ဘွားမယ်စိန်ပါဝင်သောစုန်းညီနောင်နှင့်အမှောင်လမ်း
စာမူ…၁၆၈
စဆုံး
မဲကင်းရွာမှထွက်လာသော စုန်းညီနောင်သည်
မြို့တစ်မြို့ဆီသို့ရောက်လာခဲ့ကြ၏။
ထိုမြို့၏အခြေအနေကို လေ့လာပြီး
မြို့၏ သင်္ချိုင်း၌သာ နေထိုင်ခဲ့ကြသည်။
သင်္ချိုင်းစောင့် ဦးမိုးကြီးကိုလည်း ငွေကြေးအချို့ပေးထား၍ သူတို့ညီနောင်အားကြည်ကြည်ဖြူဖြူပင်လက်ခံထားပေသည်။
ထိုသို့ဖြင့်တစ်ရက်မှာတော့ အသုဘတစ်ခု
ရောက်လာခဲ့သည်။
ဆုံးတာကလည်းလကွယ်နေ့ကြီးဖြစ်တာကြောင့်
ချက်ချင်းသဂြိုလ်ကြဖို့ပြင်ဆင်ကြဟန်တူ၏။
“အမယ်လေး…သမီးလေးရဲ့အဖြစ်ဆိုးလိုက်တာအေ…
အီးးးးးဟီးးးးးဟီးးးးးးးးး”
“နှမြောလှချည်ရဲ့ မိဒန်းပွင့်ရဲ့…
အီးးးးဟီးးးးးဟီးးးးးးးး”
သေဆုံးသူကိုနှမြောလှ၍ မိဘဆွေမျိုးများက
အော်ဟစ်ငိုယိုနေကြသည်။
ငသြနဲ့ငထိန်မှာ ထိုအသုဘကိုစိတ်ဝင်စားနေ၏။
“ဗျို့…ဦးမိုးကြီး”
“ဟေ…”
မြေကျင်းတူးနေသော ဦးမိုးကြီးဆီသို့ ငသြတို့ရောက်လာခဲ့သည်။ ဦးမိုးကြီးကလည်း မြေကျင်းတူးရင်းမောဟိုက်သံကြီးဖြင့်ထူး၏။
“ဘယ်လိုဖြစ်ပြီးဆုံးတာလဲဗျ…”
“မြွေကိုက်တာဆိုပဲကောင်လေးရဲ့”
“မြွေကိုက်တာ ဟုတ်သလား…”
“အေးကွ…မောရတဲ့ကြားမင်းတို့ညီအစ်ကိုက
တမျိုးကွာ”
ငသြက ချက်ချင်း သင်္ချိုင်းဇရပ်ပေါ်တက်သွား၏။
ဇရပ်အပေါ်၌ အလောင်းကိုချထားပြီး ဦးမိုးကြီး မြေတူးအပြီးကို အသုဘရှင်များကစောင့်နေကြလေသည်။
ငသြက အလောင်းကိုသေချာသွားကြည့်တော့…
မိန်းကလေးကအတော်ငယ်သေးသည်။
အသက်ရှိလှ နှစ်ဆယ်ကျော်လေးသာဖြစ်၏။
ချောမောသောမိန်းကလေး၏မျက်နှာများမှာ မြွေဆိပ်ကြောင့် ပြာနှမ်းလို့နေခဲ့သည်။
“နေကြပါဦး…ဒီမိန်းကလေးကို ကျုပ်တို့
ကြည့်စမ်းပါရစေဦးဗျာ…”
ငသြက သေဆုံးသူဒန်းပွင့်၏အခေါင်းအနီးသို့ကပ်၍
ဒန်းပွင့်၏မိဘဖြစ်ဟန်တူသူတို့ကိုပြောလိုက်သည်။
“ဟေ့သူငယ်…ဘာတွေနှောက်ယှက်နေတာလဲကွဲ့”
ငသြကို လူကြီးတစ်ယောက်က ဝင်ပြော၏။
“ဒီမှာဦးကြီး…ကျုပ်ကဒီမိန်းကလေးကိုကုသပေးချင်လို့ပြောနေတာဗျ…ဒီမိန်းကလေးက မသေသေးဘူး…
မြောနေတုန်းပဲရှိသေးတာဗျ…”
“ဟေ…”
ငသြစကားကြောင့် နံဘေးရှိလူများရဲ့ အံသြသံများ
ထွက်လာခဲ့သည်။
တချို့ကတော့ မယုံကြည်ဟန်ဖြင့် ပြောကြ၏။
စောစောက ငသြကိုငေါက်သောလူကြီးက…
“သေချာလို့လား…သူငယ်…
မသေချာရင်တော့ မိသားစုကို
အပူထပ်မပေးစမ်းပါနဲ့ကွယ်…”
“ဒီကမောင်ရင်လေး အရီးသမီးကိုကုပေးနိုင်တာသေချာလားဟင်…သေချာရင်ကုပေးစမ်းပါကွယ်…
အရီးသမီးလေးကိုနှမြောလွန်းလို့ပါ…”
မျက်ရည်အရွဲသားဖြင့် မိန်းမကြီးက ငသြလက်မောင်းကို
ဆွဲ၍အားကိုးဟန်ဖြင့်ပြောလေသည်။
“ကျုပ်တို့အရင်ကြည့်ပါရစေအရီး…
အလောင်းကို အခေါင်းထဲကနေ အပြင်ကိုသာအရင်ဆုံးထုတ်ပေးကြပါ…”
ငသြပြောတဲ့အတိုင်း ဒန်းပွင့်၏အလောင်းကို
အခေါင်းထဲမှ အသာအယာမယူထုတ်ပေးကြသည်။
ငသြက ညီဖြစ်သူ ငထိန်ကိုပါ အနားသို့လာရန်ခေါ်လိုက်၏။
ပြီးနောက် ငသြက ဒန်းပွင့်၏ နဖူးပေါ်သို့
လက်ကိုတင်ကာ…ဂါထာတချို့ရွှတ်ဆိုလေသည်။
ငထိန်ကတော့ ဒန်းပွင့်ရဲ့ ခေါင်းကနေခြေဖျား
အထိ လက်ဖြင့် သပ်ချဟန်ပြုလေသည်။
ဒန်းပွင့်မိဘများနဲ့ဆွေမျိုးများမှာ ငသြတို့ညီနောင်၏
လုပ်ကိုင်သမျှကိုစိုက်ကြည့်နေခဲ့ကြ၏။
တချို့ကတော့ အမှားတစ်ခုခုလုပ်လျှင် ရန်တွေ့မည်ဟု
ကြုံးဝါးနေကြလေသည်။
ဒန်းပွင့်၏ပြာနှမ်းနေသော မျက်နှာသည်တဖြေးဖြေး
အသားယောင်သန်းလာခဲ့ပြီး မြွေဆိပ်များကလည်း မြွေပေါက်ရာ ခြေဖမိုး၌သွား၍စုနေခဲ့သည်။
အားလုံးကြည့်နေကြရင်းမှာပင် မြွေဆိပ်များသည်
မြေပေါက်ရာမှတဆင့် အပြင်သို့ စီးကျလာခဲ့၏။
မြွေဆိပ်များကုန်လေမှငသြနဲ့ငထိန်တို့
ဂါထာရွတ်တာကိုအဆုံးသတ်ကြလေသည်။
ငသြတို့ညီနောင်၏ လုပ်ကိုင်သမျှကိုအားလုံးမှာ
ပါးစပ်အဟောင်းသားဖြစ်နေကြစဥ် ဒန်းပွင့်ထံမှ
ငြီးငြူသံကိုကြားလိုက်ကြရ၏။
“ရေ…ရေဆာတယ်…”
“ဟာ…ဒန်းပွင့်ကရေဆာတယ်တဲ့ဟ”
“အမယ်လေး…သမီးလေး”
“ဝမ်းသာလိုက်တာအေ… ဒန်းပွင့်ကမသေဘူးဟဲ့”
ဒန်းပွင့်အတွက်ဝမ်းသာအားရဖြင့် ရေပြေးခပ်သူကခပ်
ဒန်းပွင့်ကို ဖက်၍ငိုသူကငိုဖြင့် ဇရပ်အပေါ်၌
အသံပေါင်းစုံထွက်ပေါ်နေခဲ့သည်။
စုန်းညီနောင်ကိုလည်း လေးစားအထင်ကြီးဟန်များဖြင့်
ကြည့်နေခဲ့ကြသည်။
“ဆရာလေးတို့…
ဆရာလေးတို့ကို ကျေးဇူးတင်ပါတယ်ဗျာ…
ကျုပ်သမီးလေးမှာဆရာလေးတို့ပေးတဲ့အသက်ပဲရှိတော့တာပါ…ဒါကြောင့် ဆရာလေးတို့ကျုပ်တို့အိမ်ကိုလိုက်ခဲ့ကြပါ…ကျုပ်တို့ကျေးဇူးဆပ်ချင်တာမလို့ မငြင်းလိုက်
ကြပါနဲ့ဗျာ…”
ဒန်းပွင့်ရဲ့အဖေက စုန်းညီနောင်ကို ရိုရိုကျိုးကျိုးဖြင့်
ပြောရှာသည်။
စုန်းညီနောင်ကလည်း ခွင့်ပြု၍ သူတို့အိမ်ဆီသို့
ခေါ်ဆောင်သွားကြတော့သည်။
ဒန်းပွင့်၏အဖေမှာ မြို့၌ချမ်းသာသော
သူဌေးဦးငွေအိုးပင်ဖြစ်သည်။
သူဌေးဦးငွေအိုးနဲ့သူဌေးကတော် ဒေါ်သက်ရီတို့မှာ
သားတစ်ယောက်..သမီးတစ်ယောက်ရှိ၏။
ထိုသမီးမှာ ဒန်းပွင့်သာဖြစ်ပေသည်။
စုန်းညီနောင်သည် သူတို့တစ်သက်မနေထိုင်ဖူးသော
အိမ်ကြီးအိမ်ကောင်းအတွင်း၌ နေထိုင်ကြရပြီး
ကောင်းပေ့ဆိုသည့် အစားအသောက်များကိုသာ
စားခဲ့ကြရသည်။
စုန်းညီနောင်ကို သူဌေးဦးငွေအိုးတို့ကလိုအပ်ချက်မရှိ
ဂရုစိုက်ကျွေးမွေးဧည့်ခံကြပေရာ…
စုန်းညီနောင်မှာ သူဌေးဦးငွေအိုး၏နေအိမ်၌ ပျော်မွေ့နေခဲ့တော့သည်။
သို့သော် တစ်ရက်မှာတော့…
“အဖေတို့က ဘယ်ကမှန်းမသိ…
ဘာမှန်းမသိတဲ့လူတွေကို အိမ်ပေါ်ခေါ်တင်ထားတာပဲဗျ..
ဗျို့…ဦးစာရွှေ…သွားခေါ်စမ်းပါ အဲ့သည်လူတွေကို”
ခရီးမှပြန်ရောက်လာသော သူဌေးဦးရွှေအိုး၏
သားအကြီးဖြစ်သူ ငွေစိုး ပြန်ရောက်လာခဲ့သည်။
ငွေစိုးသည် ညီမဖြစ်သူ၏သတင်းကိုကြားသော်လည်း
လက်မခံပေ။ စုန်းညီနောင်ကိုလူလိမ် လူညာများဟုသာ
ထင်မြင်နေခဲ့၏။
ယခုလည်း ခရီးမှရောက်ရောက်ခြင်း မိဘများ
တားနေသည့်ကြားမှ အိမ်အစေခံဦးစာရွှေကို
စုန်းညီနောင်အား သွားခေါ်စေသည်။
ဦးစာရွှေမှလာခေါ်၍ စုန်းညီနောင်လည်း
လိုက်လာခဲ့ကြသည်။
ဧည့်ခန်းသို့ရောက်လေတော့သူဌေးဦးရွှေအိုးနဲသူဌေးကတော်တို့မှာ စုန်းညီနောင်ကို အားနာဟန်ဖြင့်
ကြည့်ကြရှာသည်။
“သြော်…ဒါအဖေတို့ပြောတဲ့လူတွေထင်ပါတယ်…
ထိုင်ကြပါ…ငါ့ညီတို့ကအတော်ငယ်ကြသေးတာပဲ”
စုန်းညီနောင်လည်းခုံ၌ဝင်ထိုင်လိုက်ကြသည်။
“ဆရာလေးတို့…ဒါကျုပ်ပြောထားတဲ့…
ကျုပ်ရဲ့သားကြီး မောင်ငွေစိုးပါ…
အခုမှခရီးကပြန်ရောက်လာတော့ ဆရာလေးတို့ကို
ခေါ်ပြီးမိတ်ဆက်ပေးတာပါဗျာ…”
ဟု…သူဌေးဦးငွေအိုးကပြောလေသည်။
“အဖေအသာနေစမ်းပါဗျာ…
စကားကို ဖာဖာထေးထေးပြောမနေစမ်းပါနဲ့…
ဒီမှာငါ့ညီတို့…မင်းတို့လည်း ဒီအိမ်ကြီးမှာ
စိတ်တိုင်းကျနေခဲ့ရပြီးပြီမဟုတ်ဘူးလား…
အဲ့သည်လိုနေပြီးရင်တော့ ကိုယ့်လမ်းကိုယ်ဆက်
သွားရမှာကထုံးစံပဲငါ့ညီတို့ရဲ့…ကျုပ်အဖေတို့က
လူကြီးတွေဆိုတော့နားလည်ကြမှာမဟုတ်ဘူး…
ဒါပေမယ့်…လူတစ်ယောက်ရဲ့ မျက်နှာကို
ကြည့်လိုက်တာနဲ့ ဒီလူဟာ…လူလိမ်…လူကောက်… လူယုတ်မာဆိုတာတော့ ကျုပ်ကခွဲခြားနိုင်တယ်ကွဲ့…”
ဟု…ငွေစိုးကပြောလေတော့ ငထိန်က ထိုင်နေရာမှ
ငေါက်ခနဲထ၍…
“ဒီကအစ်ကိုကိုကြည့်ရတာ…
ငါအသိငါအတတ်…ငါလုပ်တာမှမှန်တယ်ဆိုတဲ့
လူမျိုးထင်ပါရဲ့…တမျိုးတော့မထင်နဲ့ခင်ဗျ…
ခင်ဗျားမရှိစဥ် ခင်ဗျားမိဘများက ကျုပ်တို့ညီအစ်ကို
ကို ကျေးဇူးဆပ်ချင်လွန်းလို့ပါဆိုပြီး ခေါ်လို့သာ
လိုက်လာခဲ့ရတာပါ…ကျုပ်တို့ညီအစ်ကိုကလည်း
လူသာငယ်တာ ပညာတွေကမငယ်ဘူးမဟုတ်လား…
ဒါကြောင့် ကိုယ့်ကိုကျေးဇူးဆပ်ချင်လွန်းလို့ပါဆိုပြီး
ခခယယ ခေါ်လို့သာလိုက်လာကြတာပါ…
အဲ့တာကိုလည်း ကိုယ့်မိဘများကိုမေးမြန်းကြည့်ပါဦးဗျာ”
ဟု…ပြောသောအခါ ငသြက မပြောဖို့တားသည်။
ငထိန်စကားကြောင့် ငွေစိုးမှာ ဒေါသများထွက်နေ၏။
“ဟုတ်တယ်ငါ့သား…မင်းဘယ်လိုသိကြားလာသလဲတော့
အဖေမသိဘူး…ဒါပေမယ့် အဖေတို့ဧည့်သည်တွေကိုတော့ မင်းမစော်ကားနဲ့ကွယ်…မဟုတ်ရင်အဖေမင်းကို စိတ်ဆိုးမိလိမ့်မယ်…”
“အဖေကကျုပ်ပြောနေတာကိုနားမလည်ဘူးလားဗျာ…
ဒီကောင်တွေကလူလိမ်တွေဗျ…
ညီမလေးရဲ့အသက်ကိုကယ်သလိုလိုနဲ့
ငွေရချင်နေတာဗျ”
“တောက်…”
ငသြတောက်တစ်ချက်ခေါက်၍ ထလိုက်သည်။
စုန်းညီနောင်မှာ ငွေစိုး၏စကားကြောင့်
ဒေါသများထွက်ကာ ငွေစိုးကို မျက်တောင့်နီကြီးများဖြင့်
ကြည့်ကြသည်။
“ဆရာလေးတို့ရယ်…ကျုပ်သားအမိုက်ကောင်စကားကို
ဗွေမယူကြပါနဲ့ဗျာ…”
“ဟုတ်ပါတယ်ရှင်…
ဒီကလေးက သူပြောတာပဲအမှန်ထင်နေတာပါ…
အရီးတို့တောင်းပန်ပါတယ်ဆရာလေးရယ်…”
သူဌေးဦးငွေအိုးတို့လင်မယားကပြာပြာသလဲ
တောင်းပန်ကြသည်။
ငွေစိုးကတော့ မဲ့ကာရွဲ့ကာဖြင့် စုန်းညီနောင်ကိုကြည့်၏။
ထိုနေ့မှာပင် စုန်းညီနောင်လည်း သူတို့၏လွယ်အိတ်များကိုယူကာ သူဌေးဦးငွေအိုးတို့အိမ်မှထွက်လာခဲ့ကြတော့သည်။
သူဌေးဦးငွေအိုးတို့လင်မယားနဲ့ ဒန်းပွင့်လေးက
တားပါသော်လည်း စုန်းညီနောင်မှာ ဆက်၍မနေလိုတော့ကြောင်းပြော၍ ထွက်လာခဲ့ကြသည်။
“အစ်ကိုရာ…လူတွေကို ကျုပ်
ဆက်မကူညီချင်တော့ဘူး…”
“ငါ့ညီက ဘာဖြစ်ချင်လို့လဲ..
ဘာများစိတ်ကူးမိထားလို့လဲ”
“ကျုပ်ကတော့ ဆရာကြီးလို ကိုယ်ပိုင်နေရာတစ်ခု
ထူထောင်ချင်တယ်…”
“ဟေ…”
“ဟုတ်တယ်အကို…ကျုပ်တို့မှာရှိတဲ့ပညာနဲ့
ကျုပ်တို့ဆက်ပြီးနေထိုင်ကြမယ်…
ကျုပ်တို့ဒီထက်ပိုပြီးလည်း ပညာတွေဆက်တက်ရမယ်…
ဒါမှ ကျုပ်တို့ကို ဘယ်သူမှမော်မကြည့်ရဲမှာ…”
ငထိန်က ဆုံးဖြတ်ပြီးလေပြီ။
စုန်းပညာကိုလက်တွေ့အသုံးချတော့မည်ဖြစ်၏။
ငသြကလည်းညီဖြစ်သူဆန္ဒကို သဘောတူသည်။
ထိုသို့ဆုံးဖြတ်ချက်ဖြင့် စုန်းညီနောင်တို့သည်
မြို့မှထွက်လာခဲ့ကြ၏။
တစ်ရက်၌ သင်္ချိုင်းကုန်းဆီသို့ လူတစ်စု
ရောက်လာခဲ့သည်။
“ဆရာလေးတို့…ဗျို့…ဆရာလေးတို့
မရှိကြဘူးလား….”
ဟုခေါ်ဟစ်ကာခေါ်နေသူမှာ သူဌေးဦးငွေအိုးဖြစ်သည်။
သူဌေးဦးငွေအိုး၏အနောက်၌ပါလာသောလူများသည်
အဝတ်အစားဖရိုဖရဲဖြင့်လူတစ်ယောက်အား
ဝိုင်းဝန်းချုပ်နှောင်ထားကြ၏။
ထိုသူသည်က သူ့အားချုပ်နှောင်ထားသည်များကို
ရုန်းကန်ရင်း အော်ဟစ်ကာဆဲဆိုနေခဲ့သည်။
“ဟာ…သူဌေးဦးငွေအိုးတို့ပါလားဗျ”
သင်္ချိုင်းစောင့်ကြီးဦးမိုးကြီးက အသံကြား၍
သူ၏တဲအိမ်လေးထဲမှထွက်လာခဲ့သည်။
“ကိုမိုးကြီး…ဆရာလေးတို့ကောဘယ်များသွားကြလဲဗျ”
“ဗျာ…ဆရာလေးတို့ဟုတ်လား…”
“ဟုတ်တယ်လေဗျာ…ကျုပ်သမီးအသက်ကို
ကယ်ပေးခဲ့တဲ့ဆရာလေးတို့လေ…သူတို့ကိုမတွေ့ပါလားဗျ…ဘယ်များသွားကြသလဲ”
“ဟာ.. အဲ့ကောင်လေးတွေကို ခင်ဗျားပဲခေါ်သွားတာလေ”
“ဗျာ…ကျုပ်ခေါ်သွားတယ်…သြော်…ဒါပေမယ့်
သူတို့ကျုပ်အိမ်ကပြန်သွားကြပြီလေဗျာ”
“ခင်ဗျားအိမ်ကပြန်သွားလည်း…
သူတို့က ဒီသင်္ချိုင်းကိုပြန်ရောက်မလာကြဘူးဗျ…”
“ဗျာ…ဒါဆိုရင်တော့ ဒုက္ခပါပဲဗျာ”
သူဌေးဦးငွေအိုးမှာ မျက်စိမျက်နှာများပျက်နေတော့သည်။
သင်္ချိုင်းစောင့်ကြီးကတော့ သူဌေးဦးငွေအိုးနှင့်
အနောက်မှလူများကိုသာ စိုက်ကြည့်နေတော့၏။
“ခင်ဗျား သူတို့လာတဲ့အရပ်ကိုများ
သိသလားကိုမိုးကြီး”
“ကျုပ်ကဘယ်လိုလုပ်သိမှာလဲဗျာ…
ကျုပ်နဲ့စကားတောင်သေချာမပြောဖူးဘူးဗျ”
“ဟာဗျာ…ဒါဆိုရင် ကျုပ်သားလေးတော့ဘဝဆုံးပါပြီဗျာ”
“ဘာများဖြစ်လို့လဲ သူဌေးရဲ့”
သူဌေးဦးငွေအိုးက မြေပေါ်ထိုင်ချပြီးငိုလေတော့သည်။
သင်္ချိုင်းစောင့်ကြီးကနားမလည်၍မေးတော့
သူဌေးဦးငွေအိုးက ခေါင်းသာရမ်းပြ၏။
အမှန်မှာ ငွေစိုးတစ်ယောက် ပြုစားခံလိုက်ရသည်။
ပြုစားသူ၏လက်ချက်ကြောင့် ငွေစိုးမှာဘာကိုမှမသိတော့ဘဲ သွက်သွက်ခါအောင်ရူးလေသည်။
သူဌေးဦးငွေအိုးက ဆရာများနှင့်ကုသော်လည်း
ပြုစားသူတို့၏ပညာကမြင့်၍ ကုသမရဖြစ်နေခဲ့တော့သည်။
နောက်ဆုံး၌ သူဌေးဦးငွေအိုးလည်း စုန်းညီနောင်ကို
လာ၍ရှာရခြင်းဖြစ်ပေသည်။
သို့သော်လည်း စုန်းညီနောင်မှာ မြို့မှ
ထွက်သွားကြပြီဖြစ်သည်။
လကွယ်ညတစ်ည၌ လူသူဝေးကွာသော
တောအုပ်လေးအတွင်းရှိ တဲအိမ်လေးတစ်လုံးမှ
အလင်းများထွက်နေခဲ့၏။
ထိုတဲအိမ်အတွင်း၌ မီးအိမ်လေးထွန်းထား၍
အလင်းကအတော်အသင့်ရှိနေယုံမက…
မီးဖိုမှအလင်းကလည်းရှိနေသေးပြန်သည်။
တဲအိမ်အတွင်း၌ လူတစ်ယောက်ထိုင်နေခဲ့ပြီး
တဲအိမ်ရဲ့အပြင်၌ခါးကြီးကိုထောက်၍
မတ်တပ်ရပ်နေသောလူတစ်ယောက်…
ထိုသူသည် နှုတ်မှလည်း ဂါထာများကိုရွှတ်ဆိုနေခဲ့သည်။
ဂါထာများရွှတ်ဆိုပြီးလေတော့ လက်ညိုးကြီး
တစ်ထိုးထိုးဖြင့် သူ၏အရှေ့၌ ရှိသော
မည်းမည်းကောင်းကြီးသုံးကောင်အား…
“ငါအခုခိုင်းထားတဲ့အရာက အလွန်အရေးကြီးတယ်…
ဒီရက်ဒီအချိန်မှာ ဒီဆေးကိုဖော်ထားမှသာ
ငါ့ရဲ့အစီအရင်တွေက အောင်မြင်မှာ…
ကဲမင်းတို့…သွားကြ…ငါခိုင်းတာကိုသေချာလုပ်ခဲ့
ကြပေတော့…”
ဟု…ပြောလေတော့ မည်းမည်းကောင်ကြီးများမှာ
နေရာမှ လစ်ခနဲပျောက်ကွယ်သွားကြတော့၏။
“ကိစ္စပြီးပြီလားငါ့ညီ…”
“ပြီးပြီအကို…ဒီကောင်သုံးကောင်က
ကျုပ်စကားတော့နာခံကြပါတယ်”
“အင်း…ဆရာတွေရဲ့ရန်ကိုလည်းသတိထားရဦးမယ်ငါ့ညီ..
တလောက ဟိုဘက်ကတောခြေရွာကိုဆရာတချို့ဝင်သွားကြတယ်…ပညာသည်တွေကိုနှိပ့်ကွပ်ပြီး
ရွာကိုရှင်းသွားတယ်တဲ့”
“တောက်…ဒီဆရာဆိုတဲ့ကောင်တွေကို
ကျုပ်ကလည်း တွေ့ပစ်လိုက်ချင်တယ်အစ်ကိုရာ…
ဒင်းတို့ကို ဆန့်ဆန့်ကြီးသေအောင်လုပ်ပြချင်တာ”
“နေပါညီလေးရာ…စိတ်ကိုလျော့ထားစမ်းပါ…
အခုချိန်မှာ သူတို့ထက်အရာရာလက်ဦးထားမှ
တော်ကာကျမှာကွ…
အခုလည်းတို့ညီနောင်ကိုဘယ်သူမှလာမရှာနိုင်သေးပါဘူးကွာ…”
ဟု…ငသြကပြောလေတော့ ငထိန်သည်
သဘောကျစွာပြုံး၍ ခေါင်းကိုညိတ်လိုက်သည်။
ငသြနဲ့ငထိန်တို့သည် လူသူဝေးလံသော
တောအုပ်လေးအတွင်း၌လာနေကြ၏။
သူတို့၏ပညာများနဲ့ တော၏နံဘေးရှိရွာများမှ
ပညာသည်များကိုလည်းခေါင်းမဖော်ဝံ့အောင်
ပြုလုပ်ထားကြသေးသည်။
သို့သော်ယခုတော့ အထက်လမ်းဆရာများရောက်လာသည်ဟုသော သတင်းကိုကြားရ၍ ငထိန်က
ထိပ်တိုက်ရင်ဆိုင်ချင်နေခဲ့သည်။
အစ်ကိုဖြစ်သူ ငသြက အချိန်မကျသေးကြောင်းပြောကာ
တားမြစ်လေတော့မှထိုစိတ်တို့ကိုလျော့ချပစ်ခဲ့ရှာသည်။
“ဟင်…”
အိပ်ပျော်နေရာမှ တစ်စုံတစ်ခု၏လှုပ်နိုးမှုကြောင့်
ညီအစ်ကိုနှစ်ယောက် ဆတ်ခနဲနိုးလာခဲ့၏။
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍…
“အစ်ကိုတို့ဆီကိုတစ်ယောက်ယောက်လာနေပြီညီလေး”
ဟု…ငသြကပြောလိုက်သည်။
ထိုသို့ပြောအပြီးအိပ်ရာမှချက်ချင်းထ၍
တဲအိမ်အပြင်ကိုထွက်လာခဲ့ကြသည်။
လက်ထဲ၌လည်းသူတို့၏လွယ်အိတ်များကိုဆုပ်ကိုင်လို့ထားကြ၏။
နံနက်မိုးလင်းခါနီးဖြစ်သော်လည်းမြူများကထူထပ်နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးကိုမြူတို့ကြောင့်သည်းသည်းကွဲကွဲမမြင်ရပေ။သို့သော်သစ်ရွက်ခြောက်များပေါ်သို့
နင်းလာသောခြေသံကိုသေချာကြားနေခဲ့ရ၏။
“ဘယ်သူလဲ…ဒီကိုဘာလာလုပ်တာလဲ”
ဟု…ငထိန်ကအော်ကာမေးလိုက်သည်။
သို့သော် ပြန်ဖြေသည့်အသံကိုမကြားရပေ။
ခဏမျှကြာတော့ သူတို့နှင့်မျက်နှာခြင်းဆိုင်တွင်
တောင်ဝှေးနဲ့ဘိုးတော်ကြီးတစ်ယောက်ကိုတွေ့လိုက်ရသည်။
ထိုဘိုးတော်ကြီးသည် ဖြူဖွေးရှည်လျားသော
မုတ်ဆိတ်ကြီးတစ်ခုကိုပိုင်ဆိုင်ထားလေသည်။
“မောင်ရင်တို့က စုန်းညီနောင်ဆိုတာလားကွဲ့”
ဟု…မျက်နှာထားပြုံးပြုံးဖြင့်စုန်းညီနောင်ကို
မေးလေသည်။
စုန်းညီနောင်ကလည်း မိတ်ဆွေလား…ရန်သူလားဆိုတာ
မခွဲခြားနိုင်သေး၍သေချာစွာကြည့်နေခဲ့ကြသည်။
“ကျုပ်က မောင်ရင်တို့ကိုရှာနေတာ…
အဟင်း…ဟင်း…အခုမှပဲတွေ့တော့တယ်ကွယ်…”
“ခင်ဗျားကဘယ်သူလဲ”
“ကျုပ်က ဘိုးမုတ်ဆိတ်ပါကွဲ့…”
“ဘိုးမုတ်ဆိတ်…ဟုတ်လား…
ဒါဆို…ခင်ဗျားကဘာလဲ…ကျုပ်တို့ညီနောင်ကို
ဘာကြောင့်ရှာရတာလဲ”
ဟု…ငသြကမေးတော့ ဘိုးမုတ်ဆိတ်ကပြုံးနေသည်။
“ဟေ့…ဘိုးတော်…ခင်ဗျားကိုမေးနေရင်ဖြေလေ…
ဘာကြောင့်ကျုပ်တို့ကိုရှာနေတာလဲ”
“အဟင်း…ကျုပ်ကစုန်းညီနောင်ရဲ့ပညာကိုသုံးပြီး
ကျုပ်ရဲ့အစီအစဥ်ကိုအကောင်အထည်ဖော်ချင်လို့ပါ…
ဘယ့်နဲ့လဲကွဲ့…ကျုပ်ရဲ့လက်အောက်ကို မောင်ရင်တို့
လာကြမယ်မဟုတ်လား…”
“သြော်…ခင်ဗျားကြီးက ကိုယ့်အသက်မှမငဲ့…
ကျုပ်တို့ရဲ့ပညာကို လိုချင်နေတဲ့ဘိုးတော်ပဲဗျ…
ကဲအစ်ကိုရေ…ဒီဘိုးတော်ကို ဆုံးမပစ်ကြတာပေါ့”
“ဟား…ဟားး..ဟားး…ဟားး..
ဟားး…ဟားး…မလောက်လေးမလောက်စားလေးတွေက
ချော့ပြောလို့မရဘူးပဲ…ကဲ…ဒီတော့စုန်းဘိုးအေကြီး
ကျုပ်က ပညာပေးရသေးတာပေါ့”
စုန်းညီနောင်နဲ့မုတ်ဆိတ်ကြီးတို့ရဲ့တိုက်ပွဲကစလေပြီ။
စုန်းညီနောင်ဘက်မှ စက်များဖြန့်ထုတ်ကြတော့၏။
“စက်တွေဖြန့်နေကြတယ်ပေါ့…
ကျုပ်တောင်ဝှေးနဲ့ရိုက်ချလိုက်လို့
ဒုက္ခဖြစ်ကုန်တော့မယ်….
ဟား….ဟားး…ဟားး…ဟားး…ဟားး…”
မုတ်ဆိတ်ကြီးက တဟားဟားရယ်မောရင်း
ပြောလေသည်။
ငထိန်၏စက်များက မုတ်ဆိတ်ကြီးထံသို့ပြေးဝင်၏
သို့သော်စက်များက မုတ်ဆိတ်၏အနီးသို့
မရောက်ခင်တုံ့ခနဲရပ်ကာရှေ့သို့ဆက်မသွားပေ။
မုတ်ဆိတ်ကြီးဘက်မှလည်းကာထားပုံရ၏။
“မကြာခင် ကျုပ်ခြေဖဝါးအောက်ကို
စုန်းညီနောင် ရောက်လာလိမ့်မယ်…”
“ဟာ…တော်တော် လေကြီးတဲ့ဘိုးတော်…
ရော့…မြည်းစမ်းဟဲ့”
ငသြကလည်းသူ့စက်များကို မုတ်ဆိတ်ကြီးထံပစ်ခွင်း၏။
ငသြနဲ့ငထိန်တို့၏စက်တန်းများဟာ မုတ်ဆိတ်ကြီးအနီးမရောက်ခင်ရပ်တန့်နေကြသည်။
“ဒုန်း… “
မုတ်ဆိတ်ကြီးက တောင်ဝှေးတစ်ချက်မြေပေါ်သို့
ဆောင့်ချရာ စုန်းညီနောင်၏စက်တန်းများပြတ်ကျကုန်လေသည်။
“ဘယ့်နဲ့ရှိစ…နင်တို့စက်လောက်ကတော့
ကျုပ်တောင်ဝှေးတစ်ချက်ပေါက်စာပဲရှိတယ်…
ကဲ…ခုခံနိုင်ကြသေးရဲ့လား”
စုန်းညီနောင်သည် မုတ်ဆိတ်ကြီး၏တောင်ဝှေးကို
သေချာကြည့်နေကြသည်။
မုတ်ဆိတ်ကြီး၏တောင်ဝှေးမှာအစီအရင်များ
စီရင်ထားပုံရ၏။
ငထိန်သည်အစ်ကိုဖြစ်သူကိုအချက်ပြပြီး
ဘေး၌ဖယ်နေစေသည်။
ပြီးနောက်သူ၏လက်ဖဝါးနှစ်ဖက်ကိုပွတ်၍
ဂါထာများရွှတ်လေရာ လက်ဖဝါးကြားမှ မီးများ
ထွက်လာကာ မုတ်ဆိတ်ကြီးထံပြေးဝင်သွားခဲ့သည်။
မုတ်ဆိတ်ကြီးသည် ထိုမီးများကို သူ၏တောင်ဝှေးဖြင့်
ရိုက်လေရာ တောင်ဝှေးဖြင့်ရိုက်လိုက်တိုင်း
အရောင်ကလေးများလက်ခနဲဖြစ်သွားခဲ့လေသည်။
မုတ်ဆိတ်ကြီးဘက်မှပြန်လည်တိုက်ခိုက်သောအခါ
ငထိန်သည်.ရုတ်တရက်ပျောက်ကွယ်သွားသည်။
“ကဲ…ဘယ့်နဲ့လုပ်ကြမလဲ…
ကျုပ်ကိုကြောက်လို့ပုန်းရှာပြီ…”
ဟု…ငသြကိုကြည့်ကာမုတ်ဆိတ်ကြီးကပြောလေသည်။
“ခင်ဗျားထင်လို့ပါဗျာ…
အခု ခင်ဗျားရပ်နေတဲ့နေရာကိုသာ
အရင်ဆုံးသေချာကြည့်စမ်းပါဦး”
ဟု…ငသြကပြောသောအခု မုတ်ဆိတ်ကြီးအထိတ်တလန့်ဖြစ်သွားသည်။
ငထိန်သည် မုတ်ဆိတ်ကြီးအား အင်းကွက်ဖြင့်
ချုပ်ထားလေသည်။
ထိုအင်းကွက်ထဲမှ မုတ်ဆိတ်ကြီးထွက်၍မရဖြစ်လေပြီ။
ဒါကိုသတိမထားမိသောမုတ်ဆိတ်ကြီးသည်
ယခုတော့ မျက်စိမျက်နှာပျက်နေပြီဖြစ်၏။
“ကဲ…ညီလေး…ကိုယ်ယောင်ပြလိုက်ပါဦး..
ဟိုမှာအတော်လန့်နေပြီကွ…”
ဟု…ငသြကပြောတော့.ငထိန်သည် မုတ်ဆိတ်ကြီး၏
အနောက်၌ မတ်တပ်ရပ်နေခဲ့၏။
မုတ်ဆိတ်ကြီးသည် ဂါထာများရွှတ်၍သော်လည်းကောင်း
တောင်ဝှေးကြီးကိုမြေပေါ်ဒုန်းခနဲဆောင့်ချ၍သော်လည်းကောင်း အင်းကွက်အတွင်းမှထွက်ဖို့ကြိုးစားရှာသည်။
သို့သော်ကြိုးစားသမျှကအရာမထင်၍
တဖြေးဖြေးကြောက်လန့်လို့လာသည်။
မုတ်ဆိတ်ကြီးမှာတောင်ဝှေးပင်သေချာ
မထောက်နိုင်တော့ဘဲမြေပေါ်၌ ထိုင်ချလေသည်။
“အဘိုးကြီး…ကျုပ်တို့ညီနောင်ကိုခင်ဗျားခြေဖဝါးအောက်ရောက်အောင်လုပ်မယ်ဟုတ်လား…
အခုတော့ခင်ဗျား… ကျုပ်တို့ခြေဖဝါးအောက်ကို
ရောက်နေပြီလေဗျာ…ပြောစမ်းပါဦးဆက်ပြီးတော့…
ဟား…ဟားး…ဟားး..ဟားး…ဟားးး….ဟားးးး”
ဟု…ငထိန်ကဟားတိုက်ရယ်မောလေသည်။
“ညီလေး…အစ်ကိုတော့မနက်စာစားချင်ပြီကွာ…
မြန်မြန်လေးသာ လက်စသတ်ကြစို့ဟေ့…”
ဟု…ငသြကပြောတော့ မုတ်ဆိတ်ကြီးသည်
ဟန်ပင်မဆောင်နိုင်တော့ဘဲ ဒူးကြီးကိုထောက်၍
စုန်းညီနောင်အားတောင်းပန်တော့သည်။
ငိုကာယိုကာတောင်းပန်နေသော မုတ်ဆိတ်ကြီးကို
ကြည့်၍ စုန်းညီနောင်သည်ဟားတိုက်ရယ်မော
နေခဲ့ကြသည်။
မကြာပါ…စုန်းညီနောင်တို့၏ဂါထာရွှတ်သံများကြောင့်
မုတ်ဆိတ်ကြီးအား ချုပ်နှောင်ထားသည့်အင်းသည်အသက်ဝင်လာခဲ့ပြီး မီးတောက်မီးညွှန့်များက
မုတ်ဆိတ်ကြီးကို ကူးစက်သွားခဲ့တော့၏။
“အောင်မယ်လေးဗျ…အောင်မယ်လေး…ကယ်ကြပါဦး”
ဟုသော်အော်ဟစ်သံများဖြင့် မီးများသည်မုတ်ဆိတ်ကြီးအားဝါးမြိုသွားခဲ့တော့သည်။
မီးများတောက်လောင်နေသော မုတ်ဆိတ်ကြီးကို
ကြည့်၍…
“သူ့ဦးခေါင်းခွံတော့ရလောက်ပါသေးရဲ့ဗျာ…”
ဟု…ငထိန်ကပြောသောအခါ ငသြကခေါင်းခါ၍…
“ငါ့ညီရချင်ရင်တော့ပြာပဲရလောက်တော့မယ်ထင်တယ်…
မီးကအတော်ပြင်းတယ်ကွ…
ပြာလည်းသုံးလို့ရပါတယ်ကွာ…”
ဟုပြောရင်းညီအစ်ကိုနှစ်ယောက်တဟားဟား
ရယ်မောကာ တဲအိမ်အတွင်းသို့ဝင်သွားကြတော့သည်။
စုန်းညီနောင်ကိုလိုက်လံရှာဖွေပြီး သူ၏ခြေဖဝါးအောက်
ရောက်အောင်လုပ်မည်ဟု ကျိန်းဝါးထားသော
မုတ်ဆိတ်ကြီးသည်လည်း ယခုတော့
စုန်းညီနောင်လက်ချက်ကြောင့် အဆုံးသတ်မလှဖြစ်ခဲ့ရပေသည်။
ပြီးပါပြီ။
ထပ်မံ၍လည်းစုန်းညီနောင်ဇာတ်လမ်းလေးကို
တင်ဆက်ပေးပါဦးမယ်ရှင်…
အားပေးကြပါဦး…။
ယဥ်မင်း(ကန့်ဘလူ)
Uncategorized