မောင်ခြိမ့်
ချမ်းလိုက် အေးလိုက်သည်မှာ ပြောပင် မပြောချင်တော့။ အောက်မှာခင်းထားသော ဂုန်နီအိတ်သည် ရေခဲတုံးဖြစ်တော့မည်လား မဆိုနိုင်။ အဖေ့ပုဆိုးဟောင်းကလေးကို သုံးမြှောင့်ပုံဖြစ်အောင်ခေါက်ပြီး ခေါင်းမှသိုင်း၍ နားရွက်လုံအောင်ဖုံးကာ မေးအောက်တွင် တင်းတင်းချည်ထားသည့်တိုင် သွားချင်းရိုက်အောင် ချမ်းလှတော့သည်။
မြစ်ပြင်ကြီးနှင့်ဆုံရာ သရွတ်မြိုက်ချောင်းကလေးအဝတွင် နှင်းတို့က ပိန်းပိတ်စွာ ကျဆင်းလျက် ရှိသည်။ လှေဦးကလူသည် လှေပဲ့ကလူကို မမြင်နိုင်အောင် နှင်းတံတိုင်းကြီး ကာဆီးနေတော့၏။
လှေပဲ့တွင်ပါလာသော ညီမဖြစ်သူ မြမှုံတစ်ယောက်ကတော့ ဘာဘူစောင်ကလေး ကိုယ်တွင်ပတ်၍ အအေးဒဏ်ကို အန်တုနေပုံရလေသည်။
ကောင်းကင်မှ ဝေ့ဝဲကျဆင်းလာသော နှင်းငွေ့နှင်းစက်များနှင့် ရေပြင်မှ ဝေ့ဝိုက်လွင့်ပျံ၍ တက်လာသော ရေခိုး၊ မြူတိမ်များ ပေါင်းစပ်၍ မြစ်ပြင်တစ်ခုလုံးကို အဖြူရောင်နှင်းတိုက်ကြီးနှင့် ဖိထား၊ ဖုံးထားသည် ထင်ရတော့သည်။
လှမှုံတို့ ရွာကထွက်လာတော့ ရွာဦးကျောင်းက အုန်းမောင်းပင် မခေါက်သေး။ သည်ကနေ့ကျမှ ဘယ်သူမှ မနှိုးရဘဲ ထူးခြားစွာ နိုးထကာ ‘ဈေးကောက်’ သွားရန် ပြင်ဆင်နေသော လှမှုံကို အမေက အံ့ဩစွာကြည့်ရင်း
“ညည်းနှယ်အေ … မစောလွန်းဘူးလား။ ခုအချိန် မြှုံးသမား၊ ဘဝန်းသမား၊ တန်းသမားတွေ ဘယ်သူမှ လာမှာမဟုတ်သေးပါဘူး”
ဟု မြည်တွန်နေဆဲမှာပင် …
နီကြင်ကြင် ဒီဇယ်မီးခွက်အလင်းရောင်တွင် သနပ်ခါးစက်များ ပေပွနေသော သစ်သားပေါင်ထဲမှာ တစ်ဝက်ခန့်သာ ကျန်တော့သည့် မှန်အပဲ့ကလေးတွင် မမြင် မြင်အောင် ကြိုးစားကြည့်ရင်း ပါးကွက်ထူထူကွက်နေသော လှမှုံက-
“အို … အမေကလဲ သည်ကနေ့ သရွတ်မြိုက်ချောင်းဘက်မှာ ချုံတွေဖော်မတဲ့တော့။ သူများထက်ဦးအောင်သွားမှ ကုန်များများရမှာ”
ဟု ပြန်ပြောရင်း အမေ့ကို တစ်ချက်ခိုး၍ ကြည့်သည်။
တကယ်တော့ လှမှုံတစ်ယောက် တစ်ညလုံး တစ်မှေးမှ အိပ်ပျော်ခဲ့သည် မဟုတ်။ ဒိန်းတလိန်းနတ် ဖမ်းစားခြင်းခံရသော အပျိုမ၏ မျက်ဝန်းပေါ်တွင် အိပ်စက်ခြင်းလိပ်ပြာကလေး ခိုနားခြင်းမပြုနိုင်ခဲ့သည်မှာ ညပေါင်းများစွာ လွန်မြောက်ခဲ့ပြီ။
ညကလည်း တစ်ညလုံး သောင်ပြင်ပေါ် ဆယ်တ တင်ခြင်းခံရသော ငါးကဲ့သို့ အသက်ရှူမဝ၊ မောဟိုက်ပင်ပန်းနေခဲ့၏။ ဖျပ်ဖျပ်လူးမတတ် ခံစားနေခဲ့ရ၏။
အိပ်၍မပျော်ခြင်းနှင့် စိုးရိမ်ခြင်းတို့ ပေါင်းစပ်ကာ တစ်ညလုံး အတွေးရေယဉ်ကြော၌ စိတ်ကူးယဉ်လှေကလေးကို စီးကာ မျောပါနေခဲ့၏။
သူတကာတွေ သုံးနှစ်သုံးမိုးမက သမီးရည်းစားဘဝတွင် တစ်ဦးကိုတစ်ဦး အကဲခတ်ကြ၊ လေ့လာကြ၊ အခြေခိုင်အောင် စုဆောင်းကြနှင့် အချိန်ယူစီစဉ်နိုင်ကြသော်လည်း မိမိတို့နှစ်ဦးသားမှာတော့ ချစ်သက်တမ်းကလေး တစ်ဆောင်းမကုန်မီမှာပင် ကျူရိုးနှင့် တိုင်ထူသော တဲကလေးနှယ် ကံကြမ္မာလေပြင်းကြောင့် မြေပေါ် ဝယ် ဝပ်စင်းပြိုကျရတော့မည့်ကိန်း ဆိုက်ခဲ့ရပြီ။
သောင်ပြင်ပေါ်မှာရေးသော ချစ်အက္ခရာနှယ် ရေအတက်ဝယ် ကျေပျက်ရတော့မည်။
တစ်သက်လုံး ငါးစိမ်းသည်လုပ် အသက်မွေးလာခဲ့သော အမေသည် ငါးတွေ၊ ပုစွန်တွေ လတ်ဆတ်နေတုန်း၊ တဖျပ်ဖျပ်ခုန်နေတုန်း ဈေးကောင်းရရန် ချိန်ခွင်ပေါ် အမြန်တင်ချင်သကဲ့သို့ လှမှုံအသက် တစ်ဆယ့်ရှစ်နှစ်ပြည့်ခါစမှာပင် ငါးဒိုင်သူဌေး၏ တူတော်သူနှင့် ဘေးတီးစကား ပြောလာချေပြီ။
“ငါ့သမီးလေး ငယ်ပါသေးတယ်ကွာ”
ဟု စကားစရုံရှိသေး၊ ပြင်းထန်သော အမေ၏ မျက်စောင်းဒဏ်အောက်တွင် အဖေ၏ ဆက်ရန်စကားလုံးတို့လည်း ကွယ်ပျောက်ခဲ့ရလေပြီ။
အသက် တစ်ဆယ့်သုံးနှစ်သမီးကတည်းက အမေနှင့် ဒိုးတူပေါင်ဖက် လှေပဲ့မှ လှော်ကာ ချောင်းတကာ့ချောင်း၊ မြောင်းတကာ့ မြောင်း၊ မြစ်တကာ့ မြစ် နှံ့အောင် ငါးကောက်၊ ပုစွန်ကောက်၍ မြို့ကလေး၏ ဈေးတွင် ရောင်းချလာခဲ့သော လှမှုံသည် အမေ၏ စိတ်နေသဘောထားကို ပို၍ သိနေတော့၏။
နယ်မြို့ကလေးမှနေ၍ ရန်ကုန်သို့ ငါး၊ ပုစွန် တင်ပို့နေသော ငါးဒိုင်မှာ ပုစွန်တုပ်ကြီးများ၊ ငါးဖယ်ခုံးကြီးများ၊ ငါးမြွေထိုးများ သွား၍ရောင်းတိုင်း အမေ့ကို အရေးပေးဆက်ဆံတတ်သော၊ လှမှုံကို ပြီတီတီလုပ်တတ်သော၊ လက်ကိုင်လား ကိုင်ရဲ့၊ ကျောသပ်ရဲ့လား သပ်ရဲ့နှင့် လက်သရမ်းတတ်သော၊ ငါးဒိုင်သူဌေး၏ တူတော်သူ ညိုတုတ်ကို အမေက သဘောတွေ့နေပုံရလေသည်။
ရံဖန်ရံခါ ညိုတုတ်ထံမှ ငွေကြေးချေးငှားသုံးစွဲတတ်သည်ကိုလည်း ရိပ်မိလေသည်။
“မိဘဆိုတာ သားသမီးကို ဆင်စီးမြင်းရံတာပဲ မြင်ချင်တာအေ့။ ဆင်နင်းမြင်းကန်တာတော့ ဘယ်မိဘမှ မမြင်ချင်ဘူး။ ညည်း ဒီလိုပဲနေရင် တစ်နေ့ တံငါနဲ့ရမလား၊ ဘဝင်းသမားနဲ့ရမလား၊ ချုံသမားနဲ့ ရမလား၊ ငါ့မှာ ပူနေရတာ။
ညိုတုတ်ဆိုရင် သူဌေးတူလည်းဖြစ်၊ ကုန်ချိန်တာ၊ စျေးဖြတ်တာ၊ ရန်ကုန်သင်္ဘောတင်တာ အားလုံး သူ့ခြေ သူ့လက် လုပ်နေတဲ့သူအေ့။ ညည်းတစ်သက် ဘယ်တော့မှ မဆင်းရဲဘူး။ ဘဝင်းသမား ချုံသမားယူလို့ကတော့ ညည်း ရေထဲကတက်ရမှာမဟုတ်ဘူး။ ငါ စီစဉ်တာ မငြင်းနဲ့ … ဒါပဲ”
ဇွတ်အတင်းစီမံနေသော အမေ၏ စကားသံများကို ကြားယောင်ရင်း စိတ်က သရွတ်မြိုက်ချောင်းဝဆီသို့ လိပ်ပြာကလေးတစ်ကောင်ပမာ ဝဲကာပျံကာ ရောက်သွားနေသည်။
“ကိုစံဖေရေ … သည်ကနေ့တော့ လွဲလို့မဖြစ်ဘူးနော်။ ရှင် ဆက်ဆက်လာမှ ဖြစ်မယ်။ သည်တစ်ခါလွဲရင်တော့ တော်နဲ့ကျုပ် ပေါင်းရဖို့ လမ်းမမြင်တော့ဘူး”
ဟုလည်း ရင်ထဲမှာ ကျိတ်၍ ဆွေးနေပြန်သေး၏။
ချိန်ခွင်၊ အလေး၊ လင်ပန်း၊ တောင်း စသည့် ငါး၊ ပုစွန် ချိန်တွယ်ထည့်ရန် ပစ္စည်းများ လှေကလေးပေါ်တင်၍ လှေအတွင်းမှ ရေများကို တဖျန်းဖျန်းပက်ထုတ်နေစဉ်မှာပင် ညီမဖြစ်သူ မြမှုံ ရှုံ့ကာ မဲ့ကာ လှေထဲသို့ ဆင်း၍လာသည်။
အသက်တစ်ဆယ့်သုံးနှစ် အရွယ်ပေမို့ အအိပ်မက်၊ အစားမက်၊ ကစားမက်တုန်းဖြစ်၍ နံနက်စောစောကြီး အိပ်ရာက ထလာခဲ့ရသဖြင့် မကြည်လင်ပေ။ အမေဖြစ်သူက သူနေမကောင်းဖြစ်တုန်း လှမှုံကို စိတ်မချသဖြင့် လှမှုံအတွက် အဖော်ရအောင် အတင်းနှိုး၍ လွှတ်လိုက်ခြင်းဖြစ်၏။ တစ်နည်းအားဖြင့် လှမှုံကို မယုံသဖြင့် အထောက်တော် ထည့်လိုက် ခြင်းဖြစ်၏။
လှမှုံတို့ ဈေးကောက်လှေကလေး ဇုက္ကနိချောင်းကလေးအတွင်းက ထွက်လာချိန်မှာ ရွာဦးကျောင်းက အုန်းမောင်းတောင် မခေါက်သေး။ နှင်းတို့က တဖွဲဖွဲ ကြွေဆင်းကာ ရပ်ရှစ်ခွင်တိုင်းတစ်ခုလုံး မှိုင်းညို့ဆိုင်းဆို့နေတုန်း ဖြစ်၏။
xxx xxx xxx
ခါးတောင်းကို မြှောင်အောင်ကျိုက်ထားသော စံဖေသည် လှေနံဘေးမှလွှဲ၍ ခြေနှစ်ချောင်းကို ရေထဲသို့ချလိုက်သည်။
“အံမယ်လေးဗျ … အေးလိုက်တာ”
ဟု အော်ရင်း ရေထဲမှခြေကို ပြန်၍တင်လိုက်သည်။
လှေပဲ့မှ ကိုအောင်ရှိန်းက တဟားဟား အော်၍ ရယ်ရင်း
“ဒီလောက် ချမ်းတတ်ရင် ရွာထဲက ဘွားသောင်းကြီးလို လျှော်ရိုးတွေ မီးထည့်ပြီး လှုံနေပါလားကွ။ တံငါလုပ်စားမနေနဲ့။ ပြီးတော့ မိန်းမခိုးဖို့လည်း ကြံမနေနဲ့ဟေ့”
ဟု လှမ်းပြောကာ အချမ်းပြေအောင် ဝါစိမ်းနီ တံဆိပ် ဆေးပေါ့လိပ်ကို အစီခံနားရောက်အောင် ဆက်တိုက်ဖွာပြီး ချောင်းရေထဲသို့ လက်နှင့်တောက်ထုတ်လိုက်သည်။
သရွတ်မြိုက်ချောင်းအတွင်း ရေကျစပြုနေပြီ။ ချုံကို ခပ်မြန်မြန်ပိတ်၍ ဝါးယင်းချပ်တွေ ကာမှ ဖြစ်တော့မည်။
စံဖေ၏ ချုံက မည်ကာမတ္တချုံ မဟုတ်။ အလျားအတောင်သုံးဆယ်၊ အနံရှစ်တောင်ခန့်ရှိသော ချုံလျားရှည်ကြီးဖြစ်၏။ သရွတ်မြိုက်ချောင်းအတွင်းဘက် ရေနေ ကမ်းနေကောင်းသော ညောင်မုတ်ဆိတ်ပင်ကြီးအောက်တွင် ရှိသည်။
လမု၊ လမဲ့၊ မန်ကျည်း၊ ပျဉ်းမ ကိုင်းများ နင်းသိပ်၍
ချထားကာ ရေတက်ဦးတိုင်း ဖွဲနုအစာလုံးများ ပက်ကြဲထားပြီး သူတို့အခေါ် နှစ်ရေမျှကြာအောင် မွေးထားသည်ဖြစ်၍ ယခုအချိန်ဖော်လျှင် ငါးပတ်၊ ငါးဖယ်၊ ငါးနုသန်း၊ ငါးဖယ်အောင်း၊ ငါးရံ့နှင့် ပုစွန် တုပ်များပါ အချိန်နှစ်ဆယ်၊ အစိတ် အနည်းဆုံး ရပေလိမ့်မည်။
ကောင်းကင်၌ တစ်မှုန်ချင်းစုစည်းလာသော နှင်းမှုန်ငွေရည်စက်တို့ ညောင်ရွက်ပေါ်တွင် ရေစက်၊ ရေပေါက်များအဖြစ် ကြီးမားလာကာ စံဖေနှင့် ကိုအောင်ရှိန်းတို့အပေါ်သို့ တစ်ပေါက်ပေါက် ကျဆင်းလျက်ရှိသည်။
ဝါတာတာ နီရဲရဲ ညောင်သီးမှည့်ကလေးများသည်လည်း နှင်းစက်တို့နှင့်အတူ လိုက်ပါလာကာ တဖွဲဖွဲ၊ တဖျောက်ဖျောက်နှင့် ရေပြင်ပေါ်သို့ ခုန်ဆင်းလာကြကာ ဟိုးမြစ်မကြီးဘက်ဆီ မျောပါလျက်ရှိသည်။
နှင်းတို့သည် နွားခြံတွင်း ခြင်မီးခိုးများ ထည့်ထားသလို ချောင်းရိုးကလေးတစ်လျှောက် အပြည့်အသိပ် ကျဆင်းဖုံးလွှမ်းထားသဖြင့် နတ်တော်လသည် အလွန်ပင် အေးလှ ချမ်းလှလေတော့သည်။
ထို့ကြောင့်ပင် ဖြစ်သည်၊ ရှေးလူကြီးများ ဆိုရိုးစကားတစ်ခု ထားခဲ့ကြ၏။ နတ်တော်၊ ပြာသိုလများတွင် ကျွဲချိုဖျားများပင် တဆတ်ဆတ်တုန်အောင် ချမ်းသတဲ့။
ပြောမည်သာ ပြောရ၏။ တကယ်တမ်းကျတော့ ချမ်းသည်၊ အေးသည်ကို အဘယ်မှာလျှင် အလေးထားနိုင်ပါမည်နည်း။ ချောင်းကလေးအတွင်း ရေထက်ဝက်ခန့်ကျချိန်မှစ၍ ဝါးရင်းတွေ ပတ်၍ ကာရပြီ။ ချုံထဲက ကိုင်းတွေ ကမ်းစပ်ကို ပစ်တင်ကြရပြီ။
ပြီးလျှင် ချုံထဲက ငါး၊ ပုစွန်တွေကို ကွန်ဖြင့်ပစ်၍ လည်းကောင်း၊ ဒိုင်းဝန်းဖြင့် ကော်၍ ခပ်၍ လည်းကောင်း ဖမ်းရသည်နှင့်ပင် စံဖေနှင့် ကိုအောင်ရှိန်းတို့နှစ်ယောက် ရေစိမ်ရင်း ချွေးပြန်နေကြပြီ။
“ရေပေါ်ငါး ပုစွန်တွေ ကုန်ပါပြီဗျာ။ ဝါးဘူးတွေ ဖော်ကြရအောင်”
စံဖေက ပြောသည်။
ဟုတ်သည်။ ချုံအတွင်းရှိ ငါး၊ ပုစွန်တွေ လှေဝမ်းထဲတွင် တဖျပ်ဖျပ်ခုန်ပျံနေပြီ။ ယခုတော့ ချုံအောက်ခြေနွံထဲတွင် တစ်ဝက်ခန့်နင်း၍ မြှုပ်ထားသော ဝါးဘူးတွေ ဖော်ရတော့မည်။
မကြာမီ ရေကျခြင်းရပ်တန့်၍ ရေငြိမ်တော့မည်။
ရေငြိမ် ရေအီ၍မှ မကြာခင် ရေဦးပြန်လည်ကာ ရေပြန်တက်တော့မည်။
လူကသာ ရေထဲတွင်ရှိနေသော်လည်း စိတ်ကတော့ သရွတ်မြိုက်ချောင်းဝကို ရောက်နေမိပြီ။ သည်ကနေ့နံနက် လှမှုံနှင့် သေသေချာချာ ချိန်းထားသည် မဟုတ်လား။
ချုံ၏အောက်ခြေ ရွှံ့နွံထဲတွင် မြှုပ်ထားသော ဝါးဘူးများကို ငုပ်၍ငုပ်၍ဖော်ပြီး ပါလာသော ငါးမြွေထိုး၊ ငါးမြွေကြား၊ ငါးခြောက်ဖားများကို လှေဝမ်းထဲသို့ သွန်၍သွန်၍ ချနေသည်။
လုံးပတ် သုံးထွာခန့်ရှိ ဝါးဘိုးဝါးကြီးများကို လူတစ်ရပ်ခန့်ဖြတ်၊ အဆစ်တွေထုတ် ပြီး အတွင်းသို့ လမု၊ ညောင်စသည့် ကိုင်းဖျားများထိုးထည့်ထား ကာ ချုံအောက်ခြေနွံထဲသို့ တစ်ဝက်ခန့် အလျားလိုက် မြှုပ်ထားသဖြင့် နုန်းတိုးသတ္တဝါများဖြစ်ကြသော ငါးမြွေထိုး၊ ငါးမြွေကြား၊ ငါးခြောက်ဖား စသည့်ငါးများ ပျော်မြူးစွာ ခိုအောင်းလေ့ရှိရာ ချုံဖော်သည့်အခါ အဝနှစ်ဖက်ကို ကောက်ရိုးများနှင့်ဆို့ပြီး ရေ အောက်မှ ဆယ်တင်ကာ လှေပေါ် သွန်ချရလေသည်။
ယခုလည်း ဝါးဘူးဖော်သည့် ငါးများပင် လေးပိဿာမကရ ထားသဖြင့် စံဖေအလွန်ပျော်မြူးလျက်ရှိတော့သည်။ ငါးမြွေထိုးကလည်း ဈေးကောင်းရသည် မဟုတ်လား။
စံဖေသည် မိခင်မုဆိုးမကြီးနှင့် အတူနေကာ အလုပ်ကို ခါးချိုး၍ လုပ်တတ်၏။ အသောက်အစား အပျော်အပါးမရှိ။ လောင်းကစားကို စိတ်မဝင်စား။
လှမှုံနှင့် လက်ထပ်ဖို့ ရည်စူးပြီးသည့်အချိန်မှစ၍ အလုပ်ကို ယခင်ကထက် နှစ်ဆကြိုးစား၍ ရသမျှကို ကျစ်ကျစ်ပါအောင် စုဆောင်းလေသည်။
ယနေ့လည်း လှမှုံနှင့် ဘဝသစ်တစ်ခု ထူထောင်ရန် ချိန်းဆိုထားပြီးခါမှ ချုံဖော်ရန်ရက်ကလည်း စေ့ပြီ။ အိမ်ထောင်ဦးစီးမှာ ငွေကလည်း လိုမှာ အမှန်ဖြစ်သဖြင့် ငွေပိုငွေလျှံကလေးလည်း ရစေရန် ရည်ရွယ်ချက်ဖြင့် ကိုအောင်ရှိန်းကို လူကူခေါ်ပြီး သန်းခေါင်မတိုင်ခင်ကတည်းက ချုံဖော်နေကြခြင်း ဖြစ်တော့၏။
သူ၏ချုံတွင် ဝါးဘူးတွေ ဆယ်ဘူးချထားသည်ဖြစ်၍ ယနေ့အဖို့ တွက်ခြေကိုက်နေပြီ။
လောဘဇောကပ်၍ ရေထဲငုပ်လိုက်၊ ဝါးဘူးများဖော်လိုက် လုပ်လာခဲ့သည်မှာ ရေကျခြင်းရပ်တန့်၍ ရေအီလာချေပြီ။
“ဟေ့ကောင် စံဖေ … ရေဦး ပြန်လည်တော့မယ်ကွ … တက်တော့။ ယင်းချပ်တွေလည်း ဖြုတ်ရဦးမယ်လေ … တော်ကြာ”
ပြောလက်စ စကားများကိုရပ်၍ ချုံပတ်လည်ကာထားသော ယင်းချပ်များကို လှေပေါ်မှပင် နဲ့၍နဲ့၍ ဖြုတ်လျက်ရှိသည်။
ယင်းချပ် တစ်ချပ်နှင့် တစ်ချပ်ကို စေ့စေ့စပ်စပ်ရှိပြီး ငါး၊ ပုစွန်တို့ တိုးမထွက်နိုင်စေရန် ဝါးကနော်တံကို သုံး၍လည်းကောင်း၊ နှီးများဖြင့် ချည်၍လည်းကောင်း တွယ်ဆက်ထားလေရာ ကိုအောင်ရှိန်းတစ်ယောက်တည်း လှေပေါ်မှ နုတ်၍ မရနိုင်။ စံဖေက ရေထဲငုပ်၍ ဖြုတ်ပေးနေရသေး၏။
သရွတ်မြိုက်ချောင်းများဘက်ဆီသို့ မြစ်မကြီးဆီမှ တက်ရေများ တအိအိ တိုး၍ တိုး၍ ဝင်လာနေပြီ။ ဗေဒါပင်များ၊ ဒိုက်များ၊ မှော်များ၊ ကန်စွန်းနွယ်ရုံများပါ တစုတရုံးကြီး ရေတက်နှင့်အတူ တိုးဝင်နေပြီ။
ထိုအခိုက်မှာ ခပ်ဝေးဝေးဘုန်းကြီးကျောင်းဆီမှ အုန်းမောင်းခေါက်သံများ ကြားနေရပြီ။
xxx xxx xxx
အလျားတစ်ဆယ့်သုံးတောင် ဝမ်းအကျယ်နှစ်ထောင့်တစ်ထွာခန့်ရှိသော တောင်ပိန်းသားကို စပ်ထားသည့် စံဖေတို့ ခတ်လှေကလေးသည် တရွေ့ရွေ့ဖြင့် ချောင်းဝဘက်သို့ ခတ်လာခဲ့ကြပြီ။ ချောင်းဝဆီမှ အုပ်လိုက်ဖွဲ့ကာ မျောလာကြသော ဗေဒါပင်များ၊ ဒိုက်ပုံများကြောင့် ခရီးမတွင်လှ။
ကိုအောင်ရှိန်းက ပဲ့မှခတ်နေပြီး စံဖေကတော့ လှေဦးတွင် ပက်လက်လှန်၍ အမောဖြေရင်း လိုက်ပါလာခဲ့သည်။
တစ်ချိန်လုံး ရေထဲမှာ ငုပ်လိုက်ပေါ်လိုက်နှင့် စံဖေ အတော်မောခဲ့လေသည်။ သို့သော် ချောင်းဝတွင် စောင့်မျှော်နေမည့် လှမှုံ၏ မျက်နှာကလေးကို မြင်ယောင်ရင်း သူ့မျက်နှာ ပြုံးဖြဲဖြဲကြီး ဖြစ်နေသည်ကို မှောင်ထဲမှာမို့ ကိုအောင်ရှိန်း မမြင်နိုင်ပါ။
မြို့ကလေးဘက်သို့ ခတ်လှေများ လက်လှော်လှေများဖြင့် လှော်ခတ်လာကြသော ဘဝင်းသမား၊ ချုံသမား၊ မြှုံးထောင်သမား၊ ကွန်သမားများ တစ်စင်းပြီးတစ်စင်း လှမှုံတို့ ဈေးကောက်လှေကလေးကို ကျော်ဖြတ်၍ သွားနေကြပြီ။
တချို့က မြို့ကလေးအထိ သွား၍ ရောင်းချရန်၊ တချို့ကတော့ ခရီးလှမ်းသေးသည့် မြို့ကလေးဆီသို့ မသွားချင်၊ လမ်းတွင် တွေ့ရတတ်သည့် ဈေးကောက်လှေများတွင် ပေါက်ဈေးထက် အနည်းငယ်လျှော့၍ ရောင်းချကာ မိမိတို့ရွာကလေးများဆီ ပြန်ကာ အနားယူချင်နေကြပြီ။
“အစ်မ … ဘာစောင့်နေတာလဲဟ။ အခုထက်ထိ ငါး၊ ပုစွန် တစ်ကောင်မှလည်း မဝယ်သေးဘူး။ ငါးလှေတွေတောင် တော်တော်လွတ်ကုန်ပြီ”
လှေပဲ့မှ ပါလာသော ညီမဖြစ်သူက သတိပေးသော်လည်း လှမှုံက မလှုပ်။ တကယ်တော့ ယနေ့နံနက် လှမှုံ သရွတ်မြိုက်ချောင်းဝတွင် လာစောင့်နေသည်မှာ ဈေးကောက်ရန်မဟုတ်။ စံဖေကို စောင့်နေခြင်းသာ ဖြစ်၏။
“ကိုစံဖေကလဲနော် … သေသေချာချာ ချိန်းထားပါရက်နဲ့ အခုထက်ထိလဲ ပေါ်မလာသေးဘူး”
တစ်ကိုယ်တည်း တီးတိုးရေရွတ်ကာ စံဖေလာမည့် ချောင်းဝဘက်ဆီသို့သာ ငေးလျက်ရှိသည်။
အရှေ့ဘက် မြစ်ပြင်တစ်ကြောတွင် ရောင်နီကလေးများ စို့၍ စို့၍ လာနေပြီ။ မြစ်ချောင်းတို့ ထုံးစံ ရေငွေ့မြူမှုန်တို့ ကာဆီးနေ၍သာ လင်းရိပ်မလာနိုင်သေးခြင်း ဖြစ်သည်။
အကယ်၍သာ စံဖေတစ်ယောက် ရောက်မလာပါက ဘယ်လိုလုပ်မလဲဟု တွေးရင်း လှမှုံ၏ရင်ထဲမှာ အပူလုံးကြီးဆို့၍ နေသဖြင့် ညီမဖြစ်သူကို စကားမပြန်နိုင်။
ဈေးကောက်ရန် အမေ ထုတ်ပေးထားသော ပိုက်ဆံအိတ်ကို ခေါင်းအုံးပေါ်တွင် ထားရစ်ခဲ့သည်ကို မိုးလင်းလျှင် အမေ တွေ့လိမ့်မည်။ အင်္ကျီ၊ လုံချည် ခပ်လတ်လတ်ကလေးများထဲမှ သုံးထည်စီ ထပ်၍ ဝတ်လာခဲ့တာလည်း အမေသိလိမ့်မည်။ အိမ်ကိုပြန်၍ ဘယ်လိုမျက်နှာ ပြရပါမည်နည်း။
လှမှုံ သက်ပြင်းတစ်ချက်ကိုချရင်း ချောင်းဝဘက်ဆီသို့ မျှော်လင့်ခြင်းများစွာဖြင့် ကြည့်လိုက်သည်။
ဟော … တွေ့နေရပြီ။ ရေပန်းကလေးတွေ ဖြာထွက်လာအောင် အားစိုက်၍ ခတ်လာသော လှေကလေးတစ်စင်း ရေငွေ့မြူမှုန်များကြားမှာ တရွေ့ရွေ့နှင့် နီးလာပြီ။
အလို … လှေပဲ့မှ ခတ်တက်ခတ်လာသူက ကိုစံဖေလည်း မဟုတ်ပါလား။
ထိုစဉ်မှာပင် …
“ဟိုရှေ့က လှမှုံတို့လှေလားဟေ့”
ကိုအောင်ရှိန်း မေးရင်း လှေချင်းဝင်ကပ်သည်။
လှမှုံ ပြန်မဖြေလိုက်နိုင်မီမှာပင် လှေဦးတွင် ပက်လက်လှန်၍ အိပ်လိုက်လာသူ စံဖေကို တွေ့လိုက်ရ၍-
“အလို … ကိုစံဖေပါလား။ ဒါလောက် အရေးကြီးတဲ့အချိန်မှာ သူမို့ အိပ်ပျော်နိုင်ပါပေရဲ့”
အပြစ်တင်ရင်း မြစ်ရေဖြင့်ပက်၍ နှိုးလိုက်သည်။ စံဖေက မလှုပ်။ လှမှုံ စိတ်မရှည်စွာ လှုပ်နှိုးပြန်၏။ မရ။
အသားတွေကလည်း အေးစက်လို့ပါလား။
နှိုးရင်း လှုပ်ရင်း လှမှုံ မသင်္ကာတော့။
“အစ်ကိုအောင်ရှိန်း … ကိုစံဖေ ဘာဖြစ်တာလဲဟင်။ ဘာဖြစ်တာလဲ”
ဟု ငိုသံပါကြီးဖြင့် မေးသည်။
“ငါ့စိတ်ထင်တော့ ဂျပ်ထိလာတယ် ထင်တာပဲ။ အစကတော့ အိပ်ရေးပျက်တာရယ်၊ ပင်ပန်းတာရယ်ပေါင်းပြီး အိပ်ပျော်နေတယ်ထင်တာ။ ချောင်းဝရောက်ခါနီးမှ နှိုးကြည့်လိုက်တော့မှ မရလို့ တစ်ခုခုဖြစ်ပြီဆိုတာ သိတာ။
ရေတက်ဦး ရေပြန်လည်ချိန်မှာ ဂျပ်တွေ မြူးတတ်တာ နင်လဲ အသိသားပဲ။ ဂျပ်အစွယ်နဲ့ ထိမိရင် အခြားမြွေတွေ အကိုက်ခံရသလို ချက်ချင်းမသိဘူးဟ။ တဖြည်းဖြည်း အိပ်ချင်တယ်၊ အိပ်ချင်တယ်နဲ့ မျက်လုံးမဖွင့်တော့တာ။
ဝါးဘူးတွေ ဖော်ပြီးချိန်၊ ဝါးယင်းတွေ ပြန်နုတ်ချိန်မှာ မြစ်မကြီးဆီက ရေပြန်တက်နေပြီလေ။ နင့်ကို ခိုးပြေးမယ့် သည်ကနေ့မှာ ချုံဖော်တာရော ဝါးဘူးတွေကရော၊ ငါးတွေ၊ ပုစွန်တွေ အများကြီးရလို့ ပျော်နေလိုက်တာဟာ”
ပြောရင်းပြောရင်း ဆို့နင့်လာပြီး အသံ တိမ်၍ တိမ်၍ သွားသည်။
“သည်လိုနေလို့ ဘယ်ဖြစ်မလဲ အစ်ကိုအောင်ရှိန်းရဲ့။ မြို့က ဆေးရုံ မြန်မြန်သွားရမှာပေါ့။ မြန်မြန်ခတ်ပါတော် … မြန်မြန်”
ပြောပြောဆိုဆို စံဖေတို့လှေပေါ်သို့ ခုန်တက်လိုက်ပြီး သတိလစ်နေသော စံဖေ၏ခေါင်းကို အသာပွေ့၍ ပေါင်ပေါ်တင်သည်။
“ကိုစံဖေ … ကိုစံဖေ လှမှုံခေါ်နေတယ်လေ၊ ထူးစမ်းပါတော့ … ထူးစမ်းပါ”
ဟုလည်း တတွတ်တွတ် ရေရွတ်နေသေး၏။
ရေတွင် နှစ်၍ နှစ်၍ အားပါပါခတ်လိုက်သောကြောင့် လှေကလေးသည် နှင်းမှုံတို့ ပိတ်ဆီးစွာကျနေသော မြစ်ရေပြင်ကို အရှိန်နှင့်ထိုးခွဲကာ တရိပ်ရိပ် ပြေးလျက်ရှိ၏။
မြောက်ပြန်လေနှင့်ရောကာ လွင့်ပါလာသော နှင်းမှုံရေငွေ့တို့သည် လှမှုံ၏ရင်ကို အေးမြအောင် မတတ်နိုင်ခဲ့။
“ကိုစံဖေ တော်မသေရဘူးနော်၊ မသေပါနဲ့ဦး ကိုစံဖေရယ်။ ကျုပ် သည်ကနေ့ အိမ်က အပြီးထွက်လာခဲ့တာ။ တော်နဲ့ တစ်သက်လုံး အတူနေမလို့ ကိုစံဖေရဲ့ သိရဲ့လား။ တော်မရှိရင် ကျုပ် ဘယ်လိုလုပ်မလဲ။ ကိုစံဖေ … နတ်ကောင်းနတ်မြတ်များ ကယ်တော်မူကြပါ။ ဘုရားမလို့ ကိုစံဖေ မသေပါနဲ့ ဘုရား”
ဝေဝါးသော နှင်းမှုန်တို့သည် မြစ်ပြင်တစ်ကြောတွင် သောသောအုပ်အုပ် ကျဆင်းနေဆဲ ဖြစ်သည်။
လှမှုံတို့ ခတ်လှေကလေးသည် မြို့ကလေးက ဆေးရုံဆီသို့ ဦးတည်ကာ အရှိန်နှင့် ပြေးလျက်ရှိသည်။
လှမှုံ၏ ဆုတောင်းသံများက မြစ်ယံတစ်ကြောတွင် လွင့်ပျံမျောလျက်. . .
– ပြီး –
စာရေးသူ – မောင်ခြိမ့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized