August 29, 2025

ဘီလူးအော်သံ

ဘီလူးအော်သံ (စ/ဆုံး)
မူရင်းရေးသားသူ – ဆရာတာတေ

တောင်ကန့်လန့် ဆိုတဲ့ရွာက ကျုပ်တို့ထနောင်းကုန်းနဲ့တော့
အတော်လေး ဝေးသဗျ။ အဲဒီတုန်းက ကျုပ်က မြို့မှာ
ကျောင်းတက်တုန်းလေဗျာ။ ကျုပ်ကိုးတန်းတက်နေတဲ့နှစ်ပေါ့။
ကျုပ်မှတ်မိတယ်။ တန်ဆောင်တိုင် ကျောင်းပိတ်
ရက်ဗျ။ တောင်ကန့်လန့်မှာနေတဲ့ ကျုပ်သူငယ်ချင်း
စိန်ကျော် ခေါ်လို့ ကျုပ် လိုက်သွားတာဗျို့။
စိန်ကျော်က ကျုပ်ကို လွှတ်ခင်တဲ့အကောင်ဗျ။
လူက အသားဖြူဖြူ ပိန်ပိန်ပါးပါး စကားပြောရင်တော့
လျှာလေးအာလေးနဲ့ဗျ။ စိန်ကျော်တို့ရွာက
အတော်လေးဝေးသဗျ။
ကားတစ်တန်၊လှည်းတစ်တန် သွားရတာ။
ဒီကောင်တွေရွာက ရိုးမနဲ့ တော်တော်လေးနီးတယ်။
သူတို့ရွာရဲ့ အနောက်ဘက် နှစ်မိုင်လောက်မှာ
တောင်ရိုးကြီးနဲ့ ဆိုရင်တော့ ကန့်လန့်ကြီးဖြစ်နေတာပေါ့ဗျာ။
အဲဒီတောင်ကြီးကို အစွဲပြုပြီး
စိန်ကျော်တို့ရွာကို တောင်ကန့်လန့်ရွာလို့ခေါ်ကြတာဗျ။
ကျုပ်ရောက်သွားတဲ့ ရက်က အအေးဓါတ်ကလေး
စပြီးလွှမ်းနေတဲ့အချိန်ဗျ။
နိုင်ငံခြားတိုင်းပြည်တွေမှာတော့ အော်တန်လို့ခေါ်တဲ့
ဆောင်းဦးပေါက်ရာသီပေါ့ဗျာ။
စိန်ကျော်တို့ရွာကို ကျုပ်ရောက်တဲ့ညမှာပဲ ရွာထဲက ကာလသားပေါက်စတွေရောက်လာကြတာဗျို့။
တောင်ကန့်လန့်သားတွေက လွှတ်ဧည့်ဝတ်ကျေတာဗျ။
အိမ်တစ်အိမ်များ ဧည့်သည်ရောက်ရင် ကျန်တဲ့
အိမ်တွေကလာပြီး ဧည့်ဝတ်ပြုကြတာဗျ။
စိန်ကျော်တို့အိမ်က ဝိုင်းကြီးကလည်းကျယ်၊အိမ်ကြီးကလည်း
ဆိုတော့ အောက်ထပ်မှာ ကျုပ်တို့ ကလေးသာသာ
လူပျိုပေါက်တွေစုပြီး ဝိုင်းဖွဲ့နေကြတာပေါ့ဗျာ။
စိန်ကျော်တို့မိဘတွေကလည်း လက်ဖက်သုတ်၊
အမဲခြောက်ဖုတ်၊ ဆတ်သားခြောက်ဖုတ်တွေနဲ့
ဧည့်ခံတာပေါ့ဗျာ၊ ကျုပ်တို့လူစုလည်း စားလိုက်
သောက်လိုက် စကားတွေပြောလိုက်နဲ့ အရှိန်
ရလာကြတာပေါ့ဗျာ။ ပြောရင်း ပြောရင်းနဲ့
တစ္ဆေအကြောင်း သရဲအကြောင်းတွေ
ရောက်လာရောဗျို့။ ဒီမှာတင်ပဲ အောင်ကွန့်
ဆိုတဲ့ အကောင်က ပြောတာဗျ။
“နေကြဦးကွ၊ မင်းတို့ သရဲအကြောင်းတွေပြောတော့
ငါသတိရသွားတာပေါ့။ ဟိုတလောက ငါ သစ်တံခါးရွာ
ကနေ ပြန်လာတာ မိုးချုပ်သွားတယ်ကွ”
“ဟေ…မင်းက သစ်တံခါးမှာ မိုးချုပ်အောင်
နေရလား အောင်ကွန့်ရဲ့”
“ဒီလိုကွ၊ အဘက အကြွေးတောင်းဖို့ ငါ့ကို
လွှတ်တာဟေ့၊ ဟိုရောက်တော့ အဲဒီလူက
မြို့ကို နှမ်းရောင်းသွားလို့ ငါမှာစောင့်နေရတာကွ၊
ဒီလူ ပြန်လာတာကိုက နောက်ကျနေတော့
ငါလည်း ရွာအပြန် နောက်ကျတော့တာပေါ့ကွာ”
“မင်းပြန်တဲ့လမ်းမှာ ဘီလူးဂူရှိတယ်ဆိုတာ
မင်း မသိရလို့လား”
တောင်ကန့်လန့်က စိန်ကျော်ကို သူ့သူငယ်ချင်း
ခွေးညိုဆိုတဲ့ကောင်က မေးတာဗျ။
“ခွေးညိုရာ သတိမရဘဲတော့ ရှိမလားကွ၊
ဒါပေမဲ့ နောက်တစ်ခေါက် မလာချင်တာနဲ့
ကိစ္စပြီးအောင် စောင့်ယူနေကြတာကိုးကွ”
“ဟိုတလောကဆိုတော့ မိုးတွင်းကြီးလား အောင်ကွန့်”
ဂျပုဆိုတဲ့ ကောင်က ဝင်မေးပြန်ရောဗျ။
“အေးလေ၊ မိုးတွင်းမှ အဲဒီညက ကောင်းကင်
တစ်ခုလုံးပဲ မှောင်နေတာကွ၊ ကောင်းကင်မှောင်တော့
မြေပြင်ပါ မှောင်နေတာပေါ့ကွာ၊ လျှပ်စီးတွေလည်း
တဝင်းဝင်းနဲ့ လက်လို့ကွ”
“မင်းကွာ နောက်တစ်နေ့မနက်မှပြန်ခဲ့ရင် ပြီးတဲ့ဟာ၊
မစွန့်စားသင့်တာကိုကွာ၊ ကဲ ပြောပါဦး ဘာတွေ
ဖြစ်ခဲ့တုံး”
“ဘာမှတော့ မဖြစ်ဘူးကွ၊ ဒါပေမဲ့ ကြားတော့
ကြားခဲ့တယ်”
“ဟေ…ဘယ်လိုကြားခဲ့တာတုံးကွ”
“ဒီလိုကွ ငကျော်ရဲ့၊ တောင်ကန့်လန့်ကြီးကို
ကျော်လာလို့ တော်တော်ကလေးရောက်လာတော့မှ
ကြားတာကွ”
“အေး …ဘယ်လိုကြားတာတုံးကွ၊ အောင်ကွန့်ရဲ့၊
ရှင်းရှင်းလင်းလင်း ပြောစမ်းပါဟ”
“အေးကွာ ဘယ်လိုပြောရမှန်းတောင် မသိဘူး၊
အသံကြီးကွာ ကြောက်စရာကြီးကွ၊
တောင်ကန့်လန့်ကြီးကနေ ထွက်လာတာကွ၊
‘ဝူး…ဝူး…အီး…အီး…ဝူး…အီး…ဝူး…’ဆိုတဲ့ အသံကြီးကွ၊
ဝမ်းခေါင်းသံကြီးကွ၊ တော်တော်ကြီးတဲ့ သတ္တဝါကြီး
တစ်ကောင်ရဲ့ အသံမှန်းတော့ ငါသိတယ်ကွ”
“တိရစ္ဆာန်တစ်ကောင်ရဲ့ အသံများလားကွာ”
မျက်လုံးစွေစောင်းစောင်းနဲ့ လန်ဘားလို့ခေါ်တဲ့
ကောင်က မေးတာဗျ။
“မဟုတ်ဘူး လန်ဘား၊ ငါကြားခဲ့တာ တိရစ္ဆာန်
အသံတော့ မဟုတ်ဘူးကွ၊ လူကြီးတစ်ယောက်
အော်လိုက်တဲ့ အသံမျိုးကွ”
“ဟ…အောင်ကွန့်ရဲ့ ၊ လူအသံက ဒီလောက်
ကျယ်ပါ့မလားကွ”
“အေးပေါ့၊ ငပြူးရဲ့၊ ငါလည်း ဒါကြောင့် ဘာအသံဆိုတာ
အတိအကျ မပြောနိုင်တာပေါ့ကွ ”
“မင်းလည်း ကြားဖူးမှာပဲလေကွာ၊ တို့ရွာက
ဘိုးသီလတို့ ဘိုးရာမတို့ အမြဲပြောနေတာလေကွာ၊
တောင်ကန့်လန့်ကြီးမှာ ကျောက်ဂူကြီးရှိတဲ့အကြောင်း၊
အဲဒီကျောက်ဂူကြီးထဲမှာ ဘီလူးကြီးတစ်ကောင်
နေတဲ့အကြောင်းလေကွာ”
“မင်း ဒီအကြောင်းတွေကို လူကြီးတွေကို ပြောသေးလား
အောင်ကွန့်”
“ဟ ပြောတာပေါ့ကွ၊ ငါ့အဘကို ပြောပြလိုက်တယ်
ငါ့အဘကတောင် အံ့သြပြီး ဘီလူး ပြန်လာတာ
ဖြစ်မယ်လို့ ပြောတယ်။ ငါ့စိတ်ထင်တော့ ဒီသတင်းကို
အဘက ရွာထဲမှာ ပြောသင့်တဲ့သူတွေကို တိုးတိုး
တိတ်တိတ် ပြောလိုက်ပုံရတယ်ကွ”
ဒီကောင်တွေ ပြောနေတာ ကျုပ် အံ့သြပြီး
နားထောင်နေတာဗျ ။ အဲဒီမှာတင် ကျုပ်ရဲ့
မွေးရာပါရောဂါက ပေါ်လာတော့တာပဲဗျ။
စပ်စုတဲ့ရောဂါလေဗျာ၊ ကျုပ် အဲဒီဂူကြီးကို
သွားပြီး စပ်စုချင်တာဗျ။
နောက်ဆုံးတော့ ကျုပ် စိန်ကျော်ကို အဖော်စပ်တယ်။
စိန်ကျော်က အောင်ကွန့်ကို လက်တို့ပြီး တိုးတိုး
ပြောတယ်။ ပထမတော့ အောင်ကွန့်က
တွေနေသေးတာဗျ။ နောက်မှ…
“သွားလေကွာ ၊ တာတေက ငါတို့ဧည့်သည်ပဲ၊
ဧည့်သည်သွားချင်ရင် အိမ်ရှင်က လိုက်ပို့ရတာပေါ့
စိန်ကျော်ရ ”
ည ၉ နာရီလောက်ရောက်တော့ ရွာထဲက
ကျုပ်ကို လာပြီး ဧည့်ခံစကားပြောကြတဲ့ကောင်တွေ
ပြန်သွားရောဗျို့။ အောင်ကွန့်က ငပြူးကို ပြောလိုက်တယ်
“ငပြူး ငါ့အိမ်ဝင်ပြီး အဘနဲ့ အမေကို ပြောပေးစမ်းပါကွာ၊
ငါ ဒီည စိန်ကျော်တို့အိမ်မှာ အိပ်မယ်လို့ ဧည်သည့်နဲ့လည်း
စကားပြောချင်လို့ ကြားလား ငပြူး”
“အေး …အေး …ငါပြောလိုက်မယ်၊ စိတ်ချ”
ကျုပ်တို့သုံးယောက် စိန်ကျော်တို့ အိမ်ကြီးအောက်ထပ်မှာ
အိပ်ရာတွေခင်းပြီး အိပ်ကြတယ်။ စိန်ကျော်တို့
အိမ်သားတွေကတော့ အိမ်ကြီးအပေါ်ထပ်မှာ
အိပ်ကြတာဗျ။ အိပ်တယ်ဆိုပေမယ့် အိပ်ချင်
ယောင်ဆောင်နေကြတာပါ။ ည ၁၀ နာရီထိုးတော့
အောင်ကွန့်က ပြောတယ်။
“ကဲ တာတေနဲ့ စိန်ကျော် ထကြ၊ သွားကြစို့ ”
အောင်ကွန့်က စောစောကတည်းက
စီစဉ်ထားတဲ့အတိုင်း စိန်ကျော် ပေးထားတဲ့
လေးခွနဲ့ လောက်စာလုံးလွယ်အိတ်ကို
စလွယ်သိုင်း လွယ်ထားလိုက်တယ်။
စိန်ကျော်က သူ့အဘရဲ့ ငှက်ကြီးတောင်
ဓါးရှည်ကြီး ကိုင်လို့ဗျ ။ ကျုပ်ကိုတော့
ကျုပ်အရပ်သာသာရှည်တဲ့ လှံတစ်ချောင်း
ပေးတယ်။ ကျုပ်တို့ သုံးယောက် လက်နက်
ကိုယ်စီနဲ့ ရွာထဲက ထွက်လာခဲ့တယ်။
ခပ်လှမ်းလှမ်းမှာ မည်းမည်းကြီးတန်းနေတဲ့
တောင်ကန့်လန့်ကြီးကို တွေ့ရတယ်။ ကျုပ်တို့
သုံးယောက် ယာခင်းတွေကို ဖြတ်ပြီး ခပ်သုတ်
သုတ် လျှောက်တာဗျ။ သိပ်မကြာလိုက်ဘူး။
တောင်ဖီလာကြီးကို ရောက်လာတယ်။
တောင်ဖီလာဆိုတာ တောင်ကန့်လန့်ကို
ပြောတာလေဗျာ။ တောင်ကန့်လန့်ကြီးနဲ့
အနီးဆုံးအထိသွားပြီး ထနောင်းပင်တွေ
မန်ကျည်းပင်တွေ ပြုံပေါက်နေတဲ့နားက
ဘိစပ်ခြုံကြီးတွေနောက်ကို ပြေးကပ်ပြီး
ပုန်းနေလိုက်ကြတယ်



“ဟိုတောင်ကြီးပေါ်ကို ကြည့်ကွ တာတေရ၊
အဲဒီအပေါ်မှာ ဂူကြီးရှိတယ်လို့ ပြောကြတယ်၊
ဘယ်သူမှတော့ အဲဒီတောင်ကန့်လန့်ကြီးပေါ်ကို
မတက်ရဲဘူးကွ၊ ရှေးလူကြီးတွေ ပြောခဲ့တာကိုပဲ
ပြန်ပြောကြရတာပေါ့”
ကျုပ်တို့ရောက်တာ နာရီဝက်လောက်တောင်
ရှိပြီဗျ။ ဘာအသံမှတော့ မကြားရဘူး။
ကျုပ်တို့သုံးယောက်စလုံးတောင် ကန့်လန့်ကြီးရဲ့
ထိပ်ကိုပဲ လှမ်းကြည့်နေကြတော့ တောင်ကလည်း
မြင့်တော့ ဂူပေါက်တွေ ဘာတွေကို ဘယ်မြင်မှာတုံးဗျာ။
“ဝူး…ဝူး…အီး…အီး…အား”
“ဟာ …အော်ပြီ၊ အော်ပြီ၊ ဘီလူးကြီး အော်ပြီဟေ့”
ကျုပ်ဖြင့် ကြက်သီးတွေ ဖျန်းကနဲ ဖျန်းကနဲ
ထသွားတာဗျို့။ ခေါင်းကဆံပင်တွေ ထောင်ထောင်
ထသွားတယ် ထင်တယ်ဗျို့
“တာတေ မကြောက်နဲ့ ၊ ဘာမှမဖြစ်ဘူး”
အောင်ကွန့်က ကျုပ်ကို အားပေးတာဗျ။
ဒါပေမဲ့ ကျုပ်ကို အသံပေးတဲ့ သူ့အသံကိုက
တုန်တုန်ရီရီကြီးဗျ။
“အေးပါ အောင်ကွန့်ရဲ့ ၊ ငါမကြောက်ပါဘူး”
ကျုပ်က ပြောရင်းနဲ့ အောင်ကွန့်ပခုံးကို ဖက်လိုက်တယ်။
ဟာ…အောင်ကွန့် အသားတွေ တုန်နေတာဗျို့။
ဒါနဲ့ ကျုပ်စိန်ကျော်ကို ခေါ်ကြည့်တယ်။
“စိန်ကျော်”
ဟာ…ဒီကောင် မထူးဘူးဗျ။
“စိန်ကျော်”
ကျုပ်က ထပ်ခေါ်ကြည့်တယ်။ ဒီတော့မှ
စိန်ကျော်က ကျုပ်ကို လှည့်ကြည့်တယ်ဗျ။
“ဟေ …ဘာတုံး တာတေရ၊ ငါ သမ္ဗုဒ္ဓေ ရွတ်နေတာကွ”
“သြော် …အေး…ကောင်းတယ်၊ ကောင်းတယ်”
“ဝူး …ဝူး…ဝူး…အား…”
ဟာ အသံကြီးက ပိုကျယ်လာသလိုပဲဗျို့။
ကျုပ်တို့သုံးယောက်စလုံး အသံကြီးထွက်လာတဲ့
တောင်ထိပ်ကို မျက်တောင်မခတ်ဘဲ ကြည့်နေတာဗျို့။
“အသံက ပိုကျယ်လာတယ်ကွ၊ ဘီလူးကြီး
ဂူထဲက ထွက်လာတယ်ထင်တယ်”
အောင်ကွန့်က အသံတုန်တုန်ကြီးနဲ့ ပြောတာဗျ။
“ဟေ…ဟုတ်လား၊ ဒါဆို ပြေးကြမလား”
စိန်ကျော်လည်း အသံတုန်တုန်ကြီးနဲ့ မေးတာဗျို့။
“ဟာ…မပြေးရပါဘူးကွာ၊ အခုနေပြေးတော့မှ
ဘီလူးတွေ့သွားပြီး စွတ်လိုက်ချလာရင် ခက်မယ်ကွ၊
အသာလေးငြိမ်ကြည့်နေ”
ကျုပ်က ဝင်ပြောလိုက်တော့မှ ဒီကောင်တွေ
ငြိမ်သွားပြီး ကြည့်နေကြတာဗျ။ အောင်ကွန့်ကလည်း
သူ့လက်ထဲက လေးခွကို အဆင်သင့်ပြင်ထားတယ်။
စိန်ကျော်ကလည်း ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်
ပါအောင် ဆုပ်ထားတယ်။ ကျုပ်ကလည်း လက်ထဲက
လှံကို တင်းတင်းကိုင်ထားတာပေါ့ဗျာ။
“ဟာ…ဟိုမှာ ဟိုမှာ ဘီလူးကြီး…ဘီလူးကြီး”
“ဟင်…ဘယ်မှာတုံး၊ ဘယ်မှာတုံး အောင်ကွန့်ရဲ့၊
ဘယ်မှာတုံး”
ဟာ ဟုတ်တယ်ဗျို့၊ အောင်ကွန့် ပြတဲ့နေရာကို
သေချာကြည့်လိုက်တာ၊လျှော်ဖြူအပင်ကြီးဘေးမှာ
မတ်တတ်ကြီး ရပ်နေတာဗျို့၊ နည်းတဲ့အကောင်ကြီး
မဟုတ်ဘူး။လရောင်လေးက မှိန်မှိန်လေးပဲ ရှိတာဗျ။
ဝိုး…တိုး…ဝါး…တားပဲ တွေ့ရတာ။ ဒါပေမဲ့
အကောင်အထည်ကတော့ သဲကွဲတာပေါ့ဗျာ။
“ဝူး…ဝူး…အီ…အီး…အား”
ဟာ…အော်ပြီဗျို့။ မတ်တတ်ကြီးရပ်ပြီး တအား
ကျုံးအော်လိုက်တာဗျ။ ဘယ်လိုအသံကြီးမှန်းကို
မသိပါဘူးဗျာ။ ဝမ်းခေါင်ထဲက လာတဲ့ အသံကြီးဗျ။
အသံနက်ကြီးဗျ။
“အူး…ဝူး…ဝူး…အီး…”
နားထောင်ရင်း ကြက်သီးအကြီးကြီးတွေ ထနေတာဗျို့။
ကျုပ်စိတ်ထင် ပြောရရင်တော့ အရပ်ကြီးက ၁၅ပေ
လောက် ရှိတယ်ဗျ။ ကိုယ်လုံးကြီးက စပါးတစ်ရာဝင်တဲ့
ပုတ်ကြီးလောက်ရှိမယ်။ ခေါင်းကြီးက တင်းတောင်း
နှစ်လုံးစာလောက် ရှိမယ်။ လရောင်မှိန်မှိန်လေး
အောက်မှာ ပါးစပ်ထဲက အစွယ်ကြီးတွေကို
တစ်ချက် တစ်ချက် မြင်နေရတာဗျို့။
ဟာ…သွားပြီဗျို့။ သွားပြီ။ ဘီလူးကြီး ချာကနဲ
လှည့်ထွက်ပြီဗျို့။ တောင်ကန့်လန့်ကြီးအတိုင်း
လျှောက်ပြီး ရိုးမတောကြီးထဲ ဝင်သွားတာဗျ။
“တာတေရာ…မင်းတော့ ဘယ့်နှယ်နေလဲမသိဘူး၊
ငါ့ဖြင့် ကြောက်လိုက်တာကွာ၊ သေးတောင်
နည်းနည်းထွက်သွားတယ်ထင်တယ်”
“အောင်ကွန့်၊ မင်းကတော့ လုပ်ပြီ”
စိန်ကျော်က အောင်ကွန့်ကိုပြောတော့ အောင်ကွန့်က
ပြောတာဗျ။
“ဘယ်တတ်နိုင်မတုံး စိန်ကျော်ရ၊ အရမ်းကြောက်နေတော့
သတိက လွတ်သွားတာလေ”
“ကဲ …ကဲ ငါတို့ ပြန်ကြမလား၊ တာတေ”
“နေပါဦးကွာ၊ အင်မတန်မြင်ရခဲတဲ့ အဖြစ်ကြီးကွ၊
ထပ်စောင့်ကြည့်ရအောင်၊ ဘာတွေထပ်ပြီး
တွေ့ရဦးမလဲ မသိဘူး”
ကျုပ်က မပြန်သေးဘူးပြောတော့ ဒီကောင်တွေလည်း
မပြောဘူးဗျ။ ကျုပ်တို့သုံးယောက် ဘီလူးကြီး
ဝင်သွားတဲ့ တောထဲကိုပဲ ကြည့်နေကြတာပေါ့ဗျာ။
ခုထိတော့ ဘာမှမတွေ့ရဘူး။ ကျုပ်လက်မှာ
ပတ်ထားတဲ့ နာရီကို ကြည့်လိုက်တယ်။
နာရီအိမ်မြှောက်မှာက မီးစုန်းပါတာဆိုတော့
မှောင်ထဲမှာ မြင်ရတာပေါ့။ ည ၁ နာရီ ထိုးပြီဗျ၊
ဘာမှ မထူးခြားသေးဘူး။ ကျုပ်တို့သုံးယောက်
စလုံး ဇွဲနဲ့ဆက်ပြီး စောင့်ကြည့်နေကြတယ်။
ကျုပ်နာရီကို ကြည့်လိုက်တော့ ညနှစ်နာရီ
ထိုးနေပြီဗျ။ တော်တော်လေးလည်း အေးလာပြီ။
ကျုပ်တို့ သုံးယောက်စလုံး ပုဆိုးတွေကိုခြုံပြီး
ပုနေကြတော့တာပေါ့ဗျာ။
“အူး…ဝူး…ဝူး …”
ဟာ…ဘီလူးကြီး လာပြီ၊ လာပြီ၊ ဘီလူးကြီး လာပြီ။
အောင်ကွန့်က စပြောတာဗျ။ ခေါင်းမြီးခြုံထားတဲ့
ပုဆိုးတွေကို ခါးမှ ကပျာကယာ ပြန်ဝတ်လိုက်ကြတယ်။
လက်ထဲက ဓါးတွေကိုလည်း ကျစ်ကျစ်ပါအောင်
ဆုပ်ထားလိုက်တယ်။ ရိုးမတောကြီးထဲက
အသံကြားတာဗျ။
“အူး…ဝူး…ဝူး…”
ဟော…နီးလာပြီဗျို့။ အသံက ပိုကျယ်လာတယ်။
ဟော…ဟိုမှာ ရိုးမတောကြီးထဲက ထွက်လာပြီ၊
တောင်ကန့်လန့်ကြီးဘက်ကို တက်လာပြီဗျို့။
“ဟာ…ဘီလူးကြီးက အစာသွားရှာတာပဲဗျို့။
ဟိုမှာ မြင်လား၊ သူ့ရဲ့ပခုံးမှာ အကောင်ကြီး
တစ်ကောင် ပါလာတယ်၊ မည်းမည်းအကောင်ကြီးကွ
ဘာကောင်လဲတော့ မသိဘူး၊ တော်တော်ကြီးတယ်”
အောင်ကွန့်က ကျုပ်တို့ကိုပြောနေတာဗျ။
ဟုတ်တယ်ဗျို့။ ဘာကောင်ကြီးလဲ မသိဘူး။
ပခုံးပေါ်မှာ ထမ်းလာတာ။ ဘီလူးကြီးက
တောင်ကန့်လန့်ကြီးအတိုင်း လျှောက်လာတာဗျ။
“တောဝက်ကြီးကွ ပခုံးမှာ ထမ်းလာတာ၊
နည်းတဲ့အကောင်ကြီး မဟုတ်ဘူး၊ ခေါင်းက
တွဲလောင်းကျပြီး ဘီလူးကြီးကျောပေါ်ရမ်းခါနေတာ
ဒီကောင်ကြီးက နှစ်ချို့ကောင်ကြီး ဖြစ်မယ်
ကျွဲပေါက်လောက် ရှိတယ်၊ တာတေရေ…”
စိန်ကျော်က ကျုပ်က လက်ကုတ်ပြီး အသံ
ခပ်အုပ်အုပ်နဲ့ ပြောတာဗျ။ ဟာ…မတ်တတ်ရပ်ပြီး
ဟိုကြည့် ဒီကြည့် ကြည့်နေတာဗျို့။ ဘီလူးရဲ့
ကိုယ်က လူရဲ့ကိုယ်လုံးအတိုင်းပဲဗျ။
အကောင်ကြီးကြီး ဖြစ်နေတာပဲကွာတယ်။
လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံ
အတိုင်းပဲ၊ ကျုပ်စိတ်ထင်တော့ တောထဲ
အိပ်နေတဲ့ တောဝက်ကို လည်ပင်းလိမ်ချိုးပြီး
ခေါ်လာတာဖြစ်မယ်။
“ဟေ့ကောင် တာတေ၊ ဘီလူးကြီး ဘာကိုရပ်ပြီး
ကြည့်နေတာလဲ မသိဘူးကွ၊ ငါတို့ကိုတွေ့သွားလို့လား
မသိဘူး”
“ဟာ …မဟုတ်ပါဘူး စိန်ကျော်ရာ၊ သူ့ဘာသာ
တစ်ခုခုကို ကြည့်နေတာပါကွာ”
“ငါတို့ အနံ့များ ရလို့လား မသိဘူး”
အောင်ကွန့်ကလည်း အသံတုန်တုန်ကြီးနဲ့
ဝင်ပြောတယ်ဗျ။
“အူး…အူး…အူ…ဝူး…ဝူး…”
“အောင်မယ်လေးဗျ၊ အမေ ကယ်ပါဦး”
ကျုပ်တို့ စကားကောင်းနေတုန်း ဘီလူးကြီးက
အသံနက်ကြီးနဲ့ ကြုံးအော်လိုက်တာ အောင်ကွန့်က
အော်ပြီး မြေကြီးပေါ် လှဲချလိုက်ကောဗျို့။
“ဟေ့ကောင် အောင်ကွန့် ၊ မအော်နဲ့၊
ဘီလူးကြားသွားလို့၊ တောင်ပေါ်က ပြေးဆင်းလာဦးမယ်”
“အူး…ဝူး…ဝူး…”
ဟော အော်ပြန်ပြီဗျို့။ နောက်ဘက်ကို လှည့်ပြီး
ချုံပုတ်တွေထဲ ပြေးဝင်သွားတာဗျို့။
“စိန်ကျော် မြင်လား၊ ဘီလူးကြီး ဝင်သွားတဲ့
ချုံပုတ်ကြီး”
“အေး…မြင်တယ်၊ တာတေ”
“အဲဒီနေရာမှာ ဂူပေါက်ကြီး ရှိပုံရတယ်ကွ၊
မနက်ကျရင် မင်းနဲ့ငါ တောင်ပေါ်ကို တက်ပြီး
ပြန်ကြည့်ကြရအောင်”
“ဟေ…မလုပ်ပါနဲ့ တာတေရာ၊ တောင်ပေါ်ကို
တက်ပြီး ဘီလူးဂူတော့ မရှာပါရစေနဲ့ သူငယ်ချင်းရယ်၊
အရှင်လတ်လတ် ဘီလူးစားတာ ခံနေရပါ့မယ်”
“ဒါဆို မင်းနေခဲ့ကွာ၊ ငါတစ်ယောက်တည်း
တက်ကြည့်မယ်”
“အမယ်လေး …ဒီလိုလည်း ဘာဖြစ်မှာတုံး
တာတေရာ၊ တော်တော်ကြာ နာမည်ကျော်သွားဦးမယ်”
“ဘယ်လိုနာမည်ကျော်မှာတုံးကွ စိန်ကျော်”
“တာတေတစ်ယောက် စိန်ကျော်တို့ရွာကို
လိုက်သွားတာ ဘီလူးစားခံလိုက်ရလို့ဆိုပြီးတော့ပေါ့ကွာ”
ကျုပ်က အော်ရယ်လိုက်မိတယ်။ ကျုပ်တို့
သုံးယောက် ရွာပြန်တော့ ဘုန်းကြီးကျောင်းက
အုန်းမောင်းတောင် ခေါက်နေပြီဗျ။

ပြီးပါပြီ။