မောင်လွမ်းသူ
မုဆိုးပညာ
တပို့တွဲ တပေါင်းလများသည် မုဆိုးများအဖို့ ‘အမဲ ခလောက်ဆွဲ မုဆိုးခလောက်ဆွဲ’ဟု ခေါ်ရသည့် လများပင် ဖြစ်ပါသည်။
အကြောင်းမူ တပို့တွဲ၊ တပေါင်းလတို့သည် ရွက်ဟောင်းကြွေချိန်ဖြစ်ရာ ရွက်ခြောက်ကြွေများကြောင့် အမဲ၏ ခြေသံကိုလည်း မုဆိုးက ကြားနိုင်သည်။ မုဆိုး၏ ခြေသံကိုလည်း အမဲက ကြားနိုင်သည်။
မုဆိုးခြေသံကို အမဲက ကြို၍ ကြားနှင့်လျှင်လည်း အဝေးကပင် တိမ်းရှောင်သွားနိုင်သည်။ သို့တည်း မဟုတ် မုဆိုးက အကြားဦးလျှင်လည်း သည်အမဲ သေဖို့သာပြင်ရော့ဟု ဆိုရမည် ဖြစ်ပါသည်။
သို့ရာတွင် အများအားဖြင့် အမဲကသာ မုဆိုးအလာကို ကြိုသိရသည်က များပါသည်။
သို့အတွက် ထိုလများသည် မုဆိုးတို့အဖို့ အမဲလည်ရ ခက်သော လများဟု ဆိုရပါမည်။ (မြေပြန့်ကွင်းတွင် မဆိုလိုပါ။ တောင်ပေါ် တောင်ပြန့်များတွင် အမဲ လည်သူများအတွက် ဖြစ်ပါသည်။)
ထို့ကြောင့် နွေရာသီ ကျောင်းစပိတ်ပြီဖြစ်သော်လည်း ကျွန်တော်သည် ရပ်ဝေး ဘယ်မှ မသွားသေးဘဲ အနီးအနားကွင်းတွင်သာ ဒရယ်လေးများ ပစ်ခြင်း ဖြင့် အချိန်ဖြုန်းနေပါသေးသည်။
တောင်ပေါ်တွင် မီး အတော်များများ လောင်ပြီးသည့် တန်ခူးလဆုတ်လောက်မှသာ ကျွန်တော် ရပ်ဝေးသို့ သွား၍ ဆတ်များ၊ ပြောင်များ ပစ်တတ်ပါသည်။
သို့ရာတွင် တပေါင်းလ၏ နေ့တစ်နေ့တွင် ကျွန်တော့် ဆရာကြီး ဦးစံတင့်သည် သူနှင့်အတူ ပန်းသပြေတောသို့ လိုက်ခဲ့ရန် ကျွန်တော့်အား လာခေါ်ပါသည်။ ပန်းသပြေတောမှာ ဟုမ္မလင်းမြို့ တစ်ဖက်ကမ်းရှိ ကက်သာရွာနှင့် ခုနစ်မိုင်ခန့် ဝေးပါသည်။ ဆတ်၊ ပြောင် ပေါလှသည်ဟု နာမည်ကြီးသော တောပင် ဖြစ်ပါသည်။
ထိုတောတွင် ကျွန်တော်နှင့် တောလည်ဖက်များ ဖြစ်ကြသော ကို စံသိန်း နှင့် ကိုဉာဏ်သာတို့၏ လွှစင် ရှိပါသည်။ ကိုစံသိန်းနှင့် ကိုဉာဏ်သာတို့နှစ်ဦးသည် ကက်သာနှင့် ခုနစ်မိုင်ခန့်ဝေးသော ဟူပက်ရွာမှ ဖြစ်ကာ ပြာသို၊ တပို့တွဲလ ကောက်ကြီးသိမ်းပြီးကတည်းက တောင်ပေါ်သို့ တက်၍ တနွေလုံး လွှဆွဲနေကြသော တောင်သူတစ်ပိုင်း၊ လွှသမားတစ်ပိုင်း အသက်မွေးသူများ ဖြစ်ကြသည်။
တောလည်လည်း အလွန်ဝါသနာပါကြသူများ ဖြစ်ပါသည်။ ကျွန်တော် သူတို့နှင့် မတွေ့ရသည်မှာ ကြာပြီ။ သို့အတွက် သူတို့ထံ အလည်သွားရင်း၊ နောက်တစ်ကြိမ်သွားဖို့ တောအခြေအနေလည်း သိရအောင်ဟု ရည်ရွယ်၍ လက်စွဲတော် ဂျပန် ပြောင်းရှည် သေနတ်ထမ်းကာ ကျွန်တော်နှင့် ဦးစံတင့်တို့သည် ညနေသုံးနာရီခန့်တွင် ကက်သာရွာမှ ထွက်ခဲ့ကြပါသည်။
(၂)
“ဟာ… ဆရာ၊ လာဗျို့ မျှော်နေတာနဲ့ အတော်ပဲ။ မတွေ့ရတာကို ကြာလှပြီ။ စောစောကမှ လာခဲ့တော့ ဆရာရယ်”
ကိုစံသိန်းတို့က သူတို့တဲအဝင် ကျွန်တော်တို့ နှစ်ဦးအား ဝမ်းသာအားရ ဆီးကြိုပါသည်။ အခြား လွှသမားများလည်း ကျွန်တော်တို့အနီး ဝိုင်းအုံလာကြသည်။
“တောင်ပေါ်လဲ မီး ကောင်းကောင်း မလောင်သေး။ လလဲ သာနေတာနဲ့ဗျို့။ ဘယ်မှ မထွက်ဖြစ်သေးတာ”
ကျွန်တော်က ကျောပိုးအိတ်ကိုဖြုတ်ရင်း အလိုက်သင့် ပြောလိုက်သည်။
“လသာနေတာတော့ ဟုတ်ပါတယ်။ တောမီးကတော့ လောင်တဲ့နေရာ အတော်လောင်နေပြီကော ဆရာ။ တစ်တောလုံးသာ အနှံ့ မလောင်သေးတာ၊ ဒါပေမယ့် ဒီအချိန်မှ အချိန်ကောင်း ဆရာရဲ့။ တစ်တောလုံး လောင်ပြီးတဲ့အခါကျတော့ စားကျက်က ကျယ်သွားပြီ။ ပြီးတော့ အိပ်ကျင်းလဲ ဝေးသွားပြီ။ ဒီအချိန်လောက် လိုက်လို့ မလွယ်တာ့ဘူး”
“ဒါပေမယ့် ရွက်ကြွေတွေ မီးအကုန် မလောင်သေးတော့ လိုက်ရတာ ခက်တယ်ဗျ၊ ခြေသံ မလုံဘူး။ အေးလေ နက်ဖြန်မနက် ပတ်ကြည့်လိုက်ရင်တော့ အခြေအနေ သိရတော့မှာပါ”
“ဆရာတို့ နည်းနည်းပဲ နောက်ကျသွားတယ်။ လွန်ခဲ့တဲ့ လေးငါးရက်ကဆို ဟိုဘက်က လျှိုထဲတင် ပြောင်အုပ် ခိုသွားတာ ဆရာ။ ဆယ်ကောင်တောင် ကျော် မယ်”
ကိုဉာဏ်သာက ပြောလိုက်ပြန်သည်။
“အခုရက်ပိုင်းရော ဘယ်နှယ့်လဲ၊ ခင်ဗျားတို့ ရောက်သေးသလား”
“လှည့်သွားပြီ ဆရာ၊ ဒီကောင်မျိုးတွေက တစ်တောမှာ လေးငါးရက်အပြင် နေတာမဟုတ်ဘူး။ နန်တောင်ဖိုင်ဘက် လှည့်သွားပြီ”
နန်တောင်ဖိုင် ဆိုသည်မှာ ချင်းအမျိုးသားများ နေထိုင်သော တောင်ပေါ်ရွာလေး၏အမည် ဖြစ်ပါသည်။ သူတို့ စခန်းနှင့်ကား ခြောက်မိုင်ခန့် ကွာမည် ဖြစ်သည်။
“ပြောင် မပစ်ရလဲ ဆတ်လောက် ပစ်ရရင် တော်ပြီကွာ၊ ဒီအပတ်တော့ ဘာမှ မပစ်ရတောင် မတွေ့တာကြာလို့ မင်းတို့နဲ့လဲ တွေ့ရင်းဆိုပြီး လှည့်လာတာပါ”
ဦးစံတင့်က ပြောလိုက်ပါသည်။
“ဆတ်ကတော့ ရှိပါတယ်။ ခြေရာသစ်တွေ အမြဲ တွေ့ နေရတာပဲ။ နေရာကောင်း ရွေးလို့ လင့်ထိုး စောင့်ရုံပဲ”
“အေး… နက်ဖြန်မနက် ငါနဲ့ ကျောင်းဆရာ လှည့်ပြီး အခြေအနေ ကြည့်ဦးမယ်လေ။ ကနေ့ညတော့ ငါတို့လဲ ခရီးပန်းလာတာနဲ့ လလဲ သာနေတာနဲ့ အိပ်ရေးဝအောင် အိပ်တော့မယ်”
(၃)
နောက်တစ်နေ့မနက်တွင် ကျွန်တော်တို့ မိုးမလင်းမီထကြသည်။ ထမင်းကြော်နှင့် လက်ဖက်ရည်ကြမ်း သောက်ကာ သေနတ်ထမ်းပြီး ဦးစံတင့်နှင့် ကျွန် တော်တို့ တောင်ပေါ် လမ်းအတိုင်း ဖြည်းဖြည်းချင်း လျှောက်ခဲ့ကြပါသည်။
လမ်းပေါ် တွင် ဖက်ရွက်ကြွေများ ပြန့်ကြဲနေသည်မို့ ခြေသံမကြားအောင် အတော်ကွင်း၍ လျှောက်ခဲ့ရပါသည်။ တောမီးကား ဟိုတစ်ကွက် သည်တစ်ကွက် လောင်ထားပေပြီ။
သို့ရာတွင် အပင်ပေါ်ရှိ ရွက်ဟောင်းတွေ မကုန်သေးသောကြောင့် တောမီးလောင်ပြီး အကွက်များတွင်လည်း ရွက်ကြွေများ ထပ်ကျနေသည်ကို တွေ့ရပါသည်။
တချို့ သက်ငယ်ခင်းများကား မီးလောင်ပြီးပြီမို့ သက်ငယ်နုများ ပြန်ပေါက်နေသည်မှာ တစ်ထွာတစ်မိုက်ခန့်အမြင့် ရှိနေပြီ။
တောင်ကြောတစ်ခုကို ဖြတ်အပြီးတွင် တောင်ပေါ်လမ်းအတိုင်း လျောက်သွားသော ဆတ်ခြေရာ အသစ်တွေကို တွေ့ရတော့သည်။ ကျွန်တော်သည် ခြေရာအတိုင်း ဆက်လိုက်ခဲ့သည်။ အချိန်မှာ နေထွက်စသာ ရှိသေး၍ စားကွင်းမှာ မီမည်ဆို မီနိုင်သေးသည် မဟုတ်လော။
“လာပါ ကျောင်းဆရာ မလိုက်ချင်နဲ့တော့။ မမီ ပါဘူး။ ဖြတ်သွားတာ အနည်းဆုံး နှစ်နာရီကျော်ပါပြီ”
“ဟာ… ဘလေးတင့်ကလဲ၊ စားကျင်းမမီလဲ အိပ်ကျင်းမီအောင်ပေါ့”
“ခင်ဗျားမှတ်ထား၊ ဒီရာသီမှာ အိပ်ကျင်းလိုက်ဖို့ဆိုတာ လွယ်ကို မလွယ်တာ။ အိပ်ကျင်းက ဝေးပြီဗျ၊ တော်ရုံတန်ရုံ ချုံမှာ မအိပ်တော့ဘူး။ ပတ်ဝန်းကျင်က တောရှင်းနေတော့ တကယ့် မြိုင်ကောင်းကောင်းမှာမှ ခိုတော့တာ”
“ဒီခြေရာ အသစ်ကြီးပါဗျာ၊ လိုက်ကြည့်စမ်းရအောင်ပါ “
“ဟုတ်ပါတယ် ခြေရာအသစ်ပါပဲ။ ဒါပေမယ့် အနည်းဆုံး နှစ်နာရီကျော်ပြီဗျ။ သူနင်းသွားတဲ့ သက်ငယ်ပင်တွေကို ကြည့်စမ်း။ ပြန်ထောင်နေပြီ။ ဖြတ်သွားတာ မကြာသေးဘူးဆိုရင် မြေကြီးနဲ့ကပ်ပြီး ပြားနေရမယ်။ ကိုင်း… ခင်ဗျားလဲ အကြောင်း သိသွားအောင် လိုက်ကြည့်စမ်းပါဦးလေ”
ကျွန်တော်သည် ခြေသံမကြားရအောင် သတိထားထိန်း၍ ခြေရာအတိုင်း လိုက်ခဲ့ပါသည်။ တစ်မိုင် ကျော်ကျော်ခန့် အရောက်တွင် လမ်းအတိုင်း သွားနေသော ခြေရာများ ရုတ်တရက် ပျောက်သွားပါသည်။ ကျွန်တော်သည် ပတ်ဝန်းကျင်ကို နှံ့အောင် အသေအချာ လှည့်ကြည့်သည်။ မည်သည့်ဘက် ထွက်သွားသော ခြေရာမှ မတွေ့ရ။ လမ်းမကြီးပေါ်မှာ ရုတ်တရက် ခြေရာပျောက်သွားသဖြင် ကျွန်တော် မစဉ်းစား တတ်အောင် ဖြစ်ရပါသည်။ တစ်ဖက်ဖက်သို့ လှည့်သွားလျှင် မည်သည့်နည်းနှင့်မဆို ခြေရာထင်ရမည်။ မည်သို့ဖြစ်ပါလိမ့်။
“အဲဒါ ခင်ဗျား တွေ့ပြီလား၊ ဒါကြောင့် လိုက်မနေပါနဲ့ လို့ ကျုပ်ပြောတာ။ အဲဒါ လမ်းဘေးကို ခုန်ဝင်ပြီး ခြေရာ ဖျောက်သွားတာ ကြည့်။ ဒီကောင်ဟာ လာလမ်းဘက် ပြန်လှည့်ပြီး ချုံကောင်းကောင်းထဲ တိုးဝင် အိပ်နေပြီ။ ဒါပေမယ့် လိုက်ဖို့ မလွယ်ပါဘူး။ သစ်ရွက်ကြွေတွေကို တစ်ခုချင်း စူးနဲ့ ထိုးဖယ်ပြီး လိုက်ရင် လိုက်မှ ဖြစ်တော့မယ်။ တောသတ္တဝါ ဆိုပေမယ့် ဘယ်လောက်ပါးသလဲ ကြည့်စမ်း။ ရှေ့ကို ခြေရာ ဆက်ပြသွားပေမယ့် နောက်ပြန်လှည့်အိပ်တာတော့ သေချာတယ်”
ဦးစံတင့်က ကျွန်တော့်ကို ရှင်းပြနေပါသည်။ ဟုတ်ပေမည်။ တောသတ္တဝါတို့သည် လာလမ်းဘက် ပြန်လှည့်၍ အိပ်တတ်သလို ဒဏ်ရာရသွားလျှင်လည်း လာလမ်းဘက် ပြန်လှည့်ပြီး မုဆိုးကို စောင့်၍ ရန်ပြုတတ်သည်။
မနှစ်က ကျွန်တော်နှင့် တောလည်ဖက် မိတ်ဆွေတစ်ဦးဖြစ်သူ ထိန်ကူးရွာသား ကိုဘကွယ်သည် တောဝက်က ဤပုံအတိုင်း စောင့်ကြိုတိုက်သဖြင့် ဝက်ပက်ခံရပြီး သေသွားခဲ့ရပြီ။
ကိုဘကွယ် သေရပုံကို သူနှင့်အတူ လိုက်ခဲ့သော အောင်ဖေဆိုသူက ကျွန်တော့်အား ပြန်ပြောခဲ့သည်။
တောင်ပေါ်လမ်း ညနေစောင်း၌ ကိုဘကွယ်သည် တောဝက်ကို နှစ်လုံးပြူးနှင့် ပစ်လိုက်သည်။ သို့သော် နေရာတွင် လဲမနေဘဲ သွေးတွေသာကျ၍ ဝက်က ရှေ့ဆက်ပြေးသွားသည်။ ပိဿာ လေးဆယ်နီးပါးခန့် ထွက်မည့် ဝက်တောင်းကြီး ဖြစ်သည်။
သူတို့သည် မိုးချုပ်နေ၍ ထိုနေ့က ဆက်မလိုက်တော့။ နောက်တစ်နေ့မနက် ဆက်လိုက်သွားသော အခါ၌လည်း သေချာလောက်ပြီဆို၍ ခွေးအုပ်ကို မခေါ်တော့ဘဲ လူချည်း ဆက်လိုက်ခဲ့ကြသည်။
သွေးစက်နှင့် ခြေရာတွေမှာ ပျောက်သွားခြင်းမရှိဘဲ ရှေ့ဆက် မြင်နေရ၍ ဆက်လိုက်ခဲ့ကြစဉ် မမျှော်လင့်ဘဲ ချုံအတွင်းမှ ဝက်က ရုတ်တရက် ထွက်တိုက်၍ ကိုဘကွယ်ခမျာ မရှောင်သာဘဲ ပုံခနဲ လဲသွားတော့သည်။ သေနတ်တခြား လူတခြား ဖြစ်သွားတော့သည်။
ဝက်သည် လဲနေသော ကိုဘကွယ်၏ လည်ပင်း၊ ပေါင်၊ လက်တို့ကို ဒေါသကြီးစွာဖြင့် တရစပ် ကိုက်ဝါး ပစ်တော့သည်။ အောင်ဖေမှာ ကြောင်နေပြီး ရုတ်တရက် ဘာလုပ်ရမှန်း မသိတော့။ နောက်မှ သတိရပြီး မြေပေါ် ကျနေသော သေနတ်ကောက်ကာ ဝက်ကို နှစ်ချက်ဆင့် ပစ်လိုက်မှ ဝက် လဲ၍ သေသွားတော့သည်။ ဒါတောင် ကိုက်ထားသော ကိုဘကွယ်၏ လက်မောင်းကို မလွှတ်ဘဲ ခဲထားရင်း သေသွားခဲ့သည်။
ကိုဘကွယ်ခမျာလည်း အူအခွေလိုက်ထွက်ကာ စကား တစ်ခွန်း နှစ်ခွန်းသာ ပြောနိုင်ပြီး သေသွားခဲ့ရသည်။ ဝက်ကိုက်ထားသော ဒဏ်ရာများ ဆယ့်လေးချက် ရှိသည်။ အစွယ်ထိသော နေရာတွေမှာလည်း ဓားနှင့် ခွဲထားသလို အသားတွေ အမြှောင်းလိုက် ဖြစ်နေသည်ဟု ဆိုပါသည်။
လမ်းတစ်ဝက်မှ ဖြတ်တိုက်၍သာ တိုက်သည်၊ ရှေ့ဆက်၍လည်း ခြေရာနှင့် သွေးစက်တွေ ရှိနေသေးသည်ဟု အောင်ဖေက ကျွန်တော့်အား ပြောခဲ့ဖူးပါသည်။
အမှန်တော့ ဝက်သည် ရှေ့ဆက်၍ ခြေရာစွယ်ယောင်ပြသွားပြီး လမ်းဘေးကွေ့ပင်၍ နောက်ကြောင်းပြန်လှည့်ကာ လမ်းတစ်ဝက်မှ ဖြတ်တိုက်ခြင်း ဖြစ်ပေသည်။ တောကောင်တို့ သဘာဝသည် ဤအတိုင်းပင်ဖြစ်၏။ သေသည့်တိုင် လာလမ်းဘက် ပြန်လှည့်၍ ကျင်းထိုးပြီး သေနေသော ဝက်များကို ကျွန်တော် တွေ့ဖူးပါသည်။ ဝက်နာသည် အလွန် ကြောက်စရာ ကောင်းသည်။ သို့ဖြစ်ရာ ဝက်နာကို လိုက်တော့မည် ဆိုလျှင် ခွေးမပါဘဲ လူချည်း အရမ်းမလိုက်သင့်ပါပေ။
ကျွန်တော်သည် တောကောင်တို့၏ သဘာဝအလေ့အထကို အတော်ဂရုစိုက် မှတ်သားရပါသည်။ ယခုလည်း အိပ်ကျင်းဝင်မည့် ဆက်သည် ဤပုံအတိုင်း ခြေရာဖျောက်သွားတတ်ပါကလား။
“ကဲ.. လာ ကျောင်းဆရာ၊ အပြန် နေမြင့်နေတော့မယ်။ ကကျော်တွေ သွားကြည့်ကြဦးစို့”
ဦးစံတင့်က ခြေရာတွေ ငုံကြည့်နေသော ကျွန်တော့်ကို သတိပေးပါသည်။
ကကျော်ဆိုသည်မှာ တောင်ကြောတစ်ခုနှင့် တစ်ခု ဖြတ်ကူးသည့် လမ်းဖြတ်များကို ဆိုလိုပါသည်။ တောင်ကြောအတိုင်းလာသော တောကောင်တို့သည် ကကျော် တစ်ခုမဟုတ် တစ်ခုက ဖြတ်ကူးလေ့ရှိပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကကျော်များကို တစ်ခုပြီး တစ်ခု အနှံ့ လှည့်ကြည့်ကြပါသည်။
ထိုနေ့နံနက်က ကကျော် ငါးခုခန့် ကျွန်တော်တို့ ကြည့်ခဲ့သည်။ ကကျော်တိုင်းလိုလို ဖြတ်ကူးထားသော ခြေရာသစ်တွေ ရှိနေပါသည်။ ကျွန်တော်တို့သည် ခြေရာအကူးများသော ကကျော် အနီးအနားတွင် မုဆိုးပုန်းကွယ်စရာ အပင်ကြီးကြီး ချုံကောင်းကောင်း ရှိသည့် ကကျော်၊ လင့်ထိုးကောင်းမည့် ကကျော်တို့ကို ကြည့်ရှု့မှတ်သားပြီး လွှစင်စခန်းသို့ ပြန်ခဲ့ကြပါသည်။
(၄)
“ဘယ့်နှယ့်လဲ ဆရာတို့၊ အခြေအနေ”
တဲပြန်အရောက် ကိုစံသိန်းက ပေးလိုက်သည်။
“အင်း… ခြေရာသစ်တွေတော့ ရှိပါတယ်။ လင့်မထိုးနဲ့ တော့ကွာ။ တို့ မနက်အစောကြီး ထသွားပြီး ကကျော်တွေက ဆီးတော့မယ်။ အကာအကွယ်ကောင်းတဲ့ ကကျော်တွေ တို့ မှတ်လာခဲ့တယ်။ အိပ်ကျင်းအပြန် ဆီးရမှာမို့ အစောကြီးရောက်ဖို့ မလိုပါဘူးကွာ။ မိုးမလင်းခင် ရောက်ရင် မီပါတယ်။ လင့်ထိုးပြီး တစ်ညလုံး ထိုင်နေစရာ မလိုပါဘူး”
ဦးစံတင့်က ရှင်းပြလိုက်ပါသည်။
ကျွန်တော်တို့သည် ထိုနေ့ တစ်နေ့လုံး အနားယူအိပ်စက်လိုက်ကြပါသည်။ ညနေစောင်းတွင် ဟင်းစား ချေကလေးများ တွေ့လိုတွေ့ငြား အနီးအနား ပတ်ကြည့်သေးသော်လည်း ဘာကောင်မှ မတွေ့ရပါ။
ညလည်း ဘယ်မှ မသွားတော့ဘဲ အိပ်ရေးဝအောင် အိပ်လိုက်ကြပါသည်။ နောက်တစ်နေ့ နံနက် လေးနာရီထိုးတွင် ထပြီး လမ်းကူးခြေရာ အများဆုံးသော ကကျော်မှ ဆီး၍ စောင့်နေကြပါသည်။ လမ်းအနီးရှိ ကညင်ပင်ကြီးတစ်ပင် ခြေရင်း ချုံအကွယ်တွင် ထိုင်၍ စောင့်နေလိုက်ကြသည်။ သို့ရာတွင် ထိုနေ့က နေသာမြင့်သွားရော၊ ဘာကောင်မှ မလာပါ။
“ဘယ့်နှယ်လဲ ဘလေးတင့်”
နေမြင့်သွားပြီဖြစ်သောကြောင့် ကျွန်တော် မအောင့် နိုင်တော့ဘဲ ဖွင့်၍ မေးလိုက်မိသည်။
“သူမလာချင်လို့ မလာတာလို့သာမှတ်တော့ ကျောင်းဆရာ။ စောင့်တိုင်းသာ လာလို့ ပစ်ရမယ် ရမယ်ဆို လူတိုင်း မုဆိုး လုပ်တော့မှာပေါ့”
ဦးစံတင့်၏ အဖြေမှာ ရှင်းနေပါသည်။ ထို့ကြောင့် ကျွန်တော် နောက်ထပ် ဘာမှ မမေးတော့ပါ။ ကျွန်တော်တို့သည် ဤပုံအတိုင်း နောက်တစ်မနက်လည်း ဆက်စောင့်ကြသည်။ မပစ်ရပါ။
တတိယမြောက် နံနက်တွင်လည်း ဆက်စောင့်ကြပါသည်။ စောင့်သာ စောင့်ရသည်။ ကျွန်တော် သိပ် စိတ်မပါလှတော့ပါ။ ကကျော်တွေ အများကြီးရှိ၍ တောကောင် ဖြတ်ချင်သည့်နေရာက ဖြတ်သွားနိုင်ပေသည်။
ကျွန်တော်သည် ကညင်ပင်ကို မှီ၍ သေနတ်ကို ရင်ခွင်ထဲ ပိုက်ထားကာ ထိုင်နေမိသည်။ အတတ်နိုင်ဆုံး နားစွင့်ထားသည်။ မိုးမလင်းမီကတည်းက စောင့်နေခြင်းဖြစ်ရာ ယခု မိုးလင်းစပြုပြီ ဖြစ်ပေသည်။ ထိုအခိုက် ကျွန်တော့်အနီးတွင် ရပ်နေသော ဦးစံတင့်သည် ကျွန်တော့်ပခုံးကို ရုတ်တရက် လက်နှင့် တို့လိုက်၍ လေသံ ခပ်တိုးတိုးဖြင့်
“ကျောင်းဆရာ သတိထား၊ အကောင် လာတော့မယ်
သူ ပြော၍ ကျွန်တော် မျက်စိကျယ်သွားပြီး ပို၍ နားစွင့် ထားလိုက်သည်။ ဘာခြေသံမှ မကြားရပါ။ ကျွန်တော်သည် မြေပြင်ကို နားနှင့်ကပ်၍ နားထောင်လိုက်ပြန်ပါသည်။ ဤသို့ မြေပြင်ကပ်၍ နားထောင်လျှင် အဝေးမှလာသော ရန်သူ့ခြေသံကိုပင် ကြားနိုင်သည်ဟု ကျွန်တော့်အား တပ်မတော်သား ရဲဘော်များက ပြောဖူးပါသည်။ သို့သော် ယခုကား ဘာသံမှ မကြားရ။ သို့ပါလျက် ဦးစံတင့်က ဘာကြောင့်များ အကောင်လာတော့မည်ဟု ပြောသနည်း။ ကျွန်တော်သည် ထ၍ ပတ်ဝန်းကျင်သို့ အနှံ့ လှည့်ကြည့်မိသည်။ ဘာမှ မမြင်ရ။
“ကျောင်းဆရာ သတိထား၊ ဆတ် ထင်တယ် … ဆတ်၊ ပြောင်တော့ ဟုတ်မယ် မထင်ဘူး”
ရော… ခက်ပါပြီ။ ဒီအဘိုးကြီး ငါ့များ အရူးလုပ်နေ ရော့လား။ ဘာမှ မကြား မမြင်ရတဲ့အထဲဟု ကျွန်တော့်စိတ်က တွေးမိပါသည်။ ထုတ်ဖော်၍ကား မပြောပါ။ ပတ်ဝန်းကျင်သို့သာ သတိထား ကြည့်နေရသည်။ မကြာမီပင် တစ်ဖက်ချုံအကွယ်မှ ဘွားခနဲ ထွက်လာသော ချိုထောင်ကြီးနှင့် ဆတ်ဖားကြီးကို ကျွန်တော် ရုတ်တရက် မြင်လိုက်ရပါသည်။
ဆတ်ကြီးသည် အိပ်ငိုက်ရင်း လျှောက်လာသလော မသိပါ။ ပတ်ဝန်းကျင်ကို သိပ်ဂရုထားပုံ မပေါ်ပါ။ ငိုက်စိုက် ငိုက်စိုက်နှင့် လာနေပါသည်။ တစ်ခါ တစ်ရံ အနီးရှိ သက်ငယ်နုပေါက်များနှင့် ခတ်ချိုနုများကို တောင်တစ်ဟပ် မြောက်တစ်ဟပ် ဟပ်ဟပ် သွားပါသေးသည်။
ကျွန်တော်တို့ စောင့်နေရာ အနီးမှ ဖြတ်၍ လွန်အသွားတွင် လက်နောက်ကိုချိန်ပြီး အနီးကပ် ဆယ်ကိုက်အကွာမှ မောင်းဖြုတ်ချလိုက်ပါသည်။ ဆတ်ကြီးသည် လေးငါးတောင်ခန့် မြောက်အောင် ခုန်လိုက်ပြီး ဝေါခနဲ ရှေ့ဆက်ပြေးကာ လမ်းဘေးဝါးရုံကိုတိုက်ပြီး ဝုန်းခနဲ ထိုးလဲသွားပါတော့သည်။
ကျွန်တော်သည် အနီးကပ်၍ နောက်တစ်ချက် ထပ်ပစ်လိုက်ပြန်ပါသည်။ ဆတ်ကြီး လုံးဝ ငြိမ်သက်သွားမှ ကျွန်တော်တို့သည် သေချာအောင် ဓါးကောက်ကြောများ လှီးဖြတ်ပြီး ပြန်ခဲ့ကြပါသည်။
“ဘလေးတင့် ပြောစမ်းပါဦးဗျာ။ ခြေသံလဲ မကြား၊ မြင်လဲ မမြင်ရသေးဘဲနဲ့ တောကောင်လာပြီဆိုတာ ဘယ်လိုများ သိယာလဲ။ ခင်ဗျား စုန်းများ ဖြစ်နေရော့သလား”
ကျွန်တော်၏ နောက်တောက်တောက် အပြောကြောင့် ဦးစံတင့်က အသံထွက်အောင် ရယ်လိုက်ပါသည်။
“ရယ်မနေနဲ့၊ ကျွန်တော်တော့ ဘာမှကို နားမလည်တာ အမှန်ပဲ။ ဘလေးတင့်ပဲ ကျွန်တော့်ကို မုဆိုးပညာတွေ လက်တွေ့သင်ပေးခဲ့လို့ ကျွန်တော် ဒီအခြေအနေထိ ရောက်လာရတာပဲ။ ဒါပေမယ့် အခုဟာတော့ နားကို မလည်ဘူးဗျို့။ ဘာကို အမှတ်အသား လုပ်တာလဲ ပြောစမ်းပါဦး”
“မှတ်ထား ကျောင်းဆရာ၊ ခုရာသီဟာ ပူပြီ မဟုတ်လား။ တောင်ပေါ်မှာ ဒီရာသီဆို တောင်ဖြုတ်နဲ့ မှက်တွေ ပေါလှပြီ။ နေ့လယ်ဆို မှက်တွေဟာ လူကိုတောင် လာလာ ကိုက်သေးတာ မဟုတ်လား။ တောကောင် ဆိုတာတော့ မပြောနဲ့တော့ပေါ့။ တောကောင်ရှိရာ မှက်က လိုက်နေတာပဲ။ ဒါကြောင့် ရှေ့က မှက်နှစ်ကောင် သုံးကောင် ကြိုပျံလာတာ မြင်လို့ နောက်က တောကောင်ပါတော့မယ်လို့ ကျုပ်တွက်တာ”
“အင်း… ကျွန်တော် ပညာ တိုးတာပေါ့ဗျာ၊ ဒါနဲ့ နေပါဦး၊ ဆတ် ထင်တယ်၊ ပြောင် မဟုတ်ဘူးလို့ ဘာလို့ ပြောတာလဲ”
“ဪ… ဒါက လိုက်လာတဲ့ မှက်အကောင်ရေ နည်းလို့ပါ၊ ငှက်ဟာ အရောင်အမည်းကို ပိုပြီး လိုက်တတ်တယ်။ ပြောင်က အမည်းရောင်ကြီး မဟုတ်လား။ ဒါကြောင့် ပြောင်ဆိုရင် မှက်တွေ သီးနေအောင် လိုက်တော့တာပဲ။ ဆတ်က ပြောင်လောက် အရောင်မမည်းတော့ မှက်အလိုက်နည်းတယ်။ ခင်ဗျား နွေခါ တောပေါ် တောင်ပေါ် နွားလှည်းနဲ့ သွားဖူးတယ် မဟုတ်လား။ နွားနီနဲ့ နွားမည်း ဘယ်နွားဟာ မှက် ပိုပြီး အကိုက်ခံရသလဲ တွေ့မှာပေါ့ “
“အင်း… တကယ်တော့ မုဆိုးပညာဟာ အတော် လျှို့ဝှက် နက်နဲတာပဲနော်”
ကျွန်တော်သည် ဦးစံတင့်ကို အမှန်ပင် ချီးကျူးမိပါတော့သည်။ မကြာမီပင် ကျွန်တော်တို့သည် ကိုစံသိန်းတို့ စခန်းအနီးသို့ ရောက်ခဲ့ကြပါသည်။
သေနတ်သံ နှစ်ချက် ကြားပြီး၍ သေချာပြီဟု တွက်ထားသော ကိုစံသိန်းတို့ လွှသမားအဖွဲ့သည် ကျွန်တော်တို့နှစ်ဦးအား အပြုံးကိုယ်စီဖြင့် ဆီးကြိုလျက်။ ။ ။
[မြဝတီမဂ္ဂင်း၊ ဖေဖော်ဝါရီလ၊ ၁၉၈၁ ခုနှစ်]
– ပြီး –
စာရေးသူ – မောင်လွမ်းသူ
Uncategorized