ဘွားမယ်စိန်ပါဝင်သောစုန်းညီနောင်၏
သွေးကြွေးဆပ်တဲ့နေ့
စာမူ…၁၆၇
စဆုံး
စုန်းညီနောင်သည် သူတို့၏မွေးရပ်ဇာတိရွာဖြစ်သော
မဲကင်းရွာသို့ ပြန်ရောက်လာခဲ့ကြသည်။
မဲကင်းရွာသို့ ပြန်ရောက်လာကြသော်လည်း
ရွာထဲသို့တန်းမဝင်ကြဘဲ အမေဖြစ်သူ၏မြေပုံဆီသို့
သွား၍အရင်ဆုံးဦးချကြလေသည်။
“အမေ…သားတို့ညီအစ်ကိုပြန်ရောက်လာပြီ…
အမေ့အတွက်သားတို့လက်စားချေနိုင်တော့မယ်အမေ”
ဟု…ငသြကပြောရင်း ကန်တော့လေသည်။
ငထိန်ကတော့ မျက်ရည်များကျရင်း မြေပုံပေါ်ရှိမြေများကို လက်ထဲ၌ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။
“အစ်ကို….ကျုပ်တို့ ဒီည…ဒီနေရာမှာပဲ…
အဲ့သည်မိန်းမကိုအပြတ်ရှင်းပစ်ကြရအောင်ဗျာ…”
“အေး…ညီလေးပြောတာမှန်တယ်…
အစ်ကိုတို့ရွာထဲဝင်ပြီး ဒီမိန်းမကိုရှင်းပစ်လိုက်ရင်
ရွာကလူတွေကအစ်ကိုတို့ကို တမျိုးမြင်လာနိုင်တယ်…
ဒါကြောင့်…အဲ့သည်မိန်းမကို ခေါ်ပြီးပဲရှင်းလိုက်
ကြတာပေါ့…”
စုန်းညီနောင်လည်း စုန်းမဒေါ်ပန်းအုံကို ရွာပြင်၌သာ
ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ကြသည်။
ညမိုးချုပ်တာနဲ့ဖယောင်းတိုင်မီးကိုထွန်းလိုက်ကြသည်။
ဆရာဖြစ်သူဦးသိုက်စံသင်ပေးထားသောပညာများကို
အသင့်နှိုးထားကြ၏။
ထို့နောက်စုန်းညီနောင်သည် ဂါထာတစ်ပုဒ်ကို
ပြိုင်တူရွှတ်၍ ဖယောင်းတိုင်မီးပေါ်သို့ ဆေးလုံးတောင့်လေးတစ်တောင့်ကိုတင်လိုက်ကြသည်။
ထိုဆေးလုံးတောင့်ကိုတင်လိုက်သည်နှင့် ရွာဘက်ဆီမှ
မည်းမည်းသဏ္ဍန်တို့သည် ထွက်ပေါ်လာခဲ့၏။
ထိုသဏ္ဍန်တို့မှာ ရွာခံစုန်းမ များဖြစ်၏။
မျက်တောင့်နီကြီးများဖြင့် စုန်းညီနောင်အားဝိုင်းထားကြသော်လည်း စုန်းညီနောင်ကလည်းမခေပေ။
ဆရာဖြစ်သူ ဦးသိုက်စံသင်ပေးခဲ့သော ပညာများက
ထိုစုန်းမ များကိုအတုံးအရုန်းပင်သေစေခဲ့သည်။
“ဒင်းတို့ကိုတစ်ယောက်မကျန်ရှင်းထားမှ…
ကျုပ်တို့ကို မော်မကြည့်ရဲမှာ…”
ဟု…ငထိန်ကပြောရင်း ဖနောင့်ပေါက်…
မျက်စောင်းထိုး…ဂါထာရွှတ်ယုံဖြင့် စုန်းမတို့မှာမခံသာ
နေရာ၌ ဗုန်းခနဲလဲကျသွားကြတော့သည်။
နောက်ဆုံး၌ ဒေါ်ပန်းအုံတစ်ယောက်သာကျန်ခဲ့သည်။
ဒေါ်ပန်းအုံ၏ပညာကလည်းမခေပေ။
တခြားသောစုန်းမ များကဲ့သို့ ကိုးရိုးကားရားမရှိဘဲ…
လင်းတငှက်သွင်ဖြင့် ကောင်းကင်၌ ပျံ့ဝဲရင်း
မြေပြင်မှအခြေအနေကိုအကဲခတ်နေပုံရသည်။
“အစ်ကို…ဟိုဟာက ဒေါ်ပန်းအုံပဲဗျ”
ငထိန်က ငသြကိုသတိပေးလိုက်သည်။
လင်းတငှက်သွင်ပြောင်းထားသော်လည်း စုန်းညီနောင်မှာ
ဒေါ်ပန်းအုံမှန်းအတပ်သိကြသည်။
လင်းတငှက်အသွင်ပြောင်းထားသော ဒေါ်ပန်းအုံသည်
သူ၏စက်တန်းများဖြင့် စုန်းညီနောင်ကိုတိုက်ခိုက်ရာ…
စုန်းညီနောင်ကလည်းမခေလှ။
ဒေါ်ပန်းအုံ၏စက်တန်းများကိုဖြတ်ချ၍
သူတို့စက်တန်းများဖြင့် ပြန်လည်ပစ်သွင်းရာ
ဒေါ်ပန်းအုံမှာ သူ၏ဇာတိရုပ်ပေါ်ပြီး မြေပေါ်သို့ ဘုန်းခနဲ
ပြုတ်ကျလာတော့သည်။
ပြုတ်ကျလာသောဒေါ်ပန်းအုံကို ငထိန်က
ခြေထောက်ဖြင့် ကန်ကျောက်ကာ တွန်းဖယ်လေတော့
“အမယ်လေး…ကြောက်ပါပြီဆရာလေးတို့ရယ်….
မယှဥ်ပြိုင်ဝံ့တော့ပါဘူး…ကျုပ်အသက်ကိုတော့
ချမ်းသာပေးပါတော်…”
ဟု…အော်ဟစ်ငိုယိုကာ အသက်ကိုချမ်းသာပေးဖို့
တောင်းပန်တော့သည်။
“ဟားး….ဟားး…ဟားး…ဟားးး…ဟား…
ဒေါ်ပန်းအုံ…ဒေါ်ပန်းအုံ…တခြားသူအသက်ကိုတော့
အကြောင်းမဲ့သက်သက် သတ်ပြီး…
ကိုယ့်အလှည့်ကျတော့ ချမ်းသာပေးပါတဲ့…
ဟင်း…ကျုပ်တို့အမေကိုကျ ခင်ဗျားသတ်ခဲ့တာစိတ်ချမ်းသာတယ်မလား…
စိတ်ချ ခင်ဗျားကိုလည်း ကျုပ်တို့တန်ပြန်နည်းအတိုင်းသတ်ပေးမယ်…မပူလေနဲ့…တောက်……”
ငထိန်က တောက်တစ်ချက်ခေါက်ပြီး
မလှမ်းမကမ်းရှိနွယ်ကြိုးကို လက်ညိုးထိုးလိုက်ရာ
နွယ်ကြိုးသည် မြေဟောက်ကြီးပုံစံပြောင်း၍
မြေပေါ်၌လဲနေသော ဒေါ်ပန်းအုံဆီသို့
ဒေါသတကြီးပြေးပေါက်တော့သည်။
“အမယ်လေးတော့်……”
မြွေဟောက်၏အဆိပ်ကြောင့် ဒေါ်ပန်းအုံမှာ
ချက်ချင်းပင်တစ်ကိုယ်လုံးပြာနှမ်းပြီးအကြောများဆွဲ၍
ပါးစပ်မှအမြုပ်ဖြူကြီးများဝေကာ ခဏအကြာပင်
နေရာ၌သေဆုံးသွားခဲ့တော့သည်။
ဒေါ်ပန်းအုံသေသွားလေမှ မြွေဟောက်ကြီးသည်
နွယ်ကြိုးပုံစံပြန်ပြောင်းသွားခဲ့၏။
“တောက်…ဒီမိန်းမသေသွားတာတောင်
ကျူပ်ရင်ထဲက ဒေါသတွေကမပြေသေးဘူးအစ်ကို”
ဟု…ငထိန်ကပြောလေတော့ ငသြက…
“ကဲပါငါ့ညီရာ…သူလည်းသူအပြစ်နဲ့သူသွားပြီ…
လာကွာအစ်ကိုတို့ရွာထဲသွားကြစို့…
အဖေလည်းတို့ညီအစ်ကို ကို မျှော်နေရှာမှာ…”
ဟု…ပြော၍ ညီဖြစ်သူကိုခေါ်ကာ ရွာထဲသို့ဝင်လာခဲ့တော့သည်။
“ဟာ…ငသြနဲ့ငထိန်ပါလား…”
“ဟုတ်သားဗျ…ငသြနဲ့ငထိန်ပြန်လာကြပြီဗျ”
ရွာသူ၊ရွာသားတွေက ငသြနဲ့ငထိန်ကို
ဝမ်းသာအားရခေါ်ကြသော်လည်း ငသြနဲ့ငထိန်သည်
မည်သူ့ကိုမှအရေးလုပ်မပြောကြဘဲ…
အဖေဖြစ်သူရှိရာအိမ်ဆီသို့ ဆက်လျှောက်လာခဲ့ကြသည်။
အိမ်ရှေ့သို့ရောက်လေမှ…
“အဖေ…အဖေရှိလား”
ဟု…အော်ခေါ်ကြရာ…အိမ်အတွင်းမှာအဖေဖြစ်သူ
ဦးကံသည်သားဖြစ်သူတွေအသံကြောင့်အပြေးတပိုင်းထွက်လာရှာသည်။
“သားကြီးနဲ့သားငယ်….”
သားဖြစ်သူတွေကို မြင်တော့ဦးကံဝမ်းသာသွားသည်။
ငသြတို့ညီအစ်ကိုကအဖေဖြစ်သူကို အပြေးပွေ့ဖက်ကြ၏။
“မင်းတို့ကွာ…အဖေ့ကိုထားပြီးဘယ်ထွက်သွားကြတာလဲ…
မင်းတို့ကွာ……”
ဟု…တတွတ်တွတ်ပြောရင်းဦးကံငိုလေတော့သည်။
“အဖေရာ….မငိုပါနဲ့…
အခုကျုပ်တို့ပြန်ရောက်လာပြီပဲလေ…”
သားအဖသုံးယောက် အလွမ်းသည်နေကြစဥ်
ဘေးအိမ်မှ ဒေါ်ချိုနှင့်ဦးဖေတို့လည်းအနားရောက်လာခဲ့ကြသည်။
သူတို့ခမျာလည်း ငသြနဲ့ငထိန်တို့ကိုမြင်တော့ဝမ်းသာနေကြရှာသည်။
နောက်တစ်နေ့နံနက်သို့ရောက်တော့ ရွာထဲ၌
လူများသေနေကြသည်ဟုသောသတင်းများပျံ့လွှင့်လာခဲ့သည်။မိမိအိမ်၌နေရင်း သေဆုံးသွားကြသူများကြောင့်
တစ်ရွာလုံးအံ့သြနေကြသည်။
ဒါ့အပြင်ရွာအပြင်၌ သေဆုံးနေသော ဒေါ်ပန်းအုံ၏
အလောင်းကိုမြင်ရလေတော့မှ ပို၍ အံ့သြကြရသည်။
ဒေါ်ပန်းအုံတို့သေဆုံးခြင်းနှင့် ငသြတို့ညီအစ်ကိုရွာသို့
ပြန်ရောက်လာခြင်းကို ရွာသူ၊ရွာသားများအတွက်
စဥ်းစားစရာဖြစ်နေခဲ့သည်။
ထိုနေ့မှာပင် သူကြီးဦးထွန်းဆိုင်နဲ့ရွာရှိလူကြီးတချို့
ငသြတို့အိမ်သို့ရောက်လာခဲ့သည်။
သူကြီးတို့လူစုကို ဦးကံက ဧည့်ခံစကားပြောသော်လည်း
ငသြနဲ့ငထိန်မှာ အိမ်အလုပ်များကိုသာ
လုပ်နေခဲ့ကြသည်။
“ဟေ့…ငသြ…လာကြပါဦး….
သူကြီးက မင်းတို့နဲ့စကားပြောဖို့ရောက်လာတာကွ”
ဟု…လူကြီးတစ်ယောက်ကပြောသောအခါ…
“ကျုပ်တို့မှာသူနဲ့ ပြောစရာမရှိဘူး…
သူပြောချင်တာပြောပြီးရင်သာ ကျုပ်တို့အိမ်ကပြန်ခိုင်းလိုက်တော့…”
“ဘာကွ”
ထင်းခွဲနေသော.ငထိန်က သူကြီးဦးထွန်းဆိုင်ကို
စူးစိုက်ကြည့်၍ပြောလိုက်သည်။
ဦးထွန်းဆိုင်မှာ ဒေါသများတလိပ်လိပ်ထွက်နေတော့၏။
“သူကြီးရယ်…ကျုပ်သားက ကလေးပဲရှိသေးတော့
စကားအပြောအဆိုမတတ်လို့ပါ…”
“ဘယ်မှာလဲ…ကလေး…ကလေးဆိုပြီးလွှတ်ထားတာကို
ခင်ဗျားသားက စော်ကားနေတာဗျ…
ဟေ့…ငသြနဲ့ငထိန်…ရွာထဲမှာလူတွေသေနေတာ
မင်းတို့လက်ချက်မဟုတ်ဘူးလား…
ငါ့ရွာကနေလူမသိသူမသိထွက်သွားပြီး…
မင်းတို့ပြန်ရောက်လာမှအခုလိုတွေဖြစ်ရတာကွ…”
“တောက်…”
သူကြီးဦးထွန်းဆိုင်၏စကားအဆုံး၌ ငသြ၏တောက်ခေါက်သံကြောင့် အားလုံးတိတ်ဆိတ်သွားခဲ့သည်။
“ဒီမှာသူကြီး…
ကျုပ်တို့ကို ခင်ဗျားဒီစကားပြောနိုင်နေတာ
ခင်ဗျားကို ကျုပ်တို့ဘာမှမလုပ်သေးလို့ပဲဆိုတာသိထား…
ကျုပ်တို့ညီအစ်ကို ကို လာပြီးစော်ကားမော်ကားပြောလို့ရမယ်မထင်နဲ့…ခင်ဗျား…အဲ့သည် ကွပ်ပျစ်ကနေပဲ
အရင်ဆုံးဆင်းလာနိုင်ဖို့ကြိုးစားလိုက်ဦး…”
ဟု…ငသြက ခါးကြီးထောက်၍ ပြောလိုက်သည်။
ငထိန်ကလည်းအစ်ကိုဖြစ်သူအနားသို့လာရပ်၏။
ဦးကံကတော့ သားဖြစ်သူတွေကိုကြည့်ပြီး
နားမလည်ဖြစ်နေရှာသည်။
တစ်ဖက်ခြံမှ ဦးဖေနဲ့ဒေါ်ချိုတို့ကလည်း လှမ်းကြည့်နေကြ၏။
“အောင်မယ်…အောင်မယ်…မင်းတို့ကများငါလိုသူကြီးကို
ချိန်းခြောက်ရဲတယ်…
ဆင်းတယ်ကွာ…ဆင်းတယ်…ဘာဖြစ်ချင်သလဲ…”
ဟု…ပြော၍ ကွပ်ပျစ်မှခြေချဖို့လုပ်ရာ…
ငထိန်က ဂါထာတစ်ပုဒ်ကိုနှုတ်မှရွှတ်ဆိုရာ…
အမောက်များထောင်ထားသည့် မြွေကြီးသုံးကောင်သည်
သူကြီးဦးထွန်းဆိုင်၏ခြေထောက်အားလှမ်း၍
ပေါက်ကြတော့၏။
သူကြီးဦးထွန်းဆိုင်မှာ ခြေထောက်ကိုအပေါ်သို့ဆွဲအတင်မြန်ပေလို့တော်သေးသည်။
သို့သော် ငသြတို့ညီအစ်ကို ကိုကြည့်၍ သူ့ခမျာ ထိတ်လန့်နေခဲ့တော့သည်။
“ဦးကံ….ခင်…ခင်ဗျားသားတွေကဘာတွေလဲ…
ပြော…ပြောဦးလေဗျာ…”
ဟု…အဖေဖြစ်သူဦးကံကို ပြောလေတော့သည်။
“ကျုပ်တို့က သိုသိုသိပ်သိပ်နေဖို့စဥ်းစားထားတာပါ…
ဒါပေမယ့် ခင်ဗျားတို့က ကျုပ်တို့ကို အနိုင့်ကျင့်…
အပေါ်စီးက ဆက်ဆံမယ့်အချိုးတွေကိုမြင်ရတော့လည်း
မသိုသိပ်နိုင်တော့ဘူးဗျာ…ဟုတ်တယ်…ကျုပ်တို့လက်ချက်ကြောင့်မနေ့ညကလူတွေသေရတာ…
လူဆိုတာထက်စုန်းမတွေပေါ့ဗျာ…
သူတို့ထဲကဒေါ်ပန်းအုံတစ်ယောက်ကတော့
ကျုပ်တို့အမေကိုသတ်တဲ့အတွက်ပိုပိုသာသာလေး
သတ်ခဲ့ကြရတာပေါ့…”
ဟု…ငသြကပြောလိုက်ရာ အဖေဖြစ်သူဦးကံပင်အံ့သြ
သွားခဲ့သည်။
“ငါ့သား…မင်း…မင်းပြောတာအမှန်ပဲလား”
“အမှန်ပဲအဖေ…အစ်ကိုပြောခဲ့သလိုပဲ…
ဒေါ်ပန်းအုံကြောင့်အမေသေခဲ့ရတာ…
အဲ့တာကြောင့်ပဲ ကျုပ်တို့ဒီရွာကနေထွက်သွားကြတာ…
ကျုပ်တို့ပညာစုံမှပဲအဲ့သည်မိန်းမကြီးကို
လက်စားပြန်ချေနိုင်ခဲ့တာအဖေ…”
“ပညာ…ဘာပညာလဲငါ့သား”
“ဘာပညာလဲဆိုတော့ စုန်းပညာအဖေရဲ့…
ကျုပ်တို့က စုန်းတွေဖြစ်နေပြီဗျ…
စုန်းထဲကမှ စုန်းညီနောင်ဆိုပြီးအများအသိအမှတ်ပြုရတဲ့
စုန်းတွေဖြစ်နေပြီဗျ…ဟားး…ဟားး…ဟားးး..
ဟားးး…ဟားးးးးးးး”
“ဟေ…”
ဦးကံက အံ့သြသင့်နေသပေမယ့်
သူကြီးဦးထွန်းဆိုင်တို့ကတော့အတော်လေးကြောက်လန့်နေကြသည်။
“ဒီမယ်…ဒီမယ်…မောင်ရင်တို့ ကျုပ်တို့အိမ်ပြန်ပါရစေကွာ…နော်…ဦးတို့တောင်းပန်ပါတယ်…”
ဟု…သူကြီးဦးထွန်းဆိုင်က မျက်နှာငယ်လေးဖြင့်
ပြောလေသည်။
ကွပ်ပျစ်အောက်ရှိမြွေကြီးသုံးကောင်မှာလည်း
အောက်ဆင်းသည်နှင့်ပေါက်ဖို့အသင့်ဖြစ်နေကြသည်။
“ခင်ဗျား ကျုပ်တို့အကြောင်းသိပြီလားသူကြီး”
“သိ…သိပါပြီငါ့တူရာ…”
“ခင်ဗျားကြီးကိုကျုပ်ဘက်က မကျေနပ်သေးဘူးဗျ….”
“ဘာများဖြစ်လို့လဲငါ့တူ…ကျုပ်ကိုဘာများမကျေနပ်ဖြစ်ရတာလဲ”
“ဘာဖြစ်ရမှာလဲ… ကျုပ်တို့အမေရဲ့အလောင်းကို
ခင်ဗျားကြောင့်ရွာပြင်မှာ မျက်နှာမွဲလို သဂြိုလ်ခဲ့ရတာလေ…အဲ့တာကို ကျုပ်မကျေနပ်ဘူးဗျ…”
“ငါ့တူငထိန်ရာ…ဒါက.ရွာတွေရဲ့ထုံးစံမလို့ပါကွာ…
ကျုပ်က ငါ့တူတို့ကိုသက်သက်ယုတ်မာတာမဟုတ်ရပါဘူး…ဒီကလူကြီးတွေကိုလည်းမေးကြည့်လို့ရပါတယ်”
“ဟုတ်ပါတယ်ကွာ…သူကြီးပြောတာမှန်ပါတယ်”
လူကြီးတွေကလည်း သူကြီးစကားကိုထောက်ခံကြသည်။
“ကဲပါညီလေးရာ…အခုဆိုသူတို့လည်း နားလည်လောက်ပါပြီ…ပြန်ခိုင်းလိုက်ပါတော့ကွာ…”
ဟု…ငသြကပြောမှ ငထိန်သည်.မျက်လွှာကိုချလိုက်ရာ
ပါးပြင်းထောင်နေသော.မြွေကြီးသုံးကောင်မှာ
ရုတ်ချည်းပေါက်ကွယ်သွားခဲ့၏။
သူကြီးဦးထွန်းဆိုင်နဲ့အတူပါလာသောလူကြီးတွေလည်း
မြွေများပျောက်သွားလေမှ ကွပ်ပျစ်ပေါ်မှဆင်းလာကြသည်။ ဘေးဘယ်ညာကိုကြည့်ပြီးမှပဲ
ငသြတို့ခြံဝိုင်းအတွင်းမှ အပြေးထွက်သွားကြတော့သည်။
“သားတို့…မင်းတို့လမ်းမှားတွေရောက်မှာတော့.အဖေစိုးရိမ်တယ်ကွာ…”
ဦးကံ၏စကားကြောင့် ငသြနဲ့ငထိန်မှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သက်ပြင်းများချလိုက်ကြ၏။
ငသြနဲ့ငထိန်သည် ရွာသို့ပြန်ရောက်ပါသော်လည်း
ယခင်က ကဲ့သို့ သူငယ်ချင်းများနှင့် အခေါ်အပြောအဆက်အဆံပင်မလုပ်ကြပေ။
ရွာမှလူတွေကလည်း ငသြနဲ့ငထိန်တို့အကြောင်းကိုသိပြီး.ကြောက်၍ ရှောင်ဖယ်ကာနေကြ၏။
ထိုသူတို့ရှောင်ဖယ်ပါသော်လည်း ငသြနဲ့ငထိန်မှာ
နည်းနည်းမျှပင် ဂရုမစိုက်ကြ…ဖခင်ကြီးနှင့်သာ
အတူနေကြလေသည်။
သို့သော်စုန်းညီနောင်သည် ယခင်က ကဲ့သို့
သူများလယ်ယာ၌ အငှားမလိုက်ကြတော့ဘဲ
ညဘက်သို့ရောက်မှ တူရွှင်းတစ်လက်ဖြင့်အိမ်မှထွက်သွားတတ်သည်။
အလုပ်မလုပ်ဘဲရွှေများ…ငွေများပေါများနေသည့်
သားဖြစ်သူနှစ်ယောက်ကိုကြည့်၍ ဦးကံမနေနိုင်ဖြစ်လာပြီး…
“ငါ့သားတို့…မင်းတို့ကြည့်ရတာ…
အလုပ်မလုပ်ဘဲလက်ထဲငွေတွေဖောဖောသီသီသုံးနေတာ
ဘာကြောင့်များလဲ”
ဟု…မေးရှာသည်။
ငထိန်က ဖခင်ကြီးစကားကြောင့်ပြုံး၏။
ငသြကပဲ…
“အဖေရာ…ကျုပ်တို့ကသူများလယ်မှာအငှားသွားလုပ်ရင်
ဘယ်သူကခေါ်မှာလဲ…ဒါကြောင့် ကိုယ်တတ်တဲ့ပညာနဲ့
ကိုယ့်ဘာသာအေးအေးဆေးဆေးနေနေတာပါဗျာ…
အခုရတဲ့ရွှေတွေ…ငွေတွေကလည်း တခြားမဟုတ်ပါဘူး…
သူများမြုပ်ထားတဲ့ရွှေငွေတွေကိုရှာပြီး…တူးယုံပါဗျ”
“ဟေ…သူများမြုပ်ထားတာတွေတူးတယ်…
နေပါဦး…မင်းတို့ကဘယ်လိုသိတာလဲ”
“ဘယ်လိုသိရမှာလဲအဖေရဲ့…
ကျုပ်တို့ကစုန်းတွေလေ…ကျုပ်တို့လက်အောက်က
ကောင်တွေကိုရှာခိုင်းရတာပေါ့ဗျ”
“မင်းတို့လက်အောက်ကကောင်တွေဆိုတာ
ဘယ်လိုကောင်တွေကိုပြောတာလဲငါ့သားရဲ့”
“ဘယ်လိုကောင်တွေရမှာလဲအဖေရာ…
သရဲတစ္ဆေတွေပဲပေါ့…”
“ဟေ…ထူးဆန်းပါပေ့ငါ့သားတို့ရာ…”
ငသြနဲ့ငထိန်တို့ကိုကြည့်၍ ဦးကံမှာမည်သည့်စကားမှဆက်မပြောတော့ပေ။
ငသြနဲ့ငထိန်တို့အိမ်ပြန်ရောက်သည့်နေ့မှစ၍
အိမ်၌ဘုရားစင်မထားကြတော့ပေ။
ထိုအစားဦးကံမှာ နေ့ရှိသ၍ ဘုန်းကြီးကျောင်းသို့သာ
သွားနေပြီး ညအချိန်မှသာပြန်လာခဲ့တော့၏။
ထိုသို့ဖြင့်တစ်ရက်မှာတော့…
“ဟဲ့…ဒီရွာက စုန်းညီနောင်ဆိုတဲ့အကောင်တွေ…
ထွက်ခဲ့စမ်း…ငါ့ညီမ ပန်းအုံကို နင်တို့သတ်ခဲ့တာ
ငါမကျေနပ်ဘူးဟဲ့…မကျေနပ်ဘူး”
စုန်းညီနောင်၏နားအတွင်းရောက်လာသောအသံကြောင့်
ညီအစ်ကိုနှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်လိုက်သည်။
“အစ်ကိုတစ်ယောက်ယောက်တော့ ကျုပ်တို့ကို
စိန်ခေါ်နေပြီဗျ…”
“ဟုတ်တယ်ငါ့ညီ…အစ်ကိုလည်းကြားရတယ်…”
စုန်းညီနောင်လည်း ခပ်သွက်သွက်ဖြင့်
ရွာပြင်သို့ထွက်လာကြသည်။
ရွာသူ၊ရွာသားတို့မှာလည်း ခပ်သွက်သွက်သွားနေသော
စုန်းညီနောင်ကြောင့် သိချင်စိတ်များဖြစ်လာကြပြီး
မလှမ်းမကမ်းမှလိုက်လာခဲ့ကြလေသည်။
တချို့ကတော့ တစ်ခုခုဖြစ်တော့မည်ဆိုတာကို
သိ၍ ဘုန်းကြီးကျောင်း၌နေသော ဦးကံကို ပြေးခေါ်ကြတော့၏။
ရွာပြင်ဆီသို့ရောက်တော့ ထဘီရင်လျားဖြင့်
မိန်းမကြီးတစ်ယောက်ကို စုန်းညီနောင်မြင်လိုက်ရသည်။
ထိုမိန်းမကြီး၏နံဘေး၌ အမျိုးသမီးငယ်နှစ်ယောက်လည်းအတူတူရှိနေ၏။
ထိူအမျိူးသမီးနှစ်ဦးမှာ ငသြနဲ့အသက်အတူတူလောက်သာရှိသောဒွေးခနှင့်အစ်မဖြစ်သူ ဒွေးမြတို့သာဖြစ်သည်။
“ဟဲ့အကောင်တွေ….နင်တို့ကများမတောက်တစ်ခေါက်ပညာနဲ့ငါ့ညီမကိုသတ်ရဲတယ်…လာစမ်းဟဲ့…
ဒွေးတင်ရဲ့အကြောင်းသိစေရမယ့်…
ဟိုကောင်မတွေစက်တွေထုတ်ကြစမ်း…”
ဒွေးတင်ဆိုသောစုန်းမသည် ဒေါ်ပန်းအုံအတွက်
မကျေမနပ်ဖြစ်နေပုံရသည်။
ဒါကြောင့် သူပညာပေးထားသောသမီးဖြစ်သူ
နှစ်ယောက်ကိုအချိန်မဆွဲဘဲစုန်းညီနောင်အား
တိုက်ခိုက်ဖို့ရန် စက်တန်းများကိုထုတ်စေသည်။
ဒွေးခနဲ့ဒွေးမြတို့ညီအစ်မသည်လည်း အမေဖြစ်သူ
ပညာသည်ကြီး၏အမိန့်အတိုင်းစက်တန်းများကိုထုတ်၍
စုန်းညီနောင်ကိုတိုက်ခိုက်ကြတော့သည်။
ညနေမှောင်ရီပျိုးစအချိန်၌ စက်တန်းများ
တလက်လက်ဖြင့် စုန်းညီနောင်တို့မှာ
ပြန်လည်ခုခံနေကြရသည်။
ဒွေးတင်ကတော့ သမီးဖြစ်သူနှစ်ယောက်၏စက်တန်းများကိုကြည့်၍ သဘောကျနေခဲ့လေသည်။
“တောက်….”
စုန်းညီနောင်က ပြိုင်တူတောက်ခေါက်ပြီး မြေပေါ်သို့
ဖနောင့်တစ်ချက်ဆောင့်ချလိုက်သည်နှင့် ဒွေးခနဲ့ဒွေးမြတို့၏စက်တန်းများ ပြတ်ထွက်သွားခဲ့သည်။
ငထိန်က ဒွေခနဲ့ဒွေးမြကို လက်ညိုးထိုးပြီး
ဂါထာများရွှတ်လေးရာ…ညီအစ်မနှစ်ယောက်မှာ
မြေပေါ်၌လူးလှိမ့်ကာ ပါးစပ်မှတစ်အစ်အစ်ဖြစ်နေကြလေသည်။
သမီးဖြစ်သူတွေ၏အဖြစ်ကိုမြင်သောဒွေးတင်သည်
ချက်ချင်းပင်သူ၏စက်တန်းကိုထုတ်၍ ပစ်ရာ
ငသြက ထိုစက်တန်းကိုဝင်၍ ကာဆီးပေးရှာသည်။
ငသြနဲ့ပညာသည်မကြီးဒွေးတင်တို့၏ စက်တန်းများ
အပြိုင်ပစ်ခွင်းနေစဥ်…ငသြ၏ဆေးလုံးတစ်လုံးသည်
ပညာသည်မကြီးထံသို့ ကျရောက်သွားရာ…
“ဘုန်း”
ခနဲမြည်သံကြီးနှင့်အတူ ပညာသည်များကြီးခမျာ
လွှင့်ထွက်သွားခဲ့၏။
“ဘယ့်နှယ့်ရှိစအဲ့တာ ကဝေနှိမ်ဆေးတဲ့ဟဲ့…
အရသာတော်တော်မှရှိလှရဲ့လား ဒွေးတင်ရဲ့”
ဟု…ငသြကပြောလေသည်။
ငထိန်ကတော့ ဒွေးခနဲ့ဒွေးမြတို့ကို လွှတ်ပေးလိုက်၍
ညီအစ်မနှစ်ယောက်မှာ မချိမဆန့်ခံစားနေရသည့်ကြားမှ
အမေဖြစ်သူကိုပြေးထူကြ၏။
ထိုစဥ်ပင် စုန်းညီနောင်သည် သူတို့၏စက်တန်းများကို
ပြိုင်တူထုတ်၍ ပညာသည်သားအမိသုံးယောက်ဆီသို့
ပစ်ခွင်း၍သတ်ကြတော့သည်။
ဒွေးတင်…ဒွေးခနဲ့ဒွေးမြတို့သားအမိတွေမှာ
စုန်းညီနောင်၏လက်ချက်ဖြင့် မြေပေါ်၌ ဆန့်ဆန့်ကြီး
သေဆုံးကုန်ကြတော့သည်။
“ဟားး…ဟားးး…ဟားး…ဟားးး…
ဟားးး…ဟားးး…..”
သေဆုံးနေသောဒွေးတင်တို့သားအမိသုံးယောက်ကို
ကြည့်၍ စုန်းညီနောင်သည် ဝမ်းသာအားရအော်ဟစ်ရယ်မောနေကြ၏။
စုန်းညီနောင်တို့နဲ့ပညာသည်သားအမိ၏အဖြစ်အပျက်
အစအဆုံးကိုမြင်လိုက်ရသည့် ရွာသူ၊ရွာသားများမှာ
စုန်းညီနောင်အား ရွံကြောက်ကြီးဖြစ်လို့နေကြရှာသည်။
“ငါ့သား ငသြနဲ့ငထိန်….”
“အဖေ….”
ဦးကံကသားဖြစ်သူနှစ်ယောက်အနီးသို့ရောက်လာခဲ့သည်။
“ရော့…ဒီမှာမင်းတို့လွယ်အိတ်…
အထဲမှာမင်းတို့ရှာထားသမျှငွေတွေ…ရွှေတွေပါတယ်…”
“အဖေ…ဒါတွေကိုဘာလို့”
ငသြနဲ့ငထိန်မှာအဖေဖြစ်သူကိုနားမလည်သလိုဖြင့်
ပြန်မေးလေသည်။
ဦးကံက သက်ပြင်းချ၏။
“ဒီမှာ…ငါကောမင်းတို့အမေကောက
မင်းတို့ကိုလူလိမ္မာလေးတွေဖြစ်အောင်
မရှိတဲ့ကြားကသေချာကျွေးမွေးသင်ပြခဲ့ကြတာပါ…
ဒါပေမယ့်အခုကြည့်…မင်းတို့ကိုလူတိုင်းက
ကြောက်နေကြပြီ…ငါလည်း သူတို့လိုမင်းတို့ကို
မကြောက်ချင်ပေမယ့်…ငါမင်းတို့နဲ့အတူတူနေလို့မဖြစ်တော့ဘူးကွ…”
“ဗျာ…အဖေ…အဖေဘာတွေပြောနေတာလဲ”
“ငါပြောမယ်…မင်းတို့နားထောင်ကြ…ငသြနဲ့ငထိန်…
မင်းတို့နှစ်ယောက်ဒီရွာကနေထွက်သွားကြတော့…
ဘယ်တော့မှလည်းပြန်မလာကြနဲ့…
ငါလည်း ဘုန်းကြီးကျောင်းမှာပဲ နေပြီး
ရဟန်းဝတ်တော့မယ်…ငါဒီထက်ပိုပြီး
မင်းတို့ရဲ့ကောင်းတာတွေ…ဆိုးတာတွေကိုမခံစားနိုင်တော့ဘူးကွာ…မင်းတို့ထွက်သွားကြပါတော့”
“အဖေ….”
ငထိန်က ဝမ်းနည်းစွာအော်ခေါ်လေသည်။
ဦးကံကတော့သူတို့ညီနောင်အားကျောခိုင်းပြီးရွာထဲပြန်ဝင်သွားခဲ့၏။
ဦးဖေနဲ့ဒေါ်ချိုတို့က ငသြတို့ညီနောင်ကို ပွေ့ဖက်ပြီး
သူတို့်လည်းဦးကံနည်းတူရွာထဲဝင်သွားကြတော့သည်။
“ညီလေး…အဖေကငါတို့ကိုစွန့်ပစ်လိုက်ပြီ”
“အစ်ကို…”
ငထိန်က အစ်ကိုဖြစ်သူငသြကိုဖက်၍ ငိုလေသည်။
“ကဲ…မငိုနဲ့တော့ညီလေးရာ…
အဖေလည်းသူ့လမ်းသူရွေးသွားပြီပဲ…
အစ်ကိုတို့ညီအစ်ကိုလည်း အစ်ကိုတို့လမ်းအစ်ကိုတို့
ရွေးရတာပေါ့…လာကွာ…သွားကြစို့”
ငသြနဲ့ငထိန်သည်.အဖေဖြစ်သူချပေးခဲ့သောလွယ်အိတ်များကို ကောက်လွယ်ပြီး ရွာကိုကျောခိုင်း၍ ထွက်လာခဲ့ကြတော့သည်။
မဲကင်းရွာသူ၊ရွာသားများကတော့ ကျောခိုင်းသွားသည့်
စုန်းညီနောင်အားလှမ်း၍ကြည့်နေကြ၏။
ကျန်ရစ်ခဲ့သော ပညာသည်သားအမိ၏အလောင်းများကို
မဲကင်းရွာသားတွေသာ.သဂြိုလ်ပေးကြရလေသည်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)
Uncategorized