မယားအလိမ္မာ(စ/ဆုံး)
——————-
“မိချစ်တဲ့ တစ်ချစ်ပဲရှိတယ်
ဘယ်လိုမိချစ်လဲဆိုရင်
လင်ကအရမ်းချစ်တဲ့မိချစ်ပေါ့ရှင် အဟင်းဟင်း”
ထိုစကားသည် မိချစ်၏လက်သုံးစကား။
သူနေထိုင်ရာရပ်ကွက်တွင်သော်လည်းကောင်း
သူအဝတ်အငှားလျှော်နေကျအိမ်များတွင်သော်လည်းကောင်း ထိုစကားအားမကြားဖူးသူမရှိ။
ကွမ်းယာကိုဗျစ်ကနဲထွေးလိုက်ပြီးလျှင်
“ကိုထွန်းခင်ကလေ”ဟုအစချီလိုက်ပြီဆိုလျှင်ဘဲ
ကြားဖူးနေကျဓါတ်ပြားဟောင်းကြီးအား ဖွင့်တော့မည်ဟု
လူတွေကနားလည်သည်။
ကိုထွန်းခင်ဆိုသည်ကား
မိချစ်၏တစ်ဦးတည်းသောလင်ဖြစ်၏။
ချင်းတွင်းမြစ်အား ဟိုဖက်သည်ဖက်ကူးနေသော
စက်လှေများအားအငှားမောင်းခြင်း၊
ကမ်းနားဆိပ်တွင်ကုန်တင်ကုန်ချရှိသောအခါ
ကြားပေါက်အနေဖြင့်ကုန်ထမ်းခြင်းတို့ဖြင့်
မိချစ်နှင့်တကွ သားသမီး၄ယောက်နှင့်တစ်ဗိုက်အားသမားရိုးကျလုပ်ကျွေးနေသူဖြစ်သည်။
ထိုစဥ်ကချင်းတွင်းမြစ်ကူးတံတားမရှိသေး၍
ကုန်တင်ကုန်ချအလုပ်သည်တော်ရုံမိသားစုဝမ်းဝ
သည့်အလုပ်ဖြစ်သည်။
အင်းပေါ့လေ မိချစ်ဂုဏ်ယူမည်ဆိုလည်းယူချင်စရာ။
ကိုထွန်းခင်ကရသမျှအား
မိချစ်ကိုအကုန်အပ်သည်ဟုဆိုသည်။
သားသမီးတွေများသဖြင့်ငွေပိုမရှိသော်လည်း
သူတို့ဘဝနှင့်သူတို့တော့နေပျော်ကြဟန်ရှိသည်။
ထိုစဥ်ကတော့ ကိုထွန်းခင်ကအသောက်အစားလည်းမရှိ။လောင်းကစားလည်းမလုပ်သေးချေ။
မိချစ်ကတော့ချဲများလောင်းကစားများ
ဝါသနာပါသည်ဟုဆိုသည်။
“သိလား မမမြရဲ့ ကိုထွန်းခင်ကလေ
မိချစ်ကိုအခုလိုအဝတ်လည်လျှော်တာကြိုက်တာမဟုတ်ဘူး အဲ့လိုမပင်ပန်းစေချင်လို့
ရသမျှအကုန်အပ်တာ အိမ်မှာဘဲနေပါလို့ပြောတယ်
မိချစ်ကကိုယ်ဝါသနာပါတာလေးလုပ်ဖို့အခုလိုလိုက်လုပ်နေရတာ”
“ကိုထွန်းခင်ကလေ လူပျိုတုန်းကများဆို ထန်းရည်တောကပြန်တာမဟုတ်ဘူး ဖဲကရိုက်ချင်သေးတာ
မိချစ်နဲ့ရပြီးမှ မိချစ်ကိုချစ်ရင်ပြောင်းလဲပါလို့တစ်ခွန်းတည်းပြောလိုက်တယ် သူချက်ချင်းပြောင်းလဲသွားတာဘဲ”
“ကိုထွန်းခင်ကလေ မိချစ်ထမင်းဟင်းမချက်ရသေးလည်းအပြစ်မပြောဘူး အိမ်မှာကလေးတစ်ပြုံနဲ့ရှုပ်ပွနေတာ
မသန့်ရှင်းလည်းအပြစ်မဆိုရှာဘူး
မိချစ်ယောက်ျားကိုထွန်းခင်ကရမ်းကားတတ်သူမဟုတ်တော့လေ သူ့ဟာသူအေးအေးနေရှာတာ”
“၂အိမ်ကျော်ကမိဝေဝေတို့ကတော့လေ
သူ့ယောက်ျားသုံးဘီးကယ်ရီသွားဆွဲဖို့
မနက်ဆိုအမှီထမင်းဟင်းထချက်ရတယ်
သူ့လင်သွားပြီဆိုတာနဲ့အိမ်သန့်ရှင်းရေးတွေ
လုပ်နေတာ တစ်နေကုန်
လင်ကိုကြောက်ရဟန်တူပါရဲ့
ရွာထဲကိုစျေးဝယ်ကလွဲလို့ဆင်းတာမတွေ့ရဘူး”
“သမီးလေး၂ယောက်မွေးထားပြီး သူတို့အိမ်ကမိချစ်တို့လိုစိုပြေတဲ့ပုံမပေါ်ဘူးတော့် တိတ်ဆိတ်ခြောက်ကပ်လို့
မိဝေကလင်ကြောက်ရလို့ထင်ပါရဲ့
မိချစ်လိုတောင်စကားကျယ်ကျယ်မပြောရဲဘူး”
ထိုသို့လည်း တစ်ပါးသူများအားမသိမသာတစ်မျိုး သိသိသာသာတစ်မျိုး သူနှင့်ယှဥ်ကာနှိပ်ကွပ်တတ်သေးသည်။
သည်လိုနှင့် မိချစ်တို့၏၅ယောက်မြောက်သမီးလေး ၂နှစ်အရွယ်လောက်တွင် ချင်းတွင်းမြစ်ကူးတံတားကြီးဆောက်လုပ်ပြီးစီးသွားလေသည်။
ကုန်တင်ကားများ ခရီးသည်တင်ကားများမှာ
တံတားမှတိုက်ရိုက်ကူးကြသဖြင့်
ကမ်းနားဆိပ်မှကုန်တင်ကုန်ချအလုပ်မှာ
အရင်လောက်မဖြစ်ထွန်းတော့ပေ။
ဟိုဖက်ကမ်းသည်ဖက်ကမ်းကူးသည့်ခရီးသည်များ
ရှိသေးသဖြင့် စက်လှေမောင်းသည့်အလုပ်ကျန်နေသည်မှာ တော်သေးသည်ပြောရပေမည်။
ပြဿနာကထိုအချိန်တွင်စသည်။
အရင်လောက်အလုပ်မဖြစ်သဖြင့်စိတ်ညစ်သည်ဟုဆိုကာ
ကိုထွန်းခင်ကအသောက်အစားလေးရှိလာသည်။
လူပျိုကတုန်းကပိုးပြန်ထကာ
ကမ်းနားမှလူများနှင့်ဖဲဝိုင်းတတ်လာသည်။
အသောက်အစားဆိုသည်မှာလည်းယခင်ကလိုထန်းရည်သာမကတော့ဘဲ ချက်အရက်၊အရက်ဖြူများနှင့်ချိတ်ပိတ်အရက်များကိုပါသောက်တတ်လာသည်။
ထိုအခါတွင်မိချစ်တို့စကားကတစ်မျိုးပြောင်းသွားသည်။
“ကိုထွန်းခင်ကလေ သူ့ဟာသူစိတ်ဖြေဖျောက်ရာအနေနဲ့သာ သောက်တတ်လာတာ မူးလို့ဆိုပြီးရမ်းကားတတ်သူမဟုတ်ဘူး မူးလာရင်သူ့ဟာသူအေးအေးဆေးဆေးဝင်အိပ်နေတတ်တာ”ဟုဆိုသည်။
သို့သော် ကိုထွန်းခင်မှာမိချစ်စကားမဆုံးခင်
မူးမူးနှင့်ဖဲရို.က်ကြရာ ဖဲဝိုင်းတွင်ရန်ထဖြစ်၍
ကိုထွန်းခင်ကထင်းချောင်းဖြင့်ဦးအောင်ရိုက်.သဖြင့်
တစ်ဖက်လူမှာ၃ချက်ချုပ်ရသည်ဟုဆိုသည်။
ရပ်ကွက်ရုံးတွင်မိချစ်တို့ဒူးထောက်မတတ်တောင်းပန်၍
ဆေးဖိုးလျော်ခဲ့ရလေသည်။
မိချစ်၏လေကားမလျှော့သေးပေ။
“အို ကိုထွန်းခင်ကလေ သူ့ဟာသူဘယ်သူနဲ့
ရန်ဖြစ်ဖြစ် ဘယ်လောက်ပဲမူးမူး
အိမ်ကမယားကိုရန်ရှာတတ်သူမဟုတ်ဘူး
မိချစ်ကိုဆိုရင် မိချစ်အမှားလုပ်မိရင်တောင်
လေသံမာမာပြောတာမဟုတ်ဘူး”
မိချစ်ဆုတောင်းတို့ကားမပြည့်ခဲ့။
တစ်ခါက ကိုထွန်းခင်မူးမူးနှင့်ပြန်လာသည့်အချိန်တွင်
မိချစ်ချဲထိုးထားသည့် ဒိုင်မှမိချစ်အားချဲကြွေးတောင်းကာ ရန်ဖြစ်နေသည်ကိုတွေ့လေသည်။
ဒိုင်မှကိုထွန်းခင်အား နင့်မယားအကြွေးတွေကျေအောင်ဆပ်ရင်ဆပ် မဆပ်ရင်နင်ပါအရှက်ကွဲမယ် အိမ်ပါသိမ်းမယ်
စသဖြင့် ရန်ထောင်သွားလေသည်။ဒိုင်ပြန်သွားသော် မိချစ်က “ကိုထွန်းခင်ထမင်းစားတော့မလား”ဟု မျက်နှာချိုသွေးကာပြောလေရာ
“ဒီလောက်ဖြစ်နေတာ ထမင်းစားဖို့ပြောနေသေးတယ် ကိုင်းဟာ”ဟုဆိုကာ မိချစ်ကိုရို.က်နှက်သည်မှာ မိချစ်တစ်ယောက်မျက်နှာတစ်ခြမ်းပင်ယောင်သည်ဟုဆိုကြသည်။
ထိုအချိန်ထိလည်းမိချစ်တစ်ယောက်အပြောမလျှော့နိုင်သေးပေ။
“ဘယ်လောက်ပဲသောက်စား မူးရူးနေပါစေဦးတော့ မိသားစုကိုလုပ်ကျွေးတာတော့မပျက်ရှာဘူး”ဟု ဂရုဏာသံလေးနှင့်ပြောသည်။
သည်လိုနှင့်ကိုထွန်းခင်အလုပ်မလုပ်နိုင်သည့်အချိန်သို့ရောက်လာတော့သည်။သူသောက်ခဲ့သည့် အရက်ကြမ်းများ၏ဒဏ်လား၊အလုပ်ပင်ပန်းခဲ့သည့်ဒဏ်လား၊နှစ်ခုလုံးကြောင့်ပင်လား သူမတွေးနိုင်။အိပ်ရာပေါ် ဗိုက်ပူလေးနှင့်ပက်လက်ကလေးသာမြင်ရတော့သည်။ပိန်လိုက်သည်ဆိုသည်မှာလည်း အရိုးပေါ်အရေသာကျန်၏။
ဗိုက်တစ်ခုသာဖောင်းကားနေသည်။
အိမ်ပင့်လိုက်ကုသည့်သားဖွားဆရာမကြီးက
အသည်းခြောက်ရေဖျင်းဟုပြောကာ
ဆေးရုံသွားခိုင်းသော်လည်းမသွားနိုင်ရှာပေ။
ကိုထွန်းခင်ကိုယ်တိုင်ကလည်း မိချစ်အားမာန်မဲကာ
ဆေးရုံမပို့ဖို့ပြောသည်ဟုဆို၏။
ကိုထွန်းခင်အလုပ်မလုပ်နိုင်တော့သည့်အချိန်တွင်
သားကြီးသမီးကြီးများကိုဟိုဆိုင်သည်ဆိုင်သို့စားပွဲထိုး၊
စျေးရောင်းကူ ပို့၍သော်လည်းကောင်း၊
မိချစ်အဝတ်လျှော်၍သော်လည်းကောင်း
စားဝတ်နေရေးဖြေရှင်းနေနိုင်သေးသဖြင့်တော်သေးသည်။
ဤသို့ဖြင့်ကိုထွန်းခင်တစ်ယောက် အိပ်ရာပေါ်ပက်လက်ဘဝမှကံကုန်၍ဘဝကူးလေပြီ။
၇ရက်လည်သည့်နေ့တွင်
တရားနာလာသောပရိတ်သတ်များအား
မိချစ်တစ်ယောက် အဆိုအငိုအပြောလေးတွေနှင့်
ဧည့်ခံနေသည်ကိုတွေ့ရသည်။
“ကိုထွန်းခင်ကလေ သူလုပ်နိုင်တုန်းကဆို
အလုပ်ဆင်းတစ်ရက်မပျက်ဘဲမိချစ်တို့မိသားစုကို
လုပ်ကျွေးခဲ့ရှာတာ ပြီးတော့အသောက်အစားလေးဖက်လာလို့ မူးရူးရမ်းကားနေပေမဲ့လည်းမိချစ်အပေါ်ဘယ်တုန်းကမှ ဖောက်လွဲဖောက်ပြန်မရှိခဲ့ရှာဘူး
ကျန်တာတွေမကောင်းရင်သာနေမယ်
သစ္စာရှိတဲ့ကိုထွန်းခင်ရယ်ပါ”
“အခုလည်း မကျန်းမာတဲ့ဘဝနဲ့တောင်ကြာကြာ
နေမသွားရှာဘူး မိချစ်ပင်ပန်းမှာစိုးလို့ထင်ပါရဲ့
သြော် မယားကိုချစ်တတ်သူကြီးရဲ့”ဟု
မျက်ရည်လေးတစမ်းစမ်းနှင့်ပြောနေသည်မှာ
စိတ်မကောင်းဖွယ်ဖြစ်သော်လည်း တရားနာလာသည့်ပရိတ်သတ်များမှာမသိမသာလေးခိုးပြုံးကြလေတော့သတည်း။
*** *** ***
ခြူး