October 15, 2025

ဘွားမယ်စိန်နှင့် ရှင်ညိုမွေးထားတဲ့သရဲကြီး


စာမူ…၁၇၆

စဆုံး

ဘိုးမြဲပြောပြ၍ စုန်းညီနောင်တို့၏ဘဝအ​ကြောင်းကို
ဘွားမယ်စိန်တို့အားလုံးသိရှိခဲ့ကြသည်။

“ဒါဆို…ကျုပ်ကအဘိုးပြောတဲ့ ငသြဆိုတဲ့လူဝင်စားတာပေါ့…ဒါပေမယ့် ကျုပ်ကိုယ်တိုင်ကဘာလို့များ
ဒီအ​ကြောင်းတွေကို မမှတ်မိရတာလဲဗျာ…အဲ့တာ
မထူးဆန်းဘူးလား…”

ဟု…မောင်တိုးသည် ဘိုးမြဲအားမေးရှာသည်။

“ဒါကတော့ ကျုပ်လည်းသေချာမသိပါဘူးကွယ်…
ဘိုးတော်ပြောသလိုပဲ ဒီဘဝမှာအပြစ်တွေကိုပေးဆပ်ဖို့
မွေးဖွားလာကြတယ်လို့ပဲပြောရမှာပေါ့”

ဘိုးမြဲက မောင်တိုးကို အသေချာအပင်စိုက်ကြည့်နေသည်။ဘိုးမြဲ၏မျက်ဝန်းများ၌ မျက်ရည်စများကလည်းရစ်သိုင်းလို့နေခဲ့ပေသည်။

ဘွားမယ်စိန်…ရှင်ညိုနဲ့ဒေါ်ဝင်းတို့သားအမိမှာ
ဘိုးမြဲနဲ့မောင်တိုးတို့ကိုကြည့်ရင်းသူတို့ရဲ့ ထင်မထားသော
ဘဝကံကြမ္မာအကြောင်းက်ို အတွေးကိုယ်စီဖြင့်တွေး
နေခဲ့ကြသည်။စကားသံများတိတ်ဆိတ်သွားစဥ်…

“ဘွားရေ…ဘွား…
ဘွားတို့အိမ်မှာ ဆေးဆရာကြီးရောက်နေတယ်ဆို…
ကျုပ်ကိုသူကြီးကလွှတ်လိုက်လို့ဗျ…
ဆေးဆရာကြီးကိုသူ့အိမ်ပင့်ခဲ့ပါဦးတဲ့လေ….”

ဟု…စကားများပြောရင်း ဝိုင်းထဲသို့ ဝင်လာသူမှာ
မောင်အုန်းပင်ဖြစ်သည်။

“လာ…ထိုင်ဦးကွဲ့…ဆေးဆရာကြီးကို
မင်းအရီးကအိမ်မှာ ထမင်းဖိတ်ကျွေးထားတာ…”

“ဟာ…မောင်တိုးလည်းရောက်နေတာပါလား”

“ဟုတ်တယ်ကိုကြီးအုန်း…”

ဘိုးမြဲက မောင်အုန်းကို အံ့သြဟန်ဖြင့်ကြည့်နေသည်။
ဒါကို ဘွားမယ်စိန်တို့လည်း သတိထားမိကြ၏။

“အဘိုး…ကိုကြီးအုန်းကိုရောသိနေပြန်တာလား”

ဟု…ရှင်ညိုကမေးတော့ ဘိုးမြဲကခေါင်းညိတ်သည်။

“ဒါဆို…ငထိန်ဆိုတဲ့လူက ကိုကြီးအုန်းပေါ့လေ”

ရှင်ညိုကဆက်မေးတော့ ဘိုးမြဲကခေါင်းညိတ်ပြန်သည်။

မောင်အုန်းကတော့ ရေနွေးကြမ်းသောက်နေရင်း
နားမလည်ဟန်ဖြင့်…

“ငထိန်ကဘယ်သူတုန်းဗျ…
ဟဲ့…ရှင်ညို ….ဆေးဆရာကြီးကိုနင်ဘာတွေ
မေးနေတာလဲ…”

ဟုပြောလေသည်။

“ကိုကြီးအုန်းကိုလည်း ရှင်းပြလိုက်စမ်းပါရှင်ညိုရာ…
ငါတော့ အတော်ကိုခေါင်းခဲနေပြီဟေ့…
ဘာမှကိုမမှတ်မိတော့ပိုဆိုးတယ်ဟ”

မောင်တိုးခမျာလည်း ဘိုးမြဲပြောပြသောအကြောင်းအရာများကို လက်မခံချင်​ဖြစ်နေခဲ့သည်။
ရှင်ညိုကပဲ ဘာမှမသိသေးသော မောင်အုန်းအား
ရှင်းပြပေးရတော့၏။

“ဟာ…ဟုတ်လို့လားဟ…”

အကြောင်းစုံနားထောင်ပြီးသော မောင်အုန်းကလည်း
မောင်တိုးနီးတူ လက်မခံချင်ပေ။

“ဘွား…ဘွားကောဘယ်လိုမြင်သလဲဗျ…
အဘိုးပြောတာက ဟုတ်ကောဟုတ်နိုင်ရဲ့လားဗျာ…”

ဟု…ဘွားမယ်စိန်ကိုသာ အားကိုးတကြီးမေးကြတော့သည်။
ဘွားမယ်စိန်ကခေါင်းကိုညိတ်၍…

“ဘွားတို့မသိနိုင်တဲ့အကြောင်းအရာတွေဆိုတာ
ဒီကမ္ဘာလောကကြီးမှာအများကြီးရှိနိုင်တယ်ကွဲ့…
ကိုယ်မသိမမြင်လို့မယုံကြည်ဘူးဆိုတာတော့မှားတယ်လို့ပဲ ဘွားထင်မိတယ်…အခု ဒီဆေးဆရာကြီးပြောပြတဲ့
စုန်းညီနောင်ဆိုတဲ့ညီအစ်ကိုအကြောင်းကိုတော့
ဘွားယုံကြည်မိပါတယ်…ဒါကလည်းဖြစ်နိုင်တဲ့အကြောင်းတရားပဲမဟုတ်လားကွဲ့…”

ဟုပြောလေသည်။

“ဒါဆိုရင် ကျုပ်တို့ကစုန်းညီနောင်ဆိုရင်ဘာကြောင့်
ဒီဘဝမှာဒီပညာတွေကိုမတတ်ရတာလဲဘွား…
ရှင်ညိုကျတော့ အရင်ဘဝကသူ့ပညာတွေပါလာတယ်မဟုတ်လား”

“အခြေအနေခြင်း…ဖြစ်ရပ်ခြင်းမှမတူညီတာကွယ်…
ရှင်ညိုက သူရဲ့မျိုးရိုးပညာနဲ့နေထိုင်ခဲ့တဲ့သူ…
မောင်ရင်တို့ကတော့ ဒီပညာတွေက်ိုတတ်အောင်တမင်သင်ယူခဲ့တဲ့သူတွေလေ…နောက်ပြီး
ရှင်ညိုက သူ့ရဲ့ပညာနဲ့လူတွေကိုဒုက္ခမပေးခဲ့ပါဘူး…
အမေသေတဲ့စိတ်…အဘွားသေတဲ့စိတ်နဲ့သာ
လက်စားချေချင်စိတ်များခဲ့ရှာတာပါ…
​မောင်ရင်တို့ကျ အဲ့သည်လိုမဟုတ်ပြန်ဘူးလေ…
မောင်ရင်တို့ကျတော့အမေသေလို့ စုန်းပညာကိုသင်ယူပြီး
လက်စားချေခဲ့ကြတာမဟုတ်လား…
ဒါပေမယ်လက်စားချေယုံနဲ့လည်းအားမရဘဲ…
ပညာတွေကိုသုံးပြီးလူတွေအပေါ်
ဒုက္ခပေးခဲ့ကြတယ်မဟုတ်လား…
အဲ့တာတွေကြောင့် ဒီဘဝမှာအဲ့သည်ဘဝရဲ့
စိတ်တွေ…ပညာတွေပါမလာခဲ့တာလို့ပဲ
ဘွားကတော့ထင်တယ်…”

ဘွားမယ်စိန်စကားကိုမောင်တိုးနဲ့မောင်အုန်းမှာ
ခေါင်းလေးတညိတ်ညိတ်ဖြင့်နားထောင်နေကြရှာသည်။
မောင်တိုးနဲ့မောင်အုန်းတို့မှာလည်း သိရှိထားသော
စုန်းညီနောင်၏အကြောင်းများကိုပြန်တွေးရင်စ
နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်
ကြည့်ကြ၏။
သို့သော် မှတ်မိသောအကြောင်းအရာဟူ၍
မရှိသောကြောင့် နှစ်ယောက်သားသက်ပြင်း​ကိုပြိုင်တူချလိုက်ကြတော့သည်။

“ဘွား…မောင်အုန်းရောက်မလာဘူးလားဗျ…”

ဟု…ပြောရင်းထပ်မံကာဝိုင်းထဲဝင်လာသူမှာ
သူကြီးဦးနောင်ချိုပင်ဖြစ်နေတော့သည်။

“ဟ…ဒီကောင်ရောက်နေသားပဲ…
ပေါ်လာနိုး…ပေါ်လာနိုး…စောင့်နေတာဗျို့…
ပေါ်မလာတာနဲ့လိုက်လာခဲ့လိုက်တာ”

“ဟုတ်ပါ့ကွယ်…မောင်ရင်ခိုင်းလိုက်တာလို့ပြောပါတယ်…
ဒီမှာလည်းစကားပြောနေကြတာနဲ့မပြန်ဖြစ်ကြသေးတာကွဲ့…..”

“ဘာတွေများထူးလို့လဲဘွားရဲ့”

“ထူးတာတော့မဟုတ်ပါဘူးကွယ်…
ဒီလိုပါပဲ…ပြောမိပြောရာပေါ့လေ…”

မောင်တိုးနဲ့မောင်အုန်းက သူကြီးဦးနောင်ချိုထိုင်စေရန်
ကွပ်ပျစ်ပေါ်မှနေရာဖယ်ပြီး ထန်းလက်ခုံများ၌ ဝင်ကာ
ထိုင်လိုက်ကြသည်။

“ဒီကအဘက ဆေးဆရာကြီးထင်ပါရဲ့နော်…”

“ဟုတ်ပကွယ်…ရွာသူကြီးထင်ပါရဲ့”

“ဟုတ်ပ…ဟုတ်ပ…ကျုပ်က ဒီရွာရဲ့
သူကြီးဦးနောင်ချိုလို့ခေါ်တယ်ဗျ…”

“အေးကွယ်…ကျုပ်ကိုလာပင့်ခိုင်းထားတာမလား…
ဒါဆိုရင်သွားကြတာပေါ့…ကျုပ်တို့လည်း
စကားကောင်းနေကြတာနဲ့
လိုက်လာဖို့မေ့နေတာပါသူကြီးရယ်…”

ဘိုးမြဲကကွပ်ပျစ်ပေါ်မှဆင်းတော့ သူ​ကြီးဦးနောင်ချိူလည်း အကြမ်းပန်းကန်ကို အသာချ၍
ဆင်းလိုက်လာခဲ့ရသည်။

“ကဲဗျာ…ကျုပ်ပြန်ဦးမယ်…
ဆေးကုပြီးရင်တော့ဘုန်းကြီးကျောင်းမှာပဲဆက်တည်း
ဦးမှာပါ…မေးစရာရှိရင်လည်းလာမေးလို့ရပါတယ်”

“ဟုတ်ကဲ့အဘိုး”

ဘိုးမြဲက ဘွားမယ်စိန်တို့ကို နှုတ်ဆက်ပြီး သူကြီးဦးနောင်ချိုရဲ့အိမ်သို့လိုက်သွားခဲ့သည်။

“ဟဲ့…ဟိုနှစ်ယောက်…စကားလေးဘာလေး
ပြောကြပါဦးဟဲ့…နင်တို့ကြည့်ပြီးတို့မှာ
အိပ်ချင်စိတ်တောင်ပေါက်တယ်ဟယ်…”

ဒေါ်ဝင်းစကားကြောင့် ငူငူငိုင်ငိုင်ဖြစ်နေသော
မောင်တိုးနဲ့မောင်အုန်းတို့လည်း ခေါင်းမော့လာခဲ့သည်။
ရှင်ညိုနဲ့နန်းကြိုင်တို့ကတော့ ရွာထဲထွက်သွားကြ၏။
ဘွားမယ်စိန်ကလည်းပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ဖွာရှိုက်ရင်း မောင်တိုးတို့ကို…

“နေမြဲအတိုင်းပဲနေကြပါမောင်ရင်တို့ရဲ့…
သိပြီးရင်လည်း ကိုယ့်ကံကိုပြင်လို့ရတာပေါ့…
အရင်ဘဝကဘာပဲမှားခဲ့…မှားခဲ့…ဒီဘဝမှာတော့
ဆက်မမှားကြရင်ရပြီပဲလေကွယ်…”

ဟုပြောလေသည်။

“ကျုပ်စိတ်မကောင်းဖြစ်မိတာပါဘွားရယ်…
ကျုပ်ကြောင့် ငသြဆိုတဲ့သူရဲ့သာယာနေတဲ့ဘဝလေး
ပျက်စီးခဲ့ရတာမဟုတ်လား…
ကျုပ်ကြောင့်သာမဟုတ်ရင်သူလည်းမိန်းမနဲ့သားသမီးနဲ့
အတူတူ ပျော်ရွှင်နေခဲ့ရမှာလေ…”

မောင်အုန်းက စိတ်မကောင်းဟန်ဖြင့်ပြောတော့
မောင်တိုးကသက်ပြင်းချသည်။

“ဘယ်ဟုတ်မလဲကိုကြီးအုန်းရာ…
သူခမျာလည်းသူ့ညီကို စောင့်ရှောက်ပေးချင်မှာပေါ့…
ဖြစ်လာမှတော့ကိုယ့်သွေးသားကိုပစ်ပြီး
ကိုယ်လွှတ်မရုန်းနိုင်ပါဘူးဗျာ…”

မောင်တိုးနဲ့မောင်အုန်းတို့ပြောသမျှကိုနားထောင်ရင်း
ဒေါ်ဝင်းက…

“ဘိုးမြဲပြောတာမှန်လောက်တယ်ဟဲ့…
အခုနင်တို့ပြောနေပုံတွေက တကယ့်ညီအစ်ကိုတွေအတိုင်းပဲ…နောက်ပြီး မောင်တိုး…နင့်ဆို စုန်းမတွေကအတော်ကြိုက်ကြတာနော်…”

“ဘာဆိုင်လို့လဲအရီးရဲ့”

“ဟဲ့…ဘာလို့မဆိုင်ရမှာလဲ…
နင်အရင်ကြိုက်ခဲ့သမျှက
ပညာသည်တွေကြီးပဲလေဟယ်…
အမေကယ်လို့သာနင်အသက်ချမ်းသာရခဲ့တာ
မဟုတ်လား…အခု နင့်မိန်းမခင်မြချစ်နဲ့ယူပြီးမှ
အဲ့ကောင်မတွေငြိမ်သွားတာလေ…ဒါနဲ့ ဘိုးမြဲဆီ
ခင်မြချစ်ကိုခေါ်သွားစမ်းပါဟယ်
ခင်မြချစ်ကရော ခွာညိုနွယ်ဝင်စားသလားလို့……”

ဒေါ်ဝင်းစကားကြောင့် မောင်တိုးမှာခေါင်းကိုတဗြင်းဗြင်းကုပ်တော့သည်။

“ကဲ…ကဲ…အိမ်ပြန်ကြတော့ ဒီမှာဆက်နေရင်
မောင်ရင်တို့အရီး ပြောသမျှကိုနားထောင်ပြီး
ခေါင်းတွေ ပိုရှုပ်နေကြမယ်ကွဲ့……”

“ဟုတ်ကဲ့ဘွား…ဒါဆိုကျုပ်တို့ပြန်တော့မယ်”

“အေး…အေး…အေး…..”

မောင်တိုးတို့လည်း ဘွားမယ်စိန်ကိုနှုတ်ဆက်ပြီး
ပြန်လာခဲ့ကြတော့သည်။

ညသို့ရောက်တော့….

“ဒေါင်…ဒေါင်…ဒေါင်…ဒေါင်…ဒေါင်…ဒေါင်…..”

ရွာရှိကင်းတဲများမှသံချောင်းခေါက်သံများ
ဆူညံစွာထွက်ပေါ်လာခဲ့သည်။
သံချောင်းခေါက်သံတို့ကြောင့် ရွာသူ၊ရွာသားတို့မှာ
အလန့်တကြားဖြင့် ထလာခဲ့ကြရသည်။

“အမေ…သံချောင်းတွေခေါက်တယ်တော့်…
ဓားပြတွေများရွာကိုကပ်သလားမသိဘူး”

ဒေါ်ဝင်းက ပြာပြာသလဲဖြင့် ဘွားမယ်စိန်အိပ်ရာသို့ရောက်လာကာပြောလေသည်။
ဘွားမယ်စိန်ပြန်မဖြေလေတော့ ခြင်ထောင်ကို မ၍ကြည့်ရာ…

“ဟောတော်…အမေလည်းမရှိဘူး…
ဒီအချိန်ကြီးအမေဘယ်များသွားနေတယ်မသိဘူး”

“ဟဲ့မိဝင်း… ကလေးတွေခေါ်ပြီး
အရင်အောက်ကိုဆင်းလာခဲ့အေ့……”

ဘွားမယ်စိန်က ဒေါ်ဝင်းကိုအိမ်အောက်မှ
အော်ပြောလိုက်သည်။
ဒေါ်ဝင်းလည်း ရှင်ညိုတို့ကို ခေါ်ပြီး
အောက်သို့ဆင်းလာခဲ့ရသည်။

“သမီးရှင်ညို…မီးအိမ်ထွန်းထားစမ်းအေ…
မိဝင်း…ညည်းက ဘာဖြစ်သလဲ သွားမေး…”

“ဟုတ်…ဟုတ်အမေ… ကျုပ်သွားပြီး
အခြေအနေကိုကြည့်လိုက်မယ်…. “

ဒေါ်ဝင်းကခြံတံခါးကိုဖွင့်ပြီး ဘေးခြံများသို့သွား၍
အ​ခြေအနေသွားမေးရှာသည်။

အတော်လေးကြာလေတော့ လူအုပ်ကြီးတစ်အုပ်
ဘွားမယ်စိန်အိမ်သို့ရောက်လာခဲ့သည်။

“ဘာများဖြစ်ကြတာလဲ…လူတွေလည်း
မနည်းလှပါလားတော်…”

“ဘာဖြစ်ရမှာလဲ မဝင်းရယ်…
သရဲပူးလို့ဗျ…သရဲပူးလို့”

“ဟင်…ဘယ်သူ့ကိုပူးတာလဲ…”

“ခေါ်ခဲ့ကြဟေ့…”

သူကြီးဦးနောင်ချိုက မောင်အုန်းနဲ့ရွာသားများ
ဆွဲခေါ်လာသည့် လူအား ဘွားမယ်စိန်ရှေ့သို့ခေါ်လာစေသည်။

“ဟဲ့…သူက ဘိုးလေးမောင်သား…ကျော်ဦးမလား”

“ဟုတ်ပဗျာ…ကျော်ဦး…အရက်သမားကျော်ဦးလေ…
ဒင်းမွှေလို့ သံချောင်းသံတွေဆူကုန်တာဗျ”

“ဒီကောင်လေးအရက်မူးနေတယ်ထင်တယ်”

“အရက်မမူးပါဘူးမမဝင်းရာ…
သရဲပူးနေတာပါဆိုနေ…ခင်ဗျားကလည်း”

သူကြီးဦးနောင်ချိုက မေးခွန်းတွေအဆက်မပြတ်မေးနေသော ဒေါ်ဝင်းကိုစိတ်မရှည်ချင်ဖြစ်နေသည်။
ရွာသူ၊ရွာသားတို့မှာလည်း အကျိုးအကြောင်း
မသိကြသေး၍…ငြိမ်၍သားနားထောင်နေကြသည်။

ဘွားမယ်စိန်သည် ကျော်ဦးဆိုသောသူ၏အနားသို့
သူ၏တောင်ဝှေးကြီးကိုထောက်၍လမ်းလျှောက်ရင်း
ရောက်လာခဲ့သည်။

“မဆိုင်တဲ့သူတွေဘေးကိုဖယ်နေကြ…”

ဟုသော အသံကြောင့် ရွာသူ၊ရွာသားတို့မှာ
နှစ်ခါမပြောရဘဲ အနောက်သို့ဆုတ်ကုန်ကြတော့သည်။

“မောင်ရင်တို့သူ့ကို လက်လွှတ်လိုက်ကြတော့….
ဘွားဘာသာပဲ မေးကြည့်စမ်းဦးမယ်”

ကျော်ဦးသည် ဒေါသထွက်ပြီး သူ့အားဝိုင်းချုပ်ထားသည့်
မောင်အုန်းနဲ့ရွာသားတို့ကို အတင်းပင်ရုန်းကန်ကာ
ရန်လိုနေခဲ့သည်။
ဘွားမယ်စိန်ပြောတော့မှ မောင်အုန်းတို့လည်း ကျော်ဦးအား လွှတ်ပေးလိုက်ကြသည်။

“ကဲ…အခု…ဘွားက…နင်ဘယ်သူလဲလို့မေးရမလား…
ဒါမှမဟုတ်…နင်ဘာကြောင့်အခုလိုတွေ
လုပ်နေသလဲဆိုတာကိုပဲမေးရမှာလား…”

ဟု…ကျော်ဦးကိုမေးသော်လည်း ဘွားမယ်စိန်ရဲ့
မျက်ဝန်းများက ရှင်ညိုထံသို့ရောက်နေခဲ့သည်။
ရှင်ညိုရဲ့မျက်နှာကလည်း မကောင်းပေ။
ဘွားမယ်စိန်ရဲ့အကြည့်ကိုမခံနိုင်၍ရှင်ညို
ခေါင်းငုံ့သွားခဲ့သည်။
ကျော်ဦးသည်လည်း ဘွားမယ်စိန်ကို ရဲရဲမကြည့်ဝံ့…
မောင်အုန်းတို့အားရန်လိုနေသည့်ကျော်ဦးသည်
ဘွားမယ်စိန်ကိုမြင်တော့ မီးကိုရေဖြင့် ငြိမ်းလိုက်သည့်အလား ငြိမ်သက်သွားခဲ့တော့သည်။

“သူကြီး…ဒီကောင်လေး…ဘာအပြစ်လုပ်လိုက်တာလဲ”

ဟု…ဘွားမယ်စိန်က သူကြီးဦးနောင်ချိုကိုမေးလိုက်သည်။

“ဘာအပြစ်လုပ်ရမှာလဲဘွားရယ်…
ရွာတောင်ပိုင်းက ဆိတ်ခြံထဲဝင်ပြီး ဆိတ်တစ်ကောင်သွားဆွဲတာလေ…ပိုင်ရှင်နိုးပြီး ဒင်းကိုအော်လို့
သံချောင်းသံတွေဆူကုန်တာပေါ့ဗျာ…”

“ဟုတ်လို့်လားသူကြီးရယ်…သူ့ပုံစံလည်းကြည့်ပါဦး…
လူကဖြင့် လေတိုက်ရင်တောင်မခံနိုင်တာ…
ဒီလိုခန္ဓာကိုယ်က ဘယ်က ဆိတ်ကိုသွားခိုးနိုင်မှာလဲ”

“ဟုတ်ပ…မဖြစ်နိုင်တာဗျာ…နောက်ပြီး
ဒီကောင့်လိုသူဌေးသားကခိုးမတဲ့လား”

တစ်ယောက်တစ်ပေါက်ပြောသံများကြောင့်
သူကြီးဦးနောင်ချိုပင်ဒေါသထွက်လာခဲ့သည်။

“တိတ်ကြစမ်း…မင်းတို့အဘခိုးတယ်လို့ငါပြောသလား…
ဒင်းကိုယ်ထဲမှာသရဲပူးနေတယ်လို့ငါပြောတာ
မင်းတို့မကြားကြတာလားကွ…ဟမ်…
မကြားကြတာလား”

သရဲ…တစ္ဆေတို့၏အကြောင်းကို သိမြင်နေကြဖြစ်သော
သူကြီးဦးနောင်ချိုသည် ယခုကိစ္စကိုလည်း အတပ်ပြောနေခဲ့သည်။
ဘွားမယ်စိန်ကလည်း ခေါင်းကိုညိတ်၍…

“ဟုတ်ပါတယ်…သူကြီးပြောသလိုပဲ…
ဒီကောင်လေးကိုယ်ထဲမှာ သရဲပူးကပ်နေတယ်ကွဲ့…
ဒီသရဲက ဘယ်သူဆိုတာလည်း ဘွားသိတယ်…
နောက်ပြီး ဒီသရဲ ဘာကြောင့်ရဲတင်းနေရသလဲဆိုတာကိုလည်းဘွားသိပါတယ်…….”

ဟု…ပြောလေသောအခါ ကျော်ဦးသည် ချက်ချင်း
ဒူးကိုထောက်၍…

“ကျုပ်မှားပါတယ်ဘွားရယ်…
ကျုပ်မှားပါတယ်ဗျာ…
အသားမစားရတာကြာလို့ရဲတင်းမိတာပါ…
ကျုပ်ကိုခွင့်လွှတ်ပေးပါခင်ဗျာ…”

ဟု…အသံနက်ကြီးဖြင့် တောင်းပန်ရှာတော့သည်။

“ဟဲ့…ငနက်ကြီး…နင်ရွာထဲကို အရဲတင်းပြီးဝင်နေတာ
ဒါနောက်ဆုံးဖြစ်ပါစေ…ဘွားပြောတာ နားမထောင်ရင်တော့ နင့်ကိုရော နင့်သခင်ကိုပါငါအပြစ်ပေးရလိမ့်မယ်”

“ဟုတ်…ဟုတ်ကဲ့ပါခင်ဗျာ…”

“ကဲ…ဒါဆိုရင်လည်း အခုထွက်သွားတော့…
မကြာခင် နင်စားချင်တဲ့ဆိတ်သားကို ဒီကောင်လေးကိုယ်တိုင်ရွာပြင်မှာလာချပေးလိမ့်မယ်…”

“ဟုတ်ကဲ့…ဟုတ်ကဲ့….”

ကျော်ဦးသည် ခေါင်းကိုတညိတ်ညိတ်ဖြင့်ပြောပြီးနောက်
နေရာ၌ပင်ခွေခနဲလဲကျသွားတော့သည်။

“ကဲ…ဒီကောင်လေးကိုခေါ်သွားကြတော့…
သူ့အဖေကိုလည်း​ပြောလိုက်ဦး…
သူ့သားနိုးလာရင် ဆိတ်သားတတွဲယူပြီး…
ရွာအနောက်ပိုင်းကထနောင်းပင်အောက်ကိုသွားချပေးပါလို့…ဘွားပြောတာကိုကြားကြရဲ့လား…”

“ဟုတ်ကဲ့ဘွား”

သူကြီးဦးနောင်ချိုလည်း မောင်အုန်းတို့အား
ကျော်ဦးကို သူ၏အိမ်သို့ပြန်ပို့စေသည်။

“ဒီကောင်ကွာ…မူးရူးပြီးရွာပြင်သွားအိပ်နေတာထင်တယ်”

“ဟုတ်မယ်ကွ…ညနေပိုင်းကတောင် ရွာပြင်မှာမှောက်နေတာတွေ့ခဲ့သေးတယ်…
တကယ့် လူပေပါကွာ…”

“သူပေတာအကြောင်းမဟုတ်ဘူးဟေ့…
အခုတော့ တစ်ရွာလုံးအလုပ်ရှုပ်ရပြီမဟုတ်လား”

“ဟုတ်ပါ့ကွာ…အိပ်ရေးတောင်ပျက်ပါတယ်”

ရွာသူ၊ရွာသားတို့မှာ ကျော်ဦးကို မကျေမနပ်ပြောပြီး
ဘွားမယ်စိန်တို့ ဝိုင်းထဲမှထွက်သွားကြတော့သည်။
ရွာသူ၊ရွာသားတို့အကုန်လုံးပြန်သွားကြလေတော့
ဘွားမယ်စိန်တို့သာကျန်ခဲ့လေသည်။

“မိဝင်း…မီးအိမ်ကိုကွပ်ပျစ်မှာထားခဲ့…
ပြီးရင် နင်တို့သားအမိအိမ်ပေါ် ပြန်တက်တော့…”

ဟု…ဘွားမယ်စိန်ကပြောတော့ ဒေါ်ဝင်းပင်
အံ့သြသွားခဲ့သည်။
ရှင်ညိုကတော့ ခေါင်းငုံ့၍ မတ်တပ်ရပ်နေရှာသည်။
အခြေအနေကိုနားမလည်သော်လည်း ဒေါ်ဝင်းမှာ
နန်းကြိုင်ကိုခေါ်၍ အိမ်ပေါ်တက်လာခဲ့ရသည်။

“ညည်း…အဲ့သည်မှာပဲရပ်နေတော့မှာလား”

ဘွားမယ်စိန်က ကွပ်ပျစ်ခင်း၌ထိုင်နေရင်းမှ
ရှင်ညိုကိုပြောလိုက်သည်။

“ကျုပ်မှားပါတယ်အဘွား”

“ညည်းဘာမှားသလဲ ညည်းသိလား”

“ကျုပ်…ကျုပ်…အဘွားမသိအောင်
သရဲမွေးထားမိပါတယ်”

ရှင်ညိုသည် ဘွားမယ်စိန်စိတ်ဆိုးမည်ကို
ကြောက်နေရှာသည်။

“လာပါအေ…ဒီမှာလာထိုင်စမ်းပါ”

ဘွားမယ်စိန်က ထပ်ခေါ်လေတော့ ရှင်ညိုကွပ်ပျစ်ခင်း၌
ဝင်ထိုင်ရှာသည်။

“ကျုပ်ကိုအဘွားကြိုက်တဲ့အပြစ်ပေးပါ…
ကျုပ်အပြစ်အတွက်ကျုပ်ခံရဲပါတယ်အဘွားရယ်”

“ညည်းကိုအပြစ်ပေးဖို့ခေါ်တာမဟုတ်ဘူးအေ့…
ဘယ့်နဲ့အေ…သရဲမွေးတယ်ဆိုရင်လည်း
ကိုယ့်အမိန့်ကိုနာခံတတ်အောင်သင်ပေးထားမှပေါ့…
အခုကြည့်စမ်း…ညည်းအကောင်အရဲတင်းလိုက်ပုံများ
ရွာထဲထိကိုရောက်လာရတယ်လို့အေ…”

“ကျုပ်မှားတာပါအဘွား…
သူ့ခမျာလည်း ကျုပ်မကျွေးမိတော့ သူ့ဘာသာရှာစားနေရပုံပါ…ကျုပ်အမှားပါအဘွားရယ်…”

“အေး…ကိုယ့်ဘာသာသိရင်ပြီးတာပဲအေ…
အမိန့်နာခံတတ်အောင်တော့ သင်ထား…
နောက်ပြီးကျွေးစရာရှိရင်လည်းကျွေးပေါ့အေ…
ဒါပေမယ့် နောက်တစ်ခါရွာထဲဝင်လာရင်တော့
ဘွားကိုယ်တိုင်ဆုံးမရလိမ့်မယ်နော် ရှင်ညို”

“ဟုတ်ကဲ့အဘွား”

“အေး…အေး…ဒါဆို သွားအိပ်ချေတော့”

“ဟုတ်ကဲ့…”

ရှင်ညိုလည်း ဘွားမယ်စိန်အရှေ့မှ ထွက်လာခဲ့တော့သည်။
မိမိအိပ်ရာ၌ ပြန်ဝင်အိပ်ရင်း သက်ပြင်းသာချနေမိတော့၏။

နှစ်ရက်မျှကြာလေတော့ မောင်တိုးနဲ့မောင်အုန်းတို့
ဘွားမယ်စိန်အိမ်သို့ရောက်လာခဲ့ကြသည်။

“ကောင်လေးတွေပျောက်နေကြတယ်နော်…”

“ဟုတ်ပါ့အရီးရယ်…
ကျုပ်လည်း အဘခိုင်းတာနဲ့အလုပ်များနေလို့မရောက်ဖြစ်တာဗျ…ဒီကောင်ကတော့မိန်းမအနားကပ်နေလို့ထင်ပါတယ်ဗျာ”

“ဟာဗျာ…ကျုပ်လည်းအလုပ်တွေနဲ့မလို့
မရောက်ဖြစ်တာပါကိုကြီးအုန်းရဲ့…
အခုတောင်ကိုကြီးအုန်းလာခေါ်တော့ အလုပ်ပစ်ချပြီး
လိုက်လာတာပဲမဟုတ်လား…”

“အေးပါကွာ…ငါမှားတာပါ”

မောင်အုန်းက မောင်တိုးအား စနောက်နေခဲ့သည်။

“ဟဲ့…ဒါနဲ့ ဘိုးမြဲပြန်သွားပြီလို့ကြားတယ်…
နင်တို့သွားတွေ့ဖြစ်ခဲ့သေးလား…”

“ကျုပ်ကတော့မသွားဖြစ်ဖူးအရီးရဲ့…
မောင်တိုး…မင်းကောသွားခဲ့သေးလား”

“ကျုပ်တစ်ခေါက်တော့သွားဖြစ်သေးတယ်…
အစ်ကို့ညီမက ဘုန်းကြီးကျောင်းဆွမ်းကပ်သွားတာနဲ့ကြုံတုန်းဝင်ခဲ့လိုက်ကြတာဗျ…”

“သူက ဘာပြောသေးလဲမောင်တိုးရဲ့…”

ဒေါ်ဝင်းက သိချင်စိတ်များပြီး မေးနေခဲ့သည်။
ဘွားမယ်စိန်ကတော့ အကြမ်းရေသောက်ရင်း
နားထောင်နေခဲ့သည်။

“ဟုတ်တယ်ဗျ…”

“ဘာဟုတ်တာလဲဟဲ့”

“ဟာဗျာ…အရီးကလည်း ကျုပ်ဆက်ပြောပါရစေဦး…
ဖြတ်…ဖြတ်ပြီးမမေးပါနဲ့ဦးအရီးရာ…”

“အေးပါဟယ်…မောင်မင်းကြီးသားပြောပါ…
ပြောပါ….ကျုပ်နားထောင်ပါ့မယ်”

“ဒီလိုဗျ…ကျုပ်မိန်းမခင်မြချစ်က ခွာညိုနွယ်ဝင်စားတာ
ဟုတ်တယ်တဲ့…ကျုပ်ကတော့ ကျုပ်မိန်းမသိရင်
မေးမြန်းနေတာနဲ့မပြီးမှာဆိုးလို့ သူ့တော့မပြောပြဖြစ်ဘူးဗျာ…အဲ့တာအရီးလည်းသွားမပြောမိစေနဲ့ဦးနော်…
နောက်ပြီးကျုပ်ကို သရက်ကုန်းရွာဘယ်မှာရှိသလဲဆိုတာကအစပြောသွားသေးတယ်…ကျုပ်တို့သွားဖြစ်ရင်သွားလို့ရအောင်တဲ့လေ…အဲ့သည်ရွာမှာမေးကြည့်ရင်တော့
သိလိမ့်မယ်တဲ့ဗျ….”

“အေး…ဒါဆိုနင်တို့သွားကြမှာပေါ့”

“အခြေအနေအရပါအရီးရယ်…
လမ်းကြုံရင်တော့ဝင်မှာပေါ့ဗျာ…”

မောင်တိုးစကားကို ဘွားမယ်စိန်တို့ ခေါင်းညိတ်ကြသည်။

“အခွင့်ကြုံရင်တော့ သရက်ကုန်းဆိုတဲ့ရွာကို
ဝင်ကြတာပေါ့ကွယ်…ကဲပါ…ရော့..ရော့…အကြမ်းရည်လေးလည်းသောက်ကြဦးကွဲ့…”

ဘွားမယ်စိန်ပေးသော အကြမ်းရည်ခွက်ကို မောင်တိုးတို့
ယူလိုက်ကြသည်။
အကြမ်းရည်လေးသောက်၊လက်ဖက်လေးစားဖြင့်
မောင်တိုးတို့လည်း ဘွားမယ်စိန်တို့နှင့်စကားလက်ဆုံကြနေခဲ့ကြတော့၏။

ထိုသို့ဖြင့်ဇာတ်လမ်းလေးဤမျှဖြင့် ပြီးသွားခဲ့ပါတယ်ရှင်…

ယဥ်မင်း(ကန့်ဘလူ)

Leave a Reply

Your email address will not be published. Required fields are marked *