August 29, 2025

မည်သူဖြေ၍ပြေပါနိုင်

မည်သူဖြေ၍ပြေပါနိုင်(စ/ဆုံး)
——————————

သည်လိုပြဿာနာမျိုးကလူတိုင်းမှာဖြစ်တတ်ပါသလားဟုစဉ်းစားမိပါသည်။ဖြစ်နိုင်သော်လည်းဖြစ်နိုင်ချေနည်းနိုင်ပါ​၏။သူမမှာတော့သည်လိုပြဿာနာမျိုးနှင့်ရင်းနီးနေပြီဟုဆိုရပါမည်။

သူမအသက်နှစ်ဆယ်ကျော်ခဲ့ပြီ။သူမ​၏အဖေဖြစ်သူကအချိုးမပြောင်းသေး။အမေ့ကိုလည်းအနိုင်ကျင့်နေတတ်သေးသည်။အမေကတော့ခပ်အေးအေးနေတတ်သည်။ခပ်အေးအေးဆိုသည်ထက်ခပ်အအဟုဆိုရမည်ထင်သည်။အဖေပြောသမျှပြီးသည်။မှားသည်၊မှန်သည်အတွန့်မတက်။အဖေလုပ်သမျှငြိမ်ခံနေနိုင်လွန်းသည်ဟုသူမကထင်သည်။

အဖေအရက်မူးလာလျှင်အမေ့ကိုရန်ရှာသည်။စကားဖြင့်ဆဲဆို၊ရန်လုပ်တတ်ယုံမက၊တုတ်ဆွဲ၊ဓားဆွဲ ရန်လုပ်တတ်သေးသည်။လည်ပင်းပေါ်ဓားတင်၍ချိန်းခြောက်တတ်သေး​၏။ဒါကိုလည်းအမေသည်းခံနိုင်​၏။ဘယ်ကဲ့သို့သောစိတ်ဖြင့်သည်မျှသည်းခံနိုင်သည်ကိုမူသူမ နားမလည်ပါ။သူမကတော့အဖေ့ကိုမမုန်းပါဟုဆိုနိုင်သော်လည်အဖေ့ကိုမချစ်ပါ။

******************

အဖေသည်သူမအတွက်ဖခင်ကောင်းတစ်ယောက်ဖြစ်သည်ဟုမဆိုနိုင်ပါသော်လည်းအဖေ​၏မိခင်(သူမ​၏အဖွား)အတွက်တော့သားကောင်းတစ်ယောက်ဖြစ်ပါသည်။အဖေ​၏ညီမနှစ်ယောက်(သူမ​၏အဒေါ်များ)အတွက်တော့အကိုကြီးအဖရာဖြစ်ပါသည်။အဖေသည်သူ​၏အမေကိုအလွန်ချစ်​၏။သူ​၏နှမများကိုလည်းအလွန်ချစ်​၏။အဖေကသူ​၏အမေကိုချစ်သည်မှာအပြစ်မဟုတ်ပါ။သူ​၏နှမများကိုချစ်သည်မှာလည်းအပြစ်မဟုတ်ပါ။သို့ရာတွင်သမီးဖြစ်သူ သူမအားအဖွား​အပေါ်ချစ်သောအချစ်​၏တစ်ဝက်မျှပင်မချစ်သည်ကပြဿာနာဖြစ်ပါသည်။သမီးဖြစ်သူ သူမအားသူ​၏ညီမ(သူမ​၏အဒေါ်)များကိုချစ်သကဲ့သို့မချစ်သည်ကသာပြဿာနာဖြစ်ပါသည်။

အဖွားကလည်းသူမတို့ကိုမြေးဟူ၍ချစ်သည်မဟုတ်ပါ။အဒေါ်များကလည်းတူ၊တူမလေးများရယ်ဟုမချစ်ပါ။ငယ်စဉ်ကသူမတို့မိသားစုသည်အဖွား၏အိမ်တွင်အတူနေကြပါသည်။ထိုစဉ်အခါကသူမအောက်ကမောင်လေးနှစ်ယောက်၊အဖေနှင့်အမေ၊အဖေ့ညီမအဒေါ်နှစ်ယောက်နှင့်အဖွားအပါအဝင်အားလုံးရှစ်ယောက်မိသားစုပေါင်း၍အတူနေထိုင်ကြပါသည်။

သူမတို့မောင်နှမသုံးယောက်အိပ်ရာထနောက်ကျလျှင်အဖွားကထမင်းမကျွေးပါ။အိပ်ရာစောစောထတတ်ရန်ဒဏ်ပေးသည်ဟုအဖေ့ကိုပြောပါသည်။အဖေကလည်းနံနက်စာစားချင်ရင်အိပ်ယာစောစောထဟုပြောပါသည်။စောစောထသော်လည်းညကထမင်းမကျန်လျှင်မကျွေးပါ။ညကထမင်း၊ဟင်းကျန်လျှင်သာထမင်းအေး၊ဟင်းအေးကိုမသထာရေစာစားရပါသည်။

သူမစိတ်မကောင်းအဖြစ်ရဆုံးမှာသူမ​၏မောင်းလေးနှစ်ယောက်အတွက်ဖြစ်ပါသည်။ထိုစဉ်ကအငယ်ဆုံးမောင်လေးကအသက်ငါးနှစ်တောင်မပြည့်သေးပါ။သူ့ထက်အကြီးကောင်ကခုနှနှစ်အရွယ်။သူတို့နှစ်ယောက်ကဗိုက်ဆာသဖြင့်ငိုကြသည်။ငိုလျှင်အဖွားကရိုက်သည်။အဒေါ်နှစ်ယောက်ကခေါင်းခေါက်သည်။ကလေးတွေကိုမထိန်းရကောင်းလားဟုဆိုကာသူမကိုပါအဆစ်ရိုက်လိုက်ကြသေးသည်။သူမကြိတ်၍ငိုခဲ့ရပါသည်။

သူမကံကောင်းတာတစ်ခုတော့ရှိပါသည်။အခြားမဟုတ်ပါ။ကျောင်းနေရခြင်းဖြစ်ပါသည်။ကျောင်းနေရဘို့အတွက်သူမ တိုက်ခိုက်ခဲ့ရသည်ဟုဆိုရပါမည်။မူလတန်း(လေးတန်း)အောင်တော့အဖွားကကျောင်းဆက်မထားတော့ဟုဆုံးဖြတ်ပါသည်။အဖေကလည်းအဖွားသဘောအတိုင်းသာဖြစ်ပါသည်။သူမကကျောင်းဆက်နေရဘို့အတွက်ငိုသည်။ထမင်းမစားပဲဆန္ဒပြသည်။သူမအနိုင်ရခဲ့ပါသည်။အလယ်တန်းကိုဆက်၍တက်ခွင့်ရခဲ့ရှာသည်။

သူမ​၏အလယ်တန်း၊အထက်တန်းကျောင်းသူဘဝသည်ချို့ချိုငဲ့ငဲ့နိုင်လှပါသည်။သူများတွေလိုကျော့ကျော့လေးကျောင်းတက်ခဲ့ရသည့်မဟုတ်ပါ။လှလှလေးကလေးမပြင်ဆင်နိုင်ခဲ့ပါ။ကြွကြွကလေးလည်းမဝတ်နိုင်ခဲ့ပါ။ကျောင်းမုန့်စားဆင်းချိန်သည်သူမကိုနှိပ်စက်သည့်အချိန်ဖြစ်​၏။ကျောင်းမုန့်စားတန်း(ဈေးတန်း) ကလေးက သူမနှင့်မရင်းနီးသောသူစိမ်းတွေသာဖြစ်ပါသည်။

မုန့်စားရဖို့မုန့်ဖိုးရှာဖူးသည်။သူငယ်ချင်းတစ်ယောက်နှင့်ဖြစ်ပါသည်။သူငယ်ချင်းကသူမကိုပြောသည်။

“”မင်း ကျောင်းမှာမုန့်စားဆင်းချိန်ဆို ဘယ်သွားလဲ။မုန့်သွားစားတာတစ်ခါမှမတွေ့ဘူး။မုန့်သွားမစားဘူးလား””

“”မစားဘူး””

“”ဘာလို့မစားတာလဲ””

“”ပိုက်ဆံမပါဘူး””

“”မင်းအဖေအမေကမပေးဘူးလား””

“”မပေးဘူး””

“”မပေးရင်ရှာပေါ့””

“”ဘယ်မှာသွားရှာမလဲ။ငါမရှာတတ်ဘူး”

“”မနက်ဖန်ကျောင်းပိတ်တယ်။ငါနဲ့လိုက်ခဲ့။ပိုက်ဆံရမယ်”

********************

ပိုက်ဆံရှာမည်ဟုသူငယ်ချင်းကပြောသဖြင့်သူမထွက်လာခဲ့ပါသည်။ဘာလုပ်ရမည်နည်း။သူမ မသိပါ။သူငယ်ချင်းကရပ်ကွက်တစ်ခုထဲကအဆောက်အဦဆောက်လုပ်နေသောဆိုဒ်တစ်ခုဆီသို့ခေါ်သွားပါသည်။ပြီးတော့ဘိလပ်မြေအိတ်ခွံတွေကိုလိုက်အကောက်ခိုင်းပါသည်။သူလည်းလိုက်ကောက်ပါသည်။ကျန်နေတတ်သေးသောဘိလပ်မြေမှုန့်များကိုခါထုတ်၍တစ်အိတ်ချင်းထပ်ရသည်။ဘိလပ်မြေအိတ်ခွံများကိုကောက်နေရင်းသူငယ်ချင်းကိုမေးရသည်။

“”ဒီ အိတ်ခွံတွေကိုဘာလုပ်မလဲ””
“”သွားရောင်းမှာပေါ့””

သူမအနည်ငယ်အံ့ဩစွာသူငယ်ချင်းကိုကြည့်သည်။

“”ရောင်းလို့ရလို့လား””

“”ရတာပေါ့။တစ်အိတ်ကိုတစ်ဆယ်ရတယ်။အိတ်ဆယ်လုံးငွေတစ်ရာ။ငါတို့မုန့်ဖိုးရပြီ””

“”အိတ်တွေကောက်တာကိုဘယ်သူမှမပြောဘူးလား””

“”ငါ့အဖေကဒီအလုပ်ဆိုဒ်ထဲကပန်းရံခေါင်းဆောင်””

ထိုနေ့ကသူမတို့နှစ်ယောက်ပိုက် ဆံသုံးရာရပါသည်။တစ်ယောက်တစ်ရာ့ငါးဆယ်ရသည်။မောင်လေးနှစ်ယောက်ကိုမုန့်ဖိုးခွဲပေးမည်။သူတို့လည်းပျော်နေကြမည်ကိုမြင်ရောင်သည်။သူမ ပျော်နေပါသည်။

ပိုက်ဆံတစ်ရာ့ငါးဆယ်ကိုကိုင်၍ပြန်လာသောသူမကိုအဖွားဖြစ်သူမြင်လေသည်။
“”ဟဲ့:::မိကြည်ပြာ::ဒီကိုလာခဲ့စမ်း””

အဖွားကခေါ်သည်။သူမအဖွားထံသွားရ​၏။အပြစ်တော့လုပ်မထား။သို့သော်သူမခေါင်းငုံ့ထားပါသည်။

“”လက်ထဲကဘာလဲ”

အဖွားကမေးသည်။သူမကပြန်မဖြေပါ။

“”ဟဲ့::မေးနေတယ်လေ။ဘာလို့ပြန်မပြောလဲ။လက်ထဲကဘာလဲပြစမ်း”

အဖွားကပြောပြောဆိုဆိုလက်ကိုအတင်းဆွဲ၍ကြည့်ပါသည်။ပိုက်ဆံကိုတွေ့တော့ဆွဲယူလိုက်ပါသည်။

“”ဒီပိုက်ဆံဘယ်ကရသလဲ။ခိုးလာတာလား။လာစမ်း::ဒီကောင်မ””
အဖွားကရိုက်တော့သည်။သူမ ငိုပါသည်။ရိုက်လို့နာသည်ထက်သူခိုးဟုအရိုးခံရသည်ကပိုနာသည်။သူမမျက်ရည်မသုတ်ပါ။နှပ်ညှစ်လိုက်ရာဘိလပ်မြေအတောင့်လိုက်ထွက်လာသည်ကိုတော့လက်နှင့်ဆုပ်လိုက်မိပါသည်။

“”ထွက်သွား::နှင့်မျက်နှာငါမကြည့်ချင်ဘူး””

သူမ အဖွားရှေ့ကထွက်လာခဲ့သည်။ပိုက်ဆံကတော့အဖွားကသိမ်းလိုက်​၏။မျက်နှာငယ်လေးများနှင့်သူမကိုကြည့်နေကြရှာသောမောင်လေးနှစ်ယောက်ကိုတော့ဝမ်းနည်းစွာမျက်နှာလွှဲလိုက်ပါသည်။

သူမထံမှသိမ်းယူလိုက်သောပိုက်ဆံကလေးတစ်ရာ့ငါးဆယ်ကိုအဖွားဘာလုပ်လိုက်သည်ထင်သနည်း။အဖွားနှစ်လုံးထီထိုးလိုက်ပါသည်။တစ်ရာ့ငါးဆယ်ဘိုးပေါက်လျှင်တစ်သောင်းနှစ်ထောင်ရမည်ဟုဆိုပါသည်။တစ်သောင်းနှစ်ထောင်ရလျှင်သူမကိုတစ်ရာ့ငါးဆယ်မုန့်ဖိုးပေးမည်ဟုလည်းပြောသေးသည်။သူမ မမေ့ပါ။သတိရပါသည်။

***************

အခုတော့သူမအသက်နှစ်ဆယ်ကျော်ပါပြီ။ကုမ္ပဏီတစ်ခုမှာလုပ် လုပ်နေပါသည်။အဖွားတို့နှင့်လည်းအတူမနေတော့ရုံမကတစ်နယ်စီဝေးခဲ့ပါပြီ။အဖေ့ကတော့အချိုးမပြောင်းသေး။အမေ့ကိုအနိုင်ကျင့်နေတုန်း။ရန်ရှာတုန်း။ရှာရသမျှငွေကိုမိသားစုအတွက်ထက်သူ့အမေနှင့်ညီမများအတွက်သာထောက်ပန့်နေတုန်း။အဖွားကရောပြောင်းလဲသွားသည်ဟုထင်ပါသလား။သူမအပေါ်မကောင်းမြင်တုန်း။နှလုံးထီထိုးလို့ကောင်းနေတုန်း။

သူမအဖေနှင့်အမေကိုသူမလုပ်ကျွေးသည်။သူမမောင်းလေးနှစ်ယောက်ကိုကျောင်းထားပေးသည်။သူမကြိုးစားသည်။သို့သော်သူမ​၏အဖေသည်သူမထံမှနည်းမျိုးစုံဖြင့်ပိုက်ဆံတောင်းကာသူ့အမေအတွက်၊သူ့ညီမများအတွက်ထောက်ပန့်လေသည်။သူမဟူသောသမီးတစ်ယောက်ကိုအဖေ့စိတ်ထဲရှိမှရှိပါလေစဟုသူမအခါခါသံသယဖြစ်မိပါသည်။အဖေ့မေတ္တာကိုသူမ ခံယူလိုပါသည်။အဖေ့ထံတွင်မေတ္တာစုန်ရေမရှိ။အဖေ့​၏မေတ္တာကိုခံစားနိုင်လောက်သောနှလုံးသားမရှိသူများဖြစ်လေရော့သလားဟုသူမကိုသူမထင်သည်။

သည်လိုပြဿာနာမျိုးကလူတိုင်းမှာဖြစ်တတ်ပါသလားဟုစဉ်းစားမိပါသည်။ဖြစ်နိုင်သော်လည်းဖြစ်နိုင်ချေနည်းနိုင်ပါ​၏။သူမမှာတော့သည်လိုပြဿာနာမျိုးနှင့်ရင်းနီးနေပြီဟုဆိုရပါမည်။

သူမ​၏ရင်၌ဖြစ်တည်နေသောစုန်ရေပြဿာနာသည်မည်သူဖြေ၍ပြေပါနိုင်။

မည်သူဖြေ၍ပြေပါနိုင်။

#ကိုဝင်းသိန်း(မူဆယ်)

(( 29_12_2022 ))