မုဆိုးကြီးခမ်းဆွမ်
(၁)
လူသုံးယောက်တို့သည် မြက်ခမောက်ကြီးများဆောင်းကာ နန့်လွယ်ချောင်းဘေး တောင်ကြောလမ်းကလေးအတိုင်း တရွေ့ရွေ့ လှမ်းနေကြ၏။ သူတို့လက်ထဲတွင် တူမီးသေနတ်နှင့် ဒူးလေးအပြင် ကျောတွင် ဆောင်ဓားကိုယ်စီ၊ ဗူးသီးခြောက်ရေဗူး၊ လှော်ကြိုးခွေ၊ ဝါးခြင်းများနှင့် ထမင်းထုပ်များ ပါရှိကြ၏။
သူတို့ သုံးယောက်တွင် ခမ်းဆွမ်က အသက်လေးဆယ်ရှိပြီး သူက ခေါင်းဆောင်။ ကျန်နှစ်ဦးမှာ အသက် ၃ဝ ခန့် အိုက်မောင်းနှင့် အိုက်လွယ်တို့ ညီအစ်ကိုများ ဖြစ်ကြ၏။
ခမ်းဆွမ်က တောင်ကုန်းကလေးမှ ဆင်းလိုက်စဉ် လက်ကိုလှုပ်ကာ ပြလိုက်၏။ ကျောက်ဆောင် ကျောက်နွယ်များကြားတွင် ဒရယ်ကလေးသုံးကောင် ရေသောက်နေကြ၏။
အားလုံး တပြိုင်တည်း တူမီးသေနတ်ပြောင်းများကို ဒရယ်ကလေးသုံးကောင်စီသို့ ပြိုင်တူချိန်လိုက်ကြသည်။
ယင်းအချိန်တွင် “ကွိ… ကွိ… ကွိ…ကွိ” ဟူသော အသံနှင့်အတူ မျောက်အုပ်တအုပ် ကုန်းကြောကလေးမှ ချောင်းစပ်ဆီသို့ ခုန်ဆင်းလာကြသည်။ ယင်း “မျောက်အုပ်အတွင်း မျောက်မောင်းမကြီးတကောင်မှာ ကလေးကို ဝမ်းဗိုက်လွယ်၍ မျောက်အုပ်ရှေ့မှ ခေါင်းဆောင်ဆင်းလာခြင်း ဖြစ်သည်။
ဒရယ်ကလေးသုံးကောင်မှာ မျောက်အုပ်ကြောင့် အထိတ်တလန့်ဖြစ်ကာ ရုတ်တရက် ထွက်ပြေးသွားကြလေသည်။
“တောက်…”
ခမ်းဆွမ်သည် မျောက်အုပ်ကြောင့် ဒရယ်သုံးကောင် လွတ်သွားခြင်းအတွက် ဒေါသထွက်ကာ တောက်တချက် ခေါက်လိုက်သည်။
“အိုက်မောင်း … ဟိုကောင်မကြီးကို ပစ်ထည့်ကွာ။ အိုက်လွယ် မျောက်တွေ ပစ်ယူကြမလား”
ခမ်းဆွမ်က ညီအစ်ကိုနှစ်ဦးကို အမိန့်ပေးလိုက်သဖြင့် ခမ်းဆွမ် ခေါင်းဆောင်လျက် တူမီးသေနတ်များဖြင့် မျောက်များကို ပစ်ခတ်လိုက်ကြ၏။
“ဒိုင်း…. ဒိုင်း…. ဒိုင်း….”
မျောက်များက တရုန်းရုန်း ထွက်ပြေးသွားကြသည်။ မျောက်နှစ်ကောင် ထိမှန်လဲကျနေ၏။ မျောက်အုပ် ခေါင်းဆောင် မျောက်မောင်းမကြီးသည် ထော့နဲ့ ထော့နဲ့ဖြင့် ကမ်းပါးယံပေါ် ပြေးတက်သွား၏။
““ဟား … ဟား … ဟား … ဟား၊ ဟိုကောင်မကြီး ငါ့ကျည်ဆန် ထိသွားပြီကွ။ ဝေးဝေးမပြေးနိုင်ပါဘူး”
ခမ်းဆွမ်က သူပစ်လိုက်သော မျောက်မောင်းမကြီး ထိသွားသဖြင့် ဝမ်းသာအားရဖြင့် ရယ်မောပြောယင်း ပြေးလိုက်သွားလေသည်။ မျောက်များသည် သစ်ပင်ပေါ်သို့ ပြေးတက်သွားကြလေသည်။
အိုက်မောင်းက ချောင်းဘေးတွင် လဲကျနေသည့် မျောက်နှစ်ကောင်ကို သွားကောက်ကာ ခြေထောက်များကိုကိုင်၍ ဗယ်ညာ လက်နှစ်ဘက်ဖြင့် ဆွဲယူလာ၏။
ခမ်းဆွမ်က ကောင်းကောင်းမပြေးနိုင်သော မျောက်မကြီး၏နောက်သို့ ပြေးလိုက်ကာ သစ်ပင်ပေါ်သို့ ချည့်နဲ့စွာ တက်နေသည့် မျောက်မောင်းမကြီးအား တူးမီးသေနတ်ဖြင့် ပစ်လိုက်ပြန်သည်။
သို့သော် မျောက်မောင်းမကြီးသည် နွယ်ကြိုး တချောင်းဆွဲကာ အခြားသစ်ပင်သို့ ကူးသွားသဖြင့် တူးမီးကျည်ဆန်မှာ လွဲသွားလေသည်။ သို့သော် မျောက်မောင်းမကြီး၏ ဝမ်းဗိုက်တွင် လွယ်ထားသော မျောက်ကလေးမှာ အောက်သို့ ပြတ်ကျသွားခဲ့၏။
ခမ်းဆွမ်က အလျင်အမြန် မျောက်ကလေးအား ပြေး၍ ကောက်ယူလိုက်၏။ မျောက်ကလေးမှာ အလွန်သေးကွေးလှသဖြင့် ကျောက်တုံးကြီးတတုံးပေါ်ကျကာ ထိုမှတဆင့် အောက်သို့ လိမ့်သွားရာ ကျောက်စွယ်တခုဖြင့်ထိကာ အသက်ပျောက်နေလေပြီ။
ခမ်းဆွမ်သည် မျောက်ကလေး၏ ခြေထောက် နှစ်ချောင်းကို ဆွဲမြှောက်ကာ ဟားဟားရယ်၍ သစ်ကိုင်းတကိုင်း၏ သစ်ရွက်များကြားတွင် ရှိသော မောင်းမကြီးကို မြှောက်ပြလိုက်၏။
မျောက်ကလေး ဦးခေါင်းသည် သွေးများဖြင့် ဖုံးလွှမ်းလျက် ရှိသည်။
“ဝေး ကြည့်စမ်း … ကြည့်စမ်း၊ နင့်ကလေး သေပြီ။ ဟား … ဟား … ဟား … ဟား”
ခမ်းဆွမ်က မျောက်သေကလေး မြှောက်ကာ အော်၍ ပြောလိုက်သေးသည်။ သစ်ကိုင်းခွကြားမှ မျောက်မောင်းမကြီးသည် သူမ၏ သားကလေး သေဆုံးသွားသည်ကို ကြည့်ယင်း ရင်တွင်းမီးတောက်ကာ မျက်လုံးကို အစွမ်းကုန်ပြူး၍ ‘တကွီကွီ’ အော်ဟစ်နေလေသည်။
ခမ်းဆွမ်သည် နောက်သို့လှည့်ကာ အော်ပြောလိုက်ပြန်သည်။
“ဟေ့ အိုက်လွယ် … ဟိုကောင်မကြီးကို မြန်မြန်ပစ်လိုက်ပါလားကွ။ ငါက သူ့ကလေးကို မြှောက် ပြထားမယ်”
အိုက်လွယ်က ယမ်းထိုးထားသော တူမီးသေနတ်ပြောင်းဝဖြင့် မျောက်မောင်းမကြီး ရှိနေသည့် သစ်ပင် သစ်ကိုင်းခွဆုံကို ချိန်လိုက်သည်။
သို့သော် မျောက်မောင်းမကြီးမှာ ခံထားရပြီမို့ အလျင်အမြန် အခြားသစ်ကိုင်းတကိုင်းသို့ ကူးပြေးသွားတော့၏။ မျောက်မောင်းမကြီးသည် ခြေထောက်တွင် ဒဏ်ရာရထားသော်လည်း လက်များကမူ သန်မာလှသည်။ အရွယ်အားဖြင့် လေးပေနီးပါး မြင့်သဖြင့် မျောက်လွှဲကျော်ကြီးများတွင် အကြီးဆုံးဟု ဆိုရပါမည်။
အိုက်လွယ်က …
“မရဘူး အစ်ကို့ရ။ ဒီဟာမကြီးက သိပ်ပါးနပ်တာပဲ။ ကျုပ်တို့ ရထားတဲ့ မျောက်နှစ်ကောင်နဲ့ ဒီနေ့အတွက်တော့ ဖူလုံပါပြီ။ ရောင်းဖို့ဆိုယင် နေ့လယ်တခေါက် ထွက်ကြသေးတာပေါ့”
“ဟုတ်တယ် အစ်ကို့၊ ငါတို့ သေနတ်သံတွေကြောင့် တောကောင်ကလေးတွေ ထွက်မှာမဟုတ်တော့ဘူး။ ဒီနေ့တော့ ပြန်ကြတာ ကောင်းပါတယ်”
အိုက်မောင်းကလည်း ဝင်၍ ပြောလိုက်သဖြင့် ခမ်းဆွမ်က ခေါင်းညိတ်လျက်
“အေး ပြန်ကြမယ်ကွ။ အသေကောင်ကလေးတော့ တို့ ယူသွားပြီး ချက်စားမယ်ကွ”
“ဟာ အစ်ကိုကလဲ… ပစ်လိုက်ပါဗျာ။ ဘယ်မှာ ဒီသေးသေးလေး စားကောင်းပါ့မလဲ”
အိုက်လွယ်က ပြောလိုက်ရာ ခမ်းဆွမ်ကရယ်၍ မျောက်သေကလေး မြောက်ကာ
“အေး… ဒါမှ မြေမနင်းသားလေးကွ။ ပိုစားကောင်းတယ် … သွားကြစို့ ”
ခမ်းဆွမ်ကပြောယင်း မျောက်သေကလေးကို သူ၏ ကျောလွယ်ခြင်းတောင်းအတွင်း ထည့်လိုက်ပြီးမှ-
“ဟေ့ နေဦး၊ တို့ ဒီမှာ မျောက်သေကလေး မီးကင်ပြီး ထမင်းနဲ့ စားမယ်ကွ။ မျောက်တကောင်ဖျက်ပြီး စားချင်စားကွာ”
ခမ်းဆွမ်ကား လူကြမ်းတယောက်ဖြစ်ပြီး တောလိုက်မုဆိုးဘဝဖြင့် ရရှိသော သားကောင်ကို ရောင်းချ စားသောက်ခဲ့သည်မှာ ကြာပြီဖြစ်၏။ အိုက်မောင်းနှင့် အိုက်လွယ်တို့မှာ သူ၏ နည်းနာခံ၍ တောအမဲကလေးများကို အပစ်သင်ခြင်း၊ အမဲခြေရာခံခြင်း၊ အမဲငယ်လေးများ အဝင်အထွက် နည်းနာများကို သင်ကြားယင်း မုဆိုးဘဝ ရောက်ခဲ့သည်မှာ မကြာသေး။ ခမ်းဆွမ်၏ စကားကို မပယ်ရဲသဖြင့် ကုန်းကျောကလေး တနေရာ မြေကွက်တွင် စခန်းချလိုက်ကြလေသည်။
ခမ်းဆွမ်၏ ချက်ချင်း သဘောထားပြောင်းတတ်သော အကျင့်ကို သိထားသည့် အိုက်မောင်းက ညီဖြစ်သူ အိုက်လွယ်ကို ဘာမှမပြောရန် မျက်ရိပ်ပြလိုက်သည်။
သည်နောက် ထင်းခြောက်များစုကာ ပါလာသော မီးခတ်ကျောက်ဖြင့် မီးခြစ်ကာ မီးဖိုလိုက်ကြလေသည်။
ခမ်းဆွမ်ကမူ မျောက်သေကလေး ခေါင်းကို ဖြတ်ပြီး ခပ်ဝေးဝေး လွှင့်ပစ်လိုက်ကာ အရေခွံကိုခွာလိုက်၏။
“ကွိကွိ … ကွိကွိ”
ခပ်ဝေးဝေးကိုင်းတနေရာမှ ပုန်းအောင်း၍ သား အသေကောင်လေးနှင့် ခမ်းဆွမ်တို့အား ပုန်းကြည့်နေသည့် မျောက်မောင်းမကြီး၏အသံ ပေါ်ထွက်လာလေသည်။
လူသားမိခင်တို့ သားသမီးအပေါ် မေတ္တာထားဘိသကဲ့သို့ တိရစ္ဆာန်မိခင်များသည်လည်း သားသမီးများအပေါ် မေတ္တာထားကာ ပြုစုကြသည်မှာ သဘာဝက ပေးလာသော နိယာမတရားပင် မဟုတ်ပါလား။
ယခုအခါ မုဆိုးကြီး ခမ်းဆွမ်က ရက်ရက်စက်စက်ဖြင့် သူမ၏ သားသေမျောက်ကလေး၏ ဦးခေါင်းကိုဖြတ်၍ ပစ်လိုက်သောအခါ အဘယ်မျှ ရင်နာကာ ပရိဒေဝမီး လောင်ကျွမ်းမည်ကို မခန့်မှန်းနိုင်တော့။
ဤနေရာတွင် လူသားမိခင်သာဆိုပါမူ ရင်ကို စုံထုပြီး မယ်ပဋာမြေတွင် လူးလှိမ့်၍ ငိုသကဲ့သို့ ငိုလိုက်မည်မှာကား သေချာလှပါလေတော့၏။
(၂)
မီးခိုးများ တငွေ့ငွေ့တလူလူ လေဟာပြင်မြူခိုးများအတွင်း ဝေ့ဝဲတိုးတက်သွားသည်။ မန်းလွေတောင်တန်းကြီးသည် နန်းမောတောင်တန်းကြီးနှင့်ဆက်ကာ တောင်ထိပ်များသည် ပင်လယ်လှိုင်းလုံးပမာ တွေ့မြင်နေရ၏။
နန့်လွယ်ချောင်းသည် တသွင်သွင်ကွေ့ပတ်ကာ စီးဆင်းနေ၏။ ထိုချောင်းကလေးပင် ပေတရာခန့်ကျယ်ပြီး သံလွင်မြစ်ထဲသို့ စီးဆင်းသွားသည်။
ခမ်းဆွမ်တို့ရွာသည် နန့်လွယ်ချောင်းနှင့် သံလွင်ချောင်းဆုံရာတွင် တည်ရှိပေသည်။ သူတို့ ရွာသည် သိန္နီမြို့နှင့် မိုင်၂ဝခန့်၊ လားရှိုးမြို့နှင့် ၁၅ မိုင်ကျော်၊ မန်အိုင်မြို့နှင့် ဆယ်မိုင်မျှ ကွာဝေးသဖြင့် မြို့ပေါ်သို့ တပတ်တကြိမ်သာ စိုက်ပျိုးထားသည့် သီးနှံများနှင့် အိမ်မွေး ဝက်၊ ကြက် အပြင် နန့်လွယ်ချောင်းနှင့် သံလွင်မြစ်မှ ဖမ်းဆီးရသော ငါးများကို သွား၍ ရောင်းချကာ လိုအပ်သော ပစ္စည်းများကို ဝယ်၍ ပြန်ကြသည်။
အိမ်ခြေမှာ တရာပင် မပြည့်။ ရွာခြံစည်းရိုး နတ္ထိ။ ချောင်းနှင့် မြစ်ဆုံရာ မန်းရွှေတောင်ကြောမှ မန်းလွေရွာကလေးတည်း။
ခမ်းဆွမ်ကား ဤရွာတွင် မုဆိုးဘဝဖြင့် အသက်မွေးကာ ရရှိသော အမဲများကို ရောင်းချစားသောက်နေသူ။ နန့်လွယ်ချောင်းနှင့် သံလွင်မြစ်တွင်လည်း ပိုက်တန်းချ၊ ကွန်ပစ်ခြင်းဖြင့် တံငါလုပ်ငန်းလည်း လုပ်သေး၏။
သူ့အတွက် ငွေအိုးကြီးတအိုးလည်း ရှိသေး၏။ ဤသည်ကား ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် ဂေါ်ရခါးနှင့် ဟိန္ဒူအမျိုးသားများ မွေးထားသော နွားများသည် အရှင်သခင်များ မရှိတော့သည့်အခါတွင် တောင်တန်းများတွင် နွားရိုင်းဘ၀ ရောက်ကာ အချို့ စိုင်များ၊ ပြောင်များနှင့် မိတ်လိုက်၍ ကြီးထွားများပြားသော နွားရိုင်းအုပ်များ ဖြစ်နေကြ၏။
ယင်းနွားရိုင်းများအား ခမ်းဆွမ်က အလွယ်တကူပင် လိုက်၍ ပစ်ခတ်ယူပြီး အသားများကို မြို့ပေါ်သို့တက်၍ ရောင်းချနေခြင်းပင် ဖြစ် သည်။ ယင်း စားကွက်ကိုတော့ သူက မည်သူ့ကိုမှ ထုတ်ဖော်မပြောခဲ့။
ယနေ့ သူတို့မုဆိုးအဖွဲ့သည်တောအမဲကလေးများ လိုက်ရန်အတွက် ထွက်ခဲ့ကြစဉ် ဒရယ်ပေါက်သုံးကောင် တွေ့ရသော်လည်း မျောက်အုပ်၏ နှောင့်ယှက်မှုကြောင့် မရလိုက်ပဲ မျောက်သုံးကောင်သာ ရလိုက်ကြသည်။
သူတို့ မုဆိုးအဖွဲ့သည် မျောက်ကြီးနှစ်ကောင်အနက် တကောင်ကို ဖျက်၍ မီးကင် စားသောက်ကြပြီးမှ မီးဖိုကိုငြိမ်းကာ နောက်ကြောင်းပြန်ခဲ့ကြသည်။
အပြန်ခရီးတွင် သူတို့၏နောက်မှ နောက်ယောင်ခံ၍ လိုက်နေသူတဦး ရှိနေ၏။ သူကား သစ်ပင်ကြီးများအပေါ်မှ နေ၍သော် လည်းကောင်း၊ ကျောက်ဆောင် ကျောက်တုံးများတွင် ပုန်းခို၍သော်လည်းကောင်း လိုက်နေသူ ဖြစ်၏။
အကယ်၍သာ မုဆိုးခမ်းဆွမ်သာ ထိုသူကို တွေ့ရပါမူ အလွန်အံ့အားသင့်မိပေမည်။
မှန်သည်။ သူတို့နောက်သို့ ကိုယ်ရောင်ဖျောက်၍ လိုက်နေသူကား မိမိရင်သွေးအတွက် အခဲမကျေနိုင်သော မျောက်မောင်းမကြီးတည်း။
(၃)
“ဒိုင်း”
နန့်လွယ်ချောင်းတွင် ရေသောက်ဆင်း၊ ခရုစားနေသော တောဝက် လေးကောင်အနက် တကောင်သည် တုံးကနဲ လက်ပြင် ကျည်ထိ၍ အနည်းငယ်ပြေးပြီး လဲကျသွားတော့၏။
“ဟား … ဟား … ဟား … ဟား”
မုဆိုးကျော် ခမ်းဆွမ်သည် အပြန်တွင် ကံလိုက်ကာ တောဝက်တကောင်ကို ပစ်ခတ်ရလိုက်ခြင်းပင် ဖြစ်သည်။ တောဝက်ကြီးမှာ အချိန် ခုနစ်ဆယ်ခန့် ထွက်မည့် ဝက်သိုးကြီးဖြစ်သည်။ အိုက်မောင်းနှင့် အိုက်လွယ်တို့သည် ဝါးတလုံးခုတ်ကာ ဝက်သိုးကြီး၏ ခြေလက်ကို လျှော်ကြိုးဖြင့်ချည်၍ ထမ်းယူခဲ့ကြ၏။
ခမ်းဆွမ်အဖို့ မန်းလွေရွာကလေးအဝင် ပို၍ ဝင့်ကြွားနိုင်ချေပြီ။
တရွာလုံးက တောဝက်ကြီးတကောင် မျောက်ကြီး နှစ်ကောင် ရလာခြင်းအတွက် ပို၍ ဝမ်းသာအားရ ဖြစ်နေကြ၏။ ပို၍ ဝမ်းသာအားရသည်ကား ခမ်းဆွမ်၏ မိန်းမမှာ သားယောက်ျားကလေး မီးဖွားနေခြင်းပင် ဖြစ်တော့သည်။
ဝိုင်းဝန်းပြုစုနေသော ရွာသူတစုထဲမှ အမျိုးသမီး လက်သည်ကြီးက
“ဟေ့ … ခမ်းဆွမ်၊ မင်းသားကလေး ကြည့်ပါဦး။ မင်းနဲ့ မတူဘူးလား”
လက်သည် အမျိုးသမီးကြီးက ကလေးကို ဆန်ပြာစကောတွင် အနှီးဖြင့် ထွေးထားသည်ကို လက်ဖြင့် ပွေ့ယူကာ ပြလိုက်၏။ ခမ်းဆွမ်က ဝမ်းသာအားရ ကြည့်လိုက်ပြီး….
“ဟာ ကျုပ်သားကလေးက နဖူးမောက်ပြီး နှာတံကပြား၊ ပါးစပ်ကလဲ မျောက်ပါးစပ်ကလေး အတိုင်းပဲနော်။ ဟား … ဟား … ဟား”
ခမ်းဆွမ်၏ စကားကြောင့် အားလုံးက ရယ်မောလိုက်ကြသည်။ ထို့နောက် ခမ်းဆွမ်က လာရောက်ပြုစုသူများကို ပြောလိုက်၏။
“အစ်မကြီး နန်းပုနဲ့ အားလုံး တောဝက်ဟင်းစား ယူသွားကြဦး”
ခမ်းဆွမ်၏ စကားကြောင့် အားလုံးပင် ကျေနပ်သွားကြသည်။ အိမ်ဘေး မြေကွက်လပ်တွင် အိုက်မောင်းနှင့် အိုက်လွယ်တို့က မီးဖိုကာ ဝက်သိုးကြီးအား အမွေးများ ပြောင်အောင် မီးမြှိုက်နေကြကာ မီးဖိုတဖိုတွင် ရေနွေးအိုးကြီးတလုံးကို ရွာသားနှစ်ဦးက တည်ထား၏။ ဝက်သိုးကြီးတကိုယ်လုံး အမွေးအားလုံး ကုန်သည်နှင့် အပေါ်ယံက အခေါက်တခုလုံး မည်းနေတော့သည်။
သူတို့သည် သစ်တုံးများပေါ် တင်ကာ ရေနွေးဖြင့် လောင်းသူလောင်း၊ ဓားဖြင့် ခြစ်သူက ခြစ်လိုက်ရာ ဝက်တကောင်လုံး ဖြူဖွေးသွားလေတော့သည်။ နာရီဝက်အတွင်းမှာပင် ဝက်တကောင်လုံး ဖျက်ပြီး ကြလေပြီ။ ခွဲဝေပေးသင့်သူကို ပေးလိုက်ကြ၏။
ခမ်းဆွမ်က အပေါင်းအသင်းများနှင့် စားသောက်ရန်အတွက် ဝက်ခေါင်း၊ အူ၊ အသည်းအပြင် အသားများကို အိုးကြီးတအိုးဖြင့် ချက်ချင်း ချက်စေသလို တပိဿာကျော်ကျော် ဝက်သားအတွဲကြီးတတွဲအား ရွာခေါင်းပူလွယ်ကြီးအိမ်သို့ လူငယ်တဦးကို အမြန်ပို့စေ၏။
ထိုနေ့ညတွင် ခမ်းဆွမ်၏အိမ်မှာ အပေါင်းအသင်းများဖြင့် စည်ကားနေသည်။ ချက်အရက်များနှင့် ဝက်သားကို မြည်းကာ ဆူညံနေသည်။ နောက်ဆုံး ညဉ့်အတော်နက်မှပင် စားသောက်ခြင်းကိစ္စပြီးလျက် ခမ်းဆွမ်က ဧည့်သည်များအား တဦးပြီးတဦး အိမ်ရှေ့အထိ ပို့ယင်း နှုတ်ဆက်စကားပြောသည်။ အိမ်ထဲတွင် ကညင်ဆီမီးအိမ်ဖြင့် လင်းနေသော ခမ်းဆွမ်၏ဇနီးနှင့် အစောင့် ညီအစ်မတဦးသာ စကားပြောနေသည်ကို တွေ့ရသည်။
ခမ်းဆွမ်မှာ ရုတ်တရက် အိပ်မရသေးပဲ အိမ်ရှေ့တွင်ရပ်ကာ ဝန်းကျင်ကို ကြည့်နေမိ၏။ လရောင်မှာ သစ်ပင်များ၏ ရွက်ဖျားတွင် ဖြာဆင်းနေသည်။ မြေပြင်တွင်လည်း လရောင်ခြည်များ ငွေမှုန်ဖြန့်ခင်းထားသည့်နှယ်။
သူတို့အိမ်သည် ရွာဖျားတွင်ရှိကာ ဝန်းကျင်တွင် ဝါးရုံပင်များ သစ်ပင်ကြီးများက မိုးနေ၏။ အမှန်တော့ တရွာလုံးဝန်းကျင် သစ်တောအောက်တွင် ရှိနေကာ သည်အချိန်တွင် အသံဘလံများ ဆိတ်သုဉ်းသွားပြီဖြစ်၏။
ခမ်းဆွမ် မွေးထားသော အမဲလိုက်ခွေးနီကြီးသည် ရုတ်တရက် တစုံတရာသောသတ္တဝါကို မြင်လိုက်ရသည့်အလား ထိုးဟောင်လိုက်၏။ ခွေးနီကြီးသည် သစ်ပင်များဆီသို့ မော့ကာ တအားကုန်ဟောင်လိုက်သဖြင့် ခမ်းဆွမ်က မော်ကြည့်လိုက်၏။
“ကွိကွိ … ကွိကွိ”
ရုတ်တရက် မျောက်ကြီးတကောင်၏အော်သံ ပေါ်ထွက်လာကာ သူတို့အိမ်ဘေး ထင်းရှူးပင်ကြီးမှနေ၍ ဝက်သစ်ချပင်ကြီးဆီသို့ မည်းမည်းသတ္တဝါကြီးတကောင် ခုန်ကူးသွားသည်ကို မြင်လိုက်ရ၏။ ထို့နောက်အမှောင်ရိပ်ထဲတွင် ပျောက်ကွယ်သွားတော့၏။
မျောက်များမှာ မကြာခဏ ညအခါ ရွာဆီသို့ ရောက်လာတတ်သောကြောင့် ခပ်ပေါ့ပေါ့ပင် ခမ်းဆွမ်က သဘောထားမိစေကာမူ ရင်ထဲတွင် အနည်းငယ် တင်းကျပ်သွားမိပြီး စိတ်ထဲတွင် ထင့်ကနဲ ဖြစ်သွားရတော့၏။
သို့သော် ယင်းကိစ္စနှင့် ပတ်သက်ပြီး မည်သို့မျှ စိတ်ထဲတွင်မထားပဲ သူ၏ ခွေးနီကြီး၏ လည်ပင်းနှင့် ကျောကို ပွတ်သပ်ကာ အိမ်ထဲသို့ ဝင်ခဲ့ပြီး တံခါးကို ဂျိုင်းကနဲ ပိတ်လိုက်တော့သည်။
(၄)
“ဟေး အိုက်မောင်း၊ ဒီနေ့တော့ မင်းတို့ညီအစ်ကိုနှစ်ယောက် ငါနဲ့ နွားရိုင်းသွားပစ်ကြမယ်။ ရတဲ့အသားကို အခြောက်လှမ်း၊ အချို့အသားကို ရောင်းတန် ရောင်းပေါ့”
ခမ်းဆွမ်က အိုက်မောင်းကို တပတ်ခန့်ကြာသောအခါ သူ၏ ဟင်းအိုးကြီး၏ အကြောင်းကို ပြောလိုက်၏။ သို့သော် အိုက်မောင်းက အင်တင်တင်လုပ်ကာ
“အစ်ကို ခမ်းဆွမ် … ပူလွယ်က ပြောထားဖူးတယ်။ နွားရိုင်းတွေ မပစ်ရဘူးတဲ့။ အချို့ နွားတွေဟာ ပိုင်ရှင်တွေ စစ်ပြေးသွားလို့ တမင်လွှတ်ပေးခဲ့တာလို့ ပြောတယ်”
ထိုစကားကြောင့် ခမ်းဆွမ်က ရယ်မောလိုက်ကာ-
“ဟေ့ … အိုက်မောင်း၊ ပိုင်ရှင်မရှိတော့တဲ့ဟာပဲ။ ဘယ်သူပစ်ပစ်ပေါ့ကွ။ အခု တို့ပစ်မယ့် နွားရိုင်းတွေက စိုင်အုပ်နဲ စပ်ကျတဲ့ အကောင်တွေ။ နန့်လွယ် နန့်မားတောင်ကြောမှာ အများကြီးကွ”
အိုက်မောင်းမှာ ခမ်းဆွမ်၏စကားကို နောက်ဆုံး လက်ခံလိုက်ရလေသည်။ သူကလည်း ငွေများများ စုဆာင်းမိပါက ပူလွယ်သမီး ဆန်ပန်းရှိကို နွားနှင့် ဆိတ်များတင်ကာ တောင်းယူရန် ဖြစ်သည်။ ထို့ကြောင့် နွားရိုင်းပစ်၍ ငွေရှာလျှင် အလွယ်တကူ ရမည်ဖြစ်၏။
ထိုနေ့နံနက်စောစောကပင် ခမ်းဆွမ်၊ အိုက်မောင်း၊ အိုက်လွယ်တို့ တူမီးသေနတ်ကိုယ်စီဖြင့် ခရီးထွက်ခဲ့ကြ၏၊ နန့်မားတောင်ကြောလွင်ပြင် မြက်ရိုင်းတောများဖြတ်၍ နန့်လွယ်ချောင်း၊ နန့်မားချောင်းဆုံရာ မြက်နုတောကို ရောက်လျှင် နွားရိုင်းတအုပ်၊ ကျွဲရိုင်းတအုပ် မြက်စားနေသည်ကို တွေ့ရ၏။
နွားရိုင်းကိုပစ်လျှင် ကျွဲရိုင်းအုပ်က အန္တရာယ်ပြုမည်မို့ သစ်ပင်ကြီးများနှင့် ချုံများကွယ်၍ နွားရိုင်းသုံးကောင်ကို တူမီးသေနတ်ဖြင့် ပစ်ခတ်လိုက်ကြသည်။
သေနတ်သံများသည် တောင်ကြောတခုလုံး ဆူညံသွားတော့၏။ နွားရိုင်းသုံးကောင်က ရုတ်တရက် မသေသေးပဲ အတန်ငယ်ပြေးပြီးမှ လဲကျသွားသည်။ ကျွဲရိုင်းကြီးများသည် ချက်ချင်းပင် သေနတ်သံကြားရာဆီသို့ တရကြမ်းတိုက်ခိုက်ရန် ပြေးလာကြ၏။ ကျွဲရိုင်းများနောက်မှ နွားရိုင်းအုပ်က ကပ်၍ ပါလာသည်။ ဖုန်များ မြေမှုန်များ တထောင်းထောင်း ထသွားသည်။
“ဟေး… အစ်ကို ကျွဲရိုင်းတွေ ပြေးလာပြီ မြန်မြန် သစ်ပင်ပေါ်တက်”
အိုက်မောင်းကို သူ့ညီကခေါ်ယင်း သစ်ပင်ပေါ်သို့ တက်ပြေး၏။ ခမ်းဆွမ်က ချုံကြီးတချုံ အောက်တွင် သစ်ပင်အကာအကွယ်ယူကာ ဝပ်နေ၏။ ကောင်ရေ ငါးဆယ်ကျော်သော ကျွဲရိုင်းနှင့် ကောင်ရေသုံးဆယ်နီးပါးရှိသော နွားရိုင်းများသည် တောကိုတိုးကာ တဝုန်းဝုန်းနှင့် ပြေးလာကြသည်မှာ ကြောက်ခမန်းလိလိပင်။
ကျွဲရိုင်းများသည် ရန်သူတွေ့လျှင် မှုန့်မှုန့်ညက်ညက် ခြေပစ်လိုသော ဒေါသရောင်မျက်လုံးများကို ခမ်းဆွမ်က မြင်လိုက်ရသဖြင့် တုန်လှုပ်သွားတော့၏။ သူ၏ တကိုယ်လုံးမှာ မြေမှုန်နှင့် အလူးလူး ဖြစ်ကျန်ရစ်တော့သည်။
သူတို့သုံးဦးသည် ကျွဲရိုင်းများ ရှင်းသွားသောအခါမှ နွားရိုင်းသုံးကောင်၏ အသားများကို အရေခွံခွာ၍ ဖျက်ယူလိုက်ကြ၏။ အချို့အသားများကို နေရောင်တွင် လှမ်းထားလိုက်ကြသည်။
ပြီးလျှင် နန့်လွယ်ချောင်းဘေးတွင် ဝါးဖောင်တဖောင် ပြုလုပ်ကြပြီး နေမဝင်မီ နွားရိုင်းသုံးကောင်၏ အသားများကိုတင်ကာ ရွာဆီသို့မျှောချလာကြသည်။
ရွာသို့မရောက်မီ လမ်းတဝက်တွင် ဆူညံသော ကလေးငိုသံတသံကို ကမ်းပေါ် သစ်တောများ အကြားမှ ကြားလိုက်ရသည်။
ရွာသို့ရောက်၍ အသားခြောက်နှင့် အသားစိုများအား ထမ်းတင်လာကြသောအခါ ရွာသားအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကာ ခမ်းဆွမ်ဆီသို့ ရွာသား အချို့ ပြေးလာပြီး အရေးတကြီး ပြောလိုက်ကြ၏။
“ဟေ့ … ခမ်းဆွမ် မင်းသိပြီးပြီလား”
“ဘာလဲ … ဘာလဲ”
ခမ်းဆွမ်က ဩအံ့ဟန်ဖြင့် ပြန်မေးလိုက်၏။ ရွာသားတဦးက
“ဟေ့ … ခမ်းဆွမ်၊ မင်းမိန်းမ ယာထဲသွားတာမှာ ကလေးကို မျောက်ကြီးတကောင် ခိုးပြေးသွားလို့ မင်းမိန်းမ တက်သွားလို့ ကုနေရတယ်။ လူတချို့လဲမျောက်ကြီးခိုးသွားတဲ့ ကလေးနောက်ကို လိုက်နေကြတယ်ကွ”
ခမ်းဆွမ်၏ ရင်ထဲတွင် မိုးကြိုးပစ်သံပမာ ခံစားလိုက်ရ၏။ ချက်ချင်းပင် အိမ်သို့ ပြေးသွားမိတော့၏။ သူ့မိန်းမကို အိမ်နီးချင်းရွာသူများ ပြုစုလျက် ရှိနေကြသည်။
သူ့မိန်းမမှာ ခမ်းဆွမ်ကို မြင်သောအခါ ဟစ်၍ ငိုလိုက်သည်။
“ကျွန်မ သားကလေး မျောက်မကြီး ခိုးပြေးသွားတယ် ခမ်းဆွမ်ရဲ့။ ရှင် မြန်မြန်လိုက်ပါ”
ခမ်းဆွမ်၏ ရင်ထဲတွင် ဒိန်းကနဲဖြစ်ကာ လွန်ခဲ့သော တပတ်ကျော်က အဖြစ်အပျက်ကို ပြန်လည် မြင်ယောင်မိတော့၏။
ထိုအခါမှ မျောက်မောင်းမကြီး၏ သားသေကလေးအား မီးမြှိုက်မစားခင် သူက မျောက်မောင်းမကြီးအား လှောင်ပြောင်သရော်၍ ရယ်မောခဲ့သည်ကို စဉ်းစားမိတော့၏။
“တောက်… ဒီမျောက်မကြီးပဲ၊ သူ့ကလေးအတွက် ငါ့ကလေးကို လာခိုးပြီး လက်စားချေတာပဲ”
သူက ရင်ထဲမှ ပြောလိုက်ခြင်းဖြစ်၏။ ထိုအခိုက် ဆောင်ဓားနှင့် ဒူးလေးကိုင် ရွာသားအချို့ ရောက်လာကာ သူတို့ ကလေးခိုးသွားသော မျောက်ကို မတွေ့ခဲ့ကြောင်း ပြောကြ၏။
“အိုက်မောင်း … နန့်လွယ်ချောင်းက တို့ မျောက် ပစ်ခဲ့တဲ့နေရာ အခု သွားမယ်။ မင်းတို့ လိုက်ကြ မလား”
“လိုက်မှာပေါ့ အစ်ကို။ မြန်မြန်လိုက်လေ ကောင်းလေပဲ”
ချက်ချင်းပင် ခမ်းဆွမ် ခေါင်းဆောင်လျက် အိုက်မောင်း၊ အိုက်လွယ်အပြင် ရွာသားသုံးဦးပါ နန့်လွယ်ချောင်းအတိုင်း ထွက်ခဲ့ကြ၏။
သူတို့သည် မျောက်များပစ်ခဲ့သော နေရာသို့ ရောက် သောအခါ ကလေးငိုသံသဲ့သဲ့ကို ကြားလိုက်ကြ ရသဖြင့် ခမ်းဆွမ်မှာ တအား တက်သွားတော့၏။
နေမဝင်သေး၍ အလင်းရောင်များကြောင့် ကလေးငိုသံကြားသော တောင်ကြောအတွင်း သစ်ပင်များဆီသို့ ထွက်ခဲ့ကြ၏။ သစ်ပင်ကြီးတပင်ပေါ်မှ ကလေးငိုသံ ပေါ်ထွက်နေလေသည်။
သူတို့အားလုံး ကြည့်လိုက်ရာ သစ်ပင်ကြီး၏ ခွဆုံကြားတွင် မျောက်မောင်းမကြီးတကောင် ထိုင်လျက် ကလေးငယ်အား နို့တိုက်နေသည်ကို အံ့ဩစွာ တွေ့ရလေသည်။
ခမ်းဆွမ်မှာ ဒေါသတကြီး တူမီးသေနတ်ဖြင့် ချိန်လိုက်ရာ အိုက်မောင်းက ဆွဲထားလျက်က
“အစ်ကို မလုပ်နဲ့။ ပစ်လိုက်ယင် ကလေးပါ ထိသွားလို့ သေနေဦးမယ်”
မျောက်မကြီးသည် သူတို့ကို မြင်သောအခါ “ကွိကွိ … ကွိကွိ” ဟု မြည်လျက် ကလေးအား လက်တဘက်ဖြင့် ပွေ့ချီလျက် အခြားသစ်ပင်များဆီသို့ ကူးပြေးသွားတော့ရာ ခမ်းဆွမ်တို့ကလည်း မြေပြင်မှ အမြန်လိုက်ကြ၏။
ကလေးငိုသံသာ အနည်းငယ် ပေါ်ထွက်လာပြီး မျက်ခြည်ပြတ်ထွက်သွားတော့၏။ သို့သော် သူတို့ အားမလျှော့ပါ။ တောကိုတိုး၍ မျောက်မောင်းမကြီး ပြေးမည့်နေရာကို မှန်း၍ လိုက်နေကြသည်။
နေဝင်သွားကာ တတောလုံး တတောင်လုံး မှောင်မည်းလာသည်။ အားလုံး ပင်ပန်းပြီဖြစ်၍ ခေတ္တ စခန်းချကာ အသံများကို နားစွင့်လျက် မီးဖိုများ ဖိုလိုက်ကြ၏။ ပါလာသော စားစရာများကို စားယင်း ခမ်းဆွမ်က ပြောလိုက်သည်။
“မင်းတို့အားလုံး ပြန်သွားကြ။ ငါကတော့ ငါ့ကလေး မရမချင်း ဒီမှာကျန်ခဲ့မယ်။ သစ်ပင်ပေါ် တက်အိပ်မယ်။ အိုက်မောင်းနဲ့ အိုက်လွယ်က မနက်စောစော ငါ့အတွက် စားစရာလာပို့ယင်း ဆက်ပြီး လိုက်ကြတာပေါ့”
ခမ်းဆွမ်က ဇွတ်အတင်း ပြန်လွှတ်လိုက်သဖြင့် အိုက်မောင်းနှင့် ရွာသားများမှာ ရွာသို့ ပြန်သွားရတော့၏။ ခမ်းဆွမ်ကား သစ်ပင်ကြီးတပင်ပေါ် တက်ကာ သစ်ကိုင်းခွဆုံကြားတွင် သူ၏ တူမီး သေနတ်ကို ရင်ပေါ်တင်၍ အနားယူလိုက်၏။
သူ၏ ရင်သွေးကလေးစိတ်ကြောင့် ရုတ်တရက် အိပ်မပျော်နိုင်။ အိပ်ပျော်သွားသော အချိန်တွင် အော်၍ ခေါ်သံကြောင့် နိုးလာခဲ့၏။
မနီးမဝေးတွင် အိုက်မောင်းတို့ ညီအစ်ကို ခြင်းများဖြင့် ထည့်လာသော စားစရာများနှင့် တွေ့ရ၏။ သူ အိပ်ပျော်သွားပြီး နိုးလာချိန်မှာ မိုးလင်းနေလေပြီ။ ပင်ပန်းလွန်းအားကြီး၍ အမြန်ဆုံး သစ်ပင်ပေါ်မှ ဆင်းလာကာ အိုက်မောင်းတို့ ယူလာသော အရက်ကို သောက်ပြီး စားစရာများကို စားသောက်လိုက်၏။
“ဟေ့ အိုက်မောင်း၊ ငါ့မိန်းမ နေကောင်းရဲ့လား”
“အစ်ကို့မိန်းမ နေကောင်းပါတယ်။ ဒါပေမယ့် စိတ်ကတော့ မမှန်ချင်ဘူးဗျ”
ခမ်းဆွမ်ကို အိုက်မောင်းက ပြန်၍ ပြောကြားလိုက်သည်။
“အစ်ကို တောထဲမှာ ဘာထူးသလဲ”
“ဘာမှ မထူးပါဘူးကွ”
ခမ်းဆွမ်က အိုက်မောင်းအမေးကို စိတ်မချမ်း သာသလို ဖြေလိုက်သည်။ အိုက်မောင်းက
“အစ်ကို … ပူလွယ်က မျောက်မကြီးဟာ အစ်ကိုသားလေးကို နို့တိုက်နေတယ်ဆိုယင် သတ်ပစ်မှာ မဟုတ်ဘူးတဲ့။ ဘာပဲဖြစ်ဖြစ် မျောက်ကြီးနဲ့တွေ့ယင် အစ်ကိုက အေးအေးဆေးဆေး ပြန်ပြီး တောင်းပါ အစ်ကို”
ခမ်းဆွမ်က ခေါင်းညိတ်လိုက်သည်။ သူသည် စိတ်ထိခိုက်လှသဖြင့် သက်ပြင်းကို ရှိုက်နေမိ၏။
ယင်းနောက် သူတို့သည် မျောက်အုပ်များ ရှိနေသည့် နန့်မားတောင်ကြော ကျောက်ကမ်းပါးများဆီသို့ ထွက်လာကြ၏။
တချိန်က လူကြမ်းကြီး မုဆိုးခမ်းဆွမ်ကား ယခုအခါတွင် လူကြမ်းစိတ်ကြမ်းနိုင်ခြင်း မရှိတော့ပဲ တောကောင် အမဲငယ်ကလေးများကို တွေ့သောအခါတွင်ပင် ပစ်ခတ်လိုသောစိတ်ပင် မရှိတော့။
(၅)
နန့်မားတောင် ကမ်းပါးယံတွင် ကျောက်လိုဏ်ဂူများ ရှိနေကြ၏။ မျောက်အုပ်များသည် ဤ နန့်မားကျောက်လိုဏ်ဂူများတွင် အများဆုံး နေထိုင်လျက် ရှိနေကြလေသည်။
မျောက်အုပ်များအတွင်း မျောက်လွှဲကျော်အမျိုး အုပ်တအုပ်တွင် မျောက်မောင်းကြီးသည် ကလေးအားပွေ့ချီကာ ကျောက်လိုဏ်ဂူမှထွက်၍ ကျောက်စွန်းကြီးတွင် ထိုင်လျက် သူမ၏ နို့ဖြင့် လူသားကလေးကို တိုက်ကျွေးလျက် ရှိနေလေသည်။
ခပ်စောစောက မျောက်မောင်းမကြီး၏အနေဖြင့် မုဆိုးခမ်းဆွမ်၏ သားကလေးအား ခိုးယူကာ လည်မျိုကို ကိုက်ဖြတ်၍ သတ်ပစ်ရန် ကြံစည်ခဲ့သော်လည်း လူသားကလေး၏ မျက်နှာကလေးကို တစိမ့်စိမ့်ကြည့်ပြီး သတ်ပစ်လိုသောစိတ်များ ဝေးကာ သူမ၏ သားကလေး အစားရလာသကဲ့သို့ နို့တိုက်နေခြင်း ဖြစ်သည်။
မျောက်မောင်းမကြီးမှာ အခြားမျောက်များကိုပင် အနီးသို့ အကပ်မခံပါ။ အော်ဟစ်ခြောက်လှန်ပစ်ခဲ့၏။ ယခု သူမသည် နေခြည်ရောင်တွင် ကလေးအား အေးဆေးစွာ နို့တိုက်လျက်ရှိနေခဲ့သည်။
ယင်းအချိန်မှာပင် တောင်ကမ်းပါးယံ တောအတွင်းမှ လူသုံးယောက်တို့သည် ပေါ်ထွက်လာကြသည်။ သူတို့ကား မုဆိုးခမ်းဆွမ်နှင့် အိုက်မောင်း၊ အိုက်လွယ်တို့ ညီအစ်ကိုနှစ်ဦးတည်း။
ခမ်းဆွမ်မှာ မျောက်မောင်းမကြီးက သူ၏ ရင်သွေးကို နို့တိုက်နေသည်ကို တွေ့ရသဖြင့် အံ့အားသင့်ပြီး ဝမ်းသာကာ ပြေးသွားခဲ့၏။ သူသည် ပြေးသွားယင်းက ကျောက်တုံးတတုံးဖြင့် တိုက်မိပြီး လဲကျသွားခဲ့၏။
ချက်ချင်းပင် ပြန်၍ ထလိုက်သော်လည်း ညာခြေထောက်တဘက် မျက်သွား၍ ရုတ်တရက် မထနိုင်။ သည်နောက် ဒူးကိုထောက်ကာ လက်ကို ဆန့်ယင်းက
“အသင်မျောက်မကြီး၊ ကျုပ်ရဲ့သားကလေးကို ပြန်ပေးပါ … ပြန်ပေးပါ”
ခမ်းဆွမ်၏အသံသည် တတောလုံး ဟိန်းသွား တော့၏။
မျောက်မောင်းမကြီးကား ကလေးကို နို့တိုက်ယင်းက ခမ်းဆွမ်ကို မျက်ဝန်းများ ပြူးကျယ်သော မျက်လုံးများဖြင့် စိမ်းစိမ်းကြည့်နေမိ၏။ ခမ်းဆွမ်နှင့် မျောက်မောင်းမကြီး ရှိနေသော ကျောက်စွန်လိုဏ်ဂူမှာ ပေတရာနီးပါးမျှ ကွာပြီး မြေပြင်နှင့် ပေငါးဆယ်မျှ မြင့်နေသေး၏။
“ကွိကွိ … ကွိကွိ”
မျောက်မောင်မကြီး၏ နှုတ်မှ အသံများ ပေါ်ထွက်လာလေသည်။
ခမ်းဆွမ်မှာ မျက်ရည်များ ဖြိုင်ဖြိုင်ကျကာ လက်နှစ်ဘက်ကိုဆန့်တန်း၍ အော်လိုက်ပြန်သည်။ အိုက်မောင်းတို့ ညီအစ်ကိုနှစ်ဦးမှာ နောက်မှ တိတ်ဆိတ်စွာ မတ်တတ်ရပ်လျက် ရှိနေသည်။
“မျောက်မကြီး … အို မျောက်မကြီးရယ်၊ ကျုပ်ကို သနားသောအားဖြင့် ကျုပ်သားကလေးကို ပြန်ပေးပါဗျာ။ ကျုပ် ခင်ဗျားတို့သားအမိကို ရက်စက်ခဲ့တာတွေ တောင်းပန်ပါတယ်။ ကျုပ် ကတိပြုပါတယ်၊ ဘယ်တော့မှ မျောက်တွေကို မပစ်တော့ပါဘူးလို့”
ခမ်းဆွမ်၏ အသံသည် ကြေကွဲဖွယ်ရာ ဟိန်း၍ ထွက်ပေါ်လာတော့သည်။
ရုတ်တရက် မျောက်မကြီးသည် ကလေးကို ပွေ့ချီကာ မြေပေါ်သို့ ခုန်ဆင်းလိုက်သည်။ ရှေ့သို့ အနည်းငယ်လှမ်းပြီးလျှင် ခမ်းဆွမ်၏ သားကလေးကို တချက်မျှ ရှိုက်နမ်းကာ မြက်ခင်းပေါ်သို့ ချလိုက်သည်။ သူမ၏မျက်ဝန်းအတွင်းမှ မျက်ရည်များ ဖြိုင်ဖြိုင်ကျဆင်းလာသည်။
ထို့နောက် လျင်မြန်စွာပင် ကျောက်ကမ်းပါးပေါ်သို့တက်ကာ ပျောက်ကွယ်သွားလေတော့သည်။ အိုက်မောင်းက ပြေး၍ ကလေးအား ပွေ့ယူလာပြီး ခမ်းဆွမ်၏ လက်ထဲသို့ ထည့်လိုက်သည်။
ခမ်းဆွမ်က သားကလေးကို ပွေ့ချီကာ “သားသား … သားသား” ဟု ပြောကာ နမ်းလိုက်ယင်း မြေပြင်မှ တဖြည်းဖြည်း ထလိုက်၏။ ထို့နောက်တွင် သူတို့သုံးယောက် ရွာဆီသို့ တရွေ့ရွေ့ ပြန်ခဲ့ကြသည်။
ရွာအဝင်တွင် တယောက်မှ တဆင့် ဆူညံသွားသည်။
“ခမ်းဆွမ် ကလေးကို ပြန်ရလာပြီဟေ့ ”
ခမ်းဆွမ်၏ မိန်းမသည် ရှေ့ဆုံးမှ ပြေးလာပြီး သူ၏ သားကလေးအား ခမ်းဆွမ်လက်ထဲမှ ပွေ့ချီယူလိုက်၏။ ကလေးက ငိုလိုက်၏။
တချိန်တည်းမှာပင် ပူလွယ် ရောက်လာသည်။ ပူလွယ်သည် ရွာသူကြီးပင်ဖြစ်၏။ အိုက်မောင်းက ဖြစ်ပျက်ပုံကို ရှင်းပြလိုက်ရာ ပူလွယ်ပါ တအံ့တသြ ဖြစ်သွားရ၏။
ခမ်းဆွမ်မှာ ကျောက်ရုပ်ကြီးပမာ ရှိနေရာမှ ပူလွယ်၏ ရှေ့တွင် ဒူးထောက်ချပြီး ငိုကြီးရှိုက်ကြီးဖြင့် ပြောလိုက်၏။
“ပူလွယ် … ကျုပ်လုပ်တာတွေ မှားပါတယ်။ ကျုပ် အခုအချိန်က စပြီးတော့ မုဆိုးလုပ်ငန်း မလုပ်တော့ပဲ တောင်ယာပဲ လုပ်ကိုင်စားပါတော့မယ်ဆိုတာ ကတိပေးပါတယ်”
ပူလွယ်က ဝမ်းသာအားရနှင့် ခမ်းဆွမ်၏ ပခုံးကို ဆွဲထူပေးလိုက်ယင်း ….
“သာဓု … သာဓု … သာဓု ခမ်းဆွမ်၊ မင်း မုဆိုးလုပ်ငန်းစွန့်ပြီး တောင်ယာလုပ်မယ်ဆိုတာ ငါ သိပ်ဝမ်းသာတယ်ကွာ။ တို့ ရှမ်းတွေဟာ သူများအသက်ကို သတ်ရမှာ ဝန်လေးတဲ့ ဗုဒ္ဓဘာသာတွေ မဟုတ်လားကွာ”
ပူလွယ်က အားပေးနှစ်သိမ့်၍ ပခုံးပုတ်လိုက်သလို ခမ်းဆွမ်အဖို့ လောကသစ်၏ အလင်းရောင်ကို မြင်လိုက်ရဘိသကဲ့သို့ ရှိကာ ခေါင်းကို ညိတ်လိုက်တော့သည်။
မှတ်ချက်။ ။ အဖြစ်မှန်တခုကို မူတည် ရေးလိုက် ပါသည်။
– ပြီး –
စာရေးသူ – မြဝဇီ
Uncategorized