ခြင်ကျား (မအူပင်)
မိုးရေ တက်ရေ တဖွေးဖွေး
မောင်ခြုံတို့ ကွင်းပျော်များ မှီတင်းနေထိုင်သောအရပ်မှာ ရေနက်ကွင်း။
ရေနက်ကွင်းကို တချို့က “စားကျက်ကွင်း” ဟုလည်း ခေါ်ဆိုကြသည်။ ခိုင်းကျွဲ၊ ခိုင်းနွား ရှိသော လယ်သမားများက ကျွဲစာ၊ နွားစာ လိုလျှင် စားကျက်ကွင်းကို လာ၍ မြက်ရိတ်ကြရသည်။
ရေနက်ကွင်းသည် အင်းဂရန်တွင်ရှိသော အဝန်းအဝိုင်းလည်း ဖြစ်၏။ မိုးရာသီတွင် ချောင်းမကြီးမှ တစ်ဆင့် အင်းချောင်း။ အင်းချောင်းမှတစ်ဖန် မိုးရေ၊ ချောင်းရေများ ဝါးလုံးထိုးစီးဝင်လျက် ကွင်းရေများ အပြည့်အလျှံ နေရာယူလေ့ ရှိပါသည်။
ကျွဲနှာခေါင်း၊ ဗေဒါ၊ ဝက်လာ၊ မြက်သင်တုန်း၊ မြက်ကင်းပိတ်နှင့် ကြာအမျိုးအနွယ်ပေါင်းများစွာ ရေနက်ကွင်းမှာ မင်းမူယှက်ပိတ်စွာ ပေါက်ရောက်ကြလေသည်။ ကြက်သဟင်းညွန့်၊ ခံတက်၊ သပွတ်အချိုအခါး၊ ကန်စွန်းဖြူနီ၊ မှိုနားတို၊ ကြာဆန်ကွဲ၊ ကနဖော့ စသည့် ဟင်းရွက်မျိုးစုံသည်လည်း ထူထဲဝန်းယှက်စွာ ရှင်သန်ကြလေသည်။
ရေနက်ကွင်း ရေပြည့်သည်နှင့် တစ်ပြိုင်တည်း ရေချိုငါးမျိုးစုံတို့သည် ချောင်းမကြီးမှခွာလျက် ရေ နက်ကွင်း၌ မျိုးပွားရန် ရောက်ရှိလာကြပါသည်။
ထိုအခါ အင်းနယ်မြေကို ရရှိသော အင်းပိုင်(ဝါ)အင်းသူကြီးသည် ငါးရံ့ကိုင်းတန်း (ဝါ) ငါးရံ့ကိုင်း ထောက်မည့်သူတို့ကို နယ်မြေပိုင်းခြားသတ်မှတ်၍ ကြေးပစ်ရောင်းချကြလေသည်။
ဝါဆိုလပြည့်ကျော်တစ်ရက်မှ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်အထိ ကိုင်းနယ်ရရှိသူက ကိုင်း ထောက်ခွင့် ရရှိမည်ဖြစ်သည်။
အင်းတမံချိုးပြီးနောက် ဝါးလုံးထိုးတက်လာသောရေသည် မိုးပါးလာသည်နှင့် ဆုတ်သွားခဲ့ရာ သီတင်းကျွတ်လရောက်လျှင် အင်းချောင်းအထိ ကွင်းရေမှာ တဖြည်းဖြည်း ကျဆင်းသွားပါတော့သည်။
မောင်ခြုံနှင့်တကွသော ကွင်းပျော်များသည် ရေပေါင်းလန်လျှင်လည်း ကွင်းက မခွာသလို ရေခြောက်လျှင်လည်း ကွင်းထဲမှာ ပျော်ကြသူတွေ ဖြစ်သည်။
သူတို့သည် ပပ်ကြားကွဲလည်း သူတို့ကို မခြောက်နိုင်သကဲ့သို့ မိုးရေတက်ရေကလည်း သူတို့ကို မကြောက်စေနိုင်ခဲ့ပါချေ။
သို့သော် ဒီနှစ်တက်သည့်ရေက မောင်ခြုံတို့ကို ချောက်ချားစေသည် မဟုတ်ပါကလား။
xxx xxx xxx
“မောင်ခြုံရေ . . . ဒီနှစ် ရေ … တိုးချက်ကတော့ ဖြုံစရာပဲကွ။ တောင်မြှင့်ပြီးရင် ရေက သုံးလေးတောင် တက်သဟ”
ဖိုးကျော်မြကား ကွင်းပျော်ရင့် မကြီး။ မောင်ခြုံ့ယောက္ခမ ဖိုးကျော်မြသည်ပင် ဒီနှစ်မိုးရေတက်ရေကို အထိတ်တလန့် ဖြစ်ခဲ့ရပါသည်။
ရေနက်ကွင်းရှိတဲမှန်သမျှ လူ့တစ်ရပ်စာ အမြင့်ထား၍ ဆောက်ကြစမြဲ။ ဒါကြောင့်လည်း တဲတိုင်အဖြစ် ဝါးနက် သို့မဟုတ် ဝါးပိုးကို သုံးကြသည်။
ရေတက်သည်နှင့်အမျှ ကြမ်းခင်းရေလွတ်ရာ မြှင့်နိုင်ရန် ပြင်ဆင်ထားကြသည်။ မိုးရေတက်ရေ လွတ် စေရန် ကြမ်းခင်းအား တစ်ဆင့်ပြီးတစ်ဆင့် မြှင့်ချည်တုပ်နှောင်ကြလေသည်။
လေဒဏ်ခံနိုင်ရန်အတွက် ဝါးနက်များဖြင့် ကျားကန်ကာ ခေါင်တိုင်နှင့်လည်း တုပ်ချည်ထားရပါသေး၏။
သည်နှစ် မိုးရေတက်ရေသည် ကြမ်းတမ်းလွန်းလှသည်။ မာန်ဖီ၍ တက်လာသည်။ တချို့မြို့တွေရွာတွေ ရေလွှမ်းသည့်သတင်းကို ရေဒီယိုနှင့်ရုပ်မြင်သံကြား၌ မြင်တွေ့နေရလေသည်။
“ကျွန်တော်လည်း ကြမ်းခင်းကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်လာလိုက်တာ တဲထဲကို မကြာခင် လေး ဖက်တွားဝင်ရတော့မယ် အဖေရဲ့”
မိုးရေတက်ရေ မကြောက်သော ကွင်းပျော်တို့သည်ပင် အထိတ်တလန့်ဖြစ်အောင် ရေတက်ကကြမ်းလှပါသည်။
“ဟုတ်ပါ့ မောင်ခြုံရာ၊ တစ်ကွင်းလုံး ရေချည်းပဲဟ”
ဖိုးကျော်မြ ဆိုလိုသည်မှာ ရေများ၍ ငါးမရခြင်းကိုဆိုလိုခြင်း ဖြစ်သည်။
ကွင်းပျော်တို့ဘဝက ငါးဟပ်မှ စိုပြည်မည် ဖြစ်၏။
ဒါကြောင့်လည်း လှေဦးစိုလျှင် စို၊ လှေဦးခြောက်လျှင် ခြောက် ဟု ဆိုကြခြင်းဖြစ်သည်။
သူတို့သည် ငါးသားပုစွန် ရှာဖွေခြင်းလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်းကြရသည် မဟုတ်ပါကလား။
“ဟေ့. . . မင်းတို့ သမီးယောက္ခမနှစ်ယောက် ဘာတွေကျိတ်ကြံနေကြသတုံး။ ငါလည်း မသိရဘူးလား” တဲ့။
မောင်ခြုံတဲရှေ့မှာ လှေနှစ်စင်း ယှဉ်ရပ်ပြီး စကားကောင်းနေတုန်း ကိုဒီပိုးက လှေတစ်စင်းဖြင့် ဝင်လာသည်။
“ဒီနှစ် မိုးရေတက်ရေကြမ်းတဲ့အကြောင်း ပြောနေတာဟ. . . ဒီပိုး ရ။ ရေများတော့ ငါးမရ၊ ငါးမရတော့ စားရေးသောက်ရေး အဆင်မပြေဘူးလေကွာ”
“ဒီထက်ပိုဆိုးတာက တာတွေဖို့ရအောင် အကူအညီတောင်းတဲ့ ကိစ္စပဲဗျ။ ကျုပ်တို့က လက်လှုပ်မှ ပါးစပ်လှုပ်ရတာမျိုး”
ဒီပိုးက လူ့ကန့်လန့်။ အတ္တကြီးသည်။
မကြာမီရက်အတွင်းက ရေလဲတာဖို့ကြရန့် စပီကာနှင့် ကြေညာ၏။ သည်တုန်းကလည်း မောင်ခြုံတို့ ကွင်းပျော်တွေ သွားရောက်ကူညီကြ၏။ ဒီပိုးက မလိုက်။ မလိုက်သည့်အပြင် ကတ်ဖဲ့စကား ဆို၏။
“ငါကတော့ မလိုက်ဘူးဟေ့။ ခုကာလက ဒီမိုကရေစီခေတ်ကွ။ အဓမ္မခေါ်လို့မရဘူး။ မလိုက်ဘူး။ တာဖို့ခပေးရင်တော့ လိုက်မယ်”
ဒါကြောင့်လည်း ဘယ်သူကမှ တုမပြောကြ။ ရေလဲကလေးတာ ရေကျော်လာသဖြင့် သဲအိတ်ဖို့ရာတွင် ဒီပိုး မလိုက်ခဲ့။
“မင်းတဲကော အခြေအနေ ကောင်းရဲ့လား”
“ဘယ်ကောင်းမလဲ ဖိုးကျော်မြရ။ တဲမြုပ်တော့လည်း သိုက်ကုန်းဘုန်းကြီးကျောင်း ရှိသားပဲဟာ… ဟား … ဟား”
မောင်ခြုံက ကိုဒီပိုးကို တစ်ကွင်းတည်းသားချင်းမို့သာ။ သိပ်ပြီး စကားမပြောချင်။
“မင်းတို့ သားအဖနှစ်ယောက်သာ မိုးပြိုမှာ ကြောက်လို့ ပက်လက်အိပ်တဲ့ တစ်တီတူးလို နေခဲ့ကြ။ တို့
ကတော့ မိုးပြို အများပဲဟေ့”တဲ့။
ဒီပိုးက ခနဲ့စကားဆိုလျက် လှေကို လှော်လျက် ထွက်ခွာသွားပါတော့သည်။
“ဒီပိုး ဆိုတဲ့အတိုင်း ဒီအကောင်က တို့ကွင်းထဲမှာ အဖျက်ပိုးတစ်ကောင်ပဲဟေ့”
ဖိုးကျော်မြက သက်ပြင်းရှည်ကြီးချလျက် မှတ်ချက်ပေးလိုက်ပါသည်။
xxx xxx xxx
“ဦးလေးစံချိန်တို့ ပါလား”
တဲရှေ့ လှေလမ်းကြောင်းမှတဆင့် ဝင်လာသော လှေတစ်စင်းကို မြင်သဖြင့် တဲကပြင်မှာ ပိုက်ဖာနေသော မစိန်မယ်က မောင်ခြုံ ကြားနိုင်စေရန် အသံကိုမြှင့်လျက် ပဋိသန္ဓာရစကား ဆိုလိုက်လေသည်။
“တို့တဲကို ဝင်မလို့ ထင်တယ်ကွ။ ခုရက်ကတည်းက ဦးလေးစံချိန်တို့ခမျာလည်း မအားကြရှာပါဘူးကွ”
“ဒုတ်”
လှေဦးနှင့် တဲခါးပန်း ထိခတ်သံ ကြားရပြီးနောက် ဦးစံချိန်တို့ သုံးယောက် တဲအပေါ် တက်လာသည်။
“ထိုင်ဗျာ၊ စိန်မယ်ရေ. . . နေကလေးပွင့်တုန်း လှန်းထားတဲ့ ငါးခုံးမခြောက်ကလေး ဆီပူထိုးကွာ။ ဦးလေးစံချိန်တို့ ရေနွေးနဲ့မြည်းရတာပေါ့”
“လုပ်မနေနဲ့တော့ စိန်မယ်ရာ၊ နင်တို့တဲ ခါးကုန်းပြီး ဝင်နေရတဲ့ဟာ ပင်ပန်းလှတယ်။ ခုပဲ တို့ ပြန်မှာကွဲ့”
“ဘကြီးစံချိန် … ဘာပြောစရာ ရှိလို့လဲဗျ”
မောင်ခြုံက အလိုက်သင့် မေးသည်။
“ဒီလိုဟ … မြစ်ရေကိစ္စပေါ့ကွာ။ ကျွဲတုံးနဲ့ စစ်ချောင်းမှာရှိတဲ့ တာတွေက အခြေအနေ မကောင်းဘူးကွဲ့။ အခု ကျွဲတုံးနယ်နဲ့ စစ်ချောင်းနယ်က လူတွေလည်း တာရေမကျော်အောင် သဲအိတ်ဆင့်၊ သဲအိတ်ကပ် လုပ်နေကြပြီကွဲ့။
တို့ကလည်း လူစုပြီး သွားကူကြမလို့ လူလာစုတာ။ ဒီတာတွေကျိုးရင် တို့ကွင်းတွေ ရေလျှံမှာ မဟုတ်လား။ ခုကာလက ပရဟိတ ဆန္ဒမပါရင် အဓမ္မလုပ်လို့ မရဘူးကွဲ့။ မင်းလည်း ဆန္ဒရှိရင် မနက် ခြောက် နာရီ လာခဲ့ပေါ့ကွာ။ စုရပ်ကတော့ ကျုံတာရွာဝက ပေါက်ကျော်အိမ်ပဲ”
“လာခဲ့ပါ့မယ် … စိတ်ချပါ”
ဦးစံချိန်က အကျိုးအကြောင်း ရှင်းပြလိုက်သည်နှင့် မောင်ခြုံက အားတက်သရော ပြန်ပြောသည်။ ထို့ပြင် စိန်မယ်ကပါ ဝင်ပြီး လူလို မလို မေး၏။
“မောင်ခြုံလိုက်ရင် ရပါပြီ။ ကွင်းထဲမှာကလည်း ရေတွေ မတရားတိုးနေတာဆိုတော့ အိမ်မှာ တစ်ဦး တော့ နေခဲ့ပါဟာ”
သည်အခါ ဦးစံချိန်က မောင်ခြုံတဲမှ လှေထွက်လာရင်း ဒီပိုးရဲ့ တုံ့ပြန်စကားကို ပြန်၍ ကြားယောင်လာသည်။
“ဒီပိုးတို့က ကိုယ့်အကျိုး၊ ကိုယ့်မိသားစုအကျိုးပဲ လုပ်သဗျ။ နေ့တိုင်း ရှာတာတောင် စားရရုံရှိတာ၊ ခင်ဗျားတို့နဲ့ မလိုက်နိုင်ပါဘူး။ ကျွဲတုံးနဲ့ စစ်ချောင်းက ကိစ္စ အဲဒီကလူတွေ လုပ်ပေါ့ဗျာ” တဲ့။
ဦးစံချိန်က ဒီပိုးစကားကို ပြန်စဉ်းစားနေချိန်မှာတော့ ဒီပိုးရဲ့တဲမှာ ဒီပိုးနှင့် ဒီပိုးရဲ့မိန်းမ မအုန်းကြည်တို့ အချီအချစကား ဆိုကြပါ၏။
“ကိုဒီပိုး . . . ဒီပိုက်တွေ ရှင် ဘယ်ကရလာတာလဲ။ သူများပစ္စည်းတွေများလားတော်”
“သူများပစ္စည်းတော့ မှန်တယ်ဟ။ ဒါပေမဲ့ ငါ ခိုးဝှက်ယူလာခဲ့တာတော့ မဟုတ်ဘူး။ ပိုင်ရှင်မဲ့ဟ. . .
ပိုင်ရှင်မဲ့”
“ဘာ. . . ရှင့်”
“ဒီလိုဟ၊ ကျုံဝါးကွင်းက တို့ကွင်းထက် ရေတက်ကြမ်းတယ်”
မှန်ပါသည်။ ကျုံဝါးကွင်းက ကျုံတာကွင်းထက် ရေတက်ကြမ်းလေ၏။ ကျိုက်လတ်နယ်နှင့် ဆက် စပ်နေတော့ ဒီရေကလည်း ထောက်သည် မဟုတ်ပါကလား။
“ကျုံဝါးကွင်းက ကွင်းတဲတွေက တို့လို အဆင့်မြှင့်လို့လည်း မရကြတော့ တဲကို စွန့်ပြေးကြတာ။ တချို့ တဲခေါင်မှာ လွှားထားတဲ့ ပိုက်တောင် မရုပ်နိုင်ဘဲ ပြေးကြရတယ်။ ဒီမှာ တွေ့လား … ပြည်ဝင်ဒန်အိုးတစ်လုံးတောင် ငါ ရလာခဲ့တယ်” တဲ့။
မအုန်းကြည်က ဒီပိုးကို တားဆီး၍ ရမည်မဟုတ်မှန်းသိသဖြင့် သက်ပြင်းမှုတ်ထုတ်လိုက်ပါသည်။
xxx xxx xxx
မောင်ခြုံတို့ ကျုံတာအုပ်စု လုပ်အားပေးအဖွဲ့က စစ်ချောင်းတာကွေ့မှာ လုပ်အားပေးကြသည်။ တာကြီးတွေက နှစ်ထပ်အိမ်တစ်လုံးထက် မြင့်သည်။
လွင့်နေသော တာနှုတ်ခမ်းနှင့် မြစ်ရေမှာ တစ်ပြေးတည်း ဖြစ်လျက်ရှိသည်။ လှိုင်းခတ်တိုင်း မြစ်ရေသည် တာပေါ်ကို လျှံလျက် ပြေးတက်လာ၏။
ပြီးတော့ မိုးကလည်း အဆက်မပြတ် ရွာနေသည်။
သဲကြီးမဲကြီး ရွာချလိုက်၊ ပြတ်သွားလိုက်နှင့်။
မြေသားတာတွေမှာ ရေနူးနေသည်။ ဒါကြောင့်လည်း တာတွေကို ပလတ်စတစ်ဖျင်စများဖြင့် အုပ်ထား သည်။
“မြစ်ရေကျော်မှာစိုးလို့ မနှစ်ကမှ ဆင့်ထားရတဲ့ မြေသားတွေက နိမ့်နေတယ်။ မြေအသား မကျသေးဘူး”
ဒေသခံတစ်ဦးက တာ၏ အခြေအနေကို ရှင်းပြသည်။ တပ်မတော်သားများ၊ ပြည်သူ့ရဲများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များကလည်း သဲအိတ်ထမ်းနေကြသည်။
သည်လို တာဆင့်နေသူတွေထဲမှာ မောင်ခြုံတို့ ကျုံတာသားတွေလည်း အားကြိုးမာန်တက်ဆောင် ရွက်နေကြသည်။ ထွက်သောချွေးတို့သည်လည်း မိုးရေနှင့် ရောထွေးနေလေပြီ။
သည်ကဲ့သို့ ပင်ပန်းကြီးစွာ ဆောင်ရွက်နေသူတို့ကို အလှူရှင်များက ရေသန့်၊ အချိုရည်ဘူးများ လိုက်လံဝေငှနေလေသည်။
တာတွေကို မောင်ခြုံကြည့်ပြီး ယောက္ခမဖြစ်သူ ဖိုးကျော်မြစကားကို ပြန်ကြားယောင်လာသည်။
“တို့ မအူပင်တစ်ဝိုက်က မြန်မာမင်းတွေလက်ထက်တုန်းက ပင်လယ်တိမ်ဒေသလို့ ဆိုတယ်ကွ။ မိုးများတဲ့ ကာလဆိုရင် ရေပဲ မြင်ရတယ်။ ၁၈၇၆ ခုနှစ်ဝန်းကျင်မှာ အောက်မြန်မာနိုင်ငံကို ကျွန်ပြုခဲ့တဲ့ အင်္ဂလိပ်အစိုးရက မြစ်ဝကျွန်းပေါ်ဒေသ မြစ်တွေရဲ့နံဘေးမှာ ပန်းတာကြီးတွေ တည်ဆောက်ခဲ့တယ်။
တည်ဆောက်တယ်ဆိုပေမယ့် တို့ဒေသခံတွေကို ခိုင်းတာ။
သည်တုန်းက ငါ့အဘိုးဟာ တာတွေဖို့ဖို့ ဆင့်ခေါ်ခံရတယ်။ မလိုက်ချင်လို့ မရဘူးတဲ့။ အဲဒီတုန်းက အရေးပိုင်မင်း “ဟာဝနာ”ဆိုရင် ဖိမ့်ဖိမ့်တုန်အောင်ကြောက်ရွံ့ကြရတာတဲ့။ “ဟာဝနာ” ရဲ့ အမိန့်နဲ့ တာ တွေဖို့ကြရတယ်လို့ ဆိုတယ်ကွ”
(မှတ်ချက်။ ဒေါက်တာမျိုးသန့်တင်၏ ‘မြတ်နိုးချစ်ခင်မအူပင်’ စာအုပ်တွင် သုံးခွခရိုင်အရေးပိုင်မင်း Hago Wener (August, 1876)ဟု ဖော်ပြထားပါသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲပြီးသည့်နောက် မြစ်ဝကျွန်းပေါ် ဒေသကို ရရှိခဲ့သော အင်္ဂလိပ်တို့သည် ရေကာတာများ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။)
“အဲဒီတုန်းက ကူလီခေါင်းလုပ်တဲ့သူတွေက ဝီလီယာကုလားတွေကွ။ ဒီလုပ်ငန်းရဲ့အကြီးအကဲကသာ မျက်နှာဖြူတွေ။ ဒီလိုတာတွေ ပန်းပြီးတဲ့နောက်ပိုင်းမှာ ဓားမဦးချဆိုတာ ပေါ်လာတယ်။ တောတွေကိုခုတ်ထွင်ရှင်းလင်းပြီး ကိုယ်တောတိုးခုတ်ထွင်လို့ရတဲ့ နေရာကို ကိုယ်ပိုင်ခွင့် ပေးတယ်။ ဒီလိုနဲ့ လယ်တွေ၊ ကိုင်းတွေ ပေါ်လာတယ်။ နှစ်နှစ်လောက်လည်း လုပ်စားပြီးရော အခွန်ကောက်တော့တာတဲ့ကွ”
ဖိုးကျော်မြစကားကို ပြန်လည်ကြားယောင်လာသောအခါ ဤတာတို့၏ သက်တမ်းမှာ ရှည်ကြာလှပါ ပကောဟု မောင်ခြုံ တွေးလိုက်ပါသည်။
“အရင်တုန်းက တို့ဘိုးဘွားတွေ ဒီတာတွေကိုချွေးမြေကျအောင် လုပ်ခဲ့ရတယ်။ အဲဒီတုန်းက အင်္ဂလိပ် အစိုးရအတွက်။ အခု ငါတို့တာတွေ ရေမကျော်အောင် လုပ်ရတာက တို့ပြည်သူတွေအတွက်”
မောင်ခြုံက သည်လိုမတွေးမိပါ။ မောင်ခြုံမှာ ပညာတတ်လူတန်းစားမဟုတ်။ ရေနက်ကွင်းမှာမွေး၍ တစ်ဝမ်းတစ်ခါးအတွက် ငါးသား ပုစွန် ရှာဖွေစားသောက်နေရသူတစ်ဦး ဖြစ်၏။
ဒါပေမဲ့ တာကျိုးလျှင် လယ်တွေ၊ ကိုင်းတွေ ပျက်စီးမည်။ ကိုယ့်ဒေသသား လယ်သမားနှင့် ကိုင်းသမားတွေ ဒုက္ခရောက်ကြမည်။ သည်အရေးကိုတော့ မောင်ခြုံ လက်ပိုက်ကြည့်မနေရက်။
ကိုယ်နိုင်သလောက် ဆောင်ရွက်ရမည်ဟု တွေးခဲ့သည်။
ငွေကြေးတတ်နိုင်သူတွေက သူတို့လုပ်အားပေးတွေကို ထမင်းထုပ်ကမ်းခဲ့သည် မဟုတ်ပါလော။ မည်သို့ပင်ဆိုစေ သည်ပွဲတွင် မအူပင်သားတို့က တက်ရေကိုနိုင်ခဲ့ကြပါတော့သည်။
xxx xxx xxx
မိုးသည် သဲမဲစွာ ရွာလိုက်၊ ရပ်လိုက်။
ကွင်းရေကလည်း အဆမတန် တက်လာသည်။
ကျုံတာကွင်းသည်ပင် ကွင်းတဲ ခြေတံရှည်များ၏ အောက်ဆင့် နောက်ဆုံးအထစ်ကို တင်ပြီးလေပြီ။
ရေက လှိုင်းခတ်လျှင် ကြမ်းခင်းပြင်ကို လာ၍ ပုတ်ခတ်လာသည်။
ကိုဒီပိုးက လှေတစ်စင်းဖြင့် ဒိုက်တိုးလျက်။
လှေပဲ့မှာ ခြေစုံရပ်၊ ထိုးဝါးတစ်ချောင်းဖြင့် ကန်ကာကန်ကာ ဒိုက်တိုးလျက် ရှိသည်။
သည်ကွင်းက ကျုံဝါးကွင်း။
ကျုံဝါးကွင်းက ရေပို၍ တက်သည်။ ကျွဲနှာခေါင်းပင်တွေက မြုပ်နေကြသော်လည်း ဗေဒါတို့က ကွန်ရက်ယှက်လျက် ပိန်းပိတ်နေလေသည်။
ကွင်းတဲတို့သည် ခေါင်မမြုပ်တမြုပ် ဖြစ်နေ၏။
ဒီပိုးတို့က မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ။
လူသားမှန်သမျှ မိမိနေရာကို မိမိ တွယ်ငင်ခင်မင်ကြစမြဲ။
ဒါကြောင့်လည်း မိမိတဲ အောက်ခြေအဆင့်ကို ရေတက်လာသော်လည်း တစ်ဆင့်ပြီးတစ်ဆင့် လွတ်လိုလွတ်ငြား မြှင့်ပြီး နေခဲ့ကြသည်။
နောက်ဆုံး ရေက အဆမတန် တိုးလာသောအခါ တစ်နိုင်တစ်ပိုင် ရရာပစ္စည်းကို ဆွဲ၍ တဲကို စွန့်ခွာခဲ့ကြသည် မဟုတ်ပါကလား။
ထိုအခွင့်အရေးကို စောင့်စားသူကတော့ ဒီပိုး။
ကွင်းထဲကလူတွေ တက်ရေကြောင့် ရတက်မအေးဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ ဒီပိုးက လှုပ်ရှားနေလေသည်။
အခုလည်း ညနေစောင်းလောက်တွင် ကျုံဝါးကွင်းအရောက် ဒီပိုး ထွက်လာခဲ့သည်။
“တို့ကတော့ ငါးမရ ရေချိုးပြန်မှာ”
ဒီပိုးက နှုတ်ခမ်းထောင့်နှစ်ဖက်ကွေးညွတ်သည့်အထဲ ခပ်ရွဲ့ရွဲ့ ပြုံးလျက် တီးတိုးဆိုလိုက်သည်။
အကြောင်းရင်းကတော့. . .
ကျုံတာကွင်းက လူမှန်သမျှ တာကိစ္စ လုပ်အားပေးထွက်သည့် ကိစ္စပင် ဖြစ်သည်။
“ကိုဒီပိုး… သူများတွေ မြစ်ရေတက်လို့ တာဖို့လုပ်အားပေး သွားနေကြတယ်။ ရှင်က သူများတွေနဲ့ ဆန့်ကျင်ဘက်လုပ်နေတဲ့ကိစ္စက သင့်တော်ပါ့မလား။ သူများ လက်ညှိုးထိုးစရာ ဖြစ်နေပါအုံးမယ်”
“နင် အသာနေစမ်းပါ အုန်းကြည်ရယ်။ နှမ်းတစ်စေ့နဲ့ဆီ မဖြစ်ပါဘူးဟာ။ ဒီကာလမှာ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်မယ်။ ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာ မလိုဘူး”
ကိုဒီပိုး လုပ်ရပ်ကို ဇနီးဖြစ်သူကပင် မနှစ်မြို့။
မအုန်းကြည် တားဆီးနေသည့်ကြားက ကိုဒီပိုး ဇွတ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ကိုဒီပိုးက ခေါင်မြုပ်မတတ် ဖြစ်သော တဲတစ်လုံးရှေ့တွင် လှေကို ထိုးရပ်လိုက်သည်။ လှေကြိုးကို ရေ ပေါ်တွင် တစ်တောင်ခန့်ပေါ်နေသော အချဉ်ဝါးအစွန်း၌ ချည်လိုက်သည်။
အမိုးအတွင်း ရောက်အောင် ဝင်ဖို့အရေးကား လွယ်ကူမည်မဟုတ်။ တွားသွားလျက် ဝင်ရမည် ဖြစ်သည်။
အတွင်းမှာကလည်း အလင်းရောင် မရ။
အချိန်ကလည်း ညနေစောင်းဖြစ်ရာ နေ၏ အလင်းရောင်ကလည်း ဓနိကြားထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိ။
ဒါပေမဲ့ ဒီပိုးက စားနေကျ ကြောင်ဖား။
ဟော. . . ဓနိအစပ်ကို မလျက် အတွင်းထဲ တွားပြီးဝင်လိုက်သည် ဆိုသည်နှင့် မီးဖိုချောင်အသုံးအဆောင် တစ်ခုက ဒီပိုးကို ကြိုဆိုလိုက်သည်။
သစ်သားယောက်မတစ်ချောင်း ဖြစ်၏။
“သယ်. . . သောက်ဖိုးမတန်တဲ့ဟာ”
ဒီပိုးက သစ်သားယောက်မကို လက်ဖြင့် ယက်ထုတ်လိုက်သည်။ အတွင်းကို ခေါင်းလျှိုဝင်၊ တုတ်ဝါးကို လက်တစ်ဖက်က ဖေးမကိုင်လျက် အတွင်းထဲရောက်ရန် အားထုတ်ရသည်။
ဒီပိုး အတွင်းထဲရောက်ပြီးသည့်အခါ ခါးကြားမှာ ညှပ်ယူလာတဲ့ အယ်လ်အီးဒီဓာတ်မီးကို စမ်းကြည့် သည်။ သည်ဓာတ်မီးအကူအညီဖြင့် အတွင်းကို ရှာဖွေရမည် မဟုတ်ပါကလား။
သို့သော် ရှာမတွေ့တော့ပေ။ တိုးဝှေ့ဝင်ရောက်ရင်း ပြုတ်ကျသွားပြီ ဖြစ်သည်။ ဒါပေမဲ့ အားမလျှော့။ အမိုးအစွန်းဆီ တွားဝင်သည်။
မသဲကွဲသော ရှေ့မြင်ကွင်းကို အားယူပြီး ရှာဖွေသည်။ စူးစူးစိုက်စိုက်ကြည့်သော်လည်း ဝိုးတဝါးသာ
မြင်ရ၏။
တွေ့ပါပြီ။ ထုပ်ဝါးမှာ လွှားထားပြီး မရုပ်နိုင်ဘဲ ကျန်ရစ်ခဲ့လေသော ငါးဖမ်းပိုက်များ။
ရေစီးကြောင့် လှုပ်ခါယိမ်းထိုးနေလေ၏။
ကိုဒီပိုးက ရုတ်တရက်လှမ်းဆွဲလိုက်သည်။
သို့သော် ကိုဒီပိုး အသိနောက်ကျသွားလေပြီ။
လက်ခွနှင့် လက်ဖျံတွင် မီးစနှင့် ထိထိမိမိ ထိုးလိုက်သလို ပူသွားသည်။ စူးစူးနစ်နစ် ခံစားလိုက်ရသလို ထိုအရှိန်က မျက်စိနှစ်လုံး ပြာသွားစေသည်အထိ ခံစားရသည်။
တက်ရေကြမ်း၍ စွန့်ခွာထွက်ပြေးသော တဲရှင်၏ ပိုက်များမဟုတ်။
ဒီပိုး လောဘစိတ်ဖြင့်ရုပ်သော ပိုက်ဟု ထင်မိသောအရာကား…
မိုးရေတက်ရေ တဖွေးဖွေး ဖြစ်နေသောကြောင့် ရေလွတ်ရာ ထုပ်တန်းတို့တွင် တွဲလွဲခိုနေသော အဆိပ်ပြင်းသည့် မြွေဆိုးများပင် ဖြစ်ပါသတည်း။ ။
– ပြီး –
စာရေးသူ – ခြင်ကျား(မအူပင်)
Uncategorized