ခင်ခင်ထူး
သည်နေရာကလေးကို အမေကျေး နေ့စဉ်ဆက်ဆက်ကြီး လာနေရတာကိုက ဆယ့်ငါးနှစ်တင်းတင်းပြည့်ခဲ့ပြီ။ အမေကျေး အသက်တောင်မှ ခုနစ်ဆယ်ကျော်လို့ ရှစ်ဆယ်တွင်းရောက်လာခဲ့ပေါ့။ ခါးကုန်းကုန်းလည်တုန်တုန်နဲ့ တုတ်ကလေးတစ်ချောင်းဆွဲပြီး ဟောသည်သရက်ပင်ကြီးအောက် နေမွန်းမတည့်ခင် အရောက်လာခဲ့ရတဲ့အခေါက်ပေါင်းတောင်မရေနိုင်တော့ဘူး။ လူကအိုအို၊ လက်ဆွဲခြင်းကလေးအိုအိုနဲ့ပေမယ့်သရက်ပင်ကြီးအောက်ဝင်လိုက်တိုင်း ရင်ထဲ တနင့်တပိုးခံစားရတဲ့ ဝေဒနာကတော့ မအိုသေးဘူး၊ မနေ့တစ်နေ့တုန်းကလိုပဲ။ ဆယ့်ငါးနှစ်ကြာဒဏ်ရာဟောင်းက သွေးစိမ်းရှင်ရှင်တွေ မဖြစ်စကောင်း လတ်လတ်ဆတ်ဆတ်ကြီးထွက်အန်ကျနေသလိုပါပဲ။
“အို – မဂေါက်စံရဲ့ … အမေလာပြန်ပြီသမီးရဲ့ အမေ့ဘုရားသံ တရားသံများ မကြားလေရော့သလားကွယ့်”
သွားမရှိတော့လို့ အတွင်းဘက် ခွက်ဝင်နေတဲ့ နှုတ်ခမ်းလိပ်လိပ်ကလေးကြားက မပီတပီ ထွက်ကျလာတဲ့ လေသံ တိုးမျှင်မျှင်ကလေးနဲ့မဂေါက်စံကို တခဲ့ရတဲ့အကြိမ်ပေါင်းကလည်း ဘယ်နည်းတော့မှာလဲ။ပါလာတဲ့သစ်စေးသုတ် ဝါးခြင်းခါးသိမ်ကလေးကို သရက်ပင်အရိပ်ကြီးအောက်ချပြီး ပယ်ပယ်နယ်နယ်ထိုင်ချလိုက်ရတယ်။ ယာထဲ ကိုင်းထဲကဖြတ်တိုက်လာတဲ့ သစ်စိမ်းခင်းနံ့စူးစူးနဲ့ လေအေးအေးက အမေကျေးရင်ကို ချမ်းမြေ့မသွားစေတာအမှန်ပဲ။ ခေါင်းတင် တဘက်ကလေးကိုယူပြီး နားသယ်စပ်က ချွေးဥကလေးတွေကို သုတ်ရင်း ဟိုမနီး သည်မနီးလူသူတိတ်ဆိတ်တဲ့ တောခြောက်ခေါင်ခေါင်ကြီးမှာ အမေကျေးတစ်ယောက်တည်း။ ခပ်လှမ်းလှမ်းက နွားကျောင်းသား တစ်ယောက်တစ်လေကိုတော့မှုန်တိမှုန်မွှား မြင်နေရရဲ့။ သေချာတာကတော့ ဟောသည် သရက်ပင်ကြီးအောက်ကိုများတော့ အမေကျေးကလွဲပြီး လူဆိုလို့ တစ်ယောက်မှ လာတတ်တဲ့လက္ခဏာ မရှိဘူး။ အဝေးရွာက လှည်းတွေဘာတွေ ဘုမသိဘမသိနားချင်နားမှပဲ။ သည်နားရွာတွေကတော့ မလာဝံ့ကြဘူး။ အမေကျေးကတော့ ဆယ့်ငါးနှစ်လုံးလုံး နေထိုင်မကောင်းတဲ့ရက်ကလွဲရင် တစ်နေ့မပြတ်ဝတ်မပျက်လာရတယ်။ အမေကျေးလာတိုင်း သရက်ပင်ကြီးပေါ်က ကျေးငှက်တွေက တကျီကျီ တကြာကြာနဲ့ ကြိုတတ်ကြတယ်။
“သတ္တဝါအပေါင်း ငြိမ်းအေးကြပါစေ။ ဝဋ်ကြွေးဝဋ်တုံ့များရှိရင် သည်ဘဝ သည်ခန္ဓာမှာပဲ ကင်းရှင်းကြပါစေတော့ ….”
အမောကလေးပြေတော့ အမေကျေးက လက်ဆွဲခြင်းပေါ်က အုပ်ဆိုင်းယူလာတဲ့ ညောင်ချဉ်ရွက်တွေကို မြေကြီးပေါ်တစ်ရွက်ချင်းဖြန့်ခင်းလိုက်တယ်။ ပြီးတော့မှ ခြင်းထဲကပါလာတဲ့ ထမင်းအူပေါင်းကလေးရယ်၊ကြံသကာခဲကလေးရယ်ကို ထည့်ပုံလိုက်တယ်။ သီတီတီ မှုန်ပြယ့်ပြယ့်ဖြစ်နေတဲ့ သူ့မျက်လုံး နီစပ်စပ်ကလေးကို တဘက်စနဲ့ ပွတ်သပ်ပြီးသရက်ပင်ကြီးကို မော့ကြည့်တယ်။ ဒါကလည်း အမေကျေး ရောက်လာတဲ့အခါတိုင်း ကြည့်နေကျ အလုပ်ပဲ။ ကြည့်တာကလည်း သရက်ပင်ကြီးတစ်ပင်လုံးကို ပိုက်စိပ်တိုက်ရှာနေတာမျိုး၊ တစ်ကိုင်းချင်း တစ်ခက်ချင်းမျက်လုံးက ငန်းတိုက်ပြီး ရှာသွားတာ။ သူမြင်ရသလောက်ပေါ့လေ။
“အင်း – သရက်သီးတွေ ဘယ်တော့များမှ သီးမှာပါလိမ့်။ ကျုပ် မသေခင်များ သီးပြလိုက်ပါရော့လား။ အင်း – အနိစ္စ – ဒုက္ခ – အနတ္တ”
ပါးစပ်က တတွတ်တွတ်ရွတ်ရင်း အမေကျေး ဘုရားကို အာရုံပြုတယ်။ အမေကျေးရဲ့တရားရွတ်သံဟာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ရွာဝေး၊အိမ်ဝေး ယာခင်းတွေကြားမှာ ကွင်းလေနဲ့အတူ အလိုက်သင့်ပါသွားလေရဲ့၊ သရက်ပင်ကြီးကတောင် တရားနာနေသလိုပဲ။ အာရုံများ ယူနေသလိုပဲ။ ငြိမ်လို့။ သရက်ပင်ပေါ်က ကျေးငှက်တွေကလည်း အမေကျေးရဲ့ပရိတ်ရွတ်သံကို နာနေကြဟန်တူရဲ့၊ ကျီကျီကြာကြာအသံတွေ မပြုကြတော့ဘဲ တိတ်ဆိတ်သွားလိုက်ပုံများ တစ်ကွင်းလုံး ငြိမ်လို့၊ ကြက်သွန်ခင်းစပ်က ယာကန်သင်းပေါ်ပေါက်နေတဲ့ ထန်းပင်ကြီးနှစ်ပင်ကတောင်နေ့တိုင်းလိုလို မြင်နေကျပေမယ့် ထူးထူးဆန်းဆန်းကြီး ငုံ့ကြည့်နေကြတယ်။
ဒေါ်ကျေးမှာ သမီးတစ်ယောက်ရှိတယ်။ မဂေါက်စံ တဲ့။ တောစံပယ်ပွင့်ကလေးလို ရုပ်ရည်ကလေး သနားကမားပေမယ့် စကားမပြောတတ်ရှာဘူး။ မွေးရာပါပေါ့လေ။ မဂေါက်စံ အပျိုဖျန်းကလေးဖြစ်တော့ဖိုးစံအုံ ဆုံးသွားရှာတယ်။ လောကကြီးထဲမှာ ကိုယ့်သွေးသားရယ်လို့တွယ်တာစရာ သည်သမီးကလေး ရှိနေသေးတာမို့ ဒေါ်ကျေးကတော့လင်ဆုံးတာကို ဖြေနိုင်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့မြေကလေး နှစ်ကွက် သုံးကွက်ကို သားအမိနှစ်ယောက် ထွန်တုံးလည်း တင်နိုင်ခဲ့တယ်။ ထွန်ရေးလည်းငင်နိုင်ခဲ့ပါရဲ့၊ ကြက်သွန်ကလေး၊ ပဲကလေး၊ ဝါကလေးများလည်း စိုက်နိုင်ခဲ့ပါရဲ့၊ မနက်လင်းတာနဲ့ ထမင်းအိုးတစ်လုံးချက်၊ ရေအိုးကလေး ခေါင်းပေါ်ရွက်ပြီး ယာခင်းတွေဘက် ထွက်နေကျ။ မနက်ခင်းနေကလေးမရင့်ခင် ကြက်သွန်ခင်းကလေး ပေါင်းလိုက်၊ ရေသွင်းလိုက် လုပ်ကြရတယ်။ကြည်းတော ကုန်းခေါင်ခေါင်ရွာဆိုတော့ ရေရှား မိုးရှားပေါ့။ အတောင်လေးငါးဆယ်လောက်နက်တဲ့ ရေတွင်းနှုတ်ခမ်းပဲ့ကြီးထဲကရေကို ဝါးမောင်းတံနဲ့ ငင်ပြီး ကြက်သွန်ခင်းတွေထဲ ရေသွင်းရတယ်။ ဒေါ်ကျေးကကြက်သွန်ခင်းထဲ ရေမြောင်းလိုက်၊ မဂေါက်စံက ရေမောင်းငင်၊ တစ်ပုံးနှစ်ပုံးမကပါဘူး။ ပုံးနှစ်ရာ သုံးရာ။ သမီးကလေး ပင်ပန်းမှာစိုးလို့ဒေါ်ကျေးက ထဘီတိုတိုပါအောင်ဝတ်ပြီး ရေမောင်းကူငင်တော့ မဂေါက်စံက တအားအားနဲ့တားရှာတယ်။
“အားပါးပါး… အားအား”
ပါးစပ်က တဝူးဝူး တဝါးဝါးအော်ရင်း လက်ဟန်ခြေဟန်နဲ့မအေကို တွန်းဖယ်ပြီး သူ့ရင်ဘတ်ကလေးသူ ပုတ်ပြတယ်။ သူ လုပ်ပါ့မယ်ပေါ့။သူ့လက်မောင်းအိုးတွေကို ယောက်ျားလေးတစ်ယောက်လို ဆုတ်ညှစ်ပြလိုက်၊ မအေ့ရဲ့ လက်မောင်းသေးသေးကလေးကို ဆုတ်ညှစ်ပြလိုက်နဲ့ သူလုပ်တတ်သမျှနဲ့ လုပ်ပြသေးတာ။ အမေ့မှာ အားမရှိဘူး။ ကျုပ်ကသန်သန်မာမာကြီး ကျုပ်ပဲ လုပ်မယ်ဆိုတဲ့သဘောပေါ့။ မဂေါက်စံက မအေကို ညှာပြီး အပင်ပန်း အဆင်းရဲခံလေ ဒေါ်ကျေးက ရင်ထဲမကောင်းဖြစ်ရလေပါပဲ။ ဘဝအကျိုးပေး မကောင်းရရှာတဲ့ကြား ပင်ပန်းတကြီးရှိလိုက်တာလို့တွေးမိတယ်။
“သမီး … ဂေါက်စံ ထမင်းစားတော့မလား”
မဂေါက်စံက နားကလည်း အကြားအာရုံ ဆွံ့အ,လေတော့ အနားသွားပြီး လက်ကုတ်ပြောမှ သိတာပါ။ ဒေါ်ကျေးက လက်နဲ့ ထမင်းလုတ်ခွံ့တဲ့ပုံစံမျိုးလုပ်ပြတော့ မဂေါက်စံက ခေါင်းညိတ်ပြတယ်။ သူ့ဗိုက်ကိုသူပုတ်ပြတယ်။ ဆာပြီပေါ့။ သားအမိနှစ်ယောက် ကြက်သွန်ခင်းဘေးခပ်လှမ်းလှမ်းက ထနောင်းပင်ရိပ်သွားပြီး ထမင်းတောင်းကလေးဖွင့်ပါလာတာကလေး စားကြတယ်။ စားသောက်ပြီးရင်တော့ သားအမိနှစ်ယောက် ပါလာတဲ့ ပုဆိုးဟောင်း၊ တဘက်ဟောင်းကလေး မြေကြီးပေါ်ခင်းပြီး ထနောင်းမြစ်ပေါ်ခေါင်းအုံးလို့တရေးတမော အိပ်ပျော်သွားတတ်ကြတာပါပဲ။ နိုးလာတော့ နေမွန်းလွဲသွားပြီ။ သားအမိနှစ်ယောက် နောက်ထပ် ကြက်သွန်တစ်ခင်း ရေသွင်း၊ နေစောင်းတော့ ရွာကိုပြန်ခဲ့ကြတယ်။ဒါက သားအမိနှစ်ယောက်ရဲ့နေ့စဉ်လုပ်နေကျ အလုပ်ပဲ။
သည်တစ်နွေ ကြက်သွန်ပေါ်ချိန်မှာ ဒေါ်ကျေးက သူ့သမီး ဆင်ပေါက်မကလေးကို ကျောက်နီနားဆွဲကလေး ဝယ်ဆွဲပေးလိုက်တော့ မဂေါက်စံတစ်ယောက် အတော်ပျော်သွားပုံပါပဲ။ လှချင်ပချင်တဲ့ မိန်းကလေးစိတ်ကလေးက သူသူကိုယ်ကိုယ် ရှိစမြဲမဟုတ်လား။ မှန်ချပ်ဟောင်းကလေး ထောင်ပြီး ကြည့်လိုက်၊ နားကို စမ်းကြည့်လိုက်၊ ဟိုစောင်း သည်ငဲ့လုပ်လိုက်နဲ့။ ခါတိုင်း မရိုးမယဉ်ကလေး လှတဲ့ မဂေါက်စံက သည်လိုဆိုတော့ ပြည့်စုံတဲ့အလှ ဖြစ်သွားရှာတယ်။
“အမာ့ … ပါး ပါး … အား ဝူး”
.
မဂေါက်စံက သူ့ရင်ဘတ်ကို ပုတ်ပြပြီး အိမ်ခြံပေါက်ဝကို လက်ညှိုးထိုးပြတယ်။ ပြီးတော့ လက်တစ်ဘက်နဲ့ နားကပ်ကို ကိုင်ပြပြီး ကျန်တဲ့လက်နဲ့ ဝိုင်းပတ်ပြတယ်။ ဒေါ်ကျေးကတော့ သည်သမီး ဘာကိုဆိုလို မှန်းသိတယ်။ မဂေါက်စံက ရွာထဲကို လည်ပြီး နားဆွဲကလေး သွားကြွားဦးမယ်ဆိုတော့ ဒေါ်ကျေးက ကျေကျေနပ်နပ်ကြီး ခေါင်းညိတ်ပြလိုက်တယ်။ မဂေါက်စံလည်း အိမ်ထဲက တရှူးထိုး အပြေးထွက်သွားတော့တာပဲ။ သွားတာတောင်မှ ရိုးရိုးမဟုတ်ဘူး။ ခြေထောက်ကို ဟိုဘက်တစ်ချောင်းထောက်လိုက် သည်ဘက်တစ်ချောင်းထောက်လိုက်နဲ့ ခုန်ဆွခုန်ဆွဖြစ်လို့၊ ဒေါ်ကျေးက သမီးအပျိုမကိုကြည့်ပြီး ရယ်လိုက်တာများတော့။
“အရူးမ … အပေါမ”
နောက်ရာသီအတွက် ကြက်သွန်ခင်းတွေ ထွန်ကြ၊ ထယ်ကြ၊ စိုက်ကြ၊ ပျိုးကြလုပ်အပြီး ရွာမှာ တစ်ပတ်လောက် နားကြရတယ်။ ကြက်သွန်တွေ အမြစ်တွယ်ပြီဆိုရင်တော့ ရေလောင်း ပေါင်းသင်အလုပ်တွေ လှိုင်ကြရပြီပေါ့။ တကယ့်အလုပ်များမယ့်ခေါင်ချိန်ကြီးမှာပဲ ဒေါ်ကျေးတစ်ယောက်သံစူးတော့တာပါပဲ။ ဖိနပ်မပါ ဘာမပါနဲ့အမှောင်ကြီးထဲ ဖောက်ခနဲ စူးဝင်သွားတဲ့ သံချောင်းကြီးက ဖဝါးထဲ ထုတ်ချင်းပေါက်လုမတတ် ဆိုတော့ဖျတ်ဖျတ်ကို လူးနေရတော့တာပါ။ ခြေဖဝါးထဲ စူးနစ်ဝင်နေတဲ့သံချောင်းကို နုတ်ဝံ့တဲ့သူတောင် မရှိသလောက်။ ရွာလယ်က ကိုမာဒင်က မျက်စိစုံမှိတ်ပြီး နုတ်ပစ်လိုက်တော့ သွေးတွေဆိုတာ ဒလဟော။ သွေးစိမ်းပွက်ပွက်ထကရော။ အနားရှိတဲ့ အဝတ်စုတ်နဲ့ပိတ်ပြီး ဒေါ်ကျေးမှာ အော်ဟစ်နေရတော့တာပါ။ တစ်ရက် နှစ်ရက်နေတော့ ခြေထောက်ကြီးက မန်းလိုက်ပြီးယောင်ကိုင်း လာလိုက်ပုံများ၊ ရွာဦးဆရာတော်က စက်ဘီးဆေးဆရာခေါ်ပြီး မေးခိုင်ဆေးထိုးဖို့ လာပြောတယ်။ ခြေထောက်ဒဏ်ရာထက်သမီးလေးကို တစ်ယောက်တည်း တောထဲလွှတ်ရတာ စိတ်မချတာနဲ့ပဲကြက်သွန်ကလေး ငါးတောင်း လှမ်းရောင်းရောင်းလိုက်ရတော့တာပဲ။လှမ်းရောင်းဆိုတာက ကြက်သွန်မပေါ်သေးခင် ပွဲစားရဲ့ဖြတ်ဈေးနဲ့ငွေကြိုယူပြီး ကြက်သွန်ပေါ်တာနဲ့ ထိုးဆပ်ရတာပါ။ ထက်ဝက်ခေါက်ချိုး ရှုံးတယ်ဆိုပေမယ့် မရှိတဲ့ တောသူတောင်သားများ သည်လိုယူကြရတာကိုး။
ဒေါ်ကျေး အလုပ်မလိုက်နိုင်တော့ မဂေါက်စံတစ်ယောက်တည်း ကြက်သွန်ခင်းတွေဆီသွားရတယ်။ မနက်စောစောကြီးမှာ ရေနံမီးခွက်ကြီးထွန်းပြီး သနပ်ခါးကျောက်ပြင်ရှေ့ပြင်ဆင်ဖြီးလိမ်းနေတဲ့ သမီးကို လှမ်းကြည့်ရင်း ဒေါ်ကျေး သက်ပြင်းချမိတယ်။ ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ။ခါတိုင်း သနပ်ခါးပိန်းကြားရိုက်နဲ့ မဂေါက်စံ၊ ခုတော့ မျက်နှာချေတွေပြာဟောက်နေအောင် လိမ်းတတ်နေပြီ။ နှုတ်ခမ်းနီများ ရဲနေအောင်ဆိုးတတ်နေပြီ။ ကျောက်နီနားဆွဲကလေးကလည်း တရမ်းရမ်းနဲ့ဆိုတော့တောထဲတောင်ထဲ မိုးမသောက် ကျီးမနိုးခင် လွှတ်ရတာ ဒေါ်ကျေးစိတ်မချ ဖြစ်ရတယ်။ ခြေထောက်ဒဏ်ရာကလည်း ကောင်းနိုးရာရာဆေးမြီးတိုနဲ့တစ်လကျော်ကျော်လောက်ကုယူရတယ်။ ဒဏ်ရာ နည်းနည်းသက်သာလာပြီဆိုတာနဲ့ ဒေါ်ကျေး ကြက်သွန်ခင်း ဆင်းတော့တာပါပဲ။ခါတိုင်း မအေ မောင်းငင်မှာ စိုးရှာတဲ့ မဂေါက်စံက မအေ့လက်ကိုဆွဲပြီးမောင်းငင်ခိုင်းတာမျိုး ဖြစ်လာတယ်။ မဂေါက်စံက သူ့ရင်ဘတ်ကို ပုတ်ပြ၊အသက်ပြင်းပြင်းရှူပြလုပ်ပြီး မောလို့တဲ့ ထနောင်းပင်အောက် သွားခွေနေတာမျိုးလည်း တစ်ရက်မဟုတ် လုပ်နေတော့ ဒေါ်ကျေးစိတ်ထဲ တစ်မျိုးပဲလို့တော့ အောက်မေ့သား။ အလုပ်ပင်ပန်းလို့နေရှာမှာပေါ့လေလို့ဖြေတွေးရတော့တာပေါ့။ နောက်ဆုံးတော့ မဂေါက်စံရဲ့ ဝေဒနာကို ဒေါ်ကျေးရိပ်မိသွားခဲ့တာပါပဲ။ သူလည်း ငယ်ရာကကြီးလာခဲ့ရသူ မဟုတ်လား။မဖြစ်ကောင်းမဖြစ်ရာများလား။ မဟုတ်လောက်ပါဘူးလေလို့လည်းတွေးမိ ပါရဲ့။
“ဂေါက်စံ … ငါ့သမီး ဘာဖြစ်လို့လဲ၊ မူးလို့လား”
ဒေါ်ကျေးက နားထင်ကို လက်ညှိုးနဲ့ထောက်ပြပြီး မူးသလားလို့မေးတော့ မဂေါက်စံက ခေါင်းညိတ်ပြတယ်။ ပြီးတော့ ချုံးပွဲကြီးချငိုတယ်။ဒေါ်ကျေး သိလိုက်ပြီ။ လူ့ကိစ္စ လူ့သဘာဝ ဖြစ်တတ် ပျက်တတ်တဲ့သဘောပေမယ့် အလွန်ရိုးရှင်းတဲ့ ရွာကလေးမှာ သည်ကိစ္စက သိပ်ကိုကြီးလွန်းနေမယ့်ပြဿနာ။ နူရာ ၀ဲစွဲရတဲ့အဖြစ်မျိုး။ မဂေါက်စံ ငိုတော့နားဆွဲကလေးက လှုပ်လို့၊ နှုတ်ခမ်းနီတွေက ပြယ်လို့၊ မုန်ယိုနေတဲ့ဆင်ရိုင်းတစ်ကောင်နဲ့တွေ့ခဲ့ပြီကော။ ထန်းပင်ကြီးနှစ်ပင်တော့ သည်သားအမိကိုငုံ့ကြည့်လို့၊
မဂေါက်စံရဲ့ မပေါ့မပါးသတင်းက ရွာထဲမှာ ဗျူးဟစ်စရာလိုပဲ၊ ကြက်သွန်မြောင်းထဲက ရေလို နေရာအနှံ့ရောက်သွားတယ်။ မဂေါက်စံမို့ပေါ့။ တခြားလူကောင်းဆိုရင်တော့ ဘာပြဿနာရှိမှာလဲ။ ဘယ်သူနဲ့ပါလို့ ဖွင့်ပြောလိုက်ရုံပေါ့။ မဂေါက်စံကတော့ နားလည်းမကြား၊ စကားလည်း မပြောတတ်၊ စာနဲ့ရေးပြဖို့ကလည်း စာမတတ်နဲ့ဆိုတော့ တရားခံကို ချက်ချင်းကြီး ဘယ်သိနိုင်ပါ့မလဲ။ ဒါနဲ့ပဲ ရပ်ရွာလူကြီး ဘဘိုးထီက သူအကြံရသလို လုပ်ကြည့်ရင်တော့ ဖြစ်နိုင်ကောင်းရဲ့လို့စဉ်းစားတယ်။
“ကဲ – မာဒင်၊ ရွာထဲ လိုက်အော်စမ်းကွာ။ ရွာထဲရှိတဲ့ယောက်ျား မှန်သမျှ ကနေ့ည ငါ့အိမ်ဝိုင်းထဲ စုကြလို့၊ မလာတဲ့ကောင် တရားခံပဲလို့”
ညရောက်တော့ ဘဘိုးထီရဲ့ခြံဝိုင်းကြီးထဲမှာ အောက်လင်းဓာတ်မီးကြီးထွန်းပြီး လူဆင့်မောင်း တဒူဒူ ထုလိုက်တော့ ယောက်ျားတွေတင်မကပါဘူး၊ တစ်ရွာလုံး ရှိသမျှ မိန်းမတွေရော၊ ကလေးတွေရော အုံးလို့။ဒါက တရားခံရှာတဲ့ပွဲကိုး။ ဘယ်သူလဲ၊ ဘယ်ကောင်လဲ၊ ငါ့ယောက်ျားလား၊ငါ့သား ငါ့တူလား။ သည်လောက် ရက်စက်ယုတ်မာတဲ့ကောင်ဟာ ဘယ်သူများပါလိမ့်။ ဒေါ်ကျေးနဲ့ မဂေါက်စံတို့သားအမိလည်း ရောက်နေကြပြီ။ဘဘိုးထီကတော့ ရွာလူကြီးပီပီ ရှေ့မျက်နှာ နောက်ထားပြီး ပြောရတော့တာပါ။ မျက်နှာလည်း မကောင်းရှာဘူး။ သူကိုယ်တိုင်က သမီးတွေတစ်ကျိပ်နှစ်ယောက်လောက် ရှိသူကိုး။
“ကိုင်းဗျာ – ကျုပ်ရွာသားတွေကိုလည်း မျက်နှာတော့ ပူပါရဲ့။ နို့ပေမယ့် မပြောမပြီး မတီးမမြည်ဆိုသလိုပေါ့။ ဂေါက်စံဆိုတာ ကျုပ်တို့သမီး၊ကျုပ်တို့နှမလေး မဟုတ်လား။ တစ်သက်လုံးက မှဲ့တစ်ပေါက်မစွန်းခဲ့ကြတဲ့သားအမိ ခုလိုဖြစ်လာတော့ ရွာလည်း မကောင်းဘူး။ ကြားလို့လည်းမကောင်းဘူး။ သည်တရားခံမမိရင် နောက် သည်ထက်အတင့်ရဲတော့မယ်။ရပ်ရွာက စောင့်ရှောက်ကြရမယ့်သဘောပါ။ သူတကာလိုလည်း ပြည့်စုံတဲ့ဘဝ မဟုတ်ရှာရတဲ့အထဲ စကားမပြောတတ် နားမကြားနဲ့ဆိုတော့ ဖြစ်လာမှတော့ ရင်ဆိုင်ကြရမှာပဲ။ ကိုင်း – တရားတဘောင်လည်း မလုပ်ပါဘူး။တာဝန်ယူရင် ပြီးပါတယ်။ ဒါ ကျုပ် အညှာတာဆုံးပြောတာ။ စစ်လို့ပေါ်ရင်တော့ ထောင်တန်းကျမယ့်ကိစ္စနော။ တာဝန်ရှိသူက လူဆန်ရပေမပေါ့။ ကျုပ်လုပ်တာကို လက်ခံရင်ပေါ့ဗျာ”
ဘဘိုးထီက သည့်ထက်ရှည်ရှည်ဝေးဝေး ပြောမနေတော့ပါဘူး။ ယောက်ျားတွေကို ဆယ်ယောက်တစ်တွဲ၊ ဆယ်ယောက်တစ်တွဲ အောက်လင်းဓာတ်မီးရောင်အောက် လာရပ်ပြခိုင်းတယ်။ မဂေါက်စံက ယောက်ျားတစ်ယောက်ချင်းကြည့်ပြီး လူရွေးရတာပါ။ ရွာထဲက ယောက်ျားတစ်ယောက်မှ မကျန်ဘူး။ အသက်ငယ်ငယ် လူပျိုပေါက်ကနေ အသက်ရှစ်ဆယ်အထိပါတယ်။ မီးရောင်အောက် လာရပ်ပြရတဲ့သူတွေခမျာ မျက်နှာတောင်ဘယ်လိုထားရမှန်းမသိကြပါဘူး။ မဂေါက်စံက ခေါင်းရမ်းပြမှပဲ ဟင်းခနဲသက်ပြင်းချပြီး တစ်ဘက်ပြေးကပ်ရတော့တာပါ။ မဂေါက်စံက တရားခံရှာနေတာကို သိတယ်။ သူ့ဘက်က သေချာရတော့မယ်ဆိုတာကိုလည်းသိတယ်။ မျက်ရည်တွေကြားကပဲ အရှက်အကြောက်တွေကြားကပဲတရားခံကို ရွေးပေးနေရရှာတယ်။
“အား… အူး အူး”
ခေါင်းပေါင်းကြီး ခပ်အုပ်အုပ်ဆောင်းထားတဲ့ ကိုဖိုးတုတ်ရင်ဘတ်ကို မဂေါက်စံ လက်ညှိုးနဲ့ထောက်ထားလိုက်တော့တာပါ။ ကိုဖိုးတုတ်လက်ကိုဆွဲတဲ့ပြီး ဘဘိုးထီအိမ်ထဲ ခေါ်လာတယ်။ ကျန်တဲ့သူတွေကို ပြန်လွှတ်လိုက်တယ်။ မဂေါက်စံရဲ့ ဗိုက်လက်သည်ဟာ ကိုဖိုးတုတ်ပဲလို့အဖြေပေါ်သွားပြီးနောက် ရွာရပ်က မဂေါက်စံနဲ့ ကိုဖိုးတုတ်ကို အကြင်လင်မယားအဖြစ်အသိအမှတ်ပြုလိုက်ကြရတော့တာပဲ။ ရှိသမျှနဲ့ မင်္ဂလာဆောင်ကြတယ်။ကိုဖိုးတုတ် ဆိုတာက ကိုးကျင်းကိုးကျောင်း ထန်းသမား။ နောက်တော့ဒေါ်ကျေးတို့အိမ်ကလေးမှာ ကိုဖိုးတုတ်ဟာ အိမ်သားအဖြစ် လူတစ်ယောက်တိုးလာခဲ့တော့တာပါ။ ဒါပေမဲ့ လူသာတိုးတာ မေတ္တာတိုးလာတာ မဟုတ်ပြန်ဘူး။
စကားမပြောတတ်တဲ့ အပျိုနုနုထွတ်ထွတ်ပေမယ့် မဂေါက်စံကတော့ ရွာတေလေ ကိုဖိုးတုတ်ကို လင်သားရယ်လို့ဖြစ်လာမှတော့ ကြင်နာရှာပါတယ်။ ကိုဖိုးတုတ် စားဖို့သောက်ဖို့ ချက်ပြုတ်ကျွေးမွေးရှာတယ်။ကိုဖိုးတုတ် ရေချိုးဖို့ရေငင်ပေးတယ်။ ကိုဖိုးတုတ် ညောင်းနေတယ်ထင်ရင်နင်းနှိပ်ပေးရှာတယ်။ ကိုဖိုးတုတ်ရဲ့အလုပ်က ခပ်ဝေးဝေးထန်းတောရွာတွေမှာ ထန်းချိုင်တဲ့အလုပ်ပါ။ ထန်းတက်သမားပြောပါတော့။ မနက်လင်းရင်ထန်းလှီးဓား ခါးကြားထိုးပြီး ထွက်သွားလိုက်တာ ညနေ နေဝင်ရီတရောကျမှ ထန်းရည်မူးပြန်လာတတ်တယ်။ နေ့လယ်စာကို ထန်းရှင်က ကျွေးပေမယ့် ညစာကိုတော့ မဂေါက်စံတို့အိမ်မှာ စားတယ်။ ခါတိုင်း သားအမိနှစ်ယောက် ပဲပြုတ်ကလေး၊ ငပိဆားပြားကလေးနဲ့ပြီးပေမယ့် ကိုဖိုးတုတ်ကမစားနိုင်လေတော့ မဂေါက်စံမှာ တောပြန်ဟင်းစားရှာဖွေပြီး ချက်ရတဲ့အလုပ်ပိုတာတောင် အဖတ်တင်သေးတယ်။ ကိုဖိုးတုတ်က အပျိုရသကောရယ်လို ကြင်ကြင်နာနာမရှိဘဲ အောက်လင်းဓာတ်မီးရောင်အောက်တရားခံရှာယူခဲ့တာဆိုတော့ စိတ်ကလည်း နာပုံရတယ်။
ဒေါ်ကျေးကတော့ တစ်သက်လုံးက ရူးရူးပေါပေါနေလာခဲ့တဲ့သမီးကလေး လင့်တာဝန်တွေ ပိုလာတာမြင်ရတော့ စိတ်မကောင်းဖြစ်ရပြန်တယ်။ မဂေါက်စံမှာ မပေါ့မပါးကြီးနဲ့ဆိုတော့ သမီးလုပ်ရမယ့်အလုပ်ကိုဒေါ်ကျေးကဝင်လုပ်ရတယ်။ မမြင်ရသေးတဲ့ မြေးကလေးမျက်နှာရှိသေးတာကိုး။ ဒါပေမဲ့ ကိုဖိုးတုတ်ကတော့ မဂေါက်စံကို ရှိတယ်တောင်မအောက်မေ့ဘူး။ မူးဟယ်၊ ရမ်းဟယ်၊ သရန်းဟယ်နဲ့လုပ်တော့ ဒေါ်ကျေးဝင်ပါရပြန်ရော။
“ဖိုးတုတ် … ငါ့သမီးမှာ စကားမပြောတတ်တာကလွဲရင် ဘာအပြစ်မှမရှိဘူး။ နင်ရန်ရှာစရာမလိုဘူးဟဲ့ .. လူယုတ်မာကောင်” ကိုဖိုးတုတ်က လူယုတ်မာဆိုတဲ့စကားကို တော်တော်နာကျည်းသွားတယ်။ ယုတ်မာခဲ့သူပေမယ့် ယုတ်မာတယ်ပြောရင် ဘယ်ကြိုက်ပါ့မလဲ။
“ခင်ဗျားသမီး သောက်အ,ကို ကျုပ်က မပေါင်းချင်ဘဲ ပေါင်းနေရသာကိုးဗျ”
“နင် သည်လိုမမိုက်ရိုင်းနဲ့”
“ရိုင်းတော့ ခင်ဗျားတို့က ဘယ့်နှယ်လုပ်ချင်သေးလို့တုန်း”
သမီးဇောနဲ့ ဒေါ်ကျေး ဒေါသထွက်ပြီး ရှိသမျှအားနဲ့ဝင်လုံးတော့ တာပါပဲ။ သူ့နားအုံကို ဖျင်းခနဲ အရိုက်ခံလိုက်ရတော့ ကိုဖိုးတုတ်ကဒေါ်ကျေးကို တွန်းလှဲပစ်လိုက်တယ်။ သူ့ကြောင့် အရှက်ကြီးရှက်နေရရှာတဲ့မအေကို စော်ကားလာတော့လည်း မဂေါက်စံ သွေးတွေ ဆူပွက်လာတော့တာပါပဲ။ ကိုဖိုးတုတ်ရဲ့လက်မောင်းကို ဝင်ပြီး ခွေးဆိုးတစ်ကောင် လိုမလွတ်တမ်း ကိုက်ဆွဲတယ်။ အဲသည်ညက ကိုဖိုးတုတ်နဲ့ ဒေါ်ကျေးတို့သားအမိ ရန်ဖြစ်လိုက်၊ သတ်လိုက်ပုတ်လိုက်ကြတာ ပွက်ပွက်ဆူလို့၊ရွာကတော့ စိတ်မကောင်းကြဘူးပေါ့။ ကိုဖိုးတုတ်က သူ့ထန်းလှီးဓားယူပြီး ထန်းတောတွေဘက် ထွက်သွားတယ်။ လက်မောင်းက အသားဆိုတာ တစ်ကိုက်စာ ဟောက်ပက်ကြီးနဲ့။
မနက်လင်းတော့ အိမ်မှာ မဂေါက်စံ မရှိတော့ဘူး။ ရွာထဲမှာလည်း ရှာလို့မရဘူး။ ကြက်သွန်ခင်းတွေဘက်လည်း မရှိဘူး။ မဂေါက်စံ ပျောက်သွားတဲ့သတင်းက အစတော့ စိတ်ဝင်စားစရာ မရှိဘူး။ တစ်နေရာရာကိုထွက်သွားတာလောက် ထင်ကြတာပါ။ ဆွမ်းခံဝင်ချိန်လောက်ရောက်တော့ယာခင်းစပ် နွားတွေလွှတ်တဲ့ နွားကျောင်းသားတစ်ယောက် ရွာထဲကိုကမူးရှူးထိုး ပြေးဝင်လာတယ်။
“မြောက်ကုန်းက သရက်ရိုင်းပင်ကြီးမှာ မဂေါက်စံ ကြိုးတန်းလန်းကြီးနဲ့ သေနေတယ်”
သည်သတင်းက ရွာထဲကို ကစုန်ဆိုင်း ဝင်လာတော့တာပါပဲ။ ဒေါ်ကျေးတစ်ယောက်လည်း မြေကြီးပေါ်ဗိုင်းခနဲ ပစ်လဲကျသွားတယ်။ ကိုဖိုးတုတ်ကတော့ ထန်းတောတွေထဲမှာ ထန်းရည်မူးနေလောက်ရောပေါ့။ရွာထဲကလူတွေအားလုံး ဗျိုးဟစ်စရာမလိုဘဲ သရက်ကုန်းမှာ စုပြီးသားဖြစ်သွားတော့တယ်။ မဂေါက်စံကတော့ သရက်ရိုင်းပင်ကြီးမှာ ကြိုးတန်းလန်းနဲ့လူတွေကို နှုတ်ဆက်နေသလိုပါပဲ။ ခပ်လှမ်းလှမ်းက ထန်းပင်ကြီးနှစ်ပင်ကတော့ လူတွေကို ငုံ့ကြည့်လို့။
သည်အဖြစ်အပျက်တွေက ဆယ်လေးငါးနှစ်တောင် ကြာခဲ့ပါပြီ။ လည်ပင်းကြိုးကွင်းစွပ်ပြီး သရက်ပင်ပေါ်က ခုန်ချသေသွားတဲ့ မဂေါက်စံရဲ့အလောင်းကို ကြိုးဖြုတ်ပေးမယ့်သူတောင် မနည်းရှာကြရတယ်။ ဒါမျိုးကအထုံပါတတ်တယ်လို့ အယူရှိကြတာကိုး။ နောက် ကိုယ့်ရွာ ကိုယ့်မြေမှာမြှုပ်ရင်လည်း ရွာခိုက်တတ်တယ်လို့ အစွဲရှိကြတော့ မဂေါက်စံရဲ့အလောင်းကို ရွာနဲ့တမျှော်တခေါ်ကြီးဝေးတဲ့ ချောင်းရိုးကလေးကျော်ပြီးသင်္ဂြိုဟ်ကြရတယ်။ ဘဘိုးထီက ရွာက ထန်းရည်သမားတွေကို မူးအောင်တိုက်ပြီး သင်္ဂြိုဟ်ခိုင်းလိုက်တာနဲ့ ကိစ္စပြီးသွားရတော့တာပါ။
မပြီးဘဲ ကျန်နေရစ်တဲ့ကိစ္စကတော့ သည်သရက်ရိုင်းပင်ကြီး အသီး“အ” သွားတဲ့အဖြစ်အပျက်ပါ။ သည့်အရင်က သရက်ရိုင်းပင်ဆိုပေမယ့်အသီးတော့ သီးသေးတယ်။ အကင်းဘဝကတည်းက လေခြွေလို့ ငှက်စာဆော်လို့ကုန်တာမျိုးတော့ရှိရဲ့၊ အခုတော့ သရက်ရိုင်းပင်ကြီးက သီးကိုမသီးတော့တာ။ တောထဲတောင်ထဲ အလေ့ကျပေါက်နေတဲ့ ပိုင်ရှင်မဲ့ အရိုင်းပင်ကြီးပေမယ့် သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ရာက အခုလို မသီးတော့ဘူးဆိုတာကလည်း လူတွေအတွက် ဇာတ်လမ်းဖြစ်လာပြန်တယ်။မဂေါက်စံရဲ့အသက်မဲ့ခန္ဓာကိုယ်ကြီးက ရေကူးချောင်းခြား ရောက်သွားပေမယ့် ဝိညာဉ်က သရက်ရိုင်းပင်ကြီးမှာ ကပ်ကျန်ရစ်ခဲ့သလိုလို ပြောကြတယ်။
“အဲသာ – ဂေါက်စံ မကျွတ်လို့တဲ့။ ကိုယ်ဝန်ကြီးနဲ့ အစိမ်းသေတာဆိုတော့ မကောင်းသူ မကောင်းသား ဖြစ်သွားရှာထင်ပါရဲ့၊ သရက်ပင်ကအသီးတွေ သူ စားစားပစ်တာနေမှာပေါ့။ သူကျွတ်မှပဲ သရက်သီးကသီးမှာ။ အမယ်လေး မဂေါက်စံသရက်ပင်ကြီးနား ယောင်လိုမှ မသွားကြနဲ့နော်”
ရွာက သည်လိုပြောကြ ဆိုကြလေတော့ အမေကျေးတစ်ယောက် သမီးရှိတဲ့ သရက်ပင်ကို ဝတ်မပျက်သွားပြီး အစာကျွေးရတယ်။ ဘုရားစာ တရားစာရွတ်ပြီး အမျှအတန်းများ ဝေရတယ်။ နေ့စဉ်နေ့တိုင်း သရက်ပင်က အသီးသီးပြီလားလို့ မမြင်မကန်း မျက်လုံးတွေနဲ့ မော့မော့ကြည့်ရတယ်။ နှစ်တွေသာကြာရော သရက်သီး မသီးပါဘူး။ ဒါပေမဲ့ သရက်ပင်ကြီးကတော့ မဂေါက်စံသရက်ပင်လို့ နာမည်ရသွားတော့တာပါပဲ။
“ဟော”
လက်ဆွဲခြင်းကလေးဆွဲပြီး ပြန်မယ်လုပ်တုန်း အမေကျေးရဲ့မျက်လုံးတွေက သရက်ပင်ကိုင်းတစ်ကိုင်းဆီ ရောက်သွားတယ်။ သရက်ကင်းကလေးတွေ တွေ့လိုက်မိလေသလားလို့ မျက်လုံးကို ပွတ်သပ်ကြည့်မိတယ်။ ဟုတ်ပါကော။ သီးကင်းခပ်ကြီးကြီးတွေပါ။ သေချာပါတယ်။အမေကျေး မျက်လုံးမမှားလောက်ဘူးထင်ပါရဲ့။ မဂေါက်စံ ကြိုးဆွဲချသေသွားတဲ့ကိုင်းမှာ သရက်သီးကလေး သုံးလေးလုံး တွဲလွဲခိုလို့။ အချိန်မဟုတ်၊ အခါမဟုတ် သီးနေတဲ့ အတီသီးကလေးကို အမေကျေး မျက်လုံးအခါခါပွတ်ကြည့်ရင်း ဝမ်းသာလွန်းလို့ငိုတော့တာပဲ။
“ဂေါက်စံ ကျွတ်ပြီ”
မဂေါက်စံသရက်ပင်ကြီးက သရက်ကင်းတွေ တွေ့ပြီဆိုတာကလည်း သတင်းဖြစ်ရတော့တာပေါ့။ ရွာကလည်း ဂေါက်စံကလေး ကျွတ်ရှာပြီ ရယ်လို့ဝမ်းသာကြတယ်။ သည့်ထက်ဝမ်းသာစရာကောင်းတာက မဂေါက်စံသေကတည်းက ပျောက်သွားတဲ့ ကိုဖိုးတုတ်တစ်ယောက် ရွာပြန်ရောက်လာတာပါ။ မဂေါက်စံသရက်ပင်ကြီးနဲ့ သိပ်မဝေးတဲ့ အမေကျေးတို့ကြက်သွန်ခင်းကလေးထဲမှာ လယ်တွေ ဘာတွေများ ထွန်လိုက်လို့။မောတော့လည်း သရက်ပင်ကြီးအောက် လာအိပ်လို့၊ ထန်းသမားဘဝကိုသူစွန့်လိုက်ပြီ။
မဂေါက်စံသရက်ပင်ကြီးသီးတော့မှ လူတွေက နားကြ ခိုကြ လှည်းတွေချွတ်ကြ။ နွားတွေလှန်ကြ။ နွားကျောင်းသားတွေ အိပ်ကြ။ ဒေါ်ကျေးက သားမက်ရှိရာ ယာတဲကို ထမင်းလာပို့တော့ ထန်းပင်ကြီးတွေက ငုံ့ကြည့်ကြလို့၊ မဂေါက်စံကျွတ်သွားပြီဆိုပေမယ့် မဂေါက်စံရဲ့နာမည်ကတော့ သရက်ပင်ကြီးနဲ့တွဲပြီးကျန်ရစ်ခဲ့လေရဲ့၊ လူတွေပါးစပ်ထဲ စွဲသွားပြီဆိုတော့လည်း ပျောက်ပျက်သွားဖို့က အခက်သားမဟုတ်လား။
မဟေသီမဂ္ဂဇင်း၊ ၂၀၀၃ခုနှစ်၊ မေလ
Uncategorized