလိုက်သည့်ရေ။ အရသာရှိလိုက်သည့် ရေ။ ပင်ပန်းသမျှတို့ လွင့်စင်သွားလေသည်။
ထိုစဉ်တွင် လေပြင်းတိုက်ခတ်လာ၏ ။ တဝေါဝေါ အသံကို ကြားရပြီ။ ညောင်ပင်ကြီး မလှုပ်သေး။
တအောင့်ကြာမျှ ကြာသွားသည်။ လေမလာသေး။ သည်သို့ဆိုလျှင် လေကြမ်းပြီဟု အေးဆောင် တွက်လိုက်၏။
ကမ်းပါးတစ်ဖက်သို့ ကပ်လာယင်း အမေ့အတွက် တွေးတောပူပန်မိလေသည်။
-၃-
သံပုံးလှည်း အစီးတစ်ရာခန့် အပြင်းမောင်းနှင်လာသည့် အသံမျိုးဖြင့် လေပြင်းကျရောက်လေပြီ။
ကြီးမားခိုင်ဖြီးလွန်းသဖြင့် တော်ရုံလေကို ထီမထင်ဟု ထင်ရသော ညောင်ပင်ကြီးမှာ ကိုင်းဖျား ကိုင်းနားတွေ ပြတ်လွင့်ကုန်၏ ။ အားကိုးတကြီး လာရောက်ခိုလှုံသော ငှက်ကလေးများလည်း သစ်ရွက်များနှင့်အတူ လွင့်ပါသွားကြသည်။
အေးဆောင်မှာ ကမ်းပါယံများ၊ ကျောက်တုံးကျောက်စိုင်များ ဝန်းရံနေသော ချောက်ထဲရောက်နေ၍ ဖုန်ဒဏ် အမှိုက်သရိုက်ဒဏ်နှင့် ကိုင်းကျိုး ကိုင်းပဲ့ ထိရိုက်ခံရမည့်ဘေးမှ လွတ်နေခြင်းဖြစ်၏ ။ ကောင်းကင်တစ်ခုလုံး မှောင်ပိန်းနေသည်။ ဖုန်တိမ်
တိုက်ကြီးသည် နေရောင်ကိုပင် ဖုံးအုပ်ထား၏။
ဖြတ်ကနဲ့ အမေ့ကို ပြေး၍ သတိရ၏ ။
အမေသည် ဟိုဟာဆွဲ သည်ဟာသိမ်းဖြင့် အလုပ်များနေပေလိမ့်မည်။ စကောက လွင့်, စကာက လန်၊ တောင်းပလုံးက လေနောက်ပါမို့ ဗျာများနေသော အမေသည် ဖုန်ကြားထဲတွင် ဟိုတိုး သည်တိုက် ဖြစ်နေရှာပြီလော။
တစ်နေနေရာမှ လွင့်လာသော ထန်းရွက်နှင့် ရိုက်မိပြီး လဲကျနေပြီလော။ သစ်ကိုင်းကျိုးနှင့်မှ လွတ်ပါလေစ။
အမေမှ တစ်ဆင့် ဆက်၍ အိမ်ကို စိုးရိမ်ပြန်သည်။
အိမ်ကို ထမ်းရွက်ဖြင့် မိုးထားသည်။ လေဒဏ်ခုခံနိုင်ရန် ဖိထားသော တုံးများမှ ခိုင်ပါမည်လော။ တုံးတွေ ပြုတ်ကုန်၍ ထန်းရွက်တွေ လွင့်ပျံကုန်ပြီလော။
“ဟာ နွားတေ”
နွားတွေမှာ တင်းကုပ်ထဲတွင်ရှိ၏ ။ တင်းကုပ်မခိုင်၍ ပြိုကျမှဖြင့်။ အမေအိမ်၊ တင်းကုပ်၊ နွား၊ အမေ၊ အိမ် …။
အေးဆောင် သတိလွတ်သွားသည်။ ကမ်းပါးကို ကပ်ခိုနေရာမှ အိမ်ပြန်ရန် ခုန်ထလိုက်သည်။ ချောက်အလယ်သို့ ပြေးထွက်သည်။
လက်မောင်းခန့်တုတ်သော သစ်ကိုင်တစ်ကိုင်း ဝှီးကနဲ့ ပြေးလာသည်။ အေးဆောင် ငုံ့ရှောင်ကာ ကမ်းပါးပြေးကပ်ရ၏
အရဲမကိုးဝံ့ပြီ။
ရင်းတွင်း၌ မည်မျှ ပူလောင်နေရငြား၊ အေးဆောင် မထရဲတော့ပါ။ လေသံကို နားစွင့်ရတော့သည်။
လေသည် တဖြည်းဖြည်း လျော့၍ လျော့၍ လာ၏။ ထို့နောက် တဖြည်းဖြည်း ရပ်သွားသည်။ လေငြိမ်သွားသော်ငြား ကောင်းကင်သည် မှုန်မြဲ မှုန်နေဆဲ။ နေမင်းသည်လည်း ငုပ်လျှိုးနေမြဲ နေဆဲ။
အေးဆောင်သည် ဓားမတို ခမောက်နှင့် လှံကို ကောက်ယူကာ ရွာသို့ အသော့နှင်ခဲ့သည်။ ဖုန်မှောင်ကြီး ဆက်ကျနေလျှင် နေမဝင်မီ မှောင်လိမ့်မည်။ လ, မရှိ၊ ကြယ်မရှိနှင့် ပို၍ ခက်နိုင်သည်။
သို့သော် အလာလမ်းနှင့် ဆန့်ကျင်ဘက်၊ ကမ်းပါးစောက်ကို ကွေ့ပတ်တက်မိချိန် တွင် ဖုန်တိမ်ထုနောက်မှ နေလုံးကို မြင်ရလေသည်။
“အစောကြီး ရှိသေးတာပဲ”
အေးဆောင် အားရဝမ်းသာ အော်၏ ။ အော်မိသည်နှင့်အမျှ အသွားလည်း နှေးလာသည်။ ရွာသို့ မျှော်ကြည့်သောအခါ ဖုန်လုံးကြီးသာ မြင်ရ၏ ။ ထိုအခါ “ရွာဆီမှာတော့ လေမငြိမ်သေးဘူး ထင်တယ်” တွေးကာ သွက်သွက် လှမ်းမိပြန်သည်။
သို့ဖြင့် အေးဆောင်၏ ခြေလှမ်းသည် သွက်လိုက် နှေးလိုက် ဖြစ်နေ၏ ။ ကောင်းကင်တစ်ခုလုံး ဖုံးအုပ်နေခဲ့သော ဖုန်ခဲကြီးသည် တဖြည်းဖြည်း ပြယ်သည်နှင့်အမျှ နေသည်လည်း ကျောကွဲအောင် ပူမြဲ ပူပြန်တော့သည်။
ဝံသာနုပင် ချုံစပ်မှ ပြောက်ကျားကျား ပုတတ်သုံးကောင် ပြေးထွက်သွား၏ ။ အေးဆောင် စိတ်မဝင်စားပါ။ သည်ရာသီတွင် ပုတတ်များ ပိန်လှီလွန်းသည်။ မတတ်သာလွန်း၍ ဖမ်းယူချက်စားရလျှင်လည်း အရိုးနှင့် အရေကိုသာ ဝါးရချိမ့်မည်။ သို့ကြောင့် လိပ်နှင့် ဖွတ်ကိုသာ စိတ်ဝင်စားခဲ့သည်။
တောင်ပြိုချောက်သို့ ရောက်လာသည်။ တောင်ကြီးတစ်လုံးကို ထက်ခြမ်းခြမ်းထားသည့်နှယ် မတ်စောက်သော ကမ်းပါးပြတ်သည် ဝါးနှစ်ပြန်ခန့်မြင့်၏။ အောက်ဘက်တွင် ချုံများကြား၌ လူသွားလမ်းပေါ်သို့ ဥနှဲပင်တစ်ပင်က ထွက်ပြီး မိုးနေ၏ ။
အေးဆောင်သည် ဥနှဲပင်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်သည်။ ပျားနှစ်ကောင် ပျံထွက်သွားသည်။ ပျားလေးကောင် ဝင်သွားသည်။ ဟော … သုံးကောင် ထွက်လာပြန်ပြီ။ ဟော … နှစ်ကောင်ဝင်သွားသည်။
ဟုတ်ပြီ … ပျားစွဲ(ပျားအုံ) ရှိသည့် လက္ခာဏာပါတကား။
ထို့ကြောင့် ဥနှဲပင်နားသို့ ကပ်လာသည်။ ပျားများသည် ဝေးဝေးက ကြည့်ရစဉ်ကထက် အဝင်အထွက်များနေ၏။ သည်သို့ဆိုက ပျားစွဲသည်ကား သေချာပြီ။
သို့ဖြစ်ငြား လူတက်၍ ဖြစ် မဖြစ် စီစစ်ရဦးမည်။ ဥနှဲပင်သည် မူလက မတ်မတ်ထောင်ထောင် ပေါက်နေခဲ့ရာမှ ချောက်ဘက်သို့ လဲကျခဲ့သည်။ ကျောက်တုံး ကျောက်ခဲများတွင် အမြစ်တွယ်အားကောင်းသောကြောင့်သာ ပြုတ်မကျဘဲ တုံးလုံးကြီး ရှင်နေ ခြင်းဖြစ်၏ ။
အေးဆောင်သည် ဥနှဲပင် ပင်စည်ပေါ်သို့ လေးဘက်တွားကာ လျှောက်ကြည့်၏။ ပင်စည်လှုပ်သဖြင့် ပျားတွေထလာသည်။ အေးဆောင်ကို ဝိုင်းတုပ်သည်။ အေးဆောင်ကား ပန်းပွင့်များဖြင့် အပေါက်ခံရဘိသို့ အေးဆေးဖြည်းညင်းစွာ တိုးလာလေ၏။
ပျားတွေ ပိုများလာပြီ။
အေးဆောင် ခမောက်ဖြင့်ပုတ်ယင်း ပျားစွဲကို မြင်ရရန် ကြိုးစားသည်။ သစ်ရွက်တွေကို ဖယ်သည်။ သစ်ကိုင်းတွေကို ဖယ်သည်။ လက်မောင်းတွင် ဥနှဲကိုင်း ခြစ်ရာများ ပွနေသည်။ ဖြူသော အစင်းကြောင်းများမှ သွေးစို့လာသည်။ တဖြည်းဖြည်း တံတောင် ဆစ်အောက်ပိုင်းတစ်ပိုင်းလုံး ခြင်းခြင်းနီနေလေ၏ ။
ပျားစွဲသည် ပင်စည်အောက်ဘက်သို့ ဖြာထွက်နေသော အကိုင်း၏ အရွက်များကြားတွင် ခိုလျက်စွဲနေသည်။ ရွက်စိမ်းနုနုများကြားမှ အရည်ပြည့်သော ပျားလလဘို့ကြီးကို မြင်ရပုံမှာ ငွေလမင်းကြီးနှင့်ပင် တူချေသေးတော့။
အေးဆောင်သည် ပျားတွေ ဝိုင်းဝိုင်းလည်အောင် တုပ်သည့်ကြားမှ ပျားစွဲဆီသို့ လက်လှမ်းသည်။ ကောင်းကောင်း မမီတတ်။ မမီချင်။ ပျားရည်ထည့်စရာ ဗူးခွက်ပါလျှင် လပို့ကို နည်းနည်းချင်းဖဲ့ယူကာ ညှစ်ချသော် ဖြစ်၏။ ထည့်စရာ မပါသည့်အခါတွင်ကား ပျားစွဲတည်ရှိသော သစ်ကိုင်းကို ချိုးယူ ရသည်။
ဥနှဲကိုင်းသည် မာကျစ်ပြီး ခိုင်၏ ။ တော်ရုံဖြင့် ချိုး၍မရ။ တဖန် ဥနှဲကိုင်း အခက်များလည်း ကွေးကွေးလိမ်လိမ် ထွေးထွေးယှက်ယှက် ရှိလွန်းသည်။ အေးဆောင်မှာ ချွေးဒီးဒီးကျအောင် ချိုးရသည်။ အကိုင်းက မကျိုးသေး၊ မပြတ်သေး။
သစ်ကိုင်းကို ဓားဖြင့်ခုတ်ရန် မလွယ်ပေ။ ဓားလွှဲပြီး ခုတ်စရာ နေရာမရှိ။ သို့ကြောင့် သည်းခံပြီး ချိုးနေရ၏ ။
သစ်ကိုင်းသည် တစ်ချက်ချိုးရုံဖြင့် ဖြောင်းကနဲ့ကျိုးပြတ်မသွားလျှင် ဟိုဘက်လှည့် ချိုးလိုက် သည်ဘက်လှည့်ချိုးလိုက်ဖြင့် အမျှင်ပြတ်အောင် ကြိမ်ဖန် များစွာလုပ်ရသည်။ အေးဆောင်လည်း သည်နည်းအတိုင်း စိတ်ရှည်စွာ ချိုးနေရာ လက်ညောင်းလာပြီ။
ပြတ်ခါနီးပြီ၊ ကျိုးခါနီးပြီ ဟူသောဇောဖြင့် အားတင်းကာ အံကြိတ်၍ ဆက်ချိုးမြဲ ချိုးနေစဉ် ပင်စည်ပေါ်မှ ခြေချော်ကျသွား၏။ ချက်ချင်း ပြန်ထိန်းလိုက်နိုင်ငြား၊ ပျားစွဲသစ်ကိုင်းမှာမူ ဘေးရှိ ရွက်ထွေးကိုင်းရှုပ်ကို ဝင်ရိုက်မိပြီး၊ ပျားစွဲကြီး ပဲ့ကျသွားလေ၏။
“ဟာ”
အေးဆောင် တစ်ခေါင်းလုံးထူပူသွားသည်။ ရင်ဘတ်ကို ဆောင့်အကန်ခံရဘိသို့ ခံစားလိုက်ရသည်။
သူသည် ပါးစပ်မှ အမျိုးမျိုး တိုင်းထွာယင်း မြေကြီးပေါ်ရောက်အောင် ပြန်ဆုတ်လာသည်။
ပျားစွဲကျသွားသောနေရာကို ကမ်းပါစွန်းမှ ငုံကြည့်၏ ။ ဆင်းစရာ ရှာ၏ ။ ကုတ်စရာ တွယ်စရာ မတွေ့ ။
အေးဆောင်သည် တောက်တစ်ချက် ပြင်းပြင်းခေါက်ကာ အဆင်းပြေရာဘက်သို့ ပြေးလာ၏။
အေးဆောင်သည် ဥနှဲပင်နှင့် အတောင်တစ်ရာလောက်ရောက်မှ ဆင်း၍ရသော နေရာကို တွေ့ သည်။ ‘သန်း’ ပင်များကို တိုးကာ တွယ်ကာ ဆင်းသည်။ နာနတ်ရွက်ထိပ်မှ မည်းနက်သော ဆူးချွန်များက ပေါင်ကို ထိုးသည်။ ခြေသလုံးကို ဆွသည်။ တစ်ချက်တလေတွင် ခြေနင်းသောနေရာမှ ကျောက်ခဲပြုတ်ထွက်သဖြင့် လျောကျစဉ် ချုံဖုတ်များနှင့် နံဘေး ပွတ်ရခြစ်ရသေး၏။
သို့စဉ်တွင် ခွေးဟောင်သံများကို ကြားရ၏။ အေးဆောင် အပြေးဆင်းသည်။ ဆင်းရမလွယ်ပါ။ နွယ်ပင်များက ခြေကို ငြိသည်။ လည်ကို စွပ်သည်။
တောလည်သူ တစ်ယောက်သည် ခွေးတစ်အုပ်နှင့် ရောက်လာကာ ဥနှဲပင်အောက်မှ ဖြတ်သွားသည်။ အေးဆောင်သည် ထိုခွေးအုပ်နှင့် လူကို ပျပျကလေးသာ မြင်လိုက်ရ၏။ မည်သူမည်ဝါဟူ၍ မသိလိုက်။
သို့တစေ ပျားစွဲကား မရှိတော့ပါ။ ကျောက်ကြားတွင် မတင်၊ ချုံနွယ်တွင်မငြိ၊ မြေတွင်လည်း မရှိပါ။ အေးဆောင်သည် မြေကြီးပေါ် ပစ်ထိုင်ချလိုက်မိလေ၏။ ပျားစွဲကို မတွေ့ရသော်လည်း လေသည် ပျားရည်နံဖြင့် ထုံနေဟန်ရှိ၏။
အေးဆောင်သည် နှာခေါင်းရှုံ့ချည်ပွချည်လုပ်ရင်းက၊ သစ်ရွက်ခြောက်ကလေး တစ်ရွက်ကို ကောက်ယူလိုက်၏ ။ သစ်ရွက်မျက်နှာပြင်အပြည့် ပျားရည်များစိုစွတ်နေ၏ ။
အေးဆောင် စဉ်းစားမနေပါ။ သစ်ရွက်တစ်ရွက်လုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။
ချိုလိုက်ပုံများမှာ မည်သည့် ပျားရည်နှင့်မျှ မတူ။
“အင်း … ကောင်းလိုက်တာ … ကောင်းလိုက်တာ”
အေးဆောင် တမ်းတမ်းတတ ရေရွတ်ယင်း၊ နောက်ထပ် ပျားရည်စွန်းထင်းသော သစ်ရွက် ကျောက်ခဲ တစ်ခုတလေ တွေ့နိုးဖြင့် လေးဘက်ထောက်ကာ ထပ်မံရှာဖွေနေစဉ် ချွတ်ကနဲ့ လျှောကနဲ့ အသံကြား၏။
လျင်မြန်စွာ မော့်ကြည့်ကာ ခုန်ထပြီး ပြေးရှောင်လိုက်ရသည်။ ဥနှဲပင်ပင်ခြေနားဆီမှ တင်းတောင်းအရွယ် ကျောက်တုံးကြီးတစ်လုံး ကျွတ်ထွက်လာကာ၊ အေးဆောင်နှင့် တစ်ထွာမျှအကွာမှ ပွတ်လိမ့်ထွက်သွား၏။
အေးဆောင်သည် ပျားတုပ်ခံရသဖြင့် ပိတ်လုလုဖြစ်နေသော မျက်လုံးများဖြင့် ဥန္နဲပင်ကို မော့်ကြည့်၏။ ဥနှဲပင်အောက်တည့်တည့် ချောက်အတွင်း မြေပြင်ကို ငုံ့ကြည့်၏။
ငုံ့လိုက် မော်လိုက် သုံးလေးကြိမ်လုပ်ကာ၊ ပျားစွဲအစအန ပျားရည်စွန်းအစက်ကို ရှာဖွေပြီးနောက်တွင်ကား၊ အေးဆောင်သည် ခမောက်၊ ဓားနှင့် လှံကို ကောက်ယူ၍ ထိုနေရာမှ ထွက်ခဲ့လေသည်။
နေသည် အနောက်ဘက်တောင်ကုန်းဆီသို့ ထိုးဆင်းနေပြီ။ အမေသည်လည်း ယခုထက်တိုင် မရောက်လာသေးသော သားကို မျှော်မောရှာရော့မည်။ ပြန်မှ။ ။
– ပြီး –
စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
Uncategorized