ကျွန်းစဉ်မြေစောခက်
(၁)
ညပေမဲ့ လသာညမို့ ပင်လယ်ပြင်ကြီး လင်းထိန်နေတယ်။
ကိုဘဇံတို့ ပိုက်လှေဟာ နောင်တော်ကြီးကျွန်းနဲ့ နောင်တော်လေးကျွန်းတွေကို ကျောပေးပြီး ပင်လယ်ပြင်ထဲသို့ ဦးတည်သွားနေတယ်။ လေငြိမ်ချိန်ဖြစ်နေတော့လည်း ခတ်တက်ကိုပဲ အားကိုးကြရတာပေါ့နော်။
ကျော်ခေါင်နဲ့ ထွန်းလှတို့ ခတ်တက်နှစ်ချောင်းကို နောက်သို့ ပြိုင်တူလှန်ပြီး ဆွဲလိုက်တိုင်း ခတ်တက်ကွင်း ကြိမ်နွယ်က တကျွီကျွီ မြည်သံပေးတယ်။ လှည်းအီသံနဲ့လည်း တူရဲ့။
တစ်ချီပြီး တစ်ချီ တက်ချက်ပေါင်းများစွာ ဆွဲခတ် အားကြောင့် ၆ လံအရှည် ပိုက်လှေမှာ မြစ်ပြင်ကျယ်ထဲ ပြေးအားကောင်းနေပေတော့တယ်။
ပဲ့ကိုင် ကိုဘဇံဟာ လှေပဲ့စင်က မတ်တတ်ရပ်ပြီး မြီးတံရှည် တက်မရိုးကြီးကို မြစ်ရေပြင်ထဲသို့ နှစ်လှော်ပေးလိုက်ရာ လှေမှာ ပိုပြီး ပြေးအား သန်သွားတယ်။
“ကဲ … ယောက်ျားဘသား နင်လား ငါလား”
ကိုဘဇံက ပဲ့ဖျားကနေ အသံမြှင့်ပြီး အားဖြည့်သံ ပေးလိုက်တယ်။
ကျော်ခေါင်နှင့် ထွန်းလှတို့လည်း ပိုပြီးအားတက်သွားကြကာ ခတ်တက်ကို ပုံမှန်ထက် အားဖြည့်ပြီး ဆွဲခတ်လိုက်ကြတယ်။
“မလေးမောင် ထောင်ဆွဲ”
ပဲ့ကိုင်ကြီးက အားရပါးရ ဆွဲခတ်ကြဟု ညာသံပေးအော်လိုက်ပြန်ပြီ။
“ဖေ့သားကြီး … ရုန်းလိုက်စမ်းဟ”
ပဲ့ကိုင်ကြီးရဲ့အားပေးသံ တက်ခတ်သားတွေရဲ့ တက်ခတ်သံတွေနဲ့ ပိုက်လှေကလေးမှာ လှိုင်းအိကလေးတွေကို ကျော်နင်းကာ ပြေးမြဲ ပြေးနေတယ်။ တံခါးရိုးတောင်တန်းကြီးရဲ့ရင်ခွင် ဝက်ရေမြစ်ပြင်ကျယ်ကြီးထဲမှာတော့ စက်လှေ ရွက်လှေတွေဟာ ဆန္ဒကိုယ်စီနဲ့ ဟိုမှ သည်မှ ပြေးလွှားနေကြတယ်။ လောဘနဲ့စခဲ့တဲ့ ဘဝတွေမို့ ဒုက္ခသစ္စာမြေတလင်းမှာ စစ်ခင်းရင်း စီးချင်းထိုးနေကြခြင်းပဲပေါ့လေ။
“ကဲ ရပ်ကြတော့ … တောင်လုံးကျော်ကျောက် ရောက်ပြီဟေ့”
ကျော်ခေါင် ပိုက်လက်ဖျားကျောက်ဆူးကို ပစ်ချလိုက်တယ်။ ပြီးတာနဲ့ ကျောက်ဆူး ကိုက် မကိုက် ကျောက်ကြိုးကိုကိုင်ရင်း တဆဆ လုပ်ကြည့်လိုက် တယ်။
“ရပြီ … ပိုက်ချတော့”
ကျောက်ကိုက်နေတာ တွေ့တာနဲ့ ပဲ့ကိုင် ကိုဘဇံ မှတ်ချက်ပေးလိုက်တယ်။
“ဖြန်း… ဖြန်း… ဖြန်း”
ကျော်ခေါင် ပိုက်ကို ပစ်ချလိုက်တာနဲ့ ထွန်းလှ ခတ်တက်ကို ဆွဲခတ်လိုက်ရာ လှေအသွားနှုန်းဟာ ပိုက်ကို ဆွဲဆန့်နေပြီကောလေ။
၅ လက်မကွက် ကြာဇံပိုက်ဟာ ပေါ့ပါးပြီး ရေပြတ်တာကြောင့် ပိုက်သမားတွေ အသုံးများကြတယ်။ ပိုက်အောက်စ ပိုကြိုးမှာ ခဲတွဲထားပြီး အပေါ် ပိုကြိုးမှာတော့ ဆုံခါးဖော့သီးလေးတွေနဲ့ ပိုက်အထက်စကို ရေပေါ်မှာ ပေါ် စေတယ်။
ပဲ့ကိုင်က ပိုက်လမ်းကြောင်းဖြောင့်ပေး၊ ပိုက်ချသားက ပိုက်ကို ပစ်ချ၊ တက်ခတ်သားက ပိုက်ကိုဆွဲဆန့်နဲ့ တစ်နာရီနီးနီးခန့် အကြာလောက်မှာ ပိုက်ဆုံးသွားတာနဲ့ လက်ရင်းကျောက်ဆူးကို ပစ်ချလိုက်ပြီး ပိုက်တစ်တန်း ချပြီးသား ဖြစ်သွားပါတော့တယ်။
ကိုဘဇံတို့တွေ ကျောက်ပုစွန် ထောင်ဖမ်းနေကြခြင်းပဲ ဖြစ်တယ်။ ကျောက်ပုစွန်တွေဟာ ရေအောက် ကျောက်ပုံကျောက်တန်း ကျောက်ကြိုကျောက်ကြားတွေမှာ ခိုအောင်းကျက်စားလေ့ ရှိတတ်ကြတယ်။ ကျောက်ပုစွန်ဖမ်းရင်း ငါးတောက်တူ၊ ငါးပါးနီ၊ ငါးဆပ်ဖာ(ကသမြင်)တို့လို ကျောက်ခိုငါးတွေလည်း ရတတ်ကြတယ်။
“သူများတွေတော့ စက်လှေတွေ ကွန်ပရက်ဆာတွေနဲ့ တိုးတက်နေကြပြီ။ တို့ဘဝကတော့ဗျာ တက်ခတ်တဲ့ဘဝကနေ ဘယ်တော့များ ကျွတ်မလဲ မသိဘူးနော်”
“ဘဝဆိုတာ ပုံသေပြောလို့ မရဘူးဟ။ ရေအလုပ်ဆိုတာ အခြေအနေပေးရင် တို့ တက်ခတ်သမားလည်း စက်လှေသမားတွေထက် ရရင် ရတတ်ကြတာလေ။ ခွင်ကောင်းတွေ့ဖို့ပဲ လိုတာ”
ထွန်းလှရဲ့ အားလျော့သံကို ပိုက်ခေါင်းဆောင် ကိုဘဇံက ဘဝမာန်သွင်းပေးလိုက်တယ်။
လောကမီးအိမ်လရောင်အောက်မှာတော့ ကျွန်းတောင် ကျွန်းတန်းတွေဟာ မြစ်ပြင်ကျယ်ထဲ မှိုင်းပျပျ ရီဝေဝေ။ သည်ကျွန်း သည်တောင် သဘာဝတရားတွေဟာ ရေတံငါ ပင်လယ်ပျော်တွေကို စိတ်ဓာတ်စွမ်းအင်၊ ဘဝစွမ်းအင်ကို ဖြည့်ဆည်းပေးနေဘိသို့ ရှိချေရဲ့။
“ပိုက်တစ်တန်းလောက် ဆွဲကြည့်လိုက်ရအောင်ဟေ့”
ပိုက်ချပြီး ၂ နာရီသာသာခန့်အကြာမှာ ကိုဘဇံက ပဲ့စင်ကနေ မတ်တတ်ရပ်ရင်း တက်မရိုးကြီးကို ကိုင်လျက် ပြောလိုက်တယ်ဆိုရင်ပဲ ကျော်ခေါင်နှင့် ထွန်းလှတို့နှစ်ယောက် ပိုက်ကို ဆွဲဖော်လိုက်ကြတယ်။
“ခပ်သွက်သွက်ဆွဲရမှာဟေ့။ တို့က ဒီကျောက်တန်းတစ်တန်းတည်း ချရုံနဲ့ ရွာမပြန်နိုင်ဘူး။ တစ်ညမှာရေအောက်ကျောက်တန်း လေးတန်းလောက်တော့ ရောက်ဖို့လိုတာနော်”
“ရပါတယ် ကိုကြီးဘဇံရေ။ ကြာဇံပိုက် ၅လက်မကွင်းကလေးလောက်များ လက်ထဲပါတယ်တောင် မထင်ပါဘူး။ ပသျှူးပိုက်ကြီးတွေ ဆွဲလာတဲ့လက်တွေဗျ”
“အေးပါ … လုပ်မှာသာ လုပ်စမ်းပါ ထွန်းလှရာ”
ပိုက်မှာ ရေထဲက တဖျပ်ဖျပ်နဲ့ ပေါ်လာရင်း ပိုက် ကပ်စင်ပေါ်တွင် ပုံလာတယ်။
“ဟေ့ကောင် ကျော်ခေါင်၊ ပါလာပြီ … ပါလာပြီ … တွေ့လား”
“တွေ့တယ်”
“ဘီလူးကြီးဟ”
“ဟေ့ကောင် … သောက်စကားကလဲ များတယ်ကွာ”
“အသေအချာကိုင်နော်။ ခြေတွေ လက်တွေ မနာစေနဲ့”
ကျော်ခေါင် ဘီလူးကောင်ကို အသေအချာ ဖြုတ်ယူပြီး ရေငန် (အကြည်) ထည့်ထားတဲ့ ဖော့ပုံးထဲ အသာကလေး ထည့်ထားလိုက်တယ်။ ကျောက်ပုစွန်ကြီးကတော့ ပုံးထဲမှာ ပတ်ချာလည် ပြေးနေပြီ။
အချို့ ကျောက်ပုစွန်တွေမှာ ဇာတ်ကတုန်း ဇာတ်စင်ပေါ်မှာ မြင်ရတဲ့ ဘီလူးရုပ်လို တစ်ကိုယ်လုံး အပြောက်အမွှမ်းတွေနဲ့ ကျားကျားလျားလျားကြီး ရှိတတ်ကြတယ်။ သည်လို ပုစွန်ကောင်တွေကို ခေတ်ကာလ ရေလုပ်သားတွေကတော့ ခေတ်အခေါ်နဲ့ပဲ ဘီလူးလို့ ခေါ်ကြသဗျ။
ရောင်စုံအကွက်အဆန်းတွေနဲ့ ပြည့်လွှမ်းနေတဲ့ အကောင်မျိုးကိုတော့ ကာလာဘီလူးလို့ ခေါ်ကြပြန်သတဲ့လေ။
ကျောက်ပုစွန်တွေရဲ့ ဖြစ်တည်မှုထဲမှာ ရိုးရိုးပုစွန်ဆိုတာ ရှိတယ်။ ဒီကောင်တွေကတော့ ၁ ကီလိုကို ၅ သောင်းကျော်တယ်။
ဘီလူးဆိုတဲ့ အကောင်မျိုးကတော့ ဘီလူးလိုပဲ အရုပ်တွေက ကျားကျားကြီးပဲ။ ဘီလူးကတော့ သူ့ အမည်နဲ့ လိုက်ဖက်အောင်ပဲ ရန်လိုတယ်။ သူ့ကို ထိမိရင် ပြန်လည်တိုက်ခိုက်တတ်တယ်။
နောက်တစ်မျိုးကတော့ အစိမ်းတဲ့ခင်ဗျ။ အစိမ်းရောင်လေးပဲ။ ဒီကောင်တွေက ကြည့်ကောင်းတဲ့အပြင် နွဲ့နှောင်းညင်သာမှုလေး ရှိသလို လက်တံကလဲရှည်တာမို့ ရွှေမင်းသမီးလို့ ခေါ်ကြတယ်ဆိုပဲ။
ပင့်ကူဆိုတာလည်း ရှိသေးတယ်တဲ့။ ပင့်ကူကတော့ အနီအောက်ခံကာလာမှ အဖြူစက်ကလေးတွေနဲ့ ပန်းချီဆေးခြယ်ထားသလိုပဲတဲ့လေ။ အရောင်မျိုးစုံ ၇ မျိုးပါတာကိုတော့ ဆဲဗင်းကာလာလို့ ခေါ်ကြပြီး ၁ ကီလိုဈေးက တစ်သိန်းတောင် ကျော်တယ်ဆိုပါရော့လား။ ကာလာ ဘီလူးကြီးပေါ့နော်။
ဒါကြောင့်မို့လို့ ပင်လယ်ကမ်းခြေနေ ကျွန်းစဉ်သားတွေ သက်စွန့်ဆံဖျား ရှာဖွေနေကြတာကလား။
(၂)
ကောင်ဘာမီယာ (Kaungbarmia) ပင်လယ်ပြင် အောက်ကြမ်းခင်းပြင်မှာရှိတဲ့ နဂါးမောက်ကျောက်တန်းရဲ့တွန်းအားကြောင့် ရေပြင်တစ်ဝိုက် ဝဲကတော့ထိုးပြီး လှိုင်းဂယက်တွေ ပွက်ပွက်ထနေတယ်။
“ကဲ … စံကျော်နဲ့ ကျော်လှ၊ မင်းတို့နှစ်ယောက် ရေအောက်ဆင်းမယ်ဟေ့။ အဆင်သင့်လုပ်၊ မျက်နှာဖုံးစွပ်မယ်”
“တင်မောင်ရယ်၊ ထွန်းဦးရယ်က စက်လှေပေါ်နေမယ်။ ကိုယ့်တာဝန် ကိုယ်ကျေပစေ။ ကွန်ပရက်ဆာအဆင်သင့်လုပ်ထားကြ”
စက်လှေရဲ့အကြီးအကဲ ထွန်းသာက လုပ်ငန်းအတွက် လိုအပ်ချက်တွေကို အစီအစဉ်ဆွဲပြီး ပြောပြလိုက်တယ်။
စံကျော်နှင့် ကျော်လှတို့ နှစ်ယောက်စလုံး မျက်နှာဖုံးကို ပြိုင်တူစွပ်လိုက်ကြတယ်။ အဲဒီနောက် အသက်ရှူပိုက်တပ်ပြီးတာနဲ့ ရေအောက်သို့ ချက်ချင်း ငုပ်ဆင်းလိုက်ကြတော့တယ်။ ပုစွန်ထည့်မဲ့အိတ်ကအစ ဝန်စည်စလွယ်တွေ လည်းပါရဲ့။
တင်မောင်နှင့် ထွန်းဦးတို့ကတော့ စက်လှေပေါ်ကနေ အဆင်သင့် စောင့်နေလိုက်ကြတယ်။ ဟိုလူနှစ်ယောက်မောရင် သူတို့နှစ်ယောက် တစ်လှည့်ဆင်းကြမယ်ပေါ့။
ရေငုပ်သမားနှစ်ယောက် ကျောက်ဆူးကြိုးနှစ်ပင်ကနေ ရေအောက်ကြမ်းခင်းပြင်ထိရောက်အောင် ငုပ်ဆင်းသွားကြတယ်။ သူတို့တွေ ရေအောက် ကျောက်ပုံ ကျောက်တန်းတွေကြားက ရေနေသတ္တဝါတွေလိုပဲ သွားလာလှုပ်ရှားလိုက်ကြတယ်။
ရေငုပ်တဲ့အလုပ်ဟာ လွန်စွာအန္တရာယ်ရှိကြောင်း ရေတံငါတွေ သိကြတယ်။ ဒါပေသိ မိသားစု ဘဝရှင်သန်ရေးဆိုတဲ့ လူတန်းစားအသိက ရေလုပ်သားတွေရဲ့ဘဝကို ခေါင်းလောင်းသံပေးနေတယ်။
ရေငုပ် သမားနှစ်ယောက်မှာ ရေငုပ်မျက်မှန်ကြီးနဲ့ ကျောက်ပုံကြီးဝန်းကျင်အနှံ့ လိုက်ကြည့်လိုက်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာစီပေါ့လေ။
“ဟာ … နည်းတဲ့ ကသမြင်ကောင်ကြီး မဟုတ်ဘူး”
ငါးကြီးဟာ ဘေးမဲ့ဇုန်ထဲရောက်နေပြီလို့ ခံယူထားပုံရတယ်။ ကျောက်ပုံကို ခေါင်းတိုက်ပြီး အမြီးကလေးကို တဖျပ်ဖျပ် လှုပ်ခတ်နေတယ်။ ဒီရေအငြိမ်မှာ ဇိမ်ခံနေတယ်လို့ ခေါ်ကြသပေါ့။
စံကျော် ငါးထိုးမှိန်းကို ဆွဲထုတ်ပြီး ပါးဟက်ကလေးအဖွင့်မှာ လက်ယာလက်နဲ့ချိန်ပြီး စွပ်ခနဲ ထိုးသွင်းလိုက်တယ်။ မှိန်းထိုးခံ ငါးကြီးမှာ ဖျပ်ဖျပ်လူး လှုပ်ရှားကာ ဒုက္ခဘေးက လွတ်မြောက်ရေးအတွက် အင်အားရှိသမျှ ရုန်းကန်တော့တယ်။
စံကျော်ကလည်း လွတ်မသွားရေးအတွက် အားထည့်လျက် ထိုးမြဲထိုးသွင်းထားတယ်။ ဆန့်ကျင်ဘက် ရုန်းကန်မှုနှစ်ခုရဲ့ အားပြိုင်မှုက ရေအောက်ထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြတယ်။
စံကျော် စက်လှေပေါ်သို့ အချက်ပြကြိုးကို ဆွဲလှုပ်လိုက်တယ်။ တင်မောင် လှေပေါ် ကနေ ကြိုးကို ခပ်သွက်သွက် ဆွဲယူလိုက်တယ်။ ကသမြင် ငါးကြီးက စံကျော့်မှိန်းချက်နဲ့ တန်းလန်းကြီးပါလာတယ်။
တင်မောင်ရော ထွန်းဦးပါ စံကျော်ကို စက်လှေပေါ်သို့ ဆွဲတင်လိုက်ကြတယ်။ ကသမြင်ငါးမှာ စက်လှေပေါ်ရောက်ပေမဲ့ နောက်ဆုံးထွက်သက်ထိ ရုန်းကန်နေဆဲပါပဲလား။ ငါးကြီးကတော့ ၁ဝ ပိဿာဝန်းကျင်လောက်တောင် စီးလိမ့်မလားမသိဘူး။
ခု အခြေအနေမှာ ငါးအသားထက် ငါးစည်ဖောင်းက ပိုပြီး တန်ဖိုးကြီးသလိုဖြစ်နေတယ်။ ငါးစည်ဖောင်းမှာလည်း ဒီလိုဆပ်ဖာ (ကသမြင်) ငါးမျိုးဆို ဈေးပိုမြင့်တယ်။ ကျောက်ပုစွန်ပိုက်သမားတွေမှာ တစ်ချက်ခုတ် နှစ်ချက် ပြတ်ပေါ့လေ။
စံကျော်ဟာ ထွန်းဦးဘက်ကို လှည့်ကြည့်လိုက်တယ်။ ပုံးထဲမှာ ကျောက်ပုစွန်တွေ တော်တော်ရထားတာ တွေ့လိုက်ရတယ်။
“ထွန်းဦးရေ … မင်းတို့လူတွေ တယ်ဟုတ်ပါလားဟေ့”
“ဟုတ်တာပေါ့ကွ… ဘာမှမကြာဘူး၊ ဘီလူး ၉ ကောင် ရထားပြီလေ”
ရေအောက်ကြမ်းခင်းပြင် ကျောက်ပုံနဲ့ ကျောက်ကြိုကျောက်ကြားတွေမှာ ကျောက်ပုစွန်ကိုတွေ့ရင် အရှင်ရအောင် မနာမကျင်စေဘဲ နည်းစနစ်ကျကျ ပုစွန်ကောင်ရဲ့ကျောကို လက်နဲ့ ညင်ညင်သာသာ အုပ်ဖမ်းရတယ်။ ဖမ်းမိခဲ့ရင်လည်း ခြေလက်တွေ မကျိုးသွားအောင် သတိထားကိုင်တွယ်ပြီး ဘေးလွယ် နိုင်လွန်အိတ်ကလေးထဲ ထည့်လိုက်ရတယ်။ ပုစွန်အိတ်ထဲမှာ အတန်အသင့်ဖမ်းမိရင် စက်လှေပေါ်သို့ အချက်ပြပြီး ဆွဲတင်ခိုင်းရတယ်။
စက်လှေပေါ် ရောက်လာတာနဲ့ ရေငန်ပုံးထဲ ထည့်လိုက်ကြတယ်။ ရေနဲ့ လွှတ်မထားရင် ချက်ချင်း သေသွားနိုင်ပါတယ်။
ကျောက်ပုစွန်၊ ကင်းပုစွန်နှင့် ကဏန်းကောင်တွေဟာ သေသွားရင် ဘာမှ တန်ဖိုးမရှိတော့ဘူး။ စားလို့လည်း မကောင်း၊ အရသာလည်း မရှိတော့ပါဘူး။ အသားက မုန့်ဖတ်ပျော့ပျော့လေးလို ဖြစ်သွားပြီး အနံ့ဆိုးတွေတောင် ထွက်လာတတ်တယ်။
ကျောက်ပုစွန်နဲ့ ကဏန်းအသေကောင်တွေကိုစားရင် ဆိုးကျိုးဘက်သို့ပဲ ဦးတည်ပါတယ်။
(၃)
ကျောက်ပုစွန်သမားတွေ ဆိပ်ကမ်းကို ဝင်ချိန်မျိုးမှာဆိုရင် ငပသုန်ရွာ မြစ်ကမ်းခြေက ကိုလှရွှေဒိုင်မှာ စည်ကားနေတတ်တယ်။
ဘယ်သူက ဘယ် လောက်ရခဲ့တယ်၊ ဘယ်နေရာအထိ ရောက်ခဲ့တယ်၊ မှိန်းထိုးငါးတွေလည်း ရလာတယ်၊ ဘယ်သူက ဘာပြဿနာနဲ့ တိုးလာတယ်၊ ဘယ်သူတို့ ဘယ်ဝါတို့ စသည်ဖြင့် ဆူညံနေတတ်ကြတာဟာ စရိုက်သဘာဝလို့ပဲ ဆိုရပေမလားပဲ။
အိမ်သူဆွေ မောင့်သက်ထားတို့ကလည်း ကိုယ့်ရဲ့ ကိုရွှေလင်ယောက်ျားမှာ ဘယ်လောက်ဖမ်းမိလာတယ်ဆိုတာ သိချင်ဇောနဲ့ မြစ်ပြင်ကျယ်ကိုမှန်းပြီး လွမ်းကြတယ်လို့ ဆိုရပေမလားပဲ။
မြစ်ကမ်းခြေ အုန်းပင်တန်းက အမျှော်စိုက်နေကြလေရဲ့။
“ကဲ ဒီနေ့တော့ ကိုထွန်းသာတို့က အမြန်ဆုံးပဲ။ ဘယ်လောက်တောင် သယ်လာခဲ့ကြသလဲ မသိဘူး”
မြစ်ဆိပ်က အပြုံးမြမြနဲ့ တက်လာတဲ့ ထွန်းသာကို ဒိုင်ရှင် ကိုလှရွေက ပဋိသန္ဓာရစကားနဲ့ ဆီးကြိုလိုက်တယ်။
“တို့အဖွဲ့ကတော့ ပြောမနေနဲ့ကွာ။ သွားလိုက်တိုင်း တန်းနေတာပဲ။ မှိန်းထိုးငါးရော ကျောက်ပုစွန်ရော အစုံပဲကွာ”
“ကိုထွန်းသာတို့က ဘယ်ထိအောင် ရောက်ခဲ့ကြတာလဲ”
“ဘယ်ထိအောင်ရောက်ခဲ့လိုဆို နာမည်ကြီးကျောက်တန်းတွေပေါ့ကွာ။ ပိန္နဲပင်ကျောက်၊ တောင်သွယ်ကျောက်၊ တွဲကျောက်၊ လူခေါင်းပုံကျောက် အစုံပါပဲကွာ”
“ရော့ ဦးလေးကြီး … ကော်ဖီသောက်ပါအုံး”
ဒိုင်အလုပ်သမားလေးတစ်ယောက်က ကော်ဖီတစ်ခွက်ဖျော်ပြီး လာချပေးတယ်။ ထွန်းသာ ကော်ဖီခွက်ကို ကောက်သောက်ပြီး ကျေးဇူးတင်တဲ့ သဘောဖြင့် ကွမ်းစားသွားကြီးတွေနဲ့ ရယ်ပြလိုက်တယ်။
“ဟော … ဟိုမှာ ငါ့လူတွေ လာနေကြပြီ”
စံကျော်နှင့် တင်မောင်က မှိန်းထိုးငါးတွေကို ပါးဟက်ကြားတွင်းသို့ ကြိုးသွင်းချည်ကာ တက်ရိုးနဲ့ထိုးသွင်းပြီး သယ်လာခဲ့ကြတယ်။ ကျော်လှနှင့် ထွန်းဦးတို့ကတော့ ကျောက်ပုစွန်ပုံးတွေ သယ်လာကြတယ်။
ဒိုင်အလုပ်သမားတွေက မှိန်းထိုးရလာကြတဲ့ ကသမြင်၊ ကကတစ်၊ ငါးပါးနီတွေကို ချိန်တွယ်ပြီး ရေခဲသေတ္တာထဲ ထည့်လိုက်ကြတယ်။
“ကဲ … ကျောက်ပုစွန် ကြည့်ရအောင်ဗျာ”
ဒိုင်ရှင်က စိတ်အဝင်စားဆုံးကိစ္စကို လမ်းခင်းပေးလိုက်တယ်။ ရေငုပ်သမားတွေ ရေငန်ပုံးထဲ အသင့်ထည့်ယူလာတဲ့ ကျောက်ပုစွန်တွေကို ပြလိုက်ကြတယ်။
“ရိုးရိုးပုစွန် ၁ဝ ကီလို၊ ဘီလူး ၈ ဒသမ ၈ ကီလို၊ ရွှေမင်းသမီး ၇ ဒသမ ၉ ကီလို၊ ပင့်ကူ ၃ ဒသမ ၅ ကီလို၊ ဆဲဗင်းကာလာ ၃ ဒသမ ၂ ကီလို”
ကုန်ချိန်အလုပ်သမားက အလေးချိန်အတိုင်း အော်ပေးနေတယ်။ ဒိုင်စာရေးကတော့ ခေါ်ပေးတဲ့အတိုင်း လိုက်မှတ်နေတာပေါ့။
ရိုးရိုးကျောက်ပုစွန် ဈေးဆိုရင် တစ်ကီလိုကို ၅ဝဝဝဝ ကျပ်၊ အကောင်ကြီးဆိုရင်တော့ ၈ဝဝဝဝ ကျပ်ထိ ဈေးရှိတယ်။
“ကိုထွန်းသာတို့ ငါးဖိုးတွေ ပေါင်းလိုက်ရင် ဘယ်ဆိုးလိမ့်မတုံးဗျာ”
“ကြိုးစားကြစမ်းပါ။ ရေလုပ်သားတွေ အကုန်လုံး ရစေချင်တယ်ဗျာ”
“ကိုလှရွှေရေ … ဒါကလည်း ရေအကဲအလဲ ကျောက်အနေအထားကို သိဖို့လိုတာကိုးဗျ”
“အဓိကကတော့ဗျာ သတ္တိရှိရှိနဲ့ လုပ်ငန်းကျွမ်းကျင်ဖို့ သိပ်အရေးကြီးတယ်”
“ဒါပေါ့ … ဒါပေါ့”
“ဟော … ဟိုမှာ ကိုဘဇံတို့ လှေသမားတွေ တက်လာကြပြီ”
ကိုလှရွှေစကားကြောင့် အုန်းပင်တန်းကြားက တက်လာကြတဲ့ ကိုဘဇံတို့ကို လှမ်းကြည့်လိုက်ကြတယ်။
“ဟာ … ငါးတွေလဲ အများကြီးပဲ။ ကျောက်ပုစွန်တွေကော ဘယ်လောက်တောင် သယ်လာကြသလဲ မသိဘူး”
“တို့က အကုသိုလ်နံ ထွန်းတဲ့ကောင်တွေဆိုတော့ နတ်လည်းလိုက်သပေါ့ကွာ။ တွေ့လား … ဟော့ဒီမှာ ၈ သောင်းတန် ဆဲဗင်းကာလာ သက်သက် ၆ ကောင်၊ ၅ သောင်းတန်ရော ၃ သောင်းတန်တွေရော ရှုပ်ယှက်ခတ်နေတာပဲဗျာ။ တစ်သိန်းကျော်တန်ကြီးတောင် ပါလာသဗျ”
ကိုဘဇံက အားရဝမ်းသာ ခပ်ကြွားကြွားလေး ပြောလိုက်တယ်။
“ဒါဆို ကိုဘဇံတို့အဖွဲ့က စက်လှေသမားတွေထက်တောင် ရလာကြတာပေါ့”
“ဟာ … ဟန်ကျသဗျာ။ စက်စရိတ် ဆီစရိတ် ဘာမှမလိုဘူး”
“မလိုဘူးလေ … တို့လုပ်ငန်းက ခွန်အားရှိရတယ်၊ သတ္တိရှိရတယ်၊ လုပ်ငန်းကျွမ်းကျင်ရတယ်၊ ဇွဲကောင်းရတယ်”
“ကိုဘဇံတို့ ဘယ်ကျောက်တန်းတွေတောင် ရောက်ခဲ့ကြလို့လဲ”
“စုံနေတာပဲကွာ။ တောင်လုံးကျော်ကျောက်၊ အလယ်ပင်ကျောက်၊ ရေခွဲကျောက်၊ တံခါးဝကျောက်၊ ဝံလက်မော်ကျောက်တွေပေါ့ကွာ”
“ဟာ … ခင်ဗျားတို့လဲ စက်လှေသမားတွေလို သွားနိုင်တာပဲနော်”
“တို့က သတ္တိရှင်တွေဗျ။ တို့လူတွေ ခတ်တက်ခတ်နိုင်သလားမမေးနဲ့။ ဟိုမှာ တွေ့တယ်မဟုတ်လား။ တို့လူတွေ ရင်ဘတ်ကြွက်သားတွေ မာကျစ်နေကြတာလေ။ ဒီခွန် ဒီအားတွေကြောင့် ဘီလူးကြီးတွေ မိအောင်ဖမ်းနိုင်တာပေါ့ကွာ”
ကိုဘဇံက သူ့လူတွေအတွက် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တယ်။ ငါးတွေ ပုစွန်တွေ ချိန်တွယ်ပြီးချိန်တွင်တော့ ကိုဘဇံတို့ တက်ခတ်လှေအဖွဲ့က စက်လှေသမားတွေထက် ပိုက်ဆံပိုရနေကြပါရော့လား။
“ဒါကြောင့် ပြောတာပေါ့ကွ။ သဘာဝတရားဆိုတာ ပုံသေပြောလို့ မရဘူး။ စက်လှေသမားထက်လည်းတို့က ပိုရချင် ရတာလေ။ ခု တွေ့ပြီမဟုတ်လား။ ဘီလူးကြီးတွေ အများကြီးပဲ။ ဘီလူးကြီးတွေကြားမှာ ရွှေမင်းသမီးတွေရော ပင့်ကူကောင်တွေကအစ အစုံပါပဲ”
ရေတံငါတွေရဲ့ ဘဝဖော်တွေကလည်း “ဒါမှ ငါ့လင် ကျွန်မလင်” လို့ ဂုဏ်ယူနေကြလေဟန်နဲ့ လင့်မျက်နှာလေး ကြည့်ပြီး ပြုံးတုံ့ပြုံးလှယ် ရှိကြရဲ့။
ပင်လယ်လေညင်းကလေးက အုန်းလက်တွေကို ညင်ညင်သာသာတို့ ခတ်ကျီစယ်ကစားရင်း ဂီတသံစဉ်လေး ပေးနေတယ်။
မြစ်ပြင်ကမ်းခြေ ရေလုပ်သားရွာကလေးကတော့ သာယာလှပါဘိတောင်း။
(၄)
မြစ်ရေပြင်ထဲက ဖမ်းမိလာတဲ့ ကျောက်ပုစွန်တွေကို ဆားငန်ရေကန်နဲ့ သန့်သန့်ကလေး မွေးရတယ်။ ရွှံ့အနည်အနှစ်တွေ ရှိနေလို့ မရပါဘူး။ ရေမသန့်ရင် ချက်ချင်း သေသွားနိုင်တယ်။
ရေငန်ကန်ကို တစ်နေ့တစ်ကန် ပုံမှန် ပြောင်းပေးရတယ်။ အောက်ဆီဂျင် အမြဲပေးရတယ်။
ကျောက်ပုစွန်လုပ်ငန်းက စည်းကြီးတဲ့လုပ်ငန်းမို့လို့ အချိန်နဲ့တစ်ပြေးညီ လုပ်ကြရတယ်။ လေဆိပ်ရှိတဲ့ မြို့ကတစ်ဆင့် ရန်ကုန်သို့ ပို့ကြရတယ်။
ရန်ကုန်ကို ပို့မယ်ဆိုရင်တော့ လေယာဉ်ဆိုက်ချိန်နဲ့ ချိန်ကိုက်ဖြစ်အောင် ကြိုတင်စီစဉ်ထားကြရတယ်။ လေယာဉ်ပေါ်တင်မဲ့ ကျောက်ပုစွန်တွေကို သင့်တင့်တဲ့ အပူချိန်လေးပေးပြီး သတင်းစာစက္ကူနဲ့ စနစ်တကျ ထုပ်ရတယ်။
လေယာဉ်ဆိုက်တာနဲ့ ကျောက်ပုစွန်ကို ဦးစားပေးပြီး ချက်ချင်းတင်ရတယ်။ ရန်ကုန်ရောက်လို့ လေယာဉ်ပြန်ဆင်းရင်လည်း ကျောက်ပုစွန်တွေကို ဦးစား ပေး ချယူပြီး အသင့်လုပ်ထားတဲ့ ကျောက်ပုစွန်ကန်တွေမှာ လွှတ်ပေးလိုက်ကြရတယ်။ အောက်ဆီဂျင်ကိုလည်း ချက်ချင်းပြန်ပေးရတယ်။
ရန်ကုန်အနီးမှာရှိကြတဲ့ ဒီရေရောက် မြစ်ရေဟာ မသန့်ရှင်း မကြည်လင်တာမို့ ကျောက်ပုစွန်ကန်တွေမှာသုံးလို့ အဆင်မပြေနိုင်ပါဘူး။
ဒါကြောင့် ကျောက်ပုစွန်လုပ်ငန်း လုပ်သူတွေဟာ ပင်လယ်ရေ ရေကြည်ရေသန့် ရစေရေးအတွက် စက်လှေနဲ့ ပင်လယ်ဝသို့ထွက်ပြီး ပင်လယ်ရေသန့်သန့်ကို သယ်ယူပြီး အသုံးပြုကြရတယ်။
ငွေအရင်းအနှီးများကြီး အလွန်စည်းကြီးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဈေးကွက်ဝင်ပစ္စည်းဖြစ်လို့ ငွေရင်းနှီးမှုများများနဲ့ လုပ်ကိုင်နိုင်သူတွေ စီးပွားဖြစ်ကြတယ်။
မြန်မာ့ပင်လယ်ပြင် ကမ်းရိုးတန်းထွက် ကျောက်ပုစွန်တွေဟာ ဈေးအကြီးဆုံးသော ပင်လယ်စာပဲ ဖြစ်ပါတယ်။
– ပြီး –
စာရေးသူ – ကျွန်းစဥ်မြေစောခက်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized