July 31, 2025
Uncategorized

ဘုရားပျံဦးအောင်ရှိန်နှင့် ဆရာကြီး ဦးဖိုးစီ

စာစဉ်(၈)


(၁)

ကျုပ်လည်း ဦးမောင်ကြီးနဲ့ အတူတူနေရင်း ဆယ်ရက်လောက်ကြာသွားတယ်ဗျ၊ ဒီနေ့တော့ ဦးမောင်ကြီးနဲ့ကျုပ်နဲ့ ချိုးပစ်ဖို့ထွက်ခဲ့ကြတာပေါ့ဗျာ၊ ဦးမောင်ကြီးက ထုံးစံအတိုင်း ထန်းရည်ကလေးတမြမြနဲ့ပေါ့၊ ကျုပ်ကတော့ ထန်းရည်သမားလုံးလုံးမဖြစ်သေးဘူးဗျ၊ ဦးမောင်ကြီးက ထန်းရည်သာမူးတယ် လက်မှန်းကတော့ သိပ်တည့်တာပေါ့ဗျာ၊ သူကချိုးတွေပစ်တယ်၊ ကျုပ်က ချိုးတွေလိုက်ကောက်၊ ချိုးသိုက်တွေတက်နှိုက်တာပေါ့၊

“အောင်ရှိန်ရ ထန်းရည်ဆိုတာ ချိုးကြော်နဲ့သိပ်လိုက်တာကွ၊ မင်းချိုးကြော်စားဖူးသလား”

ကျုပ်လည်းခေါင်းခါလိုက်တယ်။

“အေး၊ မစားဖူးသေးလို့ပါ၊ စားဖူးရင် မင်းကြိုက်သွားမှာ”

ဒါနဲ့ နေ့တစ်ပိုင်းလောက် ချိုးပစ်ပြီးတော့ ကျုပ်တို့ချိုးတွေဆွဲပြီးပြန်ခဲ့ကြတာပေ့ါဗျာ၊ အကောင်နှစ်ဆယ်လောက်တော့ရတယ်၊ ချိုးဥတင်မနည်းဘူးဗျ၊ ဦးမောင်ကြီးက ချိုးဥကိုလက်သည်းနဲ့ဆိတ်ပြီးတော့ ဆားလေးတစ်ပွင့်နှစ်ပွင့်ထည့်ပြီး အစိမ်းလိုက်သောက်တာ၊ ကျုပ်ကိုလည်း သူတိုက်တဲ့အတိုင်း တစ်လုံးတိုက်တယ်ဗျ၊ ချိုးဥက အဲဒီလိုသောက်တောာ့ ဆိမ့်လိုက်တာဗျာ၊ ကျုပ်တို့ပြန်လာရင်း တမာပင်တစ်ပင်နားရောက်တော့ ဦးမောင်ကြီးက ကျုပ်ကိုအသာလက်ကုပ်တယ်ဗျ။

“အောင်ရှိန်ရေ၊ စားရကံကြုံရင် ပွဲတော်အုပ်တည့်တည့်တိုးဆိုသလိုပဲ၊ ဟိုတမာပင်ပေါ်ကိုကြည့်လိုက်စမ်း၊ တမာပင်ခွကြားမှ ချိုးသိုက်ကွ”

သူပြတာလည်းအဟုတ်သား၊ ကျုပ်လည်း ပုဆိုးခါးတောင်းကျိုက်ပြီးတော့ တမာပင်ပေါ်ကိုဖက်တက်ခဲ့တာပေါ့ဗျာ၊ တမင်ပင်ခွကြားက ချိုးသိုက်ကိုလည်းရောက်ရော အထဲမှာ ချိုးဥတွေက အကောင်ပေါက်ပြီးတော့ အကောင်ပေါက်ကလေးတွေကိုဖြစ်နေပြီဗျ၊ အမွှေးအတောင်တော့ မစုံသေးပေမယ့် ချိုးကလေးက မျက်လုံးပြူးပြူး ပါးစပ်ကြီးကိုပြဲနေအောင်ဟထားတာပေါ့ဗျာ။

“ဦးမောင်ကြီးရေ ချိုးက အကောင်တောင်ပေါက်နေပြီဗျ”

“ဟေ၊ အဲဒါက ပိုစားလို့ကောင်းသကွ၊ ချိုးပေါက်ဆိုတာ ချိုးဥထက်ဆိမ့်တယ်ကွ၊ နှိုက်သာနှိုက်ခဲ့ကွာ”

ကျုပ်လည်း ချိုးကလေးကိုလှမ်းနှိုက်တာပေါ့ဗျာ၊ ချိုးကလေးက သူ့အမေထင်လို့ပါးစပ်ဖြဲနေတာဗျ၊ ကျုပ်လက်ကိုလည်းတွေ့ရော စူးစူးဝါးဝါးနဲ့ အသံပေးပါရောဗျာ၊ ဒီအချိန်မှာပဲ ချိုးအမကြီးတစ်ကောင်က အပြေးပျံလာပြီး ကျုပ်မျက်နှာကို သူ့အတောင်နဲ့ရိုက်ထည့်ပါရော၊ ကျုပ်ဖြင့်ဟန်ချက်လွန်ပြီး သစ်ပင်ပေါ်က ပြုတ်ကျတော့မလို့ဗျာ၊ နည်းနည်းပဲလိုတယ်၊ ချိုးမက ကျုပ်ကိုအတောင်နဲ့ရိုက်တဲ့အပြင် နှုတ်သီးတွေနဲ့ဆိတ်၊ ဆံပင်တွေကိုဆွဲတာပေါ့ဗျာ၊ ကျုပ်လည်း လက်နဲ့တအားပုတ်ထုတ်တော့ တခြားအကိုင်းကိုပျံသွားတယ်၊ ချိုးကလေးကို ကျုပ်ကနှိုက်တော့ ချိုးကလေးက အော်ပြန်ရောဗျာ၊ ချိုးမက ကျုပ်ကိုပြန်လုပ်ရော၊ မိခင်မေတ္တာဆိုတာ ဒါကိုပြောတာနေမှာဗျ၊ သူက ကျုပ်ကိုအနိုင်မတိုက်နိုင်ဘူးဆိုတာ သိပေမယ့် သားသမီးအသက်ဘေးဆိုတော့ မရမက ကျုပ်ကိုရန်လုပ်နေသေးတာ။ နောက်တော့ မောသွားပုံရတယ်၊ ကျုပ်အနားကနေပျံထွက်သွားပြီး မလှမ်းမကမ်းက သစ်ကိုင်းတစ်ကိုင်းမှာနားနေတယ်၊ နောက်ပြီးတော့ ကျုပ်ကိုရန်လိုတဲ့အကြည့်နဲ့ကြည့်တယ်ဗျ။

ဒီအချိန်မှာပဲ လောက်စာလုံးတစ်လုံးက ပျံတက်လာပြီး ချိုးအမကြီးကိုထိသွားတော့တာပါပဲ၊ ဒီလောက်စာလုံးက ဦးမောင်ကြီးပစ်လိုက်တဲ့လောက်စာလုံးပေါ့ဗျာ၊ ချိုးအမက သစ်ပင်အောက်ကိုကျသွားရှာတယ်၊ အကိုင်းကနိမ့်တော့ မသေသေးဘူးပေါ့ဗျာ၊ ဒါပေမယ့် သစ်ပင်အပေါ်ကိုမော့ကြည့်ပြီးတော့ ကျုပ်ကိုကြည့်ရင်း အသံတစ်မျိုးနဲ့အော်တာဗျ၊ သူ့မျက်လုံးတွေက ကျုပ်ကိုတောင်းပန်နေတဲ့ပုံပဲ၊ သူ့အသံကလည်း ကျုပ်ကိုတောင်းပန်တိုးလျှိုးနေတဲ့အသံ၊ သူ့သားလေးကို မသတ်ပါနဲ့ဆိုတဲ့ပုံစံမျိုးပေါ့ဗျာ၊ ကျုပ်ဖြင့်မြေမှာကျနေတဲ့ ချိုးမကိုကြည့်လိုက်၊ အသိုက်ထဲက ချိုးကလေးကိုကြည့်လိုက်နဲ့ တွေဝေနေမိတယ်၊ ကျုပ်စိတ်ထဲမှာလည်း ကျုပ်ဒီလိုလုပ်တာ မှန်ရဲ့လားဆိုတဲ့အတွေးကို ခဏခဏတွေးဖြစ်နေမိတယ်ဗျာ။

ဦးမောင်ကြီးက သစ်ပင်အောက်ကိုပြေးလာပြီးတော့ ချိုးမကိုသစ်ကိုင်းတစ်ကိုင်းနဲ့ ရိုက်ထည့်လိုက်တော့ ချိုးမသေသွားတော့တာပဲဗျာ၊ ပြီးတာနဲ့ ချိုးမကိုကောက်ပြီး သစ်ပင်ပေါ်ကိုမော့ကြည့်တယ်။

“အောင်ရှိန်၊ ဘာလုပ်နေတာလဲ၊ ချိုးကလေးကို နှိုက်ပြီးဆင်းခဲ့လေကွာ”

ကျုပ်စိတ်ထဲမှာတော့ ချိုးကလေးကို မနှိုက်ချင်တော့ဘူးဗျာ။

“ထားလိုက်ပါတော့ဗျာ၊ ဒီအကောင်ပေါက်ကလေးကို သနားပါတယ်”

“ဟ၊ မင်းဒီအတိုင်းထားခဲ့မှ ဒီအကောင်လေးက ပိုပြီးသနားဖို့ကောင်းမှာကွ၊ သူ့အမေကြီးလည်း မရှိတော့ပါဘူးကွာ၊ ဒီအတိုင်းထားခဲ့ရင် ဒီကောင်လေး အစာငတ်ရေငတ်နဲ့ သေမှာပဲကွ၊ ဒီလို အစာငတ်ရေငတ်နဲ့တဖြည်းဖြည်းသေမှာထက်စာရင် ငါတို့သတ်ပြီးစားလိုက်တာက သူ့အတွက်ပိုကောင်းတယ်မဟုတ်လား”

ကျုပ်သေချာစဉ်းစားပေမယ့် ဦးမောင်ကြီးပြောတဲ့စကားကလည်း ဟုတ်သလိုလိုပဲဗျ၊ ဒါနဲ့ကျုပ်လည်း မငြင်းနိုင်တော့ဘဲ ချိုးကလေးကိုနှိုက်ပြီး အောက်ကိုဆင်းလာခဲ့တယ်၊ အောက်ရောက်တာနဲ့ ဦးမောင်ကြီးက ချိုးကလေးကိုကျုပ်လက်ထဲကနေယူပြီးတော့ ချိုးဖင်ဘက်ကနေ အရှင်လတ်လတ်ကိုက်စားလိုက်တာပဲဗျာ၊ ချိုးကလေးဆိုရင် အသံစုံဟစ်ပြီးအော်တာဗျ၊ အရှင်လတ်လတ် ဖင်ပိုင်းကနေဖြတ်ပြီး ကိုက်စားခံရတာ သူ့အတွက်ဘယ်လောက်ခံစားရမလဲဗျာ၊ နှုတ်သီးကိုပြဲနေအောင်ဖြဲပြီးတော့ မျက်လုံးကလည်းပြူးလို့ဗျ၊ တစ်ကိုယ်လုံးလည်း တဆတ်ဆတ်တုန်နေတာပဲ၊ ဦးမောင်ကြီးကတော့ သေသေချာချာကို အရသာခံပြီးစားနေတာဗျ။

“ကောင်းလိုက်တာကွာ၊ ဆိမ့်လိုက်တာ”

ကျုပ်ဖြင့်် မသေမရှင်ချိုးကလေးကို အစိမ်းလိုက်ဝါးနေတဲ့ ဦးမောင်ကြီးကိုကြည့်ရင်း တဖြည်းဖြည်းဆက်စုပ်လာတယ်ဗျ၊ လူတစ်ယောက်ကိုကြည့်ရင်း သူ့လုပ်ရပ်ကိုမကြိုက်လို့ ရွံရှာတယ်ဆိုတဲ့ခံစားချက်ကို အဲဒီမှာခံစားဖူးတာပဲဗျာ၊ ဦးမောင်ကြီးက ကျန်တဲ့ချိုးကိုယ်လုံးကို ပါးစပ်ထဲအကုန်ထည့်ပြီး တဂျွတ်ဂျွတ်နဲ့ဝါးလိုက်တယ်။ ပြီးတော့ ကျုပ်တို့ထန်းတဲကိုပြန်လာခဲ့ကြတာပေါ့ဗျာ၊ ထန်းတဲမှာတော့ ဘကြီးပြုံးကရောက်နေပြီဗျ၊ ငှက်တွေကိုင်လာတဲ့ ကျုပ်တို့ကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချတယ်။

“အောင်ရှိန်ရေ၊ အိမ်ကိုပြန်လိုက်ခဲ့ကွာ”

“မလိုက်ဘူးဗျာ၊ အမေက ကျုပ်ကိုမလိုချင်ဘူးမဟုတ်လား၊ ကျုပ်ကိုမခေါ်ချင်ဘူးမဟုတ်လား၊ ကျုပ်မပြန်ဘူး၊ ကျုပ်ဒီမှာပဲ ဦးမောင်ကြီးနဲ့အတူတူနေမယ်”

ဘကြီးပြုံးက ကျုပ်အနားကိုလှစ်ခနဲကပ်လာပြီးတော့ ကျုပ်နသယ်မွှေးကို ဆွဲတယ်ဗျ၊ ကျုပ်ဖြင့်နာလိုက်တာပြောမနေပါနဲ့ဗျာ။

“အောင်ရှိန်၊ ငါ့ကိုခံမပြောနဲ့ ငါကလိုက်လာခဲ့ဆို လိုက်လာခဲ့”

ကျုပ်ကလည်း ခပ်ပေပေပဲ။

“မလိုက်ဘူးဗျာ”

“အေး၊ မင်းမလိုက်ရင် မင်းကိုဆွဲခေါ်သွားမယ်၊ လာခဲ့စမ်းကွာ”

ကျုပ်နသယ်မွှေးကိုဆွဲပြီး လမ်းလျှောက်သွားတာနဲ့ ကျုပ်လည်း ဘကြီးပြုံးအနောက်ကနေ ဒရွတ်ဒရွတ်နဲ့ လိုက်ခဲ့တာပေါ့ဗျာ။

အိမ်ကိုမဝင်ခင်ကတည်းက အမေ့ရက်ကန်းခတ်သံကို ကြားနေရပြီဗျ၊ ဘကြီးပြုံးက အမေ့ရှေ့ရောက်တော့ အမေက ကျုပ်ကိုကြည့်ပြီး ပျော်သွားတယ်၊ ဒါပေမယ့် ခဏကြာတော့ ချက်ချင်းမျက်နှာကတည်သွားတယ်ဗျ။

“ဘကြီးပြုံး၊ ဒီကောင့်ကို ဘာလို့အိမ်ခေါ်လာတာလဲ”

ဘကြီးပြုံးက ဒီတော့မှ ကျုပ်နသယ်မွှေးကိုလွှတ်လိုက်ပြီးတော့

“ဒီမယ် မလုံး၊ ပြီးခဲ့တာတွေက ပြီးပြီ၊ ဘာပဲပြောပြော၊ အောင်ရှိန်က နင့်သား၊ နင်ဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့နင့်သား၊ နင့်သားကို နင်ပြန်ခေါ်ရမှာပေါ့ဟဲ့”

“မခေါ်ချင်ပါဘူးရှင်”

“အေး၊ နင်မခေါ်ရင် နင့်သားလူမိုက်ဖြစ်တော့မယ်၊ အခုတောင် မောင်ကြီးနဲ့ပေါင်းပြီး လူမိုက်လက်သစ်ဖြစ်နေပြီဟ”

အမေက တစ်ချက်တည်သွားတယ်၊ ပြီးတော့ ကျုပ်တို့ကိုမကြည့်ဘဲ ရက်ကန်းခတ်နေရင်း

“ဒါဆိုလည်း ထားခဲ့ပေါ့တော်”

ဘကြီးပြုံးက ကျုပ်ကိုလှည့်ကြည့်တယ်၊ ကျုပ်လည်း အမေ့ကိုလွမ်းနေတဲ့ကောင်ဆိုတော့ အမေ့ဆီပဲပြန်နေဖို့ဆုံးဖြတ်လိုက်တာပေါ့ဗျာ။

(၂)

တစ်ဦးတည်းသောသားကို မိခင်က ချစ်တယ်ဆိုတာ သိပ်ကိုကြီးမားတဲ့မေတ္တာလို့ ဘုရားကဟောထားတယ်မဟုတ်လား၊ အမေလည်း ဒီလိုပါပဲဗျာ၊ သားကလေးတစ်ယောက်တည်းရှိတာဆိုတော့ မခေါ်ဘဲ ဘယ်နေနိုင်ပါ့မလဲ၊ ကျုပ်အိမ်ရောက်ပြီး သုံးရက်လောက်ကြာတော့ အမေက ကျုပ်ကိုပြန်ခေါ်ပါတယ်၊ အမေပြန်ခေါ်တယ်ဆိုတော့ ကျုပ်လည်းဝမ်းသာလိုက်တာ ပြောမနေပါနဲ့ဗျာ၊ အမေနဲ့ကျုပ်နဲ့ဖက်ပြီးတော့ ငိုကြတာပေါ့။

အဖေ့အကြောင်းတွေပြောတော့မှ အဖေ့ကို စုန်းမကြီးဒေါ်ထွေးရင်က ဖမ်းထားတယ်ဆိုတာကို ကျုပ်သတိရတယ်ဗျ၊ အမေ့ကိုတော့ ဒီအကြောင်းတွေမပြောတော့ပါဘူးဗျာ၊ အမေသိရင် ပိုပြီးစိတ်မကောင်းဖြစ်နေမှာစိုးလို့ပါ၊ ဒါပေမယ့် ကျုပ်လည်း အဖေ့ကိုဒီအတိုင်းမထားနိုင်ဘူးဗျာ၊ အနည်းဆံုံးတော့ အဖေ့ကိုကယ်တင်ပေးချင်တယ်၊ ဒီတော့ အချိန်ရတိုင်း အဖေ့ကိုဘယ်လိုကယ်တင်ရမလဲဆိုပြီး ကြံစည်နေတာပေါ့ဗျာ။

အဖေကျန်ခဲ့တဲ့ ယာတွေကို ဘကြီးပြုံးနဲ့ သူ့သားတွေက ဦးစီးပြီးလုပ်တယ်ဗျ၊ ကျုပ်ကိုလည်း တောင်သူတွေတပ်အပ်တဲ့ပညာတွေ သင်ပေးတာပေါ့ဗျာ၊ မနက်ရောက်တာနဲ့ ဘကြီးပြုံးနဲ့အတူတူယာခင်းထဲဆင်းရတယ်၊ ယာခင်းထဲမှာ တစ်နေကုန်လုပ်ကိုင်ပြီးတော့မှ အိမ်ကိုပြန်ရတာပေါ့ဗျာ၊ မလုပ်လို့လည်းမရဘူးဗျ၊ အခုဆို အိမ်မှာယောက်ျားသားဆိုလို့ ကျုုပ်ပဲရှိတော့တာမဟုတ်လား။

တစ်ရက်တော့ ကျုပ်လည်း ဘကြီးပြုံးတို့သားအဖနဲ့အတူတူ ယာခင်းထဲဆင်းခဲ့တယ်၊ ဘကြီးပြုံးက အသက်ခြောက်ဆယ်ကျော်နေပါပြီ၊ ဒါပေမယ့် သန်တုန်းမြန်တုန်း၊ လုပ်နိုင်ကိုင်နိုင်တုန်းဗျ၊ လူကတော့ ခပ်ပုပုပါပဲ၊ မျက်နှာထားကလည်း အမြဲတမ်းခပ်တည်တည်ပဲ၊ လူစိမ်းတွေဆိုရင် ဘကြီးပြုံးအထာကိုမသိရင် စိတ်ဆိုးနေတယ်လို့ ထင်ချင်ထင်ကြမှာဗျ၊ ထူးတော့ထူးဆန်းသား၊ လူကသာ အမြဲမှုန်ကုပ်ကုပ်နေပေမယ့် နာမည်ကတော့ မောင်ပြုံးတဲ့ဗျ။ နာမည်ပြောင်းပြန်ဖြစ်တယ်ဆိုတာ ဒါကိုပြောတာဖြစ်မယ်ဗျာ။

သူ့သားအငယ်ဆုံးကတော့ ကိုသုန်တဲ့ဗျာ၊ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးပါပဲ၊ အလုပ်ကတော့ တကယ်လုပ်နိုင်တဲ့လူဗျ၊ ဘကြီးပြုံးရဲ့ သားသမီးရှစ်ယောက်ထဲမှာ သူကအငယ်ဆုံးသားပေါ့ဗျာ၊ ကျန်တဲ့သားသမီးတွေက အိမ်ထောင်ရက်သားတွေကျပြီးတော့ အိမ်တွေယာတွေခွဲပြီးနေထိုင်ကုန်ကြပြီ၊ သူလည်း ဘကြီးပြုံးလိုပဲဗျ၊ နာမည်ကသာ ကိုသုန်ဆိုပေမယ့် မျက်နှာကတော့ အမြဲပြုံးပြုံးရွှင်ရွှင်ပဲဗျ၊ ကွမ်းသိပ်ကြိုက်တဲ့လူဆိုတော့ အမြဲတမ်းကွမ်းငုံထားလို့ပေါ့၊ သွားတွေဆိုရင်လည်း မည်းချိတ်နေလို့ မီးသွေးက အဖေပြန်ခေါ်ရမယ်ဗျာ၊ ဒါပေမယ့်လည်း အဲဒီသွားမည်းမည်းကြီးတွေပေါ်အောင်လို့ အမြဲပြုံးနေတတ်တဲ့လူဗျ။

ယာခင်းထဲဆင်းရင် တစ်မနက်ခင်းလုံးမအားရဘူးဗျ၊ တစ်ယောက်နဲ့တစ်ယောက်လည်း စကားသေသေချာချာမပြောဖြစ်ပါဘူးဗျာ၊ ဘကြီးပြုံးကတော့ ယာစိုက်နည်းတွေသင်ပေးတယ်၊ နေ့ခင်းထမင်းစားချိန်ပြီးရင်တော့ ရေနွေးတစ်အိုးနဲ့ ခဏတဖြုတ်နားကြတယ်၊ ဒီလိုအချိန်ဆိုရင်တော့ စကားစမြည်ပြောဖြစ်တာပေါ့ဗျာ။ တစ်ရက်တော့ ဘကြီးပြုံးက ထမင်းစားသောက်ပြီးတဲ့အချိန် ဓါးမတစ်ချောင်းဆွဲပြီးတော့ ထင်းခွေမယ်ဆိုပြီး တောတန်းထဲဝင်သွားတာပဲဗျာ၊ ကျုပ်နဲ့ ကိုသုန်နဲ့ပဲ ကျန်ခဲ့တော့တာပေါ့၊ ဘကြီးပြုံးနဲ့စကားပြောတဲ့အခါ စုန်းအကြောင်းတွေပြောလို့မရဘူးဗျ၊ ဘကြီးပြုံးက စုန်းကိုစကားထဲထည့်ပြောတာတောင်မကြိုက်ဘူး၊ နောက်ပြီးတော့ ကျုပ်အဖေက စုန်းပြုစားလို့သေတယ်ဆိုတဲ့အကြောင်းကို ကျုပ်စိတ်မရောက်အောင်လို့ တားချင်တာလဲ ပါမှာပေါ့ဗျာ။ ပြောရင်းဆိုရင်း တစ်ခါတလေ ကိုသုန်က စုန်းအကြောင်းစကားစလိုက်ရင် ဘကြီးပြုံးက ထပြီးမာန်သေးသဗျာ။

ဘကြီးပြုံးမရှိတာနဲ့ ကျုပ်လည်း ကျုပ်သိချင်တဲ့ စုန်းအကြောင်းတွေ ကိုသုန်ကိုမေးရတော့တယ်။

“ကိုသုန်၊ စုန်းကိုနိုင်တဲ့လူဆိုတာ ကိုသုန်ကြားဖူးသလားဗျ”

ကိုသုန်က ထမင်းစားပြီးတော့ ကွမ်းစားမယ်ဆိုပြီး ကွမ်းယာနေတာဗျ၊ ကျုပ်မေးတာကြားတော့ ခေါင်းညိတ်တယ်။

“အထက်လမ်းဆရာတွေက စုန်းကိုနိုင်တာပေါ့ကွ”

“ဟာ၊ ဟုတ်ရဲ့လားဗျာ၊ ကျုပ်တော့ အရင်က ဝိဇ္ဇာဆိုတဲ့လူတွေနဲ့ တွေ့ခဲ့ဖူးပါတယ်၊ သူတို့က ဒီလောက်ကြီးလည်းမဟုတ်ပါဘူးဗျ”

“မင်းက ရေလိုက်လွဲတာပဲ အောင်ရှိန်ရ၊ ဝိဇ္ဇာတွေက စုန်းကိုနိုင်တယ်ဆိုပေမယ့် သူတို့တွေက တစ်ယောက်တည်းသမားတွေကွ၊ ပြီးတော့ ဝိဇ္ဇာဆိုတာ သူတို့အကျိုးအတွက်ပဲကြည့်တတ်တဲ့လူမျိုး၊ ပြောရရင်တော့ မဟုတ်တဲ့အရာတွေအတွက် လိုက်ပြီးအချိန်ကုန်ခံမနေဘူးပေါ့ကွာ”

ကိုသုန်ပြောတာလည်း မှန်တယ်ဗျ။

“ဒါဆို ဝိဇ္ဇာနဲ့ အထက်လမ်းနဲ့မတူဘူးပေါ့နော်”

“တူတာတော့ တူတယ်ဆိုပေမယ့် အထက်လမ်းဆိုတာက ပိုကျယ်ပြန့်တယ်ကွ၊ တစ်ချို့တွေက ဂိုဏ်းဂဏတွေဖွဲ့တွေပြီးတော့ စုန်းတွေ၊ ကဝေတွေကိုတောင် တကူးတကလိုက်လံပြီး တိုက်ခိုက်တတ်တဲ့အဖွဲ့တွေရှိတယ်ဆိုပဲ”

“ဟုတ်လားဗျာ၊ ဒါဆို ကိုသုန်ရော အဲဒီအထက်လမ်းဆရာကြီးတွေနဲ့ သိကျွမ်းတာမျိုးရှိသလားဗျ”

ကိုသုန်က ယာပြီးသားကွမ်းကို ပါးစောင်ထဲထည့်လိုက်ပြီး စဉ်းစားနေရင်း

“ငါနဲ့တိုက်ရိုက်သိတဲ့လူတော့မရှိဘူးကွ၊ ဒါပေမယ့် အကိုကြီးတစ်ခါပြောဖူးတာကတော့ သူ့သူငယ်ချင်းတစ်ယောက် ရှိတယ်တဲ့၊ သူရဲ့အဖေက အထက်လမ်းဆရာ၊ ဂိုဏ်းဆရာဖြစ်နေတယ်ဆိုပဲကွ၊ ဘာဂိုဏ်းလဲဆိုတာတော့ ငါလည်းထဲထဲဝင်ဝင်မသိဘူး”

“လုပ်စမ်းပါဗျာ၊ သူ့နာမည်က ဘယ်သူလဲ၊ သူ့ကိုဘယ်မှာရှာရမလဲ”

“သူ့နာမည်က ဦးဖိုးစီတဲ့ကွ၊ မောက်ရွာမှာနေတယ်ဆိုပဲ”

ကျုပ်လည်း သဲလွန်စတစ်ခုရလိုက်ပြီဆိုတော့ ပျော်သွားတာပေါ့ဗျာ၊ ကျုပ်နဲ့ကိုသုန်နဲ့ စကားဆက်ပြောနေရင်း သိပ်မကြာပါဘူး၊ ထင်းစည်းကြီးထမ်းပြီး ဘကြီးပြုံးပြန်ရောက်လာပါရော၊ ဘကြီးပြုံးက ကျုပ်နဲ့ကိုသုန်ကိုကြည့်ရင်း

“မင်းတို့ဘာတွေပြောနေကြတာလဲကွ”

“ဒီလိုပဲ ရောက်တတ်ရာရာပေါ့အဖေရာ”

“မိန်းမတွေဆုံရင်အတင်း၊ ယောက်ျားတွေဆုံရင် အဖျင်းတဲ့ကွ၊ မဟုတ်တဲ့စကားအဖျင်းတွေ ပြောမနေကြနဲ့၊ အားနေရင် ယာခင်းထဲဆင်းပြီး ပေါင်းဆင်းနှုတ်ပါလားကွ”

ကျုပ်နဲ့ ကိုသုန်ရဲ့စကားဝိုင်းကလေးလည်း ဒီမှာပဲ ပျက်သွားတော့တာပေါ့ဗျာ။

(၃)

အဖိတ်နေ့နဲ့ ဥပုသ်နေ့ဆိုရင် ဘကြီးပြံုံးက ယာခင်းထဲမဆင်းဘူးဗျ၊ ဒါနဲ့ကျုပ်လည်း အဖိတ်နေ့ယာခင်းထဲမဆင်းဘဲ ကိုသုန်ကို နေမကောင်းဘူးလို့အကြောင်းပြပြီး နားလိုက်တာပေါ့ဗျာ၊ ပြီးတာနဲ့ လွယ်အိတ်ပြင်ပြီးတော့ အိမ်ကနေထွက်လာခဲ့တယ်၊ မောက်ရွာဆိုတာ ကျုပ်တို့မြင်းဇာရွာနဲ့ သိပ်မဝေးပါဘူးဗျာ၊ အနောက်မြောက်ဘက်လောက်မှာရှိတယ်ဗျ၊ မြစ်သာမြစ်ကိုတော့ ကူးရတယ်၊ ကျုပ်လည်း အဖေ့ကို ပြန်ကယ်တင်နိုင်တော့မယ်ဆိုတဲ့စိတ်နဲ့ အမြန်လျှောက်ခဲ့တာဗျ၊ လမ်းလျှောက်တာတောင်မှ ခြေထောက်နဲ့မြေကြီးနဲ့ ထိတယ်လို့မထင်ရဘူး၊ ဒီလိုနဲ့လျှောက်လာခဲ့ရင်း ကျွဲနန်းရွာနားလောက်ရောက်တော့ လှည်းတစ်စီးနဲ့ကြုံတယ်ဗျ။

“ဟေ့ကောင်လေး၊ တစ်ယောက်တည်းသွားနေတာ မကြောက်ဘူးလား၊ ဘယ်သွားမလို့တုန်းကွ”

“မောက်ရွာကိုသွားမလို့ဗျ”

“ဟေ၊ ငါတို့လည်း မောက်ရွာကိုသွားမလို့ကွ၊ လှည်းကြုံတယ်၊ လိုက်ခဲ့ကွာ”

ကျုပ်လည်း လှည်းပေါ်တက်ခဲ့ရတာပေါ့ဗျာ၊ လှည်းမောင်းတဲ့ဦးကြီးဘေးနား အသာကပ်ထိုင်ရတာပေါ့၊ လှည်းနောက်မှာတော့ ဖျာကြမ်းခင်းထားပြီး မိန်းကလေးတစ်ယောက်ကိုတင်ထားတယ်ဗျ၊ အဲဒီမိန်းကလေးဘေးနားမှာလည်း မိန်းမကြီးနှစ်ယောက်နဲ့ ဦးလေးကြီးတစ်ယောက်လည်း ပါသေးတယ်ဗျ၊ မိန်းကလေးကတော့ သိပ်နေကောင်းပုံမရဘူးဗျာ၊ မျက်လုံးတွေက ပြူးတူးကြောင်တောင်နဲ့ဗျ၊ ပြီးတော့ တစ်ချက်တစ်ချက်လည်း ဘာတွေထပြောမှန်းမသိဘူး၊ ထထပြောတာဗျ၊ ကျုပ်လည်း သိချင်သွားတာနဲ့ လှည်းမောင်းတဲ့ဦးလေးကြီးအနားကပ်ပြီး

“ဦးကြီး၊ ဒီအနောက်မှာပါလာတဲ့ မိန်းကလေးက နေမကောင်းဘူးလားဗျ”

ဦးကြီးက ခေါင်းညိတ်ရင်း

“အေးကွ၊ ရူးချင်သလိုလိုဖြစ်နေတာပဲ”

“ဟာ၊ ဆေးဆရာမပြဘူးလားဗျ၊ စိုင်ဒူးရွာမှာ ဆေးဆရာကြီးတစ်ယောက်ရှိတယ်လေဗျာ”

“အိုကွာ၊ ပြပြီးသားပါ၊ ဆေးဆရာကတော့ သည်းခြေပျက်တယ်ပြောတယ်၊ ဒါပေမယ့် ဗိန္ဓောဆရာတစ်ယောက်နဲ့ပြတော့မှ သူများပြုစားတယ်လို့သိရတာ၊ အဲဒီဗိန္ဓောဆရာလည်း ကုကြည့်သေးတယ်၊ မနိုင်ဘူးတဲ့ကွ”

“ဒါဆို အခုမောက်ရွာကို သွားတာကရောဗျာ”

“မောက်ရွာမှာ ဦးဖိုးစီဆိုတဲ့ ဆရာကြီးတစ်ယောက်ရှိတယ်ကွ၊ သူလည်းတော်တော်စွမ်းတယ်ဆိုပဲ၊ အဲဒါနဲ့လူနာရှင်က ဦးဖိုးစီနဲ့ပြသချင်တယ်ဆိုပြီးတော့ လာခဲ့တာပဲဟေ့”

ကျုပ်တော်တော်အံံ့အားသင့်သွားတယ်ဗျ၊ ကျုပ်လာတာလည်း ဦးဖိုးစီဆီကိုမဟုတ်လားဗျာ၊ ဒါနဲ့ကျုပ်လည်း သူတို့ကိုပြောရတော့တာပေါ့။

“ကျုပ်စိတ်ဝင်စားတယ်ဦးကြီးရာ၊ ဦးကြီးတို့ စိတ်မကွက်ဘူးဆိုရင် အဲဒီဦးဖိုးစီကြီး ဒီမိန်းကလေးကို ဘယ်လိုကုတယ်ဆိုတာ ကျုပ်ကြည့်လို့ရမလား”

ဦးကြီးက ခေါင်းညိတ်ရင်း

“မင်းစိတ်ဝင်စားသွားပြီထင်တယ်၊ အေးလေ၊ လူငယ်ဆိုတော့လည်း သိချင်မှာပေါ့၊ လိုက်ကြည့်ပေါ့ကွာ၊ ဗဟုသုတရတာပေါ့”

ဒါနဲ့ကျုပ်လည်း အဲဒီဦးကြီးတို့နဲ့အတူတူလိုက်ခဲ့တယ်၊ မောက်ရွာဘက်ကို ဝါးတံတားကြီးအတိုင်းလှည်းနဲ့ဖြတ်ကူးခဲ့ရတယ်၊ ရွာရောက်တော့ လူတွေကိုမေးစမ်းကြည့်ရတာပေါ့ဗျာ၊ ရွာခံတွေ လမ်းညွှန်ချက်အရ ဦးဖိုးစီက ရွာပြင်မှာနေတာဗျ၊ ကျုပ်တို့လည်း ရွာကိုလှည်းနဲ့ဖြတ်မောင်းခဲ့ပြီးတော့ ရွာစွန်ရောက်တော့မှ ပျဉ်ထောင်အိမ်ကြီးတစ်လုံးကိုတွေ့လိုက်ရတာပဲဗျာ၊

“ဗျို့၊ ဦးဖိုးစီရှိသလား၊ ဆရာကြီး ဦးဖိုးစီရှိပါသလား”

“အေးအေး၊ ဝင်ခဲ့”

ကျုပ်တို့လည်း ခြံံထဲကို လှည်းမောင်းသွင်းလိုက်တယ်၊ ခြံက တော်တော်ကျယ်တာပဲဗျာ၊ ခြံထဲမှာလည်း သီးပင်စားပင်တွေ၊ အရိပ်ရပင်တွေ စိုက်ထားတာစုံနေတာပဲ၊ နွားလှည်းကိုဖြုတ်လိုက်ပြီးတော့ ကျုပ်တို့ အိမ်ပေါ်ကိုတက်ခဲ့တာပေါ့ဗျာ၊ လှည်းမောင်းတဲ့ဦးကြီးနဲ့ လှည်းနောက်မှာထိုင်ပါလာတဲ့ဦးကြီးက သူများပြုစားခံရတဲ့ မိန်းကလေးကို ချီပွေ့ပြီးအိမ်ပေါ်တင်ခဲ့တယ်၊ ကျုပ်လည်း သူတို့အနောက်ကနေ ကုပ်ချောင်းချောင်းနဲ့လိုက်ခဲ့ရတာပေါ့ဗျာ။

အိမ်ပေါ်ထပ်အရှေ့ခန်းကိုတော့ အနီရောင်တင်းတိမ်လိုက်ကာကြီးတွေနဲ့ ခန်းလုံးပြည့်ကာထားတယ်ဗျ၊ အခန်းတစ်ဖက်စွန်းမှာ ဖျာခင်းထားပြီးတော့ အဲဒီမှာလူကြီးတစ်ယောက် တင်ပလ္လင်ခွေပြီးထိုင်နေသဗျ၊ ကျုပ်တို့ဘက်ကိုမလှည့်ဘဲနဲ့ တစ်ဖက်နံရံဘက်ကိုလှည့်ပြီးထိုင်နေတာဗျာ၊ ကျုပ်တို့တက်လာပြီး ထိုင်လိုက်တော့မှ ခေါင်းတဆတ်ဆတ်ညိတ်ပြီးတော့

“မင်းတို့လာမယ်ဆိုတာ ငါကြိုသိပြီးသားပါ”

အဲဒီလိုပြောပြီးတော့ ကျုပ်တို့ဘက်ကို ချာခနဲလှည့်လိုက်တာပဲဗျာ၊ လှည့်တဲ့ပုံကလည်း အဆန်းဗျ၊ တင်ပလ္လင်ခွေမပျက်၊ ပုံစံံမပျက်ဘဲ ကျုပ်တို့ဘက်ကို လည်လာတာ။

“ဆ၊ ဆရာကြီး ဦးဖိုးစီ ဟုတ်ပါတယ်နော်”

“ဟုတ်ပါတယ်၊ ကျုပ်နာမည်ဖိုးစီပါ”

ဒီတော့ လူနာရှင်အဒေါ်ကြီးက လက်အုပ်ချီလိုက်ပြီးတော့

“ဆရာကြီး၊ ကျုပ်သမီးလေးကို ကယ်ပါအံုံးရှင်၊ ကျုပ်သမီးလေးကို သူများပြုစားတာ ခံထားရပါတယ်”

ဦးဖိုးစီက ခေါင်းညိတ်ရင်း

“ခင်ဗျားတို့ စိတ်အေးအေးထားကြပါ၊ ခင်ဗျားတို့လာတာ နေရာမှန်တယ်လို့ပဲ ပြောလိုက်ချင်ပါတယ်၊ ကဲ ကဲ ရောက်တုန်းရောက်ခိုက် ရေနွေးကြမ်းလေးသောက်ပြီး အမောဖြေလိုက်ကြပါအုံး”

အဲဒီလိုပြောပြီးတော့ ဦးဖိုးစီက ရေနွေးသောက်တဲ့ပန်းကန်လုံးတွေထည့်ထားတဲ့ လင်ဗန်းကိုကျုုပ်တို့ဘက်ကိုလှမ်းချပေးလိုက်တာပဲဗျာ၊ ဒါပေမယ့် လင်ဗန်းထဲမှာ ရေနွေးကြမ်းကရားအိုးမပါဘူးဗျ၊ ခွက်တွေချည်းပဲ။

“ဆရာကြီးက ရေတော့တိုက်ပါရဲ့ဗျာ၊ ဘယ်မှာလဲ ရေနွေးကရားအိုး”

လှည်းမောင်းတဲ့ဦးကြီးက မေးတော့မှ ဦးဖိုးစီက တစ်ခုခုကိုသတိရသွားတဲ့ပံံုံစံနဲ့

“သြော်၊ ဟုတ်သားပဲ၊ မေ့လို့၊ ကိုင်း ခင်ဗျားရေဆာနေပြီလားဗျ၊ ရေဆာနေပြီဆိုရင် ရေနွေးကြမ်းပန်းကန်လုံးကို ကိုင်လိုက်စမ်းဗျာ”

အဲဒီလူကြီးလည်း ရေနွေးကြမ်းပန်းကန်လံုံးကို ကိုင်လိုက်တယ်၊ ဦးဖိုးစီက သူ့လက်ညှိုးကို ရေနွေးကြမ်းပန်ကန်လံံုံး နှုတ်ခမ်းနဲ့ထိရင်း

“ရေနွေးပူပူကလေးကို လက်ဖက်ခြောက်ကျကျလေး ခတ်ထားသဗျ၊ သောက်စမ်းဗျာ”

အဲဒီလိုပြောလိုက်တာနဲ့ ဦးဖိုးစီလက်ညှိုးထဲကနေ ရေနွေးတွေဝေါခနဲစီးကျလာတာဗျာ၊ အငွေ့တွေလည်း တထောင်းထောင်းထလို့ဗျ၊ ရေနွေးက နီညိုရောင် ခပ်ကျကျပေါ့ဗျာ၊ ကျုပ်တို့ဖြင့် အံံ့သြလို့မဆုံးဘူးဗျာ။ ဦးဖိုးစီက နောက်ထပ်ရေနွေးပန်းကန်လုံးတစ်ခုကို ယူလိုက်ပြီးတော့

“အော်၊ ဒီက အဒေါ်က ရေနွေးမကြိုက်ဘဲကိုး၊ ရေနွေးမကြိုက်ရင်တော့ ရေအေးပဲသောက်ဗျာ၊ ကျောက်စက်ရေလို ခပ်အေးအေးကလေးပေါ့”

အဲဒီလက်ညှိုးထဲကနေ ရေတွေထွက်လာပြန်တာပဲဗျာ၊ ရေက ကြည်လင်နေတာပဲဗျ၊ ပြီးတော့ အဒေါ်ကြီးကိုခွက်လှမ်းပေးလိုက်တယ်။ အဒေါ်ကြီးက ခွက်ကိုကိုင်ထားတယ်။ ဦးဖိုးစီက အဒေါ်ကြီးကိုရော ရေနွေးခွက်ကိုင်ထားတဲ့ ဦးလေးကြီးကိုရော ကြည့်လိုက်ပြီး

“သောက်ကြလေဗျာ၊ ခင်ဗျားတို့ကလည်း ကျုပ်ကသောက်စေချင်လို့ တိုက်တာကို”

အဒေါ်ကြီးက ရေကိုမော့သောက်ချလိုက်တယ်၊ မော့သောက်နေရင်း အဒေါ်ကြီးမျက်လုံးတွေပြူးသွားတယ်။ သောက်ပြီးတော့မှ

“ရေက အေးလိုက်တာရှင်၊ သဲအိုးထဲကရေတောင် သူ့လောက်မအေးဘူး”

ဦးကြီးကလည်း ရေနွေးကိုတဖူးဖူးနဲ့မှုတ်သောက်ပြီးတော့

“ကောင်းလိုက်တာဗျာ၊ လက်ဖက်ခြောက်ကလည်း ကောင်းလို့ဗျို့”

ဦးဖိုးစီက ပြုံးလိုက်ပြီး

“ကဲ ခင်ဗျားတို့လာတာ ဟောဟိုကလေးမကြောင့် လာခဲ့တာမဟုတ်လား”

“ဟုတ်ပါတယ် ဆရာကြီးရှင့်”

“ဘယ်လိုဖြစ်တာလဲ”

“ကျွန်မတို့လည်းမသိပါဘူးရှင်၊ သမီးကလေးက အရင်ကအကောင်းပါ၊ ပြီးခဲ့တဲ့တစ်ပတ်လောက်က အိပ်ရာနိုးလာပြီးတော့ ကောက်ကာငင်ခါကြီး ရူးသွားတာပဲ၊ စကားတွေဆိုရင်လည်း ဘာမှန်းမသိတဲ့စကားတွေပြောတယ်။ မနက်နိုးပြီးမျက်နှာသစ်ရင်း သစ်ပင်ပေါ်ကငှက်ကိုကြည့်ပြီး စကားတွေထပြောတာပဲ၊ ရယ်လည်းရယ်တယ်၊ တစ်ခါတလေကျရင် ငိုလည်းငိုတယ်”

ဦးဖိုးစီက ခေါင်းတဆတ်ဆတ်နဲ့ညိတ်ရင်း

“သူများပြုစားတာတော့ ဟုတ်နေပါပြီ၊ ကဲ၊ လူနာကို အရှေ့တိုးလာခဲ့”

နေမကောင်းတဲ့မိန်းကလေးကို ဦးကြီးနှစ်ယောက်က အရှေ့ကိုတွဲထုတ်လာခဲ့တယ်၊ မိန်းကလေးက အသက်ဆယ့်ခြောက်နှစ်လောက် အပျိုအရွယ်လောက်ပေ့ါဗျာ၊ ဦးဖိုးစီကိုတွေ့တော့ တဟားဟားနဲ့ရယ်တယ်ဗျ၊ ပြီးတော့ လက်ညှိုးထိုးပြီး

“နှာဘူးကြီး၊ တဏှာရူးကြီး၊ ဟီး ဟီး”

ဦးဖိုးစီက အံကြိတ်လိုက်ရင်း

“အောင်မာ၊ ငါ့များနင်က စိန်ခေါ်သေးတယ်၊ ဟေ့ ဆိုင်ရာပိုင်ရာတွေ ဒင်းကိုဖမ်းချုပ်လိုက်စမ်း”

မိန်းကလေးက တောင့်တောင့်ကြီးဖြစ်သွားတယ်ဗျ၊

“ကဲ ခင်ဗျားတို့ သူ့ကိုထိန်းမထားနဲ့တော့ လွှတ်လိုက်ကြ”

ဦးကြီးတွေလည်း လက်နှစ်ဖက်ကို လွှတ်လိုက်တော့တယ်။ ဦးဖိုးစီက အဲဒီမိန်းကလေးရဲ့ ခေါင်းကို သူ့လက်ဝါးနဲ့ထအုပ်ကိုင်လိုက်ပြီးတော့

“ငါဆရာအမိန့်၊ ဒီကလေးမကို နှောင့််ယှက်ထားတဲ့လူ ဒီကိုချက်ချင်းလာခဲ့စမ်း”

သူပြောပြီးတာနဲ့ မိန်းကလေး အသားတွေတဆတ်ဆတ်တုန်လာတယ်ဗျ၊ ပြီးတော့ မျက်လုံးကိုအပေါ်ကိုလှန်ပြီး ဦးဖိုးစီကိုမော့ကြည့်တယ်။ ဦးဖိုးစီကလည်း

“နင်ဘယ်သူလဲ”

“ငါဘယ်သူဖြစ်ဖြစ်ပေါ့၊ နင့်အပူပါလား”

“တယ်၊ ငါ့များအာခံနေသေးတယ်၊ ငါဘာလည်းဆိုတာ နင်သိအောင်ပြရတာပေါ့”

ဦးဖိုးစီက အနောက်ကိုခြေသုံးလှမ်းလောက်ဆုတ်လိုက်ပြီးတော့

“ဟေ့၊ ဆိုင်ရာပိုင်ရာ အစောင့်အရှောက်တွေ၊ ဒီကောင်မကို မှတ်လောက်အောင်လို့ ဝါးရင်းတုတ်နဲ့ ကျောကော့အောင်နှက်ကြစမ်း”

အဲဒီလိုပြောပြီးတာနဲ့ မိန်းကလေးက အော်ဟစ်ပြီးတော့ ကော့ကော့တက်လာတာပဲဗျာ။

“အောင်မယ်လေး သေပါပြီတော့၊ နာလိုက်တာတော့”

လူနာရှင်အဒေါ်ကြီးတွေ ပျာပျာသလဲဖြစ်ကုန်တယ်ဗျ၊

“ဆရာကြီး၊ သမီးလေး နာနေပါအုံးမယ်ရှင်”

ဦးဖိုးစီက လက်ကာပြပြီးတော့

“ဘာမှမပူနဲ့၊ ကျုပ်ခင်ဗျားသမီးကိုလုပ်နေတာမဟုတ်ဘူး၊ ခင်ဗျားသမီးဘာမှမဖြစ်စေရဘူးစိတ်ချ”

ခဏကြာတော့မှ ဦးဖိုးစီက

“ကဲ နင်မှတ်ပြီလား၊ ပြောစမ်း၊ နင်ဘယ်သူလဲ”

မိန်းကလေးက ခေါင်းကိုတွင်တွင်ခါတယ်ဗျာ၊ ဦးဖိုးစီက မိန်းကလေးကိုလက်ညှိုးထိုးပြီး

“ဒီတစ်ခါ ဆေးစောင့်အင်းစောင့်တွေ၊ ဒီခေါင်းမာတဲ့ကောင်မကို အသိစိတ်ကပ်သွားအောင်လို့ လက်ဝါးထူထူနဲ့ ဘယ်ပြန်ညာပြန် ရိုက်ပေးလိုက်ကြ”

မိန်းကလေးက ထိုင်နေရင်း မျက်နှာက ဘယ်ဘက်ကိုလည်ထွက်သွားတယ်ဗျ၊ နောက်တော့ ညာဘက်ကိုလည်ထွက်သွားပါရော။

“အောင်မယ်လေး၊ နာလိုက်တာရှင်၊ မလုပ်ပါနဲ့တော့”

“ကဲ အဲဒါဆိုရင် နင်ဘယ်သူလဲဆိုတာပြော”

“ကျုပ်၊ ကျုပ်က ခင်စိန်ပါ၊ လာပို့ရွာကပါ”

“ပြောစမ်း၊ နင်ဘာဖြစ်လို့ သူ့ကိုလုပ်တာလဲ၊ နင်နဲ့သူနဲ့ ဘာရန်ငြိုးရှိလို့လဲ”

“သူနဲ့ကျုပ်နဲ့ကြားထဲမှာ ဘာမှတော့ရန်ငြိုးမရှိပါဘူးရှင်၊ ကျုပ်ကိုလူတစ်ယောက်က ငွေပေးပြီးလုပ်ခိုင်းတာပါ”

“အဲဒီလူဘယ်သူလဲ”

“ကျုပ်တပ်အပ်တော့ ပြောလို့မရပါဘူး၊ သူနဲ့အရင်းနှီးဆုံးသူငယ်ချင်းပါ၊ ကြာသပတေးသမီးပါ”

လူနာရှင်တွေက ဒီတော့မှ ဟာခနဲဟင်ခနဲဖြစ်သွားကြတယ်၊ ဦးဖိုးစီက ဆက်မေးတယ်။

“နင်မညာနဲ့နော်၊ အခင်ဆုံးသူငယ်ချင်းက သူ့ကိုလုပ်စရာလား”

မိန်းကလေးက ခေါင်းခါရင်း

“ကျုပ်မညာပါဘူးတော်၊ သူ့သူငယ်ချင်းကို ပိုးပန်းနေတဲ့ လူပျိုကာလသားက သူ့ကိုမြင်တော့ ချစ်ကြိုက်စိတ်ဝင်ပြီး သူနဲ့ပိုးပန်းရာကနေ ချစ်သူတွေဖြစ်သွားကြလို့ သူ့သူငယ်ချင်း ကြာသပတေးသမီးက မကျေနပ်လို့ ကျုပ်ကို ငွေငါးကျပ်ပေးပြီးတော့ သူ့ကိုရူးအောင်လုပ်ခိုင်းတာပါ”

လတ်စသတ်တော့ မိန်းကလေးအချင်းချင်း အချစ်လုရင်းဖြစ်တာတဲ့ဗျာ၊ အရင်ကတော့ အချစ်ဆုံးသူငယ်ချင်းတွေဆိုပေမယ့် ချစ်သူလုခံရတော့ အမုန်းဆုံးလူတွေဖြစ်သွားကြပုံရတယ်ဗျ၊ ဒါကြောင့်လည်း ရည်းစားလူလု အူနုကျွဲခတ်ဆိုတဲ့ စကားပုံရှိတာကိုး။ လူနာရှင်အဒေါ်ကြီးက

“ဒါဆို မယ်ပုဖြစ်မယ်ဆရာကြီး၊ သူတို့ကအချစ်ဆုံးသူငယ်ချင်းတွေပါ၊ အမြဲတမ်း သွားအတူတူ၊ လာအတူတူ၊ ယာထဲကိုင်းထဲဆင်းလည်း အတူတူပါပဲ၊ အခုထိတောင် အိမ်ကိုဝင်ထွက်နေသေးတာပါ၊ ကျွန်မသမီး အခုလိုရူးတော့လည်း သူကတော်တော်ဝမ်းနည်းနေရရှာတာပါ”

ဦးဖိုးစီက မျက်မှောင်ကြုတ်ရင်း

“ဘယ်လောက်ပဲ ချစ်ကြခင်ကြပါစေ၊ နှလုံးသားရေးနဲ့ပတ်သက်လာရင်တော့ အမုန်းဆုံးသူတွေဖြစ်သွားနိုင်တာပဲ၊ ခုနက ပြောပံုံအရဆိုရင်တော့ မယ်ပုဆိုတဲ့မိန်းကလေးက တော်တော်ကောက်ကျစ်စဉ်းလဲတဲ့သူပဲ၊ နောက်ဆိုရင် ခင်ဗျားတို့သတိထားကြပေါ့ဗျာ”

ဦးဖိုးစီက လူနာမိန်းကလေးကိုကြည့်ပြီး

“အေး၊ နင်သူ့ကိုလုပ်ထားတဲ့ပညာတွေ အကုန်နှုတ်သွားနော်၊ ပြီးရင် နောက်ထပ်သူ့ကိုထပ်မလုပ်တော့ပါဘူးလို့ နင်ကျိန်ဆိုရမယ်၊ တကယ်လို့ နင်ထပ်လုပ်ခဲ့ရင် နင်နင်းလိုက်တဲ့မြေကြီးက ရှစ်စိတ်ကွဲပြီးတော့ မြေမြိုပါစေ”

မိန်းကလေးလည်း ခေါင်းညိတ်တယ်ဗျာ၊ ဦးဖိုးစီက ရေတစ်ခွက်ကိုယူပြီးတော့ မန်းမှုတ်ပြီး လူနာမိန်းကလေးမျက်နှာကို ပက်ထည့်လိုက်တော့ လူနာမိန်းကလေးက အိပ်ရာကနိုးလာသလို လန့်နိုးပြီး ကြောင်စီစီကြီးဖြစ်နေတယ်။

“ရပါပြီ၊ သူအခု အန္တရာယ်ကင်းသွားပါပြီ၊ ခင်ဗျားတို့ ကျုပ်ဆီရောက်တာမြန်လို့ဗျ၊ သူ့ကိုလုပ်တဲ့ခင်စိန်ဆိုတာ နှယ်နှယ်ရရတော့မဟုတ်ဘူး၊ ဆယ့်နှစ်ကြိုးအောင်ထားတဲ့ စုန်းမဗျ၊ ထဘီခြုံရင် လင်းတဖြစ်တဲ့သူပေါ့၊ သူလုပ်ထားတဲ့ ပညာက မြင့်တယ်ဗျာ၊ ဒီအတိုင်းသာ တစ်လလောက်ဆက်သွားရင် ခင်ဗျားသမီးက ကုမရတော့လောက်အောင်ကို သွက်သွက်ခါရူးသွားနိုင်တယ်”

လူနာရှင်အဒေါ်ကြီးတွေရော၊ ဦးကြီးတွေရော ဦးဖိုးစီကို ဝိုင်းပြီးကန်တော့ကြသဗျ၊

“ကျေးဇူးတင်ပါတယ်ဆရာကြီးရယ်၊ ကျွန်မသမီးလေးမှာ ဆရာကြီးပေးတဲ့အသက်ပဲရှိပါတော့တယ်ရှင်၊ ဟဲ့ သမီး ဆရာကြီးကိုကန်တော့လိုက်လေ”

လူနာမိန်းကလေးကလည်း ကန်တော့ရှာတယ်ဗျ၊

“ဆရာကြီးကို ကျွန်မတို့ဘယ်လိုမျိုး ကန်တော့ရမလဲ၊၊ ကျေးဇူးဆပ်ရမလဲရှင်”

ဦးဖိုးစီက လက်ကာပြပြီးတော့

“နေပါစေ၊ ကျုပ်က ကျုပ်တတ်ထားတဲ့ပညာနဲ့ ခုနစ်ရက်သားသမီးတွေကို ကယ်တင်တဲ့နေရာမှာ အခကြေးငွေတို့၊ တံစိုးလက်ဆောင်တို့မယူဘဲ ကယ်တင်ပေးမယ်ဆိုပြီး သစ္စာဆိုထားလို့ ဘာမှမယူပါရစေနဲ့၊ ဒါပေမယ့် ခင်ဗျားသမီးကလေးက တစ်ရန်ကင်းသွားပြီဆိုပေမယ့် နောက်ရန်တွေက မအေးရသေးဘူးဗျ”

အဒေါ်ကြီးတွေလန့်သွားတယ်။

“ခင်စိန်က ခင်ဗျားသမီးကို မလုပ်တော့ဘူးဆိုပေမယ့် မယ်ပုက တစ်ခြားရွာက တစ်ခြားစုန်းကိုလုပ်ခိုင်းရင် ခင်ဗျားသမီးထပ်ခံရနိုင်တယ်”

“ဒီတော့ ကျွန်မတို့ဘယ်လိုလုပ်ရမလဲဆရာကြီး”

“မပူပါနဲ့၊ ခင်ဗျားတို့သမီးလေးအတွက် အမြဲတမ်းဆောင်ထားနိုင်မယ့် ဘေးကင်းရန်ကွာ ဆေးလက်ဖွဲ့အစီအရင်ကို ကျုပ်စီရင်ပေးမယ်”

“ကျေးဇူးကြီးလှပါတယ်ဆရာကြီးရှင့်”

အားလုံးပြီးသွားတော့ ကျုပ်လည်း ဦးဖိုးစီအနားကိုကပ်ခဲ့တာပေါ့ဗျာ၊ ဦးဖိုးစီရဲ့အစွမ်းကို မျက်မြင်တွေ့ရပြီဆိုတော့ ကျုပ်လည်းယုံသွားပြီပေါ့၊

“ဆရာကြီး၊ ကျုပ်ကိုလည်းတစ်ခုလောက်ကူညီပါ”

“အေးပြောလေ”

“ကျုပ်အဖေကို စုန်းမကြီးတစ်ယောက်က ပြုစားပြီးသတ်ခဲ့ပါတယ်၊ ကျုပ်အဖေသေတော့လည်း ကျုပ်အဖေကိုသူက သရဲအဖြစ်နဲ့မွှေးထားပြီးတော့ သူလိုရာခိုင်းစားနေပါတယ်ဆရာကြီး”

ဦးဖိုးစီက အံံ့သြသွားတယ်။

“အဲဒါ ဆရာကြီးအနေနဲ့ကျုပ်အဖေကို ပြန်ပြီးကယ်တင်ပေးနိုင်မလားလို့ပါ”

ဦးဖိုးစီက ခေါင်းညိတ်တယ်။

“မင်းတို့က ဘယ်ရွာကလဲ”

“မြင်းဇာကပါဆရာကြီး”

“မြင်းဇာဆိုတော့ မနီးမဝေးပေါ့၊ ကောင်းပြီ၊ အခုက လပြည့်တော့မယ်ဆိုတော့ နောက်သံုံးရက်နေရင် မင်းဒီကိုလာခဲ့ပါ၊ ငါမင်းတို့ရွာကိုလိုက်ခဲ့မယ်၊ မင်းပြောတဲ့စုန်းကို အနိုင်ယူပြီး သူမွေးထားတဲ့ မင်းအဖေကို ပြန်လွှတ်ပေးမယ်၊ ဟုတ်ပြီလား”

ကျုပ်ဖြင့်ပျော်လိုက်တာ ပြောမနေပါနဲ့တော့ဗျာ၊ ဒါနဲ့ပဲ ဦးဖိုးစီကို ကုန်းပြီးကန်တော့တာပဲ၊ ဦးဖိုးစီခြေဖမိုးကို ကျုပ်နဖူးနဲ့တိုက်ရင်း

“ကျေးဇူးတင်ပါတယ်ဆရာကြီး၊ ကျေးဇူးတင်ပါတယ်”

ဦးဖိုးစီရဲ့အစွမ်းက ဆယ့်နှစ်ကြိုးကိုတောင် နိုင်တယ်ဆိုတော့ ဒေါ်ထွေးရင်လောက်က အသာကလေးနေမှာပါပဲဗျာ၊ ဒါကြောင့် ကျုပ်အဖေကိုကျုပ်ပြန်ကယ်တင်နိုင်ပြီဆိုပြီး ကျုပ်ဖြင့်ပျော်နေမိတယ်၊ ပျော်လွန်းလို့ မျက်လုံးထဲက မျက်ရည်တွေတောင်စီးကျလာပါရဲ့ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *