လေးမောင်
မုဆိုးဘဝ စတင်ခဲ့ရသည့်အကြောင်း
မရောက်သည်မှာ ကြာခဲ့ပြီဖြစ်သော ကိုယ့်ရပ်ရွာဆီသို့ သွားချင်သည်မှာ ကြာခဲ့ပေပြီ။ အထူးသဖြင့် ဟိုသီချင်း စတင်ပေါ်လာပြီး နားထောင်ခဲ့ရတဲ့ အချိန်ကတည်းကပေါ့။
ဘာတဲ့ ဒီသီချင်းနာမည်က စန္ဒရားထွန်းညွှန့် ရဲ့ ‘ကိုယ့်ရပ်ဌာနီ’ ဆိုတဲ့ သီချင်းလေ။
လုပ်ငန်းတွေကလည်း များပြားနေသလို အကြောင်းအမျိုးမျိုးကြောင့် ရွာဘက်ဆီသို့ ဦးမတည်နိုင်တဲ့နှစ်တွေကလည်း မနည်း၊ အချိန်တွေက ကြာညောင်းလှပြီး မိသားစုဘဝကို လူတန်းစေ့ ရှင်သန်နေထိုင်ရေးအတွက် ရုန်းကန်နေရသည့်မို့ ရွာတွင်ကျန်ရစ်ခဲ့သည့် ဆွေမျိုးသားချင်းတို့အပြင် ငယ်ချစ်ဦး ‘နှင်းနွယ်’ရုပ်ကိုပင် တွေးတောမှန်းဆယူလို့ မရတော့သည့် အဖြစ်မျိုး။
ဆွေမှန်းမသိ မျိုးမှန်းမသိ၊ ငယ်ချစ်ဦးကိုလည်း သတိမရ၊ ကျွန်တော် အမှန်သိနေသည်က ငယ်ပေါင်းများတို့နှင့် ရွာကလှမ်းကြည့်လိုက်လျှင် မှိုင်းပျပျ သာမြင်ရနေရသည့် ရိုးမတောကြီးကိုပင်။
ကျွန်တော့်ရွာကိုလည်း ကြည့်ဦးလေ။ ဟိုယခင်အချိန်များတို့ဆီကပါ။ ခရီးတစ်ခုသွားမယ်လို့ ကြံလိုက်လျှင် လှည်း၊ လှေ၊ ခြေကျင်ခရီးနှင့် အတော် အပင်ပန်းခံ၊ အဆင်းရဲခံပြီးသွားမှ ရသည့်နေရာမျိုး။
ဧရာဝတီမြစ်ခွဲဖြစ်တဲ့ ‘ငဝန်မြစ်’ က ရွာဘေးကိုဖြတ်စီးဆင်းသွားတဲ့ ‘လေးမျက်နှာမြို့’ ဆိုတာလေ။
မြို့ဆိုသော်လည်း ဟင်္သာတခရိုင်လက်အောက်မြို့ကလေးပါ။ ဒါပေမဲ့ ရုံးစိုက်ရာမြို့ဗျ။
လေးမျက်နှာမြို့ဆိုပြီး ဘာကြောင့် အမည်တွင်သလဲဆိုတော့ သူက ဆိပ်ကမ်းမြို့ကလေးတစ်မြို့ဖြစ်သလို အရပ်လေးမျက်နှာကို မုခ်ဦးမူပြီး ဘုရား တည်ထားတာကို အကြောင်းပြုလို့ ‘လေးမျက်နှာမြို့’ ဆိုပြီး အမည်တွင်ခဲ့ရခြင်းပါ။
မြို့ရဲ့အရှေ့ဘက်က ဟင်္သာတ၊ အနောက်ဘက်က ရခိုင်ရိုးမ၊ တောင်ဘက်က ရေကြည်၊ ကျုံပျော်၊ သာပေါင်းနဲ့၊ မြောက်ဘက်က အင်္ဂပူဆိုတဲ့ မြို့ရွာများတို့ ရှိကြတယ်။
ကျန်တဲ့မြို့ရွာတွေကတော့ ကျောင်းကုန်း၊ ရေကြည်၊ အသုတ်၊ ငသိုင်းချောင်း၊ ကျိုန္တလိ၊ ဂွ၊ ခမောက်စု၊ ပန်းတောကြီး၊ လှော်ကထား၊ ရှမ်းရွာ၊ ခတ္တူ၊ ထိမ်ငူတို့က ဝိုင်းပတ်ထားသလို သူတို့ရဲ့လုပ်ငန်းတွေက လယ်ယာကိုင်းကျွန်းလုပ်ငန်း၊ ငါးဖမ်းခြင်းလုပ်ငန်း၊ နှီးချောဖျာ (သင်ဖြူးဖျာ) ရက်လုပ်ခြင်း လုပ်ငန်းတွေက အဓိကစီးပွားရေးလုပ်ငန်းပါပဲ။
ထူးထူးခြားခြား အနောက်ဘက်မှာရှိတဲ့ ရခိုင်ရိုးမကြီးအတွင်းမှာ အမဲလိုက်ကြတဲ့သူတွေလည်း ရှိတာပေါ့။
လေးမျက်နှာရွာဆိုတာက ယခင်ရွာဟောင်းတစ်ရွာရှိခဲ့သလို ရေတိုက်စားမှုကမ်းပြိုဒဏ်ကြောင့် ယခုလေးမျက်နှာဆိုတာက ရွာသစ်ပါ။
ကျွန်တော် အထက်က တင်ပြနေတဲ့အချက်တွေက ရွာဟောင်းရှိစဉ်က အခြေအနေတွေကို တင်ပြနေတာပါ။
ရွာကသေးတယ်ဆိုပေမဲ့ သာသနာ့အာဇာနည်တွေဖြစ်ကြတဲ့ ရွှေဟင်္သာဆရာတော်ကြီး၊ ထွဋ်ခေါင်ဆရာတော်ကြီး၊ ဟံသာဝတီဆရာတော်ဘုရားကြီးနဲ့ လက်ရှိ အောင်ဆန်းဆရာတော်ဘုရားကြီးတို့၏ ဇာတိချက်ကြွေမွေးရပ်မြေ ဖြစ်သလို ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်များတို့ကိုလည်း မွေးထုတ်ပေးခဲ့တဲ့ မြို့လည်း ဖြစ်ပါတယ်။
ယခုအခါမှာတော့ လေးမျက်နှာ (မြို့သစ်) ဆိုသည်ကလည်း ‘ငဝန်မြစ်’ ဘေးမှာ ပြန်လည်တည်ဆောက်ထားတဲ့ မြို့ကလေး ဖြစ်ပါတယ်။
ကျွန်တော်က ဧရာဝတီမြစ်ခွဲဖြစ်တဲ့ ‘ငဝန်မြစ်’ ရိုးဘေးက လေးမျက်နှာဆိုတဲ့ရွာကလေးမှာ မွေးဖွားခဲ့သူတစ်ယောက် ဖြစ်ပါတယ်။
တစ်ခုပြောစရာရှိတာက ရွာကိုသုံးပိုင်းခွဲထားကြတယ်။ `ခုံကြီးဝိုင်း၊ ခတ္တူမိုင်း၊ တပ်ဝရပ်ဝိုင်း’ တို့ပါပဲ။ ထူးထူးခြားခြား ကျွန်တော်တို့နေထိုင်တဲ့အဝိုင်းမှာ တပ်မတော်က စခန်းချထားတဲ့အရပ်ဖြစ်လို့ ‘တပ်ဝရပ်’ လို့ခေါ်သည်လားတော့ဖြင့် မသိ။
ထိုစဉ်က တပ်မတော်သားတွေ ယူနီဖောင်းဝတ်၊ သေနတ်ကို ပခုံးမှာလွယ်ပြီး သွားလာနေတာကိုမြင်လျှင် ကျွန်တော်အရမ်းသဘောကျတာပါပဲ။ အထူးသဖြင့် ထိုသေနတ်တွေကိုကိုင်ပြီး ဟိုအဝေး အနောက်ဘက်ဆီတွင် လှမ်းမြင်နေရသည့် အနောက်ရိုးမတောကြီးအတွင်း ဝင်ရောက် အမဲသားကောင်များတို့ကို ပစ်ခတ်ချင်သည့်စိတ်က တားမနိုင်ဆီးမရ ဖြစ်ခဲ့ရသည်က အမှန်။
အဲဒီအချိန်တုန်းဆီလောက်က အဖေကလည်း ရံဖန်ရံခါ သူ့ အပေါင်းအသင်းတွေနဲ့ ချိန်းပြီး အမဲပစ်ထွက်လေ့ရှိတယ်။ အဲဒီနောက်ရိုးမတောကြီးဆီကိုတော့ မဟုတ်ဘူး။ များသောအားဖြင့် သူတို့ သွားတတ်ကြတဲ့နေရာက ငသိုင်းချောင်းဟိုဘက် ‘သီတာကုန်းမြေ’ ဆိုသည့် နေရာကို သွားကြတာပါပဲ။
သူကိုင်တဲ့သေနတ်က ‘ဂရင်နာ’ လို့ခေါ်တဲ့ သေနတ်မျိုး။ ကျည်ဆန်ကတော့ နှစ်လုံးပြူးကျည်ဆန်မျိုး ဆိုပေမဲ့ ထိပ်ဖျားမှာ ခပ်ရှူးရှူးကလေး ကြာဖူးရိုးနဲ့။ သေနတ်ကတော့ တစ်လုံးထိုးပုံစံမျိုး။ ကျည်ခွံကဖြူပြီး ‘အလူမီနီယံ’နဲ့ လုပ်ထားတယ်နဲ့ တူပါတယ်။
ကျွန်တော်က အဲဒီသေနတ်ကို သိပ်ကြိုက်ပေမဲ့ အဖေကတော့ ကိုင်လို့ မပြောနဲ့၊ အနားကိုတောင်သိပ်အကပ်မခံလို့ အမ (အမေ) နဲ့ မကြာခဏ စကားများရတယ်လေ။
ဒါနဲ့ ပြောရဦးမယ်။ ကျွန်တော်တို့အရပ်က အမေကို (အမ) လို့ ခေါ်ကြတယ်။ ဦးလေးကိုတော့ (ပထွေးလေး) လို့ ခေါ်ကြတယ်ဗျ။
အမှန်တော့ အဖေတို့အဖွဲ့ အဲဒီဘက်ကို သွားနေတာက အမဲပစ်ဖို့ထက် သူတို့ဆရာ ‘ဆင်ဘိုးထွန်း’ ဆီကို သွားကြတာပါပဲလေ။ နောက်ပိုင်းစုံစမ်းလေ့လာကြည့်တော့ တော်လှန်ရေးခေါင်းဆောင်တွေကို လက်နက်ဝယ်ဖို့အတွက်၊ သူတို့အဖွဲ့က တောထဲမှာ ရှိနေတဲ့သယံဇာတပစ္စည်းတွေကို ရှာပေးနေကြတဲ့ အဖွဲ့ ဆိုလားပဲ။
တစ်ခါတစ်ခါ သူတို့အဖွဲ့ ဆင်ကြီးတွေကိုစီးပြီး ပြန်လာကြတဲ့အခါမျိုးဆိုရင် အသားခြောက်တွေကို အိတ်ကြီးတွေနဲ့ ပါလာသလို ဆင်စွယ်တွေကအစ ပစ္စည်းတော်တော်များများ ပါလာတတ်ကြတယ်။ နောက်ရက်မှာတော့ အဲဒီပစ္စည်းတွေကိုရောင်းပြီး ရတဲ့ငွေကို သူတို့အဖွဲ့ သူ့ဆရာ ‘ဆင်ဘိုးထွန်း’ဆီ ပြန်သွားကြတာ တွေ့ရပြန်တယ်။
သူတို့ပါလာကြတဲ့ အသားခြောက်တွေကို ကျွန်တော်တို့ မစားချင်မှအဆုံး။ အဲဒီအသားတွေကို စားနေရတဲ့ ကျွန်တော်က မကျေနပ်နိုင်သေးဘဲ မုဆိုးပိုးက ငယ်ထိပ်တက်ကပ်တော့တာပါပဲ။
အရွယ်ကလည်းငယ်၊ လူရာအသွင်းကိုလည်း မခံရသေးတော့ ရွာဦးကျောင်းကပြန်ရင် သူငယ်ချင်းတွေနဲ့ ဆုံကြရတာပေါ့။
ဟိုဘက်ခေတ်အချိန်ဆီက ငဝန်မြစ်ဘေးမှာရှိတဲ့ ‘လေးမျက်နှာ’ ဆိုတဲ့ ရွာကလေးဟာ ရွာဆိုတဲ့အတိုင်း ဘာကိုမျှ ပြီးပြည့်စုံမှု မရှိပါဘူး။ ပင်ပန်းဆင်းရဲရခြင်းတွေနဲ့ ရွာသူရွာသားတွေ ရှင်သန်နေခဲ့ကြရတာ အားလုံးလိုလိုပါပဲ။
ရွာသိမ်ရွာငယ်မျိုးတို့ဆိုတာက ထမင်းတစ်လုတ်နပ်မှန်ဖို့အတွက် လူတိုင်းက နေဝင်မိုးချုပ်လှုပ်ရှားနေကြရတဲ့ ရွာကလေးလေ။
အားလုံးကလည်း သူလိုကိုယ်လိုတွေချည်းဆိုတော့ ရွာရဲ့အဓိကလုပ်ငန်းတွေထဲမှာ တံငါလုပ်ငန်း ကလည်း နေရာယူထားတာဆိုတော့ အိမ်တိုင်းလိုလိုပဲ ငါးဖမ်းပိုက်၊ မြှုံးတွေ ရှိနေတဲ့ သူငယ်ချင်းတွေအိမ် ကျွန်တော်ရောက်သွားရတာပေါ့။ ဝါသနာက ပါနေသည်ပဲကိုး။
အဲဒီရွာကလေးမှာ သူငယ်ချင်းတွေကလည်း ကိုယ့်လိုပဲ ကြီးပြင်းလာကြရတဲ့သူတွေဆိုတော့ အရွယ်မရောက်ကြသေးတဲ့ ကျွန်တော့်သူငယ်ချင်းတွေ ကိုယ်တိုင်ကလည်း ငါးဖမ်းပိုက်တွေအကြား ကျင်လည်ခဲ့ကြရသူတွေဆိုတော့ လှေကိုလည်း သူတို့က လှော်တတ်ကြတယ်။ ငါးပေါတဲ့ချောင်း၊ မြောင်း၊ အင်းအိုင်တွေဆီကိုလည်း သူတို့က သိနေကြတယ်။
ငါးစာကို ဘယ်လို တပ်ရမယ်ဆိုတာတွေလည်း သူတို့က သိနေကြတယ်။ ရာသီဥတုအခြေအနေကိုလည်း သူတို့က နားလည်ကြတယ်။ ငဝန်မြစ်အတွင်းက လှိုင်းဂယက်တွေကိုကြည့်ပြီး ဘယ်နေရာ ဘာငါးရှိမယ်ဆိုတာတွေကိုလည်း သူတို့က သိကြတယ်။
သည်အတတ်ပညာက ရွာသားတိုင်း ကျွန်တော်တို့လို ကလေးဘဝအရွယ်ကတည်းက ဘဝပေးအတွေ့အကြုံများအရ သိလာကြတဲ့ ပညာရပ်တွေပါပဲ။ မျိုးဆက်သစ်ကလေးတွေဆိုတော့ ဧရာဝတီရဲ့လက်ခွဲဖြစ်တဲ့ ငဝန်မြစ်ကို တိုးလျှိုပေါက်မြင်ကြတာပေါ့လေ။
သည်တော့ သူငယ်ချင်းတွေနဲ့ကပ်ပြီး ငါးမျှားတဲ့အလုပ်ကို စသင်ရသလို၊ လောက်စာလုံး (လေးသီး) ကိုင်ပြီး လေးခွတစ်လက်နဲ့ ပညာသင်ဘဝကို ရောက်ခဲ့ရတာပါပဲ။
သည်နေရာမှာ ပြောပြချင်တာက ကျွန်တော့ထက် အသက်အနည်းငယ်ပိုကြီးတဲ့ ‘ငတွတ်’ရဲ့ လေး အကြောင်းကိုပါပဲ။ ကျွန်တော် အလွန်သဘောကျတာပဲကိုး။
ကျွန်တော်ပြောတဲ့ ‘လေး’ ဆိုတာက ‘လောက်လေး’ ဆိုတာကို ပြောတာ။ သူက လောက်လေးခွလို မဟုတ်ဘူး၊ ရှေးခေတ်ကသုံးစွဲကြတဲ့ မြန်မာ့လက်နက်စစ်စစ်ကို ပြောတာပါ။
လောက်လေးနှင့် လောက်လွှဲဆိုတာမျိုးက `လောက်စာလုံး’ ပစ်ခတ်ရသော အဝေးပစ်လက်နက်ဖြစ်သည်။ လင်းလေးနှင့် ဒူးလေးတို့လို မြားနှင့် ပစ်ခတ်ကြရသည့် လက်နက်မျိုးနှင့် ထင်ယောင်ထင်မှား ဖြစ်တတ်ကြသည်။
လောက်လေးကိုင်းတံ၊ သစ်သား (သို့) ဝါးအဆစ်ပိတ်တို့နှင့် လုပ်ကြရသည်။ ထိုလေးကို ကိုင်ဆောင်မည့်သူ၏အင်အားအလိုက် လေးကိုင်းကို အတိုအရှည် အကြီးအသေး လိုသလောက်ကို ပုံစံတကျခုတ်ပြီး ကျပ်ခိုးစင်ပေါ်တွင် အတော်ကြာကြာ တင်ထားရသည်။
လေးကိုင်းနှစ်ဖက်တွင် လောက်လေးကြိုးချော်မထွက်စေရန် အဖျားနှစ်ဖက်ကို ထစ်ထားရသည်။
လောက်လေးကြိုးမှာ စတင်ပြီး ကျစ်သည်ဆိုကတည်းက ကိုယ်နှင့်လိုက်ဖက်မည့် ကိုင်းပေါ်မူတည်ပြီး အစွန်းနှစ်ဖက်တွင် ကြိုးထူထူနှင့် ကွင်းနှစ်ကွင်း ကျစ်ရသည်။
ထိုအစွန်းများမှ ကြိုးနှစ်ချောင်းအကြား အလယ်တွင် ‘လောက်စာအိမ်’ ကို တစ်ခါတည်း ကျစ်ရသလို၊ ကိုင်းတံအစွန်းနှစ်ဖက်နှင့် စွပ်မည့်ကွင်း နှစ်ကွင်းနှင့် မနီးမဝေးတွင် ဝါးကိုခွထောက်ကလေးနှစ်ခုကို ပြုတ်ထွက်မသွားစေရန် ကြိုးနှင့်ပတ်ပြီး ထိန်းထားပေးရသည်။
ထိုခွထောက်ကလေးနှစ်ခုကြောင့် လောက်လေးကြိုးမှာ လောက်စာအိမ်အကျယ်အတိုင်း မျဉ်းပြိုင်လိုဖြစ်နေသည်။
လောက်လေးကို ဆွဲယူပစ်လိုက်သောအခါ၌လည်း လောက်လေးကိုင်းနှင့် လောက်စာအိမ်မှာ တည့်တည့်ဖြစ်နေသဖြင့် လောက်စာလုံးကို လွှတ်လိုက် သည်နှင့် လောက်လေးကိုင်းကို ကိုင်ထားသည့် လက်ကောက်ဝတ်အားနှင့် လက်ခံဘက်ဆီသို့ ဆတ်ခနဲ နောက်ပြန်ကွေးကာ၊ လေးသီးသွားလမ်းကြောင်းကိုင်းတံကို ဖယ်ပေးလိုက်ရသည်။
ထို့အတွက်ကို လောက်လေးကို ကိုင်ဆောင်ကြသူတို့သည် လက်ကောက်ဝတ်အား၊ လက်ဖျံအားအလွန်ကောင်းမှသာ ပစ်ခတ်ရာတွင် ထိရောက်မှုရှိသည်။
ကျွန်တော် လောက်လေးကို အမြဲကိုင်ပြီး ပစ်ခတ်နေတဲ့ ‘ငတွတ်’ နဲ့ ဆုံတွေ့ပြီး တပည့်ခံလိုက်သည့်အကြောင်းကလေးကိုလည်း ပြောပြချင်ပါသေး သည်။
ကျွန်တော် ပညာသင်တဲ့ကျောင်းက နိဗ္ဗာန်ကျောင်းဆိုတဲ့ရွာက ဘုန်းတော်ကြီးကျောင်းမှာလေ။ ကျွန်တော့်နှစ်ဖက်စာလောက်ရှိတဲ့ ကျွန်းတိုင်ကြီးတွေ တစ်ရာလောက်ပေါ်မှာ ကျောင်းဆောက်ထားတဲ့ကျောင်းပေါ့။ ဆရာတော်ဘုရားကြီးကို တစ်ရွာလုံးကိုးကွယ်ကြသလို အလွန်ကြည်ညိုလေးစားကြပါ တယ်။
ဆရာတော်ဘုရားကလည်း သြဇာကြီးသလားမမေးနဲ့။ အလွန် ဘုန်းကြီးတာ။ အရိုက်အနှက်ကလည်း အသက်အရွယ်နဲ့ မလိုက်။ စိတ်မြန်သည်ကလည်း မပြောနဲ့။ သူစိတ်တိုင်းကျ မတွေ့ဘူးဟေ့ဆို ကျွန်းတိုင်ကြီးကို အဖက်ခိုင်းပြီး ထားဝယ်ကြိမ်နဲ့ အနှိပ်ခံလိုက်ရလို့ကတော့ အိမ်ကိုထမ်းပြီး အရိုက်ခံရသူကို ပြန်သွားနှာနှပ်ယူပေတော့။
သူခေါ်နေလျှင် ကြောက်ပြီး ထွက်ပြေးပြီဆိုလျှင် အထက်က တင်ပြခဲ့တဲ့ လောက်လေးစာမိပြီသာမှတ်။ အခြားနေရာကိုတော့ မပစ်၊ ပြေးတဲ့ ခြေထောက်ကို ပစ်တာပါပဲ။ မပြေးနိုင်တော့မှ ကျောင်းကိုခေါ်ပြီး တစ်ခါတိုင်ဖက်ခိုင်းပြီး ရိုက်လိုက်ပြန်သေး။ နှစ်ခါနာပေါ့။ လောက်လေးပစ်ကလည်း တည့်သလား မမေးနဲ့။
ကျောင်းဝင်းကြီးကလည်း ကျယ်၊ သီးပင်စားပင်များတို့ကလည်း ပေါ၊ အထူးသဖြင့် ကျောင်းဝင်းကြီးအတွင်းရှိ ညောင်ပင်၊ ကုက္ကိုပင်ကြီးများထက်တွင် လင်းဆွဲများတို့က အများအပြား၊ အကောင်ရေကို ရေတွက်လို့ပင် ရသည်က အပင်တိုင်းလိုလို။
စာကိုသာသင်နေရပေမဲ့ ကျွန်တော့်စိတ်တို့က ထိုလင်းဆွဲများဆီသို့ ရောက်နေသည်က အချိန်တိုင်းလိုလို။ ဆရာတော်ဆို ကြောက်လွန်းသဖြင့် စကားပင် ရဲရဲမပြောရဲ။
ထိုလင်းဆွဲကြီးများက ညအစာရှာငှက်များ၊ ညနေစောင်းလျှင် သူတို့ ပျံသန်းအစာရှာထွက်ကြသည်က ကျွန်တော်တို့ရွာအိမ်များအထက် ဝါးသုံးရိုက်လောက်အထက်တွင် မည်းလို့ ခဲလို့။
ကျောင်းလွှတ်သဖြင့် အိမ်ကိုပြန်ရောက်နေသော ကျွန်တော့်အတွက် လေးသီးအပြည့်ထည့်ထားတဲ့ လွယ်အိတ်တစ်လုံးနှင့် လေးခွတစ်လက်ကို ကိုင်ပြီး အောက်ကနေ လှမ်းပစ်နေရာသည်က နေ့စဉ်။
“အလာလာ၊ အလယ်လယ်၊ သီသီကလေးကွာ၊ ထိတယ်ကွာ အတောင်ဖောက်ထိပြီး မကျဘူးကွ”
ဆိုသည့် မရိုးမရွေအော်သံများနှင့် လေးသီးတစ်အိတ်သာ ကုန်သည်။ တစ်ကောင်မျှ မရလိုက်သည့်ရက်က များသည်။
တစ်နေ့ –
ကျွန်တော် ညနေပိုင်း လင်းဆွဲများကို အိမ်ရှေ့မြေပြင်မှ လှမ်းပစ်ခတ်နေစဉ်အချိန် ငတွတ် က သူ့လောက်လေးကိုကိုင်လျက် ကျွန်တော့်အနီး ရောက် လာပြီး ကြည့်နေသည်။ သို့အတွက် ကျွန်တော်က လင်းဆွဲများ အပျံကို လိုက်ပစ်နေရာ လေးသီးတစ်အိတ်ကုန်သွားသော်လည်း တစ်ကောင်မျှမရ သည်ကို သူကကြည့်ပြီး ပြုံးလိုက်ရင်း ကျွန်တော်ရှေ့တွင်ပင် သုံးချက်ပစ်ပြရာ သုံးကောင်လုံး မြေပြင်ကိုကျလာသည်ကို တအံ့တသြတွေ့လိုက်ရပေသည်။
ထိုအချိန်မှစပြီး ‘မောင်တွတ်’ ကား ကျွန်တော်၏ အန္တေဝါသိဆရာရင်း ဖြစ်သွားပေတော့သည်။
ကျွန်တော်က သူ့ဆီတွင်တပည့်ခံလိုက်သည့်အတွက် စတင်သင်ကြားပေးသည်က လောက်လေးကြိုးကိုကျစ်နည်းပင်။ သူသင်ပေးသဖြင့် ကျွန်တော် သင်ယူရသော ထိုပညာရပ်သည် အမှန်တွေးလိုက်လျှင် ထိုနည်းကို မုဆိုးတိုင်းပင် မတတ်သော ပညာရပ်။ စမ်းတဝါးဝါးနှင့် လုပ်ကြမည်ဆိုလျှင်လည်း လေးကိုင်းတံက တခြား၊ ကြိုးက တခြားမို့ အဆင်ပြေခဲလှသည်။
လေးကိုင်းတံလုပ်ရန် ဝါးကို အရင်ရှာရသည်။ ဝါးတိုင်းလုပ်လို့ရသည် မဟုတ်။ ဥပမာပြောရလျှင် ဒေါင်ထဲကွန်ဝါး (ထောင့်ထဲကွန်ဝါး) သို့မဟုတ် (သရဖူဝါး) မျိုးတို့ကို ရအောင်ရှာရမည်။ ရပြန်တော့လည်း ဝါးက ရင့်ရမည် ဖြစ်သလို ဖြောင့်လည်းဖြောင့်ရမည်။
ဝါးကို မဖြတ်ခင် ဝါးပင်အခြေမှအထက်ကို မော့ကြည့်၊ အကင်းထူပြီး အဖြောင့်ဝါးကိုရွေးပြီး ‘လောက်လေးကိုင်းတံ’ ကို စိတ်တိုင်းကျကိုယ်နှင့် လိုက်ဖက်မည့်ပုံစံကို ခုတ်ပြီး ကျပ်ခိုးစင်ပေါ် တင်ထားပြီးမှ ကိုယ်နှင့်လိုက်ဖက်မည့်ကြိုးကို စိတ်ကြိုက်ဖန်တီးယူမှသာရသည့် ပစ္စည်းပင်။
သူသင်ပြသည့်အတိုင်း ကျွန်တော်လုပ်ဆောင်ပြီးတော့မှ ပစ်နည်းကို သင်ပေးသည်။ အထက်၊ အောက်၊ ဘေး၊ ဘယ်ညာများတို့ကို လိုသလို ပစ်ခတ်တတ်တော့မှ အဆင့်တက်ပြီး ပစ်မှတ်ထားရာဆီသို့ ထိအောင် ပစ်ခိုင်းပြန်သည်။
ပညာကိုလည်း လိုချင်သလို မုဆိုးပိုးကလည်း ငယ်ထိပ်ရောက်နေသူဆိုတော့ အဌာရဿ (၁၈) ရပ်ထဲက ထိုပညာရပ်ကို ကျွန်တော် အချိန်တိုအတွင်း သင်ယူတတ်မြောက်သွားခဲ့ပေသည်။
သို့သော် သူက လက်မလွှတ်သေး။ လက်တွေ့ ပညာရပ်က ကျန်နေသေးသည်။
တစ်နေ့ –
“မင်း လောက်လေး ပစ်တော့ အတော်ကလေး ပစ်တတ်နေပြီ။ လေ့ကျင့်ဖို့အတွက်ပဲ လိုတယ်။ ငါ မနက်ကို ပန်းတောကြီးဘက်ကို သွားမလို့။ မင်းလိုက် နိုင်မလား”
မောင်တွတ်က ပြောလိုက်သည့်အတွက် ကျွန်တော်က –
“ဟုတ်လား၊ ပန်းတောကြီးကို ဘာသွားလုပ်မှာလဲ”
“ငါ့ကို အစ်မက ကြွေးတောင်းခိုင်းလို့။ အဲဒါ သွားရင်း လမ်းမှာ ငှက်ပစ်ရင်းသွားမယ်။ အားကြီးငှက်ပေါတဲ့နေရာ။ မင်းအိမ်ကို ပြောကြည့်ပါလား”
“မနက်ဖြန် ဥပုသ်နေ့ဆိုတော့ ကျောင်းကတော့ပိတ်ပါတယ်။ အဖေ့ကို ပြောကြည့်မယ်လေ။ အဖေခွင့်ပြုရင် လိုက်ခဲ့မယ်”
ပန်းတောကြီးရွာဆိုသည်က ကျွန်တော်တို့ရွာက လှမ်းကြည့်လျှင် လှမ်းမြင်နေရသည့် အနောက်ရိုးမကြီးနှင့် ဆက်စပ်နေသည့်ရွာ။ ထိုရွာတွင် အမဲလိုက်သူများ အခြေချနေထိုင်သူတို့များသည့်အတွက် ကျွန်တော်က လိုက်လုံခြင်း ဖြစ်ပေသည်။ အဖေ့ကို ခွင့်တောင်းကြည့်တော့ ခွင့်ပြုသည့်အတွက် လိုက်သွားမိခြင်းပင်။
ကျွန်တော်တို့နှစ်ယောက် လျှောက်လှမ်းနေသည့်လမ်းက သစ်ပင်ဝါးပင်များတို့က ထူထပ်ပြီး နေပြောက်ပင် မထိုးနိုင်အောင် အုပ်အုပ်ဆိုင်းဆိုင်း ညို့ညို့မှိုင်းမှိုင်း ရှိနေသော ရိုးမတောကြီးအတွင်းဆီသို့ ဦးတည်လျက်။
စားပင်များတို့က ပေါများသည့်အတွက် ငှက်များတို့က စားသောက်နေကြသဖြင့် ငှက်အလွန်ပေါများသည်။ အထူးသဖြင့် ငှက်ကြီးများ ပေါလွန်းသည့်နေရာမို့ ကျွန်တော်တို့နှစ်ဦးသား ငှက်ငနွား၊ ငူ (ခြေစိမ်း) တို့လောက်ကိုသာ အငယ်ဆုံးထားကာ ပစ်ခတ်သွားကြသဖြင့် ရွာဆီသို့ပင် မရောက်ကြသေးမီ ငှက်အတော်များများတို့က ရနေကြပေပြီ။
ငှက်ငနွားဆိုသည့် အကောင်းမျိုးတို့က တစ်ကောင်လျှင် သုံးဆယ့်ငါးကျပ်သား။ သုံးကောင်ပေါင်းလျှင် တစ်ပိဿာ။ ငူ (ရာမ္မတီး) ငှက်ဆိုသည်ကလည်း (ခြေစိမ်း) ဆိုပါက အလေးချိန်က ငှက်ငနွားတစ်ကောင်နီးပါး အလေးချိန်စီးသည်။ (ခြေနီ) လိုအကောင်က အနည်းငယ်သေးသည်မို့ မပစ်ခတ်ကြ။
သူတို့ထက်ပိုကြီးသော အကောင်များကိုသာ ပစ်ခတ်ရင်းနဲ့ ပန်းတောကြီးရွာသို့ရောက်တော့ ရွာခံမုဆိုးများအိမ်တွင် ချက်ပြုတ်စားသောက်ပြီး အကြွေးတောင်းကာ နှစ်ဦးသား ရွာဆီသို့ပြန်တော့ နေပင်မွန်းတည့်နေခဲ့ပေပြီ။
“တို့အပြန်ကျရင် တောလမ်းက ပြန်မယ်ကွာ၊ ရစ်ပစ်ရင်းပေါ့”
တောလမ်းအတိုင်း ရစ်များကို ရှာဖွေပစ်ခတ်ရန် ပြန်ခဲ့ကြပေသည်။
ထိုစဉ် သူက-
“ခု တို့နှစ်ယောက် ပြန်မယ့်လမ်းက ကြက်ခြမ်းတောနဲ့ ပုံမင်းတောကို ဖြတ်ပြီး ပြန်ရမယ့်လမ်းဆိုတော့ သတိထားသွားကွာ။ အကောင်ကြီးတွေနဲ့လည်း တိုးနိုင်တယ်”
“အကောင်ကြီးဆိုတာ ဘယ်လိုအကောင်မျိုးကို ပြောတာလဲဟင်”
ကျွန်တော်ကြောက်နေသည်ကို သူက သိသွားသဖြင့်
“အကောင်ကြီးဆိုတာ တောဝက်လိုအကောင်မျိုးပေါ့ကွာ။ မကြောက်နဲ့၊ သစ်ပင်ပေါ်တက်နေလိုက်ရင် သူ ဘာမျှလုပ်လို့မရပါဘူး”
ကျွန်တော်တို့နှစ်ဦးသား လောက်လေးကိုယ်စီကိုင်လျက် လျှောက်လှမ်းလိုက်ကြရာ ကြက်ခြမ်းတောကြီးအနီးဆီသို့ ရောက်ခဲ့ကြသဖြင့် သူက တောကြီးအတွင်းဆီသို့ သွားလက်စကို ရပ်လိုက်ရင်း အတန်ကြာကြာ လိုက်လံကြည့်ရှုနေသော်လည်း ဘာကို လိုက်ကြည့်နေမှန်း မသိသည်က အမှန်ပင်။
ထိုစဉ်-
“ဟု… ကိကိ၊ ဟု .. ကိကိ”
“ဝေါ … ဗျောဗျာ”
ကျယ်လောင်သော အသံကြီးများနှင့် ဟစ်အော်လိုက်ကြပြီး ကြက်ခြမ်းတောကြီးအတွင်းသို့ ဝင်ပြေးလွှားသွားသည့် အသံကြီးကို နှစ်ဦးသားကြားလိုက် ကြရသဖြင့် အသံလာရာဆီသို့ လှမ်းကြည့်လိုက်တော့ မည်သည့်အကောင် ဖြစ်သည်ကိုတော့ မတွေ့ရသော်လည်း ရိုးမတောကြီးအတွင်းဆီမှ ကျွန်တော်တို့နှစ်ဦးဘက်ဆီသို့ မျက်နှာချင်းဆိုင်ကာ လက်တွင်လှံတစ်ချောင်းကို ကိုင်ရင်း ပြေးလွှားလာနေသည့် လူတစ်ယောက်ကို နှစ်ဦးသား တွေ့မြင်လိုက်ကြရပေသည်။
ကျွန်တော်က သူ့မျက်နှာကိုလှမ်းကြည့်ရင်း မေးမည်လုပ်တော့ သူက လက်ကာပြလိုက်သဖြင့် မမေးတော့ဘဲ ထိုသူပြေးလာရာဆီသို့ လှမ်းကြည့်နေလိုက်မိပေသည်။
“ရစ်တွေ လန့်အော်ပြီး တောတိုး ပြေးသွားကြတယ်ကွ၊ ဟိုလူပြေးလာနေပုံကို ကြည့်စမ်း။ နောက်က တစ်ကောင်ကောင် လိုက်လာသလိုပဲ”
သူက ပြောပြောဆိုဆို ကိုင်ဆောင်ထားသည့် လေးကို လေးသီးတပ်ကာ အသင့်ပြင်လိုက်သလို ကျွန်တော်ကလည်း အသင့်ပြင်လိုက်ရင်း စောင့်ကြည် နေလိုက်မိစဉ် ပြေးလာသူ၏ နောက်ကျောဘက်ဆီမှ အကောင်မည်းမည်းတစ်ကောင်ကို တွေ့လိုက်ရသဖြင့် –
“ဟာ သူ့နောက်က ဝံတစ်ကောင်ပြေးလိုက်လာပါလားကွ”
သူ့အသံက ဝံတစ်ကောင်ဆို၍သာ မြင်လိုက်ရသည်။ အမှန်တော့ ဝံဆိုသည့်အကောင်ကို ကျွန်တော်ဘယ်လိုအကောင်မျိုးဆိုသည်ကို မသိတာက အမှန်။
မြင်ကွင်းအရပြောရမည်ဆိုလျှင် ရိုးမတောကြီးအတွင်းတွင် ကျွန်တော်တို့နှစ်ဦးသား ကြုံတောင့်ကြုံခဲအဖြစ်မျိုးနှင့် ကြုံတွေ့လိုက်ရသည့် မြင်ကွင်းတစ်ခု ပင်။ နောက်ပိုင်းတွင် ထိုမြင်ကွင်းက လူတစ်ယောက်နှင့် သားကောင်တစ်ကောင်တို့၏ အသက်လုတိုက်ပွဲတစ်ခုအသွင်ကို ပြောင်းလဲသွားပေတော့မည်။
တိုက်ပွဲကား တရားသဖြင့်တိုက်ကြရသည့်ပွဲမျိုးတော့ဖြင့် ဟုတ်ဟန်မတူ။ သူ့အတွက် အနိုင်ရရှိရေးကိုသာ ဦးတည်ရမည့် တိုက်ပွဲမျိုးပင်။
အဘယ့်ကြောင့်ဆိုသော် တိုက်ပွဲကား လူသားတစ်ဦးနှင့် ဝက်ဝံတစ်ကောင်တို့၏ တိုက်ပွဲဖြစ်နေခြင်းကြောင့်ပင်။
လူသားက လက်တွင် လှံတစ်ချောင်းကိုကိုင်ဆွဲထားသည်။ ရှေ့ကလျှို တစ်ခုခံနေသည့်အတွက် ဆက်မပြေးတော့ဘဲ ရပ်တန့်ကာ နောက်မှ လိုက်လာနေသည့် ဝက်ဝံကို ပြန်ကြည့်နေသည်။ ဝံကလည်း နောက်မှ လေးဘက်ထောက်ပြေးလွှားလိုက်ပါနေရင်းမှ ရန်သူက ရပ်ကာ သူ့ကို ခုခံတော့မည်ကို သိနေသဖြင့် ပြေးလက်စကို ရပ်တန့်လိုက်ပြီး မြေပြင်ထက်ဆီတွင် မတ်တတ်ရပ်လိုက်ကာ သွားစွယ်ကြီးများကို အဖွေးသားထုတ်လျက် ပါးစပ်ကြီးဖြဲကာ –
“အာဝူး … ဝူး ဂဲ … ဝူး ဂဲ”
လက်သည်းရှည်ကြီးများတို့နှင့် အတိရှိနေသည့် လက်ကြီးနှစ်ဖက်ကို မျက်နှာနှင့် ရင်ဘတ်တွင် ကပ်ထားလိုက်ရင်း ရပ်တန့်လျက် လူသား၏ အလစ် အငိုက်ကို စောင့်ကြည့်ချောင်းမြောင်းနေလျက် ရှိသည့်အတွက်။
ယခု ကျွန်တော်တို့နှစ်ယောက် ရောက်ရှိနေသော နေရာသည် ကြက်ခြမ်းတောကြီးရှိရာဆီသို့အဝင် ကြက်ခြမ်းပင်များတို့ ပေါက်ရောက်နေသည့် တောင် ကုန်းကလေးအနီး လူနှင့် ဝက်ဝံတစ်ကောင်တို့၏ ရင်ဆိုင်တွေ့ဆုံပွဲ။
ကျွန်တော်တို့နှစ်ဦးက ဝါးသုံးရိုက်စာအကွာ သပွတ်သိမ်ပင်များနှင့် ကြက်ခြမ်းတောအကြားမှ လှမ်းတွေ့ နေရခြင်းဖြစ်သဖြင့် မြင်ကွင်းက ထင်ထင်ရှားရှားပင် တွေ့မြင်နေရခြင်းပင်။
လူသားက သူ၏လက်တွင် လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသော်လည်း ဝက်ဝံကို ဝင်မထိုးသေး။ အဘယ့်ကြောင့်ဆိုသော် ဝက်ဝံကြီး၏ အားနည်းချက်ကို ထိုးရန်အတွက် အလစ်ချောင်းမြောင်းနေသည့်ဟန်ပင်။
ဝက်ဝံကြီးကလည်း သူ့ကိုပြန်လည်ခုခံနေသည့် လူသားကို ထားခဲ့ပြီး သွားမည့်ပုံမပေါ်။ ကိုက်ခဲ ဆွဲဖြဲမည့်အသွင် သူ့လိုအကောင်တစ်ကောင်ကို ယခုလိုအာခံနေသည့် အသွင်ကိုကြည့်ပြီး တစ်စစီဆွဲဖြဲပစ်မည့်ပုံ။
ကျွန်တော်တို့ နှစ်ယောက်က ရပ်တန့်နေရာက ဘေးဘက်ကွက်သာဆီသို့ အနည်းငယ်ရွှေ့ကာ နေရာကောင်းကိုယူလိုက်ပြီး ရပ်လိုက်စဉ် ဝက်ဝံကြီးက မည်သည့်အားနည်းချက်ကို တွေ့မြင်သွားသည်တော့ဖြင့်မသိ။ အရှိန်ယူလိုက်ပြီး လှံကိုင်လူသားထံ ပြေးလာကာ လက်နှစ်ဖက်ဆီမှ လက်သည်းရှည်ကြီးများ နှင့် လှမ်းကုတ်ပစ်လိုက်သည်။
ထိုဝံကြီး၏ လုပ်ရပ်ကြောင့် ကျွန်တော်တို့ နှစ်ဦးစလုံး ‘ဟာ’ ခနဲ ဖြစ်သွားလိုက်မိကြသည်က အမှန်။
လှံကိုင်လူသားက တောကျွမ်းကာ အတွေ့အကြုံရှိသူလားတော့ဖြင့် မသိ။ နေရာတွင် မုဆိုးဒူးထောက်ထိုင်လျက် အရှိန်နှင့်ပြေးဝင်လာသည့် ဝံကြီး၏ ရင်အုံဆီသို့ လှံသွားနှင့်ချိန်ကာ ထောက်ထားလိုက်သည်။
ဝံကြီးကား လူကိုသာ မဲနေပြီး လှံသွားကို သတိထားလိုက်မိဟန်မတူ။ ရင်ဘတ်တွင် အရှိန်ပြင်းစွာ ထိုးဝင်သွားခြင်းကို ထိုးခံလိုက်ရပြီး၊ မြေပြင်သို့ လိမ့်သွားကာ ရုန်းကန်လှုပ်ရှားလိုက်မှုကြောင့် လှံကိုင်လက်မှ ဆောင့်ကာရုန်းထွက်လိုက်မှုကြောင့် ပြုတ်ထွက် သွားသည်ကို တွေ့လိုက်ရပေသည်။
လှံကိုင်လူသားနှင့် ဝံကြီး တို့၏တိုက်ကွက်မှာ မြန်ဆန်လွန်းသည့်အတွက် ကျွန်တော်တို့နှစ်ယောက် အသေအချာပင် မြင်တွေ့လိုက်ရသည်။
ဝံကြီးမှာ ရင်ဘတ်တွင် လှံကတန်းလန်းဆိုသော်လည်း သူ၏လက်သည်းများနှင့် ကုတ်ခြစ်လိုက်သည့်အတွက်ကြောင့် လှံကိုင်လူသား၏ လက်မောင်းတွင် လက်သည်းရာအချို့ နစ်ဝင်သွားခြင်းကို ခံလိုက်ရသည်မို့ သွေးတို့က ဖြာဆင်းကျလာသည်ကိုလည်း တွေ့မြင်လိုက်ရပေသည်။
နာကျင်စွာရှိနေသောသူက လက်မှဒဏ်ရာကို လက်နှင့် ဆုပ်ကိုင်ရပ်တန့်နေစဉ်၊ လှံတန်းလန်းဖြစ်နေသော ဝက်ဝံကြီးမှာ ထိုလူသားကို ပွဲသိမ်းတိုက်ခိုက်တော့ရန်အတွက် လာနေသည်ကို တွေ့လိုက်ရပေသည်။
လူသားက ဝံကြီး၏ တိုက်ခိုက်ခြင်းကို မခံတော့ဘဲ လက်တွင်ရရှိထားသည့် ဒဏ်ရာကိုသာ ဆုပ်ကိုင်ရင်း အောက်ဘက်အနိမ့်ပိုင်းရှိရာဆီသို့ ခုန်ချလိုက်သည်ကို တွေ့မြင်လိုက်ကြရပေသည်။
လှံကိုင်လူသားမှာ အောက်ဘက်ဆီသို့ ခုန်ချသားလိုက်သလို ဝံကြီးမှာ ရင်ဘတ်တွင် လှံတန်းလန်းကြီး စိုက်ဝင်ကာ သွေးများတို့ကျဆင်းနေသည့်ကြားမှ အားကိုတင်း၍ ဒယီးဒယိုင်ဖြစ်နေရာမှ ရန်သူကို အသေတိုက်ခိုက်ရန် ကြံလိုက်ဟန်နှင့် အောက်ဘက်ဆီသို့ ခုန်ချသွားသည့် လူသားဆီသို့ တစ်လှမ်းချင်းလှမ်းကာ လိုက်သွားသည်ကို တွေ့မြင်လိုက်ကြရပေသည်။
ယခုမှပင် ကျွန်တော်တို့နှစ်ယောက်က အသက်ဝင်လာသည်နှင့်အတူ –
“ဟေး … ဟေး … ဟေး”
မောင်တွတ်က အသံလှမ်းပေးလိုက်သည့်အတွက် ဝံကြီးက အောက်ဆီသို့ ခုန်ဆင်းသွားသော သူ့ရန်သူရှိရာဆီသို့ သွားနေရင်းမှ ရပ်တန့်ကာ ကျွန်တော်တို့ နှစ်ဦးဆီလှည့်ကြည့်လိုက်သည်။
ထိုစဉ် –
“ဝှီး … ဝှီး”
“ဖောင်း … ဖောင်း”
သူကိုင်ဆောင်ထားသည့် လောက်လေး ပစ်လွှတ်သံ၊ ဝံကြီး၏နှာခေါင်းကို လေးသီးထိမှန်သံများတို့ကို ဆက်တိုက်ကြားလိုက်ရသည်နှင့်အတူ ဝက်ဝံကြီးမှာ သူ၏မျက်နှာကို လက်နှစ်ဘက်ဖြင့်အုပ်ရင်း မြေပြင်ထက်ဆီသို့ ထိုးစိုက်ကျသွားသည်ကို တွေ့လိုက်ရပေတော့သည်။
ရင်ဘတ်တွင် လှံစိုက်ခြင်းခံထားရသည်မို့ အတန်ငယ်လူးလှိမ့်လိုက်ရင်း အတန်ကြာတော့ ငြိမ်သက်သွားသည် တွေ့လိုက်ကြရပေတော့သည်။
ဝံကြီးမှာ ငြိမ်သက်၍ အသက်ပျောက်သွားသော်လည်း သူ၏နှာခေါင်းနှင့် ပါးစပ်များတို့အတွင်းမှ သွေးခဲကြီးများတို့ကို အန်ထုတ်နေသည်ကို တွေ့လိုက် ရသဖြင့် ကျွန်တော်ပင် ဆက်၍ကြည့်မနေရဲတော့ဘဲ မောင်တွတ်နှင့်အတူ လှံသမားရှိရာဆီသို့ ပြေးဆင်းသွားလိုက်မိပေတော့သည်။
လှံသမားကား အလွန်ကံကောင်းသည်ဟု ပြောရမလိုပင်။ အသက်ကိုလုပြီး အောက်ဘက်ဆီသို့ ခုန်ချလိုက်ရာ ကြောင်ကျကျသည်ဆိုသော်လည်း အတော်မြင့်သည့် နေရာဆီမှ ဖြစ်သည့်အတွက် တော်တော်နှင့် ပြန်မထနိုင်ရှာပေ။
အကယ်၍ ဝက်ဝံကြီးလိုက်လာပြီး သူ့အနီးသို့ ရောက်ရှိခဲ့ပါမူ အသေသတ်သွားလျှင်၊ ကျားနာခဲပြန်ခဲလျှင် မုချသေသွားမည်က အမှန်ပင်။
လက်မောင်း တွင် ဝက်ဝံကြီးလက်သည်းရာကြီးများတို့က မသေးလှ။
ကျွန်တော်က ပါလာသည့် ပုဆိုးကိုချွတ်လျက် လက်မှထွက်ကျနေသော သွေးများတို့ကို သုတ်လိုက်ပြီး၊ ထိုပုဆိုးနှင့်ပင် ပတ်တီးစည်းပေးလိုက်ပြီး နှစ်ဦးသားတွဲခေါ်ကာ အပေါ်သို့ ခေါ်လာခဲ့ပေသည်။
လှံသမားကား မည်မျှနာကျင်နေသည်ကိုတော့ဖြင့် မသိ၊ ကျွန်တော်တို့နှစ်ဦးအား ရုပ်ခြည်းစကား မပြောနိုင်သေး။
“ကျေးဇူးတင်ပါတယ် ညီလေးတို့ရယ်၊ ညီလေးတို့ ခုလို ဝင်မကယ်ရင် အစ်ကို ဒီနေရာမှာ သေသွားမှာအမှန်ပါပဲ၊ ကျေးဇူးမမေ့ပါဘူး”
သူက ကျွန်တော်တို့နှစ်ဦးအား ကျေးဇူးတင်ကြောင်း ပြောနေသည်မို့ အခြေအနေကို မေးမြန်းလိုက်တော့ သူက ‘အိုင်သဖြူ’ ရွာမှ သစ်လာခုတ်ခြင်းဖြစ်ကြောင်းနှင့် အဖွဲ့နှင့် သစ်လာလှဲစဉ် ရွာမှသစ်များကို လှည်းနှင့်သယ်ဆောင်ရန် ပြန်လွှတ်လိုက်သဖြင့် ပြန်ခေါ်စဉ် ဝံကြီးတစ်ကောင်ရန်မူခံရပြီး သူ့နောက်ကိုလိုက်သဖြင့် ပြေးခဲ့ရင်းမှ ယခုလိုကြုံဆုံလိုက်ရကြောင်းကို သူ ပြောပြနေစဉ်-
“ဝူး … ဝူး”
နောက်ကျောဆီမှ လူအူသံကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ သေနတ်ကိုထမ်းကာ ကျွန်တော်တို့နောက်ဆီသို့ လိုက်လာသည့် အဖေနှင့် ကျွန်တော့်ဦးလေးနှစ်ယောက်တို့ကို တွေ့ မြင်လိုက်ရပေသည်။
စိတ်မချသဖြင့် လိုက်လာဟန်ထင့်။
ကျွန်တော်တို့ သုံးယောက်အဖြစ်နှင့် လှံတန်းလန်းနှင့် အောက်ဘက်အနိမ့်ပိုင်းတွင် မြေပြင်ထက် ဘေးတိုက်လဲကျသေဆုံးနေသော ဝံကြီးနှင့် ကျွန်တော်တို့ကိုကြည့်ကာ တအံ့တသြဖြစ်နေကြသည်က အမှန်ပင်။
– ပြီး –
စာရေးသူ – လေးမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized