ကိုပိုက်
မုဆိုးပါး ပုလင်းထိ
တောသည် တိတ်ဆိတ်ငြိမ်သက်လို့ နေသည်။
“ကျလိ … ကျလိ … ကျလိ” ရယ်လို့ ကျေးငှက်သာရကာတို့၏ အသံသာလျှင် ကြားရ၏။
ရံဖန်ရံခါ ဆိုသလို လေပြင်းတိုက်ခတ်လာခြင်းကြောင့် “ဖလပ် … ဖလပ် … ဖလပ်” ဆိုသည့် သစ်ရွက်လှုပ်ခတ်သံတို့ ကြားရခြင်းဖြစ်၏။
ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် ချုံပုတ်နွယ်ပင် နောက်ကျောမှ ချောင်းမြောင်း၍ ရှေ့တူရူသို့ မျက်တောင်မခတ် ကြည့်နေကြ၏။
သို့ရှိစဉ် …
“ပီးလ်ရဲ … ပီးရဲလ် … ပီးရလ်”
သို့ စူးရှရှအသံ ကြားရသည်တွင် ပို၍ အာရုံစိုက်ကာ ရှေ့သို့ ကဲကြည့်နေရင်း ရင်ခုန်နေကြရတော့၏။
“ပီးလ်ရဲ … ပီးရဲလ် … ပီးရလ်”
ထိုအသံသည် ကျွန်တော်တို့ စိုက်ကြည့်နေသော နေရာမှ ထွက်ပေါ်လာခြင်း မဟုတ်ပါ။ ကျွန်တော်နှင့် လင်းမြင့်လှိုင်တို့ ရှေ့တစ်လံလောက်နေရာမှာ မြည်နေခြင်း ဖြစ်တော့၏။
“ရှပ် … ရှပ် … ဖလပ်”
“ရှပ် … ရှလွပ် … ရှပ်”
ထိုအသံ ကြားရပြန်သည်တွင် ကျွန်တော်နှင့် လင်းမြင်လှိုင် ဝမ်းသာအားရ ဖြစ်သွားရတော့၏။
“လာပြီထင်တယ် ကိုလင်းရဲ့”
သို့ဆိုသလို ကျွန်တော်က လင်းမြင့်လှိုင်ကို တိုးတိုးကပ်ပြောလိုက်ရင်း လက်တွင်းရှိ ပွိုင့် ၃၇၅ မဂ္ဂနမ်ရိုင်ဖယ်ကို မောင်းတင်လိုက်၏။
“ချောက်”
တိတ်ဆိတ်နေသည်ဖြစ်၍ သေနတ်မောင်းတင်သံသည် ကျယ်လောင်သည်ဟု ထင်ရလေတော့၏။
သို့ကြောင့် ရှေ့တူရူမှ သစ်ရွက်ခြောက်များပေါ်သို့ ဖြတ်လျှောက်လာသည့် ခြေသံရှင်သည် ရပ်တန့်သွားပုံရ၏။
လင်းမြင့်လှိုင်သည် ကျွန်တော့်ကို မျက်စောင်းထိုးကြည့်လာချေတော့၏။ ခုမှ သေနတ်မောင်းတင်ရသလားရယ်လို့ အပြစ်ပြောလိုဟန် ဖြစ်သည်။
တောင်းပန်ပါတယ်လို့ တိုးတိုးပြောလိုက်ရပြန်၏။
“ပီးလ်ရဲ … ပီးရဲလ် … ပီးရလ်”
သို့ဆိုသလို အသံထွက်လာပြန်၏။
ကျွန်တော်နှင့် လင်းမြင့်လှိုင်တို့ နားစွင့်ထားလိုက်ကြပြန်သည်။
“ရှပ် …ရှပ် … ရှပ် … ဖလပ် … ရှလပ်”
သို့ အသံပြန်ကြားရလေတော့မှ ကျွန်တော် စိတ်အေးသွားရတော့သည်။
မကြာလိုက်သော အချိန်ကလေးတွင် ချုံပုတ်သစ်ပင်တို့ကြား လမ်းမြာင်လေးမှ ဂျီ (ချေ)မကြီးတစ်ကောင် ထွက်လာချေတော့၏။
“ပီးရဲလ် … ပီးရဲလ်” လို့ အသံထွက်လာပြန်။
သည်တွင် ရှေ့တူရူသို့ ရောက်လာပြီဖြစ်သော ဂျီ(ချေ)မကြီးသည် ချုံပုတ်နွယ်ပင်တစ်ခု၏ နောက်ကွယ်တွင်သို့ ရပ်တန့်လိုက်ပြီး ရှေ့တူရူနှင့် ဘေးတစ်ဖက်တစ်ချက်ဆီသို့ အကဲခတ်၍ ကြည့်နေလေတော့၏။ ထောင်နေသော နားရွက်သည်လည်း တဆတ်ဆတ် ခါလှုပ်နေတော့၏။ ပါးစပ်မှလည်း တလှုပ်လှုပ် ဖြစ်နေသည်။
“ပီးရဲလ်”
အတန်ကြာတွင် သို့နှယ် အော်ဟစ်လာတော့၏။
ဂျီ (ချေ)မသည် ချုံပုတ်ပင်ငယ်နောက်ကွယ်တွင် ရှိနေသော်လည်း ဦးခေါင်းနှင့် လည်တိုင်သည် ချုံပုတ်မှ ကျော်၍ ထင်းထင်းကြီး ဖြစ်နေလေတော့၏။
“ပီးလ်ရဲ”
သို့နှယ် အော်ဟစ်လာပြန်ပြီး နေရာတွင်ပင် ရပ်နေသည်ဆိုပေမင့် ဦးခေါင်းကတော့မူ ဟိုဒီလှည့်ပက်နေလေတော့၏။
သို့ပေမင့် “ပီးလ်ရဲ … ပီးရဲလ် … ပီးရလ်” လို့ ကျွန်တော်တို့ ရှေ့တစ်လံနားမှာရှိ ချုံပုတ်ပင်နောက်ကွယ်မှ ထိုအသံ ပြန်ထွက်လာသည်။
ယင်း ဂျီ (ချေ)မကြီးသည် ငြိမ်သက်စွာ နားစွင့်နေလိုက်တော့၏။ ပါးစပ်က တလှုပ်လှုပ် ဖြစ်နေရသလို နားရွက်အစုံသည်လည်း တဆတ်ဆတ် တုန်လှုပ်လို့နေတော့၏။
ပစ်မှတ်ငြိမ်ဟု ပြောရပေတော့မည်။ ထို့ကြောင့် ကျွန်တော်သည် သေနတ်မောင်းထိန်းခလုတ်ကို ညင်သာစွာ ဆွဲချလိုက်တော့သည်။
“ဒိန်း”
ပြင်းထန်သော ယမ်းအားပေါက်ကွဲသံနှင့်အတူ ဂျီ (ချေ)မကြီးသည် ခေါင်းခါလျက် သွေးတို့ဖြာထွက် လဲကျသွားတော့သည်။
“ဟာ … တော်လိုက်တာ။ တစ်ချက်ပါပဲကလား”
သို့ဆိုသလိုပြောရင်း ဒေသခံမုဆိုးကြီး တာပုသည် ထ၍ ပြောလာလေသည်ကြောင့်. . .
“ဖထီးရဲ့ ဖက်စုပ်ပညာကလဲ အံ့ဩလောက်ပါပေတယ်ဗျာ။ တကယ့် သားပေါက်လေး အော်သံအတိုင်းပဲ။ ဖထီး ကျွန်တော်တို့နဲ့တူတူ ရှိနေလို့သာပေါ့။ နို့မဟုတ် တကယ့် ဂျီ(ချေ)သားပေါက်လေး ထင်မိမှာ ပစ်မိမှာဗျ”
“အဲလိုတင် ဘယ်ဟုတ်ပါ့မလဲ ဆရာလေးရယ်။ သည်လိုဖက်စုပ်ပြီး ဂျီ (ချေ)သားပေါက်လေး အသံတုလုပ် ဂျီ (ချေ)မကြီးတွေကို မျှားခေါ်တဲ့ အလုပ်က အန္တရာယ်အများသားကလား။ ဟင်းကောင်ရန်လဲ ကြောက်ရသေးတယ်လေ”
“ဘယ်လိုကြောင့်လဲ ဖထီးရဲ့”
“အေး … ဟင်းကောင်(ကျား)က ဂျီ(ချေ)ကောင်လေးမှတ်ပြီး လာတတ်သေးတယ်လေ”
“နို့ဖြင့် အန္တရာယ် အများသားကလား”
သို့ဖြင့် ကျွန်တော်တို့သည် ဂျီ (ချေ)ကောင်သေကို ထမ်း၍ ထိုနေရာလေးမှ ထွက်ခဲ့ကြတော့၏။
သို့ဆိုသလို မုဆိုးကြီးတာပုသည် တောတောင်ထဲတွင် အနေများသည်ကြောင့် တောကောင်တို့၏အသံကိုလည်း ကျက်မိနေသူဖြစ်သည်။ တောကောင်သံ ကြားသည်နှင့် ဘာကောင်ဆိုသည်ကို ပြောနိုင်၏။ သို့အသံမျိုးလည်း လိုက်တုအော်တတ်ချေ၏။
မုဆိုးကြီးတာပု၏ တောကောင်တို့၏အသံတုသည် အံ့ဩလောက်သည်။ သို့ဖြစ်ရအောင်လည်း သူသည် သွားရင်လာရင်း အားအားနေလျှင် တောကောင်တို့၏အသံကို တစ်မျိုးမဟုတ်တစ်မျိုး လမ်းသွားရင်း အော်ဟစ်တတ်လေ့ရှိချေ၏။ အလေ့အကျင့်သဘောဟု သူက ဆိုလေ၏။
သို့ဖြင့် ကျွန်တော်တို့သည် စခန်းသို့ ပြန်ခဲ့ကြလေပြီ။
ဂျီ (ချေ) ကောင်ကို အသားဖျက်နေစဉ်. . .
“ဆရာလေး … ငါ ထင်းခြောက်တုံးတွေ သွားရှာချေဦးမယ်”
ဆိုလျက် မုဆိုးကြီးတာပု “အူ … အူ … အုအူ … အုအူ … အုအူ” ရယ်လို့ အော်ဟစ် ထွက်သွားလေတော့၏။
“ဖထီးတာပုတော့ လုပ်ချသွားပြန်ပြီဗျို့။ တကယ့် မျောက်မြီးရှည် အသံလေးဗျ”
မျောက်အူသံကဲ့သို့ အော်ဟစ်သွားသော မုဆိုးကြီးတာပု၏ ကျောပြင်ကိုကြည့်၍ လင်းမြင်လှိုင်က ပြုံးစစဖြင့် ပြောလာချေတော့သည်။
သို့ဖြင့် ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် ဂျီ(ချေ)ကောင်ကို အသားဖျက်ပြီးလောက်တွင်…
“အုအူ … အူအူ … အုအူ … အုအူ” လို့ စခန်းတဲ နောက်ဘက် သစ်ပင်ထက်မှ မျောက်အသံကြောင့် လင်းမြင့်လှိုင်သည် နေရာမှ ကပျာကသီ ထလိုက်ကာ သူ၏ ဝင်ချက်စတာရိုင်ဖယ်ကြီးကို ထိုးချိန်လိုက်သဖြင့်. . .
“ကိုလင်းရေ … ကြည့်လဲ လုပ်ပါဦး။ မျောက်ကောင်စစ်စစ် မဟုတ်ဘဲ ဖထီးတာပု ဖြစ်နေဦးမယ်”
သို့ဆိုသလို ကျွန်တော်က ရယ်စရာ ပြောလိုက်သေး၏။
“ဟင်း … ဟင်း … ဟင်း။ ဘယ်လိုဖြစ်နိုင်မှာလဲ ကိုပိုက်ရယ်။ ဖထီးတာပုက အရှေ့ဘက်တောင်ကြောသွားတာပဲ။ ခုဟာက စခန်းနောက်ဘက်ကလေ။ နို့တောင်မှ အပင်ပေါ်ကလာတဲ့ အသံလေဗျာ။ ဟား … ဟိုမယ် … ဟိုမယ်၊ အကိုင်းလှုပ်နေတယ်။ ကောင်လုံးတော့ မမြင်ရဘူး”
“ဒိန်း”
သို့ဆိုသလို လင်းမြင့်လှိုင်သည် မျောက်ကောင်ကို အလွတ်မပေး၊ လျပ်တစ်ပြက် ပစ်လိုက်ချေတော့၏။
“ဘုတ်”
မျောက်မြီးရှည်ကောင် မြေပြင်သို့ ပြုတ်ကျလာတော့၏။
“ဖထီးလဲ ခုထိ ပြန်မလာသေးဘူး၊ မောလိုက်တာ”
မျောက်ကောင်ကို အသားဖျက်ပြီးသည့်တိုင် မုဆိုးကြီးတာပု ပြန်ရောက်မလာသဖြင့် လင်းမြင့်လှိုင်က ညည်းတွားစွာ ပြောလာချေတော့၏။
“ဒိန်း”
သို့ရှိစဉ် ဖထီးထွက်သွားသော တောင်ကြောဘက် ခပ်လှမ်းလှမ်းမှ သေနတ်သံတစ်ချက် ကြားရလေတော့၏။
“ဖထီးတာပု ပစ်လိုက်တာတော့ မဟုတ်လောက်ဘူးဗျ။ သူ သေနတ်မှ ယူမသွားတာ။ ထင်းတုံးဖြတ်ဖို့ ဓားမပဲ ယူသွားတာလေ”
“နို့ဖြင့် အမဲလည်ထွက်တဲ့ မုဆိုးတစ်ယောက်ယောက် ဖြစ်လိမ့်မယ်”
သို့ဖြင့် ကျွန်တော်တို့သည် ဖျက်ပြီးအသားများကို တံစို့ထိုးထားလိုက်သည်။
“ဟော … ဟိုမယ် ဖထီးတာပု ပြန်လာပြီထင်တယ်”
ရှေ့တူရှုမှ တောတိုးလျှောက်လာသံကြောင့် လှမ်းကြည့်ပြောလိုက်သည်။
“ဟင်”
မုဆိုးကြီးတာပု ဖြစ်သော်လည်း သူ့ကို လူတစ်ယောက်ကထမ်းပိုးလာခြင်း ဖြစ်တော့၏။
“ဖထီး … ဘယ်လိုဖြစ်လာတာလဲ ဟင်”
ပေါင်တွင်လည်း ဒဏ်ရာကြီးနှင့် သွေးတို့ ယိုစီးထွက်နေသည်မှာ မနည်းပါကလား။
“ကျွန်တော် သူ့ကို မျောက်မှတ်ပြီး ပစ်လိုက်မိတာ။ ကံကောင်းလို့ ပေါင်ကိုတင် ရှပ်မှန်သွားတာ”
သူ့ကို ထမ်းပိုးလာသော လူငယ်က သို့ဆိုသလို ပြောလာတော့၏။
“မင်းကလဲ မင်းပဲကွာ။ မျောက်ဆိုလျင် သစ်ပင်ပေါ်ပဲ ရှိရမှာပေါ့။ သူ မြေပြင်မှာ ရှိနေတာပဲ မဟုတ်လား”
ကျွန်တော်သည် လူငယ်မုဆိုးလေးကို သည်လောက်ညံ့ဖျင်းရကောင်းလားဆိုသည့် သဘောဖြင့် ပြောလိုက်သည်။
“သူက သစ်ပင်ပေါ်မှာပါဗျ။ မျောက်လိုအော်နေတော့ မျောက်ထင်ပြီး ပစ်လိုက်တာပေါ့”
သို့ လူငယ်မုဆိုး ပြောလေသောကြောင့် ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် မုဆိုးကြီးတာပုကို စေ့စေ့ကြည့်ကာ…
“ဖထီးရယ် … ဘယ်လိုကြောင့် သစ်ပင်ပေါ်တက် မျောက်လိုအူရတာတုံး။ မသေကောင်း မပျောက်ကောင်း”
လို့ ပြိုင်တူ ပြောလိုက်ကြလေ၏။
သည်တွင် မုဆိုးကြီးတာပုက မျက်နှာငယ်လေးဖြင့် …
“အေး … ငါ သစ်ကိုင်းခြောက်ကို တက်ခုတ်နေရင်း မျောက်လို အူမိတယ်ကွာ။ သည်ပတ်ဝန်းကျင်မှာ ဆရာလေးတို့ နှစ်ယောက်ကလွဲပြီး အခြားမုဆိုး မရှိလောက်ဘူး ထင်လို့ပေါ့”
လို့ ပြောလာချေတော့သည်။
“ဪ … သတ္တဝါလေးတွေကို လှည့်စားဖြားယောင်းတတ်သည့် မုဆိုးကြီးတာပုတစ်ယောက် လူပါးပုလင်းထိ ဖြစ်ရချေပြီ”
(ဆရာကိုပိုက်၏ ဖော်ကောင်အရိပ်နှင့် မုဆိုးဝတ္ထုတိုများစာအုပ်မှ ကူးယူဖော်ပြပါသည်)
– ပြီး –
စာရေးသူ – ကိုပိုက်