August 29, 2025

မိုးညဝင်္ကဘာ

မိုးညဝင်္ကဘာ(စ/ဆုံး)
——————–

သူ့နာမည်က နန္ဒမောင် ။

အဖေက ဋ္ဌာနတစ်ခုရဲ့ ဦးစီးမှုးဖြစ်ပြီး သူ့အဖေတာဝန်ကျရာမြို့ကိုပြောင်းလာရင်း ယုနွယ် ၆ တန်းနှစ်မှာ အိမ်နားပြောင်းရွှေ့ရောက်လာခဲ့ရတဲ့ ရေစက်ပေါ့ ။

အဲ့ဒီ အချိန်တုန်းကတော့ ကျောင်းဆင်းတာနဲ့ကလေးတွေဘဝက လွယ်အိတ်ပစ်ချ လမ်းထိပ်မှာလူစု ဆော့မဲ့အဖော်မျှော်ကြတဲ့ခေတ် ။

အိမ်ရှေ့လမ်းမီးတိုင်အောက် လမ်းထဲကအိမ်နီးနားခြင်း ကလေးတွေလူစုပြီး ထုပ်စည်းတိုးတမ်း ၊ မိကျောင်းရေချိုးတမ်း ၊ ခွေးရူးတိုင်ဦးတမ်း ၊ စိန်ပြေးတမ်း ၊ သက်တန့်လှည့်တမ်း ကစားနည်းကတော့မျိုးစုံ ။
ည ၁၀ နာရီ ၁၁ နာရီထိ မိုးမရွာလို့ကတော့ မိဘတွေအော်ခေါ်မှ လူစုခွဲကြစတမ်း ။

မိုးရွာလည်း လူညီတဲ့နေ့ဆို ယုနွယ်အိမ်ကကျယ်တော့ အိမ်မှာလူစု ဇယ်တောက်တမ်း ၊ စုံမဖွက်တမ်း ၊ လောက်စလုံးပစ်တမ်း ၊ တူတူပုန်းတမ်း ၊ သရဲဖမ်းတမ်း ဆော့ကြသည်မှာ အိမ်ထဲအုန်းအုန်းထ ။

မိဘတွေကလည်းငြူစူတာမရှိ ကလေးတွေ ဘယ်လောက်ကဲကဲ လွှတ်ထားတာမျိုး ။

အဲ့ဒီမှာပဲ အရာရှိသား ပဲများများ ဖြူဖတ်ဖြူလျော် ကောင်လေးပြောင်းစ ယုနွယ်တို့တွေ လမ်းပေါ် အော်ဟစ်ဆော့နေတာကို အားကျတဲ့မျက်လုံးနဲ့အိမ်ဝက ထွက်ထွက်ငေးနေတာ ရက်ကြာလာတော့ ယုနွယ်ကပဲစခေါ်လိုက်ပြီး အဖွဲ့ဝင်တိုးလာတာ ။

အိမ်ကလည်းမျက်စောင်းထိုးသာသာ မိတ်ဆက်တော့မှသူလည်း ၆ တန်း ယုနွယ်လည်း ၆ တန်း အခန်းတော့မတူဘူး ။
ဒီလိုနဲ့ ကျောင်းသွားဖော် နန္ဒမောင် ဆိုတဲ့ သူငယ်ချင်းကို ယုနွယ်ကတော့ နန်ဒယ်မောင် ပဲနာမည်ဖျက်ခေါ်ရင်း အရမ်းရင်းနှီးခင်ခဲ့ကြတယ် ။

ညနေကျောင်းဆင်းချိန်ဆို ဘယ်သူမှမရောက်သေးလည်း လွယ်အိတ်ပစ်ချ အိမ်ကို သူအစောဆုံးရောက်ချလာတတ်သူ ။

တစ်ခါတစ်လေ မောင်နှမများတဲ့ ယုနွယ် အိမ်မှာပဲ ဝေပုံကျဟင်းနဲ့ထမင်းဝင်စားလိုက်သေး ။
ယုနွယ်မိဘတွေကလည်း သူ့ကို လိမ်လိမ်မာမာကလေးမလို့ ချစ်ပေးတာလည်းခံရပါ့ ။

သူ့အိမ်ဟင်းကောင်းချက်ပြီဆိုလည်း ချိုင့်နဲ့ထည့် ယုနွယ်အိမ်သယ်လာပြီး စားကြတာမျိုး ။

၆ တန်းတစ်နှစ်လုံး အိမ်မှာပဲဆော့ အိမ်မှာပဲစတည်းချ အရမ်းကိုခင်ရတဲ့ယောက်ကျားလေးသူငယ်ချင်း ။

၇ တန်းတတ်တဲ့အချိန်မှာတော့ သူ့မှာ ယောက်ကျားလေးသူငယ်ချင်းတွေများလာပြီး ကျောင်းဆင်းချိန် ကျောင်းရှေ့ကဘောလုံးကွင်းထဲ မိုးရွာရွာမှာလူစု ဘောလုံးကန်ကြတယ် ။
ပြီးတာနဲ့ မြစ်ဆိပ်မှာ အုပ်စုလိုက် ရေကူးသင်ကြရင်း ကျွဲတွေလို ရွှံ့လူးနေတာရေစိမ်ခွာကြတယ် ။

ယုနွယ်ဆီ ညနေဆို အစောကြီးအရင်လိုရောက်မလာတော့ဘူး ။

မြစ်ထဲဘောလုံးပေါက်တမ်းကစားကြပြီး မိုးချုပ်မှ ယုနွယ်စိတ်ဆိုးနေမှာဆိုးလို့ ခနလာဆော့ပေးတာမျိုး ။
ယုနွယ်ကလည်းသူလာမဆော့တဲ့နေ့ဆို စိတ်ကောက်ပြီး ကျောင်းကို အတူတူမသွားဘူး ။
သူလိုက်ခေါ်လည်းစကားပြန်မပြောပဲ စိတ်ကောက်ပစ်တယ် ။

အထာသိနေတဲ့ သူက သူ့အဖော်တွေနဲ့လည်းဆော့ ယုနွယ်ဆီလည်း ယုနွယ်အဖော်တွေနဲ့အတူ မပျက်မကွက်လာဆော့ပေးရတယ် ။

ဒီလိုနဲ့ ယုနွယ်နဲ့သူ ၉ တန်းထိ ကျောင်းသွားတူတူ ကျူရှင်သွားတူတူ သံယောဇဉ်လည်းတိုးသထက်တိုးချည်နှောင်မိကြတယ် ။

သစ်ရွက်လှုပ်တာမြင်ရင်ခုန်တတ်တဲ့အရွယ်လို့ခေါ်ကြတဲ့ အရွယ်ဆိုတော့ ဘာရယ်မဟုတ် ဖွင့်မပြောပေမဲ့ ရင်လည်းတိတ်တခိုးခုန်ကြတယ် ။

ကလေးတစ်ပိုင်း လူကြီးတစ်ပိုင်း အရွယ်မှာ အရင်လိုဆော့လားဆိုတော့လည်း အဆော့မပျက် ။
ပိုတိုးလာတာက သူက မတောက်တခေါက် ဂစ်တာလေး တီးတတ်လာတာ ။
သူဂစ်တာတီးတတ်စက ” ကျောင်းဆင်းတဲ့ချိန်မိုးသည်းသည်းမှာ လွယ်အိတ်ပိုက်လို့ကောင်မလေး မိုးမင်းကြီးကို မော့ကြည့်ရင်းနဲ့ငိုမဲ့မဲ့နဲ့မှိုင်တွေငေး ” ဆိုတဲ့သီချင်းလေးကို ပညာရှင်ကြီးလို လာကြွားဆိုပြတာနားထောင်ပြီး နှစ်ယောက်သား ကြည်ကြည်နူးနူး ခံစားလိုက်မိသလိုလို ။

ဒီလိုနဲ့ ကျောင်းဆင်းတိုင်း ယုနွယ်ဆီအမြဲလာတာလည်း မပျက်သလို ဘောလုံးကန်ပြီး သူငယ်ချင်းတွေနဲ့မြစ်ထဲ ရေကူးလဲ မပျက်ခဲ့ဘူး ။

တစ်ရက်မှာတော့…………

ကျောင်းအဆင်းမိုးတွေသည်းသည်းမဲမဲရွာချိန်မှာ အတူပြန်နေကြသူက ယုနွယ်ဆီပြေးလာရင်း

” ငါ့ ကျောင်းလွယ်အိတ်ယူသွားပေးဟာ ”

” သူငယ်ချင်းတွေနဲ့ ဘာလုံးကန်ဖို့ချိန်းထားလ်ို့ ”
” ညကျမှနင့်ဆီစာလာကျက်မယ် ”
” စိတ်ကောက်မနေနဲ့အုန်း ငါဆက်ဆက်လာမှာနော် ”

ပြောပြောဆိုဆိုနဲ့လွယ်အိတ်ကြီးအတင်းထိုးပေးတဲ့သူ့ကို

ယုနွယ်လည်း မျက်စောင်းပြန်ထိုး စူပုပ်ပြလိုက်တယ် ။

” အေးပါ အကဲလွန်ပြီး ငါ့ဆီမလာလို့ကတော့ အသိပဲ ”

” စိတ်ချ ငါ့သူငယ်ချင်းလေးဆီမလာပဲမနေပါဘူး ”
ပြောလဲပြော မျက်စိမှိတ် လျှာထုတ်ပြောင်ပြပြီး ပြေးထွက်သွားတယ် ။

ယုနွယ်မှာသာ မိုးရွာထဲ လွယ်အိတ် ၂ လုံးနဲ့ ။
ကျောင်းနဲ့အိမ်က ၁၀ မိနစ်သာသာ လမ်းလျှောက်တာနဲ့ရောက်လို့သာပေါ့ ။

အဲ့ဒီ့နေ့ မိုးတွေကလည်း မဲသဲနေအောင်ရွာချတဲ့နေ့။

မိုးချုပ်တဲ့ထိ သူငယ်ချင်းလေးကတော့ ရောက်မလာခဲ့ဘူး ။

ကတိပျက်တဲ့သူ့ကို စိတ်ဆိုးဆိုးနဲ့ညအိပ်ယာဝင်တဲ့ထိ ဒေါသကမပြေဘူး ။
သူ့လွယ်အိတ် မနက်ကျောင်းတက်လို့ လာယူမှတွေ့မယ် ။

………………………………………

” ယုနွယ်ရေ ယုနွယ် ”
” တံခါး လာဖွင့်ပေးပါအုန်း ”

မိုးချုပ်မှ ခြံဝက သူ့ခေါ်သံကြောင့် ယုနွယ်လည်း မိုးရွာထဲထီးဆောင်းဆင်းပြီး ကမန်းကတမ်းခြံတံခါးပြေးဖွင့်မလို့လုပ်ခဲ့တယ် ။

မုန်တိုင်းအငယ်စားဝင်နေတာကြောင့် အပြင်မှာလည်း မိုးကသဲသဲမဲမဲ ရွာကောင်းတုန်း ။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမလို့ မိုးများပြီဆို မြစ်ရေက ခြံထဲ လျှံတက်တဲ့ထိ ရေကလဲကြီးတာ ။
ယုနွယ်ခြံရှေ့ လမ်းလေးထိ ရေတွေက လျှံလို့ ။
သူကတော့ ခြံတံခါးအပြင်ဘက်မှာ မိုးရေတွေရွှဲစိုနေတဲ့ကြားက ယုနွယ်နာမည်ကို တကြော်ကြော်အော်ခေါ်နေလေရဲ့ ။
ခုထိ ကျောင်းဝတ်စုံတောင် မလဲရသေးဘူး ။
မိုးရွာကြီးထဲ ထီးလေး ဘာလေးဆောင်းပြီး လာခေါ်တာမဟုတ်ဘူး ။

သစ်သားတံခါးကြားကနေ မြင်နေရတဲ့သူ့တစ်ကိုယ်လုံး မိုးမိထားတာ ရေမွန်းနေတဲ့ ကြွက်စုတ်တစ်ကောင်လို ။

သူက အိမ်ပေါ်ထပ် ယုနွယ်နဲ့သူ စာအတူကျက်တဲ့ နေရာကို မော့ကြည့်ခေါ်နေတာ ယုနွယ်ဆင်းလာတာလဲ မြင်ပုံမရ ။
မိုးမိထားတာကြာလို့လားမသိ သူ့မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူလျော်ကို ဖြစ်လို့ ။

အအေးမိပြီး ဖျားတော့မှာပဲ ပူပင်စိတ်နဲ့ကမန်းကတမ်း သစ်သားခြံတံခါးလေးကို ဖွင့်ပေးမလို့လုပ်နေတုန်း ………

ဖျတ်ခနဲ လန့်နိုးသွားတော့ အိပ်မက် မက်နေတာ ။

အပြင်မှာတော့ မိုးသံလေသံတွေက အုန်းအုန်းထ ရွာကောင်းနေလေရဲ့ ။
နားထဲ ယုနွယ်ရေ ဆိုတဲ့အသံက အိပ်မက်ထဲကြားတာလား အပြင်မှာ တကယ်လာခေါ်တာလား မသဲကွဲ ။
ပြူတင်းတံခါးကို အသာသွားဟ ဖွင့်ကြည့်တော့ အိမ်ရှေ့မီးရောင်အောက်မှာ ခြံရှေ့လမ်းလေးက ယုနွယ်စောစောက အိပ်မက်ထဲ လျှောက်ခဲ့ရသလို ရေတွေကို လျှံလို့ ။
ခြံတံခါးအပြင်ဘက်က လမ်းမီးရောင်အောက်မှာလဲ မိုးစက်တွေကသာ အငြိုးတကြီး အသဲအမဲ အလုအယက် သူ့ထက်ငါ လမ်းမပေါ် အပြိုင် ခုန်ဆင်းနေကြသည် ။
မိုးသံလေသံကလွဲ လူသူအရိပ်အခြေ ဘာမှမရှိ ။

ည ၁၂ နာရီ တိတိပဲ ။

မိုးလင်းလို့ လွယ်အိတ်လာယူရင်တော့ သူ့ကို ယုနွယ်ပြောပြရမည် ။
ညကစိတ်ဆိုးပြီးအိပ်တာ အိပ်မက်ထဲ နင်လာခေါ်သေးဆိုပြီး ။
အဲ့ဒီလိုပြောပြရင် သူကလဲပြုံးပြီး သဘောကျနေမှာ အသေအချာ ။

……………………………………………

မနက်မိုးလင်းအမေစျေးဝယ်ကပြန်လာတော့ မျက်နှာမကောင်းဘူး ။

ပြီးတော့ အဖေနဲ့ပြောနေကြတာက မနေ့ညနေက နန္ဒရေနစ်တဲ့သတင်း မြို့ထဲမှာ ပြောနေကြတာ ။

မြစ်ထဲဘောလုံးပေါက်တမ်းကစားကြ ဘောလုံးဖမ်းကြရင်း သူငယ်ချင်းရေနစ်သွားတာသူကဝင်ကယ်ရာကနေ ၂ ယောက်လုံးနစ်ကြတာ ။
သူ့မိဘတွေဆီလာပြောကြလို့ မနေ့ညနေထဲက ကယ်ဆယ်ရေးတွေခေါ် ရေငုပ်ကျွမ်းကျင်တဲ့သူတွေခေါ်ပြီး ရှာကြပေမဲ့ အလောင်းတောင် မတွေ့တော့ဘူးတဲ့ ။

အဖေနဲ့အမေ ပြောနေကြတာ ကိုနားသာထောင်နေရပေမဲ့ ယုနွယ် မယုံနိုင်ဘူး ။
ဒါပေမဲ့လည်း သူနောက်ဆုံးပေးထားခဲ့တဲ့လွယ်အိတ်လေးကိုအိမ်ကမသိအောင်ဖွက်ထားလိုက်မိတယ် ။

အဲ့ဒီ့အချိန်ကဝမ်းနည်းတဲ့ခံစားချက်က လူက်ိုနောက်ပိုင်းဘဝလက်ကျန်အချိန်တွေထိ အေးစက်ပြီးရှင်လျှက်နဲ့ အသက်မဲ့စေခဲ့တယ် ။

နောက်ဆက်တွဲသတင်းတွေကတော့ အလောင်းတွေ ရှာမရလို့ မြစ်ရိုးတစ်လျှောက်ပဲ့ထောင်တွေနဲ့ပွဲပေးပြီး လိုက်ရှာကြရတယ် ။

သူ့သူငယ်ချင်းရဲ့အလောင်းကိုတော့ ရွာတစ်ရွာမှပေါ်လို့ သွားဆယ်ခဲ့ကြတယ်ကြားပေမဲ့ သူ့အလောင်းကတော့ လုံးဝရှာမရဘူး ။

သူ့မိဘတွေလည်း သားတစ်ယောက်ထဲဆိုတော့ ရင်ထုမနာဖြစ်ခဲ့ကြရတယ် ။
ကိုယ့် မြို့သားဆိုဘယ်တော့မှမစားဘူး တခြားမြို့ကလူတွေသာစားတယ်သတင်းကြီးနေတဲ့ ဝါးခယ်မမြစ်ကိုလည်း မုန်းတီးစိတ်နာသွားကြပုံ ။

အပြောင်းအရွှေ့တင်ပြီး မကြာခင်မှာပဲ ပြောင်းသွားကြတယ် ။

ယုနွယ်ကတော့သူနောက်ဆုံးထားခဲ့တဲ့လွယ်အိတ်လေးအကြောင်း ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး ။

သတိရတိုင်း လွယ်အိတ်လေးအနားထားပြီး သူရှိနေသလိုပဲ ။
ဗလာစာအုပ်ထဲက သူ့လက်ရေးလေးတွေ သူဆွဲထားတဲ့ ခဲပန်းချီလေးတွေကြည့်ပြီး သူအနားရှိသလိုလို ။
ပန်းချီဝါသနာပါတဲ့ သူ ယုနွယ်ပုံတူဆိုပြီး စာကျက်ရင်း မပီမပြင်ဆွဲပေးထားတဲ့ ပုံတွေကြည့် မျက်ရည် အခါခါ ကျမိတယ် ။

တစ်ချို့ကပြောကြတာက သူမသေဘူးတဲ့ ။
တစ်ချို့ကတော့ သူကသိုက်ကလာတာမလို့အလောင်းပြန်မရပဲ ဒီတိုင်းအပြီးခေါ်ထားလိုက်တာမျိုးတဲ့ ။

တစ်ချို့ကတော့ရေစီးနဲ့ ပယ်လယ်ထဲရောက်သွားတာထင်တယ်တဲ့ ။

ထင်ကြေးအမျိုးမျိုးတွေကြား

ဘယ်သူမှမသိတာက ယုနွယ်သူငယ်ချင်းလေးက ညတိုင်း ယုနွယ်ဆီကိုလာခေါ်နေတာ ။
လာခေါ်တိုင်းဝမ်းသာအားရ မိုးရွာထဲအပြေးထွက် ခြံတံခါးဖွင့်ဖို့ကြိုးစားရင်းလန့်နိုးခဲ့ရတာ ။

ခြံပြင်မှာ မိုးရေတွေရွှဲနေတဲ့ သူ့ကို အိမ်ထဲခေါ်ဖို့အရူးတစ်ယောက်လိုကြိုးစားရင်းညည တံခါးထဖွင့်တတ်လာပေမဲ့ ခြံဝက သစ်သားတံခါးမဲကြီးရဲ့ အပြင်ဘက်မှာ မိုးစက်တွေကျနေတာကလွဲ အရာရာက တိတ်ဆိတ်ငြိမ်သက်လို့ ။

ခိုးကြောင်ခိုးဝှက်ညညတံခါးထထဖွင့်အပြင်ကိုခနခနမျှော်ကြည့်တတ်တဲ့ယုနွယ်ကို အမေနဲ့အဖေကသံသယဝင်ပြီး စစ်မေးတော့
သူထားခဲ့တဲ့လွယ်အိတ်ကိုဖွက်ထားရာကနေထုတ်ပေးခဲ့ရသလို သူ့ကတိအတိုင်း ညည မိုးရွာထဲ နာမည်လာခေါ်ပြီးတံခါးဖွင့်ခိုင်းတဲ့အကြောင်းပါ ဖွင့်ပြောပြခဲ့ရတယ် ။

မိဘတွေလည်း ယုနွယ်ကိုစိတ်ပူပြီး ကိုးကွယ်တဲ့ သီလ သမာဓိ ပညာနဲ့ပြည့်စုံတဲ့ဆရာတော်ဆီ ခေါ်သွားအကျိုးအကြောင်းပြောပြကြတယ် ။

ကျန်တာဘာမှမသိပေမဲ့ သူအပ်ခဲ့တဲ့ လွယ်အိတ်လေးကိုဆရာ့တော့်ဆီထားပစ်ခဲ့ရသလို ဆရာတော်ပေးတဲ့အဆောင် ပရိတ်ချည်ကြိုးလေးကို မိဘတွေက လည်ပင်းမှာအမြဲစွဲထားခိုင်းခဲ့တယ် ။

အဲ့ဒီ့ အချိန်ကစလို့ မိုးရွာထဲ လာခေါ်တတ်တဲ့သူငယ်ချင်းလေးလည်း ယုနွယ်အိပ်မက်တွေကနေ ပျောက်ကွယ်ခဲ့ရတယ် ။

ဒါပေမဲ့ နှစ်တွေကြာတဲ့ထိ မိုးတွေအရမ်းရွာပြီဆို ခါးသည်းတဲ့အတိတ်ဆိုးကိုပြန်အမှတ်ရမိပြီး မိုးနဲ့အတူ ငယ်ငယ်ကသူငယ်ချင်းကိုလွမ်းပြီး မျက်ရည်ကျမိတယ် ။

နောက်ပိုင်း အသက်အရွယ်တစ်ခုအရောက်မှာတော့ အိမ်ကဆွဲထားပါဆိုတဲ့ကြားက လူကြီးဖြစ်လာပြီလို့ ခံယူမိတဲ့အတွက် ယုနွယ် ပရိတ်ချည်ကြိုးလေးကို ချွတ်ထားခဲ့လိုက်တယ် ။

နောက်ပြီးတော့လည်း………

နန္ဒဆိုတဲ့ ငယ်သူငယ်ချင်းလေး ယုနွယ်ဆီကို ထပ်လာရှာလေမလားမျှော်လင့်ချက်တိတ်တခိုးနဲ့
မိုးမှောင်ကျပြီး မိုးသည်းတဲ့ညတွေဆို ခုထိ အိမ်ရှေ့ ပြူတင်းတံခါးဖွင့် ခြံဝကိုမျှော်ကြည့်မိတုန်း ။

ပြီးတော့လဲ
ပြီးတော့လဲ
သူမသေဘူးဆိုတာ ယုံကြည်မိနေပေမဲ့………

ခုထိပြုလာသမျှကုသိုလ်အဝဝကို သူ့နာမည်ကိုတီးတိုးရွတ်ဆို ခေါ်ပြီး အမျှပေးဝေနေမိတုန်း ။ ။

ယဉ်ယဉ် ( ရွှေခယ်မြေ )