အောင်ကိုမြင့်
မသေကောင်း မပျောက်ကောင်း
“ဦးလှမြင့်ရယ် ကူညီပါဦး။ တစ်လအတွင်း ဆိတ်ကသုံးကောင်၊ ဝက်က တစ်ကောင်၊ နွားငယ် တစ်ကောင်ဆိုတော့ လွန်လွန်းနေပြီ။ ကြာယင် ဒီဟင်းကောင်ကြီးက လူတွေအတွက်တောင် စိုးရိမ်နေရလို့ပါ”
“နောက်ဆုံးလာကိုက်သွားတာက ဘယ်နေ့ကလဲ ဦးမိုးသီးရဲ့”
“ညကမို့ အခုရောက်လာတာပေါ့ ဦးလှမြင့်ရယ်”
“ညက ကိုက်သွားတာက နွားလား၊ ဆိတ်လား”
“နွားငယ် နို့စို့ကလေးမို့ပေါ့ဗျာ။ ခု သူ့အမေက နို့တွေတောင့်ပြီး သားခေါ်သံ တဘဲဘဲ တညံညံနဲ့ စိတ်မကောင်းစရာပါပဲဗျာ။ တကယ့်ကိုဆိုးတဲ့ ကျားပါပဲ”
“အစောက ပြောတုန်းက ဟင်းကောင်ဆို၊ အခု ကျားဆိုတော့ နှစ်မျိုးလား။ ဘာကောင်ကိုက်တာလဲ”
“နောက်မနေပါနဲ့ဦးလှမြင့်ရယ်၊ ဟင်းကောင်ဆိုတာက ကျုပ်တို့လို ကြောက်တတ်တဲ့ လူတွေက ကလေးတွေ မလန့်အောင် မသိအောင် အမည်ဝှက် သုံးတာပါ။ အဲဒီကျားသာ သေသွားယင် ကျုပ် အလွန် ဝမ်းသာမှာပါပဲ။ ဒီကောင်ကြီး မြန်မြန်သေအောင်သာ ဆောင်ရွက်ပေးပါဗျာ။ ကျုပ် ပိုက်ဆံလဲ ပေးပါဦးမယ်”
“အိုဗျာ… ဦးမိုးသီးကလဲ မဟုတ်တာ။ ခင်ဗျား အကောင်ကြီး ဒီလောက်အတင့်ရဲနေမှတော့ အဲဒီနယ်က ခွာမှာမဟုတ်ဘူး။ တစ်ပတ်အတွင်း မိမှာပဲဗျ။ မိလို့ ဒင်းသေတာနဲ့ ကျားသားရေခွာရောင်းယင် ကျုပ်တို့ ပိုက်ဆံရတော့မယ့်ဥစ္စာဗျာ၊ ဘယ့်နှယ် ဦးမိုးသီးက ပိုက်ဆံပေးစရာ လိုဦးတော့မလဲ”
“မြန်မြန်သေစေချင်လို့ဗျာ”
“စိတ်ချ တစ်ပတ်အတွင်း သေစေရမယ်”
xxx xxx xxx
ကျွန်တော့်အဖေသည် ဦးမိုးသီးနှင့် ဤသို့ အချီအချပြောပြီးနောက် ထိုကျားဆိုး တစ်ပတ်အတွင်း သေစေရမည်ဟု အာမခံလိုက်သည်။ ကျွန်တော်တို့သားအဖ၏ဘဝသည် အပြောင်းအလဲ များလှ၏။
မူလက ကျွန်တော့်မွေးရာဇာတိသည် ထိန်တောမိုးညို လယ်ကွင်းများထဲမှာဖြစ်၏။
အစက ကျွန်တော့်ဖေဖေသည် ဝန်ထမ်းဘဝမှ ငွေကြေးစုဆောင်းပြီး ဤတောင်ခြေ တောစပ် ပဲခူးတိုင်း၏ အနောက်မြောက်အစွန်ဆုံးဖြစ်သော ပန်းတောင်းမြို့နယ် အနောက်ဘက် အစွန်အဖျားရှိ ရခိုင်ရိုးမတောင်တန်း၏ အဝန်းအဝိုင်း ပန်းတောင်းမြို့နယ် ညောင်ခြေထောက်ရွာအနီးတွင် တောင်ယာတည်၍ နွားတစ်ရှဉ်းဖြင့် ဘဝသစ်တစ်ခု စခဲ့၏။
နွားတစ်ရှဉ်း ကျားဆွဲခံရပြီးနောက် ကျွန်တော့်အဖေ သည် ဘဝတူများအတွက် ကျားနှိမ်နင်းသူဖြစ်လာခဲ့သည်။ ဤဒေသရှိ ကျားအချို့သည် ယခုကဲ့သို့ အိမ်မွေးတိရစ္ဆာန်များကိုသာမက ကျွန် တော်တို့မမွေးခင်က လူသားစားများပင် ဤဒေသ၌ပေါ်ထွန်း ခဲ့ဖူးသည်။
ယခင် ၁၉၅၈ ခုနှစ်မတိုင်မီ ရခိုင် မြန်မာ ပြည်ထောင်စုလမ်းမကြီး ဖောက်လုပ်စဉ်အခါက အမြင့်ပေပေါင်း ၃၂၄၆ ရှိ ညောင်ကျိုးတောင်တန်းစခန်း ပတ်ပတ်လည်တွင် လူသားစားကျားများရန်ကြောင့် စခန်းကို သံဆူးကြိုးအလုံကာပြီး လမ်းဖောက်ခဲ့ကြရသည်ဟု ကိုယ်တွေ့ကြုံခဲ့သူများက မကြာခဏ ပြောခဲ့ကြသည်။
တစ်ခါတစ်ရုံတွင် ထိုလူသားစားကျားတို့သည် သံဆူးကြိုးအပြင်ဘက်နားမှာ ညလုံးပေါက်နီးပါး ထိုင်စောင့်ပြီး မနက်မိုးလင်းကာနီးမှ ပြန်လည်ထွက်ခွာသွားလေ့ရှိသည့် အဆင့်မျိုးအထိ အတင့်ရဲခဲ့ဖူးသည်ဟု သမိုင်းတွင်ခဲ့သည့် နယ်မြေပင် ဖြစ်သည်။
နောင်သောအခါတွင် ဖေဖေသည် ဤသို့ ကျားဆိုးများကို နှိမ်နင်းရင်းဖြင့် ကျားကျွမ်းကျင်သူဟူ၍ လူသိများကာ ပတ်ဝန်းကျင်ကပင် အားကိုးလာတော့၏။
သူ၏ နွားများ ကျားစာ ဖြစ်သွားပြီးသည့်နောက် အဖေသည် ဝါးခုတ်၍လည်းကောင်း၊ လျှော်ဆုတ်၍ လည်းကောင်း အသက်မွေးခဲ့၏။ ထို့နောက် အဖေနှင့် ကျွန်တော်တို့သည် လူ့ရပ် လူ့ရွာနားသို့ ပွတ်ကာသီကာဖြင့် ဝင်ရောက်နှောင့်ယှက်တတ်သည့် ကျားဆိုးများကို နှိမ်ရင်း ထန်းပင်တက်လက်မှတ် ရလာခဲ့ကြသည်။
ဖေဖေသည် ဦးစွာပထမတုန်းက ကျားဆိုးများကို မျှင်ဆိပ်(မြားတွင်လူးသောအဆိပ်) သုံး၍ ဒူးလေးနှင့်နှိမ်၏။ နောက်တော့ မျှင်ဆိပ်သုံး၍ ကျားများသေလွယ်သော်လည်း ကျားသားရေ အမွေးကျွတ် တတ်သောကြောင့် ကျားသားရေ ရောင်းသောအခါ ဈေးကောင်းမရဘဲ ရှိသည်။ နောက်သော် သက်စွန့်ဆံဖျား ဖန်တီးခဲ့ရသော ကျားဆိုးသားရေကို ဈေးကောင်းရချင်သည့်အတွက် မျှင်ဆိပ်မသုံးတော့ဘဲ သံကြိုးကွင်းထောင်၍ ဖမ်းခဲ့တော့၏။
ဘာပဲဖြစ်ဖြစ်လူ့လောကကြီး၏ အနီးအနားလာပြီး ရစ်သီရစ်သီ လုပ်နေယင်ဖြင့် သူတို့ကို စနစ်တကျ ဆုံးမ၍ အရေခွာရန်မှအပ အခြားနည်း မရှိတော့ပေ။
xxx xxx xxx
ဖေဖေဦးဆောင်လျက် အာတီစီမှ ကိုအေးကြူပါဝင်သည့် ကျွန်တော်တို့လူစုသည် ဦးမိုးသီးတို့ရွာသို့ နေ့လယ်ပိုင်းလောက်တွင် ရောက်သွားကြသည်။ တောင်ခြေရွာတို့ ထုံးစံအတိုင်း ရွာကတဲတိုက်(တဲစု) သာသာမျှသာ ရှိသည်။
ရွာသားများအားလုံးက ဝမ်းသာအယ်လဲ ကြိုဆိုကြသည်။ ရောက်၍ ခဏနားပြီး ကိုအေးကြူ၊ ဦးမိုးသီး၊ ရွာသားအချို့နှင့်အတူ ကျွန်တော်တို့သားအဖ ကွင်းဆင်းလေ့လာဖို့ ရွာမှ ထွက်ခွာလာခဲ့ကြသည်။
ကျားလာရာလမ်းကြောင်း ဖြစ်နိုင်ဖွယ်ရာ သုံးခုမျှသာ ရှိသည်။ ထိုကျားဆိုးကို အလွယ်နှင့် မိဖို့ရာ သေချာလှသဖြင့် စနစ်တကျစီစဉ်ဖို့ပင် ရှိတော့သည်။
ကျွန်တော်တို့ သားအဖသည် ဦးမိုးသီး၊ ကိုအေးနှင့် ရွာသားများကို ရွာသို့ ပြန်လွှတ်လိုက်ပြီးနောက် ပြင်ဆင်စရာ ရှိသည်တို့ကို ပြင်ဆင်ပြီး လုပ်ငန်းအဝဝကို အချောသတ်လုပ်ကိုင်ကြရာ နေမဝင်မီ လုပ်ငန်းအားလုံး ပြီးစီးသွားသည်။
ကျွန်တော်တို့ သားအဖ ရွာသို့ မှောင်စပျိုးချိန်တွင် ပြန်၍ရောက်ပြီး ထိုည ထွေရာလေးပါး ကောက် သင်းကောက်စကားများ အချင်းချင်းဖလှယ်ကြခြင်းဖြင့် အချိန်ဖြုန်းရင်း အိပ်ရာဝင်ခဲ့ကြလေသည်။
နောက်တစ်ရက် မနက်စောစောတွင် ကျွန်တော်တို့လူစု ထောင်ခြောက်နှင့် ထောင်ကွင်းကို သွားရောက်ကြည့်ရှုရာ အခြေအနေအားလုံး ဘာမှ ထူးခြားမှုမရှိ။
အစွန်ကိုင်းတွင် ကြောင်ပါးတစ်ကောင် မိနေသဖြင့် ဖြုတ်ယူလာပြီး ရွာသို့ ပြန်လှည့်လာကာ ကြောင်သား ဟင်းဖြင့် မနက်စာစားပြီး အခြေအနေအရ လိုအပ်လျှင်သုံးဖို့ ဆန်လျှော်များကိုယူကာ သားအဖသည် ရွာမှ တောင်ကြားရှိ ယာတဲသို့ ပြန်လည်၍ ထွက်ခွာလာခဲ့ကြသည်။
ယာတဲတွင် ခဏနားခိုပြီး အခြေအနေအရပ်ရပ်ကို ထပ်မံလေ့လာပြန်သည်။
ရခိုင် မြန်မာ ပြည်ထောင်စုလမ်းမကြီး ( ပန်းတောင်း တောင်ကုတ်လမ်း) ၏ ရိုးမတောင်တက် အရှေ့ဘက်မှ ခရီးအစဖြစ်သော ညောင်ခြေထောက်ချောင်းတံတားကြီးမှတစ်ဆင့် အထက်သို့ ဆန်ခဲ့ရာ ရေအေးချောင်းသို့ အရောက်တွင် သားကောင်လာရာလမ်းဟု သေချာတွက်ထားသောနေရာကို တွေ့သည်။
ထိုနေရာတွင် စားခွက်နှိုက်ကိုင်း ( လည်ထိုးကွင်း) တစ်ခု စီစဉ်လိုက်ပါသည်။ ထိုနေရာသည် သား ကောင်များ စားကျက်သို့ဝင်ရာ လမ်းဝဖြစ်သောကြောင့် သေချာ ပေါက်မိမည်သာ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သားအဖသည် မိုးမချုပ်မီ ဦးမိုးသီးတို့ရွာကို အရောက်ပြန်လာကာ နောက်တစ်ရက် သားကောင်ရတော့မည်ဟု ထင်ကြောင်း ဦးမိုးသီးသို့ ပြောလိုက်ပါသည်။
နောက်တစ်ရက်တွင် ကျားဆိုးထောင်ထားရာကိုင်း (ကွင်း)များဆီသို့ ရောက်သောအခါ အဆင်သင့်ပင် ကျားဆိုးကြီးမိလျက် ဖြစ်နေသည်ကို တွေ့ရသည်။ ကိုင်း (ကွင်း) မိနေသော ကျားဆိုးကြီးသည် သူအလှမ်းမီသမျှ သစ်ပင်ငယ်၊ နွယ်ပင်ငယ်၊ သစ်ကိုင်း ဟူသမျှတို့ကိုလည်း ဒေါသဖြင့် တိတိတို့အောင် မာန်မဲ၍ ကိုက်ဖြတ်ထားရာ မြင်ကွင်းရှင်းနေသဖြင့် အဝေးကပင်လျှင် ကျားဆိုးကြီးကို လှမ်း၍ မြင်နေရ ပေသည်။
“ဟာ.. သားကြီးရေ ထင်တဲ့အတိုင်းပဲကွ။ မိနေပြီ။ ကျားဆိုးဟာ ကျော့ကွင်းမိလျက်သားဆိုပေမယ့် သတိပေါ့လို့တော့ မဖြစ်ဘူးနော် သား၊ သတိဆိုတာ ပိုတယ်မရှိဘူး”
“စိတ်ချပါ ဖေဖေ။ အဖေတစ်ချက် သားတစ်ချက် ဆိုယင် ဒီကောင်ကြီး အမြန်ကိစ္စချောသွားမှာပါ”
“ထုံးစံအတိုင်းဆိုယင်တော့ သားပြောတဲ့အတိုင်းပဲ၊ အလွန်ဆုံး နှစ်ချက်ပေါ့”
ကျွန်တော်တို့သားအဖသည် အလုပ်ခွင်တွင် ဤသို့ပင် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ရှိခဲ့ကြသည်။
အထူးသဖြင့် ကျွန်တော်၏အဖေသည် ကျွန်တော့်ကို အတတ်ပညာသာမက ထိုအတတ်ပညာနှင့်ဆိုင်သော အတွေးအခေါ် အဆက်အစပ်များကိုပါ ထက်ထက်မြက်မြက် တပ်ဆင်ပေးထားလိုသည်ကို ကျွန်တော် နားလည်ပါသည်။
အထူးသဖြင့် ကျွန်တော်တို့လုပ်ငန်းခွင်နှင့် ဆက်စပ် နေသည်မှာလည်း ဤသို့ ကျားဆိုးများကို နှိမ်နင်းရာ၌ ဝန်းကျင် လယ်ယာမြေ လုပ်ငန်းခွင် အေးချမ်းသာယာမှုရှိရုံမျှမက ကျားဆိုး သေဆုံးရရှိပြီးသည်နှင့် ကျားသားရေကိုလည်း ရောင်းစားနိုင်ပေသေးသည်။
ကျားသားရေ ဝယ်ယူသူတို့သည် ကျားသားရေတွင် ဒဏ်ရာနှစ်ခု (အပေါက်နှစ်ခု) ဖြစ်နေသည်ကို စကားဆိုလေ့မရှိပေ။ အပေါက် အပြဲ မပါသကဲ့သို့ ဈေးကောင်းပေးကြသည်။
ကျွန်တော်တို့၏ မူရင်း ရည်ရွယ်ချက်မှာလည်း ကျားသားရေ ရောင်းစားရန် အဓိကမဟုတ်မူဘဲ လုပ်ငန်းခွင်သာယာရေး အဓိကထားရသည် ဖြစ်သောကြောင့် တစ်ခါတစ်ရံတွင် အကြောင်းအမျိုးမျိုးကြောင့် ကျားကို ဒဏ်ရာတော်တော်များများရအောင် နှိမ်နင်းမှ ကျားဆိုးကို အသေရတတ်လေရာ ထိုအခါမျိုး၌ ကျားသားရေတွင် ဒဏ်ရာအများအပြား ပါရှိလာပါ က ပထမ ဒုတိယ ဒဏ်ရာနှစ်ချက်တို့ကို ထုံးစံအဖြစ် အသိအမှတ်ပြုပြီး ကျန်သောဒဏ်ရာများအနက် တတိယဒဏ်ရာမှ စတင်ကာ ဒဏ်ရာတစ်ခုတိုင်းအတွက် ဝယ်ယူမည့်တန်ဖိုးမှ ပြန်နုတ်ယူလေသည် (ငွေတန်ဖိုး လျော့၍ပေးလေသည်) ။
သို့ဖြစ်သောကြောင့် ကျားဆိုးတစ်ကောင်ကို နှိမ်နင်းရာ၌ ဒဏ်ရာအနည်းဆုံးဖြင့် ကိစ္စချောသွားဖို့က အရေးကြီးသည်။ ကျွန်တော်တို့သားအဖသည် ကျားနှင့် လှံတစ်ကမ်းအကွာတွင် လှည့်လည်၍ ပစ်မှတ်နှင့် အရေးကြုံက အလွတ်ရှောင်ဖို့ နေရာကောင်းရွေးရသည်။ ထိုအတွက် ဖေဖေကပင် စကားဆက်ပြန်ပါသည်။
“ကဲဟေ့… သားစိတ်ကြိုက်နေရာကိုပဲ ရွေးခိုင်းရလိမ့်မယ်။ ဘယ်နေရာကို ရွေးမလဲသား”
“ဖျောက်ဆိပ်ပင်ကြီးရဲ့ တစ်ဘက် တစ်ချက်စီမှာပဲ ရွေးရမှာပဲ”
“အေး… ဟုတ်တယ်၊ အဲဒီဘက်ပဲအသင့်တော်ဆုံးပဲ”
ကျွန်တော်တို့သားအဖသည် ကျားမိလျက် ရှိသည့်နေရာဘက်သို့ ကိုင်းညွှတ်နေသည့် ဖျောက်ဆိပ်ပင်ကြီးကို အကာအကွယ်ယူရင်း တိုက်ခိုက်အနိုင်ယူဖို့ ဆုံးဖြတ်လိုက်ပါသည်။
အချိန်ဆိုင်းငံ့မနေတော့ဘဲ ကျွန်တော်က တစ်ဘက်မှ လှုပ်ရှားပြလိုက်သောအခါ ကျားဆိုးကြီးသည် ကျွန်တော့်ကို မလိုမုန်းထားဟန်နှင့် ရန်စောင်အာရုံစိုက်နေစဉ် အဖေက လှံတို့ဖြင့် ပထမဆုံးအချက်အဖြစ် လှမ်းပစ်လိုက်ပါသည်။
ကျားဆိုးကြီးသည် ခေသူမဟုတ်ကြောင်း သူ၏ ဘယ်ဘက်လက်နှင့် လှံတိုကို ပုတ်လွှတ်လိုက်ရာ ကျားဆိုးနှင့် ဆယ်တောင်ခန့်အကွာသို့ ဖေဖေ့လှံတို လွှင့်စဉ်ကျသွားသည်။
မထူးတော့ပြီဖြစ်၍ ဖေဖေက တစ်ဘက်မှ အချက်ပြလိုက်ရာ ဒုတိယလှံချက်အဖြစ် လှမ်း၍ ပစ်လိုက်ရာ လက်ယာဘက်လက်နှင့် ပုတ်လိုက်ပြန်သဖြင့် ကျားဆိုးကြီးနှင့် မလှမ်းမကမ်းသို့ လှံတိုလွင့်စဉ်ကျသွားတော့သည်။ ကျားသည် လှံတိုကို ပြန်ကောက်မပစ်တတ်သည်မှာ ကျွန်တော်တို့သားအဖ ကံကောင်းလွန်းလှတော့၏။
ကျားတည်းဟူသော သားကောင်၊ လောကနှင့် လူ့လောကတို့အကျိုးစီးပွားချင်း ယှဉ်ပြိုင်ခုခံကာကွယ်ရသည်မှာ ထင်သလောက်မလွယ်လှသော်လည်း ကြိုးကွင်းမိနေသောကျားကို ပုန်းလျှိုးကွယ်လျှိုးပြုလုပ်နေရန် မဟုတ်ဟု ထင်သဖြင့် အဖေက ကျွန်တော့်ကို လှမ်းခေါ်လိုက်သည်။
“သားရေ လာဟေ့၊ ဒီကပဲ ကြည့်စီစဉ်ရအောင်”
“ဘယ်လိုစီစဉ်မှာလဲ ဖေဖေ”
“သားလဲသိသားပဲ၊ လှံနှစ်ချောင်းစလုံး လက်လွှတ်ဆုံးရှုံးသွားပြီဆိုတော့ ဒီကျားက မလွယ်ဘူးကွ”
“ဖေဖေ ဘယ်လိုစီမံမယ် စိတ်ကူးသလဲ”
“ရှင်းနေတာပဲကွာ … သားနဲ့ အဖေ တစ်လှည့်စီ လုပ်နေယင် ဒီကောင် အခုလိုပဲ ပုတ်ထုတ်နေမှာပေါ့။ တွေ့ဖူးတဲ့ ကျားထဲမှာတော့ တော်တော်လည်တဲ့ကျားပဲကွ။ သိုင်းများ သင်ထားသလားမသိဘူး”
“မတော်တဆတိုက်ဆိုင်တာနဲ့ တူပါတယ် ဖေဖေရဲ့”
“ငါတော့ တိုက်ဆိုင်မှု မထင်ဘူးကွာ။ သူ့ရဲ့ ပင်ကို ပါးနပ်ကျွမ်းကျင်မှုလို့ ထင်တယ်”
“ဒီလိုတော့လဲ ဖြစ်နိုင်ပါတယ် ဖေဖေ၊ ဒါပေမယ့် သားတော့ ကျားက ဒီလောက်ပါးနပ်မယ် မထင်ဘူး”
“ကဲ… သားနဲ့ အဖေနဲ့ အငြင်းပွားနေလို့ ကိစ္စမပြီးဘူး။ ဓားမြောင်တွေကိုတော့ နောက်ဆုံးလက်ကိုင် ကိုယ်ခံကာကွယ်ရေးပစ္စည်းအဖြစ်ထားကွာ၊ မလွှတ်နဲ့”
“လှံတိုတွေကော ဖေဖေ”
“ဟိုက လှံတိုနှစ်ချောင်းဟာ သားသိတဲ့အတိုင်းပဲ ။ သွားကောက်လို့ မဖြစ်တော့ဘူး”
“ကျန်တဲ့ လှံတစ်ချောင်းစီနဲ့ပဲ စီမံမယ်ပေါ့”
“အေး… ဟုတ်တယ်။ ဒါကြောင့် သားကို ဒီဘက်ခေါ်ပြီး သားအဖနှစ်ယောက် လှံကို ပြိုင်တူလွှတ်ရအောင်လို့”
“မစွန့်ပါနဲ့ ဖေဖေ၊ ပြိုင်တူမလုပ်ပါနဲ့။ ထုံးစံအတိုင်းပဲ ဆက်လုပ်ရအောင်ပါ”
“ဖေဖေ ရိပ်မိပြီသား၊ ဒီကောင်ကြီးကို ထုံးစံအတိုင်းနဲ့ မလွယ်ဘူးကွ”
“ဖေဖေကလဲ ရန်သူကို ဒီလောက်တောင် အထင်မကြီးစမ်းပါနဲ့”
“ကဲ… ငါ့သား အဖေပြောတာမယုံယင် ဟိုဝါးရုံပင်က လှံအရွယ် ဝါးချွန်ခြောက်ခု ယူခဲ့၊ သားပြောတဲ့ ထုံးစံနဲ့ ဆက်စမ်းကြည့်မယ်”
“ဟုတ်ကဲ့ ဖေဖေ”
ကျွန်တော်တို့ သားအဖ ဝါးချွန်ခြောက်ချောင်းနှင့် ကျားကို ဆက်လက်စမ်းပစ်ကြည့်ရာ ဝါးချွန်လေးချောင်းမှာ အဝေးသို့ လွှင့်စဉ်သွားပြီး ဝါးချွန်နှစ်ချောင်းသာ အရေးမကြီးသောနေရာကို ထိရုံသာသာမျှ ထိသည်။ ကျွန်တော့်ကို အဖေက ပြန်ခေါ်လိုက်ပြီးနောက် သဘောတူညီချက် ပြန်၍လုပ်လိုက်ရသည်။
“ကဲ… ငါ့သား ဘယ့်နှယ်လဲ”
“လွယ်ပုံမပေါ်ဘူး ဖေဖေ၊ ဘယ်လိုလုပ် ဖေဖေသေချာသိနေတာလဲ။ ကျွန်တော်ဖြင့် အံ့ဩရော”
“အဲဒါကြောင့် ဖေဖေ အစောတုန်းက ပြောတာပေါ့ကွာ။ ဖေဖေက သေချာသိဆို အတွေ့အကြုံက ရင့်နေပြီကွ”
“ဒါဖြင့် ဖေဖေ အခု ဘယ်လိုစီမံမှာလဲ”
“ဒီလိုကွာ။ ဒီကောင်က သိပ်မလွယ်ဘူးကွ။ သိပ်ပါးနပ်တယ်။ ဘာပဲဖြစ်ဖြစ် သူကတိရစ္ဆာန်၊ ဖေဖေတို့ကလူ၊ ဒီတော့ သူက တယ်အားပို့သန်တဲ့အကောင်ဆိုတော့ သားက လက်ဝဲဘက်က နေ၊ ဖေဖေက လက် ယာဘက်က နေပြီး တို့သားအဖ တစ်ပြိုင်ထဲ လှံနဲ့ လှမ်းပစ်မယ်။ သူသန်တဲ့ဘယ်ဘက်က သားပစ်လိုက်တဲ့ လှံကို လှမ်းပုတ်နေတုန်း လက်ယာဘက်က ဖေဖေ့လှံက လိုရာပစ်မှတ် ထိသွားလိမ့်မယ်”
“ဟာ… ဖေဖေ့အစီအစဉ် သိပ်ကောင်းတယ်”
“ကဲ.. အသင့်ပြင် တစ် နှစ် သုံး…”
“ဝေါင်း”
“ဖြောင်း”
”ဟာ”
ကျွန်တော်တို့သားအဖမှာ“ဟာ”ရယ်လို့ အားရအောင်တောင် အံ့ဩသံ မပြုနိုင်တော့၊ ကျားထောင်ထားသည့် သုတ်ကိုင်းကြီးက ကုပ်ကျိုးပြီး သားအဖနှစ်ယောက်ကြား ကျားကြီး ရောက်လာသဖြင့် မှီရာသစ်ကိုင်း ခုန်ဆွဲပြီး ဖျောက်ဆိပ်ပင်ပေါ် သေပြေးရှင်ပြေး ခုန်တက်ခဲ့ရသည်။
တကယ့် သေပြေးရှင်ပြေးပင် ဖြစ်သည်။
အသက်ဘေး လွတ်ရာလွတ်ကြောင်း သည်တစ်နည်းတည်းသာ ရှိတော့သည်။ လန့်ပြီး ဘေးကို ပြေးမိလျှင် ပြေးသည့်သူ ကျားစာဖြစ်သွားမည်။သာမန်အချိန်တွင် သားကောင်ကျားကြီးသည် အားမာန်အပြည့်နှင့် အစွမ်းကုန်ရုန်းသော်လည်း မကျိုးဘဲကျန်နေသည့် ကိုင်းတံတစ်ဝက်က တောင့်တောင့်တင်းတင်း ရှိနေဆဲမို့ တော်ပေသေးသည်။
“ကံကောင်းလို့ပေါ့ ဖေဖေရာ၊ ဘေးများ ပြေးမိယင် ဒုက္ခပဲ။ ဖေဖေ ဘယ်လိုဆုံးဖြတ်ချက်နဲ့ ဒီပေါ်ရောက်လာတာလဲ”
“သားလိုပေါ့၊ အတူတူပဲလေ၊ ဆုံးဖြတ်ချက်မချတော့ဘဲ ခုန်တက်လာတာပေါ့။ ဘာပဲဖြစ်ဖြစ် သားလဲ သားကောင်တွေရဲ့အန္တရာယ်နဲ့ သေဖို့မလွယ်တော့ဘူး။ ဒီပွဲမှာ ငါ့သား အသက်အန္တရာယ်က ဒီလိုလွှတ် လာတာကိုက ငါ့သားဟာ ဒီနေရာမှာ အဖေ့တန်းတူတော်တာပဲ”
“ကံကောင်းလို့ ပြန်ပေါင်းရတာ ဆိုတာလိုပါပဲ … ဖေဖေနော်”
“ကံကောင်းတာမဟုတ်ဘူး ငါ့သား။ ဆုံးဖြတ်မှု လျင်မြန် မှန်ကန်တာပဲသားရဲ့။ ဒီနေရာမှာ တွေဝေမေ့မောနေယင် သေပြီမှတ်”
“ကဲ.. ဘယ်လိုဆက်လုပ်ကြမလဲ ဖေဖေ”
“ဘယ်လိုမှ ဆက်လုပ်လို့မရတော့ဘူးလေ။ သား ဖြစ်ဖြစ် ဖေဖေ ဖြစ်ဖြစ် ဆင်းသွားယင် ဟိုကောင်က ကလဲ့စားချေဖို့ အသင့်စောင့်နေတာ သားအသိသားပဲဟာ”
“သစ်ပင်ကို သူကွယ်တဲ့ဘက်က ဆင်းသွားယင်ကော မရနိုင်ဘူးလား ဖေဖေ”
“မပြောနိုင်ဘူး သား၊ ဒီလို နေရာမျိုးမှာ စွန့်စားယင် မိုက်တွင်းနက်ရာကျလိမ့်မယ်။ သားကော အဖေပါ မမျှော်လင့်ဘဲ ဒီအပင်ပေါ် တက်ခဲ့ရတဲ့အဖြစ်ကိုပဲကြည့်။
ဟိုအကောင်ဟာ သာမန်အချိန်တွေမှာ သေအောင်ရုန်းကန်ယင် သေသွားဖို့ပဲရှိတယ်။ ထောင်ထားတဲ့ သုတ်ကိုင်းကြီးက ကျိုးသွားဖို့ အကြောင်းမရှိဘူး။ ဟော… အခု အားနဲ့ မာန်နဲ့ ခုန်လိုက်တော့ ထောင်ထားတဲ့ သုတ်ကိုင်းကြီးက တစ်ဝက် ကျိုးသွားတဲ့အထိ မမျှော်လင့်ဘဲ ပြောင်းလဲမှု ဖြစ်ခဲ့ရတယ်။ အခု အခါ သားဖြစ်စေ၊ အဖေဖြစ်စေ ဆင်းသွားတာမြင်လို့ အားနဲ့ မာန်နဲ့ တစ်လောထို ခုန်လိုက်ယင် သုတ်ကိုင်းကြီးရဲ့ကျန်တဲ့တစ်ခြမ်း ပြုတ်ထွက် မသွားဘူးလို့ မပြောနိုင်ဘူး”
“ဒီအတိုင်းရုန်းယင်ကော မပြုတ်နိုင်ဘူးလား ဖေဖေ”
“ဒီအတိုင်း သာမန်အားနဲ့ ရုန်းနေယင်တော့ ရုန်းနေရင်း သေသွားမှာပဲကွ”
“ဒါဖြင့် သားနဲ့ ဖေဖေ ဒီကောင်ကြီး မသေမချင်း ဆင်းလို့မရတော့ဘူးပေါ့”
“ဟုတ်တာပေါ့ကွာ”
“ဒါဖြင့် ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်ဆိုတော့ သားတို့ဒုက္ခက ဟိုအကောင်ကြီးနဲ့ နင်လား ငါလားပေါ့”
“ဟုတ်တာပေါ့၊ လောလောလတ်လတ် သေဘေးကြုံရမှာနဲ့ စာယင် အခုလို နေမြဲတိုင်း အစာအပြတ်ခံနေရတာမှ တော်သေးတယ်”
“ဒါဖြင့် ပြိုင်ပွဲကြီးပေါ့ ဖေဖေ”
“ဒါပေါ့ သားရဲ့၊ ဒီနေရာမှာ ကျားနဲ့ လူ ခံနိုင်ရည် ပြိုင်ပွဲကြီးပေါ့ “
“သာမန်အတိုင်း ပြိုင်နေယင် ဘယ်သူအလျင် သေမလဲဖေဖေ”
“ခံနိုင်ရည်ချင်း ရိုးရိုးပြိုင်ယင် သူတို့ကပဲ သာဖို့ရှိတယ်။ ဥာဏ်ရည်ချင်း ပြိုင်ယင်သာ ဖေဖေတို့လူတွေက သာလေ့ရှိတယ်”
“ဒါဆို သားတို့ အိမ်ပြန်ရဖို့ရက်က”
“မသေချာသေးဘူးလေ သားရဲ့”
“ဒါဖြင့် ကံတရားအတိုင်းပေါ့
“ရွာကလူတွေ မောင်အေးကြူတို့၊ ဦးမိုးသီးတို့ လိုက်လာမှာပေါ့ သားရယ်”
“ဒီနေ့လား ဖေဖေ”
“တစ်နေ့နေ့ပေါ့”
xxx xxx xxx
ကျွန်တော်တို့ သားအဖသည် ပထမရက်၊ ဒုတိယရက်၊ တတိယရက်တို့ ဆက်တိုက် ဖျောက်ဆိပ်ပင် ခေါင်ဖျားတွင် စားရမဲ့ သောက်ရမဲ့ဖြင့် နားနေခဲ့ရသည်။ စင်စစ် နားနေခြင်း မဟုတ်ပါ။ ကိုယ့်အသက်ကို ခိုင်မြဲအောင် စောင့်စည်းနေရခြင်းသာပါ။
စတုတ္ထနေ့
“ဟေး”
“ဟော…. မောင်အေးကြူတို့၊ ဦးမိုးသီးတို့ လိုက်လာကြပြီ ပြန်ထူးလိုက်တော့သား”
“သား အသံတွေ မထွက်တော့ဘူး ဖေဖေ”
“အဖေလဲ အတူတူပဲသား”
ခွေးများဟောင်သောအခါတွင် ကိုအေးကြူနှင့် ဦးမိုးသီးတို့ အဖြေမှန် သိသွားသည်။ မူလကပင် မြော့နေသော ကျားဆိုးကြီးကို ဒူးလေး (တူးလေး) နှစ်ချက်စာမျှ မိသောအခါတွင်မှ ကျွန်တော်တို့ သားအဖ ဖျောက်ဆိပ်ပင်ပေါ်က အနိုင်နိုင် ဆင်းနိုင်ခဲ့သည်။
“မသေကောင်း မပျောက်ကောင်း ဦးလှမြင့်ရယ်”
ကျွန်တော်တို့သားအဖ ခေါင်းညိတ်ရုံမျှသာ တတ်နိုင်သည်။
မှတ်ချက်။ မောင်မြင့်မောင်တို့သားအဖ ကြုံခဲ့ရပုံကို ၁၉၈၀ ပြည့်နှစ်၊ ဧပြီလက ပြန်လည် ပြောပြသော ဇာတ်လမ်း ဖြစ်ပါသည်။
(၁၉၈၈ ခုနှစ်ထုတ် ရေဆန်လေဆန် ဘဝခရီး စာအုပ်မှ ကူးယူဖော်ပြပါသည်)
– ပြီး –
စာရေးသူ – အောင်ကိုမြင့်
Uncategorized