တောက်ထိန်
မိတဆိုးဆင်ပေါက်လေး
“ဝန်ထောက်မင်းနဲ့ တွေ့ပါရစေ၊ တိုင်ပင်စရာရှိလို့ပါ”
တပည့်ကျော် ချောင်းခေါင်း မောင်သစ်က လူတစ်ယောက် သူ့ထံ ရောက်လာပြီး ကျွန်တော်နှင့်တွေ့လိုကြောင်း ခွင့်တောင်းသည်ဟု ပြောပါသည်။ သူ့ကိစ္စကိုမေးတော့ မပြောဘဲ ဝန်မင်းကိုသာတွေ့ပါရစေဟု ခွင့်တောင်းနေကြောင်း ပြောပါသည်
ကျွန်တော်က စဉ်းစားရသည်။ ကျွန်တော်တို့လုပ်ငန်းမှာ တောထဲ တောင်ထဲအနေများသည်။ သစ်ဝါးခုတ်သူများ၊ ဆင်သမား၊ ကျွဲသမားများနှင့် အနီးကပ်လုပ်ကိုင်ရပြီး လုပ်ငန်းသဘာဝအရ သူတို့သည် တောနေ တောစားဖြစ်၍ စရိုက်အနည်းငယ်ကြမ်းတမ်းကြသည်။ တစ်ခါတစ်ရံတော့ သစ်ခိုးခုတ်သူ မသမာသူ စသည်များကိုလည်း တာဝန်အရ ဖမ်းရဆီးရ အရေးယူရတာတွေရှိသည်။
များသောအားဖြင့်တော့ ဝန်ထမ်းကို ပြန်လှန်ရန်မူခြင်းမရှိသော်လည်း မိမိကမသိဘဲ ရန်ငြိုးသို၍ ချောင်းမြောင်းတိုက်ခိုက်တာမျိုးက ရှားသော်လည်း ရှိခဲ့ဖူးသဖြင့် ကျွန်တော်က တပည့်ကျော် ချောင်းခေါင်းမောင်သစ်ကို မေးရပါသည်။
“ဘယ်လိုလူလဲ၊ ဘယ်ကလဲကွ၊ ဘာတိုင်မယ်ထင်သလဲ”
“လူကတော့ ရိုးရိုးပါပဲဆရာ။ သစ်သမားတော့မဟုတ်ဘူး။ ဒီနယ်က သစ်သမားမှန်ရင် ကျွန်တော်အားလုံးသိတယ်။ ဆရာ့ကိုမှ တွေ့ ပြီး လူကိုယ်တိုင် တိုင်ချင်တယ်ဆိုတာက နည်းနည်းထူးတယ်။ ဆရာ နား ထောင်ကြည့်ပါလား”
“ဒါဖြင့် ခေါ်ခဲ့လေကွာ ။ ဪ ဟေ့ကောင် ဓားမြှောင်တွေ ဓားလွယ်တွေ ယူမလာပါစေနဲ့”
သို့နှင့် ထိုသူတို့ကို လက်ခံတွေ့ဆုံပါသည်။
လူကိုတွေ့လိုက်တော့ ငှက်ဖျားဒဏ်ဖြင့် လေပြင်းပြင်းတိုက်လျှင် လဲနိုင်သည့် လူ့ဖလံကလေးဖြစ်သည်။ ဒီလို ဒီဇိုင်းမျိုးကိုတော့ လက်နက်မပါကြေးဆိုလျှင် ကျွန်တော်က ကိုင်ပေါက်နိုင်သည်ဆိုတော့ စိုးရိမ်နေတာတွေ လွင့်ပြယ်သွားပြီး အပေါ်စီးလေသံနှင့်…
“ကဲ ဆိုပါဦးငါ့လူရဲ့။ ဘာတွေများ ပြောစရာရှိလဲ”
“ဒီလိုပါ ဝန်ထောက်မင်း”
သူက အခန်းပတ်လည်ကို ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်ပြီး သူနှင့်ကျွန်တော်နှစ်ယောက်တည်းရှိတာ သေချာမှ လေသံတိုးတိုးအုပ်၍ နှစ်ကိုယ်ကြား သတင်းပေးတိုင်ကြားချက်အတိုချုပ်မှာ…
မနက်ဖြန်နေ့လယ်တွင်( – )ရွာမှ ဆင်ပိုင်ရှင် ဦး( – )ကျွန်တော့်ထံလာပြီး သူပိုင်ဆင်မကြီးမှ ဆင်ကလေးမွေးသည်ဟု မွေးစာရင်းတိုင်လိမ့်မည်ဖြစ်ကြောင်း၊ အမှန်က သူ့ဆင်မကြီးက ပေါက်တာမဟုတ်ဘဲ တောဆင်ရိုင်းကလေးသာ ဖြစ်ကြောင်း၊ မအေနှင့်ကွဲတာလား၊ မအေသေလို့ ထွက်ပြေးလာတာလား မသိရသော်လည်း တောဆင်ကို သူပိုင်ဆင်ဖြစ်အောင် ဆင်မွေးစာရင်းလာတိုင်တာ ဖြစ်ကြောင်းများပြောပါတော့သည်။
ကျွန်တော်တို့၏ သစ်တောဌာနတွင် အသုံးပြုရန် ဌာနက ပိုင်ဆိုင်သည့် ဆင်များအပြင် ပုဂ္ဂလိကပိုင်ဆိုင်သော ဆင်များကိုလည်း ငှားရမ်း အသုံးပြုရသဖြင့် ဆင်သမား၊ သစ်သမားနှင့် သစ်တောဝန်ထမ်းများမှာ လုပ်ငန်းသဘာဝအရ လုံးထွေးနေကြရပါသည်။
ပုဂ္ဂလိကပိုင်ဆင်ဆိုသည်မှာ တောဆင်ရိုင်းများကို ကျုံးသွင်းဖမ်းဆီး၍ ယဉ်ပါးအောင် လေ့ကျင့်မွေးမြူကာ သစ်တောဌာနသို့ ငှားရမ်းခြင်း နဝလီလိုက်ခြင်း (ရှင်လောင်းလှည့်ခြင်း၊ ဘုရားပင့်လှည့်လည်ခြင်းသည်) တို့ဖြင့် ဝင်ငွေရှာကြခြင်း ဖြစ်ပါသည်။
တောဆင်ရိုင်းကို ကျုံးသွင်းဖမ်းဆီးသည့်အခါ သစ်တောဌာနမှ လိုင်စင်ယူ အခွန်အခပေးသွင်းဖမ်းယူကြရခြင်းဖြစ်ပြီး ဖမ်းမိသောဆင်ကို အလုံးအရပ်၊ ဒေါက်ပေ၊ အသွေးအရောင် အားလုံး တိုင်းထွာ၍ ကျသင့်သော အခွန်အခကို ပေးဆောင်ပြီးမှ ထိုဆင်ကို သူပိုင်ဆင်အဖြစ် ခွင့်ပြုသော်လည်း သစ်တောဌာနမှာတော့ စာရင်းသွင်းမှတ်ပုံတင်ထားရသည်သာ ဖြစ်ပါသည်။
ထိုဆင်များက တစ်ခါတစ်ရံ တောဆင်များနှင့် မိတ်လိုက်၍ သားမွေးကြရာတွင် ထိုသို့ သားမွေးကြောင်းကို သစ်တောဌာနမှာပင် မွေးစာရင်းတိုင် မှတ်တမ်းတင်ထားရပါသည်။ သူပိုင်ဆင်မမှ မွေးသည့်ဆင်ကတော့ သစ်တောဌာနမှာ စာရင်းဝင်သော်လည်း သူပိုင်ဆင်ဖြစ်၍ ငှားရမ်းခြင်း ရောင်းချခြင်းမှာ သူ့ဆန္ဒအတိုင်းဖြစ်သည်။
ယခု လာရောက်တိုင်တမ်းသူက သစ်တောဌာနအကျိုး၊ တိုင်းပြည်အကျိုးအတွက် တာဝန်သိသိ သတင်းပေးတိုင်ကြားတာမဟုတ်။ အဝေမတည်လို့ သို့မဟုတ် တစ်ဖက်လူကို မုန်းတီးလို့ တိုင်တာ ဖြစ်သော်လည်း သူ့တိုင်ချက်မှန်လျှင် ကျွန်တော်ကအရေးယူရမည်။ သူ့ကို ချီးကျူးရမည်။
“အေးကွာ၊ မင်းပြောတဲ့အတိုင်း မှန်ရင် ငါအရေးယူပါ့မယ်။ မင်းကိုလည်း ဒီလို တာဝန်သိသိသတင်းပေးလို့ ကျေးဇူးတင်ပါတယ်ကွာ”
“ကိစ္စမရှိပါဘူး ဆရာ။ ကျွန်တော်ပြောသလို မနက်ဖြန်သူတို့လာကြလိမ့်မယ်။ ဆရာက ကျွန်တော်တိုင်တယ်လို့ မပြောပါနဲ့”
ဒီလိုတော့လည်း သူက ကြောက်တတ်သေးသည်။ ဒါမျိုးက သိသွားလျှင် တိုင်သူမှာ အန္တရာယ်ရှိတာအမှန်ဖြစ်၍ ကျွန်တော်တို့က ဘယ်သူတိုင်ပါတယ်ဟု ထုတ်ဖော်ပြောရိုး မရှိပါ။ တစ်ကြောင်းကလည်း ဒီလိုထုတ်ပြောလိုက်လျှင် နောက်ထပ်သတင်းမရတော့ပါ။
“စိတ်ချ… စိတ်ချ၊ နောက်ထပ် သတင်းရရင်လည်းလာပြောနော်။ ကဲ ငါအလုပ်ကလေးတွေ လုပ်လိုက်ဦးမယ်”
သူ လှစ်ခနဲ ပြန်ထွက်သွားတော့မှ တပည့်ကျော်ကိုခေါ်ပြီး အကျိုးအကြောင်းပြောကာ သတင်းမှန် မမှန် တိတ်တဆိတ်စုံစမ်းဖို့ ညွှန်ကြားလိုက်ရသည်။
နောက်တစ်နေ့မှာတော့ ဆင်ပိုင်ဆိုသူနှင့် သူ့အဖွဲ့လာကြပါပေသည်။ ဆင်ပိုင်က ရိုးရိုးကြီးပါပဲ၊လူလည်ပန်ကာပုံပေါက်နေသူ တစ်ယောက်ကသာ ကျေးရွာထွက်လက်ဆောင်တွေနှင့် “ဝန်ထောက်မင်း”ချင်း မိုးမွှန်အောင်ခေါ်ပြီး သူတို့လာရခြင်း ကိစ္စကိုတင်ပြပါသည်။ အတိုချုပ်လိုက်တော့ မနေ့ကတိုင်ချက်နှင့် ကွက်တိပါပဲ။
လွန်ခဲ့သည့် ၂ ပတ်ခန့်က ယခုပါလာသူ ဆင်ပိုင်ရှင် ဦး( – )၏ ဆင်မကြီးမိပုံက ဆင်သားလေးတစ်ကောင် မွေးဖွားကြောင်း၊ အထီးဖြစ်၍ မိခင်ရော ကလေးပါ ကျန်းမာကြပါကြောင်း၊ သူတို့မှာ သစ်တောဌာနသို့ ဆင်များ ငှားရမ်းလုပ်ကိုင်နေတာ ကြာပြီမို့ သိရှိထားပြီး စည်းကမ်းနည်းလမ်းနှင့်အညီ ဝန်ထောက်မင်းတို့ဌာနမှ မှတ်တမ်းတင်နိုင်ရန် ဆင်မွေးစာရင်းလာတိုင်တာဖြစ်ကြောင်း၊ မွေးမွေးချင်း လာမပြောနိုင်တာက ဆင်ကလေးကို ဂရုစိုက်နေရ၍ ဖြစ်ကြောင်း ဤသို့ ဆင်ကလေး၏ လက္ခဏာ အင်္ဂါ ရပ်များ ခန့်မှန်းကိုယ်အလေးချိန်နှင့် ဒေါက်ပေအတိုင်းအထွာဖြင့် ရွှန်းရွှန်းဝေအောင်ပြောပါသည်။
ကျွန်တော်က မနေ့ကတိုင်ချက်ရထားသည့်အပြင် တပည့်ကျော်ကို တိတ်တဆိတ်စုံစမ်းစေပြီး အဖြစ်မှန်ကို ကြိုတင်သိထားပြီမို့ သူပြောတာတွေကို နားထောင်ရင်း ရယ်ချင်နေမိသော်လည်း မျက်နှာကို တည်ကြည်စွာထား၍
“ကဲ… ကဲ ခင်ဗျားတို့ အခုတစ်ခါတည်း အချုပ်ထဲသွားမလား။ အဲဒီ တောဆင်ကလေးကို ပြန်သွားယူပြီး အပ်မှာလား ပြော”
“ဗျာ”
“ဗျာတွေ ဗျက်တွေ လုပ်မနေနဲ့တော့။ အဲဒီဆင်ကလေးမအေက ဆင်စွယ်ခိုးတဲ့အဖွဲ့ သေနတ်နဲ့ပစ်လို့သေပြီ။ ဆင်ကလေးက လန့်ပြေးပြီး ခင်ဗျားတို့ဆီရောက်လာတာ။ အဲဒါတောဆင်ကို အစိုးရကပိုင်တယ်။ အခု ခင်ဗျားတို့လက်ထဲမှာရှိတုန်း တစ်စုံတစ်ခုဖြစ်လို့ သေသွားရင် ခင်ဗျားတို့အားလုံး အရေးယူခံရမယ်။ ဘာမှတ်လဲ”
ကျွန်တော်က ဟုတ်တာ မဟုတ်တာ အပထား၍ ဆင်စွယ်ခိုးတဲ့အဖွဲ့ရော၊ ဆင်မကြီးကို သေနတ်မှန်တာရော ပိုပိုသာသာ ထည့်ပြောလိုက်တော့ ဆင်မွေးစာရင်း လိမ်လည်တိုင်သူအုပ်စု ဖျားသွားကြပါသည်။
(ကျွန်တော်က ရမ်းပြီးတာဖြစ်သော်လည်း ကျွန်တော်ပြောသည့်အတိုင်း ဆင်မကြီးကို ဆင်စွယ်ခိုးဂိုဏ်းက သတ်ဖြတ်တာဖြစ်ကြောင်း၊ ဆင်မွေးစကလေး ထွက်ပြေးလွတ်မြောက်သွားတာမှန်ကြောင်း နောက်ပိုင်းမှ သတင်းရပါသည်။ ဆင်စွယ်ခိုးဖြတ်သည့်အဖွဲ့ကိုလည်း ဖမ်းဆီးရမိခဲ့ပါသည်။)
လူလည်ပန်ကာကြီးကတော့ ဘာသံမျှ မထွက်တော့ပါ။ ဆင်ပိုင်ရှင် အဘိုးကြီးကသာ ထစ်ထစ်အအဖြင့် …
“ဟုတ် … ဟုတ် … ဟုတ်ပါတယ် ဝန်ထောက်မင်း။ ဆင်ပေါက်စကလေး ရောက်လာတော့ ဒါ … ဒါ တောဆင်ကလေးပဲ အစိုးရကို အပ်မယ်ဆိုတာ သူ … သူ … အဲ … အဲ မွေးစာရင်းတိုင်ရင် ရတယ်ဆိုလို့ပါ ခင်ဗျာ”
အဘိုးကြီးက ရိုးရိုးကြီးမို့ ကျွန်တော်ကနောက်ထပ်အာဏာတွေ ပါဝါတွေ မပြတော့ပါ။ အားလုံးပြန်ကြပြီး ဆင်ကလေးကို ဂရုစိုက်ထားဖို့နှင့် တစ်ရက် နှစ်ရက်အတွင်း ဌာနကလာရောက်သိမ်းယူမည့် ဆင်သိမ်းအဖွဲ့ မရောက်မီ ဆင်ကလေးတစ်စုံတစ်ခုဖြစ်လျှင်အရေးယူခံရမည်ဖြစ်ကြောင်း ပြောတော့ သူတို့တစ်တွေ မျက်လုံးပြူးသွားကြသည်။
တောဆင်ကို ကိုယ့်ဆင်လုပ်မိ၍ နှာခေါင်းကျည်ပွေ့တွေ့ကုန်ကြပြီ။ ဒီတော့မှ ကြောက်ရ လန့်ရမှန်း သိပြီး ဆင်သိမ်းယူမည့်အဖွဲ့ကို အမြန်စေလွှတ်ပေးပါဟု တောင်းပန်၍ ပျာပျာသလဲ ပြန်ပြေးကြပါသည်။
ဆင်သားပေါက်ကလေးတွေဆိုတာက မွေးကင်းစလူကလေးလိုပင် အလွန်နုနယ်သည်။ ရောဂါဝင်လွယ်သည်။ ကောက်ကာငင်ကာ သေဆုံးတတ်သည်။ ဒီတော့ သူတို့လက်ထဲမှာရောက်နေသော ဆင်ကလေးက ဆင်သိမ်းအဖွဲ့မရောက်မီ သေဆုံးသွားလျှင် အချောင်တရားခံတွေ ဖြစ်ကုန်တော့မယ် မဟုတ်လား။
ပြန်ပြေးသွားကြသော “ဆင်မွေးလိမ်”အဖွဲ့ကြီးကိုကျွန်တော် သဘောကျစွာ ငေးကြည့်နေပြီးမှ သတိရတော့ ကျွန်တော့်စားပွဲပေါ်မှာ သူတို့ယူလာသည့် လက်ဆောင်ထုပ်ကြီး ကျန်ခဲ့တာတွေ့ရသည်။
“ကဲ… ကဲ တပည့်တို့ တို့ဌာနပိုင်ဆင်ကလေး မွေးလာတဲ့ အထိမ်းအမှတ်နဲ့ ဒါတွေကို အားပေးလိုက်ကြပါဦး”
ကောက်ညှင်းထုပ်တွေ၊ ဆတ်သားခြောက်တွေ၊ ဓနိထန်းလျက်တွေနှင့် ကျွန်တော့်ရုံးအဖွဲ့ လှိုင်ဘောလယ်သွားကြပါသည်။
စားသောက်လို့ပြီးတော့ စေ့စေ့တွေးပြီး ရေးရေးပေါ်လာသည်။
ယခု ဆင်ပေါက်စကလေးကို ကျွန်တော်က ဌာနအတွက် သိမ်းယူရမည်။ စောစောကကပြောခဲ့သည့်အတိုင်း ဆင်ပေါက်စကလေးက နုနုငယ်ငယ်မို့ အကိုင်အတွယ် အမှားမခံ။ သူ့လက်ထဲက ကိုယ့်လက်ထဲရောက်ပြီးမှ အနိစ္စသဘောနှင့် ကိစ္စချောသွားပါက ထုချေလွှာအစောင်စောင်တင်ရမည့်အလားလာရှိသည်။ ပေါ့ဆလို့မဖြစ်။ အလိုလိုနေရင်း ကိုက “ဆင်အဖေကြီး” ဖြစ်လာခဲ့ပြီ။
ထို့ကြောင့် ဆင်အများပိုင်သော သစ်လုပ်ငန်းဌာနမှ အရာရှိ မိတ်ဆွေများနှင့် တိုင်ပင်ရသည်။
ကျွန်တော့်ဌာနမှာက လောလောဆယ် ဆင်ထီးတွေပဲ လုပ်ငန်းသုံးဖို့ ရှိနေသည်။ သူတို့မှာ သားသည်အမေဆင်မတစ်ကောင်ရှိနေသည်။ ဆင်မ၏ သားပေါက်က အကောင်ကြီးပြီး သန်မာနေပြီး ရံဖန်ရံခါ အာသာပြေပို့တာကလွဲလို့ နို့လွတ်နေပြီ။
ငှက်ပျောသီး ငှက်ပျောအူ စသည့် (လူဆိုလျှင် ကလေးဖြည့်စွက်စာ) များ စားနေပြီ။ ထိုဆင်မကို ငှားပြီး ဆင်ကလေးကို မအေအယောင်ဆောင်ဖြင့် သွားယူကြဖို့ စီစဉ်ရသည်။
လောလောဆယ် စုံစမ်းထား၍သိရသမျှ ဆင်ပေါက်စကလေး ပြဿနာမှာ ဆင်ပိုင်ဦး(-)၏ ဆင်မကြီးက ဆင်ကလေးကို အကပ်ခံသော်လည်း နို့မတိုက်၊ နို့စို့မခံဟု ဆိုသည်။
(ဆင်မတွေက ဆင်ကလေးကို တော်ရုံနှင့် အကပ်မခံ၊ ကိုယ့်ကလေးမဟုတ်လျှင် နှာမောင်းနှင့် ရိုက်ထုတ်တတ်သည်။)
တောဆင်ကို အပိုင်စီးရန်ကြံသူများက နို့မှုန်ဖျော်တိုက် နွားနို့ဝယ်တိုက်တော့ ဆင်ကလေးက သောက်သည်ဟု ဆိုပါသည်။ အခြေအနေ သိပ်မဆိုးသည့်သဘော ဖြစ်ပါသည်။
ဆင်မကြီးသေ၍ဖြစ်စေ၊ နို့မထွက်၍ဖြစ်စေ၊ နို့မတိုက်နိုင်သည့်အခါ ဆင်ကလေးသည် နို့ဖျော်တိုက်၍ သူ့ဟာသူသောက်လျှင် အခြေအနေကောင်းသည်။ ထိုသို့ မသောက်တတ်လျှင် ဝါးကျည်တောက်နှင့် အာခံတွင်းထဲ လောင်းချတိုက်ကျွေးရသည်။ ဒါက အခြေအနေသိပ်မကောင်း။
အကောင်းဆုံးကတော့ ဆင်မကြီးနို့ကို တိုက်ရိုက်စို့လျှင် စိတ်အချရဆုံးဖြစ်တော့သည်။ ယခု သူ့ဟာသူ ယူသောက်တတ်သည်ဆိုတော့ စိတ်ချရမှု အလယ်အလတ်ဖြစ်ပါသည်။
သို့သော် ဆင်ကလေးတစ်ကောင် ဝအောင်တိုက်ရသည့်နို့က နည်းနည်းမဟုတ်။ တစ်ခါတိုက် နှစ်ပုလင်း(တစ်ပိဿာနီးပါး) တစ်နေ့ သုံးခါလောက်တိုက်ရတော့ တော်ရုံနှင့် မတတ်နိုင်ပါ။ ဆင်ကလေးတစ်ကောင် အချောင်ရပြီထင်ပြီး နွားနို့တွေ ဝယ်တိုက်ရတော့ နို့ဖိုးကို တော်တော်ကိုထိနေပြီဟု ဆင်ပိုင်ကြီး က ညည်းသည်ဟုဆိုသည်။
(ဒါကြောင့်ပဲ မြန်မြန်လာယူကြပါဟု မှာသွားတာဖြစ်၏)
ထိုနေ့မှာ သက်ဆိုင်သူများနှင့် စီစဉ်၍နောက်တစ်နေ့မှာ သစ်လုပ်ငန်းဌာနပိုင် ဆင်မကြီးနှင့် ဆင်ဦးစီးအဖွဲ့တို့ ဆင်ကလေးရှိရာရွာသို့ ချီတက်သွားကြပါသည်။
ကျွန်တော်ကတော့ ဌာနဆိုင်ရာ အရေးတကြီး အစည်းအဝေး ရှိနေ၍ ကျွန်တော့်လက်ထောက်တောအုပ်ကြီးကို အလုံးစုံမှာကြားပြီး ရင်တထိတ်ထိတ်နှင့် ကျန်ခဲ့ပါသည်။ ထိုရွာက မြို့မှ တစ်နေ့ခရီးသွားရသည်။ ဆင်ထိန်းအဖွဲ့ထွက်သွားပြီး ၅ ရက်မြောက်နေ့တွင်မှ ထိုအဖွဲ့ပါလာသည့် သူတို့အစီရင်ခံ၍ သိရသည်မှာ-
ဆင်အဖွဲ့သည် မြို့မှထွက်သွားပြီး ကြားစခန်းမှာ တစ်ရက်နားကြောင်း၊ နောက်တစ်နေ့ ထိုရွာသို့ အရောက်သွားပြီး ရွာထဲမဝင်ဘဲ ရွာပြင်လှမ်းလှမ်း မှာ စခန်းချနေကြောင်း၊ ထိုနေ့ညမှောင်မှောင် ၁ဝနာရီခန့်မှာ ရွာထဲမှ ဆင်မနှင့် ကလေးကို စခန်းချရာသို့ခေါ်လာပြီး ဆင်ကလေးကို ထိန်းထား၍ ဆင်ပိုင် ကြီး၏ ဆင်မကို မောင်းထုတ်သွားကြောင်း၊ ထို့နောက် သစ်လုပ်ငန်းအဖွဲ့ ဆင်မအနားသို့ ဆင်ကလေးကိုပေးကပ်တော့ ဆင်ကလေးက သူ့လက်ရှိ မိခင်ဆင်မကြီးဟု(အမှောင်ထဲမှာ)ထင်၍ ဆင်မကြီးကိုဝင်ကပ်ကြောင်း၊ ဆင်မကလည်အကပ်ခံရုံမက နို့ကိုပင်ပေးပို့သဖြင့် ထိုနေရာမှ ညတွင်းချင်း အမြန်မောင်းထွက်လာပြီး ကြားစခန်းမှာ ၂ ရက်နားနေ၍ ဆင်မနှင့် ဆင်ကလေး အသားကျအောင် ဆင်ထိန်းများနှင့် ဝိုင်းဝန်းပြုစုပေးကြပြီး ယနေ့ ပြန်ရောက်ကြောင်းတို့ဖြစ်ပါသည်။
ကျွန်တော်ဆင်းကြည့်တော့ ဆင်မနှင့် ဆင်ကလေးကို အဆင်ပြေပြေ တွေ့ရပြီး ဆင်ဆရာဝန်နှင့် စမ်းသပ်၍ ကျန်းမာကြောင်း၊ ဆင်မက သူ့ကို နို့ပေးပို့သော်လည်း သားခွဲတော့မည့် ဆင်မကြီးဖြစ်၍ နို့ကောင်းကောင်းမလိုက်ဟု သိရပါသည်။
ကာလဝိပါက် နောက်ပိုးတက် ဆိုသောစကားက မှန်လှပါသည်။ ကျွန်တော့်မှာ ဆင်ပိုင်ကြီး၏ဝဋ် ချက်ချင်းလည်ပြီ။ ရသမျှ နွားနို့များ ဝယ်၍ ဆင်ကလေးကို တိုက်ရပါတော့သည်။
ဆင်ကလေးနှင့် ပတ်သက်၍ ဌာနဆိုင်ရာလုပ်ဆောင်ဖွယ်ရှိသည်များကို ရေးသွင်းဆောင်ရွက်ပြီး အထက်ဌာနသို့ နို့တိုက်နေသည့် အခြေအနေကိုပါ ထည့်သွင်းအစီရင်ခံရပါသေးသည်။
ဆင်ကလေးက မည်းမည်းလုံးလုံးနှင့် ချစ်စရာလေးမို့ ဝိုင်းအုံကြည့်ရှုပြီး ဟိုဟာကျွေး၊ ဒီဟာကျွေး လုပ်ကြတာကိုလည်း အစားမှား ဝမ်းပျက်မှာစိုး၍ မျက်ခြည်မပြတ် ဟန့်တားရပါသေးသည်။
(တော်ပေါသေးရဲ့။ ငနဲလေးက နို့တိုက်တာကလွဲပြီး တခြားအစာတွေ၊ ကလေးတွေကျွေးသည့် ဘီစကွတ်၊ သကြားလုံး၊ ငှက်ပျောသီး စတာတွေကိုမစားပါ။ မစားတတ်သေးပါ။)
ပထမ ကျွန်တော့်ရုံးမှာ တစ်ရက်ထားပြီး သူနှင့် သင့်လျော်မည့် သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်ခေါင်းထံ သေသေချာချာ အပ်နှံခေါ်ယူသွားစေရသည်။
ကျွန်တော့်တပည့်ကျော် ချောင်းခေါင်းတစ်ယောက်ကို နေ့စဉ်သွားရောက် ကြည့်ရှုစေပြီး ကျွန်တော်ကတော့ နှစ်ရက် တစ်ခေါက်၊ သုံးရက် တစ်ခေါက်လောက် ရောက်သည်။ ကျွန်တော်သွားတိုင်းလည်း နို့မှုန့်ဘူးကြီးတစ်ဘူး ယူယူသွားပြီး ဆင်ထိန်းသို့ အပ်နှံတိုက်ကျွေးစေပါသည်။
နို့မှုန့်ဘူးခွံကိုတော့ ပြန်ပေးဖို့ ပြောရသေးသည်။ မတော် နို့မှုန့်ကို ဘူးလိုက်ရောင်းစားမှာ စိုး၍ ဖြစ်သည်။ နို့မှုန့်ဘူးဆုံးတာက အရေးမကြီး။ နို့မဝလို့ ဆင်ကလေး ဒုက္ခရောက်မှာ စိုးရသည်။ အမှန်တော့ ကျွန်တော်က ကြိုတင်ကာကွယ်ရတာ ဖြစ်သော်လည်း ဆင်နှင့်လုပ်စားရသော ဆင်လုပ်သားများက ဆင်စာကို ခိုးစားလေ့မရှိပါ။
တစ်ဦးဆိုလျှင် သားသည်အမေ သူ့မိန်းမနို့ကိုပင် ညှစ်စေ၍ တိုက်သည်ဟု ဆိုပါသည်။
ဆင်ကလေး၏ ဘဝပေးကုသိုလ်ကြောင့် ထင်သည်။ သူ့ကို မြင်သူတိုင်းက ချစ်ခင်ကြပြီး တတ်နိုင်စွမ်းသူ သစ်လုပ်ငန်းမှ အရာရှိများက နို့မှုန့်ဘူးများ ထောက်ပံ့ကြ၍ ဆင်ပေါက်ကလေးမှာ နွားနို့၊ ကျွဲနို့၊ လူနို့အပြင် နို့မှုန့်ဘူးတွေ ဝေဝေဆာဆာနှင့် ဟန်ကျနေတာတွေ့ရပါသည်။
သူ့နာမည်ကိုတော့ သူ့မှာချစ်မွေးပါတာကို အစွဲပြု၍ “ချစ်မွေး” ဟု ကင်ပွန်းတပ်လိုက်ပါသည်။
ဆင်ကလေးကို နို့မှုန့်ဝယ်တိုက်သည့် ကုန်ကျစရိတ်ကို ဌာနတင်ပြ၍ အထက်လူကြီးများက ခွင့်ပြုသော်လည်း တကယ်ကုန်ကျနေသည်လောက်တော့မရခဲ့ပါ။ ပြီးတော့ ထိုအချိန်က နို့ဆီ၊နို့မှုန့် စသည်တို့မှာခွဲတမ်းပစ္စည်းဖြစ်၍ သတ်မှတ်နှုန်းကိုသာ ခွင့်ပြုသော်လည်း သမဆိုင်မှာပင် ရှားရှား ပါးပါးဖြစ်သော နို့မှုန့်ကို ဆင်သောက်သုံးရန် ရောင်းချမပေးနိုင်ပါ။
လူချင်း ခင်မင်မှုဖြင့် တစ်ဘူးစ နှစ်ဘူးစ ရရှိပြီး နောက်ထပ် မရတော့ပါ။ သူတို့မှာလည်း သူတို့အခက်အခဲနှင့် ဖြစ်ပါသည်။
လူမမည် နို့စို့ကလေး၊ သက်ကြီးရွယ်အို၊ လူမမာ နာလန်ထများက ဦးစားပေးဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့်မှာ တစ်ဖက်နိုင်ငံက မှောင်ခိုဝင်လာသော နို့မှုန့်ဘူးများကို ဝယ်တိုက်ရပါသည်။ အိတ်ထဲက စိုက်ရသော်လည်း “ချစ်မွေး”ကို ကျွန်တော်ကိုယ်တိုင် သံယောဇဉ်ဖြစ်နေပြီမို့ တပည့်များက ဆင်ပါပါကြီးခေါ် တာကို မကြားယောင်ဆောင်ပြီး အိတ်စိုက် လက်စိုက်၊ ချစ်မွေးတစ်ကောင် နို့လွတ်၍ ဖြည့်စွက်အစာစားနိုင်သည်အထိ ဆင်စာနို့မှုန့် ဒါနပြုခဲ့ပါသည်။
တွေ့စက ဒူးသာသာအမြင့်ရှိသော ဆင်ကလေးမှာ ဖြည့်စွက်စာ ငှက်ပျောသီး၊ ငှက်ပျောအူနုကလေးများ စားနိုင်လာတော့ လူကြီးအရပ်၊ ခါးစောင်း သာသာရှိလာပြီး လူတွေ့လျှင် အစာတောင်းစားတတ်လာသည်။
သူအစာတောင်းပုံက ဦးကင်းနှင့်ဝှေ့၍တောင်းခြင်းဖြစ်ရာ ဒီအရွယ်မှာ သူဝှေ့တာကို လူကမခံနိုင်တော့ပါ။ ထို့အပြင် လူယဉ်နေပြီဖြစ်ရာ (ဆင်ထိန်းမိသားစုများတဲထိုးနေရာ ဆင်စခန်း) ရွာကလေးထဲလျှောက်သွားနေပြီး အလုပ်သမားများ၏ တဲတိုင်ကို ခေါင်းနှင့်ဝှေ့၊ နှာမောင်းနှင့်ဆွဲတော့ သူက အစာတောင်းတာဖြစ်သော်လည်း ခပ်နဲ့နဲ့ဆောက်ထားသော တဲက ပြိုတာပြို၊ ယိုင်တာယိုင် ဖြစ်ကုန်၍ “ဆင်အဖေ”ကျွန်တော့်ကို တိုင်ကြားကြပါသည်။
သားသမီးမကောင်း မိဘခေါင်းပေပဲ။ ကျွန်တော်က နှစ်သိမ့်တာ နှစ်သိမ့်၊ လျော်သင့်တာ လျော် လုပ်ပြီးပို၍ဆိုးလာတော့ ကျွန်တော် အထက်ဌာနသို့ စာရေးအစီရင်ခံကာ ဌာနပိုင်ဆင်အဖြစ် ဌာနချုပ်ဆင်စခန်းသို့ ပို့ဆောင်၍ “ချစ်မွေး”ကို ဘိုင့်ဘိုင် တာ့တာ လုပ်ခဲ့ရသည်။
ဆင်အဖေ၏ ကိုယ်တွေ့ဇာတ်လမ်း အမှတ်တရဖြစ်ပါကြောင်း။
– ပြီး –
စာရေးသူ – တောက်ထိန်