August 29, 2025

ဘိုးတော်ပေနှင့်ငရဲရွာ

ဘိုးတော်ပေနှင့်ငရဲရွာ(စ/ဆုံး)

———————————

ညို့မှိုင်းမှိုင်းမိုးသားတိမ်လိပ်များ၏အောက်တွင် လူတစုလမ်းလျှောက်လို့နေသည်။များမကြာမီအချိန်၌ မိုးရွာလာမည့်ဟန်ရှိသည့်အတွက် ထိုလူတစုသည် ဇရပ်တခုအတွင်း ဝင်ရောက်နားခိုလိုက်ကြလေသည်။ဇရပ် လေးသည်သက်ကယ်မိုးထားသော်လည်း ကျွန်းတိုင်လုံး၊ကျွန်းပျဉ်ခင်းနှင့်ဖြစ်ပြီး ရှေးလက်ရာသစ်သားပန်းခက်ပန်းနွယ်တို့ဖြင့် အလှဆင်ထားသေးသည်။သို့ပေမဲ့တောက်ပြောင်ခြင်းတို့မရှိတော့ပဲဟောင်းနွမ်းနေပြီဖြစ် သည်။လမ်းလျှောက်နေသည့်လူတစုသည် ထိုဇရပ်ပေါ်သို့တက်ရောက်သွားကြပြီးလျှင် အချို့သောသူများမှာ သစ်ခက်များကိုချိုး၍ လှည်းကျင်းပြီးထိုင်နားနေကြသည်။ထိုသူများမှာ တခြားသူများမဟုတ်ပေ။ငရဲရွာသို့သွားကြမည့် ဘိုးတော်ပေ၊မောင်မောင်ကျော်၊မောင်ကြွယ်၊ကြေးမှုံ၊မယ်မှုံနှင့် ဖိုးညာဏ်တို့ပင်ဖြစ်သည်။ထို့နောက် ဘိုးတော်ပေသည်

“နောင်ကြီးမောင်ကြွယ် ခင်ဗျား အရင်က ငရဲရွာကိုရောက်ဖူးတယ်ဆိုတော့ ခင်ဗျားသိထားတာလေးတွေပြောပြနိုင်မလား”

“ပြောပြလို့ရတာပေါ့ ဘိုးတော်လေးရာ ”

“အဲ့လိုဆိုလည်း ဆောင်‌ရန်ရှောင်ရန်လေး‌တွေသိအောင်ပြောဦးဗျာ ”

ဘိုးတော်ပေမှ မောင်ကြွယ်အားထိုသို့ပြောလိုက်ရာ မောင်ကြွယ်သည်ဦးခေါင်းကိုတချက်ညိတ်လိုက်ပြီး

“ငရဲရွာဆိုတာ တောင်ထိပ်ကသာမာန်ရွာလေးတရွာပဲဗျ”

“အဲ့တာကိုဘာလို့သွားဖို့ခဲယဥ်းနေတာလဲဗျာ မရှင်းလို့”

“တကယ်တော့ ငရဲရွာဆိုတာ လောဘသားပညာသည်တွေရဲ့စားကျက်တခုပေါ့ဗျာ အဲ့ဒီရွာမှာ အကျင့်ပျက်အထက်လမ်းဆရာတွေရှိတယ် စုန်းကဝေနဲ့ အောက်လမ်း ပညာသည်တွေရှိတယ် သူတို့က ငွေတွေဖောဖောသီသီရနေတော့ ငရဲရွာကိုစောင့်ရှောက်တယ်လေ ငရဲရွာ ရွာသူကြီးရဲ့အမှုထမ်းတွေဖြစ်နေတာပေါ့ ”

“ရွာသူကြီးကဘယ်သူလဲ ”

“သူကလည်း အောက်လမ်းဆရာကြီးတယောက်ပါပဲ ဒါပေမဲ့ အများအမြင်မှာတော့ လေးစားရတဲ့အထက် လမ်းဆရာကြီးတယောက်ပေါ့ဗျာ ”

မောင်ကြွယ်၏စကားကိုနားမရှင်းသည့် မောင်မောင်‌ ကျော်သည်မေးမြန်းလိုက်လေသည်။

“တခုလောက်မရှင်းလို့ ခင်ဗျားတို့ဆရာအောက်လမ်းဆရာကြီးက အဲ့ဒီရွာကသူကြီးမဟုတ်ဘူးလား ”

“မဟုတ်ဘူး သူကရွာသူကြီးရဲ့လူယုံ ဒါပေမဲ့ သူကသူကြီးလိုဖြစ်နေပါပြီ ”

“အေးဗျာ ခင်ဗျား‌ပြောတာကိုကျုပ်ဖြင့်နားကိုမလည်တော့ပါဘူး ကဲ ကဲ ဒီည ဒီမှာပဲနားကြလိုက်တာပေါ့ မနက်အစောမှပဲ ထပြီးဆက်ခရီးဆက်ကြတာပေါ့ဗျာ ”

ဘိုးတော်ပေထိုသို့ပြောလိုက်ပြီးနောက် ပုတီးကိုယူကာ ဇရပ်ထောင့်တနေရာတွင်ပုတီးစိတ်နေလိုက်သည်။မောင်မောင်ကျော်သည်လည်း ပုတီးစိတ်နေလိုက်သည်။ ဖိုးညာဏ်သည်ကား ‌ကြေးမှုံအနားသွားလိုက်ပြီး

“ကြေးမှုံ နင်ဗိုက်ဆာနေပြီလား ”

“မဆာပါဘူးဟာ ”

“နင်ဆာရင်ပြောနော် ငါတခုခုဖန်တီးပေးမယ် ”

“ပြောပါဦး နင်ကဘယ်လိုဖန်တီးပေးမှာလဲ”

“ဒီနားမှာ ကန်လေးတွေတွေ့တယ် ငါးပက်ကြည့်မှာ ပေါ့ဟ နင်ကလည်း”

“ပေါက်ကရမလုပ်စမ်းပါနဲ့ ဖိုးညာဏ်ရယ် ဟိုမှာအထက်လမ်းဆရာနှစ်ယောက်လည်းပါတယ် မကောင်းဘူး ”

“အဲ့တာဆိုလည်း ပြီးရော ငါကနင်ဗိုက်ဆာနေမှာစိုးလို့”

“ရတယ် တို့လည်းတရေးတမောလောက်မှေးကြရ အောင် တိုင်ကိုမှီပြီးတော့ပဲအိပ်လိုက်တော့မယ် ”

ကြေးမှုံသည်ထိုသို့ပြောအပြီး ဇရပ်တိုင်ကိုမှီ၍အိပ်လိုက်သည်။သူမ နည်းတူ မယ်မှုံသည်လည်းဇရပ်တိုင်ကိုမှီကာအိပ်လိုက်ပါလေတော့သည် ။

◾အခန်း (၂)

မြူများရစ်သိုင်းနေသည့် တောင်တန်းများဆီသို့ ဘိုးတော်ပေတို့လူစု ခြေလှမ်းဖြည်းဖြည်းမှန်မှန်နှင့်သွားနေကြသည်။အမြင်တွင်သာနီးပြီး ခရီးမှာဝေးလှသည်မို့ မိုးမလင်းခင်ကတည်းကလမ်းလျှောက်သွားနေသည့် သူတို့‌ အဖွဲ့မှာ ယခုအချိန်ထိတောင်ခြေကိုမရောက်ကြသေးပေ။လမ်းလျှောက်နေရင်းမှ မောင်ကြွယ်သည် မြင့်မားသည့်တောင်တလုံးကိုလက်ညှိုးထိုးပြလာကာ

“မိတ်ဆွေတို့ ကျုပ်တို့သွားရမှာက ဟိုတောင်ပဲ မိစ္ဆာတောင်လို့ခေါ်တယ် တောင်ထိပ်မှာငရဲရွာရှိတယ် တောင်ပေါ်တက်ပြီဆိုတာနဲ့ အနှောက်အယှက်တွေပေါ်လာလိမ့်မယ် သတိတော့ထားကြဗျာ ”

“ငရဲရွာကိုရောက်ဖို့ကအဓိကပါပဲ ”

သူတို့သည်စကားတပြောပြောနှင့်လမ်းလျှောက်လာရာ များမကြာသောအချိန်တွင်တော့ မိစ္ဆာတောင်ခြေကိုရောက်ရှိလာသည်။အချိန်သည်ကား မွန်းလွဲအချိန်လည်းဖြစ်သည်။သူတို့သည် မရပ်မနားလမ်းလျှောက်လာခဲ့ကြသည်မို့ မောပန်းနွမ်းနယ်နေကြသဖြင့် တောင်ခြေရှိသစ်ပင်ကြီးတပင်အောက်တွင်အနားယူလိုက်ကြသည်။ ထိုစဉ် ခွဲတောင်းကိုယ်စီကိုခေါင်းတွင်ရွက်လာသည့် အမျိုးသမီးနှစ်ယောက်သည် ဘိုးတော်ပေတို့ထံသို့တည့်တည့်မတ်မတ်လမ်းလျှောက်လာကာအနီးသို့ရောက်လျှင် သူမတို့ရွက်လာသည့်တောင်းများကို ဘိုးတော်ပေတို့ ၏ အရှေ့တွင်ချလိုက်ပြီး ခပ်ရို့ရို့လေးထိုင်နေသည်။ဘိုးတော်ပေသည်အမျိုးသမီးနှစ်ယောက်ကိုကြည့်ကာ

“ဘယ်သူတွေများလဲဗျ ”

“ဘိုးတော်လေးတို့ တလမ်းလုံးဘာမှမစားရသေးလို့စားစရာလာပို့ပေးတာ ”

“ကျုပ်တို့ကိုသိလို့လား ”

“အထက်ဆရာတွေက ဝမ်းမီးမတောက်အောင်ပဲကူညီခွင့်ပြုထားလို့ပါ ကျမတို့ကိုခွင့်ပြုပါဦး ”

အမျိူးသမီးနှစ်ယောက်သည် ဘိုးတော်ပေအားထိုသို့ပြောပြီးသည်နှင့်ထွက်ခွာသွားလေသည်။ကျန်သောသူ များသည်ကား တောင်းများကိုတလှည့် ဘိုးတော်ပေကိုတလှည့်ကြည့်နေပြီးနောက် ‌မောင်ကြွယ်မှစကားဆိုလေသည်။

“ဘိုးတော်လေး ကျုပ်အထင်တော့မရိုးသားဘူးနော် ဒီနားမှ ငရဲရွာကလွဲပြီးတော့ ဘာရွာမှမရှိဘူး ကျုပ်တို့ကိုစားစရာကျွေးပြီးပြုစားချင်လို့လားမသိဘူးနော် ”

“ကိုမောင်ကြွယ် ဘိုးတော်လေးကြည့်ပြီးဆုံးဖြတ်ပါ လိမ့်မယ် ”

မောင်မောင်‌ကျော်ထိုသို့ဝင်ပြောလာသောကြောင့် မောင်ကြွယ်မှာ ခေါင်းကိုညိတ်ပြလိုက်ပြီး နောက်ထပ်စကားမဆိုတော့ချေ။ကျန်သူများသည်ကား စားစရာများထည့်ထားသည့်ခွဲတောင်းကိုကြည့်လိုက်သည်။ဘိုးတော်ပေသည်ကား ခွဲတောင်းတလုံးကိုဆွဲယူလိုက်ပြီး သူ၏ လက်ဝါးဖြင့် တောင်းအဝမှနေ၍သပ်ကြည့်လိုက်သည်။သို့ပေမဲ့ ထူးခြားမှုတစုံတရာမရှိသောကြောင့် ဦးခေါင်းကိုညိတ်ပြလိုက်ပြီး

“ကဲ ခင်ဗျားတို့စိတ်ချလက်ချနဲ့ စားသောက်နိုင်တယ် ကျုပ်တို့ကို အထက်ဆရာတွေကူညီပေးတာ ”

“ဟုတ်ကဲ့ ဘိုးတော်လေး ”

မောင်မောင်ကျော်သည် ဘိုးတော်ပေ၏စကားဆုံးသည် နှင့် တောင်းထဲမှအစားအေသာက်နှင့်ရေများကို ဘိုးတော် ပေထံဦးစွာကမ်းပေးလိုက်လေသည်။ထို့နောက် ကျန်သူ များကိုလည်း ဝေပေးလိုက်သည်။သူတို့သည် ဝမ်းမီးတောက်နေပြီမို့ စားစရာများကိုအားပါးတရစားသောက်လိုက်ကြသည်။ထို့နောက် မယ်မှုံမှ ဘိုးတော်ပေအား‌ မေးမြန်းလာလေသည်။

“အထက်လမ်းဆရာ ရှင်တို့ တောင်ပေါ်ကိုဘယ်အချိန်တက်ကြမှာလဲ ”

“ခဏနေတက်ကြတာပေါ့ ကျုပ်တို့ဆီမှာတော့ ဓာတ်မီး နှစ်လက်ပါတယ် ”

“ဓာတ်မီးမလိုပါဘူး ကဝေနှစ်ယောက်ပါနေတာပဲ ”

“အဲ့တာဆိုလည်းပြီးတာပဲ အခုတော့ ခဏလောက်နားကြတာပေါ့ တောင်ကမြင့်တယ်ဆိုတော့ အခုညကတည်း ကတက်မှ မနက်ဖြန်မိုးလင်းရောက်လောက်မယ်ထင်တယ် ”

ဘိုးတော်ပေမှ တောင်ကိုကြည့်ပြီးမှန်းဆ၍ပြောလိုက်ခြင်းဖြစ်သည်။မောင်ကြွယ်သည် ဘိုးတော်ပေ၏စကားဆုံးသည်နှင့် ဦးခေါင်းကိုညိတ်ကာစကားဆိုလေသည်။

“ကျုပ် တောင်ပေါ်ကိုရောက်ဖူးတယ် ညဖက်တက်ရင် မနက်ဆိုရောက်တယ် မနက်အစောတက်ရင် မိုးချုပ်မှရောက်တယ် နေ့တဝက်တက်ရတယ် ဘိုးတော်လေး”

“အင်း ကျုပ်တို့က ညဖက်တက်ကြတာပေါ့ဗျာ နှောက်ယှက်တဲ့သူတွေကိုတွေ့ချင်တာကို ”

“တွေ့ရမှာ ကျုပ်တို့တောင်ပေါ်စတက်ပြီဆိုကတည်း က အ‌နှောက်အယှက်တွေစတွေ့ရလိမ့်မယ် သူကြီးရှိမနေ ပါစေနဲ့လို့တော့ဆုတောင်းတာပဲ ”

မောင်ကြွယ်၏စကားကိုမကျေနပ်သူမှာ မယ်မှုံပင်ဖြစ် သည်။မယ်မှုံသည် မျက်နှာကိုတချက်မဲ့လိုက်ပြီး

“သူကြီးရှိတော့လည်းဘာဖြစ်တုန်း ရှာရတောင်လွယ်သေးတယ် ဒီလောက်ယုတ်မာတဲ့ကောင်ကို ကျုပ်က တော့အလွတ်မပေးနိုင်ဘူး ”

“သူကြီးအစွမ်းဘယ်လောက်ရှိတယ်ဆိုတာ နင်မသိသေးလို့အဲ့စကားပြောတာ နင့်လိုကဝေ‌လောက်ကတော့ဟိုက လက်ဖျောက်တချက်တီးတာနဲ့တင် နင်ပြာကျသွားလိမ့်မယ် ”

“လာစမ်းပါ ဘာမို့လို့လဲ ဘာလဲ နင်က သူကြီးဘက်ကလား ”

“ပေါက်ကရမပြောစမ်းနဲ့ ”

မယ်မှုံနှင့် ‌မောင်ကြွယ်စကားများနေသဖြင့် မောင်မောင်ကျော်မှာဝင်တားလိုက်ရလေသည်။

“မိတ်ဆွေတို့ တခရီးတည်းသွားနေတဲ့အပြင်ရန်သူတယောက်တည်းကိုတိုက်ရမှာ ဘာလို့အချင်းများနေတာလဲ စုစုစည်းစည်းနဲ့နေမှ အခက်အခဲနည်းမယ်မဟုတ်လား ”

“ခင်ဗျားပြောတာမှန်ပါတယ် ဒါပေမဲ့ ဟိုကဝေမက မာန်တက်နေလို့ပြောရတာ ”

“ကိုမောင်ကြွယ် ခင်ဗျားကအကြီးပဲဗျာ သည်းခံပါ မိန်းကလေး မိန်းကလေးကလည်းအပြောအဆိုဆင်ခြင်သင့်တယ် ကဲ ကဲ ခဏနေ ကျုပ်တို့သွားကြတာ‌ပေါ့ ”

မောင်မောင်ကျော်၏စကားအား သူတို့နှစ်ယောက်လုံးလိုက်နာလိုက်ကြပြီး နောက်ထပ်စကားမပြောဖြစ်ကြတော့ပေ။သူတို့သည် အနားယူလိုက်ကြပြီးနောက် ညနေနေစောင်းသည့်အချိန်တွင်တော့ တောင်ပေါ်သို့စတင်တက်ရောက်လိုက်ကြပါလေတော့သည် ။

◾အခန်း (၃)

ပတ်ဝန်းကျင်တခုလုံးသည် မီးအလင်းရောင်တို့ဖြင့်လင်းထိန်လို့နေသည်။ထိုမီးရောင်ထွက်ပေါ်ရာနေရာမှာ မယ်မှုံလွှတ်ထားသည့် အသင့်အတင့်ကြီးမားသောမီးလုံးတခုကြောင့်ဖြစ်သည်။ထိုမီးလုံးသည် သူတို့၏ရှေ့မှနေ၍ တလိမ့်လိမ့်ဖြင့်သွားနေသည်။အံ့သြစရာကောင်းသည်မှာ ထိုမီးလုံးတွင်တောက်လောင်နေသည့်မီးများမှ တခြားမည်သည့်အရာများကိုမှမီးစွဲလောင်ခြင်းအလျင်းမရှိပဲ အလင်းရောင်ကိုသာ သီးသန့်ပေးစွမ်းနေသည်။နေဝင်သည်နှင့်ပင် အမှောင်ထုလွှမ်းသွား‌သော‌ကြောင့် ယခု‌ ကဲ့ သို့စုန်းမီးတောက်စားပြီး အလင်းရောင်ကိုအသုံးချခြင်းဖြစ်သည်။အမှောင်ပညာသည်လေးယောက်နှင့် အထက် လမ်းပညာသည်နှစ်ယောက်တို့ပါဝင်သော ဘိုးတော်ပေတို့လူစုမှာ စုန်းမီးတောက်အလင်းရောင်ဖြင့် တောင်ပေါ်သို့တက်နေကြသည်။တခုသောမြေကွက်လပ်အရောက်တွင် စုန်းမီးတောက်ကိုခြေဖြင့်လာနင်းသည့် အသက်ခြောက်ဆယ်အရွယ်အမယ်အိုကြောင့် မီးလုံးကိုဖန်တီးထားသော မယ်မှုံမှာများစွာဒေါသထွက်သွားသဖြင့် ခါးကိုကိုင်းကာ တောင်ဝှေးထောက် နေရသည့်အနေအထားဖြင့် မီးလုံးကိုနင်းထားသောအမယ်အိုအား မျက်ထောင့်နီဖြင့်ကြည့်လိုက်ကာ

“အဖွားကြီး ဒါကဘာသဘောလဲ ”

“ဘာသဘောမှမဟုတ်ပါဘူးကွယ် မင်းတို့ဘယ်သွားကြမလို့လဲမေးမလို့ပါ”

“ငရဲရွာကိုသွားမှာ အခု ကျုပ်စုန်းမီးကိုနင်းထားတဲ့ခြေထောက်ကိုဖယ်‌ပေးစမ်း ”

“မိန်းကလေး ညည်းကသိပ်ပြီးစိတ်ကြီးတာပဲကွယ် ”

“တော်စမ်း ”

ထိုသို့အခြေအနေတင်မာနေချိန် ဘိုးတော်ပေမှာအရှေ့သို့ထွက်လာပြီး

“အဘွား ကျုပ်တို့‌ကိုမနှောက်ယှက်ပါနဲ့ ကျုပ်တို့လမ်းကျုပ်တို့သွားပါရစေ ”

“မင်းကဘယ်သူတုန်း ကြည့်ရတာတော့အထက်လမ်းဆရာဖြစ်မယ်ထင်တယ် ကဲ ကဲ ရှင်းရှင်းပဲ‌ပြောမယ် တောင်‌အောက်ကိုပြန်ဆင်းကြတော့ သာမာန်လူတွေဆို ဒီနေရာမှာတင် အကုန်မသာ‌ပေါ်ကုန်ပြီနော် ”

“သြော် အဖွားက ငရဲရွာကထင်တယ်”

“ဟုတ်တယ် ငါက ငရဲရွာတောင်ခြေစောင့်ပဲ ”

“‌ကောင်းပြီလေ အဖွားကိုကျော်နိုင်မှ ကျုပ်တို့တောင်ပေါ်တက်လို့ရမှာဆိုတော့လည်း ”

“ဘိုးတော်လေး ကျုပ်တို့တိုက်မယ် ဘိုးတော်လေးတို့နောက်ဆုတ်နေ”

ကြေးမှုံမှာထိုသို့‌ဝင်ပြောလာသလို မယ်မှုံသည်လည်း သူမတို့နှစ်ယောက်သာ တိုက်မည့်အကြောင်းပြောလာသဖြင့် ဘိုးတော်ပေတို့အနောက်သို့ဆုတ်ပေးလိုက်ကြသည်။ တောင်ခြေစောင့်ပညာသည်အမယ်အိုသည် သူမ၏ တောင်ဝှေးဖြင့်သူမနင်းထားသော စုန်းမီးလုံးကိုထိုးလိုက်ရာ မီးလုံးသည်လေပေါ်မြောက်တက်သွားပြီး သစ်ပင်ကြီးတပင်၏အကြားတွင်ကပ်နေသည့်အတွက်ပတ်ဝန်းကျင်တခွင်အား ပို၍ပင်ရှင်းရှင်းလင်းလင်းမြင်နေရသည်။ထို့နောက် သူမသည် ထမိန်တိုတိုဝတ်၍ သူမအား ခါး‌ထောက်ကာကြည့်နေသည့် ‌ကြေးမှုံနှင့် မယ်မှုံကိုပြန်စိုက်ကြည့်လိုက်ကာ

“ကလေးမလေးတွေ နင်တို့က ငါတို့လိုအမှောင်ပညာ သည်တွေဖြစ်‌ပြီးတော့ ဘာလို့ငရဲရွာကိုတိုက်ခိုက်ချင်နေတာလဲ ”

“တော်စမ်း သာမန်လူတွေတင်မကဘူး ပညာသည်တွေကိုပါဒုက္ခပေးတဲ့ ငရဲရွာလူကြီးကိုသတ်မလို့ ”

“ဟားးးဟားး နင်တို့အဆင့်လောက်နဲ့ သူကြီးကိုသတ်မလို့ဟုတ်လား ”

အမယ်အိုသည်ထိုသို့ပြောအပြီး သူမ၏တောင်မွေးကိုမြေပြင်တွင်ခပ်ပြင်းပြင်းဆောင့်လိုက်ရာ တောင်ဝှေးထိပ်ရှိဝင်းလက်နေသည့် အလင်းရောင်တန်းများမှာ ချွန်ထက်နေသည့်ဓားသွားများအသွင်ပြောင်းသွားပြီး မယ်မှုံနှင့် ‌ကြေးမှုံတို့ထံ‌ပြေးဝင်သွားကြလေသည်။သူမတို့မှာလည်းတတ်မြောက်ထား‌သောပညာဖြင့် စက်ကြိုးများပြုလုပ်ကာ ထိုဓားသွားများကိုကာကွယ်‌ပါသော်လည်းမရပေ။သူမတို့နှစ်ယောက်၏ခန္ဓာကိုယ်အားဖောက်ထွင်းဝင်‌ရောက်ရန် အလွန်နီးကပ်လို့လာလေသည်။ရှောင်တိမ်းနိုင်ခြင်းမရှိတော့ပဲ အမယ်အို၏စက်များကိုကြောင်ငေးကြည့်နေမိစဥ်မှာပင်

“ရပ်စမ်း”

ဘိုးတော်ပေ၏မာန်ပါပါစကားသံနှင့်အတူ အမယ်အို ၏စက်များမှာလေပေါ်တွင်ရပ်တန့်သွားလေသည်။ ထို့‌နောက် ဘိုးတော်ပေသည် မောင်ကြွယ်နှင့် ဖိုးညာဏ်ကိုကြည့်ကာ

“ကဲ မိတ်ဆွေ‌တို့ ဟိုမိန်းခလေးနှစ်ယောက်ကိုခေါ်ပြီးတောင်အောက်ကိုပြန်ဆင်းပေတော့ ”

“ဗျာ ”

“ကျုပ်ပြောသလိုပဲလုပ်ပါ တောင်‌ခြေအစောင့်ကိုတောင် မိန်းကလေးနှစ်ယောက်မနိုင်ဘူးဆိုရင် တောင်ပေါ်တက်ရင်ပိုပြီးတော့ အခြေအနေကဆိုးလောက်တယ် အဲ့တော့ ခင်ဗျားတို့တောင်အောက်ကိုဆင်းကြပေတော့ ကျုပ်တို့နှစ်ယောက်ပဲ ဆက်ပြီးတာဝန်ယူလိုက်မယ် ”

ဘိုးတော်ပေ၏စကားမှာ မှန်ကန်နေသည်မို့ မည်သူမှအထွန့်မတက်ကြတော့ပေ။ထို့နောက် မယ်မှုံသည် ဘိုးတော်ပေကိုကြည့်လိုက်ပြီး

“ကျမတို့ပညာကနုသေးတော့ ရှင်တို့ကိုမကူညီနိုင်တာအမှန်ပဲ ဒါ‌ပေမဲ့ စုန်းမီးတောက်ကိုတော့ ရှင်တို့နဲ့ထည့် ပေးလိုက်မယ် ဓာတ်မီးထက်ပိုပြီးအသုံးဝင်တာပေါ့ ရှင်တို့ရပ်ရင် သူရပ်လိမ့်မယ် ရှင်တို့သွားရင် သူလည်း သွားလိမ့်မယ်”

“လင်းလင်းရှင်းရှင်းဆိုတော့ ကျုပ်တို့အတွက်ကောင်း တာ‌ပေါ့ ကျုပ်တို့လက်ခံပါတယ် ”

“ရှင်တို့ဂရုစိုက်ပါ ကျမတို့တောင်‌ပေါ်ကိုဆက်လိုက်ရင်လည်း ရှင်တို့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်လာမှာသေချာတယ် ”

မယ်မှုံနှင့် ‌ကြေးမှုံတို့သည် ဘိုးတော်ပေနှင့် မောင်မောင် ကျော်ကိုနှုတ်ဆက်ခဲ့ပြီးနောက် ‌တောင်ခြေစောင့်ပညာ သည်အမယ်အိုကို မျက်စောင်းထိုးကာကြည့်လိုက်ပြီးလျှင် တောင်အောက်သို့ဆင်းသွားကြလေသည်။ထိုအချင်းအရာကိုမြင်သော အမယ်အိုသည် ဟားတိုက်ရယ်မောလိုက်ပြီး

“အထက်လမ်းဆရာစုတ်နှစ်ယောက် နင်တို့က အသေ ခံမယ်ပေါ့လေ ”

“အမေကြီး ကျုပ်ရိုင်းပြမိရင်ခွင့်လွှတ်ပါ”

ဘိုးတော်ပေသည်ထိုသို့ပြောအပြီး လက်ကိုဝေ့ရမ်းလိုက်ရာ အမယ်အိုကြီး၏တောင်ဝှေးအားတယောက်ယောက်ကဆွဲယူလိုက်သလိုလွင့်စဥ်ထွက်သွားလေသည် ။အမယ်အိုမျက်နှာကွက်ခနဲပျက်သွားချိန် ဘိုးတော်ပေသည် သူမအားလက်ညှိုးထိုးလိုက်ရာ ချက်ခြင်း‌ဆိုသလိုအမယ်အိုမှာဒူးထောက်ထိုင်ကျသွားသည့်အပြင် လက်ပါနောက်ပစ်သွားကာ ကြိုးအတုတ်ခံထားရသူနှယ်ဖြစ်သွားလေသည်။ထိုအခါမှ ဘိုးတော်‌ပေသည် အမယ်အိုကြီးအနားသွားလိုက်ပြီး

“အမေကြီး အရှုံး‌ပေးပြီလား ”

“အရှုံးမပေးဘူး ငါတို့သူကြီးကမှာထားတယ် အရှုံးပေး မဲ့အစားအသက်အသေခံရမယ်တဲ့ နင် ငါ့ကိုသတ်ရင်သတ်ပစ်လိုက်”

“ကျုပ်တို့ကလူသတ်ဖို့လာတာမဟုတ်ဘူး ဒါပေမဲ့ ပညာတွေတော့ဖယ်ရှားပစ်ရလိိမ်ံ့မယ် ”

ဘိုးတော်ပေသည်ထိုသို့ပြောလိုက်ပြီး အမယ်အို၏ဦးခေါင်းကိုလက်နှင့်အုပ်လိုက်လေသည်။ထို့နောက် အထက်ဆရာများကိုအဓိဋ္ဌာန်လိုက်ပြီး တခုခုကိုဆွဲနှုတ်ဟန်ပြုလိုက်ရာ အမယ်အို၏ဦးခေါင်းထက်ဆီမှနေ၍ သူ၏လက်ထဲသို့ အမဲရောင်အခိုးအငွေ့များပါ‌လာလေသည်။ထိုအခိုး‌အငွေ့များကုန်စင်သွားသည့်သောအခါမှ အမယ်အိုတယောက်လှုပ်ရှားနိုင်သွားပြီး ဝမ်းနည်းစွာဖြင့်ငိုယိုနေလေတော့သည်။ဘိုးတော်‌ပေနှင့် မောင်မောင်ကျော်သည်ကား အမှောင်ပညာများမရှိတော့သည့် အမယ်အိုကိုထားရစ်ခဲ့ပြီးနောက် တောင်ပေါ်သို့ဆက်တက်လိုက်သည်။ သစ်ပင်တွင်ကပ်နေသည့်စုန်းမီးလုံးမှာ လည်း သူတို့၏နောက်သို့ရွှေ့လျားလိုက်ပါလာပါလေတော့သည် ။

◾အခန်း (၄)

ဘိုးတော်ပေနှင့် မောင်မောင်‌ကျော်တို့သည် သူတို့‌ နောက်မှကပ်ပါလာ‌သော မယ်မှုံ၏စုန်းမီးလုံးမှထွက်လာသည့်အလင်းရောင်ကြောင့် အတော်အဆင်‌ပြေလှသည်။ ထိုအလင်းရောင်သည် တောင်တက်လမ်းကိုရှင်းလင်းစွာမြင်နေရသည်။လမ်းကိုသာမက ပတ်ဝန်းကျင်ရှိသစ်ပင်များကိုပါ ရှင်းလင်းစွာမြင်နေရသည်။မောင်မောင်ကျော် သည် ဘိုးတော်‌ပေ၏အ‌နောက်မှလမ်းလျှောက်လာရင်း

“ဘိုးတော်လေး စုန်းမီးလုံးက အတော်ကိုအသုံးဝင်တာပဲဗျ ကျနော်တို့ဓာတ်မီးနဲ့ထိုးပြီးသွားမယ်ဆို ဒီလောက်အဆင်‌ပြေမှာမဟုတ်ဘူး ပြီးတော့ ရန်သူ‌ကိုတွေ့ရင်လည်းချက်ချင်းပြန်တိုက်နိုင်မှာမဟုတ်ဘူး ”

“ဟုတ်တယ် စကားမစပ် မောင်ကြွယ်ကလူတွေအများကြီးခေါ်ချင်ပုံပေါက်ရင် နောက်ထပ်ရင်ဆိုင်ရမဲ့ရန်သူတွေများဦးမယ်ထင်တယ် ”

“အခုတောင် တောင်အလယ်ရောက်နေပြီမလား ”

“သတိတော့ထား မောင်ကျော်”

“ဟုတ်ကဲ့ပါ ဘိုးတော်လေး ”

သူတို့နှစ်ယောက်စကားပြော‌နေစဥ် ဘိုးတော်ပေ၏ လွယ်အိတ်ထဲမှ ဝိဇွာအဆောင်ဓာတ်လုံးမှာအရောင်တောက်လာသဖြင့် ဘိုးတော်ပေမှာလွယ်အိတ်ထဲမှထုတ်လိုက်ပြီးလက်ဝါးပေါ်တင်လိုက်ကာ လမ်းလျှောက်နေ သည်ကိုရပ်တန့်လိုက်သည်။သူတို့ရပ်တန့်လိုက်သည်နှင့် လေးချောင်းမျှသောလှံတံများသည် အရပ်လေးမျက်နှာဆီမှ အရှိန်ပြင်းစွာဖြင့် သစ်ပင်များကြားထဲမှထွက်ပေါ် လာလေသည်။ထိုသို့ဝင်လာသောလှံများသည် ဘိုးတော်ပေ၏လက်ထဲမှာဓာတ်လုံးအလင်းရောင်များကို မဖောက် ထွင်းနိုင်ပဲ လေ‌‌ပေါ်တွင်လှံရိုးများလှုပ်ရမ်းကာရပ်တန့်လို့နေသည်။ထို့ကြောင့် ဘိုးတော်ပေမှာ မောင်မောင်‌ကျော်အား သူ့အနားသို့ဆွဲခေါ်လိုက်ပြီး

“မောင်‌ကျော်ရေ ကျုပ်နဲ့ အရမ်းခွာမနေနဲ့”

“ဟုတ်ကဲ့ ဘိုးတော်လေး ဒီလှံတွေ ဘယ်ကလာတာလဲမသိဘူးနော် ”

“ကျုပ်အထင်တော့ အခု ကျုပ်တို့ကိုတိုက်တဲ့ပညာက မနိမ့်လောက်ဘူး ဓာတ်လုံးကတောင်ကာကွယ်ပေးရတယ် လေကြိုးပိုင်ကြိမ်ပိုင်တွေလည်းမထွက်ရဲဘူး”

“ဟုတ်တယ်‌နော် ဘိုးတော်လေး တော်ရုံဆို အစောင့်တွေနဲ့တင်အဆင်‌ပြေနေတာကို ”

ဘိုးတောာ်‌ပေနှင့် ‌မောင်မောင်ကျော်တို့စကားပြောနေစဥ် ဟားတိုက်ရယ်မောသံနှင့်အတူ တိုက်ပုံအင်္ကျီကိုဝတ်ဆင်ထားသည့်ဥပဓိရုပ်ခပ်‌ကောင်း‌ကောင်းလူကြီးတယောက်လက်နောက်ပစ်ပြီး တော‌င်ပေါ်တက်သောလမ်း၌ ပေါ်လာလေသည်။ထိုလူကြီးသည် ဘိုးတော်ပေတို့နှစ်ယောက်ကိုကြည်ကာ

“အထက်လမ်းဆရာပေါက်စတွေ လက်ထဲမှာအဆောင်‌ကောင်းရှိနေတာကိုး ”

“ခင်ဗျားက အတော်ကိုရွံစရာကောင်းတဲ့လူပဲ ”

“‌ကောင်လေး မင်း ငါ့ကိုသိလို့လား ”

“ငရဲရွာကို‌စောင့်နေတယ်ဆိုကတည်းက ခင်ဗျားက မ ကောင်းတဲ့လူဆိုတာကိုပြောစရာမလိုဘူး သုံးတဲ့ပညာကအထက်လမ်းပညာ ဒါပေမဲ့ လူကတော့ အတော်ကိုအောက်တန်းကျပါလား ”

“ကောင်လေး မင်းတို့ကမြန်မြန်သေချင်နေတာပဲ ”

“ခင်ဗျားလှံတွေက ကျုပ်တို့အကာအကွယ်ကို ထိုးမဖောက်နိုင်ပါဘူးဗျာ ”

“ဟားးဟားးး ကောင်လေး မင်းတို့ကိုအခွင့်အရေးတခုပေးမယ် မင်းလက်ထဲကဓာတ်လုံး ငါ့ကိုပေးရင် မင်းတို့ကိုလွှတ်ပေးလိုက်မယ် ”

“ကျုပ်တို့ကို ခင်ဗျားဖမ်းထားတယ်‌လို့ထင်နေတာလား ပေးရတာတော့မခက်ပါဘူး ဒါ‌ပေမဲ့ ခင်ဗျားယူနိုင်ဖို့အစွမ်းမရှိမှာစိုးတယ် ”

ဘိုးတော်‌ပေ၏စကားကြောင့် တောင်လယ်စောင့်အထက်လမ်းဆရာသည် တချက်ပြုံးလိုက်ပြီး

“မင်းတို့မယုံရင် ပေးကြည့်ပေါ့ကွာ ”

“ခင်ဗျားရဲ့အသုံးမကျတဲ့လှံတွေကို အရင်ဖယ်လိုက်လေ ”

“ဘိုးတော်ပေ၏စကားကြောင့် တောင်‌စောင့်အထက် လမ်းဆရာ လက်ဝှေ့ယမ်းလိုက်ရာ ဘိုးတော်ပေတို့အနီးတွင်ရပ်တန့်နေသည့် အရပ်လေးမျက်နှာဆီမှ လှံတံများ သည်ပျောက်ကွယ်လို့သွားတော့သည်။ဘိုးတော်ပေသည် လက်ထဲမှဓာတ်လုံးကိုဆုပ်ကိုင်လိုက်ကာ

“ဟေ့လူ ခင်ဗျားတကယ်ရော ဒီအဆောင်ကိုယူနိုင်စွမ်းရဲ့လား ”

“ပေးမှာသာပေးစမ်းပါကွာ ငါစိတ်မပြောင်းခင် မင်းတို့အထက်လမ်းဆရာပေါက်စတွေ တောင်အောက်ကိုမြန်မြန်ဆင်းတော့”

“ခင်ဗျားက တယ်လည်းယုံကြည်မှုရှိနေတာပဲဗျ ကဲ ကဲ ကျုပ်တို့လည်း တောင်ပေါ်ထပ်တက်ရဦးမှာဆိုတော့ ယူဗျာ ”

ဘိုးတော်ပေသည်ထိုသို့ပြောလိုက်ပြီးနောက် အဆောင်ဓာတ်လုံးအားသစ္စာအဓိဋ္ဌာန်တည်လိုက်ကာ တောင်စောင့်အထက်လမ်းဆရာထံသို့ပစ်လွှင့်လိုက်သည်။ဘိုးတော်‌ပေမှ အသာအယာပစ်လွှတ်လိုက်သော် လည်း ဓာတ်လုံးသည်‌ ရွှေရောင်များဝင်းလက်နေကာ တောင်စောင့်အထက်လမ်းဆရာထံ အရှိန်ဖြင့်ပြေးဝင်သွားလေသည်။တောင်စောင့်အထက်လမ်းဆရာ လက်ဝါးဖြင့်အုပ်ကာဖမ်းလိုက်ချိန်တွင်တော့

“အားးး ”

နာကျင်စွာအော်ဟစ်လိုက်သံနှင့်အတူ အထက်လမ်းဆရာမှာ သူ၏ညာလက်ကိုဘယ်လက်ဖြင့်ကိုင်ထားရင်းညည်းညူနေသည်။ညည်းညူရသ‌ည့်အကြောင်းသည် ကား ဓာတ်လုံးမှာ တောင်‌စောင့်အထက်လမ်းဆရာ၏ လက်ဝါးကိုဖောက်ထွင်းပြီး ဘိုးတော်ပေထံ ညင်သာစွာပြန်ရောက်သွားသောကြောင့်ဖြစ်သည်။တောင်‌စောင့်အထက်လမ်းဆရာသည် မယုံကြည်နိုင်ဟန်ဖြင့် ဘိုးတော်ပေတို့ကိုကြည့်ပြီး

“မင်း မင်းတို့”

“နောက်တကြိမ်အဆောင်ယူချင်သေးလို့လား အခုကျုပ်ထပ်လွှတ်လိုက်ရင် အဆောင်က ခင်ဗျားနဖူးတည့်တည့်ကိုလာလိမ့်မယ်ထင်တယ် ”

“တော် တော်ပြီ ငါမယူတော့ဘူး မင်းတို့ကလူတွေမဟုတ်ဘူး ငါ ငါမင်းတို့ကိုအရှုံးပေးပြီ”

“ဘာတွေအရှုံးပေးနေတာလဲ ခင်ဗျား အဆောင်လိုချင်တယ်ဆိုလို့ပဲပေးတာကို ”

“ငါ့ ငါ့ကိုသွားခွင့်ပြုကွာ ငါ ငရဲရွာနဲ့ဘယ်တော့မှမပတ်သက်တော့ဘူး ”

“လွယ်လွယ်နဲ့ ပြန်လို့ရရိုးလား ကဲ ခင်ဗျား နောက်ဆိုမ‌ကောင်းတာတွေမလုပ်တော့ဘူးလို့သစ္စာဆို သစ္စာ ဖောက်တာနဲ့ ခင်ဗျားဒုက္ခအကြီးအကျယ်ရောက်မှာနော် ”

ဘိုးတောပေ၏စကား‌ကြောင့် တောင်စောင့်အထက် လမ်းဆရာမှာ ခေတ္တတွေဝေသွားလေရာ မောင်မောင် ကျော်မှာ ဘိုးတော်ပေအား အသံခပ်ကျယ်ကျယ်နှင့်စကားဆိုလိုက်လေသည်။

“ဘိုးတော်လေး သူ့ကိုကြည့်ရတာ ဘိုး‌တော်လေးစကားကိုနားမထောင်ချင်တဲ့ပုံပဲ”

“ဟုတ်လားအဲ့တာဆို အဆောင်ပဲ‌ပေးလိုက်တာ‌ပေါ့”

ဘိုးတော်ပေတို့နှစ်ယောက်၏ပြောစကားကြောင့် တောင်‌စောင့်အထက်လမ်းဆရာမှာ အတော်မျက်နှာပျက်သွားပြီး

“ငါ ငါ သစ္စာဆိုပါ့မယ်ကွာ ”

ဤသို့ဖြင့် တောင်‌စောင့်အထက်လမ်းဆရာသည် ဘိုးတော်ပေတို့ထံ နောက်တခါမကောင်းမှုများမပြုလုပ်ဟုသစ္စာဆိုခဲ့ပြီးနောက် တောင်အောက်သို့ဆင်းသွားလေ တော့သည်။ထိုအခါမှ ဘိုးတော်ပေတို့သည်လည်းတောင်ပေါ်သို့ဆက်တက်သွားလိုက်ကြပါလေတော့သည် ။

◾အခန်း (၅)

ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့ တောင်ပေါ်သို့ဆက်တက်လာကြရာ မကြာသောအချိန်တွင်ကြီးမားသောသစ်ပင်ကြီးတွင် ထွင်းထားသည့် ငရဲရွာဆိုသည့်စာလုံးအားတွေ့လိုက်ရသည်။ထိုနေရာသို့ရောက်လာချိန်တွင်တော့ အာရုံတက်လာပြီမို့ သူတို့နောက်တကောက်ကောက်လိုက်ပါလာသည့် စုန်းမီးမှာလည်းငြိမ်းသွားပြီဖြစ်သည်။အာရုံတက်စအချိန် အလင်း ရောင်ကောင်းစွာမရသေးသောကြောင့် လမ်းတလျှောက်ဘိုးတော်ပေနှင့် မောင်မောင်ကျော်သည် သူတို့၏ လွယ်အိတ်ထဲမှဓာတ်မီးကိုထုတ်ကာ ထိုးသွားရသည်။များမကြာသောအချိန်တွင် ကြခတ်ဝါးများဖြင့်ခြံစည်းရိုးကာထားသည့်အိမ်ငယ်တလုံးကိုတွေ့လိုက်ရသည်။အိမ်ငယ်လေး၏ဝင်ပေါက်အဝတွင် ဝါးကပ်ဖြင့်တံခါးလုပ်ထားသည်။သူတို့နှစ်ယောက်သည် ထိုဝါးကပ်တံခါးအနီးရပ်လိုက်ကာ

“ဒီလမ်းကငရဲရွာထဲဝင်တဲ့လမ်းလား တံခါးဖွင့်ပေးလို့ရမလား”

ဘိုးတော်ပေသည် အသံခပ်ကျယ်ကျယ်နှင့် ထိုသို့ပြောလိုက်သော်လည်း အိမ်လေးထဲမှ မည်သူတဦးတယောက်ကမှခွန်းတုန့်ပြန်လာခြင်းမရှိပေ။များမကြာသောအချိန်တွင်တော့ လေပြင်းတချက်တိုက်ခတ်လာပြီး သူတို့နှစ်ယောက်၏နောက်တွင် လူသုံးယောက်တို့ရပ်တန့်နေသည်ကိုတွေ့လိုက်ရသည်။ဘိုးတော်ပေနှင့် မောင်မောင်ကျော်သည် ထိုလူသုံးယောက်ဖက်လှည့်၍ ဓာတ်မီးနှင့်ထိုးကြည့်လိုက်ရာ မတူကွဲပြားသည့်ရုပ်သွင်တို့အားတွေ့မြင်လိုက်ရလေသည်။ညာဘက်စွန်းတွင်ရပ်နေသူသည် မုတ်ဆိတ်ကျင်စွယ်တို့ဖြင့်ရှည်လျားနေပြီး ခေါင်းပေါင်းကိုပေါင်းထားကာ တိုက်ပုံအင်္ကျီနှင့်ဖြစ်ပြီး အထက်လမ်းဆရာတယောက်၏အသွင်ကို‌ဆောင်သည်။ အလယ်ကလူမှာဖြင့် အမျိုးသမီးတယောက်ဖြစ်ကာ ရှည်လျားသောဆံပင်တို့အားဖားလျားချထားပြီး မျက်နှာသေနှင့်ဖြစ်၍ စုန်းကဝေတယောက်မှန်းသိသာလွန်းလှပေသည်။ကျန်တယောက်သည်ကား ဒေါက်ခြာဆောင်းထားပြီး တောင်ဝှေးကိုင်‌ဆောင်ထားသည့်ရသေ့တဦးဖြစ်သည်။ထိုသူသုံးယောက်တို့သည် ဘိုးတော်ပေတို့နှစ်ယောက်ကိုကြည့်နေရင်းမှ မုတ်ဆိတ်ကျင်စွယ်ရှည်လျားစွာရှိသော အထက်လမ်းဆရာဟန်ပန်နှင့် လူကြီးမှစတင်စကားဆိုလာလေသည်။

“မင်းတို့တွေကဘယ်သူတုန်း တောင်စောင့်နှစ်ယောက်က မင်းတို့ကိုမတားဘူးလား”

“တားတယ် သူတို့ ကျုပ်ကိုမနိုင်ဘူး”

“ဩော် အေး မင်းတို့တွေပညာကလည်း အဆင့်မြင့်သားပါလား ကဲ ဒီလာတာဘာကိစ္စလဲ”

“ကြာညွန့်ဆိုတဲ့အောက်လမ်းဆရာကိုဆုံးမဖို့ရောက် လာတာ ”

“ကြာညွန့်ဟုတ်လား လူရှုပ်ကြာညွန့်ကဘာတွေလုပ်ထားပြန်ပြီလဲ ”

“ကဝေပျိုအယောက်နှစ်ဆယ်ကိုဖမ်းပြီး အောက်လမ်းမှော်လုပ်တာလေ ကျုပ်တို့တားလိုက်လို့ သူ မအောင်မြင်ခဲ့ဘူး ငရဲရွာကိုလိုက်ခဲ့ဆိုလို့ ကျုပ်တို့လိုက်လာတာ ”

ဘိုးတော်ပေ၏စကားကြောင့် သူတို့ရှေ့တွင်ရပ်နေသည့်သုံးယောက်မှာ အချင်းချင်းကြည့်လိုက်ကြပြီး

“မယ်ဇာ နင်ဘယ်လိုသဘောရလဲ ”

“ကြာညွန့်ဆိုတဲ့ကောင်က ကျုပ်တို့လိုကဝေတွေကိုသတ်ပြီး အောက်လမ်းအစီအရင်လုပ်ဖို့ကြိုးစားတယ်တဲ့လား ဒါတော့ ဘယ်လိုမှလက်မခံနိုင်စရာမရှိဘူး ”

“အဲ့တော့ မယ်ဇာဘယ်လိုလုပ်မယ်စိတ်ကူးလဲ ကျုပ်တို့က ရွာ‌စောင့်ဆိုပေမဲ့ တချို့အရာတွေကိုစီရင်ဖို့ရွာသူကြီးကအမိန့်ပေးသွားတယ်မလား”

“ကျမကတော့ ကြာညွန့်ကိုသူ့ကိစ္စသူရှင်းစေချင်တယ် ရသေ့ကြီးသဘောကရော ”

“ခင်ဗျားပြောသလိုပဲလုပ်ကြတာပေါ့ ”

ဘိုးတော်ပေနှင့် မောင်မောင်ကျော်အံ့ဩသွားရသည်။ အကြောင်းမှာ မယ်ဇာဟုအမည်တွင်သည့်အမျိုးသမီးမှာ အသက်ကြီးပုံမပေါ်‌ပေမဲ့ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် ဘေးတဖက်တချက်ဆီမှ အထက်လမ်းဆရာပုံလူကြီးနှင့် ရသေ့ကြီးမှာ သူတို့ထက်ကြီးသူကိုစကား ပြောနေဟန်ဖြင့်ပြောနေသောကြောင့်ပင်ဖြစ်သည်။သူတို့နှစ်ယောက်၏ရှေ့တွင်ရှိနေသည့် လူသုံးယောက်သည် ဘိုးတော်ပေနှင့် မောင်မောင်ကျော်အားရှိနေသည်ဟုပင် မ‌ထင်ပဲ အချင်းချင်းတိုင်ပင်နေကြပြီးနောက် ရုတ်ချည်းဆိုသလိုပျောက်ကွယ်သွားလေသည်။ထိုအခါ ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့သည်လည်း မည်သို့ပြုလုပ်ရမည်မှန်းမသိဖြစ်နေစဉ်မှာပင် ဘိုးတော်ပေ၏နားထဲသို့ အသံတသံဝင်ရောက်လာလေသည်။ထိုအသံပိုင်ရှင်သည် ကား ဘိုးတော်စိုးပင်ဖြစ်၏။

“ဘိုးတော်ပေ သူတို့ပြောတဲ့အတိုင်းသာလိုက်လုပ်ပါ ဘိုးတော်ပေတို့ သူတို့ကိုမနိုင်ဘူး”

“ဗျာ ဘာဖြစ်လို့လဲ ဘိုးတော်‌စိုး”

“သူတို့က လမ်းမှားရောက်နေတဲ့ ဝိဇ္ဇာဓိုရ်တွေ ဝိဇ္ဇာဓိုရ်တိုင်းကောင်းမွန်နေတဲ့သူတွေမဟုတ်ဘူးဆိုတာကို ဘိုး တော်ပေသိပါ ”

ဆရာသမားဖြစ်သူ၏သတိပေးစကားအား ဘိုးတော်ပေသည် သူ၏နံဘေးတွင်ရှိသည့် မောင်မောင်ကျော်အားပြောပြလိုက်လေသည်။ထိုအခါ မောင်မောင်ကျော်မှာ အံ့သြသွားပြီး

“ဒီလိုမျိုးလည်းရှိသေးတာလား ဘိုးတော်လေး”

“ရှိလို့ပေါ့ဗျာ ကဲ ကျုပ်တို့လည်း ကျုပ်ဆရာဘိုးတော်စိုးပြောသလိုပဲလိုက်လုပ်ကြရအောင်ဗျာ”

‘ဘိုးတော်လေးကောင်းမယ်ထင်သလိုသာလုပ်ပါ ”

အချိန်အတန်အောင်ကြာစောင့်ဆိုင်းနေလိုက်ပြီးနောက် အလင်းရောင်ကောင်းစွာရလုလုအချိန်တွင် ခြံစည်းရိုးအပြင်သို့ အောက်လမ်းဆရာကြီးဦးကြာညွန့်ရောက်ရှိလာသည်ကိုတွေ့လိုက်ရလေသည်။ထို့နောက် သူသည်ဘိုးတော်ပေနှင့် မောင်မောင်ကျော်ကိုကြည်ကာ

“မင်းတို့တွေဘာလာလုပ်ကြတာလဲ ”

“ခင်ဗျားပဲ တစ္ဆေတောင်မှာတုန်းက ဒီကိုလိုက်ခဲ့ဆို”

“မင်း မင်းတို့ပြန်တော့ ”

“ပြန်ဖို့လာခဲ့တာမဟုတ်ဘူး ခင်ဗျားလည်းလိုက်ခဲ့ရမယ် ”

“ဟေ့ကောင် မင်းတို့ကိုကောင်းကောင်းပြောနေတယ်ပြန်တော့လို့ ”

“ကျုပ်တို့ပြန်မှာမဟုတ်ဘူး ခင်ဗျားကိုပါတခါတည်းခေါ်သွားရမယ် ”

“မင်းတို့ကို ငါမနိုင်ဘူး ဒါပေမဲ့ ရွာစောင့်တွေကနိုင်တယ် ဘာလို့မှန်းမသိဘူး ရွာစောင့်တွေကမင်းတို့နောက်ငါ့ကိုလိုက်သွားခိုင်းနေတယ် ”

“လိုက်သွားဆိုလိုက်ခဲ့ပေါ့ဗျာ ကျုပ်ကြိုးပိုင်ကို‌ခေါ်ပြီး တရွတ်တိုက်ဆွဲခေါ်ရမလား ”

“ငါလိုက်ခဲ့မယ် မင်းတို့တွေ ငါ့ကိုတခုခုမလုပ်ခင်‌မှာသေချာစဥ်းစားနော် ဘာလို့လဲဆိုတော့ ငါ့ကိုထိရင်ငရဲရွာသူကြီးနဲ့‌ထိပ်တိုက်‌တွေ့မှာ ”

“လာစမ်းပါဗျာ ခင်ဗျားကို ရွာစောင့်သုံးယောက်က တောင်ဂရုမစိုက်တာ သူကြီးကဘယ်လိုလုပ်ပြီးဂရုစိုက်မှာတဲ့လဲ ”

ဘိုး‌တော်ပေနှင့် မောင်မောင်ကျော်တို့သည် အောက်လမ်းဆရာကြီးကြာညွန့်ကိုခေါ်ကာ တောင်အောက်ဆင်းလာခဲ့လေသည်။သူတို့တောင်အောက်ဆင်းလာချိန်တွင် နေလုံးကြိီးလည်းစတင်ထွက်လာပြီဖြစ် သည်။အောက်လမ်းဆရာကြီးကြာညွန့်မှာ ဘိုးတော်ပေတို့၏ရှေ့မှလမ်းလျှောက်နေရင်း တစုံတခုကိုမ‌ကျေမနပ်ဖြစ်လို့နေသည်။သူ‌တွေးနေသည်မှာ အခြားတော့မဟုတ် အဘယ်ကြောင့်များ ရွာစောင့်သုံးယောက်တို့မှာ သူ့စကားနားမထောင်ပဲ ဘိုးတော်ပေတို့နောက်ကိုထည့်လိုက်ရတာလဲဆိုတာကိုပင်ဖြစ်သည်။ဤသို့ဖြင့် လမ်းလျှောက်လာကြရာ သစ်ပင်တပင်အောက်ရောက်ချိန်တွင်တော့ ဘိုးတော်ပေသည် အောက်လမ်းဆရာကြီးကိုကြည့်၍ စကားဆိုလိုက်သည်။

“ကဲ အောက်လမ်းဆရာကြီး ခင်ဗျားပညာတွေကို ကျုပ်တို့နှုတ်ပစ်ရလိမ့်မယ် ”

“ကျုပ်ကအောက်လမ်း ဘယ်လိုပညာနှုတ်မှာလဲ ကျုပ်တို့ပညာတွေက အစီအရင်တွေပဲလေ ”

“ခင်ဗျားအစီအရင်တွေမလုပ်နိုင်အောင်ကျုပ်ကလုပ်ရမှာပေါ့ ”

“မင်း ဘာပြောချင်တာလဲ ”

“ကျုပ် ခင်ဗျားပညာတွေကိုနှုတ်မယ် ပြီးတော့ခင်ဗျားအစီအရင်တွေဘယ်လိုစီရင်ရတယ်ဆိုတာကိုသိတဲ့အသိညာဏ်ကို‌လည်းဖျောက်ပစ်မယ်လေ ”

ဘိုးတော်ပေစကားဆုံးသောအခါ အောက်လမ်းဆရာကြီးဦးကြာညွန့်သည် ဘိုးတော်ပေအားမယုံကြည်နိုင်ဖြစ်နေသည့်မျက်လုံးတို့နှင့်ကြည့်လာကာ

“မင်း အဲ့လိုလုပ်လို့မဖြစ်ဘူး ငါ့ကိုအဲ့လိုလုပ်ရင် နောက်ဖြစ်လာမဲ့အကျိုးဆက်တွေကများတယ်နော် ”

“ဘာလို့မဖြစ်နိုင်ရမှာလဲဗျာ ”

ဘိုးတော်ပေသည်ထိုသို့ပြောအပြီး အောက်လမ်းဆရာကြီးအနားသွားကာ အောက်လမ်းဆရာကြီး၏ဦးခေါင်းကိုလက်နှင့်အုပ်ကိုင်လိုက်ပြီးလျှင် သစ္စာအဓိဌာန်ပြုလိုက်ရာ ဘိုးတော်ပေ၏လက်ထဲသို့ အမဲရောင်အခိုးအငွေ့များပါလာလေ၏။ထို့နောက် အမဲရောင်အခိုးအငွေ့များသည် တဖြည်းဖြည်းနှင့်ပျောက်ကွယ်သွားလေသည်။ဘိုးတော်ပေသည် တချက်ပြုံးလိုက်ပြီး အောက်လမ်းဆရာကြီး၏ဦးခေါင်းပေါ်၌ လက်ညိုးဖြင့် အင်းတကွက်ရေးလိုက်ရာ အောက်လမ်းဆရာကြီး တုန်ယင်သွားပြီးနောက် ချွေးများထွက်လာသည်။ အတန်ကြာသောအခါ မျက်စိသူငယ်နားသူငယ်အမူအရာဖြင့် ဘိုးတော်ပေနှင့် မောင်မောင်ကျော်ကိုကြည့်ကာ

“မင်းတို့တွေ ဘယ်သူတွေလဲ ”

“ကျုပ်တို့ကခရီးသွားတွေပါ ”

“ငါကရော ဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလဲ ငါနေတာ သပွက်အိုင်ရွာမှာပါ ”

“ဟုတ်လား တခြားတွေးမနေနဲ့ ဦးကြီး လောလောဆယ် ကျုပ်တို့တောင်အောက်ကိုဆင်းကြတာ‌ပေါ့ ”

အောက်လမ်းဆရာကြီးဦးကြာညွန့်သည် သူ အောက်လမ်းပညာသည်ဖြစ်ခဲ့မှန်းကိုပင်မသိတော့ပဲ လွန်ခဲ့သောအချိန်များက သာမန်လူတယောက်ဖြစ်ခဲ့သည်ကိုသာမှတ်မိနေသည်။ဘိုးတော်ပေတို့သည်လည်းအောက်လမ်းပညာများမရှိတော့သည့်ဦးကြာညွန့်ကိုခေါ်ကာ ထွေရာလေးပါးစကားများပြောပြီးတောင်အောက်သို့ဆင်းလာကြလေသည်။ညနေစောင်းအချိန်တွင် တောင်အောက်သို့ရောက်ရှိလာပြီး ဦးကြာညွန့်သည် ဘိုးတော်ပေတို့နှစ်ယောက်ကိုကြည့်ကာ

“ငါ့တူတို့ ဒီဘက်လမ်းတွေကို ဦးကြီးမရောက်ဖူးဘူးဘူးကွယ့် ရွာကိုဘယ်လိုပြန်ရမှန်းတောင်မသိတော့ဘူး ”

“ကျုပ်တို့‌တွေ ဒီအနီးအနားကရွာကိုအရင်သွားကြည့်တာပေါ့ဗျာ ပြီးမှ လမ်းမေးပြီးဆက်သွားကြတာပေါ့ ”

“အဲ့တာကောင်းတယ် ဒါနဲ့ ဦးကြီးရေဆာတယ်ကွာ ဟိုအနားမှာ စမ်းချောင်းရှိလောက်တယ် ဦးကြီးရေသွားသောက်လိုက်ဦးမယ် ငါ့တူတို့ ဒီနားကစောင့်နေပေါ့ ”

“ဟုတ်ကဲ့ ”

ဘိုးတော်ပေနှင့် မောင်မောင်‌ကျော်တို့သည် တောင်နှင့်မလှမ်းမကမ်းရှိသစ်ပင်ရိပ်‌အောက်တွင် ထိုင်စောင့်နေကြသည်။ဦးကြာညွန့်သည်ကား ရေရှိနိင်‌လောက်သည့် လျှိုလေးထဲသို့ဆင်းသွားသည်။သစ်ပင်အရိပ်အောက်တွင်ထိုင်နေသည့် မောင်မောင်ကျော်သည် ဦးကြာညွန့်ထွက်သွားသည်ကိုကြည့်လိုက်ပြီး

“ဘိုးတော်လေး အခုအချိန်မှာ ဦးကြာညွန့်ကိုကြောက်စရာအောက်လမ်းဆရာကြီးလို့ပြောရင် ဘယ်သူမှယုံမှာမဟုတ်တော့ဘူး ”

“အင်း သူရဲ့မကောင်းတဲ့ပညာတွေကိုနှုတ်လိုက်ပြီး မကောင်းတဲ့အတတ်တွေကိုမမှတ်မိအောင်လုပ်ထားတာလေ အခုတော့သာမာန်လူတယောက်ပေါ့ဗျာ ”

“ဒါနဲ့ ကိုမောင်ကြွယ်တို့ကိုလည်းမတွေ့တော့ပါလား ဘိုးတော်လေး ”

“သူတို့လည်းပြန်‌ပြီနေမှာပေါ့ ”

“အင်း ပြန်သွားတာလည်းကောင်းပါတယ်လေ ”

ဘိုးတော်‌ပေနှင့် မောင်မောင်‌ကျော်တို့စကားပြောနေစဉ်မှာပင် ဦးကြာညွန့်ထွက်သွားရာ လျှိုဘက်ဆီမှကျယ်လောင်သောအော်ဟစ်သံကြောင့် ဘိုးတော်ပေတို့နှစ်ယောက် တယောက်မျက်နှာတယောက်ကြည့်ကာအချိန်မဆိုင်းပဲအသံလာရာဆီသို့အပြေးအလွှားသွားလိုက်ကြသည်။လျှိုထဲသို့ရောက်သောအခါ သူတို့နှစ်ယောက်မြင်တွေ့လိုက်ရသည့်အရာ‌ကြောင့် များစွာထိတ်လန့်သွားရသည်။အကြောင်းမှာ မယ်မှုံသည် ဦးကြာညွန့် ၏အသဲနှလုံးကိုထုတ်ယူထားပြီး လက်တွင်ကိုင်ထားခြင်းကြောင့်ဖြစ်သည်။ဦးကြာညွန့်သည်ကား စမ်းချောင်း လေးနံဘေးတွင်အသက်ပျောက်နေပြီဖြစ်သည်။မယ်မှုံသည်ကား အောင်နိုင်သူတယောက်၏ဟန်ပန်ဖြင့် ဦးကြာညွန့်၏အသဲနှလုံးကိုကိုင်ကာအော်ဟစ်ရယ်မောနေသည် ။ထိုအချင်းအရာ‌ကြောင့် ဘိုးတော်ပေသည် သည်းမခံနိုင်တော့ပဲ

“တောက် လူစိတ်ပျောက်နေတဲ့မိစ္ဆာမသေစမ်း”

ဘိုးတော်ပေသည်ထိုသို့ပြောပြီး လေထဲတွင်လက်ညှိုးဖြင့်တခုခုကိုရေးဟန်ပြုလိုက်ရာ ရွှေရောင်တောက်ပနေသည့်စာလုံးများသည် အချင်းချင်းစုစည်းကာလှည့်ပတ်နေပြီးနောက် စင်္ကြာတစင်းအဖြစ်ပြောင်းလဲသွားပြီးလျှင် မယ်မှုံထံသို့ပြေးဝင်သွားသည်။ထိုစင်္ကြာ မယ်မှုံအနီးမရောက်မီ မောင်‌ကြွယ်၊ဖိုးညာဏ်နှင့် ကြေးမှုံတို့မှာ မယ်မှုံ အရှေ့မှကာရပ်လိုက်ပြီး

“ဘိုးတော်လေး မယ်မှုံကိုသတ်မယ်ဆိုရင် ကျမတို့အားလုံးကိုပါတခါတည်းသတ်လိုက်ပါ ”

“ခင်ဗျားတို့ဖယ်စမ်း သူက လူစိတ်ပျောက်နေပြီ ”

“ဘိုးတော်လေးမသိဘူးနော် ဒီအောက်လမ်းဆရာ လူ‌တွေဘယ်လောက်သတ်ထားလဲဆိုတာ ကျုပ်တို့အ ပေါင်းသင်းတွေ သူသတ်လို့‌သေခဲ့ရကြတာအများကြီးပဲ ကျုပ်တို့ခွင့်မလွှတ်နိုင်ဘူး ”

မောင်ကြွယ်၏စကားကြောင့် ဘိုးတော်‌ပေမည်သို့ပြန် ပြောရမှန်းမသိဖြစ်နေသည်။မောင်မောင်‌ကျော်သည် ဘိုးတော်ပေအနားသွားလိုက်ကာ

“ဘိုးတော်လေး ကံစီမံရာလို့ပဲတွက်ရမှာပေါ့ဗျာ ကျုပ်တို့သွားကြရအောင်”

“မောင်‌ကျော်‌ပြောတာမှန်ပါတယ် ကံစီမံရာပေါ့”

ဘိုး‌တော်ပေသည် ထိုသို့‌ပြောအပြီးလက်ကိုဝေ့ရမ်းလိုက်ရာ ရွှေရောင်တောက်နေသည့်စင်္ကြာသည်လည်းပျောက်ကွယ်လို့သွား၏။ထို့နောက် သူသည် မောင်ကြွယ်တို့ကိုကြည့်လိုက်ပြီး

“ခင်ဗျားတို့နဲ့ ကျုပ် ရေစက်ကုန်ပြီ ဒီမှာတင်လမ်းခွဲကြပါစို့ တခုမှတ်ထားပါ အပြစ်မဲ့တဲ့လူတယောက်ကို အခုလိုထပ်လုပ်မယ်ဆိုရင် ဘယ်အချိန်ဘယ်နေရာမှာဖြစ်ဖြစ် ခင်ဗျားတို့ခေါင်းကို ကျုပ်လာဖြတ်မယ်”

“စိတ်ချပါ ဘိုးတော်လေး ကျမတို့ကြောင့် အပြစ်မဲ့တဲ့လူတယောက် နောက်ထပ်မထိခိုက်စေရဘူး ကျမတို့ကိုနစ်နာအောင်မလုပ်သရွေ့ပေါ့ ”

“ကောင်းပြီလေ ကိုယ့်လာတိုက်ခိုက်ရင်တော့ ကာကွယ်ရမယ်ဆိုတာကိုကျုပ်နားလည်ပါတယ် အမြဲတမ်းသည်းခံနေတာမျိုးလည်း ကျုပ်မလိုချင်ပါဘူး ကဲ ကဲ ကျုပ်တို့သွားပြီ သတိဝိရိယနဲ့နေကြပါ ”

ဘိုးတော်ပေ ထိုသို့သတိ‌ပေးစကားဆိုလိုက်သည့်အတွက် မောင်ကြွယ်တို့လေးယောက်မှာနားမလည်နိုင်ပဲဖြစ်ကာ ကြေးမှုံမှအမေးစကားဆိုလာလေသည်။

“ဘိုးတော်‌လေး ဘာဖြစ်လို့ကျမတို့ကို ခုလိုသတိပေးရတာလဲ ”

“ကျုပ် ဦးကြာညွန့်ကိုပညာတွေနှုတ်ပြီးပြီ သူက သာမာန်လူတယောက်ဖြစ်နေပြီ သူသာအောက်လမ်းပညာတွေတတ်နေဦးမယ်ဆိုရင် မယ်မှုံ ခုလိုလွယ်လွယ်နဲ့သတ်လို့ရမယ်မထင်နဲ့ နောက်တခု ငရဲရွာရဲ့အကြီးအကဲက ကျုပ်တို့‌ သူ့ကိုပညာနှုတ်တာကို သူတို့တွေလက်ခံလောက်တယ် အခုလိုသတ်လိုက်တယ်ဆိုတာသိရင်တော့ ခင်ဗျားတို့‌တွေရောကျုပ်တို့‌တွေပါမလွယ်လောက်ဘူး သိထားရမှာက ကျုပ်ဆရာတောင် ငရဲရွာကသူကြီးမ‌ပြောနဲ့ ရွာ‌စောင့်သုံးယောက်ကိုတောင်မနိုင်ဘူး ကျုပ်တို့ခင်ဗျားတို့ ပျားအုံကိုတုတ်နဲ့ထိုးမိပြီ ”

ဘိုးတော်ပေထိုသို့ပြောပြီး‌နောက် မောင်မောင်ကျော် နှင့်အတူ လျှိုထဲမှထွက်သွားလေသည်။ထိုအခါ‌ မောင်ကြွယ်သည် ခြေပြစ်လက်ပစ်ထိုင်ချလိုက်ပြီး

“ဘိုးတော်လေးတောင်မနိုင်ဘူးဆိုတော့ ‌ကျုပ်တို့တော့သွားပြီ ဆရာကြီးကြာညွန့်ကို သူတို့ကိုယ်တိုင်ထည့်ပေး လိုက်တာ သတ်ပစ်မယ်လို့တော့ သူတို့ထင်မှာမဟုတ်ဘူး”

စိတ်ပျက်လက်ပျက်ဖြစ်နေသည့်မောင်ကြွယ်‌ကြောင့် ဦးကြာညွန့်၏အသဲနှလုံးကိုကိုင်ထားသည့် မယ်မှုံမှာသူမ၏လက်ထဲမှသွေးသံရဲရဲနှင့် ဦးကြာညွန့်၏အသဲနှလုံးကိုကြည့်လိုက်ပြီး

“ငါမှားပြီ ငါမှားသွားပြီ အဲ့တာကြောင့် ဒီလူကြီးက ငါ့ကိုကြောက်လန့်နေတဲ့အကြည့်နဲ့ကြည့်နေတာကိုး ငါကြောင့် အကုန်ဒုက္ခရောက်ရတော့မယ် ”

“မယ်မှုံဖြစ်ပြီးမှတော့ ဘယ်တတ်နိုင်မှာလဲ ငါတို့အပြစ်ငါတို့ခံရမှာပဲ ဒါ‌ပေမဲ့ ဘိုးတော်လေးနှစ်‌ယောက် ဒီကိစ္စသူတို့နဲ့မဆိုင်‌‌ကြောင်းကို ငရဲရွာကလူ‌တွေသိအောင်ပြောပြရမယ် ”

ထို့နောက်သူတို့သည် ကြေးမှုံပြောသောစကားကိုထောက်ခံလိုက်ကြပြီးနောက် လျှိုထဲမှထွက်ခွါလာခဲ့ကြလေသည်။ဦးကြာညွန့်၏အလောင်းသည်ကား စမ်းချောင်းနံဘေးတွင်ရုပ်ပျက်ဆင်းပျက်ဖြင့်ကျန်ရစ်ခဲ့လေသည်။အချိန်အတော်ကြာသောအခါ တောင်ဝှေးဖြင့်မြေပြင်ကို‌‌ထောက်၍လမ်းလျှေက်လာ‌သော ရသေ့ကြီးသည် ဦးကြာညွန့်၏အလောင်းအနီးသို့ရောက်လာပြီး နောက် အလောင်းကို‌သေချာကြည့်လိုက်ပြီး စိတ်ပျက်စွာဖြင့်ခေါင်းကိုခါယမ်းလိုက်ကာ သူ၏တောင်ဝှေးဖြင့် အလောင်းအားထိလိုက်သည်။‌တောင်ဝှေးနှင့် အလောင်းထိလိုက်သည်နှင့်ပင် အလောင်းမှာ တမဟုတ်ချင်းပြာကျသွားလေသည်။ထို့နောက် ရသေ့ကြီးသည် ပြာများကိုကောက်ယူပြီး သူလွယ်ထားသည့်လွယ်အိတ်ကြီးထဲမှ သေးငယ်သည့်အိုးလေးတလုံးထဲထည့်လိုက်ကာ ထိုနေရာမှ ထွက်ခွာသွားပါလေတော့သည် ။

◾‌ဘိုးတော်ပေနှင့် ငရဲရွာသည်ကား ဤမျှသာ။မကြာမီ ဘိုးတော်ပေနှင့် အပြစ်ဒဏ်အမည်ရဇာတ်လမ်းလေးအားတင်ဆက်ပေးပါမည် ။

◾ကျနော်တို့ရဲ့ page လေးကို LIKE & FOLLOW လေးလုပ်ပေးကြပါဦး ခင်ဗျ။

စာဖတ်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပါစေ နှလုံးစိတ်ဝန်းအေးချမ်းကြပါစေ ရန်သူမျိုးငါးပါ‌ေဘးမှ ကင်းဝေးကြပါစေ

📝မောင်တင်ဆန်း

#mgtinsan

#mgtinsannovels

#မောင်တင်ဆန်း

#ဝတ္ထုတိုများ

#ဇတ်လမ်းများ

#ဂမ္ဘီရဆန်းကြယ်

#ပရလောကဝတ္ထုများ

#ပရလောကဇတ်လမ်းများ

#ဘိုးတော်ပေ

#ဦးဖိုးဝေ

#အောက်လမ်းဘိုးထင်

#သူရိယ

#စိတ်စေရာ