ဖိုးကျော့
မိခင်စိတ်
သူ့နောက်တွင် ရေလုံးရေသီးကလေးများ ပလုံစီ၍ လိုက်ပါလာကြ၏။ နေရောင်ကြောင့် ရေလုံးရေသီးကလေးများသည် ပုလဲလုံးများသဖွယ် လှပနေကြသည်။
သူသည် သန္တာကျောက်တန်းအောက်သို့ ဆင်းလာ၏။ အဖြူ၊ အပြာ၊ ခရမ်း ရောင်စုံပြွမ်းသော ပုလဲလုံးများကား သူ့နောက်၌ ပါလာကြဆဲ။
ရေပြင်ကို ထိုးဖောက်နိုင်သော နေ၏စွမ်းအားသည် သူ့နောက်တွင် ကျန်ခဲ့လေပြီ။ စိမ်းမှိုင်းညိုပြာသော အဏ္ဏဝါသစ်တောကို ရေနက်ထဲတွင် လှမ်းမြင်ရသည်။
သူသည် သစ်တောပေါ်သို့ ကူးခတ်ဆင်းသက်လာသည်။ သူ့ကိုယ်နှင့် ပွတ်တိုက်သွားသော ရေရှိန်ကြောင့် ရေမှော်ပင်များ၏ အညွန့်အဖူးများသည် ယိမ်းလှုပ်သွားကြသည်။
သန္တာကျောက်ခက်ပင်များ အကြိုအကြားရှိ ရေမှော်ပင်များမှ အညွန့်အဖူးများကို သူ စားသည်။ တစ်ပင်မှတစ်ပင် တစ်တောမှတစ်တောသို့ ကူးရင်း သူသည် အဏ္ဏဝါသစ်တောအတွင်း၌ လူးလာတုံ့ခေါက် ကူးခတ်လျက် ရှိလေသည်။
သူ လုံးဝ မလှုပ်ရှားလိုက်ရဘဲ သူ့ကိုယ်သည် ရေဖိအားကြောင့် ရွေ့လျားသွား၏။ ရေလှိုင်းသေကြီးတစ်လုံးသည် သူ့ကိုယ်ကို ရိုက်ခတ်သွားသည်။
ရေအောက် ငလျင်လားဟူသော အတွေးကြောင့် သူသည် လူးပြန်သွားသော သူ့ကိုယ်ကို ထိန်းလိုက်သည်။ ပတ်ဝန်းကျင် ဘယ်ညာကို ကြည့်၏။
စိမ်းပြာနေသော ရေထဲတွင် မည်းပုပ်သော အရာဝတ္ထုကြီးတစ်ခုသည် သန္တာလိုဏ်ခေါင်းထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ရေမှော်ပင်များ ယိမ်းညွတ်လှုပ်ခါနေကြ၏။ ရေလုံးပူစီဖောင်းများ ကွဲပေါက်ကုန်၏။
သူ ချက်ချင်းသိလိုက်၏။ ကျောက်ခေါင်းအောင်းနေသော ငါးကြီးတစ်ကောင်သည် သူ့ကို ရန်ရှာရန် လိုက်လာနေလေပြီ။
ဤ သန္တာကျောက်ဆောင်နားမှ အဏ္ဏဝါသစ်တောကို အပိုင်စားယူထားသော ငါးတောက်တူကြီးသည် သူ ပိုင်သော အဏ္ဏဝါသစ်တောမှ အဖူးအညွန့်များကိုမှ ရွေးစားရပါမည်လားဟု သူ့ကို ကိုက်သတ်ရန် ဒေါသတကြီးနှင့် လိုက်လာနေလေပြီ။
ခြေလက်အစုံကို ပို၍ ဆန့်ထုတ်လိုက်သည်။ အဏ္ဏဝါသစ်တောအောက်ထဲ စိုက်ဆင်းလိုက်၏။ မြေပြင်နှင့် သူ့ကိုယ် ထိမိသောအခါ သဲများကို ယက်ကန်ပစ်လိုက်သည်။
သဲမှုန့်များ ပြန့်ကျဲသွား၏။ ရေလည်း နောက်ကျိသွားသည်။ သူ့အမြင်ပင် မကြည်မလင်ဖြစ်သွား၏။
သူ့ကိုယ်သည် သန္တာကျောက်ဆောင်ပေါ် ခိုကပ်နေသော ပင်လယ်ခရုကြီးများနှင့် ကျောက်စွန်း ကျောက်ချွန်များကို ဝင်တိုက်မိသည်။ပင်လယ်ခရုကြီးများ ကိုက်ဖြတ်ထားသော အဏ္ဏဝါသစ်တောထဲမှ မှော်ပင်မှော်ခက်များကိုလည်း မမြင်မစွမ်းနှင့် တက်နင်းမိသွားသည်။
သည်လိုနှင့်သူသည် သန္တာကျောက်ဆောင်နား အဏ္ဏဝါသစ်တောထဲက ပြေးထွက်လာခဲ့ရလေ၏။
xxx xxx xxx
ရေအောက်တွင် သူနေခဲ့ရသည်မှာ နာရီပေါင်း အတော်ကြာသွားပြီ။ ကောင်းစွာ အသက်ရှုမဝ ဖြစ်လာသည်။ ပသိထဲဝင်နေသော ရေများကို ပြန်ထုတ်ရသည်မှာ လွယ်ကူမှု မရှိတော့။
သူသည် ရေပြင်ပေါ်သို့ တက်လာ၏။ ပင်လယ်ပြင်သည် ပုဇွန်ဆီရောင် ထနေသည်။ ဦးခေါင်းကို လေထဲမော့၍ ပင်လယ်လေကို တစ်ဝကြီး ရှူရှိုက်ပစ်လိုက်လေသည်။
ခွန်အားတို့သည် အလိုလို ပြည့်လာလေ၏။
ရေထဲငုပ်ဆင်းလိုက် ရေပေါ်ပြန်တက်လာလိုက်နှင့် သူမြူးနေသည်။ ရက်ပေါင်းများစွာ မေ့ထားခဲ့သော ဝေဒနာတစ်ခုသည် သူ့အာရုံကို လှုပ်နှိုးလိုက်၏။ မြူးနေသော ခြေလက်များ လှုပ်ရှားမှုဟူသမျှ တဒင်္ဂရပ်သွားသည်။ တုန်ယင်လှိုက်မောသွား၏။ စောစောက ခွန်အားတို့ ခဏချင်း ယုတ်လျော့ကုန်ခန်းသွားသလို ခံစားလိုက်ရသည်။
လှိုင်းရှင်တို့ ပြေးသွားရာဘက်သို့ ဦးခေါင်းလှည့်လိုက်သည်။ ညို့မှိုင်းနေသော တောင်တန်းများကို ဦးစွာမြင်ရ၏။ တောင်တန်းတောအုပ်များ အောက်ခြေတွင် သဲသောင်တို့ ဖွေးဖွေးထနေသည်။ ယင်းအောက် ရေစပ်တွင်တော့ မည်းနက်နေသော ကျောက်ဆောင် ကျောက်တန်းကြီးများ။
ရုတ်ခြည်း အသိတစ်ခု နိုးထလာ၏။ ချင်ခြင်းတစ်ခုသည် ရင်ထဲ ပြည့်လာ၏။ သူ့သားသမီးများရှိရာသည် ဤအဏ္ဏဝါပြင်မဟုတ်။ ဤရေပြင်၏ အဆုံးအစပ်မှ သဲသောင်သာ ဖြစ်သည်။ တစ်ကိုယ်လုံး ကျဉ်သွားအောင် ခံစားလိုက်ရသည်။
ကမ်းခြေဘက်အတန်ကြာ ငေးမျှော်နေသည်။ သူသည် ဆောက်တည်ရာမရ ဖြစ်လာ၏။ သူ့သားသမီးများကို သန္ဓေသား သွားချခဲ့စဉ်က လမ်းကြောင်းကို ပြန်ရှာနေသည်။ ဘယ်ဆီ ဘယ်ဒေသလောက်တွင် ရှိနိုင်လိမ့်မည်ကို တွေးဆသည်။
ခဏအကြာမှာပင် ရေလမ်းကြောင်းသည် သူ့အာရုံ၌ ထင်လာလေသည်။
လှိုင်းရှင်များကို တအိအိစီးကာ သူသည် ကမ်းခြေဘက်သို့ ကူးခတ်လာသည်။ သူ့စိတ်မှာ သူ့သားသမီးများကိုတွေ့ရန် လှုံ့ဆော်လျက်ရှိသည်။ ကူးခတ်လာနေရင်းက သန္ဓေသားများ သွားချထားခဲ့ရသည်ကို မြင်ယောင်လာသည်။
ကမ်းနှင့်နီးလာ၏။ ငါးများသည် သူ့နောက်ကိုလိုက်ကာ နှောင့်ယှက်နေကြသည်။ ငါးအုပ်ကြီးတွေကို သူ ကွေ့ရှောင်၏။ ကျောက်ဆောင် ကျောက်စွန်းများကို လှည့်ပတ်သွားသည်။
သို့သော် အုပ်ထဲမှ ငါးကြီးများသည် သူ့နောက်ကို လိုက်မြဲလိုက်လာနေကြ၏။
သားသမီးဇောနှင့် အလျင်မြန်ဆုံး သူ ကူးခတ်နေသည်။
ကမ်းစပ်နားရှိ ကျောက်ဆောင် ကျောက်တန်းကြီးတစ်ခုအနီးသို့ ရောက်လာသည်။ ရေထဲမှ ခေါင်းမော့၍ လေကို တစ်ဝကြီးရှုသွင်းသည်။ သူ့ကိုယ်ကို ရေထဲ၌ ငြိမ်သက်စွာ ခေတ္တဖော့ထားလိုက်လေ၏။
xxx xxx xxx
သူ့ခေါင်းပေါ်မှ စူးရှကျယ်လောင်သော အော်မြည်သံများနှင့်အတူ သူသည် ထိုးသုတ်ခြင်းကို ရုတ်တရက် ခံလိုက်ရသည်။ သို့သော် သူ့ကိုယ်သည် လေထဲမြင့်ပါမသွားဘဲ ရေထဲသို့သာ ရုတ်တရက် နစ်သွားသည်။ မာကျောသော သူ့ကျောကုန်းကို မည်သည့် ညဉ့်ငှက် စွန်ရဲကမှ ထိုးသုတ်မရမှန်း သူ သိလိုက်သည်။
ရေထဲမှ သူ ပြန်ပေါ်လာ၏။ သူ့နောက်လိုက်လာသောငါးအုပ်ထဲမှ ငါးတစ်ကောင်သည် သိန်းငှက် စွန်ရဲတစ်ကောင်၏ ခြေထောက်ကြားထဲ လူးလွန့်ပါသွား၏။ သိန်းငှက် စွန်ရဲနောက်ပါသွားသော ငါးနှင့်ရွယ်တူမျှသော ငါးတို့သည် လန့်ဖျပ်ထွက်ပြေးကြသည်။ ကြီးသောငါးများကမူ သူ့နောက်သို့ လိုက်လာမြဲ လိုက်လာကြ၏။
ရေပေါ်ကို အမှောင်ထုက ပိကျလာသည်။
သူသည် ငါးကြီးများကို မမှုပေ။ သူ့အာရုံတွင် သူ့သားသမီးများကို တွေ့လို မြင်လိုစိတ်သာ ပြင်းပြနေသည်။
ထို့ကြောင့်လည်း သူသည် ရန်မူရန် ဝိုင်းဖွဲ့လိုက်လာကြသော ငါးအုပ်ကြီးကို လုံးဝမမှုဘဲ ကမ်းခြေဘက်သို့သာ အဆောတလျင် ကူးခတ်လာနေ၏။ သဲသောင်ထဲမှ ပေါ်ထွက်လာကြမည့် သူ့သားသမီးများနှင့် သူသည် ဤည၌ တွေ့မှဖြစ်မည်။ လုံးဝအလွဲမခံနိုင်။ သူ့နှင့် သူ့သားသမီးများ လွဲမိလျှင် အားလုံး ငါးစာ ငှက်စာ ဖြစ်ကုန်လေမည်။
သူသည် အန္တ ရာယ်ကြားထဲမှ သူ့သားသမီးများကို ပင်လယ်ထဲအရောက် လမ်းပြခေါ်ဆောင်ရန် ဤနေ့ည၌ တာဝန်ရှိနေလေသည်။
သူ့တစ်ကိုယ်စာမျှ ဝင်ဆံ့ရုံရှိသော ကျောက်တန်းနှစ်ခုကြားထဲ သူ ဝင်လိုက်၏။ ရေစီးသည် သူ့ကိုယ်ကို သိသိသာသာ တိုးနေသည်။ သူ့ထက် ကိုယ်လုံးကြီးသော ငါးများသည် ပင်လယ်ဘက်ရှိ ကျောက်တန်း ကြား ရေစီးကြောင်းဝတွင် ရစ်သီရစ်သီလုပ်၍ ကျန်ရစ်ခဲ့ကြသည်။
ကျောက်တန်းကြား ရေစီးထဲ မဝင်နိုင်သော ငါးကြီးများသည် သူနှင့် သူ့သားသမီးများ ဤကျောက်တန်း ရေစီးကြောင်းကြားလမ်းမှ ပြန်ထွက်လာကြလျှင် တိုက်ခိုက်သတ်ဖြတ်စားသောက်ရန် အသင့်စောင့်ဆိုင်းနေကြပုံရသည်။ အပြန်တွင် ဤလမ်းက မပြန်မိဖို့ကို သူ သတိရသည်။
ငါးကြီးများသည် သူ့ကိုယ်ထက်မှ ကလေးငယ်များကို နိုင်နိုင်နင်းနင်း စားသောက်ချင်၍ တမင်လိုက်လာကြပုံ ရလေသည်။ သူ ကလေးများခေါ်ရန် သွားသည်ကိုလည်း ရိပ်မိကြပုံ ရလေသည်။
ရေစီးထဲတွင် သူ့ထက် ပြေးအားမြန်သော ငါးသုံးလေးကောင်သည် ကျောက်ဆောင်ကြား ရေစီးကြောင်းအတိုင်း သူ့နောက်သို့ ဝင်လိုက်လာကြပြန်သည်။
ဤတစ်ခါ သူသည် သည်းခံချင်စိတ် မရှိတော့။ သူ့ကိုယ်နှင့်ရွယ်တူမျှသော ငါးများကို ကျောက်ဆောင် ရေစီးကြောင်းကြားတွင် သူ လိုက်၍ တိုက်ခိုက်ပစ်သည်။ ဤငါးများသည် မိမိကို ရန်မမူနိုင်သော်လည်း အပြန်ခရီးတွင် ကလေးများအတွက် စိတ်မချရ။
အလာတုန်းကပင် အပြန်ခရီးအတွက် လမ်းရှင်းထားခဲ့ရန် သူ့အသိမှာ နှိုးဆော်ပြီးသား ဖြစ်သည်။
ငါးများကို သူ့ကိုယ်နှင့် လိုက်တိုက်သလို ခြေလက်ဦးခေါင်းတို့နှင့်လည်း တိုးဝှေ့ယက်ကန်ပစ်၏။ သူ၏ မာကျောသော ကိုယ်ခန္ဓာနှင့် စွမ်းအားတို့ကြောင့် ငါးများသည် ရေစီးကြောင်း ကျောက်ဆောင်ကြားမှ သွေးရူးသွေးတန်းနှင့် ထွက်ပြေးသွားကြ၏။
တစ်ကိုယ်စာဝင်ဆံ့ရုံမျှသော ကျောက်ဆောင်ကြား ရေစီးအတိုင်း ကမ်းစပ်ဘက်သို့ သူ ကူးလာ၏။
ကျောက်ဆောင်ပေါ်တွင် နားနေကြသော ညဉ့်ငှက်များ၏ အော်မြည်သံက ပိုကျယ်လာသည်။ ညဉ့်ငှက်ကြီးများ၏ အော်ဟစ်ညည်းညူသံနှင့် အတောင်ပံခတ်သံတို့သည် ပတ်ဝန်းကျင်ကို လှုပ်ခတ်သွားလေသည်။
ထိတ်ထိတ်လန့်လန့် အော်လိုက်သော ညဉ့်ငှက်တစ်ကောင်၏ အသံနှင့် သွေးရူးသွေးတန်း အတောင်ပံဖြန့်လိုက်သံတို့ကြောင့် သူ့လက်ခြေတွေ တုံ့သွားသည်။ ကျောက်ဆောင်ကြား ရေစီးကြောင်းဝမှ တဝုန်းဝုန်း ရေပြိုကွဲသံကို ကြားလိုက်ရသည်။
သူသည် အတွေ့အကြုံအရ သိလိုက်လေပြီ။
ကျောက်ဆောင်ပေါ် နားနေကြသော ညဉ့်ငှက်များထဲမှ ငှက်ရဲတစ်ကောင်သည် စောစောက သူ့နောက်လိုက်လာသော ငါးအုပ်ကြီးမှ ငါးတစ်ကောင်ကို ဆင်းကုတ်လေပြီ။
ညဉ့်ငှက်ရဲသည် ကြီးမားသောငါးကို အပေါ်သို့ မချီ၍ မရ။ ငါးကသာ ရေထဲဆွဲပြေး၏။ သူ့ကျောကုန်းပေါ်တွင် ခြေသည်းချင်း ယှက်နေပြီး ရုတ်တရက်ဖြုတ်မရသော ငှက်ရဲကြီးကို ငါးကြီးက ရေထဲနှစ်သတ်ရန် ကြိုးစားနေ၏။ အတောင်ပံဖြန့်ကားသော ငှက်ကြီးကလည်း သူ၏ အတောင်ပံကို လေထဲရေထဲ ဖြန့်ကား၍ ခုခံသည်။
မထင်မှတ်ဘဲ ဖြစ်သွားသဖြင့် သူ၏ ကုတ်ခြစ်ထားသော ခြေသည်းကိုလည်း ရုတ်တရက် ဖြုတ်ရန် အချိန်မရတော့။
သည်လိုနှင့် ငှက်ရဲကြီးနှင့် ငါးကြီးတို့သည် ရေပေါ်တွင် တဝုန်းဝုန်း တိုက်ခိုက်နေကြသံ ကြားရလေသည်။
ကျောက်ဆောင်ပေါ်မှ အကူလိုက်သွားသောငှက်များ အချိန်မမီခင် ငါးကြီးသည် ငှက်ရဲအား ရေထဲနှစ်မြှုပ်ဆွဲယူသွားသံ ကြားရသည်။
ငှက်ရဲ၏ အထိတ်တလန့် အော်သံလည်း ပျောက်သွားလေ၏။
xxx xxx xxx
သူသည် ညဉ့်ငှက်ရဲများ၏ အော်ဟစ်မြည်ကြွေးသံကို နားစွင့်ရင်း ကျောက်ဆောင်ကြား ရေစီးကြောင်းအဆုံးတွင် ခြေလှမ်းတုံ့လိုက်၏။ ရေမရှိသော သဲသောင်ပေါ်သို့ ရုတ်တရက် သူ မတက်ရဲ။ သူ့ကို ညဉ့်ငှက်ကြီးများ မြင်သွားလျှင် ဝိုင်းဝန်းထိုးဆိတ်ကြမှာ စိုးရွံ့နေသည်။
သူသည် သူ့အတွက်သာမဟုတ်၊ သူ့သားသမီးများအတွက်လည်း ပူပန်နေ၏။
ဤကျောက်ဆောင်ပေါ်၌ ဤညဉ့်ငှက်ကြီးများ ဤသို့သာ တစ်ညလုံးရှိနေကြလျှင် သူ့သားသမီးများသည် ဘယ်နည်းနှင့်မျှ သူတို့ရန်မှ လွတ်နိုင်ကြမည်မဟုတ်။ သူ့သားသမီးများ သူ့အနံ့ရ၍ သဲသောင်ထဲမှ ထွက်လာကြသည်ကို မြင်လျှင် ညဉ့်ငှက်ကြီးများသည် သူ့သားသမီးများကို မုချ ထိုးသုတ်ကြပေလိမ့်မည်။
ရေနှင့် မြေပြင်မှာသာ ကျက်စားတတ်သော သူသည် ညဉ့်ငှက်ကြီးများကို မိုးပေါ်ပျံလိုက်တက်၍ မတိုက်ခိုက်နိုင်ပေ။ ရေထဲက ငါးများကို သူ မမှုသော်လည်း ညဉ့်ငှက်စွန်ရဲကြီးများကိုမူ စိုးရွံ့လာမိသည်။
ကျောက်ဆောင်ကို ပြေးလာတိုက်နေကြသော လှိုင်းရှင်တို့၏ အသံက ပိုကျယ်လာ၏။ ဒီရေတက်လာပြီကို သူသိသည်။
ကျောက်ဆောင်ကြား ရေစီးကြောင်းအဆုံးမှ သဲသောင်ကို ငေးမျှော်ကြည့်ကာ သူ့စိတ်သည် လေးလံလျက် ရှိ၏။
ဒီရေအတက်ရပ်၍ ရေအီနေချိန်တွင် သူ့သားသမီးများသည် သူရှိရာသို့ မုချဆင်းလာကြပေတော့မည်။
ညဉ့်ငှက်ကြီးများကား ယခုထိ ကျောက်ဆောင်ကို မစွန့်ခွာကြသေး။
သူ့သားသမီးများ ဤနေ့ည ဆင်းလာကြမည်ကို သိသဖြင့် တမင် စောင့်နေကြလေသလား။ သို့မဟုတ် သူ့ကိုမြင်ထားကြပြီဖြစ်သော်လည်း သားသမီးများဆင်းလာမှ သူတို့သားအမိကို တိုက်ခိုက်စားသောက်ရန် စဉ်းလဲသောအကြံနှင့် ငြိမ်နေလေသလား။ သူ့ကိုယ်သည် ချက်ချင်း ဂနာမငြိမ်ဖြစ်လာလေသည်။
xxx xxx xxx
လဝန်းသည် တောင်တန်းပေါ်ကျော်လာ၏။
သူ့သားသမီးများရှိရာ သောင်ပြင်ကို သူ ငေးကြည့်နေသည်။ လရောင်ထဲတွင် သောင်ပြင်သည် တစ်ပြူးတစ်ပြန့် လဲလျောင်းနေသည်။ သူ့ သားသမီးများ သောင်ပြင်ပေါ်မှ ဆင်းလာကြလျှင် သူ မြင်သာနိုင်လေပြီ။
သူ့ကိုယ်ကို ရေစပ်စပ်မှ သောင်စပ်သို့ ရွှေ့တွားလိုက်သည်။
လှိုင်းရှင်တို့၏အသံက ပိုကျယ်လာ၏။
စောစောက သူ ခေတ္တနားနေခဲ့သော ကျောက်ဆောင်ကြား ရေစီးကြောင်းတွင် ရေတွေပြည့်လာ၏။
တဖြည်းဖြည်းနှင့် ညဉ့်ငှက်တို့ အော်သံက ကျဲသွားသည်။ မကြာခင် ကျောက်ဆောင်ကြီး ရေထဲမြုပ်သွား၏။ နားနေစရာမရှိသော ညဉ့်ငှက်တို့လည်း ပျံသွားကြလေပြီ။
ညဉ့်ငှက်တို့ အော်မြည်သံ တိတ်သွားသောအခါ သူ စိတ်ပေါ့သွားသည်။ လရောင်ဖြင့် တစ်မျှော်တစ်ခေါ် မြင်နေရသော သောင်ပြင်ကိုသာ စိတ်စောစွာ ငေးမျှော်နေသည်။
ဤလို ဘေးအန္တရာယ်ကင်းချိန်တွင် သူ့သားသမီးများကို ဆင်းသက်လာကြသည်ကို တွေ့လို မြင်လိုနေပေသည်။
တဖြည်းဖြည်းနှင့် ဒီရေသာပြန်ကျသွား၏။ သူ့သားသမီးများကား တစ်ကောင်တစ်မြီးမျှ ပေါ်မလာကြသေး။
ကျောက်ဆောင်ကျောက်တန်းတို့ အလျှိုအလျှို ပြန်ပေါ်လာကြသည်။ လှိုင်းသံတို့ တိုးသွား၏။
လထွက်လာသော အရပ်တွင် ရောင်နီကို စမြင်ရသည်။ ဖြုဖွေးသော လရောင်များ ညှိုးမှိန်သွားသည်။
ကောင်းကင်တွင် သွေးရောင်ရဲရဲတို့ လွှမ်းလာသည်။
သူသည် ရေစပ်သို့ သူ့ကိုယ်ကို ရွှေ့ဆင်းလာ၏။ ရေနှင့် အလှမ်းဝေးသောအရပ်သည် သူ့အတွက် မနေကောင်းသောအရပ် ဖြစ်သည်။ လုံခြုံမှု မရှိသော အန္တရာယ်နေရာဖြစ်သည်။
ထို့ကြောင့် ဒီရေကျသွားရာသို့ သူသည် တရွေ့ရွေ့ နောက်ပြန်ဆုတ်နေရ၏။ ဦးခေါင်းကမူ သူ့ သားသမီးများ ဆင်းလာကြမည့် သောင်ပြင်သို့သာ ငေးမျှော်လျက်။
လရောင်နှင့်မြင်ခဲ့ရသော သဲသောင်သည် နေရောင်နှင့်ပို၍ ရှင်းလင်းပီပြင်လာသည်။
သည်လိုနှင့် ဒီရေသည် တစ်ခေါက် ပြန်တက်စ ပြုလာပြန်၏။ လှိုင်းသံတို့က ပို၍ ကျယ်လောင်လာကြပြန်သည်။
သူ့သားသမီးများကိုကား အစအနပင် မမြင်ရသေး။
သူကား သူ့သားသမီးများ သောင်ပြင်ပေါ်က ဆင်းလာကြမည်ကို ဆက်လက်မျှော်နေဆဲ။
အမှန်ကမူ သူ့ ဥများအားလုံးကို သူ အုချခဲ့သော ညကပင် လူတို့ ဖော်ယူသွားကြပြီဆိုသည်ကို လိပ်မကြီးခမျာ မသိရှာပေ။
[ ငွေတာရီ၊ ဒီဇင်ဘာ၊ ၁၉၈၃ ]
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized