စဆုံး
တစ်နေ့၌သောင်ထွန်းရွာဆီသို့ အသက်၈၀ကျော်အရွယ်
အဘိုးကြီးတစ်ဦး ရောက်လာခဲ့သည်။
ထိုအဘိုးကြီး၏အမည်ကို ဦးမြဲဟုခေါ်၏။
လူတိုင်းကတော့ ဘိုးမြဲဟုသာ ခေါ်ကြသည်။
ဘိုးမြဲသည် နယ်လှည့်ဆေးကုပေးသည့်
ဆေးဆရာကြီးဟုလူအများကသိကြသည်။
ယခုတော့ ဘိုးမြဲတစ်ယောက် သောင်ထွန်းရွာ
ဘုန်းကြီးကျောင်းသို့ ရောက်လာခဲ့လေသည်။
“တပည့်တော်က နေရာအတည်တကျမရှိပါဘူးဘုရား…
တပည့်တော်တတ်မြောက်ထားတဲ့ပညာလေးနဲ့
နယ်တွေ၊ရွာတွေကိုလှည့်လည်ဆေးကုပေးနေသူပါဘုရား”
ဟု…ဘိုးမြဲက ကျောင်းထိုင်ဆရာတော်ကြီးကိုလျှောက်တင်ပြီး တည်းခိုခွင့်တောင်းရှာသည်။
ဆရာတော်ကြီးကခွင့်ပြုလေတော့မှ သောင်ထွန်းရွာထဲရှိ
ဆေးဝါးကုသချင်သူများထံ တစ်အိမ်တက်တစ်အိမ်ဆင်း
ကုသပေးရှာသည်။
သောင်ထွန်းရွာထဲ၌တော့ ဘိုးမြဲ၏သတင်းများက
ပျံ့လွှင့်လို့နေခဲ့၏။
“ဘိုးမြဲက အသက်ကသာကြီးတာဟေ့…
အတော်လေးသွက်တုန်းလက်တုန်းဟ”
“အမယ်လေး…သွက်လက်တာထက်…
ဆေးကုပေးတာလည်းစေတနာပါသေးတယ်…
နောက်ပြီးငွေကြေးကလည်းစေတနာရှိသလောက်ပေးတဲ့
မပေးနိုင်လည်း…ထမင်းလေးတစ်နပ်လောက်ကျွေးလိုက်ရင်ကိုရတယ်ဆိုပဲတော့်…”
“ဟုတ်ပ…ဟုတ်ပ…အတော်စေတနာကောင်းတဲ့
ဆေးဆရာကြီးပါဗျာ…”
ဟု…ရွာသူ၊ရွာသားများ၏ပါးစပ်ဖျား၌ ဘိုးမြဲ၏
သတင်းများက ပျံ့လွှင့်လို့နေခဲ့တော့၏။
“အမေ…”
“ဟေ…”
“ရွာထဲမှာဆေးဆရာကြီးတစ်ယောက်
ရောက်နေတယ်တဲ့တော့်…”
“ဘယ်ကဆေးဆရာကြီးလဲသမီးရဲ့”
“နယ်တွေ…ရွာတွေလှည့်ပြီးကုပေးတဲ့
ဆေးဆရာကြီးတဲ့အမေ…ရွာထဲကလူတွေကတော့
နှာစေး…ချောင်းဆိုးတာကအစ ဘိုးမြဲ…ဘိုးမြဲနဲ့
သွားနေကြတာ…အသက်ကလည်းအတော်ကြီးပြီအမေရဲ့…ဒါပေမယ့် အဘိုးကြီးက သွက်သွက်လက်လက်
ရှိတုန်းပဲ…”
“အေးလေ…ရွာအတွက်ကောင်းတာပေါ့”
“ဟီး…ကျုပ်လည်းအိမ်ခေါ်ပင့်ချင်တယ်အမေ”
“ဟေ…ညည်းကဘာဖြစ်လို့တုန်းအေ့”
“ဖြစ်တာတော့မရှိပါဘူးအမေရယ်…
နောက်ကျောလေးဘာလေးတက်ချင်သလိုလို…
ဇတ်တွေကခပ်လေးလေးဖြစ်နေလို့ပါ…”
“အိုအေ…ညည်းတူမရှင်ညို ဖော်ပေးပါလိမ့်မယ်…
သူတစ်ပါးကို အပူမပေးစမ်းပါနဲ့ မိဝင်းရယ်…”
“အမေကလည်း… အဲ့တာဆို ထမင်းလေးဖြစ်ဖြစ်တော့
ကျုပ်ဖိတ်ကျွေးချင်တယ်တော်…”
“ဒါဆိုရင်လည်း ညည်းသဘောပဲအေ…
ဖိတ်လိုက်…ဖိတ်လိုက်…ထမင်းဟင်းလေးတော့
သေချာလေးပြင်ဆင်ကျွေးပေါ့…”
“ဟုတ်ကဲ့အမေ”
ဒေါ်ဝင်းမှာ ဘိုးမြဲကိုထမင်းဖိတ်ကျွေးခွင့်ရ၍
ဝမ်းသာနေရှာသည်။
ဘိုးမြဲကိုထမင်းဖိတ်ကျွေးနိုင်ဖို့လည်း ဘုန်းကြီးကျောင်းသို့သွား၍ သေချာဖိတ်ကြားခဲ့လေသည်။
“စိတ်ချအရီး…အဘိုးကိုကျုပ်ကိုယ်တိုင်
လိုက်ပို့လိုက်မယ်ဗျ…”
“အေးပါငသွင်ရယ်…နင့်လည်းအိမ်မှာပဲစားသွားသိလား”
“ဟုတ်ကဲ့အရီး”
ဘုန်းကြီးကျောင်းသားငသွင်က ဘိုးမြဲကို သူကိုယ်တိုင်လိုက်ပို့ပေးမည်ဟု…ဒေါ်ဝင်းကိုကတိပေးရှာသည်။
ထမင်းဖိတ်ကျွေးသည့်နေ့သို့ရောက်တော့လည်း
ဘိုးမြဲနဲ့အတူငသွင်ပါလိုက်လာခဲ့သည်။
ဘိုးမြဲကတော့ ချည်လွယ်အိတ်ကြီးလွယ်ကာ သူ၏နဂိုပုံစံဖြစ်သည့် မျက်နှာထားပြုံးပြုံးလေးဖြင့် လိုက်လာခဲ့၏။
ဘွားမယ်စိန်က ဘိုးမြဲကိုမြင်တော့အကဲခတ်နေသည်။
ဘိုးမြဲ၏ခေါင်း၌ ဆံပင်က ကျိုးတိုးကျဲတဲသာရှိပြီး
ထိုကျိုးတိုးကျဲတဲဆံပင်များမှာဖြူကာဖွေးလို့နေလေသည်။
“ကျုပ်ဝင်ထိုင်မယ်နော်…”
“ထိုင်ပါ…ထိုင်ပါ…ငသွင်…မောင်ရင်လည်းထိုင်ကွဲ့”
“ဟုတ်ကဲ့အဘွား”
ဘိုးမြဲက ကွပ်ပျစ်ခင်း၌ဝင်ထိုင်သည်။
ငသွင်ကတော့ ထန်းလက်ခုံလေး၌ထိုင်နေ၏။
“ရေနွေးလေးသောက်ပါဦးတော်…”
“ဟုတ်ကဲ့…ဟုတ်ကဲ့”
ဘိုးမြဲက ဘွားမယ်စိန်ငှဲ့ပေးသော ရေနွေးကြမ်းကို
ယူသောက်ရှာသည်။
“ရွာထဲမှာတော့ဘိုးမြဲသတင်းတွေကမွှေးနေတာပဲ…
လူကိုတော့အခုမှမြင်ဖူးတယ်တော်…”
“ဟဲ…ဟဲ…ဟဲ…ဒီလိုပါပဲဗျာ…
ကျုပ်လည်း ဒီကဘွားမယ်စိန်အကြောင်းတွေကြားသိခဲ့ရပါတယ်…အခုလိုမြင်တွေ့ရတော့ပိုပြီးဝမ်းမြှောက်ဝမ်းသာဖြစ်ရပါတယ်ဗျာ…”
ဟု…ဘိုးမြဲက ပြုံးပြုံးလေးဖြင့်ပြောလေသည်။
“ဘွား…ကျုပ်လာတယ်ဗျ…
ဟောသည်မှာ အဘွားသမီးကျုပ်မိန်းမက
အဘွားကြိုက်တဲ့ နှမ်းဖက်ချဉ်အသုပ်လေးလာပေး
ခိုင်းလိုက်လို့လေ …”
“ဟဲ့…မောင်တိုး…နင့်မိန်းမကငါတို့အတွက်ကျ
မပါဘူးတဲ့လား”
“ပါတာပေါ့ဗျာ…ဒါနဲ့အရီးတို့သုံးယောက်က
မီးဖိုထဲဘာဝင်လုပ်နေကြတာလဲ…”
“ဆေးဆရာကြီးကိုထမင်းကျွေးဖို့ဖိတ်ထားလို့
ပြင်နေကြတာဟဲ့…”
ခြံဝိုင်းထဲဝင်လာသောမောင်တိုးသည် မီးဖိုရှေ့၌ရပ်၍
မီးဖိုအတွင်းမှဒေါ်ဝင်းနှင့်စကားရပ်ပြောနေခဲ့သည်။
ဘိုးမြဲက မောင်တိုးကို မြင်တော့ အံ့သြ ဟန်ဖြင့်
ကြည့်နေခဲ့သည်။
ပြီးနောက် လက်ညိုးကြီးထိုး၍…
“အစ်…အစ်ကိုကြီး ငသြ……”
ဟု…ဝမ်းသာအားရအသံကြီးဖြင့် အော်ကာ
ခေါ်လိုက်သည်။
ဘိုးမြဲအသံကြောင့် ဘွားမယ်စိန်မှာ ဘိုးမြဲကိုကြည့်နေသလို မောင်တိုးပင်အလန့်တကြားဖြင့် ဘေးဘီကိုကြည့်နေခဲ့ရှာသည်။
“အစ်ကိုကြီးငသြ…ကျုပ်ကိုမမှတ်မိဘူးလားဗျာ”
ဘိုးမြဲက မောင်တိုးအနီးသို့ရောက်ချလာပြီး
ထပ်မံ၍မေးပြန်သည်။
“အဘိုး…အဘိုးက ကျုပ်ကိုပြောနေတာလား”
မောင်တိုးအသံကြောင့် ဒေါ်ဝင်းနဲ့ရှင်ညိုတို့ပင်
မီးဖိုထဲမှထွက်လာခဲ့၏။
ဘုန်းကြီးကျောင်းသားငသွင်လည်း ဘိုးမြဲအနီးသို့သွားကာ…
“အဘိုး…အဘိုးက ကိုကြီးတိုးနဲ့သိလို့လားဗျ…”
“ကိုကြီးတိုး…ဟုတ်လား…မဟုတ်တာကွာ…သူ့နာမည်က
ငသြပါကွ…ငါမင်းအရွယ်ကတည်းက သူတို့နောက်အတူတူလိုက်နေတဲ့ကောင်ကွဲ့…သိတာပေါ့
ကိုကြီးငသြမှကိုကြီးငသြပါကွယ်…”
“မဟုတ်ဘူးနော်အဘိုး…တစ်ခုခုတော့မှားနေပြီဗျ…
သူက ကိုကြီးတိုးပါအဘိုးရဲ့”
“မမှားပါဘူးဆိုကွယ်…
ကိုကြီးငသြ…ကိုကြီးငထိန်ကောဘယ်မှာတုန်း…
အတူတူမရှိကြဘူးလားဗျ”
မောင်တိုးမှာ ဘိုးမြဲအမေးကိုမည်သို့ဖြေရမည်မသိဘဲ
တောင့်တောင့်ကြီးသာရပ်နေခဲ့သည်။
“အဘိုး…ကျုပ်တို့ကွပ်ပျစ်မှာအရင်သွားထိုင်ကြရအောင်
ကိုကြီးတိုးလည်းလိုက်ခဲ့လေ”
ရှင်ညိုက ဘိုးမြဲကို တွဲ၍ ကွပ်ပျစ်ခင်းပေါ်
ပြန်ခေါ်သွားသည်။
မောင်တိုးကလည်းအတူတူလိုက်လာခဲ့၏။
ဘိုးမြဲက မောင်တိုးကိုမြင်တော့ အတော်လေးဝမ်းသာနေဟန်ရသည်။
ဘိုးမြဲ၏မျက်နှာအထက်က အပြုံးများကို
ဘေးလူများမှာ နားလည်ရခက်နေခဲ့သည်။
“အဘိုး…ကျုပ်နာမည်က မောင်တိုးပါဗျ…
ကျုပ်ကဒီသောင်ထွန်းရွာသားပါ…
အဘိုးပြောတဲ့ငသြ ဆိုတာကို ကျုပ်သိလည်းမသိဘူး
ကြားလည်းမကြားဖူးဘူးဗျ…”
ဟု…မောင်တိုးက ပြောတော့ ဘိုးမြဲက ခေါင်းလေးကို
ဖြေးညှင်းစွာညိတ်သည်။
“ဟုတ်ပါတယ်…အဘိုးမောင်ရင်ပြောတာကိုလည်း
နားလည်ပါတယ်…ဒါပေမယ့် အဘိုးဝမ်းသာတယ်ကွယ်…
မောင်ရင်ကတော့အဘိုးကို
မမှတ်မိလောက်တော့ဘူးထင်ပါရဲ့…”
“အဘိုးနဲ့ကျုပ်က ဘယ်မှာများဆုံဖူးလို့လဲအဘိုး…
ကျုပ်တို့တွေ့ဖူးလို့လားဗျ”
“မောင်တိုး…ဒီအဘိုးက တို့ရွာကိုဆေးလာကုတဲ့
ဘိုးမြဲဆိုတာဟဲ့”
“ဟုတ်လားအရီး…ကျုပ်လည်းကြားတော့ကြားမိပါတယ်…
အဘိုးကိုအခုမှပဲမြင်ဖူးတာဗျ…”
ဒေါ်ဝင်းက ကြားမှဝင်ပြောလေတော့ မောင်တိုးလည်း
ဆေးဆရာကြီးဘိုးမြဲဆိုတာသိသွားခဲ့သည်။
ဘိုးမြဲကတော့ မောင်တိုးကိုကြည့်၍ ပြုံးလိုက်…
တစ်ခါတစ်ခါ သက်ပြင်းများချလိုက်…မျက်ရည်များရစ်ဝဲလိုက်ဖြင့် အမူအရာအမျိုးမျိုးပြောင်းနေခဲ့သည်။
ဒါကို နံဘေး၌အကဲခတ်နေသော ဘွားမယ်စိန်က…
“ဒီကဘိုးမြဲက…မောင်တိုးကိုဘယ်လိုများ
သိထားတာလည်း…ကျုပ်တို့မသိထားသေးတဲ့
ကိစ္စများရှိနေတာလား…”
“ဟာ…ဘွား…ကျုပ်ကဘာမဟုတ်တာမှ
မလုပ်ထားဘူးနော်…”
မောင်တိုးက ပြာပြာသလဲဖြင့် ငြင်းလေသည်။
ဒေါ်ဝင်းနဲ့ရှင်ညိုတို့သုံးယောက်မှာလည်း ဘိုးမြဲအတွက်
ထမင်းဝိုင်းပင်မပြင်နိုင်ဘေးဘဲ ရပ်ကြည့်နေကြသည်။
“မောင်ရင်ခဏနေပါဦးကွယ်…
ဘွားအရင်မေးစမ်းပါရစေဦး…
ဘိုးမြဲကြည့်ရတာ မောင်ရင့်ကိုသိနေပုံရတယ်…
ဒါကြောင့် ကျုပ်တို့သိသင့်တဲ့ကိစ္စဆိုရင်ပြောပြပေးပါ…”
ဟု…ဘွားမယ်စိန်ကပြောတော့ ဘိုးမြဲကခေါင်းညိတ်၍…
“ကျုပ်ပြောပြပါ့မယ်…ဒါပေမယ့် ကျုပ်အရင်ထမင်းစားပါရစေဦး…ကိုကြီးငသြလည်း…အဲ…မောင်ရင်လည်း
အချိန်ရတယ်မဟုတ်လား”
“ရ…ရပါတယ်ခင်ဗျ…”
“အေး…အေး…အေး…ဒါဆို ခဏစောင့်ပေးဦး”
ဒေါ်ဝင်းတို့လည်း ဘိုးမြဲစကားကြောင့် ထမင်းဝိုင်းကို
အရင်ပြင်ပေးလိုက်ကြသည်။
ထမင်းဝိုင်းပြင်ပေးတော့ ဘိုးမြဲနဲ့ဘုန်းကြီးကျောင်းသား
ငသွင်တို့က အတူတူစားကြ၏။
ဘွားမယ်စိန်၊ရှင်ညိုနဲ့မောင်တိုးတို့က ကွပ်ပျစ်ခင်း၌ ထိုင်၍စောင့်နေကြရှာသည်။
ဒေါ်ဝင်းနဲ့နန်းကြိုင်ကတော့ ထမင်းစားနေသူများကို
နံဘေးမှယက်ခတ်ပေးလိုက်…လိုတာဖြည့်ပေးလိုက်ဖြင့်
ဧည့်ခံပေးနေကြသည်။
ဘိုးမြဲတို့ထမင်းစားသောက်ပြီးချိန်ရောက်တော့
ကွပ်ပျစ်ခင်းသို့ရောက်လာခဲ့သည်။
“ကဲ…အားလုံးကသိချင်နေကြပြီထင်ပါရဲ့ဗျာ…”
“ရေနွေးလေးအရင်သောက်ပါဦး…
ဖြေးဖြေးမှပြောလည်းရပါတယ်…
ကျုပ်တို့တွေ စောင့်ပေးနိုင်ပါတယ်တော်…”
ဘွားမယ်စိန်စကားကို ဘိုးမြဲကခေါင်းညိတ်သည်။
“ကျုပ်ပြောပါဦးမယ်…ကျုပ်လည်းအခုလို
ကိုကြီးငသြနဲ့ပြန်ဆုံတွေ့ရတယ် တကယ်ကို
ဝမ်းသာမိပါတယ်ဗျာ…ကိုကြီးငသြကတော့မှတ်မိမယ်
မထင်ဘူး…ဘာလို့ဆိုသူက လူဝင်စားကိုးဗျ…
လူဝင်စားလို့ပြောရရင် ဟုတ်သလိုလိုနဲ့မဟုတ်ပြန်ပေဘူး…
ဘာလို့ဆိုသူတို့ညီအစ်အကိုက စုန်းညီနောင်ဗျ…
စုန်းညီနောင်…”
“စုန်းညီနောင်…”
ဘိုးမြဲစကားကြောင့် ဘွားမယ်စိန်တို့နှုတ်မှ
စုန်းညီနောင်ဟု ပြိုင်တူ ရွှတ်မိကြသည်။ဘိုးမြဲကတော့
ခေါင်းလေးညိတ်၍ မောင်တိုးကကြည့်လေသည်။
သူ၏အကြည့်များက ဆွေးဆွေးမြေ့မြေ့ရှိလှ၏။
မောင်တိုးကတော့ နားမလည်၍ နေရခက်သလိုဖြင့်
ခေါင်းကိုသာတဗြင်းဗြင်းကုပ်၍…
“ယုံရခက်မယုံရခက်ကြီးဗျာ…
ကျုပ်ဘာဆိုဘာမှမသိဘူး အဘိုးရဲ့”
ဟုသာပြောရှာသည်။
“အဘိုးပြောပြမယ်…မောင်ရင်လေးက
အဘိုးရဲ့ကျေးဇူးရှင်အစ်ကို ကိုကြီးငသြပဲ…
ကျုပ်ပြောတာကိုမောင်ရင်လေးဟုတ်မဟုတ်ပြောပေါ့…
မောင်ရင်လေးရဲ့ပေါင်မှာ ဟောသည်လောက်
အမှတ်လေးတစ်ခုပါကိုပါလိမ့်မယ်…ဟုတ်သလားကွဲ့”
“ဗျာ…”
ဘိုးမြဲကပြောတော့ မောင်တိုးအံ့သြသွားသည်။
သူ၏ပေါင်၌ ရှိသောအမှတ်အား ဘိုးမြဲက
သေချာသိနေခဲ့သည်။
“မောင်ရင်လေး အံ့သြသွားတာဆိုတော့
အမှတ်ကရှိနေတာပဲကွဲ့…
ကဲ…ဒီတော့ ကျုပ်ကိုဘာမေးချင်ကြ သေးလဲ…”
“အဘိုးပြောတာမှန်တယ်ဗျ…
ကျုပ်ရဲ့ပေါင်မှာလည်းအမှတ်ကလေးပါလာတယ်…
အမေကတော့မွေးရာပါအမှတ်လေးလို့ပြောတယ်ဗျ…
ဒါဆိုရင်တော့ကျုပ်ပိုသိချင်သွားပြီအဘိုး…
ကျုပ်ကိုအဘိုးက ငသြလို့ခေါ်တယ်နော်…
ကျုပ်အဲ့သည် ငသြဆိုတဲ့လူအကြောင်းကို
သိချင်တယ်ဗျာ…”
ဟု…မောင်တိုးကပြောလေသည်။
ဘိုးမြဲကတော့ ဘွားမယ်စိန်တို့ကိုတစ်ချက်ကြည့်၏။
“ကောင်းပြီလေ…အဘိုးပြောပြပါ့မယ်…
စုန်းညီနောင်ဆိုတာကိုခဏထားပါဦးကွယ်…
စုန်းညီနောင်ဘဝကိုရောက်စေခဲ့တဲ့ကိုကြီးငသြတို့ရဲ့
ဘဝအကြောင်းလေးကို ကျုပ်အရင်ပြောပြပါ့မယ်…”
ထိုသို့ဖြင့် ဘိုးမြဲက သူသိထားသော
အဖြစ်အပျက်တစ်ခုအားပြောပြတော့လေသည်။
****************************************
ရွာနာမည်က မဲကင်းရွာဖြစ်သည်။
ရွာကရွာသေးလေးတစ်ရွာသာဖြစ်၏။
ထိုရွာ၌ လယ်သူရင်းငှားအလုပ်ကို လုပ်ကိုင်သော
ဒေါ်ခင်ဦးနဲ့ဦးကံဆိုသူတို့နေထိုင်ကြသည်။
ဒေါ်ခင်ဦးနဲ့ဦးကံမှာ ဝမ်းရေးအတွက် တစ်ပါးသူများလယ်၌ သူရင်းငှားအလုပ်ကိုလုပ်ကိုင်ကြရသည်။
ငွေကြေးချို့တဲ့သူတို့၏သဘာဝ… ကြွေးမြီးများကလည်း ရှိနေသေး၏။
“သားကြီးငသြ…အဖေ့ဆီကိုခဏလာပါဦး”
“ဟုတ်အဖေ…ကျုပ်လာပြီ…”
ဦးကံရဲ့သားအကြီးဖြစ်သူ ငသြက
အသက်အားဖြင့်နှစ်ဆယ့်ငါးအရွယ်ဖြစ်ပြီး
သားအငယ်ငထိန်မှာအသက်နှစ်ဆယ့်သုံးနှစ်သာရှိသေးသည်။ သားနှစ်ယောက်မှာ မိဘတွေအပေါ်၌အတော်လေး
ချစ်ကြရှာသည်။မိဘများအလုပ်ကိုသားကြီးဖြစ်သူ
ငသြက လိုက်လံကူညီသလို…သားငယ်ဖြစ်သူ ငထိန်ကတော့ အိမ်၌ ထမင်းချက်…ဟင်းချက်တာဝန်ကို
ယူထားလေသည်။
ထိုသို့ ငွေကြေးဆင်းရဲသော်လည်း
စိတ်အေးချမ်းပျော်ရွှင်ရသည့် ငသြတို့မိသားစုလေး၏ဘဝအား
ဖျက်ဆီးပစ်မည့်သူကလည်းရှိနေခဲ့ပြန်သည်။
“မခင်ဦး…တော့်မခင်ဦး…ကျုပ်ခေါ်နေတာကြားသလား”
“သြော်…အရီးပန်းအုံ…အမေတို့က
လယ်ထဲသွားတယ်ခင်ဗျ…”
အိမ်ဝိုင်းထဲ၌အော်ခေါ်နေသော.ဒေါ်ပန်းအုံကြောင့်
ငထိန်က ထမင်းအိုးတန်းလန်းကိုပစ်ချထားခဲ့ပြီး
ထွက်ပြောရသည်။
ဒေါ်ပန်းအုံ၏မျက်နှာကပြိုတော့မည့်မိုးကဲ့သို့
ညိုမည်းနေခဲ့သည်။
ခါးကြီးကိုထောက်၍ ဒေါ်ခင်ဦးထံရောက်မည့်
ဒေါသများကငထိန်ဆီသို့ကျရောက်လာခဲ့သည်။
“ဟဲ့…နင့်အမေက ရွာတောင်ပိုင်းက မိသိန်းကိုတော့
အကြွေးသွားဆပ်တယ်…ငါ့ကိုကျလာမပေးဘူး…
ဒါဘာသဘောလဲ…”
ဟု…ငထိန်ကို အော်ကာမေးလေသည်။
“ကျုပ်အမေက ပေးစရာရှိတာလေးတွေ
လှည့်ဆပ်တာပါအရီးရယ်…
နောက်တစ်ခေါက်ကျရင်တော့ အရီးကိုသူဆပ်မှာပါဗျ…”
“လှည့်ဆပ်တာဆိုရင် ငါ့ကိုအရင်ဆပ်လေ…
အခုတော့ အမေကျော်ဒွေးတော်လွမ်းဖြစ်နေတယ်ဟဲ့…
ဖြစ်နေတယ် …”
“အဲ့သည်လိုတော့ လူကြားမကောင်းအောင်မပြောပါနဲ့ဗျာ…ကျုပ်အမေက အရီးငွေကိုအလကားယူထားတာမှမဟုတ်တာ…နောက်ပြီးအရီးကလည်း စေတနာရှင်ကြီးလို
အလကားချေးငှားထားတာမှမဟုတ်တာ…
အမေကလည်း အရင်းသာလာမဆပ်ဖြစ်တာ
အတိုးတော့မှန်မှန်ပေးနေတာပဲလေဗျာ…”
“ဘာပြောတယ်…နင်လို့ကောင်ကများငါ့ကို
တစ်ခွန်းမခံပြန်ပြောနေတာ…
နင်က မိပန်းအုံအကြောင်းသိချင်နေတာလား…ဟမ်”
ဒေါ်ပန်းအုံမှာ ငထိန်၏စကားများကြောင့် ပို၍ ဒေါသထွက်လာသည်။
“ဘာဖြစ်တာလဲငထိန်…သြော် ဒေါ်ပန်းအုံ…”
ဘေးဝိုင်းမှ အရီးချိုတို့ လင်မယားရောက်လာသည်။
“ကလေးက ကလေးစိတ်နဲ့ပြောတာမလို့
ခင်ဗျားကပဲ နားလည်ပေးလိုက်ပါဒေါ်ပန်းအုံရယ်…
ငထိန် မင်းကလည်းလူကြီးကိုဒီလိုမပြောရဘူးလေကွာ…”
“လေးဖေကလည်း ကျုပ်လည်း မပြောချင်ပါဘူး…
ဒါပေမယ့် ဒီမိန်းမကြီးက ကျုပ်အမေကို
လူတွေကြားအရှက်ရအောင်အော်ပြောနေတာလေ…”
“ဟဲ့…နင့်အမေအကြွေးယူလို့အကြွေးယူတယ်
ပြောတာလေ…
အပြောမခံချင်ရင် မိပန်းအုံနဲ့ကင်းအောင်နေ…
ကင်းအောင်နေကြဟဲ့သိလား”
“နေမှာပါ…ကျုပ်အမေကို ခင်ဗျားဆီကနောက်ထပ်
ထပ်ပြီးလည်း မချေးခိုင်းပါဘူး…
ခင်ဗျားစောင့်ကြည့်နေလိုက် ကျုပ်တောတက်ပြီး
ခင်ဗျားအကြွေးကိုရအောင်ဆပ်ပေးမယ်…
အခုတော့ကျုပ်တို့ဝိုင်းထဲကခင်ဗျားထွက်သွား…”
“တောက်…အေး…
နင်တောတက်ပြီးအကြွေးမဆပ်ခင် နင့်အမေ
မသေပါစေနဲ့…သေရင် ဒီအကြွေးတွေနဲ့
နင့်အမေ ဘဝကူးကောင်းမယ်မထင်နဲ့…”
“ခင်ဗျား.ဘာစကားပြောတာလည်း…
ခင်ဗျား…တောက်…ဒီအဘွားကြီးကတော့
သေချင်နေပြီထင်တယ်…”
“ငါသေမှာမဟုတ်ဘူးဟဲ့…
နင့်အမေသေမှာ…နင့်အမေသေမှာ…”
“ကျုပ်တို့တောင်းပန်ပါတယ် ဒေါ်ပန်းအုံရယ်…
ဒီကလေးက ကလေးစိတ်နဲ့မလို့ပြောတာပါဗျာ…
ဟေ့…ငထိန် မင်းကိုငါတားနေတာမရဘူးလား…
မင်းဒီလောက်တောင်ပြောရခက်သလားကွာ…”
ဦးဖေနဲ့ ဒေါ်ချိုတို့လင်မယားမှာ ငထိန်ကို ဆွဲ၍
ထိန်းထားရင်းတားကြသော်လည်း
ငထိန်နဲ့ ဒေါ်ပန်းအုံ၏ရန်ပွဲက သူတို့ဝင်တား၍မရခဲ့။
ဒေါ်ပန်းအုံက ငထိန်ကိုစိုက်ကြည့်နေသလို
ငထိန်ကလည်း ဒေါ်ပန်းအုံကိုစိုက်ကြည့်၏။
“တောက်….”
ဒေါ်ပန်းအုံက ဒေါသတကြီးတောက်ခေါက်ပြီး
ဖနှောင့်တစ်ချက်မြေပေါ်ပေါက်၍…
“ငါ့အကြွေးတွေကိုနင့်အမေအသုဘအတွက်
ကူးတိုးခထည့်လိုက်တယ်လို့ပဲသဘောထားလိုက်…
နင်တို့လာမဆပ်ကြနဲ့…”
ဟု…ပြောကာထွက်သွားတော့သည်။
“တောက်…ဒီအဘွားကြီးကတော့ကွာ…”
“ငထိန်…မင်းကွာ…မင်းနဲ့တော့ခက်တာပဲ…”
“ဘာခက်တာလဲလေးဖေရဲ့…
ကျုပ်အမေကိုသူပြောသွားတာ လေးဖေနဲ့
အရီးချိုလည်းကြားကြတာပဲလေဗျာ…”
“ဟ…သူပြောတိုင်းမပြောရဘူးငထိန်ရဲ့…
ဒီမိန်းမအကြောင်းမင်းဘာသိလို့လဲ…
ဒီမိန်းမကအောက်လမ်းပညာတွေတတ်တယ်
ငထိန်ရ…သူပြောသလို မင်းအမေတစ်ခုခုဖြစ်သွားမှာပဲ
ငါတို့ကစိုးရိမ်လို့ပါငထိန်ရာ…”
“ဗျာ…ဟုတ်လို့လားလေးဖေရာ…
သူများတွေ ပြောတဲ့မဟုတ်တမ်းစကားတွေကို
လေးဖေကြားထားမိတာထင်ပါတယ်ဗျာ…”
ငထိန်တစ်ယောက် ဦးဖေ၏စကားကြောင့်
အမေဖြစ်သူကိုစိတ်ပူသွားသည်။
“ဟုတ်တယ်သားရဲ့…သားက ကလေးမလို့မသိတာ…
ဒီမိန်းမက အတော်လေး ယုတ်ညံ့တဲ့အောက်လမ်းပညာသည် သူ့ကြောင့်ရုတ်တရက်သေသွားရတဲ့သူတွေလည်း
မနည်းတော့ဘူးငါ့သားရဲ့”
“ဒါ…ဒါဆို ကျုပ်ဘယ်လိုလုပ်ရမလဲလေးဖေ…
အရီးချို…သား…သားကိုပြောပါဦးဗျာ…
အမေ…အမေလေ တစ်ခုခုဖြစ်သွားမှာ စိုးရိမ်လို့ပါဗျာ…”
“မင်းအမေလာမှအကျိုးအကြောင်းပြောပြီးတော့
ဒေါ်ပန်းအုံကိုသွားတောင်းပန်ရမှာပေါ့ကွာ…
အရမ်းကြီးလည်းစိုးရိမ်မနေပါနဲ့ငထိန်ရာ…”
ဟု…ဦးဖေက ငထိန်ကိုကြည့်ပြီး စိတ်မကောင်းစွာ
နှစ်သိမ့်ပေးရှာသည်။
ဒေါ်ချိုကတော့ ငထိန်၏ထမင်းအိုးအား သွား၍
ကြည့်ပေးနေခဲ့သည်။
ဦးဖေနဲ့ဒေါ်ချိုတို့လင်မယားက သားသမီးဟူ၍မရှိပေ။
ငထိန်တို့ညီအစ်ကို ကို မွေးစကတည်းက
ကူထိန်းပေးလာကြသူများဖြစ်တာမလို့…
ငသြနဲ့ ငထိန်ကိုသားအရင်းကဲ့သို့ချစ်ကြရှာသည်။
အစောက ဒေါ်ပန်းအုံနဲ့ ငထိန်တို့ရန်ဖြစ်ကြသည်ကို
တခြားသော ခြံနီးချင်းများက ကြားကြသော်လည်း
ဒေါ်ပန်းအုံကိုကြောက်၍ မည်သူကမှဝင်မဆွဲရဲခဲ့။
ဦးဖေတို့လင်မယားကတော့ ငထိန်တစ်ခုခုဖြစ်မှာ
စိုးရိမ်ပြီးဝင်၍တားခဲ့ကြခြင်းဖြစ်သည်။
“နေတောင်စောင်းနေပြီ…အမေတို့ကလည်းပြန်မလာကြသေးဘူးဗျာ…”
ငထိန် တစ်ယောက် ထမင်းဝိုင်းအသင့်ပြင်ထားပြီ
ဖြစ်သော်လည်း မိဘများနဲ့အစ်ကိုဖြစ်သူက ပြန်မလာသေးပေ။
“ငထိန်….သူတို့ပြန်မလာကြသေးဘူးလားကွ…”
“ဟုတ်တယ်လေးဖေ ပြန်မလာကြသေးဘူး…
ဒီတစ်ခေါက်က ဟိုဦးကပ်စေးဦးတင်သောင် ရဲ့
လယ်တဲ့ဗျ…
ဘယ်လောက်တောင်ခိုင်းနေသလဲမသိပါဘူးဗျာ…”
ငထိန်ကတစ်ဖက်ခြံဝိုင်းထဲမှ ဦးဖေ၏အမေးကို လှမ်း၍ဖြေလိုက်သည်။
ထိုစဥြ…
“ငထိန်…ငထိန်ရေ…ငထိန်…….”
ခြံဝိုင်းထဲသို့ အော်ဟစ်ကာပြေးဝင်သော
အောင်ခင်ကြောင့် ငထိန်မှာအတော်ထိတ်လန့်သွားမိသည်။
“ဘာဖြစ်လာတာလဲအောင်ခင်…”
“ဘာဖြစ်ရမှာလဲ မင်းအမေ ပိုးထိလို့ကွ…
ပိုးထိလို့….”
“ဟင်…”
“ဟယ်…ဟုတ်လို့လားအောင်ခင်ရယ်…
ဒါစနောက်စရာမဟုတ်ဘူးနော်ကောင်လေးရဲ့”
ငထိန်မှာ ဟင်ဟုသာပြောနိုင်ပြီး
တောင့်တောင့်ကြီးဖြစ်နေခဲ့သည်။
ဒေါ်ချိုက အောင်ခင်အသံကိုကြား၍ ငထိန်တို့
ခြံဝိုင်းဘက်ကူးလာကာထပ်မေးလေသည်။
ဦးဖေကလည်းအနောက်မှအတူတူပါလာခဲ့၏။
“ကျုပ်မစပါဘူးအရီးချိုရယ်…
တကယ်ပြောတာပါဗျာ…
အရီးခင်ဦး ပိုးထိလို့ရွာက ဆေးဆရာကြီးတောင်
လယ်ထဲထိအပြေးလိုက်ကြည့်နေတယ်…
အဲ့တာ ငထိန်ကို ကျုပ်လာခေါ်တာဗျ…”
“သား..ငထိန်…လိုက်သွားကြမယ်လေ…
ထလေသားရဲ့”
အရီးချိုက ငထိန်ကို ဆွဲ၍ခေါ်သည်။
ငထိန်ကတော့ ဒေါ်ချိုနဲ့ဦးဖေတို့၏ခေါ်ဆောင်မှုကြောင့်
လိုက်လာသော်လည်း အသက်မပါသော ခြေလှမ်းများ…
မဖြစ်နိုင်ဟူသောအတွေးများဖြင့်လိုက်လာခဲ့ရှာသည်။
“သားငထိန်…”
လယ်ထဲရောက်တော့ ဦးကံက သားဖြစ်သူကို
ပြေးဖက်၍ ငိုသည်။
ဦးဖေနဲ့ဒေါ်ချိုကတော့ ဆေးဆရာကြီးနဲ့လူများ
ဝိုင်းကြည့်နေသော ဒေါ်ခင်ဦးအနီးသို့သွားကြသည်။
“အဖေ…အမေ…အမေဘယ်လိုနေလဲ…
သက်သာတယ်မဟုတ်လားအဖေ”
ဟု…ငထိန်ကမေးတော့ ဦးကံမှာပြန်၍မဖြေနိုင်ဘဲ
ငိုရှိုက်၍သာနေခဲ့သည်။
“ညီလေး…”
“အစ်ကို…အမေ…အမေသက်သာလားဟင်…
ကျုပ်မေးနေတာကိုအဖေကဘာမှလည်းပြန်မပြောဘူး…
အစ်ကိုပြောစမ်းပါဗျာ …”
“ညီလေး…လာကွာ…မင်းကိုယ်တိုင်ပဲကြည့်တော့ကွာ…”
ငသြက ငထိန်၏လက်ကိုဆွဲ၍ခေါ်သွားသည်။
ဒေါ်ချိုကငိုနေ၏။
ဦးဖေနဲ့ကျန်လူများကတော့ သက်ပြင်းများချ၍
စိတ်မကောင်းဖြစ်နေကြသည်။
ငထိန်ရိပ်မိသည်။ သို့သော် လက်မခံနိုင်ဖြစ်နေ၏။
“အမေကို မင်းကိုယ်တိုင်ကြည့်စမ်းပါညီလေးရာ…”
လယ်တောထဲ၌ ဖျာကြမ်းတစ်ခုပေါ်တွင် လှဲနေသော
ဒေါ်ခင်ဦးကို ငထိန်ကြည့်လိုက်သည်။
တစ်ကိုယ်လုံးပြာနှမ်းနေပြီး ပါးစပ်မှအမြုပ်ဖြူများပင်ထွက်နေ၏။
ငထိန်ဝတ်လာသော အင်္ကျီကို ချွတ်၍ ပြာပြာသလဲဖြင့်
အမေဖြစ်သူနှုတ်ခမ်းမှထွက်နေသော အမြုပ်ဖြူများကို
သုတ်ပေးနေသည်။
ငထိန်၏မျက်နှာအထက်၌ မျက်ရည်များကတော့
အပြည့်ပင်။
သို့သော် ငထိန်အော်ဟစ်၍မငိုပေ။
ငသြကတော့ ညီဖြစ်သူ၏ခါးကိုဖက်၍
တအီးအီးငိုရှိက်နေခဲ့တော့သည်။
“သား…တင်းမထားနဲ့လေကွယ်…
ငိုချလိုက်ပါသားရဲ့”
ငထိန်ကို ဒေါ်ချိုကပြောသော်လည်း ငထိန်ခေါင်းကို
ခါရမ်းလိုက်သည်။
“အမေ့ကိုအိမ်ပြန်ခေါ်သွားကြမယ်အစ်ကို…”
ဟု…ငသြကို ပြောသောအခါ ငသြက ခေါင်းခါပြီး…
“အမေ့ကို အိမ်ပြန်ခေါ်လို့မရတော့ဘူးညီလေး…
အမေက ရွာပြင်မှာဆုံးလို့ ရွာထဲပြန်ခေါ်လို့မရဘူးလို့
ပြောနေကြတယ်ကွ…”
“ဘယ်သူပြောပြောဗျာ…
ကျုပ်ကတော့ အမေ့ကိုအိမ်ပြန်ခေါ်သွားမယ်…”
“သူကြီးအမိန့်တဲ့သားရဲ့…
ရွာပြင်မှာဆုံးတဲ့သူကို ရွာထဲကိုပြန်ခေါ်လာရင်
ရွာနာတယ်တဲ့…”
“တောက်…”
ငထိန်တောက်တစ်ချက်ခေါက်ပြီး
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။
“အစ်ကိုတို့အမေ့အလောင်းကို သဂြိုလ်ကြရအောင်
ညီလေး…ကြာကြာထားရင် အမေ့အတွက်မကောင်းဘူး…”
“အမေဆုံးတာကြာမှမကြာသေးတာအစ်ကိုရာ…
ကျုပ်အမေ့ကို ဒီတိုင်းလက်မလွှတ်နိုင်သေးဘူး…
ဒါကြီးက ကျုပ်တို့အတွက် လက်မခံနိုင်စရာကြီးဗျာ”
“ညီလေးရာ…”
ငသြမှာ ညီဖြစ်သူကို ဖက်၍ ထားသည်။
ဦးကံမှာလည်းသားနှစ်ယောက်နဲ့ဆုံးသွားပြီဖြစ်သော မိန်းမဖြစ်သူ၏အလောင်းကိုကြည့်၍
မျက်ရည်များကျနေခဲ့သည်။
ထိုနေ့က ဒေါ်ခင်ဦး၏အလောင်းအား ရွာပြင်၌သာ
မြုပ်နှံခဲ့ကြသည်။
အလောင်းမြေချပြီးလေတော့ငထိန်နဲ့ငသြတို့ညီအစ်ကို
ကို သူငယ်ချင်းများကချော့မော့၍
အိမ်ပြန်ခေါ်လာခဲ့ရသည်။
တစ်ပတ်မျှကြာသည်အထိ ငထိန်မှာ အိမ်၌သာ
ငြိမ်နေခဲ့သည်။
တစ်ညမှာတော့ ငထိန်က အိပ်ပျော်နေသော
ငသွကိုနိုး၍…
“အစ်ကို…ထ…ထ…
ကျုပ်ပြောစရာရှိတယ်…”
“ဟင်…ညီလေး… “
ငထိန် က ငသြကို ကြည့်၍…
“အမေသေရတာ မရိုးရှင်းဘူးအစ်ကို…”
“ဘာဖြစ်လို့လဲ…ညီလေး”
“အမေသေရတာ ဟိုစုန်းမကြီး ဒေါ်ပန်းအုံကြောင့်ဗျ…
ကျုပ်နေ့နေ့ညညသေချာစဥ်းစားပြီးပြီ..
အဲ့သည်မိန်းမကြီးကြောင့်ဆိုတာသေချာတယ်ဗျ”
“နေပါဦး…အမေနဲ့အဲ့မိန်းမကြီးနဲ့က
ဘာရန်ငြိုးရှိနေလို့လဲညီလေးရဲ့”
ဟု…ငသြကမေးလာတော့ ငထိန်သည်
အစ်ကိုဖြစ်သူကို အကြောင်းစုံရှင်းပြခဲ့၏။
“ဟာ…ဒါဆို “
“ဟုတ်တယ်အစ်ကို…အမေက ကျုပ်ကြောင့်ဆုံးသွားတာ…
ကျုပ်အပြစ်ကြောင့်အမေဆုံးရတာအစ်ကို”
“မဟုတ်တာညီလေးရာ…
မင်းက ကလေးပဲရှိသေးတာ…
ဒါ ဒီစုန်းမ ယုတ်မာလို့ဖြစ်ရတာကွ…”
“ကျုပ်ကတော့အမေ့အတွက်လက်စားချေချင်တယ်ဗျာ…
ဒါကြောင့် ကျုပ်စုံစမ်းထားတာရှိတယ်အစ်ကို”
“ဘာကိုစုံစမ်းထားတာလဲညီလေးရဲ့…
အစ်ကို့ ကိုပြောစမ်းပါဦး….”
“ကျုပ် အဲ့သည်စုန်းမကို သူ့လိုပညာနဲ့ပဲသူ့ကို
ပြန်သတ်ချင်တာ…
ဒါကြောင့် ကျုပ်သိထားတဲ့ ဦးသိုက်စံ ဆိုတဲ့လူကြီးဆီကို
ပညာသွားသင်ကြရအောင်ဗျာ…”
“ဦးသိုက်စံ…ဒီလူကြီးကဘယ်မှာနေတာလဲ”
“ဒါကတော့ကျုပ်တို့ စုံစမ်းပြီးရှာမှ
ရမယ်အစ်ကို…ဒီဦးသိုက်စံဆိုတဲ့လူကြီးက
အောက်လမ်းပညာတွေကို အတော်လေးတတ်မြှောက်ထားတယ်တဲ့…သူ့ကိုဆိုစုန်းတွေက မော်တောင်မကြည့်ဝံ့ဘူးတဲ့ဗျ”
“အေး…ဒီလိုဆိုရင်တော့ ညီလေးသဘောပဲကွာ…
ဒါပေမယ့် အဖေ့ကိုတော့ တို့ဘယ်လ်ိုပြောရမှာလဲ”
“အဖေ့ကိုတော့ မပြောချင်ဘူးအစ်ကို…
အဖေသိသွားခဲ့ရင် ကျုပ်တို့ကို စိတ်ပူနေမှာ…
နောက်ပြီး ကျုပ်တို့ကိုသွားခွင့်ပေးမှာလည်း
မဟုတ်ဘူး…ဒါကြောင့် ဘာမှမပြောဘဲ
ဒီတိုင်းလေးပဲ တိတ်တဆိတ်ထွက်သွားကြတာပေါ့…”
“အေး…ဒါဆိုရင်လည်းညီလေးသဘောပဲကွာ…
အစ်ကိုကတော့ငါ့ညီတစ်ယောက်ထဲလည်းမလွတ်ရက်ဘူး…အဖေ့ကိုတော့ လေးဖေတို့
စောင့်ရှောက်ကြမှာပါလေ…
ကဲ…ကဲအစ်ကိုတို့ အဖေ့ကို ကန်တော့ကြရအောင်
ညီလေး…”
ငသြနဲ့ငထိန်တို့.ညီအစ်ကိုသည်အိပ်ပျော်နေသော
အဖေဖြစ်သူ ဦးကံအားကန်တော့ကြ၏။
ထို့နောက် လွယ်အိတ်ကိုယ်စီဖြင့် အိမ်မှထွက်သွားခဲ့ကြတော့သည်။
ငသြနဲ့ငထိန်သည် အမေဖြစ်သူအတွက်လက်စားချေဖို့ရန်
အောက်လမ်းကဝေကြီး ဦးသိုက်စံကို လိုက်လံရှာဖွေဖို့
ရွာမှထွက်လာခဲ့ကြတော့၏။
နောက်အပိုင်းများ၌ စုန်းညီနောင်၏ ဇာတ်လမ်းများကို
ဆက်လက်တင်ပြပေးမှာဖြစ်တာကြောင့်
အားပေးကြပါဦးလို့ပြောပါရစေရှင်…
စုန်းညီနောင်၏ဘဝအစကိုတင်ပြပေးပြီးနောက်
စုန်းညီနောင်၏ ကြုံတွေ့ရသော အဖြစ်အပျက်အစုံအလင်ကို ဆက်လက်တင်ပြပေးပါမယ်ရှင့်…။
ယဥ်မင်း(ကန့်ဘလူ)
Uncategorized