July 30, 2025
Uncategorized

မုဆိုးမဟုတ်သော မုဆိုး

မောင်မြထွေး(ပင်လယ်)
မုဆိုးမဟုတ်သော မုဆိုး

“အောင်မယ်လေး ကုန်ပါပြီဗျာ … ကုန်ပါပြီ။ ကျုပ်တော့ ကိုယ်ကျိုးနည်းတော့မှာပဲ။ တစ်မိုးတွင်းလုံး အပင်ပန်းခံပြီး နွားနဲ့အတူ ရုန်းပြီးလုပ်ထားတာ။ ဝမ်းစာစပါးတောင် ရနိုင်ပါတော့မလားဗျာ”

“တောက် … ခွေးမသား ဝက်တွေ။ ဒင်းတို့တော့ တိုးမောင်အကြောင်း ကောင်းကောင်းကြီး သိစေရမယ်ဟေ့”

ကိုတိုးမောင်၏ မြည်တွန်တောက်တီးသံနှင့် တောက် ခေါက်သံသည် နှမ်းပဲပင်ချောင်တစ်ခုလုံးဆီသို့ ဟိန်းထွက်ကာ ပဲ့တင်သံများ ထပ်နေတော့သည်။

လက်တွင် ကိုင်ထားသော စပါးရိတ်တံစဉ်ကို ဒေါသဖြစ်ဖြစ်ဖြင့် လွှတ်ချလိုက်သည်။ ထို့နောက် ခေါင်းတွင်ဆောင်းလာသော ခမောက်ကိုပါ စိတ်တိုတိုဖြင့် ဖြုတ်ယူကာ လယ်ကန်သင်းပေါ်သို့ ဆောင့်ချလိုက်သည်။

စိတ်ဆိုးလွန်းသဖြင့် ကိုတိုးမောင်၏ လည်ပင်းကြောကြီးများပင် ထောင်ထလာသကဲ့သို့ ရှိသည်။ တံတွေးကိုပင် ‘ထွီ’ ဟူ၍ ခပ်ပြင်းပြင်း ထွေးထုတ်လိုက်ကာ လယ်ကန်သင်းပေါ်သို့ စိတ်ပျက်လက်ပျက်စွာဖြင့် ထိုင်ချလိုက်သည်။

ကိုတိုးမောင်တစ်ယောက် ဒေါသထွက်မည်ဆိုလည်း ထွက်စရာပင်ဖြစ်သည်။

မနေ့တစ်နေ့ကမှ ရင့်မှည့်စပြုကာ ရွက်ရောင်များ အဝါရောင်သန်းနေသည့် စပါးခင်းကို ရိတ်သိမ်းလိုက်မည်ဟု စိတ်ကူးထားသည်။ ယခုတော့ဖြင့် သည်လိုမဟုတ်တော့ပါ။ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်သွားပြီး မဟုတ်ပါလော။

လယ်ကွက်များ အားလုံးနီးပါးလောက် တောဝက်များက နင်းချေဖျက်ဆီး စားသောက်ထားကြ သောကြောင့်ပင် ဖြစ်သည်။ အသင်းလိုက် အဖွဲ့လိုက် ဝင်ရောက်ကာ ကိုက်ဖြတ်နင်းချေ ဖျက်ဆီးစားသောက်ထားကြသောကြောင့် နှမ်းပဲပင်စမ်းချောင်လယ်ကွက်များမှာ ကြည့်မကောင်း မြင်မကောင်း ဖြစ်နေကြသည်။

လယ်ကွက်တစ်ခုချင်း ဖရိုဖရဲ ပြိုကွဲပျက်စီးနေကြသည်။ အချို့စပါးနှံများမှာ ပြတ်ကျနေကြသည်။ အချို့မှာ နင်းချေခံထားရ၍ စပါးစေ့များ မြေပြင်တွင် ကြွေကျကုန်ကြသည်။

ဝက်ခြေရာများမှာလည်း မြေပျော့ပျော့ပေါ်တွင် အကြီးအငယ်အလိုက် အထင်သားပေါ်လွင်နေကြ သည်။ ထို့နောက် အကြံတစ်ခုပေါ်သလို ဖြစ်လာသဖြင့် အနည်းငယ် စိတ်ပြေသွားလိုရှိကာ တံစဉ်နှင့် ခမောက်ကို ကောက်ယူ၍ လယ်တဲရှိရာသို့ ပြန်ခဲ့လေတော့သည်။

X X X X

ကိုတိုးမောင်၏လယ်မှာ တိမ်ကောစပြုလာသော စမ်းချောင်းကို တုံးတား၍ ကျောက်တုံးများဖြင့် ပိတ်ဆို့ပြီး မြေဖို့ကာ ကန်သင်းကြီးများဖြစ်စေလျက် လူအား၊ ကျွဲအားဖြင့် အနှစ်နှစ် အလလကပင် လယ်ဖြစ်အောင် ပြုပြင်လာခဲ့ရသော စမ်းချောင်းတောလယ်များ ဖြစ်ကြသည်။

စမ်းချောင်းလယ် ဖြစ်သဖြင့် တောတောင်အသီးသီးမှ မိုးရာသီတွင် ကျဆင်းလာသည့် သစ်ရွက်ဆွေး၊ မြေဆွေး၊ ရွံ့နွံမြေများကြောင့် စပါးပင်များက လယ်စလုပ်စတွင် အလွန်ဖွံ့ဖြိုးကြီးထွားကြရာ စပါးပင် တစ်ပုတ်လျှင် ထွာဆိုင်မကသည်အထိ သားချသားတိုး ကောင်းကြသည်။

ရေမြေကောင်းလွန်း၍ မြေသြဇာထက်သန်မှုကြောင့် စပါးပင်များ ရှည်လျားမြင့်မားကာ အရွက်ဖျားကို ဖြတ်တောက်ပေးရခြင်း၊ စပါးနှံများထွက်ပြူစအချိန်တွင် လဲပြိုသွားကာ အနှံအမော့များဖြစ်၍ အသီးမအောင်မမြင်ဖြစ်ကာ ထက်ဝက်ပစ်စား လုပ်ကိုင်ခဲ့ရသည်မှာလည်း များလှသည်။

ထို့ကြောင့် နောင်တွင် အတွေ့အကြုံရှိလာကာ ပင်ရှည်ပင်နွဲ့စပါးများကို ပျိုးထောင်မစိုက်ပျိုးတော့ဘဲ ပင်တိုပင်တောင့် အနှံကောင်း အထွက်ကောင်း စပါး များကိုသာ ရှာဖွေစိုက်ပျိုးခဲ့သဖြင့် လယ်ဧကနည်းသော်လည်း ဝမ်းစာဖူလုံသည်မှာ (၂)နှစ်သာ ရှိသေးသည်။

စမ်းချောင်းလယ်များသည် သာမန်မြေညီစိုက်ကွင်း လယ်များထက် စပါးအထွက် ပိုကြသည်။ သီးနှုန်းကောင်းကြသည်။ သဘာဝအလျှောက် မြေဆီမြေနှစ်ကောင်းခြင်းကြောင့် မြေသြဇာအသုံးပြုရန် မလိုပေ။ ရာသီဥတုသဘာဝ မျှတပါက အပင်အသေအပျောက်မရှိဘဲ စပါးပင်များမှာ ရှင်သန်ဖွံ့ဖြိုးကြ သဖြင့် စပါးအဖုံးအလုံးမကျမီကပင် အရွက်များများကို ဖြတ်တောက်ပေးရလေသည်။

ထိုသို့ အရွက်ဖျား ဖြတ်မပေးပါက အပင်ဟုန်သွားပြီး စပါးအသီးမကောင်းတော့ချေ။

စပါးတို့မည်သည်မှာ သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတွင် မိုးရွာသွန်းလေ့ရှိရာ စပါးနှံများ စပါးသီးအပွင့်များသည် နေမွန်းတည့်ချိန်တွင် ပွင့်အာကြရာ ထိုအချိန်တွင် မိုးရွာခြင်းကြောင့် စပါးသီးပါးစပ်အတွင်းသို့ မိုးရေဝင်ကာ ဆွံ့အကုန်ကြတော့၏။

တန်ဆောင်မုန်းလတွင် မုန်တိုင်းမိုးများရွာတတ်ရာ မိုးရေ၏ ဖိအားကြောင့် စပါးပင်များ လဲပြိုခြင်းကြောင့် စပါးနှံများ အောင်မြင်သင့်သလောက် မအောင်မြင်နိုင်တော့ချေ။

ကိုတိုးမောင်၏ လယ်မှာ ရွာမှ (၂)မိုင်ခန့်အကွာအဝေးတွင် တည်ရှိသည်။ ရခိုင်ရိုးမ၏ အဆွယ်အပွား တောင်စွယ် တောင်ကုန်းများအကြားတွင် လယ်ယာလုပ်ကိုင် စားသောက်ရသော လူများအဖို့ လယ်ကိုသာ အားကိုးအားထား ပြုကြရသည်။

ရွာနှင့် ဝေးသဖြင့် မနက်သွား ညပြန် မလုပ်နိုင်ကြသဖြင့် လယ်တဲဆောက်ကာ စခန်းချ ချက်ပြုတ်စားသောက် လုပ်ကိုင်ကြရသည်။

ထို့ကြောင့် လယ်မြေအထက် ကမ်းပါးတောတောင်များကို အပြောင်ခုတ်ထွင် ရှင်းလင်းကြပြီး နွားစားကျက်မြက်ကုန်းများ ပြုလုပ်ထားကြရသည်။

နွားတို့ကို လယ်တဲတွင် အမြဲချည်နှောင်ထားကြရပြီး မိုးရာသီတွင် အသွားအလာခက်ခဲမှုကြောင့် ရိက္ခာစုဆောင်း၍ လယ်တဲတွင် နေ့ညထိုင်ကာ လုပ်ကိုင်စားသောက်ရခြင်း ဖြစ်သည်။

မိုးရာသီ ကောက်စိုက်ပြီးချိန်တွင် နွားကို လယ်တဲတွင် ချည်နှောင်ပြီး ရွာတွင် ပြန်လည်နေထိုင်ကြသည်။ ဆောင်းရာသီတွင်သာ ပြန်လည်၍ လယ်တဲတွင် နေထိုင်ကြသည်။

ကိုတိုးမောင် ချောင်လယ်ကလေးက တစ်နှစ်တစ်နှစ် တိုးသည်တည်သည့်ဖြင့် တဖြည်းဖြည်း တစ်ဧကနီးပါး ရှိလာသည်။ မြေရိုင်းလယ်ရိုင်းမို့ သူ့လယ်က ဝမ်းစာစပါး ၁၅၀ လောက် ထွက်သည်။

သူ့သားပညာရေးအတွက် သည်ချောင်လယ်ကလေးကို သူ အားထားရသည်။ မိသားစုစားရန် ဝမ်းစာစပါးကို ချန်လှပ်ပြီး ကျန်စပါးများကို ပေါက်ဈေးဖြင့် ရောင်းခြင်းဖြင့် ရရှိလာသောငွေဖြင့် သူ့သားပညာရေးကို သူပံ့ပိုးပေးသည်။ ဤလယ်ကလေးက သား၏ ပညာရေးသာမက သူ့ဘဝ သူ့မိသားစု လူမှုဖူလုံရေးကိုပါ အထောက်အကူပြုပေးသည်။

သူ့သားဖြစ်သူမှာ စစ်တွေတက္ကသိုလ်တွင် မြန်မာစာအဓိကဖြင့် ဒုတိယနှစ်တွင် သွားရောက်ကာ သင်ကြားနေသူဖြစ်သည်။ ရပ်ဝေးဒေသတွင် ပညာသင်နေသော သူ့သားကို စိတ်အနှောင့်အယှက် မဖြစ်စေလိုသဖြင့် သူနိုင်သမျှအားဖြင့် အမြဲပံ့ပိုးပေးသည်။ ပင်ပန်းသည်ဟုလည်း သူမထင်နိုင်။ သူ့သားပညာတတ်ရေးကိုသာ သူအမြဲအလေးထားသည်။

ဟုတ်သည်လေ။ ကိုတိုးမောင်ငယ်စဉ်က ပညာကို ကောင်းစွာ မသင်ခဲ့ရ။ လေးတန်းလောက်သာ သင်ခဲ့ဖူး၍ ကျောင်းထွက်လိုက်ရသည်။ အဖေနှင့် ဒိုးတူပေါင်းဖက် လယ်ထွန် ကိုင်းထွန်သည်။ တလင်းသိမ်းသည်။

ကိုတိုးမောင်ကို အားကိုးရလာသဖြင့် မုဆိုးအလုပ်ကို အလွန်ဝါသနာကြီးသော သူ့အဖေက လယ်ကိုပစ်၍ သားအားကိုးနှင့် ချန်ထားခဲ့ကာ ကြက်တယ်ခြင်း၊ ချိုးတယ်ခြင်း၊ အမဲလိုက်ခြင်း၊ အမဲထောင်ခြင်း၊ တောသတ္တဝါမျိုးစုံကို ထောင်ဖမ်းခြင်း စသည်ဖြင့် သူဝါသနာပါရာ အလုပ်ကိုသာ တစိုက်မတ်မတ်လုပ်ရင်း ကွယ်လွန်သွားခဲ့သည်။

ဝါသနာကြီးလွန်းသော သူ့အဖေ၏ မုဆိုးအလုပ်ကို ကိုတိုးမောင်က ဝါသနာမပါ။ လယ်လုပ်ငန်းကိုသာ တစိုက်မတ်မတ် လုပ်သည်။ သူ့အဖေ ဝါသနာအတွက် သူသာ လယ်လုပ်၍ အနစ်နာခံသည်။

တစ်ခါတစ်ရံသာ မလွှဲမရှောင်သာ သူ့အဖေက အတင်းခေါ်လွန်း၍ လိုက်ပါရင်း မုဆိုးပညာကို မျက်စိရည် နားရည် ဝနေသည်။ ကိုယ်ထိလက်ရောက် တစ်ခါမျှ မလုပ်စဖူးပေ။ သူ့အဖေ ခေါ်သွားသည်က ကိုင်းထောင်၍ မိနေသော ချေတို့၊ ဝက်တို့၊ ဆတ်တို့ကို လိုက်၍ အမဲဖျက်ကာ ဝိုင်းကူရခြင်းသာ ဖြစ်သည်။

သူ စိတ်ဝင်စားသည်က ဆောင်းရာသီ စပါးပြတ်သည်နှင့် ရိုးပြတ်များကို ခုတ်သိမ်းကာ မြေပဲ၊ ဆေး၊ ငရုတ်၊ ပြောင်း၊ ဖရဲ၊ သခွား၊ ဗိုလ်ကိတ် စသည့်အသီးအနှံများကို အဆက်မပြတ် မှတ်သမျှ၊ စာဖတ်သမျှ ပညာဖြင့် စိုက်ပျိုးသည်။

သူတတ်သမျှ ခေတ်ပေါ်စိုက်ပျိုးရေး၊ သခွား၊ ပဲတောင့်ရှည်၊ ရေကန်စွန်း၊ ပဲလင်းမြွေ၊ ခရမ်း၊ ကျောက်ဖရဲ၊ ထိုင်ဝမ်ဖရဲတို့ကို ရေသွင်းရေလောင်း အပင်ပန်းခံ၍ သူ့သားပညာရေး အပိုဝင်ငွေများရအောင် နွေမိုးဆောင်း ဥတုသုံးပါးစလုံး အပင်ပန်းခံစိုက်ပျိုးရောင်းချကာ ငွေရှာ ငွေစုနေသည်။

သူ့သားပညာတတ်ဖို့ဆိုလျှင် သူဘယ်လောက်ပဲ ပင်ပင်ပန်းပန်း စိတ်မပျက် အားမလျှော့ အမြဲ အားတက်ရွှင်လန်း စမြဲဖြစ်သည်။

ယခုတော့ ကိုတိုးမောင် စိတ်အနှောင့်အယှက်ဖြစ်ရ သည်။ ဝမ်းနည်းကြေကွဲရသည်။ စိတ်ဆိုးဒေါသထွက်ရသည်။

ဝက်အုပ်က ဆင်း၍ ဖျက်ဆီးသွားမှုကြောင့် သူ့လယ်တွေ ပျက်ရသည်။ စပါးအထွက်နည်းတော့မည်။ စပါးအထွက်နည်း၍ လျော့၍ အပိုမရောင်းရလျှင် သူ့သား လိုသောငွေကို အဖေဖြစ်သူ ကိုတိုးမောင် ဘယ်ပုံဘယ်နည်းနှင့် ထောက်ပံ့နိုင်မည်ကို သူ မတွေးဝံ့သလောက် ရှိသည်။

ဝက်တို့သည် တစ်ခါတစ်ရံ ဤသို့ အုပ်စုဖွဲ့၍ လယ်ကွက်မှ စပါးများကို စားသောက်ဖျက်ဆီးလေ့ ရှိကြသည်။ အမြဲတော့လည်း မဟုတ်။ သူ့ဝမ်းစာ သူရှာသည်က အကြောင်းမဟုတ်။ စားတာကနည်းနည်း၊ ဝက်အုပ်နင်းချေသဖြင့် စပါးသီးများ ကြွေကာ အလဟဿ ဖြစ်တော့သည်။

အပျက်အပျက်နှင့် သူ နှာခေါင်းသွေး ထွက်ရတော့မည်။

သူ သည်တော သည်တောင်တွင် နေခဲ့ပေါင်းလည်း ကြာရှည်ပြီ။ သည်လိုအဖြစ်မျိုး တစ်ခါမျှ မကြုံစဖူးပေ။ သူ့လယ်တဲရှိရာ နေရာမှာ ပတ်ဝန်းကျင်အခြေအနေက စိမ့်ကြီးမြိုင်ကြီး တောကြီးများ ဝန်းရံလျက်ရှိသည်။ ရိုးမတောင်နှင့် အဆက်အစပ် ရှိနေ သည်။ တောဆတ် တောင်ဆတ်များ ရှိသည်။

ထို့ကြောင့်လည်း သူ့လယ်မြေဝန်းကျင်တွင် ချေ၊ ဆတ်၊ တောဝက်၊ ဝက်ဝံ၊ မျောက်၊ တောကြက်၊ တောကြောင်၊ ကျား စသည်ဖြင့် တောကောင်များစွာ ပေါများသည်။ ဒါကြောင့်လည်း သူ့ဖခင်မှာ မုဆိုးအလုပ်ကို ဝါသနာပါခြင်း ဖြစ်ပေလိမ့်မည်။

ကိုတိုးမောင် ဖခင်က ချေကိုင်း၊ ဆတ်ကိုင်း၊ ဝက်ကိုင်းများ ထောင်သည်။ တောလိုက်သည်။ သင်းခွေချပ်ရှာသည်။ ဖွတ်ရှာ၊ ဖြူထောင်သည်။

ယုတ်စွအဆုံး ကြက်တယ်၊ ချိုးတယ်အထိ သူဝါသနာမပါသည်ဟူ၍ မရှိ။ ထမင်းမေ့ ဟင်းမေ့ လယ်ပစ်ယာပစ်သည်အထိ မုဆိုးအလုပ်ကို အလွန်ဝါသနာကြီးလွန်းလှသည်။

လယ်ကိုပစ်၍ မုဆိုးအလုပ်ကို ချစ်ခဲ့သူဖြစ်သည်။ သူ့အမေကလည်း ဝါသနာကြီးသူ သူ့ယောက်ျားကို ဘာမျှမပြော။ သားဖြစ်သူနှင့်အတူ မညည်းမညူ လယ်အလုပ် ကိုင်းအလုပ်ကို ဝင်ကူပေးရှာသည်။

ကိုတိုးမောင်အဖေက တစ်ခါတစ်ရံ ဆိုသလို သူ့သား ကိုတိုးမောင်ကို မုဆိုးတို့တတ်အပ်သော ပညာရပ်များကို သင်ပေး ပြပေးသည်။ လမ်းညွှန်ပေးသည်။ သူသွားသမျှ သားကို ခေါ်သွားချင်သည်။

သားဖြစ်သူက ဝါသနာမပါ၍ လိုလိုချင်ချင်မရှိမှန်း သိသွားသောအခါမှသာ စိတ်ပျက်သွားဟန်တူသည်။ နောင် ဘယ်တော့မှ မခေါ်တော့။ အမဲထမ်းရန်၊ အမဲဖျက်သယ်ယူရန်သာ အကူအညီတောင်းလေ့ရှိသည်။ ကိုတိုးမောင်နှင့် သူ့အဖေက ပြဒါးတစ်လမ်း သံတစ်လမ်းသာ ဖြစ်သည်။

ယခုအခါတွင်မတော့ ကိုတိုးမောင်အဖို့ သူမလုပ်ချင်သော မုဆိုးအလုပ်ကို လုပ်ဖြစ်ဖို့ ဖန်တီးလာသလိုဖြစ်နေသည်။ သည်လိုမျှ မလုပ်လျှင် ဝက်များ မကြာခဏဆင်း၍ ဖျက်ချေက သည်နှစ်အဖို့ သူ့မိသားစု ငတ်ဖို့၊ သူ့သားကျောင်းပညာထောက်ပံ့ဖို့ အခက် ဖြစ်တော့မည်။

ဝါသနာမပါရိုး မှန်သော်လည်း အခြေအနေအရ သူ့အဖေ အမွေပေးခဲ့သည့် မုဆိုးပညာကို အသုံးချမှ ဖြစ်ပေတော့မည်။ မုဆိုးမဟုတ်ပေမယ့် မုဆိုးအလုပ်ကိုတော့ဖြင့် မလွှဲမရှောင်သာ၍ သူလုပ်ရပေတော့မည်။

ထို့ကြောင့် ကန့်ကူလက်လှည့်မဟုတ်သော်ငြားလည်း သူမြင်ထား သိထားသော မုဆိုးပညာဖြင့် ဝက်များကို ကြောက်လန့်သွားအောင် အဟန့်အတားဖြစ်အောင် ဝက်ကိုင်းထောင်ခြင်းနှင့် တားဆီးပေရတော့မည်ဖြစ်သည်။

သူ့လယ်များသို့ ဝင်ရောက်သည့်ဝက်များ အတက်အဆင်းနေရာများကို သူ စူးစူးစိုက်စိုက် လေ့လာသည်။ မှတ်သားသည်။ ကောက်ချက်ချသည်။

လက်ရာခြေရာမပျက်စေဘဲ တောသဘောနှင့် အနီးစပ်ဆုံးဖြစ်အောင် သူ ကြိုးစားလုပ်ဆောင်သည်။

တောကောင်တို့မည်သည် အလွန်ပါးနပ်ကြသည်။ မုဆိုးများ တားထား၊ သတ်မှတ်ထားသော စည်းကို မကျော် မဖောက်၊ မဖြတ်သန်း၊ ခွင်လွတ်နေရာပေးထားသော စည်းလွတ်နေရာမှသာ ကျော်ကြ ဖြတ်ကြသည်။ တောကောင်တို့မည်သည် လက်ရာခြေရာပျက်ယွင်းမှု သဘောဝအနေအထား ပျက်ယွင်းမှုများကိုလည်း တိရစ္ဆာန်သဘာဝဖြင့် သိရှိနားလည်ကြသည်။

သို့ပါသော်လည်း မည်မျှပင် ပါးသည်၊ နပ်သည် ဖြစ်စေကာမူ ဉာဏ်အလွန်သွားသော လူသားမုဆိုးများကိုမူကား မယှဉ်နိုင်ဘဲ သေပွဲဝင်ကြရသည်ကသာ များသည်။

ဝက်အုပ် ဝင်လမ်း ထွက်လမ်းများတွင် ကိုင်းထောင်ခြင်းလုပ်ငန်း ပြီးစီးသွားသောအခါ ချောင်ထဲတောအုပ်မှ သူ ပြန်ဆင်းလာခဲ့သည်။

နေဝင်စပင် ပြုနေချေပြီဖြစ်သည်။

X X X X

“ခြွင် .. ခြွင် .. ဂလုံ .. ဂေါင် .. ဒေါင် .. ဒေါင်”

ကိုတိုးမောင်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ရာမှ အသံတစ်သံကြောင့် လန့်နိုးသွားခဲ့သည်။

သူ့နားထဲတွင် နွားခလောက်မြည်သံကို သေသေချာချာ ကြားနေရသည်။ ပို၍သေချာအောင် စူးစူးစိုက်စိုက် နားထောင်နေမိသည်။

တိတ်ဆိတ်နေသော ညဉ့်အမှောင်ကိုခွင်း၍ နွားခလောက်သံက လှုပ်လှုပ်ရှားရှား ထွက်ပေါ်နေသည်။ ကိုင်းတွင် ဝက်မိနေသည်မှာ သေချာလောက်ပြီ။ သုတ်ကိုင်းလှုပ်ယမ်းနေ၍သာ သုတ်ကိုင်းအဖျားရှိ ခလောက်က လှုပ်ရှားအသံထွက်နေခြင်း ဖြစ်သည်။

နေ့လည်က ချေပိုက်လိုက်သမား ကိုထွန်းစံဆီမှ ခေတ္တငှားယူထားသည့် အသွားကိုးလက်မရှိ လှံရှည်ကို ကောက်ယူရင်း တဲအောက်သို့ ခုန်ဆင်းလိုက်သည်။

သူ့မိန်းမမှာမူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက် ရှိသည်။ သူ့ခမျာလည်း တစ်နေ့တာလုံး နားရသည်ဟူ၍မရှိ။ စားသောက်မှုအတွက် ချက်ပြုတ်ရပြီး အားလျှင်အားသလို စပါးကူရိတ်၊ ကောက်လှိုင်းစည်း၊ ကောက်လှိုင်းပုံနှင့် တော်တော် ပင်ပန်းရှာသည်။

လှံကိုကိုင်၍ ဓာတ်မီးထိုးကာ တဲခြံဝင်းမှ ထွက်ရန် ပြင်ဆင်လိုက်သည်။ ခြံဝရောက်ကာမှ သူ့ခြေလှမ်းများ တုံ့ခနဲ ရပ်သွားသည်။ သူ့ခေါင်းထဲသို့ အတွေးတစ်ခုက ဝင်ရောက်လာခဲ့သောကြောင့် ဖြစ်သည်။

သူ့အဖေစကား သူ့နားမှာ ကြားယောင်နေမိသည်။ အချိန်ကာလကို စောင့်ရမည်။ မျက်စိရှင်၊ နားပါး၊ ခြေသံလုံရမည်။ မိမိကိုယ်ကို အမြဲကာကွယ်တတ်ရ မည်။ ခေါင်းအေးအေးထား စဉ်းစား၍ ဆုံးဖြတ်ချက်ပိုင်ရမည်။ လှံကိုင် လှံထိုး ပိုင်နိုင်ရမည်။ ချက်ကောင်းထိရမည်။

သို့မဟုတ်ဘဲ ချက်ကောင်းမပိုင် စိတ်မနိုင်က မုဆိုးက သားကောင်ဖြစ်ကာ သေပွဲဝင်ရဖို့သာ ရှိသည်။

ကောင်းကင်ကို အလိုလို မော့ကြည့်မိတော့ ကြယ်ကလေးများက မှိတ်တုတ်မှိတ်တုတ် မျက်စပစ်ကာ အဖေ့ စကားမှန်ကြောင်း ထောက်ခံနေကြသည်။

သူ တဲထဲသို့ပြန်ဝင်၍ စိတ်ကိုငြိမ်အောင်ကြိုးစား၍ ထိန်းလိုက်သည်။ မငြိမ်မသက် ဖြစ်နေသေးသဖြင့် ဆေးလိပ်နှင့်မီးခြစ်ကိုယူကာ ခြင်္သေ့သုံးကောင် ဆေးလိပ်ကို အားပါးတရ ဖွာရှိုက်ကာ နေလိုက်သည်။

မိုးမလင်းနိုင်သေးသဖြင့် အိပ်လည်းမအိပ်ချင်ရှိသည်နှင့် အကြမ်းအိုးတစ်လုံးတည်ကာ တစ်ထိုင်တည်း မထမတမ်း တစ်ခွက်ပြီးတစ်ခွက် အကြမ်းရည်သောက်နေလိုက်သည်။ ခလောက်သံ ကြားရတိုင်း သူ့ရင်များသည် ခုန်မှန်းမသိ ခုန်နေသည်။

ရေနွေးကြမ်းတစ်လှည့် ဆေးလိပ်တစ်လှည့်နှင့် မိုးလင်းခါနီး ကြက်များ အကြိမ်ကြိမ်တွန်ကြသည်။

အရှေ့ဘက်မှ ရောင်နီဝင်စပြုသည်နှင့် သူ့စိတ်များ ပိုမိုလှုပ်ရှားလာပြန်သည်။ မိုးစင်စင်လင်းသည်နှင့် လှံကိုကိုင်ကာ စမ်းချောင်းအထက် တောအုပ်ဆီသို့ ဖြည်းဖြည်းချင်း တောတိုးဝင်ရောက်ခဲ့လေသည်။

X X X X

“ဝေါင်း… ဝေါင်း”

“အိ… အိ… အဲ့ … အဲ့ … ကျီ … ကျွီ”

“ချွင် … ချွင် … ဂေါင် … ဂလောင် … ဒင်”

ရောထွေးထွက်ပေါ်နေသည့် အသံများထဲမှ ဝေါင်းဟူ သည့် အသံနက်ကြီးကြောင့် သူ့ခြေလှမ်းများ တုံ့ခနဲရပ်သွားသည်။ ခေါင်းမွေးများလည်း အတော်ထောင်ထသွားသည်။

ပတ်ဝန်းကျင်ကို မျက်စိရှင်ရှင်နှင့် စူးစမ်းသည်။ လှံကို ချိန်ဆကိုင်တွယ်ရင်း ခါးတွင်ချပ်ထားသော တောလိုက်ဓားမြှောင်ကို စမ်းသပ်မိသည်။

ကျားဟူသည့် အသိများကြောင့် သူ ကြောက်ရွံ့ကာ ဇောချွေးများ ပြန်လာမိသည်။ ဒူးများပင် တဆတ်ဆတ် တုန်လာသည်။

သူ နားမလည်နိုင်အောင် ဖြစ်နေသည်။ ကျားက ဝက်ကိုင်းမှာပင် မိနေသလော။ ကိုင်းမိနေသော ဝက်ကို ကျားဆွဲနေသလော။ လောပေါင်းများစွာဖြင့် သူ ဝေခွဲရခက်နေသည်။

နောက်ပြန်ဆုတ်ဖို့တော့ မဖြစ်နိုင်။ သတ္တိတင်း မာန်သွင်း၍ အားမွေးစိတ်တင်းကာ ခြေသံလုံလုံနှင့် သုတ်ကိုင်းတည်ရှိရာသို့ ရောက်အောင် ဖြည်းဖြည်းချင်း တောတိုးသွားလိုက်သည်။ မော်ရုံပင်ကြီး တစ်ပင်အနီးမှ ကပ်၍ ကိုင်းရှိနေရာသို့ အကာအကွယ်ယူ ချောင်းကြည့်လိုက်သည်။

မြင်ကွင်းက သူ့ကို ကြက်သီးမွေးညင်းများ ထစေသည်။

ဝက်တစ်ကောင်က သုတ်ကိုင်းတွင် မိနေသည်။ သူ့အနီးတွင် အခြားဝက်တစ်ကောင်က တရှူးရှူး နှာမှုတ်ရင်း ကျားကို မာန်စောင်နေသည်။ ခပ်ကွေးကွေးအစွယ်ကြီးနှစ်ချောင်းကလည်း ညွတ်ကွေး နေကြသည်။

ဝက်နှစ်ကောင်ကို ကျားနီစင်းကြီးတစ်ကောင်က မာန်သွင်းဟိန်းဟောက်ရင်း ခုန်အုပ်ရန် ဟန်ပြင်နေသည်။

တစ်ကောင်နှင့် တစ်ကောင် လုံးဝ အလစ်ပေးကြဟန်မတူ။ ဒေါသဖြင့် တင်းမာနေကြသည်။ သည်တိုက်ပွဲမျိုးက ကြည့်ကောင်းမည့် ပွဲမျိုးဖြစ်သည်။ ကြုံတောင့်ကြုံခဲ ကြည့်ရမည့်ပွဲ ဖြစ်သည်။

အခြေအနေ မကောင်းနိုင်ကြောင်း သိသဖြင့် လှံကို နွယ်ကြိုးဖြင့် ရစ်ပတ်ကာ စလွယ်သိုင်းလွယ်၍ မော်ရုံပင်ပေါ်သို့ တွယ်ဖက် ချိတ်တက်လိုက်သည်။ မြင်ကွင်းကောင်းကောင်းနေရာကို ရွေးချယ်၍ အကိုင်းဘောင်မြင့်မြင့် အကိုင်းမာမာပေါ်တွင် သေသေချာချာ နေရာယူလိုက်သည်။

ဝက်နှစ်ကောင်ကို ကြည့်ရသည်မှာ အသွင်နှင့် လုံးတူရပ်တူ ဖြစ်သဖြင့် ဝက်ညီနောင်ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။ ဘယ်အချိန်ကပင် ကိုက်ခဲတိုက်ခိုက်ထိုးပက်နေကြသည်မသိ။ သွေးရဲရဲ သံရဲရဲနှင့် ဖြစ်နေကြသည်။

သုံးကောင်စလုံး ကိုယ်ခန္ဓာ အနှံ့အပြားတွင် ပေါက်ပြဲစုတ်ပြတ်ကာ သွေးစီးကြောင်းများနှင့် ဖြစ်သည်။

အိပ်ပျော်နေခိုက် ခလောက်သံကြားရချိန်မှ စတင်၍ ခန့်မှန်းရသော် အနည်းဆုံး ခြောက်နာရီဝန်းကျင်ခန့် ရှိနေပေရော့မည်။ ကျားလည်း ကျားမို့၊ ဝက်လည်း ဝက်မို့ အတော်ပင် မောဟိုက်၍ ရေကုန်ရေခန်း တိုက်ခိုက်ထားကြဟန် တူသည်။

သူ့အဖေပြောပြဖူး၍ ဝက်ညီနောင်အကြောင်း ကြားဖူးထားသည်။ ဝက်အသင်းအအုပ်တွင် ကြောက်စရာအကောင်းဆုံး တစ်မိပေါက် တစ်ရွယ်တည်းဝက်များ ဖြစ်ကြသည်။ ကြုံလာသမျှ ဘေးအန္တရာယ်မှန်သမျှကိုလည်း စိတ်တူကိုယ်တူ မလွတ်တမ်း ကာကွယ်တိုက်ခိုက်တတ်ကြသည်။

အန္တရာယ်ကြီးမားပါက ညီနောင်ဖက်ချင်း ထိကပ်၍ တိုက်ပွဲဝင်ကြသည်။ ဝက်မိသားစုတိုင်းတွင် သူတို့လိုဝက်ညီအစ်ကိုက ဖြစ်တောင့်ဖြစ်ခဲဖြစ်သည်။ ရှားပါးလှသည်။ လူအမွှာပူးများကဲ့သို့ပင် မခွာမခွဲ တစ်ပူးတွဲတွဲ သွားလာနေထိုင်ကျက်စားလေ့ရှိသည်။ အလွန်အငြိုးအတေး ဒေါသကြီးသော တောဝက်များလည်းဖြစ်ကြသဖြင့် ဝက်ညီနောင်ဆိုလျှင် တော်ရုံတန်ရုံ ကျားပင် ရှောင်ကွင်းလေ့ရှိကြသည်။

တောဝက်တို့၏ ဓလေ့မှာ သေနတ်နှင့် ပစ်ခတ်သူကိုပင် ယမ်းငွေ့လိုက်၍ တန်းတန်းမတ်မတ် တိုးဝင်ကော်ပက် တိုက်ခိုက်လေ့ရှိကြသည်။

မုဆိုးများပင် တောဝက်နှင့်တွေ့ က အထူးသတိထား၍ ရင်ဆိုင်ကာ လှံဖြင့် ထိုးလေ့ရှိသည်။
လှံကို မုဆိုးက မထိုးရဘဲ ချက်ကောင်းကိုချိန်ကာ လှံမြဲမြဲကိုင်ရင်း သတိကြီးစွာထားလျက် လှံဖျားကို ဂရုတစိုက် တိုးဝင်လာသော တောဝက်ကို ကြံ့ကြံ့ခံရသည်။ လှံကျိုးခြင်း၊ အထောက်အခံ မကောင်းခြင်းဖြစ်ပါက ဘေးပွင့် အူပွင့်၍ မုဆိုးကို အငြိမ်းစားပေးလိုက်သကဲ့သို့ ရှိသည်။

ကိုတိုးမောင်အနေနှင့် ခန့်မှန်းရသည်မှာ ကိုင်းတွင်မိနေသော ဝက်ကို ကျားက စည်းဖောက်၍ ဝင်ခဲဟန်တူသည်။ ဝက်အုပ်နှင့် ပြန်လိုက်ပါမသွားဘဲ ညီအစ်ကိုဝက်ကို အမွှာဝက်က အနီးကပ် စောင့်ရှောက်ကာ တိုက်ခိုက်နေခြင်း ဖြစ်ဟန်တူသည်။

ကျားကလည်း သူ့အစာ ဝက်ကို မရမချင်း ဇွဲကြီးကြီးဖြင့် ရယူလိုဟန် ရှိသည်။ အစောင့်ဝက်ကလည်း ကျားကို အသေမခံ အရှုံးမပေး တိုက်ခိုက်ဟန်တူသည်။ ကျားကလည်း အစာမာန်၊ ဒဏ်ရာမာန်များကြောင့် လုံးဝအလျှော့ပေးမည်ဟန် မတူချေ။

ကိုင်းမိဝက်ကို ကျားက ဝင်ဆွဲလိုက်၊ ကျားကို အစောင့်အကူဝက်က ဝင်ပက်လိုက်၊ အစောင့်ဝက်ကို ကျားက ပြန်တိုက်လိုက်နှင့် ဝက်ညီနောင်နှင့် တောဘုရင်တို့၏ တိုက်ပွဲက သည်းထိတ်ရင်ဖို ရင်တလှပ်လှပ် ဖြင့် အတော်ကို ကြည့်ကောင်းလှသည်။

တစ်ကောင်နှင့် တစ်ကောင် တိုက်ခိုက်ပုံများမှာလည်း အပုတ်အခတ်၊ အခုန် အရှောင် အဝှေ့အဝိုက်များဖြင့် ပညာသားပါလှပေသည်။

ဝက်ညီနောင်နှင့် ကျားတိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှုနေသော ကိုတိုးမောင်မှာ ကျောပြင်ဆီသို့ နေပူရဲရဲ ကျရောက်ပူလောင်ပါမှ ပတ်ဝန်းကျင်ကို သတိထားမိသည်။

နေမွန်းတိမ်းလောက်ပေပြီ။ သူ သစ်ပင်ထက်မှ လုံးဝမဆင်းဝံ့တော့ချေ။ တိုက်ပွဲပြီးဆုံးမှသာ သူ ဆင်းရဲပေတော့မည်။

သည်တစ်ချီတွင် သုတ်ကိုင်းမိနေသည့်ဒဏ်ကြောင့် ပို၍ မလွတ်မလပ်ဖြစ်နေသော ဝက်ကို ကျားက ထိထိမိမိကြီး ဇက်ပိုးကို မလွတ်တမ်း ကိုက်ခဲမိသွား သည်။ အနှောင်အဖွဲ့မရှိဘဲလွတ်နေသည့် အစောင့်ဝက်ကလည်း ကျား၏ လွတ်နေသောဘေးတစ်ဖက်ကို မိမိရရကြီး အစွယ်ဖြင့် ထိုးပက်လိုက်သလို ကျားကလည်း သူ၏ သန်မာသော လက်တစ်ဖက်ဖြင့် အားရှိသရွေ့ ပုတ်ထည့်လိုက်ရာ အစောင့်ဝက်မှာ အရှိန်လွန်ကျွံ၍ အနီးရှိသစ်ပင်နှင့် နှာနုတည့်တည့်ကို ရိုက်မိ
ရက်သားဖြစ်ကာ အထိနာပြီး တွန့်တွန့် တွန့်တွန့်နှင့် အသက်ငင်နေလေတော့သည်။

ကျား၏ မိမိရရ အခဲအကိုက် အကုတ်အခြစ်ခံရသော ကိုင်းမိဝက်မှာလည်း လုံးဝမလှုပ်ရှားနိုင်တော့သလို ကျားနီစင်းကြီးမှာလည်း အူများအပြွတ်လိုက်နှင့် ဘေးတစ်ခြမ်းပွင့်ထွက်ကာ အသက်ငင်လျက်ရှိလေသည်။ ပွဲက အပြိုပြိုအလဲလဲ သွေးသံရဲရဲနှင့် မြင်မကောင်း ကြည့်မကောင်း ဖြစ်ကုန်သည်။

“ဝူး… ဝူး … ဝေး … ဝေး”

“တိုးမောင်ရေ … ဝေး တိုးမောင်”

“ငါဒီမှာဝေး … ဒီဘက်ကိုလာဝေး”

“မင်း ဘယ်ကအော်နေတာလဲ … လူလည်းမတွေ့ရပါလား”

“ငါ ဒီက သစ်ပင်ပေါ်မှာဝေး”

“အဲဒါ မင်းက ဘယ်လိုဖြစ်တာလဲ … ဝက်ကိုင်းသွား လည်တဲ့အကောင်က သစ်ပင်ပေါ်တက်ပြီး တစ်နေကုန်ရတယ်လို့။ ခွေးမသား … မင်းမိန်းမက လာပြောလို့ ငါတို့ လိုက်လာတာ။ မင်း ဝက်ပက်လို့သေပြီတောင် ထင်နေတာ။ ခုလို အရှင်လတ်လတ် တွေ့ ရတော့လည်း တော်သေးတာပေါ့ မအေရိုးရ”

“ဆဲရင်လည်း ခံရရုံပဲရှိမှာ … ငါ အောက်ကိုဆင်းပြီးမှ မင်းတို့ကို ရှင်းပြမယ်ဟေ့။ ဖယ်နေဦး၊ လှံနဲ့ ဓားကို ပစ်ချရဦးမှာ”

“ဒါလားကွ မုဆိုး။ ဟား … ဟား … မုဆိုးတဲ့ဆိုပါလား။ ဟေး … ဟေး”

ကိုတိုးမောင် သစ်ပင်ပေါ်မှ ချိတ်တွယ်ဆင်းသက်ခဲ့ပြီး သတ္တဝါသုံးကောင်၏ မြင်ကွင်းကို လိုက်ပြလိုက်သည်။ တဲအနီးနား နေသူများမှာ …

“ဟယ် … ဟင် … အလို …”

“ဟုတ်ပါရဲ့၊ အဖြစ်က ဆန်းပေ့ကွာ”

“ငါ့အဖြစ်ကတော့ မင်းတို့မြင်တဲ့အတိုင်းပဲဟေ့”

“ငါတို့သုံးယောက်လောက်နဲ့ မင်းအကောင်သုံးကောင်ကို မသယ်နိုင်ဘူးကွ။ ရွာသားတွေ ပြန်ခေါ် အကူအညီတောင်းပြီး သယ်ရမှာ”

“မင်းအဖြစ်ကတော့ကွာ … မုဆိုးကိုတိုးအောင်ရဲ့သား မုဆိုးမဟုတ်တဲ့ မုဆိုးတစ်ယောက်ပါပဲကွာ။ ဟား… ဟား… ဟား”

– ပြီး –

စာရေးသူ – မောင်မြထွေး(ပင်လယ်)

Leave a Reply

Your email address will not be published. Required fields are marked *