#အောင်ခင်စိုး
မုဆိုးပရိယာယ်နှင့် သားကောင်
နေဝင်သည်နှင့်တစ်ပြိုင်နက်ထဲ မခံမရပ်နိုင်အောင် စိမ့်၍အေး၍ လာသော ကချင်ပြည်နယ်၏ဆိုးဝါးသောရာသီဥတုအရှိန်ကို ပြသလေတော့ သည်။ ထို့ကြောင့်လည်း တပ်စခန်းစည်းရိုးအတွင်းရှိ ဘန်ကာကျင်းအလယ်တွင် မီးဖိုကြီးဖို၍ ကျွန်တော်တို့ကို နွေးစေရပါသည်။ ထိုအချိန်မှာပင် စခန်းရိက္ခာအတွက် တောင်ယာတဲများမှဝယ်ယူ စုဆောင်းထားသော စခန်းအနောက်ဖက်ရှိ ကြက်ခြံဆီမှ ရုန်းကန်သံနှင့် ကြက်တွေ ဆူညံနေတော့၏။
ကျွန်တော်နှင့် လမ်းပြမုဆိုးကြီး လမုန်ထန်တို့ သေနတ်တစ်လက်စီဆွဲပြီး တပ်ကြပ်ကြီး ထွန်ဇန်နန်က သေနတ်တစ်ဖက် လက်နှိပ်ဓာတ်မီးတစ်ဖက်ကိုင်ရင်း အရေးတကြီး စခန်းအနောက်ဖက် စည်းရိုးသို့ ထွက်လာခဲ့ကြ၏။
အေးမြသောလေသည် ကျွန်တော်တို့သုံးဦးစလုံးကို ဝါးမျိုထိတွေ့လိုက်၏။ ရှေးဦးစွာ သစ်လုံးများဖြင့် ကာရံထားသည့် တောဘက်နီးနီး သစ်လုံးစည်းရိုးဆီသို့ ဓာတ်မီးနှင့်လှမ်းထိုးစေကာ သစ်ဆင်ကြီးကို ရှာဖွေလိုက်၏။ ရဲဘော်များ၏အော်ဟစ်ခြောက်လှန်လိုက်သည့် အသံကြောင့် သစ်ဆင်ကြီးသည် ခြောက်ပေမျှမြင့်သော သစ်လုံးကာစည်းရိုးကို ခုန်လွှား ကျော်ဖြတ်ကာ တောစပ်အတွင်းသို့ အရောက်နှင်ခဲ့ပြီဖြစ်ကြောင်းကို ကျွန်တော်တို့သုံးယောက်က ရိပ်မိလိုက်ကြပါသည်။
“ဟေ့. . . ရဲဘော်တစ်ယောက် လာစမ်း၊ ကြက်ခြံကိုသွားကြည့်စမ်း။ ဘယ်နှစ်ကောင် ပါသွားသလဲလို့”
ကျွန်တော်က အမိန့် ပေးလိုက်သည်တွင် ရဲဘော်လှဆောင်မှာ ပြေးထွက်သွား၏။ ကြက်တွေတရုန်းရုန်းနှင့် လန့်ဖျပ်ကာ အော်နေသံကို ကြားနေရ၏။
သစ်လုံးစည်းရိုး တလင်းပြောင်ပေါ်၌ ကြက်မွေးများ တစ်ထွေးကြီးကိုလည်း တွေ့ရ၏။
မုဆိုးကြီးလမုန်ထန်နှင့် ကျွန်တော်တို့ မခြောက်သွေ့ သေးသော မြေပျော့ပျော့မှဖြတ်ကာ လာခဲ့သည့် သစ်ဆင်ကြီး၏ခြေရာကို ခံလိုက်ခဲ့ကြ၏။ ဧရာမခြေရာကွက်ကြီးများသည် ကြက်ခြံအောက်မှဝင်၍ တောရိပ်နှင့် တစ်ဆက်တည်းဖြစ်နေသော သစ်လုံးကာ စည်းရိုးဘက်ဆီသို တန်း၍နေတော့၏။ သုံးဦးသားသည် ဓာတ်မီးရောင်အတိုင်း ခြေရာတစ်ကွက်စီကို ငုံ့ကြည့်ရင်း လိုက်ခဲ့သည်တွင် ကြက်မွေးတွေ တစ်ထွေးကြီး ကျကျန်ရစ်ခဲ့သည်။
သစ်ဆင်ကြီး၏နောက်ဆုံးလက်ရာများကို တွေ့လိုက်ရပြီး ခြောက်ပေမျှမြင့်သော သစ်လုံးကာစည်းရိုးကို သစ်ဆင်ကြီးက ခပ်ပေါ့ပေါ့နှင့်ပင်ခုန်လွှားကာ သူ၏တစ်နေ့တာအတွက် အစာဖြစ်သော ကြက်မကြီးနှစ်ကောင်ကို ရယူသွားကြောင်း သက်သေခံနေပါတော့၏။
သစ်ဆင်ကြီး သို့မဟုတ် ကျားကြီးတွေအောက်တွင် ဒုတိယ ကြောက်စရာအကောင်းဆုံးဖြစ်သော ကျားသစ်ကြီးများအကြောင်းကို ကျွန်တော် တပ်မတော်စစ်ဆင်ရေး တာဝန်အရ နယ်မြေဒေသအလိုက် ခရီးထွက်စဉ် သိကျွမ်းခင်မင်ခဲ့ရသော ဝါရင့်မုဆိုးကြီးများ၏ ပြောပြရှင်းလင်းခဲ့သည်ကို ပြန်လည်တင်ပြခြင်းသာ ဖြစ်ပါသည်။
ကျားကြီးများသည် လူသူမနီးသော တောနက်ရာ၊ လျှိုကောင်းရာဒေသများတွင်သာ ခိုကပ်နေသော်လည်း ကျားသစ်မကြီးများ သို့မဟုတ် သစ်ဆင်ကြီးများကား လူသူ၏ လုပ်ခင်းကိုင်ခင်းများ တောင်ယာစုတဲများ၊ ကျေးရွာများနှင့် မလှမ်းမကမ်းတွင် တရစ်ဝဲဝဲ ခိုကပ်နေလေ့ရှိ၏။
သစ်ဆင်ကြီးများသည် ကျားမအရွယ်နီးနီး ကြီးမားကာ ကျားကြီးတွေထက် ခက်ထန်ကြမ်းကြုတ် ရက်စက်လေ့ရှိကြောင်း သိရ၏။
တစ်ကိုယ်လုံးတွင် များသောအားဖြင့် အဝါရင့်ရောင် အောက်ခံပေါ်တွင် အနက်ပြောက် အဖြူပြောက်များဖြင့် အလွန်လှသော အဆင်းကိုဆောင်ကာ သူတို့၏ခြေရာများသည် ဓာတ်မသိကြသည့် လက်သင် မုဆိုးများအဖို့ ကျားမများ၏ခြေရာကဲ့သို့ ကြီးထွားနေပေသည်။
သို့ရာတွင် တောကောင်းစွာ ကျွမ်းကျင်သော ဝါရင့်မုဆိုးကြီးများအဖို့ သစ်ဆင်၏ခြေရာကို … ကျားမခြေရာနှင့် ကောင်းစွာ ခွဲခြားနိုင်ပေသည်။ သစ်ဆင်ကြီးများ၏ခြေရာမှာ ကျားမခြေရာလောက် ကြီးသော်လည်း ရှေ့ခြေဆစ်ချောင်း လေးချောင်းနေရာ ရှေ့တိုင်းတွင် လက်သည်း ခြေသည်းရာများ မြေတွင်ခြစ်၍၊ စိုက်၍ကျန်ရစ်လေ့ရှိ၏။
ကျားမ ခြေရာရှေ့ပိုင်း၌ကား သစ်ဆင်ခြေရာ ရှေ့ပိုင်း၌တွေ့နေကျ ခြေသည်းရာများ လုံးဝမတွေ့ရသော ခြားနားချက်တစ်ချက်တည်းနှင့်ပင် သစ်ဆင်ခြေရာနှင့် ကျားမခြေရာတို့ကို ကောင်းစွာခွဲခြားနိုင်ပါလိမ့်မည်။
သစ်ဆင်များသည် နံနက်အရုဏ်တက်မှ နေထွက်ချိန်နှင့် ညနေနေဝင်ရီတရောတွင် လမ်းသာသော ကြိမ်တောဆုံများ၊ စမ်းချောင်းများအတွင်း၌ အမြီးရှည်ကြီးများ တယမ်းယမ်းနှင့် မြူးလေ့၊ လမ်းသလား လေ့ရှိသည်။ သူတို့နှင့် ပက်ပင်းဆုံမိတိုးမိသော ခြေလေးချောင်း သတ္တဝါဖြစ်စေ၊ လူသားပင်ဖြစ်စေ တွေ့ရကာ မျက်နှာချင်းဆိုင်မိပါမူ တစ်ချိုးတည်း မာန်သွင်းကာ ကုတ်ဖဲ့၊ ကိုက်ခဲခြင်းများလပြုလုပ်လေ့ရှိ၏။
ရန်မူလိုသော သစ်ဆင်ကြီး များ၏ ပင်ကိုယ်သဘာဝစိတ်ဓာတ်ကြောင့် တောင်ယာသမား အဆုံးအဖြတ် ဥဒါန်းစကားများတွင်
“ကျားရင်ဆိုင် တွေ့ရင်နိုင်၊ သစ်ရင်ဆိုင် တွေ့ရင် ခက်” ဟူသော စကားပုံကို ထားခဲ့ကြ၏။
သစ်ဆင်များသည် အလျား နှာခေါင်းဖျားမှ အမြီးဆုံးအထိ ငါးပေမှ ခုနစ်ပေအထိ ရှည်လျားသော ကိုယ်လုံး ကိုယ်ထည်ရှိပြီး ကျစ်ကျစ်လစ်လစ်နှင့် ဗလလည်း ရှိပေသည်။
ဂျီများ၊ တောဝက်များ၊ ဆင်ပေါက်များသည် သူတို့၏ မလွတ်သောအစာများ ဖြစ်ခဲ့သလို တောင်ယာမှ နွား၊ ဝက်၊ ကြက်များသည်လည်း သူတို့၏ တောင်ယာအရေးပေါ်ရိက္ခာများဖြစ်ကြ၏။
အထူးသဖြင့် တောနှင့်နီးနီး တဲများ၊ ရွာငယ်များမှ ခွေးများအဖို့ သစ်ဆင်ကြီးများအတွက် အနှစ်သက် ဆုံး ရိက္ခာများပင် ဖြစ်ပါသည်။
တောင်ယာတဲမှ ခွေးများကို မလွတ်တမ်းချောင်းကာ တစ်ခါတစ်ရံ လူတွေကိုပင် သစ်ဆင်ကြီးများက ထိပါးရန်မူလေ့ရှိ၏။
ကျားကြီးများ၏ “အာဝူး”ဟူသော ဟိန်းသံကြီးများ တဟိန်းဟိန်းနှင့် အသံအ၊ အထစ်သံ ပေးသကဲ့သို့ သစ်ဆင်ကြီးများအဖို့၌ သူတို့၏ မြူးတူးချိန် မိတ်လိုက်ချိန်များတွင် လွှတုံးတုံးနှင့် သစ်တုံးဆွေးဆွေးကိုဖိ၍ ကိုက်ဖြတ်သကဲ့သို့ “ဂူးဂဲ … ဂူးဂဲ”ဟူသော သစ်ဝမ်းထုတ်သံများကို အော်ဟစ်လေ့ရှိ၏။
သူတို့သည် ကျားကြီးတွေထက် တောင်ယာတဲစုနှင့် အိမ်မွေးတိရစ္ဆာန်များကို ပိုမိုဖျက်ဆီးလေ့ရှိကြ၏။
ထို့ကြောင့်လည်း ကချင်ပြည် အတွင်းရှိ လီဆူ၊ ရဝမ်၊ ကချင်၊ ဂျင်းဖော၊ အဇီ၊ အခါ စသောလူမျိုးစု တောင်ယာသမားများသည် သစ်ဆင်ကြီးများကို တစ်နံပါတ်ရန်သူအဖြစ် အသိအမှတ်ပြုထားကြလေသည်။
ကျွန်တော့်အနေနှင့်လည်း စစ်ဆင်ရေးသွားလာရင်းမှ အခွင့်အခါ ကြုံကြိုက်တိုင်း နယ်မြေခံဝါရင့်မုဆိုးကြီးများနှင့်ပေါင်း၍ ပစ်ခတ်သုတ်သင်ခဲ့ရ၏။
xxx xxx xxx
“ဟေး… ဟေး… ဟေး…”
ဟူသော တောချောက်သံများကို တစ်ဖာလုံခန့်မှ အတိုင်းသား ကြားလိုက်ရသည့်နောက်တွင် ကျွန်တော်က ရိုင်ဖယ်ကို မောင်းတစ်ချက်ထိုးကာ တင်လိုက်ပြီး သော့ပိတ်လိုက်၏။ ထို့နောက် ကျွန်တော်၏ ရှေ့ဝဲယာတစ်ဝိုက်မှ ပစ်ကွင်းလမ်းကြောင်းများဆီသို့ အာရုံစိုက်ကာ ကြည့်ရှုလိုက်၏။
သစ်ဆင်ကြီး၏ ခြေရာများကိုခံလျက် သစ်ဆင်ခိုအောင်းနိုင်မည့် တောတစ်ဝိုက်ကို စတင်ကာ ဒရုခ တောင်ယာသမားလီဆူး ကချင်တိုင်းရင်းသား တောချောက်သမားတို့ဖြင့် စတင်ကာ သစ်ဆင်ကြီးကို ထိုးစစ်ဆင်ခြင်းသာဖြစ်၏။
ကျွန်တော်၊ မုဆိုးကြီးလမုန်ထန်၊ တပ်ကြပ်ကြီးထွန်ဇန်နန်တို့က သေနတ်သုံးလက်နှင့် နေရာကောင်းများမှ နေရာယူကာ သစ်ဆင်ကြီး ထွက်လာမည့်အရေးကို သွေးအေးအေးနှင့် ပစ်ခတ်ရန် စောင့်နေခြင်းသာ ဖြစ်ပါသည်။
တောချောက်သံများသည် ပိုမို၍နီးကပ်လာလေလေ ကျွန်တော်၏မျက်လုံးနှင့် နားများကို ပိုမိုဂရုစိုက်ကာ အသုံးပြုနေရသည်။
“တောက်” ခနဲ ဝါးလုံးအဆွေးတစ်လုံးကို တိုးသံကြောင့် ကျွန်တော်သည် ရိုင်ဖယ်ကို ပစ်ခတ်ရန် အနေအထားသို့ ပြောင်းလိုက်ပြီး သော့ခလုတ်ကို ရှေ့သို့ ပြန်ပို့လိုက်ရသည်။
တသိမ့်သိမ့်တိုးကာ တဖြောက်ဖြောက်ခြေသံများ အဆုံးတွင် ဘွားခနဲ ထွက်လာသည့် ခြောက်စထောင်ချိုကြီးမော့မော့နှင့် ဆတ်ဖားကြီး တစ်ကောင်ကို တွေ့လိုက်ရသဖြင့် ကျွန်တော်သည် သေနတ်ဖြင့် ဆတ်ဖားကြီး၏လည်မျိုကို ထိုးချိန်ကာ ပစ်ခတ်လိုက်၏။
သေနတ်သံနှင့်အတူ ဆတ်ဖားကြီးသည် ပစ်ကျသွားတော့သည်။
ကျွန်တော့်နေရာမှ သေနတ်သံထွက်ပေါ်ခဲ့သည့်အတွက် သစ်ဆင်ကြီးသည် မည်သည့်နည်းနှင့်မျှ ကျွန်တော့်ဘက်မှ ထွက်မလာနိုင်တော့ပေ။ ထို့ကြောင့် မုဆိုးကြီးလမုန်ထန်နှင့် ဆရာထွန်ဇန်နန်တို့၏သေနတ်သံကိုသာ နားစွင့်ရုံသာ ရှိတော့၏။
များမကြာမီ မုဆိုးကြီးလမုန်ထန်၏ နှစ်လုံးပြူးသေနတ်သံ ဒိုင်းခနဲ ပေါ်ထွက်လာပြန်သည်။ သေနတ်သံနှစ်ချက်တိတိ ထွက်ပေါ်လာသည့်အတွက် တောချောက်သမားများ အားတက်လာကာ ငြာသံများက ပို၍ ဆူညံနေတော့သည်။
ဤသို့နှင့်ပင် ပထမဦးဆုံးသော တောချောက်ခြင်းကို စခန်းသိမ်းခဲ့ရပေသည်။ ကျွန်တော်က သိချင်ဇောဖြင့် သစ်ဆင်ကြီးအကြောင်းကိုမေးရာ သစ်ဆင်ကြီး၏ခြေရာ ခြေစများ ပျောက်နေကြောင်းကို တောချောက်သမားများက ပြောပြ၏။ မုဆိုးကြီးလမုန်ထန် ပစ်ခတ်လိုက်သော နှစ်လုံးပြူး သေနတ်သံမှာ တောဝက်တောင်းကြီးတစ်ကောင်ကို တောချောက်သမားများ ဆွဲထုတ်လာခြင်းဖြင့် အဖြေပေါ်ထွက်လာသည်။
ထိုနေ့အဖို့ တောသုံးလေးတော စီးချောက်၍ သစ်ဆင်ကြီးကို ရှာဖွေခဲ့သည်။ သို့ရာတွင် သစ်ဆင်ကြီးအစား ဆတ်ဖားတစ်ကောင်၊ တောဝက်တောင်းကြီးတစ်ကောင်၊ ဒရယ်နှစ်ကောင်က နေရာယူ စတေးခံလိုက်ရပေသည်။ သစ်ဆင်ကြီး၏ အရိပ်အယောင်ကိုကား မတွေ့လိုက်ရပါ။
ထိုနေ့ညက ကချင်ပြည်နယ် ဒရုခချောင်းရိုး၏ အအေးဒဏ်ကို ကာကွယ်ရန် ကျွန်တော်တို့သည် ကချင်အရက်နှင့် ဆတ်သားကြော်၊ တောဝက်ဝမ်းတွင်းချက်ကိုစားရင်း မုဆိုးကြီးလမုန်ထန်သည် အခဲ မကြေနိုင်စတမ်း သစ်ဆင်ကြီးကို ကြိမ်းဝါးနေတော့သည်။
“ဒီကောင်ကြီးကို မတွေ့တွေ့အောင် ရှာသတ်မှဖြစ်မယ်၊ ကျုပ် မုဆိုးသက်တမ်းမှာ ကျားတွေ ဆင်တွေကို မကြာခဏ ပစ်နိုင်ခဲ့ပေမယ့်၊ ခုတော့ ဘာမဟုတ်တဲ့ သစ်ဆင်ကြီးကျမှ ကျုပ်အရှုံးပေးရတော့မလို ဖြစ်နေ ပြီဗျ”
ဟု ကျွန်တော့်ကိုကြည့်၍ ပြောနေလေသည်။ ကျွန်တော်က
“သိပ်လဲ ဆန္ဒမစောပါနဲ့ လမုန်ထန်ရယ်၊ ဒီကောင်မြစ်ဆုံဘက် ရှောင်ထွက်သွားတာပါ။ သူ့စားကျက်လွယ်လွယ်က စခန်းအနောက်က ရိက္ခာရုံကြက်ခြံလေဗျာ၊ မပူပါနဲ့ လာမှာပါ၊ ကျွန်တော်တို့က စောင့်ပစ်ရုံ ပဲ လမုန်ထန်”
ကျွန်တော်က ကချင်အရက်တစ်ခွက်သောက်ပြီး အမြီးတစ်ဖတ် ကောက်ဝါးရင်း ပြောလိုက်၏။ ထိုနေ့ညအဖို့ သစ်ဆင်ကြီးကား ပေါ်မလာပေ။ တောထဲတွင်လျှောက်ကာ တောချောက်ခြင်းဖြင့် မွှေနှောက်ခဲ့သည့်အတွက်ကြောင့် လန့်ကာ တခြားသို့ထွက်ပြေး တိမ်းရှောင်လျက် မြစ်ဆုံဘက် ရောက်နေခြင်းဖြစ်ပေလိမ့်မည်။
နောက်တစ်နေ့နံနက်တွင် ကျွန်တော်နှင့် မုဆိုးကြီးလမုန်ထန် ဆရာထွန်ဇန်နန်တို့သည် သစ်ဆင်ကြီး သုတ်သင်ရေးအတွက် ပရိယာယ်တစ်ရပ်ကို စီစဉ်ကြရပြန်သည်။
တောင်ယာတဲများမှ သတ္တိရှိပုံရသော ခွေးတစ်ကောင်ကို ခွေးရှင်နှင့်အတူ ညနေမမှောင်ခင်၌ပင် အဆင်သင့် ဖြစ်စေသည်။ ထွန်ဇန်နန်ကို လက်နှိပ်ဓာတ်မီးပြစေကာ ကျွန်တော်နှင့် မုဆိုးကြီး လမုန်ထန်က သေနတ်သမားအဖြစ်နှင့် သစ်ဆင်ကြီးများ လွန်စွာတပ်မက်မောသော ခွေးတစ်ကောင်ကို သူ့နယ်မြေ တောထဲတွင် ဆွဲ၍လမ်းသလားပြခြင်း၊ အနံ့ပေးခြင်း၊ ခွေးသံပေးခြင်းများဖြင့် အစာနှင့် မျှား၍ ခေါ်ယူပစ်ခတ် နည်းမျိုးဖြစ်ပါ၏။
နေဝင်သည်နှင့်တစ်ပြိုင်နက် ကျွန်တော်တို့အားလုံး အသင့်ပြင်ဆင်လိုက်ကြ၏။ မှောင်လာသည့်နောက်တွင် ခွေးကလှုပ်လှုပ်ရွရွ ဖြစ်လာသည်။ သစ်ဆင်နံ့ရ၍ဖြစ်ကြောင်း ကျွန်တော်တို့က ချက်ချင်းရိပ်မိလိုက်ကြ၏။
ထို့ကြောင့် စီစဉ်ထားသည့်အတိုင်း လေးဦးသားသည် ခွေးကိုကြိုးနှင့်ဆွဲကာ သစ်ဆင်ကြီးလာတတ်သည့် တပ်စည်းရိုးအနောက် ဒရုခချောင်း ကမ်းပါးအတိုင်း လှည့်ထွက်ခဲ့၏။
လက်နှိပ်ဓာတ်မီးရောင်သည် ဖွေးခနဲ ချောင်းကမ်းပါးပေါ်တွင် အပြန်အလှန် ထိုးနေသလောက် ကျွန်တော်နှင့် မုဆိုးကြီးလမုန်ထန်တို့က ရှေ့နောက်ဝဲယာတစ်ဝိုက်ကို မျက်ခြေမပြတ် အရေးတကြီး ရှာဖွေလိုက်ရ၏။
ခွေးကြီးသည် နားရွက်ကုပ်၊ အမြီးပါကုပ်ပြီး ကျွန်တော်တို့လေးယောက်ကြားမှပင် ရှေ့သို့မတိုးဝံ့အောင် သစ်ဆင်ကြီးနံ့ ရနေပါတော့သည်။ ထို့ကြောင့် ခွေးရှင်လီဆူကြီးက ခွေးကြီးကို သုံးလေးချက် ခပ်ဆတ်ဆတ်ရိုက်ပေးလိုက်ရာက တကိန်ကိန်နှင့် ခွေးကြီး၏ အော်သံများထွက်ပေါ်လာ၏။
ကျွန်တော်နှင့် မုဆိုးကြီးလမုန်ထန်က လမ်းဘေးတစ်ဖက်တစ်ချက်နှင့် ချောင်းကမ်းပါးတစ်လျှောက်မှ သစ်ဆင်ကြီး၏မျက်လုံးများကို ရှာဖွေလိုက်၏။ လက်နှိပ်ဓာတ်မီးရောင် တစ်လျှောက်မှ မခိုးမခန့်နှင့် ခေါင်းပြုနေလေ့ရှိသည့် သစ်ဆင်ကြီး၏ရှေ့ပိုင်းကိုလည်း ရှာဖွေလိုက်သည်။
သို့စေကာမူ သစ်ဆင်ကြီး၏အရိပ်အယောင်မျှပင် မတွေ့ရတော့ပါ။. ခွေးကြီးကား အတွင်သားအမြီးကုပ်၍ လူကြားမှပင် မထွက်ဝံ့အောင် ရှိခဲ့၏။
သစ်ဆင်ကြီးက အလွန်လိမ္မာပါးနပ်လှလေသည်။ မှောင်ရိပ်ခို၍ တောရိပ်အတွင်းမှ တစ်စွန်းတစ်စမျှပင် မထွက်စတမ်း ကျွန်တော်တို့အကြားမှ ခွေးကို လှည့်ပတ်ကာချောင်းနေကြောင်းကိုမူ ကျွန်တော်တို့ လေးယောက်က ကောင်းကောင်းကြီး သိနေကြပါ၏။
အတော်ကလေးညဉ့်နက်၍ နှင်းတွေတဖြောက်ဖြောက်ကျလာမှ ကျွန်တော် မုဆိုးကြီးလမုန်ထန်နှင့် ဆရာထွန်ဇန်နန်တို့သည် ထိုညအစီအစဉ်ကို စခန်းသိမ်းရာ ခွေးရှင်ကို တောင်ယာတဲစုအထိ လိုက်ပို့ပြီးပြန်ခဲ့ ရပါတော့သည်။
ကချင်အရက်နှင့် ဒရယ်ဝမ်းတွင်းသားချက်၊ ဆတ်သားကြော်နှင့် ကျွန်တော်တို့ကို စောင့်နေသော ဆရာလှမြင့်ကို ကျေးဇူးတင်စကားပြောပြီး သုံးယောက်သား ချမ်းချမ်းနှင့် အရက်ကိုယ်ဆီမော့လိုက်ရတော့သည်။
မုဆိုးကြီးလမုန်ထန်နှင့် ကျွန်တော်ဦးဆောင်ကာ ရဲဘော်များနှင့်အတူ သစ်ဆင်ကြီးအတွက် အရေးတကြီး ကရိယာများလုပ်ကိုင်နေကြပါသည်။ ထိုကရိယာများကား ပါတုံးနှစ်တုံးနှင့် ထောင်သော ကွင်းလျှောထောင်ချောက်များပင် ဖြစ်ပါသည်။
ချွေးတစ်လုံးလုံးနှင့် ကျွန်တော်တို့ ထောင်ချောက်များပြုလုပ်နေရာသို့ ဆရာကြီးထွန်းမြင့်သည် ရဲဘော်နှစ်ယောက်နှင့်အတူ လိုက်လာပြီး ထမင်းကြော်၊ ဆတ်သားကြော်၊ လက်ဖက်ရည်အချို အကြမ်းများယူလာသဖြင့် လုပ်လက်စအလုပ်ကို ခဏနား ကာ စားသောက်လိုက်ကြပါသည်။
ပါတုံးတစ်တုံးက လုံးပတ်နှစ်ပေခန့် အရှည်လေးပေခန့် ရှိစေပြီး ကျန်တစ်တုံးက လုံးပတ်တစ်ပေခွဲခန့် အရှည်သုံးပေခန့် ထားကာ သံနန်းကြိုး တစ်ချောင်းစီကို မိန်းမချည် ကြက်ခြေခတ်ကာ ချည်နှောင်လိုက်ပြီး တစ်ဖက်တစ်ချက်တွင် တုံးနှစ်ချောင်းကို မလွတ်နိုင်စတမ်း ဘူးလယ်သီးခတ်ကာ ချည်နှောင်စေသည်။ ကျွန်တော်တို့ လိုသလောက်ထောင်ချောက် ကရိယာအရေအတွက်ရမှ အလုပ်ကိုစခန်းသိမ်းကာ တပ်ရိက္ခာကြက်ခြံနှင့် မလွယ်ပေါက်များတစ်လျှောက်တွင် မုဆိုးကြီး လမုန်ထန်ကိုယ်တိုင် ဦးဆောင်ကာ လိုက်၍ထောင်လိုက်ကြ၏။
မျှော်၍မဆုံးသည့် ကချင်ပြည်နယ်တောင်တန်းကြီး အရှေ့ဘက်ပေါ်တွင် နေမင်းကမေးတင်ကာ ကျွန်တော်တို့ကို နှုတ်ဆတ်နေပါတော့သည်။ ကျွန်တော်က မုဆိုးကြီးလမုန်ထန်အား . . .
“သစ်ဆင်ကြီးကိစ္စပြီးရင် လမုန်ထန်ရွာပြန်ဦးမလို့လား၊ ပြန်ချင်ရင်လည်း တိုက်ကင်းထွက်တဲ့တပ်စုနဲ့ အတူလိုက်ရင်း ပြန်ပေါ့ လမုန်ထန်”
“ဒီတစ်ခေါက်တော့ တပ်စုနဲ့လိုက်ပြီး ရွာပြန်အနားယူလိုက်ဦးမယ်လေ။ မိန်းမနဲ့ ကလေးတွေ တောင်ယာမှာ ပင်ပန်းနေကြပြီ။ ပြီးတော့ ရထားတဲ့အမဲကျပ်ကင်တွေကိုလည်း ပေးချင်သေးတယ်”
“ဟုတ်ပါတယ်၊ မုန်ထန်လည်း ကျွန်တော်တို့စခန်းကို ရောက်နေတာ သုံးလနီးပါးရှိနေပြီပဲ၊ ပြန်တော့ ကျွန်တော် နို့ဆီ၊ သကြားနဲ့ လက်ဖက်အချိုခြောက်တွေပါ ထည့်ပေးလိုက်ပါ့မယ်။ ခင်ဗျား မိန်းမနဲ့ ကလေးတွေအတွက်ပါ”
ကျွန်တော်နှင့် မုဆိုးကြီးလမုန်ထန်စကားပြောနေစဉ်မှာပင် ရဲဘော်များ ညစာစားရန်ပြင်ဆင်ပေးသဖြင့် စကားကိုဖြတ်ပြီး လမုန်ထန်နှင့် ကျွန်တော်တို့ ညစာကိုစားသောက်ပြီး မီးလှုံ၍ အချမ်းဒဏ်ကို ကာကွယ် ကာ အတွေးကိုယ်စီနှင့် ရှိနေကြပါသည်။
မကြာမီ “ဝုန်း… ဒိုင်း… ခွပ်”ဟူသော အသံများသည် နောက်တပ်စည်းရိုးထောင့် ကြက်ခြံမလွယ်ပေါက်ဆီမှ ထင်ရှားစွာထွက် ပေါ်လာလေသည်။
“မိပြီဟေ့… လိုက်ကွ၊ မလွတ်စေနဲ”
ရဲဘော်များ၏ငြာသံနှင့်အတူ “ဝေ”ခနဲ သစ်ဆင်ကြီး၏မာန်သွင်းသံကြီးများဆင့်ကာ ပေါ်ထွက်လာသည်တွင် မုဆိုးကြီးလမုန်ထန်က ချက်ချင်း ဘန်ကာကျင်းမှ အပြင်သို့ ထွက်သွားပြီး ….
“ဟေ့… အသာနေ ဝိုင်းမလိုက်ကြနဲ့ ရဲဘော်တို့ မနက်မှ မြင်မြင်ထင်ထင်လိုက်ကြမယ်”
ဟု သတိပေးလိုက်လေသည်။ သို့သော် ရိက္ခာတာဝန်ခံဖြစ်သူ ဆရာထွန်ဇန်နန်က ဝုန်းခနဲ ခုန်ထလိုက်ပြီး…
“ဒီအကောင်ကို ညတွင်းချင်းလိုက်မှကောင်းမယ်ထင်တယ်ဗိုလ်ကြီး။ ကျွန်တော်တို့ တပ်စိပ်တစ်စိပ်နဲ့ ဖိလိုက်ရရင် ဘယ်လွတ်မလဲ”
သေနတ်ဆွဲ၍ ပြောဆိုနေရာ အတွေ့အကြုံရင့်ကျက်၍ သစ်ဆင်ကြီးတို့၏သဘော သဘာဝကို နားလည်နေသော ဝါရင့်မုဆိုးကြီး လမုန်ထန်က
“ဆရာထွန်ဇန်နန် မလိုက်ပါနဲ့။ ဒီအကောင် ကျုပ်ရဲ့ ပါတုံး ထောင်ချောက်မိသွားရင် အဝေးဆုံး နှစ်မိုင်ပါပဲ၊ သိပ်မပြေးနိုင်ပါဘူး။ ခု ဆရာတို့ ဆင်းလိုက်ရင် ညမို့လို့ သစ်ဆင်ကြီးက တပန်းသာနေတယ်၊ ဆရာတို ဒုက္ခတွေ့ကုန်လိမ့်မယ်”
ဟု သတိပေးလိုက်မှ ဆရာထွန်ဇန်နန်သည် အသာပြန်ထိုင်သွားလေသည်။
ပါတုံး ထောင်ချောက်အမိခံရသည့် သတ္တဝါအဖို့ တဖြည်းဖြည်းချင်း ညှဉ်းပန်းသတ်ဖြတ်ခြင်း ခံရသလိုပင် ဖြစ်ပါသည်။ တစ်ဖက်က တုံး၏ အလေးချိန်နှင့်ဖိ၍ ကွင်းလျောချည်နှောင်သလိုဖြစ်ပြီး ကြောက်လန့်တကြားနှင့် ပြေးလေလေ နောက်ပိုင်းက တုံးရှည်ကြီးက သားကောင်၏ နောက်ပိုင်းကို အရှိန်နှင့်ဖိ၍ ကန်ကာ တိုက်ခိုက်လေလေ ဖြစ်ပါသည်။
သွပ်နန်းကြိုးကား သေးသလောက် အသားထဲသို့ စူးနစ်၍ဝင်ကာ မရုန်းကန်နိုင်လောက်အောင် ဒုက္ခကိုဖန်တီးစေတော့သည်။ ပြေးရင်း လွှားရင်း ရုန်းကန် ရင်းနှင့်ပင် သစ်လုံးများက သစ်ပင်ကြိမ်နွယ်များနှင့် ငြိတွယ်ကာ ချည်နှောင်မှုကို ပိုမိုမြဲမြံစေကြောင်း မုဆိုးကြီးလမုန်ထန်က ကျွန်တော်နှင့် ဆရာထွန်ဇန်နန်အား ရှင်းလင်းပြောပြလေသည်။
ထို့ကြောင့် ဆရာထွန်ဇန်နန်တို့ကို ညတွင်းချင်း သစ်ဆင်ကြီးနောက်သို့ မလိုက်စေရန် မုဆိုးကြီးလမုန်ထန်က တားဆီးလိုက်ခြင်းဖြစ်ပါသည်။ မကြာမီတဖာလုံခန့်ဆီမှ သစ်ဆင်ကြီး၏ တရူးရူးနှင့် မာန်သွင်း သံများ ဆက်ကာ ထွက်ပေါ်လာပြန်၏။
“သစ်ပင်နဲ့ တုံး ငြိနေပြီဗျ၊ ရုန်းလေ နစ်လေပဲ”
မုဆိုးကြီးလမုန်ထန်က ဟန်ကောချိုင့်တွင်းမှ ဖန်ခါးရည်ကို မတ်ခွက်အတွင်း လောင်းထည့်ရင်း ပြောလိုက်၏။
ညအမှောင်တွင် နှင်းလွှာက ဒရုခချောင်းရိုးတစ်ဝိုက်တွင် မင်းမူချယ်လှယ်လာသလောက် လေကလည်း မခံမရပ်နိုင်အောင် အေးစိမ့်လာစေပါသည်။
ကျွန်တော်သည် ဆွယ်တာလက်ရှည်ကို ထပ်ဝတ်လိုက်ပြီး အိပ်ရန်ပြင်ဆင်လိုက်လေသည်။
ဒီးဒုတ်ဖိုမ နှစ်ကောင်၏ ဖိုသံ၊ မသံအော်မြည်ချက်ကို ကျွန်တော်နှင့် မုဆိုးကြီးလမုန်ထန်တို့က နားထောင်ရင်း တစ်ညဉ့်တာ သံသရာကို ကုန်လွန်စေပါသည်။
ဝေလီဝေလင်းကာလမှာပင် ဆရာထွန်ဇန်နန်သည် သစ်ဆင်ကြီးနောက်သို့ လိုက်ရန်အတွက် တာစူနေတော့၏။ သူ့ရိက္ခာအဖွဲ့ကို နိုးကာ စီမံခန့်ခွဲနေတော့သည်။
ထို့ကြောင့် ကျွန်တော်နှင့် မုဆိုးကြီးလမုန်တန်တို့ အိပ်ရာမှ လူးလဲထကာ ဆရာထွန်ဖန်နန် အဆင်သင့်ပြင်ဆင်ပေးထားသော ရေနွေးနှင့် ရေအေးရောစပ်ကာ မျက်နှာသစ်လိုက်ကြပြီး လက်ဖက်ရည် ပူပူ၊
ထမင်းကြော်၊ ဆတ်သားခြောက်ဖုတ်၊ ကြက်ဥကြော်တို့ကို စားသောက်လိုက်ကြ၏။
“ကဲ ဆရာထွန်ဇန်နန် ရဲဘော်နှစ်ယောက်ကို တောင်ယာတဲကိုလွှတ်ပြီး ကိုလီဆူနဲ့ သူ့ခွေးနှစ်ကောင်ကိုပါ ခေါ်ခိုင်းလိုက်၊ ဒဏ်ရာရတဲ့ကျားတွေ ကျားသစ်တွေကို သဘောထားသလို သစ်ဆင်ကို သဘောထားရလိမ့်မယ်၊ သူ့ကိုယ်သူ အန္တရာယ်ရှိနေပြီဆိုတာ သိနေတဲ့ အကောင်ပဲ ဆရာထွန်ဇန်နန်”
ကျွန်တော်က အခြေအနေကို သတိပေးလိုက်၏။
ဆရာ ထွန်ဇန်နန်က ချက်ချင်းပင် ရဲဘော်လှမောင်နှင့် ခင်မောင်တို့အား တောင် ယာတဲသို့လွှတ်လိုက်၏။ အရှေ့ကနေလုံးသည် ထင်ထင်ရှားရှား ပေါ်ထွက်၍ လာချေပြီ။
ထို့ကြောင့် ကျွန်တော်နှင့် မုဆိုးကြီးလမုန်ထန်တို့သည် ပြင်ဆင်ပြီး ကျည်ခါးပတ်ကို ပတ်လိုက်ကြ၏။
တောင်ယာတဲမှ ခွေးသုံးကောင်နှင့် လီဆူအမျိုးသားသုံးယောက် ဒူးလေးတစ်လက်နှင့် ရောက်လာကြ၏။ ကျွန်တော်က ဆရာထွန်ဇန်နန်အား တပ်စိတ်တစ်စိတ်ပါခေါ်ခဲ့ရန် ပြောလိုက်ရ၏။
မုဆိုးကြီးလမုန်ထန်သည် ဝါးမြစ်ဆုံဆေးတံကြီးကို ဖွာလိုက်ပြီးမှ
“ကဲ ဟေ့… ခြေရာခံလိုက်ကြရအောင်။ သိပ်ဝေးမှာ မဟုတ်ဘူး၊ မျက်စိရှင်ရှင်ထားကြဖို့တော့ လိုလိမ့်မယ်၊ အရေးကြီးဆုံးက ခွေးတွေ အနံ့ခံတာကို သတိထားကြည့်ကြ။ တွေ့ရင် ပက်ပင်းတွေ့ကြမှာ။ လက်ဦးအောင်ပစ်ဖို့သာ လက်မနှေးကြနဲ့”
သတိပေးစကားပြောဆိုပြီး မနေ့ညက ပါတုံးနှင့်တိုးမိရာ တပ်စခန်းစည်းရိုး မလွယ်ပေါက်မှပင် စတင်၍ ခြေရာခံ ထွက်လာကြလေသည်။
သစ်ဆင်ကြီး၏ကြီးမားသော ခြေရာကြီးများနှင့်အတူ ပါတုံးမှာ ဒရွတ်တိုက်သွားသဖြင့် ချုံပုတ်ငယ်များ၊ သစ်ပင်များ၊ ပြတ်သပ်ကျန်ရစ်ခဲ့ရာများကို စတင်၍ တွေ့ရတော့သည်။
ခွေးသုံးကောင်မှာလည်း ကျွန်တော်တို့ရှေ့က အရေးတကြီးနှင့် အနံ့ခံကာ သွားနေသလို သခင်ဖြစ်သူ လီဆူကြီးကလည်း အတင်းရှူးတိုက်ပေးနေလေသည်။
ကိုက်သုံးရာခန့်အကွာတွင် အင်တိုင်းဆန်လှသော တောကလေးအတွင်းသို့ ခွေးသုံးကောင်စွပ်၍ ဝင်လိုက်သွား၏။ ရဲဘော်နှစ်ယောက် ရှေ့လောကြီးစွာနှင့် ခွေးတွေနောက်မှ ထက်ချပ်မကွာ လိုက်မည်အပြုတွင် ကျွန်တော်က လှမ်း၍
“ဟေ့ . . . ဟိုရဲဘော်နှစ်ယောက် ရှေ့ကို ကျွံမထွက်စေနဲ့။ ကျားနဲ့ သစ်ဆင်အကြောင်း မင်းတို့မသိဘူး ။ လူနဲ့ ကပ်မိမှထပြီး လုံးတတ်တယ်။ ချုံတွေထဲ ဝင်လိုက်ရင် ခွေးတွေလွန်ပြီး မင်းတို့ကို ဆော်ထည့် လိုက်မယ်”
ဟု ပြောဆိုဟန့်တားလိုက်ရ၏။
ကျွန်တော် မုဆိုးကြီးလမုန်ထန်နှင့် ဆရာထွန်ဇန်နန်တို့သည် ရှေ့ဆုံးမှ ရင်ဘောင်တန်းကာ ခြောက်လှမ်းကွာလောက်စီမှ ဖြန့်၍ အင်တိုင်းတောအတွင်းသို့ ခွေးတွေနောက်မှ ဝင်လိုက်ခဲ့ကြ၏။
မိနစ်ပိုင်းအတွင်း ခွေးသုံးကောင်၏ စူးစူးဝါးဝါးဟောင်သံများနောက်မှ ဝေါခနဲ သစ်ဆင်ကြီး၏ မာန်သွင်းသံများ ဆက်တိုက်ပေါ်ထွက်လာသဖြင့် ကျွန်တော်နှင့် မုဆိုးကြီးလမုန်ထန်သည် အော်သံများ ထွက်ပေါ်ရာဘက်သို့ အရေးတကြီး တက်ခဲ့ကြရင်း ရဲဘော်များကိုလည်း အချက်ပြလိုက်၏။
တစ်တောလုံးလည်း ခွေးသံများ သစ်ဆင်ကြီး၏ မာန်သွင်းသံများဖြင့် ဆူညံနေတော့သည်။ ကျွန်တော်သည် တလှုပ်လှုပ်ဖြစ်နေသော ရှုခင်းဆီသို့ အရေးတကြီး လှမ်း၍ ကြည့်လိုက်၏။
ခွေးသုံးကောင်သည် ချုံတစ်ချုံအတွင်းသို့ထိုးကာ ဟောင်လျက်ရှိပြီး တစ်ချက်တစ်ချက် ချုံသည် သိမ့်သိမ့်တုန်၍ ခါရမ်းနေတော့သည်။
ကျွန်တော်၏ ရဲဘော်တစ်ယောက်သည် မဆင်မခြင်နှင့် ချုံဆီသို့ ဘေးမှပန်း၍တက်ပြေးလေသည်။ ထိုရဲဘော် ချုံစွန်းဆီသို့မကပ်မီပင် ဝေါခနဲ အသံကြီးဖြင့် ချုံတွင်းမှ သစ်ဆင်ကြီးက တန်း၍ထိုးကာ ထိုရဲဘော်ဆီသို့ လွှားခနဲ အုပ်လိုက်တော့သည်။
ခွေးတစ်ကောင်က ကြားမှဖြတ်ကာ သစ်ဆင်ကြီး၏နံဘေးကို ထိုးဟပ်လိုက်သဖြင့် သစ်ဆင်ကြီးသည် ခွေးကို လှည့်၍ကိုက်လိုက်၏။ အရေးထဲတွင် ထိုရဲဘော်သည် ခြေချော်၍ ပက်လက်ကြီးလဲပါတော့၏။
ကျွန်တော်နှင့် မုဆိုးကြီးလမုန်ထန်သည် ရိပ်ခနဲ ပြိုင်တူပြေးတက်သွားပြီး ခွေးသုံးကောင်နှင့် လုံးထွေးနေသော သစ်ဆင်ကြီးကို ပစ်ကွင်းရှာဖွေလိုက်ရသည်။
သစ်ဆင်ကြီးသည် ပြေးတက်လာကြသော ကျွန်တော်နှင့် မုဆိုးကြီးလမုန်ထန်ကို ရင်ဆိုင်နိုင်ရန် ခွေးသုံးကောင်ကြားမှ ဖြတ်၍ အထွက်လိုက်တွင် ရှင်းလင်းနေသော ပစ်ကွင်းကောင်းဖြစ်နေသည့် အလျှောက် မုဆိုးကြီးလမုန်ထန်၏ နှစ်လုံးပြူးသေနတ်မှ မီးပွင့်သွားသလို ကျွန်တော်၏သေနတ်မှလည်း မီးပွင့်ကာ သစ်ဆင်ကြီး၏လည်မျိုကို ပစ်ချလိုက်လေသည်။
ကျွန်တော်နှင့် မုဆိုးကြီးလမုန်ထန်တို့ ပစ်လိုက်သော ကျည်အားသည် သစ်ဆင်ကြီးကို နောက်ပိုင်းသို့ လန်သွားစေပြီး ခြေကားယား လက်ကားယားဖြစ်နေစဉ်တွင် အကြောက်ပိုင်းမှ ခံကိုက်နေသည့် ခွေးသုံးကောင်သည် မလွတ်တမ်းဝိုင်း၍ ကိုက်ခဲနေကြပါတော့သည်။
နောက်ထပ် ပစ်ခတ်ရန် မလိုတော့သည့်အတွက် နောက်ကလိုက်လာကြသော တောချောက် တောင်ယာသမားများ ရောက်အလာတွင် သစ်ဆင်ကြီး၏အခြေအနေကို ကြည့်ရှုလေ့လာမိပါတော့၏။
အကယ်၍သာ သစ်ဆင်ကြီးသည် လွတ်လပ်သော အခြေအနေနှင့် ကျွန်တော်တို့ကို ရင်ဆိုင်ခဲ့ရပါက ခွေးသုံးကောင်ရော ကျွန်တော့်ရဲဘော်နှစ်ယောက်ပါ သွေးချင်းချင်းနီကာ မရှုမလှ ခံကြရပေလိမ့်မည်။
ယခုမှာမူကား သစ်ဆင်ကြီး၏စလွယ်သိုင်းမိထားသည့် ကွင်းလျောချည်နှောင်ထားသော လက်သန်းခန့် သွတ်ကြိုးက သစ်ဆင်ကြီးကို လှလှပပကြီးမိကာ ပါတုံးနှစ်တုံးကလည်း ကျွန်းငုတ်ကြီးများနှင့် ရစ်ပတ်ကာ သစ်ဆင်ကြီးကို ခြောက်ပေခန့် အကျယ်အဝန်း၌သာ လှုပ်ရှားခွင့်ပေးထား၍ သစ်ဆင်ကြီးက တစ်ဖက်သတ်ခံလိုက်ရခြင်းသာ ဖြစ်ပါသတည်း။
– ပြီး –
စာရေးသူ – အောင်ခင်စိုး