ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုပါဝင်သော…
စုန်းမြူးတဲ့အရပ်
စဆုံး
စာမူ…၁၆၀
စဆုံး
တစ်နေ့၌ဘွားမယ်စိန်၏နေအိမ်ဆီသို့ အရီးလှအေး
ရောက်လာခဲ့သည်။
အရီးလှအေးဆိုတာ အားလုံးသိပြီးသားဖြစ်တဲ့
ဘွားမယ်စိန်ယောကျာ်း ဘိုးသာမောင်ရဲ့ညီမပင်ဖြစ်သည်။
အရီးလှအေးအိမ်သို့ရောက်လာတော့အိမ်၌
ရှင်ညိုသာရှိသည်။
အရီးလှအေးကရှင်ညိုကိုအမြင်သိပ်မကြည်သည်ကို
ရှင်ညိုလည်းသတိထားမိရှာသည်။
“အရီး…အလည်လာတာလား”
ဟု…ရှင်ညိုက အလိုက်တသိမေးတော့ အရီးလှအေး
ခေါင်းကိုတစ်ချက်ညိတ်၍ ကွပ်ပျစ်ပေါ်၌ဝင်ထိုင်လေသည်။
“ဟို…အဘွားနဲ့အရီးဝင်းတို့သားအမိတွေက
ဘုန်းကြီးကျောင်းကိုသွားကြတယ်အရီး…”
“ကြာပြီလားသွားတာ…”
“ကြာတော့ကြာပါပြီ…တော်နေဆိုရင်ပြန်ရောက်လာမယ်ထင်တယ်…အရီး ခဏထိုင်ဦးနော်…ကျူပ် ရေနွေးလေး
ထပ်ဖြည့်ပေးပါ့မယ်”
ကွပ်ပျစ်ပေါ်မှရေနွေးအိုးကို ရှင်ညိုယူလိုက်တော့…
“ရတယ်…အဲ့တာခဏ ချထား…
ငါညည်းနဲ့စကားပြောချင်တယ်…
လာဝင်ထိုင်အေ့…”
ဟုအရီးလှအေးက တားလေသည်။
“သြော်…ဟုတ်ကဲ့”
“ညည်းကိုပြောရဦးမယ်…
မောင်တိုးကိစ္စမှာ ညည်းဝင်ပါလို့ ဟိုဘက်ရွာကလူတွေ
ဒီအိမ်ထိလာပြီး စော်ကားပြောဆိုသွားကြတယ်ဆို…
အဲ့တာဟုတ်သလား…”
“အဲ့တာက ပြီးသွားပါပြီအရီး…”
“ဘာကိုပြီးရမှာလဲအေ့…
ညည်းကြောင့် တစ်ခါမှအဲ့သည်လိုအစော်ကားမခံရတဲ့
ငါ့အစ်မက အပြောအဆိုခံခဲ့ရတာလေ…
ဒါကိုညည်းကပြီးသွားပြီတဲ့လား…
ညည်းကဘယ်လိုမိန်းကလေးလဲ…သနားလို့နေခွင့်ပေးထားတာကို ညည်းမလို့အငြိမ်မနေအေ”
အရီးလှအေးစကားကြောင့် ရှင်ညိုဒေါသထွက်သွားသည်။
အစပိုင်းပြောနေသည်များကို ရှင်ညိုစိတ်မခုသော်လည်း
အရီးလှအေးစကားများကပို၍ ကြမ်းတမ်းလာခဲ့သည်။
“ဒီမှာအရီး…အရီးကို အဘွားရဲ့ညီမ မလို့
ကျုပ်ကပြန်မပြောဘဲနေနေခဲ့တာပါ…
ရှင်ညိုဆိုတဲ့ကျုပ်က ဘယ်သူ့အသနားမှခံတဲ့
သူမဟုတ်ဘူး…အခု ကျုပ်အဘွားတို့ဆီနေတာကလည်း
နေစရာမရှိလို့လာနေနေတာမဟုတ်ဘူး…
အရီးမသိတဲ့ကိစ္စတွေအများကြီးပဲရှိတယ်…
ဒါကြောင့်အရီးစကားပြောတာကိုလူကြီးပီပီပြောပါ…
ထပ်ပြီးကျုပ်ကို စော်ကားလာရင်ကျုပ်ဘက်ကသည်းခံလိမ့်မယ်လို့မထင်နဲ့နော်……..”
“အောင်မယ်လေး…အခုတော့ညည်းရုပ်လုံးပေါ်လာပြီပေါ့
မိုက်ရိုင်းလိုက်တဲ့မိန်းကလေးအေ…”
“ဒါကတော့ တန်ပြန်ပဲအရီး…
အရီးချိုသာရင်ကျုပ်ဘက်ကချိုသာပြမယ်…
အရီးကြမ်းတမ်းရင်ကျုပ်ဘက်ကလည်း
ကြမ်းတမ်းမယ်…ဒါပဲလေ…”
“အမယ်လေး…ကြားကြရဲ့လား…
ဒီမိန်းကလေးက ငါ့ရွာမှာနေပြီးငါ့ကိုစော်ကားနေတာ….”
အရီးလှအေးမှာမခံမရပ်နိုင်ဖြင့် အော်ဟစ်လေသည်။
“ဘာဖြစ်နေကြတာလဲလှအေး…”
ခြံဝမရောက်ခင်ကြားနေရသော ဆူညံသံကြောင့်
ဘွားမယ်စိန်တို့မှာ ခြံဝိုင်းထဲသို့ အလောတကြီးဝင်လာခဲ့ကြသည်။
ဘွားမယ်စိန်ကိုမြင်တော့ရှင်ညို မျက်နှာငယ်လေးဖြင့် လှမ်းကြည့်ရှာသည်။
“အရီးလှအေး…ကျုပ်တူမကိုဘာတွေပြောနေပြန်ပြီလဲ
ကျုပ်ပြောထားတယ်လေ…ဒီကလေးကို
ဘာမှမပြောပါနဲ့လို့…ကျုပ်ပြောထားတယ်လေ…”
“အိုအေ…ညည်းကဘာသိလို့လဲမိဝင်းရဲ့…
ဒီမိန်းကလေးက လူရှေ့သူရှေ့ကျ
အများသနားအောင်နေတာ…
လူ့နောက်ကွယ်မှာကျအတော်ကို ကြောက်စရာကောင်းတဲ့
မိန်းကလေးအေ့…”
“လှအေး… ညည်းတော်လိုက်တော့…”
အရီးလှအေးကို ဆက်မပြောရန်ဘွားမယ်စိန်က
ဟန့်တားလေသည်။
ရှင်ညို ထိုနားတွင်ဆက်မနေနိုင်တော့၍ အားလုံးကို
ကျောခိုင်းကာ ထွက်လာခဲ့တော့သည်။
“ရှင်ညို…ဘယ်သွားမလို့လဲ”
“မမ…မမ…မသွားနဲ့လေ”
နန်းကြိုင်က ရှင်ညို၏အနောက်သို့ပြေးလိုက်လာရှာသည်။
ရှင်ညိုသွားသည့်အနောက်သို့ နန်းကြိုင်
အတူတူလိုက်လာခဲ့သည်။
ညီအစ်မနှစ်ယောက် ရွာပြင်ရှိ ထနောင်းပင်ကြီးအောက်၌
ထိုင်နေခဲ့ကြ၏။
“မမ…အရီးလှအေးကိုမုန်းလားဟင်…”
နန်းကြိုင်အမေးကြောင့် ရှင်ညို…နန်းကြိုင်၏မျက်နှာကို
ကြည့်၍ပြုံးလိုက်သည်။
ပြီးနောက်ခေါင်းကိုခါရမ်းပြီး…
“မမ မမုန်းတတ်ပါဘူးညီမလေးရယ်…
အရီးလှအေးက အပြောဆိုးပေမယ့် သဘောကောင်းရှာပါတယ်”
“ဒါဆို…မမဘာလို့ ထွက်လာခဲ့ရတာလဲ…
ညီမလေးကတော့ အရီးလှအေးကိုမကြိုက်ဘူး…
အရီးလှအေးက မမကိုဆိုပြောချင်ဆိုချင်နေတာ”
“မမကသူများအရိပ်မှာလာခိုနေရတဲ့သူလေ…
အဲ့သည်လိုလူကိုဘယ်ကြည်ဖြူပါ့မလဲညီမလေးရယ်”
“ဟာ…အဘွားနဲ့အမေက မမကိုတစိမ်းလို
တစ်ခါမှမဆက်ဆံကြပါဘူး…
မမကလည်းညီမလေးတိုမိသားစုဝင်ပဲလေ…
ဒါကိုတော့ ကျုပ်သေချာသိပါတယ်မမရဲ့”
“မမလည်းသိပါတယ်…
အဘွားနဲ့အရီးကမမအပေါ်ကောင်းကြရှာပါတယ်…”
“အဲ့တာကြောင့်ပြောတာပေါ့…
အရီးလှအေးပြောတာတွေအဟုတ်မှတ်ပြီး
စိတ်မဆိုးလိုက်ပါနဲ့မမရယ်…
အဘွားနဲ့အမေက မမအပေါ်ချစ်ကြရှာပါတယ်…”
“ဒါဆိုညီမလေးကရော မမကိုမချစ်ဘူးလား”
“ဟော…ဘယ်လိုပြောလိုက်ပါ့…
ဒီညီမလေးက အားလုံးထက်မမကိုပိုချစ်တာပါနော်”
“ဟင်…ဒီစကားအရီးကြားရင်တော့
ရင်ထုပြီးငိုတော့မှာပဲညီမလေးရယ်”
“ဟီး…အမေမကြားလောက်ပါဘူးမမရဲ့”
နန်းကြိုင်လေးကိုကြည့်၍ ရှင်ညို၏စိတ်များ
ပြန်လည်လန်းဆန်းလာခဲ့သည်။
အစောပိုင်း၌ အရီးလှအေး၏စကားများကြောင့်
စိတ်အတွင်းမသက်မသာဖြစ်နေရသော်လည်း
ယခုတော့ထိုစိတ်များ ပျောက်ခြင်းမလှကွယ်ပျောက်
သွားခဲ့လေသည်။
“ကဲ…ညီမလေး…ပြန်ကြရအောင်…
ဒီအချိန်ဆိုအရီးလှအေးပြန်သွားလောက်ပါပြီ”
“မပြန်သေးရင်ကောဘယ်လိုလုပ်ကြမလဲမမ”
“မပြန်သေးရင်တော့ မမတို့တွေ အိမ်ပေါ်မှာပဲ
တက်နေကြရမှာပေါ့ညီမလေးရယ်”
ရှင်ညိုလည်း နန်းကြိုင်၏လက်ကို ကိုင်ဆွဲ၍
အိမ်သို့ပြန်လာခဲ့တော့သည်။
“ဟော…ပြန်သွားပြီ”
အရီးလှအေး အိမ်၌မရှိတော့၍ နန်းကြိုင်တစ်ယောက်
ဝမ်းသာသွားခဲ့သည်။
ကွပ်ပျစ်ခင်း၌ ထိုင်နေသော ဒေါ်ဝင်းက ရှင်ညိုနဲ့
နန်းကြိုင်တို့ကိုကြည့်၍သက်ပြင်းချရှာသည်။
“ဘယ်တွေသွားနေကြတာလဲ…
အမေဖြင့် ညည်းတို့ကိုစိတ်ပူနေတာအေ့…”
“ရွာပြင်မှာထိုင်နေကြတာပါအမေ…
အရီးလှအေးကောပြန်သွားပြီလား”
“ပြန်သွားပြီလေ…ညည်းအမေနဲ့ရန်ဖြစ်ပြီး
ပြန်သွားလေရဲ့…ဒါနဲ့သမီးရှင်ညို…
လာဒီမှာခဏလာထိုင်ဦး”
“ဟုတ်ကဲ့အဘွား”
ဘွားမယ်စိန်ကခေါ်သောကြောင့် ရှင်ညိုကွပ်ပျစ်ခင်း၌
ဝင်ထိုင်လိုက်သည်။
ဘွားမယ်စိန်ကရှင်ညိုကိုသေချာကြည့်၍…
“သမီးရှင်ညို…ညည်းတောင်ခြေရွာကိုသွားရလိမ့်မယ်”
“ရှင်…”
“ဟင်…ဘာလို့လဲအဘွား…မမကဘာလို့တောင်ခြေရွာကို
သွားရမှာလဲ”
ရှင်ညိုအံ့သြသွားသည်။
နန်းကြိုင်က မေးနေပါသော်လည်းရှင်ညိုဘွားမယ်စိန်ကို
ပြန်မမေးရှာပဲ ခေါင်းကိုညိတ်၍…
“အဘွားကတောင်ခြေရွာကို သွားနေဆိုရင်
ကျုပ်သွားနေပါ့မယ်…”
ဟု…လေသံပျော့ပျော့ဖြင့်ပြောလေသည်။
နန်းကြိုင်ကတော့ကလေးပီပီ မျက်ရည်များကျပြီး
တအီးအီးဖြင့်ငိုယိုနေတော့သည်။
“အို…ညည်းတို့ညီအစ်မဘာဖြစ်နေကြတာလဲ…
ဘာလဲ…ကျုပ်ကလှအေးပြောလို့ ညည်းကို
တောင်ခြေရွာဆီနှင်လွှတ်တယ်လို့များထင်နေသလား
မိရှင်ညို…”
“အဲ့သည်လိုပဲမဟုတ်ဘူးလားအဘွားရယ်…”
ရှင်ညိုမျက်ရည်များရစ်ဝိုင်းလာပြီးခေါင်းပင်
မမော့နိုင်ဘဲခေါင်းငုံ့၍သာပြောနေရှာသည်။
“အမယ်လေးအေ…ဒီရွာမှာလှအေးလောက်စွာတာ
လှအေးပဲရှိတာ…သူပြောလို့ ကျုပ်က ညည်းကိုနှင်တာမဟုတ်ရပါဘူးအေ…တောင်ခြေရွာသွားခိုင်းတယ်ဆိုတာ
ဟိုအကောင်မောင်တိုးနဲ့သူ့မယားကို
သွားပြန်သွားခေါ်ခိုင်းတာပါ…
ဒင်းတို့ကလည်းမခေါ်မချင်းပြန်လာကြမှာမဟုတ်ဘူးလေ”
“ရှင်…ကိုကြီးတိုးတို့ကိုခေါ်ခိုင်းတာ…”
“ဟုတ်တယ်လေ…တစ်ဖက်က ကလေးမ အမေကတော့
သူ့သမီးကိုဒင်းနဲ့စိတ်ချပြီး မခေါ်ပေမယ့်လို့…
မောင်တိုးအမေမိတာကဒီအိမ်မှာ
လာလာပြီး ငိုယိုနေတာမဟုတ်လား…သူ့ကိုကြည့်ပြီး
စိတ်မချမ်းသာလို့ပါအေ…ဒါကြောင့်
ညည်းနဲ့မောင်အုန်းတို့ကို သွားခေါ်ခိုင်းတာပါ…”
ဘွားမယ်စိန်စကားကြောင့် ရှင်ညိုခေါင်းလေးမော့လာသည်။ ငိုယိုနေသောနန်းကြိုင်လည်း
နှာရည်များတရှုံ့ရှုံ့ဖြင့် တိတ်သွားခဲ့တော့၏။
“ဒါဆိုရင်တော့ကျုပ်သွားခေါ်ပေးပါ့မယ်အဘွား”
“အေးပါအေ…နောက်ပြီးစောစောက လှအေးကိုလည်း
ဘွားဆူလိုက်တယ်သိလား…နောက်အဲ့သည်လို
မပြောစေရဘူးအေ…”
“ရပါတယ်အဘွား…ကျုပ်နားလည်ပေးနိုင်ပါတယ်…”
“အေး…အေး…အေး…ဒါနဲ့တောင်ခြေရွာကို
ဘယ်တော့လောက်သွားကြမယ်လို့ တွေးထားလဲ”
“မနက်ဖြန်မနက်အစော သွားမယ်အဘွား…
ကိုကြီးအုန်းကိုတော့ ညီမလေးကိုသွားခေါ်ခိုင်းလိုက်ပါ့မယ်”
“အေး…အေး…အေး…”
နန်းကြိုင်က မောင်အုန်းကို သွားခေါ်ပေးသည်။
မောင်အုန်းရောက်လာလေတော့…
“ကဲ…ဘာတွေများထူးလို့ ကျုပ်ကိုအခေါ်ပါးရတာလဲ
ဘွားရဲ့”
ဟု…မေးလေသည်။
“ထူးတာတော့မရှိပါဘူးကွယ်…
မောင်ရင်နဲ့မောင်ရင့်ညီမတို့ကို တောင်ခြေရွာကို
သွားခိုင်းမလို့ပါကွဲ့”
“ခင်ဗျာ…တောင်ခြေရွာမှာဘာများဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူးကွယ်…
မောင်ရင့်ညီ မောင်တိုးတို့လင်မယားကို
သွားခေါ်ခိုင်းမလို့ပါ…ဟိုမှာနေနေကြတာလည်းကြာပြီမဟုတ်လား…အဲ့ဒါကြောင့် သူတို့ကိုသွားခေါ်ခိုင်းမလို့ကွဲ့”
“ဟာ…ဒါဆိုရင်တော့ကောင်းတာပေါ့ဘွားရယ်
ကျုပ်လည်း ဒီကောင်ကြီးကိုလွမ်းလှပြီဗျ…
ကိုယ်တွေကသာလွမ်းနေရတာဗျို့…
ဒီကောင်ကြီးက မိန်းမနဲ့ဆိုတော့ ကျုပ်တို့ကိုတောင်
သတိရပါ့မလားမသိဘူးဗျာ…”
မောင်အုန်းကလည်း မောင်နှမမရှိသော တစ်ဦးထဲသော
သားပီပီ မောင်တိုးကိုချစ်ရှာသည်။
နှစ်ဦးစလုံးမှာညီအစ်ကိုအရင်းပမာသံယောဇဥ်လည်း
ရှိကြပေသည်။
“ကဲ…ဒါဆိုရင်တော့ မင်းညီမ ရှင်ညိုနဲ့မနက်ဖြန်မနက်ပဲ
တောင်ခြေရွာကိုသွားဖို့ပြင်ထားပေတော့ကွယ်…”
“ဟုတ်ကဲ့…ဟဲ့…ရှင်ညို…နင်သူတို့ကိုခိုးပေးလိုက်လို့…
အခုနင်ပြန်ခေါ်နေရပြီမဟုတ်လား…
ဟင်…ဖူးစာရေးနတ်ကြီးရဲ့…”
မောင်အုန်းစကားကြောင့် ရှင်ညိုပြုံးရယ်ကာ
ခေါင်းညိတ်လိုက်သည်။
နောက်တစ်နေ့နံနက်သို့ရောက်တော့ မောင်တိုးနဲ့
ရှင်ညိုတို့ဘွားမယ်စိန်တို့အားနှုတ်ဆက်၍ တောင်ခြေရွာဆီသို့ နွားလှည်းလေးဖြင့် ခရီးထွက်လာခဲ့ကြသည်။
“ဟူးး..နေကလည်းအတော်ပူတယ်ဟေ့…
ရှေ့နားက အပင်ရိပ်မှာခဏနားကြရအောင်ငါ့ညီမရေ”
မောင်အုန်းက ခရီးတစ်ထောက်နားဖို့ရှင်ညိုကို
ပြောလိုက်သည်။
အရိပ်ရသောသစ်ပင်များအောက်၌ နွားလှည်းကို
ရပ်ပြီး အမောဖြေကြ၏။
ထိုသို့နားနေကြစဥ် နွားလှည်းတစ်စီး သူတို့နားခိုရာသစ်ပင်အနီးသို့ရောက်လာခဲ့သည်။
လှည်းအား အဘိုးအိုတစ်ဦးကမောင်းနှင်လာခဲ့သည်။
အဘိုးအိုသည်…လှည်းခဏရပ်ပြီး ရှင်ညိုနဲ့မောင်အုန်းတို့ကိုကြည့်၍…
“ခရီးသွားတွေလား”
ဟု…မေးလေသည်။
“ဟုတ်တယ်အဘ…ကျုပ်တို့က ခရီးသွားတွေပါ…”
မောင်တိုးအဖြေကို နားထောင်ပြီးခေါင်းကိုညိတ်၍…
“နားပြီးရင်လည်းခရီးဆက်ကြကွဲ့…
အဘတို့ရွာနားကိုတစိမ်းဧည့်သည်တွေမလာတာကောင်းတယ်…မဟုတ်ရင်မင်းတို့ ဒုက္ခရောက်ကုန်ကြလိမ့်မယ်”
“ဗျာ…ဘာလို့လဲအဘ…”
“ဒါတွေမေးမနေပါနဲ့ကွယ်…
သွားစရာရှိတာဆက်သွားကြပါ…”
ဟု…ပြော၍အဘိုးအိုသည်လှည်းကိုမောင်းထွက်သွားခဲ့တော့သည်။
“ဒီအဘကဘာလဲဟ…
ပြောမယ့်ကိစ္စကိုသေချာလည်းပြောမသွားဘူး”
မောင်အုန်းက အဘိုးအိုကို လှမ်းကြည့်ရင်းပြောလေသည်။
ရှင်ညိုကတော့ အဘိုးအို၏နွားလှည်းထွက်သွားရာ
အရပ်ကိုလှမ်းကြည့်နေခဲ့သည်။
“ကိုကြီးအုန်း…ခရီးဆက်ကြစို့…
ဒီဘက်မှာပညာသည်တွေပေါပုံရတယ်…
မလိုအပ်ဘဲကျုပ်တို့ရဲ့အချိန်ကိုမကုန်စေချင်ဘူး…”
“ဟေ…ဟုတ်လား…အေး…အေး…အေး…
ဒါဖြင့် သွားကြတာပေါ့…”
မောင်အုန်းလည်း ရှင်ညိုပြောလေမှ အလန့်တကြားဖြင့်
နွားလှည်းပေါ်သို့ပြန်တက်တော့သည်။
နွားလှည်းကိုလည်း ထိုနေရာမှအမြန်ဆုံးမောင်း
ထွက်လာခဲ့၏။
“ပြောမယ်သာပြောရတာ…
ဒီဘက်ရွာတွေက ပညာသည်တွေပေါတယ်ရှင်ညိုရဲ့
ငါတို့ အရီးဆီကိုစသွားတဲ့အခေါက်ကဆို…
ဘွားခမြာသူတို့ပညာတွေနဲ့စမ်းသပ်တာခံရသေးတာဟ…
ငါတို့ရွာဘက်တွေနဲ့တော့ကွာကိုကွာပါတယ်ဟာ…”
“ကိုကြီးအုန်းပြောတာလည်းမှန်ပါတယ်…
ကျုပ်တို့ရွာတွေနဲ့ကွာခြားဆို…
အဘွားက သူတို့ကိုအရင်ဆုံး ဦးချိုးထားလို့သာ
ငြိမ်နေကြတာ… ကိုယ့်ရပ်ရွာမှာအဲ့သည်လိုမျိုး
ထက်တဲ့ပညာသည်ကိုနင်းထားနိုင်မှ တခြားအရပ်တွေကို
စိတ်ချလက်ချသွားနိုင်တာပေါ့ကိုကြီးအုန်းရဲ့…”
“ဟေ…အဲ့သည်လိုလား”
မောင်အုန်းနဲ့ရှင်ညိုတို့ခရီးနားလိုက်ဆက်သွားလိုက်ဖြင့်
မှောင်ရိပ်ပင်ပျိုးလာပြီဖြစ်သည်။
“မဝေးတော့ဘူး ရှင်ညို…
နောက်သုံးရွာကျော်ရင် ရောက်ပြီဟ”
“ရာသီဥတုကြောင့် ခရီးကထင်သလောက်မတွင်ဘူးတော်
ခါတိုင်းဆိုနေစောင်းတာနဲ့ရောက်နေလောက်ပြီ”
“အေးဟ…”
စကားတပြောပြောဖြင့် မောင်းနှင်လာကြရင်း
ရွာတစ်ရွာအနီးသို့ရောက်လာခဲ့သည်။
“ကိုကြီးအုန်း လှည်းခဏရပ်လိုက်”
မလှမ်းမကမ်း၌ ဆံပင်စုတ်ဖွားကြီးဖြင့် မိန်းမကြီးတစ်ယောက်ကို ရှင်ညိုတွေ့လိုက်သောကြောင့် မောင်အုန်းကို
လှည်းရပ်စေသည်။
“ဘာလဲ…လှည်းကြုံတင်မလို့လားရှင်ညို”
ရှင်ညိုခေါင်းကိုခါရမ်းပြီး…
“မဟုတ်ဘူး…သူ့ကြည့်ရတာလူကောင်းမဟုတ်ဘူး
ကိုကြီးတိုး…ကျုပ်လှည်းပေါ်ကခဏဆင်းမယ်…”
“ဟဲ့…ရှင်ညို…နေဦးလေ…
ဘယ်သွားမလို့လဲ”
ချက်ချင်းနွားလှည်းပေါ်မှဆင်းသွားသောရှင်ညိုကို
မောင်အုန်းအော်ခေါ်သည်။
ရှင်ညို၏နွားလှည်းအရှေ့၌ ရပ်၍ဆံပင်စုတ်ဖွားဖြင့်
မိန်းမကြီးကိုခါးထောက်ကာကြည့်နေသည်။
“ငါ့လမ်းကိုလာမနှောက်ယှက်နဲ့…
ကိုယ်နေရာနဲ့ကိုယ်နေ…မဟုတ်ရင်တော့
ငါ့အကြောင်းကိုသိစေရမယ် …”
ဟု…ရှင်ညိုက ပြောလိုက်သည်။
ဆံပင်စုတ်ဖွားနဲ့မိန်းမကြီးက ရှင်ညိုကိုကြည့်၍
ခါးကြီးထောက်ကာတဟားဟားရယ်မောနေသည်။
ထိုမိန်းမကြီးမှာ အောက်လမ်းစုန်းပညာသည်
တစ်ဦးဖြစ်သည်။မိဘဆွေမျိုး…သားသမီးဟူ၍မရှိ…
ရွာ၌ အောက်လမ်းအတတ်ဖြင့်
ပြုစား…ခြောက်စားလုပ်ကာဝမ်းရေးကို
ဖြေရှင်းနေသူပင်။
သူ၏အမည်မှာမိလှိုင်ဖြစ်သည်။
ယခုလည်း ရှင်ညို၏လမ်းကိုပိတ်၍
တားဆီးနေခဲ့သည်။
“ကောင်မလေး…ညည်းငါ့ကိုခစားပြီးမှ
ငါ့ရွာကိုကျော်ခွင့်ရမယ်…လာခစားစမ်းငါ့ကို…”
စုန်းမ မိလှိုင်၏စကားကြောင့် ရှင်ညိုမှာတဟားဟားရယ်မောတော့သည်။
သူ့အားလှောင်ပြောင်ကာရယ်မောနေသည့်ရှင်ညိုကို
ကြည့်၍ စုန်းမမိလှိုင်မှာ ဒေါသများထွက်နေချေပြီ။
“တောက်…ကောင်မ…မလောက်လေး
မလောက်စားကများ…”
တဟားဟားရယ်မောနေသော ရှင်ညိုအား အပင်းထည့်ဖို့
ကြိုးစားသည်။
“တောက်…”
ရှင်ညိုတောက်တစ်ချက်ခေါက်လိုက်လေတော့
စုန်းမမိလှိုင်၏ ပညာဖြင့် ဖန်တီးလိုက်သော ယင်ကောင်သည် မြေသို့ပြုတ်ကျကာ လောက်များတဖွားဖွားတက်နေသည့် အသားဖက်အဖြစ်ပြောင်းလဲသွားခဲ့တော့သည်။
“ဒါပဲလား…နင့်ပညာ…ဟဲ့…ချေးစားတဲ့ကောင်မ…
နင့်အဆင့်လောက်နဲ့ငါ့ကိုမယှဥ်ပြိုင်လေနဲ့…
နင့်ထက် ထက်တဲ့ကောင်မရှိရင်လည်းခေါ်လိုက်စမ်း..
နင်တို့လိုစုန်းမတွေကို ငါကဟောသည်လို
ချေမွဖျက်ဆီးပစ်မယ့် ကဝေဟဲ့ ကဝေ….”
ရှင်ညို၏စကားနဲ့အမူအရာကြောင့် စုန်းမမိလှိုင်ထိတ်လန့်သွားသည်။
ချက်ချင်းဆိုသလို မြေပေါ်သို့မောက်ချ၍…
“ကျုပ်မသိလို့…မသိလို့စော်ကားမိတာပါသခင်မရယ်…
ကျုပ်ကိုခွင့်လွှတ်ပေးပါတော်…”
ဟု…တုန်ရီသောအသံဖြင့် ပြောလေသည်။
ရှင်ညိုကတော့ စုန်းမမိလှိုင်ကို မျက်တောင့်နီကြီးဖြင့်စိုက်ကြည့်နေသည်။
“နင်ဘာကောင်မလဲဆိုတာပြချင်ရင်ပြလိုက်စမ်းပါ…
အစောက သတ္တိတွေဘယ်ရောက်သွားတာလဲဟဲ့…”
“ကျုပ်မှားပါတယ်သခင်မ…ကျုပ်တောင်းပန်ပါတယ်…
ကျုပ်ကိုခွင့်လွှတ်ပေးပါ…ကျုပ်တောင်းပန်ပါတယ်”
စုန်းမမိလှိုင်မှာ ရှင်ညိုကိုအတော်လေးကြောက်လန့်နေသည်။
စုန်းမ မိလှိုင်ကတောင်းပန်နေ၍ ရှင်ညို မျက်လွှာပြန်ချလိုက်ကာ ဒေါသကိုလျော့ချလိုက်သည်။
“ကဲ…ဒါဆိုရင်ဖယ်…ငါသွားမယ့်လမ်းမှာမပိတ်လေနဲ့…
နင့်ကောင်မတွေကိုလည်းသတင်းပို့လိုက်…
ငါ့လမ်းမှာနှောက်ယှက်ရင် ခွင့်လွှတ်ပေးမယ်မထင်နဲ့လို့”
“ဟုတ်…ဟုတ်ကဲ့…ကျုပ်ပြောထားပါ့မယ်”
ရှင်ညို နွားလှည်းပေါ်သို့ပြန်တက်လိုက်သည်။
စုန်းမ မိလှိုင်တို့ရွာကိုကျော်လာလေတော့…
“ငါတို့အရင်တစ်ခေါက်ကအဘွားနဲ့
အတူတူလာဖူးပါတယ်…
အခုလိုမျိုးမကြုံခဲ့ရပါဘူးရှင်ညိုရာ…”
“ဒါတော့ဘယ်တူမလဲကိုကြီးအုန်းရယ်…
အဘွားအကြောင်းကသူတို့သိပြီးလောက်ပြီလေ…
ကျုပ်အကြောင်းကိုတော့သူတို့ အခုမှသိကြမှာ…”
“အေးဟာ…ဒီဘက်ရွာတွေက အတော်ဆိုးပါတယ်…”
မောင်အုန်းစကားကိုရှင်ညို
ခေါင်းညိတ်ထောက်ခံလိုက်သည်။
ရွာနှစ်ရွာကိုကျော်လွန်လာပြီးနောက် တောင်ခြေရွာသို့
ရှင်ညိုတို့ရောက်လာခဲ့သည်။
ခြံဝိုင်းထဲသို့ ဝင်လာသော ရှင်ညိုတို့နွားလှည်းကြောင့်
ထမင်းစားနေသော မောင်တိုးတို့မှာအံ့သြ ဝမ်းသာဖြစ်ကုန်ကြရ၏။
“ဟာ…ရှင်ညိုနဲ့ကိုကြီးအုန်းတို့ရောက်လာတာပဲ”
မောင်တိုးတစ်ယောက်လက်ကို ကပျာကယာဆေးပြီး
နွားလှည်းအနီးသို့ရောက်လာခဲ့သည်။
“ဘယ့်နဲ့လဲငါ့ကောင်ကြီးရဲ့ ဒီမှာအတော်ပျော်နေတဲ့ပုံပဲ…
မင်းကတော့ငါတို့ကိုမေ့နေပေမယ့် ငါတို့ကတော့
မမေ့ရက်လို့ရောက်လာခဲ့ရတာကွ”
“ဟာဗျာ…ကျုပ်ကမေ့စရာလားကိုကြီးအုန်းရာ…
နေ့ရှိသ၍ရွာနဲ့အမေ့ကိုလွမ်းနေတာပါဗျ…”
“ဟောဗျာ…မိန်းမကိုဘေးမှာထားပြီး မင်းကရွာကို
လွမ်းနေတယ်ပေါ့…ဟုတ်လား…”
“ဟဲ…ဟဲ…”
“အောင်မယ်လေးဗျာ…ရှက်နေသတဲ့…
အရီးနေကောင်းတယ်နော်…”
မောင်အုန်းက မောင်တိုးကိုစရင်း ဒေါ်နော်ခမ်းကိုနှုတ်ဆက်လိုက်သည်။
ရှင်ညိုကိုတော့ ခင်မြချစ်နဲ့မိညှပ်တို့ကလာခေါ်ကြသည်။
“လာ…လာ…ထိုင်ကြ…ထိုင်ကြ
ထမင်းစားရင်တစ်ခါထဲအတူတူစားလိုက်
ကြတာပေါ့အေ့…”
ရှင်ညိုလည်းလက်ဆေးပြီး ဒေါ်နော်ခမ်းတို့နှင့်ထမင်းအတူတူဝင်စားလိုက်သည်။
မောင်တိုးနဲ့မောင်အုန်းကတော့ နွားများကို အစာကျွေး
ရေတိုက်လုပ်ပေးနေကြ၏။
ထမင်းစားသောက်ပြီးလေတော့မှ
စကားထိုင်ပြောကြတော့သည်။
“အစ်မ…ကျုပ်အစ်ကိုက အစ်မကိုစိတ်ချမ်းသာအောင်ထားရဲ့လား”
“ထားပါတယ်ညီမလေးရဲ့…
ဒါနဲ့…အစ်မအမေတို့ အစ်မကို
စိတ်အတော်ဆိုးနေကြပြီလားဟင်…”
ခင်မြချစ်တစ်ယောက် သူ၏အမေအကြောင်းကို
မေးသောအသံမှာဖျော့တော့အားငယ်နေရှာသည်။
“ကျုပ်တို့လာတာကလည်းအဲ့သည်ကိစ္စပဲအစ်မရဲ့…
အစပိုင်းကတော့သူတို့လည်းစိတ်ဆိုးကြတာပေါ့…
ဒါပေမယ့် ကိုကြီးတိုးနဲ့ဆိုတော့စိတ်ချပါတယ်တဲ့လေ..
အစ်မတို့ရွာပြန်လာမှာကိုပဲစောင့်နေပါ့မယ်တဲ့…”
“ဟင်…အဲ့တာ…အဲ့တာ တကယ်ပြောတာလား
ညီမလေး…”
“တကယ်ပြောတာပါအစ်မ”
ခင်မြချစ်ခေါင်းကိုညိတ်၍ ဝမ်းသာမျက်ရည်များ
ကျနေခဲ့သည်။
“ကျူပ်မပြောဘူးလား…
ကျုပ်ယောက္ခမကြီးနဲ့ကျုပ်ယောက်ဖကြီးက
ကျုပ်နဲ့သဘောတူပါတယ်ဆိုဗျာ…”
“ဟေ့ကောင်မောင်တိုး…သဘောတူတာမင်းယောက္ခမကြီးပဲတူတာကွ…ယောက်ဖကြီးကတော့ မင်းကို
ဓားကျိန်းကျိန်းနေတာဟေ့…”
“ဗျာ…”
မောင်အုန်းစကားကြောင့် မောင်တိုးမှာ
မျက်နှာကြီးရှုံ့တွန့်သွားခဲ့သည်။
မောင်တိုးကိုကြည့်၍ ရှင်ညိုတို့ဒေါ်နော်ခမ်းတို့မှာ
သဘောကျကုန်ကြသည်။
ရှင်ညိုကလည်း ခင်မြချစ်နဲ့မောင်တိုးတို့ကို ရွာကအကြောင်းများပြောပြပေးသည်။
“ဟေ…ဒါဆို ငါ့အမေက ငါ့ကိုလွမ်းနေရှာတာပေါ့”
“တော့်ကိုလွမ်းလို့ပဲလား…ဒါမှမဟုတ်
ကျုပ်နဲ့များသဘောမတူတာလားအစ်ကို…”
“ဟာ…မဟုတ်လောက်ပါဘူး…
ဟီး…အမေက ကျုပ်နဲ့ညီမကိုမတန်ဘူးတောင်ထင်နေမှာ…
ဘာလို့ဆိုရင် ကျုပ်ယူထားတဲ့ကျုပ်မိန်းမက
အချောအလှလေးလေဗျာ…”
“အဲ့တာကတော့အမှန်ပဲမောင်တိုးရ…
မင်းနဲ့တန်တောင်မတန်ပါဘူးကွာ…”
“ဟာဗျာ…ကိုကြီးအုန်းကလည်း ကျူပ်ဆိုပြောဖို့ပဲ
ချောင်းနေတော့တာ…”
“ကိုကြီးတိုးရေ…ကိုကြီးအုန်းက သူ့အရင်မိန်းမယူသွားလို့
ကိုကြီးတိုးကို ဒေါသထွက်နေတာ…
အဲ့သည်မကျေနပ်ချက်ကြောင့်ပဲကိုကြီးတိုးကို
အခုလိုပြောနေတာဖြစ်ရမယ်”
“ဟာ..ဟုတ်လား…ဒါကတော့ဗျာ သူ့ကုသိုလ်နဲ့သူပဲဗျ…
ဒေါသမထွက်လေနဲ့…ဟေးးဟေးးးဟေးးးဟေးးး…”
မောင်တိုးစကားကြောင့် ရှင်ညိုတို့တဟားဟားရယ်မောကုန်ကြသည်။
ဒေါ်နော်ခမ်းကတော့ ရှင်ညိုတို့ကိုကြည့်၍ ရေနွေးကြမ်းသောက်ရင်းပြုံးနေခဲ့ရှာသည်။
“ငါလည်း အရီးကျေးဇူးကြောင့် သူ့ကို
သေချာထားနိုင်တာဟ…
မိညှပ်ကလည်းသူ့အစ်မကိုဂရုစိုက်ပေးရှာပါတယ်ဟာ…”
“ဟုတ်ပါ့…အခုရွာကိုပြန်ကြရတော့မယ်ဆိုတော့
အရီးနဲ့မိညှပ်တို့ကိုလွမ်းနေရပြန်တော့မှာပဲတော်…”
“ဒီလိုလည်းဘယ်ဟုတ်မလဲကွယ်…
အရီးဘက်က မောင်ရင်တို့လင်မယားကို
သံယောဇဥ်ရှိလို့သာ လိုအပ်တာမရှိရအောင်
ထားထားတာပေါ့…
ရွာကိုပြန်သွားပြီး မင်္ဂလာဆောင်ရင်လည်း
အရီးတို့လိုက်လာကြမှာ…”
“ဒါဆို ကျုပ်တို့ပြန်ရင်အရီးတို့လိုက်ခဲ့မှာပေါ့”
“ဒါပေါ့ကွယ်…”
“ဟေး…ဒါဆိုမိညှပ်တော့အရီးဝင်းတို့နဲ့ထပ်တွေ့ရဦးမယ်…
ဟီး…ပျော်လိုက်တာ…”
မိညှပ်ကသောင်ထွန်းရွာကိုလိုက်ရမည်ဆို၍
ပျော်ရွှင်နေခဲ့သည်။
အားလုံးလည်းယခုမှပြန်ဆုံကြသောကြောင့်
ပြောစရာစကားများကမကုန်နိုင်ဖြစ်နေခဲ့ကြသည်။
စကားဆက်ပြောနေကြရင်းသန်းခေါင်သို့ရောက်မှ အိပ်ရာဝင်ခဲ့ကြလေသည်။
ရှင်ညိုနဲ့ဒေါ်နော်ခမ်းတို့သာ မအိပ်သေးဘဲ
ထိုင်နေခဲ့ကြ၏။
“ဘယ်လိုလဲရှင်ညို…လမ်းခရီးမှာအဆင်ပြေရဲ့လား”
ဟု…ဒေါ်နော်ခမ်းကမေးတော့ ရှင်ညိုကပြုံး၍…
“အရီးနယ်က ပညာသည်တွေပေါလိုက်တာအရီးရယ်…
လမ်းမှာတစ်ယောက်တော့တွေ့ခဲ့ပါတယ်…
ဒါပေမယ့်ကျုပ်ဘက်ကပညာတောင်မထုတ်ရသေးဘူး
သူ့မှာပျာယာကိုခက်လို့တော်…”
ဟုပြောလိုက်သည်။
“အဲ့သည်လိုပါပဲ…ဒင်းတို့က ပညာကြီးတာ
သေးတာမသိဘူး…တစ်ခုခုဆိုပြုစားမယ်
ခြောက်စားမယ်ဆိုပြီးလုပ်နေကြတာ…
ညည်းလိုလူမျိုးနဲ့တွေ့တော့မှ ဒင်းတို့မှတ်ကြတာအေ့”
“အရီးလည်းဒီနယ်ကိုပိုင်တာ…
နည်းတဲ့ကြိုးစားထားမှုတော့မဟုတ်လောက်ဘူး…
ဒီလောက်ပညာသည်တွေပေါတဲ့နေရာကြီးမှာ
အရီးနေနိုင်တာကျုပ်ချီုးကျူးမိတယ်…”
“အမယ်လေးအေ…ကျုပ်ကိုမြှောက်မနေစမ်းပါနဲ့
ရှင်ညိုရယ်”
ဒေါ်နော်ခမ်းမှာ ရှင်ညို၏စကားကြောင့်
သဘောကျသွားရှာသည်။
ထိုသို့ဖြင့် ရှင်ညိုတို့လည်းတောင်ခြေရွာ၌ တစ်ရက်မျှဆက်နေပြီး နောက်တစ်ရက်မှာတော့ ဒေါ်နော်ခမ်းတို့ကိုပါ
ခေါ်၍ သောင်ထွန်းရွာသို့ပြန်လာခဲ့ကြတော့သည်။
ပြီးပါပြီ…
ယဥ်မင်း(ကန့်ဘလူ)