July 31, 2025

မိုးမခပင်အောက်က မိုးသောက်ယံ

ပုသိမ်ရန်နောင်စိုး
မိုးမခပင်အောက်က မိုးသောက်ယံ

“အဘိုး … အဘိုး … အဘိုး … အဘိုး”

စူးစူးဝါးဝါး ကျယ်ကျယ်လောင်လောင် အော်ဟစ် အဘိုးတလိုက်သည့် အသံကြောင့် ဦးထိပ်သီးတစ်ယောက် သူ့ဘဝ၏ ငယ်စဉ်က အခန်းဆက် တံငါ ဇာတ်လမ်းတွဲများမှာ ရုတ်ခြည်းပင် ပျောက်ကွယ်သွားတော့သည်။

စိတ်တိုသလို ဖြစ်သွားပြီး ငါနှင့်ပင် ကလော်တုတ်ချင်စိတ် ပေါက်သွားသည်။ သို့သော်လည်း ငါနှင့်တုတ် ၊ မအေနှင့် ကိုင်ဆဲရမည့် အရွယ်လည်း မဟုတ်တော့။

အဘိုးဆိုသည့် မမြင်ဖူးသည့် တံငါ တစ္ဆေအိုကြီးကို မိမိတို့ မိသားစုလောက်သာ အဘိုးမတခဲ့၊ ယုံကြည်ခြင်းလည်း လုံးဝမရှိ။ သို့သော် တံငါ တစ်ရာမှာ ကိုးဆယ့်ကိုးယောက်ကတော့ လက်ခံ ယုံကြည် ကိုးကွယ်ခဲ့ကြသည်။

ငါးသလောက်ပိုက် မပစ်ခင် လက်နားဖော့သီးကို ရေထဲသို့ ပစ်လိုက်သည်နှင့် အဘိုးကို အော်ဟစ်ပြီး တ, ကြသည်။ ချောင်းထဲဆင်းသည့် တံငါတိုင်းလိုလို အဘိုး တ, ကြသည်။

အဘိုးက နားလေးသည်။ ထို့ကြောင့် ကျယ်ကျယ် လောင်လောင် အော်ရသည်ဟု ယုံကြည်နေကြသည်။ အဘိုးကို အော်ဟစ်တ, လိုက်ပါက ငါးများများရသည်၊ အန္တရာယ်ကင်းသည်ဟုလည်း အယူရှိကြသည်။

အဖေကတော့ ပြောခဲ့ဖူးသည်။

“သင်္ချိုင်းကုန်းရောက်နေတဲ့ ကိုယ့်အဘွားကို နောက်လင်ပေးစားချင်လို့ သရဲကြီးကို အဘိုး … အဘိုးနဲ့ အော်ခေါ်ပြီး တ, နေတာကွ”

လို့ သရော်ခဲ့၊ လှောင်ခဲ့၊ ပြောင်ခဲ့သည်။

ထို့ကြောင့် အစ်ကို ဒိတ်ကြီးလည်း အဘိုးကို မတခဲ့၊ အစ်ကိုလေး ဘိတ်ကြီးလည်း အဘိုးကို မတခဲ့၊ ဦးထိပ်သီးကတော့ အဘိုးတဖို့ ဝေလာဝေး၊ အဘိုးတ သူများကိုပင် ပြောင်လှောင်သရော်ခဲ့သည်။

အနောက်ရိုးမကြီး တစ်ဘက်သို့ ပုန်းကွယ်ဖို့ ဟန်ပြင် နေသည့် ဖိုးလမင်း၏ အလင်းရောင်ကြောင့် ငဝန်မြစ်ရေပြင်မှာ ငွေပြားငွေစတွေ ဖဲ့ခြွေချထားသည့်ပမာ တဖိတ်ဖိတ် တလက်လက် တောက်ပနေသည်။

ရေစီးအရှိန်လည်း ပျော့လာပြီ။ နောက်တစ်နာရီလောက်ဆို ရေပြည့်တော့မည်။

ညဦးပိုင်း ရေစစ်မှာ တန်းကြိုးဖော်ကြည့်တော့ ဘာငါးမှ မမိ။ အစာလည်း မကုန်၊ ငါးမျှား အခွင်တိုင်းမှာပင် ငါးမြွေထိုး အရှင်တွေက သည်အတိုင်း။ ယခု ရေပြည့်တော့မည်။ ရေပြည့်ပါက တန်းကြိုးကို အပြီးဖော်ရမည်။

သည်အချိန် သည်ရာသီက ငါးကြီး တန်းချသည့် ရာသီတော့ မဟုတ်၊ ငါးကြီး အရနည်းသည့်ရာသီ။

သူ၏ဇနီး ဒေါ်ပိုးဥက အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်သည့် သူ့ကို တံငါအလုပ် မလုပ်စေချင်။ မလုပ်ဘဲနေနိုင်သည့် အခြေအနေမှာလည်း ရှိသည်။

နေ့ပြန်တိုးပေးပြီး စားမလား၊ လတိုးပေးပြီး စားမလား၊ ငွေရှိနေတော့ ဘာဘဲလုပ်လုပ် အဆင်ပြေသည်။

သူ့ဇနီး ဒေါ်ပိုးဥက သူ့ကို ရှစ်ရက်၊ လပြည့် လကွယ် ဥပုသ်ဆောက်တည်စေလိုသည်။ သူလည်း ဥပုသ် စောင့်မည်ဟု ဆိုသည်။ အလုပ်မရှိ မနေတတ်သည့် ဒေါ်ပိုးဥက အိမ်ရှေ့မှာ မုန့်ဟင်းခါးဆိုင်လေး တည်ထားမည်ဟု ဆိုသည်။

တံငါတို့၏ ဗီဇ ဝါသနာဆိုသည်မှာ စွန့်လွှတ်ရ ခက်ခဲသားကလား။

ဦးထိပ်သီးအဖေ ဦးကုလားကြီးမှာ တကယ့်တံငါကြီး ဖြစ်သော်လည်း တံငါဘဝကို အပြီးအပိုင် စွန့်လွှတ်လိုက်သည်နှင့် နေ့စဉ်ရက်ဆက် ဥပုသ်စောင့်သည်။ တရားထိုင်သည်။ နောက်ဆုံး ထွက်သက်အချိန်ထိ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို စွဲမြဲစွာ ဆည်းကပ်ကိုးကွယ်သွားခဲ့သည်။

မိမိလည်း အဖေထွင်ခဲ့သည့် ဖြောင့်တန်းသော ဗုဒ္ဓ ဘာသာဝင်တို့၏ လမ်းကို လျှောက်လှမ်းသွားရန် ဆုံးဖြတ်ချက် ချခဲ့ပြီးဖြစ်သည်။

သည်နေ့နံနက် တန်ဆောင်မုန်းလဆန်း တစ်ဆယ့် သုံးရက်၊ သူ့ချစ်ဇနီး ဒေါ်ပိုးဥနှင့် စတင်တွေ့ကြသည့် နံနက်ခင်း။

မင်္ဂလာအပေါင်းနှင့် ခညောင်းသည့်နေ့၊ သူ့အသက်လည်း ငါးဆယ်တင်းတင်းပြည့်သည့်နေ့။

သည်နေ့သည် သူ၏ တံငါဘဝကို အပြီးတိုင် စွန့်လွှတ်သည့်နေ့လည်း ဖြစ်ရမည်။ ဗုဒ္ဓ ဘာသာဝင်တစ်ဦးအနေနှင့် တံငါဘဝဖြင့် မသေလို၊ အဆုံး မသတ်လို။

ယခု ရေပြည့်သည်နှင့် ငါးကြီးတန်းကို ဖော်မည်။ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တန်းကြိုးဖော်ပြီးလျှင်တော့ သူ၏ တံငါဘဝ နိဂုံးကမ္ပတ် အဆုံးသတ်ပြီဟု ဦးထိပ်သီး အပြီးအပိုင် ဆုံးဖြတ်လိုက်တော့သည်။

ငါးကြီးတန်းကို တံငါတိုင်း မချတတ်။ ချသည့် တံငါတိုင်းလည်း မရ။ တွေ့ရာကြုံရာ ရေပြင်အောက်သို့ ငါးကြီးတန်း ချတိုင်းလည်း ရသည်မဟုတ်။

ငါးမြင်း၊ ငါးတန်၊ ငါးထွေ၊ ငါးကျောင်း၊ ငါးရွေး၊ ကသပေါင်းဆိုသည့် ငါးကြီးများမှာ သူ့နေရာနှင့်သူ ခိုအောင်းနေတတ်ကြသည်။ သူတို့ ခိုအောင်းနေတတ်သည့် နေရာများကိုလည်း သိထားဖို့လိုမည်။ သူတို့ ကြိုက်တတ်သည့် အစာ၊ သူတို့ အစာထွက်စားသည့် အချိန်တွေကိုပါ သိထားရမည်။

ငါးကြီးတွေထဲမှာတော့ ငါးမြင်းနှင့် ငါးတန်က တန်ဖိုး အမြင့်ဆုံး၊ ငါးထွေ၊ ငါးကျောင်းတို့က ဒုတိယတန်းစား၊ ကသပေါင်းနှင့် ငါးရွေးကတော့ လူတိုင်းလည်း မစား ဈေးကောင်းလည်း မရ၊။ သို့သော်လည်း အကောင်ကြီးလေတော့ အချိန်စီးသည်။ ဈေးမကောင်းပေမယ့် တွက်ချေတော့ အကိုက်သား။

တန်ခူး၊ ကဆုန်ကနေ နယုန်၊ ဝါဆိုအထိ ငါးကြီးတန်းမှာ ငါးမြင်း အရဆုံးအချိန်ပင် ဖြစ်သည်။

ငါးမြင်းဝပ်သည့် ခိုအောင်းနေတတ်သည့် နေရာများကတော့ ရေနက်ပိုင်း ကျောက်ကလိုင်၊ ဝဲပြန်လို နေရာမျိုးမှာ ခိုအောင်းနေတတ်သလို ရေအောက်သို့ ရောက်နေတတ်သည့် သစ်ကျ၊ ကျောက်ဂလိုင်၊ ဝဲပြန်၊ သင်္ဘောပျက်၊ တုံကင်းပျက်တွေအောက်မှာလည်း ဝပ်ကျင်းခတ်ကာ ခိုအောင်းနေတတ်သည်။

တန်ခူး၊ ကဆုန် လမျိုးမှာ ငါးမြင်းများ ရေပေါ်တက်ပြီး မကြာခဏ ပွက်တတ်သည်ကို အစာတက်စားသည်ဟု ဆိုကြသည်။ တစ်ခါတစ်ရံ ကျွမ်းထိုးသွားသည်ကိုပင် ငါးတစ်ကိုယ်လုံးကိုပါ တွေ့မြင်ရသည်။

အမှန်က အစာထွက်စားခြင်းကား မဟုတ်။ ရေပိုးတွေ ကိုက်လွန်း၍ မခံနိုင်တော့သဖြင့် ဝပ်ကျင်းမှ ပြေးထွက်လာပြီး ခုန်ပေါက်ကာ ရေပိုးတွေကို ခါထုတ်နေခြင်းသာ ဖြစ်သည်။ ထိုအချိန်ရသည့် ငါးမြင်းများမှာ များသောအားဖြင့် ရေပိုးကိုက်ထားသည့် အနာကွက်များကို တွေ့ရတတ်သည်။

ရေငန်ဝင်လာချိန်မို့ ရေပိုးတွေပါလာခြင်းဖြစ်ရာ ညနေစောင်း နေဝင်ချိန် ငဝန်မြစ်ထဲ ရေဆင်းချိုးလျှင် လူကိုပါ ရေပိုးတွေက တစစ်စစ်နှင့် ကိုက်တတ်သည်။ ရေထဲဝပ်နေသည့် ငါးကြီးတွေဆိုတော့ ရေပိုးတွေက မဲပြီးသာ တွယ်တော့သည်။

ရေပိုးဆိုသည်မှာ ကြီးကြီးမားမားမဟုတ်၊ ငရုတ်ကောင်းလောက်သာ ရှိပြီး ဖြူဖြူပြားပြားလေး။ သူကိုက်တော့လည်း တစစ်စစ်နှင့် အနာသား။ အချိန်မရွေး ရာသီမရွေး ကိုက်သည်တော့ မဟုတ်။ ရေငန် ဝင်လာချိန်မှာသာ ကိုက်လေ့ရှိသည်။

ငါးကြီးတွေက ငါးကလေးတွေလို နေ့ရော ညပါ ဒလနှံ့စပ် ကူးခတ်ပြီး အစာကို ရှာဖွေစားသောက်သည့် အကျင့်မရှိ။ အနေလည်း ကျစ်လျစ်သည်။ သူ့သဘာဝအလျောက် ရန်သူကို ရှောင်ကွင်းဖို့ အသိက သူ့မှာ ရှိနေပြီးသား။

နေ့ဘက်တွေမှာ ပိုက်သမားတွေ၊ ငါးမျှားတန်းသမားတွေ၊ ကွန်သမားတွေ၊ ကော်ထိုးသမားတွေနှင့် ရှုပ်ထွေးပွေလီနေသည်ကို သူတို့ ကြောက်သည်။ ထို့ကြောင့် ဝပ်ကျင်းကောင်းကောင်းမှာ နေ့ဘက် ဝပ်နေကြခြင်း ဖြစ်သည်။

သူတို့ ပါးစပ်နားသို့ ရောက်လာသည့် အစာကို စားမိ၍သာ တံငါများလက်သို့ ပါသွားရသည်။ မဟုတ်လို့ကတော့ သူတို့ကို ရဖို့မလွယ်။

သူတို့ ကြိုက်တတ်သည့်အစာမှာ ငါးမြွေထိုးနှင့် ငါးတီပင် ဖြစ်သည်။ နှစ်မျိုးစလုံး အညှီကြီးသည်။ အညှီကြီးတော့ ငါးကြီးတွေက တခြားအစာတွေထက် ပိုပြီးကြိုက်သည်။ သို့သော် ငါးစာ အသေကိုတော့ သူတို့မကြိုက်။ ရေထဲမှာ လန်းလန်း လန်းလန်းနှင့် ကူးခတ်နေသည့် အစာကိုမှ ပိုပြီး နှစ်သက်ကြသည်။

ငါမြွေထိုးနှင့် ငါးတီတို့မှာ ရွှံ့နွံထဲ တိုးဝင်နေသည့် ငါးမျိုး ဖြစ်သောကြောင့် အသက်လည်း ပြင်းသည်။ သူတို့ ခါးကို ငါးမျှားချိတ် ချိတ်ထားသော်လည်း ရေအောက်မှာ နှစ်ရက် သုံးရက် အသက်ရှင်ပြီး နေနိုင်ကြသဖြင့် တံငါတွေက ငါးကြီးတန်းအစာအဖြစ် အညှီကြီးပြီး အသက်ပြင်းသည့် ငါးမြွေထိုးနှင့် ငါးတီကိုသာ သုံးကြသည်။

မိုးဦးကျ ငါးတီနှင့် ငါးပေါက်ကလေးများ ဆင်းလာချိန်မှာ ငါးကြီးတွေက ငါးတီနှင့် ငါးသားပေါက်လေးတွေကို ရေကြောင်းကနေ စောင့်ပြီး စားနေသောကြောင့် ငါးကြီးတန်း ချ၍မရ။ တန်းကြိုးက အစာကိုလည်း ဂရုမစိုက်တော့။ ငါးသားပေါက်ဆင်းချိန် ကုန်ဆုံးသွားမှ ငါးကြီးတန်းချလို့ ပြန်ပြီးရသည်။

ငါးကြီးတွေ၏ သဘာဝမှာ ရေပြည့်ချိန်၊ ရေစစ်ချိန်၊ ရေငြိမ်နေသည့် အချိန်တွေမှာသာ ဝပ်ကျင်းကနေ ထွက်လာပြီး အစာကို ရှာဖွေစားသောက်ကြသည်။ ဆာဆာနှင့်ပင် တွေ့ရှိသမျှ ငါးပုစွန်တို့ကို မလွတ်တမ်း ဖမ်းပြီး စားတတ်ကြသည်။

ဒါကို ဝါရင့် သမ္ဘာရင့် တံငါကြီးတွေက သိထားကြသည်။ ထို့ကြောင့် တန်းကြိုးများကို နေရာတကာမှာ မချ၊ သစ်ကျ၊ ကျောက်ဂလိုင်၊ ဝဲပြန်၊ သင်္ဘောပျက်၊ တုံကင်းပျက် နေရာများ ကိုသာ ရွေးပြီး တန်းကြိုးကို ချသည်။ တန်းကြိုးပြတ်တတ် ဆုံးတတ်သော်လည်း ငါးရရှိရေးအတွက် ထောင်မြင် ရာစွန့် လုပ်တတ်ကြသည်။

ငါးကြီးတို့ မည်သည်မှာ ရေအောက် နွံပြောင်သလင်းမှာ ဘယ်သောအခါမှ မနေ။ သူတို့၏ ရန်သူ တံငါများ အလွယ်တကူ ရှာဖွေမတွေ့နိုင်သည့် နေရာတွေမှာသာ ဝပ်ကျင်းခတ် ခိုအောင်းနေတတ်ကြသည်။ သူတို့မှာလည်း သဘာဝက ပေးထားသည့်အသိ ပေါက်ဖွားလာကတည်းက ပါလာကြသည်။

ကြက်ငယ်ကလေးတွေပင် ကြက်မကြီးက ကတော်ပြီး အသံပေးလိုက်ပါက သစ်ရွက်ကြား၊ ချုံကြားထဲသို့ တိုးဝင်ပုန်းခိုနေတတ်ကြသည်။ အသိဉာဏ်အမြင့်ဆုံးလူပင် ရှာဖွေ၍ မတွေ့နိုင်။

ထို့အတူ ခွေးငယ်၊ ဝက်ငယ်၊ ကြွက်ငယ်လေးတွေကို ရေထဲပစ်ချကြည့်၊ မည်သူမှ လေ့ကျင့်သင်ကြားပေး မထားဘဲနှင့် ရေကူးတက်ကြသည်မှာ တိရစ္ဆာန်တို့၏ မွေးရာပါ ဗီဇ သဘာဝပင်ဖြစ်သည်။

တန်းကြိုးမှာ ငါးကြီး မိနေတိုင်း ငါးကြီးရပြီဟု ကံသေကံမ တွက်ထားလို့ မရသေး။ မိမိလှေပေါ်သို့အရောက် ငါးကြီးကို တင်နိုင်မှ ကျိန်းသေဟု ပြောနိုင်သည်။

ရေထဲမှာ ငါးမျှားကြိုးတန်းလန်းနှင့် ငါးကြီးမိနေပေမယ့် ကိုယ့်ငါး မဟုတ်သေး။

XXX XXX XXX

သည်တော့ သူ့အဖေ ဦးကုလားကြီး၏ အဖြစ်က ဦးထိပ်သီး မျက်စိထဲမှာ အရိပ်ပမာ ထင်ဟပ်လာခဲ့ပြန်သည်။

ထိုစဉ်အခါက ဦးထိပ်သီးမှာ ခပ်ငယ်ငယ် ကျောင်းသားအရွယ်၊ အစ်ကိုကြီး ဒိတ်ကြီးက လူပျို၊ အစ်ကိုလေး ဘိတ်ကြီးက လူပျိုပေါက်၊ အဖေ ငါးသလောက်နှင့် ဘူးမျှောရာမှာ ခန့်မှန်း အချိန် နှစ်ဆယ်လောက် ငါးမြင်းကြီးတစ်ကောင် မိသည်။

ငါးမြင်းကြီးက တံငါတွေ လက်ထဲကနေ လွတ်ခဲ့ဖူးဟန် တူသည်။ ဘူးကြိုးကို တင်းတင်းအဆွဲမခံ။ ဆောင့်၍ ဆောင့်၍သာ ရုန်းနေသည်။ ဘူးကြိုးကိုလည်း တောင့်တောင့်ကြီး တင်းမထားရဲသေး။ ထောင်းခနဲ ဘူးကြိုး ပြတ်သွားပါက ငါးမြင်းကြီး လွတ်ထွက်သွားမှာကိုလည်း စိုးရိမ်နေရသည်။
သို့ကြောင့် ငါးမြင်းကြီး ဆောင့်ရုန်းသည့်အခါ ဘူးကြိုးကို လျှော့ပေး၊ ငါးမြင်းကြီး မောလောက်ရှိတော့မှ ဘူးကြိုးကို တဖြည်းဖြည်း ပြန်ဆွဲနှင့် မြစ်လယ်မှာ လှေတစ်စင်းနှင့် အဖေတစ်ယောက် အစုန်အဆန်မျောနေသည်မှာ တစ်နာရီလောက်ရှိနေပြီဟု ဆိုသည်။

မိုးလင်းလာတော့ အဖေက သားတွေကို အော်ခေါ်သည်။ မှိန်းပါ ယူလာခဲ့ဖို့လည်း ပြောသည်။

ထိပ်သီးကတော့ ကမ်းဘေးမှာ ရပ်ပြီး ကြည့်နေသည်။ ဒိတ်ကြီးနှင့် ဘိတ်ကြီးတို့က လှေနှင့် ရေလယ်သို့ ထွက်သည်။

ဘိတ်ကြီးက လှေကို လှော်ပြီး ဒိတ်ကြီးက မှိန်းကို ကိုင်ကာ လှေဦးကနေ အသင့်အနေအထားနှင့် ရှိနေပြီ။

အဖေက …

“ငါးဆွဲထားတဲ့ ဘူးကြိုးအဖျားကို လှေကပ်နိုင်သမျှ ကပ်ထား၊ ငါးပေါ်လာတာနဲ့ ဘို့အောက်ကို မိမိရရထိုး။ သောက်ရမ်းမလုပ်နဲ့”

ဟု ဒိတ်ကြီးကို သတိပေးနေသည်။

အချိန်ကြာကြာ ရုန်းကန်နေရသောကြောင့် ငါးကြီးလည်း မောဟိုက်နေဟန်တူသည်။ ကြမ်းကြမ်းတမ်းတမ်း မရုန်းနိုင်တော့။ သို့သော်လည်း ငါးကြီးဆွဲပြေးရာနောက်သို့ အဖေ့လှေကတော့ တရွေ့ရွေ့မျောပါနေသည်။

ဒိတ်ကြီးနှင့် ဘိတ်ကြီးတို့လည်း ငါးကြီး ဆွဲသွားနေသည့် ဘူးကြိုးအဖျားသို့ လှေနှင့် ကပ်မိနေပြီ။

ထိပ်သီးအပါအဝင် ကမ်းဘေးရှိ ပရိသတ်တွေကလည်း ရင်သပ်ရှုမော အလုအယက် တိုးဝှေ့ ကြည့်နေကြသည်မှာ ပွဲတော်ကြီးတမျှ စည်ကားနေပါသည်။ နောက်မှ အပြေးရောက်လာကြသည့် လူငယ်တွေက သစ်ပင်တွေပေါ်သို့ အပြေးတက်ပြီး ကြည့်ကြသည်။

ထိုအချိန်မှာပင် ငါးမြင်းကြီးက ဒိတ်ကြီးရှေ့ လက်လံ သုံးလံကွာလောက်မှာ ငေါခနဲ ထိုးပြီးပေါ်လာသည်နှင့် အဖေက “ထိုး” ဟု အမိန့်ပေးသည်။ ဒိတ်ကြီးကလည်း အားကုန် မောင်းကုန် ထိုးထည့်လိုက်သည်။

သို့သော်လည်း ငါးကြီးကို မထိ၊ ကြိုးကိုသာ ထိပြီး ထိုးဖြတ်လိုက်သလို ဖြစ်သွားကာ ငါးကြီးက တစ်ပတ်ကျွမ်းထိုးပြီး တာ့တာ့ဘိုင့်ဘိုင်လုပ်ရင်း ရေအောက်သို့ ငုပ်လျှိုးပျောက်ကွယ်သွားလေတော့သည်။

ကမ်းဘေးကနေ အသည်းတထိတ်ထိတ် ရင်တဖိုဖိုနှင့် ကြည့်နေကြသည့် ပရိသတ်ကြီးထံမှ “ဟာ” ခနဲ အသံပြိုင်တူ ထွက်လာသလို …

“တောက် … ဒီမအေရိုး လုပ်လိုက်ရင် သောက်တလွဲကြီးဘဲ”

ဟု အဖေက ဆဲလိုက်ရင်း ဒေါသထွက်ထွက်နှင့် လှေဧရာပြင်ကို လှော်တက်ရိုးနှင့် ဆောင့်လိုက်ရာ ဧရာပြင် ကွာထွက်သွားပြီး လှေထဲသို့ ရေတွေ တဗွမ်းဗွမ်းနှင့် ထိုးဝင်လာတော့သည်။ လှေလည်း တဖြည်းဖြည်းနှင့် နစ်မြုပ်လာသည်။

“ဟေ့ …. ကောင်နှစ်ကောင် မင်းအဖေကို မြန်မြန်ဆယ်”

ကမ်းဘေးမှ ကြည့်နေသည့် ဦးသာဝက လှမ်းအော် သည်။ ဒိတ်ကြီးနှင့် ဘိတ်ကြီးတို့မှာ အပြစ်ရှိနေသူများမို့ အဖေ့ လှေအနီးသို့ ရုတ်ခြည်း မကပ်ရဲသေး။ နောက်မှ ပဲ့ကိုင် ဘိတ်ကြီးက အဖေ့လှေနှင့် ဘေးချင်းယှဉ်ပြီး နှစ်ယောက်သား အဖေ့ကိုတွဲပြီး သူတို့လှေပေါ်သို့ တင်သည်။

ဒါတောင် ဒေါသနှင့် အဖေက ရုန်းကန်နေသေးသည်။ ညီအစ်ကို နှစ်ယောက် အတင်းဆွဲတင်တော့မှ သူတို့လှေပေါ်သို့ အဖေ ရောက်သည်။

ကမ်းနားစပ်သို့ လှေဆိုက် ဆိုက်ချင်း အဖေက ဒိတ်ကြီးကို လှော်တက်နှင့် လှမ်းရိုက်သည်။ ဒိတ်ကြီး အရှောင်ကောင်း၍ မထိ၊ ဒိတ်ကြီး ထွက်ပြေးရာ နောက်သို့ အဖေလိုက်ပြီး ရိုက်သည်။ ဒိတ်ကြီးက ရှေ့မှ ပြေး၊ အဖေက နောက်ကနေ လှော်တက်နှင့် လိုက်၊ ရွာထဲမှာ ဖုန်တထောင်းထောင်း ခွေးတစီစီနှင့် ကြက်တွေ ဝက်တွေလည်း လန့်ပြေး အုတ်အော်သောင်းတင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည်။

ဦးသာဝတို့ ဦးတာတေတို့ ဝိုင်းဝန်းဆွဲလွဲ ဖျောင်းဖျတော့မှ အဖေ ငြိမ်သည်။ ဒါတောင်မှ တက်တခေါက်ခေါက် အံတကြိတ်ကြိတ် ဖြစ်နေသေးသည်။ ဒိတ်ကြီးလည်း ခုနစ်ရက်လောက် အိမ်သို့ ပြန်မကပ်ရဲ။

အမှန်က ပါးဟက်တစ်ဘက်ပါသည့် တစ်လုံးမှိန်းနှင့်သာ ငါးကြီးကို ထိုးရမည်။ ထိုးမှိန်းက အဖေ့ဆီမှာ၊ အိမ်မှာ မှိန်းအပို ရှိနေသော်လည်း အူယားဖားယားနှင့် ဆွဲမိ ဆွဲရာ နှစ်ခွမှိန်းကြီးကို ဆွဲယူလာပြီး ငါးမြင်းကြီးကို ထိုးထည့်လိုက်တော့ ကြံကြံဖန်ဖန် မှိန်းနှစ်ခွကြားထဲသို့ ငါးမြင်းကြီးပါးစပ်မှာ တန်းလန်းဖြစ်နေသော ဘူးကြိုးကို ခွပြီး ထိုးဖြတ်လိုက်သလို ဖြစ်သွားလေတော့သည်။

“တံငါ ငါးမြင်ရင် ဆွေမှန်း မျိုးမှန်းမသိ”

ဆိုသည့် ရှေးလူဟောင်းတွေ၏စကား မှန်များနေပြီလား မသိ။

ဟုတ်သည်လေ . . . သားကြီးကို အဖေက ရွာရိုးကိုးပေါက် လျှောက်ပြီး လှော်တက်နှင့် လိုက်ရိုက်သည့် အဖြစ်ကိုသာ ကြည့်၊ ရယ်စရာဖြစ်နေသော်လည်း ထိုစဉ်က ထိပ်သီးမရယ်ရဲ၊ ခုမှ ပြုံးဖြစ်တော့သည်။

“တုံ … တုံ … တုံ တုံတုံတုံတုံတုံတုံ”

“တုံတုံ … တုံတုံ”

သပြေပင် ဘုန်းတော်ကြီးကျောင်းက အုံးမောင်းနှိုးသံနှင့် လေးချက်ထိုးသံက ဦးထိပ်သီးကို ငါးကြီးတန်းဖော်ရန် သတိပေးနေပါသည်။

ရေလည်းပြည့်ပြီ။ ရေက ငွေ့ငွေ့လေးသာ စီးနေတော့ သည်။

ငဝန်မြစ်ပြင်သည် အနောက်ဘက်သို့ စောင်းငဲ့နေသည့် လရောင်အောက်မှာ ငွေရောင်တွေ ဖွေးဖွေးလက်လက် တောက်ပနေပြီး အရုဏ်ဦး၏ အလှကို ခြယ်သထားသလိုပင် ဖြစ်နေပါတော့သည်။

ဦးထိပ်သီးတစ်ယောက် လှေဦးပိုင်းမှာ ပက်လက်လှန် မှိန်းနေရာမှ ထလိုက်သည်။ လှော်တက်ကို လှမ်းသူလိုက်ပြီး ကျောက်ကြိုးကို ဖြည်းဖြည်းဆွဲကာ ဖော်သည်။

သည်ရာသီက ကံသေကံမ ငါးကြီးရမည်ဟု တွက်ဆ ထားလို့ မဖြစ်သည့်ရာသီ။

XXX XXX XXX

တန်းကြိုးကို တိုက်ကျောက်နှင့် တိုက်နေစရာမလို။ လက်နားတန်းကြိုးကို ကျောက်ကြိုးနှင့်တွဲပြီး ချည်ထားသောကြောင့် ကျောက်ကြိုးကို ဆွဲဖော်လိုက်သည်နှင့် တန်းကြိုးပါ တစ်ခါတည်း ပါလာသည်။

ဆယ်တောင်မှာ ငါးမျှားတစ်ခွင်စီ ရှိနေသောကြောင့် ငါးလေးတန်းလို ငါးမျှားကြိုးတွေ ရှုပ်ထွေးလို့မနေ။ ငါးမျှားကြိုး လေးဆယ်ခွင် တပ်ထားရာ ငါးကြိုး ငါးခွင်ဖော်ပြီးသော်လည်း ဘာငါးမှ မဟပ်၊ မမိ။ ငါးမြွေထိုးအစာ အရှင်တွေသာ လန်းလန်း လန်းလန်းနှင့် ပါလာသည်။

သိပ်တော့ နိမ့်မည့်ပုံ မပေါ်။ တန်းကြိုးကလည်း ပေါ့ပေါ့ပါးပါးနှင့်ပင် လက်ထဲသို့ ပါလာသည်။ မည်သို့ပင်ဖြစ်စေ သည်တန်ကြိုး အပြီးသိမ်းပြီးတာနှင့် ဦးထိပ်သီးတစ်ယောက် တံငါဘဝကနေ အပြီးတိုင် ထာဝရ လွတ်ပြီ ကျွတ်ပြီ။

ရှစ်ခွင်မြောက် ငါးမျှား ရေပေါ်သို့ ရောက်သည်နှင့် လက်ထဲမှာ နင့်ခနဲ ဖြစ်သွားသည်။ ရေအောက်ကနေ တန်းကြိုးကို ခပ်ကြမ်းကြမ်း ဆောင့်ဆွဲနေမှန်း သိလိုက်သည်နှင့် ဦးထိပ်သီးရင်မှာ ဆတ်ခနဲ ခုန်သွားသည်။

ကျိန်းသေပြီ။ ငါးကြီးတစ်ကောင်တော့ မိနေပြီ။ အပိုင်ရပြီးဟု သေချာပေါက် မပြောနိုင်သေး။

ငါးမှာလည်း ဉာဏ်ရှိသည်။ လွတ်မြောက်ရေးအတွက် မည်သို့ ရုန်းကန်လှုပ်ရှားရမည်ကို သူတို့လည်း သိသည်။ သည်တော့ တံငါတွေက ငါးကြီး လွတ်ထွက်မသွားအောင် ဂရုစိုက်ရသည်။ တံငါပညာကို အသုံးချရသည်။

ငါးမျှားမှာ မိနေသည့် ငါးကြီးနှင့် လွန်ဆွဲသလို သူနိုင် ကိုယ်နိုင် အပြိုင်ဆွဲလို့မဖြစ်။ ကြိုးပြတ်သွားပြီး ငါးကြီး လွတ်သွားနိုင်သည်။

ငါးတွေက ရေထဲမှာတော့ ရုန်းကန်အား သန်သည်။ လက်ကောက်ဝတ်ခန့် ငါးရံ့တစ်ကောင်ကိုပင် မလွတ်အောင် အားစိုက်ပြီး သတိကြီးစွာထားကာ ဖမ်းရသည်။

တစ်ဆယ် , တစ်ဆယ့်ငါးပိဿာ ငါးကြီးတွေက ရေထဲမှာ လူထက် သန်သည်။ ပေါ့ပေါ့ဆဆ လုပ်၍မရ။ သည်တော့ တံငါတို့၏ အတတ်ပညာကို ထုတ်ပြီး အသုံးချရတော့သည်။

ကြည့်။ ခုပင် ငါးကြီးက သူ၏ လွတ်မြောက်ရေးအတွက် ဆောင့်ကာ ဆောင့်ကာနှင့် အားစိုက် ခွန်စိုက် ရုန်းကန်နေပြီ။

သည်တော့ ငါးကြီးကို မောသွားအောင် လုပ်ရမည်။ သူဆွဲတော့ ကိုယ်က လျှော့၊ သူပျော့သွားတော့ ကိုယ်က ပြန်ဆွဲ။

သူဆွဲတော့ လျှော့၊ ကိုယ်ကဆွဲ သူက လျှော့နှင့် ငါးကြီး မောလာအောင် စိတ်ရှည်ရှည်ထားပြီး ကစားပေးရသည်။

လျှော့ပေးလိုက် ပြန်ဆွဲလိုက်နှင့်ပင် တန်းကြိုးကြီးကို လှေဦးတုံးမှာ တစ်ရစ်ချင်း ပတ်ပတ်ထားရသည်။ ဒါမှ ငါးကြီးနှင့် မိမိက တဖြည်းဖြည်း နီးကပ်လာမည်။

ခြေမလုံးခန့်ရှိသည့် မှိန်းကိုပါ ညာလက်က အသင့်ကိုင်ထားသည်။ မှိန်းနှင့်ထိုးပြီး မယူဘဲ ငါးကြီး ငါးကောင်းများကို သည်အတိုင်း ဘယ်သောအခါမှ မရနိုင်။ မှိန်းသည် ငါးကြီးရရှိရေးအတွက် အရေး အကြီးဆုံးနှင့် နောက်ဆုံးလက်နက်ပင် ဖြစ်သည်။

ငါးကြီး မောနေပြီ။ အစဦးကလို ရုန်းကန်အား မသန် တော့။ တဖြည်းဖြည်း အားပျော့လာနေပြီ။

တန်းကြိုးကို လှေဦးမှာ တစ်ရစ်ချင်း တစ်ရစ်ချင်း ရစ်ပတ်လာခဲ့ရာ ငါးကြီးနှင့် လှေ အတော်ပင် နီးကပ်လာနေပြီ။

ရေအောက်မှ ရေပေါ်သို့ ထိုးပေါ်လာသည့် ငါးကြီးကို အထင်းသားနှင့် လရောင်အောက်မှာ မြင်နေရသည်။

ဝေးနေသဖြင့် မှိန်းနှင့်လှမ်းထိုးလို့ မကျိန်းသေ။ သို့ကြောင့် တန်းကြိုးကြီးကို တဖြည်းဖြည်း ဆွဲယူသည်။ နှစ်လံ သုံးလံလောက် အရောက်မှာ ထိုးဖို့ မှိန်းကို ချိန်ရွယ်လိုက်ရာ ငါးကြီးက ရေအောက်သို့ အုံ့ခနဲ ငုပ်သွားပြန်သည်။

ဦးထိပ်သီးရင်ထဲမှာ လှပ်ခနဲ အေးသွားသည်။ လှေကလည်း ငါးကြီးဆွဲပြေးရာနောက်သို့ တန်းတန်း တန်းတန်းနှင့် ပါသွားပြန်သည်။

တန်းကြိုးကို လှေဦးမှာ ရစ်ပတ်မနေတော့ လက်လံ နှစ်လံ သုံးလံလောက်ဆိုသည်မှာ မှိန်းနှင့် ထိုးလို့ အကောင်းဆုံး အကွာအဝေး။

လှေကိုပါ ပါအောင် ဆွဲပြေးနေရတော့ ငါးကြီးမှာ မောသည်ထက် မောလာဟန်တူသည်။ ရေပေါ်မှာ လှေပြေးနှုန်းပင် အစကလောက် မမြန်တော့။ မှန်မှန်လေးသာ လှေက ရွေ့နေသည်။

သည်အတိုင်း ဆိုပါလျှင် သိပ်မကြာခင် ငါးကြီး ရေပေါ်မှာ ပေါ်လာပေတော့မည်။

ဦးထိပ်သီးရင်ထဲမှာ တဒိတ်ဒိတ်နှင့် အခုန်မြန်သည်ထက် မြန်လာနေသည်။ ငါးကြီး လွတ်သွားမှာကိုလည်း စိုးရိမ်စိတ်တွေက လွန်ကဲနေသည်။ ငါးမျှားအစီကြိုးတွေ တစ်ချောင်းပြီး တစ်ချောင်း ပြတ်နေသည်ကို ကိုယ်က မြင်နေရသည်မဟုတ်။ နောက်ဆုံးကျန်နေသည့် အစီကြိုး တစ်ချောင်း နှစ်ချောင်းလောက်ကိုတော့ ငါးကြီး အမောပြေပြီး ဆောင့်အရုန်းမှာ ထောင်းခနဲ ပြတ်ထွက်သွားပြီး ငါးကြီးတွေ လွတ်ထွက်သွားသည့် သာဓကတွေ တံငါလောကမှာ အများကြီး ရှိနေခဲ့သည် မဟုတ်ပါလား။

ငါးကြီးအပေါ်မှာ မည်မျှ အာရုံစိုက်နေမိသည်ပင် မသိ၊ မိုးပင် လင်းတော့မည်။

ငါးကြီး ရေပြင်ပေါ်သို့ ဘွားခနဲ ပေါ်အလာ ဦးထိပ်သီးကလည်း လက်ထဲက မှိန်းကို တစ်ချက်ဆပြီး ငါးကြီး၏ ဘို့အောက်သို့ ထိုးထည့်လိုက်သည်။

ဂျွပ်ခနဲ အသံနှင့်အတူ ငါးကြီး၏ ဘို့အောက်သို့ပင် မှိန်းက တန်းတန်းမတ်မတ်ပင် စိုက်ဝင်သွားလေသည်။

ငါးကြီးက မှိန်းအားနှင့် ရောပြီး ရေအောက်သို့ ငုပ်သွားပြန်သည်။ သူ ကြာကြာ ငုပ်နေနိုင်မည် မထင်။ မှိန်းရိုးမှာ ဖော့သီး ကပ်ချည်ထားသောကြောင့် မှိန်းရိုးဝါးဆစ်များ၏ လေခိုပြီး ရုန်းကန်အား၊ ဖော့သီး၏ ရုန်းကန်အား၊ ငါးကြီးမှာလည်း အားအင်တွေ ကုန်ခန်းနေပြီမို့ မိနစ်ဝက်လောက်ပင်မကြာ ငါးကြီးမှာ ရေပေါ်သို့ ငေါခနဲ ထိုးပြီး ပေါ်လာတော့သည်။
ခုတော့ ကိုယ့်ငါးဆိုတာ ကျိန်းသေသွားပြီလေ။

တန်းကြိုးကြီးကို ဆွဲယူပြီး မှိန်းရိုးကို ဖမ်းကိုင်ထားလိုက်သည်။ ငါးကြီးကို လှေနှင့် ယှဉ်ကပ်လိုက်ပြီး မှိန်းရိုးကို လှေနံဝက် နှုတ်ခမ်းပေါ်သို့ မှေးကာ ငါးကြီးကို လှေပေါ်သို့ ကလော်ပြီး တင်လိုက်ရာ ရေသံတွေ ဟဲခနဲမြည်ပြီး လှေပေါ်သို့ ဝေါခနဲဆို ရောက်လာတော့သည်။

ငါးကြီးမှာ ငါးမြင်းကြီးဖြစ်ပြီး တစ်ဆယ့်ငါးပိဿာ လောက်တော့ ရှိလိမ့်မည်။ ဗိုက်သား အဆီပြင်ကြီး စူထွက်နေသောကြောင့် ငါးမြင်းကြီးက ဝိုင်းဝိုင်းကြီး ဖြစ်နေသည်။

ဦးထိပ်သီး၏ တံငါဘဝနောက်ဆုံးနေ့၊ အသက်ငါးဆယ်ပြည့် အထိမ်းအမှတ်ဟုပင် ဆိုရပါလိမ့်မည်။

XXX XXX XXX

ဦးထိပ်သီးတစ်ယောက် ပီတိတွေ တဝေဝေနှင့် ငါးမြင်းကြီးကို တင်ကာ လှေကို ဖြည်းဖြည်းမှန်မှန်ပင် လှော်လာခဲ့သည်။

အရှေ့ဘက် မိုးကောင်းကင်တစ်ခွင်မှာတော့ နေမင်း၏ ရောင်ခြည်သစ်တွေက ပတ္တမြားသွေးရောင်ပမာ ထက်ကောင်းကင်ယံသို့ ဖြာတက်နေပါသည်။

နေဝန်းကြီးကို မမြင်ရသေးသော်လည်း မိုးသောက်ယံ နံနက်ခင်းကတော့ သန့်သန့် ရှင်းရှင်း လင်းလင်းချင်းချင်းမို့ သာယာလှပနေသည်။

မိုးမခပင်ဆိပ်ကမ်းသို့ သူ့လှေဦးကို တည့်တည့်ပင် ဦးတည်လိုက်သည်။ သည်ငါးကြီးကို ပိုးဥ ရွက်နိုင်မည် မထင်။ ကုန်အောင်လည်း ရွက်ပြီး ရောင်းနိုင်မည် မဟုတ်။

မိုးမခပင်အောက်မှာ လှေဆိုက်ထားခဲ့ပြီး ပိုးဥကို ပြေးခေါ်ရမည်။ နှစ်ယောက်သား မြို့က ဒိုင်ကို သွားပို့ရမည်။ ငါးဒိုင်က လူတွေကိုလည်း နောက်ဆုံးအနေဖြင့် နှုတ်ဆက်ရမည်။ သည်ငါးမြင်းကြီးက နောက်ဆုံးနှုတ်ဆက်သည့် ငါး။

ဟော … မိုးမခပင်အောက်မှာ နံနက်စောစောစီးစီး လူတစ်ယောက် ရပ်နေပါလား။

မိုးတောင် စင်စင်မလင်းသေး၊ မည်သူများပါလိမ့်။

သေသေချာချာကြည့်လိုက်တော့ ယောက်ျားမဟုတ် အမျိုးသမီး တစ်ယောက်။

မိုးမခပင်နှင့် တဖြည်းဖြည်းနီးကပ်လာတော့ မိုးမခပင်အောက်မှာ ရပ်နေသည့် အမျိုးသမီးမှာ တခြားသူ ဟုတ်ရိုးလား။ သူ့ဇနီးချော ဒေါ်ပိုးဥ ဖြစ်နေလေတော့သည်။

ဒေါ်ပိုးဥမှာ ကျန်းမာရေးကလည်းကောင်း၊ အရပ်မြင့်ပြီး အသားအရေ ကျစ်လျစ်သူမို့ အရွယ်လည်း တင်သည်။ ရုပ်ရည်ကလည်း လှပချောမောသူမို့ ငယ်မူငယ်သွေးတွေက လွင့်ပြယ်မသွားသေး။

ဆံပင်အုံကောင်းပြီး တစ်ပတ်လျှိုဆံထုံးမှ ဆံမြိတ်စတို့က သူ့တင်ပါးပေါ် ကျော်ကာ မိုးသောက်ယံ တိုက်ခတ်နေသည့်လေမှာ တလူလူ လူးလွန့်နေပါသည်။

လှလှပပ ကြည်ကြည်စင်စင် အပြုံးမျက်နှာပေါ်မှာတော့ သနပ်ခါးတွေနှင့် ဖွေးဥလို့ နေပါသည်။

ခဲသားရင့်ရောင် တက်ထရွန်ကွက်စိပ် ရင်ဖုံးအင်္ကျီ၊ ခဲသားရင့်ရင့် တက်ထရွန်ပြောင်လုံချည်ကို ဝတ်ဆင် ထားသည့် ဒေါ်ပိုးဥ အလှတွေက မြန်မာမိန်းမသား ပီသပါပေသည်။

ဦးထိပ်သီး၏ မျက်စိထဲမှာတော့ ဒေါ်ပိုးဥ ရုပ်သွင်မှာ လေးဆယ်ကျော်အရွယ်ဟု မထင်။ သုံးဆယ်ကျော်အရွယ်လောက်ပင် ထင်မှတ်ရလောက်အောင် အမှန်ပင် နုပျိုလှပနေဆဲပါ။

ဖြူလွင်သန့်စင်သည့် ချစ်ခြင်းမေတ္တာတရားဆိုသည်မှာ ဘယ်သောအခါမှ အိုမင်းရင့်ရော်သွားခြင်းကား နတ္ထိ မရှိ။

ကြည့်စမ်း … တိုက်တိုက်ဆိုင်ဆိုင်။

ဟို … လွန်ခဲ့သော နှစ်သုံးဆယ်။

မိမိအသက် နှစ်ဆယ့်တစ်နှစ်၊ ဒေါ်ပိုးဥ အသက်က တစ်ဆယ့်ခြောက်နှစ်၊ တန်ဆောင်မုန်းလဆန်း တစ်ဆယ့်သုံးရက် နံနက်မိုးသောက်ယံသည် မိုးမခပင်အောက်မှာပင် စတင်တွေ့ခဲ့ကြသည်။ နောက်တစ်နှစ်မှာ ချစ်သူတွေ ဖြစ်ခဲ့ကြသည်။

မိမိအသက် နှစ်ဆယ့်သုံးနှစ်၊ ဒေါ်ပိုးဥအသက် တစ်ဆယ့်ရှစ်နှစ်အရွယ် ရွာသစ်ကနေ ခိုးပြေးလာခဲ့ကြပြီး သည်မိုးမခပင်အောက်သို့ တန်ဆောင်မုန်း လဆန်း တစ်ဆယ့်သုံးရက် နံနက် မိုးသောက်ယံအချိန်မှာ ရောက်ခဲ့ကြသည်။

ဟော… ခုလည်း တန်ဆောင်မုန်းလဆန်း တစ်ဆယ့် သုံးရက် မိုးသောက်ယံအချိန်မှာပင် ဒေါ်ပိုးဥက မိုးမခပင်အောက်သို့ ခင်ပွန်းသည်ကို လာကြိုရင်း ရောက်နေပြန်ပြီ။

ဦးထိပ်သီး၏ ရင်ထဲမှာ မျက်စိထဲမှာ သည်နေ့ မြင် တွေ့နေရသည့် မိုးမခပင်အောက်က မိုးသောက်ယံ နံနက်ခင်းသည် သည်ကမ္ဘာမြေပြင်ပေါ်မှာ အလှဆုံးအချိန်ပင် ဖြစ်သွားလေတော့သည်။

– ပြီး –

စာရေးသူ – ပုသိမ်ရန်နောင်စိုး

Leave a Reply

Your email address will not be published. Required fields are marked *