August 1, 2025
Uncategorized

မုဆိုးတို့စည်း

လေးမောင်

ကိုယ်တွေ့မကြုံဖူးဘူးသူများကတော့ သည်ဖြစ်ရပ်မျိုးကို ယုံချင်မှ ယုံမည်။ ကျွန်တော်ကတော့ သည်ဖြစ်ရပ်သည် ကျွန်တော့်မျက်စိအောက်တွင်ပင် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်မို့ မယုံလို့မရတာက အမှန်ပင်။

ကျွန်တော်တို့အားလုံး သိထားကြသည့်အတိုင်း ခွေးဆိုသည့် အကောင်မျိုးက လူသားများနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိကြသလို လူတို့အားကိုးရသော မိတ်ဆွေလည်း ဖြစ်သည်။ သစ္စာရှိသော အိမ်ဖော်လည်း ဖြစ်သည်။

ခွေးတို့ကို လူသားများ ဟိုးလွန်ခဲ့သော နှစ်ကာလအတော်ကြာကတည်းက မွေးခဲ့ကြသည်။ ကုန်ကုန် ပြောရလျှင် ကျောက်ခေတ်မှ စတင်ပြီး မွေးလာကြသည်ဟု သိရပေသည်။

ခွေးသည် သခင့်အပေါ် သစ္စာရှိသည်။ မည်သည့် အကြောင်းကြောင့်ပင် သခင်ကို စွန့်ပစ်မသွား။ အလွန် သစ္စာစောင့်ကြသည်။ ကမ္ဘာပေါ်တွင် ရှိကြသည့် တိရစ္ဆာန်အများစုတွင် ခွေးတို့သည် လူတို့၏သဘော (သခင့်အလိုကို) အသိတတ်ဆုံးနှင့် လူများအပေါ် အနွံအတာခံပြီး အကူအညီအများဆုံး ပေးသည်။

သူတို့၏ အရည်အချင်းများက အနံ့ခံကောင်းသည်။ မျက်စိလျင်သည်။ နားပါးသည်။ အအိပ်အနေ နည်းသည်။ ချွန်ထက်သော သွားကြီးများ ရှိသည်။ ပြေးလွှားနိုင်ရန် သန်စွမ်းသောခြေ ရှိသည်။ ထိုခြေထောက်များကား သေးသွယ်ကြံ့ခိုင်သည်။

ကမ္ဘာပေါ်တွင် ခွေးအမျိုးပေါင်း တော်တော်များများ ရှိကြသည်ဟု သိထားသည်။ မည်သည့်ခွေးအမျိုးအစားပင်ဖြစ်စေ တစ်နည်းတစ်လမ်းအားဖြင့် လူတွေကို အကျိုးပြုသည်ကို တွေ့မြင်ကြားသိနေရသည်။

ကျွန်တော်က ခွေးကို ချစ်တတ်သူ မဟုတ်သဖြင့် ခွေးတို့၏ ကောင်းကျိုး ဆိုးကျိုးကို သိပ်မသိ။ ခွေးတို့၏ ပြန်လည်တုံ့ပြန်မှုကိုလည်း နားမလည်။ မုဆိုးတစ်ယောက်ဖြစ်နေသဖြင့် အမဲလိုက်ရာတွင် ရွာခံမုဆိုးများ မွေးမြူသင်ကြားထားကြသော အမဲလိုက်ခွေးများတို့လောက်ကိုသာ သိသည်။

အထူးသဖြင့် ထိုကဲ့သို့ ကျွန်တော်သိသော ခွေးများထဲတွင် အမဲလိုက်ကောင်းသောခွေး၊ အနံ့ခံကောင်း သောခွေး၊ ကြက်လိုက်ကောင်းသောခွေး၊ မြွေလိုက်ကောင်းသောခွေး၊ ရှဉ့်လိုက်ကောင်းသောခွေး၊ ဖွတ်လိုက်ကောင်းသောခွေးများတို့ရယ်သာ။

ခွေးကို ချစ်တတ်သူတစ်ယောက် မဟုတ်သဖြင့် သူတို့ကြောင့် ရရှိသော အမဲသားကောင်တို့အတွက် ကျေးဇူးတင်ရကောင်းမှန်းလည်း မသိ။ ထိုခွေးတို့ကို ကျွန်တော်တို့ အမဲလိုက်ကြရာတွင် အသုံးတည့်အောင်၊ သင့်လျော်အောင် သဘာဝက ဖန်တီးထားသည်လောက် တွက်ဆထားမိသည်။

ယခုမူ …

xxx xxx xxx

နေ့သစ်တစ်နေ့ကို ကူးပြောင်းတော့မှာမို့ တောကြက်ဖငယ်ကလေးတို့၏ တွန်သံကလေးများကို ဟိုနားဒီနားတို့မှ ကြားနေရင်း နိဒါန်းပျိုးနေပေပြီ။

မရှေးမနှောင်းပင် ကျေးငှက်သံ တစာစာကလေးများကိုလည်း ကြားရစပြုပေပြီမို့ လင်းအရုဏ်သည် သစ်ရွက်အကြိုအကြားတို့မှ ထိုးဖောက်ဝင်ရောက် နေရာလုကြဖို့ တာစူနေကြပေပြီ။

ခြေနှင့် လက်များတို့ကို နွယ်ကြိုးများနှင့် တုပ်လျက် ဝါးတစ်လုံးနှင့် သပ်လျှိုထမ်းကာ ဝက်တစ်ကောင်ကို စခန်းရှိရာဆီသို့ ထမ်းပြန်လာကြရင်းမှ-

“ဘိုလေး … ကျွန်တော်တို့နှစ်ယောက် စခန်း ပြန်မလိုက်ကြသေးဘဲ စားပင်ဝင်ထိုင်လိုက်ကြရင် ကောင်းမလား”

ရွာခံမုဆိုး မောင်ယဉ်ကြိုင်က လှမ်းပြောလိုက်သဖြင့် ကျွန်တော်က –

“မိုးပဲလင်းတော့မယ်။ စားပင်က ဘယ်မှာလဲ၊ ဘာပင်လဲ။ အချိန်ကော မှန်ရဲ့လား”

“ဒီကျွန်းကွက်ထဲတင်ပါပဲ၊ လမ်းကြုံလို့ပါ။ သစ်ဆိမ့်ပင်လေ၊ ခုနေ စောင့်ရရင် အတော်ပဲ။ ဝင်ချိန်မှန်တယ်”

ယခု ကျွန်တော်တို့ ညပိုင်း မီးထိုးရင်း ပစ်ခတ်လာခဲ့ကြသည့် ‘ကျွန်းကွက်’ ဆိုသည်က ပဲခူးရိုးမကြီး အနားသတ်နေရာတစ်ခုပေပင်။ ပဲခူးရိုးမကြီးဘေး ရန်ကုန်-မန္တလေး ကားလမ်းမကြီး (အမှတ်- ၃ လမ်းမကြီး) ညာဘက်အခြမ်း ကျွန်းပင်စိုက်ခင်းများ တည်ရှိရာ နေရာပင်။

ခရီးကား ဝေးလှသည်တော့ဖြင့် မဟုတ်။ ရန်ကုန်မှ လှည်းကူး၊ စာဗူးတောင်းမှ အသစ်ဖောက်လုပ်နေသော ကားလမ်းမကြီးအတိုင်း မင်းကုန်းရဲဘက် စခန်းအလွန် ဥတိုကျေးရွာ အလွန်လေးရယ်သာ။

ထိုနေရာကို နိုင်ငံတော်အစိုးရမှ ကျွန်းပင်များ စမ်းသပ်စိုက်ပျိုးထားရာများဆီရယ်သို့သာ။

မှတ်ချက် –

ယခုအခါ နိုင်ငံတော်အစိုးရမှ ထိုကျွန်းကွက်စိုက်ခင်း (၁+၂+၃+၄) တို့ကို ဖျက်သိမ်းပြီး မြို့ရွာတည်ထောင်ကာ “မရမ်းချောင်းကျေးရွာ” အဖြစ် အထင်အရှား တည်ရှိနေပါသည်။

ထိုကျွန်းကွက်စိုက်ခင်းများ အလွန်တွင် ‘ရေနက်ကြီး’ ကျေးရွာစခန်းက ရှိနေသည်။ ထိုစခန်းကား ပဲခူးရိုးမကြီးအတွင်း (အဝင်/အထွက်)နေရာမို့ ရိုးမကြီးနှင့် ဆက်စပ်ပေါင်းကူးနေသဖြင့် သားငှက်တို့ အလွန်ပေါများသော နေရာတစ်ခုပင်။

ကျွန်တော်က အမဲပစ်ဝါသနာကြီးသူတစ်ယောက် ဖြစ်သလို တစ်ဖက်ကလည်း လုပ်ငန်းတာဝန်ကြီးကြီး ရယူထားသည်မို့ လုပ်ငန်းများပြားသည့် ကြားထဲမှ အမဲလိုက်ခြင်းလုပ်ငန်းကို အချိန်ရလျှင် ရသလို အဖွဲ့သားများနှင့် တိုင်ပင်ကာ သွားရောက် ပစ်ခတ်နေရသူတစ်ဦး ဖြစ်ပေသည်။

ယခုလည်း အချိန်ရသဖြင့် ရုံးပိတ်ရက်များ ဖြစ်သော (စနေနှင့် တနင်္ဂနွေ) ကိုယ်ပိုင်အချိန်ကို အသုံးချရင်း အဖွဲ့သားများနှင့် စုဝေးကာ အထက်ဖော်ပြပါ ရန်ကုန်မြို့နှင့် သိပ်အလှမ်းမဝေးလှသော အမဲသားကောင်များ ပစ်ခတ်လို့ရသည့် ထို ကျွန်းကွက်စိုက်ခင်းများ ရှိရာဆီသို့ ရောက်ရှိလာခဲ့ကြခြင်းပင်။

သောကြာနေ့ ရုံးဆင်းချိန်တွင် ထွက်ခွာလာခဲ့ကြပြီး ဥတိုကျေးရွာသို့ ည (၈) နာရီလောက်မှ ရောက်ရှိခဲ့ကြသည်။ လပြည့် လကွယ် နေ့များကို ရွေးမနေနိုင် အား။ ရောက်ရှိသွားကြသောအချိန်တွင် ကိုယ်ကျွမ်းကျင်သောလုပ်ငန်းကို အကျိုးရှိအောင် အသုံးချနိုင်သူများချည်းပေမို့ အချည်းအနှီးတော့ မရှိလှ။

ယခုလည်း ကျွန်တော်တို့အတွက် ကံကောင်းသည်က လမိုက်ညမျိုးနှင့် တိုက်ဆိုင်နေသဖြင့် တစ်ညလုံး အဖွဲ့ခွဲလျက် မီးထိုးရင်း သားကောင်များကို ရှာဖွေ ပစ်ခတ်လို့ရသလို နေ့ခင်းပိုင်းတွင်လည်း တောမောင်း၍ ပစ်ခတ်လို့က ရသည်။ စားပင်ရှိပါက လင့်စောင့်ထိုင်လို့ ရသလို နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် တောပုန်း ချောင်းပစ်လို့က ရသေးသည် မဟုတ်ပါလား။

ဥတိုကျေးရွာဆီသို့ ရောက်တော့ ရွာခံမုဆိုး မောင်ယဉ်ကြိုင်နှင့် ဇနီး မတင်အေးတို့က ကျွန်တော်တို့အုပ်စု ရောက်လာကြမည်မှန်းသိလို့ စားသောက်ရန်အတွက် ထမင်းဟင်းတို့က အဆင်သင့်။

အေးအေးဆေးဆေး အနားယူလိုက်ကြရင်း သွေးပူလေ့ကျင့်ခန်းကို ဆင်းလိုက်ကြသည်။ စားကောင်းသောက်ကောင်းမို့ ပုလင်းနှစ်လုံးလောက်က နံပင် မဆွတ်ကြ။ ထမင်းကို ဆက်စားလိုက်ကြသည်။ ပင်ပန်းလာကြ၍လားတော့ဖြင့် မသိ။ မောင်ယဉ်ကြိုင် ရွာဖျားရှိ ရေကန်ကြီးတွင် တန်းချသဖြင့် ရရှိလာသော ငါးအိုက်ငါးနှင့် ဝါးယောင်းရွက်ချဉ်ရည်ဟင်း၊ ကြိမ်ခါးဖူးပြုတ်အတို့အပြင် ဖက်သန်းသီးပြုတ်နှင့် ငါးပိရည်တို့က လိုက်ဖက်လွန်းနေသည်။

ည (၁ဝး၃ဝ)နာရီလောက်မှ အဖွဲ့သုံးဖွဲ့ခွဲလျက် ရေနက်ကြီးသို့ တစ်ဖွဲ့၊ ဥတိုကျေးရွာနောက်ကျောပိုင်း မင်းကုန်း၊ ပန်းတောကုန်းနှင့် ဖောင်ကြီးသင်တန်းနောက်ဘက် စက်ပစ်ကွင်းဆီသို့ တစ်ဖွဲ့နှင့် ကျွန်တော်ဦးသောအဖွဲ့က ကျွန်းကွက်စိုက်ခင်း (၁+၂+၃+၄)တို့အတွင်း မီးထိုးရှာဖွေရင်း သားကောင်များကို ပစ်ခတ်ကြဖို့ပင်။

ကျွန်းကွက်လေးကွက်သည် နိုင်ငံတော်မှ စံပြစိုက်ခင်းသဘောမျိုးနှင့် ကျွန်းပင်များကို စိုက်ပျိုးထိန်းသိမ်းထားသဖြင့် ယခုအခါ ထိုအပင်ပျိုများသည် လုံးပတ်အားဖြင့် ထမင်းစားပန်းကန်ပြားတစ်ချပ်စာမျှနှင့် အမြင့်ပေ (၂၅) ပေခန့်ရှိ အားကောင်းမောင်းသန် ပင်ပျိုများပင်။

ရွက်ဖားဝေဝေနှင့် အရွက်စိမ်းစိမ်းကြီးများက ပင်ယံဖျားတိုင်း ဝေဖြာနေကြသည်မို့ နေပြောက်မထိုးသလို အပင်များကိုလည်း အကွာအဝေးညီ စနစ်တကျ စိုက်ပျိုးထားကြသည်မို့ အောက်ခြေမြေပြင်တွင် မြက်ပေါင်းရှင်းသဖြင့် အထက်ရှုပ် အောက်ခြေရှင်းသော တောမျိုးဖြစ်သည်ဟု ဆိုရပေမည်။ ဆတ်ပေါသော တောပင်။

ကျွန်တော့်အဖွဲ့တွင် ငါးဦးပါသည်။

မောင်ယဉ်ကြိုင်က သားကောင်များကို မီးထိုးရှာဖွေသလို ကျွန်တော်က ပစ်သည်။ ကျန်သုံးဦးက နောက်ချန်လိုက်ရင်း ရသည့်သားကောင်ကို ထမ်းသည်။

ယခုလည်း ဆတ်နှစ်ကောင်နှင့် တောဝက်ပျိုတစ်ကောင် ရရှိခဲ့ပြီး အရုဏ်တက်တော့မည်မို့ ကြီးမားသော ဆတ်ကြီးနှစ်ကောင်ကို ထားခဲ့ကာ အချိန်တစ် ဆယ့်ငါးလောက်သာရှိသော ဝက်ပျိုကလေးကို ထမ်းပိုးလာခဲ့ကြရင်းမှ မောင်ယဉ်ကြိုင်က ထိုသို့ ပြောလိုက်ခြင်းပင်။

“အေး … ကောင်းသားပဲ။ ခုနေ စားပင့်စောင့်လိုက်ရရင် သိပ်မကြာခင် ပစ်ရဖို့များတယ်”

ကျွန်တော့်သဘောထား ပေးလိုက်မှုကြောင့် စားပင်ထိုင်ကြရန် နေရာဆီသို့ အထမ်းသမားအုပ်စုတို့နှင့် လမ်းခွဲထွက်လာခဲ့ကြပေတော့သည်။

xxx xxx xxx

စားပင် (လင်းယောပင်) အောက် ရောက်တော့ တောင်မကြီးဆီမှ နံနက်ခင်း အလင်းရောင်တို့က ကျွန်းပင်တို့၏ ရွက်ဖားဝေဝေတို့အကြားမှ ဖြန့်ကြက်ဖို့ ကြိုးစားနေသည်။ သို့သော် အလင်းရောင်တို့က နှင်းမြူတို့အကြား မပီဝိုးတဝါးရယ်သာ။

ပင်ခြေရင်းတွင် လက်နှိပ်ဓာတ်မီးအလင်းရောင်အောက်၌ ကြွေကျထားပြီးသား လင်းယောသီးတို့က ပြန့်ကျဲနေကြသည်။ ခြေရာသစ်များကို မတွေ့ရသေးသဖြင့် သားကောင်တို့ ဝင်ရောက်မလာကြသေးသည်မှာ ထင်ရှားနေသည်။

ရှားရှားပါးပါး ကျွန်းစိုက်ခင်းကြီးအလယ်တွင် ထီးထီးမားမားကြီးအဖြစ် တစ်ပင်တည်းသော လင်းယောပင်ကြီးမို့ ကြီးထွားချင်တိုင်း ကြီးထွားနေသလို အပင်ထက်ဆီတွင် အသီးများတို့က အပြွတ်အသိပ်ပင်။

စားပင်၏ ဟိုမှာဘက် ကျွန်းပင်ပျိုကြီးတစ်ပင်၏ ကိုင်းဆုံတွင် ဘယ်အချိန်ကပင် ထိုးထားကြမှန်း မသိသော လင့်ဟောင်းကလေးက ရှိနေသည်။ ကျွန်တော်တို့နှစ်ယောက် သက်သက်သာသာပင် ထိုင်နိုင်သည့် နေရာမျိုးမို့ ပင်စည်လုံးကို ဖက်တွယ်တက်လိုက်ကြရင်း နှစ်ဦးသား စားပင်ရှိရာဘက်သို့ မျက်နှာမူလျက် အထိုင်ချလိုက်ကြပေသည်။

ရိုးမကြီးအတွင်းရှိ ကျွန်းကွက်စိုက်ခင်းကြီးကား ကျေးငှက်သံ တစာစာတို့နှင့် နိုးထလာခဲ့ပေပြီ။ ရစ်ဖကြီးတို့၏ တဒီးဒီး အတောင်ခါသံများကို ကြားနေရ သလို အောင်လောင်ငှက်အုပ်အော်သံများ၊ ငှက်ဝါးယောင်းတို့၏ အော်သံများ၊ စားပင်ထက်ဆီမှ လင်သက်ဖိုမတို့ အသံများ၊ ရှဉ့်နီငပေါကလေးတို့၏ အသံများကို ကြားနေရသလို ရှူးပျံနှင့် ဖြူတို့၏ အသံများကိုလည်း ကြားနေရသည်။

“ဝပ်ထရိမ်း … ဝပ်ထရိမ်း”

သပွတ်သိမ်ချုံပင်ကြီးထက်ဆီမှ သပွတ်သိမ်သီးမှည့်များကို စားသောက်နေကြရင်းမှ ငှက်ငနွားတစ်အုပ်ကလည်း နွားသိုးကြီးများ တွန်သံပေးနေသလို ပေး နေပြီး ဘုတ်ငှက် (ငှက်ရင်ကျား) လေးတို့၏ အီသံများကိုလည်း ကြားနေရပေသည်။

တစ်ညလုံး မနားတမ်းပင် လမ်းလျှောက်ခဲ့ကြရသည်မို့ လင့်ထက်တွင် အပန်းဖြေ အနားယူရင်း သားကောင်တို့ အဝင်ကို စောင့်စားနေလိုက်ကြစဉ် အိပ် ချင်စိတ်တို့က တားမရလောက်အောင် ဖိစီးလာသလို သွေးတို့ကလည်း အေးလာဖြင့် မောင်ယဉ်ကြိုင် သယ်ဆောင်လာခဲ့သော ပုလင်းပြားကလေးကို အဖုံး ဖွင့် မော့လိုက်မိကြတော့မှ အတန်ငယ် နွေးထွေးမှုကို ရလာသလို အိပ်ချင်စိတ်တို့က ပြေသွားသည်။

ပတ်ဝန်းကျင် တစ်ခွင်လုံး အလင်းရောင်တို့ကို ရရှိလာသည်နှင့်အတူ နေခြည်ထွေးထွေးတို့က ရိုးမကြီးတစ်ခွင်လုံးကို ဖြန့်ခင်းလိုက်မှုကြောင့် ကျွန်းရွက်ဖား ဖားကြီးတို့ထံမှ တွဲခိုနေကြသော နှင်းစက်တို့က မြေပြင်ပေါ်ရှိ ကြွေကျထားပြီးသော ကျွန်းရွက်ခြောက်များအပေါ်သို့ တဖောက်ဖောက်၊ တဖြောက်ဖြောက် ကျဆင်းနေသောအသံတို့ကို နားဆင်ရင်းမှ ရိုးမတော ကျွန်းကွက်စိုက်ခင်းကြီးအတွင်း နေ့သစ်တစ်နေ့ကို လှပခြင်းများစွာနှင့် ကူးပြောင်းနေသည့် အရသာကို အပြည့်အဝ ခံစားနေစဉ်အတွင်း

“ဝေါင်း … ဝေါင်း”

“ဝုတ် … ဝုတ်”

“ရှပ်”

နောက်ကျောဘက် ကျွန်းကွက်၏ စိုက်ခင်းအစဆီမှ ဂျီ(ချေ)ဟောက်သံနှင့် ခွာခုတ်သံ၊ ခွာရှပ်သံတို့ကို အတိုင်းသား ကြားလိုက်ရသည်မို့ ကျွန်တော်က ဘေးတွင်ချထားသော နှစ်လုံးပြူးသေနတ်ကို ကောက်တိုင်လိုက်သလို မောင်ယဉ်ကြိုင်ကလည်း သူ့ဒူးလေးကို ကောက်ယူလျက် လေးညှို့ကို ဆွဲတင်လိုက်ပြီး မြားလမ်းကြောင်းတွင် ပျားဖယောင်းကပ်လျက် မြားတံကို ကပ်လိုက်သည်။

မိမိတို့ဘက်မှ အစစ အဆင်သင့် ဖြစ်ပေမယ့် စားပင်အောက်ဆီသို့ သားကောင်များ ဝင်ရောက်အလာကိုတော့ဖြင့် စောင့်စားကြရပေဦးမည်။

အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့ စားပင်အောက်သို့ ဝင်ရောက်စားသောက်ကြတော့မည့် အကောင်တိုင်း စားပင်အောက်ဆီသို့ တန်းပြီး ဝင်မလာသေးဘဲ သူဝင်ရောက်စားသောက်တော့မည့် နေရာတွင် သူ့အတွက် အန္တရာယ် ကင်း မကင်း၊ အန္တရာယ်နှင့် တိုးနိုင် မတိုးနိုင်ကို တစ်နေရာဆီမှ ဦးစွာ အကဲခတ် လေ့လာသည်။ သုံးသပ်သည်။ အသံပေးကြည့်သည်။

မသင်္ကာက ခွာခုတ် ခွာရှပ်ပြီး မောင်းထုတ်ကြည့်သည်။ ဟိုအနား သည်အနားတို့ဆီမှ ကောင်လုံးဖော်လျက် အယောင်ပြကြည့်သည်။

ထိုသို့ အကြိမ်ကြိမ် စမ်းသပ်ပြီး ဘယ်လိုမှ ထူးခြားမှု မရှိပါမှ စားပင်ရှိရာဆီသို့ အေးဆေးယိုင်နွဲ့စွာ ဝင်ပြီး အသီးများကို ကောက်ယူစားသောက်တတ်သည့် သားကောင်တို့၏ စရိုက်လက္ခဏာများကို နောကျေ ပြီးသား ကျွန်တော်တို့နှစ်ဦးက လက်နက်များကို ကိုင်ဆောင်ထားကြရင်း ငြိမ်သက်စွာ စောင့်စားနေလိုက်ကြပေသည်။

“ဗျော … ဗျော … ဗျော”

အတန်ကြာတော့ နောက်ကျော တောစဆီမှ သားကောင်သည် သူ့အား အန္တရာယ်ပေးမည့် အရိပ်လက္ခဏာ မရှိဟု ယူဆသဖြင့် စားပင်အောက်ဆီသို့ တိုးကပ်ဝင်ရောက်လာနေသည့် ခြေသံကို ကြားလိုက်ရသဖြင့် အထက်စီးမှ စောင့်စားကြည့်နေလိုက်မိသည်။

မြင်တွေ့လိုက်ရသော မြင်ကွင်းက မယုံကြည်နိုင်စရာ။

အမြင်တို့က ကျွန်တော်တို့နှစ်ဦးစလုံးပင် မဝေဝါးပါ။ မယုံကြည်နိုင်စရာမှ တကယ့် မယုံကြည်နိုင်စရာ မြင်ကွင်းမျိုးမို့ ဟုတ်မှဟုတ်ရဲ့လား အထင်နှင့် မျက်လုံးများကို လက်ခုံနှင့် ပွတ်သပ်ကြည့်လိုက်မိပြန်သည်။

အမြင်တို့သည် အရှိကို အရှိအတိုင်း ပြတ်သားစွာပင် မြင်တွေ့နေရသည်။

စားပင်အောက်သို့ ဝင်ရောက်လာမည့် သားကောင်သည် ဟောက်သံ၊ ခွာခုတ်သံတို့ကို ကြားလိုက်ရသောအသံကြောင့် ချေတစ်ကောင်ဟု ခန့်မှန်း တွက်ဆထားသော်လည်း ယခုမူ နေရာသုံးနေရာမှ အေးဆေးတည်ငြိမ်စွာ တစ်ပြိုင်တည်း ဝင်ရောက်လာကြသည့် သားကောင်က ငါးကောင်တိတိပင်။

နီညိုညိုအသွေးရင့်ရင့်နှင့် ဦးခေါင်းပိုင်းတွင် ဝိုင်းစက်ဖြာထွက်လျက် လှပသောဦးချိုကြီးကို ပိုင်ဆိုင်ထားပြီး ခပ်ဖြူဖြူ အမြီးတိုကလေးကို တနန့်နန့် ယမ်းခါရင်း ရှေ့မှ ဆတ်ထီးကြီးက ဦးဆောင်လျက် တစ်မိုက်သာသာခန့် ဦးချိုထွက်နေသည့် ဆတ်မကြီးတို့ နှစ်ကောင်အပြင် ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်လာကြသော ချေသုံးကောင်တို့ကြောင့်ပင်။

ဆတ်များနှင့် ချေတို့သည် ကြွေကျထားသော လင်းယောသီးများကို တခွပ်ခွပ်နှင့် အေးဆေးတည်ငြိမ်စွာ စားသောက်နေကြပေသည်။

ထိုစဉ် ကျွန်တော့်ကို တံတောင်နှင့် တို့ထိခံလိုက်ရသဖြင့် ဘေးတွင် ရှိနေသော မောင်ယဉ်ကြိုင်၏ မျက်နှာကို လှမ်းကြည့်လိုက်တော့ သားကောင်များ ထံသို့ ပစ်ခတ်တော့ရန် မေးဆတ်ပြလိုက်ချိန်အတွင်း

“တစ်တီတူး … တစ်တီတူး … တစ်တီတူး”

စူးစူးဝါးဝါးနှင့် တစ်တီတူးငှက်တို့၏ အော်မြည်သံကို ကြားလိုက်ရသလို

“အု … အု … အု … အူး … အူး”

တောခွေးတို့၏ အော်သံများကိုပါ တစ်ဆက်တည်း ကြားလိုက်ရပေသည်။ ထူးဆန်းနေသည်က တောခွေးတို့ ဝိုင်း အူလိုက်ကြသံများက တစ်နေရာတည်း မှ ကြားနေရသည် မဟုတ်။ အရပ်လေး မျက်နှာဆီတို့မှ တစ်ချိန်တည်း၊ တစ်ပြိုင် တည်း ညှပ်ပူးညှပ်ပိတ် ဝိုင်းအော်လိုက် ကြသည့်အသံများပင်။

တစ်တီတူးငှက်တို့၏ အော်သံများ ကလည်း စောစောက ကြားလိုက်ရ သကဲ့သို့ တစ်နေရာတည်းမှ မဟုတ် တော့ဘဲ အရပ်လေးမျက်နှာဖက်ဆီသို့ လှည့်ပတ် အော်မြည်နေကြသည်ကို သတိထားလိုက်မိပေသည်။

“အု … … အု . . . . . . . အူး … အူး”

ခွေးအူသံများက တစ်ကောင်တလေ၏ အသံမျိုးမဟုတ်။ အုပ်လိုက် ဝိုင်းအော်လိုက်ကြသံအပြင် တစ်နေရာတည်းမှလည်း မဟုတ်။

ကျွန်တော်တို့ လင့်ထိုင်နေရာ စားပင်၏ လေးဖက်လေးတန်မှ အသံများ၊ အော်လိုက်ကြပုံက တစ်ချိန်တည်း ချိန်ကိုက်ပုံစံမျိုးပင်။

ကျွန်တော်တို့မှာ ယခုကဲ့သို့ ထူးခြားသည့် ဖြစ်ရပ်မျိုးကို မကြုံဘူးကြသဖြင့် စောင့်စားကြည့်လိုသည့်အတွက် မောင်ယဉ်ကြိုင်ကို မပစ်ခတ်ဖို့ ခေါင်းခါပြလိုက်ရင်း အသာငြိမ်၍ စောင့်စားကြည့်ရှုနေလိုက်မိသည်။

ထူးခြားနေသည်က တောခွေးတို့၏ အသံများက လေးဖက်လေးတန်တို့မှ ပြိုင်တူ ဝိုင်းအော်လိုက်ကြသံများသည် တဖြည်းဖြည်းနှင့် စားပင်ရှိရာအနီးသို့ ညှပ်ပူးညှပ်ပိတ် (ချိန်ကိုက်) တရွေ့ရွေ့ တိုးကပ်လာသဖြင့် လင်းယောသီးများကို စားသောက်နေကြသော သားကောင်တို့မှာ တထိတ်တလန့်အသွင်မျိုးနှင့် ခေါင်းများကိုထောင်လျက် ပတ်ဝန်းကျင် အခြေအနေကို ကြည့်ရှုကြရင်း နားရွက်တို့ကို ဘေးဘယ်ညာများဆီသို့ ရှေ့တိုး နောက်လှန်၊ ဘယ်ညာဝေ့ဝိုက်ကာ ထူးခြားမှု တစ်စုံတစ်ရာကို အကဲခတ်နေကြသလို သူတို့၏ မျက်လုံးများကလည်း ထူးခြားနေသည့် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် လှည့်ပတ်ရှာဖွေ ကြည့်ရှုနေကြသည်။

ထိုအချိန်တွင်ပင် တောခွေးများသည် တောချုံနွယ်ပင်များအောက်မှ လေးဖက်လေးတန် အလျှိုလျှို ထွက်ပေါ် လာကြပြီး သားကောင်များ၏ ပြေးလမ်းကို ပိတ်ဆို့လျက် ဝိုင်းပတ်ကာ ဆောင့်ကြောင့်ထိုင်ရင်း လျှာကြီးများကိုထုတ်လျက် အစွယ်အဖွေးသားများနှင့် ကြည့်ရှုနေသည်ကို တွေ့မြင်လိုက်ရပေသည်။

တောခွေးများ အဝိုင်းခံထားသော သားကောင်များထဲမှ ချေဖိုတစ်ကောင်က သူတို့၏ လတ်တလော အခြေအနေကို ရိပ်စားမိလိုက်ဟန်နှင့် နေရာမှ လှစ် ခနဲ ပြေးထွက်ကာ တောခွေးအုပ်တို့ကြားမှ ဖောက်ထွက်သွားပေသည်။

နေရာတွင် ငူငူကြီးရပ်လျက် ခေါင်းထောင်နေကြသည့် ချေနှစ်ကောင်နှင့် ဆတ်ဖိုမတို့က သူတို့ကျရောက်နေသည့် အန္တရာယ်ကို သဘောပေါက်သွားကြပြီး ပြေးလမ်းကို ဖောက်ထွက်ဖို့ ကြိုးစားသော်လည်း ခွေးများက ပြေးလမ်းကို ပိတ်ဆို့ထားသဖြင့် အကြံရခက်နေကြသည့်ဟန်။

“ကလစ်”

ကျွန်တော်က လက်မှ ကိုင်ထားသော သေနတ်၏ မောင်းခလုတ်ကလေးကို တောခွေးများအား ပစ်ခတ်တော့ရန်အတွက် ကျိတ်၍ မောင်းတင်လိုက်သော် လည်း အထိုက်အလျောက် ပေါ်ထွက်လာသော အသံကလေးက ဆိတ်ငြိမ်နေသော တောကြီးအတွင်း တစ်ကောင်နှင့်တစ်ကောင် အလစ်မပေးစတမ်း စိုက် ကြည့်သူတို့၏ စိတ်များကို လှုပ်နှိုးလိုက်သလိုမျိုးများ ဖြစ်သွားလေရယ်သလားတော့ဖြင့် မသိ။

အစာကို အာသာငမ်းငမ်းနှင့် တောခွေးတို့၏ နီရဲနေသော မျက်လုံးများက ကျွန်တော်တို့ရှိရာ လင့်ထက်ဆီသို့ လှမ်း၍ မော့ကြည့်လိုက်ကြချိန် ဆတ်နှစ်ကောင်နှင့် ချေနှစ်ကောင်တို့မှာ သူတို့ ဦးတည်ထားရာဆီသို့ လှစ်ခနဲ တောခွေးအုပ်တို့အကြားမှ ဖောက် ထွက်ပြေးလွှားသွားကြပေတော့သည်။

တိုင်ပင်မထားကြပါဘဲနှင့် တွေ့လိုက်ရသော မြင်ကွင်းက ပြေးထွက်သွားကြသော ဆတ်ဖိုနှင့် ဆတ်မကြီးတို့ နောက်သို့ တောခွေးသုံးကောင်၊ ချေ တစ်ကောင်ချင်းဆီသို့ တောခွေးနှစ်ကောင်စီတို့က ပြေးလိုက်သွားကြသည်။

အုပ်စုခွဲလိုက်ကြသည့် မြင်ကွင်းက အံ့ဩစရာပင်။

ထိုအချိန်ကလေး အတွင်းမှာပင် ရှဉ့်မတက်ချုံပင်ကြီး၏ အောက်တွင်းမှ နောက်ထပ် ထွက်ပေါ်လာသော တောခွေးသုံးကောင်က ဆတ်ကြီးများ ပြေး ထွက်သွားရာနောက်သို့ လျင်မြန်သော အရှိန်အဟုန်နှင့် ပြေးလိုက်သွားကြပေတော့သည်။

ချေနှစ်ကောင်ကား သူတို့ အသက်ရှင် လွတ်မြောက်ရေးအတွက် လွတ်လမ်းကို အားကုန်ပြေးထွက်သွားကြသော်လည်း အရာမထင်ပေ။

တောခွေးတို့၏ ဝိုင်းဝန်းကိုက်ခဲလိုက်ကြမှုကြောင့် မချိမဆံ့နှင့် ငယ်သံငယ်ရင်းပါအောင် သေငယ်ဇောနှင့် အော်ဟစ်လိုက်ကြရင်း နေရာတွင်ပင် အသက်ပျောက်သွားကြပေတော့သည်။

ဆတ်နှစ်ကောင်ကား ပြေးလွှားနေရင်းမှ နောက်မှ လိုက်လံကိုက်ခဲနေကြသော တောခွေးများကို နောက်ခြေထောက်နှင့်ပေါက်ပြီး ဖယ်ရှားခုခံကာကွယ်နိုင်ခဲ့ပေမယ့် အခိုက်အတန့်မျှပင်။

သွေးဆာနေသော တောခွေးအုပ်က ခုန်ပေါက်ကန်ကျောက်နေသည့်ကြားမှ နောက်ခြေထောက် တံကောက်ကြော (ဒူးဆစ်ကြော) ကို အရအမိ မလွတ်စတမ်း ခုန်ပျံကိုက်ဆွဲထားရသည့်အပြင် ချေသေနှစ်ကောင်ကို ထားခဲ့ပြီး စစ်ကူလိုက်လာသော တောခွေးလေးကောင်က မြေပြင်တွင် လဲကျနေရင်းမှ ရုန်းထပြေးထွက်ဖို့ ကြိုးစားနေသည့် ဆတ်ကြီး၏ လည်တိုင်နှင့် ဝမ်းဗိုက်သားများကို ကိုက်ဖြတ်ဖောက်ခွဲလိုက်သဖြင့် အူများပင် မြေပြင်သို့ အခွေလိုက် ထွက်ကျသဖြင့် ပြူးကျယ်သော မျက်လုံးများ၏အောက် နှုတ်ဖျားဆီမှ နာနာကြည်းကြည်း သေငယ်ဇောနှင့် အော်ဟစ်နေရင်းမှ ငြိမ်၍ သွားပေသည်။

ကျွန်တော်တို့ နှစ်ဦးသား၏ မျက်စိအောက်တွင်ပင် တစ်ခဏအချိန်ကလေးအတွင်း မြင်တွေ့နေရသည်တို့က ယုံကြည်နိုင်စရာမဟုတ်သော မြင်ကွင်းမျိုးအဖြစ် ပြောင်းလဲသွားသည့်ပုံ။

ဆိတ်ငြိမ်အေးချမ်းသော တောကြီးသည် တစ်ခဏလေးအတွင်း တောခွေးအုပ်တို့၏ မာန်ဖီသံ၊ ကိုက်ခဲဟိန်းဟောက်သံ၊ သားကောင်တို့၏ ပြေးလွှားသံ၊ သားကောင်တို့နောက်သို့ လိုက်ကြသံ၊ သေငယ်ဇောနှင့် အော်မြည်လိုက်ကြသံများနှင့် သွေးညှီနံ့တို့ ဖုံးလွှမ်းသွားသည်က အထင်အရှားပင်။

မဝေးကွာလှသော နေရာများတွင် ပြန့်ကျဲလျက် ဘေးတိုက်လဲ၍ အသက်ပျောက်နေသော ချေနှစ် ကောင်နှင့် ဆတ်ကြီးက တစ်ကောင်။

“ဟူး … ဟွဲ ဟွဲ ဟွဲ ၊ ဗျောဗျောဗျော”

ဆတ်သေကြီးအား အငမ်းမရနှင့် ကိုက်ဖဲ့စားသောက်နေကြသည့် တောခွေးများကို ကြည့်နေရင်းမှ နောက်ကျောဆီမှ တစ်တီတူးထိုးသံများနှင့်အတူ ဆတ်တစ်ကောင်၏ အော်ဟစ်ရင်းမှ ပြေးလွှားသံများကို ကြားလိုက်ရသဖြင့် အောက်ခြေရှင်းသော ကျွန်းကွက်ကြီးအတွင်းမို့ အသံကြားလိုက်ရာ နောက် ကျောအောက်ခြေဆီသို့ လှည့်ကြည့်လိုက်ကြတော့ ကျွန်းပင်ပျိုများ အကြိုအကြား လှည့်ပတ်ရှောင်တိမ်း ပြေးလွှားရင်း သူ၏နောက်သို့ တောခွေးများ လိုက်လံကိုက်ခဲနေကြသည့် မြင်ကွင်းကို တွေ့လိုက်ရသည်။

ဆတ်ဖိုကြီးမှာ ကွေ့ပတ်ခုန်ပေါက် ပြေးလွှားနေရင်းမှ သူ့နောက်မှ လိုက်လံကိုက်ခဲဖို့ ကြိုးစားနေကြသည့် တောခွေးများကို ရှေ့လက်၊ နောက်ခြေထောက်များဖြင့် ပြန်လည်ခုခံကာကွယ်နေရင်း တောခွေးအုပ်ကြားမှ လွတ်အောင်ပြေးထွက်ဖို့ ကြိုးစားနေသလို တောခွေးအုပ်ကလည်း ပြေးလမ်းကို ပိတ်ဆို့လျက် အလွတ်မပေးတမ်း လိုက်လံကိုက်ခဲနေပေသည်။

ဆတ်ကြီးမှာ ပြေးလမ်းကို တောခွေးများ ပိတ်ဆို့ထားမှုကြောင့် ထွက်ပေါက်မရသဖြင့် နောက်ကြောင်းသို့ ပြန်လှည့်ကာ ကွေ့ပတ်ပြေးနေရသဖြင့် အ လွန်အမင်း မောဟိုက်နေပုံလည်း ရ၏။

ထိုအချိန်တွင်ပင် စောစောက ဆတ်ကြီး၏ ဝမ်းဗိုက်သားများကို အလုအယက် စားသောက်နေကြသော တောခွေးအုပ်စုသည် စားလက်စအစာကို စွန့် လွှတ်၍ အသက်လုပြေးလွှားနေသည့် ဆတ်ကြီးဆီသို့ ပြေးလိုက်သွားကြသည်ကို တွေ့လိုက်ရပေသည်။

အစာကို အငမ်းမရ ဖြစ်နေကြသည့်အပြင် သူတို့ သားကောင်အဖြစ် အပိုင်တွက်ဆထားကြသော တောခွေးအုပ်ကြောင့် အသက်လု၍ လွတ်လမ်းကို ပြေးလွှားနေရင်း ရှာဖွေနေရသော ဆတ်ကြီးကား သူ၏ တံကောက်ကြောကို ခွေးများ ကိုက်ခဲလိုက်သဖြင့် မြေပြင်ပေါ်သို့ ဘေးတိုက်လဲကျသွားပေသည်။

ထိုအချိန်တွင် နောက်ထပ် စစ်ကူလိုက်လာကြသော တောခွေးအုပ်က လည်တိုင်၊ လက်ပြင်၊ ဦးခေါင်းနှင့် ဝမ်းဗိုက်များသို့ သူတို့၏ ရှည်လျားသော သွားစွယ်ကြီးများနှင့် ဝိုင်းဝန်းကိုက်ခဲလိုက်ကြမှုကို ခံလိုက်ရသောကြောင့် မြေပြင်တွင် လှိမ့်ရင်း နာနာကြည်းကြည်း အော်ဟစ်ကာ အတန်ကြာတော့ ငြိမ်သက်သွားပေသည်။

ကျွန်တော်တို့ ထိုင်နေရာ လင့်စင်အောက်ရှိ စားပင် ပတ်ဝန်းကျင်တွင် တဒင်္ဂအချိန်ကလေးအတွင်း ဆတ်နှစ်ကောင်နှင့် ချေနှစ်ကောင်တို့မှာ တော ခွေးအုပ်စု၏ ဝိုင်းဝန်းကိုက်သတ်မှုကြောင့် သေဆုံးကုန်ကြပြီဖြစ်၍ အောင်ပွဲရသော စစ်သူကြီးများပမာ အမြီးတထောင်ထောင်နှင့် တောခွေးအုပ်စုမှာ ကျွန်တော်တို့ရှိနေရာ လင့်ထက်ဆီသို့ ဝိုင်းပြီး ကြည့်လိုက်ကာ သူတို့၏နှုတ်မှ တအုအုမြည်တမ်းရင်း သားကောင်အသေများဆီသို့ အုပ်ခွဲသွားလိုက်ကြရင်း ကိုက်ဖဲ့စားသောက်နေကြသည်ကို တွေ့မြင်လိုက်ရပေသည်။

တောခွေးအုပ်တို့၏ ထူးခြားမှုမှာ သားကောင်အသေများဆီသို့ သွားရောက်စားသောက်ကြရာတွင် ဆတ်ကြီးနှစ်ကောင်နှင့် ချေတစ်ကောင်ကိုသာ စား နေသည်ကို တွေ့လိုက်ရပြီး ကျန်သော ချေတစ်ကောင်ကို လုံးဝ စားသောက်ခြင်း မပြုသည်ကို သတိပြုလိုက်မိသလို အတွေးတို့ကိုလည်း ဆန့်ထုတ်လိုက်မိ ပေသည်။

ကျွန်တော်သည် တောပေါင်းစုံတို့ အတွင်းသားကောင်တို့ကို လှည့်လည်ရှာဖွေပစ်ခတ်နေသူ ဆိုပေမယ့် ယခုကဲ့သို့ တောခွေးအုပ်က သားကောင်အုပ်ကို အမဲလိုက်ကြသည့် ပုံစံမျိုးကို တွေ့ကြုံခဲ့ဖူးခြင်း မရှိပေ။

တောခွေးအုပ်တို့က သားကောင်များကို ယခုကဲ့သို့ စုပေါင်းအမဲလိုက်ပွဲ လုပ်ကြတော့မည်ကို မသိရှိခဲ့သလို ဒီတောတွင် အထိုင်ချနေပြီး တောနှင့်ယဉ်ပါးနေသူ မောင်ယဉ်ကြိုင်ပင် မသိရှိခဲ့။

တောခွေးအုပ်သည် သည်စားပင်တွင် ကြွေကျထားသော လင်းယောသီးများကို သားကောင်အုပ်စုက လာရောက်စားသောက်ကြမည်ကို သိရှိတွက်ဆထား ကြသဖြင့် တစ်နေရာမှ ချောင်းမြောင်းကြည့်ရှုနေကြပြီး သားကောင်များ ဝင်ရောက်တော့မှ ညှပ်ပူးညှပ်ပိတ် အပိုင် ဝိုင်းဝန်းလိုက်ကြသောနည်းပင်။

ယခုကဲ့သို့ လုပ်ဆောင်ချက်မျိုးမှာ ကျွန်တော်တို့ လူသားမုဆိုးများ တောခြောက်/တောမောင်းပြီး ပစ်ခတ်ကြသည့် အမဲလိုက်နည်း ပုံစံမျိုးပင်။

“ဘိုလေး၊ ခွေးအုပ်က ဆတ်ကြီးနှစ်ကောင်နဲ့ ချေတစ်ကောင်ပဲ စားနေတယ်။ ကျန်တဲ့ ချေတစ်ကောင်ကို လုံးဝ မစားဘူးဗျ။ ဘာကြောင့်တုံး”

“ဟ … ငါလည်း ဘယ်သိမလဲကွ။ ဟိုအကောင်တွေ စားပြီးရင် ဒီအကောင်ကိုလည်း ဆက်စားကြမှာပေါ့”

ကျွန်တော့်အဖြေကို မောင်ယဉ်ကြိုင် သိပ်သဘောတွေ့ပုံမရ။ ထပ်ဆင့်ပြောနေပုံက-

“အဲဒီပုံမျိုး မဟုတ်ဘူးဗျ။ ကျွန်တော်တို့လည်း အမဲလိုက်ပစ်နေတဲ့ မုဆိုးတွေမို့ တစ်ကောင်ကို မစားဘဲ ကျွန်တော်တို့အတွက် ချန်ထားပုံရတယ်။ ကျွန်တော် တို့အတွက် ဝေစု. . .”

“မဖြစ်နိုင်တာကွာ၊ ခွေးက လူမုဆိုးအတွက် ဝေစုပေးရတယ်လို့”

“ဖြစ်နိုင် မဖြစ်နိုင်တော့ ကျွန်တော် မသိဘူး။ ဟုတ် မဟုတ် စမ်းကြည့်လိုက်ကြရအောင်” .

“မင်းက အိပ်ချင်မူးတူးနဲ့ ကြောင်နေပြန်ပြီနဲ့ တူတယ်။ ဘယ်လို စမ်းကြည့်ချင်လို့လဲ၊ လုပ်ကြည့်လေကွာ”

ပြောမယ့်သာ ပြောလိုက်ရသော်လည်း မြေပြင်တွင် ဘေးတိုက်လဲကျ သေဆုံးနေပြီဖြစ်သော သားကောင် လေးကောင်အနက်မှ ဆတ်နှစ်ကောင်နှင့် ချေ တစ်ကောင်တို့၏ အသားများကိုသာ တောခွေး အကောင် နှစ်ဆယ်ကျော်လောက်က ဝိုင်းဝန်းကိုက်ဖဲ့ လုယက်စားသောက်နေကြသည်ကို တွေ့နေရပြီး ကျန် ချေတစ်ကောင်ကို လုံးဝ မတို့မထိကြဘဲ မူလအတိုင်း ထားသည်ကို အံ့ဩစရာ ကောင်းလောက်အောင် တွေ့မြင်နေရသည့်အပြင် တောခွေးအုပ်မှာ အစာကို စားနေကြရင်းမှ ကျွန်တော်တို့ကို မော့ကြည့်မော့ကြည့် လုပ်နေသည်။

“ကျွန်တော်တို့လည်း သားကောင်ကို ပစ်ကြဖို့ ချောင်းနေတဲ့ မုဆိုးတွေဆိုတာကို သူတို့ သိကြမှာပါ။ ကျွန်တော်တို့ကို ဝေစုပေးရမယ် ဆိုတာကို သူတို့ သိနေကြလို့ ချေတစ်ကောင်ကို မစားဘဲ ဒီအတိုင်းထားတာ မတွေ့ဘူးလား”

“အေးပါ … တွေ့ပါတယ်။ ဟုတ် မဟုတ်ကို မင်း ဘယ်လို စမ်းသပ်ကြည့်ချင်လဲ။ လုပ်ပါ ဆိုနေမှကွာ။ နေပါဦး၊ အဲဒီ ဝေစုကို မင်းက ဘာလုပ်မလို့လဲ”

“ကျွန်တော်ကတော့ ရသင့်ရထိုက်လို့ ရတဲ့ဝေစုကို ယူသွားမယ်”

“ဟာကွာ … မင်းကလည်း၊ တို့မှာ ပစ်ထားတဲ့ အကောင်တွေ ရှိပြီးသားပဲ။ သူတို့ရတာ သူတို့စားကြပါစေ”

“ကျွန်တော် စမ်းကြည့်မယ်၊ ဘိုလေး ကြည့်နေ”

အပြန်အလှန် ဆွေးနွေးတိုင်ပင်နေချိန် မရ။ လိုရင်းတိုရှင်းမို့ သူ ဘာဆိုလိုသည်ကို ကျွန်တော် သိနေသဖြင့် သူ့လှုပ်ရှားမှုကို စောင့်ကြည့်နေလိုက်စဉ် …

လေးတို့ကို တင်ထားပြီး မြားတံကို တပ်ဆင်ထားပြီးသော သူကိုင်ထားသည့် ဒူးလေးကိုမ,လျက် လင့်ထက်မှ မတ်တတ်ထရပ်လိုက်ရင်း အော်ပြောလိုက်သည်က …

“ကဲ … ရဲဘော်တို့၊ ငါတို့ ပြန်တော့မယ်။ တို့ဝေစုကိုလည်း တို့ ယူသွားမယ်။ မင်းတို့ ဒီနေရာက ဖယ်ရှားပေးကြ။ တို့ ပြန်မယ်”

နှုတ်က ပြောရင်း သူကိုင်ဆောင်ထားသော ဒူးလေး၏ လေးညှို့ကို ပစ်လွှတ်လိုက်ရာ မြားတံက သူတို့အထက် ကျွန်းပင်ပျိုကြီး၏ ပင်စည်လုံးတွင် စိုက်ဝင်သွားသည်ကို တွေ့လိုက်ရပေသည်။

သားကောင်အသေများ၏ အသားများကို ဝိုင်းဝန်း ကိုက်ဖဲ့ စားသောက်နေကြသော တောခွေးများမှာ မောင်ယဉ်ကြိုင် လင့်ထက်ဆီမှ အော်ပြောလိုက် သော စကားတို့နှင့် လေးညှို့မှ လွှတ်လိုက်သဖြင့် ကျွန်းပင်လုံးကြီးတွင် စိုက်ဝင်သွားသော မြားပစ်ချက်တို့အပေါ် ဘယ်လိုနားလည်သွားသည် မသိ။

စားလက်စ သားကောင်တို့၏ အသားများကို ဆက်လက်မစားကြတော့ဘဲ တစ်ကောင်ပြီးတစ်ကောင် နေရာမှ ထွက်ခွာသွားလျက် နောက်ကျော ရိုးမတောကြီးအတွင်းဆီသို့ ရှောင်ထွက်သွားကြသည်ကို အံ့ဩစရာ တွေ့မြင်လိုက်ရပေသည်။

သားကောင် အသေများဆီတွင် တောခွေးအုပ်တို့ တစ်ကောင်မှ မရှိတော့သောအချိန်မှ ကျွန်တော်တို့နှစ်ဦး လင့်ထက်မှဆင်းကာ တောခွေးအုပ် လုံးဝမစားကြရသေးသော ကျွန်တော်တို့အတွက် ဝေစုအဖြစ် ထားခဲ့ဟန်တူသည့် ချေအသေကောင်ကို မောင်ယဉ်ကြိုင်က စွေ့ခနဲ ပခုံးပေါ် ထမ်းတင်လိုက်ရင်း ပြောလိုက်သည့် စကားတို့က-

“ငါတို့အတွက် မင်းတို့ မစားဘဲ ထားခဲ့တဲ့ ဝေစုကို ယူသွားပြီဟေ့”

ကျွန်တော်က မယုံရဲ ယုံရဲ ရှိနေသူမို့ လမ်းတွင် တောခွေးအုပ်တို့ အန္တရာယ်ပြုပါက ပစ်ခတ်ရန် သေနတ်ကို အသင့်အနေအထားမျိုးနှင့် ကိုင်ဆောင်ထား ရင်းမှ မောင်ယဉ်ကြိုင်နောက်က ကပ်လိုက်ခဲ့ပေမယ့် အပြန်လမ်းတစ်လျှောက်လုံး ဘာအန္တရာယ်မှ မတွေ့ကြရဘဲ စခန်းချရာဆီသို့ ရောက်ခဲ့ကြပေသည်။

ယခုမူ …

ကျွန်တော် ထင်မှတ်ထားသော ခွေးတို့သည် လူတို့အတွက် အမဲလိုက်ရာတွင် အသုံးတည့်အောင် သင့်လျော်သော သဘာဝက ဖန်တီးပေးထားသည်ဟူ သောအသိဖြင့် ဆန့်ကျင်နေပြီး ယခုကဲ့သို့ မုဆိုးအချင်းချင်း ထားရှိကြရသည့် “မုဆိုးစည်း” မျိုးကား ပြောမယုံ ကြုံဖူးမှ သိခဲ့ရပါကလားရယ်လို့။

– ပြီး –

စာရေးသူ – လေးမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *