သန်လျင်ရန်နောင်
မုဆိုးစက်ဝိုင်း
အင်မိုင်ခသည် တရကြမ်း စီးဆင်းနေ၏။ တဝေါဝေါအသံနှင့် ဝဲပွက်နေသည်။ ရေပြင်တစ်ခုလုံးသည် ရေစီးငြိမ်သည့် နေရာဟူ၍ မရှိ။ အတိုက်အခတ် အခုန်အလွှား အမို့အမောက် အရစ်အခွေတို့နှင့် သဲသဲလှုပ်နေသည်။
အင်မိုင်ခ၏ မြစ်ကြမ်းပြင်တွင် မရွေ့လျားနိုင်သော ကျောက်ဆောင် ကျောက်တုံးများ ရှိဟန်တူသည်။ ထို့အတွက်ပင် မြစ်ရေသည် ထိုမျှ လှုပ်ရှားနေဟန်ရှိ၏။
အင်မိုင်ခသည် အနောက်မြောက်ယွန်းယွန်းမှ စီးဆင်းလာ၏။ ဒဇုံဒမ်းရှိ အဒုံးဝမ်ချောင်း၊ ရှမ်ခူးဝမ်ချောင်းနှင့် ခါကာဘိုရာဇီတောင်ကြီးမှ ဆင်းလာသောချောင်းတို့ ပေါင်းဆုံလိုက်သောအခါ အင်မိုင်ခမြစ် ဖြစ်လာသည်။
အင်မိုင်ခကို မြစ်ဟုဆိုရသော်လည်း ပေသုံးရာထက် ပိုမကျယ်။ တချို့နေရာများတွင် ပေ ၅၀-ပင် မပြည့်တတ်။ တောင်ကြားတို့ကို ဖြတ်သန်းစီးဆင်းသော အခါ ကမ်းပါးစောက်နက်၍ တောင်ခြေတို့နှင့် နီးသောအခါ ဆင်ခြေလျှောရှိသည်။
ကျွန်တော်တို့သည် ခေါ်ဘူဒဲ – ခေါင်လန်ဖူး လမ်းအတိုင်း လိုက်နေကြ၏။ လမ်းသည် အင်မိုင်ခကို မြှောင်၍ ပူးချည်တစ်ခါ ခွာချည်တစ်လှည့်နှင့် ယှဉ်၍ တက်သွားသည်။
ရိက္ခာတင် လားတပ်ဖွဲ့သည် ကျွန်တော်တို့နောက် အတော်ဝေးဝေးတွင် ကျန်နေရစ်၏။ တမင်ခွာ၍ ချန်ထားခြင်းလည်း ဖြစ်သည်။ တောတောင် ထူထပ် သောကြောင့် တစုံတခုသော အန္တရာယ်နှင့် ကြုံလျှင် ကျွန်တော်တို့နှင့် ပထမဆုံး တွေ့ရမည်။ ကျွန်တော်တို့ လေးယောက်က ရှေ့ပြေးကင်း။
မချမ်းဘောမှတဆင့် နယ်ခြားတပ်ဖွဲ့များသို့ ရိက္ခာပို့ပြီဆိုလျှင် ကျွန်တော်တို့ မုဆိုးတပ်ဖွဲ့ အမြဲပါသည်။ မုဆိုးများပီပီ အန္တရာယ်ကို သူများထက် ပို၍ မြင်လွယ်သည်။ သို့အတွက် ကျွန်တော်တို့နယ်နိမိတ် ရောက်လာလျှင် ကျွန်တော်တို့က ရှေ့ပြေးကင်း တာဝန်ကို အမြဲယူသည်။
ကျွန်တော်တို့ဆိုသည်မှာ ကချင်မုဆိုးကြီး ဦးဂွန်ဂမ်၊ ကျွန်တော်နှင့် ရဲဘော်သောင်းစိန်၊ ရဲဘော်ဂျခူးတို့ ဖြစ်သည်။
ခေါ်ဘူဒဲနှင့် ခေါင်လန်ဖူးမှာ နှစ်ဆယ့်လေးမိုင်မျှကွာသည်။ တစ်နေ့ခရီး ပြင်းပြင်းလျှောက်လိုက်လျှင် ရောက်သည်။ ခေါင်လန်ဖူးမှ ညီတာဒီးသို့ ဆက်လျှင် မူ ၄၉-မိုင်မျှ ကွာဝေးသည်။ ထိုခရီးကိုမူ ကျွန်တော်တို့ မလိုက်တော့။ ခေါင်လန်ဖူး တပ်ဖွဲ့မှ ဆက်၍ တာဝန်ယူပေလိမ့်မည်။
နံနက် ခြောက်နာရီမှ စတင်ခဲ့သော ခရီးမှာ ၉-နာရီတွင် ခြောက်မိုင်မျှ ပေါက်ရောက်ခဲ့ပြီ ဖြစ်၏။ ထိုခရီး အတိုင်းအတာတွင် ကျွန်တော်တို့သည် မည်သည့် သားကောင်ကိုမျှ မတွေ့ရသေး။ ချုံတိုးသွားသော သတ္တဝါငယ်တစ်ကောင်၏ လှုပ်ရှားမှုမှအပ အရိပ်အရောင်ပင် မမြင်ရ။
ကျွန်တော်က ဦးဂွန်ဂမ်အား စောင်းငဲ့ကြည့်မိ၏။ ဦးဂွန်ဂမ်သည် တစုံတခုအား တွေးတောလာဟန်နှင့် ကျွန်တော့်ဘေးမှ ခပ်စိုက်စိုက် လျှောက်နေသည်။
ကျွန်တော်က ပတ်ဝန်းကျင်ကို လှည့်ပြောင်း အကဲခတ်ကြည့်မိ၏။ အမှတ်မထင်ပင် ကျွန်တော့်မျက်လုံးများက သတ္တဝါငယ်တစ်ကောင်ပေါ်သို့ ကျရောက် သွားသည်။
ကျွန်တော် ချက်ချင်း ပြုံးလိုက်မိ၏။ ခြေလှမ်းကို တန့်၍ သေနတ်ကို မြှောက်လိုက်သည်။
“ဦးဂွန်ဂမ်ရေ့ … ဟိုသတ္တဝါတော့ ကျုပ် ဆော်ထည့်လိုက်တော့မယ်”
ဦးဂွန်ဂမ်က ဆတ်ကနဲ ရပ်တန့်လိုက်သည်။ သေနတ်ကိုလည်း အသင့်အနေအထားသို့ ပြောင်းလိုက်သည်။ နောက် ကျွန်တော်ချိန်ထားရာသို့ ကြည့်လိုက်ပြီး ချက်ချင်း သဘောပေါက်သွားသည်။
“ခင်ဗျားကတော့ လုပ်တော့မယ်”
ဆို၍ တဟဲဟဲ ရယ်၏။
ကျွန်တော်ကလည်း ရောနှောရယ်သည်။
ကျွန်တော် အမဲပစ်သေနတ်ကြီးနှင့် ချိန်ထားသည် က ငှက်ပြာကလေး တစ်ကောင်။
“ဘာများ မျှော်လင့်ဦးမှာလဲ ဦးဂွန်ဂမ်၊ ခင်ဗျားတွက်ထားတဲ့ အပြာရောင်သတ္တဝါလေ”
“ဟိုး … ဟိုး မလုပ်လိုက်ပါနဲ့ဗျာ ယတြာကြေသွားပါမယ်။ အခုမှ ကျုပ် စဉ်းစားမိတယ်ဗျို့။ အပြာရောင် သတ္တဝါထဲမှာ ခွေးပြာတို့ နွားပြာတို့ ရှိတာပဲ”
“ဩော် … ဦးဂွန်ဂမ်ကလဲ။ ခွေးပြာတို့ နွားပြာတို့ဆိုတာ တကယ်ပြောတာမှ မဟုတ်ပဲ။ အခေါ်သာရှိတာ”
ကျွန်တော်က ဦးဂွန်ဂမ်အား စလိုက်သည်။
“ဟာ … တကယ်ပြောပြော မပြောပြောဗျာ။ ပြာပါရင် ပြီးတာပဲ”
ဦးဂွန်ဂမ်က သူ့စကားသူ သဘောကျသွားဟန်နှင့် တဟားဟား ရယ်ချလိုက်သည်။ အကြောင်းသိနေသော ရဲဘော်သောင်းစိန်နှင့် ရဲဘော်ဂျခူးတို့ကလည်း ဝိုင်းရယ်သည်။
ရယ်စရာအကြောင်းကလဲ ရှိ၏။
သည်နေ့ခရီးထွက်ခါနီးကလေးတွင် ဦးဂွန်ဂမ်က စကားတခွန်းဆိုသည်။
“ခင်ဗျားတို့ မုဆိုးစက်ဝိုင်းဆိုတာ ကြားဖူးလား”
ဟူသော စကားပင် ဖြစ်၏။
ကျွန်တော်တို့က မကြားဘူးကြောင်း ခေါင်းခါသည်။
“မုဆိုးစက်ဝိုင်းဆိုတာ မုဆိုးဗေဒင်ပဲဗျ။ စက်ဝိုင်းချပြီး တွက်ရလို့ မုဆိုးစက်ဝိုင်းလို့ ခေါ်တာ။ ကျုပ် နောင်မွန်းရောက်တုန်းက ဗိုလ်ကြီး လကျန်းဆီက သင်ခဲ့တာပဲ။ သူလဲ အဲဒီဗေဒင်ကို တော်တော်အားကိုးတယ်”
ကျွန်တော်က ခေါင်းတချက် ညိတ်လိုက်၏။ ဗိုလ်ကြီးလကျန်းကို ကျွန်တော် ကောင်းကောင်း သိသည်။ ပူတာအို အရှေ့နယ်ခြားခရိုင်ဖွင့်စဉ်က နောင်မွန်းမြို့နယ် တာဝန်ခံဖြစ်၏။ ပိန်ပိန်ပါးပါး ကချင်အမျိုးသား အရာရှိတစ်ဦးဖြစ်၍ ကျွန်တော်တို့ကဲ့သို့ပင် အမဲပစ်ဝါသနာပါသူ ဖြစ်သည်။
“ဗိုလ်ကြီးလကျန်း ဘယ်ကတတ်ခဲ့သလဲဆိုတော့ ဒဂုံးဒမ်းကျေးရွာက ကချင်မုဆိုးကြီးတစ်ဦးဆီက သင်ခဲ့တယ်လို့ ပြောတယ်”
“ဆက်စမ်းပါဦး ဦးဂွန်ဂမ်”
ကျွန်တော်က စကားထောက်ပေးလိုက်သည်။
“ဆက်ဆို ဗေဒင်ဖြစ်ပေါ်လာပုံကလဲ ပုံပြင်ကလေးနဲ့ဗျ။ စိတ်ဝင်စားစရာတော့ ကောင်းတယ်”
“အင်း”
“ရှေးပဝေသဏီက ဆိုပါတော့ဗျာ။ လူတွေ မာဂဓ စကားတတ်တဲ့ အချိန်ကပေါ့။ အဲဒီအချိန်တုန်းက ကချင်လူငယ်ကလေးတစ်ဦးဟာ တောလည်သွားရင်း မျက်စိလည်သွားတော့ အမဲလိုက်လာတဲ့ ဝံပုလွေအုပ်နဲ့ တွေ့ပြီး အဖမ်းခံသွားရတယ်။
ဝံပုလွေတွေဟာ သူ့ကို ချက်ချင်း မစားသေးပဲ ကျောက်ဂူကြီးတစ်ခုထဲမှာ လှောင်ထားတယ်။ အပေါက်ဝမှာလဲ အမဲ မလိုက်နိုင်တော့တဲ့ ဝံပုလွေအိုမကြီးတစ်ကောင်ကို အစောင့်ထားတယ်။ သူတို့ အမဲရှာလို့ မရတဲ့နေ့ကျမှ စားမယ်ပေါ့။
ဒါကြောင့် ကချင်ကလေးဟာ တစ်နေ့မဟုတ် တစ်နေ့ သေရတော့မယ်ဆိုတာ သိတဲ့အတွက် အချိန်ရှိတိုင်း ငိုနေတယ်။ အိမ်က မိဘတွေကို တမ်းတပြီး ပူဆွေးနေတယ်။
အဲဒီလိုဖြစ်နေတော့ အစောင့်ဝံပုလွေမကြီးဟာ သူ့ကို သနားလာတယ်။ ဒါကြောင့် ကဲ … လူကလေး မင်းကို ငါ သနားလှတယ်။ ဟောဒီလမ်းက ပြေးပေတော့။ အတော်ဝေးဝေးရောက်ရင် လမ်းနှစ်ခွ တွေ့လိမ့်မယ်။ အဲဒီ လမ်းဆုံရဲ့ ထိပ်တည့်တည့်မှာလဲ ဧရာမ သစ်ပင်ကြီးတစ်ပင် ရှိတယ်။ အနားမှာ ကန်တကန်လဲ ရှိတယ်။
“မင်း မြဲမြဲမှတ်သွား။ အဲဒီနေရာ ရောက်ရင် ကန်ထဲကရေကို ပိန်းရွက်နဲ့ခပ်၊ သစ်ပင်ကြီးပေါ်တက်၊ ထိပ်ဆုံးက သစ်ရွက်တွေကြားထဲမှာ ပုန်း၊ ရေထုပ်ထားတဲ့ ပိန်ရွက်ကို ခေါင်းပေါ်မှာတင်ပြီး ထိုင်နေ။
မကြာခင် မင်းနောက်ကို ဝံပုလွေအုပ် လိုက်လာလိမ့်မယ်။ ကြောက်လဲ မကြောက်နဲ့၊ လှုပ်လဲ မလှုပ်နဲ့၊ ငါ ပြောသလိုသာ နေ၊ သူတို့ပြန်သွားကြလိမ့်မယ်လို့ ဝံပုလွေမကြီးက မှာသတဲ့။
ဦးဂွန်ဂမ်က ထိုနေရာတွင် စကားဖြတ်လိုက်၏။ ကျွန်တော်က ခေါင်းညိတ် “အင်း” လိုက်သည်။
“ဝံပုလွေမကြီး မှာတဲ့အတိုင်းပဲ၊ ကချင်ကလေးဟာ ပြေးလာလိုက်တာ လမ်းဆုံကို ရောက်တယ်ဆိုပါတော့။ အနားမှာလဲ ကန်တစ်ကန် တွေ့တယ်။ သစ်ပင်ကြီးလည်း တွေ့တယ်။
ဒါကြောင့် ကပျာကယာ ပိန်းရွက်နဲ့ ရေခပ်၊ ပေါက်မကျအောင် သေသေချာချာထုပ်ပြီး သစ်ပင်ပေါ်တက်၊ ထိပ်ဆုံးက အရွက်တွေကြားမှာ ပုန်းနေတယ်။ ထုပ်လာတဲ့ ရေကိုလဲ ခေါင်းပေါ်မှာတင်ပြီး ထိုင်နေသတဲ့”
“အင်း … ဒီတော့”
“ဒီတော့ ဝံပုလွေအုပ်က လိုက်လာတာပေါ့။ လမ်းဆုံလဲရောက်ရော ဘယ်လမ်း လိုက်ရမှန်း မသိတော့ဘူး။ ချက်ချင်းပဲ ဝံပုလွေအိုကြီးတကောင်ဟာ ကြောင်တွေ ဗေဒင်တွက်သလို သစ်ပင်ကြီးမှာ ကုတ်ခြစ်ပြီး ဗေဒင်တွက်တော့သတဲ့။
ဟောကိန်းက ဘာထွက်သလဲ ဆိုရင် ‘မိုးပေါ်က ရေအောက်မှာ ရှိတယ်’ လို့ ထွက်လာတယ်။ မိုးပေါ်က ရေအောက်ဆိုတော့ ဝံပုလွေတွေ ဘယ်လိုက်ရမှန်း မသိဘူး ဖြစ်နေတာပေါ့။
ဝံပုလွေတွေဟာ သူတို့ဗေဒင်ကို မကျေနပ်လို့ တစ်ခုပြီးတစ်ခု တွက်ပေမယ့် မိုးပေါ်က ရေအောက်ဆိုတဲ့ အဖြေသာ ရလို့ နောက်ဆုံး စိတ်ပျက်ပြီး ပြန်သွား တယ်။
အဲဒီအခါကျမှ ကချင်ကလေးဟာ ခေါင်းပေါ်က ရေထုပ်ကိုပစ်ချ၊ သစ်ပင်ပေါ်က ဆင်းပြီး ဝံပုလွေတွေ တွက်ထားတဲ့ သစ်ခေါက်ကို ခွာပြီး ပြေးခဲ့သတဲ့။ အဲဒီကတည်းက မုဆိုးဗေဒင် စခဲ့တယ် ဆိုပါတော့ဗျာ”
“ကောင်းတယ်ဗျို့။ မိုးပေါ်က ရေအောက်မှာဆိုတာကလေးတော့ သိပ်ကြိုက်သွားပြီ။ ဒီတော့ အညွှန်းကောင်းသလောက် လက်တွေ့ကလေး ရှိ မရှိ စမ်း ကြည့်ရအောင်။ ဘယ့်နဲ့လဲ အဘိုးကြီး”
“စမ်းမယ်လေ။ အခု ကျုပ်တို့ ထွက်မယ့်ခရီးမှာ ဘာကောင်ရမယ်ဆိုတာ တွက်ကြည့်ရမှာပေါ့။ ဗိုလ်ကြီးလကျန်းကတော့ သိပ်ကြိုက်တယ်။ ကျုပ်တော့ စမ်းမကြည့်ရသေးဘူး။ ကဲ … ကြာတယ်ဗျာ၊ ကျုပ် တွက်ကြည့်လိုက်ဦးမယ်”
ဦးဂွန်ဂမ်က ပြောပြောဆိုဆိုနှင့် စာရွက်တစ်ရွက်ယူ၍ စက်ဝိုင်းတစ်ဝိုင်း ဆွဲသည်။ အကန့်မျဉ်းများ၊ ဂဏန်းများ ရေးသည်။ အတော်အတန် ရေးခြစ်ပြီးသောအခါ သူ့စာရွက်ကိုကြည့်၍ မျက်မှောင်ကြုတ်သွားသည်။ နောက် ပြန်စစ်သည်။ ခေါင်းယမ်းလိုက် ခေါင်းခါလိုက်လုပ်ပြီးမှ ကျွန်တော့်မျက်နှာ မော်ကြည့်သည်။
သူ့အမူအရာကို အကဲခတ်နေသော ကျွန်တော်က ပြုံးမိ၏။
“ဘယ့်နှယ်လဲ ဦးဂွန်ဂမ်၊ မိုးပေါ်က ရေအောက်မှာ ဖြစ်နေလို့လား”
ကျွန်တော် အရွှန်းဖောက်မေးသည်။ ဦးဂွန်ဂမ်က သဘောကျစွာ ရယ်လိုက်၏။
“မဟုတ်ဘူးဗျ။ ရတော့ရမယ်၊ ဒါပေမယ့် အပြာရောင်သားကောင်လို့ ဗေဒင်က ပြနေတယ်”
“ဦးဂွန်ဂမ် ဗေဒင်က အရောင်နဲ့ပြလို့လား”
ကျွန်တော်က မေးလိုက်၏။ ဦးဂွန်ဂမ်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် ဗိုလ်ကြီး။ ကျုပ်ဗေဒင်က အရောင်ကို ကောက်ယူရတာ။ အညိုရောင် ဆိုတာ၊ အဝါရောင် ဆိုတာ၊ အနက်ရောင် ဆိုတာ။ အဲ … အနီရောင် ဆိုရင်တော့ သွေးရောင်ဖြစ်လို့ သွေးထွက်သံယိုရှိတယ်လို့ ပြတယ်။ ဒါကြောင့် အနီရောင်ပြရင် ဗိုလ်ကြီး လကျန်းကတော့ အမဲပစ် မထွက်နဲ့လို့ မှာတယ်”
“ဒါဖြင့် အခု ဦးဂွန်ဂမ် တွက်တဲ့အတိုင်း အပြာရောင်ဆိုတော့ ဘာသတ္တဝါ ရှိလို့လဲ။ တောကောင် သားကောင်ထဲမှာတော့ မရှိဘူး။ ငှက်ပဲ ရှိတယ်”
ကျွန်တော်က ရယ်ရင်းပြောသည်။
ဦးဂွန်ဂမ်ကမူ ပြုံးရခက် ရယ်ရခက် ဖြစ်နေသည်။
“အတွက်ကတော့ မမှားဘူးဗျ၊ အပြာပဲပြတယ်။ ဒီတော့ အနီးဆုံးကောက်ရရင် ခင်ဗျားပြောသလို ငှက်ပဲဖြစ်မယ် ထင်တယ်ဗျာ”
ထိုစဉ်က ဦးဂွန်ဂမ် ပြောခဲ့သော အသံမှာ လေပျော့ကလေးနှင့် ဖြစ်၏။ မုဆိုးရင့်မာကြီးတစ်ယောက်အဖို့ သည်ခရီးတွင် ငှက်ပဲရမည်ဆိုတော့ စိတ်ဓာတ်ကျလောက်သင့်သည်။
သို့အတွက်ပင် ခရီးစထွက်ကတည်းက ဦးဂွန်ဂမ် ရွှင်ရွှင်လန်းလန်း မရှိ။ တက်တက်ကြွကြွ မရှိ။ သူ့ဗေဒင်ကို သူ သိပ်ယုံကြည်နေဟန် ရှိသည်။
ယခု ကျွန်တော် စလိုက်မှ ခွေးပြာတို့ နွားပြာတို့အကြောင်း စဉ်းစားမိဟန် ရှိ၏။ အနည်းငယ် အားတက်လာပုံလည်း ရသည်။
ဒါပေမယ့် ခွေးပြာဆိုသည်ကလည်း ခက်သည်။ ခွေးအ,များတွင်သာ အများဆုံးတွေ့ရ၍ ညဘက်သာအထွက်များသည်။
နွားပြာဆိုသည်မှာလည်း ချုံနွယ်ပိတ်ပေါင်း ရှုပ်ထွေးသော မြစ်ကမ်းဘေးတွင် ကျက်စားလေ့မရှိ။ မြက်ပင်ရှည်ကြီးများ ပေါက်ရောက်ရာ လွင်ပြင်တို့၌သာ အုပ်လိုက် သင်းလိုက် ကျက်စားလေ့ရှိသည်။
သည်တော့ သူ မျှော်လင့်သည်မှာ သိပ်မဖြစ်နိုင်။
သတ္တဝါ တစ်ကောင်ကောင် ရလိုက်လျှင်တော့ သူ့အစွဲကို ဖျောက်နိုင်လိမ့်မည်ဟု ကျွန်တော် ထင်သည်။ သို့အတွက် ကျွန်တော်က အမဲတစ်ကောင် ရရှိရေးကို စိတ်စောလာသည်။
လမ်းသည် အင်မိုင်ခကို ခွာသွားပြန်သည်။ အတွင်းဘက်သို့ တိုးဝင်သွားသည်။
ကျွန်တော်တို့ လူစုသည် နောက်မှ လားတပ်ဖွဲ့ ရောက်မလာမီ ခြေလှမ်းသွက်သွက် လှမ်းရပြန်သည်။ လားဆိုသည့် သတ္တဝါများသည် လှမ်းမိပြီဆိုလျှင် နောက်မဆုတ်တတ်၊ တစိုက်မတ်မတ် သွားတတ်သည်။ လန့်လျှင်လည်း ဦးတည်ရာ ပြေးသဖြင့် ချောက်ထဲ ကျပေါင်းများပြီ။
ရှေ့ပြေးကင်းသည် ရိက္ခာတပ်ဖွဲ့နှင့် အနည်းဆုံး တဖာလုံ နှစ်ဖာလုံတော့ ကွာနေမှ ဖြစ်မည်။ အန္တရာယ်နှင့် တွေ့ဦးတော့ အရှိန်ပြေမှ လားများရောက်လာမည်။ သူတို့ကို ထိန်းနိုင်မည်။
သို့အတွက် ကျွန်တော်တို့ လေးယောက် ခြေလှမ်းရှိန်ကို မြှင့်ထားကြသည်။ ပတ်ဝန်းကျင် ဗယ်ညာကိုလည်း မုဆိုးမျက်လုံးများနှင့် မွှေနှောက်သွားသည်။
တစ်နေရာအရောက်တွင် ကျွန်တော်တို့ လက်ယာဘက်ရှိ ချုံနွယ်ပိတ်ပေါင်းများကြားမှ လျင်မြန်စွာ တောတိုးသွားသံတချက်ကို ကြားလိုက်ရသည်။
ကျွန်တော် နှင့် ဦးဂွန်ဂွမ်က ဖြုန်းကနဲ ရပ်တန့်လိုက်ပြီး အသံကြားရာဘက်သို့ လှည့်လိုက်သည်။ သေနတ်ကိုလည်း အသင့် မ,လိုက်၏။
သို့သော် လှုပ်ရှားမှုကို ဘာမျှ ဆက်မတွေ့ရ။ ပကတိ ငြိမ်သက်နေသည်။ သတ္တဝါငယ် တစ်ကောင်ကောင် ပြေးသွားခြင်း ဖြစ်ပေလိမ့်မည်။
ကျွန်တော်က ဦးဂွန်ဂမ်၏ မျက်နှာအား လှမ်းကြည့်လိုက်သည်။ ဦးဂွန်ဂမ်က ခေါင်းရမ်းလိုက်သည်။ “ပြေးပြီ” ဟူ၍လည်း လေသံနှင့် ပြော၏။ ကျွန်တော် ခေါင်းညိတ်လိုက်သည်။
“ကဲ … လျှောက်ကြဦးစို့””
ကျွန်တော်က ဦးဆောင်၍ပင် ဆက်လျှောက်သည်။ သို့သော် ဝေးဝေး မလျှောက်လိုက်ရ။ နှစ်ဖာလုံနီးပါးသို့ပင် မရောက်တတ်သေးမီ နောက်ပိုင်းဆီမှ ဝေါကနဲ သည်းကနဲ အသံများ ထွက်လာသည်။
“ဟော … ဘာဖြစ်တာလဲ”
ကျွန်တော်တို့ လူစုံ ချက်ချင်း လှည့်လိုက်၏။ သေနတ်သံ သုံးလေးချက်ကလည်း ရှေ့ဆင့် နောက်ဆင့် ထွက်လာသည်။ ရိက္ခာတပ်ဖွဲ့ အန္တရာယ်တွေ့ပြီ။
“လာဗျို့”
ကျွန်တော်က ဤမျှသာ အော်နိုင်သည်။ အမြန်ဆုံးအရှိန်နှင့် နောက်ကြောင်းသို့ ပြန်ပြေးမိ၏။
သိပ်မပြေးလိုက်ရ။ ကြောက်လန့်တကြား ပြေးတက်လာသော လားအုပ်နှင့် ရင်ဆိုင်တွေ့သည်။
ရိက္ခာတင်ထားသော လားများမှာ ဝန်အပြည့်နှင့် ဖြစ်၍ တိုက်မိ ခိုက်မိလျှင် သိပ်သက်သာမည်မဟုတ်။
“ဘေးကပ်ရှောင်ဟေ့”
ကျွန်တော်က နောက်မှ လူများကို သတိပေးလိုက်သည်။ ဦးဂွန်ဂမ်၊ ရဲဘော်သောင်းစိန်၊ ရဲဘော်ဂျခူးတို့က အန္တရာယ်ကို ကပ်ရှောင်လိုက်သည်။
နောက်ထပ် သေနတ်သံနှစ်ချက် ဆက်တိုက် ထွက်လာပြန်သည်။ “ဟေး” ကနဲ အော်လိုက်သော ရဲဘော်များ၏ အသံကိုလည်း ကြားရ၏။
“မြန်မြန်ဗျို့ … အန္တရာယ်က ခွာပုံမရဘူး”
ကျွန်တော်တို့က လားများကို ရှောင်နိုင်သမျှ ရှောင်၍ပြေးသည်။ သိပ် မပြေးလိုက်ရ။ လမ်းချိုးကွေ့တစ်ခုကို လွန်လျှင် အသင့်အနေအထားနှင့် နေရာယူထားသော ရဲဘော်အုပ်စုကို တွေ့ရသည်။
“ဟေ့ … ဘာဖြစ်တာလဲ””
ကျွန်တော်က လှမ်း၍ အသံပြုလိုက်သည်။ ရိက္ခာတပ်ဖွဲ့နှင့်ပါလာသော တပ်ကြပ်ကြီး လင်းယုန်က …
“တောကောင် ဗိုလ်ကြီး … တောကောင်၊ အိုက်ထူးကို အုပ်ပြီး ဟိုထဲ ဝင်သွားတယ်”
တပ်ကြပ်ကြီးလင်းယုန်က အင်မိုင်ခမြစ်ဘေးရှိ ကိုင်းတောဆီသို့ ညွှန်ပြသည်။ ကျွန်တော်က သူ ညွှန်ပြရာသို့ တစ်ချက်ကြည့်လိုက်ပြီး သတိကြီးစွာဖြင့် သူတို့နားသို့ ချဉ်းကပ်သွားသည်။
“အခု အိုက်ထူး ဘယ်မှာလဲ”
ကျွန်တော်က စိုးရိမ်တကြီး မေးလိုက်၏။ မျက်လုံးများကိုလည်း ဝေ့ကစားမိသည်။ သို့သော်လည်း အိုက်ထူး၏ အရိပ်အရောင်မျှပင် မတွေ့ရ။
“ကျွန်တော်တို့ ခြောက်နေတဲ့ကြားက အတင်းဆွဲဆင်းသွားတယ် ဗိုလ်ကြီး။ သိပ်မြန်တဲ့ အကောင်၊ ကျားတော့ မဟုတ်ဘူး”
“ဒါဖြင့် ဘာကောင်လဲ … ကျားသစ်လား”
“တူတော့တူတယ်၊ ဒါပေမယ့် ကျားသစ်လဲ မဟုတ်ဘူး ထင်တာပဲ”
“ဟာ … မင်းတို့ဟာကလဲ”
“ဟုတ်တယ် ဗိုလ်ကြီး။ ကျွန်တော်တို့က ကြောက်လဲကြောက်၊ အကောင်ကလဲမြန် ဆိုတော့ ဖြုန်းကနဲ မခွဲလိုက်နိုင်ဘူး။ ကျား မဟုတ်တာတော့ သေချာတယ်”
ရဲဘော်တစ်ယောက်က ဝင်ပြောသည်။
ကျွန်တော်က သက်ပြင်းမှုတ်ထုတ်လိုက်မိ၏။ သူတို့နှင့် ကြာကြာ အမေးအဖြေ လုပ်မနေနိုင်။ လောလောဆယ် အိုက်ထူးအတွက် အရေးကြီးသည်။ ဒါပေမယ့် သူတို့ပြောသမျှနှင့်ပင် အိုက်ထူးအတွက် လုံလောက်နေပြီ။ သူ့အတွက် ဘာမျှော်လင့်ချက်မျှ မရှိတော့။ လားမောင်းသမားဘဝမှ သူ့ခမျာ လွတ်သွားလောက်ပြီ။
“ကဲ … အဘိုးကြီး၊ ဝင်လိုက်မှ ဖြစ်မယ်”
ကျွန်တော်က ဦးဂွန်ဂမ်အား လှည့်ပြောလိုက်၏။ ဦးဂွန်ဂမ်က သဘောတူကြောင်း ခေါင်းညိတ်သည်။
“သတိထားဝင် ဗိုလ်ကြီး”
ကျွန်တော်က ခေါင်းညိတ်ပြလိုက်၏။
နောက် သေနတ်ကို စစ်ဆေးပြီး အိုက်ထူး ပါသွားသော နေရာသို့ ချဉ်းကပ်လိုက်သည်။
လှုပ်ရှားမှုဆို၍ ဘာတစ်ခုမျှမတွေ့ရ။ အသံကလေး တစ်သံပင် ထွက်မလာ။ လေတိုက်သဖြင့် ကိုင်းပင် အဖျားကလေးများ လှုပ်နေသည်မှအပ ပကတိ တိတ်ဆိတ်နေသည်။
ကျွန်တော်နှင့် ဦးဂွန်ဂမ်က သတိကြီးစွာထား၍ ကိုင်းတောထဲသို့ တလှမ်းချင်း ဝင်သည်။ လှုပ်ရှားသည် ဆိုရုံမျှသော ခြေလှမ်းနှင့်ပင်ဖြစ်၏။
ကိုင်းပင်အခြေတို့တွင် သွေးစက်များကို မြင်ရသည်။ အိုက်ထူး၏ သွေးစက်တို့ပေပဲ။
လှုပ်ရှားသွားသော စိတ်ကို ပြန်ထိန်းလိုက်သည်။ အခြေအနေ ပတ်ဝန်းကျင်ကို ပြန်သုံးသပ်သည်။
ကျွန်တော်တို့ ဆက်လိုက်၍ မဖြစ်သော အခြေအနေကို တွေ့ပြီ။ ပတ်ဝန်းကျင်သည် ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ထူပြစ်နေ၏။ ခြေလက်တို့ပင် လွတ်လပ်မှုမရှိ။ သည်နေရာမျိုးတွင် သေနတ်ကို လိုသလို လှည့်ပတ်၍ ရနိုင်မည် မဟုတ်မှန်း ကျွန်တော်သိသည်။
ဘေးပတ်ဝန်းကျင် မြင်ကွင်းကလည်း ကျဉ်းမြောင်း သည်။ သစ်ခက်သစ်ရွက်တို့နှင့် ပိတ်နေသည်။ ခြောက်ပေပတ်လည်သို့ပင် ထင်းထင်းမမြင်ရ။ အန္တရာယ်နှင့် ရင်ဆိုင်တွေ့လျှင် ကျွန်တော်တို့ ခံရမည်။
“အဘိုးကြီး … နောက်ပြန်ဆုတ်”
ကျွန်တော်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ တောတွင်းအတွေ့အကြုံ ရှိပြီးသော ဦးဂွန်ဂမ်က နှစ်ကြိမ် ထပ်မပြောရ။ လာလမ်းအတိုင်း ပြန်ဆုတ်သည်။
အိုက်ထူး၏ အလောင်း ပြန်ရရှိရေးမှာ ကျွန်တော့်အတွက် အရေးကြီးသည်။ လမ်းပေါ်သို့ ပြန်နင်းမိသည်နှင့် အစီအစဉ်သစ်တစ်ရပ်ကို ချက်ချင်းချရ၏။
ရဲဘော်များအား သေနတ်အစား တုတ်များကို ကိုင်ခိုင်းရသည်။ ချုံများကို တဖုတ်ဖုတ်ရိုက်လျက် ပါးစပ်မှလည်း အော်ဟစ်ခြောက်လှန့်ခိုင်းရသည်။
ကျွန်တော်တို့သည် တောချောက်လျက် ပြန်ဝင်၏။ သွေးစက်အတိုင်း လိုက်ခဲ့ရာ လမ်းနှင့် ပေနှစ်ဆယ်ခန့် အကွာတွင် အိုက်ထူး၏အလောင်းကို တစောင်း မှောက်ခုန်ကြီး တွေ့ရသည်။
သွေးများမှာ စိမ့်ယိုစီးကျလျက်ပင် ရှိသေး၏။ လည်ပင်းကြောနှင့် အသားတစ်များ ပြတ်ထွက်လျက် သေဆုံးနေခဲ့ပြီ။
ကျွန်တော်က ချက်ချင်းပင် အလောင်းကို လမ်းသို့ ပြန်သယ်သည်။ ကျွန်တော် ဘာဆက်လုပ်ရမည်နည်း။ အိုက်ထူးကို သတ်သွားသော သတ္တဝါကိုတော့ ကျွန်တော်တို့ ဒဏ်ပြန်ရမည်။
အိုက်ထူး၏ လည်ပင်းမှ ဒဏ်ရာကို ကျွန်တော် စူးစမ်းကြည့်၏။ ကြီးမားသော အစွယ်ရာများပင်။ ကျောပြင်နှင့် ပခုံးတို့တွင်လည်း နက်ရှိုင်းသော လက်သည်းရာကြီးများကို တွေ့ရ၏။
ကျားလည်းမဟုတ်၊ ကျားသစ်လည်းမဟုတ်ဟု ရဲဘော်များက ဆိုသည်။ လက်သည်း ခြေသည်း အစွယ်ရာများကိုထောက်၍ ထိုနှစ်ကောင် တကောင်ကောင်သာ ဖြစ်လိမ့်မည်ဟု ကျွန်တော် ဆုံးဖြတ်သည်။
ကျွန်တော့်တွင် ကြာကြာ စဉ်းစားချိန် မရှိ။ လန့်ပြေးသွားသော လားများနောက်သို့ ရိက္ခာတပ်ဖွဲ့မှ ရဲဘော်များအား အလျင်အမြန် လိုက်ခိုင်းရသည်။ ထိုသတ္တဝါများကို အချိန်မီ ထိန်းနိုင်မှ ဖြစ်မည်။ သို့မဟုတ်က ထိခိုက်အနာတရ ဖြစ်နိုင်သည်။ ချောက်တွင်းသို့ကျ၍ ဆုံးရှုံးသွားနိုင်သည်။ ပြီး အန္တရာယ်တစ်စုံတစ်ရာနှင့် ထပ်မတွေ့ဟု မဆိုနိုင်။
ကျွန်တော်က အစီအစဉ်ကို ချက်ချင်းဆွဲသည်။
ကျွန်တော်၊ ဦးဂွန်ဂွမ်၊ ရဲဘော်သောင်းစိန်၊ ရဲဘော်ဂျခူးတို့က အိုက်ထူး အလောင်းနှင့် နေခဲ့မည်။ စားတုံ့ပြန်လာမည့် သတ္တဝါအား တစ်နေရာမှ မြုံ၍ စောင့်မည်။
ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်၍ တိတ်ဆိတ်သွားလျှင် ထိုသတ္တဝါသည် ညအထိ နေမည်မဟုတ်။ သူ ကိုက်လှဲခဲ့သော သားကောင်ရှိရာသို့ အမှန် ပြန်လာမည်မှန်း ကျွန်တော်တို့ သိသည်။
သို့အတွက် ရိက္ခာတပ်ဖွဲ့ ထွက်သွားလျှင် အလောင်းနှင့် အနီးဆုံး ကမ်းပါးယံ တစ်ခုသို့ ကျွန်တော်တို့ တက်သည်။ သေနတ်ကို ကောင်းစွာ အသုံးချနိုင်မည့်
နေရာတစ်ခုကို ရွေးပြီး တိတ်ဆိတ်စွာစောင့်သည်။ တောင်ကမ်းပါးယံမှ လင့်စီးခြင်းပင်။
ပတ်ဝန်းကျင်မှာ ပြန်၍ တိတ်ဆိတ်သွားသည်။ တော၏ သဘာဝအတိုင်း ပုံမှန်ပြန်ဖြစ်လာသည်။
ငှက်သံနှင့် ခပ်ဝေးဝေးမှ မျောက်တအုပ် အော်နေသံမှအပ ဘာသံမျှ မကြားရ။
အိုက်ထူး၏ အလောင်းမှာမူ လမ်းပေါ်တွင် ကန့်လန့်ဖြတ် ပက်လက်အနေအထား ရှိနေသည်။
မျက်လုံးက အကြောင်သားနှင့် ရှိနေ၏။ မိုးကောင်းကင်ကို မော့်ကြည့်နေဟန် ရှိနေသည်။ ပါးစပ်က ပွင့်နေ၏။
လားကျောင်းသမားဘဝမှ လွတ်မြောက်သွားသော အိုက်ထူးတစ်ယောက် ကောင်းရာမွန်ရာ ရောက်ပါစေဟူ၍ ကျွန်တော် ဆန္ဒပြုမိ၏။
တဖြည်းဖြည်းနှင့် မိနစ်မှ နာရီသို့ ကူးပြောင်းလာသည်။ စောင့်ရသည်မှာ ကြာညောင်းလှသည်။ ဒါပေမယ့် ကျွန်တော်တို့ မလှုပ်ရဲ။ အလေ့အကျင့်ရှိပြီးသော ရဲဘော်သောင်းစိန်၊ ရဲဘော်ဂျခူးနှင့် ဦးဂွန်ဂမ်တို့မှာလည်း ခံနိုင်ရည်ရှိသည်။ နည်းနည်းမျှပင် လှုပ်ရှားမှုမပြု။
ကျွန်တော်က ဦးဂွန်ဂမ်အား မသိမသာ စောင်းငဲ့ကြည့်သည်။ ဦးဂွန်ဂမ်သည် သူ့မုဆိုးဗေဒင်ကို မေ့နေဟန်ရှိသည်။ သူပစ်ရမည့် သတ္တဝါမှာ အပြာရောင် သတ္တဝါ မဟုတ်ကြောင်း စဉ်းစားမိလျှင် စိတ်ဓာတ်ကျကောင်း ကျပေမည်။
ကျွန်တော် သူ့ကို စချင်နေသည်။ မစရဲ။
“ခင်ဗျား တွက်တုန်းက အနီရောင် မမြင်ဘူးလား”
မေးချင်သည်။ အသံထွက်၍ မဖြစ်။
မေးသာ မေးရလျှင် ဦးဂွန်ဂမ် မည်သို့ ဖြေမည်ကို ကျွန်တော် ကြားချင်သည်။
ကျွန်တော်က အတွေးကိုဖြတ်၍ မျက်လုံးကစားကြည့်သည်။ ကျွန်တော်တို့ ရှိနေသော နေရာမှကြည့်လျှင် အင်မိုင်ခမြစ်ကမ်းဘေး ကိုင်းတောကို စီး၍ မြင်ရသည်။ ကိုင်းတောထဲမှ သတ္တဝါတကောင်ကောင် ဖြတ်သွားလျှင်လည်း ဖြတ်သည့်နေရာကို ချင်ချင်း သိနိုင်သည်။
ထိုအခိုက် ဦးဂွန်ဂမ်ဆီမှ “ရွှတ်” ကနဲ အသံတချက် ထွက်လာ၏။ ကျွန်တော်က သူ့မျက်နှာကို အကဲခတ်ကြည့်လိုက်သည်။
ဦးဂွန်ဂမ်၏ မျက်လုံးများက တနေရာကို စူးစိုက်ကြည့်နေသည်။
သူ ကြည့်နေရာသို့ ကျွန်တော် လိုက်ကြည့်၏။ မူလ အိုက်ထူးအလောင်း ရှိသည့် နေရာတဝိုက်တွင် တချက်တချက် ကိုင်းပင်များ လှုပ်ခါနေသည်။
သိသိသာသာဖြင့် မဟုတ်။ အင်မတန် ကျစ်လျစ်သော လှုပ်ရှားမှုပင် ဖြစ်သည်။
လာပြီ။ သတ္တဝါသည် သူ့ အမဲကောင်ရှိရာသို့ ပြန်လာခဲ့ပြီ။ ရဲရဲတင်းတင်း ဝင်လာခြင်းဖြင့် မဟုတ်။ အန္တရာယ်ကို စူးစမ်းလျက် ချဉ်းကပ်နေခြင်း ဖြစ်ဟန် တူသည်။
တဖြည်းဖြည်းနှင့် ကိုင်းပင်များ၏ လှုပ်ရှားမှုမှာ လမ်းဆီသို့ ချဉ်းကပ်လာသည်။ လမ်းနှင့် သုံးလေးကိုက် အကွာတွင် ရုတ်တရက် ရပ်တန့်သွား၏။
အတွေ့အကြုံရှိပြီးသော ကျွန်တော်တို့က ခေါင်းကို လျှိုချလိုက်ပြီး ဝပ်နေလိုက်သည်။ နည်းနည်းကလေးမှ အမှားခံ၍ မဖြစ်။ တချက်ကလေး မှားသွားသည်နှင့် ထိုသတ္တဝါကို ကျွန်တော်တို့ နောက်ထပ် တွေ့နိုင်တော့မည် မဟုတ်။
စက္ကန့်တိုင်းသည် ကျွန်တော်တို့အတွက် အရေးကြီးလျက်ရှိပြီ။ ကျွန်တော်က စိတ်ကို ငြိမ်နိုင်သမျှ ငြိမ်အောင်ထားလျက် မျက်စိနှင့် နားကို အစွမ်းကုန် ဖွင့်ထားသည်။
မိနစ်ပိုင်းပင် ဖြစ်သော်လည်း စောင့်ရသည်မှာ ကြာလွန်းလှ၏။
“အိုက်ထူးရေ … မင်းရန်သူကို ဆွဲထုတ်လိုက်စမ်းကွာ”
ဟူ၍ပင် အော်ပစ်လိုက်ချင်သည်။
ဆယ်မိနစ်မျှ ကြာသွားသည်။ ကိုင်းပင်များ ပြန်လှုပ်လာ၏။
ကျွန်တော်က အသက်ကိုအောင့်၍ စောင့်နေမိသည်။ သိပ်မကြာလိုက် … ကိုင်းပင်များကြားမှ ကြီးမားဝိုင်းစက်သော ဦးခေါင်းကြီးတစ်လုံး တိုးထွက်လာသည်။
ကျွန်တော့်ပါးစပ်မှ “ဟာကနဲ” အသံထွက်သွားမတတ် ဖြစ်သွားသည်။ အံ့သြခြင်း၊ မယုံကြည်နိုင်ခြင်း တို့က ကျွန်တော့်အား ကြီးစိုးသွားသည်။
ကျွန်တော့်တစ်သက်တွင် တခါမှ မမြင်ဖူးသော ခေါင်းကို မြင်ရပြီ။ ထိုခေါင်းကား ခေါင်းပြာကြီးပင်တည်း။
ကျွန်တော်က ဦးဂွန်ဂမ်အား မျက်လုံးအပြူးသားနှင့် စောင်းကြည့်မိ၏။ ဦးဂွန်ဂမ်၏ မျက်နှာမှာ အပြုံးရိပ် သန်းနေသည်။ “ဘယ်နဲ့လဲဗျို့” ဟူသော အကြည့် နှင့် လှမ်းကြည့်နေ၏။
ချက်ချင်းပင် သတ္တဝါသည် လမ်းပေါ်သို့ လွှားကနဲ ခုန်တက်လာသည်။ ကျွန်တော်က မျက်စိများကို စုံမှိတ်၍ ပြန်ဖွင့်ကြည့်သည်။ အမြင်က ပြောင်းလဲ မသွား။
အိုက်ထူး၏ အလောင်းအား ခွရပ်လျက် လမ်းတလျှောက် မျှော်ကြည့်နေသော သတ္တဝါပြာကြီးကို တွေ့ရသည်။ ထိုသတ္တဝါပြာကြီးကား ကျွန်တော့် တသက်တွင် သည်တကြိမ်သာ တွေ့ဖူးသော ကျားသစ်ပြာကြီး တကောင်ပင်တည်း။
မုဆိုးတို့မည်သည် အခွင့်ကောင်းကို လက်လွှတ်ရိုး ထုံးစံ မရှိ။ ကျွန်တော်နှင့် ဦးဂွန်ဂမ်က အံ့သြမှုကို ဘေးဖယ်ထားလျက် သေနတ်ပြောင်းများကို နေရာချလိုက်သည်။ နောက် ဦးဂွန်ဂမ်အား အချက်ပေးလိုက်၏။
“ဒိုင်းကနဲ … ဒိုင်းကနဲ” ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲသွားသော ကော်ဒိုက်ယမ်းအား ပေါက်ကွဲသံနှင့်အတူ သတ္တဝါသည် စွေ့ကနဲ မြောက်တက်သွား၏။
ခွေခေါက်သောကိုယ်နှင့် လမ်းဘေးသို့ ကျသွားသည်။
ဦးဂွန်ဂမ်နှင့် ကျွန်တော်က ကျည်တထောင့်စီ ထပ်ထိုးလိုက်ပြီး နေရာမှ ထရပ်လိုက်သည်။
သေနတ်ကို နောက်ထပ် အသုံးပြုရန် မလိုတော့ကြောင်း ကျွန်တော် တွေ့ရသည်။
ကျားသစ်ပြာကြီးသည် တချက်နှစ်ချက် ခုန်ပေါက်လိုက်ပြီး ပြန်မထနိုင်တော့၊ အကြောများ တဆတ်ဆတ်ဆွဲကာ ငြိမ်သက်သွားသည်။
“စိတ်ချရပြီဗျို့၊ ဆင်းကြရအောင်”
ဦးဂွန်ဂမ်က အသံပြုရင်း စတင်လှုပ်ရှားလိုက်သည်။
ကျွန်တော်က ရဲဘော်သောင်းစိန်နှင့် ရဲဘော်ဂျခူးအား အပေါ်မှ စောင့်ကြည့်ရန် ထားခဲ့ပြီး ဆင်းလိုက်သည်။
“ကျုပ်တို့ သိပ်ရှားပါးတဲ့ သတ္တဝါတစ်ကောင်ကို ရလိုက်တာပဲဗျို့”
ဦးဂွန်ဂမ်က ကျားသစ်ပြာကြီးကို ကြည့်၍ ဝမ်းသာအားရ ပြောသည်။ ကျွန်တော်က ခေါင်းညိတ်သည်။
ခဏကြာလျှင် ကျားသစ်ပြာကြီးအား အိုက်ထူးအလောင်းနှင့် ယှဉ်ချထားပြီး ဖြစ်နေသည်။ ဦးဂွန်ဂမ်က တပြုံးပြုံးနှင့် ခေါင်းညိတ်နေ၏။
“ဘယ့်နှယ်လဲဗျို့၊ ကျုပ် ဗေဒင်”
ဦးဂွန်ဂမ်က အနိုင်ရသော အသံနှင့် ပြောသည်။ ကျွန်တော် ပြုံးလိုက်သည်။
“ဒါပေမယ့် ဦးဂွန်ဂမ် ဗေဒင်ဟာ မှန်သင့်သလောက် မမှန်ပါဘူး”
“ဘာဖြစ်လို့လဲ”
“အနီရောင် ဟောကိန်းမှ ထွက်မလာပဲ”
“ဒါတော့ ဟုတ်တယ်ဗျို့၊ သွေးရောင်ဖြစ်တဲ့ အနီရောင် ဟောကိန်းတော့ထွက်မလာဘူး။ ဒါပေမယ့် ကျုပ်ကတော့ မုဆိုးစက်ဝိုင်းကို သိပ်ကြိုက်သွားပြီ”
“တိုက်ဆိုင်လို့ နေပါလိမ့်မဗျာ”
ကျွန်တော်က ဦးဂွန်ဂမ် မခံချင်အောင် စလိုက်သည်။
အမှန်လည်း တိုက်ဆိုင်မှု ဖြစ်နိုင်သည်။ တခါတရံ မမျှော်လင့်သော တိုက်ဆိုင်မှုတို့သည် ဖြစ်လာတတ်သည် မဟုတ်ပါလား။ ယခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် အိုက်ထူး တစ်ယောက်ကတော့ ကျေနပ်ကောင်းသည်ဟု ကျွန်တော် ထင်ပါသည်။
(မုဆိုးစက်ဝိုင်းအကြောင်း ပြောခဲ့သော ဗိုလ်ကြီးလကျန်းအား အမှတ်တရ)
စပယ်ဦး မြန်မာဝတ္ထုတိုမဂ္ဂဇင်း
၁၉၈၅-ခုနှစ်၊ သြဂုတ်လ။
စာအုပ်အမှတ် (၁၂)
– ပြီး –
စာရေးသူ – သန်လျင်ရန်နောင်
Uncategorized