August 29, 2025

မုဆိုးနှင့် ကျား

ဖိုးကျော့
မုဆိုးနှင့် ကျား

နတ်တောင်ခြေဘက်မှ ရေခဲကွဲသံများကို ညစဉ်လိုလို ကြားလာရသည်။ တစ်ဆောင်းလုံး ရေခဲပြင်ဖြစ်နေခဲ့သော ရေခဲချောင်းများလည်း ရေစီးစ ပြုလာကြပြီ။ သက်ငယ်မိုး အိမ်ခေါင်များပေါ်တွင် နေရောင်ခြည်များ ပြန့်ကျဲနေသည်ကိုလည်း မြင်ရပြီ။

ရေခဲပျော်ချိန် ရောက်ပြီဆိုလျှင် အရှေ့မြောက်ဖျားနေ မုဆိုးကြီးများသည် ကတိုးလိုက် ထွက်တတ်ကြသည်။ သူတို့ ကတိုးလိုက်ရသော တောင်တွေမှာ ရေမျက်နှာပြင်မှ ပေကိုးထောင်၊ တစ်သောင်းခန့် မြင့်မားသည်။ တစ်ဆောင်းလုံး အေးခဲနေသော ရေခဲတောင်တန်းကြီးများ ဖြစ်လေသည်။

မုဆိုးကြီး ဘွန်ကောသည် လက်နက်ကိရိယာအပြည့်အစုံနှင့် ကတိုးလိုက်ရန် ဝံပုလွေချိုင့်ဝှမ်းဘက် ထွက်လာသည်။ သူက ဝံပုလွေချိုင့်ဝှမ်းတွင် နှစ်စဉ်နှစ်တိုင်း ကတိုးလိုက်နေကျ ဖြစ်သည်။ တစ်နှစ်လျှင် ကတိုးတစ်ကောင်၊ နှစ်ကောင်ကိုလည်း ရနေကျဖြစ်လေသည်။

ထို့ကြောင့် ရွာမုဆိုးကြီး ဘွန်ကောသည် ကတိုးလိုက်ရန် စိတ်သန်ပြင်းပြနေသည်။ သူ့ခြေလှမ်းများသည် ရွာမှထွက်ကတည်းက သွက်လက်လျင်မြန်နေလေသည်။

ဘွန်ကောသည် တစ်တောင်တက် တစ်တောင်ဆင်းနှင့် ခရီးကြမ်းကို နှင်လာခဲ့သည်။ ဝံပုလွေချိုင့်ဝှမ်းကို ရောက်ရန်အတွက် လမ်းခရီးတွင် တစ်ည အိပ်ခဲ့ရလေသည်။ သည်နေ့ညနေမှာတော့ ဝေသီမြင့်ခေါင်သော ရေခဲတောင်ခြေရင်းရှိ ဝံပုလွေချိုင့်ဝှမ်းသို့ သူရောက်လာ၏။

သူသည် မိုးမချုပ်မီ နှစ်စဉ်နှစ်တိုင်း စခန်းချနေကျဖြစ်သော ကျောက်ဆောင်ကြီးနားမှ ကျောက်ဂူလိုဏ်ခေါင်းကြီးတစ်ခုနား လျှောက်လာ၏။

ဂူဝသို့ ရောက်သောအခါ ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်သည်။ တိရစ္ဆာန်များ၏ ခြေသည်း၊ လက်သည်း ခွာရာများကို ကြည့်သည်။ ဂူထဲက အသံဗလံများကို နားစွင့်သည်။

ယခင့် ယခင်နှစ်တွေက သူ စခန်းချနေခဲ့ဖူးသော ဂူဟောင်း နေရာဟောင်းပင် ဖြစ်သော်လည်း ဂူထဲကို ရဲရဲတင်းတင်း ချက်ချင်း စွတ်ရွတ် မဝင်ရဲသေးပေ။ တစ်ခါတစ်ခါတွင် လိုဏ်ခေါင်းထဲတွင် နွားမတမ်း လောက်ရှိသော ဝက်ဝံရိုင်းကြီးများ၊ ဝံပုလွေကြီးများ ခိုအောင်းနေတတ်သဖြင့် အန္တရာယ်ရှိနိုင်သည်။

ဝံပုလွေကြီးများ၊ ဝက်ဝံကြီးများမှာမူ အလွန်ရန်လိုသော တိရစ္ဆာန်ကြီးများ ဖြစ်သဖြင့် အသက်အန္တရာယ်ပင် ရှိတတ်သည်။

ပေ တစ်သောင်းကိုးထောင်ကျော်မြင့်သော ရေခဲတောင်ပေါ်တွင် နှင်းမုန်တိုင်းများသည် အချိန်မရွေး ကျတတ်လေရာ နှင်းမုန်တိုင်းကျပြီဆိုလျှင် ဝံပုလွေနှင့် ဝက်ဝံကြီးများသည် ကျောက်ဂူလိုဏ်ခေါင်းထဲ ဝင်၍ မုန်တိုင်းခိုနေတတ်ကြ၏။

ထို့ကြောင့် သူက ဂူထဲမဝင်ရဲသေးဘဲ နားစွင့် အကဲခတ်နေခြင်း ဖြစ်၏။

ဝံပုလွေနှင့် ဝက်ဝံအုပ်များ ဂူထဲရှိနေလျှင် သူတို့၏ ဟောဟဲ ဟောဟဲ အသက်ရှူသံ၊ တစ်ကောင်နှင့် တစ်ကောင် ရန်စောင်မာန်ဖီသံ၊ ကျီစယ်ကစားနေသံ၊ ကလေးများ အစာတောင်းသံ၊ နို့လုစို့သံ၊ အမကြီး
များ မာန်မဲအော်ဟစ်သံတို့က ဂူပေါက်ဝကပင် ကြားရမြဲ ဖြစ်လေသည်။

ယခုတော့ ဘာသံမှ မကြားရ။ ထိုအခါ ဘွန်ကောသည် ဂူဝနားရှိ ထင်းရှူးပင်ငယ်တစ်ပင်ကို ခုတ်သည်။ ဝံသားရေအိတ်ကြီးထဲမှ မီးခတ်ကျောက်၊ မီးကူးဝါဂွမ်း၊ ပွတ်ကျည်ဝါးကြောတို့ကို ထုတ်သည်။ ပတ်ဝန်း ကျင် ဘယ်ညာအကဲခတ်သည်။

ပြီးမှ မီးခတ်မီးကူးပြီး ထင်းရှူးအသားစိမ်းကို မီးရှို့လိုက်လေသည်။ ထင်းရှူးသားမှာ အစိမ်းလတ်လတ်ပင် ဖြစ်သော်လည်း ချက်ချင်း မီးစွဲလောင်လေသည်။ ထင်းရှူးသားအစိမ်းမှ မီးတောက် မီးညွန့်များ တရှဲရှဲမြည်ကာ ဆီနံ့ပင် ချက်ချင်းသင်းလာလေသည်။

ဓာတ်မီးခြစ်နှင့် ယမ်းမီးခြစ်တို့သည် ရေခဲတောင်ပေါ်၌ ကြာရှည်သုံးစွဲရန် မသင့်သဖြင့် ဘွန်ကောတို့ မုဆိုးများသည် ရိုးရာမီးခတ်ကျောက်ကိုသာ အသုံးပြုလေ့ ရှိကြသည်။

ယမ်းမီးခြစ်မှာ အအေးလွန်ကဲသော ရေခဲတောင်ပေါ်တွင် သုံးရက်ပင်မခံဘဲ အစိုပြန်ကာ ခြစ်မရ ဖြစ်တတ်၏။ ဓာတ်ဆီနှင့် မီးခြစ်ကျောက်မှာလည်း အအေးလွန်ကဲမှုကြောင့် ရေခဲတောင်ပေါ်တွင် မည်မျှ ခြစ်ခြစ် မီးမပွင့်တတ်ပေ။

ဘွန်ကောမှာ ဤဝံပုလွေချိုင့်ဝှမ်းတွင် ကတိုးကောင် မရမချင်း တစ်လကိုးသီတင်း နေရမည်ဖြစ်သဖြင့် ရိုးရာမီးခတ်ကျောက်ကိုသာ အသုံးပြုလေသည်။

ထင်းရှူးသား မီးတုတ်တစ်စကို လက်ထဲစွဲကိုင်ကာ ဘွန်ကောသည် ဂူထဲ ဝင်လာလေ၏။ တရှဲရှဲ မြည်နေသော ထင်းရှူးဆီ မီးတောက်သံနှင့်အတူ သူ၏ ခြေလှမ်းသည် ဂူထဲသို့ တရွေ့ရွေ့ လှမ်းလာလေ၏။

ဘွန်ကောသည် ဤဂူလိုဏ်ခေါင်းထဲ၌ပင် တစ်လကိုးသီတင်းနေကာ ကတိုးလိုက်ရမည် မဟုတ်ပါလား။

xxx xxx xxx

ဂူဝမှ အပြင်ဘက်သို့ ဘွန်ကော လှမ်းကြည့်လိုက်၏။ ဝေသီမြင့်ခေါင်သော ရေခဲတောင်ထိပ်ပေါ်တွင် နေရောင်ခြည်များ လျှမ်းလျှမ်းထနေပြီ။ ရေခိုးရေငွေ့များသည် နေရောင်ခြည်ထဲတွင် တံလျှပ်ရိပ်ရိပ် ပြေးနေကြသည်။ မြောက်လေအပင့်တွင် နှင်းခဲနှင်းထုကြီးများ ချိုင့်ဝှမ်းတောင်ကြားထဲ လှိမ့်ဆင်းလာကြ၏။

ဘွန်ကောသည် သက်ပြင်းတစ်ချက်ကို ပင်ပန်းကြီးစွာ ချလိုက်၏။ သည်အတိုင်းဆိုလျှင် သည်နေ့ နေမှ ပွင့်ပါဦးမလား။

ဘွန်ကောသည် တစ်ကိုယ်လုံး အေးစိမ့်လာသည့် ကြားထဲက အရှေ့ဘက် ရေခဲတောင်တန်းများဆီသာ ငေးကြည့်နေမိသည်။ သို့သော် နေလုံးနီနီကိုကား လုံးဝ မမြင်ရသေးပေ။ ဝံပုလွေချိုင့်ဝှမ်းထဲတွင်လည်း ဝါစေ့၊ စပါးစေ့ခန့်ရှိ နှင်းသီးဆီးခဲများ ဝဲပျံဆဲ။

လေထဲတွင် လွင့်ပျံနေကြသော နှင်းသီးဆီးခဲလုံးလေးများသည် စိန်တုံးစိန်ခဲများနှယ် လက်လျက်၊ တောက်ပလျက်။

သည်အတိုင်းဆိုလျှင် သည်ကနေ့ ကတိုးလိုက်မှ ထွက်ဖြစ်ပါ့မလားဟု စိတ်ညစ်သွား၏။

ဤလိုသာ နှင်းအုပ် မိုးချုပ်နေလျှင် ဝံပုလွေချိုင့်ဝှမ်းထဲလည်း ဘယ်ကတိုးကောင်မှ လာမည်မဟုတ်ပေ။

ဘွန်ကောသည် တစ်ကုမ္ဗဝင်အိတ်ဟု ခေါ်ဆိုရမည့် ဝံသားရေ မုဆိုးလွယ်အိတ်ကြီးထဲမှ ဒန်အိုးငယ်ကို ဦးစွာထုတ်သည်။ ပြီး ဂူဝရှိမီးဖိုပေါ် တင်ကာ အပြင်သို့ ထွက်လာ၏။

ဂူဝကျောက်ဆောင် ခြေရင်းမှ ရေခဲမြှုပ်တစ်ဆုပ်ကို လက်ခုပ်နှင့် ကျုံးယူကာ ဒန်အိုးထဲ ထည့်လိုက်သည်။ ရှဲခနဲ တစ်ချက်အော်မြည်ကာ ရေခဲတုံးနှင်းမြှုပ်ကလေးများ ရေဖြစ်သွားကြ၏။

ခေါပျဉ်နှင့် အသားခြောက်တွေကို ပစ်ထည့်လိုက်ပြန်သည်။ ထိုသို့ ချက်ပြုတ်နေသည့်ကြားထဲမှ အပြင်ဘက်ရှိ ရာသီဥတုအခြေအနေကိုလည်း အကဲခတ်ကြည့်နေလေသည်။

ခေါပျဉ်နှင့် အသားပြုတ်အိုးထဲ ဆားအနည်းငယ် ထည့်ခတ်ပြီးသောအခါ သူ၏နံနက်စာမှာ ချက်ပြီးပြုတ်ပြီးသား ဖြစ်သွားလေသည်။

xxx xxx xxx

ဝံပုလွေချိုင့်ဝှမ်းပေါ် နေရောင်ခြည်တန်းများ ထိုးကျစပြုချိန်တွင် ဘွန်ကော နံနက်စာ စားပြီးသွားသည်။ လေးနှင့် မြားဘူးကို လွယ်ကာ ဂူထဲမှ ထွက်လာ၏။

သူ၏ ဝန်စည်စလယ်များ ထည့်ထားသော တစ်ကုမ္ဗဝင် ဝံသားရေလွယ်အိတ်ကြီးကိုမူ စခန်းထဲ၌ပင် ထားပစ်ခဲ့၏။ ထို့ကြောင့် ရေခဲပြင်ပေါ် လျှောက်သွားနေသော ဘွန်ကော၏ ခြေလှမ်းများက ဝံပုလွေများ၊ ဝက်ဝံရိုင်းများ၊ ကတိုးကောင်များနှင့်အပြိုင် သွက် လက်နေလေသည်။

ရေခဲတောင်အောက်ခြေရှိ ကျောက်ဆောင် ကျောက်တန်းများ အကြိုအကြားမှ ထွက်ပေါက်ရှင်သန်နေကြသော ထင်းရှူးပင်များပေါ် တွင် ရေခဲကျီးပေါင်းဖတ်များ ဖွေးဖွေးလှုပ်နေကြသည်။

နေရောင်ခြည်စ ထိသောဘက်မှ နှင်းကျီးပေါင်းများ စတင်ကွာကျလာသည်မှာ လေထဲ ဖွေးဖွေးလှုပ်နေလေသည်။ ရေခဲတောင်ခြေရင်းရှိ ထင်းရှူးပင်များမှာ တစ်ဆောင်းလုံး ရေခဲကျီးပေါင်းတွေ ကပ်နေသဖြင့် အရွက်ဆို၍ တစ်ရွက်တလေမျှမရှိဘဲ အရိုးပြိုင်းပြိုင်းနှင့် ဖြစ်နေကြသည်။

ဘွန်ကောသည် ရေခဲမှိုများ ပေါက်တတ်သော ထင်းရှူးတောစပ်နား လျှောက်လာသည်။ ရေခဲတောင်နှင့် ရေခဲလွင်ပြင်တစ်ကြောပေါ် လျှမ်းလျှမ်းထနေသော နေရောင်ခြည်သည် ရုတ်တရက် ပျောက်ကွယ်သွား၏။

အချိန်မှာ နေမွန်းတိမ်းစ။ နေရောင်ခြည် အားကောင်းစအချိန်တွင် နေရောင်ခြည် ရုတ်တရက် ပျောက်သွားသဖြင့် ဘွန်ကော ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ တိမ်မည်းနှင်းခဲတစ်အုပ်သည် မြောက်အရပ်မှ တောင်ဘက်သို့ ပျံသန်းသွားကြသည်။

ဘွန်ကော သက်မတစ်ချက်အရှိုက်တွင် နေရောင်ခြည် ပြန်ပွင့်လာသည်။ တိမ်မည်းနှင်းခဲများသည် မြင့်မားဝေသီသော တောင်ဘက်ရှိ ရေခဲတောင်တန်းတစ်ခုနှင့် ဝင်ဆောင့်ကာ ပြိုကွဲ ပြန့်ကျဲသွားသည်။

စူးစူးရဲရဲ မဟုတ်သော်လည်း နေလုံးနီနီကို ကောင်းကင်ပေါ် မြင်နေရသဖြင့် ဘွန်ကော ဆက်ထွက်လာသည်။

ရေခဲမှိုကျင်းနားတွင် ကတိုးများကို တွေ့ရတတ်သဖြင့် ရေခဲမှိုကျင်းများရှိရာသို့ ဘွန်ကော ဆက်ထွက် လာသည်။

ကျောက်ဆောင်တစ်ခုကို ကွေ့လိုက်စဉ် ဘယ်က ဘယ်လိုဖြစ်ပြီး သေပြေးရှင်ပြေး ပြေးလာကြမှန်း မသိသော ဝက်ဝံအုပ်တစ်အုပ်နှင့် ပက်ပင်းသွားတိုးမိကြသည်။ ရုတ်တရက်ဖြစ်သဖြင့် ဘွန်ကောပါးစပ်မှ “ဟေး” ဟုပင် ကြောက်လန့်ပြီး အသံထွက်သွား၏။

ရေခဲပြင်ပေါ်တွင် ကြောက်လန့်ပြီး တစ်ခါမျှ မအော်ဖူးသော ဘွန်ကောသည် ဤတစ်ခါတော့ သတိလစ်သွား၏။

ဝက်ဝံရိုင်းကြီးတွေမှာ လေးဖက်ကုန်းပြီး ပြေးလာ ကြသော်လည်း သူ့တစ်ရပ်နီးပါး မြင့်သည်။ အုပ်ကလည်း အကောင်တစ်ဆယ်ကျော်မည်။

ထိုဝက်ဝံအုပ်သာ သူ့ကို ဝိုင်းကိုက်လျှင် ချက်ချင်း အရိုးတခြား အသားတခြားတင်မက ခဏချင်း စိစိညက်ညက်ကြေကာ ဝက်ဝံရိုင်းတွေ ၏ အစာဖြစ်သွားနိုင်သည်။

ရေခဲပြင်ရှိ ဤဝက်ဝံရိုင်းတွေမှာ သားစားဝက်ဝံတွေ ဖြစ်သဖြင့် သက်ရှိသတ္တဝါမှန်သမျှ ဘယ်သူ့မှ ချမ်းသာမပေးတတ်ကြ။ ရေခဲတောင် ရေခဲပြင် ကန္တာရတစ်လျှောက်လုံးကို ကြီးစိုးမင်းမူနေကြသော ဝံပုလွေကြီးများပင် ဤဝက်ဝံအုပ်ကို ရင်ဆိုင်ရဲကြသည်မဟုတ်။ ဝက်ဝံအုပ်ကိုမြင်လျှင် ဝေးဝေးက ရှောင်ပြေးတတ်ကြလေသည်။

ထို့ကြောင့် ဘွန်ကောက “ငါတော့ ဝက်ဝံစာဖြစ်ပြီ” ဟု ကြောက်ရွံ့ကာ “ဟေးခနဲ” အသံထွက်သွား၏။

သို့သော် ဤမျှ ရန်လိုဆိုးရွားနေကြသော ဝက်ဝံကြီးများသည် ယခု သူ့ကို မြင်သော်လည်း လုံးဝ ကိုက် သတ်မသွားကြ။ တိုးတိုက်ပွတ်တိုက်ကာ အရှေ့ဘက်သို့သာ သေပြေး ရှင်ပြေး ပြေးသွားကြလေ၏။

ဤရေခဲပြင်ကန္တာရထဲတွင် ဘုရင်တစ်ဆူ မင်းမူနေကြသော ဝံကြီးများသည် အဘယ်သို့သော အန္တရာယ်တွေနှင့် ကြုံတွေ့လာခဲ့ကြ၍၊ သို့မဟုတ် သူတို့အား နိုင်သော တိရစ္ဆာန်ကြီးတစ်ကောင်ကောင်ကများ လိုက်ကိုက်သဖြင့် ပြေးလာကြသလား ဟူသော စိုးရိမ်စိတ်ဖြင့် ဘွန်ကောသည်လည်း ရှေ့သို့ ဆက်မသွားရဲဘဲ ဝက်ဝံအုပ်ကြီးများ ပြေးလာကြရာ အနောက်မြောက်ဘက် လှမ်းကြည့်လိုက်၏။

ဒုတိယအကြိမ် လန့်ဖျပ်ပြီး “ဟိုက်” ဟူသော အသံသည် ဘွန်ကောပါးစပ်မှ ထွက်သွားဖြစ်သည်။

ကန္တာရရေခဲပြင်ထဲတွင် ဘုရင်တစ်ဆူကဲ့သို့ မင်းမူနေသော ဝက်ဝံကြီးများပင် ကြောက်ရွံ့ထိတ်လန့်ပြီး ပြေးလာခဲ့ကြသော အန္တရာယ်ကို ဘွန်ကောသည်လည်း ခုမှ မြင်ရတော့သည်။

စောစောက ရေခဲပြင်ပေါ်တွင် နေရောင်ခြည် ကွယ်ပျောက်သွားလိုက်၊ နေရောင်ခြည် ပေါ်လာလိုက် ဖြစ်နေခဲ့သည်မှာ ဤအန္တရာယ်ကြီးပါလား ဆိုသည်ကို ဘွန်ကောလည်း ချက်ချင်းသဘောပေါက်သွား လေ၏။

ထိုအခါ ဘွန်ကောသည်လည်း ကန္တာရဝက်ဝံကြီးများနှင့်အတူ သူ၏ စခန်းဂူလိုဏ်ခေါင်းရှိရာသို့ သေပြေးရှင်ပြေး ပြေးလာခဲ့ရလေသည်။

သူ့နောက်တွင်မူ တဝှီးဝှီး တရှဲရှဲ အော်ဟစ်ကာ သေမင်းနှင်းမုန်တိုင်းကြီးက အပြေးလိုက်လာနေလေသည်။

xxx xxx xxx

အနောက်မြောက်ဘက် ရေခဲတောင်ထိပ်ပေါ်မှ အလုံးလိုက် အခဲလိုက် လှိမ့်ဆင်းလာကြသော နှင်းမည်းနှင်းခဲကြီးများကြောင့် ဝံပုလွေချိုင့်ဝှမ်းသည် ချက်ချင်း မှောင်နှင့်မည်းမည်း ဖြစ်သွားလေ၏။

သေပြေးရှင်ပြေး ပြေးလာသော ဘွန်ကောသည် ဂူဝစခန်းထဲ ပြေးဝင်ခိုပုန်းလိုက်ရသည်။ သူ ဂူထဲရောက်သည်နှင့် မရှေးမနှောင်းမှာပင် လက်သန်းလက်မခန့်ရှိ နှင်းသီးရေခဲများသည် ဂူဝထဲ တဖြောင်းဖြောင်း ကျလာကြ၏။

အပြင်တွင် ချက်ချင်း ပိန်းပိတ်အောင် မှောင်သွား လေသည်။

နှင်းခဲနှင်းမည်းတွေ သိပ်သည်းလာသဖြင့် ဂူဝရှေ့ တစ်လံ နှစ်လံကိုပင် မမြင်ရတော့။ ထိုအခါ အချမ်းမှာ အသားအရေပြားတွေကို စိမ့်ဖောက်ကာ အရိုးထဲ ရောက်လာသည်။

ဘွန်ကောသည် ဂူထဲရှိ မီးဖိုဘေးတွင် ထိုင်ငိုက်ကာ စောစောက အဖြစ်အပျက်ကို ပြန်တွေးနေသည်။

အကယ်၍ ဝက်ဝံကြီးများနှင့်သာ မတွေ့ဘဲ သူက ရှေ့ကိုသာ ဆက်ပြီး ကတိုးရှာသွားမိလျှင် ခုလောက်ဆို နှင်းမုန်တိုင်းကြီးထဲတွင် သွေးခဲပြီး သေနေလောက်လေပြီ။ သူ့ကိုယ်ပေါ် တွင်လည်း နှင်းသီးနှင်းခဲတွေ ပုံပိကာ ခုလောက်ဆို ရေခဲပြင်ထဲ၌ မြှုပ်နှံ သင်္ဂြိုဟ်ပြီးသား ဖြစ်နေလေပြီ။

ကတိုးလိုက်ရာတွင် အင်မတန် အနှောင့်အယှက် ပေးတတ်သော ဝက်ဝံကြီးများကို ဤတစ်ခါတော့ ဘွန်ကော စိတ်ထဲက ကျေးဇူးတင်နေမိလေသည်။

မောမောနှင့် သေပြေးရှင်ပြေး ပြေးလာခဲ့သော ဘွန်ကောမှာ မီးဖိုဘေးတွင် ထိုင်ကာ ငိုက်မျဉ်းနေလေသည်။ တစ်ချက်တစ်ချက် လဲကျမလိုဖြစ်မှ ပြန်သတိရကာ သူ့ကိုယ်ကြီး မီးဖိုထဲ ပစ်မကျအောင် သတိကို ပြန်ဆယ်ရသည်။

ပြီး သူ အနှစ်နှစ် အလလက တွေ့ကြုံခဲ့ရသော၊ ပစ် ဖမ်းခဲ့ရသော ကတိုးကောင်များအကြောင်းကို နိုးတစ်ဝက် ငိုက်တစ်ဝက်နှင့် တွေးပြီး အိပ်မက်မြင်မက်နေသည်။

သူ ငိုက်မျဉ်း၍ သူ့ကိုယ်သူ ယိမ်းသွားစဉ် သူဖျတ်ခနဲ လန့်နိုးသွား၏။

သူကြားဖူးသော တိရစ္ဆာန်တစ်ကောင်၏ နီးနီးနားနားက ရန်ရှာသံပါလားဟူသော အတွေးကြောင့် မျက်လုံးဖွင့်ကြည့်လိုက်၏။

ဘွန်ကောမှာ တုန်လှုပ်အံ့သြသွားသည်။

ဆောင့်ကြောင့်ထိုင်နေလျှင် သူထိုင်နေသည်ထက်ပင် အရပ်မြင့်သော ကျားကြီးတစ်ကောင်သည် သူနှင့် ဘေးချင်းယှဉ်ကာ မီးလာလှုံနေလေပြီ။

မည်သို့ လုပ်ရမည်နည်း။

သူ လှုပ်လျှင် သို့မဟုတ် ကျားကို သူရန်ရှာလျှင် ကျားသည် မုချ သူ့ကို ကိုက်တော့မည်။ သူ မလှုပ်ရဲ။ ထိုစဉ် သူ့အဖေမုဆိုးကြီး ဘာလု ပြောခဲ့သောစကားတစ်ခုကိုလည်း သတိရလိုက်သည်။

“သား…. ကျားနဲ့ ရှေ့ဆိုင်တွေ့ရင် ဘာမှမကြောက်နဲ့။ ကျောက်ခဲတစ်လုံးလို နေပြလိုက်။ ကျားဟာ လူက ရန်မပြုရင် လူကို ရန်ပြုခဲပါတယ်။ ပြီး အစာဝလာတဲ့ကျားဟာ တခြားတိရစ္ဆာန်တွေကို အကြောင်းမဲ့သက်သက် ကိုက်သတ်ရိုးထုံးစံ မရှိဘူး”

ယခု ဘယ်က ဘယ်လို ရောက်လာမှန်းမသိသော ကျားကြီးနှင့် သူက မီးအတူလှုံဖက် ဖြစ်နေလေရာ ဘွန်ကောသည် လုံးဝ မလှုပ်ရဲပေ။ ဤကျားကြီးသည် ဘယ်ကဘယ်လို သူ့ဆီ ရောက်လာပါလိမ့်ဟုသာ တွေးနေလေသည်။

အမှန်မှာ အေးသောအရပ် ဤလို ရေခဲတောင်ပေါ်တွင် ကျားက မရှိတတ်ပေ။ သားကောင်လိုက်ရင်း တစ်နေရာရာမှ နယ်ကျွံလာခြင်း ဖြစ်ပေမည်။

ယခု နှင်းမုန်တိုင်းကြီးနှင့် ဝင်တိုးရာ နွေးထွေးလေကွယ်ရာကိုရှာရင်း သူ့အနားရောက်လာခြင်း ဖြစ်ပေမည်။

ထိုအခါ သူကလည်း မီးဖိုနားတွင် သစ်ငုတ်တိုတစ်ငုတ်လို ထိုင်ပြီး မီးလှုံရင်း အိပ်ပျော်နေရာ သူ့အား သက်ရှိသတ္တဝါ၊ သို့မဟုတ် လူသားတစ်ဦးဟု ကျားက ထင်ပုံမရ။ နွေးထွေးသော မီးဖိုကိုသာ အသက်ရှိသော တိရစ္ဆာန်တစ်ကောင်ကောင်အနေနှင့် ကြည့်ပြီး မီးလှုံနေ၏။

နှင်းမုန်တိုင်းကြီးမှာ ပို၍ သည်းထန်လာသည်။ မီးဖိုနားတွင် ငုတ်တုတ်ထိုင်နေသော ဘွန်ကော၏ ကျောတစ်ဖက်ပင် အေးချင်လာသည်။ သို့သော် ကျားကြီးကို ကြောက်၍ သူက မလှုပ်ရဲ။ သစ်ငုတ် တစ်ငုတ်လို၊ ကျောက်ခဲတစ်လုံးလို မတုန်မလှုပ် ငြိမ်နေရ၏။

ကျားကမူ ရှေ့အေးလျှင် ရှေ့ကိုလှည့်နှင့် ကျားကြီးမီးလှုံနေသည်မှာ မနာလိုစရာပင် ကောင်းလာသည်။ သူ့ကိုလည်း ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင် ကျားကြီးက မထင်တော့ချေ။

ညနေစောင်းတော့ ဘွန်ကော ထမင်းဆာလာသည်။ သို့သော် ကျားကြီးကို ကြောက်သဖြင့် မထရဲ။

ဤလိုနှင့် ညဉ့်နက်လာသည်။

ဘွန်ကော မထရဲသေး။

ဘွန်ကော ငိုက်လာ၏။

ဘွန်ကော ငိုက်လာ၍ မီးလှုံနေသော ကျားနှင့်တိုက်မိလျှင် ကျားကြီးက ဝမ်းခေါင်းသံကြီးနှင့် ရန်ရှာ၏။ ထိုအခါတွင် သူနှင့် ကျားသည် ဘေးချင်းကပ်လျက် မီးလှုံနေကြရပါလား ဆိုသည်ကို ဘွန်ကော သတိ ရပြီး သစ်ငုတ်တိုလို ငြိမ်နေတည်နေရပြန်၏။

သည်လိုနှင့် သတိထားရင်းက ဘွန်ကောသည် ငိုက်မျဉ်းပြီး ကျားကြီးကို သွားတိုက်မိဖြစ်သည်။ ကျားကြီးက ဝမ်းခေါင်းသံကြီးနှင့် ဘွန်ကောကို သတိပေးပြန်သည်။

ထိုအခါ ဘွန်ကောမှာ လန့်နိုးပြီး သစ်ငုတ်တစ်ငုတ်လို၊ ကျောက်ခဲတစ်လုံးလို ငြိမ်နေတည်နေရပြန်သည်။

ဂူထဲ ဖြစ်သဖြင့် ကျားနှင့် သူနှင့် နေရာလွှဲစရာလည်း နေရာကမရှိ။

သည်လိုနှင့် ဘွန်ကောနှင့် ကျားကြီးမှာ တစ်ညလုံး ဘွန်ကော ငိုက်မျဉ်းလာ၍ ကျားကြီးကို တိုက်မိလိုက်၊ အိပ်ငိုက်ပြီး သူ့ကို တိုက်ရမလားဟု ကျားကြီးက ဒေါသဖြစ် မာန်ဖီလိုက်နှင့် မိုးလင်းပိုင်းသို့ ရောက် လာသည်။

ဝံပုလွေတစ်ကောင်၏ ဆွဲဆွဲငင်ငင် အူလိုက်သံကို အပြင်က ကြားလိုက်ရသည်။ ဤသည်မှာ မကြာခင် နှင်းမုန်တိုင်းကြီး စဲတော့မည်ဆိုသော အထိမ်းအမှတ်ပင်။ နှင်းမုန်တိုင်းကြီး စဲတော့မည်ဖြစ်သော်လည်း ဘွန်ကောမှာ ဝမ်းမသာရဲသေး။ သူ့အနားတွင် တစ်ညလုံး မီးလာလှုံနေသော ကျားကြီးကို ဂူထဲမှ မည်သို့ နှင်ထုတ်ရမည်မသိ ဖြစ်နေ၏။

မိုးလင်း၍ မုန်တိုင်းစဲသွားသောအခါ ဘွန်ကော စိုးရိမ်နေသော ကျားကြီးမှာ မိတ်ဆွေကောင်းပီသစွာဖြင့် ဘွန်ကော ဂူထဲမှ သူ့အလိုအလျောက် ထွက်သွားလေသည်။

– ပြီး –

စာရေးသူ – ဖိုးကျော့

Leave a Reply

Your email address will not be published. Required fields are marked *