လေးမောင်
မုဆိုးနဲ့ သားကောင်
မုဆိုးအလုပ်ဆိုသည်က အိမ်မှာမွေးထားတဲ့ အိပ်တန်းတက်နေတဲ့ ကြက်ကို ရိုက်ချက်စားလိုက်တာလောက် လွယ်ကူသည့်အလုပ်မျိုး မဟုတ်။
တောကြီးအတွင်းဆီသို့ ဝင်ရောက်ပြီး အမဲသားကောင်များကို ပစ်ခတ်တော့မည့် မုဆိုးတစ်ယောက်အဖို့ တောတွင်းရှိ သားကောင်တစ်မျိုးချင်းတို့၏ သဘာဝစရိုက်၊ နေထိုင်စားသောက်တတ်ကြပုံ၊ လှုပ်ရှား သွားလာပုံ၊ အော်မြည်ဟစ်ကြွေးတတ်ကြပုံတို့အပြင် ထိုသားကောင်တို့၏ အသံများတို့သည် မိမိလုပ်ငန်းနှင့် မည်ကဲ့သို့ ဆက်နွယ်ပတ်သက်လျက် ရှိသည်ကို မသိလို့က မရ။
ရေမြေသဘာဝတို့နှင့် သီးပင်စားပင်တို့ အကြောင်းကိုလည်း အကြမ်းအားဖြင့်မှ မသိရှိထားလို့က မရ။
နောက်တစ်ချက်က သားကောင်တစ်မျိုးချင်းစီ၏ လှုပ်ရှားသွားလာ စားသောက်တတ်မှု၊ မည်သည့်အချိန် မည်သည့်အပင် သီးသည်ကို မည်သည့်သားကောင်တို့က စားသောက်တတ်ကြသည်ကို မသိပါက သားကောင်ပစ်ခတ်ဖို့ဆိုသည်မှာ လွယ်ကူသောအလုပ် မဟုတ်ချေ။
ယခုလည်းပဲ. . .။
ကျွန်တော်သည် တော်တော်များများ တောတွင်းရှိ သားကောင်များတို့၏ အတွေ့အကြုံကို ရယူထားသူဖြစ်ပါလျက် ကြမ္မာငင်တော့မည့်အရေးနှင့် ကြုံတွေ့လိုက်ရသော်လည်း တတ်သိနားလည်ထားသော ပညာရပ်က ကိုယ့်ဘက်ဆီမှ ရပ်တည်လိုက်သောကြောင့် အသိတရားတို့ကို ရုတ်ခြည်းစုစည်းလိုက်ကာ အနိုင်ပြန်လည်ရယူလိုက်ရခြင်းပင်။
သင်းကွဲပြောင်ကြီးတစ်ကောင်ကို နှစ်ရက်တိုင်တိုင် ခြေရာလိုက်ကောက်ပြီးပါမှ နောက်ဆုံး စခန်းသိမ်း ပစ်ခတ်လိုက်နိုင်ခဲ့သည်။
သားကောင်နောက် ဇောနှင့်လိုက်ကြရင်း ပစ်ခတ်လို့ရလိုက်ပြန်တော့လည်း အပြန်ခရီးက ဝေးကွာလွန်းလှသလို လျှို၊ မြောင်တို့နှင့် စမ်းများတို့ကို ဖြတ်ကျော်သယ်ဆောင်ကြရမည်မို့ အခက်အခဲနှင့် တွေ့ကြရာ ထိုနေရာတွင်ပင် သားကောင်ကြီးကို အရေချ၊ အသားတို့ကို ကျပ်တိုက်ပြီး နိုင်သလောက် ထမ်းပိုးသယ်ဆောင်သွားကြမှ ရမည့်အရေးမို့ မည်ကဲ့သို့ ဆောင်ရွက်ကြမည်ကို ဘကြီးကောင်းနှင့် လူငယ်အဖွဲ့သားတို့ စုပေါင်းတိုင်ပင်နေကြစဉ် ကျွန်တော်က အိတ်ကပ်အတွင်းမှ ရှမ်းဖက်လိပ်တိုကို မီးတို့ဖွာရှိုက်ရင်း အုန်းပင်ကြီးအခြေရှိ မြစ်ဆုံတွင် ထိုင်၍စောင့်စားကာ အတွေးများတို့ကိုလည်း ဖြန့်ထုတ်နေလိုက်မိသည်။
အတွေးတို့ကား မုဆိုးတစ်ယောက်အဖို့ တောတွင်းနေ သားကောင်တို့၏ သဘာဝအော်မြည်လိုက်ကြသံများ၊ ဥပါယ်တံမျဉ်လုပ်ကြံအော်လိုက်ကြသံများတို့ကို သိရှိနားလည်ထားသင့်ပုံများကို တွေးတောနေလိုက်မိရင်း အမှန်တကယ် အံ့ဩစရာကောင်းပုံများတို့ကိုလည်း တွေးတောနေလိုက်မိပေသည်။
ငှက်ငနွား (ခ) ပိန်းထူးမ (ခ) ရုံးပတီငှက်တို့၏ ‘တဘူးဘူး’ နှင့် အော်သံမျိုးအပြင် ‘ဝပ်. . . ထရိမ်း’ ဟု နွားသိုးကြီးများ တွန်သံမျိုး။
မြည်ကျိုးငှက်ကလေးတို့၏ ‘ရှေ့ကြည့်’ ဟု အော်လိုက်သံမျိုး။
ဘုတ်ငှက် (ခ) ငှက်ရင်ကြားလေးတို့၏ ‘ရေကြီးပြည့်တော့မယ်ဆို’ ဟူသည့် လူကဲ့သို့ ပီပီသသပြောလိုက်သံမျိုး၊ တအီးအီးနှင့် လူညည်းသံလိုမျိုး၊ လေချွန်သံအမျိုးမျိုး၊ အခြားငှက်သံများကို အတုခိုးလိုက်အော်သံအမျိုးမျိုး။
ငူငှက် (ခြေစိမ်း၊ ခြေနီ) ငှက်တို့ ‘မယ်ဇက်ကယ်ဆို ဈေးရောင်းလိုက်ပါဦး တစ်ခွက်ဖိုး’ ဟူသည့် အသံများ။
တောလုံငှက် (ခ) ကျားနှင်ငှက်မျိုးလို ‘ငပျောက်… ထွက် ဟ… ဥုံ… ဖွဖွ’ ဟု အော်လိုက်ကြသံမျိုး။
ဇီးစောင့်ငှက်များတို့လို ‘ကြက် ဝက် ခြောက်ကောင်’ အော်လိုက်ကြသံမျိုး။
မျောက်နှင့် ဒေါင်းတို့ အပြန်အလှန် “အိုးဝေ. . .ကြိုးခွေ’ အသံများ။
ငှက်ပန်းထိမ်လေးများတို့ကဲ့သို့ ‘တတုံတုံ’ နှင့် တူထုသံမျိုး။ သစ်တောက်မငှက်အသံလို ‘တဒုတ်ဒုတ်’ နှင့် သစ်ပင်ခုတ်ဖြတ်နေသံမျိုး။
မိုးမညင်းငှက်ငယ်ကလေးတို့လို သူ့အသံကို ကြားလိုက်ရသူတိုင်း ပျာလောင်ခတ်သွားစေသည့်အသံမျိုး။
ငှက်ဝါကလေးတို့၏ အသံလို ခံစားချက်နှင့် ကြားလိုက်ရသူအပေါင်း ထိုင်ငိုရတော့မည့် အသံမျိုး။
ဖားပျံ၊ ကျောက်ဖားငယ်ကလေးတို့၏ ပုစဉ်းရင်ကွဲများကဲ့သို့ အော်သံမျိုး။
နှာတို (ခ) မြွေတို့၏ ‘တဂျီဂျီ’ အသံမျိုး။
ရှဉ့်နီပေါတို့၏ ကတောက်သံမျိုး။
နှာရှည် (ခ) တောဆင်ရိုင်းကြီးများတို့၏ ‘တြောင်း. . . ရွှမ်း’ ဟု ပြင်းထန်သော လက်ကောက်မှုတ်သံမျိုး။
ငပျောက် (ခ) သစ်ဆင် (ခ) ကျားသစ်တို့၏ ‘ဝူးဂဲ. . ဝူးဂဲ’ ဝံကြီးတို့ကဲ့သို့ ဝမ်းရုပ်လိုက်သံမျိုး။
ဟင်းမျိုး (ခ) ကျားတို့၏ `တရှိန်ရှိန်’ နှင့် ဆတ်တစ်လိုက်သံမျိုး၊ လူကြီးတစ်ဦး ချောင်းဆိုးလိုက်သံမျိုး၊ တောကြက်ပေါက်စလေးတို့၏ အသံမျိုး။
ချေ (ဟောက်)၊ ဒရယ် (ပျီ၊ ပျူ)၊ ဆတ် (တစ်) သံတို့က တကယ်ပင်ရှိနေကြပြန်တော့ မယုံကြည်လို့က မရ။ တောတောင်များတို့အတွင်း သားကောင်တို့၏ အသံတို့ကို အတော်အတန် သိမထားက အခက်တွေ့ကြရသည်။
“ဝုန်း … ဝေါ … ဝေါ … ဝေါ”
ဘေးတိုက်လဲကျ အသက်ပျောက်နေပြီဖြစ်သော ပြောင်သေကြီးထံမှ ထွက်ကျလာသော သွေးညှီနံ့များတို့ကြောင့် မြေပြင်ရှိ သွေးကွက်ကြီးများတို့နှင့် သားကောင်ကြီး၏ သေနတ်ဒဏ်ရာအပေါက်ကြီး များတို့ဆီတွင် ဘယ်ကဘယ်လို ရောက်ရှိလာကြမှန်းမသိသော ယင်မ မည်းရိုင်းကောင်အုပ်ကြီးတို့၏ ရုတ်တရက် ထပျံသန်းလိုက်၊ ပြန်နားပြီး အသားများကို စားသောက်နေကြသော အသံကြီးများတို့ကြောင့် ကျွန်တော့်စိတ်အစဉ်ဝယ် အတန်ပင် မွန်းကျပ်လာမိသည်မို့ သက်ပြင်းမောတို့ကို အခါခါပင် ချနေလိုက်မိသည်။
သည်အတိုင်းဆိုလျှင် သားကောင်ကြီးကို မဖျက်ပါက တစ်ခဏအတွင်း လောက်ကောင်များ တဖွားဖွား တက်ပေတော့မည်။
(မှတ်ချက် – ယခုကဲ့သို့ ပြောင်ကိုပစ်ခတ်ရရှိပါက ယင်မ မည်းရိုင်းတို့၏ ဘဝကူးကောင်းမှုပဋ္ဌာန်းဆက်တို့ကြောင့် စားမရတော့လောက်အောင် လောက်များ တက်သည်။ အသားတို့ကို စားနေရင်းမှ အုချသည်။ ထိုဥသည် မကြာမီအချိန်အတွင်း လောက်ကောင်ဖြစ်သွားသည်။)
တကယ်တော့လည်း မုဆိုးလုပ်ကြသူများတို့အဖို့ သားကောင်တိုင်းကို တွေ့တော့လည်း ပစ်ခတ်ချင်ကြသည်။ ပစ်ခတ်လို့ ရလိုက်ပြန်တော့လည်း နောက်ဆက်တွဲပြဿနာတို့က မသေးလှ။
ယခုတွင်ပဲ လက်ဝယ်ပိုင်ပိုင် ပစ်ခတ်လို့ရရှိထားသော ပြောင်ထီးကောင် (သင်းကွဲပြောင်) ကြီးမှာ ပိဿာချိန်တစ်ရာထက်မအောက်။ ထိုသားကောင်ကြီးကို စခန်းဆီသို့ အရောက်သယ်ဆောင်သွားဖို့က အခက်။
ထိုနေရာတွင်ပင် အရေချပြီး အသားတုံးကြီးများကို လှီးဖြတ်ဖို့က အမဲလိုက်ဓားမြှောင်များတို့လောက်သာ ပါရှိလာကြသည်။ ပြောင်ရိုးကြီးများတို့ကို ခုတ်ထစ်ပိုင်း ဖြတ်ဖို့က ရဲတင်း၊ ပေါက်ဆိန်တို့က ပါမလာ။ အသားများ မပုပ်သိုးအောင် ဆားနှင့်ယမ်းစိမ်းတို့ကလည်း မပါ။ အချိန်မီ လှီးဖြတ်ကျပ်တင်နိုင်မှ။
ကျပ်တင်ဖို့ဆိုသည်ကလည်း စင်ကို ဆောက်လုပ်ရမည်။ လောက်သေရွက် ရှာရဦးမည်။ စင်အောက်မှ မီးပူရန်အတွက် ထင်းကိုလည်း ရှာကြရပေဦးမည်။
တောကြီးစိမ်းစိမ်းအတွင်း ပြောင်သားများတို့ကို ကျပ်တင်ပါက ထွက်ပေါ်လာသော အနံ့အသက်တို့ကြောင့် အခြားပေါ်ပေါက်လာမည့် အန္တရာယ်တို့ကိုပါ ထည့်သွင်းမတွက်ချက်လို့က မရ။ တွေးတောနေလိုက်ရင်း စိတ်မောသွားသည်မို့ သက်ပြင်းမောတို့ကိုသာ ချနေလိုက်မိသည်။
အတွေ့အကြုံလည်း ရင့်ကျက်၊ အသက်လည်း အကြီးဆုံးဖြစ်သည့် မုဆိုးကြီး ဘကြီးကောင်း၏ စီမံခန့်ခွဲမှုအရ လူငယ်မုဆိုးများဖြစ်ကြသည့် ဉာဏ်ကျယ်၊ မွန်၊ အာလူးတို့က ပြောင်သေကြီးကို အရေချ၊ အသားများ လှီးဖြတ်ကြမည်။
ကုလားကြီးသန်းညွန့်က ကျပ်စင်ဆောက် ရန် ဝါးခုတ်မည်။ ဆောက်မည်။ အစ်ကိုကြီးဦးသိန်းလွင်နှင့် တင်စိုးတို့က လောက်သေရွက်နှင့် ထင်းများ ရှာကြမည်မို့ သူတို့တာဝန်ပိုင်းများကို ထမ်းဆောင်နေကြသည်ကို ကြည့်နေရင်းမှ အနီးအနား ဝန်းကျင်တစ်ဝိုက်ဆီသို့ လှည့်ပတ်အကဲခတ်ရန် သေနတ်ကိုဆွဲလျက် နေရာမှ ထလိုက်မိပေသည်။
နွေခေါင်ခေါင်မို့ တောအုပ်တောတန်းတစ်လျှောက် သရွက်တွေက ကြွေကျထားပြီးနေပေပြီ။ သစ်ရိုင်းပင်ကြီးများတို့တွင် ရိုးတံသက်သက်ချည်းဖြင့် နွေသရုပ်အတိုင်း။
လျှောက်လှမ်းမည့် တောလမ်းကား သစ်ရွက်ခြောက်တို့က ဖုံးချင်တိုင်းဖုံးနေကြသည်မို့ လမ်းကိုလျှောက်လှမ်းလိုက်သည့်အခါတိုင်း ခြေနင်းသံတို့နှင့် အပြည့်။ အချို့သောနေရာများတို့တွင် တောမီးတို့က ကွက်ကြားလောင်ထားပြီးမို့ ပြာတို့ဖြင့် အပြည့်။
သည်တောကြီးအတွင်း ယုန်၊ ကြောင်၊ တောဝက်၊ ဒရယ်နှင့် ဆတ်တို့ကို အချိန်မရွေး ပစ်ခတ်လို့ ရရှိနိုင်သော နေရာမျိုးပင်။
စိတ်တို့က မွန်းကျပ်လွန်းနေသဖြင့် ကျွန်တော်က စိတ်ပြေရာပြေကြောင်း ပတ်ဝန်းကျင်တောတောင်သဘာဝ၊ ပသာဒတို့ ကြည့်ရှုခံစားရင်း လျှောက်လှမ်းလာခဲ့သည်။
ဝဲဘက်အတွင်းပိုင်း တောကြီးအတွင်းဆီသို့ လျှောက်လှမ်းလိုက်လျှင် လျှိုကြီးလျှိုငယ် မြောင်အသွယ်သွယ်တို့က ရှိနေသလို သားကောင်ကြီးငယ်တို့ကိုလည်း ပစ်ခတ်လို့က ရမည်။
သို့သော် ပြောင်ကြီးတစ်ကောင်လုံး ရရှိထားပြီးဖြစ်သည့်အတွက် သားကောင်များတို့ကို နောက်ထပ်ပစ်ခတ်ရရွိဖို့အရေး အဓိကမကျ။ လတ်တစ်လော မွန်းကျပ်နေသောစိတ်ကို ဖြေသိမ့်နိုင်ဖို့အရေးကသာ အဓိက။
သို့အတွက် ဝန်းကျင်အလှကို ကြည့်ရှုခံစားရင်း ကွက်သာများရှိရာဘက်များတို့ဆီသို့ လျှောက်လှမ်းဖို့ စိတ်ကူးနှင့်အတူ လျှောက်လှမ်းနေလိုက်မိခြင်းပင်။
တောင်ကုန်းဆင်ခြေလျောအတိုင်း သစ်ရိပ်များတို့ကို အကာအကွယ်ယူလျက် လျှောက်လှမ်းခဲ့စဉ် တောင်ခါးပန်းတစ်ခုအနီး ကြက်ချမ်းပင်ချည်းတို့သာ ကွက်၍ ပေါက်ရောက်နေသော တောတန်းကို တွေ့ မြင်လိုက်ရသဖြင့် ထိုအပင်များတို့ဝန်းကျင်တွင် တောကြက်အုပ်များတို့နှင့် ရစ်အုပ်များ ရှိနိုင်ကြောင်းကို တွေးတောနေလိုက်မိသည်။
ကြက်ချမ်းသီးဆိုသည်က အပင်၏ခြေရင်းတွင် တွယ်ကပ်သီးသော အနီရဲရဲအသီးမျိုးပင်။ ခွဲလိုက်လျှင် အထဲတွင် ဆန်စေ့ကလေးများအတိုင်း အဆံကလေးတွေနှင့်မို့ ကြက်၊ ရစ်နှင့် အခြားငှက်တို့ ကြိုက်သော အသီးမျိုးပင်။
ထိုအပင်များရှိရာဆီသို့ လျှောက်လှမ်းရင်း အခြေအနေကို အကဲခတ်ကြည့်ရှုလိုက်မိရာ ကြက်နှင့် ရစ်တို့၏ အသံကို မကြားရသလို ဘွတ်ကလုံငှက်တို့နှင့် အခြား နှံပြည်စုပ်ငှက်ငယ်ကလေးများကိုသာ တွေ့ ရပြီး လေတိုးသံတို့ကိုပါ ကြားနေသည်။
ရှေ့ဘက်ဆီသို့ ဆက်လက်လျှောက်လှမ်းလိုက်ရင်း တောင်ကုန်းအောက်ခြေသို့အရောက် ဟိုမှာဘက် ဆီတွင် ကြီးမားသော စွပ်ကြောင်းကြီးတစ်ခုကို မြေပြင်တွင် အမှတ်မထင် တွေ့မြင်လိုက်ရပေသည်။
တောင်ခြေရင်းရှိ ကုန်းမြေပြောင်ပြောင်တွင် တစ်ပေနီးပါးမျှ ကျယ်ပြန့်သော စွပ်ကြောင်းရာကြီးမို့ တအံ့တဩပင် ဖြစ်သွားလိုက်မိသည်နှင့်အတူ ကိုင်ဆောင်ထားမိသော သေနတ်ကို ကျည်သေးများကို ထုတ်လျက် ကျည်ကြီးများတို့နှင့် အစားထိုးလဲလှယ်လိုက်ရင်း ထပ်မံကြည့်လိုက်မိသည်။
စွပ်ကြောင်းကြီးကား တောင်ကုန်းပေါ်သို့ တန်းလျက် တက်သွားပြီး တောင်လယ်လောက်တွင် ဘေးဘက်ရှိ တောချုံကြီးများအတွင်းဆီသို့ တိုးဝင်သွားသည့်ပုံ။ မြွေကြီးတစ်ကောင်၏ စွပ်ကြောင်းရာမျိုးပင်။
သေချာစေရန်အတွက် ကုန်းပြောင်ပြောင်ရှိ စွပ်ကြောင်းရာကို သေချာစွာငုံ့ကြည့်လိုက်သည်။
စွပ်ကြောင်းရာ၏ ဘေးတစ်ဖက်စီတို့တွင်လည်း လက်သည်းရာများကို ထပ်မံမြင်တွေ့လိုက်ရသဖြင့် မြွေကြီးတစ်ကောင် မဖြစ်နိုင်မှန်းကိုတော့ သိလိုက်သည်။ သို့သော် ဘာကောင်ဖြစ်မည်မှန်းကိုတော့ မသိ။
စွပ်ကြောင်းဘေးတွင် လက်သည်းရာများတို့ကို တွေ့မြင်နေရခြင်းအားဖြင့် သင်းခွေချပ်လို အကောင်မျိုးထဲက ဖြစ်နိုင်သည်ဟုတော့ ထင်လိုက်မိသည်။
သေချာစွာသုံးသပ်ဆင်ခြင်နိုင်ရန်အတွက် မြေပြင်တွင် ဝမ်းလျားမှောက်ကာ စွပ်ကြောင်းအလယ်ဆီတွင် နားကိုကပ်ရင်း အကြားအာရုံကို ဖွင့်လိုက်မိတော့. . .
“ဗျော … ဝရော … ဝရော … ရှဲ ရှဲ ရှဲ”
သေချာပေပြီ။ စွပ်ကြောင်းကြီးအရ လက်သည်းရာတို့နှင့်အတူ လူကို အန္တရာယ်ပြုနိုင်မည့် သားကောင်ကြီးတစ်ကောင်၏ အသံမျိုးပင်။ ဖြစ်နိုင်ခြေရှိသည်တို့ကို တွေးတောရင်း မျက်လုံးအစုံက လွတ်လမ်းကို ရှာဖွေမိသည်။
တောင်ကုန်းထက် သားကောင်ကြီးသွားထားရာ လမ်းဘေး ဆင်ခြေလျှောတွင် အနီးကပ်ဆုံး တောင်ဗိန်းပင်နှင့် သပွတ်သိမ်ချုံနွယ်ပင်ကြီးတို့အောက် ချုံနွယ်တောအုပ်ကြီးဆီသို့ အမြန်လှမ်းလိုက်ရင်း ငုံ့၍ တိုးဝင်လိုက်ကာ ပုန်းခိုရင်း နေရာယူထားလိုက်မိပေသည်။
“ရှဲ ရှဲ ရှဲ … ဗျော … ကျလိ ကျလိ ကျလိ”
ကြားနေရသော အသံကြီးက တဖြည်းဖြည်းချင်း ပိုမိုနီးကပ်လာသလို ပိုမို၍လည်း ကျယ်လောင်လာသည်ကို သတိထားမိလိုက်သည်။
ကျွန်တော်က သေချာစွာပင် ကြားနေရသော အသံကြီးကို နားစွင့်လိုက်မိသော်လည်း ဘယ်လိုသားကောင်မျိုး၏ အသံဖြစ်မှန်း ဝေခွဲမရတတ်အောင် ဖြစ်နေသည်။
သစ်ရွက်ခြောက်များတို့အပေါ် နင်းခြေလာသံက စောစောကထက် ပိုမိုပီပြင်လာသည်။ အကောင်ကို လုံးဝမတွေ့ရသေးဘဲ နီးကပ်လာသော တောတိုးသံကြီးကြောင့် ကျွန်တော့်စိတ်တို့က စောစောကနှင့် မတူတော့။ တုန်လှုပ်ချောက်ချားစ ပြုလာသည်နှင့်အတူ နဖူးမှ ချွေးများတို့ကို သပ်ချလိုက်မိသည်။
အမဲလိုက်အတွေ့အကြုံ များခဲ့ပြီဖြစ်သော်လည်း တစ်ခါဖူးမျှ သည်ကဲ့သို့ တောတိုးသံမျိုးကို မကြားမိ ခဲ့ဖူးသည်က အမှန်။
တောတိုးသံကြီးမှာ တောတို့၏သဘာဝ သားကောင်ကြီးများတို့၏ တောတိုးသံမျိုး မဟုတ်မှန်းကိုတော့ သိနေသည်။ “တဝေါဝေါ တဗျောဗျော’ နှင့် အဆက်မပြတ်သော အသံက သစ်ရွက်ခြောက်များကို ခြွေချထားသည့် မြေပြင်တွင် တရွတ်တိုက်ပြေးဆွဲနေသည့် အသံမျိုးလို အစဉ်တစိုက် ထွက်ပေါ်နေသည်က သောသောညံနေသည်။
အတန်ကြာတော့ ကျွန်တော်ရှိရာနှင့် အထက် ဝါးတစ်ရိုက်ခန့်အကွာတွင် အသံတို့က ငြိမ်သွားသည်။
ကျွန်တော်က သစ်ကိုင်းသစ်ရွက်တို့ အကြိုအကြားမှ သားကောင်ကြီးဆင်းလာမည့် တောင်ပေါ်ဆီသို့ အာရုံထက်သန်စွာနှင့် စူးစမ်းကြည့်နေမိသည်။ ကိုင်ဆောင်ထားသော သေနတ်မောင်းထိန်းခလုတ်ကို ရှေ့ဆီသို့ တွန်းပို့ထားပြီးမို့ ပစ်ခတ်ရန်က အသင့်။
ထိုစဉ် နောက်ကျောအထက်ဘက်ဆီမှ. . .
“ဗျော … ဗျော … ဘုန်း”
သစ်ရွက်တိုးသံကြီးများနှင့်အတူ ကျွန်တော်ဝင်ရောက်ပုန်းခိုနေရာ၏ နောက်ဘကပ်ဆီရှိ သပွတ်သိန်ပင့်နွယ်ကိုင်းကြီးတစ်ခုက သိမ့်ခနဲ လှုပ်ရှားခါယမ်းသွားသည်ကို တွေ့မြင်လိုက်သည်နှင့်အတူ သပွတ် သိန်သီးမှည့်တို့မှာလည်း မြေပြင်ဆီသို့ တဖြုတ်ဖြုတ်ကြွေကျလာသည်။
အပင်ထက်ရှိ ငှက်ငနွား (ခ) ပိန်းတူမ (ခ) ရုံးပတီငှက်အုပ်မှာ ဝေါခနဲ တထိတ်တလန့်ပျံပြေးထွက်သွားကြသည်ကိုလည်း တွေ့မြင်လိုက်ရပေသည်။
အသံကြီးကြားလိုက်ရာဆီသို့ တထိတ်တလန့်အသွင်နှင့် မော့အကြည့် ရိပ်ခနဲ သစ်ရွက်တို့အကြိုအကြားမှ တွေ့မြင်လိုက်ရသော နီညိုညိုအကောင်ကြီးကို လျှပ်တစ်ပြက်ပစ်ထည့်လိုက်ပြီးလည်း ဖြစ်ပေသည်။
“ဒိုင်း” ခနဲ မြည်ဟိန်းပေါက်ကွဲလိုက်သော အသံကြီးက တောင်ခြေတစ်ဝိုက် တော်လဲလိုက်သံကြီးပမာနှယ် ဖုံးလွှမ်းသွားသည်နှင့်အတူ အောက်ခြေမြေပြင်ဆီသို့ “ဘုန်း” ဟူသော အသံကြီးနှင့် ပစ်ကျသွားသော အကောင်ကြီးတစ်ကောင်နှင့် မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များတို့အပေါ် ယက်ကန်ယက်ကန်ဖြစ်နေပုံကို လှမ်းကြည့်လိုက်တော့ မြင်လိုက်ရသည်က ကြီးမားသည့် တောကင်းကြီးတစ်ကောင်။
သစ်ပင်ထက်မှ ကျလာသော တောကင်း (ကင်းခြေများ) ကြီးသည် ကျွန်တော်ပစ်ခတ်လိုက်သော (၆) လုံးကျည်ခဲလုံးတို့က ခါးလယ်မှ ဖြတ်ဖောက်သွားခြင်းကို ခံလိုက်ရသဖြင့် ခါးဆစ်ရိုးကျိုးသွားကာ သူ၏ ရှေ့ပိုင်းနှင့် နောက်ပိုင်းတို့ရှိ များပြားလှသော ခြေချောင်းလက်ချောင်းတို့မှ ဒေါသတကြီး ရုန်းကန်လှုပ်ရှား လူးလိမ့်နေရင်း အငြိုးကြီးစွာနှင့် ကျွန်တော့်ထံ အတင်းတိုးလာဖို့ ကြိုးစားနေသည်။
သူ၏နှုတ်ဖျားဆီမှလည်း နာကျည်းရန်လို ဒေါသသံမျိုးနှင့် “ကျစ်. . ကျစ်. . ကျစ်. . ကျလိ. . ကျလိ. . ကျလိ. .” အသံမျိုးနှင့် ကျယ်လောင်စွာအော်ဟစ် နေသလို ဂုံညင်းဒိုးနီးပါး ကြီးမားလှသည့် နီရဲနေသော မျက်လုံးကြီးနှစ်လုံးအောက်ဘက် ဝါကြင်ကြင် သွားစွယ်ကြီးတို့အောက်မှ ပါးစပ်ကြီးအတွင်းဆီမှ နီညိုရောင်အရည်များက အထွေးလိုက် အထွေးလိုက် အန်ထွက်နေသည့် အခြေအနေမျိုးနှင့်ပင် ကျွန်တော့်ကို အတင်းထိုးဟပ်ကိုက်ခဲဖို့ ကြိုးပမ်းနေပေမယ့် ခါးဆစ်ရိုးသွင်သွင်ကျိုးသွားသည်မို့ နေရာက သိပ်မရွေ့။ ကျွန်တော့်ကို ပြေးဝင်ကိုက်ခဲဖို့ အရာမရောက်။
အလျား ခုနစ်ပေခန့်နှင့် အနံတစ်ပေသာသာခန့်ရှိသော ကင်းခြေများကောင်ကြီး၏ တလန်းလန်းတလူးလူးနှင့် အသည်းယားဖွယ်ရာ ထိတ်လန့်ဖို့ကောင်းသောမြင်ကွင်းကို မင်တက်မိစွာနှင့် ကြည့်နေလိုက် မိသော ကျွန်တော့်အဖို့ အခြေအနေကို စဉ်းစားလိုက်မိတော့ တောင်ထက်ဆီမှ ကျွန်တော့်ကို ကြိုတင်မြင်တွေ့သွားသော တောကင်းကြီးသည် သူကိုက်ခဲစားသောက်ရမည့် သားကောင်အထင်နှင့် ပြေးလွှား လာခဲ့ရင်းမှ တောချုံပင်ကြီးများနောက်ကွယ်ရှိ တောင်ဗိန်းပင်ကြီးပေါ် ဆီသို့ တက်ရောက်ပြီး ထိုအပင်ကြီးကို တွယ်ကပ်ပေါက်နေသည့် သပွတ်သိမ်နွယ်ကိုင်းကြီးဆီရောက်မှ အောက်တွင်ရှိနေသော ချုံတောကြီးအတွင်းမှ တောင်ပေါ်သို့ လှမ်းမျှော်ကြည့်နေသော ကျွန်တော့်ကို သစ်ပင်ထက် ဖြုတ်ချကိုက်ခဲလို့ရမည်မှန်းကို သိရှိသဖြင့် ကျွန်တော်နှင့်တည့်တည့်ရှိ သပွတ်သိမ်ပင်နွယ်ကိုင်းကြီးဆီသို့ လှမ်းအကူးတွင် ကြီးမားလွန်းသော သူ၏ ခန္ဓာကိုယ်ကြီးအား မနိုင်မနင်းဖြစ်သွားသော နွယ်ကိုင်းကြီးက အောက်သို့လျှောကျသွားသဖြင့် တောကင်းကြီးမှာ ဟန်ချက်ပျက်သွားပြီး ဗျောခနဲ အောက်ပိုင်းဆီသို့ နွယ်တန်းကြီးနှင့် ပြုတ်ကျ တွဲလောင်းကြီးဖြစ်နေစဉ် လျှပ်တစ်ပြက် ကျွန်တော်ပစ်ခတ်ခြင်းကို ခံလိုက်ရခြင်းပင်။
“ဪ. . . အဟိတ်တိရစ္ဆာန်တွေပဲလေ။ လူသားတွေလောက် အသိဉာဏ်ပညာနှင့် ဦးနှောက်ကို ဘယ်မီပါ့မလဲ”
ဟူ၍ တွေးဆနေလိုက်မိပေသည်။
မုဆိုးအလုပ်ဆိုတာကလည်း အခက်သားကလား။
ကိုယ်ကချည်း သူများအသက်ကို သတ်နေချင်လို့က မရ။ တစ်ခါတစ်ရံတွင် မိမိကိုယ်တိုင် သားကောင်တို့၏ သားကောင်အဖြစ်ကို ပြန်လည်ရောက်ရှိသွားတတ်ကြသည်မှာ ယခုပင် လက်တွေ့ပင်။
အသည်းယား ထိတ်လန့် တုန်လှုပ်ဖွယ်ရာ တောကင်းကြီးကို ကျွန်တော်ရပ်ကြည့်နေရင်းမှ ပြန်ကလဲ့စားချေဖို့ ကြိုးစားနေခြင်းများတို့က အရာမရောက်ဖြစ်နေသည်ကို မသိရှာလေသော တောကင်းကြီးကို သေနတ်အတွင်း ကျန်ရှိနေသော ကျည်တစ်တောင့်ဖြင့် လှပသေသပ်စွာ စခန်းသိမ်းပေးလိုက်မိပေတော့သည်။
နောက်ထပ် သားကောင်များကို မပစ်ခတ်ချင်သဖြင့် သားကောင်တို့နှင့် ထိပ်တိုက်မတိုးအောင် ရှောင်ကွင်းနေပါလျက် မထင်မှတ်သော မကြုံဆုံခဲ့ဘူးသေးသော ယခုကဲ့သို့ တောကင်း (ကင်းခြေများ) ကြီးကြီးမျိုးလည်း မြန်မာနိုင်ငံတောတောင်များတို့အတွင်း တကယ်ပင် ရှိနေကြပါကလား။
ယခုတစ်ကြိမ်မှသာ ထိပ်တိုက်ရင်ဆိုင် တွေ့ကြုံလိုက်မိသည့် အလွန်ရှားပါးလှသည့် တောကင်းကြီးအတွက် စိတ်မကောင်းဖြစ်မိသည်ကလွဲ၍ မတတ်နိုင်တော့။
သေနတ်ပစ်လိုက်သံကြောင့် မကြာမီ အဖွဲ့သားများလိုက်လာမည်ကို ကြိုသိနေသော ကျွန်တော်က ထိုနေရာအနီးတွင်ပင် အိတ်ထဲမှ ရှမ်းဖက်လိပ်ကို မီးတို့ဖွာရှိုက်လိုက်ရင်း စောင့်စားနေလိုက်မိပေတော့သည်။ ။
– ပြီး –
စာရေးသူ – လေးမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized