စာမူ…၁၇၇
စဆုံး
တစ်ရက်၌ဘွားမယ်စိန်၏နေအိမ်သို့ ရွာထဲမှ
ရွာသူတစ်ယောက်ရောက်လာခဲ့သည်။
ထိုသူမှာတခြားမဟုတ် နုယဥ်ပင်ဖြစ်၏။
“ဟယ်…နုယဥ်…ညည်းမလာစဖူး…အလာထူးနေပါလား”
“ဟုတ်ပါ့အရီးရယ်…ကျုပ်လည်းလာချင်နေတာကြာပါပြီ…အမေပေါ့တော်…ခိုင်းစရာတွေ မပြီးတော့ဘူးလေ”
“အေး…ထိုင်ဦး…ထိုင်ဦး…
အရီး လက်ဖက်ပွဲပြင်ဦးမယ်”
“အို…မပြင်ပါနဲ့အရီးရယ်…
ဧည့်သည်လည်းမဟုတ်တာကို…
ဘွား နေကောင်းတယ်နော်…”
“ကောင်းပါတယ်သမီးရယ်…
ဒါနဲ့ညည်းအမေကော နေကောင်းရဲ့လား…”
“အမေလည်း နေကောင်းပါရဲ့ဘွားရယ်…”
“အေး…အေး…အေး…ရော့…ရော့…
အကြမ်းရေလေးသောက်လိုက်ပါဦး”.
“ဟုတ်ကဲ့…”
နုယဥ်ကဘွားမယ်စိန်ပေးသော
ရေနွေးကြမ်းလေးသောက်၍ဟိုသည်ကြည့်ကာ…
“ရှင်ညိုတို့…နန်းကြိုင်တို့ကောမတွေ့မိပါလားဘွား”
“ညည်းညီမတွေက ခင်မြချစ်နဲ့လယ်ထဲလိုက်သွားကြတယ်…အပျိုလေးတွေဖြစ်နေကြပြီဆိုတော့
သွားချင်လာချင်ကြတာပေါ့အေ”
“သြော်…ဟုတ်ကဲ့”
“ကဲ…ရော့…
စားကြည့်ဦးအရီးရဲ့လက်ဖက်ကို…
တလောက ရှမ်းပြည်ဘက်က
လက်ဖက်တွေရထားတာ…အရီးလည်း မြေပဲဆီလေးနဲ့
အသေအချာကိုနှပ်ထားတာအေ့…
ညည်းအဘွားကလည်းလက်ဖက်အကြိုက်သားမလား”
ဒေါ်ဝင်းက လက်ဖက်ပန်းကန်ကိုလာချပေးရင်းနုယဥ်ကိုပြောလိုက်သည်။
နုယဥ်က လက်ဖက်တစ်ဇွန်းခပ်စားအပြီးခေါင်းကို
ညိတ်၍…
“တကယ်…စားလို့ကောင်းတယ်အရီး…
ကျုပ်အကြိုက်ပဲတော့်”
“အေး…ညည်းကြိုက်ရင်အပြန်ယူသွားဦး…
အရီးထည့်ပေးလိုက်မယ်သိလား”
“နေပါစေအရီးရယ်…
အရီးတို့စားဖို့ပဲထားပါ…”
“အများကြီးရှိတယ်…ယူသာသွားကြားလား…”
“ဟုတ်ကဲ့”
ဒေါ်ဝင်းကတော့ သူနှပ်ထားသော လက်ဖက်ကို
ကြိုက်သော နုယဥ်ကိုကြည့်၍ ပြုံးနေရှာသည်။
ဘွားမယ်စိန်ကတော့ ဒေါ်ဝင်းနှင့်မတူ နုယဥ်၏မျက်နှာအမူအရာကိုအကဲခတ်နေ၏။
“နုယဥ်…ညည်း…ဘွားတို့ဆီကိုလာတာ…
အလည်သက်သက်ပဲလားအေ့…
ဒါမှမဟုတ် တခြားအကြောင်းအရာများရှိသေးတာလား”
ဟု…ဘွားမယ်စိန်ကမေးသောအခါ နုယဥ်က
ခေါင်းလေးညိတ်ပြီး…
“ဟုတ်တယ်ဘွား…ကျုပ်ဘွားဆီကိုလာတာကလည်း
ပြောစရာလေးရှိနေလို့ပါ…”
ဟု…ပြန်ပြောရှာသည်။
“ဘာများလဲအေ့”
“တခြားအကြောင်းမဟုတ်ပါဘူး…
ကိုမောင်အုန်းက ကျုပ်ကိုမခေါ်မပြောဖြစ်နေလို့ပါဘွားရယ်”
“ဟေ…ညည်းတို့စိတ်များဆိုးထားကြတာလား”
“မဟုတ်ပါဘူးဘွားရယ်…
ကျုပ်တို့စိတ်မဆိုးပါဘူး…
သူကလည်းကျုပ်အပေါ်ကောင်းရှာပါတယ်”
“ဒါဆိုအခုညည်းတို့နှစ်ယောက်က
ဘာဖြစ်ကြတာလဲ နုယဥ်ရဲ့…”
နံဘေး၌ထိုင်နေသောဒေါ်ဝင်းလည်းမနေသာပဲ
ဝင်မေးတော့သည်။
“အဲ့တာ…အမေ့ကြောင့်ပေါ့ အရီးရယ်…”
ဟု…နုယဥ်က ပြောရှာသည်။
“အဲ့သည်မိန်းမကဘာဖြစ်ရပြန်တာလဲ…
ကလေးတွေကြားထဲဝင်ပါနေပြန်တာလားအေ”
“အဲ့သည်လိုပဲ ပြောရမယ်အရီး…
အမှန်ပြောရရင် တလောက ကိုမောင်အုန်း ကျုပ်တို့
အိမ်ရောက်နေတဲ့အချိန်…အမေ့ပေါ့…
သူ့ကိုဘွားတို့နောက်ကိုမလိုက်ဘဲ
လယ်ကိစ္စ ပဲကိစ္စတွေကိုသေချာလုပ်ဖို့
ကိုမောင်အုန်းကိုပြောနေတာလေ…
ဟိုကသူ့မိဘတောင်မပြောတာကို
အမေကဘာလို့အခုလိုပြောရတာလဲလို့ထပြောတော့…
အမေကသောင်းကျန်းတော့တာပဲအရီးရယ်…
နောက်ဆုံး ဘွားတို့နောက်ကိုလိုက်ရင်ငါ့သမီးနဲ့မပေးစား
တော့ဘူးလို့ ပြောလိုက်တယ်အရီးရဲ့…
ကိုမောင်အုန်းကလည်း ကျုပ်ရဲ့
မျက်နှာတစ်ချက်ကြည့်ပြီး…ဒါဆိုရင်လည်း
မယူယုံပေါ့ဗျာဆိုပြီး ပြန်သွားရာက
ကျုပ်အရှေ့ကိုပေါ်မလာတော့တာပဲတော်….”
“ဟယ်…အဲ့သည်လိုတောင်ဖြစ်ကုန်တာလား…
ဘယ်လိုလုပ်ကြမလဲအမေ”
နုယဥ်ကို ဒေါ်ဝင်းသနားသွားသည်။
ဘွားမယ်စိန်ကို လှမ်းမေးတော့…
“ညည်းတူကိုအရင်သွားခေါ်ချေစမ်း…
ဒီလိုနဲ့ပြီးရမယ့်ကိစ္စမှမဟုတ်တာအေ…
နောက်နှစ်ဆိုရင်ဖြင့် ယူကြတော့မယ်…
ရပ်သိရွာသိစေ့စပ်ထားကြတာပဲ မဟုတ်လားအေ့…”
“ဒါဖြင့်…ကျုပ်သူ့ကိုသွားခေါ်လိုက်ဦးမယ်တော်….
ဒီကောင်လေးနေနိုင်လိုက်တာ…
ကျုပ်တို့ဆီလာရင်ဘာမှမဖြစ်ထားသလိုပဲတော်…”
ဟု…ဒေါ်ဝင်းက ပြောရင်း ကွပ်ပျစ်မှဆင်းကာ
မောင်အုန်းရဲ့အိမ်ဆီသို့သွားတော့လေသည်။
နုယဥ်ကတော့ မျက်ရည်များသုတ်ရင်း မျက်နှာကိုငုံ့ထားရှာသည်။
“ကျုပ်…ဒါတွေလာပြောတာ…ဘွားတို့နောက်ကို
သူ့ကိုမခေါ်ပါနဲ့လို့ပြောချင်တာမဟုတ်ဘူးနော်ဘွား…
ကျုပ်နဲ့သူက ဒီကိစ္စကိုပြောထားပြီးသားပါ…
ဘွားတို့နောက်ကိုသူလိုက်လည်း ကျုပ်ကကြည်ဖြူပါတယ်…အခုက အမေကြောင့်ခက်နေရတာပါဘွားရယ်…”
“ဘွားသိပါတယ်အေ…
ဒီလိုတွေဖြစ်လာမှာမြင်မိလို့လည်း…
သူ့ကိုကောမောင်တိုးကိုကော ဘွားသေချာမေးခဲ့ပါသေးတယ်…သူတို့ကအရင်လိုလူလွှတ်တွေမဟုတ်ကြတော့ဘူးလေ…ဘွားနောက်ကို မလိုက်ကြနဲ့တော့လို့
ပြောရင်လည်း ဒီနှစ်ကောင်က လက်မခံကြဘူးအေ့…
ညည်းနဲ့ ခင်မြချစ်က ကြည်ဖြူပါတယ်…
သွားရင်ခေါ်သာခေါ်ပါဆိုပြီးပြောကြလွန်းလို့သာ
ဘွားကခေါ်ရတာပါအေ…
ညည်းကိုဘွားနားလည်ပါတယ်သမီးရဲ့..
.ညည်းခမျာလည်းအမေနဲ့ချစ်သူကြားဗျာများ
နေရှာတာလေ…”
ဟုသာ ဘွားမယ်စိန်က နုယဥ်ကို နားလည်ပေးလေသည်။
ခဏမျှကြာတော့ ဒေါ်ဝင်းအနောက်မှ
မောင်အုန်းလည်းအတူပါလာခဲ့သည်။
ကွပ်ပျစ်ခင်း၌ထိုင်နေသော နုယဥ်ကိုမြင်တော့…
“ဘွားကိုဘာတွေအပူလာကပ်နေပြန်တာလည်း…
ငါနင့်အမေကို အကုန်ပြောခဲ့ပြီးပြီမဟုတ်ဘူးလား”
ဟု.. မောင်အုန်းကပြောရင်း ထန်းလက်ခုံ၌သာ
ဝင်ထိုင်လေသည်။
“ဟဲ့…မောင်အုန်း…ဘယ်လိုကြီးပြောနေတာတုန်း…
သူ့ခမျာနင်နဲ့သူ့အမေကြားမှာ ဗျာများနေရရှာတာ…
နင်သူ့အမေကို မကြည်ရင်တောင်နုယဥ်လေးကို
သနားပါဦးဟယ်…”
“အရီးလည်းသိတာပဲဗျာ…
ကျုပ်မှာ မိဘအိမ်တောင်မလုပ်ပေးရတဲ့…
ထင်းခွဲ…ရေခပ်ကအစ သူ့အိမ်မှာသွားကူပေးခဲ့တာ…
အခုကြည့်လေ…ကျုပ်ဒီလောက်ကောင်းပေးနေတာတောင် သူ့အမေက ရောင့်တက်လို့မပြီးဘူး…
ကျုပ်ကိုများ သားမက်တော်ချင်တာလား…
ခိုင်းတာလုပ်ပြောတာပြီးတဲ့ ကျွန်ခေါ်ချင်တာလားတောင်
မသဲကွဲတော့ဘူးဗျာ…”
“အစ်ကိုရယ်…အဲ့သည်လိုမပြောပါနဲ့…
ကျုပ်တောင်းပန်ပါတယ်”
မောင်အုန်းက သူ့အဖြစ်ကိုသူပြန်တွေးပြီး
ဒေါသများတလိပ်လိပ်ထွက်နေခဲ့သည်။
နုယဥ်ကတော့ မျက်ရည်များဖြင့်
မောင်အုန်းအားကြည့်နေခဲ့၏။
“ဘွားကအခု မောင်ရင်နဲ့ဒီကနုယဥ်တို့နှစ်ယောက်ကိုခေါ်ရတာက မျက်နှာချင်းဆိုင်ဆုံပြီး နားလည်မှု
ယူခိုင်းချင်လို့ပါကွဲ့… အချင်းချင်းရှောင်ဖယ်ပြီးနေတာကြာလာရင် အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တော့မယ်နော်…”
“ဘွားရယ်…ကျုပ်နဲ့သူ့သမီးပြောပြီးထားတဲ့ကိစ္စကို
သူဝင်မပါသင့်ဘူးဗျ…
ရိုင်းရိုင်းပြောရရင် ကျုပ်ကသူ့သမီးရဲ့ချစ်သူ…
သူ့သားမက်မှမဟုတ်တာဗျာ…
ဒါကို သူကဘာကြောင့် ကျုပ်ကို ဟိုဟာမလုပ်နဲ့
ဒါမလုပ်နဲ့လို့ဝင်ပြောနေရတာလဲ…
ကျုပ်လည်းလူဗျ…စဥ်းစားတတ်တယ်…
သူ့မျက်နှာကြောင့်သာ ပြောသမျှသည်းခံနေရတာ…
ဒါပေမယ့် ဘွားတို့နဲ့ပတ်သတ်ရင်တော့
သူတင်မဟုတ်ဘူးဘယ်သူပြောတာကိုမှ
ကျုပ်ကမကြိုက်ဘူးဗျာ…”
“ဟင်း…”
မောင်အုန်းစကားနားထောင်ပြီးနောက်
ဘွားမယ်စိန်သက်ပြင်းသာချတော့သည်။
“ဒါဆို…အခု နင်တို့နှစ်ယောက်ဘယ်လို
ဆက်ပြီး ခရီးသွားကြမှာလဲမောင်အုန်း”
“ဘယ်လိုခရီးဆက်မလဲဆိုတာ…သူ့အပေါ်မှာပဲ
မူတည်တော့တယ်အရီး…
အစကတော့ မေတ္တာပေးရင် မေတ္တာပြန်ရနိုင်တယ်ဆိုပြီး
သည်းခံနေတာဗျ…အခုတော့အဲ့သည်လိုမဟုတ်ဘဲ
မေတ္တာကတစ်ဖက်ပိတ်နေတော့ ကျုပ်လည်းဘယ်လိုမှမတတ်နိုင်တော့ဘူးဗျာ…”
“အစ်ကိုက ဘာဖြစ်ချင်တာလဲ…
ကျုပ်နဲ့ဆက်မပတ်သတ်ချင်တော့တာလား…
ဟင်…အစ်ကိုဖြေလေ…….”
နုယဥ်က မျက်ရည်များဖြင့် မောင်အုန်းကိုမေးနေခဲ့သည်။
“အေး…ဟုတ်တယ်…ငါနင့်ကိုချစ်ပေမယ့်
နင့်အမေကြီးနဲ့တော့မဖြစ်နိုင်ဘူး…
ဒါတောင်မယူကြသေးခင် သူ့အကြောင်းသိလိုက်ရတာကိုကအတော်ကံကောင်းတာ…
နင်ကလည်း နင့်အမေကိုပြတ်သားနိုင်တာမှမဟုတ်တာ…
ဒီတော့ စေ့စပ်ထားတာဖျက်လိုက်ကြတာပေါ့ဟာ…”
“အစ်ကိုရယ်…ကျုပ်…ကျုပ်….အီးးးးဟီးးးးဟီးးးး”
နုယဥ်ငိုရှာလေပြီ။
အမေနဲ့ချစ်ရသူကြားနုယဥ်ရွေးချယ်ရခက်နေ၏။
မောင်အုန်းက နုယဥ်မျက်နှာကိုမကြည့်တော့ဘဲ
တစ်ဖက်သို့လှည့်လိုက်သည်။
ဒေါ်ဝင်းခမျာလည်း နုယဥ်ကို နှစ်သိမ့်ပေးရန်စကားက
မရှိ၍ ကျောလေးကိုသာ လက်ဖြင့်ပုတ်ပေးနေရှာတော့သည်။
“ကျုပ်ပြန်တော့မယ်အရီး…ဘွားကျုပ်ပြန်တော့မယ်”
ဟု…ပြောကာ နုယဥ်သည်မျက်ရည်များကို
လက်ဖြင့်သုတ်ဖယ်ပြီး ကွပ်ပျစ်ပေါ်မှဆင်း၍
သူ၏အိမ်သို့ပြန်သွားတော့သည်။
“နုယဥ်…နေဦးလေ…သြော်…
ခက်လိုက်တာမောင်အုန်းရယ်…”
“ဘယ်လိုတွေဖြစ်ရတာလဲမောင်ရင်ရယ်…
ဘွားတို့ဒီကိစ္စကိုဘယ်လိုဖြေရှင်းမှ မောင်ရင်တို့
အဆင်ပြေကြမှာလဲ…”
“ဘယ်လိုမှမဖြေရှင်းပါနဲ့ဘွား…
ကျုပ်ကိုယ်တိုင်ဆုံးဖြတ်ထားတာမလို့ပါ…”
မောင်အုန်းစကားကြောင့် ဘွားမယ်စိန်ခမျာလည်း
သက်ပြင်းသာချလေသည်။
ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို မီးညှိ့ပြီးဖွာရှိုက်ရင်း
ထိုင်နေတော့သော ဘွားမယ်စိန်နဲ့ ထန်းလက်ခုံ၌
အရုပ်ကျိုးပျက်ဖြစ်နေသော.မောင်အုန်းတို့ကို
ကြည့်ရင်း ဒေါ်ဝင်းမှာလည်း သက်ပြင်းသာချနေရှာတော့သည်။
နှစ်ရက်မြောက်သောနေ့၌ဘွားမယ်စိန်အိမ်ဆီသို့
ဧည့်သည်များရောက်လာခဲ့သည်။
ဧည့်သည်များကိုခေါ်လာပေးသူမှာ
သူကြီးဦးနောင်ချိုပင်ဖြစ်ပေသည်။
“ဘွားရေ…ဒီဘက်ကလူက
အုန်းတောရွာသူကြီးဦးသန်းတဲ့ဗျ…
ဘေးကတော့သူ့ရွာကအဖော်တွေပေါ့ဗျာ…”
“အေးကွယ်…သောင်ထွန်းရွာကိုအလည်လာကြတာလား”
“မဟုတ်ရပါဘူးအမေကြီးရယ်…
ကျုပ်တို့က အမေကြီးဆီကိုလာကြတာပါ”
“ဟုတ်တယ်ဘွား…
သူတို့က ဘွားဆီကိုလာကြတာ…
ဘွားအကြောင်းတွေကြားထားကြလို့ အကူအညီလာတောင်းတာတဲ့ဗျာ…”
“သြော်…အေးကွယ်…မောင်ရင်တို့ရွာမှာ
ဘာကိစ္စများဖြစ်နေကြလို့လဲကွဲ့….”
“ရွာမှာတော့အောင်သိန်းဆိုတဲ့ကောင်အတော်လေး
သောင်းကျန်းနေတယ်အမေကြီးရေ…
ကျုပ်တို့ဖြင့် ဒီကောင့်ကိုစောင့်ကြည့်ဖို့ ထိန်းပေးဖို့
လူတွေတောင်အလှည့်ကျထားနေရတယ်ဗျ…”
“ဟေ…ဘယ်လိုကြောင့်များလဲကွဲ့…”
“ဘယ်လိုဖြစ်တယ်တော့မသိပါဘူးအမေကြီးရယ်…
ဒီကောင်က တောတက် ထင်းခုတ်တဲ့ကောင်ဗျ…
တောတက်ပြန်လာပြီးနောက် ဒီကောင်မူမမှန်တော့တာပဲ
အမေကြီးရယ်…”
“အတော်လေးအခြေအနေဆိုးနေလားကွဲ့…
ဘာတွေများထူးထူးခြားခြားဖြစ်နေသေးလဲ”
“ထူးခြားတာထက်…ကြောက်စရာကောင်းတာဗျ…
ဒီကောင်စိတ်ရိုင်းဝင်ပြီး သူ့ရဲ့ထင်းခုတ်ဓားနဲ့
သူ့လက်ကြီးကိုဖြတ်ချလိုက်တာများဗျာ…
ကျုပ်တ်ို့တစ်ရွာလုံး ပွက်လောကိုရိုက်လို့ဗျို့….”
“ဟယ်…ကြောက်စရာကြီးပါလား…
လူကော ဘယ့်နဲ့နေသေးလဲ”
ဒေါ်ဝင်းက ဝင်ကာမေးလေသည်။
“ဘယ့်နဲ့ရှိရမှာလဲဗျာ…
ဆေးဆရာအရောက်မြန်လို့ ဒင်းအသက်မသေတာဗျ…
ဆေးကုပြီးလည်း စိတ်ကအရင်လိုမဟုတ်ပါဘူးဗျာ…
သတ်မယ်ဖြတ်မယ်နဲ့ကြိမ်းဝါးလိုက်…
သောင်းကျန်းလိုက်လုပ်နေလို့ ကျုပ်တ်ို့မှာ လူတွေမပြတ်
စောင့်ကြည့်ပေးနေရတာ…
သူ့မှာလည်း သူ့အမေဒေါ်ညိုပဲရှိတာဆိုတော့
ဘွားတော်ကြီးကလည်းသားစိတ်နဲ့တငိုငိုတရီရီကို
ဖြစ်လို့ဗျာ…”
“လူကကောအသက်ငယ်သေးသလား”
“ဒီကောင့်အသက်ရှိစ…လေးဆယ်လောက်ထင်ပါရဲ့
အမေကြီး…”
“အိမ်ထောင်ရက်သားမရှိသေးတဲ့သူပေါ့”
“ဒီကောင်က တောတက်ထင်းခုတ်ပြီး
မအေကြီးနဲ့အတူနေတဲ့ကောင်ဗျအမေကြီးရဲ့…”
“အေးကွယ်…သူကြီးကိုယ်တိုင်ရောက်လာတာဆိုတော့
ဘွားတို့လိုက်ခဲ့ပေးပါ့မယ်…”
“ကျုပ်တို့လှည်းပါတယ်အမေကြီး…
အပြန်ကျရင်လည်း ကျုပ်ကိုယ်တိုင်လိုက်ပို့ပေးပါ့မယ်”
“ဒါတော့မဖြစ်ဖူးကွဲ့…
ဘွားသားတွေလည်းအတူတူလိုက်မှာဆိုတော့
ဘွားတို့လှည်းနဲ့ပဲလိုက်ခဲ့လိုက်ပါ့မယ်”
“သြော်…ဟုတ်ကဲ့…ဒါဆိုလည်းအဆင်ပြေတာပေါ့
အမေကြီးရယ်…”
“မိဝင်းရေ…ညည်းတူတွေကိုသွားခေါ်လိုက်ဦးအေ့”
“နေ…နေ…အရီး…ကျုပ်သွားခေါ်လိုက်မယ်”
ရှင်ညိုက ဒေါ်ဝင်းကိုတား၍ သူကိုယ်တိုင်သွား
ခေါ်ပေးရှာသည်။
ခဏမျှကြတော့ မောင်တိုးနဲ့မောင်အုန်းတ်ို့နှစ်ယောက်
ရှင်ညိုနဲ့အတူလိုက်လာခဲ့ကြသည်။
“မောင်ရင်တို့ရေ…ဘွားတို့ အုန်းတောရွာကို
သွားဖို့ရှိနေတယ်…မောင်ရင်တို့လိုက်နိုင်ကြရဲ့လား…
မအားရင်လည်းနေခဲ့လို့ရတယ်ကွဲ့…
ဒီက သူကြီးက ဘွားကိုအသွားကော အပြန်ကော
လိုက်ပို့ပေးမယ်လို့ပြောရှာပါတယ်”
“ဟာ…ကျုပ်တို့အားပါတယ်ဘွားရာ…
လိုက်ခဲ့မှာပေါ့”
“ဟုတ်တယ်ဗျ…ကျုပ်လည်းလိုက်ခဲ့လို့ရတယ်ဘွား”
မောင်တိုး၊မောင်အုန်းတို့ကပြာပြာသလဲပြောသောကြောင့် ဘွားမယ်စိန်ပြုံးလိုက်လေသည်။
“သမီးရှင်ညို…သမီးကောလိုက်ခဲ့ဦးမလား”
“ဒီတစ်ခေါက်တော့ ကျုပ်မလိုက်တော့ဘူးအဘွား…
ညီမလေးနဲ့မနက်ကို တောပန်းလိုက်ခူးပေးမယ်လို့
ကတိပေးထားလို့ပါ”
“အေး…အေး…အေး…တောစပ်ပဲခူးကြနော်…
တောထဲထိမဝင်ကြနဲ့ဦးအေ့..”
“ဟုတ်ကဲ့အဘွား…ကျုပ်တို့ကိုရောအရီးကိုရော
ဒီရွာကိုရောစိတ်မပူပါနဲ့…
စိတ်ချလက်ချသာသွားပါ…ကျုပ်တစ်ယောက်လုံး
ကျန်ခဲ့မှာပါအဘွားရယ်…”
“အေးပါအေ…ကျန်တဲ့လူတွေကိုတော့စိတ်ချပါရဲ့…
ထင်ရာဆိုင်းတတ်တဲ့ညည်းကိုပဲ
ပိုပြီး စိတ်မချရတာပါတော်ကျုပ်က…”
ဟူသော ဘွားမယ်စိန်၏စကားကြောင့် ရှင်ညိုမျက်နှာက
ဆူပုတ်ပုတ်လေးဖြစ်သွားသလို…မောင်တိုးနဲ့မောင်အုန်းတို့မှာ တဟားဟားရယ်မောကြတော့သည်။
သူကြီးတို့အုပ်စုမှာလည်း ရှင်ညိုပိုရှက်သွားမည်ကိုစိုးရိမ်ပြီး ပြုံးယုံသာပြုံးနေကြရရှာသည်။
ထိုသို့ဖြင့် ဘွားမယ်စိန်…မောင်တိုးနဲ့မောင်အုန်းတို့လည်း
အုန်းတောရွာသို့ လိုက်လာခဲ့ကြတော့၏။
အုန်းတောရွာရှိ ဒေါ်ညို၏နေအိမ်ဆီသို့ရောက်တော့
အသားညိုညို…နှုတ်ခမ်းမွှေးစစဖြင့် လူကို
ကြိုးများဖြင့် ခြေများ လက်များကို ချုပ်နှောင်ထားသည်ကို တွေ့လိုက်ကြရာ မောင်တိုးတို့မှာ ထိုလူ့အား
သနားနေမိကြသည်။
“အောင်သိန်းဆိုတာသူပေါ့အမေကြီးရဲ့”
ဘွားမယ်စိန်က အောင်သိန်းကိုသေချာအကဲခတ်သည်။
“အမေကြီးအရင်ထိုင်ပါဦးဗျာ…
ခရီးကလည်းပင်ပန်းလာတယ်မလား…
ကျုပ်က ကျုပ်အိမ်ကိုအရင်ခေါ်သွားချင်တာဗျ…
အမေကြီးက ဒီကောင့်ဆီတန်းသွားချင်တယ်ဆိုလို့သာ
ကျုပ်ကလိုက်ပို့ရတာပါ..”
ဟု…သူကြီးဦးသန်းကပြောလေသည်။
“ကျုပ်သားလေးရဲ့အဖြစ်ကိုကြည့်ပါဦး
တော်…ကျုပ်သားလေးကသားလိမ္မာလေးပါတော့်…
မိဘအပေါ်သိတတ်ရှာတဲ့ကလေးပါတော်…”
ဒေါ်ညိုကဘွားမယ်စိန်ကို သားဖြစ်သူအကြောင်းပြောပြရှာသည်။
အောင်သိန်းကတော့ ငုတ်တုပ်ထိုင်လိုက်…
မြေပေါ်ပြန်လှဲအိပ်လိုက်ဖြင့်အလုပ်များနေခဲ့သည်။
အောင်သိန်းရဲ့ဘယ်ဘက်လက်က လက်ကောက်ဝတ်အထက်ပိုင်းမှစပြီးပြတ်နေခဲ့သည်။
ထိုပြတ်နေသောလက်အား
ဆေးဆရာက ဆေးစည်းပေးထားသေးသည်။
“မောင်အောင်သိန်း…မောင်အောင်သိန်း…
ဘွားခေါ်နေတာကြားသလား…”
ဟု…ဘွားမယ်စိန်က အောင်သိန်းကိုကြည့်၍
ခေါ်လေသည်။
မြေပေါ်လှဲနေသော အောင်သိန်းသည် ဘွားမယ်စိန်အသံကြောင့် ချက်ချင်းထလာ၏။
“အမေကြီးကို ဒီကောင် ရန်ပြုဦးမယ်ဗျ…
အနားသိပ်မကပ်နဲ့…
ဟေ့ကောင်တွေ အဲ့ကောင်ကို သေချာထိန်းထားကြဦး”
သူကြီးဦးသန်းက အောင်သိန်းထလာသည်ကိုမြင်တော့
ဘွားမယ်စိန်ကို ရန်ပြုမည်ကို စိုးရိမ်နေရှာသည်။
“မောင်အောင်သိန်း…ဘွားခေါ်နေတာကြားသလား”
အောင်သိန်းက ခေါင်းညိတ်ပြသည်။
“ကိုယ့်ကိုကိုယ် ဘာတွေဖြစ်နေတာလဲကောသိရဲ့လား…
ဒါမှမဟုတ်မောင်အောင်သိန်းကိုယ်တိုင်
ဒါတွေကိုလုပ်နေတာလား…”
ဟု…ဘွားမယ်စိန်ကမေးတော့ အောင်သိန်းခေါင်းကို
ခါရမ်းသည်။
အောင်သိန်းငိုတော့သည်။အောင်သိန်းငိုသံကြောင့်
သူကြီးတို့အားလုံးပင်အံ့သြကုန်ကြရ၏။
“ဟာ…ဒီကောင်ရန်လုပ်တော့မယ်ထင်နေတာ…
အခုတော့ငိုနေတာပါလားဟ”
ဟုပင်…ပြောကုန်ကြလေသည်။
“ကျုပ်…ကျုပ်ကိုကယ်ပါဗျာ…
ကျုပ်ကိုကယ်ပေးကြပါ….”
ဟု…အောင်သိန်းကငိုရင်းမှအော်ပြောပြန်သည်။
“မောင်ရင်ဘာတွေဖြစ်နေတာလဲ…
ဘွားကိုသေချာပြောစမ်းကွယ်…
ဘွားကူညီပေးပါ့မယ်…”
“ကျုပ်ခန္ဓာကိုယ်ကြီးကို ကျုပ်ထိန်းလို့မရဘူး
အမေကြီးရဲ့…
ကျုပ်ကိုယ်ကြီးကိုတစ်ယောက်ယောက်ကချုပ်ကိုင်ထားသလိုပဲ…ကျုပ်ရဲ့လက်ကို ကျုပ်မဖြတ်ရပါဘူးဗျာ…
ကျုပ်ဘယ်လိိုမှထိန်းလို့မရဖြစ်နေတာပါ…
ကျုပ်ကိုကယ်ပါဦးဗျာ…ကျုပ်ကိုကယ်ကြပါဦး”
“ကယ်မှာပေါ့…ဘွားတို့ကမောင်ရင့်ကိုကယ်ဖို့ပဲ
ရောက်လာကြတာပါ…
မောင်ရင်တောတက်ခဲ့သေးတယ်ဆိုကွဲ့…
တောထဲမှာဘာတွေဖြစ်လာသေးလဲ…
ခါတိုင်းနဲ့မတူဘာတွေများထူးခြားခဲ့သေးလဲကွဲ့”
“တောတက်တယ်…ဟုတ်တယ်…ကျုပ်တောတက်ခဲ့တယ်…ထူးခြားတာ…ထူးခြားတာဆိုလို့…
ဟုတ်ပြီ…ဟုတ်ပြီ…
ကျုပ်ကို ဦးသံဒိုးက အိမ်တိုင်တွေမှာလိုက်တာဗျ…
ကျုပ်အိမ်တိုင်အတွက် အဆင်ပြေတဲ့သစ်ပင်ကို
ခုတ်ခဲ့တာ…အဲ့သည်လိုခုတ်ရင်းနဲ့
ဘယ်ကာလကတည်းကရှိမှန်းမသိတဲ့
တောထဲက အရုပ်ကြီးအပေါ်ကို.သစ်ပင်က
ကျိူးကျသွားတာ…သစ်ပင်ကျိုးကျလို့ အရုပ်ကြီးရဲ့
လက်တစ်ဖက်တောင်ပြတ်သွားသေးတယ်….”
“ဟေ…အရုပ်ကြီးရဲ့လက်ပြတ်သွားတယ်ဟုတ်လား”
အောင်သိန်း စကားကြောင့်.ဘွားမယ်စိန်
စဥ်းစားရလေပြီ။
စဥ်းစားပြီးလေတော့…
“တောထဲမှာအဲ့သည်အရုပ်ကြီးရှိနေတာကို
သူကြီးတို့ရောသိကြရဲ့လား”
“ကျုပ်တို့လည်းသိကြပါတယ်အမေကြီး…
အဲ့အရုပ်ကြီးက ဘယ်ကာလကတည်းကရှိမှန်းမသိတဲ့အရုပ်ကြီးဗျ…အတော်လေးလည်းအိုဟောင်းနေပါပြီဗျာ…”
“အင်း…ဘွားကတော့ မောင်အောင်သိန်းအခုလိုဖြစ်နေတာဘာကြောင့်ဆိုတာ သိခဲ့ရပြီကွဲ့…”
“ဗျာ…ဒါဆို ဒီကောင်အခုလိုဖြစ်နေတာ
ဘာကြောင့်များလဲအမေကြီး…”
“အင်း…ပြောရရင် အဲ့သည်အရုပ်ကြီးက
အစီအရင်တစ်ခုလည်းဖြစ်နိုင်သလို…
သူ့ကိုဖန်တီးထားတဲ့လူတွေရဲ့အကြံအစည်တစ်ခုလည်းဖြစ်နိုင်တယ်ကွဲ့…ဒီတော့ သူကြီးတို့လုပ်ရမှာက
တောထဲကိုသွားပြီး အရုပ်ကြီးရဲ့ကျိုးသွားတဲ့လက်ကို
အစားပြန်လုပ်ပေးရမယ်…ဒါတင်မကဘူးနော်
မောင်အောင်သိန်းအမေကိုယ်တိုင်ကလည်း
ကန်တော့ပွဲနဲ့သွားတောင်းပန်ရလိမ့်မယ်…”
“ဗျာ…အဲ့သည်လိုလုပ်ရမှာလား”
“ဟုတ်တယ်ကွဲ့…မောင်အောင်သိန်းပြန်ကောင်းနိုင်ဖို့
ကလည်းဒီတစ်နည်းပဲရှိတော့တယ်…
သူ့အမှားကြောင့်တစ်ဖက်ကမကျေမနပ်ဖြစ်နေပုံရပါတယ်…တောင်းပန်လိုက်ပါ…
ဒါဆိုရင် အဆင်ပြေပါလိမ့်မယ်ကွယ်…”
ဟုသာဘွားမယ်စိန်ကပြောတော့သည်။
ဘွားမယ်စိန်ပြောတာကိုလည်း သူကြီးဦးသန်းတို့က
လက်ခံကြသည်။
သူကြီးဦးသန်းကိုယ်တိုင်တောထဲလိုက်မည်ဟုလည်းပြော၏။
ဘွားမယ်စိန်တို့ကိုတော့သူကြီးဦးသန်းကသူ၏နေအိမ်ဆီသို့ ခေါ်သွားပြီးအနားယူစေသည်။
သူကြီးဦးသန်းကတော့ မနားရပေ…
အရုပ်ကြီး၏လက်ကိုထုလုပ်ပေးနိုင်သူကို ရှာရတော့၏။
နောက်တစ်နေ့နံနက်မှာတော့တခြားရွာမှ
ပန်းပုဆရာကိုငှားပြီးတောထဲသို့ တက်ဖို့ပြင်ကြရပြန်သည်။
ဘွားမယ်စိန်တို့မှာ သူကြီးကတော်ဖြင့်သာအိမ်၌
နေရစ်ခဲ့ကြလေသည်။
“ဘွား…အဲ့သည်အရုပ်ကြီးကဘာအရုပ်ကြီးလဲဗျ…
ဒီအရုပ်ကြီးကလူတွေကိုဒုက္ခပေးနေတာဆိုရင်
ဖျက်ဆီးပစ်သင့်တယ်မဟုတ်ဖူးလား”
မောင်တိုး၏အမေးကို ဘွားမယ်စိန်က ခေါင်းကိုရမ်း၍…
“သူ့အရပ်နဲ့သူ့ဇာတ်ဆိုတာရှိတယ်မောင်ရင်ရဲ့…
ဒီအရုပ်ကြီးကို ဘာကြောင့်စီရင်ထားခဲဲ့ကြသလဲဆိုတာ
ဘွားတို့ကအသေအချာ မသိနိုင်ဘူးလေ…
ဒါကြီးကိုဖျက်ဆီးလိုက်မှ ဟောသည်ရွာမှာ
တခြားအရာတွေဖြစ်လာခဲ့ရင်ကောဘယ်လိုလုပ်ကြမလဲ…
အရုပ်ကြီးတည်ရှိလာတဲ့ကာလတွေမှာ
အခုလိုဖြစ်တာ ဒါပထမဆုံးအကြိမ်မဟုတ်လား…
ဒါကြောင့် ဘွားကသွားပြီးပဲ
တောင်းပန်ခိုင်းရတာပေါ့ကွယ်”
“သြော်…အဲ့သည်လိုလား”
ဘွားမယ်စိန်ယခုလိုလုပ်ခိုင်းရခြင်း၏အကြောင်းရင်းအမှန်ကို မောင်တိုးတို့လည်းလက်ခံလိုက်ရသည်။
သူကြီးဦးသန်းတို့တောထဲမှာပြန်မလာခင်…
အောင်သိန်းသက်သာနေပြီဟု…ရွာသားတစ်ယောက်က
ဘွားမယ်စိန်တို့ကိုလာပြောပေးရှာသည်။
သို့သော် သူကြီးဦးသန်းတို့ပြန်ရောက်လာလေတော့မှ
အောင်သိန်းကိုသူကြီးကိုယ်တိုင်ကြိုးများဖြည်ပေးရှာသည်။
“နောက်ဆို တောတက်မယ့်လူတွေကို
သတိပေးထားကွဲ့…
အရုပ်ကြီးအနားမှာအပေါ့အလေးမစွန့်ဖို့နဲ့
မရိုမသေမလုပ်ကြဖို့ကအစသေချာလေးမှာထားတော့ပေါ့
မောင်ရင်…”
“ဟုတ်ကဲ့အမေကြီး…
ကျုပ်တို့လည်း သတိထားရတော့မှာပဲဗျာ…
ရွာကလူတွေလည်း အောင်သိန်းကိုမြင်ထားကြရပြီဆိုတော့…သူတို့သတိပိုကြီးတော့မှာပါ…
အမေကြီးကိုလည်းကျေးဇူးတင်ပါတယ်ဗျာ…
ကျုပ်တို့ဘာသာဆို လွယ်လွယ်ကူကူသိရမှာမဟုတ်ဖူးဗျ…”
“ရပါတယ်ကွယ်…”
ဘွားမယ်စိန်ကို အောင်သိန်းကထိုင်ကန်တော့ရှာသည်။
လက်တစ်ဖက်ပြတ်နေသော အောင်သိန်းကိုကြည့်ပြီး
ဘွားမယ်စိန်မှာ သက်ပြင်းလေးချ၍…
“ဒီလောက်နဲ့ ပြီးသွားတာပဲကံကောင်းလှပါပြီ…
အသက်မသေတာပဲကျေးဇူးတင်ရတော့မယ်ကွဲ့…”
ဟု…ပြောရှာသည်။
အောင်သိန်းခမျာလည်းခေါင်းကြီးတညိတ်ညိတ်ဖြင့်
မျက်ရည်များကျနေခဲ့ရှာသည်။
အုန်းတောရွာမှလက်ပြတ်အောင်သိန်းကိစ္စကို
ဖြေရှင်းပေးပြီးနောက် ဘွားမယ်စိန်တို့သောင်ထွန်းရွာက်ို
ပြန်လာခဲဲ့ကြသည်။
လမ်း၌ လှည်းမောင်းနေရင်း…
“ကိုကြီးအုန်း…အစ်မနုယဥ်ကို ပစ်ထားတော့မှာလား…
ကိုကြီးအုန်းကဘယ်လိုကြီးတုန်းဗျ…”
ဟု..မောင်တိုးကမေးလေသည်။
“ဘာကိုတုန်းမောင်တိုးရ…
ငါကသူ့ဘာလုပ်နေလို့လဲကွာ…”
“ဘာလုပ်ရမှာလဲ…
အခုကိုကြီးအုန်းက အစ်မနုယဥ်ကို မျက်နှာလွှဲခဲပစ်လုပ်နေတာမဟုတ်ဖူးလားဗျ…
အဲ့သည်လိုတော့မလုပ်ပါနဲ့ဗျာ…
ကိုယ်လည်းယောကျာ်းပဲ…အလျော့ပေးလိုက်ပါဗျ”
“မင်းကငါတို့ကိုရန်ဖြစ်ထားတယ်လို့ထင်နေတာလား…
မင်းအခုထင်နေတာထက်ဆိုးတယ်မောင်တိုးရဲ့…
မသိချင်ပါနဲ့တော့ကွာ…နောက်ပြီးငါ့ကိုသူ့အကြောင်း
မပြောစမ်းနဲ့ငါဘာမှမသိချင်ဘူး”
ဟု…မောင်အုန်းကပြောလေတော့ မောင်တိုးလည်း
သက်ပြင်းသာချလေသည်။
“ဘယ်လိုမှညှိယူလို့မရတာသေချာပြီလားမောင်ရင်…”
“သေချာပြီလို့ထင်ပါတယ်ဘွား”
“အေးလေ…လူဆိုတာကလည်း ရေစက်ရှိနေတုန်းက
ချစ်ကြ…မခွဲနိုင်ကြဖြစ်ကြတာပဲလေ…
ဟော…ရေစက်များကုန်သွားရင်
မျက်နှာမကြည့်ချင်ရတာနဲ့
အသံမကြားချင်ရတာနဲ့ ဖြစ်ကုန်ကြရော…
ဒါပေမယ့် ဘွားအမြင်မှာတော့ ချစ်ရဲ့သားနဲ့.မချစ်ချင်ယောင်ဆောင်ရတာက ပိုပင်ပန်းပါတယ်ကွယ်…
ပြန်ပြီးနားလည်မှုယူကြပါဦး…
နှစ်ယောက်စလုံးစိတ်ပင်ပန်းနေရရင်…
ဘာအကြောင်းများထူးလို့အခုလိုလုပ်နေရတာလဲကွယ်…”
“ကျုပ်…ကျုပ်က….”
“တော်ပါပြီ…ဘွားက မောင်ရင့်စိတ်ကိုနားလည်ပါတယ်…
ကိုယ်ချစ်တဲ့သူနဲ့ပေါင်းဖက်ရဖို့ ဘေးလူတွေရဲ့
အမြင်တွေ…စကားတွေကို ရှောင်နိုင်ရမယ့်ကွဲ့…
သူတို့စကားစိတ်ထဲထားနေရင်တော့
ရေရှည်အဆင်ပြေမှာမဟုတ်ဘူး…
ဒီတော့ သမီးနုယဥ်ကိုချစ်ရင် နုယဥ်ကိုပဲကြည့်ပေးလိုက်ပါကွယ်…ဒီကလေးက သူ့အမေကြောင့်
ဘယ်လောက်ပင်ပန်းနေရသလဲဆိုတာမောင်ရင်သိသားနဲ့…
သူ့ကိုသနားပါကွယ်…”
“ဟုတ်ကဲ့ပါဘွား…
ကျုပ်ရွာကိုရောက်ရင်သူ့ဆီသွားလိုက်ပါ့မယ်”
“အေး…အေး…အေး…”
မောင်အုန်းစကားကြောင့် မောင်တိုးတင်မက
ဘွားမယ်စိန်ပါပြုံးလေသည်။
ထိုသို့ဖြင့် လက်ပြတ်အောင်သိန်းနဲ့
မောင်အုန်း၏အချစ်ရေးပြဿနာကိုဘွားမယ်စိန်ကိုယ်တိုင်ဖြေရှင်းပေးခဲ့ပါသည်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)